သေခြင်း၏အခြားမဲ့၌
( ၂၀၁၅ ဒီဇင်ဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
--------------------------------------------------------------------------------------------------
အမှန်တော့ စာရေးသူသည် လွန်ခဲ့သောတစ်ပတ်ကပဲ
သေဆုံးသွားခဲ့ပါပြီ ။ သေတာမှ အပဟိက သာမည ကိုးဆယ့်ခြောက်ပါး/ တစ်ရာ့တစ်ပါးသော ရောဂါဘယများကြောင့်
မဟုတ် ။ နာမည်ကျော်လူသတ်သမားအဖွဲ့က သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည် ။ အသတ်ခံ ရသည်မှာလည်း တစ်ယောက်တည်း
မဟုတ် ။ လူစုလူဝေးနှင့် အစုလိုက်အပုံလိုက် ။ သေနတ်သံများ၊ ကြောက်လန့်တကြား အော် ဟစ်သံများက
တရစပ် ။ သွေးပျက်ချောက်ချားစရာကောင်းလိုက်ပါဘိ ။ ထိုအဖြစ်အပျက်က ဖတ်ရှုသူတိုင်း၏စိတ်နှလုံးကို
တုန်လှုပ် ချောက်ချားသွားစေနိုင်မည်မှာ အမှန်ပင်ဖြစ်လေတော့၏ ။
ရှုခင်းများ၏အလှတရားက စာဖွဲ့ကဗျာစပ်၍ မီလိမ့်မည်မထင်
။ ပန်းချီဆရာ ၊ ကဗျာဆရာများ လက်မှိုင်ချကာ ထိုင်ငိုရမည် ။ ထို အလှပကေး ရှုခင်းလေးကို
ငေးကြည့်ရင်း ကျွန်မ၏ရင်ထဲမှာလည်း စိမ့်အေးနေမိသည် ။ မျက်စိတဆုံး ဖွေးဖွေးထနေသော နှင်းလွင်
ပြင်ကြီးပေါ်မှာ ဟိုတစ်ပွင့်သည်တစ်ပွင့် ပွင့်လန်းနေသော “ဆောင်းနှင်းပန်း”လေးများ ။
ထိုပန်းကလေးများကို နှစ်ခြိုက်မြတ်နိုးလွန်း ၍လည်း ကလောင်အမည်ကိုပင် “ဂါဦးနွန်းကို”ဟု
ပေးထားမိခြင်းမဟုတ်ပါလား ။
အများက ပြောကြ၏ ။ ရေခဲတောင်တို့မည်သည် မာယာများ၏ ။ ဆီးနှင်းများကြား လမ်းပျောက်ကာ
ချောက်ထဲကျ၍ သေဆုံးနိုင် သည် ။ ခါကာဘိုရာဇီတောင်ပေါ်သို့ မြန်မာလူမျိုး တက်ရောက်နိုင်ခြင်းမရှိသေး
။ များမကြာမီက မြန်မာအမျိုးသားငယ်နှစ်ဦး ရေခဲ တောင်ပေါ် တက်ရောက်သွားခဲ့ရာ ယခု ပျောက်ဆုံးနေသဖြင့်
ရှာဖွေရေးလုပ်ငန်းများ စတင်နေရသည် ။ သို့ကြောင့်လည်း “လျှို့ဝှက် နက်နဲသောနှင်းလွင်ပြင်”
၊ “မာယာကြွယ်ပေါသော ရေခဲပြင်”…စသဖြင့် ဤတောင်တန်းများကို ထိကပါးရိကပါး ပုတ်ခတ်၍ ပြောဆို
နေကြသည် ။ သို့သော်…ယခုများကျ ထိုစကားတို့သည် အလဟသဖြစ်သွားခဲ့ပြီ ။ တောင်ကြီးဖဝါးအောက်
ရောက်နေပြီ ။
ခါကာဘိုရာဇီတောင်ပေါ်မှာ ကျွန်မ-တစ်ယောက်တည်းလားဆိုတော့ကား မဟုတ် ။ ကျွန်မ၏နောက်၌
လူတစ်အုပ်ကြီး ပါလာ၏ ။ အဘိုးကြီး၊အဘွားကြီးတစ်စုလည်း ပါသည် ။ လူငယ်လူရွယ်တစ်အုပ်လည်း
ပါသည် ။ ဘုန်းတော်ကြီးတစ်ပါးလည်း ပါ၏ ။ တောင် ပေါ်သို့ ခြေလျင်တက်ရောက်လာခဲ့ရခြင်းဖြစ်သော်လည်း
အားလုံး၏မျက်နှာ၌ ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ လန်းဆန်းတက်ကြွကာ ပျော်ရွှင်နေကြသည် ။
