လူနာစောင့်
( ၂၀၁၂ - ဇွန်လထုတ် သိဒ္ဓိမိုးမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------------------------------
“ အမလေး…လုပ်ကြပါဦး
။ မြစိန်တစ်ယောက်…သစ်ပင်ပေါ်က ပြုတ်ကျလို့…တဲ့ ။”
“ ဟယ်…ဒီအဘွားကြီး အိုကြီးအိုမ,အရွယ်မှ ။ ဒုက္ခပါပဲ
။ ကျိုးပဲ့သွားပြီလား ။ အသက်ကော ရှိသေးရဲ့လား ။”
“ မပြောတတ်ပါဘူး ။ သူ့မြေးမလေး အော်နေတာ ကြားလို့
။ လာ…လာ သွားသွက်ကြည့်ရအောင် ။”
လူတစ်စုသည်
တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်ခေါ်ငင်ကာ ဒေါ်မြစိန်ရှိရာ-လယ်တဲဘက်သို့ အပြေးထွက်လာကြ
၏ ။ မိုးရာသီပေမို့ လယ်ကွင်းများထဲတွင် သူရင်းငှား/ကောက်စိုက်သမများသာမက လယ်ရှင်တဲရှင်တို့ဖြင့်
ပြည့်နှက်နေချိန် ဖြစ်သည် ။ တစ်ဦးနှင့်တစ်ဦးကလည်း တစ်ရွာတည်းသားချင်းတွေသာမက ဆွေမျိုးမိတ်ဆွေချည်းသာဖြစ်၍
တစ်ယောက် ကိုတစ်ယောက် မသိသူ မရှိသလောက် ။ နောက်ပြီး…ဒေါ်မြစိန်ဆိုသူကလည်း နှယ်နှယ်ရရမဟုတ်…။
သူမကိုဆို လူတိုင်း သိ၏ ။
သိရလောက်အောင်လည်း ဒေါ်မြစိန်က သတင်းမွှေးသည်
။ ဟိုတလောကလည်း သရက်ပင်ပေါ်က ပြုတ်ကျခဲ့ဖူး သည် ။ တစ်မြန်နှစ်ကလည်း ဆီးပင်ပေါ်က ချော်ကျခဲ့ဖူးသည်
။ ယခုလည်း ဥသျှစ်ပင်ပေါ်က လိမ့်ကျပြန်သတဲ့ ။ ဤတစ် ကြိမ်တော့ သွားရှာပြီထင်ရဲ့ဟု ကိုယ်စီကိုယ်ငှတွေးတောရင်း
အပြေးသွားကြည့်ကြလေသည် ။
“ အမလေး…! မမြစိန် … ညည်း နေသာရဲ့လား ။”
လူက
သစ်ပင်ခြေရင်းတွင် ပက်လက်…။ နံဘေးပတ်လည်တွင် ဥသျှစ်ရွက်တို့က ပြန့်ကြဲကာ ရှိနေသည် ။
ဒေါ်အိမ်သစ်က ဒေါ်မြစိန်ကို ပြေးဝင်ပွေ့ထူရင်း မေးလိုက်သည် ။ ဒေါ်မြစိန်ထံမှ အင်း…အင်း…ဟူသော
ညည်းညူသံပေလား ၊ ဖြေဆိုသံ ပေလား မသိသော အသံသဲ့သဲ့တစ်သံ ထွက်ပေါ်လာ၏ ။
“ ဟဲ့…ဘာလုပ်နေကြတာတုံး ။ သွား…လှည်းသွားပြင်ချည်
။ မြစိန်ကို ဆေးရုံပို့ရမယ် ။ ဖိုးဝင်း…မင်းက ရွာထဲက သူ့
ချွေးမနဲ့ သားသမီးတွေကို သွားအကြောင်းကြားလှည့်
။”
အသက်ကြီးကြီးရွာသားတစ်ယောက်က
ရွာသား(၃)/(၄)ဦးကို လှည်းပြင်ခိုင်းပြီး တစ်ယောက်ကိုမူ ရွာထဲသို့ လွှတ်သည် ။ ခပ်လှမ်းလှမ်းမှာတော့
ငိုကြွေးနေသော ဒေါ်မြစိန်၏မြေးမလေးကို မိန်းမတစ်ယောက်က ချော့မြူလို့နေသည် ။
မိန်းမကြီး (၄)/(၅)ယောက်က ဒေါ်မြစိန်နားမှာ ဝိုင်းထိုင်ကာ
တစ်ယောက်တစ်မျိုး အားပေးနေကြသော်လည်း ဒေါ်မြ စိန် ကောင်းကောင်း မကြား ။ ကျောဘက်က အောင့်တက်လာကာ
တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလျက်ရှိသည် ။ ရုတ် တရက် ချောင်းတစ်ချက် ဟပ်လိုက်မိစဉ် ပါးစပ်ထဲမှ
သွေးများ ပွက်ခနဲအန်ထွက်လာသည် ။
“ အမလေးတော့…သွေး သွေးတွေ ။ မ…မမြစိန် ညည်း…ညည်း
သတိထားဦးနော် ။”
“ ဟဲ့..ဟဲ့…ဟိုမှာ
လှည်းလာပြီ ။ ပွေ့…မြစိန်ကို ပွေ့ပြီး လှည်းပေါ် တင်ကြ ။ ဖြည်းဖြည်းသက်သာ လုပ်ကြဦးနော်
