Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အပျိုကြီးဘုရားနှင့် ဟိုင်းကြီးကျွန်းအလှ (ခရီးသွားဆောင်းပါး)

( ၂၃.၂.၂၀၁၇ ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါး ဖြစ်သည် )


  
 တောင်ပေါ်မှ လှမ်းမြင်ရမည့် ဟိုင်းကြီးကျွန်းအလှ



          မြတ်မော်တင်စွန်းခရီးစဉ်တွင် ဟိုင်းကြီးကျွန်းသို့ သွားရောက်မည့်အစီအစဉ်ကလည်း မပါမပြီးဟု ဆိုရမည် ။ ခရီးသွားကား တိုင်းလိုလို မော်တင်စွန်း ရောက်လျှင် ဟိုင်းကြီးကျွန်းသို့ ပို့ဆောင်ပေးကြစမြဲ ။ ကျွန်မတို့သည်လည်း မော်တင်စွန်းသို့ စနေနေ့မနက် (၉)နာရီခန့်က ရောက်ရှိခဲ့ပြီး တနင်္ဂနွေနေ့မနက်မှာတော့ ဟိုင်းကြီးကျွန်းသို့ သွားရောက်ရန်အတွက် ပြင်ဆင်ကြရတော့သည် ။ ကျွန်မတို့မိသားစုသည် ခရီးသွားကားဖြင့် သွားရောက်ခြင်းဖြစ်၍ ကိုယ်တိုင် စီစဉ်ရခြင်း မရှိပါ ။ တာဝန်ခံထားသော ဧည့်လမ်းညွှန် ကပဲ အစစအရာရာ စီမံပေး၏ ။ မနက်(၁၀)နာရီခန့်တွင် တည်းခိုခန်းရှေ့၌ light trackကားလေးများ ရောက်ရှိနေလေပြီ ။ ဟိုင်းကြီး ကျွန်းသို့ ထိုကားများ ဖြင့် သွားရောက်ရမည်ဖြစ်သည် ။
            ယခင်တစ်ခေါက်(၂၀၁၄)ရောက်ခဲ့စဉ်က လမ်းမကောင်းသေး ။ ဖုန်လုံးကြီးတလိမ့်လိမ့်ဖြင့် စိတ်ညစ်ညူးစွာ ဖြတ်သန်းခဲ့ရ သောလမ်းက ယခုများတော့ ချောလို့မွေ့လို့ ။ စထွက်ထွက်ချင်း ပင်လယ်ကမ်းစပ်အတိုင်း မောင်းနှင်လာရာမှ ကားလမ်းဆီသို့ ချိုး တက်လိုက်သောအခါ အိမ်ငယ် တစ်လုံးစ ၊ နှစ်လုံးစကို စတင်တွေ့ရသည် ။ ပင်လယ်နှင့်အပြိုင် တည်ရှိနေသော ကားလမ်း၏အနေ အထားက ရှုခင်းအလှအပများကို ကားစီးရင်း တပြိုင်နက်တည်းခံစားမိအောင် ပံ့ပိုးပေးနေသယောင် ရှိတော့သည် ။ ဖြည်းဖြည်းချင်း ရွာထဲသို့ ဝင်လာသည် ။ ထို့နောက် ကံချိုင့် ၊ ခမောက်မော်ရွာများကို ဖြတ်သန်းသွားအပြီး တံတားကို ကျော်သည်နှင့် (ဧရာဝတီတိုင်း ဒေသကြီး-ပုသိမ်မြို့နယ်တွင်းရှိ) ဟိုင်းကြီးကျွန်းသို့ ရောက်လေသည် ။



 




