Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

လိုက်မဆွဲနဲ့နော် ...




( ၂၀၁၃ သြဂုတ်လထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )



       မမေးပါနဲ့ ဆရာမရယ် ။ ပြောပြရမှာကို ကျွန်တော့်ရင်ထဲ မချိလွန်းလို့ပါ ။ ဟောဒီ့…ဟော့ဒီ့ရင်ဘတ်ကြီးကို သံ
ချွန်နဲ့ ထိုးသလိုကို နာရလွန်းလို့…။ မနာရှိမလား ဆရာမရယ် ။ ညီထွေးဆိုတာ အခြားသူမှ မဟုတ်တာ ။ ကျွန်တော်
အချစ်ဆုံး ညီငယ်လေး ။ အို…တစ်အိမ်သားလုံးရဲ့အချစ်တော်လေးပါဗျာ ။ ခုများတော့…ခုများတော့ဗျာ……ဒီကောင်
လေးကို တစ်အိမ်သားလုံးက အချစ်ဆုံးဆိုပြီး အလိုလိုက်ထားတော့ သူထင်ရာသူ လုပ်တတ်တဲ့အကျင့်လေးတော့ရှိ
ရဲ့…။ ဒီအကျင့်လေးကြောင့်ပဲ သူ အခုထက်ထိ ဟိုဘ၀မှာ ပျော်ဝင်ရင်း ဟိုဟိုဒီဒီလိုက်ဆွဲနေဦးမလား မပြောတတ်ပါ
ဘူး ။ သြော်…ကျွန်တော်က ခုလို ပြောနေပြန်တော့ ဆရာမရဲ့စိတ်ထဲ ဘာတွေများ ဖြစ်ခဲ့သလဲဆိုတဲ့အတွေးနဲ့ ပိုပြီး
သိချင်နေမိမှာပေါ့ ။ ကဲပါလေ ပြောလက်စနဲ့ မထူးတော့ပါဘူး ။ ကျွန်တော် ရင်နာနာနဲ့ပဲ ဖြစ်ကြောင်းကုန်စင်ကို ပြော
ပြပါတော့မယ် ။
ËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËË
        ညီထွေးဆိုသူ၏အမည်ရင်းမှာ အမှန်တော့ မောင်တင်မောင်ဦးဖြစ်သော်လည်း တစ်အိမ်သားလုံးက ချစ်စနိုး
နှင့် ညီထွေးဟုသာ ခေါ်ဝေါ်ကြသောကြောင့် အမည်ရင်း တင်မောင်ဦး ပျောက်ကာ ညီထွေးသာ ဖြစ်နေတော့သည် ။
တစ်ရပ်တစ်ရွာလုံးကလည်း ညီထွေးဟုသာ ခေါ်ဝေါ်ကြသည် ။ ညီထွေး၏မိသားစုတွင် မိသားစုဝင် ကိုးဦးရှိသည့်
အနက်က ညီထွေးက အငယ်ဆုံး အထွေးဆုံး တစ်အိမ်လုံး၏အချစ်တော်လေး ။
          ညီထွေး ငယ်စဉ်က အတော်ချူချာခဲ့သည် ။ မကြာမကြာ ဖျားနာချူချာလွန်းသောကြောင့် တစ်အိမ်လုံးက
အရိပ်တကြည့်ကြည့်ဖြစ်ခဲ့ရသည်မှာ ယခုထက်ထိ ။ ညီထွေးကလည်း ညီထွေးပင်…။ ယခုလို လူပျိုပေါက်အရွယ်
ရောက်ခဲ့သည့်တိုင် ဖျားချင်နာချင်ချူချာချင်တုန်း…။ သို့ကြောင့်လည်း ညီထွေး ဘယ်သွားသွား ဘယ်လာလာ မိဘ
မောင်ဘွားအစ်ကိုအစ်မများ မလိုက်ရသည် မရှိသလောက် ။
   “ ညီထွေးရေ ညီထွေး အိမ်ရှေ့မှာ ဖိုးသာလွန်းတို့ ရောက်နေတယ် ။”
အစ်ကိုကြီးတင်အောင်ဦး၏စကားကြောင့် ညီထွေး အိမ်ရှေ့သို့ ပြေးထွက်လာလိုက်သည် ။ မကြာခဏ ဖျားနာပြီး
အစားအသောက်နည်းပါးသော ညီထွေး၏ခန္ဓာကိုယ်ကား ပြေးထွက်အလာတွင် လှုပ်လီလှုပ်လဲ့ယိမ်းယိုင်နေပုံမှာ
စာခြောက်ရုပ်ကို လေတိုက်သကဲ့သို့ ဖြစ်နေလေသည် ။
   “ ဟိတ်အကောင်ရ ဖြည်းဖြည်းလာစမ်းပါ ။ အရိုးတွေလည်း ပြုတ်ထွက်ကုန်ဦးမယ် ။”
ကုလားထိုင်တွင် ထိုင်နေသူနှစ်ဦးအနက် အသားညိုညိုပုပုနှင့်တစ်ယောက်က ညီထွေးကို လှမ်းနောက်လိုက်သည် ။
ညီထွေးကလည်း ငြိမ်ခံသူ မဟုတ်…ကုလားထိုင်တွင် ၀င်ထိုင်ရင်း ပြန်ပက်လိုက်၏ ။
   “ အေး…ပြုတ်ထွက်လာတဲ့အရိုးကို မင်း ကောက်တပ်လိုက်ပေါ့ ။ မင်းအရပ်အတွက် အထောက်အကူဖြစ်တာ
