လွမ်းရစ်လေပြီ...မော်တင်စွန်းဒဏ္ဍာရီ
( ၂၀၁၄ သြဂုတ်လထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖြော်ပခံရသော ဝတ္ထတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-------------------------------------------------------------------------------------------------------------------------------------
တဟူးဟူးတိုက်ခတ်နေသောပင်လယ်လေညင်းသွဲ့သွဲ့ကို တဝကြီးရှုရှိုက်လိုက်ရင်း လက်ထဲမှကင်မရာကို
နဘေးသို့ ချလိုက်မိသည် ။ ခုမှပဲ အလုပ်ရှုပ်သက်သာသွားသလို ခံစားလိုက်ရ၏ ။ ခံစားရမှာပေါ့…ရောက်ကတည်းက
တစ်ချိန်လုံး ကင်မရာ မချစတမ်း မြင်မြင်သမျှ ဓါတ်ပုံရိုက်ကာ photographerလုပ်နေခဲ့သည်ကိုး
။ လက်ထဲမှကင်မရာကို ကြွေပြားဖြူလွလွပေါ် အသာချကာ ဦးခေါင်းကို ၁၂၀ဒီဂရီခန့် မော့လိုက်ပြီး
မြင်ကွင်းထဲသို့ ပြည့်ပြည့်ဝဝဝင်ရောက်လာသည့် ရွှေတောင်ကြီးပမာ နှိုင်းဆရမည့် မော်တင်စွန်းစေတီတော်မြတ်ကြီးအား
ကြည်ညိုလေးမြတ်စွာငေးစိုက်ကြည့်ရင်း ရင်ထဲ၌ ဖော်ပြရန်ခက်ခဲလှသောသုခဝေဒနာတချို့ကို ခံစားလိုက်ရသည်
။ ကြည်နူးခြင်းပေ လား…အံ့သြခြင်းပေလား…ပီတိဖြစ်ခြင်းလား…ဝမ်းသာခြင်းလား…ဂဃနဏ မသိ ။
သို့သော် တလှိုက်လှိုက်ပျော်ရွှင်နေတာတော့ သေ ချာ၏ ။
“ အဖေတို့ငယ်ငယ်ကဆို မော်တင်စွန်းဘုရားကို လာဖူးဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး
။ လှည်းတတန် လှေတတန်နဲ့ ခက်ခက်ခဲခဲ
သွားရတာ ။ ခုလို ကားလမ်းပေါက်ဖို့ မပြောနဲ့ ။ အဲဒီနေရာက တကယ့်ကို တောကြီးမြက်မည်းပဲ
။ ဆင်တွေ ကျားတွေက ခုထက်ထိ
တောင် ရှိတုန်းမဟုတ်လား ။”
“ အင်း…ဟုတ်တယ်နော် အဖေ ။”
မော်တင်စွန်းစေတီတော်မြတ်ကြီးကို ကျွန်မ
ပြုံးပြုံးကြီးငေးကြည့်နေမိစဉ် နဘေးမှဖေဖေက သူ၏ရင်တွင်း၌ ဖြစ်ပေါ်လာသောခံစားချက် ကို
ကျွန်မတို့အား မျှဝေလေသည် ။ ဟုတ်ပါသည် ။ မော်တင်စွန်းသို့ ကားလမ်းပေါက်သည်မှာ ကာလအားဖြင့်
လေး/ငါးနှစ်မျှသာ ရှိပေ ဦးမည် ။ လာရောက်ရန် မလွယ်ကူသောဒေသတစ်ခုဖြစ်ရာ တန်ခိုးကြီးဘုရားရှိသော်ငြားလည်း
လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ကြောင့် ကားလမ်းမပေါက်ခင်ကဆိုလျှင် ယခုလို မစည်ကားခဲ့ချေ
။ ယခုချိန်ထိ ရေရှားပါးလျက်ရှိပြီး ဘုရားပွဲကာလ၌သာ လူအရောက် အပေါက်များကာ ကျန်ကာလများတွင်
ဒေသခံများမှလွဲ၍ ခရီးသည်အလာကျဲသောဒေသတစ်ခုဖြစ်သဖြင့် ရောက်တုန်းရောက်ခိုက် စေ တီတော်မြတ်ကြီးကို
တဝကြီးဖူးမြော်ကြည်ညိုရမည်ဟု ကျွန်မ တွေးနေမိသည် ။
တွေးရုံဖြင့် မပြီးသေး…လက်တွေ့ကျင့်ကြံရန်လည်း
လိုအပ်သေးသည်မို့ ကျွန်မ လက်ဆယ်ဖြာထိပ်မှာမိုးကာ ရတနာသုံးပါးအား ပူဇော်ညွတ်တွားလိုက်ပြီး
ငါးပါးသီလကို ခံယူဆောက်တည်လိုက်သည် ။ ဤသည်မှာ ကျွန်မ ဘုရားရှိခိုးစဉ်အခါတိုင်း ပုံမှန်ရွတ်ဆိုနေကျ
နိစ္စဒူဝအပြုအမူဖြစ်ရာ ယနေ့အဖို့တော့ ယခင်နေ့များထက် ထူးထူးခြားခြားဖြစ်စေလိုသောစိတ်အစဉ်ကြောင့်
မေတ္တာသုတ်၊ ခန္ဓသုတ်နှင့် ဓာရဏပရိတ်တို့ကို ဆက်လက်ရွတ်ပွားကာ ဝေနေယျသတ္တဝါအပေါင်းအား
မေတ္တာပို့သ အမျှအတန်းပေးဝေမိသည် ။ ဘုရားရှိခိုးနေ သည့်အခိုက် စိတ်တို့ကို အတတ်နိုင်ဆုံး
တည်ငြိမ်အောင် စုစည်းထားပြီး ရွတ်ဆိုသောသုတ်တော် ပရိတ်တော်တို့၏အနက်အပေါ်တွင် အာရုံနစ်ကာ
သတ္တဝါအပေါင်းဆီသို့ မေတ္တာဓါတ်တို့ ပို့လွှတ်ရင်း မိမိသာမက အားလုံး အေးချမ်းသာယာအောင်
စိတ်စေတနာထားနေမိ သည် ။ ထိုသို့ ဘုရားရှိခိုးနေသည့်အခိုက်အတန့်၌ လောဘ ဒေါသတို့ ကင်းလွတ်နေ၍ထင်၏
။ စိတ်သန္ဓာန်တွင် အေးငြိမ်းကြည်လင်မှု တို့ ကိန်းအောင်းနေသည် ။ သို့သော်လည်း အေးချမ်းတည်ငြိမ်နေသောစိတ်ဖြင့်
သတ္တဝါအပေါင်းအား မေတ္တာပို့သလျက် ဘုရားရှိခိုးနေ ချိန်မှာ လေးဆယ့်ငါးမိနစ်ခန့်သာကြာပြီး
အမျှပေးဝေအပြီး၌ ထုံးစံအတိုင်း စိတ်အာရုံအတွင်းသို့ ကိလေသာတို့က နေရာပြန်ယူလေပြီ ။
ဝင်လာသည့်လောဘက ဓါတ်ပုံလောဘ…။ ဖြစ်နေသည့်ရောဂါက ဓါတ်ပုံရိုက်လိုသည့် ရောဂါ ။
“ မမစုမွန်…ဟိုကျောက်တန်းတွေဆီမှာ ဓါတ်ပုံသွားရိုက်ကြရအောင် ။”
“ နေပါဦးဟယ် ။ ဟိုနားမှာထိုင်ပြီး မုန့်စားကြပြီးမှ ကျောက်တန်းတွေဆီ သွားကြတာပေါ့
။”
ဘုရားရှိခိုးအပြီး မျက်စိနှစ်လုံးပြန်ဖွင့်သည်နှင့်မြင်မြင်သမျှတို့ကို
ဓါတ်ပုံရိုက်ချင်လာပြန်သည် ။ တစ်ခါတစ်ရံတွင် ကင်မရာတီထွင်ခဲ့သော ပုဂ္ဂိုလ်ကို စိတ်တိုမိသည်
။ သူသာ ကင်မရာဆိုသောအရာကို မတီထွင်ခဲ့လျှင် လူတွေလည်း ယခုလိုမျိုး ကင်မရာတပြင်ပြင်နှင့်
မြင် မြင်ကရာ လျှောက်ရိုက်နေရန် လိုတော့မည် မဟုတ် ။ ဓါတ်ပုံဆိုသောအရာကို အမှတ်တရဟူသောခေါင်းစဉ်အောက်သို့
အတင်းဆွဲသွင်း ကာ တကယ်လည်း အမှတ်မရဘဲ လက်ထဲ၌ ကင်မရာရှိနေသောကြောင့် မြင်သမျှတွေ့သမျှကို
မှတ်ချင်ချင် မမှတ်ချင်ချင် လျှောက်ရိုက် ပြီး အိမ်ရောက်သည့်အခါ ဂျောင်ထဲထိုး၍ မျက်ကွယ်ပြုထားကြသော
၊ ကွန်ပျူတာ လေးမည်စိုး၍ ဖေစ်ဘုတ်ပေါ် ပစ်တင်ထားကြသော အမှိုက်ဓါတ်ပုံများလည်း ရှိစရာ
မလိုတော့ ။ သို့ကြောင့် တစ်ခါတစ်ရံတွင် ကင်မရာကို မတီထွင်ခဲ့က ကောင်းလေစွဟု စဉ်းစားမိသည်
။
သို့ပေမဲ့ ယခုအချိန်တွင် လက်ထဲ၌ ကင်မရာရှိနေ၍
ရိုက်ချင်သည်များကို ရိုက်ရပေဦးမည်မို့ မော်တင်စွန်း၏တစ်ဖက် ပင်လယ်ပြင် ကြီး၏မေးတင်ရာ
သောင်ပြင်ကမ်းစပ်အနီးတွင်ရှိသော ကျောက်ဆောင်ကျောက်တန်းများဆီသို့သွားကာ ဓါတ်ပုံရိုက်ရန်အတွက်
အစ်မ ဖြစ်သူအား မဲဆွယ်ကြည့်ရာ အစ်မက မုန့်စားပြီးမှသွားမည်ဟုပြော၍ ကျွန်မလည်း မုန့်စားပြီးချိန်အထိ
စောင့်ရတော့မည် ။ ဖေဖေရော မေမေရော ဘုရားရှိခိုးပြီးသည့်အခါ လေးယောက်သား ပင်လယ်ဘက်ခြမ်းရှိစောင်းတန်းဆီသို့ဆင်းပြီး
လှေကားထစ်ညိုညိုတွင်ထိုင်ရင်း ပါလာသော ပျားလိမ္မော် ၊ ကွတ်ကီးနှင့်ရှောက်သီးဆေးပြားတို့ကို
နှစ်သက်ရာထုတ်ယူစားကြသည် ။ ပင်လယ်လေညင်းက တဖြူးဖြူးနှင့် အဆက်မပြတ် တိုက်ခတ်နေလေရာ
နေ့လယ်ဆယ့်နှစ်နာရီခွဲခန့်ရှိပြီဖြစ်သော်လည်း ပူအိုက်ခြင်း ပူစပ်ခြင်းဝေဒနာတို့ကို
မခံစားရဘဲ အေးမြလျက် နေလို့ကောင်းနေ၏ ။
“ ဒီစောင်းတန်းက နဂါးတက်တဲ့စောင်းတန်း(နဂါးစောင်းတန်း)တဲ့ … ဂိုက်ဦးလေးကြီး
