ဘဝ၏အနှစ်သာရ
(၂၀၁၆ စက်တင်ဘာလထုတ် ဓမ္မဒူတဘာသာရေးမဂ္ဂဇင်းတွင် ဖော်ပြခံရသော စာပန်းချီဖြစ်သည် )
ဂါဦးနွန်းကို .... သီကုံးပူဇော်သည် ။
----------------------------------------------------------------------------------------------------
“ အရှင့်သား - ဒါကတော့ဖြင့် အရှင့်မိခင်ဘက်က
ဘိုးတွေဘွားတွေ ဖွေရှာစုဆောင်းထားခဲ့တဲ့ ပစ္စည်းစာရင်းအစုစုပဲဖြစ်ပါ
တယ် ။ မှန်ကန်မှု ရှိ-မရှိ အရှင့်သား စစ်ဆေးကြည့်လှည့်ပါ
။”
ဘဏ္ဍာစိုးကြီး၏အနားလိပ်စကားသံအဆုံးမှာ ကျွန်ုပ်၏မျက်လုံးများက
၎င်းကိုင်ထားသော ရွှေပေလွှာဆီသို့ အကြည့်ဆိုက်ရောက် သွားခဲ့ပြီ ။ သို့သော် ကျွန်ုပ်၏အကြည့်တို့က
ရရှိပိုင်ဆိုင်သည့် စည်းစိမ်ချမ်းသာတို့အပေါ်၌ တွယ်တာတပ်မက်၍ အာသာငမ်းငမ်းဖြစ် လျက်
လောဘတက်သည့်အကြည့်မျိုးတော့ မဟုတ် ။ ကျွန်ုပ်၏အကြည့်က သံဝေဂတည်းဟူသောအတွေးတို့ဖြင့်
ထုံမွှန်းနေသည့် အေးစက်စက်အကြည့်တွေ ။
-
သြော် … ပစ္စည်းတွေကိုသာ မြင်ရတော့တယ် ။ ဒီပစ္စည်းတွေကို စုဆောင်းဖွေရှာခဲ့တဲ့ဥစ္စာရှင်တွေကို
ငါ မမြင်ရတော့ပါလား ။
ငါ့ဘိုးငါ့ဘွားတွေက ပစ္စည်းဥစ္စာတွေကို ရှာရုံသာ
ရှာထားခဲ့နိုင်တယ် ။ သူတို့နောက်ပါအောင် ယူဆောင်မသွားနိုင်ကြပါလား ။
ဒါဖြင့် ဘာလုပ်ဖို့လဲ ။ ရှာရကျိုးနပ်ခဲ့ရဲ့လား
။
ထိုအတွေးက အဇ္ဈတ္တတွင် ဝင်ရောက်ခိုလှုံနေပြီ
။ မမြဲခြင်းအသိက ကျွန်ုပ်ရင်ကို တုန်ခါလှုပ်ရှားသွားစေသည် ။
အာရုံအလုံးစုံက ကွယ်လွန်ကုန်ပြီဖြစ်သော
မိဘနှစ်ပါးနှင့်တကွ ဆွေမျိုးငှာတိအစုစုကို မှန်းမျှော်မြင်ယောင်လိုက်မိသည် ။ မိဘနှစ်ပါးသည်
မကြာသေးမီကမှ အနိစ္စရောက်သွားကြခြင်းဖြစ်၏ ။ အိုမင်းရင့်ရော်ခြင်းတို့၏ဝါးမြိုမှုကို
နှစ်ရှည်လများ ခံစားခဲ့ရပြီး နောက် မရဏမင်းက တံခါးလာခေါက်သည့်အခါ မိဘတို့ခမျာ မလွန်ဆန်နိုင်ရှာဘဲ
ကောက်ကောက်ပါအောင် လိုက်သွားကြရရှာပြီ ။ ရော်…မိဘနှစ်ပါးသာမှ မဟုတ် ။ ဘိုးဘိုးဘွားဘွား
၊ ကြီးဒေါ်/ဘကြီးတို့သည်လည်း မရဏမင်းနှင့် စစ်ခင်းပွဲ၌ အရေးနိမ့်ခဲ့ကြသည်ပဲ လေ ။ သတ္တဝါတို့အားလုံး
တစ်နေ့တစ်ချိန်ကျ မပြန်လမ်းဆီ မြန်းရမည်သာ မဟုတ်ပါလား ။
“ အရှင့်သား စစ်ဆေးလှည့်ပါဦး ။”
ဘဏ္ဍာစိုးကြီးက ဥစ္စာပစ္စည်းစာရင်းမှတ်တမ်းပြုထားသောရွှေပေလွှာကို
ကျွန်ုပ်၏လက်ဝယ်သို့တိုင် လာရောက်အပ်နှံသည် ။ ရိုးသား မှန်ကန်သော ဘဏ္ဍာစိုးကြီးတို့အပေါ်
ကျွန်ုပ် သံသယမရှိပါ ။ သို့သော် အချိန်များစွာ ကုန်လွန်သွားသည်အထိ ရွှေပေလွှာကို ကျွန်ုပ်
စိုက်ကြည့်နေခဲ့မိ၏ ။
