မသိစိတ်ရဲ့နောက်
( ၂၀၁၂ နိုဝင်ဘာလထုတ် ပြစ်မှုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
--------------------------------------------------------------------------------------------------------------
ဘာရယ်…ဘာရယ်…။
တစ္ဆေသရဲအကြောင်း ပြောပြရမယ် ဟုတ်လား ။ ကဲ…ဒါဆို မင်းတို့ရဲ့အမြင်ကို အရင်ပြော
ပါဦး ။ မင်းတို့ကရော သရဲဆိုတာကို ဘယ်လိုအရာလို့များ ယူဆထားကြသလဲ? သရဲဆိုတာ
တချို့လူတွေ ပြောတတ် ကြသလို မျက်လုံးကြီးတွေက လင်ကွင်းလောက် ၊ လျှာနီနီရဲရဲကြီးက
တစ်လံလောက် ၊ အရပ်က ထန်းပင်ရဲ့အမြင့် လောက်…အဲ့ဒီလို ကြောက်မက်ဖွယ်အဆင်းတွေနဲ့လို့
ယူဆကြသလား ။ ဒါကတော့ ကိုယ့်အယူအဆနဲ့ကိုယ်မို့ ငါ မငြင်းလိုပါဘူး ။ ဒါပေမဲ့…ငါ့အတွက်တော့
တေစ ၦသရဲဆိုတာ လွပတဲ့-လွည့္စားမွဳတစ္ခုသက္သက္ပါပဲ…။
တာဝန်ကျရာနယ်မြို့လေးဆီသို့ ကျွန်မ စီးနင်းလိုက်ပါလာသော-expressဘတ်စ်ကားကြီး
ဆိုက်ရောက်သွားချိန် မှာတော့ ညနေ(၆)နာရီ ထိုးနေချေပြီ ။ သည်ဒေသကို ပထမဆုံးအကြိမ်
ရောက်ရှိလာသူ-ကျွန်မအတွက် အရာအား လုံးဟာ အစိမ်းသက်သက်ချည်းမို့ မျက်စိသူငယ်၊ နားသူငယ်နှင့်
။ မြေပုံထဲတွင် ညွှန်ပြထားသည့်အတိုင်း ရထားသံ လမ်း၏တစ်ဖက် လမ်းကွေ့တစ်နေရာသို့အရောက်
ကျွန်မ အထုပ်အပိုးများကိုဆွဲကာ ကားပေါ်မှ ဆင်းလာလိုက်၏ ။ ကားကြီးက ကျွန်မကို
ထားရစ်ခဲ့ပြီး ဆက်လက်ထွက်ခွာသွားပြီ ။
ကျွန်မလည်း ခရီးဆောင်အိတ်ကို မနိုင့်တနိုင်သယ်မ,ရင်း
ဟိုဟိုသည်သည်မျက်စိကစားလိုက်တော့ မှောင်စပျိုးနေ ပြီဖြစ်သော-ပတ်ဝန်းကျင်တွင်
သက်ရှိလူ တစ်ဦးတစ်ယောက်မျှ မတွေ့ရ ။ တစ်ကြိမ်တစ်ခါမျှ မရောက်ရှိဖူးသည့် ရွှေ
ကန်ကြီးဟူသော-ကျေးရွာသို့ ကျွန်မ မည်သို့သွားရပါ့မလဲ။ စိတ်ပျက်လက်ပျက်ဖြင့်
သက်ပြင်းချရင်း ကျွန်မ ကားလမ်း အတိုင်း လျှောက်လာလိုက်သည် ။ ရုတ်တရက်
လမ်းကွေ့တစ်ခုသို့အရောက် လူတစ်ယောက်နှင့် ပက်ပင်းဆုံလေ၏ ။
လူစိမ်းက ကျွန်မကို မျက်လုံးအဝိုင်းသားဖြင့်
တအံ့တသြစိုက်ကြည့်နေသည် ။ ကျွန်မ၏ပုံစံက ဘာများထူးဆန်းနေ လို့ပါလိမ့် ။
မလုံမလဲဖြင့် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိ၏ ။ မြန်မာဝတ်စုံရိုးရိုးယဉ်ယဉ်ကို
အိနြေ္ဒရရဝတ်ဆင်လာသော ကျွန်မ၏ပုံစံက ခေတ်လွန်ခြင်း ၊ ခေတ်ဆန်ခြင်းလည်း မရှိပါဘဲ
ဤရွာသားက ဘာဖြစ်ရတာလဲ ။ မျက်နှာစိမ်းမို့ ထိုသို့ ဆက်ဆံခြင်းလည်းဖြစ်နိုင်သည် ။ မည်သို့ပင်ဖြစ်စေ…ကျွန်မကတော့
သူ့ကို တွေ့မြင်လိုက်ရ၍ ဝမ်းသာသွားမိသည် ။ မသွားတတ်မလာတတ်
စမ်းတဝါးဝါးဖြစ်နေရသူ-ကျွန်မအဖို့ နတ်လမ်းညွှန်နှင့် ဆုံလိုက်ရသလိုပါပဲ ။ ရွှေကန်ကြီးရွာသို့
သွားလမ်းကို ထိုသူအား မေးလိုက်မိသည် ။
“ ဟို…ဟိုလေ … ကျွန်မ ရွှေကန်ကြီးကျေးရွာကို
သွားချင်လို့ပါ ။ ဘယ်လို သွားရမလဲဟင်? ”
လည်ကတုံးလက်ရှည်အဖြူနှင့်ပုဆိုးအပြာကို
အလှူသွားမည့်သူကဲ့သို့ ဝတ်ဆင်ထားသောထိုသူမှာ ကျွန်မကို ခြေဆုံး ခေါင်းဆုံးတစ်ချက်ကြည့်ပြီး…
