Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

မရောင့်ရဲခြင်းတချို့


( ၂၀၁၆ ဇူလိုင်လထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုဖြစ်သည် ) 

 

     မနက်မိုးလင်းတိုင်း အမြဲတွေးမိတယ် ။
- ကျွန်မဟာ ကမ္ဘာလောကအတွက် ဘယ်လောက်များ အကျိုးပြုခဲ့ပြီးပြီလဲ …
အဖြေက အားရစရာမရှိပါဘူး ။ ကျွန်မက သာမညမိန်းမတစ်ယောက်လောက်တောင်မှ အရည်အချင်းမပြည့်မီသူပါ ။
ကြီးမြတ်လေးနက်တဲ့စိတ်ကူးယဉ်အိပ်မက်တွေ ရှိနေပေမဲ့ အဲဒီအိပ်မက်တွေကို မှီအောင်မလိုက်နိုင်တဲ့ ခပ်ချာချာ လူညံ့ လူကြောက်တစ်ယောက် ။
      ဒီအတွေး ဝင်လာတဲ့အခါ ကျွန်မရင်ထဲ ဆို့နစ်သွားရစမြဲပဲ ။ ဘာဖြစ်လို့ ဒီလိုခံစားရတာလဲ ။
- ကြေကွဲဝမ်းနည်းသွားတာလား ?
မဟုတ်ဘူး ။ ကြေကွဲတာလည်း မဟုတ်ဘူး ။ ဝမ်းနည်းတာလည်း မဟုတ်ဘူး ။
အားငယ်တာ…စိတ်မကောင်းဖြစ်တာ ။ နောက်ပြီး ယူကြုံးမရဖြစ်တာ…။