      ပေါ့ကွ ကိုသာလွန်းရ ။”
ညီထွေးရဲ့စကားကြောင့် အားလုံးပွဲကျသွားကြသည် ။ ညီထွေး ထိုသို့ ပြောရလောက်အောင်လည်း ဖိုးသာလွန်း၏
အရပ်က ပုပျတ်နေသည် မဟုတ်လား ။
   “ ကဲပါ…မင်းတို့ ပြောတာတွေ ခဏထားဦး ။ ခု ငါတို့ မင်းကို လာခေါ်တာ ဟိုဘက်ရွာမှာ ပွဲဈေးရှိလို့ကွ ။ အဲ့ဒါ
      မင်း နေကောင်းတယ်ဆိုရင် ငါတို့နဲ့ လိုက်ခဲ့ပါလား ။”
ဖိုးချစ်ဇော်၏စကားဆုံးတော့ ညီထွေး တွေဝေသွားရသည် ။ လိုက်သွားရကောင်းမလား…နေခဲ့ရကောင်းမလား…ညီ
ထွေး စဉ်းစားရပြီ ။ ယခု အခြေအနေကို ကြည့်ရတာတော့ ညီထွေး၏ကျန်းမာရေးအခြေအနေကလည်း ယခင်က
နှင့် မတူတော့ဘဲ အတော်အတန် ကောင်းမွန်နေပြီမို့ မိဘတွေကလည်း ညီထွေး ဇွတ်ပြောလျှင် လွှတ်မည်သာ ။
   “ ဟိတ်ကောင် တွေဝေမနေနဲ့ ။ တွေဝေရင် မယ်ရွှေနဲ့ ဝေးသွားမယ် ။ ဇာတ်အဖွဲ့လည်း ပါမှာနော် ။ ခေါင်းဆောင်
     မင်းသမီးက ပန်ထျာမယ်ရွှေတဲ့ ။ ချောမှချောဆိုပဲ ။”
သာလွန်းက ညီထွေး သူတို့ဘက်အလေးသာစေရန် ဇာတ်မင်းသမီးနှင့် ဆွယ်လိုက်သည် ။ ညီထွေးအရွယ်ကလည်း
၁၅/၁၆အရွယ် လူပျိုပေါက်မဟုတ်လား ။
   “ အေးကွာ ။ လိုက်မယ်…ဒါပေမဲ့ ခဏနေဦး ။ အမေတို့အစ်မတို့ကို သွားပြောရဦးမှာ ။ မင်းတို့ပါ လိုက်ပြောပေး ။”
   “ အမလေး…သူ့ကိုသူ ကလေးပဲ အောက်မေ့နေလား မသိဘူး ။ ကြီးတဲ့ဟာကဖြင့် ကြီးနေပြီကိုများ ။ ဟိတ်ကောင်
     တွေ မျက်လုံး ပြူးမပြကြနဲ့ ။ ငါက အသက်ကို ပြောတာ ။ ၁၅/၁၆ဆိုတာ အရွယ်ရောက်နေပြီ ။ သူများတွေဆို
     လယ်တွေယာတွေတောင် မိဘတွေ မျက်နှာလွှဲထားရနေပြီ ။”
ဖိုးသာလွန်းက နောက်ပြောင်သည့်သဘောနှင့်ပြောလိုက်သော်လည်း ညီထွေးခမျာတော့ အားလျော့သိမ်ငယ်သွားမိ
၏ ။
   “ သာလွန်း မင်းကလည်း ညီထွေးကို အရမ်း မနောက်စမ်းပါနဲ့ ဟိုမှာ…မျက်နှာတောင် ငယ်နေပြီ ။ ကဲ…လာ
     ညီထွေး မင်းမိဘတွေကို ငါတို့ ၀ိုင်းပြောပေးမယ် ။”
ဖိုးချစ်ဇော်ကပဲ ကြားကဖြန်ဖြေရင်း ညီထွေး၏မိဘများဆီသို့ ဦးဆောင်ထွက်လာလိုက်သည် ။ ရာသီဥတု ပူအိုက်
သောကြောင့် ညီထွေး၏မိဘများက အိမ်နောက်ဘက် ကွပ်ပျစ်တွင် ၀ိုင်းဖွဲ့ထိုင်နေကြ၏ ။
   “ ကြီးမေတို့ နေကောင်းကြရဲ့နော် ။”
   “ သြော်…မောင်ချစ်ဇော်တို့ပါလား ။ ကောင်းပါတယ်ကွယ်…အလည်လာကြတာလား ။”
   “ ဟုတ်ကဲ့ ကြီးမေ ။ ဒါနဲ့ ညီထွေးက အရင်ကနဲ့ မတူတော့ဘူးနော် ။ အရွယ်ရောက်လာလို့လား မသိဘူး ။ ကျန်း
     ကျန်းမာမာဖြစ်လာပြီ ။”
   “ အေးကွယ် ။ ကြီးမေတို့လည်း အဲ့ဒါကိုပဲ ၀မ်းသာနေရတာ ။ အရင်ကဆို မိုးရွာရင်ဖျား နေပူရင်ဖျား ဖြစ်နေတာ ။
      ခုကျမှပဲ စိတ်နည်းနည်းအေးရတော့တယ် ။”
   “ ဟုတ်တယ် အမေ ။ ကျွန်တော် အရင်နဲ့ မတူတော့ပါဘူး ။ ကျန်းကျန်းမာမာ လူကောင်းပကတိဖြစ်နေပါပြီ ။ အဲ့
     ဒါ…အမေ့ကို ခွင့်တောင်းစရာရှိလို့ ။”
