မှင်စာကလေးနဲ့ တူတူရေ ဝါး ...
( ၂၀၁၆ အောက်တိုဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-----------------------------------------------------------------------------------------------------------------
မိသားစုနှင့်အတူ
မန်းရွှေစက်တော်သို့ အလည်အပတ်သွားရောက်စဉ်က အတွေ့အကြုံဖြစ်သည် ။ နေရပ်လိပ်စာကို အတိ
အကျဆိုရသော် လက်ရှိနေထိုင်နေသူတို့ စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ ချန်လှပ်ထားခဲ့ပါရစေ
။ သို့သော် - ယခုဖြစ်ရပ်သည် စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါပေ ။ (လွန်ခဲ့သောနှစ်(၄၀)ကျော်က
အဖြစ်အပျက်တစ်ခု ဖြစ်ပါ၏)
ဖခင်ကြီးက
ယစ်မျိုးအရာရှိဖြစ်၍ ရွှေစက်တော်သို့ ရောက်သည့်အခါ အရာရှိများ တည်းခိုသည့်ဧည့်ရိပ်သာတစ်ခုတွင်
တည်းခိုခွင့်ရပါသည် ။ ထိုအဆောက်အအုံက ရှေးဟောင်းအဆောက်အအုံကြီးဖြစ်ပြီး ခြေတံရှည်အိမ်ကြီးဖြစ်ရာ
ဝရံတာကနေ လှမ်း ကြည့်လိုက်ပါက လှပသောရှုမျှော်ခင်းကို တွေ့မြင်ရနိုင်သည် ။
ထိုစဉ်က
ကျွန်မ၏အသက်သည် (၁၃)နှစ်ဝန်းကျင်ခန့်သာရှိသေးသည် ။ အပျိုပေါက်အရွယ်ပီပီ အလှအပမက်တတ်နေပြီ
။ အပျိုမလေးလို ခပ်တည်တည် မူနွဲ့နွဲ့နေတတ်သူလည်းဖြစ်၍ လူပျိုအစ်ကိုများ၏ပိုးပန်းမှုကိုလည်း
ခံနေရသည့်အချိန်ဖြစ်ရာ အငယ် ကောင်-မောင်ငယ်လေးက အင်မတန်မှ မျက်စိစပါးမွေးစူးနေခဲ့သည်
။ ကျွန်မက ဟန်မူပိုနေချိန် သူ ရောက်လာလျှင် -
“ ဟိုလူကြီးတွေ - ဘာလာကြည့်နေတာလဲ ။ သွား အခု ။ ကျုပ် ခဲနဲ့ပေါက်မှာနော် ။”
ဟု လာပိုးသူများကို မောင်း,မောင်းထုတ်တတ်သည်
။
အငယ်ကောင်နှင့်ကျွန်မက
(၅)နှစ်ခန့်ကွာသည် ။ အငယ်ကောင်က (၈)နှစ်စွန်းစွန်းသာ ရှိသေးသည် ။ အလိုက်ကန်းဆိုး မသိ
။ အစ်မနှစ်ယောက်လုံးကို အမျိုးမျိုး စိတ်ဒုက္ခပေးတတ်သော မျောက်လောင်းလေးဖြစ်၏ ။
မိဘများက အငယ်ဆုံးသားဖြစ်သောကြောင့်
အလွန်အလိုလိုက်သည် ။ သူ အနှောင့်အယှက်ပေး၍ ကျွန်မတို့အစ်မတွေက တိုင်တောလျှင် အမေက
-
“ ကိုယ့်မောင်လေးပဲ သမီးတို့ရယ် ။ သည်းခံမှပေါ့ ။”
ဟုသာ ပြောတတ်သည် ။ မောင်ငယ်ကို ဘယ်သောအခါမှ
