( ၂၀၁၆ ဧပြီလ(၁၆)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဝတ္ထုတိုဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------------------------
လူမင်းလို့ခေါင်းစဉ်တပ်ထားတော့
စာချစ်ဆွေတို့က ရုပ်ရှင်သရုပ်ဆောင်(ရုပ်ရှင်အစည်းအရုံး-လက်ရှိ-ဥက္ကဌ) မင်းသား-(ကို)လူမင်းကို
ပြောတယ်လို့များ ထင်သွားကြသလား ။
ဒီလို ထင်တဲ့သူ ရှိသလို
တချို့တလေကလည်း “ဒီစာရေးဆရာကတော့ လူစိတ်ဝင်စားအောင် လုပ်ပြီ ။ အလကား…။ ပြီးတော့မှ သူ့ရပ်ကွက်ထဲက
ဗယာကြော်သည်-လူမင်းအကြောင်း ပြောရင်ပြော ၊ ဒါမှမဟုတ် ဒရိုင်ဘာလူမင်းအကြောင်း ဖြစ်ချင်
ဖြစ်မှာ”လို့ တွေးကောင်းတွေးနေလိမ့်မယ် ။ ဘယ်လိုဖြစ်မယ် ထင်သလဲ ။
ကဲ…ပြောပါပြီဗျာ ။
ဟုတ်ပါတယ် ။ ကျွန်ုပ် ပြောတဲ့“လူမင်း”က ရုပ်ရှင်မင်းသား-လူမင်းကို ပြောတာပါ ။ ဆိုရရင်
ကျွန်ုပ်လို စာရေးဆရာအကျော်အမော်ကြီးက နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ အပူဇာတ်လမ်းအကြောင်းကို
ဟုတ်မှန်တဲ့အတိုင်း သိရှိထားတာ ဆန်းသတဲ့လားခင်ဗျာ ။ လူမင်းရဲ့ဘယ်ပုံဘယ်နည်း‘ပူ’တာကို
ပြောချင်ပါလိမ့်ဆိုပြီး စာချစ်ဆွေတို့ရဲ့စိတ်အာရုံတွေ ဝင်စားစူးနစ်သွားကြပြီဆိုရင်တော့
ပြောပါပြီ ။
ဇာတ်လမ်းကို အစကနေ
ပြောပြမှပဲ ဇာတ်ရည်လည်ပါလိမ့်မယ် ။ ဒီလိုခင်ဗျ…ဒီလို…။ လွန်ခဲ့တဲ့(၂၀၁၅)ဒီဇင်ဘာလ (၆)
ရက်နေ့တုန်းက စာရေးဆရာမကြီး-(ဒေါ်)ခင်ဆွေဦးရဲ့မွေးနေ့မင်္ဂလာကို ကျွန်ုပ်-နာမည်ကျော်စာရေးဆရာကြီး-မောင်ရိုးဂုဏ်
တက် ရောက်ဖြစ်ခဲ့ပါတယ် ။ အနုပညာဆည်းဆာရိပ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ ။ အနုပညာဆည်းဆာဆိုတဲ့အတိုင်းပေါ့
။ နယ်ပယ်အသီး သီးက အနုပညာရှင်ပေါင်းစုံ စုရုံးတွေ့ဆုံခဲ့ရတယ် ။ အဲဒီမှာပဲ ကိုလူမင်းတစ်ယောက်
အပူသည်ရုပ်ပေါက်ဖို့ရာ အကြောင်း ပေါ်ခဲ့ပါ ရော ။
