အပမှီခဲ့သောအရုပ်ကလေး
( ၂၀၁၄ နိုဝင်ဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------
ယခင်တုန်းကလည်း အပမှီခြင်းနှင့်စပ်လျဉ်းသော ကိုယ်တွေ့အဖြစ်အပျက်၊အကြောင်းအရာတချို့ကို
ရေးသားခဲ့ဖူးပါ သည် ။ မိမိကိုယ်တိုင် မကြုံတွေ့ဖူးခဲ့ပါက ထိုသို့သောအဖြစ်အပျက်များကို
အမှန်တကယ်ဖြစ်ပွားနိုင်သည်ဟူ၍ ယုံကြည်မိ လိမ့်မည်မထင်ပါ ။ ပြောမယုံ ကြုံဖူးမှသိဆိုသည့်အတိုင်း
ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ဆုံလိုက်တော့မှပဲ တတွတ်တွတ်ရွတ် ဆိုနေကျဖြစ်၍ အလွတ်ရနေသောသံဗုဒ္ဓေဂါထာတော်ကိုပင်
ဖြောင့်အောင်မဆိုနိုင်တော့၍ ဘုရား…ဘုရားဟူ၍သာ ရေရွတ် ခဲ့ရသည့်အဖြစ်ကို ယခုထက်တိုင်
မှတ်မိနေပါသေးသည် ။ ထိုအပမှီသောအရုပ်ကလေးအကြောင်း ပြန်ပြောင်းတွေးပြီး ရေး ရမည်ဆိုပါလျှင်
လွန်ခဲ့သောဆယ်နှစ်ဝန်းကျင်သို့ သမင်လည်ပြန်ငေးကြည့်ရမည်သာဖြစ်ပါတော့၏ ။
ထိုစဉ်က ကျွန်မ၏အသက်မှာ ဆယ်နှစ်ဝန်းကျင်သာ ရှိသေးသည်
။ မိသားစုထဲတွင် အငယ်ဆုံးသမီးကလေးမို့ ထို အရွယ်သို့ ရောက်သည့်တိုင် ဟိုဟာသည်ဟာစိတ်မဝင်စားနိုင်ဘဲ
ကလေးတစ်ယောက်လို ဘဝကို ကုန်ဆုံးနေသည့်အချိန် ။ အသက်က ဆယ်နှစ်ဖြစ်၍ ငါးတန်းတက်ရန် ပြင်ဆင်နေသည့်ကာလဖြစ်၏
။ ၂၁ရာစု၏ခေတ်ကာလသမီးပျိုပီပီ မြန်မာပြည် ၏ပညာရေးစနစ်နှင့်လျော်ညီမှုရှိစေရန်အတွက်
ကြိုတင်ဘိုကင်စွဲကာ ကျူရှင်တက်နေရသောကာလလည်းဖြစ်သည် ။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်မက စာကျက်ပျင်းသောကလေးမလေး…။
စာကျက်သည်ထက် စာဖတ်သည်ကို ပို၍ အားသန်ပြီး ပျင်းရိသည့်အခါတိုင်း အရုပ်မလေးများနှင့်
ဆော့ကစားကာ အချိန်ဖြုန်းနေတတ်သည် ။ ထိုစဉ်က ကျွန်မ၏မိဘ နှစ်ပါးမှာ ငွေကြေးပြည့်စုံခြင်းမရှိ၍
ကျွန်မအတွက် အရုပ်အမျိုးမျိုး လက်ဆောင်ဝယ်ပေးနိုင်ခြင်းမရှိသောကြောင့် ကျွန်မမှာ ရှိရင်းစွဲအရုပ်ကလေးများနှင့်သာ
ဆော့ကစားနေခဲ့ရသည် ။
ကျွန်မ၌ အရုပ်များများစားစား မရှိပါ ။ သုံးနှစ်သမီးကတည်းက
လက်ဆောင်ရထားခဲ့သော မွေးကင်းစကလေးတစ် ယောက်အရွယ်ရှိ ကော်ပတ်ရုပ်မလေးနှင့် ကိုးနှစ်ပြည့်မွေးနေ့တုန်းက
ဦးလေးတစ်ယောက် လက်ဆောင်ဝယ်ပေးခဲ့သော အမြွှာနှစ်ယောက်အမည်ရ ပုပုသေးသေးကော်ပတ်ရုပ်မလေးတို့သာ
ရှိ၏ ။ အရုပ်က စုစုပေါင်းသုံးရုပ်ဖြစ်သော်လည်း ပထမ ဆုံးအရုပ်က အချိန်ကြာညောင်းခဲ့ပြီဖြစ်၍
အနည်းငယ်ဟောင်းနွမ်းနေရုံမက ကျွန်မငယ်စဉ်က လက်သည်းနီများဖြင့် လက် စွမ်းပြထားမိ၍ အရုပ်မလေး၏ပါးပြင်နှစ်ဖက်လုံး
နီရဲတွတ်ကာ ရုပ်ဆိုးနေသည် ။
နာမည်ကြီးလှသည့်နိုင်ငံခြားဇာတ်ကားတစ်ကားဖြစ်သော
Conjuringဇာတ်ကားထဲက နတ်ဆိုးပူးနေသည့်အရုပ်မလေး ကမှ ကျွန်မ၏ဘိုမထက် ရုပ်လှပါသေးသည်
။ ကျွန်မ၏ဘိုမရုပ်က မျက်နှာပြင်တွင် လက်သည်းနီတို့ ရဲနေရုံသာမက ခေါင်းတွင်လည်း ဆံပင်မွေးများက
ကျို့တို့ကျဲတဲ ။ ထိုသို့ဖြစ်အောင်လည်း ကျွန်မကပဲ(မသိနားမလည်သည့်အရွယ်တုန်း က)ကတ်ကျေးတစ်လက်နှင့်