-
သြော် … မနည်းမနှော ဖွေရှာစုဆောင်းခဲ့ကြတာပဲကိုး ။
ကုဋေ(၈၀)ခန့် များမြောင်လှစွာသော-ဥစ္စာပစ္စည်းစာရင်းကို
ကြည့်ရင်း ကျွန်ုပ်ရင်၌ သံဝေဂကြီးစွာဖြစ်မိသည် ။ လိုချင်လောဘဇော ဖြင့် ဘဝကိုမျှောခဲ့ကြမည့်
ဓနရှာသူတို့၏သမိုင်းကို ကျွန်ုပ် မှန်းဆငေးရင်း စိတ်မကောင်းဖြစ်ရသည် ။ ဥစ္စာရှာရင်း
ဘဝဆုံးခဲ့ကြသည့် သူတို့၏အဖြစ်က အနှစ်မဲ့လှပါပြီတကား ။
ဒါဖြင့်
ပိုင်ဆိုင်မှုနှင့်စွန့်လွှတ်မှုတွင် မည်သည့်အရာက အနှစ်သာရရှိသနည်း ။
ပိုင်ဆိုင်မှုဟူသည်
ရေ ၊ မီး ၊ မင်း ၊ သူခိုး ၊ မချစ်မနှစ်သက်သူ-ဆိုသောရန်သူမျိုးငါးပါးနှင့် အမြဲတမ်း
ပတ်သက်ဆက်ဆံနေ ရသောသဘောရှိ၏ ။ အချိန်မရွေး ပျက်စီးပျောက်ကွယ်နိုင်သည် ။ ရန်သူမျိုးငါးပါး၏ဖျက်ဆီးကံ
မပါခဲ့လျှင်တောင် ပိုင်ဆိုင်မှုသည် ယခုတစ်ဘဝစာအတွက်သာဖြစ်ရာ အမှန်စီစစ်ကြည့်မည်ဆိုလျှင်
ဒါကို အနှစ်သာရရှိသည်ဟု မခေါ်ဆိုနိုင်ပေ ။
သို့သော် ဤဥစ္စာပစ္စည်းများကို
အကြောင်းပြုပြီး တပါးသောသူချမ်းသာအောင် ပေးကမ်းဝေမျှလှူဒါန်းမည်ဆိုပါက ယခု ဘဝ၌ စစ်မှန်သောပီတိချမ်းသာကို
ခံစားရမည်ဖြစ်သလို တမလွန်သို့လည်း ယူဆောင်သွားနိုင်သည့်နည်းလမ်းဟုဆိုနိုင်၍ စွန့်လွှတ်
မှုသာလျှင် အနှစ်သာရရှိလှပေသည် ။ ရည်ရွယ်ချက်မှန်မှန် ၊ စေတနာမှန်မှန်ဖြင့် ပြုနိုင်မည်ဆိုပါက
တမလွန်ကောင်းကျိုးသာမက ချက်ချင်းလက်ငင်း ချမ်းမြေ့ကြည်လင်မှုကို ရရှိနိုင်သဖြင့် ကြီးစွာသောအနှစ်အသားပင်တည်း
။
တော်ပြီ - ကျွန်ုပ်သည်
ဆွေမျိုးညာတိတို့ကဲ့သို့ တမလွန်မပါသည့်ဥစ္စာတရား၏နောက်သို့ လိုက်ရင်း ဘဝဆုံးမခံချင်တော့
။ သို့ဖြစ်၍ ကွဲပြားသော ဘဝလမ်းကို ဖော်ဆောင်ဖို့ရာ ကျွန်ုပ် ဆုံးဖြတ်လိုက်သည် ။ ဆုံးဖြတ်ပြီးသည်နှင့်တပြိုင်နက်
တွန့်ဆုတ်ခြင်း အလျဉ်းမရှိသည့်စိတ်ဖြင့် (၇)ရက်တိုင်တိုင် အလှူကြီးပေးသည် ။ ထမင်းရည်
ချောင်းစီး မောင်းတီး၍ လှည်းနေ လှေအောင်း မြင်း ဇောင်း မကျန် ဖိတ်ကြားကာ လှူဒါန်းပါသော်ငြား
များလှစွာသောဥစ္စာပစ္စည်းများက ကုန်ခမ်းသွားသည် မရှိ ။
ဤအတိုင်းဆို မကုန်ခမ်းနိုင်သော
ယင်းစည်းစိမ်ချမ်းသာတို့အပေါ်ဝယ် တွယ်တာတပ်မက်ကာ မလွတ်နိုင်မရုန်းနိုင်ဖြစ်ရ ချေတော့မည်ဟု
တွေးဆမိသဖြင့် ဘဏ္ဍာတိုက်ကို ဖွင့်လျက် အယုတ်အလတ်အမြတ်မရွေး အလိုရှိရာ ယူငင်လော့ဟူ၍ ပေးကမ်းစွန့်
ကြဲခဲ့ပြီး ကျွန်ုပ်ကမူ အိမ်တော်ကနေ ထွက်ခွာလာခဲ့တော့၏ ။
“ အို … သတို့သားကဏှ
ဘယ်သွားမလို့လဲ ။ လှည်းယာဉ်မပါဘာမပါနဲ့ ။”
“ ကျွန်ုပ် တောအရပ်ကို