PPP


      မတရားမှုတွေကို ပြောင်းလဲပစ်ချင်တယ် … ငါ တစ်နေ့ကျ မတရားတာတွေကို တွန်းလှန်နိုင်ရမယ်…
ဒီလိုမျိုး တစ်ခါတစ်ခါ ကျွန်မ အသံကောင်းဟစ်တတ်တယ် ။ တိုးတိုးလေးပါ…တကယ့်ကို တိုးတိုးလေးရယ် ။
      ကျွန်မ ကြွေးကြော်တာကို ကြားဖူးသူဆိုလို့ ကျွန်မစကားတွေကို အလေးအနက်မထားတဲ့-အစ်မရယ် ၊ ကျွန်မကို အားမလိုအားမရဖြစ်နေတဲ့-အမေရယ် ၊ ကျွန်မအတွက် စိတ်မကောင်းဖြစ်တတ်တဲ့-အဖေရယ်…။ ဒီမိသားစုဝင်သုံးဦး တည်း ရှိတယ် ။
       ကျွန်မရဲ့အစ်မက လောကကြီးအကြောင်းကို အများကြီး လျှောက်တွေးလေ့မရှိဘူး ။ လုပ်စရာရှိတာ လုပ်မယ် ။ လုပ်သင့်တယ်လို့ လူတွေ သတ်မှတ်ထားတာတွေကို လုပ်မယ် ။ လူတွေက ဘာပဲတုံ့ပြန်တုံ့ပြန် သူ သိပ်ဂရုမစိုက်ဘူး ။ အလေးအနက် မထားဘူး ။ လောကကြီးကို ခပ်ရိုးရိုးပဲ တွေးတယ် ။ လောကကြီးကလည်း သူ့ကို ခပ်ရိုးရိုးတွေပဲ ပြန်ပေး တယ် ။
        ကျွန်မရဲ့အမေကတော့ အဆိုးမြင်ဘက်ကို နည်းနည်းယိမ်းတယ်လို့ဆိုရလိမ့်မယ် ။ အဆင်မပြေမှုအသေးအဖွဲ လေးကအစ အမေ့ကို စိတ်ဒုက္ခပေးနိုင်တယ် ။ ရောက်မလာသေးတဲ့ တချို့ကိစ္စတွေကိုလည်း အမေက ကြိုတင်တွေးပူ တတ်တယ် ။ အဆင်ပြေမှာမဟုတ်ဘူး ၊ ဒီတစ်ခါတော့ သွားမှာပဲ ၊ ငါ အထင်သား…ပြဿနာဖြစ်လိမ့်မယ်လို့…အဲဒီလိုမျိုး အမေ့အမြင်က အဆိုးဘက်ကို ကဲနေတတ်တယ် ။
        ဒါ့ကြောင့်ပဲ ထင်ရဲ့ ။ ကျွန်မဆီမှာလည်း တစ်ခါတစ်ရံ အဆိုးမြင်ခြင်းတွေ ပါနေသလိုပဲ ။ ပြောရရင်…ကျွန်မသာ အကောင်းမြင်တတ်ခဲ့ရင် ၊ ကျွန်မသာ လိုက်လျောညီထွေနေတတ်ခဲ့ရင် ၊ ကျွန်မသာ အများနည်းတူပြုမူလုပ်ဆောင် ခဲ့ရင်…ဒီလိုအချိန်မှာ မိသားစုဝင်တွေ စိတ်ချမ်းသာနေရလောက်ပြီ ။ တချို့လူတွေလုပ်တတ်တဲ့ အထက်ဖား ၊ အောက်ဖိ စိတ်ဓာတ်မျိုးသာ ရှိကြည့်…ကျွန်မရဲ့တက်လမ်းတစ်ခုလုံး ဖြောင်ဖြူးနေမှာ သေချာသပါ့ ။
       ဒါပေမဲ့ တကယ်ပါ ။ ကျွန်မ ကျိန်ဝံ့တယ် ။ အများနဲ့အတူ မိုးခါးရေ မသောက်ခဲ့မိတဲ့အတွက် ကျွန်မ လုံးဝ နောင်တ မရဘူး ။ ဘယ်တော့မှလည်း နောင်တရမှာ မဟုတ်ဘူး ။ မိဘနှစ်ပါးကို ရံဖန်ရံခါ အားနာမိတာလေးကလွဲရင်ပေါ့ ။