စောင်းထက်ထားခဲ့လေတော့ နဂိုချောလှသည့်အရုပ်မလေးခမျာ ကြည့်ရက်စရာမရှိ ။ သို့သော် လည်း
ထိုရုပ်ဆိုးမလေးကို ကျွန်မ မပစ်ရက်ပါ ။ ထိုအရုပ်လေးက ကျွန်မ၏ဖခင် ပညာတော်သင်သွားစဉ်က
နိုင်ငံခြားမှ (ရှိ စုမဲ့စုကြားက ဖခင်၏မေတ္တာ စေတနာတို့နှင့်)ဝယ်ယူလာခဲ့သောအရုပ်လေးတစ်ရုပ်ဖြစ်၍
အမှတ်တရအနေနှင့် အမြတ်တနိုး ထိန်းသိမ်းထားခြင်းဖြစ်သည် ။ သို့သော်လည်း ထိုမြတ်နိုးတန်ဖိုးထားသည့်စိတ်က
အရုပ်မလေးကို အပမမှီခင်ကသာ နှလုံး အိမ်ထဲတွင် တည်ရှိနေခဲ့ခြင်း ဖြစ်ပါ၏ ။
ကျွန်မ၏ကစားပုံကစားနည်းကို
ရှင်းလင်းရပေဦးမည် ။ ကျွန်မက ဆယ်နှစ်သမီးဖြစ်၍ အရုပ်ကလေးများကို နားကြပ် သေးသေးလေးနှင့်
ပိုစမ်းသည်စမ်းလုပ်ရင်း နေကောင်းသွားမှာပါ ၊ ဆေးသောက်ဟုဆိုပြီး ဆရာဝန်အိုက်တင်ဖမ်းကာ
ဆော့ ကစားခြင်းမျိုး မဟုတ်ပါ ။ ကျွန်မကိုယ်တိုင်လည်း သွေးအလွန်ကြောက်တတ်သောကြောင့်
ဆရာဝန်ဖြစ်ချင်သောစိတ်ကူး မျိုး ငယ်စဉ်ကတည်းက မရှိခဲ့ပေ ။ ကျွန်မ ဆော့ပုံဆော့နည်းက
အရုပ်မလေးများကို အဝတ်အစားချုပ်ပေးခြင်း ၊ အလှပြင် ပေးခြင်း ၊ ခေါင်းဖီးပေးခြင်းနှင့်
တစ်ခါတရံ အထီးကျန်သည့်အခါ သူတို့လေးတွေကို သက်ရှိပမာ သဘောထားကာ စကား ပြောခြင်းတို့ဖြစ်ပါသည်
။
အပမှီသည့်အကြောင်းကို ဦးတည်ပြောရသော် ဇာတ်လမ်းဖြစ်တည်မည့်အစဆီသို့
ကျွန်မတို့ သွားရောက်ကြည့်ရှုရ လိမ့်မည် ။ အပမှီခြင်း၏သဘောသဘာဝမှာ ပြင်ပမှ မမြင်အပ်သောတစ်စုံတစ်ယောက်၏မှီတွယ်ခြင်း
ခံရသည်ကို ဆိုလို ဟန်တူပါသည် ။ သို့ကြောင့် ထိုအရုပ်ကလေးသာ အိမ်တွင်းပုန်းလုပ်နေပါက
အပမှီစရာ အကြောင်းမရှိ ၊ သို့သော် ထိုနေ့က ကျွန်မကိုယ်တိုင် ကျူရှင်အိမ်ဆီသို့ အရုပ်ကလေးကို
သယ်သွားခဲ့မိခြင်းဖြစ်၏ ။
\\\\
“ ဟယ်…ပါလာပြီဟေ့ ။ ဖြူဖြူရဲ့ဘိုမရုပ်လေးက ရုပ်ဆိုးချက်ကွာ
။”
“ အေးဟယ်…။ မျက်နှာကလည်း နီရဲနေရော ။ ကေကလည်း ကတုံးဆံပင်ပေါက်အတိုင်းပဲ
။ ဆိုးလိုက်တာဟယ် ။”
“ ဟွန်း…နင်တို့ကလည်း သူများအရုပ်ကိုများ မှိုချိုးမျှစ်ချိုးပြောနေလိုက်ကြတာ
။ နင်တို့မှာကော ဒီလောက်ကြီးတဲ့အရုပ်
မျိုး ရှိလို့လား ။ ဒါက နှယ်နှယ်ရရမဟုတ်ဘူးနော်
။ နိုင်ငံခြားကပါလာတဲ့ဘိုမရုပ်အစစ် ။”
သူငယ်ချင်းများ၏ဝေဖန်စကားကို
ကျွန်မက ခပ်ကြွားကြွားလေးချေပလိုက်တော့ သူတို့တတွေ ပါးစပ်ပိတ်သွားကြသည် ။ ကျွန်မ၏မြောက်ကြွကြွအပြောလေးကို
ကျူရှင်ဆရာမဒေါ်သီတာ၏မိခင်ဘွားမေသန့်က သဘောကျသွားဟန်ဖြင့် တဟင်း ဟင်းရယ်မောရင်း ကျွန်မလက်ထဲက
အရုပ်ကလေးကို လှမ်းယူလိုက်၏ ။
“ အမယ်…ပွင့်ဖြူလေးရဲ့ဘိုမက ရုပ်ဆိုးတာ မဟုတ်ပါဘူး
။ ဒါ အင်္ဂလိပ်ချော,ချောတာလို့ခေါ်တယ် ။ အသားနီတာရဲ
လေးနဲ့ ။”
“ ဘွားမေ…သမီးရဲ့ဘိုမလေးကို အင်္ကျီလှလှလေး ချုပ်ပေးနော်
။”
“ အမလေး…စိတ်ချ ။ အခုပဲ ချုပ်ပေးလိုက်မယ် ။ ဘွားမေမှာ
အဝတ်စ,ပိုတာတွေရှိတယ် ။ ဂါဝန်လှလှလေး ချုပ်ပေးမှာ ။
သမီးသာ စာသေချာသင် ။”