“ ဒီလမ်းအတိုင်း သွားရမှာခင်ဗျာ့ ။ ကျွန်တော်က
ရွှေကန်ကြီးရွာသားပါ ။ ဒီက ညီမလေးက မူလတန်းကျောင်း
အတွက် မြို့ကလွှတ်လိုက်တဲ့ ဆရာမလေးထင်ရဲ့ ။”
“ ဟုတ်…ဟုတ်ပါတယ်ရှင့် ။ ကျွန်မက ဆရာမ
ဒေါ်နှင်းဝတ်ရည်ပါ ။”
“ သြော်…ကျောင်းဆရာမလေးကိုး ။ ကျွန်တော့်နာမည်က
မြဟန်ပါ ။ ကဲ…ပေးပါ ။ ကျွန်တော် ကူဆွဲပေးပါမယ် ။”
မြဟန်ဆိုသူက
ကျွန်မလက်ထဲမှ ခရီးဆောင်အိတ်ကို ဆွဲယူလိုက်၏ ။ ငြင်းချိန်ပင် မရလိုက်ဘဲ
ကျွန်မ၏ခရီးဆောင် အိတ်က သူ့လက်ထဲသို့ ပါသွားလေသည် ။
ကျွန်မ ကိုမြဟန်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်
။ အသားလတ်လတ်/အရပ်မြင့်မြင့်နှင့် သူ့ပုံစံက လူရိုး လူအေးတစ်ယောက် ဖြစ်ပုံရသည် ။
သို့ပေမဲ့ ထူးခြားနေသည်က သူ့ခြေထောက်တစ်ဖက် ။ လမ်းလျှောက်လိုက်တိုင်း ထော့နဲ့ထော့နဲ့
ဖြစ်နေသည် ။ သံသယစိတ်ကြီးသည်ဟုပင်ဆိုဆို…ဤသို့သော တောလမ်းခရီးကို ယခုမှရင်းနှီးကျွမ်း
ဝင်သူနှင့် ကျွန်မ ခရီးအတူ မသွားလိုပေ ။ သို့သော်လည်း ကျွန်မ ဘာတတ်နိုင်မှာလဲ ။
တစ်ကြိမ်တစ်ခါမျှ မရောက်ဖူး သော အရပ်ဒေသဖြစ်နေသည်မို့ စိတ်ကို ဒုန်းဒုန်းချကာ ကံကိုသာ
အားကိုးရင်း ထိုသူနှင့်အတူ လျှောက်လာခဲ့ရလေ ပြီ ။
“ ဆရာမ ဒီကို တစ်ခါမှ မရောက်ဖူးဘူးထင်တယ် ။”
“ ဟုတ်ကဲ့ ။ ဒါပထမဆုံးပါပဲ ။”
ကျွန်မက
ပြောစရာစကားမရှိ၍ ငြိမ်နေတော့ ကိုမြဟန်က စကားရှာကာ မေး၏ ။ ကျွန်မလည်း ကိုမြဟန်၏အမေးကို
အလိုက်သင့်ဖြေလိုက်သည် ။ ကျေးရွာနေသူပီပီ လောကွက်ပြုလိုဟန် ၊ ဖော်ရွေပျူငှာလိုဟန်တူသည်
။
“ ဒါ့ကြောင့် ဒီအချိန်လောက်ကြီး လာရဲတာကိုး ။
ရွာခံလူတွေဆို များသောအားဖြင့် ဒီလမ်းကို မနက်/နေ့လည်ပဲ
လာရဲကြတာ ။ ခရီးကလည်း ဝေးသကိုး ။
နောက်ပြီး…”
ကိုမြဟန်က
ထိုနေရာ၌ စကားကိုရပ်ကာ ကျွန်မ၏မျက်နှာကို တစ်ချက်လှည့်ကြည့်လိုက်၍ ကျွန်မ့ရင်ထဲ ထိတ်ခနဲဖြစ်
သွား၏ ။ ဘုရား…ဘုရား…ဒီလူက လူကောင်းမှ ဟုတ်ရဲ့လား ။ ကျွန်မကို ပစ္စည်းလုဖို့များ
ကြံရွယ်နေလေပြီလား ။
“ နောက်ပြီး…ဘာ…ဘာဖြစ်လဲဟင် ?
ဟို…ဓါး…ဓါးပြရှိလို့လား ? ”
ကျွန်မမှာ
စိတ်ထိန်းနေသည့်ကြားကပင် ဟန်မဆောင်နိုင်ဘဲ ထိတ်ထိတ်ပြာပြာမေးလိုက်မိသည် ။ ကျွန်မ့အမေး
ကြောင့် ကိုမြဟန်က ၀ိုင်းစက်သောမျက်ဝန်းများဖြင့် ကျွန်မကို
တအံ့တသြလှည့်ကြည့်ပြီးနောက်…
“ အဟား…ဟား…မဟုတ်ရပါဘူး ဆရာမရယ် ။
ကျွန်တော့တို့ တောင်သူလယ်သမားတွေက အနေဆင်းရဲပေမဲ့
စိတ်ထား ဖြူစင်ရိုးသားကြပါတယ် ။ ဆရာမ
ထင်သလို မဟုတ်ရပါဘူးဗျာ ။”
ကျေကျေလည်လည်ရှင်းပြသောထိုစကားတွေကြောင့်
ကျွန်မ ကိုမြဟန်ကို အားနာသွားမိသည် ။ သြော်…ငါ့နှယ်…
ကိုယ့်ကို
ကူညီသူကိုမှ မထင်လွဲမိလေခြင်း ။
“ တောင်းပန်ပါတယ်ရှင် ။ ကျွန်မက
မိန်းမသားမို့ အစိုးရိမ်ပိုသွားမိတာပါ ။”
“ ရပါတယ်…ဆရာမရယ် ။ သြော်…ကျွန်တော်ပြောချင်တာက
ဒီလမ်းက နည်းနည်းကြမ်းတယ် ။”
“ ကြမ်းတယ်…ဟုတ်လား။ ဘာကြမ်းတာလဲ?