မှီပြီး ရသေ့ပြုတော့မယ် ။ ရှင်မနဲ့သားတွေသမီးတွေက ဥစ္စာပစ္စည်းတွေကို သင့်သလို သုံးစွဲလို့
နေထိုင်ကြကုန်ချည် ။ ကျွန်ုပ်ရဲ့အလှူအပေါ်မှာလည်း
တွန့်တိုခြင်း မဖြစ်ကြပါနဲ့ ။”
အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အိမ်တော်ရာမှ
ဆင်းမည်ဟန်ပြုနေသော-ကျွန်ုပ်ကို ဇနီးမယား သမီးသားတို့က တအံ့တသြငေး မောကြည့်လျက်ရှိကြသည်
။
မိဘနှစ်ပါး ကွယ်လွန်သွားသဖြင့်
ဥစ္စာပစ္စည်းအားလုံး အမွေဆက်ခံရရှိသည့်အတွက် ပျော်ပါးမည်ဟူသောစိတ်ကူးမျိုး မရှိ ဘဲ အလှူကြီးပေးရုံသာမက
တောမှီရသေ့ပြုလိုသည်ဟုဆိုလာသော-ကျွန်ုပ်၏စကားကို မည်သူကမျှ နားလည်နိုင်ခြင်း မရှိချေ
။ စည်းစိမ်ချမ်းသာတို့ဖြင့် အစွမ်းကုန်ပျော်ပါးဝင့်ကြွားကြရန်သာ တွေးတောလေ့ရှိကြသူများကြားမှာ
ကျွန်ုပ်၏အတွေးတို့က ကွဲပြား ခြားနားနေခဲ့သည်ပဲမဟုတ်ပါလား ။
အားလုံးက ပါးစပ်အဟောင်းသား၊
မျက်လုံးအပြူးသား ။ တကယ်ပဲပြောနေတာလား ၊ သို့မဟုတ် ကုဋေကြွယ်အမွေတွေကို ရရှိသဖြင့်
သတို့သားကဏှ သွေးလေဖောက်ပြားသွားလေသလား ။ အသီးသီးကိုယ်စီ တောင်တောင်အီအီတွေးရင်း ကြောင်ငေးနေ
ကြပြီ ။ မင်သက်အံ့သြခြင်းတို့က သူတို့ကို ကျောက်ဆစ်ရုပ်ပမာ မလှုပ်မယှက်တောင့်တင်းငြိမ်သက်သွားစေခဲ့ပုံရသည်
။ ကျွန်ုပ်ကမူ နောက်လှည့်မကြည့်သောစိတ်ထားဖြင့် တရွေ့ရွေ့ထွက်ခွာလာခဲ့ပြီ ။ အိမ်တော်ထိန်းကြီးများနှင့်တကွ
ကျွန်ုပ် အလွန်တရာမှ မြတ်နိုး ချစ်ခင်ခဲ့ရသော ဇနီးသည်နှင့် သားသမီးတို့၏ပုံရိပ်များက
နောက်မှာ ဝေး၍ … ဝေး၍ ကျန်ရစ်ခဲ့ပါပြီ ။
ဟိမဝန္တာတောသည် သူတော်စင်သူမြတ်လောင်းတို့
နားခိုပျော်မွေ့ဖွယ်ရာ မြိုင်ဟေဝန်အရပ်ဒေသဖြစ်ပေရာ၏ ။ ဆိတ်ငြိမ် ခြင်း ၊ အေးဆေးခြင်းတို့
လွှမ်းခြုံလျက်ရှိသောကြောင့်လည်းကောင်း ၊ ပန်းမြတ်မာလာတို့၏ရနံ့အထွေထွေတို့ ထုံမွှမ်းလျက်ရှိသော
ကြောင့်လည်းကောင်း ၊ သဘာဝအတိုင်း ကြီးထွားရှင်သန်နေကြသော သစ်ပင်ဝါးပင်များ၏အရိပ်အာဝါသတို့
အုပ်မိုးလျက်ရှိသော ကြောင့်လည်းကောင်း မြတ်သောအကျင့်တို့ ကျင့်ကြံပွားများရန်အတွက်
ကြီးစွာသောအထောက်အပံ့ကို ဖြစ်စေပါသည် ။
ကျွန်ုပ်သည် ကိုယ်စိတ်နှစ်ပါးအပေါ်
ချိုးနှိမ်သောအားဖြင့် အလိုရမက် နည်းသည်ထက်နည်းအောင် ဓုတင်အမျိုးမျိုးကို ကျင့်ဆောင်ခဲ့သည်
။ ဗာရီယမများစေရန် ဆွမ်းကို မဘုန်းဘဲ သစ်သီးဆွမ်းကိုသာ ဘုန်းသည် ။ တရားကျင့်ကြံချိန်
နည်းပါးမည်စိုး၍ တစ်နေ့လျှင် တစ်ကြိမ်မျှသာ ဘုန်းလေ့ရှိသည် ။
ဣန္ဒရုဏီသစ်ပင်ရင်းတွင်သာ