             များမကြာခင် ဧည့်လမ်းညွှန်ဦးလေးကြီး၏အာဝဇ္ဇန်းရွှင်ရွှင်စကားများက စပါပြီ ။ သူ ပြောပြသည်က ဒဏ္ဍာရီဇာတ်လမ်း တစ်ပုဒ်ဟုပဲ ဆိုရမလား ၊ ရာဇဝင်ဇာတ်ကြောင်းတစ်ခုဟုပဲ ပြောရမလား ။ ကျောက်ပုထိုးစေတီတော် တည်ထားဖြစ်ခဲ့ပုံအကြောင်း ဖြစ်သည် ။
     “ အခု သွားနေတာက ကျောက်ပုထိုးစေတီတော်ကို ဖြစ်ပါတယ် ။ သိပ်မကြာခင် ရောက်တော့မှာပါ ။ ရေတပ်ဝင်းထဲမှာ ရှိနေတဲ့
       စေတီတော်တစ်ဆူပါ ။ စေတီငယ်တစ်ဆူဖြစ်ပေမဲ့ သမိုင်းကြောင်းက ထူးတော့ လူအများရဲ့စိတ်ဝင်စားမှုကြောင့် ဒီနယ်
       တကြောမှာ မသိသူမရှိလောက်အောင် ဂုဏ်သတင်း ကျော်ဇောပါတယ် ။ အပျိုကြီးဘုရားလို့ အများက ခေါ်တွင်ကြရဲ့ ။
       ဟုတ်ကဲ့ …  အပျိုကြီးတစ်ယောက် တည်ခဲ့တဲ့ဘုရားဖြစ်လို့ပါ ။ ဇာတ်လမ်းက ဒီလိုလေ ။ တစ်ခါကပေါ့ လင်မှုသားမှုတွေကို
       စိတ်ကုန်လို့ တစ်ကိုယ်တည်းနေထိုင်နေတဲ့ အပျိုကြီးတစ်ယောက် ရှိခဲ့တယ် ။ သူက တစ်ယောက်တည်း နေလာရင်း အသက်
       အရွယ်ရလာတဲ့အခါ ပြုစုမယ့်သူမရှိမှာစိုးလို့ တူမလေးတစ်ယောက်ကို ခေါ်ပြီး သမီးအရင်းနဲ့မခြား မွေးစားခဲ့တယ် ။ ပညာတွေ
       သင် ၊ လိုအပ်တာတွေ ဖြည့်ဆည်းပေးရင်း တစ်နေ့ကျ အားကိုးရလိမ့်မယ်လို့ မျှော်လင့်မိတာပေါ့ ။ ဒါပေမဲ့ ဟဲဟဲ … သိကြတဲ့
       အတိုင်းပေါ့ ။ အရွယ်ရောက်လို့ ပညာစုံရုံရှိသေး ကြင်ယာပါ ရပြီး အိမ်ထောင်ရက်သား ကျသွားပါရောလား ။ အပျိုကြီးခမျာ
       ရင်ကွဲပက်လက်ဖြစ်ရပြီလေ ။ သူကတော့ အသက်ကြီးရင် အားကိုးရမလားဆိုပြီး မွေးစားခဲ့တာ ။ ခုတော့ သူတောင် အားမကိုး
       လိုက်ရဘူး ။ ခြေစုံကန်ထွက်သွားလိုက်တာများ ပြန်မလာတော့တဲ့အထိ ။ ဒါနဲ့ အပျိုကြီးလည်း တူမလေးကို စိတ်နာပြီး ရှိသမျှ
       စည်းစိမ်ငွေကြေးတွေကို ဘုရားတည်လိုက်တယ် ။ အဲဒီဘုရားကတော့ ကျောက်ပုထိုးစေတီပဲဖြစ်ပါတယ် ။ အဲ…စေတီတော်
       ရဲ့ထူးခြားချက်ကတော့ အပျိုကြီး ပြုခဲ့တဲ့ သစ္စာအဓိဋ္ဌာန်ပါပဲ ။ အပျိုကြီးက ဘုရားတည်အပြီးမှာ တွေးတယ် ။ ငါဟာ ငယ်ရွယ်
