အမှောင်ထဲက လက်တစ်ဖက်
( ၂၀၁၆ ဧပြီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------------------
ထိုနေ့ကို ကျွန်မ တစ်သက်မေ့နိုင်လိမ့်မည်
မထင်ပါ ။ အဘယ့်ကြောင့်ဆိုသော် ထိုနေ့သည် ကျွန်မ၏ဇာတာ ထဲသို့ ကံဆိုးမှုတချို့ ကျရောက်လာခဲ့သော
နေ့တစ်နေ့ဖြစ်ခဲ့သောကြောင့်ပင် ။ မည်မျှကံဆိုးခဲ့သလဲဆိုလျှင် လိပ်စာ မှားသဖြင့် တစေ
္ဆအချောက်ခံခဲ့ရရုံသာမက သစ်ကိုင်းကျိုးကျ၍လည်း ထိပ်ပေါက်နဖူးကွဲခဲ့ရသေးသည် ။ နေရာဒေသ
ကို အတိအကျပြောပြပါက သူတပါး၏စီးပွားရေး ထိခိုက်မည်စိုး၍ အမည်များကိုမူ ချန်လှပ်ထားခဲ့ပါမည်
။ မည်သို့ပင် ဖြစ်စေ…ဤဝတ္ထုကို ကျွန်မဘဝထဲက တစ္ဆေမှတ်တမ်းတစ်ပုဒ်အဖြစ် ကမ္ပည်းထိုးရပေလိမ့်မည်
။
နေရာက အတော်လူပြတ်သည် ။ မိုးကလည်း ခပ်ဖွဲဖွဲရွာနေသေးရာ
ကျွန်မမှာ တစ်ယောက်တည်း ထွက်လာခဲ့ မိသည့်အတွက် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိတော့သည်
။ အရေးထဲ လိပ်စာပါနေရာကို မသိသဖြင့် လမ်းမှာ တွေ့သော ဈေးဆိုင်၌ မေးမြန်းစုံစမ်းရသေးသည်
။
ညွှန်ပေးလိုက်သည့်အတိုင်း စွတ်ရွတ်ထွက်လာမိရင်း
လူပြတ်သည့်နေရာသို့ ရောက်မှန်းမသိ ရောက်လာမှ လာမိတာ မှားပြီဟု တွေးမိသည် ။ သို့သော်လည်း
မတတ်နိုင် ။ လမ်းတစ်ဝက်ကျိုးနေမှ ကားလည်း ငှားမနေတော့ ။ သည်အတိုင်း စိတ်တင်းကာ ဆက်လျှောက်လာရပြီပေါ့
။
ကားတစ်စီးတလေ ဖြတ်သန်းသွားနေသည်ကိုပဲ ကျေးဇူးတင်ရမည်
။ မဟုတ်ပါက တစ်လမ်းလုံး လူသူလေးပါး မရှိ၍ ချောက်ချားစရာအတိပြီးလို့နေသည် ။ ကားလမ်းမဘေး
ပလက်ဖောင်းအတိုင်း ခပ်သွက်သွက်လျှောက်လာရင်း တစ်ဖက်ခြမ်းသို့ လှမ်းကြည့်မိတော့ ပန်းဥယျာဉ်ကို
တွေ့မြင်နေရသည် ။ သို့ပေမဲ့ ထိုဥယျာဉ်ထဲမှာလည်း လူမရှိ ၊ ငှက် သံများကိုသာ ကြားနေရ၏
။ မသိလျှင် တောကြီးမြက်မည်းထဲ ရောက်နေသလိုလို ။
ခပ်မြန်မြန်လျှောက်လာရင်း တွေးမိသည် ။ ပထမတစ်ခါက