ပတ်ဝန်းကျင်မှရှုခင်းများကို ငေးကြည့်ကာ တချို့ကလည်း ဓါတ်ပုံတဖျတ်ဖျတ်ရိုက်ယူနေကြသည်
။
“ ဆင်းပြီဟေ့…”
ရုတ်တရက် ကြားလိုက်ရသည့်အသံတစ်သံကြောင့်
ကျွန်မ လန့်သွားသည် ။ အဝေးမှနှင်းပန်းများကို လျှောက်ငေးကြည့်နေမိရာမှ အသံလာရာဆီသို့
ဖျတ်ခနဲလှည့်ကြည့်ုလိုက်တော့ အသက်(၅၀)ကျော်အရွယ် ဦးကြီးတစ်ယောက်၏အော်သံဖြစ်နေသည် ။
ဦးကြီး က အော်သံအဆုံး၌ စွတ်ဖားလှည်းလိုပစ္စည်းတစ်ခု၏ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်
။ ခြေထောက်နှစ်ဖက်ကို ရှေ့နောက်ယက် လိုက်၏ ။ အလို… မြတ်စွာဘုရား…ထိုစွတ်ဖားလှည်းကြီးက
တောင်ကြီး၏လျှောစောက်အတိုင်း အရှိန်နှင့် ဆင်းချသွားလေ၏ ။
“ ဟေး…စီးမယ်ဟေ့ ။ တို့လည်း စီးမယ် ။”
အသက်(၂၀)ဝန်းကျင်အရွယ်ရှိသော-ကျွန်မက
ကြောက်သွေးဝင်ကာ ဘုရားတ,နေသော်ငြား နောက်တော်ပါးမှ အသက်(၇၀) အရွယ် အဘိုးနှင့်အဘွားက
ကျွန်မကို ကျော်လွှားကာ စွတ်ဖားများရှိရာဆီသို့ ပြေးလာသည် ။ ခရီးသည်များ စီးနင်းရန်အတွက်
စွတ် ဖားလှည်းများက တန်းစီလျက်သား ။ ပင်လယ်ကမ်းခြေသောင်ပြင်ရှိ ဘောကွင်းများပမာတည်း
။ အဘိုးနှင့်အဘွားစုံတွဲသည်လည်း စောစောကအတိုင်း ခြေဖြင့်ယက်ကာ လျှောစီးသွားကြသည် ။
ကလေးများ လျှောစီးသည်ကို တွေ့မြင်ဖူးပါ၏ ။ (၆)ပေပင်မပြည့်ချင်သောဆင်ခြေလျှောကလေးပေါ်၌
အပေါ်မှအောက်သို့ လျှောချခြင်းဖြစ်၍ ကျွန်မ၏စိတ်၌ ကြောက်စိတ် မဝင်ဖူးသော်လည်း ယခုများက
နှင်းမြူတို့ဆိုင်းနေသဖြင့် အောက်ခြေသို့ မမြင်ရ သောတောင်ကြီးပေါ်မှ လျှောချခြင်းဖြစ်ရာ
မည်မျှစိုးရိမ်စိတ် ဝင်မိသလဲဆိုတာ ဖော်ပြ၍ပင်မရပါ ။ သို့သော်…ထိုသူတို့ကား အနည်း ငယ်မျှပင်
မကြောက်ကြ ။ တစ်ယောက်ပြီးတစ်ယောက် စီးသွားကြလေ၍ နောက်ဆုံး၌ ကျွန်မတို့မိသားစုသာ ကျန်ရစ်ခဲ့၏
။ ကျွန်မ တို့မိသားစုဆိုသည်က ကျွန်မ ၊ ကျွန်မ၏မိခင်နှင့်အစ်မတို့ဖြစ်သည် ။
အစ်မဖြစ်သူက ကျွန်မ ကြောက်နေမှန်းသိ၍ ပုခုံးကိုတို့ကာ သူ့နောက်မှ လိုက်ခဲ့ရန်
ခေါ်သည် ။ ငြင်းဆန်ရန် စိတ်ကူးမိပေမဲ့ ထိုသို့မှ မလိုက်လျှင် တောင်ပေါ်၌ ကျွန်မတစ်ယောက်တည်း
ကျန်ရစ်ခဲ့တော့မည်ကိုသိ၍ ခေါင်းညိတ်လိုက်ရသည် ။ အစ်မက စွတ် ဖားပေါ်ကို ဂျိန်းစ်ဘွန်းစတိုင်ဖြင့်
ခွလိုက်ပြီ ။ ကျွန်မလည်း စွတ်ဖားနောက်ခုံဝယ် ဂျိုလီထိုင်ထိုင်ကာ လိုက်ပါလာခဲ့သည် ။
“ အမေ့…ရေ…”
ရင်ထဲ၌ အေးခနဲခံစားလိုက်ရ၍ ထိုသို့ အလန့်တကြားအော်မိရင်း
မျက်လုံးများကို မှိတ်လိုက်မိ၏ ။ စိတ်ထဲ၌ ကျောက်တုံးကျောက် ဆောင်များနှင့် တိုက်မိတော့မလား
၊ ချောက်ထဲသို့ ပျံဝဲကာ ကျဆင်းသွားမလား…လျှောက်တွေးပူနေပေမဲ့ တကယ်တမ်းကျ လျှောစီး ရာလမ်းတလျှောက်လုံး