ညီထွေး ၀င်ပြောလိုက်သောစကားကြောင့် မိခင်ဖြစ်သူဒေါ်တင်နွဲ့၏မျက်လုံးများ ပြူးကျယ်သွားရပြီး…
   “ ဟဲ့…သားထွေး အမေ့ကို ဘာများ ခွင့်တောင်းမလို့လဲ ။ ဘုရားရေ…သားမှာ ရည်းစားသနာရှိနေပြီလား ။ အမေ
     လိုက်တောင်းပေးရတော့မှာလား ။”
   “ အာ…အမေကလဲ ဘာတွေ လျှောက်တွေးနေတာလဲ ။ မဟုတ်ရပါဘူးဗျာ ။ ကျွန်တော်က ကလေးအတွေးပဲ ရှိ
     ပါသေးတယ် ။ ခုခွင့်တောင်းမှာက သူတို့နဲ့အတူ ဟိုဘက်ရွာက ဘုရားပွဲကို သွားကြည့်ချင်လို့ ။ အဲ့ဒါ အမေ ခွင့်
     ပြုပေးဖို့ လာတောင်းတာ ။”
ညီထွေး၏စကားကြောင့် ဒေါ်တင်နွဲ့ ပြုံးတော့မလိုလိုဖြစ်သွားပြီးမှ မျက်နှာညှိုးသွားသည် ။ သားငယ်ကို တစိမ်းတရံ
တွေနှင့် လွှတ်ရမည်ကို စိတ်မချသောကြောင့်ဖြစ်၏ ။
   “ အို…သားထွေးကလည်း သားထွေး သူငယ်ချင်းတွေနဲ့ သွားလို့ ဖြစ်ပါ့မလား ။ မင်းအကိုကြီးတွေနဲ့မှ သွားပါလား
     ကွယ် ။ မင်းအကိုကြီးတွေ သဘက်ခါလောက်ဆို အားလောက်ပါပြီ ။”
   “ ဟာ…အမေကလဲ သား ကျန်းမာနေပါပြီ ။ သား သူတို့နဲ့ လိုက်သွားလို့ရပါတယ် ။ သားလည်း သူငယ်ချင်းတွေနဲ့
      လည်ချင်တာပေါ့ အမေရယ် ။ သားက သွားမယ်ဆိုသွားရမှနော် ။”
ညီထွေးက ဇွတ်အတင်း လွှတ်ဖို့ ပြောသည် ။ မပြောလို့လည်း မဖြစ်…သူငယ်ချင်းများရှေ့တွင် သူ့ဟာ ပျော့ညံသူ
တစ်ယောက်မဟုတ်ကြောင်း ပြချင်နေသည် ။ မိခင်က တစ်ခွန်းဆိုတစ်ခွန်း နာခံတတ်သော ခပ်ညံညံလူစားမဟုတ်
ဟု ထင်စေချင်သည် ။ နို့ပေမဲ့ သူ့အတွေးများ မှားယွင်းနေသည်ကိုတော့ သူ သတိမထားမိ…။
    “ ဒါပေမဲ့ သားလေးရယ် အမေ စိတ်မချဘူးကွယ် ။”
    “ သြော်…ကြီးမေ စိတ်မပူပါနဲ့ ။ ကျွန်တော်တို့ ဆိုင်ကယ်နဲ့ သွားကြမှာပါ ။ နောက်ပြီး ညီထွေး ပြုတ်ကျမှာစိုးရင်
       ကျွန်တော်တို့ သူ့ကို အလယ်မှာ ထားစီးပါ့မယ် ။”
ညီထွေးကို ပါစေချင်လွန်းသော ဖိုးချစ်ဇော်က ပြေလည်ရာပြေလည်ကြောင်း ၀င်ပြောလိုက်သည် ။
    “ ဟုတ်ပါတယ် အကြီးရဲ့ ။ ကျွန်တော် ဆိုင်ကယ်မောင်းနှေးတာ တစ်ရွာလုံး အသိရယ် ။ ဆိုင်ကယ်ကို ၀ုန်းဝုန်း
      ဒိုင်းဒိုင်းလည်း မစီးတတ်ပါဘူး ။ အကြီး ညီထွေးကို စိတ်မပူပါနဲ့ ။ ကျွန်တော်တို့ သေချာ ခေါ်သွားပါ့မယ် ။
      နောက်ပြီး မိုးလင်းမှ ပြန်လာမှာပါ ။”
သာလွန်းကလည်း မနေသာတော့၍ ၀င်ပြောလာသည် ။ အားလုံးက ၀ိုင်းပြောနေကြ၍ ဒေါ်တင်နွဲ့ ငြင်းရခက်သွား
သည် ။ ညီထွေး၏မျက်နှာကိုကြည့်လိုက်တော့လည်း သွားလိုစိတ်အပြည့်နှင့် အသနားခံနေသောမျက်နှာလေး ။။
    “ ကဲပါလေ…သားထွေး သွားချင်တယ်ဆိုလည်း သွားပါ ။ ဒါပေမဲ့ နေလို့ထိုင်လို့ မကောင်းဘူးဆိုရင် ပဲမြစ်ရွာမှာ
      ဆေးဆရာရှိတာပဲ ။ အဲ့ဒီ့ဆေးဆရာဆီ ချက်ချင်းသွားပြ ဟုတ်ပြီလား ။”
    “ ဟုတ်ကဲ့ အမေ ။ စိတ်ချ စိတ်ချဗျာ…”
ညီထွေးက မိခင်ဆီမှ ခွင့်ပြုချက်ရသည်နှင့် အိမ်ရှေ့ဆိုင်ကယ်ရှိရာဆီသို့ ပျော်ရွှင်မြူးထူးစွာ ပြေးထွက်သွားသည် ။