နေ၍ အပွင့်ပွင့်ချိန်ကျ အပွင့်ကို ဘုန်း၏ ။ အပွင့်ကြွေ၍ အသီးသီးချိန်ကျ အသီးကို ဘုန်း၏
။ အသီးအပွင့်တုန်းလျှင် အရွက်ကို ဘုန်း၏ ။ အသီးအပွင့်အရွက်တို့ ကြွေလွင့်ချိန်၌မူ အခေါက်ကို
ဘုန်း၍ ခန္ဓာဆက်စေသည် ။ အစာ အာဟာရ မှီဝဲခြင်းသည် အရသာတည်းဟူသော တဏှာအတွက် မဟုတ် ၊ မြတ်သောအကျင့်ကို
ကျင့်ကြံရန်အတွက် ခန္ဓာဆက်ခြင်း သဘောမျှသာ ဖြစ်စေခဲ့သည် ။ ဤကဲ့သို့ ချိုးချိုးခြံခြံကျင့်ကြံအားထုတ်သောအကျိုးကြောင့်
များမကြာမီတွင် ဈာန်အဘိညာဉ်ကို ရလေသည် ။
ÿÿÿÿÿ
တာဝတိံသာနတ်ပြည်ရှိ
သိကြားမင်း၏မြကျောက်ဖျာ ပူလောင်တုန်ခါသွားခဲ့သည်မှာ အကြောင်းမဲ့ မဟုတ်တန်ရာ ။ ပဏ္ဍ ကမ္ဗလာမြကျောက်ဖျာသည်
လယ်ခေါင်ရမ်းပွင့်အရောင်အသွေးကဲ့သို့ နီစွေးသောအဆင်းရှိပြီး အလွန်နူးညံ့သည်ဖြစ်ရာ သိကြားမင်း
ထိုင်လျှင် ကိုယ်တစ်ဝက်မြုပ်၍ ထလျှင် ပြည့်မြဲပြည့်သောကမ္ဗလာဖြစ်သည် ။ မြကျောက်ဖျာပူရခြင်းတွင်
အကြောင်းရင်း(၅)ချက်သာ ရှိသည် ။
(၁)-သိကြားသက်ကုန်၍သော်လည်းကောင်း
၊
(၂)-ကုသိုလ်ကောင်းမှုကုန်၍သော်လည်းကောင်း
၊
(၃)-တန်ခိုးကြီးသူတို့
သိကြားရာထူးကို အလိုရှိ၍သော်လည်းကောင်း ၊
(၄)-ရဟန်းပုဏ္ဏားတို့
တန်ခိုးကြီးမားလာ၍သော်လည်းကောင်း ၊
(၅)-ဒါနတန်ခိုးဖြင့်လည်းကောင်း
ပူပြင်းခြင်းရှိတတ်ရာ အဘယ်အချက်များ ဖြစ်အံ့ဟု
တွေးမိသဖြင့် လူ့ပြည်သို့ လှမ်းမျှော်ကြည့်၍ စုံစမ်းသည့်အခါ ကဏှရသေ့၏ ပြင်းထန်သောကျင့်ကြံအားထုတ်မှုကို
တွေ့မြင်လိုက်ရ၏ ။ ဈာန်အဘိညာဉ်နှင့်တကွ တန်ခိုးဣိတ္ထိပတ်တို့ဖြင့် ပြည့်စုံနေသည့်တိုင်
ကျင့်ကြံအားထုတ်ဆဲဖြစ်သော ရသေ့၏လုံ့လဝီရိယကို တွေ့မြင်ရသည့်အခါမှာတော့ သိကြားမင်း၏စိတ်၌
သောကဖြစ်ရလေပြီ ။
“ ဤရသေ့က ငါ့နေရာကိုများ
မျှော်မှန်းလေသလား ။”
ကိလေသာအစေးတို့ ကပ်ငြိနေကြကုန်သော-ပုထုဇဉ်တို့မည်သည်
မိမိပိုင်ဆိုင်ရရှိထားသော ဥစ္စာပစ္စည်းတို့ကို တပါးသူအား ပေး လိုက်ရမှာအပေါ် လွန်စွာဝန်တိုစိုးရိမ်လေ့ရှိကြသည်
။
သိကြားမင်းသည်လည်း
မိမိနေရာ ပေးလိုက်ရမည်ကို စိုးရွံ့သည် ။ သို့ဖြစ်၍ ကဏ္ဍရသေ့၏စိတ်ရင်းအမှန်ကို သိအောင်
စုံစမ်းရန် စိတ်အကြံဖြစ်ပေါ်၏ ။ သို့ကြောင့် လူ့ပြည်ဌာနီသို့ ဆင်းသက်ကာ အကျင့်မြတ်တို့
အားထုတ်လျက်ရှိသော-ရသေ့၏နောက် ကျောသို့ ချည်းကပ်၍ …
“ မည်းနက်တဲ့မြေမှာ နေထိုင်ပြီး မည်းနက်တဲ့အစာတွေ
စားနေတဲ့ အသားအရောင်မည်းညိုတဲ့-သင့်ကို ငါ့စိတ်မှာ မနှစ်သက်
နိုင်ဘူး ။”
ဟု ဆိုလိုက်လေသည် ။ အကြောင်းကမူ ကဏှရသေ့၏ခန္ဓီပါရမီကို
စမ်းသပ်လိုက်ခြင်းပါပေ ။