ပေရှည်နေရင် စိတ်ဝင်စားမှု
အားနည်းကုန်မှာစိုးလို့ ခပ်တိုတိုချုံ့ပြီး လိုရင်းပဲ ဆိုပါတော့မယ် ။ လာလိုက်ကြတဲ့
အနုပညာသည်တွေဗျာ ။ အဲ… စာရေးဆရာမကြီးရဲ့မွေးနေ့ဖြစ်တာကြောင့်ထင်ရဲ့ - စာရေးဆရာတွေတော့
ပိုများနေသလိုပဲ ။ အဲဒီ မှာပဲ တွေ့တော့တာ ။ စာရေးဆရာမလေးတွေများ ချောချက်ဗျာ ။ ဘာဖြစ်လို့
မင်းသမီး မလုပ်သလဲ ၊ ဘာဖြစ်လို့ မော်ဒယ် မလုပ် သလဲ ၊ ဘာဖြစ်လို့ မစ်-ဝင်မပြိုင်သလဲ
မေးယူရလောက်အောင်ပါပဲ ။
ရုပ်ရှင်သရုပ်ဆောင်တွေ
၊ မင်းသားမင်းသမီးတွေက မျက်နှာချေ(ပေါင်ဒါ/မိတ်ကပ်)တွေ ဖွေးနေအောင် လိမ်းပြီး နှုတ်ခမ်း
နီကြီးတွေ ဆိုး ၊ အိုင်းလိုင်နာမည်းမည်းကြီးတွေ ခြယ်ထားကြပေသိ ကျွန်ုပ်တို့စာရေးဆရာမလေးတွေရဲ့အလှစစ်ကို
မမီကြရှာဘူး ဗျာ ။ သူတို့ခမျာ သနပ်ခါးပါးပါးလေးတွေပဲ လူးထားကြတာများတယ် ။ ဒါတောင် မှုန်နေအောင်
လှကြတာ ။ ဟိုဘက်က မော်ဒယ် ဘွိုင်းလေးတွေဆို ဒီဘက်ကိုပဲ လှမ်းငေးနေကြတာ…။
သြော်…လူကိုများ မယုံမကြည်နဲ့
ပြုံးဖြီးဖြီးကြီး မဖတ်ပါနဲ့ဗျာ ။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ မဟုတ်ပေါင် ။ အဟုတ်ဗျာ…။
လာတဲ့ကလေးမတွေကလည်း မဟုတ်မဟတ် ပိုးစိုးပက်စက်တွေ တစ်ယောက်မှ မပါဘူး ။ ယဉ်ယဉ်ကျေးကျေးနဲ့
တကယ့်မြန်မာ မိန်းကလေးတွေချည်း ။ လှလွန်းလို့ ငေးရတာကတော့ သူ့ကုသိုလ်ကံနဲ့သူပေါ့လေ
။ ကိုယ့်အမျိုးဘက် ကိုယ်ယက်တာ မဟုတ်ဘူး နော် ။ ဟာသတွေရေးနေပြီး အဘထရှူဆေးလည်း ဆောင်မထားဘူး
။ ဒီအသက်ဒီအရွယ်နဲ့ ကိုယ့်သမီးအရွယ် ကိုယ့်နှမအရွယ် လေးတွေကို ပြစ်မှားစိတ်နဲ့ ချီးမွမ်းတာလည်း
မဟုတ်ရပါဘူး ။ မဟုတ်တာပြော - ဘုရားဖူးရပါစေရဲ့ ။
အဲလေ…ထားပါတော့ ။
သူတို့လူငယ်လေးတွေက ချောမောလှပနေတော့ ကျွန်ုပ်တို့ သက်လတ်ပိုင်းစာရေးဆရာတွေ (ဆိုင်ဆိုင်-မဆိုင်ဆိုင်)