       တချို့ကိစ္စတွေမှာ အများနဲ့ ခွဲထွက်ပြီး ခေါင်းမာတတ်လွန်းတဲ့ကျွန်မကို အဖေက ပြောတယ် ။ သမီးရဲ့အတွေး အခေါ်တွေက ကောင်းတာမှန်ပေမဲ့ သူများအမြင်မှာ လူ့ဂွစာဖြစ်နေလိမ့်မယ်-တဲ့ ။ နောက်ပြီး ကျွန်မ သိတယ်လေ ။ အဖေက ကျွန်မအတွက် အမြဲစိုးရိမ်နေတာ ။
       ဒီပုံစံနဲ့ လူ့လောကမှာ ဘယ်လိုဆက်ပြီး ရပ်တည်မလဲလို့ အဖေ တွေးပူနေတာများလား ။ ဟုတ်မှာပါ ။ အဖေက ကျွန်မကို သူများမျက်ခုံးပေါ် စင်္ကြန်မလျှောက်စေချင်ပေမဲ့ သူများနင်းတာ ခံနေရသူမျိုးတော့ ဘယ်ဖြစ်စေချင်ပါ့မလဲ ။ အဲဒါကြောင့်လည်း ကျွန်မအတွက် အားမလိုအားမရဖြစ်ရင်း စိတ်မကောင်းလည်းဖြစ်နေရှာရဲ့ ။
        ကျွန်မ သိတာပေါ့ ။ ကျွန်မကိုယ်တိုင်တောင် ယူကြုံးမရဖြစ်နေသေးတာပဲ ။ ပညာရေးကို သိပ်လိုလားတဲ့-ကျွန်မ ရဲ့မိဘနှစ်ပါးသာဆို ဘယ်လောက်ခံစားရမလဲ ။ ကျွန်မလေ…အဲဒါကို တွေးမိတိုင်း ရင်နာလို့မဆုံးဘူး ။ ဟုတ်ပါတယ်… ကျွန်မ မိုက်တာပါ ။ သားသမီးတစ်ယောက်အနေနဲ့ဆိုရင်တော့ ကျွန်မ မိုက်ခဲ့တယ် ။ ရူးနှမ်းခဲ့တယ် ။
        သဘောကျလေးစားရတဲ့ အဆိုတော်ထူးအိမ်သင်ရဲ့စကားကို အငှားသုံးပြောရရင် မိဘတွေအတွက်တော့ ကျွန်မ ဟာ ဒုက္ခအိုးလေးပါ ။ မရည်ရွယ်ဘဲ စိတ်ဒုက္ခတွေ ပေးနေမိတဲ့ ပြဿနာကောင်ကလေးပေါ့ ။
       ဒါပေမဲ့…အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူသားတစ်ယောက်အနေနဲ့တော့ ကျွန်မဟာ သူရဲကောင်းပဲ ။ ကျွန်မ ရဲဝံ့ ခဲ့တယ် ။
       ဓားတစ်လက်ကို ကိုင်ဆွဲပြီး စစ်မြေပြင်ထဲ ခြေချရဲမှ သူရဲကောင်းဖြစ်တာ မဟုတ်ဘူး ။
ဦးနှောက်တစ်ခုကို အခြေပြုပြီး ပြတ်သားတင်းမာတဲ့-ဆုံးဖြတ်ချက်နဲ့အတူ တချို့လူတွေက အကျိုးအမြတ်ရဖို့အတွက် ရိုးသားခြင်းတွေကို ချနင်းနေပါစေ…မမှန်ကန်ရင် ငါ လိုက်မလုပ်ဘူးဆိုတဲ့အသိနဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကို တိုက်ထုတ် ပစ်ခဲ့တဲ့ ကျွန်မဟာ ကျွန်မရဲ့ကိုယ်ပိုင်ဘဝလေးထဲမှာတော့ သူရဲကောင်းပဲပေါ့ ။
      ဘယ်သူမှတော့ အသိအမှတ်မပြုဘူး၊ ဘယ်သူမှတော့ ဦးမညွတ်ဘူး ။ ဒါပေမဲ့ ကျွန်မရဲ့ရဲရင့်မှုအတွက် ကျွန်မကိုယ် ကျွန်မ လေးစားတန်ဖိုးထားတယ် ။ ဒါပေမဲ့…မိဘတွေအတွက်တော့ ကျွန်မဟာ တာဝန်မကျေတဲ့ သမီးမိုက်တစ်ယောက် ဖြစ်ခဲ့ပြီလေ ။ ဒီတစ်ခုပဲ…။ ဒီတစ်ခုပဲ ကျွန်မ စိတ်မကောင်းဖြစ်မိတာ ။