       စဉ်က အိမ်ထောင်မပြုခဲ့မိလို့ ခုလို သူတပါးကို အားကိုးရှာရတာ ။ အဲဒီအတွက် ငါ့လို စိတ်အားမငယ်ရအောင် တစ်ခြားလူတွေ
       အိမ်ထောင်ရက်သား ကျပါစေ ။ အိမ်ထောင်မကျတဲ့ အပျိုကြီး/လူပျိုကြီးတွေ ရှိရင်လည်း ဒီစေတီမှာ သစ္စာအဓိဋ္ဌာန်ပြု ဆုခြွေ
       တဲ့အခါ ဆုတောင်းပြည့်ပါစေ…လို့ အပျိုကြီးက တိုင်တည်ခဲ့သတဲ့ ။ အဲဒီကြောင့် ကျောက်ပုထိုးစေတီကို ရောက်တဲ့အခါ မစွံ
       သေးတဲ့အပျိုကြီးများ အလျင်အမြန်တောင်းဆုပြုကြပါလို့ဗျ…နော့ … ။”
ဧည့်လမ်းညွှန်၏အရွှန်းဖောက်စကား အဆုံးသတ်တော့ ကားပေါ်ရှိလူတချို့က ပြုံးစိစိနှင့် ။ တို့ကားပေါ်မှာ အပျိုကြီး မပါဘူးကွဟု အော်သူက အော်လိုက်သေးသည် ။
အပျိုကြီးဘုရား ခေါ် ကျောက်ပုထိုးစေတီသို့ ရောက်တော့ မည်သူမျှ မဆင်းကြ ။ ယင်းက အဓိပ္ပာယ် မရှိပါ ။ ဘုရားစေတီ ဟူသည် လူလွတ်မှ ဖူးထိုက်ခြင်း ၊ လူလွတ်မှ ဆုတောင်းပြည့်ခြင်းဟူ၍ မရှိနိုင် ။ ရှိမည်လည်း မထင် ။ သို့သော် ဧည့်လမ်းညွှန်၏ မထိတထိစကားကြောင့် ခရီးသည်တို့မှာ ဆင်းရခက်နေသလား ၊ ဆင်းမည့်သူကပဲ အိမ်ထောင်ကျဖို့ ဆုတောင်းမည့်သူဟု အထင်ခံ ရမှာကို စိုးနေသလား မပြောတတ်ချေ ။ ကျွန်မကတော့ လေ့လာရမည်ကို စိတ်အားထက်သန်သူပီပီ ကားပေါ်မှ ဆင်းရန်ပြင်၏ ။ မေမေ့ကိုလည်း ဆင်းရန် ပြောတော့ “ဟဲ့…သမီး…နင်ပဲ ဆင်းရမှာ”ဟု ဆိုသဖြင့် ကျွန်မမှာ “ဟာ…ဘာဆိုင်လို့လဲ”ဟု ရေရွတ်ကာ စိတ်ညစ်သွားရသေးသည် ။ ကျွန်မတို့သားအမိ၏ ညံစီစီစကားသံတွေကြောင့်ထင် … အခြားသူများပါ ရယ်ကျဲကျဲဖြစ်သွားကြကာ “အေးလေကွယ် ။ ဟုတ်သားပဲ ။ ကလေးမလေး ရှက်အောင် အမေကြီးက ဘာတွေပြောနေတာလဲ ။”“ ဟုတ်ပါ့ ။ အဲဒီလို ဆုတောင်း တိုင်းသာ ပြည့်ရရင် လူတိုင်း သူဌေးဖြစ်နေလောက်ပြီ ။ အားလုံးက သူ့ကံနဲ့သူပါကွယ် ။ ဘုရားဆိုတာ ဖူးရမှာပဲဟေ့ ။ ဆင်းကြစို့ ။” စသဖြင့် ပြောဆိုကာ အားလုံး ဆင်းကြတော့သည် ။ တကယ့်ကို မှတ်မှတ်ရရဖြစ်ဖွယ်ရာပါပဲ ။ ဘုရားစေတီကို ဖူးမြော်ရင်း အမှတ် တရ ဓာတ်ပုံများလည်း ရိုက်ကူးကြသည် ။