ညီထွေး၏နောက်မှ သူငယ်ချင်းနှစ်ယောက် ပြေးလိုက်သွားကြသည်ကို ဒေါ်တင်နွဲ့ စိတ်မသက်မသာစွာ ငေးကြည့်
ရင်း သက်ပြင်းရှည်ကြီးကို ချလိုက်မိတော့၏ ။
ËËËËËËË
   “ ပျော်လိုက်တာကွာ ။ အမေ ခွင့်ပြုပါ့လားလို့ ငါ့မှာ စိတ်ပူလိုက်ရတာ ။”
တဟူးဟူးတိုက်ခတ်နေသော လေညင်းများကြားမှ ညီထွေး၏အသံက ခပ်သြသြထွက်ပေါ်လာသည် ။
   “ အကြီးက လွှတ်မယ်လို့ ငါက ယုံပြီးသား ။ ဟိတ်ကောင် သေချာလည်း ကိုင်ထားဦး ။ မင်း ပြုတ်ကျတာက
     အရေးမကြီးဘူး ။ ငါတို့က အမှုပတ်မှာ ။”
ဖိုးသာလွန်းက သူ့ထုံးစံအတိုင်း ပိဿလေးဘေးပစ် အော်ပြောလိုက်၍ ညီထွေး မဲ့ပြလိုက်သည် ။ ဖိုးချစ်ဇော်ကတော့
သူတို့နှစ်ယောက် ပြောစကားများကို နားထောင်ရင်း ပြုံးရယ်လျက် လိုက်ပါလာ၏ ။ သူတို့သွားနေသည်က တစ်ဖက်
ရွာ ပဲမြစ်…
       ပဲမြစ်ရွာသို့ မရောက်မီ ကွမ်းခြံတံတားကို ဖြတ်သန်းရသည် ။ ကွမ်းခြံတံတားဟူသည်က နာမည်ကြီး…ကွမ်းခြံ
တံတား၏မကောင်းသတင်းကို ရွာခံလူတိုင်း သိကြ၏ ။ သို့ကြောင့်လည်း တတ်နိုင်လျှင် ရှောင်ကွင်းသွားတတ်ကြ
သလို ထိုတံတားမှ ဖြတ်သန်းသွားရသည့်အခါတွင်လည်း ဘုရားစာ ရွတ်သူကရွတ် ၊ ပုတီးစိပ်သူကစိပ် ၊ မေတ္တာပို့သူ
ကပို့နှင့် သန်ရာသန်ရာကုသိုလ်များ ပွားများသွားတတ်ကြသည် ။ ထိုသို့ပြုလုပ်သွားမှသာ အန္တရာယ်ကင်းသည်များ
၏ ။ အကြောင်းက ကွမ်းခြံတံတားအနီးတွင် ဆိုင်ကယ်များ ၊ ကားများ အကြောင်းပြချက်မရှိပါဘဲ တိမ်းမှောက်တတ်
သောကြောင့်ပင်…။
   “ ဟိတ်ကောင် ငလွန်း ဆိုင်ကယ်ကို သတိထားမောင်းဦးနော် ။ ရှေ့မှာ ကွမ်းခြံတံတားကို ရောက်တော့မယ် ။”
ဖိုးချစ်ဇော်က စိုးရိမ်မကင်းသောလေသံနှင့်ပြောလိုက်၏ ။ အပြင်လောကနှင့် အသွားအလာကျဲပါးသော ညီထွေးက
ဖိုးချစ်ဇော်၏စကားကို နားမလည်ဟန်ဖြင့်…
   “ ဘာဖြစ်လို့လဲ ကိုချစ်ရ ။ ကွမ်းခြံတံတားနဲ့ ဆိုင်ကယ် သတိထားမောင်းဖို့နဲ့က ဘာဆိုင်လို့လဲ ။”
   “ မင်း မသိပါဘူး ညီထွေးရာ ။ အဲ့ဒီ့တံတားက နာမည်ကြီး ။ အဲ့ဒီ့တံတားပေါ်မှာ ဆိုင်ကယ်တွေ ကားတွေ
     အကြောင်းမဲ့မှောက်တတ်တိမ်းတတ်လွန်းလို့ သာလွန်းကို သတိပေးရတာ ။”
   “ သြော်…အဲ့ဒီ့လိုလား ။ ဒါနဲ့ ဘာဖြစ်လို့ အကြောင်းမဲ့ မှောက်ရတာလဲ ။ ကိုချစ်ကရော ဘယ်လိုထင်လဲ ။”
ညီထွေးက နဂိုကတည်းက ကလေးစိတ်သာသာရယ် ။ တောင်တောင်အီအီ သိပ်မတွေးတတ်…။ သို့ကြောင့်လည်း
သူ မသိသည်ကို မသိရိုးအတိုင်း ဖိုးချစ်ဇော်ကို မေးလိုက်ခြင်းဖြစ်သည် ။
   “ ဟင်း…! ဘယ်လိုပြောရမလဲ ညီထွေးရာ ။ ဟိုးအရင်တုန်းက အဲ့ဒီ့တံတားမှာ ကားတစ်စီး လမ်းချော်ပြီး တိမ်း
      မှောက်သွားဖူးတယ် ။ အဲ့ဒီ့ကတည်းက အဲ့ဒီ့တံတားမှာ ခုလို အနှောင့်အယှက်တွေ ရှိနေတော့တာပဲ…တဲ့ ။
      ငါတို့လည်း ကောင်းကောင်းမသိပါဘူး ။ သူများ ပြောတာ ကြားဖူးတာပါ ။ ကဲ…ဘာမှမဟုတ်ပါဘူး ညီထွေး