PPP

       ငယ်ငယ်လေးကတည်းက ပကာသနတွေကို မုန်းတီးရွံရှာခဲ့တာပါ ။ တစ်ယောက်နဲ့တစ်ယောက် အကျိုးမရှိတဲ့ကိစ္စ တွေမှာ ဂုဏ်တုဂုဏ်ပြိုင်တွေ လုပ်နေကြတာကို ကျွန်မ သိပ်ရွံမုန်းတာပဲ ။
      အရေးမပါလိုက်တာ…။ အတန်းထဲမှာ အဆင့်(၁)ရမှ လူဖြစ်တာ မဟုတ်ပါဘူး ။ ရယ်ချင်သေးရဲ့…သင်ရိုးညွှန်းတမ်း စာအုပ်သေးသေးလေးကို အမြီးပြန်ခေါင်းပြန် မဖတ်ဘဲ ပါမယ်လို့ ကျူရှင်ဆရာမ ပြောတာတွေကို အလွတ်ရအောင် ကျက် ၊ တချို့ဆို သင်္ချာပုဒ်စာတွေကိုတောင် အလွတ်ကျက်သွားကြတာတဲ့ ။
      အထဲမှာပါတဲ့ သဘောတရားတွေ ၊ လေးနက်တဲ့ ဗဟုသုတအသိပညာတွေကို အတုယူမှတ်သားဖို့အတွက် ဘယ် ကျောင်းသားမှ အချိန်မပေးကြဘူး ၊ ဘယ်ဆရာမကမှလည်း သင်မပေးကြဘူး ။ သိချင်တာလေးတွေ လျှောက်မေးမိတဲ့ အခါကျ ကျွန်မက လူရွတ်ကြီးလုံးလုံးဖြစ်ရော ။
  “ သင်ရိုးထဲက,ကဗျာကို အလွတ်ရဖို့က အဓိက ၊ ကဗျာထဲကဒဿနနဲ့ ဆယ်နှစ်ကျော်-ကျောင်းသူတစ်ယောက်နဲ့
     ဘာဆိုင်သလဲ…”  တဲ့ ။
ဆရာမရဲ့တုံ့ပြန်စကားက ။ ကျွန်မ တကယ်ပဲ ထိတ်လန့်နှုတ်ဆွံ့သွားခဲ့မိတယ် ။ ကျွန်မ ကြုံခဲ့ရတဲ့ကျောင်းတစ်ခုမှာပေါ့ လေ… ကျောင်းတိုင်းတော့ ဟုတ်မယ်မထင်ပါဘူး ။
      ဟုတ်မှာပါ…ကျွန်မဟာ အဆိုးမြင်ဝါဒသမားပဲ ဖြစ်လိမ့်မယ် ။ အဲဒါကြောင့်ထင်ရဲ့…။ ကျောင်းသားဘဝဟာ ကျွန်မ ကို ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းစေခဲ့တယ် ။ မိဘတွေအပေါ် တာဝန်ကျေချင်စိတ်တစ်ခုတည်းနဲ့ ကိုယ်တိုင် စိတ်ကုန်စိတ် ပျက်မိတဲ့ စာမေးပွဲဆိုတဲ့အရာကြီးအတွက် နားမလည်တဲ့စာတွေကို ကျွန်မ အလွတ်ကျက်မှတ်ခဲ့ရတယ် ။