။
အေး…အေး…ဖြည်းဖြည်း ဖြည်းဖြည်း ။”
ဒေါ်မြစိန်ကို
ရွာသား(၄)/(၅)ဦးက ဝိုင်းပွေ့ချီကာ လှည်းပေါ်သို့ တင်လိုက်ကြပြီး နွားနှစ်ကောင်ကို ကြိမ်တို့ကာ
ခပ်မှန်မှန် ထွက်ခွာသွားကြသည် ။ မြန်မြန်သွားလိုသော်လည်း မဖြစ်..။ လူနာ မသက်သာမည်စိုး၍
လှည်းကို ခပ်မှန်မှန်သာ သွားစေ သည် ။ ဤလှည်းဖြင့်တော့ ဆေးရုံအထိ သွား၍မရ ။ ကားဂိတ်အထိသာ
သွားလို့ရမည် ။ ကားဂိတ်ရောက်မှ ကားစီစဉ် ကာ မော်လမြိုင်ဆေးရုံကြီးဆီသို့ ပို့ဆောင်ရပေမည်
။
“ အမလေး…! အမေ…အမေ ။”
ရွာထိပ်ကားဂိတ်တွင်
ဒေါ်မြစိန်၏သမီးငယ်-စိန်ခင်က ရောက်နှင့်နေပြီ ။ အမေ့သတင်းကြားထား၍ ငိုယိုနေသောကြောင့်
ပါးပြင်နှစ်ဖက်လုံး မျက်ရည်တို့ ရွှဲစိုနေ၏ ။ မအေကို တွေ့တော့ မျက်ရည်စက်လက်ဖြင့် ပြေးလာသည်
။
“ ဟဲ့…အမေ၊အမေ လုပ်မနေနဲ့ ။ ဘယ်မှာလဲ…စီစဉ်ထားတဲ့ကား
။ အေး…တင် ။ ဆေးရုံ ပို့ရမယ် ။”
ကျောင်းဆရာလည်း
ဟုတ် ၊ တရားပြဆရာလည်း ဟုတ် ၊ ဒေါ်မြစိန်၏အစ်ကိုလည်းဟုတ်သော ဦးမြမောင်က ဝင်ပြော၍ မစိန်ခင်လည်း
အငိုရပ်ကာ အမေကို ဝိုင်းပင့်သည် ။ ဒေါ်မြစိန်ထံမှ အင့်ခနဲ ညည်းသံတစ်ချက် ထွက်ပေါ်လာ၏
။
“ ကဲ…ကဲ…သွားမယ် ။ နောက်ကျရင် လူနာအတွက် မကောင်းဘူး
။”
ဦးမြမောင်က
သတိပေးသဖြင့် ကားပေါ်သို့ မစိန်ခင်နှင့်ချွေးမ မအေးသန်းပါ တက်လိုက်လာကာ မော်လမြိုင်ဆေးရုံသို့
မောင်းနှင်လာလိုက်သည် ။ ဒေါ်မြစိန်၏ပါးစပ်ထဲမှ တစ်ချက်တစ်ချက် သွေးများ ပျို့အန်ထွက်လာတုန်း…။
ဖြစ်ပုံက ဤသို့…။ အသက်(၆၀)ကျော်အရွယ်-ဒေါ်မြစိန်က
ရန်ကုန်မြို့မှ မြေးငယ်နှင့်ချွေးမ အလည်အပတ်လာခိုက် ဥသျှစ်ရွက်ပြုတ်တို့ မစားဖူးဘူးဟု
သိရ၍ ကျွေးချင်ဇောကပ်ကာ ဥသျှစ်ရွက်နုတက်ခူးစဉ် ခြေချော်ကျခဲ့ခြင်းဖြစ်သည် ။ ဒေါ်မြစိန်ကိုယ်တိုင်ကလည်း
စိတ်မြန်လက်မြန်…။ သားတွေ ရောက်လာကာမှ ခူးဆွတ်ခိုင်းလျှင်လည်း ရသည်ပဲ ။ သို့ပေမဲ့ စောင့်နေလျှင်
အချိန်ကြာမည်စိုးသဖြင့် ကိုယ်တိုင်ကိုယ်ကျ တက်ခူးရာမှ ယခုလို ခြေချော်ကျရလေသည် ။ တော်သေး
သည်က အဆင်းဖြစ်၍ ခပ်နိမ့်နိမ့်အမြင့်မှ ပြုတ်ကျသောကြောင့်သာ အသက်နှင့်ခန္ဓာ မြဲနေရခြင်းဖြစ်သည်
။
ငှားရမ်းသွားသောကားက ဟိုင်းလတ်ကားလေးဖြစ်သဖြင့်
ခရီးတွင်သည်ဟုဆိုရမည် ။ လမ်းမထက်ဝယ် တလှစ်လှစ် နှင့် အပြေးလေးသွားလျက်ရှိ၏ ။ ကားပေါ်တွင်
မစိန်ခင်က တအီအီငိုနေသည် ။ ချွေးမဖြစ်သူ-မအေးသန်းကလည်း သူ့ ကြောင့်ဖြစ်ရတာဟုတွေးကာ
စိတ်မကောင်းဖြစ်နေရှာသည် ။ ဒေါ်မြစိန်ကတော့ ချွေးမနှင့်သမီး၏ငိုသံများကို ကြားတစ် ချက်၊မကြားတစ်ချက်
။ ဝေဒနာ၏ ဖိစီးနှိပ်စက်မှုကြောင့် သတိလက်လွတ်ဖြစ်လုမတတ် ရှိလေ၏ ။
မုတ္တမနှင့်မော်လမြိုင်မြို့တို့သည်
ယခင်တုန်းကလိုမျိုး လှည်းတစ်တန်/လှေတစ်တန်နှင့် သွားရန် မလိုတော့ ။ သံလွင် မြစ်ကြီးခြားနေသော်လည်း