       ရာ ။ ပြီးရင် ငါတို့ ပွဲဈေး ရောက်တော့မှာပါ ။”
ဖိုးချစ်ဇော်က ညီထွေး ထိတ်လန့်မည်စိုးသောကြောင့် သမန်ကာရှန်ကာမျှသာ ပြောပြီး စကားလမ်းကြောင်းလွဲလိုက်
၏ ။ ထိုစဉ် တစ်ချိန်လုံး စကားတစ်ခွန်းမျှ ၀င်မပြောသော ဖိုးသာလွန်းက …
   “ ငါတော့ အဲ့ဒီ့အကြောင်းတွေ မယုံပါဘူးကွာ ။ အလကား…အဲ့ဒီ့လမ်းကိုသွားတဲ့ဆိုင်ကယ်တိုင်း မှောက်လို့လား ။
     သတိမထားဘဲ အရမ်းကာရော မောင်းတဲ့ဆိုင်ကယ်တွေပဲ မှောက်တာပါ ။ အဲ့ဒါကိုပဲ လူတွေက ချဲ့ကားပြီး ပြော
     ကြတာ ။”
   “ ဟိတ်ကောင် ငလွန်း မင်း ဒီလိုတော့ မပြောနဲ့ ။ သတင်းဆိုတာ ဟုတ်လို့ကျော်တာကွ ။ ဒါဆို ဟိုတလောက
     မှောက်သွားတဲ့ ကိုညိုကြီးတို့ဆိုင်ကယ်ဆိုရင် မင်း ဘယ်လိုပြောမလဲ ။ ကိုညိုကြီးက ဆိုင်ကယ်မောင်းတာ မင်း
     ထက်တောင် နှေးသေးတယ် ။”
   “ အောင်မာ…မင်း မသိဘဲ လျှောက်ပြောမနေနဲ့ ။ ကိုညိုကြီးရဲ့ဆိုင်ကယ် မှောက်တာ ကွမ်းခြံတံတားပေါ်မှာမှ
     မဟုတ်တာ ။ တံတားကို ဖြတ်ပြီး တခေါ်သာသာလောက်ကျမှ လမ်းချော်ပြီး မှောက်သွားတာ ။”
ဖိုးသာလွန်းက စကားပြောရာတွင် အားပါပြီး နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်မိ၏ ။ ထိုစဉ် ဆိုင်ကယ်(handle)
လက်ကိုင်းများကို ကိုင်ထားသောလက်မှာ အနည်းငယ်ယိမ်းယိုင်သွားပြီး ကွမ်းခြံတံတားနားအရောက်တွင် လမ်း
ချော်ကာ တိမ်းမှောက်သွားတော့သည် ။
ËËËËËËË
         လမ်းချော်ကာ ဆိုင်ကယ် တိမ်းမှောက်သွားသောအခါ ဆိုင်ကယ်ပေါ်မှသုံးယောက်လုံး လမ်းတစ်ဖက်သို့ လွင့်
ထွက်သွားကြသည် ။ ဖိုးချစ်ဇော်က လမ်းဘေးဗွက်တောထဲ ကျသွား၍ ဒဏ်ရာဒဏ်ချက် သိပ်မရ…။ ပြုတ်ကျသည့်
အရှိန်နှင့် ခြေထောက်တစ်ဖက် အတော်နာသွား၏ ။ ဖိုးသာလွန်းကတော့ လမ်းဘေးဆူးချုံပေါ်ကျသွားသဖြင့် တစ်
ကိုယ်လုံး ဆူးရှသည့်ဒဏ်ရာတွေနှင့် သွေးအလိမ်းလိမ်း ။ သို့သော် ညီထွေးလေးခမျာမှာတော့…
       ဖိုးချစ်ဇော် ဗွက်အိုင်ထဲက လူးလဲထလာပြီး ညီထွေးဆီသို့ ပြေးလာလိုက်သည် ။
   “ ညီထွေး…ညီထွေး…”
ညီထွေးနာမည်ကို တကြော်ကြော်အော်ခေါ်ရင်း ဖိုးချစ်ဇော် ခေါင်းနပန်းများပင် ကြီးသွားမိသည် ။ မှောက်လျက်
အနေအထားနှင့် ညီထွေးခမျာ ပါးစပ်ကို ဟကာဟကာနှင့် အသက်ကို ပင်ပန်းကြီးစွာ ရှူရှိုက်နေရပုံ ပေါက်၏ ။
   “ ဟာ…ညီထွေး ညီထွေး…”
   “ ဟိတ်ကောင် အော်ခေါ်မနေနဲ့ ။ သွား…ရွာကို မြန်မြန်ပြန်ပြီး ဆေးဆရာ သွားခေါ် ။”
ဖိုးသာလွန်း သတိပေးလိုက်မှ ဖိုးချစ်ဇော် ခြေတစ်ဖက်ထော့နင်းထော့နင်းနှင့် ရွာဘက်သို့ ပြန်ပြေးသွားသည် ။ ဆိုင်
ကယ်က လဲသွားသည့်အရှိန်နှင့် သုံးမရတော့ ။
   “ ညီထွေး…ညီထွေး မင်း သတိရှိသေးရဲ့လား ။ ဟိုမှာ ဆေးဆရာ သွားခေါ်နေပြီ ။ အားတင်းထားနော် ။”
ဖိုးသာလွန်းက သွေးများ တစိမ့်စိမ့်စီးထွက်ကျဆင်းနေသော ညီထွေး၏ရင်ဘတ်ဒဏ်ရာနားကို အသာအယာဖိနှိပ်