      အဲဒီတုန်းက မိဘတွေအပေါ်မှာ ကျွန်မ တာဝန်ကျေခဲ့ပါတယ် ။ ကျွန်မဘဝမှာ ကျရှုံးခြင်းဆိုတာ မရှိခဲ့ဖူးဘူး ။ စာတော်အောင်ဆိုပြီး ပိုက်ဆံအကုန်အကျခံ  ၊ အပ်နှံထားတဲ့ အဲဒီကျောင်းမှာ ကျွန်မဟာ အဆင့်(1) to (10) အမြဲဝင် အောင် ကြိုးစားနိုင်ခဲ့တယ် ။ အနှစ်မဲ့မဲ့ယှဉ်ပြိုင်ပ,လွှားမှုတွေကြားမှာ ပျော်ဝင်တတ်အောင် ကိုယ့်ကိုယ်ကို ဇွတ်နှစ်ထားခဲ့ ပေမဲ့…ကျွန်မလေ ထောင်နန်းစံနေရသလိုပဲ ။ နည်းနည်းမှ မပျော်ရွှင်ခဲ့ရဘူး ။
     အပြောင်းအလဲမြန်တဲ့ မျက်နှာတွေ ၊ စေတနာမပါတဲ့ သင်ကြားမှုတွေ ၊ ဖတ်ရှုမှတ်သားထားတဲ့ ပညာရှိဆိုရိုးစကား တွေနဲ့ တခြားစီဖြစ်နေတဲ့ ဆရာသမားတချို့တလေ…အဲဒါတွေက ကျွန်မရဲ့စိတ်ကို အနာတရဖြစ်စေခဲ့တယ် ။ ဘယ်လိုမှ ကို လိုက်လျောညီထွေ နေလို့မရခဲ့ပါဘူး ။ လိုက်လျောညီထွေ-ဆိုတဲ့စကားလုံးက ကျွန်မအဖို့တော့ တော်တော်လေး အလှမ်းဝေးနေခဲ့တယ် ။ ခုထက်ထိလည်း အလှမ်းဝေးနေဆဲပဲ ။
     ကျောင်းသားဘဝမှာ ကျွန်မကို ပျော်ရွှင်မှုတွေ အခိုက်အတန့်ပေးနိုင်တာ ကာတွန်းစာအုပ်တွေပါ ။ အဲဒီအချိန်တုန်း က (ဆရာ)ဆွေမင်း(ဓနုဖြူ)ရဲ့တွတ်ပီကာတွန်းတွေ ခေတ်စားနေခဲ့တယ် ။ တောတွင်းအတွေ့အကြုံနဲ့ တောနေလူတန်း စားရဲ့ဘဝကို အဲဒီကာတွန်းတွေကတဆင့် ကျွန်မ သိရှိခဲ့ရတယ် ။
      နောက်ထပ် ကျွန်မကို စွဲလမ်းစေခဲ့တဲ့ ကာတွန်းဇာတ်ကောင်ကတော့ (ဆရာ)မင်းဇော်ရဲ့ဘိုဘိုနဲ့အီးတီ ။ တီထွင်မှု အသစ်အဆန်းအမျိုးမျိုးကို ပြုလုပ်ပြတတ်တဲ့ အီးတီက ကျွန်မရဲ့မြင်ဆရာတစ်ယောက်လိုပါပဲ ။ ကျွန်မလေ…ကလေး ဘဝတုန်းက သူ့ကို သိပ်အားကျခဲ့တယ် ၊ သဘောကျခဲ့တယ် ။
      ကျွန်မသာ အီးတီဆိုရင် စာတွေကို သိသိ / မသိသိ ၊ တတ်တတ် / မတတ်တတ် ၊ နားလည်လည် / မလည်လည် စာမေးပွဲအောင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ကျက်မှတ်နေရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ဘဝကို ကယ်တင် နိုင်ဖို့အတွက် တစ်ခုခုကို တီထွင်ပေးမိမှာ သေချာတယ် ။
        