ချောမွေ့နေသည် ။ စကိတ်စီးနေသလိုပါပဲ ။
(၁၀)မိနစ်ခန့်အကြာ၌ ဆွတ်ဖား ရပ်သွား၏ ။ ထိုအခါမှ ကျွန်မလည်း မျက်လုံးများကို
ဖွင့်ကြည့်မိသည် ။ မြင်လိုက်ရသည့်မြင်ကွင်း ကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရပြီ ။
အံ့အားသင့်ရပြန်ပြီ ။ မျက်စိရှေ့သို့ ရောက်ရှိနေသည်က ပိရမစ်ကြီး…။
“ ဒိုင်း…ဒိုင်း…ဒိုင်း…”
လေ့လာရေးခရီး ထွက်ခဲ့ရာမှ ဘာတွေတွေ့ကြုံနေရသည်မသိ
။ ရေခဲတောင်ပေါ်မှ လျှောဆင်းလာအပြီး တောင်ခြေမှာ ပိရမစ်ကြီး ကို တွေ့လိုက်ရသည့်အခိုက်
အံ့အားသင့်လျက်ရှိစဉ် သေနတ်သံများကို ကြားလိုက်ရ၏ ။ နောက်ဘက်မှ လျှောဆင်းလာသူအမေ က
ကျွန်မတို့ဆီ အပြေးရောက်လာကာ ကတုန်ကယင်နှင့်ပြောသည် ။
“ ISတွေ လာနေပြီ ။ ဟိုထဲ ဝင်နေရင်ကောင်းမယ် ။ ဟိုထဲမယ် ပုန်းနေကြစို့ ။”
အမေ့စကားကြောင့် ကျွန်မ၏မျက်လုံး လင်ပန်းနီးပါး
ပြူးကျယ်သွားရ၏ ။ ISဆိုတာ အစ္စလာမ်စစ်သွေးကြွအုပ်စု မဟုတ်လား ။ ဘာ သာခြားဆို တွေ့ရသင်္ချိုင်း
ဓားမဆိုင်းဟုကြားဖူးသည်မို့ အတော့်ကို ထိတ်လန့်သွားမိသည် ။ အကယ်၍ သူတို့သာ လည်ပင်းပေါ်
ဓါး တင်ကာ …
“ ဘာသာပြောင်းမလား ၊ အသေခံမလား ။”
ဟု မေးလာခဲ့လျှင်…ကျွန်မ ဘယ့်နှယ့်လုပ်ရပ့ါမလဲ
။ အတွေးနှင့်ပင် ကြက်သီးတဖြန်းဖြန်းထကာ ကြောက်လန့်သွားမိသည် ။ တစ် ဖက်က ကျွန်မ၏အသက်
။ တစ်ဖက်က ကျွန်မ အမြတ်နိုးဆုံး ၊ အယုံကြည်ဆုံး ၊ အလေးစားဆုံး ၊ အကြည်ညိုဆုံး ဘာသာတရား
။
“ အို…အသေပဲခံလိုက်မယ် ။ သံသရာတစ်ခုလုံးနဲ့တော့ အလဲမခံနိုင်ဘူး ။ လုံးဝဘာသာမပြောင်းဘူး
။ မပြောင်းနိုင်ဘူး ။”
ကျွန်မက ကိုယ့်ဟာကိုယ် အတွေးလွန်ကာ ပါးစပ်မှ
ထုတ်အော်နေမိရာ အစ်မဖြစ်သူက…
“ ဟဲ့…နောက်မှအသေခံ ။ လောလောဆယ် ပုန်းနေကြစို့ ။ အဲဒီအုပ်စုက မေးတောင်မေးမယ်မထင်ဘူး
။ မြင်မြင်ကရာ သတ်ပစ်
မယ့်ဟာတွေဟဲ့ ။ လာ…လာ ။”
ဟုဆိုပြီး ရှေ့မှဦးဆောင်၍ ထွက်သွားသည်
။ ကျွန်မတို့လည်း သူ့နောက်ကနေ လိုက်လာခဲ့သည် ။
ကျွန်မ၏ဘဝတလျှောက် သေဘေးနှင့်နီးနီးကပ်ကပ်
မကြုံတွေ့ဖူးသေး ။ လိုင်းကားစီးသည့်အခါ ဒရိုင်ဘာ၏ကျေးဇူးဖြင့် ကိုယ့် ကိုယ့်ကို သရဏဂုံတင်ဖူးသည်ကလွဲလျှင်
ယခုကဲ့သို့ လူဆိုး၊သူပုန်၊ဓါးပြစသော လူသတ်ဝံ့သူများနှင့် တေ့တေ့ဆိုင်ဆိုင်မတွေ့ကြုံဖူး
ပါ ။ တွေ့မည့်တွေ့တော့လည်း ကမ္ဘာတလွှားမှာ ခေတ်စားနေသည့် လူသတ်သမားများ ။ ဂျာနယ်စာစောင်အင်တာနက်စာမျက်နှာ
များ၌ မကြာမကြာတွေ့မြင်နေရသော-လက်မရွံ့လူသတ်ကောင်တစ်စု ။ တွေးမိရုံဖြင့် သွေးလန့်သွားမိ၏
။ သည်တစ်ခါတော့ အမှန် ပဲ သေရတော့မလား မသိ ။