သြော်…ကျွန်မက မြို့သူဆိုပြီး အထင်သေးတာလား ။ မြို့သူဆိုပေမဲ့
လမ်းကြမ်းတော့ မကြောက်ပေါင်ရှင် ။
ငယ်ငယ်တုန်းက နယ်မှာ နေဖူးပါတယ် ။”
ကျွန်မက
ပေါ့ပေါ့ပါးပါးခွန်းတုံ့ပြန်လိုက်သော်ငြား ကိုမြဟန်ကတော့ ကျွန်မ၏စကားအပေါ်
စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါငြင်းဆိုရင်း…
“ ကြမ်းတယ်ဆိုတာ လမ်းကြမ်းတာ မဟုတ်ဘူး
ဆရာမရဲ့ ။ သရဲအချောက်ကြမ်းတာကို ပြောတာ ။ ကျွန်တော်
တောင် ဆရာမနဲ့ မတွေ့ရင် ကားလမ်းဟိုဘက်က
သူငယ်ချင်းရဲ့အိမ်မှာ သွားအိပ်မလို့ ။”
ကိုမြဟန်က
အသံခပ်တိုးတိုးဖြင့်ဆိုရင်း ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်သေးသည် ။ ပုံစံက
မမြင်ရသည့်တစ်စုံတစ် ရာကို ကြောက်ရွံ့နေဟန် ။ ကိုမြဟန်၏စကားအဆုံးတွင် ကျွန်မ
ပြုံးလိုက်မိသည် ။ လောကတွင် ကျွန်မ မယုံကြည် ဆုံးအရာက သရဲတစ္ဆေပင် ။
သရဲတစ္ဆေဟူသည်မှာ လူတွေ၏စိတ်ချောက်ချားမှုကြောင့် မရှိကို အရှိထင်သည့်အရာ ဟု ကျွန်မ
ခံယူထားသည် ။
“ ကိုမြဟန်ကလည်း ကျွန်မ သရဲဆိုတာကို
မယုံကြည်ဘူးရှင့် ။ ဒါတွေက လူ့ရဲ့စိတ်က ထင်ယောင်ထင်မှားဖြစ်တာ
တွေပါ ။”
ခပ်အေးအေးဆိုလိုက်သော
ကျွန်မစကားကြောင့် ကိုမြဟန်က တစ်စုံတစ်ခုကို ပြောပြရန် ပါးစပ်ပြင်လိုက်ပြီးမှ အသာ ပြန်ငြိမ်နေပြီး
ထိုကိစ္စနှင့်ပတ်သက်၍ နောက်ထပ် ဘာမျှထပ်မပြောတော့ချေ ။
ဆောင်းလေအေးက ခပ်သွဲ့သွဲ့လေး
တိုက်ခတ်လိုက်သဖြင့် ကျွန်မ အေးခနဲခံစားလိုက်သည် ။ တော်ပါသေးရဲ့… အပေါ်က အနွေးထည်
ထပ်ဝတ်လာမိ၍သာ ။ မဟုတ်လျှင် ရင်ကျပ်ရောဂါရှိသည့်ကျွန်မအဖို့ နေရခက်လိုက်မည်ဖြစ်
ခြင်း ။ ကောင်းကင်ထက်တွင် မာန်ဝင့်စပြုနေပြီဖြစ်သည့်-လရောင်အောက်မှာမို့ ပတ်ဝန်းကျင်က
အနည်းငယ် လင်း ထိန်နေသည် ။ လမ်းဘေးတစ်ဖက်တစ်ချပ်တွင် ယိမ်းနွဲ့နေသော
သစ်ပင်ဝါးပင်များမှလွဲ၍ လူနေအိမ်ခြေမရှိ ။ နာရီ ကို ကြည့်လိုက်တော့ ( ၆ )နာရီခွဲ ။
“ ကိုမြဟန်…ရောက်ဖို့လိုသေးလား ?”
“ သိပ်မလိုတော့ပါဘူး ။ ဆရာမ မောနေပြီလား ။”
“ နည်းနည်းမောတာပါ ။ ဒါနဲ့ ကိုမြဟန်က ဘယ်သွားလို့လဲ
။ ဝတ်ကောင်းစားလှနဲ့မို့ မေးကြည့်မိတာပါ ?”