  
အမှတ်တရ




ဆက်လက်၍ သွားရောက်ဖြစ်ခဲ့သည်က ကျိုက်တီစေတီတော်သို့ဖြစ်သည် ။ ကျွန်မဖေဖေက မွန်လူမျိုးဖြစ်ပြီး မွန်စာပေ ကိုလည်း အတန်အသင့်လေလာဖူးသူဖြစ်ရာ ကျိုက်တီ-ဆိုတာ တောင်ပေါ်ဘုရား-ဟု အဓိပ္ပာယ်ရနိုင်ကြောင်း ဆိုသည် ။ ဟုတ် လည်း ဟုတ်နိုင်ကောင်းမည် ။ အဘယ့်ကြောင့်ဆိုသော် စေတီတော်က တောင်ထိပ်တွင် တည်နေသောကြောင့်ပင် ။ သို့ပေမဲ့ ခန့်မှန်းချေနှင့် မကျေနပ်ချင်သော-ကျွန်မက အတိအကျသိချင်သေး၍ လိုက်လံမေးမြန်းကြည့်ရာ စေတီတော်အနီးရှိ ကျောင်းတိုက် က ဆရာတော်သည်ပင် စေတီဘွဲ့အမည်၏အဓိပ္ပာယ်ကို နားမလည်ကြောင်း မိန့်ကြားသဖြင့် ဆက်လက်စုံစမ်းရန် ခက်ခဲခဲ့ပါသည် ။ မည်သို့ဖြစ်စေ လျှောက်ထားမေးမြန်းခဲ့သမျှ တင်ပြရလျှင် စေတီတော်မှာ ရှေးဟောင်းစေတီတစ်ဆူဖြစ်သည် ။ သက်တော်(၁၀၀) ကျော်ရှည်သည့် ဆရာတော်ကြီးများ သီတင်းသုံးနေစဉ်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်သည် ။






 
ပြည်လုံးချမ်းသာစေတီတော်



ဤတွင် မျှော့သိုက်ရာဇဝင်ကလည်း ထူးဆန်းလှသည် ။ ကျိုက်တီစေတီတော်ကို တွေ့ရှိစဉ်က ပြိုပျက်ယိုယွင်းနေပြီဖြစ်ရာ ပြန်လည်မွမ်းမံရန် စီစဉ်ကြသောအခါ တိုက်ဆိုင်စွာပဲ ထိုဒေသ၌ ပလိပ်ရောဂါ ကျရောက်လေသည် ။ ဖြစ်နိုင်ချေရှိသည်မှာ စေတီ တွင် စောင့်ရှောက်သောပုဂ္ဂိုလ်တို့က ခွင့်မပြုလို၍ ဖြစ်လိမ့်မည်ဟု ယူဆရပါသည် ။ ထိုအခါ နားလည်တတ်ကျွမ်းသူတို့က မေးမြန်း တွက်ချက်သည့်အခါ တောင်ခြေတွင် ပုံစံတူ စေတီငယ်တစ်ဆူ အစားတည်ပြီးမှပဲ ပြုပြင်ခွင့်ရမည်ဟု သိရ၍ ပြည်လုံးချမ်းသာစေတီ တော်ကို တည်ထားခဲ့သည် ။ စေတီငယ်တည်ထားရန်အတွက် ထိုတည်နေရာကို တူးဆွချိန်၌ မျှော့သိုက်ကို တွေ့ရှိကြသည် ။ မျှော့သိုက်ထဲတွင်မူ ရွှေငွေရတနာများ ၊ ပေစာရွက်များကို တွေ့ရှိရကြောင်း ဆိုသည် ။
 