ထားရင်း ပြောလိုက်သည် ။ ညီထွေးက ကြားဟန်ဖြင့် မျက်တောင်နှစ်ဖက်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြ၏ ။
   ‘ တောက်…ဒီတမာညှောင့်ကွာ ။ တကယ့်ချက်ကောင်းကိုမှ လာစူးရသလား ။’
ဖိုးသာလွန်းရဲ့စိတ်ထဲက နာနာကျည်းကျည်း ညည်းတွားလိုက်မိသည် ။ ညီထွေး အရှိန်ဖြင့် လွင့်ကျသွားရာနေရာ
တွင် တမာငုတ်ညှောင့်တစ်ခု ရှိနေ၍သာ ဤသို့ အဖြစ်ဆိုးခဲ့ရခြင်း ဖြစ်၏ ။ ညီထွေး၏ရင်ဘတ်တည့်တည့်တွင် စူး
ဝင်နေသောတမာငုတ်ကို ကြည့်ရင်း ဖိုးသာလွန်း၏မျှော်လင့်ချက်တွေ မှေးမှိန်လာမိသည် ။
   “ ဟိုမှာ…ဟိုမှာ ကျွန်တော့်ကို လာခေါ်ကြပြီ ။ လာခေါ်နေကြပြီ…”
မျက်လုံးကို မှေးစင်းရင်း အသက်ကို ခက်ခဲစွာ ရှူသွင်းနေရာမှ ရုတ်တရက် မျက်လုံးစုံဖွင့်လာသောညီထွေးထံမှ
စကားသံသဲ့သဲ့ ထွက်ပေါ်လာ၍ ဖိုးသာလွန်း နားစိုက်ထောင်လိုက်ရာ ကြားလိုက်ရသည်များကြောင့် ထိတ်လန့်
သွားမိသည် ။
   “ ဟိတ်ကောင် ညီထွေး မင်း ဘာတွေပြောနေတာလဲ ။ သတိထားစမ်းကွာ…ဆေးဆရာ လာတော့မှာ ။ ပြီးရင်
     မင်း နေကောင်းသွားမှာပါ ။”
ဖိုးသာလွန်း မည်သို့ပြောပြော ညီထွေး ကြားဟန်မတူ ။ တစ်ဖက်ကွမ်းခြံတံတားကို ရီဝေတဲ့မျက်ဝန်းတွေနှင့် ငေး
ကြည့်ရင်း ဇက်ကျိုးကျသွားတော့သည် ။
   “ ညီထွေး…ညီထွေး…”
????????????????????????????????????
      သြော်…နောက်ဆုံး၌တော့ မည်သူ့ကိုမျှ အပြစ်မဖို့ဘဲ ညီထွေး၏ကံဟုသာ ဆိုရပေတော့မည် ။ ဟုတ်လည်း
ဟုတ်သည် ။ သုံးဦးလုံး လွင့်ထွက်သွားသည်တွင် ညီထွေးတစ်ဦးတည်းသာ ရင်ဘတ်တည့်တည့် နှလုံးနေရာသို့
တမာညှောင့်စူးကာ အသက်ဆုံးခဲ့ရခြင်း ဖြစ်သည် ။
    သို့သော်လည်း ကျန်းမာရေးချူချာသောညီထွေးကို တစ်သက်လုံး အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်လာခဲ့ရ
သော မိဘမောင်ဘွားများခမျာတော့ ဖြေမဆည်နိုင်အောင် စိတ်ထိခိုက်ရသည် ။ ကြေကွဲဝမ်းနည်းရသည် ။ သြော်…
ညီထွေးဆိုတာကလည်း တစ်အိမ်သားလုံးရဲ့အသည်းနှလုံးစိုင်လေး မဟုတ်ပါလား…။ ယခုများတော့ အားလုံးရဲ့
အသည်းစိုင်လေး ပဲ့ကြွေသွားခဲ့ရပြီ ။
ËËËËËËË
         ကြားလိုက်ရသည့်သတင်းကို တင်အောင်ဦး မည်သို့မျှ မယုံကြည်နိုင်…။ ရွာတောင်ပိုင်းက နတ်ကတော်
ဒေါ်မြင့်မော်ကို ညီထွေး ၀င်ပူးလို့…တဲ့ ။ မယုံတယုံစိတ်နှင့်ပင် တင်အောင်ဦး ရွာတောင်ပိုင်းက ဒေါ်မြင့်မော်အိမ်
သို့ လိုက်လာတော့ အမေတို့အစ်မတို့က ရောက်နှင့်လို့နေပြီ ။
      နတ်ကတော်ဆိုလို့ ဒေါ်မြင့်မော်က မိန်းမလျာကြီး မဟုတ်…မိန်းမစစ်စစ် ။ ရွာအခေါ်ကတော့ နတ်ဝင်သည်
ဒေါ်မြင့်မော်ပေါ့ ။ ဒေါ်မြင့်မော်က လိပ်ပြာလှ၍ နတ်သာမက ဖုတ်ပြိတ္တာသရဲများကလည်း ကျန်ရစ်သူအိမ်သားများ
ကို တစ်စုံတစ်ရာ မှာကြားလိုသောအခါများတွင် ၀င်ရောက်ပူးကပ်တတ်သည်ဟု တင်အောင်ဦး ကြားဖူးသော်လည်း
ယခုမှသာ ဒိဋ္ဌတွေ့မြင်ရခြင်းဖြစ်သည် ။ ဒေါ်မြင့်မော်၏မူလပုံစံက တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်သော်