ပြောတာပဲ ။ ဟုတ်လား အဖေ ။”
မစုမွန်က ပျားလိမ္မော် စားရင်း သူ ကြားခဲ့သည့်သတင်း
မှန်/မမှန် သိလို၍ ဖေဖေ့ကို မေးလေသည် ။ အစ်မလတ်၏အမေးစကားကြောင့် ကျွန်မ၏မျက်လုံးများ
ပြူးကျယ်သွားကာ ဖေဖေ၏နှုတ်မှ ဘာဖြေမလဲဆိုတာကို စိတ်ဝင်တစားနားစွင့်မိသည် ။ နဂါးဟုအသံကြားက
တည်းက ကျွန်မ စိတ်ဝင်စားပြီလေ ။ နဂါးဆိုသည့်သတ္တဝါက အလွန်ဆန်းကြယ်သောဂမ္ဘီရအနွယ်ဖွား
မဟုတ်လား ။
“ အင်း…ပြောကြတာပဲ ။ ဒဏ္ဍာရီပေါ့ ။ ဒီမော်တင်စွန်းဘုရားကြီး တည်ကတည်းက နဂါးမင်းကြီးရဲ့အခန်းကဏ္ဍက
အဓိကကျနေလေ
တော့ မဟုတ်ဘူးပြောလို့ ဘယ်ရမလဲ ။ ဒါပေမဲ့ လက်ဆုပ်လက်ကိုင်ပြလောက်အောင် မြင်လိုက်တဲ့သူကလည်း
ရှိမှမရှိတာ ။ ဒီလို
ဆိုတော့ ယုံတဲ့လူ ယုံ ၊ မယုံတဲ့လူက မယုံနဲ့ပေါ့ ။ ဒါပေမဲ့ ယုံယုံ မယုံယုံ မလေးမစားတော့
သွားမလုပ်နဲ့ ကြားလား ။”
“ ဟုတ်ကဲ့ပါ အဖေ ။”
ဖေဖေက အစ်မလတ်၏အမေးကို မတင်မကျဖြေရင်း
တဆက်တည်းပင် ဆုံးမစကားဆိုလိုက်၍ ကျွန်မတို့ညီအစ်မလည်း “ဟုတ်ကဲ့” လိုက်၏ ။ စိတ်ထဲ၌တော့
ဖခင်ဖြစ်သူ၏အဖြေကို လေးလေးနက်နက်ဆင်ခြင်နေမိရင်း ထိုင်နေသောနေရာမှ စောင်းတန်းတလျှောက်ကို
မျှော်ကြည့်လိုက်မိသည် ။ ထိုသို့ကြည့်လိုက်မိသည့်အခိုက် စိတ်ထဲ၌ လှိုက်ခနဲဖြစ်ကာ တမျိုးတမည်ခံစားလိုက်ရသည်
။ ထိုခံစားချက် ကို အမည်တပ်ရန် ခဲယဉ်းသည် ။ ကြည်နူးသလိုလို…ရွှင်မြူးသလိုလို…။ ထိုသို့
ခံစားမိလောက်အောင်လည်း စောင်းတန်းတလျှောက်မှ အလှအပက ကျွန်မ၏နှလုံးအိမ်ကို ဆွဲညှို့လိုက်လေပြီ
။ စောင်းတန်းက ပြေပြေလေးဖြစ်ပြီး ဘေးတစ်ဖက်တစ်ချပ်ရှိအုတ်ဘောင်တို့ကို ထုံးဖြူဖြူတို့
သုတ်ထားပြီး အုတ်၏ဘေးတစ်ဖက်တစ်ချပ်စီတွင် ထန်းပင် အုန်းပင်တို့ကို မညီမညာ ပြွတ်သိပ်စွာစိုက်ပျိုးထားရာ
အဝေးမှ လှမ်းကြည့်လျှင် စင်္ကြန်လမ်းကလေး ပျောက်ကာ အုန်းပင်တန်း ထန်းပင်တန်းအဖြစ်သာ တွေ့မြင်ရလောက်အောင်
စိမ်းညို့နေသည် ။ ထိုအုန်းပင်တန်း ထန်းပင်တန်းတို့၏အလယ်မှ နဂါးတက်လမ်းဟုသမုတ်ခံထားရသည့်
စင်္ကြန်လမ်းဖြူဖြူကလေးကို ငေးစိုက်ကြည့်ကာ ဖေဖေ၏အဖြေစကားအပေါ် စဉ်းစားခန်းဝင်နေသောကျွန်မသည်
ခဏအကြာတွင် တစ်စုံတစ်ခုကို ပြုလုပ်ရန်ဆုံးဖြတ်လိုက်မိသည် ။ ကျွန်မသည် နတ်နဂါးတို့နှင့်ပတ်သက်ပြီး
မော်တင်စွန်းဘုရားတွင် သစ္စာပြုမည်…။
“ ကဲ…နှင်းပွင့်ရေ…ကျောက်တန်းတွေဆီ သွားကြစို့ ။”
“ သြော်…အင်း…သွားမယ်လေ ။”
“ ဟယ်…ဒီကလေးတွေ နေပူထဲ သွားကြမလို့လား ။ ညနေကျ ငွေတောင် သွားရဦးမှာနော် ။”
“ စိတ်မပူပါနဲ့ အမေရယ် ။ ဦးထုပ် ပါ,ပါတယ် ။ လေလည်း တိုက်နေသားပဲ ။ မပူပါဘူး
။”
ကျွန်မ အတွေးနယ်လွန်နေမိစဉ် မမစုမွန်က
စားလက်စမုန့်ကို ပါးစပ်ထဲသို့ ထိုးသွင်းလိုက်ပြီး ထိုင်နေရာမှထကာ ကျောက်တန်းတွေဆီ သွားရန်
ဆို၍ ကျွန်မလည်း အတွေးတို့ကို ဖြတ်ကာ ထိုင်ရာမှ ထရပ်လိုက်သည် ။ မေမေက ကျွန်မတို့နှစ်ယောက်အတွက်
ပူပန်နေလေ သဖြင့် မစိုးရိမ်ရန် နှစ်သိမ့်ကာ ညီအစ်မနှစ်ယောက် ကင်မရာတစ်ယောက် ၊ ဟန်းဖုန်းတစ်ယောက်ကိုင်ကာ
မျောက်အုန်းသီး တွေ့သည့် အလား ကျောက်တန်းများဆီသို့ ရွှင်မြူးစွာဖြင့် ခုန်ပေါက်လျက်
တဟုန်ထိုး ပြေးထွက်သွားကြတော့သည် ။
မော်တင်စွန်းဘုရားသို့ သွားဖူးကြမည်ဟုဆိုစဉ်က ကျွန်မ စိတ်မပါခဲ့ ။ တစ်အိမ်လုံး
သွားကြမည်ဖြစ်၍ တစ်ယောက်တည်းနေရစ်ရန် မဖြစ်နိုင်သောကြောင့် မလိုက်မဖြစ်သာ လိုက်ခဲ့ရသည်
။ စိတ်က သိပ်မပါ ။ ဘုရားကိုတော့ ဖူးလိုပါ၏ ။ သို့သော် ကျောနာ ခါနာမှာကို ကြောက်သလို
ဆီးဝမ်းချုပ်မည်ကိုလည်း စိုးရိမ်မိသည် ။ မော်တင်စွန်းသို့ လွန်ခဲ့သောခုနစ်နှစ်ခန့်က
ကျွန်မတို့ တစ်ခေါက် ရောက်ခဲ့ဖူး သည် ။ လမ်းကလည်း ကြမ်းပါဘိ…ဘူတိုဇာနှင့်ထိုးထားသော
မြေသားလမ်းရယ် ။ သွားသည့်ကားကလည်း ဟိုင်းလတ်စ်ကားဖြစ်၍ တစ်လမ်းလုံး ဖုန်အလိမ်းလိမ်းဖြစ်ခဲ့ရုံသာမက
လမ်းခရီးတွင် ဆင်အီးပုံပူပူနွေးနွေးကြီးကိုလည်း တွေ့ခဲ့သေးသည် ။ ဆင်များက ကျွန်မ တို့ကား
မလာခင်ခဏကမှ ဖြတ်သွားကြပုံရ၍ ဆင်ကြောက်သူ ကျွန်မတို့မိန်းမသားတစ်စု ဘုရားစာကို ကမောက်ကမ
ရွတ်မိကြသည် အထိပင် ။ သည်ကြားထဲ ချောက်လိုနောက်လိုသူကားဆရာဒရိုင်ဘာလေးက ဆင်ရိုင်းများဖြစ်နိုင်ကြောင်း
သတင်းပေးသဖြင့် ကျွန်မတို့ မှာ တစ်သက်မမေ့နိုင်ဖြစ်ခဲ့ရ၏ ။ ဟိုရောက်တော့လည်း ရေအလွန်ရှားပြီး
တည်းရခိုရလည်း အဆင်မပြေ ၊ အိမ်သာကလည်း ဆိုးရွားနေ ခဲ့လေရာ ထိုကဲ့သို့အဆင်မချောလှသောခရီးလမ်းကို
ကျွန်မ နောက်တစ်ခေါက် မသွားလိုသည်ကတော့ အမှန် ။ သို့သော်လည်း မိဘ များ၏ဆန္ဒကို မလွန်ဆန်နိုင်၍
မော်တင်စွန်းသို့ ကျွန်မ ခရီးထွက်ခဲ့ရလေပြီ ။
အထင်နှင့်အမြင် တခြားစီ ။ တစ်လမ်းလုံး အနည်းအကျဉ်းကားဆောင့်ရုံမှလွဲ၍ ယခင်တစ်ခေါက်ကလောက်
ခါးမနာ ကျောမနာသလို ယခင်ကလောက်လည်း တောမနက်တော့ ။ တောဟူ၍ပင် ခေါ်ရခက်လောက်အောင် သစ်ပင်ကြီးများ
လျော့နည်းသွားခဲ့သလို ဆင်ပုန်း ရန် ဆင်အောင်းရန်ပင် မလွယ်ကူတော့၍ တောဆင်ရိုင်းများ၏ချေးပုံပူပူနွေးနွေးကိုလည်း
မတွေ့မြင်ခဲ့ရတော့သဖြင့် ကြောက်လန့်ခြင်း ကင်းခဲ့ပြီ ။ လမ်းမကြီး ဖြူးသွား၍ စိတ်ကျေနပ်ပျော်ရွှင်မိသော်လည်း
ယခင်ကလို တောကြီးမြက်မည်းနှင့် မြင့်မားတုတ်ခိုင်လှသော သစ် ပင်ကြီးများကို မမြင်တွေ့ရတော့သဖြင့်
စိတ်ထဲ၌ လွမ်းသလိုလိုရှိမိ၏ ။ မည်သို့ပင်ဖြစ်စေ…ထွက်လာစဉ်က စိတ်မပါခဲ့ပေမဲ့ ယခုကဲ့သို့
အဆင်ပြေပြေရောက်ရှိကာ ပင်လယ်ပြင်ကျယ်ကြီးကို ဘွားခနဲတွေ့လိုက်ရသည့်အခိုက် ကြည်နူးပီတိစိတ်တို့ဖြစ်ပေါ်ပြီး
မြူးရွှင်သွားမိ သည်ကိုတော့ ဝန်ခံရပေမည် ။
“ မော်တင်စွန်းစေတီတော်ရဲ့သမိုင်းကြောင်းကို အတိုချုံ့ပြောပြရရင် မွန်လူမျိုးကုန်သည်ညီနောင်များဖြစ်ကြတဲ့တဖုဿနဲ့ဘလ္လိကတို့
နှစ်ယောက်ဟာ မြတ်စွာဘုရားဆီက ဆံတော်ရှစ်ဆူကို ပင့်ဆောင်ပြီး ပင်လယ်ပြင်က သင်္ဘောနဲ့ပြန်အလာ
ဒီမော်တင်စွန်းအရောက်
မှာ နဂါးမင်းနဲ့ တွေ့ဆုံကြတယ် ။ နဂါးမင်းက နဂါးပြည်မှာ တည်ထားပူဇော်ဖို့အတွက်
ဆံတော်နှစ်ဆူကို အလှူခံတဲ့အခါ ညီနောင်
နှစ်ဦးက မပေးတဲ့အတွက် နဂါးမင်းက ခိုးယူပြီး နဂါးပြည်မှာ စေတီတည်ခဲ့တယ် ။ အဲဒီနောက်
အလောင်းစည်သူမင်းတရားကြီး