ကျွန်မတို့က ပိရမစ်ကြီး၏အိမ်သာခန်းထဲမှာ ဝင်ပုန်းနေကြခြင်းဖြစ်သည် ။ အပြင်ပန်းမှာ
ပိရမစ်ပုံမြင်ရသော်လည်း အထဲဝင်လာ သည့်အခါ အဆင့်မြင့်ဟိုတယ်တစ်ခုနှင့် ဆင်တူနေသည်ကိုတွေ့ရ၏
။ အိမ်သာက Super Marketများ၌ တွေ့မြင်နေကျ ခြောက် ခန်းတွဲအိမ်သာခန်းမျိုးဖြစ်သည် ။
အဆောက်အအုံထဲသို့ ဟိုလူတစ်စု ဝင်ရောက်လာကြောင်းကို အုန်းအုန်းထနေသောခြေသံများကို ကြားလိုက်ရသဖြင့်
သိလိုက်ရသည် ။ သူတို့ ဝင်လာကြပြီ ။ အဆောက်အအုံတစ်ခုလုံးကို မြေလှန်ကာ ရှာဖွေကြတော့မည်
။ ဂျာမန် နာဇီစစ်သားများက ဂျူးလူမျိုးတို့ကို သတ်ဖြတ်သလို ကျွန်မတို့ကိုလည်း သူတို့
သနားညှာတာခြင်းကင်းစွာဖြင့် သတ်ဖြတ်ကြတော့ မည် ။
သားအမိသုံးယောက်လုံး ကြောက်လွန်းသဖြင့် မျက်ရည်ရစ်ဝဲလျက်ရှိကြသည် ။ မကြာမီတွင်
သေမင်းက မိမိတို့အနား ရောက်လာ တော့မည်ကို သုံးယောက်လုံး သိနေကြ၍ဖြစ်သည် ။ ထိုအခိုက်
တဒက်ဒက်တဒိုင်းဒိုင်းသေနတ်သံများ ထွက်ပေါ်လာ၏ ။ တဆက် တည်းမှာပဲ လူအများ၏အော်သံဟစ်သံများ
၊ ကယ်ပါယူပါတဆာဆာညည်းညူသံများ ၊ ကြောက်လန့်တကြားပြေးလွှားအကူအညီ တောင်းသံများဖြင့် အဆောက်အအုံတစ်ခုလုံး
ပွက်ပွက်ညံသွားခဲ့တော့သည် ။
“ တောက်…မိုက်ရိုင်းလိုက်တဲ့လူတွေ ။ လူ…လူချင်း…ဘာဖြစ်လို့များ ဒီလောက်ရက်စက်ကြရတာလဲ
။ ဒင်းတို့ရင်ထဲ ကိုယ်ချင်းစာ
စိတ်သာ သေးသေးလေးရှိရင် ဒီလိုမျက်ကန်းတဲ့အလုပ်မျိုးတွေကို လုပ်ရက်မှာတောင်မဟုတ်ဘူး
။ ကိုယ့်ဘာသာတရားအပေါ်
ကိုယ်တန်ဖိုးထားသလို သူ့ဘာသာတရားအပေါ် သူလည်း တန်ဖိုးထားမှာပေါ့လို့သာ စာနာတတ်ရင်
ဒီစစ်ပွဲမျိုးတွေ ၊ ဒီလိုအဖြစ်
ဆိုးမျိုးတွေ ဖြစ်လာစရာအကြောင်း မရှိဘူး ။ ကိုယ် သေနတ်မှန်ရင် နာကျင်ရသလို သူလည်း
သေနတ်မှန်တဲ့အခါ နာကျင်မှာပဲ
ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးသာ ထားကြည့်စမ်းပါ ။ ဒင်းတို့ရဲ့သေနတ်တွေ ကျည်ထွက်မှာတောင်မဟုတ်တော့ဘူး
။ ခုတော့…
တကိုယ်ကောင်းဆန်လိုက်တာ ။ အတ္တကြီးလိုက်တာ ။ လူလူချင်း လူလို့ သဘောမထားဘဲ ဘာအပြစ်မှမရှိတဲ့သူတွေကို
ဒင်းတို့
မို့ သတ်ရက်တယ် ။”
ကျွန်မ၏ရင်ထဲ၌ အော်ဟစ်နေသောစကားများ ။
ပါးစပ်ကတော့ အသံမထွက်ဝံ့ ။ တော်ကြာ…ပုန်းနေသည့်နေရာကို သူတို့ ရှာတွေ့ သွားလျှင် ခက်မည်ပဲကိုး
။ သို့သော်လည်း…
ပိုက်စိပ်တိုက်ရှာနေသော-သူတို့လက်မှ မည်သို့လွတ်မြောက်နိုင်ပါ့မလဲ ။ ခဏအကြာ၌
အိမ်သာဘက်သို့ လျှောက်လာသောခြေ သံတစ်သံကို ကြားလိုက်ရသည် ။ ကျွန်မ သိလိုက်ပြီ ။ ဒါဟာ
ကျွန်မ၏နောက်ဆုံးအချိန် ။ အမေနှင့်အစ်မ၏မျက်နှာကို နောက်ဆုံး အနေဖြင့် ကြည့်လိုက်မိသည်