မုတ္တမ-မော်လမြိုင်တံတားကြီးကို တည်ဆောက်လိုက်ပြီဖြစ်၍ ဟိုင်းလတ်ကားကလေးနှင့် ရွှတ် ခနဲဖြတ်သန်းကာ
မော်လမြိုင်ဆေးရုံသို့ ရောက်ရှိခဲ့ကြသည် ။
ဆေးရုံသို့ရောက်တော့ တောသူမ-မိစိန်ခင် ဘာလုပ်၍ဘာကိုင်ရမည်
မသိ…။ မအေးသန်းကသာ ဆရာဝန်ရှာ၊ အခန်း ရှာနှင့် အားလုံးစီမံခန့်ခွဲကာ ဒေါ်မြစိန်အတွက်
စိတ်ချရသည်အထိ စောင့်ကြည့်ကြရသည် ။
“ အီးဟီးဟီး…အမေရဲ့ ။ ဘာမှမဖြစ်ပါနဲ့တော် ။ ကျုပ်
သရဲကြောက်လို့ပါ ။”
မစိန်ခင်က
operation roomရှေ့တွင် ထိုသို့အော်ငိုနေသဖြင့် မအေးသန်းက တိုးတိုးကြိတ်၍ဆူရသေးသည်
။ သူ့ငိုသံ ကြောင့် ခပ်လှမ်းလှမ်းမှ နပ်စ်မတစ်စု ပြုံးသွားကြသည် ။
တော်ပါသေး၏ ။ ဒေါ်မြစိန်တစ်ယောက် ဘုရားသိကြားမ,လို့
နံရိုးမကျိုး/အဆုပ်မကွာဘဲ အကြောနာရုံအဆင့်ဖြင့် ဆေး ရုံတွင် တစ်ပတ်ကျော်ကျော်အနားယူရရုံလောက်သာဖြစ်၍
ထိုအခါမှ သူတို့နှစ်ယောက်လည်း သက်ပြင်းရှိုက်ရင်း စိတ် အေးရတော့သည် ။ ထိုနေ့တစ်ညတွင်တော့
အထူးကြပ်မတ်ကုသဆောင်၌ ဒေါ်မြစိန်ကို ထားရ၏ ။ ညစောင့်တာဝန်ကမူ မစိန်ခင်အပေါ်သို့ လုံးလုံးလျားလျားကျရောက်လာလေပြီ
။
“ အစ်မရယ်…ရွာက လူတစ်ယောက် လွှတ်ဖို့ကလည်း နောက်ကျနေပြီ
။ စောင့်မယ့်သာ စောင့်ရမှာ ။ ကြောက်တော့
အကြောက်သား ။”
“ ဟယ်…စိန်ခင်ကလည်း ဘာကြောက်စရာ ရှိလို့လဲ ။ ဆေးရုံမှာ
လူတွေ/ဆရာဝန်တွေမှ အများကြီးရယ် ။ နောက်ပြီး
အခန်းထဲမှာ တခြားလူနာစောင့်တွေရော ရှိတယ် ။ ညဂျူတီကျတဲ့နပ်စ်မတွေလည်း
ဘေးခန်းတွေမှာ ရှိတယ် ။ ဘာ
မှ မကြောက်နဲ့ ။ အစ်မက စောင့်ချင်ပေမဲ့ အိမ်မှာက
သမီးလေး ကျန်ခဲ့တယ်လေ ။ ဒီတော့…ပြန်မှဖြစ်မယ် ။ ကဲ…
အစ်မ ပြန်တော့မယ်နော် ။”
ညနေစောင်းတော့
မအေးသန်းက ဟိုင်းလတ်ကားစီးကာ ရွာသို့ ပြန်သွား၏ ။ မစိန်ခင်တစ်ယောက်တည်းသာ ဆေးရုံတွင်
လူနာစောင့်အဖြစ်နှင့် အားငယ်ကြောက်လန့်လျက် ကျန်ရစ်ခဲ့ရချေသည် ။
ဆေးရုံစောင့်ရသည့်ည…။ မစိန်ခင် မကြောက်လှပေမဲ့
ရတနာသုံးပါးကိုတော့ မပြတ် ရွတ်လျက်ရှိသည် ။ အမေက နှာခေါင်းမှာ ပိုက်သွင်းထားရပြီး အကြောဆေးလည်း
သွင်းထားရသည်။ အားဆေးလည်း သွင်းထားရသည် ။ မစိန်ခင်ခမျာ မအေဖြစ်သူအတွက် စိုးရိမ်ပူပန်ရသလို
မမြင်ရသည့်ပုဂ္ဂိုလ်များကိုလည်း ကြောက်လန့်နေမိသေးသည် ။
ဘယ်ဘက်ကုတင်မှလူနာကို
လှမ်းကြည့်လိုက်တော့ အောက်ဆီဂျင်ပိုက်တပ်ထားပြီး လက်တစ်ဖက်မှာလည်း ပိုက်များ က အသီသီ
။ လူနာကို ကြည့်ရသည်မှာ ဖြူဖျော့ဖျော့ဖြစ်လျက်ရှိသည် ။ အင်း…သူ့ထက်စာရင် အမေကမှ တော်ပါသေး
တယ်ဟုတွေးကာ မစိန်ခင် စိတ်သက်သာရာရသွားမိသည် ။
မစိန်ခင်
ကြောက်မည့်သာ ကြောက်နေသော်လည်း အထူးကြပ်မတ်ကုသဆောင်တွင် ကုတင်(၆)လုံးရှိပြီး ကုတင်(၄)