ဂုဏ်တက်တာပေါ့ဗျာ ။ လူငယ်ပိုင်းစာရေးဆရာမလေးတွေကို လိုက်ငမ်း (အဲ-ဟုတ်ပေါင်) လိုက်ကြည့်လို့
ဝတဲ့သကာလ ကိုယ်နဲ့သက်တူရွယ်တူ ဘယ်သူတွေ ပါလာသလဲ ကြည့်တော့ …ဟောဗျာ…တစ်ယောက်မှကို မလာတာ
။
“ အင်းလေ…နေရာက ဝေးလို့ ထင်ပါရဲ့ ။ တစ်နေ့ကျ
ဒင်းတို့လည်း ဒီနေရာ ရောက်ရမှာဆိုတော့ အခု လာကြည့်မနေ
တော့တာဖြစ်မှာပေါ့ ။”
ဒီလိုမျိုး ဖြေတွေးတွေးနေတုန်း ဆရာကြီးတွေကို
မြင်တယ် ။ ကျွန်ုပ် လေးစားအားကျရတဲ့ စာရေးဆရာကြီးတွေပေါ့ ။ အဲဒီလို ငေး ကောင်းနေတုန်း
မိုက်ခရိုဖုန်းက စီစီညံညံအသံတွေ ထွက်လာရော ။ ဟော…ပွဲစပြီလေ ။
အစီအစဉ်မှူးက
ကိုအရိုးဗျ ။ အခုမှပဲ သေချာမြင်ဖူးတယ် ။ ကိုအရိုးက နာမည်နဲ့လိုက်ပါပေရဲ့ ။ ကျွန်ုပ်က
ကိုအရိုးရဲ့ ပရိသတ်ပါ ။ သူ့သီချင်း-ဥ(ကြက်ဥ)အခွေ ထွက်တုန်းက နားထောင်လွန်းလို့ သူငယ်ချင်းတွေ
ဝိုင်းဆဲကြတဲ့အထိပဲ ။ ကျွန်ုပ်ဘော်ဒါ တွေက တစ်ယောက်မှသာ မစွံကြသေးတာ ၊ အချစ်သီချင်းလောက်ပဲ
နားထောင်ချင်ကြတဲ့ဟာတွေ ။ ကျွန်ုပ်ကတော့ ဘဝဆန်ပြီး ရယ်ရတဲ့သီချင်းမျိုးတွေ ၊ စိတ်ဓာတ်
တက်ကြွစေမယ့်သီချင်းမျိုးတွေ ၊ ဒဿနဆန်တဲ့သီချင်းမျိုးတွေကို ပိုကြိုက်တတ်တဲ့ကောင် ။
ထားပါတော့…ဒါနဲ့ပဲ
ကိုလူမင်းရဲ့အပူဇာတ်လမ်းအကြောင်း မရောက်တော့ဘူး ။ စိတ်မလောပါနဲ့ ။ ခပ်မြန်မြန်ပြောပေးပါ့
မယ် ။ ကဲ…ရောက်ပြီ ။ ဆရာ-(ဦး)သူရဇော်က ဆရာမကြီး(ဒေါ်)ခင်ဆွေဦးအတွက် ရတုတေးထပ် ရွတ်ဆိုပေးတဲ့အချိန်ပေါ့
။ ကျွန်ုပ်က ဆရာကြီးနဲ့လည်း ရင်းနှီး ၊ ဆရာကြီးအပေါ် လေးစားရသူလည်းဖြစ်တော့ အပြေးအလွှားသွားပြီး
ဓာတ်ပုံရိုက်ပါတယ် ။ အဲဒီမှာပဲ (ကို)လူမင်းရဲ့အပူဇာတ်လမ်းက စတင်ခဲ့တာပါပဲ ။
ဆရာကြီး-(ဦး)သူရဇော်က
အသံနေအသံထားအပြည့်နဲ့ရွတ်ဆိုနေချိန် ဆရာကြီးရဲ့ညာဘက်မှာ (မ)မေအောင်လင်း အပါ အဝင် အနုပညာရှင်တွေ
ရှိပါတယ် ။ ဘယ်ဘက်မှာလည်း (ကို)လူမင်း ၊ (ကို)အရိုးတို့အပါအဝင် အနုပညာရှင်တွေ ရှိတယ်