“ ဟုတ်ကဲ့…ဘွားမေ ။”
ဘွားမေ၏ကတိစကားကြောင့်
ကျွန်မ ပျော်ရွှင်သွားခဲ့ရပြီ ။
ယခင်က ဘွားမေသန့်သည် အပ်ချုပ်ဆိုင်ဖွင့်ထားသူဖြစ်သဖြင့်
သူမတွင် အပ်ထည်များမှပိုလျံသောအစပိုများ ရှိနေသည် ။ ဟိုတစ်စသည်တစ်စမှ ပိုလျံ၍ ကျန်နေခဲ့ခြင်းဖြစ်သည်ကြောင့်
အနည်းအများမတူသလို အရောင်အသွေးလည်း မတူပေ ။ နောက်ပြီး ပိုလျံသောအစများက နောက်တစ်ယောက်စာလည်း
ချုပ်မရသဖြင့် အလဟဿဖြစ်နေလေရာ ဘွားမေသန့်က ထိုအစပိုများကို ကျွန်မတို့လိုကလေးများအတွက်
အသုံးချပေးရန် စဉ်းစားခဲ့သည် ။ ကလေးတွေအတွက် အဝတ်ချုပ်ပေးရန် မဖြစ်နိုင်သော်လည်း ကလေးများအတွက်
အဝတ်ရုပ်လေးများ ချုပ်ပေးခဲ့ရာ ကျွန်မတို့မှာ အလွန်သဘောကျကြသည် ။ ထို အထဲကမှ ပိုကဲလိုသောကျွန်မက
ကျွန်မ၏ဘိုမရုပ်လေးကို အင်္ကျီချုပ်ပေးရန် တောင်းဆိုခဲ့သည် ။ ကျွန်မတို့အပေါ် ချစ်ခင်
နေသောဘွားမေသန့်က မငြင်းပါ ။ အရုပ်မကို ယူလာခဲ့ဖို့ဆို၍ ယခုကဲ့သို့ သယ်လာခဲ့ရခြင်းဖြစ်၏
။
“ ကဲ…ရော့ သမီးပွင့်ဖြူ …သမီးရဲ့ဘိုမလေး လှမသွားဘူးလား
။”
ကျူရှင်
ဆင်းသည့်ညနေစောင်းအခါတွင် သူငယ်ချင်းများနှင့် စကားတွတ်ထိုးနေသည့်ကျွန်မက အရုပ်မလေးကိုပင်
မေ့နေ ကာ အိမ်ပေါ်မှဆင်းလာခဲ့သည့်အခိုက် ဘွားမေသန့်က ခပ်သုတ်သုတ်လိုက်လာပြီး အရုပ်မလေးကို
ကျွန်မလက်ထဲသို့ ထိုး ပေးခဲ့သည် ။
“ ဟယ်…လှလိုက်တာ ဘွားမေရယ် ။ ဒီလောက်ခဏလေးကို ဘွားမေ
ဘယ်လိုချုပ်လိုက်တာလဲ ။ သမီးက မနက်ဖြန်မှ
ရမယ်ထင်နေတာ ။”
“ အမလေး သမီးရယ်…အရင်ကဆို ဘွားမေက လူတွေအတွက် အဝတ်အစားချုပ်ပေးခဲ့သူပါ
။ ဒီအရုပ်မလေးအရွယ်
လောက်တော့ ခဏလေးပြီးတာပေါ့ ။ ကဲ…ဘယ့်နှယ့်…သဘောမကျဘူးလား
။”
“ သဘောကျတာပေါ့ ဘွားမေရ ။ ရုပ်ဆိုးဆိုးသမီးရဲ့ဘိုမတောင်
ပိုချောသွားပြီ ဟိဟိ ။”
“ ကဲ…ကဲ…မိုးတောင်ချုပ်တော့မယ် ။ အိမ်ကို တန်းတန်းမတ်မတ်ပြန်ကြတော့
။”
“ ဟုတ်ကဲ့ပါ ဘွားမေ ။”
ဂါဝန်စိမ်းဖတ်ဖတ်ကလေးနှင့်
အမြင်ဆန်းသစ်နေသည့်ဘိုမရုပ်လေးကို စက်ဘီးခြင်းတောင်းထဲသို့ ထည့်ကာ သုံးယောက် သား လမ်းလျှောက်လာခဲ့ကြသည်
။ သုံးယောက်သားဆိုသည်မှာ ကျွန်မနှင့်ကျွန်မ၏သူငယ်ချင်းများဖြစ်သောယုဝေနှင့်ခန့် လွင်
။ သူတို့နှစ်ဦးက စက်ဘီးပါမလာကြ၍ ကျွန်မက ပါလာသောစက်ဘီးကိုတွန်းကာ သူတို့နှင့်အတူ လမ်းလျှောက်နေခြင်း
ဖြစ်သည် ။ ဘွားမေက အိမ်ကို တန်းတန်းမတ်မတ်ပြန်ဟုမှာသည်က အကြောင်းမဲ့မဟုတ် ။ ကျွန်မတို့ကလေးတစ်အုပ်က
လည်း ကျွန်မတို့ပါပဲ ။ ကျူရှင်ဆင်းချိန်ဆို အိမ်သို့ ချက်ချင်းမပြန်ဘဲ ကျူရှင်ရှေ့
တောင်းကုန်းကမူတစ်ဖက်က မြက်တော ထဲတွင် တူတူပုန်းတမ်း ကစားကြသေးသည် ။
ကလေးတစ်ရပ်နီးပါး ရှည်လျားမြင့်မားသောမြက်တောကြီးထဲတွင်
မြွေမကြောက်ကင်းမကြောက် ပြေးလွှားဆော့ ကစားကြသည် ။ ပြေးရင်းလွှားရင်း ချွေးသံတို့တရွှဲရွှဲဖြင့်
နေလုံးပျောက်သည့်အခါမှ ကျွန်မတို့သုံးယောက် အိမ်ပြန်ကြသည်။ ယနေ့တော့ ကျွန်မ အိမ်သို့