မဟာဗန္ဓုလပန်းခြံ(ဗိုလ်ချုပ်ပန်းခြံ)ဘေးမှ ဖြတ်သွား ခဲ့စဉ် မိုးထဲလေထဲ တစ်ယောက်တည်း
လမ်းသလားမိသဖြင့် တစ္ဆေလား ၊ အချောင်သမားလား မသိသူတစ်ယောက် နှင့် တေ့တေ့ဆိုင်ဆိုင်ဆုံခဲ့ဖူးသည်
။ (တစ်ရာတန်သင်ခန်းစာ-ဂမ္ဘီရမဂ္ဂဇင်း နိုဝင်ဘာလထုတ်
၂၀၁၁) ယခုမူ ထိုတုန်း ကထက် ပို၍ရှည်လျားသော ၊ ပို၍လူပြတ်သောနေရာသို့ တစ်ယောက်တည်း
ရူးရူးမိုက်မိုက် ထွက်ခဲ့မိပြန်ပြီ ။
မတတ်နိုင်…ကျွန်မကလည်း အလုပ်ကိစ္စနှင့် အပြင်သွားပါက
အဖော်အပေါင်းတွေကို ခေါ်လေ့ခေါ်ထ မရှိ ။ အားနာ၍ မခေါ်သလို စိတ်ရှုပ်၍လည်း ပါသည် ။ လူပိုပါလျှင်
အလုပ်မပြီးမြောက်မည်စိုး၍လည်း ဖြစ်မည် ။ ကိုယ့်အား ကိုယ်ကိုးလွန်း၍လည်း ဖြစ်နိုင်သည်
။ သို့ပေမဲ့ ယခုတော့ နည်းနည်း စိတ်ချောက်ချားနေပြီ ။ အဖော်ပါရင် ကောင်း သားဟု တွေးမိသည်
။
ရုတ်တရက် ကားအသွားအလာ ပြတ်သွား၏ ။ မိုးကလည်း
ပို၍သည်းလာ၏ ။ ရှေ့လမ်းတလျှောက် သစ်ပင် ကြီးသစ်ပင်ငယ်အသွယ်သွယ်တို့ကလည်း စီတန်းလျက်
ပေါက်ရောက်နေသေးရာ ကျွန်မစိတ်ထဲ တိုး၍သာ ချောက် ချားလာသည် ။ အကယ်၍ ထိုသစ်ပင်များနောက်၌
လူတစ်ယောက်ယောက်များ ရပ်နေပါက ကျွန်မ လှမ်းမြင်ရန် မဖြစ် နိုင်ပါ ။ အနားရောက်မှ ဖမ်းဆွဲကာ
တစ်စုံတစ်ခုပြုလုပ်မှဖြင့်…။
မည်သို့ပင်တွေးမိပါစေ…လမ်းကိုမူ ဆက်လျှောက်နေခဲ့သည်
။ လက်ထဲက ထီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည် ။ ရိပ်ခနဲတွေ့လိုက်သည်နှင့် လက်ဦးမှုရယူရန်
ဆုံးဖြတ်ထားသည် ။ သို့သော်…သစ်ပင်ကြီးများကို တစ်ပင်ပြီးတစ်ပင် ကျော်လွန်လာသော်လည်း
အန္တရာယ်တစ်စုံတစ်ရာ မတွေ့ခဲ့ ။ သည်းထိတ်ရင်ဖိုတွေ အတွေးများ သူပီပီ ကိုယ့်ဘာသာကိုယ်
အကြောက်လွန်နေခြင်းသာဖြစ်သည်ဟုသဘောပေါက်ရင်း ကိုယ့်ကိုယ်ကိုသာ ရယ်သွပ် သွေးမိတော့သည်
။
လာရင်းကိစ္စမှာ ရုပ်သံလိုင်းတစ်ခုက ကျွန်မ၏ဝတ္ထုကို