ကျွန်မက
ပျင်းပျင်းရှိသည်နှင့် အလာဘသလာဘ,သဘော မေးမြန်းလိုက်ခြင်းဖြစ်ပေမဲ့ ကျွန်မ၏အမေးကြောင့်
ကိုမြ ဟန်က ရှက်ရွံ့သွားသည် ။ ကျွန်မစကားထဲ ဘာများအမှားပါသွားလို့ပါလိမ့် ။
ကိုမြဟန်က ခေါင်းကြီးကို တွင်တွင်ငုံ့ ကာ ရှက်ကိုးရှက်ကန်းအမူအရာဖြင့်…
“ အဟီး…ဟို…ဟိုလေ…သူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာဆောင်က
ပြန်လာတာပါ ။ ကျွန်…ကျွန်တော်ကတော့
မစွံသေးဘူးပေါ့ဗျာ ။ ဟို…ဟို…ချစ်တဲ့သူ
မတွေ့သေးလို့ ။ ကျွန်တော်က တောသူတွေကို သဘောမကျဘူးဗျ ။”
“ သြော် …”
ကိုမြဟန်၏စကားက
ဘာကို ဆိုလိုချင်မှန်းမသိ ။ အသက်အရွယ်ကလည်း ကျွန်မနှင့် မတိမ်းမယိမ်းမို့ သူ့စကားက
အထင်လွဲချင်စရာ…။ သို့ကြောင့်…ကျွန်မလည်း ဘာမျှထပ်မပြောတော့ဘဲ စကားဖြတ်ကာ ဆိတ်ဆိတ်နေလိုက်၏
။ ခရီးကလည်း မရောက်နိုင်သေး ။ ဝေးလွန်းလှပါသည် ။ အအေးဓါတ်က ကဲသထက်ကဲလာ၏ ။
ကျွန်မမှာ ချမ်းစိမ့်စိမ့် ဖြစ်ကာ ရင်ထဲ မွန်းကျပ်လာ၍ အနွေးထည်ဇစ်ကို
လည်တိုင်နားအထိ ဆွဲတင်လိုက်ပြီး ရွာသို့ မြန်မြန်ရောက်စေရန် လမ်းလျှောက်နှုန်းကို
မြှင့်လိုက်သည် ။ ကိုမြဟန်ကတော့ ကျွန်မဘေးမှာ ထပ်ကြပ်မကွာ ကပ်လျက်ပါလာ၏ ။
ခပ်သွက်သွက်သွားနေသော ကိုမြဟန်၏ခြေလှမ်းများ
နှေးကွေးလာသည်ကို သတိပြုမိ၍ ကျွန်မလည်း ခေါင်းငုံ့ လျှောက်နေရာမှ ဦးခေါင်းကို
မော့ကာ ဟိုးရှေ့သို့ မျှော်ကြည့်လိုက်သည် ။ တွေ့လိုက်ရသည့်မြင်ကွင်းက သာမန်မိန်း
ကလေးများအဖို့ အသည်းယားဖွယ်ရာ ။ ကြောက်တတ်သူသာဆို…ဘေးမှလူ၏လက်ကို ဆွဲကိုင်မိမည်သာ
။ လက်ဝါး ကပ်တိုင်အချို့က ဟိုတစသည်တစ ပြန့်ကျဲလဲပြိုလို့ ၊ အုတ်ဂူဖြူဖြူတို့ကလည်း
ဟိုတစ်စုသည်တစ်စု ။ ယိမ်းနွဲ့အုံ့ဆိုင်း နေသော ဇရပ်အနီးရှိညောင်ပင်ကြီးက
မကောင်းဆိုးဝါးတစ်ကောင်နှယ် ။ ဇရပ်အိုကြီးကလည်း ပြိုပျက်လုနီးနီး ။ အရာအားလုံးက ကြောက်တတ်သူအဖို့
သွေးပျက်ချင်စရာပင် ။
“ အဲ့…အဲဒါ ရွာသင်္ချိုင်းလေ ။ အချောက်အလှန့်
အရမ်းကြမ်းတာ ။ ဟိုတလောက ကျွန်တော့်သူငယ်ချင်း အမဲသား
ထုပ်နဲ့ ပြန်လာတာ ၊ ညောင်ပင်ပေါ်က
လှမ်းဆွဲလို့ ထွက်ပြေးလိုက်တာ ကံကောင်းလို့ အမောဆို့ မသေတယ် ။”
ကိုမြဟန်၏ပုံစံက
ကျွန်မကို ချောက်လှန့်လို၍ တမင်တကာ ဖန်တီးပြောဆိုနေပုံမျိုး မဟုတ်ပါ ။
သူကိုယ်တိုင် ယုံယုံ ကြည်ကြည်ကြားသိခဲ့ရသည့်အကြောင်းအရာတစ်ခုကို အထိတ်ထိတ်အလန့်လန့်ဖြင့်
ပြန်ပြောင်းပြောပြနေရပုံ…။
“ ဟင်း…ဟင်း…ဒါက စိတ်က ချောက်ချားတာပါရှင် ။ သရဲဆိုတာ
တကယ် မရှိပါဘူး ။ တကယ်များ ရှိခဲ့ရင် ကျွန်မ
ကတော့ အဲ့ဒီသရဲနဲ့ တစ်ခါလောက်ဖြစ်ဖြစ်
တွေ့လိုက်ချင်တယ် ။”
ကျွန်မကလည်း
ကျွန်မပါပဲ ။ စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်းကြီး
မကြောက်မရွံ့ပြောတတ်သူ ။ မမြင်အပ် သောသတ္တဝါများကို ထိုသို့ စိန်မခေါ်ကောင်းမှန်း
ကြားဖူးသော်လည်း ကျွန်မမှ မယုံကြည်ဘဲကိုး ။ အပြုံးမပျက်ပြောချ လိုက်သည့်
ကျွန်မ-စကားကြောင့် ကိုမြဟန်ခမျာ မျက်စိမျက်နှာပျက်ကာ ပြာပြာသလဲပင်…
“ ဟာ
! ဆရာမကလည်း မပြောကောင်းတာတွေ ။”
ဟု
တားသည် ။ ကျွန်မလည်း ကိုမြဟန်ကို ဘာမှပြန်မပြောတော့ပေ ။ ယောက်ျားကြီးတန်မဲ့နဲ့
ကြောက်တတ်လိုက် တာဟုလည်း မကဲ့ရဲ့ချင်တော့ ။ သူ ပြောသော သရဲဟူသည့်သတ္တ၀ါကိုသာ သင်္ချ
ိုင်းထဲတွင် ရှာဖွေနေမိသည် ။
“ ဟင် … !”