လက်ထက်ကိုရောက်တဲ့အခါ အလောင်းစည်သူမင်းကြီးက ဖောင်စကြ်ာနဲ့ လှည့်လည်တဲ့အချိန်မှာ
ဒီဒေသကို ရောက်ခဲ့တယ် ။
ဒီနေရာကိုလည်းရောက်ရော ဖောင်တော်က ရပ်တန့်သွားတာကြောင့် မင်းတရားကြီးက တောစောင့်နတ်
တောင်စောင့်နတ်တွေကို
သူ့ကြာပွတ်နဲ့ရိုက်ပြီး ခေါ်လိုက်တော့ နတ်တွေက သူတို့ကြောင့် ရပ်တန့်တာ မဟုတ်ရကြောင်းပါ
၊ နဂါးမင်းကြီးရဲ့အစွမ်းကြောင့် ရပ်
တန့်သွားရခြင်းဖြစ်ကြောင်း လျှောက်တင်ကြတဲ့အတွက် မင်းကြီးက နဂါးမင်းကို ပင့်ခေါ်လိုက်တယ်
။ နဂါးမင်းကြီးက “နဂါးပြည်မှာ
ဘုရားရှင်ရဲ့ဆံတော်အစစ်နှစ်ဆူရှိကြောင်း၊ အလောင်းစည်သူမင်းကြီးအား လာရောက်ဖူးမြော်စေလို၍
ဖောင်တော်ကို တားရခြင်း
ဖြစ်ကြောင်းပြောပြီး မင်းကြီးကို ဆံတော်အား ဖူးတွေ့စေတယ် ။ ဆံတော်ကို ဖူးတွေ့ရတဲ့အခါ
အလောင်းစည်သူမင်းကြီးက သူသာ
မဟုတ် ၊ အခြားပြည်သူပြည်သားများလည်း ဖူးမြင်နိုင်စေဖို့အတွက် တောင်ထိပ်မှာစေတီတည်လိုကြောင်းပြောတော့
ပထမမှာ နဂါး
မင်းက ခွင့်မပြုဘူး ။ ဒါ့ကြောင့် မင်းကြီးက သူ အဓိဋ္ဌာန်ပြည့်မြောက်ခဲ့ရင် တောင်ထိပ်မှာ
ဆံတော်ကို အပူဇော်ခံစေမလားလို့ နဂါး
မင်းကြီးကို ချဲလင်းလုပ်လိုက်တယ် ။ အလောင်းစည်သူမင်းကြီးက ဘုန်းကံကြီးတဲ့သူမို့လို့
နဂါးမင်းကြီးကို ချဲလင်းလုပ်ရဲတာနော် ။
ဒါကို အားကျပြီး ဒီအထဲက အစ်ကိုတို့က … ငါ့ဘုန်းကံလည်း မြင့်တာပဲဆိုပြီး သွားမလုပ်ကြနဲ့ဦး
။ နဂါးဆိုတာ တကယ်ရှိတာနော့ ။
တော်ကြာ နဂါးကိုင်နေဦးမယ် …”
မော်တင်စွန်းဘုရားသို့ ရောက်ခါနီး မိုင်တိုင်၉၀ကျော်တွင်
ဂိုက်လုပ်တဲ့ဦးလေးကြီးက သမိုင်းကြောင်းကို ရှင်းပြလေရာ အားလုံး အသံ တိတ်နေကြ၍ ပျင်းရိနေကြမည်ကိုစိုးသဖြင့်
ခေတ်စကားအချို့ကိုညှပ်ပြောရင်း ဟာသနှောလိုက်ရာ ခရီးသည်အားလုံးလည်း ခပ်တိုးတိုး ရယ်လိုက်ကြသည်
။ ဂိုက်ကလည်း ရောယောင်ရယ်လိုက်ပြီး သမိုင်းကြောင်းကို ဆက်၏ ။
“ နဂါးမင်းကြီးက “အရှင်မင်းကြီးရဲ့အဓိဋ္ဌာန်ပြည့်မြောက်ရင်တော့ တားမြစ်ခွင့်မရှိပါဘူး”လို့ပြန်ဖြေတဲ့အတွက်
အလောင်းစည်သူမင်း
ကြီးက ဤဆံတော်ကို တောင်ထိပ်တွင် လူအများ ဖူးမြော်နိုင်စေရန် တည်ထားပူဇော်လိုပါသည်
။ ဤမှန်သောသစ္စာစကားကြောင့်
ပင့်ဆောင်ပူဇော်ရမည့်နေရာသို့ ပင်လယ်တွင်းမှရေများ စီးဆင်းသွားပါစေသားဆိုပြီး
အဓိဋ္ဌာန်ပြုလိုက်တဲ့အခါ ပင်လယ်ထဲကရေ
တွေဟာ မြင့်တက်လာပြီး တောင်အနီးကို စီးဆင်းသွားတဲ့အတွက် ဆံတော်ကို ပင့်ဆောင်ခွင့်ရသွားခဲ့ပြီး
မော်တင်စွန်းစေတီတော်ကို
တည်ထားကိုးကွယ်ခဲ့တယ် ။ ဒါ့ကြောင့် မော်တင်စွန်းစေတီတော်ကို လူတစ်ရစ် နဂါးတစ်ရစ်တည်တယ်လို့ဆိုလို့ရပါတယ်
ဘုရားဖူး
ဓမ္မဧည့်သည်အပေါင်းတို့ ။ တကယ်ကို တန်ခိုးကြီးမားတဲ့စေတီတစ်ဆူဖြစ်တဲ့အတွက် ယုံယုံကြည်ကြည်နဲ့
ဖူးမြော်ကြည်ညိုပြီး
အဓိဋ္ဌာန်ပြုကြပါ ။ ကဲ…ရောက်ပါတော့မယ် ။”
ဂိုက်ဦးလေးကြီး၏ပါးစပ်သမိုင်းကြောင်းတွင်
နစ်မြောပျော်ဝင်နေမိသည့်ကျွန်မလည်း ထိုအခါမှ အပြင်သို့ ရှုကြည့်မိရာ ပထမဆုံး ရွှေ ရောင်ဝင်းဝင်းထနေသောစေတီတစ်ဆူကို
လှမ်းမြင်ဖူးမြော်လိုက်ရပြီးမကြာ ပင်လယ်ပြင်ကျယ်ကြီးနှင့် အိမ်တန်းဈေးတန်းများကို
ချက် ချင်းဆိုသလို တွေ့မြင်လိုက်ရသည် ။ သြော်…မော်တင်စွန်းသို့ ရောက်လေပြီ ။
ssssssssssssss
ပင်လယ်ပြင်သည် နေမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်းပြာလဲ့စိမ်းကြည်လာပြီး ပင်လယ်ပြင်ရှိကျောက်ဆောင်ကျောက်တန်းများ
ဟာလည်း နေရောင်အောက်တွင် ကိုယ်ရောင်ကိုယ်ဝါတို့ တောက်ပလျက်ရှိသည် ။ မြင်မြင်သမျှက ကျွန်မအတွက်
အထူးအဆန်းတွေ ချည်း ။ အရောင်အမျိုးမျိုး အရွယ်အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့်ကျောက်တုံးများ
၊ ကျောက်တန်းများကြားတွင် တွယ်ကပ်နေသော ရေညှိရေမှော် ခရုကမာကောင်များ ၊ တအုန်းအုန်းတဝုန်းဝုန်းထကာ
ရေမွှားများ ဖြာထွက်အောင် သောင်းကျန်းလျက်ရှိသော လှိုင်းလုံး ကြီးများကို အလျင်မီအောင်
ဓါတ်ပုံလိုက်ရိုက်ရင်း ပင်လယ်ပြင်ကို နှစ်ခြိုက်နေမိသည် ။ ကျွန်မ ပင်လယ်ပြင်ကြီးကို
ချစ်သည် ။ ဘယ်လို အကြောင်းကြောင့်မှန်း မသိသော်လည်း ကျွန်မနှင့်ပင်လယ်အကြားတွင် အဆက်အသွယ်တစ်ခုခု
ရှိနေသည့်အလား ပင်လယ်နှင့်ကျွန်မ သည် တသားတည်း ရှိနေတတ်၏ ။ နေမည်မျှပူပါစေ…လေမည်မျှတိုက်ပါစေ…ထိုကျောက်တန်းများတွင်ထိုင်ကာ
ပြာလဲ့လဲ့ပင်လယ်ပြင် ကိုသာ ငေးကြည့်နေရမည်ဆိုလျှင် ကျွန်မ နေပျော်သည် ။
“ နှင်းပွင့်ရေ…နှစ်နာရီထိုးတော့မယ် ။ ငါတို့ ငွေတောင်ကို သုံးနာရီ သွားရမှာမဟုတ်လား
။ ဒိုးစို့ ။”
လည်ရင်းပတ်ရင်းလျှောက်ကြည့်ရင်း မည်မျှအချိန်ကြာမြင့်သွားသည်ကို
သတိမရ ။ နာရီကြည့်မိမှ နှစ်နာရီလေးဆယ်ခန့်ရှိပြီကို သိရ၍ ညီအစ်မနှစ်ယောက် ဘုရားရင်ပြင်တော်ပေါ်သို့
ပြန်တက်လာခဲ့သည် ။ မိဘနှစ်ပါးက ရင်ပြင်တော်ပေါ်တွင် ပုတီးစိပ်သူကစိပ် ၊ တရား ထိုင်သူက
ထိုင်နေသည် ။ ကျွန်မတို့နှစ်ယောက်လည်း မော်တင်စွန်းစေတီတော်မြတ်ကြီးကို ဒုတ္တိယမ္ပိ ဦးခိုက်ရှိခိုးကြ၏
။ သည်မှာပဲ နဂို ကတည်းက စိတ်ကြံရွယ်ထားပြီးသားကျွန်မက အဓိဋ္ဌာန်တစ်ခု(သစ္စာစကားတစ်ခု)ကို
ပြုလိုက်မိသည် ။
“ အရှင်ဘုရား…ကျွန်မသည် အရွယ်ရောက်ကတည်းက ရတနာသုံးပါးကို ယုံယုံကြည်ကြည် ကိုးကွယ်ခဲ့သူဖြစ်ပါသည်
။ ထိုသစ္စာ
စကား မှန်ကန်ပါက ဤစေတီတော်တွင် ကျွန်မ ရှိနေသည့်အခိုက် နတ်နဂါးတို့ကို တွေ့မြင်ရပါစေသား
။ သို့မှသာ ကျွန်မဟာ မော်
တင်စွန်းတွင် နတ်နဂါးများ ရှိသည်ဆိုသောသမိုင်းကြောင်းကို ယုံကြည်နိုင်မှာပါ
ဘုရား ။ ဟို…ဒါပေမဲ့ ကြောက်မက်ဖွယ်အဆင်းနဲ့
တော့ မတွေ့ရပါစေနဲ့ဘုရား ။”
စသဖြင့် ကျွန်မ တတ်သလောက်မှတ်သလောက် သစ္စာပြုမိသည်
။ ကျွန်မ ပြုသောအဓိဋ္ဌာန်သည် အများအတွက်သော်လည်းကောင်း ကျွန်မအတွက်သော်လည်း အကျိုးထူးတစ်စုံတစ်ရာ
မရှိလှသလို အခန့်မသင့်လျှင် မမြင်အပ်သောပုဂ္ဂိုလ်တို့အား မယုံမကြည် မလေး မစားပြုသကဲ့သို့ပင်
ရှိနေလေရာ မိဘများကိုသာ တိုင်ပင်မိပါက ထိုသို့ မလုပ်ရန် တားမြစ်ကြမည်မှာ အသေအချာ ။
သို့သော်လည်း ကျွန်မဟာ ခေါင်းမာသူတစ်ယောက်ဖြစ်ပြီး သိလိုလျှင် မရရအောင်ကြံချင်သူဖြစ်ရာ