။ အားလုံးရဲ့ရှေ့တည့်တည့်မှာ ကိတ်မုန့်တင်ထားတဲ့ စားပွဲရှိပြီး စားပွဲရဲ့တစ်ဖက်မှာတော့
ဆရာမကြီး(ဒေါ်)ခင်ဆွေဦးက ဆက်တီခုံ နဲ့ ထိုင်နေပါတယ် ။
သြော်…ပြောဖို့ကျန်သေးတာက
ကျွန်ုပ်မှာ ကင်မရာမန်းပိုး ရှိသဗျ ။ အသက်(၁၄)နှစ်အရွယ်လောက်ကတည်းက ရောဂါ သည်းနေခဲ့တာ
ဒီနေ့ခေတ်လို ဖုန်းတိုင်းမှာ ကင်မရာပါနေချိန်ဆိုရင်တော့ ရောဂါပိုးက ထိန်းမနိုင်သိမ်းမရဖြစ်ပြီပေါ့
။ တွေ့မြင် သမျှကို တကယ့်ပရော်ဖက်ရှင်နယ်သမားကြီးလိုမျိုး ရှုထောင့်တွေချိန် ၊ အန်ဂယ်တွေပြောင်းပြီး
လက်စောင်းထက်ထက် ရိုက် တတ်တဲ့သူဆိုပါတော့ ။
ဆရာကြီး ရတုရွတ်ဆိုနေပုံကို
ရှုထောင့်အမျိုးမျိုးချိန်းပြီး စိတ်ကြိုက်လက်စွမ်းပြနေတုန်း (ကို)လူမင်းက ကျွန်ုပ်ကို
ပြုံးပြုံး ကြီး လှမ်းကြည့်နေပါတယ် ။ “သူ ပြုံးနေသည် ၊ ပိုက်ဆံချေးတော့မည်”ဆိုတဲ့ဆိုရိုးစကားကို
ကိုယ်တိုင်လည်း ကျင့်သုံးတတ်တဲ့ ကျွန်ုပ်က ဒါ သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သဘောပေါက်ပြီးသား
။ ချက်-ဆိုတာနဲ့ ဘုရင်မကို စားပြီးသား-ကောင်ပါဗျ ။ ဒါနဲ့ ကျွန်ုပ်လည်း စိတ်ကြိုက်(၁၀)ပုံလောက်
ရိုက်ပြီးတဲ့ခဏ ကင်မရာ(ဟန်းဖုန်း)ကို ချလိုက်တုန်းရှိသေး (ကို)လူမင်းက -
“ င့ါညီ …အစ်ကို့ကင်မရာနဲ့ ဓာတ်ပုံ(၁)ပုံ(၂)ပုံလောက်
ရိုက်ပေးပါလား ။”
တဲ့ ။
သူက
ကျွန်ုပ်ကို နိုင်ငံကျော်စာရေးဆရာကြီးမှန်း သိပုံမပေါ်ပါဘူး ။ (အခုထက်ထိလည်း ဘယ်သူမှ
မသိပါဘူး ။ ကျွန်ုပ်က ကိုယ့်ဘာသာကိုယ်ပဲ အသိအမှတ်ပြုထားတဲ့ နိုင်ငံကျော်စာရေးဆရာပါ)
အင်းလေ-စာရေးဆရာဆိုတဲ့သဘောကလည်း ကလောင် သာ နာမည် ကြီးချင်ကြီးမယ် ။ ဇာတ်ကောင်တွေသာ
နာမည်ကြီးချင်ကြီးမယ် ။ လမ်းမှာတွေ့ရင် မှတ်မိဖို့ ၊ သိရှိဖို့နေနေသာသာ တတောင်နဲ့ အထောင်းမခံရအောင်
ကြည့်ကြပ်ရှောင်တိမ်းရမယ့်ဘဝ ။ ဆိုရရင် အဲဒီလိုဘဝမျိုးကိုမှ ကျွန်ုပ်က ကြိုက်တာဗျ ။