မြင်လိုက်ရသည့်မြင်ကွင်းက
ကျွန်မကို အံ့အားသင့်သွားစေပြီ ။ အရာဝတ္ထုတစ်ခုသည် အုတ်ဂူတစ်လုံးပေါ်မှ ဖြည်း ဖြည်းချင်း
ထလာ၏ ။ သိင်္ချိုင်းက ကျွန်မတို့နှင့် (၁၀)ပေလောက်သာကွာခြားသဖြင့် ကျွန်မ
အမြင်မှားခြင်းမဖြစ်နိုင် ။ မသေချာမည်စိုး၍ မျက်လုံးများကို ပွတ်သပ်ကာ
တဖန်ပြန်ကြည့်သည့်အခါ အုတ်ဂူများကြား တလွင့်လွင့်ရွေ့လာ သော-ထိုအရာကို
ထင်ထင်ရှားရှားတွေ့မြင်နေရသည်မို့ ကျွန်မ မျက်စိမှားခြင်းမဟုတ်ပါ ။ ထိုအရာက
အုတ်ဂူများကို ဖြတ်သန်းကာ ကျွန်မတို့ဆီသို့ ဦးတည်လျှောက်လှမ်းလာ၏ ။
“
အူး…ဝူး…ဝူး..!”
ထိုစဉ်
နီးကပ်လျက်ရှိပြီဖြစ်သော-ရွာထဲမှ ခွေးတစ်အုပ်က ထအူလေသည် ။ ခွေးအူသံများကို ရုတ်တရက်
ကြားလိုက် ရ၍ ကျွန်မတစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ တဖြန်းဖြန်းထောင်ထသွားရသည် ။
ဘယ်လိုဖြစ်ပါလိမ့်…။ ကျွန်မဟာ မကြောက်တတ်သူတစ်ယောက်ဟု ကိုယ့်ကိုယ်ကို
သတ်မှတ်ထားသော်လည်း တကယ့်တကယ် နဖူးတွေ့ဒူးတွေ့ မြင် တွေ့လိုက်ရသည့်အခိုက်မှာတော့
ရင်ဘတ်တစ်ခုလုံး တဒိန်းဒိန်းခုန်မြန်ကာ ဗြောင်းဆန်နေခဲ့ပြီ ။
“ ကိုမြဟန် လာ …လာ…ရွာဆီကို
သွက်သွက်လျှောက်ရအောင် ။”
“ ဗျာ…! ဟုတ်…ဟုတ်တယ် ။ မြန်မြန်သွားတာပေါ့
။”
ကျွန်မ
မြင်တွေ့လိုက်သည့်အရာကို ကိုမြဟန်လည်း မြင်ပုံရ၏ ။ ဘာရယ်ကြောင့်မှန်း
မသိ…အေးမြလှသည့်ညချမ်း ကာလတွင် ကျွန်မတစ်ကိုယ်လုံး ဇောချွေးတို့ဖြင့် ရွှဲစိုလို့နေသည်
။ ကျွန်မ…ကျွန်မ ကြောက်လန့်နေမိပြီ ။ မကြောက် တတ်သူ-ကျွန်မပင်
ဤမျှလောက်ဖြစ်နေလျှင် နဂိုကတည်းက ကြောက်တတ်သူ-ကိုမြဟန်အဖို့ အဘယ်သို့ ရှိလိမ့်မည်
မသိ ။ ကျွန်မတို့နှစ်ယောက် အနောက်သို့ လှည့်မကြည့်တော့ဘဲ သိင်္ချိုင်းကို
လွန်သည်နှင့် ရွာဆီသို့ ခပ်သွက်သွက် လျှောက်လာခဲ့ကြသည် ။
“ ရှပ်…ရှပ်……ရှပ်…ရှပ်……”
“ ဟော…”
တရှပ်ရှပ်နှင့်ခြေသံ…နောက်က
တစ်ယောက်ယောက် လိုက်ပါလာပုံရသည် ။ ကျွန်မ ဘယ်သူဘယ်ဝါလဲ သိရအောင်
နောက်လှည့်ကြည့်လိုက်ရ ကောင်းမလား ။ သွေးပျက်ဖွယ် တစ်စုံတစ်ရာကို
တွေ့မြင်လိုက်ရမှာလည်း စိုးရွံ့မိပြန် သည် ။
ကြားဖူးနားဝ တစ္ဆေသရဲဝတ္ထုများက အာရုံထဲသို့ တိုးဝင်လာသဖြင့်
ချောက်ချားလာမိသည် ။
“
အီး…ဟီး…ဟီး……အီး…ဟီး…ဟီး…”
ထိုသို့သော
တုန်လှုပ်ချောက်ချားဖွယ်ရာ ညည်းတွားသံကြီးကိုလည်း ကြားနေရသည် ။ သေချာပါပြီ ။
ထိုအသံရှင် သည် သိင်္ချိုင်းထဲမှာ ကျွန်မ မြင်လိုက်ရသည့်အရာ ၊ တစေ
္ဆသရဲဆိုတာသာဖြစ်မည် ။
-
ဒါ…ဒါ…ငါ့ကို သရဲခြောက်နေတာပဲ ။
ထိုအသိက
ကျွန်မကို ကတုန်ကယင်ဖြစ်လာစေသည် ။ နောက်ကျောကနေ တစ်စုံတစ်ယောက်များ ဖမ်းဆွဲလိုက်
တော့မလား၊ လက်မည်းမည်းကြီးက ကျွန်မကျောကို လာပုတ်လေမလား-စသည်ဖြင့် လျှောက်တွေးရင်း
ကြောက်လန့် လာသည် ။ အကယ်၍ ကျွန်မတစ်ယောက်တည်းသာဆို မည်သို့ နေမည် မသိ ။ ကြောက်လန့်တုန်လှုပ်စိတ်ကြောင့်
နေရာ၌ပင် သတိလစ်သွားလေမလား မပြောတတ် ။ ယခုတော့ ကိုမြဟန်ရှိနေသောကြောင့်သာ
တော်ပါသေးသည် ။
“ ဆရာမ အ…အသံကြီး ။ နောက်က အသံကြီးကို
ကြားလား ။”
“ အင်း…အင်း…ကြား…ကြားတယ် ။
ကြောက်လိုက်တာရှင် ။ ဘာ…ဘာသံလဲ မသိဘူး ။”
“ ဘာမှမကြောက်နဲ့
။ ကျွန်…ကျွန်တော်ရှိတယ် ။ ရွာလည်း ရောက်တော့မယ် ။ အားတင်းထား…”
ကိုမြဟန်က
အားပေးစကားပြောရင်း ကျွန်မ၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရန် ကြိုးစားလိုက်၏ ။
သူ့မျက်နှာကို ကြည့်ရသည်မှာ အသားယူလိုဟန် မရှိ ။ သဘောရိုးဖြင့်
အားပေးခြင်းသာဖြစ်မည် ။
“ ဟင် !”