ရုပ်ရှင်ရိုက်ကူးရန် ရွေးချယ်ထားသဖြင့် စာမူခ လာထုတ် ခြင်းဖြစ်သည် ။ ဒါရိုက်တာအစ်မက
ဖုန်းဆက်ပါ-ဟုဆိုသော်ငြား
ကျွန်မက ဘယ်နေ့လာမလဲ မသေချာသေး၍ ဖုန်း မဆက်ဖြစ်ခဲ့ ။ လမ်းကြုံ၍ ဝင်ယူဖြစ်သောအခါ ပြောထားသည့်လိပ်စာအတိုင်း
လာခဲ့သည် ။ ဖုန်းလှမ်းဆက်ရန်ကိုမူ မလိုလောက်ပါဘူးဟုထင်သောကြောင့် မဆက်ဖြစ်ခဲ့ပေ ။ သို့ကြောင့်ပင်
လိပ်စာအမှတ်မှားကာ လူပင်ပန်းခဲ့ရုံသာမက တစ္ဆေလောဘာလော မသိသောအရာတစ်ခုကို တွေ့မြင်ခဲ့ရခြင်းပင်
မဟုတ်ပါလား ။
မိုးကတော့
ခပ်ဖွဲဖွဲသာ ရွာတော့သည် ။ ပန်းခြံထဲ၌ လူသူနည်းပါးနေ၏ ။ လိပ်စာက (…)ဟု ဆိုသဖြင့် အဆောက်
အအုံကိုပင် အတော်ရှာယူရသည် ။ သို့သော် ဤပန်းခြံတွင် ထိုအဆောက်အဦးရှိမှန်း သိနေ၍ ကျွန်မ
စိတ်မပူ ။ ပါးစပ် ပါ-ရွာရောက်မှာပဲပေါ့ ။ ဟိုမေးသည်မေးနှင့် လိပ်စာဆီသို့ ရောက်သည်
။ အဝင်ဝတွင် ရေးထားသည့်အတိုင်း ပထမ ထပ်သို့ တက်လာသည့်အခါ တစ်ထပ်လုံး မှောင်မည်းနေသည်ကိုသာ
တွေ့လိုက်ရ၍ အံ့အားသင့်သွားမိသည် ။
-
ဘယ်လိုဖြစ်တာပါလိမ့်…ပြောင်းသွားတာများလား…ပိတ်ရက်လည်း မဟုတ်ပါဘူး ။
တောင်တောင်အီအီတွေးရင်း
ဒါရိုက်တာအစ်မထံ ဖုန်းဆက်မေးကြည့်တော့…
“ ဟယ်တော်…ညီမလေးရယ်…အားနာလိုက်တာ ။ အစ်မတို့တစ်ဖွဲ့လုံး
အပြင်သွားနေကြတာ ။ ဒီလိုလုပ်လေ…
ဒုတိယထပ်ကို တက်သွားလိုက် ။ အဲဒီကကောင်မလေးတစ်ယောက်နဲ့
အစ်မ ချိတ်ပေးမယ် ။ သူနဲ့ အလုပ်ကိစ္စ
ပြောသွားနော် ။”
ဟူ၍
ဆိုသည် ။ ကျွန်မမှာလည်း ရောက်မောကြီး ဖြစ်တော့မည့်ဘေးမှ သီသီကလေး လွတ်သွားသဖြင့် ဝမ်းသာအားရ
ပင် ဒုတိယထပ်သို့ ဓာတ်လှေကားဖြင့် တက်လာခဲ့လိုက်သည် ။
ဒုတိယထပ်သို့ ဝင်လျှင်ဝင်ချင်း ပထမဆုံးရရှိလိုက်သည်က
ဆေးလိပ်နံ့များ ။ အိုး…ဆေးလိပ်နံ့တို့ မွှန်ထူနေပါ ရောလား ။ ဟိုဟိုသည်သည်တွေးရင်း ပတ်ဝန်းကျင်သို့
ဝေ့ဝဲလျှောက်ကြည့်မိတော့ KTVခန်းများ ဖြစ်နေသည် ။ နေရာ ကလည်း အလင်းရောင် လုံလုံလောက်လောက်