မျက်နှာကြီး တဗြဲဗြဲလျှောက်ပြ ၊ ကျွန်တော် စာရေးဆရာပါခင်ဗျာ-လို့ လိုက်အော်နေရတာကို
ကြော်ငြာနေသလိုမျိုး ခံစားရလို့ အဲဒီလို လုပ်ရတာကို ကျွန်ုပ်ကတော့ တယ်-မကြိုက်ချင်ဘူး
။ ထားတော့…။
အကူအညီတောင်းရင်
အစွမ်းကုန်ကူညီတတ်တဲ့-ကျွန်ုပ်ရဲ့ဝသီအတိုင်းပေါ့ ။ (ကို)လူမင်း လှမ်းပေးတဲ့phoneကို
ယူပြီး ဒူးထောက်ထိုင်လျက်နဲ့ ဓာတ်ပုံ(၅)ပုံလောက် တချပ်ချပ်ရိုက်ပစ်လိုက်တယ် ။ (ကို)လူမင်း
၊ (ကို)အရိုး ၊ ဆရာ-(ဦး)သူရဇော် ၊ (မ)မေအောင်လင်း ၊ ဆရာမ-ခင်သန္တာတို့နဲ့အတူ အခြားအနုပညာရှင်တွေတော့
ပါပါရဲ့ ။ ဒါပေမဲ့ မဟုတ်သေးဘူးလေ ။
“ မွေးနေ့ရှင်ကို ချန်ထားရင် ဒီဓာတ်ပုံတွေက အဓိပ္ပာယ်ရှိပါ့မလား ။ ပြည့်ဝတဲ့အမှတ်တရ
ဖြစ်ပါ့မလား ။”
ကျွန်ုပ်အတွေးက အဲဒီလို ။ ဒါနဲ့ မတ်တတ်ထရပ်လိုက်တယ်
။ အပေါ်စီးကနေ (၅)ပုံလောက် ထပ်ရိုက်ပစ်လိုက်တယ် ။ ပတ်ဝန်း ကျင်မှာလည်း သတင်းသမားတွေ
၊ မီဒီယာသမားတွေ ၊ ရုပ်သံလိုင်းသမားတွေလည်း တဖြောင်းဖြောင်းရိုက်နေကြလေတော့ ထူးဆန်းတဲ့ကိစ္စတော့
မဟုတ်ပါဘူး ။ (တဖြောင်းဖြောင်း = ဗွီဒီယိုရိုက်သံ ၊ ဓာတ်ပုံရိုက်သံကို ဆိုလိုပါသည်)
ဒါပေမဲ့…ကျွန်ုပ်
မတ်တတ်ထရပ်လိုက်တဲ့အချိန် (ကို)လူမင်းရဲ့မျက်နှာ အရယ်အပြုံး လျော့သွားတယ် ။ ကြိတ်မှိတ်ပြုံး
ထားရင်း ကျွန်ုပ်ကို လှမ်းကြည့်နေရှာပါတယ် ။ ကျွန်ုပ် သိလိုက်ပြီ ။ ဓာတ်ပုံလှလှ မရမှာကို
စိုးရိမ်နေတာပဲ ဖြစ်ရမယ် ။ ဟုတ်တာ ပေါ့ ။ အမှတ်တရဆိုတာ ဒီနေ့ခေတ်မှာတော့ ဓာတ်ပုံကောင်းတစ်ပုံကို
ဆိုလိုတာပဲ ။ စိတ်ချဗျို့ ။ ကျွန်ုပ်က တချို့ဓာတ်ပုံဆရာ-ချာတူးလန်တွေထက် အဆတစ်ရာမက
တော်တယ် ။ ရှုထောင့်ကောင်းကောင်းကနေ အားလုံးပါအောင် ရိုက်ပြမယ် ။
ဒါနဲ့ နောက်ကို ဆုတ်တယ်
။ ဆရာမကြီး(ဒေါ်)ခင်ဆွေဦးရော ၊ မွေးနေ့ကိတ်ကြီးရော ၊ ကျန်တဲ့သူတွေရော နောက်က ပရိသတ်ရော