သူသူကိုယ်ကိုယ် အကြောင်းမရှိ
အပြစ်တင်စကား ဆိုလာလျှင် စိတ်တိုဒေါသထွက်ကြသည်သာ ။ အထူးသဖြင့် မိမိ၏ အားနည်းချက်ကို
အကြောင်းမဲ့ ချိုးနှိမ်ပုတ်ခတ်လာခဲ့ပါမူ ကိုယ်စီကိုယ်ငှ မခံမရပ်နိုင်ဖြစ်တတ်ကြသည်သာ
။ သို့သော် ကဏှရသေ့ သည် သူ၏အသားအရည်ညိုခြင်းအပေါ် ပုတ်ခတ်ပြောဆိုမှုနှင့်ပတ်သက်ပြီး
စိုးစိမျှ တုန်လှုပ်ခြင်းလည်း မရှိ ၊ သိကြားမင်း မျှော်လင့် ထားသကဲ့သို့ အမျက်ဒေါသ
ဆူဝေခြင်းလည်း မရှိ ။
နောက်ကျောဘက်တွင်
ရပ်ကာ ရန်စကားဆိုလိုက်သော-ထိုပုဂ္ဂိုလ်သည် သိကြားမင်းဖြစ်ကြောင်း ဝီရိယကြီးစွာဖြင့်
ကျင့် ကြံပွားများထားသောအစွမ်းတို့ဖြင့် ကဏှရသေ့ သိနှင့်ပြီ ။ သို့ဖြစ်ရာ ပညာကြီးသူ
၊ သတိကြီးသူပီပီ အနှစ်သာရရှိသောစကားကို ပြောလေသည် ။
“ အို…သူဇာတို့ရဲ့အရှင်သခင်ဖြစ်တဲ့ သိကြားမင်း
- အရေပြား မည်းညစ်ရုံနဲ့ အဲဒီလူကို မည်းညစ်သူလို့ မပြောသင့်ပါဘူး ။
အပေါ်ယံကိုသာ မကြည့်ပါနဲ့ ။ အတွင်းထဲမှာ ကိုယ့်ကျင့်တရားကောင်းခြင်း
၊ စိတ်ရဲ့တည်ငြိမ်မှုရှိခြင်း ၊ အမှန်တရားကို
ထိုးထွင်းသိခြင်း - စတဲ့ အဖိုးတန်တဲ့စိတ်ဓာတ်တွေရှိမယ်ဆိုရင်
ဒါဟာ ပညာရှိသူတော်ကောင်းလို့ ခေါ်ဆိုနိုင်ပါတယ် ။
အကြင်ပုဂ္ဂိုလ်ရဲ့သန္ဓာန်မှာ ယုတ်ညံ့တဲ့အလုပ်တွေ
၊ ယုတ်ညံ့တဲ့အပြောတွေ ၊ ယုတ်ညံ့တွေအကြံအစည်တွေ ရှိနေမယ်
ဆိုရင်တော့ အဲဒါကမှ တကယ့်ကို မည်းညစ်သူဖြစ်ပါတယ်
။”
တည်ငြိမ်အေးဆေးသောအသံဖြင့် ပြောကြားလိုက်သော
ကဏှရသေ့၏နှုတ်မြွက်စကားကို ကြားသည့်အခါ သိကြားမင်း၏စိတ်၌ လွန်စွာနှစ်ထောင်းအားရဖြစ်မိသည်
။
မိမိက ဒေါသအမျက်ထွက်လာစေအောင် ၄င်း၏မည်းနက်သည့်အသားအရည်ကို
ပုတ်ခတ်စော်ကားပြောကြားလိုက်သော်ငြား သူက စိတ်မတိုသည့်အပြင် မှတ်သားဖွယ်ရာစကားတွေကို
တည်တည်ငြိမ်ငြိမ်မိန့်ကြားနေလိုက်ပုံများ ။ တယ်လည်း ကြည်ညိုဖွယ် ကောင်းပါပေတကား ။
သိကြား၏စိတ်တွင် ကြည်လင်ခြင်းတို့ ဖြစ်ပေါ်သွားခဲ့ပြီ
။
“ အရှင် - သင်ဟာ အလွန်ကို ပညာရှိပါပေတယ် ။
ပညာရှိလှတဲ့ အရှင့်ရဲ့ဟောမိန့်စကားတွေက တန်ဖိုးရှိလှပါတယ် ။
ဒါ့ကြောင့် အရှင် အလိုရှိရာဆုများကို တောင်းပါလေ
။ ကျွန်တော်မျိုး-နတ်တို့သနှင်း သိကြားမင်းက ဖြည့်ဆည်းပေး
ပါရစေ ။”
သိကြားမင်း၏အမေးစကားကိုကြားတော့ ကဏှရသေ့
ပြုံးသည် ။ အသားအရည် မည်းညိုပေသိ သီလသမ္မာဓိပြည့်စုံ၍ ကြည်လင် သောအဆင်းရှိသည့် ကဏှရသေ့၏မျက်နှာသည်
လရောင်ဆမ်းသော ကြာပဒုမ္မာပမာ တင့်တယ်လှပေသည် ။
သိကြားမင်းက
အလိုရှိရာကို တောင်းခံပါ ၊ ဖြည့်ဆည်းပေးရန် အသင့်ဖြစ်ကြောင်း ဖွင့်ဟလိုက်သည့်အတွက်