အားပေးမှုများဖြင့်
ဆုပ်ကိုင်လိုက်သော ကိုမြဟန်၏လက်တွေက ရေခဲတမျှအေးစက်နေသည်မို့ ကျွန်မ ကြောက်လန့်
သွားမိကာ အလန့်တကြားနှင့် ဆတ်ခနဲ ရုန်းလိုက်မိသည် ။
ကျွန်မ၏တုန့်ပြန်မှုကြောင့် ကိုမြဟန်
အံ့သြသွားသည် ။ နားမလည်ဟန်ဖြင့် သူ့လက်ကိုသူ ငုံ့ကြည့်လိုက်သည် ။ ချက်ချင်းဆိုသလို
ကျွန်မ၏မျက်နှာကို ကြောက်လန့်တကြားစိုက်ကြည့်ရင်း သူ့နှုတ်ခမ်းတို့
တဆတ်ဆတ်တုန်ရီလာ ၏ ။
-
ကိုမြဟန် ဘာဖြစ်သွားတာပါလိမ့်…။
ကျွန်မလည်း
နောက်ဘက်က ကပ်ပါလာသော-တဟီးဟီးညည်းသံကြီးကိုလည်းကောင်း၊ တရှပ်ရှပ်ခြေသံပိုင်ရှင်ကို
လည်းကောင်း တဒင်္ဂမေ့လျော့သွားပြီး ကတုန်ကယင်ဖြစ်လျက် မိမိကို
ကြောက်အားလန့်အားစိုက်ကြည့်နေသော-ကိုမြဟန်ကိုသာ ကြောက်ရွံ့လာမိသည် ။
-
ကိုမြဟန်က ဘာကိုပြောချင်နေတာလဲ ။ သူ့လက်တွေကို ငုံ့ကြည့်ပြီး ဘာကို
သိရှိသွားလို့လဲ ။
နှစ်ယောက်သား
တစ်ယောက်ကိုတစ်ယောက် အထိတ်ထိတ်အလန့်လန့်စိုက်ကြည့်နေကြရာမှ ကျွန်မလည်း စောစော က သူ
ငုံ့ကြည့်လိုက်သော-လက်ဆီသို့ အကြည့်တို့ကို လွှဲပြောင်းရင်း စူးစမ်းလိုက်မိသည် ။
-
ဟာ…ကိုမြဟန်ရဲ့လက်တွေက ပြာနှမ်းနေပါလား ။
“ ရှေ့က တူမကြီး…ဟိုရှေ့က
တူမကြီး..အီး…ဟီး…ဟီး…”
ညည်းညူသံနှင့်အတူ
ရုတ်တရက်အော်ခေါ်သံကိုပါ တဆက်တည်းကြားလိုက်ရ၍ ကျွန်မ အံ့အားသင့်သွားရ၏ ။ အသံက လူတစ်ယောက်၏
ပီပီသသအသံကြီး ဖြစ်သည်မို့
ကြောက်လန့်စိတ်ကို ထိန်းချုပ်ကာ ကျွန်မ အနောက်သို့ လှည့်ကြည့်လိုက်သည် ။ မြူနှင်းတို့
ရစ်ဆိုင်းနေသဖြင့် ရုတ်တရက် နောက်ဘက်က လူကို မည်သူမည်ဝါမှန်း မသိရ ။ သရဲတစ္ဆေဟု ကျွန်မ
ယူဆထားသည့်အရာ တစတစ နီးကပ်လာသည့်အခါမှာတော့…
“ ဟင်…! သရဲလည်း မဟုတ်ပါလား ။
ဦးကြီးတစ်ယောက်ပဲ ။”
“ ဟဲ့…! တူမကြီး…နင့်ကြည့်ရတာ ရွာက ဟုတ်ပုံမရဘူး
။ ဘာဖြစ်လို့ ဒီအချိန်ကြီး တစ်ယောက်တည်း လာရတာ
လဲ ? ”
“ ရှင် ! ဦးကြီး ဘာတွေပြောနေတာလဲ ။
ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးလေ ။ ကျွန်မနဲ့အတူ …ဟင် ! ”
အဘိုးအို၏အမေးစကားကြောင့်
ကျွန်မ တအံ့တသြဖြစ်သွားကာ နံဘေးသို့ လှည့်ကြည့်လိုက်စဉ် ကျွန်မဘေးတွင် ကိုမြဟန်ကို
မတွေ့ရတော့ပေ ။
“ ဘယ်…ဘယ်ရောက်သွားပါလိမ့် ။ စောစောက ကျွန်မဘေးနားမှာ
အမျိုးသားတစ်ယောက် ပါတယ်လေ ။”
ကျွန်မက
တအံ့တသြရေရွတ်ရင်း ကိုမြဟန်တစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့များ ရွာထဲကို