လုံးတွင် လူနာများ ရှိသည် ။ အချို့လူနာများ္ပ မိသားစုဝင်များက မစိန်ခင်ကဲ့သို့ပင် လူနာစောင့်အဖြစ်
လာရောက် စောင့် ပေးကြသည် ။
ည(၈)နာရီထိုးသည့်အခါ
ဆရာဝန်များ လာကြည့်ကြသည် ။ သွေးပေါင်ချိန်/အပူချိန် တိုင်းပြီး သက်သာသွားပြီဖြစ် ကြောင်း
၊ မနက်ကျလျှင် ရိုးရိုးအခန်းသို့ ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်း ပြောပြသည် ။ မစိန်ခင်လည်း
သူတို့ ပြောပြ သည့် နိုင်ငံခြားနာမည်နှင့်ရောဂါများ၊ဆေးအမျိုးအစားများကို နားမလည်သော်လည်း
ပြောင်းရွှေ့ရတော့မည် ၊ သက်သာ သွားပြီဖြစ်ကြောင်းသိရ၍ ဝမ်းသာမိသည် ။ ဆရာဝန်များက တာဝန်ပြီးသည်နှင့်
အခန်းတွင်းမှ အသီးသီးအလျှိုလျှို ထွက် ခွာသွားကြလေသည် ။
“ အစ်မက ဇင်းကျိုက်ကလား…။”
လူနာကုတင်ဘေးရှိ
ထိုင်ခုံငယ်လေးတွင်ထိုင်ကာ တစ်ယောက်တည်း အိပ်ငိုက်လျက်ရှိစဉ် တစ်ဖက်ကုတင်မှ လူနာစောင့်
က အလာဘသလာဘလှမ်းပြောသဖြင့် မစိန်ခင် ခေါင်းညိတ်အဖြေပေးလိုက်သည် ။
“ အင်း ။ ညီမကရော ဘယ်ရွာကလဲ ။”
“ကျွန်မက မော်လမြိုင်ကပါပဲ ။ အစ်မကို မြင်ဖူးလို့
။ သြော်… အစ်မက ရေတံခွန်နားမှာ စားသောက်ဆိုင် ဖွင့်ထား
တာ မဟုတ်လား ။ ကျွန်မတို့ ရေတံခွန်ကို လာလည်တုန်းက
အစ်မတို့ဆိုင်မှာ ဝင်စားကြတယ်လေ ။ ဒါ့ကြောင့်
မြင်ဖူးပါတယ်လို့ ။”
“ သြော်…ညီမက ရေတံခွန်ကို အလည်လာဖူးတယ်လား ။”
“ ဟာ…လာဖူးတာပေါ့ အစ်မရဲ့ ။ ဇင်းကျိုက်ရေတံခွန်က
နာမည်ကြီးပဲဥစ္စာ ။ မော်လမြိုင်တက္ကသိုလ်က ကျောင်းသူ
တွေဆို မိုးတွင်းဘက် ကျောင်းအားရင် အဲ့ဒီကိုပဲ
အလည်သွားကြတာ ။ အရမ်းလှတာပဲနော် ။ ကျွန်မလည်း သူငယ်
ချင်းတွေနဲ့ အလည်လာဖူးတယ်လေ ။ ”
ထိုမိန်းကလေးက
မိတ်ဆက်မှပဲ မစိန်ခင်လည်း ရောယောင်ကာ ခေါင်းညိတ်လိုက်သည် ။ သူမကိုတော့ မစိန်ခင်က ဘယ်
မှတ်မိပါ့မလဲ ။ မစိန်ခင်တို့ဆိုင်က ရေတံခွန်နားတွင် ဖွင့်ထားသောကြောင့် မိုးရာသီဆိုလျှင်
အလွန်လူကျသည်ပဲကိုး ။
ဇင်းကျိုက်ရေတံခွန် (ဝါ) ကျောက်သင်္ဘောရေတံခွန်က
အမှန်ပင်ရှုခင်းလှပသော ရေတံခွန်ကြီးဖြစ်သလို မိုးတွင်းအခါ တွင်လည်း အလွန် လူစည်ကားလှသည်
။ မော်လမြိုင်/သထုံကဲ့သို့ မွန်ပြည်နယ်မှ မြို့ကြီးများကသာမက ရန်ကုန်/ပုသိမ် ကဲ့သို့
နယ်ဝေးမှဧည့်သည်များပင် လာရောက်လည်ပတ်ကြသည် ။ သို့ပေမဲ့ တချို့သော လေ့လာစိတ်လွန်ကဲသည့်လူငယ်
များက ရေတံခွန်ကျောက်သားများပေါ်သို့ ကုတ်ကပ်တွယ်တက်ကြရာမှ ခြေချော်ကျ၍ လူသေမှုများ
ဖြစ်ပွားတတ်သဖြင့် ရွာခံများက ရေတံခွန်သို့ ဧည့်စိမ်းများ လာရောက်လည်ပတ်လျှင် ရင်တမမဖြစ်နေတတ်ကြသည်
။
“ အစ်မနာမည်က မစိန်ခင်ပါ ။ ညီမနာမည်ကရော…”
“ ကျွန်မနာမည်က သွယ်သွယ်ပါ အစ်မ ။”
“ ညီမလည်း လူနာစောင့်နေတာ ထင်ရဲ့ ။ အမျိုးပဲလား
။”
မစိန်ခင်၏စပ်စုသောအမေးကြောင့်
မသွယ်သွယ်က ချိုချိုလွင်လွင်လေး ရယ်မောလိုက်ရင်း…