။ အချိန်ရသေးမည်ဆိုလျှင် ကျွန်မ တစ်ခုခုပြောချင်သေးသည် ။ အမေ…ဒီအရွယ်ထိ ကျွေးမွေးစောင့် ရှောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ အစ်မ…သမီးကို
အမြဲတမ်း စိတ်ချမ်းသာစေချင်အောင် ထားချင်တဲ့စိတ်ကို နားလည်ပါ တယ်…။ အချိန်သာရလျှင်
သည်စကားတွေ ပြောဖြစ်ဦးမည်ထင်သည် ။ သို့ပေမဲ့ ထိုအခိုက်မှာပဲ…
“ ဒိုင်း…”
နားသယ်စပ်က ပူခနဲဖြစ်သွားသည် ။ ပူတာမှ
မခံမရပ်နိုင်အောင် နာကျင်ပူစပ်သွားခြင်းဖြစ်သည် ။ ထိုခံစားချက်ကိုသာ နောက်ဆုံး သိလိုက်ရ၏
။ ဒုံးခနဲလဲကျသွားသောခန္ဓာကိုယ်ကြီးနှင့်အတူ ၊ မှေးမှိန်သွားသောမျက်ဝန်းအိမ်နှင့်အတူ
နာမ်ဝိညာဉ်သည်လည်း ခဏ တာအိပ်စက်သွားခဲ့ပြီ ။
NNNNNNNNNN
“ ISတွေ မိုက်ကန်းချက်ကတော့ တောက်…! တစ်ယောက်ပဲ အသက်ရှင်ကျန်တယ် ။ အားလုံး ခရီးသည်ချည်းပဲ
။ သူတို့ခမျာ
လေ့လာရေးအပျော်ခရီး ထွက်လာကြတာဗျ ။”
“ စုစုပေါင်း(၅၈)ယောက် သေဆုံးသွားပြီး (၃၀)က ခေါင်းဖြတ်ခံထားရတယ် ။ တော်တော်ယုတ်ကန်းတဲ့ကောင်တွေ
။”
“ ကျန်ရစ်တဲ့အဘွားကြီးလည်း သနားပါရဲ့ဗျာ ။ သမီးနှစ်ယောက်နဲ့လာတာ ။ သမီးနှစ်ယောက်လုံး
အသတ်ခံလိုက်ရတယ် ။ သူ
က ကြောက်အားလန့်အားနဲ့ နောက်ကိုအဆုတ်မှာ ပြုတ်ကျသွားတာ ။ ကံကောင်းချင်တော့ သစ်ကိုင်းမှာ
သွားချိတ်နေရဲ့ ။”
“ အေးဗျာ ။ ကောင်မလေးတွေက ငယ်ငယ်ချောချောရယ် ။ သူ့အမေတော့ တော်တော်နှမြောမှာ
။”
အသံများက ကျွန်မနားထဲကို အဆီးအတားမဲ့တိုးဝင်နေသည်
။ ထိုအသံများကို နားဆင်ရင်း ကျွန်မ သဘောပေါက်သွားသည် ။
သတိပြန်ရလာချိန်၌ ကျွန်မ ရဲစခန်းထဲသို့ ရောက်နေသည်
။ အမေ့ကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရပြေးဖက်လိုက်ပေမဲ့ ကျွန်မ၏အထိအတွေ့ကို အမေက မသိ
။ ငူငူငိုင်ငိုင်ကြီးသာ ထိုင်နေ၏ ။ အဲသည့်ကတည်းက နည်းနည်းသံသဝင်သွားမိသူ-ကျွန်မ လည်း
ဟိုဟိုသည်သည်လျှောက်သွားရင်း အထက်ပါစကားများကို ကြားသိခဲ့ရသည် ။ ကျွန်မ သိပြီ ။ ကျွန်မ
သေသွားခဲ့ပြီကိုး ။
တစ္ဆေသရဲများအကြောင်းကို ကျွန်မ များစွာလေ့လာဖတ်ရှုခဲ့ဖူးသည် ။ အလွန်လည်း စိတ်ဝင်စားခဲ့သည်
။ လူတစ်ယောက် သေ ဆုံးပြီးနောက် ဘာတွေ ဆက်ဖြစ်သလဲဆိုတာ ကျွန်မ အလွန်သိချင်ခဲ့သည် ။ လူတစ်ယောက်
သေပြီးသည့်နောက် ဖျတ်ခနဲပျောက် ကွယ်သွားသည့်အယူကို ကျွန်မ လက်မခံ ။ အရိယာသူတော်စင်
၊ နိဗ္ဗာန်လမ်းကြောင်း ပေါက်မြောက်ထားသော အရှင်သူမြတ်တို့မှ လွဲ၍ အခြားသူတို့ သေဆုံးသည့်အခါ၌
သူ၏ဖြစ်ချင်သည့်စိတ်ကြောင့် ဘုံဘဝတစ်ခုခုသို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည်ဟု ကျွန်မ