ပြေးဝင်သွားပြီ လားဟု တွေးမိ၍ ရှေ့သို့ လှမ်းမျှော်ကြည့်သော်လည်း အရိပ်အရောင်ပင် မမြင်
။ စက္ကန့်ပိုင်းအတွင်း ကိုမြဟန်တစ် ယောက် ဘယ်များပျောက်သွားပါလိမ့်…။
“ ဘယ်သူမှ မတွေ့ပါဘူးကွယ် ။ တူမကြီးတစ်ယောက်တည်းလာလို့
ဦးကြီးက စိတ်ပူတာနဲ့ လိုက်လာတာ ။ တူမ
ကြီးက ဘယ်သူတုံး ။”
“ ဟို…ကျွန်မနာမည်က နှင်းဝတ်ရည်ပါ ။ ရွာမှာ
စာလာသင်တဲ့ဆရာမပါ ။”
“ သြော်…ဆရာမလေးကိုး ။ ဦးကြီးက သင်္ချ
ိုင်းစောင့်ပါ ။ ဦးသုတလို့ခေါ်ပါတယ် ။”
“ ဒါနဲ့…ဦးကြီး ပြောတာ တကယ်ပဲလား ။
ကျွန်မဘေးမှာ ဘယ်သူမှ ပါမလာဘူးလား ။”
“ အယ်…ဆရာမလေးကတော့ ခက်ပြီ ။
တစ်ယောက်တည်းလာပြီး ဘယ့်နှယ့်လုပ်မေးနေတာလဲ ။ လာ…လာ…
တူမကြီးကို သူကြီးအိမ် ပို့ပေးမယ် ။”
ဦးသုတက
ကျွန်မရှေ့မှ တဟီးဟီးညည်းရင်း ရွာထဲသို့ ဝင်သွားသည် ။ ဆောင်းရာသီ၏အေးမြချက်က အရိုးကွဲမတတ်
စွမ်းပေမဲ့ ကျွန်မ သတိမမူနိုင်တော့ပေ ။ ကျွန်မ၏ခေါင်းထဲတွင် ပဟေဠိများဖြင့်
ယောက်ယက်ခတ်နေပြီ ။ မျက်လုံးထဲ မှာလည်း ရုတ်တရက် ထူးထူးဆန်းဆန်း
ပျောက်ကွယ်သွားသော-လည်ကုတုံးအဖြူ ပုဆိုးပြာနှင့် ကိုမြဟန်ကိုသာ မြင် ယောင်ရင်း
ဟိုဟိုသည်သည်ရှာဖွေကြည့်နေမိတော့သည် ။
YYYYY
“ ကိုမြဟန်…ဟုတ်လား ။ အသားလတ်လတ်
အရပ်မြင့်မြင့်လေ ။ ဟို..ခြေတစ်ဖက်က ထော့နဲ့ထော့နဲ့လေ…
ဟုတ်တယ်မဟုတ်လား ။”
သူကြီးညီမ-ဒေါ်မြင့်ရွှေ
ပြောသမျှကို ကျွန်မ ခေါင်းညိတ်ထောက်ခံရင်း…
“ ဟုတ်တယ်…ဟုတ်တယ် ။ သူပဲ…သူပဲ ။ ကျွန်မအိတ်ကို
ယူသွားတာ ။ ဝတ်ထားတာတော့ ကောင်းကောင်းမွန်
မွန်ရယ်ပါ ။ ကြည့်ရတာ လိုချင်လို့တော့
ဟုတ်မယ်မထင်ဘူး ။ သူ့ကြည့်ရတာ သိပ်ကြောက်တတ်ပုံပဲ ။”
ကျွန်မ၏စကားအဆုံးမှာတော့
ဒေါ်မြင့်ရွှေ သက်ပြင်းတစ်ချက် ချလိုက်သည် ။ ထိုအချိန်ထိ ကျွန်မမှာ ကောင်းကောင်း
မရိပ်မိသေး ။ အမှန်ပြောရသော်…ကိုမြဟန်ကို တစ္ဆေသရဲဟု ကျွန်မ လုံးဝမထင်နိုင်ပါ ။
တစ္ဆေသရဲဆိုသည်မှာ ဟိုဟို သည်သည်ကနေ ဘွားခနဲထွက်လာပြီး ချောက်လှန့်တတ်သည့်
သတ္တဝါမျိုးဟု လူတွေက သတ်မှတ်ထားသည်ပဲလေ ။ ကိုမြဟန်က ချောက်လှန့်ရန်နေနေသာသာ
…သူကိုယ်တိုင်တောင် ကြောက်ရွံ့နေခဲ့သူ မဟုတ်လား ။ သို့သော်လည်… ဒေါ်မြင့်ရွှေ၏ညည်းညူသံကြောင့်
ကျွန်မ မျက်လုံးပြူးသွားခဲ့ရပါသည် ။
“ သြော်…မောင်မြဟန်…မောင်မြဟန်…သူ မကျွတ်သေးဘူးကိုး
။”
“ ရှင်…!
ဘယ်..ဘယ်လို ။ မကျွတ်သေးဘူးဆိုတော့ သူ…သူက..”