 
မတ်စောက်သော တောင်တက်လမ်း




ကျိုက်တီစေတီတော်ကို ဖူးမြော်ရန် တောင်ပေါ်သို့ တက်လာချိန်က မနက်ခင်း(၁၀)နာရီဝန်းကျင်ဖြစ်၍ နေသိပ်မပြင်းသေး ချေ ။ သို့ဖြစ်၍ အမိုးရှိသော-ဆောင်းတန်းအတိုင်း မတက်ဘဲ တောင်တက်ကားလမ်းသဖွယ် မက်စောက်စောက်တည်နေသော ကွန်ကရစ်လမ်းအတိုင်း ဖြည်းဖြည်းချင်း တက်ခဲ့ကြသည် ။ မြင့်လာလေလေ မက်စောက်လေလေဖြစ်ရာ အပေါ်သို့ မရောက်မချင်း ‘ဟင်း’မချနိုင်ပါ ။ သို့ပေမဲ့ ဘုရားရင်ပြင်တော်အနီးရှိ လျှောက်လမ်းသို့ ရောက်သည့်အခါမှာတော့ ကျွန်မတို့အားလုံး၏မျက်နှာများ ပြုံးရွှင်သွားရပါပြီ ။ ပြုံးမည်ပဲလေ ။ မြင်တွေ့ရသော ရှုခင်းက မပြုံးမနေနိုင်လောက်အောင် လှရက်လွန်းသည်ပဲကိုး ။




စိန်ပွင့်လေးများ ပြေးလွှားနေသော ပင်လယ်ပြင်အလှ 


နေရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေ၍ ပြာလဲ့ခြင်းထက် ငွေရောင်ဘက်သို့ ကဲနေသည် ။ စိန်ပွင့်များပမာ ဟိုနေရာ ဒီနေရာက ဖျိုးခနဲဖျတ်ခနဲလင်းလက်သွားလိုက်ပုံများ စိတ်လှုပ်ခတ်ဖွယ်ရာ ။ လှေငယ်လေးများကို လှမ်းတွေ့ရသည် ။ ဝေးဝေးမှာ တော့ သင်္ဘောများ ရှိနေသည် ။ ဘုရားပရဝုဏ်အတွင်းတွင် သစ်ပင်ပန်းပင်များစွာကို စိုက်ပျိုးထားပြီး ထိုပန်းပင်တို့ ပွင့်လန်းနေပုံတို့ ကလည်း တစ်မျိုးတစ်မည် မျက်စိပသာဒဖြစ်ချင်စရာ ။ အထူးသဖြင့် ကျွန်မ ချစ်သော တရုတ်စံကားပန်းဖြူဖြူလေးများက ပင်လုံး ကျွတ် ပွင့်လန်းနေကြသည် ။ ထိုစဉ် ရင်ပြင်တော်ခြေရင်းသို့ ရောက်သည် ။ တွေ့လိုက်ရတာက နတ်ကွန်း ။ သံလျက်ကိုင်ထားပြီး ရင်ဘတ်တွင် ပုဝါအနီ/အဝါ စည်းထားသော နတ်ဝတ်နတ်စားနှင့် ရုပ်ထုငယ်ကို တွေ့ရသည့်အခါ ကျွန်မမှာ ပန်းတစ်ပွင့်လောက် စွန့်ပါရန် တောင်းပန်မိသေးသည် ။ သို့တိုင် တောင်ပေါ်က ဆင်းချိန်အထိ မာနအတန်အသင့်ကြီးဟန်တူသော စံကားပန်းဖြူဖြူတို့က တစ်ပွင့်တလေပင် ကြွေကျမလာခဲ့ပါ ။