ယုံသည် ။ ထိုသို့ မရောက်ရှိခင်တွင် သူတို့ထဲမှအချို့သောသူတို့သည် ဝိညာဉ်တစ္ဆေဘဝမှာ
ခဏတာတော့ ကျင်လည်ကြ လိမ့်မည် ။ ဘာနှင့်တူသလဲဆိုတော့ စီးမည့်လိုင်းကား မလာသေးခင် စောင့်ဆိုင်းနေကြသော
ကားစောင့်သူများကဲ့သို့ဖြစ်မည် ။
ယခုတော့ … ကျွန်မ သိချင်လွန်းခဲ့သည့်၊ စပ်စုလေ့လာခဲ့ဖူးသည့် သေလွန်ပြီး တမလွန်ဘဝသို့
ကျွန်မကိုယ်တိုင် ရောက်ရှိနေပြီ ။ ဘာနှင့်တူသလဲဟုမေးလျှင်မူ ကျွန်မအဖြေက အလွန်ပဲ လွတ်လပ်ပေါ့ပါးပါသည်
။ သို့သော်…အတွေးစိတ်ထဲမှာတော့ နောင်တများ ၊ ဝမ်းနည်းမှုများ ၊ ယူကြုံးမရဖြစ်ခြင်းနှင့်အနှောင်အဖွဲ့သံယောဇဉ်များဖြင့်
ရှုပ်ထွေးမွန်းကျပ်နေ၏ ။ လေးလံထိုင်းမှိုင်းနေ၏ ။ ဟုတ် သည် ။ ကျွန်မ နောင်တရနေသည် ။
ဆရာတော်ကြီးများ ဟောကြားလေ့ရှိသောတရားကို
ကျွန်မ ကြားနာဖူးသည်။ မနက်ဖြန်နဲ့တမလွန်(နောင်ဘဝ) ဘယ်ဟာနီးသလဲ ဆိုသောမေးခွန်း ။ တချို့က
မနက်ဖြန်ဟုဖြေသည် ။ တချို့က နောင်ဘဝဟုဖြေသည် ။ အဖြေမှန်က နောင်ဘဝဖြစ်သည် ။ လူတို့ သည်
ဘယ်အချိန်သေမလဲဆိုတာ ကြိုတင်မသိပါဘဲ မနက်ဖြန်အတွက်သာ ပူပန်နေတတ်ကြသည် ။ သို့ပေမဲ့…မနက်ဖြန်မရောက်
ခင်မှာပဲ သေဆုံးသွားနိုင်သည့်အကြောင်းကိုမူ တမင်တကာ မေ့လျော့ထားကြသည် ။ ထိုအချက်ကိုသာ
အစဉ်မပြတ်တွေးပူနေပါက လွတ်မြောက်ရာလွတ်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်ရောက်ကြောင်းတရားကို
အားထုတ်ဖြစ်မည်မှာအသေအချာ ။ ယခုတော့ … နောင်တရနေရပြီ ။ ရခဲလှသောလူ့ဘဝ၌ အနှစ်(၂၀)ကျော်
ကျွန်မ နေထိုင်ခဲ့ရပေမဲ့ တစ်လပြည့်အောင်ပင် တရားအားမထုတ်ခဲ့ဖူးပါ ချေ ။
ယူကြုံးမရလည်း ဖြစ်နေမိသည် ။ ဤအရွယ် သေမည်မှန်းသာသိလျှင် နေ့ညမပြတ် တရားအားထုတ်ခဲ့ပါ၏
။ ကျွန်မ လိုချင်တပ် မက်ခဲ့သည့် ငွေကြေးနှင့်အောင်မြင်မှုတို့က အမှန်ပဲ နောင်ဘဝသို့မပါနိုင်မှန်း
ကိုယ်တွေ့သိနေရပြီ မဟုတ်ပါလား ။ မနေ့က ဝိတ်ချ ရန် စဉ်းစားနေသည့် ကျွန်မ၏ခန္ဓာကိုယ်၊
မကြာမကြာ မှန်ကြည့်ရင်း မာနတက်နေမိသည့် ကျွန်မ၏မျက်နှာ…ထိုအရာတို့သည် အမှန် ပင် အနှစ်မရှိမှန်း
ကျွန်မ သိလိုက်ရပြီ ။ ထိုအရာတို့ဟာ ကျွန်မအပိုင်မှ မဟုတ်ဘဲလေ ။
ဦးခေါင်းပွင့်၍ သွေးတို့ ပေစွန်းလျက်ရှိသော
ကျွန်မ၏ရုပ်အလောင်းကို ကျွန်မ ပြန်စိုက်ကြည့်ရင်း သံဝေဂရမိသည် ။ အသုဘရှု မိသည် ။ ဒီနေရာ
သဘောကျတယ်၊ ဒီနေရာဖြင့် ပြင်ရဦးမယ်၊ ဒါလေးနဲ့ လိုက်ဖက်တယ်…စသည်ဖြင့် တန်ဆာဆင်ခဲ့သော
၊ မာန ထောင်လွှားစေခဲ့သော ဤရုပ်ကောင်ကြီးက အခုတော့ ကျွန်မနှင့် တသီးတခြားစီမှာ လဲလျောင်းငြိမ်သက်နေပြီ
။ မကြာမီမှာပဲ…မီး သဂြိုဟ်စက်ထဲသို့ သူ သွားရတော့မည် ။
ထိုအခိုက် ကျွန်မ ပတ်ဝန်းကျင်ကြီး မှောင်မည်းသွားသည်