ထိုသို့ပြုလုပ်ခြင်းကို တချို့က ရူးမိုက်သည်ဟု ယူဆ ကောင်းယူဆနိုင်မည်ဖြစ်သော်လည်း ကျွန်မအတွက်တော့
သိလိုစိတ် စူးစမ်းလိုစိတ်တို့ကသာ ကြီးစိုးနေပြီမို့ အခြားစိုးရိမ်ပူပန်စရာများ ကို
မတွေးတောမိတော့ချေ ။
သုံးနာရီကျော်ကျော်၌ လိုက်ထရပ်ကားဖြူလေးဖြင့် ငွေတောင်သို့ ထွက်ခဲ့ကြသည် ။ ကားက
သဲသောင်ပေါ်တွင် လှပ်လှပ်ပြေးနေ ၍ ကျွန်မမှာ အပြင်ကရှုခင်းတို့ကို ကြည့်ကာ စိတ်မကြည်နူးနိုင်ဘဲ
ဘုရားစာကိုသာ အသည်းအသန်ရွတ်မိ၏ ။ နောက်တော့ လူငယ်ပီပီ ဖြစ်ချင်ရာဖြစ်ကွာဟုတွေးကာ ခုန်ပေါက်ပြေးနေသောကားကလေးကို
စိတ်ထဲမထားတော့ဘဲ နဘေးပတ်ဝန်းကျင်မှရှုခင်းအလှအပတို့ ကို တဝကြီးလျှောက်ကြည့်ခံစားနေမိသည်
။ တစ်ဖက်က ပြာလွင်လွင်ပင်လယ်ပြင်ကျယ်ကြီး ၊ တစ်ဖက်က ဖြူလွလွသောင်ပြင်နှင့်စိမ်းစို
စိုအုန်းပင်တန်းငယ်လေး…ကားခုန်နေသဖြင့် ဓါတ်ပုံမရိုက်အား၍ မျက်လုံးဖြင့်သာ အဝရှုစားကာ
မှတ်သားနေမိသည် ။ နာရီဝက်ပင် မကြာ…ငွေတောင်ကမ်းခြေသို့ ရောက်ခဲ့ပြီ ။
ငွေတောင်ကမ်းခြေသည်လည်း မခေလှ ။ ငပလီကို မမီသော်လည်း ချောင်းသာ ငွေဆောင်လောက်တော့
သူ ယှဉ်နိုင်ပါပေ၏ ။ ကျွန်မလည်း ပင်လယ်ကို တွေ့ကတည်းက ပင်လယ်ရေ ချိုးချင်နေပြီမို့
ပင်လယ်ပြင်ထဲသို့ ခုန်ပေါက်ပြေးဆင်းသွားရင်း လမ်းခုလတ်ကျ မှ တစ်စုံတစ်ခုကို တွေးမိကာ
စိုးရိမ်သွား၏ ။ ကျွန်မ တွေးမိသည်က အကယ်၍များ ကျွန်မ၏အဓိဋ္ဌာန်စကား ပြည့်မြောက်ကာ ပင်လယ်
ပြင်ထဲကနေ နဂါးကြီးတစ်ကောင် ဘွားကနေ ပေါ်လာလျှင် ခက်ပေတော့မည် ။ ဆုတောင်းစဉ်က ရူးရူးမိုက်မိုက်နှင့်
မြင်လိုသိလိုသည့် စိတ်ကိုသာ ရှေ့တန်းတင်ရင်း သစ္စာပြုလိုက်မိခြင်းဖြစ်သည် ။ တောင်တောင်အီအီတွေးရင်း
အတွေးတို့က ပီပြင်ကာ မျက်လုံးအိမ်ထဲ တွင် ကွင်းကွင်းကွက်ကွက်မြင်လာ၏ ။ ရေနဂါးဟူသောအင်္ဂလိပ်ဇာတ်ကားထဲကကဲ့သို့
ပင်လယ်ရေပြင်ထဲကနေ လည်ပင်းရှည်ရှည် ခေါင်းသေးကိုယ်ကြီးနှင့် နဂါးတစ်ကောင်များ ဝုန်းခနဲပေါ်လာလေမလား…သို့မဟုတ်
တရုတ်ရုပ်ရှင်ကားတွေထဲကလို ရေငုပ်နိုင်ပျံနိုင် သော အမောက်ပါသည့်မြွေအကြီးကြီးများ
ကျွန်မ၏ခြေထောက်ကို လာပတ်လေမလား…စသဖြင့် လျှောက်တွေးမိ၍ ရေထဲပင် မဆင်းရဲ တော့ပေ ။ ကျွန်မ၏ပျက်ယွင်းနေသည့်မျက်နှာအမူအရာကို
အကဲခတ်မိသည့်အစ်မက…
“ ဟဲ့…နှင်းပွင့် နင် ဘာဖြစ်နေတာလဲ ။”
ဟု စိုးရိမ်မကင်းဟန်ဖြင့် လာမေး၍ ကျွန်မလည်း
ဖြစ်ကောင်းကုန်စင်ကို စိတ်ထဲရှိသည့်အတိုင်း ပြောပြလိုက်မိ၏ ။ ကျွန်မ၏စကား ဆုံး သည့်အခါ
အစ်မက တဟားဟားရယ်သည် ။
“ သြော်…ငါ့ညီမက စာရေးတာလည်း မပြောနဲ့ ။ လျှောက်တွေးတတ်တာကိုး ။ နင် တွေးသလိုသာတွေးရင်
ဘယ်သူမှ ပင်လယ်ထဲ
ဆင်းရဲမှာ မဟုတ်ဘူး ။ တကယ်တော့ ပင်လယ်ထဲမှာ နဂါး ရှိတယ် ။ လူတွေတောင် ခဏခဏဖမ်းကြလို့
မဖမ်းဖို့တားနေရတာ ။”
“ ဘာရယ်…ဒါဆို ညီမလေး ထင်တာ အမှန်ပဲပေါ့ ။ အမလေး…နဂါးကြီး ရှိတာကို လူတွေက ရေဆင်းကူးနေကြတယ်
ဒုက္ခပဲ ။ နေပါ
ဦး ။ တံငါသည်တွေကလည်း တယ်ဆိုးပါလား ။ နဂါးတောင် ဖမ်းကြသေးတယ် ။ မကြောက်ကြဘူးလား
။”
“ နှင်းပွင့် နင်က ငါ ပြောတဲ့နဂါးကို ဘယ်လိုမြင်နေတာလဲ ။ အကောင်ကြီးကြီး ပါးစပ်ထဲကလည်း
မီးတွေမှုတ်နိုင်တဲ့ ဇာတ်လမ်းတွေ
ထဲက နဂါးလိုများ ထင်နေတာလား ။”
“ အင်းလေ ။ နဂါးဆိုမှတော့ အဲသလိုပဲ နေမှာပေါ့ ။ မဟုတ်ဘူးလား ။”
“ ပေါက်တီးပေါက်ရှာ…ငါ ပြောတဲ့နဂါးက ရေနဂါးလေ ။ စီနိုဒါဆိုတဲ့ အကောင်သေးသေးလေးလေ…ကြော်စားလို့ရတယ်
။ ဟိုဆိုင်မှာ
လိုချင်ရင် ဝယ်သွား ဟားဟား…”
အစ်မက ကျွန်မကို နောက်ပြောင်နေမှန်းသိ၍ ကျွန်မကလည်း
လူပျက်များလို မသိဟန်ဆောင်ကာ မေးနေခြင်းဖြစ်၏ ။ ဘာပဲပြောပြော သူ နောက်ပြောင်လိုက်သောကြောင့်
ကျွန်မလည်း စိတ်လက်ပေါ့ပါးသွားကာ ပင်လယ်ရေကို စိတ်လွတ်ကိုယ်လွတ်ချိုးနိုင်တော့သည် ။
“ မော်တင်စွန်းစေတီတော်ရင်ပြင်ကို မကြာခဏ နတ်နဂါးတွေ လာပြီး ဘုရားဖူးကြတယ် ။
ဟိုတလောကတောင် မြွေကြီးတစ်ကောင်
ရင်ပြင်ကို လာပြီး ဘုရားဖူးသေးတယ် ။ အမယ်…ဘုရားဖူးတွေကသာ
အထူးအဆန်းလုပ်ပြီး ဟယ်…မြွေကြီးပါလား ။ အမလေး…
အန္တရာယ်ပြုဦးမယ် ။ ဟဲ့ဟဲ့…သွားမကိုင်နဲ့နော်
။ ဟာ…ခေါင်းမှာ အမောက်ကလေးနဲ့ပါလား နဂါးမျိုးဟ …စတာတွေ အော်နေပေမဲ့
မြွေကြီးက ဂရုတောင် မစိုက်ပေါင် ။ သူ့ဘာသာသူ
ဘုရားကို ခေါင်းကလေး ညွှတ်ခါညွှတ်ခါဖူးပြီး ခဏကြာတော့ လာလမ်းအတိုင်း
ပြန်ဆင်းသွားရော ။ ဟိုဘက်မှာရှိတဲ့ပင်လယ်ဘက်က
တက်တဲ့စောင်းတန်းကနေ တက်လာတာလေ ။ ဒီလိုပါပဲ…အဒေါ်တို့အတွက်
ကတော့ မဆန်းတော့ပါဘူး ။ သမီး မေးလို့သာ အထူးအဆန်းလုပ်ပြီး
ပြန်ပြောရတာ ။”
ညနေခင်း ထမင်းစားချိန်တွင် ထမင်းဟင်းလာချပေးသည့်အဒေါ်ကြီးကို
ရောက်တတ်ရာရာ လျှောက်မေးကြည့်ရင်း ကြားသိလိုက်ရ သောသတင်းစကားဖြစ်၏ ။ ဘုရားသို့ မြွေနဂါးများ
လာရောက်ဖူးမြော်ကြသတဲ့ ။ ထိုသတင်းက ကျွန်မ၏သစ္စာပြုဆုတောင်းမှုနှင့်လည်း အနည်းငယ်နီးစပ်မှုရှိသဖြင့်
စိတ်ဝင်စားသွားမိသည် ။ သည်နေ့ည မြွေနဂါးတစ်ကောင်ကောင်များ ဘုရားဖူးလာလေမလားမသိ ။ ညကျ
လျှင် မိဘများမသိအောင် ကျွန်မ စောင့်ကြည့်ရပေဦးမည် ။
သို့သော် မျှော်သာမျှော် ပေါ်မလာသူက စိမ်းကားရက်လေသောကြောင့်
ညကိုးနာရီကျော်ချိန်အထိ ဟိုကြည့်သည်ကြည့်ဖြင့် ဘုရား တောင် ကောင်းကောင်း မကြည်ညိုနိုင်ဘဲ
ကိုယ့်ဒုက္ခကိုယ်ထွင်ကာ မြွေနဂါးကို လျှောက်ရှာပါသော်လည်း မြွေနဂါး မဆိုထားနှင့် ၊ ရှည်
မြောမြောအကောင်ဆို၍ တီကောင်ပင် မတွေ့ခဲ့ဘဲ တစ်ညကုန်ခဲ့လေရာ ကျွန်မမှာလည်း အနည်းငယ်
စိတ်ပျက်စပြုခဲ့ပြီ ။ မြွေနဂါးဟူ သော ဂမ္ဘီရအနွယ်ဖွားသည် အမှန်ဧကန်မှ ရှိပါလေစ … ဒဏ္ဍာရီသတ္တဝါပေလား…စသဖြင့်
အတွေးများခဲ့သည် ။ အရေးထဲ ထိုနေ့ညက လေကြမ်းအသားကုန်တိုက်ရသည့်အထဲ အနွေးထည် ဝတ်မလာခဲ့မိသဖြင့်
ခိုက်ခိုက်တုန်ချမ်းနေ၍ ဘုရားပူဇော်ရာ၌ အာရုံမဝင်စားနိုင်ခဲ့ သဖြင့် အစစအရာရာ အားမလိုအားမရဖြစ်ခဲ့ရသည့်ညပါပေ
။
နောက်တစ်နေ့တွင် ကျွန်မတို့ သွားစရာနေရာ များများစားစားမရှိ၍
မော်တင်စွန်းစေတီတော်ကို သုံးလေးခေါက်ဖူးမြော်ပြီး ပင်လယ် ဘက်ခြမ်းရှိဖောင်တော်ဆိပ်စေတီတော်သို့