လည်း ယခုများတော့ ကြမ်းတွင် တင်ပလင်ခွေထိုင်ပြီး ထမင်းကို ဇလုံကြီးနှင့်ထည့်ကာ ညီထွေး အလွန်ကြိုက်သော
ငပိရည်နှင့် ဖန်ခါးသီးတို့စရာ ချည်ပေါင်ဟင်းတို့ဖြင့် မြိန်ရည်ရှက်ရည်စားသောက်လျက် ရှိသည် ။
   “ ဟာ…ကိုကြီး လာပြီ ။ လာ…ကိုကြီး ”
တင်အောင်ဦး ၀င်သွားတော့ ၀မ်းသာအားရလှမ်းခေါ်ပြီး ထိုင်ခုံတွင် ထိုင်ခိုင်းသည် ။ ဒေါ်မြင့်မော်၏အမူအရာတို့ကို
ကြည့်ရသည်မှာ အမှန်ပင် ညီထွေးနှင့် ဆင်တူနေသည် ။
   “ ကိုကြီးရာ ကိုကြီးကို ကျွန်တော် စောင့်နေတာ ။ ကိုကြီးကို ပြောစရာတွေ အများကြီးရှိလို့…”
အသံကလည်း ညီထွေးမှညီထွေးအသံစစ်စစ်…။ သြရှရှ အာလုတ်သံကြီးနှင့်…
   “ ညီထွေး ကိုကြီးကို ဘာတွေပြောချင်လို့လဲ ။ ပြောလေ…ကိုကြီး နားထောင်နေတယ် ။”
   “ ကျွန်တော် အခု ကွမ်းခြံတံတားမှာ နေနေတာ ။ ပျော်စရာကြီးဗျာ ။ သူငယ်ချင်းတွေမှ အများကြီးပဲ ။ အားလုံး
      ကျွန်တော့်ထက်ငယ်တာချည်းပဲ ။ ကျွန်တော်နဲ့မတိမ်းမယိမ်းက တစ်ယောက်နှစ်ယောက်လောက်တော့ ရှိ
      မယ် ။ အားလုံး အော်ကြဟစ်ကြ ပျော်ကြရွှင်ကြ ကစားကြနဲ့ ပျော်စရာကောင်းမှကောင်း ။ သြော်…ကျွန်တော်
      တို့ ကစားနည်းက ဆိုင်ကယ်တစ်စီးလာရင် ဟေး…လို့အော်ပြီး လိုက်ဆွဲကြတာ ။ ကားလာရင်လည်း ဒီလိုပဲ ။
      တချို့ဆိုင်ကယ်တွေ ကားတွေကျတော့ ကပ်လို့တောင် မရဘူး ။ ဘာဖြစ်လို့လဲ မသိဘူး ။ ပူလိုက်တာဗျာ ။
      အဲ့ဒါမျိုးနဲ့တွေ့ရင်တော့ ကျွန်တော်တို့အားလုံး ကြောက်ကြောက်လန့်လန့်နဲ့ ကစဥ့်ကလျား ထွက်ပြေးကြရတာ
      ပဲ ။ ဒါကလွဲရင် တော်တော်ပျော်ဖို့ကောင်းတာ…။ အခု အဲ့ဒီ့မှာ သူငယ်ချင်းတွေနဲ့ ပျော်နေတာ တော်တော်ကြာ
      တော့ ဗိုက်ဆာလာလို့ ကိုကြီးရယ်…။ အခုမှပဲ နေသာတော့တယ် ။”
ကြားလိုက်ရတဲ့စကားတွေကြောင့် တင်အောင်ဦးအပါအ၀င် မိသားစုဝင်အားလုံး ရင်နင့်သွားရသည် ။ သြော်…ပရ
လောကသားတွေက တကယ်ရှိနေပါလားဟုလည်း တင်အောင်ဦး တွေးလိုက်မိသည် ။ တွေးနေရုံနှင့် မပြီးသေး ။
ညီထွေး ကျွတ်လွတ်သွားအောင် လုပ်ပေးမှဖြစ်မည် ။
    “ ညီထွေး မင်း အဲ့ဒီ့လို နေလို့ မဖြစ်ဘူးလေ ။”
    “ ဗျာ…ဘာကိုလဲ ကိုကြီးရ ။”
    “ သြော်…မင်း သူငယ်ချင်းတွေနဲ့ပဲ နေလို့ မရဘူးလေ ။”
ထိုသို့ပြောတော့ ညီထွေးတစ်ဖြစ်လဲ ဒေါ်မြင့်မော်၏မျက်နှာ ညိုးငယ်သွားပြီး…
   “ ဒါဆို ကျွန်တော်က ဘယ်သူနဲ့ နေရမှာလဲ ။ ကျွန်တော်မှ  အိမ်ပြန်လာလို့ မရတာကို…”
   “ မင်း အိမ်ပြန်လာချင်ရင် လာမယ့်တနင်္ဂနွေနေ့ အိမ်ပြန်လာခဲ့ ။ ကိုကြီးတို့အလှူ လုပ်ကြမှာ ။ ညီထွေး ရှင်ပြုတုန်း
     ကလိုပဲပေါ့ ။ အဲ့ဒီ့နေ့ ညီထွေး လာခဲ့ ။ အမေ ရေစက်ချ အမျှဝေရင် ညီထွေး သာဓုခေါ်ရမယ်နော် ။”
   “ ဟာ…တကယ် ။ စိတ်ချ ကိုကြီး ။ ကျွန်တော် ပြန်လာခဲ့မယ် ။ သာဓုလည်း ခေါ်မယ် ။ သြော်…ဒါနဲ့ ကျွန်တော့်