မရှိပါ ။ ကျွန်မလည်း ဘာလုပ်၍လုပ်ရမှန်းမသိ-ကြောင်ငေးငေးဖြစ် သွားမိပြီးမှ အနီးနားက
မိန်းကလေးတစ်ယောက်ကို မေးကြည့်မိသည် ။ ထိုအခါမှပဲ ကျွန်မ နေရာမှားနေကြောင်း သိ လိုက်ရသည်
။
ရုပ်သံလိုင်းမှလူများ အပြင်သွားနေသည့်ကိစ္စနှင့်
ဤအဆောက်အဦးက-ပထမထပ်တစ်ထပ်လုံး မှောင်မည်းနေ သည့်ကိစ္စတို့မှာ တိုက်တိုက်ဆိုင်ဆိုင်လာတူနေသဖြင့်
ကျွန်မမှာလည်း လိပ်စာမှား၍မှားမှန်းမသိ ။ သို့နှင့် ကျွန်မလည်း ဤနေရာမှ အမြန်ဆုံးခွာမည်ဟုတွေးကာ
ဓာတ်လှေကားဆီသို့ လျှောက်လာတော့ ဓာတ်လှေကားက အပေါ်ဆုံးထပ် သို့ တက်သွားလေပြီ ။
ဆက်စောင့်ရန် တွေးမိစဉ် အရက်နံ့မွှန်ထူနေသော-ပြီတီတီမျက်နှာပေးနှင့်လူနှစ်ယောက်
အခန်းတစ်ခန်းထဲမှ ထွက်လာကာ ဓာတ်လှေကားဆီသို့ လျှောက်လာလေရာ ကျွန်မလည်း လှေကားကပဲ ခပ်မြန်မြန်ဆင်းသွားရန်
ဆုံးဖြတ် လိုက်သည် ။ အဲသည်မှာပဲ ကျွန်မ ဆုံးဖြတ်ချက် မှားသွားခဲ့သည် ။
ÐÐÐ
ဆုံးဖြတ်ချက်မှားသွားမှန်း
များမကြာမီမှာပဲ ကျွန်မ သိလိုက်ရပါသည် ။ အစပိုင်း ကျွန်မ တွက်ထားသည်က လှေ ကားမှ ဆင်းလိုက်ရုံဖြင့်
ပထမထပ်ကို ကျော်လွန်သွားလိမ့်မည်ဟု ။ ဒုတိယထပ်ကနေ မြေညီထပ်အထိ လှေကားကို တလျှောက်တည်း
ဆင်းသွားရလိမ့်မည်ဟု ကျွန်မ တွေးခဲ့မိသည် ။
သို့သော်…အမှန်တကယ်ကျ လက်ရှိဆင်းလာသောလှေကားက
ဒုတိယထပ်မှနေ ပထမထပ်သို့ ဆင်းရုံမျှသာ ဖြစ်သည် ။ ပထမထပ်မှနေ မြေညီထပ်သို့ ဆင်းရန်အတွက်
(ပထမထပ်၏)ကော်ရစ်တာတလျှောက်လုံးကို ဖြတ်သန်း သွားရပြီး အခြားတစ်ဖက်ရှိ-လှေကားဆီသို့
လျှောက်သွားရဦးမည် ။ ထိုမှတဆင့် မြေညီထပ်သို့ ဆင်းရမည်ဖြစ်သည် ။
- ဘယ်တတ်နိုင်ပါ့မလဲ ။ ဆင်းလာခဲ့မိမှတော့
ဖြတ်ရဦးမှာပေါ့ …
ထိုအတွေးဖြင့်
လှေကားရှိရာတစ်ဖက်ခြမ်းဆီသို့ လျှောက်သွားရန် ဆုံးဖြတ်လိုက်သည် ။
ပထမထပ်တစ်ထပ်လုံး မှောင်မည်းနေသည် ။ တိုက်တိုက်ဆိုင်ဆိုင်ဟုဆိုရမည်