။ စောစောက မြင်တွေ့နေသော ကျွန်မ၏ခန္ဓာကိုယ် ၊ ပျားပန်းခတ် ပြေးလွှားလှုပ်ရှားနေသော ရဲဝန်ထမ်းများ
၊ ဆေးရုံမှ တာဝန်ရှိသူတို့၏ပုံရိပ်များသည် မြူမှုန်များအလား အမှောင်ထု၏အပြင်ဘက်၌ မှုန်ဝါးပျောက်ကွယ်သွား၏
။ ကျွန်မ ဘဝကူးပြောင်းချိန်သို့ ရောက်ရှိနေပြီထင်သည် ။ ထိုအတွေးနှင့်အတူ ကျွန်မ ခေါင်းထဲသို့
တိုး ဝင်လာသည်က သံယောဇဉ်ကြိုးတစ်မျှင်…။
ကျွန်မဟာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ရသဖြင့် ကြီးကြီးမားမားသံယောဇဉ် တွယ်တာစရာဟူ၍
မိဘနှစ်ပါးသာ ရှိသည် ။ အရင်ဆုံး သတိရမိသည်မှာ ကျွန်မ၏မိခင် ။ ဖခင်က စိတ်ခိုင်သူဖြစ်သောကြောင့် မစိုးရိမ်မိပေမဲ့ မိခင်မှာမူ စိတ်အားငယ်သူ ။ သူမ
ခမျာ သမီးနှစ်ယောက်လုံး မျက်စိရှေ့တင် သေဆုံးသွားသည်ကို တွေ့မြင်ခဲ့ရ၍ မည်မျှ စိတ်ထိခိုက်ကြေကွဲနေလေမလဲ
။ နောက်ပြီး ကျွန်မတို့ မရှိလျှင် သူတို့ အဆင်မှပြေပါ့မလား ။ အသက်အရွယ် ကြီးရင့်လာသည့်အခါ
အားကိုးအားထားစရာ မရှိလျှင် ဘယ်လိုများ နေမလဲ …အစရှိ၍ တွေးတောနေမိရာ ရုတ်ချည်းဝင်လာသောအသိစိတ်တစ်ခုက
ထိုအတွေးတို့ကို ဖြတ်တောက်ပစ်လိုက်သည်။
“ ငါ ဘာတတ်နိုင်ဦးမှာလဲ ။ ငါက သေသွားခဲ့ပြီပဲ ။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြပါတယ်ဆိုပေမဲ့
သေသွားရင်တော့
ဘဝခြားသွားပြီပဲလေ ။ ဒီဘဝကို ငါ တွယ်တာနေလို့မဖြစ်ဘူး ။ အမေတို့လည်း အချိန်ကြာတဲ့အခါ အဆင်ပြေသွားမှာပါ ။”
ထိုသို့ စိတ်ကို ဖြေလိုက်သည် ။ သို့သော်…အတွေးတို့က
ပြတ်တောက်သွားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ဆက်ဝင်လာသည် ။ နောက် အတွေးတစ်ခုက သံသယအတွေး…။
“ ငါ ဘယ်ဘဝများ ရောက်မလဲ မသိ ။”
ထိုအတွေးနှင့်အတူ ချောက်ချားစိတ်များ
ဝင်လာပြန်သည် ။ အပယ်(၄)ဘုံသို့ ကျရောက်မှာစိုးမိသည် ။ ထိုစိတ်တို့ကို ဆင်ခြင်ဥာဏ် ဖြင့်
နှိမ်နင်းရသည် ။
“ ငါဟာ လူ့ဘဝမှာတုန်းက ငါးပါးသီလလုံခဲ့တဲ့သူပဲ ။ သူတပါး ဒုက္ခရောက်အောင်လည်း
မလုပ်ဖူးဘူး ။ နောက်…စုဆောင်းထား
သမျှပိုက်ဆံတွေကိုလည်း ဘုရားကျောင်းကန်တွေအတွက် အများဆုံးလှူဒါန်းခဲ့တယ် ။ ငါမှာ
ကောင်းမှုတွေ များပါတယ် ။
ကောင်းမြတ်တဲ့ဘုံဘဝကိုပဲ ရောက်မှာပါ ။ တခြားမတွေးနဲ့တော့ ။ နတ်ပြည်ကိုပဲ အာရုံပြုထားမယ်
။ နတ်ပြည်ကို ရောက်ခဲ့ရင်
သောတပန်နတ်ကို တွေ့အောင်ရှာပြီး တရားနာရမယ် ။ သောတပန်တည်အောင် ကြိုးစားရမယ်
။ နောက်တစ်ခါ သေရင် ဒီလို
နောင်တမျိုးမရရအောင် ငါ ကြိုးစားရမယ် ။ ဘာမှမတွေးနဲ့တော့ ။ ကောင်းမှုကုသိုလ်တွေကို
အာရုံပြု…”