      သူငယ်ချင်းတွေကိုရော ခေါ်ခဲ့လို့ရလား ။”
   “ ရပါတယ်ကွာ ။ သူတို့ကိုပါ သာဓုခေါ်ခိုင်းပေါ့ ။”
အိမ်ကိုလည်း ပြန်လာရမည် သူငယ်ချင်းလည်း အလည်ခေါ်ရမည်ဟူသောစကားကြောင့် ညီထွေး ပြုံးပျော်သွား
သည်ကို တင်အောင်ဦး ငေးငိုင်ငိုင်ကြည့်နေမိသည် ။ မိသားစုဝင်အားလုံးလည်း ညီထွေးကို သနားလွန်းလို့ ငို
လိုက်ယိုလိုက်ကြသည်မှာ ကမ္ဘာပျက်နေသလိုပင် ။ ခဏအကြာတွင် ညီထွေး ၀င်ပူးနေသော ဒေါ်မြင့်မော် ခွေခနဲ
လဲကျသွားပြီးနောက် စောစောကဖြစ်ပျက်ခဲ့သမျှကို သူမ ဘာတစ်ခုမျှ မသိရှိခဲ့တော့ ။ ၀ိုင်းအုံကြည့်နေသော ရွာ
သူရွာသားအပေါင်းမှာလည်း ညီထွေးကို ကရုဏာသက်၍ စုတ်တသပ်သပ်လုပ်သူကလုပ် ကွမ်းခြံတံတားတွင် ထို
သို့သော မမြင်အပ်သူများ ရှိနေ၍ ဆိုင်ကယ်များ ကားများ တိမ်းမှောက်ခြင်းဖြစ်ရကြောင်း သတင်းဖြန့်သူကဖြန့်နှင့်
ကျွက်ကျွက်ညံသွားတော့၏ ။
ËËËËËËË
            ညီထွေးရဲ့ရှင်ပြုအလှူတုန်းကလိုဟု တင်အောင်ဦး ပြောခဲ့သော်လည်း အမှန်တော့ ညီထွေး၏တစ်လ
ပြည့်ဆွမ်းသွပ်အလှူဖြစ်သည် ။ ရေစက်ခွက်မှ ရေများ လင်ပန်းအတွင်းသို့ တစက်စက် သွန်းလောင်းကျနေသလို
ဒေါ်တင်နွဲ့၏မျက်ဝန်းတွင်းမှ မျက်ရည်များသည်လည်း ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးဆင်းကျနေလေသည် ။
   “ လွန်ခဲ့သောတစ်လခန့်က ကွယ်လွန်အနိစ္စရောက်သွားသော သားငယ်ညီထွေးအပါအ၀င် ဝေနေယျသတ္တ၀ါ
     အပေါင်းကို အမျှ အမျှ အမျှ ပေးဝေငှပါတယ် ။ သာဓု သာဓု သာဓု ”
   “ လွန်ခဲ့သောတစ်လခန့်က ကွယ်လွန်အနိစ္စရောက်သွားသော သားငယ်ညီထွေးအပါအ၀င် ဝေနေယျသတ္တ၀ါ
     အပေါင်းကို အမျှ အမျှ အမျှ ပေးဝေငှပါတယ် ။ သာဓု သာဓု သာဓု ”
   “ လွန်ခဲ့သောတစ်လခန့်က ကွယ်လွန်အနိစ္စရောက်သွားသော သားငယ်ညီထွေးအပါအ၀င် ဝေနေယျသတ္တ၀ါ
     အပေါင်းကို အမျှ အမျှ အမျှ ပေးဝေငှပါတယ် ။ သာဓု သာဓု သာဓု ”
သာဓုသုံးကြိမ် ခေါ်ဆို၍အပြီးတွင်တော့ တံခါးမကြီးတွင် တပ်ဆင်ထားသောလိုက်ကာစသည် လေမတိုက်ပါဘဲ
လူတစ်စု နဘေးက အရှိန်နှင့် ဖြတ်လျှောက်သွားသည့်အလား လေဟာနယ်ထဲတွင် ခဏတာမျှ ဝေ့၀ဲလွင့်ပါးသွား
သည်ကို ဒေါ်တင်နွဲ့အပါအ၀င် အလှူလာသူပရိသတ်အပေါင်း မြင်တွေ့လိုက်ရ၍ ညီထွေးတစ်ယောက် သူ့အပေါင်း
အပါတစ်စုနှင့်အတူ ကျွတ်လွတ်သွားရှာလေပြီဟု ယူဆလိုက်ရပါတော့သည် ။

(ပဲမြစ်ရွာမှအစ်မတစ်ဦး ပြောပြသောဖြစ်ရပ်မှန်ဇာတ်လမ်းကို ဆီလျော်သလို ရေးသားလိုက်ပါသည် )



                                                                                         စေတနာရှေ့ထားလျက်…

                                                                                             ဂါဦးနွန်းကို


https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။