PPP

        ကျွန်မက အမှန်တရားကို ချစ်လေ…မတရားမှုက ကျွန်မကို မုန်းလေ…။ သူ အခွင့်သာတာနဲ့ ကျွန်မအပေါ်မှာ ကြီးလေးတဲ့ပြစ်ဒဏ်တွေ စီရင်ချက်ချလေ ။
        ဒီလိုနဲ့ မမြင်ရတဲ့ကံကြမ္မာနတ်ဆိုးက ကျွန်မကို တစ်ချိန်လုံး အညှိုးနဲ့စောင့်ကြည့်နေသလား အောက်မေ့ရလောက် အောင် ကံဆိုးခြင်းနဲ့ကံကောင်းခြင်းတွေက ကျွန်မဘဝမှာ အလှည့်ကျဝင်တိုက်နေကြတယ် ။
        ကျွန်မရဲ့ဘဝမှာ လိမ်တာနဲ့ခိုးတာကို အမုန်းဆုံးပါ ။ ကျွန်မ ရိုးသားစွာ ဝန်ခံရဲတယ် ။ ကျွန်မဘဝမှာ သီလငါးပါး အနက် ပါဏာတိပါတာကံတစ်ပါးပဲ ကျူးလွန်တာများတယ် ။ တစ်ခါတလေ ခြင်သတ်မိတာ ၊ တစ်ခါတလေ ပုရွက်ဆိတ် သတ်မိတာတွေကြောင့် ဒီသီလတစ်ပါးကတော့ နေ့စဉ်ရက်ဆက် ထိန်းသိမ်းဖို့ ခက်ပေမဲ့ ကျန်တဲ့လေးပါးကို လုံခြုံအောင် အမြဲလိုလို စောင့်ထိန်းနိုင်ခဲ့တယ် ။
       အစ်မကတော့ ဝမ်းသာအားရချီးကျူးဖူးတယ် ။
   “ နင်က လူကြားထဲမှာ လူထူးလူဆန်းကြီးဖြစ်နေပေမဲ့ ဆန်းပါစေဟာ ။ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းဖို့
     ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ။ အထူးသဖြင့် လောကမှာ မုသာဝါဒက ထိန်းရအခက်ဆုံးပဲ ။ ငါဆို နေ့တိုင်း
     နီးပါး အဲဒီသီလကို ချိုးဖောက်နေရတာ ။ မဖောက်လို့လည်း မရဘူးဟ ။ လူကြားထဲနေရင် မုသားဆင်မှ လူချစ်
     လူခင်ပေါတာ ။ မဟုတ်ရင်တော့ နင့်လို လူမုန်းများတဲ့ လူ့ဂွစာပဲဖြစ်မှာ…”
တဲ့ ။ ရယ်ကျဲကျဲနဲ့ ချီးမွမ်းခဲ့ဖူးရဲ့ ။ မုသားတွေက လူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဆိုရင် ကျွန်မဟာ အဲဒီလူ့အဖွဲ့အစည်း ထဲက ခွဲထွက်ဖို့ကြိုးစားနေတဲ့ ရူးသွမ်းသွမ်းလူသားတစ်ယောက်ပဲဆိုပါတော့ ။
        ပြောရရင်တော့ သူ့စကားကလည်း မမှားပါဘူး ။ လူတော်တော်များများက လိမ်မှညာမှ ကြိုက်ကြတာ ။ လိမ်ရင်း ညာရင်း ခိုးဝှက်နေကြတာကို တွေ့မြင်ရတော့ ကျွန်မလေ…ဒေါသလည်းထွက် ၊ စိတ်လည်းပျက်မိတယ် ။ ခိုးဝှက်ခြင်း တစ်နည်းပြောရရင် စာမေးပွဲမှာ စာခိုးချခြင်းဆိုတဲ့အလုပ်ဟာ တကယ်တော့ မဖြစ်သင့်တဲ့အလုပ်ပါ ။ ကျွန်မကတော့ အဲဒီလိုပဲ လက်ခံထားတယ် ။