စောစောပြန်ချင်လှပြီ ။ ဘိုမ၏ဂါဝန်ကို မိဘများမြင်အောင် ပြချင်လှပြီ ။ သို့ကြောင့်…
“ ဟဲ့…ဒီနေ့တော့ မဆော့နဲ့တော့ဟာ ။ စောပြန်ကြစို့
။”
ဟု
ကျွန်မက နှိုးဆော်လိုက်ပေမဲ့ ယုဝေနှင့်ခန့်လွင်က လက်မခံ ။
“ အာ…မပြန်ပေါင် ။ ငါတို့ ဆော့ကြဦးမယ်လေ ။”
“ အေးလေဟာ ။ ညနေတိုင်း ဆော့နေကြကို ။”
“ ဟယ်…နင်တို့ကလည်း ဒီနေ့က အရင်နေ့တွေနဲ့ မတူဘူးလေ
။ ငါ့ဘိုမရဲ့ဂါဝန်ကို မေကြီးတို့ဖေကြီးတို့မြင်အောင် ပြချင်
လို့ဟ ။”
“ သြော်…နင်က နင့်မှာ ဘိုမရုပ်ကြီးရှိတယ်ဆိုတာနဲ့
ငါတို့ကို အဖက်မလုပ်တော့ဘူးဆိုပါတော့ ။”
“ ဟာ…အဲဒီလိုတော့ ဘယ်ဟုတ်မလဲ ။ နင်တို့နဲ့ဘိုမကို
နှိုင်းလို့ဘယ်ရပါ့မလဲ ။”
“ မယုံဘူးဟာ ။ နင် ပြန်ရင် ငါတို့ကတော့ အဲဒီလိုပဲသဘောထားမှာပဲ
။ နင့်ကို မခေါ်ဘဲနေမှာ ။ ဟုတ်တယ်နော် ယု ။”
“ အေး…ခန့်လွင် ပြောတာဟုတ်တယ် ။”
အဆိုးဆုံးက
မိန်းကလေးနှစ်ယောက်နှင့်ပင် ယှဉ်ပြိုင်နိုင်လောက်အောင် အငြင်းသန်သောခန့်လွင် ။ ယခုလည်း
ယောက်ျား လေးတန်မဲ့ စကားနာထိုးနေပြန်ရာ ကျွန်မလည်း သူတို့ကို လိုက်လျောလိုက်ရသည် ။
စိတ်မပါလက်မပါဆိုပေမဲ့ သူတို့နှစ်ဦး နှင့်အတူ ကမူတစ်ဖက်ရှိ မြက်ချုံတောထဲတွင် တူတူပုန်းတမ်းကစားလိုက်ကြတာ
မည်မျှကြာသွားသည်မသိ ။ နေဝန်းကြီး လုံးလုံးပျောက်၍ အလင်းရောင်မှုန်ပြပြသာ ကျန်ရှိတော့မှပဲ
အိမ်ပြန်ရန် သတိရတော့၏ ။
“ ဟဲ့…ကောင်မတို့ ဟိုမှာ နေမရှိတော့ဘူး ။”
“ အဲဒါမသိဘူးလား ။ အနောက်နိုင်ငံတွေကို ခရီးထွက်သွားတာလေ
။ နင်ကလည်း အ,ပါ့ ။”
“ သြော်…ယုရယ် ငါက နေမရှိတော့ဘူး ။ မိဘတွေ စိတ်ပူနေတော့မယ့်အကြောင်းပြောတာ
။”
“ အေး ဟုတ်သားပဲ ။ တို့ ပြန်ကြစို့ ခန့်လွင် ။”
ထိုအခါမှ
သုံးယောက်သား တရောသောပါး အိမ်ပြန်လာကြသည် ။
ခန့်လွင်၏အိမ်ကအနီးဆုံးဖြစ်၍ ငါးမိနစ်ခန့် လျှောက်လာပြီးနောက်
သူ့အိမ်ရှေ့သို့ ရောက်၏ ။ ခန့်လွင်၏အမေက စိတ် ပူနေပြီ ။ အိမ်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာ
ခန့်လွင်ကို မျှော်နေသည် ။
“ ဟယ်…သားရယ် နောက်ကျလိုက်တာ ။ ခုပဲ သားဖေဖေ လာကြိုတော့မလို့
။”
“ ဟိုကောင်မလေးတွေပေါ့ မေမေရယ် ။ သားက ပြန်ပါမယ်ဆိုတာကို
မပြန်ခိုင်းဘဲ အတင်းဆော့ခိုင်းနေလို့ ။”
ခန့်လွင်က
သူ့အပြစ်ကို သူများအပြစ်ဖြစ်အောင်လုပ်ပြီ ။ ဤသည်က သူ့အကျင့်ဖြစ်နေ၍ ကျွန်မတို့လည်း
ရှင်းပြမနေတော့ ဘဲ သူ့ကိုသာ လက်သီးထောင်ပြပြီး ဆက်လျှောက်လာခဲ့ကြသည် ။ ခန့်လွင်၏အမေကတော့
သူ့သားအကြောင်း ကောင်း ကောင်းသိသောကြောင့် မည်သူမည်ဝါကိုမျှ အပြစ်တင်မနေဘဲ ပြုံးလျက်နှင့်
သားပုခုံးကိုဖက်ကာ အိမ်ထဲဝင်သွားလေ၏ ။
\\\\
ယုဝေနှင့်ကျွန်မ၏အိမ်က အကွာအဝေးအတူတူဟုပင် ဆို၍ရမည်
။ လမ်းလေးခုဆုံရာနေရာသို့ ရောက်သည့်အခါ ကျွန်မ က ကျွန်မအိမ်ရှိသည့်ဘယ်ဘက်လမ်းထဲသို့
ကွေ့ဝင်သွားရပြီး ယုဝေကတော့ သူ့အိမ်တည်ရာ ညာဘက်လမ်းထဲသို့ ချိုး ကွေ့သွားရမည် ၊ ကွေ့ဝင်ပြီးမကြာ