။ ထိုအထပ်ကလည်း ရုပ်ရှင်နှင့် သက်ဆိုင်သောအလုပ်ကို လုပ်ကိုင်သောအထပ်ဖြစ်သည် ။ သို့ကြောင့်ပင်
ကျွန်မစိတ်ထဲ လိပ်စာအမှန်ပဲဟု ထင်မှတ် ခဲ့မိခြင်းဖြစ်၏ ။
မည်သည့်လုပ်ငန်းကို လုပ်ကိုင်နေပါစေ…ထိုခဏမှာတော့
တစ်ထပ်လုံး မှောင်နှင့်မည်းမည်း ။ ကျွန်မလည်း မထူး တော့ဟုတွေးကာ ဒုတိယထပ်သို့ ပြန်မတက်တော့ဘဲ
ကော်ရစ်တာ၏တစ်ဖက်ခြမ်းရှိ လှေကားဆီသို့ ခပ်သုတ်သုတ် ဆက်ထွက်လာခဲ့လိုက်သည် ။
ခပ်မြန်မြန်ဖြတ်သွားပါက တစ်မိနစ်ခန့်ပင် မကြာသောခရီးပါ
။ သို့ကြောင့် ကျွန်မလည်း စိတ်တင်းကာ လျှောက် လာလိုက်သည် ။ မှောင်မည်းတိတ်ဆိတ်နေသဖြင့်
စိတ်ထဲမှာတော့ ချောက်ချားနေမိတာ အမှန် ။ ထိုစဉ်…
“ ရွှတ်…ရွှတ်…”
ရုတ်တရက်
နောက်ကျောဆီမှ ခေါ်သံလိုလို ကြားလိုက်ရသည် ။ ကျွန်မစိတ်ထဲ စောစောက အမူးသမားတွေများ ကျွန်မနောက်
ပြေးလိုက်လာလေသလားဟုတွေးမိကာ သွေးပျက်သွားသည် ။ မသူတော်များနှင့်သာ ဤနေရာမျိုးမှာ တွေ့ဆုံရပါက
အတော့်ကို ချောက်ချားဖွယ်ရာ ။ သို့သော်လည်း ဖြစ်နိုင်ချေတော့ သိပ်မရှိလှ ။ မတ်တပ်ရပ်ရန်ပင်
အနိုင်နိုင်တွေက ကျွန်မ၏သုတ်ခြေတင်ခြေလှမ်းများကို လိုက်မီဖို့ရာ မလွယ်ကူပါ ။ သို့ပေမဲ့
သတိဆိုတာ ပိုသည် မရှိ ။
ထိုအချိန်၌ တစ္ဆေသရဲထက် လူဆိုးလူယုတ်များကို
ကျွန်မ ပို၍ကြောက်ရွံ့နေမိပါသည် ။ ခပ်မြန်မြန်လျှောက်လာ ရာမှ နောက်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်
။ စိုးရွံ့ချောက်ချားနေသောအမူအရာကို အတတ်နိုင်ဆုံး ဖျောက်ထား သည် ။ ကျားရဲနှင့် ရင်ဆိုင်တွေ့ပါက ကြောက်ရွံ့သည့်အမူအရာကို
မပြပါနှင့်၊ ပြလျှင် အမြန်ဆုံးခုန်အုပ်ခံရတတ်သည်
ဟူသောသဘာဝကို
ကြားဖူးနားဝရှိထားသောကြောင့် မကြောက်ရွံ့သယောင်အမူအရာမျိုးကို ဖမ်းကာ နောက်သို့ လှည့်ကြည့်လိုက်ရာ…
“ ဟင်…”
ထင်ထားသလိုမျိုး