သွားရောက်ဖူးမြော်ကြသည် ။ ဖောင်တော်ဆိပ်စေတီက ပင်လယ်ပြင်ထဲတွင် တည်ရှိပြီး ရေ တက်ချိန်တွင်
စင်္ကြန်လမ်းသည် ရေတွင် မြှုပ်လျက်ရှိသောကြောင့် ရေကျချိန်၌သာ အလွယ်တကူသွားရောက်ဖူးမြော်၍ရသောစေတီဖြစ်
သဖြင့် မနက်ခင်း ရေကျသည့်အချိန်ကိုစောင့်ကာ ကျွန်မတို့ သွားရောက်ဖူးမြော်ကြသည် ။ ပင်လယ်လေတို့က
သူ့သဘာဝအတိုင်း တဟူးဟူး တိုက်ခတ်နေလေရာ သန့်စင်သောပင်လယ်ရနံ့ကိုရှူရှိုက်ရင်း ဘုရားရှိခိုးရသည်မှာ
စိတ်ကို ပို၍လန်းဆန်းကြည်လင်စေသလို ခံစားရ၏ ။
“ နှင်းပွင့် … အုန်းပင်တွေ ကြီးလာပြီနော် ။ ဟိုတစ်ခေါက်လာတုန်းက ဒီကနေ မော်တင်စွန်းဘုရားကို
လှမ်းကြည့်ရင်း စေတီတော်ကို
ရှင်းရှင်းလင်းလင်းမြင်ရတယ် ။ အခု အုန်းပင်တွေကြားမှာ
ကွက်ကြားကြားပဲ တွေ့ရတော့တယ်ကွ ။”
ပင်လယ်လေ၏ကျီစယ်မှုကြားတွင် တလွင့်လွင့်မြောပါနေသောတံခွန်တိုင်နဘေးမှကုက္ကားလှလှလေးများကို
ငေးကြည့်နေမိစဉ် အစ်မက စကားစသည် ။ အစ်မလတ်၏စကားကြောင့် တစ်ဖက်တောင်ဆီသို့ လှမ်းမျှော်ကြည့်မိတော့
ဟုတ်၏ ။ မော်တင်စွန်းစေတီတော်ကား အုန်းပင်အုန်းရွက်များကြားတွင် ဟိုတစ်ကွက်သည်တစ်ကွက်သာဖူးတွေ့ရပြီး
စေတီတော်အပေါ်ပိုင်းဖြစ်သည့်ထီးတော်ကိုသာ ပြည့်ပြည့် စုံစုံတွေ့မြင်ရသည် ။
“ မမစုမွန် ကြည့်ဦး ။ ဒီက တံခွန်တိုင်နဲ့ကုက္ကားတွေက တခြားကဘုရားတွေနဲ့မတူဘူးနော်
။”
“ အေးနော် ။ ကုက္ကားတွေက ထိုင်းတို့တရုတ်တို့ကလာတဲ့ ပစ္စည်းတွေထင်တယ် ။ လုပ်ထားတဲ့ပုံစံက
သူတို့လက်ရာမျိုးပဲဟ ။”
“ ဟယ်…မစုမွန် ဟိုမှာ…ဟိုမှာ…ကြည့်စမ်း ။ နဂါး…နဂါးလား မသိဘူး ။”
ကျွန်မတို့ညီအစ်မနှစ်ယောက် မိဘနှစ်ပါးကို
စောင့်ဆိုင်းရင်း ရင်ပြင်တော်အောက်တစ်ဆင့်တွင် ဆင်းထိုင်ကာ စကားပြောလျက်ရှိခိုက် ပင်လယ်ပြင်ထဲတွင်
တရွေ့ရွေ့သွားနေသော ရှည်မြောမြောအရာတစ်ခုကို အံ့သြဖွယ်တွေ့မြင်လိုက်ရသည် ။ နေရောင်က
ကျွန်မတို့နှင့် မျက်နှာချင်းဆိုင်တွင်ဖြစ်နေ၍ မျက်လုံးကို နေထိုးလျက်ရှိသောကြောင့်
ခပ်လှမ်းလှမ်းမှ ထိုရှည်မြောမြောအရာကို ပြတ်ပြတ်သားသား မတွေ့မြင်ရချေ ။ သို့သော်လည်း
ထိုအရာ၏ပုံစံက ခေါင်းထောင်က တလှုပ်လှုပ်သွားနေသော နဂါးတစ်ကောင်နှင့် အသွင်တူလွန်းလှ
သည် ။
“ ဟဲ့…ဘယ်မှာလဲ ။ နင်ကတော့ မဟုတ်တရုတ်ပြောပြီ ။”
“ သြော်…အဟုတ်ပြောတာပါဆို ။ ဟိုမှာ…ဟိုမှာကြည့်…”
ကျွန်မက ပြောလည်းပြော ပင်လယ်ပြင်ထဲမှ
ကျွန်မတို့ရှိရာဆီသို့ တရွေ့ရွေ့ချည်းကပ်လာသည့် ထိုရှည်မြောမြောအရာကိုလည်း လက် ညှိုးထိုးပြလိုက်၏
။ အစ်မလတ်လည်း ကျွန်မ ညွှန်ပြသည့်အရာကို တွေ့မြင်သည့်အခါ အတော်အံ့သြသွားပြီး…
“ အေးဟ နီးတော့နီးလာပြီ ။ ဘာလဲ မသိဘူး ။”
ဟုဆိုရင်း ထိုအရာကို စိတ်ဝင်တစား စောင့်ကြည့်နေသည်
။ ကျွန်မ၏စိတ်ထဲ၌လည်း ဆုတောင်းပြည့်ပြီဟူ၍တွေးကာ ကြည်နူးဝမ်းသာ စွာဖြင့် ထိုအရာကို
မျက်ခြေမပြတ် အကဲခတ်မျှော်ကြည့်နေလေပြီ ။ သို့သော် ကျွန်မတို့နှစ်ယောက်လုံး မေ့နေသည်က
ကျွန်မတို့နှစ်ဦး လုံးသည် မှန်ကြောင်များဖြစ်ကြပြီး ထိုဘုရားဖူးပြီးကာလအခိုက်အတန့်၌
နှစ်ဦးလုံး မျက်မှန်ချွတ်ထားမိကြသည် ။
“ သေစမ်း…အုန်းလက်ခြောက်ကြီး ။”
“ ဟင့်…သမီးက နဂါးများလားလို့ မျှော်လိုက်ရတာ ဟုတ်လည်း မဟုတ်ဘူး ။”
“ တော်ပါတော့ မိနှင်းပွင့်ရယ် ။ မှတ်ထား…နဂါးဆိုတာ တကယ်မရှိမဟုတ်ဘူး ရှိတယ်
။ ဒါပေမဲ့ ဟိုးရှေးတုန်းကပဲ လူတွေ နတ်တွေ
နဂါးတွေက တစ်ဦးနဲ့တစ်ဦး အဆက်အဆံပြုကြတာ ။ အခုခေတ်လို လူရိုးဆိုတာသင်္ချိုင်းမှာတောင်
မရှိတော့တဲ့ခေတ်မှာ ဘယ်
နဂါးမှ လူတွေကို ကိုယ်ထင်မပြဘူး မှတ် သိပလား
။”
နောက်ဆုံး အစ်မလတ်က ကျွန်မကို ဆုံးမစကားခြွေဟပြီး
စိတ်ပျက်လက်ပျက်အမူအရာဖြင့် ကျွန်မအနားမှ ထွက်ခွာသွား၏ ။ သူ ပြော သွားတာလည်း အမှား
မဟုတ် ။ ယခုခေတ်တွင် ရှေးတုန်းကကဲ့သို့ လူတစ်ရစ် နတ်တစ်ရစ်တည်သောစေတီဟူ၍ သတင်းသဲ့သဲ့ပင်
မကြားရတော့သလို ဥစ္စာစောင့်ထံမှ ရွှေငွေပစ္စည်းများ ချေးငှားခြင်းကိုလည်း မည်သူမျှ မကြုံကြိုက်ဖူးတော့ချေ
။ ပြောင်းလဲသွားသော လူတို့၏အကျင့်စရိုက်တို့ကြောင့် နတ်၊နဂါး မဆိုနှင့် ၊ တစ္ဆေသရဲပင်
အခြောက်အလှန့်ကျဲသွားလေပြီ မဟုတ်ပါလား ။ တိုတိုနှင့် လိုရင်း ဆိုရသော် ၃၁ဘုံ၌ ကောက်ကျစ်စဉ်းလဲပြီး
အလိမ်အညာများကာ သစ္စာမဲ့သောသတ္တဝါသည် လူတို့သာဖြစ်သဖြင့် ဝေးဝေးရှောင်ကြဉ် ကြလော့ဟူ၍များ
သူတို့အချင်းချင်း ကြေညာမောင်းခတ်ထားကြလေပြီလား မပြောတတ် ။ သို့ကြောင့် ကျွန်မလည်း
ထိုနေရာတွင်ပဲ ကျွန်မပြုခဲ့သည့်သစ္စာစကားကို မေ့ဖျောက်ကာထားလိုက်တော့မည်ဟု တွေးလိုက်မိ၏
။ နတ်နဂါးတို့ကို တွေ့ခွင့်ရ၍လည်း ကျွန်မ အတွက် ထူးထွေပြီး အကျိုးအမြတ်ရမည်မဟုတ်သဖြင့်
မော်တင်စွန်းစေတီတော်မြတ်ကြီးကိုသာ တဝကြီးဦးခိုက်ဖူးမြော်ပြီး နိဗ္ဗာန်မဂ် ဖိုလ်ကို
သံသရာတိုတိုနှင့် ရောက်ရှိရစေရန် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်တော့မည်ဟု ဆုံးဖြတ်လိုက်မိသည်
။
ssssssssssssss
ssssssssssssss
အမှန်အတိုင်းပြောရလျှင် ကျွန်မသည် ဤဇာတ်လမ်းကို အပေါ်ကအပိုဒ်၌သာ အဆုံးသတ်လိုက်ချင်သည်
။ ထိုသို့အဆုံးသတ်လိုက် လျှင် လူချီးကျူးကာ အများလက်ခံမည့် ဝတ္ထုတစ်ပုဒ်ဖြစ်မည်မှန်သော်လည်း
ထူးထူးဆန်းဆန်းအဖြစ်အပျက်မှန်သမျှနှင့် တေ့တေ့ဆိုင် ဆိုင်ကြုံနေကျဖြစ်သော ကျွန်မ၏မွေးရာပါကံတရားကြောင့်
ထိုနေ့ညတွင် ကျွန်မ၏ဘဝ၌ အင်မတန်ထူးခြားသောဖြစ်ရပ်ဆန်းတစ်ခုကို မယုံမရဲကြုံတွေ့ခဲ့ရသည့်အတွက်
ထိုအကြောင်းကို စာဖတ်သူထံ ဆက်လက်တင်ပြရပေဦးမည် ။
အထက်တွင်ဆိုခဲ့သည့်အတိုင်း ကျွန်မသည် (၁)ညနှင့်(၂)ရက်တိုင်တိုင်
ရူးသွပ်စွာရှာဖွေခဲ့မိသော၊ မည်သည့်ပုံပန်းသဏ္ဍာန်ရှိမည်မှန်း မရေရာသည့်နတ်နဂါးနှင့် ကျွန်မပြုခဲ့သောသစ္စာစကားတို့ကို
ဖြစ်နိုင်တော့မည်မထင်ဟူသောအတွေးကြောင့် လုံးဝဥဿုံမေ့ထားပစ်ခဲ့ပြီး နောက် ဒုတိယမြောက်သည့်ညတွင်ကား
တည်ငြိမ်သောစိတ်အစဉ်ဖြင့် မော်တင်စွန်းစေတီတော်မြတ်ကြီးကို ကြည်ညိုလေးမြတ်စွာ ရှိခိုး
ဦးခိုက်မိသည် ။ ကျွန်မအတွက် စေတီတော်မြတ်ကြီးအား ဖူးမြော်ပူဇော်ရခြင်းသည် ယနေ့ည၌ နောက်ဆုံးဖြစ်၍
အခြားအရာတို့ကို စိတ် စေတသိက်အတွင်းသို့ အဝင်မခံတော့ဘဲ ဘုရားဂုဏ်တော် တရားဂုဏ်တော်