ဆူပူကြိမ်းမောင်းခြင်း မရှိ ။ သို့ကြောင့်ပင် ဒင်းက ကမ်းတက်မြဲ ။ ကျွန်မ မှာလည်း သူနှင့်
မကြာခဏ ရန်ဖြစ်ရစမြဲ ။
ယခု
ရွှေစက်တော်သို့ ခရီးထွက်လာခိုက် ကျွန်မက အပျိုဖြန်းလေးပီပီ အစွမ်းကုန်ခြယ်သပြင်ဆင်ပြီး
ဝရံတာတွင် ထွက် ထိုင်ရန် ကြံသည် ။ ဝရံတာက လှမ်းကြည့်လိုက်လျှင် မန်းချောင်းတွင် ရေချိုးဆင်းနေသော
ပုရိသအထိုထိုကို တွေ့မြင်နေရသည် ။
“ မမလေး နင် ဘာလုပ်နေတာလဲ ။”
“ ငါ့ဘာသာငါ ဘာလုပ်လုပ်ပေါ့ ။ နင့်အပူလား ။”
“ နင့်အကြံ ငါ သိတယ် ။ အဖေနဲ့ တိုင်မှာနော် ။”
ဒင်းက အရွယ်ကသာ လက်တောက်လောက်လေး ။ အကုန်နားလည်နေပြီ
။ ကျွန်မ စိတ်ကစားနေမှန်း ရိပ်မိသဖြင့် အကျပ်ကိုင်ခြင်း ဖြစ်သည် ။ ကျွန်မလည်း အဖေနှင့်
အတိုင်ခံရမည်ကိုတော့ ရှက်ကြောက်မိတာကြောင့် -
“ သေနာလေး ။ လုပ်ထားဦးပေါ့ ။”
ဟု ဆူဆဲကာ အိပ်ခန်းထဲ ပြန်ဝင်သွားလိုက်တော့သည်
။ အခန်းထဲမှာပဲ စာဖတ်နေတော့မည် ။ အဖေတို့ လာခေါ်မှပဲ ဘုရားသို့ သွား တော့မည်ပေါ့ ။
@@@@@
အိပ်ခန်းထဲက
ကုတင်ပေါ်မှာ လှဲရင်း စာအုပ်ဖတ်နေသည့်အခိုက် ခြေထောက်ကို တစ်စုံတစ်ယောက်က ဖျတ်ခနဲ လာဆွဲ
သည် ။ ကျွန်မလည်း ရုတ်တရက်မို့ ထိတ်လန့်သွားကာ …
“ အမလေး ”
အော်ရင်း ထကြည့်မိသည့်အခါ ဟိုကောင်လေးဖြစ်နေသည်
။ ဒင်းက ကျွန်မ သူ့ကို စိတ်ဆိုးသွားမှန်းသိ၍ လာစနေခြင်းဖြစ်၏ ။
“ မသာလေး ။ ဘာလာလုပ်တာလဲ ။”
“ မမလေးကလည်း စိတ်ချည်းပဲ ။ လာပါ ။ ကျွန်တော်နဲ့ အပြင်မှာ သွားထိုင်ရအောင် ။”
“ မထိုင်ပေါင် ။ နင်က အဖေ့ကို မဟုတ်တာတွေ ပြောမယ့်အကောင် ။”
“ မပြောစေချင်ရင် မမလည်း ပဲမများနဲ့ပေါ့ ။ ဟိုလူကြီးတွေ မျက်စိကျအောင် မလုပ်နဲ့ပေါ့
။”
ဒင်းက လူကြီးကို ဆိုလားဆုံးမလား လုပ်နေသည်
။ ကျွန်မ တော်တော်လေး မျက်စိစပါးမွေး စူးသွားပြီ ။
ထိုခံစားချက်သည်
အကြီးများ အရွယ်ရောက်သွားချိန်၌ အငယ်များတွင် ခံစားတတ်သော စိတ်သောကတစ်မျိုးဖြစ်သည်
။ မိမိ၏အစ်မ သို့မဟုတ် အစ်ကိုက ကြီးကောင်ဝင်သွား၍ မိမိကို အဖက်မလုပ်ဘဲ တစိမ်းများနှင့်
ပျော်မွေ့နေသည်ကိုတွေ့လျှင် အငယ်တွေခမျာ အားငယ်ကာ အတင်းဖက်ကပ်တွယ်တက်ဖြစ်ကြသည် ။ မိမိ၏အစ်မ
သို့မဟုတ် အစ်ကိုက မိမိကို မချစ်တော့ ဘူးဟု သူတို့ သဘောပေါက်သွား၍ဖြစ်သည် ။