ကျွန်မ၏နောက်မှာ တစ်စုံတစ်ယောက်မျှ ရှိမနေပါ ။ သက်ရှိသတ္တဝါဟူ၍ ကြောင်တစ်ကောင်ပင် မတွေ့…။
တရွှတ်ရွှတ်လှမ်းခေါ်သံကို နားနှင့်ဆတ်ဆတ်ကြားလိုက်ရသော်ငြား
လှည့်ကြည့်သည့်အခါ မည်သူ့ကိုမျှ မတွေ့ရ ပေ ။ ကံကောင်းသည်ဟုဆိုရမလား…အံ့သြစရာဟုပြောရမလား…ကျွန်မ
နောက်ကျောဘက်၌ မည်သူမျှ ရှိမနေ ။ ပကတိ မှောင်နှင့်မည်းမည်းသာဖြစ်၏ ။ ဒါဆို…စောစောက
ဘာသံလဲ ။
မှောင်မည်းနေသည်ဟုဆိုသော်လည်း လူတစ်ယောက်လုံး
ရပ်နေလျှင်မူ မမြင်ရစရာမရှိ ၊ အောက်ထပ်နှင့်အပေါ် ထပ်က အလင်းရောင်ကြောင့်လည်းကောင်း
၊ နေ့အလင်းရောင်ကြောင့်လည်းကောင်း မှောင်မည်းသည်ဟုဆိုနိုင်ပေမဲ့ မြင်သာထင်သာရှိနေပါသည်
။ ကျွန်မလည်း စောစောက တရွှတ်ရွှတ်ခေါ်သံကို စိတ်ထင်သည်ဟုမှတ်ကာ မပြေးရုံ တမယ် ခြေလှမ်းများဖြင့်
လှေကားဆီသို့ လျှောက်လာခဲ့စဉ်…
“ ကျွီ”
တံခါးဖွင့်သံလိုလို
အသံတစ်သံ ကြားလိုက်မိသည် ။ ထိုအခိုက်မှာပဲ ကျွန်မက လှေကားထိပ်သို့ ရောက်ခဲ့ပြီ ။
အမှန်ပြောရလျှင်
ကျွန်မအဖို့ အတော်လေး သွေးပျက်ချင်စရာအနေအထားပါ ။ သည်းထိတ်ရင်ဖိုနှင့်တစ္ဆေသရဲ ဇာတ်လမ်းများကို
ရေးသားနေသူဖြစ်၍ သိပ်မကြောက်တတ်လှဆိုပေမဲ့ နဖူးတွေ့ဒူးတွေ့ ကြုံဆုံသည့်အခါမျိုးမှာတော့
အနည်းနှင့်အများ ထိတ်လန့်ခဲ့ရသည်ချည်း ။
ယခုလည်း ဘာများဖြစ်မလဲဟုတွေးရင်း သွေးလန့်သွားသည်
။ သို့သော် သိချင်စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်နေ သလို လှေကားထိပ်သို့လည်း ရောက်နေပြီမို့
တစ်စုံတစ်ခုတွေ့ပါက ပြေးဆင်းသွားရုံပေါ့ဟု ဆုံးဖြတ်ရင်း နောက်သို့ ဆတ်ခနဲလှည့်ကြည့်လိုက်သည်
။ ကွက်တိကျသည်ဟုဆိုရမည် ။ ထိုခဏမှာပဲ ကျွန်မ တစ်စုံတစ်ရာကို ရိပ်ခနဲ တွေ့ မြင်လိုက်ရပါပြီ
။
“ ဟင်…”
အံ့သြထိတ်လန့်သွားသဖြင့်
ကျွန်မပါးစပ်က ထိုသို့ ရေရွတ်ခဲ့မိသည်ထင်၏ ။
အချိန်အားဖြင့် စက္ကန့်ပိုင်းမျှသာကြာမည် ။ မြင်လိုက်ရပုံက