ကဏှရသေ့ ပြုံးလိုက်ခြင်းဖြစ်သည် ။ အဘယ်ကြောင့်နည်း ။ ကဏှရသေ့ အလိုရှိသောစိတ်ဆန္ဒများမှာ
သိကြားမင်းပင် ဖြည့်စွမ်းမပေးနိုင်သော အရာတို့ဖြစ်နေသောကြောင့်ပင်တည်း ။
သို့သော် အစိုးရနေသောနေရာ
လက်လွှတ်ရမှာကို စိုးကြောက်နေဟန်ရှိသော သိကြားမင်း၏သောကကို ရိပ်စားမိသဖြင့် စိတ်သက်သာရာရစေသောအလို့ငှာ
ကဏှရသေ့သည် ၄င်း၏ပြင်းပြသောဆန္ဒများအား ထုတ်ဖော်ပြောပြခဲ့သည် ။
“ တန်ခိုးဣိတ္ထိပတ်ကြီးလှပါတဲ့ သိကြားမင်း ကျွန်ုပ်
အလိုရှိရာကို တောင်းရမယ်ဆိုရင် ခံရခက်တဲ့အမျက်ကင်းသူတစ်ယောက် ၊
ပူလောင်တဲ့ပြစ်မှားစိတ်ဒေါသကင်းသူတစ်ယောက်
၊ လိုချင်မက်မောမှုလောဘကင်းသူတစ်ယောက် ၊ ရစ်ပတ်နှောင်ဖွဲ့တတ်
တဲ့ ချစ်ခြင်းကင်းသူတစ်ယောက် ဖြစ်လိုပါတယ်
။ အသင် ဖြည့်ဆည်းပေးနိုင်ပါသလား ။”
ကဏှရသေ့၏မွန်မြတ်လှသောဆု(၄)မျိုးကို ကြားသည့်အခါ
သိကြားမင်း၏စိတ်၌ အံ့သြခြင်းကြီးစွာဖြစ်ပေါ်မိ၏ ။ အလိုရှိရာ တောင်း ပါဟု ဆိုခဲ့၍ အနှိုင်းမဲ့လောကီစည်းစိမ်များကို
တောင်းခံလိုလျှင် တောင်းခံနိုင်သည့်နည်းတူ မြူးရွှင်ပျော်ပါးနိုင်သည့် နတ်တို့၏သုခကို
တောင်းတလိုလျှင်လည်း တောင်းတနိုင်ပေသည်ဖြစ်ရာ ဘာကိုများ တောင်းလေမလဲဟု တွေးဆခဲ့မိသော်ငြား
ဤကဲ့သို့ဆုမျိုးတွေ တောင်းခံလိမ့်မည်ဟူ၍ မမျှော်မှန်းခဲ့မိပါချေ ။
“ မွန်မြတ်လှတဲ့ စိတ်နှလုံးရှိသူ ရှင်ရသေ့ဘုရား - ယခု ရှင်ရသေ့ တောင်းခံခဲ့တဲ့
ဆုတွေကို ကျွန်တော်မျိုး မဖြည့်ဆည်းပေးနိုင်
ပါ ။ အဘယ်အတွက်ကြောင့်များ ဤဆု(၄)မျိုးကို
တောင်းရပါသလဲ ။ ထိုအရာတွေမှာ ဘာအပြစ်တွေ ရှိနေလို့များ အလိုမရှိ
ရသလဲဆိုတာ မေးလျှောက်ပါရစေ ။”
ဟူ၍ သိကြားမင်းက လျှောက်ထားတောင်းပန်သဖြင့်
ရှင်ရသေ့က -
“ ကောင်းပြီ သိကြားမင်း ။ ကောင်းစွာနာကြားပါကုန် ။”
ဟု ဆိုကာ အပြစ်အမျိုးမျိုးတို့ကြောင့်
နှစ်သက်ဖွယ်မရှိသော ထိုဆု(၄)ခု၏အကျယ်ကို ရှင်းလင်းစွာ မိန့်ကြားလေသည် ။
- အမျက်
“ တစ်စုံတစ်ယောက်အပေါ် မကျေနပ်မှုကို ထပ်ပြန်တလဲလဲတွေးတောနေခြင်းဟာ
အမျက်ရဲ့နှိပ်စက်မှုသာဖြစ်တယ် ။
မျက်တက်မျက်တက်နဲ့ ခံရခက်လှတယ် ။ စိတ်နှလုံးကို
ဆင်းရဲပင်ပန်းစေတယ် ။ သည်းမခံနိုင်ခြင်းကြောင့် ဖြစ်တည်
လာတဲ့ ဒီအမျက်ရဲ့နှောင့်ယှက်မှုကို ငါ မနှစ်လို
။”
- ဒေါသ
“ အမျက်ဆိုတဲ့ ဒီတရားဟာ တွယ်တာကပ်ငြိတဲ့သဘောရှိတဲ့အတွက်
ပြစ်မှားခြင်းဒေါသဟာ နောက်ဆက်တွဲ လိုက်ပါ
လာစမြဲ ။ အမျက်ကို ချွန်းမအုပ်နိုင်တဲ့အခါ
ဒေါသဖြစ်ရတယ် ။ မကောင်းမှုတွေကို ကျူးလွန်စေနိုင်အောင် တွန်းပို့ပေး