အိမ်ရှေ့သို့ ရောက်ရှိသွားမည်သာဖြစ်သည် ။ နေရောင်က မှုန်ဖျော့ဖျော့သာကျန်တော့ သည် ။
လမ်းလေးခွသို့ ရောက်နေပြီမို့ သူငယ်ချင်းနှစ်ယောက် တစ်နေ့တာအတွက် ခွဲခွာနှုတ်ဆက်ရတော့မည်
။
“ ကောင်မရေ…မနက်ဖြန်မှ တွေ့ကြမယ် ။”
“ အေး…ယု…။ တာ့တာ…”
နှစ်ဦးသား
တပြိုင်နက်ဆိုသလို ကျောခိုင်းလိုက်ကြပြီး လမ်းထဲသို့ အသီးသီးဝင်ရောက်လာလိုက်၏ ။ ဤသည်မှာ
နေ့စဉ် နိစ္စဒူဝအဖြစ်အပျက်ဖြစ်၍ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်အဖို့ အဆန်းတကြယ်မဟုတ်
။ သို့သော် ယနေ့ကျမှ ယုဝေက မည်သို့စိတ်ကူးပေါက်သည်မသိ ။ နှစ်ယောက်သား ကျောခိုင်းပြီး
ခြေနှစ်လှမ်းလောက်လှမ်းရုံရှိသေး…
“ ဟဲ့…အမလေး…ပွင့်ဖြူ…နင့်နောက်မှာ သရဲ…သရဲ…”
ဟု
လှမ်းအော်လိုက်၍ ကျွန်မမှာ ကြက်သီးတဖြန်းဖြန်းထကာ တစ်ကိုယ်လုံးတောင် ဆတ်ခနဲတုန်သွားပြီး
နောက်ဘက်သို့ အလန့်တကြားလှည့်ကြည့်မိသည် ။ မြင်တွေ့လိုက်ရတာတော့ ပြုံးဖြီးဖြီးကြီးရယ်နေသည့်
မိယုဝေ…။
“ မသာမ…ဘယ်မှာတုံး သရဲ ။”
“ ဟီးဟီး…ညည်းကို စတာပါ ယောင်းမရယ် ။ ညည်းက သရဲကြောက်တတ်သလား
။”
“ ဟဲ့…မကြောက်ဘဲနေမလား ။ ဒီမှာ…ကြက်သီးတွေတောင်ထကုန်ပြီ
။”
“ ဟီးဟီး သိဘူးလေ ။ ညည်းအရုပ်မက သရဲထက်တောင် ကြောက်စရာကောင်းသေးတော့
ညည်း သရဲမကြောက်တတ်
တော့ဘူးလို့ ထင်နေတာ ။”
“ အရူးမ…တော်ပြီ ။ နင့်ကို ငါ မခေါ်တော့ဘူး ။”
“ ဟီးဟီး…”
ကျွန်မက
စိတ်တိုတိုဖြင့် ယုဝေကို ဆဲဆိုပြီး ဆတ်တောက်ဆတ်တောက်နှင့် ထွက်လာခဲ့၏ ။ ယုဝေကတော့ ကျွန်မ
စိတ်ဆိုး သွားသည့်ပုံစံကိုကြည့်ပြီး တဟီးဟီးလှောင်ရယ်နေတုန်း…။
ကျွန်မတွင် အစ်မနှစ်ယောက်ရှိသည့်အကြောင်း ထည့်ပြောရန်
မေ့ခဲ့သည် ။ ကျွန်မက မွေးချင်းထဲတွင် အငယ်ဆုံးလေး ဖြစ်ပြီး ကျွန်မအထက်တွင် ရှစ်နှစ်/ခြောက်နှစ်ကွာသည့်အစ်မနှစ်ယောက်ရှိ၏
။ ထိုစဉ်က ကျွန်မ၏အစ်မကြီးမှာ ဆယ့်ရှစ်နှစ် ခန့်ရှိနေပြီဖြစ်၍ သူမနှင့်အသက်အတော်ကွာသော
ကလေးသာသာညီမငယ်နှင့် ရောနှောပတ်သက်ခြင်း သိပ်မရှိတော့ သဖြင့် ကျွန်မမှာ အစ်မလတ်နှင့်သာ
တဒူးဒူးတွဲဖြစ်ခဲ့ကြသည် ။ အထူးသဖြင့် ကြောက်တတ်သောကျွန်မ၏အကျင့်ကြောင့် အသက်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်သောအစ်မလတ်ခမျာ
တစ်ကိုယ်တည်း အိပ်စက်ခွင့်မရ ။ ကျွန်မနှင့်အတူ လာအိပ်ပေးရ သည် ။
ကျူရှင်မှအပြန် အိမ်သို့ရောက်သည့်အခါ ကျွန်မမှာ
ခေါင်းကိုက်ခြင်းဝေဒနာကို ရုတ်ချည်း ခံစားလာရသည် ။ စောစော က မကျီစယ်စဖူး ကျီစယ်လိုက်သောသူငယ်ချင်းမယုဝေကြောင့်
စိတ်လှုပ်ရှားကာ ခေါင်းကိုက်သွားခြင်းဖြစ်မည်ဟုတွေးမိ ကာ ယုဝေအပေါ် ဒေါသထွက်မိသည် ။
ခေါင်းကိုက်နေ၍ အရုပ်မ၏ဂါဝန်လှလှကိုလည်း မိဘများမြင်အောင် မပြဖြစ်တော့ ဘဲ ရှိုးကေစ်ထဲ
ထိုးထည့်ကာ အမေတိုက်သည့် အင်္ဂလိပ်ဆေးကိုသောက်ပြီး စောစီးစွာ အိပ်ရာဝင်ခဲ့၏ ။
အသံက