အားလုံးပါအောင် အဝေးကနေ ပြတ်ပြတ်ထင်ထင်ရိုက်ဖို့ ပတ်ဝန်းကျင်ကို ဝေ့ဝဲလိုက်ကြည့်ပြီး
နေရာရှာလိုက်တော့ တံခါးပေါက်နားကနေ ရိုက်မယ်ဆိုရင် ထောင့်ချိုးကျပြီး လူအကုန်ပါနိုင်မှန်း
ကျွန်ုပ် သိလိုက်တယ် ။ ဒါနဲ့ပဲ အဲဒီထောင့်ဆီပြေးချ သွားလိုက်ပါရော ။
(ကို)လူမင်းရဲ့ဖုန်းက
Iphoneလို့ ထင်တာပဲ ။ နောက်ဆုံးပေါ်လား ဘာလဲတော့ ကျွန်ုပ်လည်း မသိပေါင် ။ ကျွန်ုပ်က
ကိုယ့်ဖုန်းကိုယ်တောင် snapshotဘယ်လိုရိုက်ရမလဲ မသိတဲ့ကောင်ပါ ။ အီလက်ထရောနစ်ပစ္စည်းတွေက
တစ်နေ့တစ်မျိုး မရိုး အောင် ပေါ်နေတော့ စိတ်မဝင်စားအားပါဘူးလေ ။ စာဖတ်မယ် ၊ စာရေးမယ်
၊ ရုပ်ရှင်ကားကောင်းတွေ ကြည့်မယ် ၊ ဓာတ်ပုံတွေ ရိုက်မယ် ၊ အပင်တွေ စိုက်မယ် ၊ ခရီးတွေ
ထွက်မယ် ၊ နေရာတိုင်းမှာ အတွေးနယ်ချဲ့မယ် - ဒီအလုပ်တွေပဲ အဖန်ဖန်အထပ်ထပ် လုပ်ချင်နေတဲ့ကောင်
။
အခုလည်း ဓာတ်ပုံကောင်း
ထွက်ချင်ဇောနဲ့ လူတွေနဲ့ဝေးရာ (အနောက်ဘက်)တံခါးဝနားကို ပြေးချသွားလိုက်တယ် ။ တော်တော်လှမ်းသား
။ Zoomနည်းနည်း ဆွဲရလိမ့်မယ်ထင်တယ် ။ တခြားဘာမှမတွေးမိဘဲ ဓာတ်ပုံထဲပဲ စိတ်ထည့်ထားရင်း
အဲဒီထောင့်ကို ရောက်လို့ ပြန်လှည့်လိုက်ချိန်မှာ (ကို)လူမင်းရဲ့မျက်နှာက ကျွန်ုပ်ကို
ချောက်ချားသွားစေပါတယ် ။ မြတ်စွာဘုရား… ဘာဖြစ်သွားတာပါလိမ့်…။ ဗိုက်နာနေတာများလား ။
တစ်စုံတစ်ရာကို အကြီးအကျယ်စိုးရိမ်သောကရောက်နေတဲ့ပုံဗျာ ။ မရယ်နိုင် မပြုံးနိုင်ရှာတော့ဘူး
။ အဲဒါ ဘာဖြစ်သွားတာလဲ… ။
သိပ်မစဉ်းစားအားဘူး
။ ဓာတ်ပုံကောင်းရဖို့ အရေးကြီးတယ် ။ အဲဒီထောင့်ကနေ (၅)ပုံလောက်ကို အချိန်ယူပြီး စိတ်
ကြိုက်ရိုက်ပစ်လိုက်တယ် ။ ကိုယ်ကသာ ပုံကောင်းထွက်အောင် ရိုက်နေတာ ။ (ကို)လူမင်းခမျာ
မပြုံးနိုင်ရှာဘူး ။ ဘာဖြစ်နေတာ လဲ ။ စေ့စေ့တွေးတော့ ရေးရေးပေါ်လာရော ။
ကျွန်ုပ်ပုံစံကိုလည်း