တတ်တဲ့ ဒီဒေါသစိတ်ကို ငါ မနှစ်သက်ပါ ။”
- လောဘ
“ လက်နက်မျိုးစုံ အသုံးပြုလို့ လုယက်သတ်ဖြတ်နေမှု ၊ အတုအယောင်ပစ္စည်းတွေနဲ့ လိမ်လည်လှည့်ဖျားနေမှု
အစရှိတဲ့
မရိုးဖြောင်းခြင်းတို့ရဲ့သန္ဓေစုရာဟာ အလိုဆန္ဒလောဘကြောင့်သာဖြစ်တယ်
။ ဒါ့ကြောင့် ဒုစရိုက်တွေရဲ့မြစ်ဖျားခံဖြစ်တဲ့
လောဘစိတ်ကိုလည်း ငါ မလိုချင်ပြီ ။”
- ချစ်ခြင်း
“ ဟောဒီလောကကြီးမှာ တစ်ဦးအပေါ်တစ်ဦး အထုံးအဖွဲ့တွေနဲ့ ရစ်ပတ်ရင်း မလှုပ်နိုင်မရုံးနိုင်ဖြစ်ကြရတယ်
။ ဒီချစ်ခြင်း
သံယောဇဉ်အနှောင်အဖွဲ့တွေကြောင့်ပဲ သတ္တဝါတွေခမျာ
ပြင်းစွာပင်ပန်းပူလောင်ကြရရှာတယ် ။ အကုသိုလ်အဖုံဖုံကို
ပြုလုပ်မိကြရတယ် ။ ဒါကြောင့်လည်း ငါဟာ မချစ်လိုမမုန်းလိုပါဘူး ။”
ကဏှရသေ့၏ရှင်းလင်းဖြေကြားသံကို ကြားသည့်အခါ
သိကြားမင်း၏ဘဝင်တွင် များစွာနှစ်သက်ကျေနပ်မိသည် ။
အမှန်စင်စစ်၌မူ ရှင်ရသေ့
တောင်းဆိုသောဆုတို့သည် တစ်စုံတစ်ဦး ဖြည့်ဆည်းပေး၍ ရနိုင်သောအရာများ မဟုတ် ။ ယင်း အချက်ကို
မိမိ သိသလို ရသေ့ရှင်မြတ်လည်း သိပေမည်သာ ။ သို့သော် မိမိ၏သံသယကို ဖြေဖျောက်နိုင်စေခြင်းအလို့ငှာ
ပြောကြား နေခြင်းသာဖြစ်မည်ဟု သိကြားမင်း သဘောပေါက်သွားသည် ။ ထိုအခါ စိတ်နှလုံးဝယ် ကျေနပ်ပီတိ
ပို၍ဖြစ်မိသည် ။ ဤရသေ့က ပညာရှိလှပေသည် ။ ပညာရှိစကားသည် ကြားရခဲ၏ ။ သို့ဖြစ်၍ မည်ကဲ့သို့
ထပ်မံကြားနာရအံ့ဟု တွေးဆမိသဖြင့် …
“ အဓိပ္ပာယ်ပြည့်စုံလှပါပေတယ် ။ အခြား ဘာကိုများ အလိုရှိပါသေးသလဲ ။”
ဟု သိကြားမင်းက မေးလျှောက်သည် ။ ကဏှရသေ့ကလည်း
ထပ်တိုးဟောကြားပြန်သည် ။
“ အို … သိကြားမင်း အကယ်လို့ သင်သာ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ယခုလို တောကြီးမြက်မည်းထဲမှာ
တစ်ပါးတည်း
သီတင်းသုံးရင်း အကျင့်မြတ်ကို ကျင့်ကြံအားထုတ်နေသူ-ကျွန်ုပ်အဖို့
အလိုရှိဆုံးအရာကတော့ အကျင့်မြတ် ကျင့်ကြံမှု
ကို အနှောင့်အယှက်ဖြစ်စေမယ့် ပြင်းထန်တဲ့အနာရောဂါဘေးကနေ
ကင်းဝေးလိုခြင်းပါပဲ ။”
မည်သို့စမ်းသပ်စမ်းသပ် ပညာရှိတို့မည်သည်
မတော်လောဘ ပြင်းပြခြင်းကို မတွေ့ရ ၊ အကျင့်သီလသမ္မာဓိပြည့်စုံခြင်းကိုသာ မြင်ရ သည့်နည်းတူ
ကဏှရသေ့၏နောက်ထပ်အလိုရှိခြင်းကလည်း အကျင့်မြတ်အား ထိခိုက်စေမည့် အနာရောဂါဘေးမှ ကင်းဝေးလိုခြင်း
ဖြစ်ကြောင်း သိရှိရသည့်အခါ သိကြားမင်းအဖို့မှာ ကြည်ညိုပြီးရင်း ကြည်ညိုမိတော့သည် ။
ပညာရှိစကားဖြစ်၍ နာယူမဆုံးနိုင် အောင်ရှိလေရာ …
“ ဘာကိုများ အလိုရှိပါသေးသလဲ ။”
ဟု ထပ်မံမေးမိပြန်သည် ။