တိုးတလှည့်ကျယ်တစ်ခါ ကြားနေရသဖြင့် ကျွန်မလည်း အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည် ။
နိုးနိုးချင်း မျက်လုံး များကို ဖွင့်လိုက်တော့ ပတ်ဝန်းကျင်က မှောင်မည်းနေသည် ။ အသံပလံတို့
တိတ်ဆိတ်နေသည် ။ ရုတ်တရက် ကြောင်စီစီ နှင့် ငါ ဘယ်ကိုရောက်နေပါလိမ့်ဟုတွေးလိုက်မိသေး
။ သြော်…ငါ အိမ်မှာပဲဟု သတိရလိုက်မှ ဘာကြောင့်မှန်းမသိ တစ် ကိုယ်လုံး စိမ့်ခနဲဖြစ်ကာ
ကြက်သီးမွေးညင်းများ ထသွား၏ ။ ထိုစဉ်…
“ ဟေး…ပွင့်ဖြူ…ဟေး…ပွင့်ဖြူ……”
ဆိုသော
ကွဲအက်အက်အသံကို တိုးတိုးညင်ညင်ကြားလိုက်ရ၍ ကျွန်မ မျက်လုံးပြူးသွားခဲ့ရသည် ။ စောစောကလည်း
ထို အသံကြောင့်ပဲ လန့်နိုးလာခဲ့သည် မဟုတ်လား ။ ဘယ်သူဘယ်ဝါ၏အသံပါလိမ့်…ဘယ်သူကများ မိမိကို
ခေါ်နေပါလိမ့်ဟု တွေးကာ နားစွင့်လိုက်မိသည့်အခိုက် အသံက စောစောကထက်ပို၍ ကျယ်လောင်လာသည်
။
“ ဟေး…ပွင့်ဖြူ…ဟေး…ပွင့်ဖြူ……”
ဘယ်သူများလဲ
။ တစ်ဖက်ခန်းမှ မိဘများ၏ယောင်ယမ်းသံလားဟုတွေးမိပေမဲ့ ထိုအတွေးမှာ အဖြစ်မှန်မဟုတ်ကြောင်း
ကိုယ့်ဘာသာကိုယ် အသိဆုံး ။ မနက်မိုးလင်း မအေ ဖင်ပုတ်နှိုးမှ ထတတ်သည့်ကလေးက ထိုအသံမတိုးမကျယ်ကြောင့်
ဗြုန်းခနဲလန့်နိုးလာရုံမက ကြောက်စိတ်တို့ဝင်ကာ ကြက်သီးတဖြန်းဖြန်းထနေခြင်းမှာ သွေးရိုးသားရိုးမဖြစ်နိုင်
။ သို့ကြောင့် ခေါ်သံကြားပေမဲ့ အသံမပြုသေးဘဲ အသံပျောက်သွားချိန်အထိ တိတ်တိတ်ကလေး စောင့်ကြည့်နေမိသည်
။ သို့သော် အသံက ပျောက်မသွားသည့်အပြင် တစထက်တစ တိုး၍ပင် ဆိုးလာသေး ။
“ ဟေး…ပွင့်ဖြူ…ဟေး…ပွင့်ဖြူ……”
ဤတစ်ကြိမ်တွင်
အသံမှာ သာမန်မကဘဲ အာခေါင်ခြစ်အော်နေသကဲ့သို့ ဆူညံစွာထွက်ပေါ်လာခြင်းဖြစ်ရာ ကျွန်မမှာ
နေ စရာမရှိတော့အောင် ထိတ်လန့်လာရသည် ။ တော်ပါသေး၏ ။ နဘေးတွင် အစ်မလတ်ရှိနေ၍သာ စိတ်သက်သာတော့၏
။ နို့မို့သာဆိုလျှင် ထိုနေရာ၌ပင် ကြောက်စိတ်ကြောင့် ကျွန်မ အသက်ထွက်သွားနိုင်သည် ။
အသံက ကျယ်လောင်ရုံမက ဖော်ပြရခက်လောက်အောင် ဝိညာဉ်အော်သံအလား ကွဲအက်အက် ပြာတာတာနှင့်
ရင်ခေါင်းသံကြီး ။ ဘယ်သူဘယ်ဝါမှန်း မသိပေမဲ့ ကျွန်မ ထူးလည်းမထူးရဲ ၊ အပြင်လည်း ထွက်မကြည့်ရဲသဖြင့်
အစ်မလတ်ကိုသာ ဖက်ကာ ကြိတ်ငိုနေမိသည် ။ ခေါ်သံနက်ကြီးက အိမ်ပွင့်ထွက်မတတ် ကျယ်လောင်နေပေမဲ့
မည်သူတစ်ဦးတစ်ယောက်မျှ လန့်နိုးခြင်းမရှိသည်ကတော့ အံ့အားသင့်စရာ ။
“ ဟေး…ပွင့်ဖြူ…ဟေး…ပွင့်ဖြူ……လာ…ဆော့မယ်လေ ။ လာ…ဆော့ကြတာပေါ့…”
အသံက
သာ၍ဆိုးလာပြီ ။ အစတွင် နာမည်ခေါ်ရုံသာဖြစ်သော်လည်း ယခုတော့ အပြင်ထွက်လာကာ သူနှင့်ဆော့ရန်ပါ
တောင်းဆိုနေပြီး ရပ်နားခြင်းမရှိဘဲ ဆက်တိုက်ထွက်ပေါ်နေလေရာ ကျွန်မမှာ …ငါ စိတ်မခိုင်ဘဲ
ထွက်သွားမိရင် ဒုက္ခဟု တွေးမိပြီး အစ်မလတ်ကို ဇွတ်အတင်းလှုပ်ရမ်းကာ အားကိုးရှာကြည့်သော်လည်း
သူမကတော့ တုတ်တုတ်မျှမလှုပ် ။ အစ်မလတ်ကို နှိုးမရမှန်း သိလိုက်၍ ကျွန်မလည်း ဘုရားကိုသာ
သတိရမိသည် ။ မေမေ ပြောပြချက်အရ ဘုရားစာရွတ် လျှင် သရဲပြေးသည်ဟု သိထား၍ သံဗုဒ္ဓေဂါထာတော်ကြီးကို