သံဃာဂုဏ်တော်တို့ကိုသာ ကြည်ညိုညွတ်တွားစွာ ရွတ် ဆိုရင်း ရွှေရောင်တဖိတ်ဖိတ်တောက်ပလျက်ရှိသော
စေတီတော်ကြီးကို ကြည်ကြည်နူးနူးစိုက်ကြည့်ကာ “သြော်… မြတ်စွာဘုရားသခင် ရဲ့ဆံတော်ကို
နတ်နဂါးတွေရဲ့အကူအညီနဲ့ တည်ထားခဲ့တဲ့တန်ခိုးကြီးစေတီတစ်ဆူပါလား” ဟူသောအတွေးဖြင့် ကြည်နူးပြီးရင်းကြည်နူး
နေမိ၏ ။
ကျွန်မတို့မိသားစုသည် မနေ့ညက သူ့နေ့နံထောင့်နှင့်သူ
သွားရောက်ပူဇော်ခဲ့ကြသော်လည်း ယနေ့ည(ထိုနေ့ည)တွင် တကွဲတပြား စီ သွားမထိုင်ကြတော့ဘဲ
ဆောင်းတန်းနှင့်နီးပြီး လူရှင်းသောစနေထောင့်တစ်နေရာတွင် လေးယောက်သား နီးနီးနားနားထိုင်ကာ
ဘုရား ရှိခိုးနေခဲ့ကြသည် ။ ကျွန်မသည် ငါးပါးသီလခံယူပြီးနောက် ထုံးစံအတိုင်း မေတ္တာသုတ်ကိုစတင်ရွတ်ဖတ်နေစဉ်
အာရုံကို မည်သို့မျှ စုရုံး ၍ မရလောက်အောင် နားစည်အိမ်အတွင်းသို့ အလုံးအရင်းဝင်ရောက်လာသည့်အသံကြီးတစ်သံကို
ကြားလိုက်ရ၏ ။
“ ဒူ…ဒေါင်…ဒူ…ဒေါင်…”
ထိုအသံမှာ ခေါင်းလောင်းသံဖြစ်သည် ။ ခေါင်းလောင်းသံသည်
သုံးချက်တည်းနှင့် ရပ်မသွားဘဲ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာ၍ ကျွန်မလည်း ဖိမှိတ်ထားသောမျက်လုံးတို့ကို
ဖွင့်ကာ နောက်ဘက်သို့လှည့်ကြည့်လိုက်သည့်အခါ…
“ အယ်တော်…”
မြင်လိုက်ရသည့်မြင်ကွင်းအပေါ် အတော်လေးကို
စိတ်ညစ်သွားရသည် ။ အဘယ့်ကြောင့်ဆိုသော် ခေါင်းလောင်းကို အဆက်မပြတ်ထု နှက်နေသူမှာ ခုနစ်နှစ်အရွယ်
ကလေးငယ်တစ်ဦးဖြစ်ပြီး သူ့အနားမှာလည်း နောက်ထပ် အရွယ်မတိမ်းမယိမ်းကလေးငယ်ငါးယောက် ။
ကလေးအားလုံးက ခေါင်းလောင်းထိုးရန် အလုအယက်ဖြစ်နေကြသည့်မြင်ကွင်းကြောင့် အာရုံစူးစိုက်ရန်
ခက်ခဲသော(sensitiveဖြစ် သော)ကျွန်မလည်း ထိုခေါင်းလောင်း၏အနီးတွင် ထိုင်လိုစိတ် မရှိတော့ပေ
။ ခေါင်းလောင်းထိုးကာ အမျှပေးဝေခြင်းသည် ကောင်းသော အလေ့အထတစ်ခုဖြစ်သော်လည်း အနီးအနားမှဘုရားဖူးတို့ကို
အနှောင့်အယှက်မဖြစ်စေအောင် တော်သင့်ရုံသာပြုလုပ်သင့်သည်ဟု ကျွန်မ တွေးလိုက်မိရင်း…
“ မေမေ… သမီး ဟိုရှေ့နားမှာ ဘုရားသွားရှိခိုးလိုက်ဦးမယ်နော် ။”
ဟူ၍ မိခင်အနားသို့ကပ်ကာ ထိုသို့ခပ်တိုးတိုးတောင်းဆိုလိုက်ပြီး
ထိုနေရာမှဝေးရာဆီသို့ ထွက်ခွာလာခဲ့၏ ။ ကျွန်မ သွားနေသည့်နေရာ က အရမ်းဝေးဝေးလံလံသို့
မဟုတ်ဘဲ ခေါင်းလောင်းနှင့် အတန်ငယ်အလှမ်းဝေးသည့် စနေထောင့်ဆင်းတုတော်ရှေ့တွင်ရှိသော
ဆွမ်း နှင့်အုန်းပွဲများတင်ရန်ထားရှိသည့် နှစ်တောင်ပတ်လည်ခန့်ရှိသစ်သားစားပွဲတစ်လုံး၏နဘေးသို့ဖြစ်၏
။ ထိုနေရာသည် ချောင်ကျသော် လည်း စေတီတော်ကို နီးနီးကပ်ကပ်ဖူးမြော်နိုင်ပြီး ဆိတ်ငြိမ်တိုးတိတ်သောနေရာဖြစ်သဖြင့်
ကျွန်မလည်း ထိုနေရာတွင် အကျအနဝင် ထိုင်လိုက်သည် ။ အမှတ်ရနေသည်က ဝင်မထိုင်ခင်တွင် ကျွန်မ
ဘေးဘီသို့ စောင်းငဲ့ကြည့်လိုက်မိစဉ် စားပွဲကြီး၏တစ်ဖက်၌ အသက် လေးဆယ်ကျော်အရွယ် ဦးလေးကြီးတစ်ယောက်သာ
ဘုရားရှိခိုးလျက်ရှိလေသည် ။
နေရာသည် ကျွန်မ ဘုရားရှိခိုးဖူးမြော်ရန် အဆင်ပြေသော
ဆိတ်ငြိမ်အေးဆေးသည့်နေရာလေးတစ်နေရာဖြစ်၍ ဘုရားရှိခိုးရန် အကျအနထိုင်ပြီးသည်နှင့် လက်ဆယ်ဖြာထိပ်မှာမိုးကာ
ရွတ်နေကျအတိုင်း မေတ္တာသုတ်ကို အသံခပ်တိုးတိုးဖြင့် ရွတ်ဖတ်ပူဇော်မိ၏ ။
“ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ဝါ ထာဝရာ ဝ နဝသေသာ။
ဒီဃာ ဝါ ယေ ဝ မဟန္တာ၊
မဇ္စျိမာ ရဿကာ အဏုကထူလာ။”
(အားလုံးသတ္တဝါဝေနေယျာ ချမ်းသာကြပါစေ။
သက်ရှိသတ္တဝါဝေနေယျာ ချမ်းသာကြပါစေ။
ကြောက်တတ်သတ္တဝါဝေနေယျာ ချမ်းသာကြပါစေ။
ကိုယ်ရှည်သတ္တဝါဝေနေယျာ ချမ်းသာကြပါစေ။
ကိုယ်တိုသတ္တဝါဝေနေယျာ ချမ်းသာကြပါစေ။……)
ရွတ်ဖတ်သရဇ္ဈယ်ခြင်းကို သမ္မထလိုင်းဟူ၍ ကျွန်မ၏ဦးလေးဖြစ်သူဘုန်းတော်ကြီးဦးပညာဝရက
ဟောပြောဖူးသည် ။ နိဗ္ဗာန်ရောက် ကြောင်းတရားနှင့် နှဖူးတွေ့ရင်ဆိုင်တွေ့ကြုံနေရသည့်ဘဝ၌
အခြားအရာများကို မမှီခိုဘဲ ဝိပဿနာတရားကိုသာ အားထုတ်သင့်သည် ဟူ၍လည်း တဆက်တည်း ဆုံးမလမ်းပြဖူးပါသည်
။ သို့သော်လည်း ပုထုဇဉ်လူသားပီပီ ခက်ခဲနက်နဲလှသောဝိပဿနာတရားကို ရံဖန်ရံ ခါမျှသာ အားထုတ်ဖြစ်ပြီး
ကန်တော်ကြီးတစ်ပတ် လမ်းလျှောက်ထွက်စဉ်က ခြေထောက်ညောင်းညာခြင်းကို အဖက်မလုပ်ခဲ့သောကျွန်မ
သည် တရားထိုင်တရားမှတ်သည့်အခါ၌ တွေ့ကြုံရသောညောင်းညာကိုက်ခဲမှုများကို သည်းမခံနိုင်သောကြောင့်
များသောအားဖြင့် ပုတီးစိပ်ခြင်း ၊ ဘုရားစာ(ပရိတ် ပဋ္ဌာန်း သုတ်)များ ရွတ်ဖတ်ပူဇော်ခြင်းများကိုသာ
အားထုတ်ဖြစ်၏ ။ မည်သို့ပင်ဖြစ်စေ…အတင်းလည် ပြောခြင်း၊ သူတပါးအား မကောင်းကြံခြင်း၊ ဖေစ်ဘုတ်တက်ကာ
လူများ စိတ်ဆင်းရဲအောင် မကောင်းသောကွန်မန့်များရေးခြင်း…စသော အကုသိုလ်အလုပ်များထက်စာလျှင်
တော်ပါသေးသည်ဟု ကိုယ့်ကိုယ်ကို ဖြေတွေးမိလေသည် ။
ကျွန်မ၏တစ်သက်တာတွင် ထူးထူးဆန်းဆန်းအဖြစ်အပျက်မျိုးစုံကို
တွေ့ကြုံဖူးခဲ့သည်မှာ ပြောမယုံ ကြုံဖူးမှသိဆိုသောစကားပုံ လေးအတိုင်း ပြောပြပါက လူတိုင်း
ယုံကြည်ရန် ခက်ခဲမည်မှာ အသေအချာပါပင် ။ ကျွန်မနှင့်ပတ်သက်၍ ပထမဆုံးကြုံဆုံခဲ့ရသည့်
ထူး ဆန်းသောဖြစ်ရပ်မှာ “ ငါ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးကြ ။ ငါ နင်တို့နဲ့
လာနေမယ်”ဟူ၍ ကျွန်မသည် ကျွန်မ၏မိခင်အား အိပ် မက်ပေးကာ မွေးဖွားလာခဲ့သော လူဝင်စားကလေးငယ်တစ်ဦးဖြစ်သည်
။ ထိုအကြောင်းကို ဦးကရင်ဟူ၍ ကျွန်မ ရေးသားတင်ပြဖူးခဲ့၏ ။
(ဦးကရင်-ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်း ဧပြီလထုတ်
၂၀၁၂) ။ ဒုတိယအဖြစ်အပျက်မှာ ကျွန်မ(၄)နှစ်သမီးအရွယ်ခန့်က ကြုံတွေ့ခဲ့ရသည့် ကျွန်မမောင်လေး၏ဘဝဇာတ်လမ်းဖြစ်သည်
။ နောက်ပြီး ထူးထူးဆန်းဆန်းအိပ်မက်(ဂမ္ဘီရမဂ္ဂဇင်း ဖေဖော်ဝါရီလထုတ် ၂၀၁၂) ၊ ဥပါလိ သိမ်မှအပြန်(ဂမ
္ဘီရမဂ္ဂဇင်း ဧပြီလထုတ် ၂၀၁၃)အစရှိသောဝတ္ထုများသည်လည်း ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ရသောဖြစ်ရပ်မှန်ဝတ္ထုများ
ဖြစ်ပါသည် ။ ဆက်လက်ဖော်ပြနေလျှင် ဇာတ်လမ်းရှည်နေမည်စိုး၍ အတိုချုံ့ကာ လိုရာပြောရသော်
ကျွန်မ၏ကလောင်ကို အသက်ဝင် လာအောင် စွမ်းဆောင်ပေးခဲ့သည့်အရာမှာ ကျွန်မ မကြာခဏကြုံတွေ့နေရသော