        ကိုယ့်ရဲ့အရည်အချင်းကို စစ်ဆေးတဲ့စာမေးပွဲမှာ စာခိုးချမယ် ၊ တစ်ယောက်နဲ့တစ်ယောက် ရှဲ(share)ပြီး ဖြေဆို မယ်ဆိုရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ ။ ဒါပေမဲ့…အတန်းစောင့်ဆရာမတွေအပါအဝင် တစ်တန်းသားလုံးနီးပါး လက်ခံ ထားတဲ့ကိစ္စဖြစ်နေတော့ ကျွန်မ ဘာတတ်နိုင်မှာလဲ ။ အမှားက အမှန် ၊ အမှန်က အမှား ဖြစ်နေခဲ့ပြီပဲကိုး ။
        စာမေးပွဲကို ဗဟိုပြုထားတဲ့ပညာရေးစနစ်တစ်ခု ဖြစ်နေသရွေ့တော့ ဒီပုံစံ ၊ ဒီအချိုးကနေ ဘယ်တော့မှ လွတ် မြောက်မှာ မဟုတ်ဘူးလို့ ကျွန်မ မကြာခဏ တွေးမိတယ် ။ အဲဒီလိုတွေးမိတိုင်း နာကျည်းချက်တွေက အဇ္ဈတ္တထဲမှာ အမောက်ပြန်ထောင်လာပါရော ။
        ပါချုပ်ကိုယ်တိုင် နာမည်ဆိုးနဲ့ အထုတ်ခံလိုက်ရတဲ့-သတင်းတစ်ပုဒ် မလာခင် ကျွန်မတို့အတွက် ကံဆိုးခြင်းတွေ အရင်ရောက်ခဲ့တဲ့နှစ်…ကျွန်မတို့ရဲ့နောက်ဆုံးပညာသင်နှစ်လည်းဖြစ်တဲ့ ကံကြမ္မာနတ်ဆိုး အကွက်ရွှေ့ခဲ့တဲ့နှစ် ။
      ပေးထားတဲ့ဘတ်ဂျက်တွေကို လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက်အသုံးမပြုဘဲ ကိုယ်ကျိုးရှာခဲ့တဲ့ မတရား မှုတချို့ကို ပြည်ဖုံးကားချဖို့အတွက် အထက်လူကြီးအပေါ် မျက်နှာလိုမျက်နှာရနဲ့ ကျွန်မတို့အတန်းသားအားလုံးနီးပါးကို ထိုးအပ်တွန်းချပစ်ခဲ့တဲ့ဖြစ်ရပ်က ခုချိန်ထိ အိပ်မက်ဆိုးတစ်ခုလို ကျွန်မကို ချောက်လှန့်နေတုန်းပဲ ။
      အရည်အချင်း မပြည့်မီလို့တဲ့…မြတ်စွာဘုရား…သင်ကြားမှုပုံစံတွေကိုလည်း အရင်ကြည့်ပါဦးလား ။ အားလုံး သိကြ တဲ့ကိစ္စပါ ။ ကျွန်မ ထူးပြောစရာမလိုပါဘူး ။ နာကျင်မုန်းတီးစိတ်၊ အာဃာတဒေါသတွေကို တရားအမြိုက်ဆေး တိုက် ကျွေးရင်း ကျွန်မကိုယ်ကျွန်မ ခုထက်ထိ တရားချနေရဆဲ ။
        အရင်းစစ်လိုက်တော့ အဆင့်ဆင့် မတရားမှုတွေ ၊ လာဘ်ပေးလာဘ်ယူမှုတွေပေါ့ ။ အဲဒီအောက်မှာ တရားပန်း တချို့ သေကြေခဲ့ရတယ် ။ တရားပန်းစစ်စစ်တွေ…။ တရားမျှတခြင်းတွေကို ဆင့်ပွားပေးမယ့် ပန်းကလေးတွေ…အညွန့် တလူလူဖူးပွင့်နေချိန်မှာပဲ သေကြေပျက်စီးခဲ့ရတယ် ။