ထိုသို့ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ချွန်းအုပ်ရင်း
ပြုခဲ့သမျှကုသိုလ်ကောင်းမှုတို့ကို အာရုံပြုရင်း ရိပ်သာ၌ တရားအားထုတ်ခဲ့စဉ်က အကျင့်ရှိခဲ့သော-ပိန်/ဖောင်းအမှုကို
ရှုမှတ်နေလိုက်သည်။ အချိန်အတော်ကြာသည့်အခါ၌ မျက်လုံးတို့ မှေးစင်းလာ၏ ။ လက်ရှိဘဝ ကို
သိနေသောအသိစိတ်တို့သည် ဖျတ်ခနဲကွယ်ပျောက်သွားကာ ပတ်ဝန်းကျင်တခွင်လုံး လင်းခနဲဖြစ်သွားတော့၏
။
NNNNNNNNNN
“ ဒုန်း…ဒုန်း…ဒုန်း…”
တဒုန်းဒုန်းအသံများကြောင့် ကျွန်မ လဲကျနေရာမှ
ထထိုင်လိုက်သည် ။ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ တွေ့မြင်လိုက်ရသည် က ပြာလဲ့သောကန်ရေပြင်ကြီးနှင့်
စိမ်းညို့သောတောင်တန်းများ ။
- မြတ်စွာဘုရား…ငါ ဘယ်ကို ရောက်နေပါလိမ့်…အဲ…
ထိုသို့ တွေးတောနေမိစဉ် တံခါးခေါက်သံတဒုန်းဒုန်းကို
ကြားရပြန်သည် ။
“ ဟဲ့…နှင်းပွင့်ရေ…ထတော့ ။ (၇)နာရီ ထွက်မှာ ။ ပူးတူးတောင် ပြင်ပြီးနေပြီ ။
ထ…”
နာမည်ခေါ်သံကြားမှပဲ ကျွန်မ သတိလည်လာသည်
။ ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်သည် ။ ဘယ်လိုပါလိမ့်…။ ကျွန်မ ရောက်ရှိနေ သည်က ကျွန်မ၏အိပ်ခန်းထဲမှာ
။ မျက်လုံးများက နံရံပေါ်မှပိုစတာဆီသို့ ပြန်လည်ရောက်ရှိသွားသည် ။ ပြာလဲ့သောရေကန်ကြီးနှင့်
စိမ်းညို့သောတောင်တန်းများ ။ ဒါဆို…ကျွန်မ မသေသေးဘူးပေါ့ ။ ဒီသဘောလား ။
“ တီတီနှင်း…မထသေးဘူးလား ။ ပန်းခြံသွားမယ်လေ ။ ထတော့…အိပ်ပုတ်ကြီး ။”
တံခါးအပြင်ဘက်က အစ်မဖြစ်သူ၏အသံအပြင် တူမလေး၏အသံကိုပါ
ကြားလိုက်ရသည် ။ သေချာပါပြီ ။ ကျွန်မ မသေသေး ။ ထို သို့ဆိုလျှင် စောစောကအဖြစ်အပျက်များအားလုံး
အိပ်မက်မက်ခဲ့ခြင်းတဲ့လား ။ ထိုသို့ဆိုပါက ထိုအိပ်မက်သည် အတော့်ကို ထင်ရှား သောအိပ်မက်ဟုဆိုရမည်
။
ညက သတင်းစာဖတ်ရင်း အိပ်ပျော်သွားခဲ့ခြင်းဖြစ်ရာ သတင်းစာထဲမှအကြောင်းအရာများကို
အိပ်မက်ထဲ၌ ထည့်မက်ခဲ့ခြင်းဖြစ်ပါ လိမ့်မည် ။ သို့သော်…ထိုအိပ်မက်က ကျွန်မကို နက်ရှိုင်းစွာတရားပြသွားသကဲ့သို့ရှိသည်
။ အိပ်မက်အကြောင်းကို ကြာမြင့်စွာ တွေး တောဆင်ခြင်လိုသော်လည်း အချိန်က မရ ။ အပြင်မှာ
ခေါ်ငင်နေကြပြီမို့ သံယောဇဉ်ကြိုးတို့၏ကြိုးဆွဲရာနောက်သို့ ကျွန်မ လိုက်ပါ ကပြရဦးမည်
။ သို့ပေမဲ့…ယနေ့တစ်နေ့တာတော့ အခါတိုင်းနှင့်မတူဘဲ အိပ်မက်မှ ရရှိခဲ့သည့်အသိတို့ကြောင့်
ဘာပဲလုပ်လုပ် ဆင် ခြင်ဥာဏ်ဖြင့် နှလုံးသွင်းမှန်နေမည်မှာ သေချာ၏ ။ ယခုထက်တိုင် စိတ်ထဲ၌
နက်နဲစွာစူးဝင်နေသောအသိတစ်ခုက… အမှန်တကယ် သေခါနီးအချိန်ကျ ကျွန်မ ယခုကဲ့သို့ နောင်တမရချင်ပါ
။ ။
စေတနာရှေ့ထားလျက်…