ရိပ်ခနဲမျှသာဖြစ်သည် ။ အမှောင်ထုထဲက လက်တစ် ဖက်…။ ဟုတ်ပါသည် ။ တစ်ထပ်လုံး အမှောင်ချထားကာ
အခန်းများပိတ်ထားသော အမှောင်ထုထဲကနေ ဖြူစွတ်နေ သော-လက်ကလေးတစ်ဖက် တိုးထွက်လာခဲ့ခြင်းဖြစ်သည်
။ လက်က မိန်းကလေးတစ်ယောက်၏ သေးသေးသွယ် သွယ်လက်မျိုး ။
အကယ်၍ ကျွန်မသာ ယောက်ျားတစ်ယောက်ဆိုလျှင်
ထိုနေရာသို့ သွားရောက်စူးစမ်းမိမှာ အသေအချာ ။ ထို လက် ထွက်ပေါ်လာရာ-အခန်းပြတင်းပေါက်ဆီသို့
ပြေးကာ တစ္ဆေလားလူလား ကွဲကွဲပြားပြားသိရအောင် သုတေသန ပြုမိမည်မှာ အသေအချာ ။ သို့သော်…ယခုများကျ
မြန်မာမိန်းကလေးတစ်ယောက်ဖြစ်နေ၍လည်းကောင်း ၊ ကြောက် ရွံ့ထိတ်လန့်နေမိ၍လည်းကောင်း ၊
လူသူလေးပါး ပြတ်လပ်သည့်နေရာ၌ ကြာကြာမနေသင့်ဟုတွေးမိသဖြင့် လှေကား အတိုင်း အမြန်ဆုံး
ပြေးချလာခဲ့လိုက်တော့သည် ။
ÐÐÐ
“ ဦးလေး…ဦးလေး…ပထမထပ်မှာ ဘယ်သူရှိသလဲ ။”
“ အဲဒီရုံး ပိတ်ထားတယ်လေ ။ ဘယ်သူမှ မရှိပါဘူး ။
ဘာဖြစ်လို့လဲ ။”
“ အခန်းတံခါးတွေဘာတွေများ ဖွင့်ထားသေးလား ။”
“ ဘယ်ဖွင့်ပါ့မလဲ ။ အထဲမှာ အရေးကြီးပစ္စည်းတွေ ရှိတယ်လေ
။ ရုံးပါဆိုနေမှ တံခါးဖွင့်ထားခဲ့ရင် ကုန်သွားမှာပေါ့ ။
ဘာဖြစ်လို့လဲ ကလေးမရဲ့ ။”
“ သြော်…ဘာမှမဟုတ်ပါဘူး ။ စောစောကဖြတ်လာတုန်း တံခါးဖွင့်သံလိုလို
ကြားရလို့…။”
“ ဟေ…တံခါးဖွင့်သံကြားတယ် ဟုတ်လား ။ ဘာ…ဘာတွေ့ခဲ့သေးသလဲ
။ အဲ…နေပါဦး ။ အဲဒီအထပ်ကို ညည်း
တစ်ယောက်တည်း ဖြတ်လာတာတော့ မဟုတ်ပါဘူးနော် ။”
“ အင်းလေ ။ တစ်ယောက်တည်း ဖြတ်လာတာပေါ့ ။ ဘာဖြစ်လို့လဲ
ဦးလေးရဲ့ ။”
ကျွန်မ၏အဖြေစကားကိုကြားသည့်အခိုက်
ဂိတ်စောင့်ဦးလေးကြီး၏ပါးစပ် အဟောင်းသားဖြစ်သွားခဲ့ပြီး ကျွန်မ၏မျက် နှာကို တအံ့တသြစိုက်ကြည့်နေသည်
။ သို့ပေသိ တစ်စုံတစ်ရာဖြေကြားခြင်းမရှိဘဲ ဘာမှမဟုတ်ပါဘူး-ဟု
သာမန်ကာ
လျံကာမျှဆို၍
နေရာမှ ထွက်ခွာသွားလေသည် ။
ခပ်လှမ်းလှမ်းရောက်တော့ ကျွန်မကို ပြန်လှည့်ကြည့်သည်