ထိုထူးထွေဆန် ပြားသည့် အဖြစ်အပျက်များပင် ဖြစ် လေတော့၏ ။ ယခုလည်း ထိုသို့သောအဖြစ်မျိုးဆန်ဆန်
ကျွန်မ ကြုံရပြန်ပြီ ။
မေတ္တာသုတ် ရွတ်ဖတ်ပြီး၍ ရွတ်နေကျအစဉ်အတွင်း
ခန္ဓသုတ်ကို စတင်ရွတ်ဖတ်သည့်အခါ မည်သို့ဖြစ်လာသည် မသိ ။ ကျွန်မ ၏နောက်၌ လူများစွာလာရောက်နာကြားနေသည့်အလား
ကျွန်မ၏စိတ်သန္ဓာန်တွင် ခံစားလာရသလို ကြက်သီးတို့ကလည်း တဖြန်းဖြန်း ထသွားသည် ။ စိတ်စွဲလို့ဖြစ်မှာပါလေဟုတွေးကာ
ထိုသို့ ခံစားနေရသည့်အသိကို အာရုံမှ ဇွတ်အတင်းဖယ်ခွာဖျောက်ပစ်ပြီး ရွတ်ဖတ် ပွားများနေသော(ခန္ဓ)သုတ်တော်၏အနက်အပေါ်ကို
စိတ်အာရုံကို ညွှတ်ချထားလိုက်သည် ။
(၁)-ဝိရူပက္ခေဟိ၊ဝိရူပက္ခနဂါးမင်း၏အမျိုးဖြစ်သောနဂါးတို့နှင့်
၊
သိဒ္ဓိံ၊တကွ ၊ မေ၊ ငါ၏ ၊ မေတ္တံ၊ချစ်ခြင်းသည် ၊ ဟောတု၊ဖြစ်ပါစေသတည်း ။
(၂)-ဧရာပထေဟိ၊ဧရာပထနဂါးမင်း၏အမျိုးဖြစ်သောနဂါးတို့နှင့်

(၃)-ဆဗျာပုတ္တေဟိ၊ဆဗျာပုတ္တနဂါးမင်း ၏အမျိုးဖြစ်သောနဂါးတို့နှင့်
၊
သိဒ္ဓိံ၊တကွ ၊ မေ၊ ငါ၏ ၊ မေတ္တံ၊ချစ်ခြင်းသည်
၊ ဟောတု၊ဖြစ်ပါစေသတည်း ။
(၄)-ကဏှာ-ဂေါတမကေဟိ စ၊ကဏှာဂေါတမနဂါးမင်း၏အမျိုးဖြစ်သောနဂါးတို့နှင့်

ခန္ဓသုတ်တစ်ခေါက် ရွတ်ဆိုပြီးဆုံးသွားသည့်အခါ၌
စိတ်အစဉ်သည် ကြည်လင်လန်းဆန်းနေကာ လေထဲတွင် ပျံဝဲနေရသကဲ့သို့ ပျော်ရွှင် မြူးထူးနေသည်ကြောင့်
အခါတိုင်း ရွတ်ဆိုရန် ပျင်းရိနေတတ်သောကျွန်မသည် ခန္ဓသုတ်ကို ထပ်ခါထပ်ခါ ရွတ်ဆိုလိုစိတ်
ဖြစ်ပေါ်လာ သည့်အတွက် စိတ်၏အလိုအတိုင်း ခန္ဓသုတ်ကို (၅)ခေါက်တိတိ တဆက်တည်းရွတ်ဆိုပွားများမိလေ၏
။ ထိုသို့ (၅)ခေါက်တိတိ မပျင်း မရိ ရွတ်ဆိုပွားများမိခြင်းမှာ အေးချမ်းဆိတ်ငြိမ်သောနေရာဒေသကြောင့်
ဘုရားရှိခိုးသူ၏စိတ်သည် ကြည်လင်အေးငြိမ်းနေခြင်းကြောင့် သော်လည်းကောင်း ၊ သို့မဟုတ်
ခန္ဓသုတ်သည်လည်း မေတ္တာသုတ်ကဲ့သို့ပင် တခြားသောသတ္တဝါများအပေါ် မေတ္တာပို့သသောသဘော ဖြစ်၍
တန်ပြန်သက်ရောက်သည့်အလား ရွတ်ဆိုသူ၏စိတ်ဟာလည်း ထပ်ခါထပ်ခါ ရွတ်ဆိုသည်နှင့်အမျှ ပို၍ကြည်လင်လန်းဆန်းလာ
ခြင်းကြောင့်သော်လည်းကောင်း စသောအကြောင်းချင်းရာများကြောင့်ဖြစ်နိုင်သလို မမြင်ရသောပုဂ္ဂိုလ်တို့၏
တိုက်တွန်းတောင်းဆိုမှု ကြောင့်လည်း ဖြစ်နိုင်သည် ။ မည်သို့ပင်ဖြစ်စေ…ခန္ဓသုတ်ကို (၅)ခေါက်တိတိ
ရွတ်ဖတ်သရဇ္ဈယ်ပြီးသည့်နောက် ကျွန်မ၏စိတ်သည် စမ်းရေကဲ့သို့ အေးချမ်းကြည်လင်နေပြီး ပတ်ဝန်းကျင်မှ
အေးမြမြလေညင်းတို့ တိုက်ခတ်နေခြင်း ၊ ကျောက်ပြားဖြူဖြူ၏အေးစက်မှု ကြောင့် ခြေထောက်နှစ်ဖက်လုံး
ထုံကျင်နေခြင်းတို့ကိုပင် မမှုတော့ဘဲ ဆက်လက်၍ ဓာရဏပရိတ်နှင့်ပဋ္ဌာန်းတို့ကို ရွတ်ဆိုပွားများမိရာ
အားလုံးပြီးမြောက်သည့်အခါ အချိန်အတော်ကြာသွားခဲ့လေပြီ ။
မိမိ၏စိတ်ခံစားမှုကို မိမိသာ အသိဆုံးပါပေ ။ စိတ်ဝေဒနာခံစားနေရသူမှလွဲ၍ မိမိ၏စိတ်အတွင်းမှာ
ခံစားလိုက်မိသော ပူခြင်း၊အေး ခြင်းအစ ထူးဆန်းခြင်း၊သင်္ကာမကင်းဖြစ်ခြင်း၊အံ့သြခြင်းဟူသော
သေးနုတ်နုတ်စိတ်ခံစားမှုတို့အထိ မိမိဘာသာမိမိ အသိဆုံးသာဖြစ်၏ ။ အထူးသဖြင့် ကြည်လင်တည်ငြိမ်နေသောစိတ်၌
ဖြစ်ပေါ်လာသောခံစားချက်တို့သည် အခြား လောဘ ဒေါသဖုံးလွှမ်းနေသောအချိန်တို့ ထက် ပို၍ပင်
သိသာသည့်အကြောင်းကို ဥပမာဖြင့်ရှင်းပြရလျှင် ကြည်လင်သောရေကန်တွင်းရှိ ရွှေငါးနှင့်ကျောက်ခဲတို့ကို
ကန်ဘောင်မှ လှမ်းမြင်ရသကဲ့သို့ဖြစ်သည် ။ ယခု ကြုံတွေ့ခဲ့ရသောကျွန်မ၏အဖြစ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ
။ ကျွန်မသည် ဘုရားရှိခိုးပူ ဇော်ခြင်းအမှု ပြီးမြောက်သွားခဲ့ပြီမို့ ထိုင်နေရာမှ ထကာ
မိဘများရှိရာဆီသို့ လျှောက်သွားရန်ပြင်လိုက်သော်လည်း ခြေထောက် ကျင်နေ သောကြောင့် ချက်ချင်းသွားရန်
မဖြစ်နိုင်သေး၍ နဘေးရှိသစ်သားစားပွဲကိုကိုင်ကာ ထိုနေရာတွင် ခတ္တရပ်နေမိ၏ ။ အချိန်အားဖြင့်
တစ် မိနစ်ခန့်ရှိမည်ထင်သည် ။ ထိုတစ်မိနစ်မျှသောအချိန်အတွင်း၌ ကျွန်မသည် အနီးဝန်းကျင်သို့
ဘာရယ်မဟုတ် အကြည့်ဖြန့်ကျက်မိသည့် အခိုက် မြင်တွေ့လိုက်ရသူတစ်ယောက်အပေါ် စိတ်အာရုံစိုက်ရောက်သွားမိသည်
။
ထိုသူမှာ တည်ငြိမ်ရင့်ကျက်စွာ ဘုရားဝတ်ပြုလျက်ရှိသော အမျိုးသားငယ်တစ်ယောက် ။
အမျိုးသားငယ်ဟုဆိုသော်လည်း အသက် (၃၀)ခန့်ရှိပြီး ဖြူလွဖွေးစွတ်သောလည်ကုတုံးအင်္ကျီကို
ကြယ်သီးအပြည့်တပ်ဝတ်ဆင်ထားကာ ဒူးတုပ်လျက် ယောက်ျားထိုင်,ထိုင်၍ ဘုရားဝတ်ပြုနေလေသည်
။ ရုပ်ရည်မှာ ပြေပြစ်ချောမောပြီး ယောက်ျားပီသခန့်ညားသူဖြစ်သလို ပုံသဏ္ဍာန်မှာလည်း ပုခုံးကျယ်ကျယ်
ရင်အုပ်ကားကားနှင့်မို့ ထောင်ထောင်မောင်းမောင်းပုံစံရှိ၏ ။ စိတ်သည် ကြည်လင်နေသောကြောင့်
ဖျတ်ခနဲဖြစ်ပေါ်သွားသောခံစားချက် တို့ကို ချက်ချင်းပင် သိရှိမှတ်သားလိုက်မိသည်မှာ ထိုအမျိုးသားငယ်ကို
တွေ့မြင်လိုက်ရစဉ်တွင် ကျွန်မ၏စိတ်၌ အံ့သြခြင်းလား…နှစ် သက်ခြင်းလား…ဝေခွဲရန်ခက်ခဲသောခံစားမှုတစ်ခုကို
လျှပ်တပြက် စက္ကန့်ဝက်မျှ ခံစားလိုက်ရသည် ။ ဆယ်ကျော်သက်မိန်းမငယ်လေး တစ်ယောက်အဖို့ ရုပ်ရည်ချောမောခန့်ညားသောအမျိုးသားတစ်ဦးကို
တွေ့မြင်လိုက်ရသည့်အခါ ထိုသို့ ဖြစ်ပေါ်ခံစားမိသည်မှာ အဆန်း မဟုတ်သော်လည်း ယခု ကျွန်မ
ခံစားလိုက်ရသောခံစားမှုသည်ကား ရှင်းပြရန် ခက်ခဲလှ၍ အနီးစပ်ဆုံးပုံဖော်ရသော် ကိုယ်ယောင်ပြ
သောနတ်သားအား ဘွားခနဲတွေ့မြင်လိုက်ရချိန်တွင် နှစ်သက်ခြင်းနှင့် အံ့သြခြင်းတို့ကို
တပြိုင်နက်တည်းခံစားလိုက်ရသကဲ့သို့သော ခံစားမှုမျိုးပင် ဖြစ်ပေလိမ့်မည် ။ ထိုခံစားချက်သည်
ရင်ခုန်ခြင်း ၊ ချစ်ကြိုက်ခြင်းဟူသော ၁၅၀၀မေတ္တာမျိုးနှင့် နည်းနည်းမျှ မသက်ဆိုင် ပါချေ
။
ယခုခေတ် အမျိုးသားအများစုနှင့် လားလားမျှမဆိုင်အောင်
ကွဲပြားသောထိုသူ၏အဆင်းကြောင့်လည်းကောင်း ၊ သို့မဟုတ် တစ်စုံ တစ်ခုသော ညှို့ငင်အားတစ်ရပ်ကြောင့်လည်းကောင်း
ကျွန်မသည် ထိုသူအား ဖျတ်ခနဲကြည့်သင့်သည်ထက်ပိုကာ အချိန်ကြာမြင့်စွာ (စက္ကန့်၂၀မျှ) စိုက်ကြည့်နေမိရာ
သတိဝင်လာသည့်အခါ၌ ကျွန်မဘာသာကျွန်မ ရှက်ရွံ့သွားမိ၍ အကြည့်တို့ကို ချက်ချင်းလွှဲလိုက်မိစဉ်
“ ဟင်..”