“ ကျွန်ုပ်အတွက်ကြောင့် တစ်ပါးသောသတ္တဝါတွေ တစ်စုံတစ်ရာလေးတောင် မထိခိုက်စေလိုပါဘူး
။ တကယ်လို့များ အသင်
သိကြားမင်း ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ကျွန်ုပ်ရဲ့ကိုယ်နှုတ်စိတ်နှလုံးသုံးပါးလုံးမှာ
ဒုစရိုက်တရားတွေ မကိန်းအောင်းရလေ
အောင် ကာကွယ်စောင့်ရှောက်နိုင်မယ့်ဆုမျိုးကို
ပေးလှည့်ပါ ။”
ယင်းဆုအားလုံးကို သိကြားမင်း မပေးနိုင်မှန်း
ရှင်ရသေ့ သိသည် ။ ယင်းဆန္ဒအားလုံးသည် ကံကံ၏အကျိုးအားဖြင့် ကိုယ်တိုင် ကျင့် ကြံအားထုတ်မှသာ
ရရှိနိုင်မည့်အရာများသာဖြစ်ကြောင်း ကဏှရသေ့ နားလည်သည် ။ သို့သော် ရာထူးနေရာမြဲလိုသည့်-သောက
အပူဖြင့် ဆင်းသက်လာသူ-သိကြားမင်းအား ဟောကြားဆုံးမလို၍ ဤစကားများအား ပြောကြားခဲ့ခြင်းဖြစ်သည်
။
ရှင်ရသေ့၏ဆုတောင်းစကားများကို
ကြားသည့်အခါ သိကြားမင်း၏စိတ်တွင် သာဓုအကြိမ်ကြိမ် ခေါ်မိသည်အထိ ကြည်ညို လေးမြတ်ခြင်းဖြစ်မိ၏
။ ရသေ့ရှင်မြတ် တောင်းခံအပ်သောဆုတို့သည် မိမိ ဖြည့်ဆည်းပေးနိုင်သောအရာတို့ မဟုတ်သဖြင့်
သိကြား မင်း အနေခက်ရပြီ ။ ရှင်ရသေ့အနေဖြင့် အလိုရှိ၍ တောင်းခဲ့ခြင်းမဟုတ်မှန်း သိပေသိ
မိမိက တစ်စုံတစ်ခု ဖြည့်ဆည်းကြည်ညိုလို လှ၏ ။ သို့ကြောင့် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်သည့်အခါ
အသီးအပွင့်ကင်းနေသော သစ်ပင်ကို တွေ့၍ ကဏှရသေ့ သီတင်းသုံးရာ သစ်ပင်အား ချိုမြိန်သောအသီး၊
လှပသောအပွင့်၊ ဝေဆာသောအခက်အလက်အရွက်တို့ ပြည့်စုံအောင် ဖန်ဆင်းကာ ပူဇော်ဆပ်ကပ် လိုက်သည်
။ ထိုအခါမှ သိကြားမင်း စိတ်ကျေနပ်သွားခဲ့ရာ စိတ်နှလုံးကြည်လင်စွာဖြင့် ရှိခိုးကန်တော့ကာ
တာဝတိံသာနတ်ပြည်သို့ ပြန်လေတော့သည် ။
ÿÿÿÿÿ
ဂေါတမမြတ်စွာဘုရားရှင်သည်
ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းတိုက်တွင် သီတင်းသုံးတော်မူနေခိုက် သံဃာတော် အပေါင်း
ခြံရံလျက် စင်္ကြန်ကြွတော်မူစဉ် ပြုံးတော်မူသဖြင့် ရှင်အာနန္ဒာက အကြောင်းချင်းရာကို မေးမြန်းလျှောက်ထားသည့်အခါ
-
“ ဤအရပ်၌ ကဏှရသေ့ ဖြစ်ခဲ့ဖူးကြောင်း”
မိန့်ကြားကာ ဤဇာတ်တော်ကို ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်
။ ဇာတ်ပေါင်းသော် သိကြားမင်းသည် အရှင်အနုရဒ္ဓါမထေရ်မြတ် ဖြစ်၍ ကဏှအမည်ရှိသော ရှင်ရသေ့သည်
မြတ်စွာဘုရားရှင်ဖြစ်တော်မူလေသည် ။
ကိုးကားချက်များ
-
(ကဏှဇာတ် - ၅၅၀နိပါတ်တော်)
(သစ္စာရွှေစည်ဆရာတော်၏ ‘သူတော်ကောင်းတို့၏သဘောထား’
တရားတော်)
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။