“ မပြောချင်ပါဘူး
အစ်မရယ် ။ ကျွန်မက တစ်လမှာ ဒီအထူးကုသခန်းကို (၃)/(၄)ခေါက်လောက် လာစောင့်ပေးရ
တယ် ။ စီးပွားရေးပဲပြောပြော/လူမှုရေးပဲပြောပြော
ဆေးရုံမှာ နပ်စ် မငှားနိုင်တဲ့လူတွေကို ကျွန်မက ဈေးနှုန်းနည်း
နည်းနဲ့ လာစောင့်ပေးတယ် ။ သူတို့ကလည်း စေတနာရှိသလောက်
ကျေးဇူးဆပ်တယ်ပေါ့ ။ ကျွန်မက ဒီနားတင်
နေတာလေ ။ ဆေးရုံက လူတော်တော်များများနဲ့လည်း
သိနေပါပြီ ။”
“ သြော်…အဲဒီလိုလား ။”
မစိန်ခင်က
ခပ်တိုးတိုးရေရွတ်ပြောဆိုကာ အလိုက်သင့်ပြုံးရယ်လိုက်သည် ။ အမှန်က စကားပြောဆိုရန် စိတ်မဝင်စားနိုင်
တော့ ။ နေအိမ်၌ (၉)နာရီဆိုလျှင် အိပ်နေကျမို့ အိပ်ချင်နေပြီဖြစ်ရာ မျက်ခွံများက ဟန်မဆောင်နိုင်အောင်
လေးလံနေချေ ပြီ ။
“ အစ်မ အိပ်ချင်နေပြီ ထင်တယ် ။ အိပ်ချင် အိပ်လေ…ကျွန်မ
အဘွားကို ကြည့်ပေးထားမယ် ။ ဒါနဲ့ အဘွားကရော
ဘာဖြစ်တာလဲ ။”
မသွယ်သွယ်က
လူမှုရေးစကားဆိုသည် ။ သူမ၏အမေးစကားကြောင့် မစိန်ခင်ခမျာ ဖြေရခက်သွား၏ ။ အမှန်အတိုင်း
ဖြေလိုက်လျှင် ကောင်းမလားဟု စဉ်းစားလိုက်မိပေမဲ့ မဖြစ် ။ သားသမီးတွေ ရှိလျက်သားနှင့်
ဒီအသက်အရွယ်ကြီး အပင် ပေါ်က ပြုတ်ကျရသည့်ကိစ္စမှာ များစွာ ရှက်စရာကောင်းလှသဖြင့်…
“ သြော်…အိမ်အပေါ်ထပ်က ချော်ကျလို့လေ ။”
“ ဟုတ်လား…ကျွတ် ကျွတ်…ဖြစ်မှဖြစ်ရလေ ။ ကဲ အစ်မ
မှေးချင်မှေးလိုက်နော် ။ ကျွန်မ ကူကြည့်ပေးပါ့မယ် ။”
မသွယ်သွယ်က
စီးပွားရေးသဘောမျိုးထက် ကူညီတတ်သည့်စိတ်ထားက ပိုမိုရှိပုံရသည် ။ ယခုလည်း မစိန်ခင်ဆီမှ
ဘာ
ကိုမျှ
မမျှော်ကိုးဘဲ အကူအညီပေးနေသည်ကြောင့် ‘အင်း…ဒီကောင်မလေး စိတ်ကောင်း အရှိသား ’ဟူ၍ မစိန်ခင်၏စိတ်
ထဲက ကြိတ်၍ ချီးကျူးလိုက်မိသည် ။
“ အင်းလေ ။ ဒါဆိုလည်း အစ်မ ခဏ လှဲလိုက်ဦးမယ်
။ ညီမ အိပ်ချင်ရင် ပြောနော် ။ အစ်မကို နှိုးလှည့် ။”
မစိန်ခင်က
ပြောပြောဆိုဆိုဖြင့် နံဘေးမှ လွတ်နေသည့်ကုတင်ပေါ်သို့ တက်ထိုင်လိုက်၏ ။
တစ်ခန်းလုံး၌ လူနာ(၄)ဦး ရှိနေ၍ ကုတင်နှစ်လုံးသာ
လွတ်လျက်ရှိသည် ။ ထိုကုတင်လွတ်(၂)လုံးတွင်မှ ဟိုဘက် ခြမ်းတွင်ရှိသော ကုတင်တစ်လုံးပေါ်တွင်
လူနာစောင့်တစ်ဦး လှဲအိပ်နေသည် ။ မစိန်ခင်လည်း အားကျမခံပင် ကျန်ကုတင် အလွတ်ပေါ်သို့
တက်လှဲရန် ပြင်လိုက်စဉ်…။
“ ဟို…အ … အစ်မ လူနာဘေးက ထိုင်ခုံမှာပဲ လှဲပါလား
။”
“ ဘာ ဘာဖြစ်လို့လဲ ။ လူနာစောင့်တွေ ကုတင်ပေါ်
တက်အိပ်လို့ မရဘူးလား ။ ဟိုဘက်မှာလည်း တစ်ယောက်
အိပ်နေတယ်လေ ။”
မသွယ်သွယ်က
ကမန်းကတန်း တားမြစ်သလိုပြောဆိုလိုက်သဖြင့် မစိန်ခင်က တအံ့တသြ ပြန်မေးမိသည် ။ ဤကုတင်မှာ
လူနာ မရှိတာတော့ သေချာပါသည် ။ အိပ်ရာခင်းကလည်း သန့်သန့်ရှင်းရှင်းရယ်…။ ဘယ်လိုအကြောင်းကြောင့်
မအိပ်စေ ချင်ရတာပါလိမ့်…။ မိမိ၏အမေးကြောင့် မသွယ်သွယ်က ကုတင်ကိုတစ်လှည့် / မစိန်ခင်ကိုတစ်လှည့်