ထိုသို့ ကျွန်မ၏စိတ်ထဲမှ ခပ်တိုးတိုးရေရွတ်လိုက်မိလောက်အောင်
အံ့သြထိတ်လန့်သွားခဲ့ရသည် ။ အဘယ့်ကြောင့်ဆိုသော် ထိုသူ၏ နောက် မလှမ်းမကမ်း၌ အညိုရောင်ဝမ်းဆက်ဝတ်ဆင်ထားသောအမျိုးသားကြီးတစ်ဦးသည်
ကျွန်မကို ခပ်ပြုံးပြုံးစိုက်ကြည့်နေသော ကြောင့်ဖြစ်၏ ။ အညိုရောင်ဝမ်းဆက်ဟုဆိုရာတွင်
ယောဂီဝတ်စုံဝမ်းဆက်မဟုတ်ဘဲ ရှပ်အင်္ကျီအညိုနှင့်လုံချည်အကွက်အညိုကို တွဲ ဖက်ဝတ်ဆင်ထားခြင်းဖြစ်ပြီး
အသက်အားဖြင့် (၆၀)ခန့်ရှိသောအဘိုးအိုတစ်ဦးက အဓိပ္ပါယ်ဖော်ရန်ခက်သောအပြုံးတို့ဖြင့်
ကျွန်မကို စိုက်ကြည့်နေ၍ ကျွန်မလည်း ကိုယ့်ဘာသာကိုယ် ကြုံသလို အဓိပ္ပါယ်ဖော်ကာ ထိုနေရာမှ
ရှက်ရှက်ဖြင့် ထွက်ခွာလာခဲ့၏ ။
“ သေစမ်း…ရှေ့ကအကိုကြီးက သူ့သားထင်ရဲ့ ။ ငါကလည်း ရှေ့မကြည့် နောက်မကြည့် သွားငမ်းမိတာကိုး
။ မဟုတ်သေးပါဘူး ။
ငါက ကလက်တက်တက်မိန်းကလေးတစ်ယောက်လည်း မဟုတ်ဘဲ ဘာဖြစ်လို့များ ဒီအကိုကြီးကို
ဒီလောက်သွားကြည့်မိပါလိမ့် ။
ဘုရားလည်း အခုပဲဖူးထားရဲ့သားနဲ့ ခါတိုင်း ဒီလိုမျိုး တစ်ခါမှ ရုပ်ပျက်ဆင်းပျက်
မဖြစ်ဖူးပါဘူး ။ ဒီအစ်ကိုကြီးက တွန်ခရုစ်လောက်
ချောတာလည်း မဟုတ်ဘဲနဲ့ ဘယ်လိုဖြစ်တာပါလိမ့် ။”
စသဖြင့် စိတ်ထဲ၌ ထင်သလိုတွေးကာ ကျင်နေသောခြေထောက်ကိုပင်
ဂရုမစိုက်တော့ဘဲ မိဘများရှိရာဆီသို့ ခပ်မြန်မြန်လျှောက်လာခဲ့ မိသည် ။ ရှေ့တွင်ဆိုခဲ့သည့်အတိုင်း
မိဘများ ဘုရားရှိခိုးဝတ်ပြုနေသောနေရာနှင့် ကျွန်မ သွားရောက်ဖူးမြော်နေသောနေရာမှာ မလှမ်း
မကမ်းမျှသာဖြစ်သလို ကြည့်လိုက်လျှင်လည်း လျှောက်လမ်းတစ်လမ်းသာခြားပြီး ရှင်းလင်းစွာ
လှမ်းမြင်နိုင်သောနေရာဖြစ်၏ ။
မိဘများက ဘုရားဝတ်ပြုနေဆဲဖြစ်သည် ။ မိဘများ၏အနီးသို့
လျှောက်လာရင်း မည်သို့ဖြစ်သွားသည် မသိ…အစ်မဖြစ်သူ၏အနား သို့ရောက်သည့်အခါ ထိုအစ်ကိုကြီးတို့သားအဖကို
အစ်မဖြစ်သူအား ပြသလိုစိတ် ဖြစ်ပေါ်လာသည့်အခိုက် တပြိုင်နက်ဆိုသလို ကျွန်မ ၏စိတ်ထဲ၌ ပူခနဲဖြစ်သွားသောကြောင့်
(ပူပန်စရာတစ်စုံတစ်ရာ မရှိပါဘဲ မည်သည့်အတွက် စိုးရိမ်သွားခဲ့သည်မပြောတတ်) အနောက် ဘက်သို့
ဖျတ်ခနဲလှည့်ကြည့်လိုက်သည့်အခါ…
“ ဟင်…ဘယ်…ဘယ်ရောက်သွားပါလိမ့် ။”
ဟူ၍ပင် တအံ့တသြရေရွတ်မိသည်အထိ ပျောက်ချင်းမလှ
ပျောက်ကွယ်သွားလေ၏ ။ ဤနေရာတွင် ပျောက်ကွယ်သွားသည်ဟု ရေး သားရခြင်းမှာ ကျွန်မ၏စိတ်သန္ဓာန်၌
ထိုသူနှစ်ယောက်သည် ဖျတ်ခနဲပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသောကြောင့်ဖြစ်သည် ။ ထိုသို့သောစိတ်ခံစားမှုမျိုးကို
မကြုံဖူးသူများက စိတ်ထင်တာပါ ၊ စိတ်၏လှည့်စားမှုပါဟု ယိုးစွပ်လိုလျှင်ယိုးစွပ်နိုင်ပေမဲ့
ပြောမယုံ ကြုံဖူး မှ သိဆိုသည့်အတိုင်း ယုံဖူးသူများကတော့ နားလည်လက်ခံပါလိမ့်မည် ။ သို့သော်
ကျွန်မဟာ လူငယ်တစ်ယောက်ဖြစ်ပြီး မည်မျှပင် ဆန်းကြယ်သောအဖြစ်အပျက်များ ၊ သဘာဝလွန်ဖြစ်ရပ်များနှင့်
ကြုံတွေ့ခဲ့ဖူးပါစေ ၊ ယခုလက်ငင်း ကြုံဆုံလိုက်ရသောအဖြစ်အပျက် အပေါ်၌ ရှေးထုံးကို ပိုက်ကာ
“ဟယ်…ဒါဟာ နတ်သိကြားတွေ နတ်နဂါးတွေက ငါ့ကို ကိုယ်ထင်ပြတာပဲ”ဟူ၍ ချက်ချင်းအမြန် လက်ခံ
လိုစိတ်ရှိသူ မဟုတ် ။ စိတ်ခံစားမှုအပေါ် နားမယောင်ဘဲ ဘယ်လိုဖြစ်သွားတာလဲဟူသောအတွေးကြောင့်
တရားထိုင်နေသောအစ်မ လတ်၏အနားတွင် မထိုင်အားသေးဘဲ ဘုရားကို ခပ်မြန်မြန်တစ်ပတ်ပတ်ကာ စောစောကသားအဖကို
လိုက်ရှာမိသည် ။ စိတ်ထဲ၌တော့ တိတိကျကျအဖြေပေါ်နေပြီဖြစ်သော်လည်း ထိုအဖြေကို လူငယ်ပီပီ
လက်မခံချင်သေး ၊ ဘုရားဖူးပြီး၍ ထထွက်သွားတာလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲဟုတွေးကာ ခပ်မြန်မြန်ပတ်လျှင်
ငါးမိနစ်ပင်မကြာသော မော်တင်စွန်းရင်ပြင်တော်ကို ပတ်ကာ စောစောကသားအဖကို လိုက်ဖွေရှာပါသော်လည်း
ထပ်မတွေ့ရတော့ချေ ။ ထိုအခါမှ ကျွန်မလည်း မယုံနိုင်သောစိတ်တို့ဖြင့် မိဘများရှိရာသို့
ပြန်လာပြီး …
“ မစုမွန်ရေ … သမီးတော့ ထူးဆန်းတာ ကြုံရပြန်ပြီ ။”
ဟုအစချီကာ စောစောကကြုံတွေ့လိုက်ရသောအဖြစ်အပျက်များကို
အစအဆုံးပြောပြမိရာ အစ်မလတ်က…
“ အေးဟ…ထူးတော့ထူးဆန်းတယ် ။ ဒီနားနဲ့ဟိုနားသွားတဲ့ခဏအတွင်းမှာ ဘယ်လိုမှ ပျောက်သွားစရာအကြောင်း
မရှိဘူး ။”
“ သြော်…သမီးလည်း လက်မခံနိုင်လို့ ချက်ချင်းလိုက်ရှာကြည့်သေးတယ် ။ ဘယ်လိုမှကို
ရှာမတွေ့တော့တာ ။ တကယ့်ကို ခဏမှ
ခဏလေးရယ် ။ ဟိုနားနဲ့ဒီနားတင်ပါဆို…ခုလိုပျောက်သွားဖို့ဆိုတာ သမီး ဒီဘက်လှည့်လာတဲ့အချိန်မှာ
ထထွက်ပြေးသွားမှပဲ ရ
မယ် ။ နောက်ပြီး ဟိုမှာ ဦးလေးကြီးတစ်ယောက်ထိုင်နေတာ တွေ့လား…။ စောစောကသားအဖက
သူ့နောက်မှာတင် ထိုင်သွား
တာ ။”
“ ပြေးစရာလားဟယ် ။ အဓိပ္ပါယ် မရှိတာ ။ နင် ကြည့်နေတုန်းက ဟိုအစ်ကိုကြီး ဘုရားဖူးတုန်းမဟုတ်လား
။ ဘာလုပ်ဖို့ ထပြေးမှာ
လဲ ။ နောက်ပြီး အဘိုးကြီးကလည်း ရှိသေးတယ်လေ ။ နင့်ဟာက ထူးကိုထူးဆန်းနေတာ ။”
ဟူ၍ တအံ့တသြထောက်ခံလေ၏ ။ သို့သော် ထူးဆန်းသောအဖြစ်အပျက်ဆိုသည်ကို
နှစ်ဦးသားလုံး လက်ခံကြပေမဲ့ ခေတ်လူငယ်များ ပီပီ စောဒကတက်ချင်သေးသည်ကြောင့် အစ်မလတ်က…
“ ဘုရားကိုများ ခုနစ်ပတ်ပတ်နေသလား မသိဘူး ။ ခဏတော့ စောင့်ကြည့်ကြသေးတာပေါ့ ။
နင် ပြောတဲ့ပုံစံဆို ဒီဘုရားရင်ပြင်ပေါ်
မှာ သူ တစ်ယောက်ပဲရှိမယ် ။ တွေ့ရင် ငါတောင်
သိတယ် ။”
ဟု အကြံပြုကာ နှစ်ယောက်သား ထောင့်တစ်ထောင့်တွင်
ထိုင်ပြီး ဖြတ်သွားသူမှန်သမျှကို မလွတ်တမ်းစောင့်ကြည့်ပါသော်လည်း သားအဖဟုယူဆရသူထိုနှစ်ဦးကိုကား
နောက်တစ်ကြိမ်ထပ်မတွေ့တော့ပေ ။ ကျွန်မ စိတ်ထဲတွင် ခံစားလိုက်မိသကဲ့သို့ အမှန်ပင် ပျောက်ကွယ်သွားခြင်းလား…သို့မဟုတ်
ကျွန်မ မျက်ကွယ်ပြုလိုက်သည့်စက္ကန့်ပိုင်းအတွင်း၌ (ပုန်းကွယ်စရာ နေရာလည်း မရှိသဖြင့်)
နှစ်ယောက်သား ထထွက်ပြေးသွားခြင်းများလားဆိုတာကိုတော့ သိကြားသာလျှင် သိပေလိမ့်မည် ။
ထိုပုဂ္ဂိုလ်နှစ်ဦးကို
နတ်နဂါးတို့ ကိုယ်ထင်ပြခြင်းပါဟူ၍ စိတ်မှန်းဖြင့် ကျွန်မ ရမ်းမရေးလိုပါ ။ သို့သော်
ဤအဖြစ်အပျက်၌ ရေးသား ရန်သင့်သော ထူးခြားချက်များကိုဖော်ပြရသော် ပထမအချက်အနေဖြင့် မော်တင်စွန်းစေတီတော်ရင်ပြင်၏အကျယ်အဝန်းသည်
ဆူးလေ စေတီတော်ရင်ပြင်၏အကျယ်အဝန်းခန့်သာရှိပြီး ရင်ပြင်တော်ပေါ်၌ ဇရပ် ကျောင်းဆောင်များ
မရှိသဖြင့် အလွန်ရှင်းလင်း၏ ။ ဒုတိယ အချက်မှာ ဘုရားရင်ပြင်မှတောင်အောက်သို့ဆင်းသောစင်္ကြန်လမ်းဟူ၍
ပင်လယ်ဘက်ခြမ်းတွင် နှစ်လမ်းရှိပြီး ဈေးတန်းဘက်ခြမ်း၌ တစ်လမ်းရှိရာ ဈေးတန်းဘက်သို့
သွားသောလမ်း၏အနီးတွင် ကျွန်မတို့မိသားစု ထိုင်နေခြင်းဖြစ်သည် ။ နောက်ဆုံးအချက်မှာ ကျွန်မ
ဘုရားရှိခိုးနေသောနေရာမှ မိဘများရှိသောနေရာသို့ လျှောက်သွားသောအချိန်သည် စက္ကန့်ပိုင်းမျှသာကြာမြင့်ရာ
ထိုမျှသောအခိုက်အ တန့်အတွင်း၌ လူနှစ်ဦး ပျောက်ချင်းမလှ ပျောက်သွားရန်မှာ အသားကုန်ပြေးထွက်သွားရန်တစ်နည်းသာရှိသည်
။ ထိုသုံးချက်ကိုနှိုင်းဆ ကြည့်လျှင် ထိုပုဂ္ဂိုလ်နှစ်ဦး ကွယ်ပျောက်သွားခြင်းသည် ကျွန်မ၏တစ်သက်တာတွင်
မကြာခဏကြုံတွေ့ခဲ့ဖူးသော ထူးဆန်းမှုများစွာထဲ က တစ်ခုအပါအဝင်ပင် ဖြစ်နေလေ၏။ သဘာဝလွန်ဖြစ်ရပ်ဆန်းအများစုမှာ
လက်ဆုပ်လက်ကိုင်ပြရန် ခဲယဉ်းလေရာ ယခုအဖြစ်အပျက် သည်လည်း ကျွန်မ၏သစ္စာစကား မှန်ကန်ခြင်းကြောင့်
နတ်နဂါးတို့က ကိုယ်ယောင်ပြခဲ့ခြင်းပေလား…သို့မဟုတ် ကျွန်မ၏စိတ်ပဲ သစ္စာ စကားအပေါ်စွဲကာ
ထင်ယောင်ထင်မှားမြင်တွေ့ခဲ့ခြင်းလားဆိုတာကိုတော့ စာဖတ်သူကိုယ်တိုင် ယုံကြည်သလိုထင်နိုင်ပါသည်
။ ကျွန်မ
အနေနှင့်တော့ ဤအဖြစ်အပျက်ကို လွမ်းရစ်ဖွယ်ရာ
မော်တင်စွန်းဒဏ္ဍာရီတစ်ပုဒ်အဖြစ်သာ မှတ်တမ်းတင်အပ်ပါတော့၏ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။