မယုံကြည်နိုင်သည့်မျက်ဝန်းတွေနှင့်
ဒေါ်မြင့်ရွှေကို စူးစိုက်ကြည့်နေရင်း ကျွန်မ ရှေ့ဆက်မပြောဝံ့တော့ ။ ဒါဟာ တကယ်ပဲလား
။ အကယ်၍ ရွယ်တူတစ်ဦးတစ်ယောက်ကသာ ထိုစကားကို ဆိုလာခဲ့လျှင် ကျွန်မ လှောင်ပြောင်ရယ်
မောပစ်မည်သာ ။ ယခုများတော့ အသက်(၅၀)ကျော်အရွယ် အဒေါ်ကြီးတစ်ယောက်၏နှုတ်ထွက်စကားမို့
ကျွန်မ မယုံမရဲဖြင့် လက်ခံလိုက်ရ၏ ။ ဒါဆို ကိုမြဟန်ဟာ အမှန်တကယ်ပဲ……။
“ ဟုတ်တယ်ကွဲ့ ။ မောင်မြဟန်က
လွန်ခဲ့တဲ့တစ်လလောက်ကပဲ သူ့သူငယ်ချင်းမင်္ဂလာဆောင်က အပြန်မှာ
မြွေကိုက်ခံရပြီး ဆုံးသွားတာ ။ သူက
သိပ်ကူညီတတ်တာ ။ လူချစ်လူခင်ပေါတဲ့ သူငယ်လေးပေါ့ကွယ် ။”
ကြားလိုက်ရသည့်အကြောင်းအရာက
မယုံကြည်နိုင်စရာ ကောင်းလွန်း၍ ကျွန်မ မင်သက်သွားသည် ။ စိတ်ထဲ၌ တစ် ညနေတာ
တွေ့ဆုံသိကျွမ်းခဲ့ရသူ-ကိုမြဟန်ကို မြင်ယောင်မိသည် ။ ခြေတစ်ဖက် ဆာနေလျက်နှင့်
ကျွန်မဆီက ခရီး ဆောင်အိတ်ကို ကူသယ်ပေးခဲ့သော ကိုမြဟန်က သေလူတစ်ယောက်တဲ့ ။ အင်မတန်
ယုံရခက်သည့်အဖြစ် ။ သို့ပေမဲ့ ကျွန်မကိုယ်တိုင် ကြုံခဲ့ရခြင်းပဲ မဟုတ်ပါလား ။
“ ဒါဆို ကျွန်မ သရဲချောက်ခံရတာပေါ့နော် ။
အဲဒီလိုပဲ ခေါ်ရမလား အဟင့်…”
ကျွန်မ
စိတ်မကောင်းဖြစ်လွန်းသဖြင့် မျက်ရည်တွေ ဝေ့၀ဲလာကာ ငိုချလိုက်မိသည် ။
သြော်…ကိုမြဟန်ဆိုသူက သေဆုံးသွားပြီပဲကိုး
။ ကိုယ့်ကိုယ်ကို သေလူမှန်း မသိသေးဘဲ သေဆုံးခဲ့ရာလမ်းမှာ တဝဲလည်လည်လျှောက်သွားရင်း
ကျင်လည်နေလေသလား ။ ဒါမှမဟုတ် လူ့ဘဝ အသက်ရှင်စဉ်က ကူညီတတ်သော ညာဉ်သည် ဝိညာဉ်ဘဝသို့
ရောက်သည့်တိုင် ပျောက်ပျက်ခြင်းမရှိဘဲ လမ်းမသိသူ-ကျွန်မအား လိုက်ပို့ပေးခဲ့ခြင်းပဲ
လား ။ မည်သို့သောရည်ရွယ်ချက် ရှိသလဲဆိုတာကိုတော့ ကိုမြဟန်မှလွဲ၍ သိနိုင်မည့်သူ
မရှိ ။ အဖြစ်အပျက်တွေက မယုံကြည်နိုင်ပေမဲ့ လက်ရှိကြုံတွေ့နေရသည့်အခြေအနေတွေကြောင့်
လက်မခံ၍ မဖြစ်တော့ပါချေ ။
“ လာ…ဆရာမလေး …ခရီးဆောင်အိတ်အတွက်
ဘာမှစိတ်မပူနဲ့ ။ သူ့အုတ်ဂူမှာ သွားကြည့်တာပေါ့ ။ အဲ့ဒီမှာ
ရှိနေလိမ့်မယ်ထင်ရဲ့ ။”
ဒေါ်မြင့်ရွှေ၏ခေါ်ဆောင်မှုဖြင့်
ကျွန်မ ရွာသင်္ချိုင်းသို့ ရောက်ရှိခဲ့သည် ။ ရွာသင်္ချိုင်းက မနေ့ညက ကျွန်မ တွေ့မြင်ခဲ့ရ
သည့်အတိုင်း အုတ်ဂူဖြူဖြူညစ်ညစ်တို့ ဟိုတစ်စုသည်တစ်စု ပြန့်ကျဲတည်ရှိနေလေသည် ။
တချို့တလေမှာ သစ်လွင် ဆဲရှိပြီး အများစုမှာမူ မည်းညစ်ယိုယွင်းပြိုပျက်နေကြပြီ ။
မမြဲခြင်းသဘောတရားပင် မဟုတ်ပါလား ။
“ ဟာ
! ဟိုမှာ ကျွန်မရဲ့ခရီးဆောင်အိတ် ။”
အုတ်ဂူတစ်ခုပေါ်တွင်
လဲလျောင်းနေသော ကျွန်မ၏ခရီးဆောင်အိတ်လေးကို တွေ့လိုက်ရ၍ ဝမ်းသာအားရ ပြေးသွား
လိုက်မိသည် ။ ဘာပဲပြောပြော…ဤခရီးဆောင်အိတ်မှာ ကျွန်မအဖို့ အရေးအကြီးဆုံး ။
လိုအပ်သည့်ပစ္စည်းပစ္စယ အားလုံး သည်အထဲမှာချည်းပဲကိုး။ ခရီးဆောင်အိတ်ကို
လှမ်းယူလိုက်ပြီးမှ ကျွန်မ တစ်စုံတစ်ခုကို သတိရသွားသည် ။ ခရီးဆောင်အိတ်
တည်ရှိနေခဲ့ရာ အုတ်ဂူ၏မျက်နှာစာကို စောင်းငဲ့ကြည့်ရှုလိုက်မိသည် ။
သစ်လွင်လျက်ရှိသော ဖြူလွ လွအုတ်ဂူလေးတစ်လုံး ။ ထိုအုတ်ဂူတွင် ရေးထိုးထားသည်ကတော့……
မောင်မြဟန်
အသက် ( ၂၉ )နှစ်
တနင်္လာနေ့တွင်ကွယ်လွန်သည် ။
စေတနာ
ရှေ့ထားလျက်……
ဂါဦးနွန်းကို
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။