ကြည့်ရင်း…
“ မဟုတ်ပါဘူး…ဟို…ဟိုဒင်းလေ… ။”
မသွယ်သွယ်က
တစ်စုံတစ်ခုကို ပြောလျှင်ကောင်းနိုး ၊ မပြောလျှင် ကောင်းနိုး ချိန်ဆနေပုံရသည် ။ နှုတ်ကတရွရွလှုပ်နေ
သော်ငြား စကားသံက ထွက်မလာသေး…။ နောက်ဆုံး စိတ်ကို ဒုန်းဒုန်းချလိုက်ပုံဖြင့် သက်ပြင်းရှိုက်လိုက်ပြီး…
“ ဘာ…ဘာမှမဟုတ်ပါဘူး
အစ်မရယ် ။ မွေ့ရာ မသန့်မှာစိုးလို့ပါ ။ အိပ် အိပ်…။”
မစိန်ခင်လည်း
မသွယ်သွယ် မတားမြစ်တော့သည်နှင့် ကျောခင်းကာ လှဲချလိုက်ရင်း ဘုရားရှိခိုးခြင်း/မေတ္တာပို့ခြင်း
မပြု တော့ဘဲ တစ်ချိုးတည်း အိပ်ပျော်သွားလေတော့သည် ။
mmmmmmm
“ ဟဲ့…သြော်…ထ…ဆင်း ဆင်းစမ်း ။ ဒါ ငါ့အိပ်ရာ…။”
ခြေထောက်ကို
တစ်စုံတစ်ယောက်က ပုတ်ခတ်လိုက်၍ မစိန်ခင်လည်း ပြူးတူးပြဲတဲဖြင့် လန့်နိုးလာသည် ။ နံဘေးသို့
မော် ကြည့်လိုက်တော့ မိန်းမဝဝကြီးတစ်ယောက်…။ သူမက မစိန်ခင်ကို စိန်းစိန်းကြီးကြည့်လို့နေသည်
။ တစ်ဆက်တည်းမှာ ပင် မစိန်ခင်ကို ဆွဲခါလှုပ်ယမ်းရင်း ကုတင်ပေါ်က အတင်းဆင်းခိုင်းနေသည်
။
“ ရှင်…ဒါ…ဒါ အဒေါ့်အိပ်ရာလား ။ သြော်…ကျွန်မက
လူနာမရှိဘူးထင်လို့ တက်အိပ်နေတာ ။”
မစိန်ခင်
အားတုံ့အားနာဖြင့် တောင်းပန်ရင်း စောစောက ဒီကုတင်မှာ လူနာမရှိတာ သေချာပါတယ်ဟု တွေးတောလိုက်မိ
သည် ။
“ အောင်မာ ! ဘာလို့ မရှိရမှာလဲ ။ ငါ ဒီအိပ်ရာမှာ
နေတာ ဆေးရုံတစ်ခုလုံး သိတယ် ။ နင်သာ သူများ အိပ်ရာပေါ်ကို
မမေးမစမ်းနဲ့ တက်အိပ်ဦး ။ ကဲ...”
မစိန်ခင်
တစ်စုံတစ်ရာတောင်းပန်ခွင့် မရလိုက်ခင်မှာပဲ ထိုမိန်းမဝဝကြီးက မစိန်ခင်ကို ကုတင်ပေါ်မှ
တွန်းချလိုက်လေ သည် ။
“ အမလေးတော့…။”
မစိန်ခင်ခမျာ
တွန်းချခံရသည့်အရှိန်ကြောင့် ကုတင်ပေါ်မှ တစ်ပတ်လည်ပြီး ပြုတ်ကျသွားရလေ၏ ။
“ ဟယ်…အစ်မ အစ်မ … ဘယ့်နှယ့်ဖြစ်တာလဲ ။”
မသွယ်သွယ်က
မစိန်ခင်အနားသို့ ပြေးလာကာ ဆွဲထူသည် ။ နံဘေးကုတင်မှ လူနာစောင့်များလည်း မစိန်ခင်၏အနားသို့
ရောက်လာကြသည် ။ မစိန်ခင်က ကြမ်းပြင်ပေါ်ဝယ် ခွေခွေလေးဖြစ်နေပြီး နာသွားသော-တင်ပါးနှင့်ကျောကို
အသာပွတ် ရင်း ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရင်း စောစောက မိမိကို တွန်းချလိုက်သော-မိန်းမကြီးကို
ရှာဖွေကြည့်မိသည် ။
“ အယ်တော်…ဟို …ဟိုမိန်းမဝဝကြီးရော…? ဒီ…ဒီကုတင်ပိုင်ရှင်ဆိုတာလေ
။ သူ…သူ ဘယ်ရောက်သွားလဲ ။ သူ
အစ်မကို ကုတင်ပေါ်က တွန်းချလိုက်တာ ။”
မစိန်ခင်က
မကျေမချမ်းအသံဖြင့် ဆိုသည် ။ နည်းနည်းလည်း ဒေါသထွက်နေသည် ။ ဘယ့်နှယ့်…မည်မျှ ဝေဒနာခံစားနေ
ရသောလူနာဖြစ်ပါစေ…ဤကဲ့သို့တော့ တွန်းမချသင့်ပေ ။ အကျိုးအကြောင်းပြောပြပါက မစိန်ခင်က
ဆင်းပေးမည်ပဲပေါ့ ။ ယခုတော့ လူကို အားမနာတမ်း တွန်းချသည် ။ ထိုသို့ မစိန်ခင် တွေးတောလျက်ရှိစဉ်