သို့သော် ထိုစဉ်ကမူ
အငယ်ကောင်၏ခံစားချက်နှင့်ပတ်သက်ပြီး ကျွန်မ နားလည်ပေးခြင်း မရှိခဲ့ပါ ။ သူ့ကို လိုက်ရှုပ်နေ
တာဟုသာ မြင်ခဲ့သည် ။ သို့ကြောင့် အော်ဟစ်မောင်းထုတ်ပစ်လိုက်သည် ။
“ သွားဟာ ။ ရှုပ်ကိုရှုပ်တယ် ။ ငါ နင့်အမေ မဟုတ်ဘူး ။ ငါ့ကို လာရှုပ်မနေနဲ့
။ သွား …”
ငိုမဲ့မဲ့မျက်နှာနှင့် ပြေးထွက်သွားသော
မောင်ငယ် ။ ကျွန်မစိတ်ထဲ နည်းနည်း စိတ်မကောင်းဖြစ်သွားမိပေမယ့် ပြန်ချော့ရန်လည်း စိတ်ကူးမရှိ
။ ဒါမှပဲ သူ နောင်ကြဉ်သွားမှာဟုတွေးမိသည် ။ စိတ်ရှုပ်သွားပြီဖြစ်၍ အပြင်ထွက်ရန်လည်း
ဆန္ဒ မရှိတော့သောကြောင့် ကုတင်မှာပဲ ပြန်လှဲချပြီး စာဖတ်နေလိုက်တော့သည် ။
ဤနေရာ၌
ဧည့်ရိပ်သာ၏ပုံသဏ္ဍာန်ကို အနည်းငယ် ဖော်ပြပါရစေ ။ အောက်စက်တော်ရာနှင့် အတန်ငယ်အလှမ်းနီးပြီး
ခြေတံရှည်အဆောင်ကြီးအဖြစ် တည်ဆောက်ထားကာ အခန်းငယ်များ ဖွဲ့ထားသော အဆောက်အအုံကြီးဖြစ်သည်
။ အနီးအနားမှာ အခြားအဆောက်အအုံ မရှိ ။ သူတထီးတည်း တည်ရှိနေ၏ ။ ဝရံတာမှ ထွက်ကြည့်လိုက်လျှင်
ပတ်ဝန်းကျင်သို့ ရှင်းလင်းစွာ မြင်ရ သည် ။ မျက်နှာချင်းဆိုင်တွင် မန်းချောင်းကို ကောင်းစွာလှမ်းမြင်နိုင်သည်
။ နောက်ဘက်၌မူ အုံ့အုံ့ဆိုင်းဆိုင်းသစ်ပင်တန်းများ ရှိနေ သည် ။
ကုတင်က
ဝရံတာဘက်သို့ ခြေလှည့်ထားခြင်းဖြစ်ရာ မောင်ငယ် ထွက်သွားသည့်အခါ ကျွန်မ နဂိုအတိုင်း
ပြန်လှဲချကာ စာဖတ်နေလိုက်သည် ။ မည်မျှကြာအောင် စာဖတ်နေမိသည်မသိ - မှေးချင်သလိုဖြစ်သွားမိစဉ်
ခြေထောက်ကို တစ်စုံတစ်ယောက် က ဖျတ်ခနဲလာဆွဲသည် ။
“ ဟဲ့ …”
မျက်လုံးကို အလျင်အမြန်ဖွင့်ပြီး ခြေရင်းသို့
လှမ်းကြည့်လိုက်တော့ မည်သူမျှ မရှိ ။ သည်လောက်ဖြင့် လက်လျှော့မည့်သူ မဟုတ် ။ လှဲနေရာမှ
ထထိုင်လိုက်ပြီး ခြေရင်းသို့ ငုံ့ကြည့်လိုက်သည် ။ လူတစ်ထိုင်စာ ပုန်းအောင်း၍ရသော သစ်သားကုတင်ခြေရင်းအကွယ်
မှာ မောင်ငယ် ပုန်းနေလေမလား ။
“ ဟင် …”
အထင်နှင့်တခြားစီ ။ ကုတင်ခြေရင်းမှာ မည်သူမျှ
မရှိ ။ ဒါဆို စောစောက စိတ်ထင်တာလား ။ အိပ်မက်မက်တာလား ။ ကျွန်မလည်း ဇဝေဇဝါနှင့်ပဲ ကုတင်ပေါ်