။ သူ့မျက်လုံးများက တစ်စုံတစ်ခုအပေါ် အံ့အားသင့် နေသည့်ပုံစံ ။ သူ့ထံ၌ ပြောစရာအကြောင်းအရာတစ်ခုခု
ရှိပုံ ရနိုင်သလို မိန်းကလေးတစ်ယောက်တည်း မှောင်ထဲ မည်းထဲ ဖြတ်သန်းလာ၍ အံ့သြနေခြင်းလည်း
ဖြစ်ကောင်းဖြစ်နိုင်သည် ။ ကျွန်မလည်း မရေရာသောထိုကိစ္စကို ခေါင်း ထဲမှ ထုတ်ပစ်လိုက်ပြီး
လာရင်းကိစ္စကို အာရုံစိုက်လိုက်၏ ။
ဒါရိုက်တာအစ်မကို ဖုန်းဆက်မေးကြည့်မှ လိပ်စာအမှန်ကို
သိရတော့သည် ။ လိပ်စာချင်းဆင်နေ၍ နေရာမှား သွားခြင်းဖြစ်သည် ။ ကျွန်မလည်း ဖြစ်ပျက်ခဲ့သမျှအားလုံးကို
မေ့ပစ်လိုက်ရသည် ။ ဒုတိယထပ်မှ ကျွန်မ မုန်းသော ဆေးလိပ်နှင့်အရက်နံ့များကိုလည်းကောင်း၊
ပထမထပ်မှ လှမ်းခေါ်သံ/တံခါးဖွင့်သံနှင့် လက်တစ်ဖက်ကိုလည်းကောင်း၊ သစ်ပင်အောက်၌ သွားရပ်ကာ
ဖုန်းဆက်နေစဉ် သစ်ကိုင်းကျိုးကျသဖြင့် မဆိုသလောက်လေး နဖူးပေါက်သွားသည့် ကိစ္စကိုလည်းကောင်း
စိတ်အာရုံထဲမှနေ မေ့ဖျောက်ထားပစ်ခဲ့ပြီး လိပ်စာအမှန်ဆီသို့ ချီတက်သွားခဲ့လိုက်သည် ။
အမှောင်ထုထဲ၌ ကျွန်မ တွေ့မြင်ခဲ့ရသော-လက်တစ်ဖက်သည်
တစ္ဆေပဲလား ၊ သို့မဟုတ် တစ်စုံတစ်ယောက်၏ ကျီစယ်မှုများလား ၊ ဂိတ်စောင့်ဦးလေးကြီးကရော
ဘာကြောင့်များ မျက်စိမျက်နှာပျက်သွားခဲ့ပါလိမ့် ၊ ထိုအထပ်ရှိ ရုံးခန်းကရော ရုံးပိတ်ရက် မဟုတ်ပါဘဲ ဘာကြောင့်ပိတ်နေရတာလဲ ။ ဤအကြောင်းအရာများက
ပြန်စဉ်းစားမိတိုင်း ကျွန်မ၏စိတ်ကို ပဟေဠိဝှက်နေဆဲပင် ရှိပါသည် ။
မည်သို့ပင်ဖြစ်စေ…ထိုနေ့ကို ကျွန်မ၏မေ့မရသောနေ့များစွာထဲက
တစ်နေ့အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သလို နောက်နောင် မိုးသည်းသည့်နေ့ အဖော်မပါဘဲ တစ်ယောက်တည်း
မသွားမိစေရန် ကိုယ့်ကိုယ်ကို သတိပေးရပေမည် ။
(
Oct 14/2015 Wednesday 8:23PM )
စေတနာရှေ့ထားလျက်…
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။