ရွတ်ဆိုရန် စိတ်ကူးမိသော်လည်း နှုတ်က သံဗုဒ္ဓေဟုသာရေ ရွတ်ပြီး ဆက်ဆိုရန်စာသားများမှာ
စဉ်းစားမရတော့ ။ အားလုံး အသိဥာဏ်ထဲမှာ ပြေးခွာပျောက်သွား၍ …
ဟူ၍သာ
အထပ်ထပ်အခါခါ ရေရွတ်နေမိသည် ။ အသံကတော့ ပျောက်မသွားသေးပါ ။ သို့သော် ဘုရားစာကို စတင်ရေ
ရွတ်လိုက်သည်နှင့်တပြိုင်နက် ဆက်တိုက်ထွက်ပေါ်နေသောခေါ်သံသည် တစတစ ကြိမ်နှုန်းလျော့ကျသွားပြီး
တဖြည်း ဖြည်းနှင့် အသံတိုးသွား၍ ကျွန်မ အားတက်သွားမိသည် ။ သို့ကြောင့် ဘုရားစာကိုသာ
စိတ်အာရုံညွှတ်ကာ ထပ်ခါထပ်ခါ ရွတ်ပွားနေမိ၏ ။ ကျွန်မတစ်ကိုယ်လုံးလည်း ကြောက်စိတ်တို့ကြောင့်
ဇောချွေးတို့ပျံကာ ရွှဲစိုနေပြီ ။
အသံကိုပင် ဂရုမစိုက်တော့ဘဲ မည်မျှကြာအောင် ရေရွတ်နေမိသည်မသိ
။ ကျွန်မ သတိရ၍ နားစွင့်လိုက်သည့်အခါ ခေါ်သံကို မကြားရတော့ပေ ။ နောက်ပြီး စောစောက ကျွန်မစိတ်သန္ဓာန်ကို
လွှမ်းမိုးချုပ်ကိုင်ထားသောကြောက်စိတ် လန့် ဖျားစိတ်တို့သည်လည်း လေနှင်သောရွက်ကြွေပမာ
ဝေးလွင့်ဖယ်ခွာသွားခဲ့ပြီ ။ ထိုအခါမှပဲ ကျွန်မ ဆီးသွားချင်နေသည်ကို သတိပြုမိ၏ ။ သို့ပေမဲ့
ကျွန်မတစ်ယောက်တည်း အခန်းပြင်မထွက်ရဲပါ ။ နေရာမှရွေ့လိုက်သည်နှင့် တစ်စုံတစ်ရာကို တွေ့
လိုက်ရမည်စိုး၍ တစ်လက်မမှမရွေ့လျားဘဲ ငြိမ်ငြိမ်ကလေး လှဲနေမိသည် ။ အစ်မလတ်ကိုလည်း တင်းတင်းကြပ်ကြပ်
ဖက် ထားဆဲ…။
ငါးမိနစ်ကို ကျွန်မ၏စိတ်တွင် ငါးနာရီခန့် ထင်နေမိခဲ့သည်
။ ကျွန်မ ငြိမ်နေပြီးမကြာ တစ်ဖက်ခန်းဆီမှ တံခါးဖွင့်သံကြား လိုက်ရ၍ ကျွန်မ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်
။ အပြင်မီးချောင်းဖွင့်လိုက်၍ အခန်းတွင်းသို့ မီးရောင်ဖျော့ဖျော့ဝင်လာ၏ ။ တစ်စုံတစ်ယောက်
အိပ်ရာနိုးလာခဲ့ပြီ ။ သို့သော် မထွက်ရဲသေးဘဲ မည်သူမည်ဝါလဲဆိုတာ သိရှိရစေရန် ပိတ်ထားသော
တံခါးရွက်ကြားမှ ကျွန်မ ချောင်းကြည့်လိုက်တော့ ကျွန်မအခန်းဆီသို့ လျှောက်လာသောမေမေ့ကို
တွေ့လိုက်ရသည် ။ တံ ခါးပွင့်သည်နှင့်တပြိုင်နက် ကျွန်မ မေမေ့ကို ပြေးဖက်လိုက်သည် ။
“ ဟဲ့…သမီးငယ် နိုးနေပြီလား ။ ဟယ်…တစ်ကိုယ်လုံးလည်း
ချွေးတွေ ရွှဲနေတာပဲ ။ အင်္ကျီလဲရအောင်…ထ…ထ…”
မေမေက
ကျွန်မကိုဆွဲကာ တစ်ဖက်ခန်းထဲသို့သွားပြီး အဝတ်အစားလဲပေး၏ ။ ကျွန်မက ယခုချိန်ထိ အတန်ငယ်ကြောက်
ရွံ့နေဆဲမို့ မေမေ့လက်ကို ဇွတ်အတင်းဆုပ်ကိုင်ထားသဖြင့် မေမေကတောင် ကျွန်မပုံစံကိုကြည့်ကာ
စိုးရိမ်စိတ်ဝင်နေသေး သည် ။ ကျွန်မကတော့ မေမေ မည်ကဲ့သို့ ထင်မြင်ပါစေ…ဂရုမစိုက်အားတော့ဘဲ
မေမေ့လက်ကိုသာ ဇွတ်အတင်းဆွဲကိုင် ထားရင်း ကြောက်ရွံ့သည်စိတ်ကို ဖြေဖျောက်နေရသည် ။
-
စောစောက ခေါ်သံနက်ကြီးနဲ့ အော်နေတာ ဘယ်သူများလဲ ။ ဘယ်ကလဲ…။ အိမ်ရှေ့ကလို့တော့ ထင်တာပဲ
။
စသဖြင့်
တွေးတောနေမိပေမဲ့ ညဘက်ကြီးဖြစ်၍ သွားမစပ်စုရဲသေး ။ အချိန်ကလည်း ညည့်(၂)နာရီခန့်သာရှိသေးသော
ကြောင့် တစ်ရေးပြန်အိပ်လိုက်ရ၏ ။