တောင်ပေါ်မှာ တွေ့ခဲ့ရသော နတ်ကွန်း




ကျိုက်တီစေတီတော်ကို လက်ယာရစ်ပူဇော်ရင်း လိုရာဆန္ဒများကို ဆုတောင်းမိသည် ။ နေရောင်အောက်မယ် ရွှေတောင် ကြီးသဖွယ် ဝင်းဝင်းလက်ပြောင်နေသော ကျိုက်တီစေတီတော်ကို မော့ငေးနေစဉ် မေမေက ခေါ်သဖြင့် လူအကုန် အောက်ဆင်း သွားပြီဖြစ်ကြောင်း သတိထားမိသည် ။ ကျွန်မကတော့ တောင်အောက် မဆင်းခင် ပတ်ဝန်းကျင်သို့ တဝကြီးလျှောက်ငေးမိပြန်၏ ။ ဤရှုခင်းမျိုးကို ရန်ကုန်မှာ တွေ့ရရန် မဖြစ်နိုင်ပါ ။ နေထိုးသောဘက်မှာမူ ပင်လယ်က ငွေရောင်လဲ့နေပြီး တစ်ဖက်ခြမ်းမှာကျ ပြာလဲ့ နေပြန်ပါရော ။ ဟိုးဝေးဝေးမှာတော့ တောင်တန်းစိမ်းညို့ညို့များကို လှမ်းမြင်နေရသည် ။ သဘာဝတရားကြီးက လှရက်လွန်းလိုက် တာ ။ မည်သို့သော ပဋ္ဌာန်းဆက်တွေကြောင့် များ ဤသို့ စိမ်း/ပြာ/ညို/ဝါတို့တတွေ ဂဟေစပ်မိကြပါလိမ့် ။ တောင်တန်း ၊ ပင်လယ် ၊ ကျောက်ဆောင်နှင့် စေတီတော်တို့ကို လိုက်ငေးရင်း ကျွန်မအတွေးများလည်း ဟိုလွင့်ဒီလွင့်နှင့် ။




တောင်ပေါ်အမှတ်တရ

 (၁၁)နာရီခွဲခန့်တွင် ကျွန်မတို့ဓမ္မခရီးသည်တစ်စု ကျိုက်တီစေတီတောင်ခြေရင်းကနေ မြတ်မော်တင်စွန်းစေတီသို့ ပြန်ခဲ့ကြ သည် ။ အပြန်တွင် ငါးခြောက်ဝယ်လိုသူများအတွက် ဈေးတန်းမှာ ကားခဏရပ်ပေးသည် ။ ငါးခြောက်မဝယ်သူ-ကျွန်မကတော့ ဓာတ်ပုံများကိုသာ ပြန်ကြည့်နေမိသည် ။ ပင်လယ်ကို ကျွန်မ ချစ်သည် ။ သို့ကြောင့်လည်း ဗုဒ္ဓဘာသာဝင်ဖြစ်သော-ကျွန်မဟာ ‘ဘုရားလည်း ဖူး ၊ လိပ်ဥလည်း တူး’ဆိုသလိုမျိုး ပင်လယ်ကမ်းအနီးတွင် တည်နေသော ဘုရားစေတီတော်များသို့ အနည်းဆုံး တစ်နှစ်တစ်ခေါက် သွားရောက်နိုင်ရန်အတွက် အမြဲဆုတောင်းမိသည် ။ အမြဲလည်း ကြိုးစားအားထုတ်သည် ။
လှပသော ရှုမျှော်ခင်းများ၏ ညှို့ငင်စွမ်းအားကြောင့်ပေလော မပြောတတ် ။ နောက်နှစ်မှာလည်း မြတ်မော်တင်စွန်းစေတီ ဆီသို့ အရောက်လာရင်း ဟိုင်းကြီးကျွန်း၏အလှကို တကျော့ပြန်ခံစားနိုင်ဖို့အတွက် ကြိုတင်စိတ်ကူးယဉ်နေမိပါတော့သည် ။





                                                                                        စေတနာရှေ့ထားလျက်...
                                                                                         ဂါဦးနွန်းကို