ပြန်လှဲချလိုက်သည် ။ နာရီကြည့်တော့ ညနေ(၄)နာရီ ။ အစ်မကြီးတို့ ရေချိုးဆင်းတော့မလား
မသိ ။ သွား ရင် လာခေါ်ကြမှာပေါ့ဟု တွေးကာ ရောက်တတ်ရာရာ စဉ်းစားနေမိစဉ် …
“ ဟာ …”
လုပ်ပြန်ပြီ - ဒီကောင်လေးတော့ ။ ခြေထောက်ဖျားကို
ဆိတ်ဆွဲသွားသည် ။ ချက်ချင်းပဲ ဖျတ်ခနဲလှမ်းကြည့်လိုက်တော့ ရိပ်ခနဲမြင် လိုက်ရသည် ။
ကလေးတစ်ယောက်လိုလို … ။ မောင်ငယ်ပဲ နေမှာပေါ့ ။ ထိုအတွေးဖြင့် လှဲနေရာမှ ဝုန်းခနဲထထိုင်ပြီး
ကုတင်ခြေရင်း သို့ ငုံ့ကြည့်လိုက်တော့ …
“ ဟယ်တော် …”
ကုတင်ခြေရင်းမှာ မည်သူမျှ မရှိပါ ။ ဘယ့်နှယ့်ဟာလဲ
။ စောစောကတင် ရိပ်ခနဲတွေ့လိုက်ရသားပဲကို ။ ကျွန်မ ဝေခွဲမရတော့ပြီ ။ စိတ်ထင်တာပဲလား
။ ဒါမှမဟုတ် မောင်ငယ် လာနောက်နေတာလား ။
“ အငယ်ကောင် - နင် ဘယ်မှာလဲ ။ လာစမနေနဲ့ ။ ငါ နင်မှန်း သိတယ် ။ ထွက်ခဲ့တော့
။”
ကျွန်မက ခြိမ်းခြောက်ခေါ်ငင်လိုက်ပေသိ
အငယ်ကောင်က အရိပ်အယောင်မျှပင် မပြ ။ ကျွန်မစိတ်ထဲ ချောက်ချားလာမိပြီ ။ အနီး အနားမှာ
လူတစ်ယောက်မှ မရှိသလို ခံစားနေမိပေမယ့် ဘာကြောင့်များ ခြေထောက်ကို တစ်စုံတစ်ယောက်က
လာဆွဲနေရတာလဲ ။ ဘယ်သူဘယ်ဝါမှန်းလည်း မသိရ ။
“ အို … ဘယ်သူ ရှိရမှာလဲ ။ ဟိုအကောင်နာလေးပဲပေါ့ ။ အလကား … ငါ့ကို အမျိုးမျိုး
ဒုက္ခပေးနေတာ ။ တွေ့မယ် ။”
ကျွန်မစိတ်ထဲ ကြုံးဝါးလိုက်ရင်း ကုတင်ပေါ်သို့
အသာပြန်လှဲချ ၊ ခြေထောက်ကို ကုတင်ခြေရင်းက သစ်သားတိုင်မှာ အသာထောင် ထားပြီး ငါးစာချလိုက်၏
။ စာအုပ်ဖတ်နေသယောင် မျက်နှာကို ကွယ်လိုက်ပေသိ မျက်လုံးများက ခြေရင်းကို လှမ်းကြည့်နေသည်
။ ဟိုအကောင် လာလို့ကတော့ လက်ထဲကစာအုပ်နဲ့ ပစ်ပေါက်လိုက်မယ် ။ သည်လိုလည်း စိတ်ထဲက တေးထားလိုက်မိ၏
။
“ ကဲဟာ …”
အတွေးပင် မဆုံးလိုက်သေး ။ တံခါးအပြင်ဘက်က
ရိပ်ခနဲမြင်လိုက်ရတာကြောင့် ကျွန်မ စာအုပ်နှင့် ပစ်ပေါက်လိုက်သည် ။ (ကိုယ့်မောင်လေးကို
မုန်းလှ၍ မဟုတ်ပေမယ့် လူငယ်စိတ်ဖြင့် ဒေါသအလျှောက် ပစ်ပေါက်လိုက်မိခြင်းဖြစ်သည်) ဘုတ်ခနဲမြည်သံ
နှင့်အတူ စာအုပ်ပြုတ်ကျသံကိုပါ တဆက်တည်း ကြားလိုက်ရသည် ။ သေချာ၏ ။ အငယ်ကောင်၏နဖူးတော့
စာအုပ်နှင့် မိတ်ဆက် သွားလောက်ပြီ ။
“ ဟွန်း…မှတ်ပြီလား ။ ကောင်စုတ်လေး