နံဘေးမှ လူနာစောင့်အမျိုးသမီး ငယ်တစ်ဦးက မစိန်ခင်ကို နားမလည်ဟန်ဖြင့် ကြည့်ရင်း…
“ အာ…အစ်မကလဲ ဘာတွေပြောနေတာတုံး ။ ဘယ်ကမိန်းမကြီးလဲ
။ ကျွန်မလည်း မအိပ်သေးပါဘူး ။ ဘယ်မိန်းမမှ
မလာဘူး ။ အစ်မဘာသာ လိမ့်ကျတာပါ ။”
သူမက
အပ်ကျမတ်ကျပြောချေပြီ ။ ကျန်လူများကလည်း မိမိကိုသာ မျက်လုံးအဝိုင်းသားနှင့် ဝိုင်းကြည့်နေကြ၏
။
မစိန်ခင်က အထွန့်တက်ဖို့ ကြိုးစားလိုက်သော်လည်း
ဘာပြောလို့ ပြောရမှန်းမသိ…။ မိမိဘာသာ အိပ်မက်မက်ကာ ယောင်ယမ်းခြင်းပဲလား…။ သို့သော်
အိပ်မက်မက်ပြီး ယောင်ယမ်းလိမ့်ကျတာမျိုး မဟုတ်မှန်း မစိန်ခင်၏အတွင်းစိတ်ထဲက အလိုလို
သိနေသည် ။
-
ဒါ…ဒါဆို အဲ့ဒီ့မိန်းမကြီးက ဘယ်သူလဲ ။ ဘာဖြစ်လို့ ငါပဲ မြင်ရတာလဲ ။ နောက်ပြီး…အခုရော
ဘယ်ပျောက်နေပါလိမ့်…။
စဉ်းစားပါသော်လည်း
အဖြေက ပေါ်မလာ ။ သို့ပေမဲ့…ကုတင်ဆီသို့ မော့ကြည့်ရုံမျှဖြင့် စောစောက မျက်ထောင့်နီကြီးနှင့်
ဝဝတုတ်တုတ်မိန်းမကြီးကို ပြန်လည်မြင်ယောင်မိ၍ မစိန်ခင်လည်း ထိုကုတင်တွင် မအိပ်ဝံ့တော့ဘဲ
အမေ့အိပ်ရာဘေး ထိုင်ခုံလေး၌သာ ထိုင်ငိုက်ရင်း မိုးလင်းသွားတော့သည် ။
“ အစ်မ အစ်မ… ဟိုမှာ ဆရာဝန်လေးတွေ လာနေပြီ ။
ထတော့…။”
မသွယ်သွယ်
လှမ်းနှိုးလိုက်မှပဲ မစိန်ခင် ငိုက်နေရာမှ လန့်နိုးလာသည် ။ မျက်လုံးကို ပွတ်သပ်လိုက်ရင်း
နာရီကို ကြည့် လိုက်တော့ သြော်…နံနက်ငါးနာရီတောင် ခွဲနေပြီ ။ ဆရာဝန်လေးများက ထုံးစံအတိုင်း
လုပ်ရိုးလုပ်စဉ်တွေကို ပြုလုပ်ပြီး သက်သာသွားပြီဖြစ်ကြောင်း အားပေးစကားပြောကြသည် ။
အမေ့မျက်နှာသည်လည်း ညကထက် သိသိသာသာလန်း ဆန်းလျက် ရှိသည် ။
“ အစ်မရေ…ကျွန်မနဲ့ နေ့ဂျူတီလာချိန်းမယ့် လူနာရဲ့မိသားစုက
ခြောက်နာရီဆို လာကြတော့မှာ ။ သူတို့ တော်ကြာ
နေ ရောက်ကြတော့မယ် ထင်တယ် ။”
“ ဟုတ်လား...အစ်မလည်း ညီမကို ကျေးဇူးတင်ပါတယ်ကွယ်
။ မနက်စာကို အစ်မနဲ့ တစ်ခုခု စားသွားပါလား ။”
“ ရပါတယ် အစ်မရယ် ။ အိမ်မှာ ကလေးတွေ စောင့်နေမှာမို့
သွားပါတော့မယ် ။ ဒါနဲ့ ကျွန်မ မသွားခင် အစ်မကို
တစ်ခု ပြောသွားချင်လို့ ။ ညကတည်းက ပြောချင်နေတာ
။ အစ်မ ကြောက်မှာ စိုးတာနဲ့…။”
မသွယ်သွယ်၏စကားကို
ကြားသည့်အခါ မစိန်ခင်မှာ ရင်တလှပ်လှပ် ခုန်ငင်သွားရသည် ။ သဘောပေါက်လိုက်ပြီ ။ သူမ ပြောပြမည့်အကြောင်းအရာသည်
ညက ကုတင်နှင့် သေချာပေါက်ပတ်သက်နေလိမ့်မည် ။
“ အင်း…ပြော ညီမ ။”
“ ဟိုလေ…ညက အစ်မသွားအိပ်တဲ့ဟိုကုတင်က အမှန်တော့
သရဲချောက်တယ် အစ်မရဲ့ ။ အကြောင်းသိတွေဆို
အဲ့ဒီ့ကုတင်မှာ ဘယ်တော့မှ သွားမအိပ်ကြဘူး ။
သွားအိပ်တဲ့သူဆိုရင်လည်း ညက အစ်မ ကြုံခဲ့ရသလို ကုတင်
ပေါ်က တွန်းချခံထိတာချည်းပဲ ။ ဒါ့ကြောင့် ကျွန်မက
အစ်မကို သွားမအိပ်ဖို့တားတာ ။ ပွင့်ပွင့်လင်းလင်း ပြောပြ
ရင်လည်း မယုံတဲ့သူဆို ကျွန်မကို အထင်လွဲမှာစိုးလို့