\\\\
အကယ်၍ အဖြစ်မှန်ကိုသာ ညကသိလိုက်ရလျှင် ကျွန်မ
ပြန်အိပ်ပျော်လိမ့်မည်မထင် ။ မနက်မိုးအလင်း တစ်အိမ်လုံး အိပ်ရာထသည့်အခါမှ ကျွန်မ အိမ်ရှေ့ထွက်ကြည့်မိတော့
မြင်တွေ့လိုက်ရသောမြင်ကွင်းက ကျွန်မကို အံ့သြသွားစေခဲ့ သည် ။
“ ဟင်…ဘိုမကို ဘယ်သူက အိမ်ပြင်ထုတ်ထားတာလဲ ။”
မနက်စာစားသောက်နေချိန်ဖြစ်သဖြင့်
မည်သူကမျှ ကျွန်မ မေးသည့်မေးခွန်းကို ဖြေဆိုရန် စိတ်မဝင်စားကြ ။ ထိုမေးခွန်းက သိပ်အရေးပါလှမှန်း
သူတို့တတွေမှ မသိကြဘဲကိုး ။ ကျွန်မလည်း အဆူခံရလျှင် ခံရပါစေတော့…သိရမှဖြစ်မည်ဟုတွေးကာ
ထပ်ခါထပ်ခါ အော်ရင်း တစ်ယောက်ချင်းစီကို လိုက်မေးမိသည် ။
“ သြော်…သမီးငယ်ရယ် အမေက ထားစရာလား ။ သမီး အထားမှားတာနေမှာပေါ့
။”
“ ဖေကြီး ဘယ်သိပါ့မလဲ ။ ဖေကြီးက သမီးအရုပ်ကို ကိုင်မလား
။”
“ ဟယ်…ရှုပ်တီးရှုပ်တဲ့ နင့်အရုပ်စုတ်ကို ငါက အိမ်ရှေ့တင်မကဘူး
။ အမှိုက်ပုံးထဲမှာ ထားချင်တာ ။”
“ ငါ မကိုင်ဘူး ။ နင် ကျူရှင်ကအပြန် အိမ်ရှေ့မှာ
မေ့ကျန်ထားခဲ့တာ နေမှာပေါ့ ။”
“ ဟင့်အင်း…သမီး မထားဘူး မလတ် ။ ဘယ်သူမှလည်း မထားဘဲ
အဲဒီအရုပ်က ဘယ်လိုလုပ်ပြီး အိမ်ရှေ့ ရောက်နေ
ရတာလဲ ။ သေချာတယ် ။ ညက သမီး သူ့ကို ရှိုးကေစ်ထဲမှာ
ထည့်ထားခဲ့တာ ။”
နောက်ဆုံး
တစ်အိမ်သားလုံးသာ ကုန်သွားသည် ။ ဘိုမရုပ်ကို ရှိုးကေစ်အပြင်ဘက် ထုတ်ယူပြီး အိမ်အပြင်သို့
သွားထား သည့်တရားခံကို ရှာမတွေ့ခဲ့ချေ ။ ထိုဖြစ်ရပ်အပေါ် နားလည်နိုင်စွမ်းမရှိသော်လည်း
မသိစိတ်က ညကအဖြစ်အပျက်သည် ထိုအရုပ်နှင့် ပတ်သက်မှုရှိနေသည်ဟုခံစားမိ၍ ဘိုမရုပ်ကို အစ်မကြီး၏စိတ်ကူးအတိုင်း
အမှိုက်ပုံတွင် သွားလွှင့်ပစ်ခဲ့လိုက် ၏ ။
ထိုစဉ်က ထိုဖြစ်ရပ်အပေါ် နားမလည်ခဲ့ပေမဲ့ ယခုအရွယ်ရောက်သည့်အခါ၌
ရေးတေးတေးသဘောပေါက်လာမိသည် က ညနေစောင်းအချိန်တွင် လူသူကင်းမဲ့သည့် ကမူ/မြက်တောထဲမှဖြတ်လာသောကြောင့်
မမြင်အပ်သူတစ်စုံတစ်ရာက အရုပ်အပေါ် အမှီသဟဲပြုကာ တွယ်ကပ်လာနိုင်သလို လမ်းလေးခွဆုံရာ၌
သူငယ်ချင်းက ကျွန်မ၏နောက်ကျောကို ကြည့် ပြီး သရဲ…သရဲဟုအော်လိုက်သောကြောင့် မကျွတ်လွတ်သေးသည့်အမှောင့်ပယောဂတို့ကို
သတိပေးသလိုဖြစ်ပြီး ကျွန်မ ထံပါးသို့ ပြေးလာကြကာ တွယ်ကပ်၍ရနိုင်မည့်အရုပ်ဆီတွင် မှီခိုကာ
အိမ်ထဲသို့ ဝင်လာခဲ့ကြခြင်းဖြစ်ပေလိမ့်မည်ဟု ကျွန်မ သုံးသပ်မိပါသည် ။ အကယ်၍ ကျွန်မသာ
ဘုရားစာကို မရွတ်ဆိုမိဘဲ စိတ်ချောက်ချားကာ အပြင်သို့ ပြေးထွက်လာမိခဲ့လျှင် သို့မဟုတ်
စိတ်မထိန်းနိုင်ဘဲ အိမ်ရှေ့သို့ ထွက်သွားခဲ့လျှင်…။ မည်ကဲ့သို့ ဆက်ဖြစ်မလဲဆိုတာကို
ကျွန်မ မမှန်းဆတတ်ပါ ။
လောကတွင်
လူတို့၏အသိဥာဏ်ဖြင့် တွေးခေါ်မှန်းဆ၍မရနိုင်သော ဖြစ်ရပ်ဆန်းကြယ်ကိစ္စရပ်များ အမှန်တကယ်
တည်ရှိ နေသည့်အကြောင်းကို ဤဖြစ်ရပ်မှန်ဝတ္ထုငယ်လေးနှင့် သက်သေထူလိုက်ရပါတော့၏ ။ ။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။