…”
ကျွန်မ
ကုတင်ပေါ်ကနေ လူးလဲပြေးထပြီး ကုတင်ခြေရင်းသို့ ငုံ့ကြည့်လိုက်သည် ။ မောင်ငယ်ကို တွေ့မြင်ရလိမ့်မည်ဟု
ထင်မှတ်ထားမိသော်လည်း အမှန်တကယ် တွေ့လိုက်ရသည့်အရာက တခြားစီ ။ ထိုအရာကြောင့် ကြောင်တက်မှင်သက်သွားခဲ့ရ ပြီ ။ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်တော့သည်အထိ
။
မျှော်လင့်ထားမိသည်မှာ
ကုတင်ခြေရင်းတွင် ကျွန်မ၏မောင်လေး ဖင်ထိုင်လဲနေမည် ။ သို့မဟုတ် မတ်တတ်အနေအထား ဖြင့်
စာအုပ်မှန်သောနေရာကို ပွတ်သပ်နေလိမ့်မည်ဟု ။ အမှန်တကယ်၌တော့ ထိုသို့ မဟုတ်ခဲ့ပါ ။ ကုတင်ခြေရင်းမှာ
ကျွန်မ တွေ့မြင်လိုက်သည့်အရာက ကျွန်မ၏မောင်လေး မဟုတ် ။
“ အို … ငါ့မျက်လုံးတွေပဲ မှောက်မှားနေသလား ။ ဘာကြီးလဲ ။ ဘာကောင်ကြီးလဲ …”
စိတ်ထဲက ထိုသို့ တွေးမိရင်း ပြူးကြည့်နေမိပြီ
။ ကြမ်းပြင်တွင် လဲကျနေသည့်အရာက နားရွက်ချွန်ချွန်နှစ်ဖက်နှင့် ပုတက်တက် သတ္တဝါလေးတစ်ကောင်
။ (၇)နှစ်(၈)နှစ်အရွယ် ကလေးငယ်၏ခန္ဓာကိုယ်မျှ ဖြစ်သော်လည်း ကလေးတော့ မဟုတ်ချေ ။ ပြူးကျယ်
ကျယ်မျက်လုံးတစ်ဖက်က စာအုပ်မှန်သွားဟန်တူသည် ။ ပုတ်ခတ်ပုတ်ခတ်ဖြစ်နေရှာ၏ ။ ပုံစံက သနားစရာကောင်းပေသော်ငြား
အသွင်သဏ္ဍာန်က ချောက်ချားစရာဖြစ်နေ၍ ကျွန်မမှာ အနားလည်း မကပ်ဝံ့ဘဲ ငေးကြောင်စိုက်ကြည့်နေမိပြီ
။
ကျွန်မ ကြောင်ကြည့်နေမိသည့်အခိုက်မှာပဲ
လဲကျနေသောထိုအကောင်လေးက လေကဲ့သို့ လျင်သောနှုန်းဖြင့် ဝရံတာမှ နေ ပြေးဆင်းကာ အဆောင်နောက်က
သစ်ပင်တောထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည် ။
@@@@@
ကျွန်မအပြောကို မိဘနှင့်တကွ
မည်သူကမျှ မယုံကြ ။ ခြေထောက်ကို တကယ် လာဆွဲတာပါ ၊ စာအုပ်နဲ့ ပစ်ပေါက်လိုက် တော့ ကုတင်ခြေရင်း
ဝရံတာထိပ်မှာ ပစ်လဲကျသွားတာ ။ မည်သို့ပင် အခါခါပြောပြပြောပြ - မိသားစုဝင်အားလုံးက ကျွန်မ
အိပ်မက် မက်ခြင်းသာဖြစ်မည်ဟူ၍ ထင်ကြေးပေးကြသည် ။
သို့သော် - ကျွန်မ၏စကားကို
လက်ခံယုံကြည်ပေးသူတစ်ယောက်တော့ ရှိခဲ့ပါသည် ။ ထိုသူက ဧည့်ရိပ်သာစောင့်ဦးဘချစ် ဖြစ်၏
။ ဦးဘချစ်က ဧည့်ရိပ်သာကို ထိန်းသိမ်းစောင့်ရှောက်ရသူပါ ။ အရာရှိများသာ တည်းခိုလေ့ရှိသော