အကြောင်းစုံ မပြောပြခဲ့တာပါ ။ အစ်မ အတော်လန့်သွားမှာ
ပဲနော် ။”
မသွယ်သွယ်၏အပြောကြောင့်
မစိန်ခင်လည်း ညကအိပ်မက်လိုလို တွေ့ကြုံခဲ့ရသော-အဖြစ်အပျက်ကို ပြန်လည်မြင် ယောင်ကာ အမှတ်ရမိသည်
။ ဒါ…ငါ့ကုတင်ဆိုပြီး တွန်းချလိုက်သည့်မိန်းမဝဝကြီး…။ ဒါ…ဒါဆို ငါ သရဲချောက်ခံထိတာ
ပေါ့…။
“ ဟို…ဒါဆို အဲ့ဒီ့မိန်းမဝဝကြီးက သရဲပေါ့ ဟုတ်…ဟုတ်လား
။”
“ ကျွန်မကတော့ တစ်ခါမှသွားမအိပ်ဖူးလို့ မသိပေမဲ့
အချောက်ခံရတဲ့လူတွေ ပြောပြတာတော့ မိန်းမဝဝကြီးတစ်
ယောက်က တွန်းချတာတဲ့ ။ အဲ့ဒီမိန်းမကြီးကိုတော့
ကျွန်မ သိတယ် ။ သူ မဆုံးခင်က ကျွန်မတောင် လာစောင့်ပေး
လိုက်ရသေး ။ သွေးတိုးရောဂါနဲ့ ဆေးရုံလာတက်ရင်း
မတည့်တာတွေ ခိုးစားပြီး အဲ့ဒီ့ကုတင်ပေါ်မှာပဲ ဆုံးသွားရှာ
တာ ။ သေခါနီး မတွယ်တာသင့်တာကို တွယ်တာသွားတယ်ထင်ပါရဲ့
အစ်မရယ် ။ ဟော…ဟိုမှာ လူနာရှင် လာပြီ ။
ကျွန်မ သွားတော့မယ်နော် ။”
မသွယ်သွယ်က
တံခါးဝဆီသို့ မေးထိုးပြ၍ လှည့်ကြည့်လိုက်တော့ အသားညိုညို လူပုံကျစ်ကျစ်လျစ်လျစ်နှင့်
အမျိုးသား တစ်ယောက်ကို တွေ့လိုက်ရသည် ။ သွားတော့မည်ဟုဆိုကာ မသွယ်သွယ်က နှုတ်ဆက်၍ မစိန်ခင်လည်း
အပြုံးဖြင့် တုံ့ ပြန်ရင်း အတွေးနယ်ချဲ့နေမိသည် ။ နောက်ပြီး…မသွားခင် ဇာတ်စုံခင်းပြပေးခဲ့သော-မသွယ်သွယ်ကိုလည်း
ကျေးဇူးတင် မိသည် ။
-
သြော်…တကယ်တော့ မတွယ်တာသင့်တာကို တွယ်တာနေတဲ့ဒီမိန်းမကြီးဟာ အတော် သနားစရာကောင်းပါလား
။
ဒါထက် ဘာမဟုတ်တဲ့ ကိုယ့်ထက် နိမ့်ကျတဲ့ပရလောကသားတွေကို
ကြောက်လန့်နေမိတဲ့ ငါက ပိုတောင် သနားစရာ
ကောင်းနေပါရောလား…
ဟုဆင်ခြင်မိ၍
မစိန်ခင် ရှက်ရွံ့လာသည် ။ ထို့နောက် တရားအသိတစ်ခုကို နှလုံးသွင်းမိတာကြောင့် မစိန်ခင်၏
ရင်ထဲ၌ ပီတိရေယဉ်လေးတစ်ခု ဖြတ်သန်းစီးဆင်းသွားသလို ခံစားလိုက်ရ၏ ။ သေခါနီးတွင် အသေတတ်
၊ အသေမြတ်စေရန် တရားအသိကို ဆင်ခြင်နှလုံးသွင်းတတ်ရမည် မဟုတ်ပါလား ။
မစိန်ခင်သည်
အရှေ့အရပ်သို့မှန်းဆကာ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ရည်စူးပြီး လက်အုပ်ချီမိုးရှိခိုးပူဇော်
လိုက်ပြီး သရဏဂုံများကို ရွတ်ဆိုပွားများလိုက်သည် ။ ငါးပါးသီလကို ခံယူဆောက်တည်ပြီး
မကျန်းမာသောမိခင်ကြီးကို ရည်စူးကာ မေတ္တာပို့သသည် ။ ၃၁ဘုံ ကျင်လည်ကုန်သော သတ္တဝါအပေါင်းကို
မေတ္တာပို့သသည် ။ ထို့နောက် ဤအခန်း ထဲ၌ ကုတင်တစ်လုံးကိုတွယ်တာလျက် မကျွတ်လွတ်သေးရှာသောထိုမိန်းမကြီးအပါအဝင်
အလုံးစုံသော သတ္တဝါအပေါင်း တို့အား အမျှပေးဝေလိုက်သည့်အခါဝယ် အခန်းအတွင်းမှ တစ်စုံတစ်ဦး
ထွက်ခွာသွားသည့်အလား လေနုအေးလေးများ တိုက်ခတ်သွားသည်ကို အခန်းတွင်းရှိ လူနာစောင့်အားလုံး
ခံစားသိရှိလိုက်မိပါတော့သည် ။
စေတနာရှေ့ထားလျက်
ဂါဦးနွန်းကို