PPP

        ကျွန်မရဲ့သူငယ်ချင်းတစ်ယောက် ။ သူ သိပ်ရိုးတယ် ။ သိပ်လည်း ကြိုးစားတယ် ။ ဒါပေမဲ့ အယောက်(၁၀၀)ရှိတဲ့ အနက် (၈၀)ကျော် စာမေးပွဲ အချခံရတဲ့ အတန်းသားတွေနဲ့အတူ သူလည်းပဲ စာမေးပွဲ ကျတယ် ။ သူ ပြောဖူးတယ် ။ ဒီနှစ် ကျောင်းပြီးရင် အမေတို့ကို ပြန်လုပ်ကျွေးရမှာတဲ့ ။ ဒါပေမဲ့ သူ စာမေးပွဲ ကျသွားတယ် ။ သူ့ပယောဂ မပါဘဲနဲ့ ။
       သူ အတွေးမထူဘူး ။ ကျွန်မ တွေးသလောက် ရှည်ရှည်ဝေးဝေးတွေ သူ မတွေးတတ်ဘူး ။ ခေတ်တွေ စနစ်တွေ လာဘ်စားမှုတွေအကြောင်း သူ နားမလည်ဘူး ။ ခပ်ရိုးရိုးပဲ သူ တွေးတယ် ။ ခါတိုင်းနှစ်တွေ အောင်ရဲ့သားနဲ့ ဘာဖြစ်လို့ ဒီနှစ်ကျရတာလဲ ။ ခက်မယ်ထင်လို့ ငါ စာအကုန်ကျက်ခဲ့ပါတယ် ။ ငါ အစွမ်းကုန်ကြိုးစားခဲ့တာပါတဲ့ ။ မျက်ရည်တွေကျ လို့ ၊ ရှိုက်ကြီးတင်ငိုလို့ ။ ကျွန်မလေ သူ့အစား ရင်နာလိုက်တာ ။
      သူ ကျောင်းဆက်မတက်နိုင်တော့ပါဘူး ။ သူ့အဖေက အဲဒီနှစ်ပဲ ဆုံးသွားပါပြီ ။ အခု သူ တောမှာ ဆရာမ ပြန်လုပ် နေတယ် ။ နောက်ဆုံးနှစ်အထိ ကျောင်းတက်ခဲ့ပေမဲ့ သူ ဘွဲ့ရမသွားရှာဘူး ။ ဖခင်ဖြစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းမပေးနိုင် တဲ့အတွက် သူ့တစ်သက်တာပတ်လုံး နောင်တရနေမှာ သေချာပါတယ် ။
      သူက နယ်ကနေ ကျောင်းလာတက်နေရသူ ။ ကျပြီးနောက်တစ်နှစ်ကို ဘယ်လိုမှ ပြန်တက်ဖို့ အဆင်မပြေပါဘူး ။ နောင် အဆင်ပြေမှ ကျောင်းပြန်တက်ချင်ပေမဲ့ externalနှစ်မှာ မဖြေရင် ကျောင်းထွက်ရမယ်ဆိုတဲ့(အဲဒီနှစ်ကမှ ထုတ် ပြန်လိုက်တဲ့)စနစ်သစ်ကြောင့် သူ့အဖို့ ကျောင်းတက်ခွင့်မရှိတော့ဘူး ။ ရယ်စရာကောင်းလိုက်တဲ့စနစ်တွေ…။ တစ်နိုင်ငံ လုံး စီးပွားရေး နိုင်ငံရေး ပြေလည်နေတာဆိုတော့ ဒီလိုစနစ်တွေ ကျင့်သုံးသင့်တာပေါ့လေ ။ ကျွန်မ အော်လို့သာ ရယ် လိုက်ချင်တယ် ။ တိုတိုနဲ့လိုရင်းဆိုရရင် ရိုးသားကြိုးစားတဲ့-အဲဒီသူငယ်ချင်း ဘွဲ့မရခဲ့ဘူး ။
        သူ့လိုလူမျိုးတွေ ကျွန်မအသိထဲမှာတင် လေး/ငါးယောက်မက ရှိတယ် ။ အဲဒီပန်းကလေးတွေအတွက် ခုထက်ထိ ကျွန်မ ယူကြုံးမရဖြစ်နေတုန်းပဲ ။ ဒီမတရားမှုကြီး လှလှပပပြီးဆုံးသွားချိန်အထိ အမှန်တရားက ရောက်မလာခဲ့ပါဘူး ။ ဟုတ်လိုက်လေ ။ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးသားပဲ ။
   “ မတရားမှုက ကမ္ဘာပတ်ပြီးချိန်မှာ အမှန်တရားက ဖိနပ်စီးနေတုန်း…”
တဲ့ ။ မှန်လိုက်တာ ။ မုန်းလိုက်တာ ။ ကျွန်မကိုယ်ကျွန်မလည်း မုန်းချင်လာပြီ ။
       ကျွန်မလေ…ဘယ်မှာမှန်း မသိတဲ့ အမှန်တရားကိုလည်း လှမ်းအပြစ်တင်မိတယ် ။ နောက်ပြီး…ဒီကိစ္စကို ဖွင့်ချလို့ ခေတ်စားနေတဲ့ဆန္ဒပြမှုကိုတောင် မလုပ်ဝံ့ခဲ့တဲ့ ၊ ဆန္ဒတောင် ထွက်မပြဝံ့ခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိတယ် ။
       ဆန္ဒပြတော့ရော ဒီခေတ်ဒီအချိန်မှာ ဘယ်သူကများ အဖက်လုပ်မှာတဲ့လဲ ။ ဆန္ဒထွက်ပြလို့ ဒီမတရားမှုကြီးက နိဋ္ဌိတံသွားမှာ သေချာလို့လား ။ နောက်ပြီး…ဆန္ဒပြခြင်းရဲ့နောက်ဆက်တွဲကို ကျွန်မက ခံနိုင်ရည်ရှိပေမဲ့ ကျွန်မရဲ့မိဘ နှစ်ပါးက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာ အသေအချာ ။ ဒီတော့လည်း… နောက်ဆုံးမှာ မတရားမှုကပဲ အောင်လံ တလူလူ စိုက်လွှင့်ထူလို့……။

PPP

       မနက်မိုးလင်းတိုင်း ကျွန်မ အမြဲတွေးနေမိဆဲပါ ။
- ငါဟာ ကမ္ဘာလောကအတွက် ဘယ်လောက်များ အကျိုးပြုခဲ့ပြီးပြီလဲ …
အဖြေက အားရစရာမရှိပါဘူး ။ ကျွန်မက သာမညမိန်းမတစ်ယောက်လောက်တောင်မှ အရည်အချင်း မပြည့်မီသူပါ ။
      ကြီးမြတ်လေးနက်တဲ့-စိတ်ကူးယဉ်အိပ်မက်တွေ ရှိနေပေမဲ့ အဲဒီအိပ်မက်တွေကို မှီအောင်မလိုက်နိုင်တဲ့ ခပ်ချာချာ လူညံ့လူကြောက်တစ်ယောက် ။



  

                                                                                                          စေတနာရှေ့ထားလျက်…                                                                                                                    
                                                                        ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။