ရိပ်သာဖြစ်၍ အစဉ်အမြဲ ဖွင့်ထားရခြင်း မရှိပေ ။ လူမရှိလျှင် ဦးဘချစ် စောင့်ရှောက်ရပြီ
။ ထိုအခါ စောစောက ကျွန်မနှင့်ဆုံခဲ့သော သတ္တဝါလေးက သူ့ကို လည်း လာကျီစယ်စမြဲ ။ စိတ်အနှောင့်အယှက်ဖြစ်ရုံ
စနောက်ကျီစားသည်ကလွဲ၍ အန္တရာယ်မပေးတတ်သော-ကောင်လေးဟု ထိုသတ္တဝါလေးနှင့်ပတ်သက်ပြီး ဦးချစ်က
ချစ်စနိုးချီးမွမ်းရှာသည် ။
“ အဘလည်း သမီး ပြောသလို ကြုံဖူးတယ်ကွယ် ။ အဘအထင်တော့ အဲဒီအကောင်လေးက မှင်စာလေးပဲ
ဖြစ်လိမ့်မယ် ။”
“ ဘယ်လို … ဘယ်လို … အဘရယ် ။ မှင်စာ ဟုတ်လား ။ မှင်စာဆိုတာ ဘာလဲဟင် ။”
“ မှင်စာဆိုတာ ကလေး သေပြီး မကျွတ်လို့ သရဲဖြစ်နေတာကို ခေါ်တာလို့ထင်တာပဲကွယ့်
။ ကလေးသရဲဆိုပါတော့ ။ ဒါပေမယ့်
ကုသိုလ်ကံဆိုးတော့ အဲဒီဘဝမှာ မကျွတ်ဘဲ မကောင်းဆိုးဝါးလို
ပုံဆိုးပန်းဆိုးနဲ့ ပြိတ္တာဖြစ်နေတဲ့သဘောပေါ့ ။”
“ သြော်…အဲဒီလိုလား ။ ဖြစ်မှဖြစ်ရလေနော် ။”
အဘချစ် ရှင်းပြသဖြင့် ထိုအကောင်လေးကို
မျက်လုံးထဲတွင် ပြန်မြင်ယောင်မိပေမယ့် ကြောက်စိတ်မရှိတော့ဘဲ စိတ်မကောင်းဖြစ်ရ ပြန်သည်
။ သူ့ခမျာ ကျွန်မ မောင်လေးအရွယ်သာ ရှိလိမ့်ဦးမည်ထင်သည် ။ သူလည်း ပျော်ချင်ရှာမှာပေါ့
။ ကျွန်မနှင့် ဆော့ချင်၍ လာဆိတ်ဆွဲခြင်းသာဖြစ်လိမ့်မည် ။
အကယ်၍ အမျှပေးဝေလျှင်
ကျွတ်လွတ်နိုင်သည်ဟု ထိုစဉ်ကသာ ကျွန်မ နားလည်ခဲ့ပါလျှင် ထိုမှင်စာလေး ကျွတ်လွတ် စေဖို့
အဘချစ်ကို ဆွမ်းကပ်၍ အမျှပေးဝေရန် အလှူငွေပေးကာ တောင်းဆိုခဲ့ဦးမည်သာ ။ (ထိုစဉ်က ကျွန်မ
ဗဟုသုတပိုင်း အားနည်းခဲ့ပါသည်) ယခုမူ ထိုသို့ မသိခဲ့သောကြောင့် မှင်စာလေးကို သနားရုံမှလွဲပြီး
ဘာမှ မလုပ်ပေးခဲ့မိပါ ။
ကာလတွေ ကြာမြင့်ခဲ့ပြီ
။ ယခုဆိုလျှင် ထိုအဆောင်ကြီးပင် ရှိတော့မည် မထင် ။ အစစအရာရာ ပြောင်းလဲကုန်ပြီဖြစ်ရာ
ယခုလောက်ဆို ကျွန်မနှင့် တူတူရေ-ဝါး-ဆော့ကစားခဲ့သော
ထိုမှင်စာလေးသည်လည်း ကျွတ်လွတ်သွားလောက်ပြီ ၊ ကောင်းမြတ် ရာဘုံဘဝသို့ ရောက်ရှိသွားလောက်ပြီဟု
မျှော်လင့်မိပါတော့သည် ။
(ဇာတ်လမ်းပြောပြသူ-အန်တီပြုံးအား ကျေးဇူးတင်ရှိရင်း
…)
( 5/5/2016 8:05PM Thursday )
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။