ကြည့်ဦးလေ ။ အနုပညာဆည်းဆာရိပ်က ကျွန်ုပ်အိမ်နဲ့နီးတော့ (နဂိုကတည်းကလည်း ကပိုကရို စုတ်တီးစုတ်ပြတ်နေထိုင်တတ်တဲ့
လူပျိုကြီးအကျင့်စရိုက်ကလည်း ရှိတော့) အဝတ်အစားကို သားသားနားနား ဝတ်မလာဘူး ။ အိမ်နေရင်းပုံစံအတိုင်း
အရောင်မွဲမွဲကွာတားဘောင်းဘီနဲ့ စပို့ရှပ်ပွပွတစ်ထည်ကို ဝတ်စရာမရှိလို့ အရှက်လုံရုံ
ကောက်စွပ်လာတဲ့ပုံ နဲ့ ။
ရုပ်ရည်ကလည်း ဟာသ
၊ ဂမ္ဘီရ ၊ ပြစ်မှုနဲ့ ဘဝသရုပ်ဖော်ဝတ္ထုတွေ ၊ ပြုပြင်ရေးဆောင်းပါးတွေ ရေးသားနေတဲ့ တိုင်းသိ
ပြည်သိ နာမည်ကျော်စာရေးဆရာကြီး-ဆိုတဲ့ဂုဏ်ပုဒ်ကို လည်ပင်းမှာ ချိတ်ဆွဲထားခဲ့ရင်တောင်
ဘယ်သူ့ဆီက ခိုးလာတာလဲ-လို့ စွပ်စွဲခံရမယ့်ရုပ်မျိုးပါ ။ အသားက မဲမဲ ၊ သွားကလည်း ခေါရတဲ့အထဲ
ကွမ်းဝါးလွန်းလို့ ညစ်ထေးနေရော ။ (ဒါကိုတောင် ကိုယ့်ရူပါ ကိုယ် သဘောမပေါက်ဘဲ တွေ့သမျှကောင်မလေးတွေကို
ဒီသွားတွေနဲ့ ဆွဲညှို့နိုင်မယ်ထင်ပြီး ဖြီးနေအောင်ရယ်ပြတတ်သေး)
မျက်လုံးက မှေး ၊
နှာခေါင်းက ကြီး ၊ နဖူးက ပြောင် ၊ ဒီမောင်ရဲ့ရုပ်ရည်က ဂုဏ်ပုဒ်တွေနဲ့ မအပ်စပ်လိုက်ပုံများ
။ ဒီကြားထဲ အရပ်အမောင်းကလည်း ပေမမီထောက်မမီ ။ ဒီရုပ်ဒီရည် ဒီအဝတ်အစားနဲ့ ဒီလူက သူ့Iphoneကြီး
ကိုင်ပြီး လူရှင်းတဲ့ တံခါးနား ပြေးသွားမှတော့ (ကို)လူမင်းတစ်ယောက် ဘယ်စိတ်ဖြောင့်နိုင်ပါတော့မလဲလေ
။ သိပါပြီ ။ သိပါပြီ ။
(ကို)လူမင်းရဲ့ပူပုံကို
သဘောပေါက်လိုက်တဲ့ခဏမှာတော့ ဓာတ်ပုံလည်း ရိုက်လို့အားရသွားပြီဖြစ်တာကြောင့် ကင်မရာ
(ဟန်းဖုန်း)ကို ပြန်သွားပေးလိုက်ပါတယ် ။ ဒီအခါမှပဲ (ကို)လူမင်းတစ်ယောက် ရယ်နိုင် ပြုံးနိုင်ရှာတော့တယ်
။
@
ဤသို့ဖြင့် လူမင်း၏ပူပုံကို တွေ့မြင်ခဲ့ရပါကြောင်း………
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONK တွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။