(၂၀၁၆-ဇန်နဝါရီလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရသော ဝတ္ထုတိုဖြစ်ပါသည်)
---------------------------------------------------------------------------------------------
“ သေလွန်ပြီးနောက်
ထိုသေသူသည် လောဘ ဒေါသ မောဟ အာဃာတ…စသောအတွယ်အတာများကြောင့် မကျွတ်
မလွတ်ဖြစ်ကာ ဝိညာဉ် တစ္ဆေဘဝဖြင့် တည်ရှိနေနိုင်သည်ကို
စာဖတ်သူ ယုံကြည်ပါသလား ။…”
အနောက်တိုင်းနိုင်ငံများတွင် ရှေးယခင်ခေတ်များက တစ္ဆေသရဲနာနာဘာဝတည်းဟူသောပရလောကသားများကို
လက်ခံယုံကြည်ခြင်း မရှိခဲ့ကြပါ ။ လူ့ဘဝမှ သေဆုံးသွားပါက သံသရာလည်ပတ်ခြင်းမရှိဘဲ လုံးဝဥဿုံပြီးဆုံးသွားပြီ
၊ ကောင်းကင်ဘုံသို့ တက်လှမ်းသွားကြပြီဟု အယူရှိကြသောသူတို့သည် နောင်တမလွန်ဘဝရှိခြင်းအပေါ်
ငြင်းဆန်ခဲ့ကြ သည် ။ တစ္ဆေသရဲဝိညာဉ်ကောင်များကို ကြောက်စိတ်က လှည့်စား၍ တဒင်္ဂထင်ယောင်ထင်မှားဖြစ်ခြင်းဟူ၍
သတ်မှတ်ခဲ့ ကြသည် ။ သို့သော်…ယနေ့ခေတ်အခါ၌တော့ အရှေ့တိုင်းသုတေသီများထက်ပင် ထိုပရလောကနယ်ပယ်ဘက်ကို
ပို၍စိတ်ပါဝင်စားမှု ထက်သန်လာသည်ကို တွေ့မြင်နေရပါပြီ ။
စာရေးသူသည် ထိုဝိညာဉ်တစ္ဆေတို့နှင့်ပတ်သက်၍ ငယ်စဉ်ကတည်းက
စိတ်ပါဝင်စားမှုထက်သန်သူဖြစ်သည် ။ တစ္ဆေသရဲဆိုတာ လူတို့စိတ်၏လှည့်စားမှုလား ၊ သို့မဟုတ်
အမှန်တကယ် တည်ရှိနေကြသော အခြားလောကသားများ လား ။ ထိုမေးခွန်း၏အဖြေကို သိချင်စိတ်ပြင်းပြခဲ့သည်ကြောင့်
မိဘဆွေမျိုးမောင်နှမသူငယ်ချင်းများကိုလည်းကောင်း၊ နီးစပ်ရာ လူကြီးသူမအဘိုးအဘွားများကိုလည်းကောင်း၊
လေ့လာသွားရောက်ခဲ့သည့်ဒေသများမှ ဒေသခံလူအများကိုလည်း ကောင်း၊ ကြုံကြိုက်လျှင် ကြုံကြိုက်သလိုမေးမြန်းစပ်စုခဲ့ရာမှ
အထက်ပါပုဒ်စာ၏“အဖြေ”ဟုခေါ်ဆိုရန် မလွယ်သော်လည်း နီးစပ်သော ဖြစ်ရပ်ဆန်းများကိုမူ ကြားနာမှတ်သားခဲ့ရပါ၏
။
လေထဲက ဖေဖေ့အင်္ကျီ
ဤအကြောင်းကို စာရေးသူနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော
စာရေးဆရာတစ်ယောက်က ရင်ဖွင့်ပြောပြခဲ့ခြင်းဖြစ်သည် ။ ထိုသူမှာ အသက်(၆၀)ကျော်အရွယ်ရှိပြီး
ဘာသာတရားကိုလည်း အတော်အတန် လေးနက်ကိုင်းရှိုင်းသူဖြစ်သောကြောင့် လိမ်ညာလှည့်ဖျားကာ
ပြောဆိုခဲ့ခြင်း ဟုတ်မည်မထင်ပါ ။ နောက်ပြီး သေဆုံးသွားသောဖခင်ဖြစ်သူ တစ္ဆေဖြစ်နေသည့်အ
ကြောင်းကို မည်သည့်သားသမီးကမျှ ဇာတ်လမ်းဆင်ကာ လုပ်ကြံပြောဆိုလိမ့်မည် မဟုတ် ။
ထိုသူ၏နာမည်ကိုတော့ ဦးစံပဲ ဆိုကြပါစို့ ။ ဦးစံ၏ဖခင်က
လွန်ခဲ့သောခြောက်လက အဆုပ်ကင်ဆာရောဂါဖြင့် ဆုံးပါး သွားခဲ့ပြီဖြစ်သည် ။ ဖခင်ကြီး ဆုံးပါးသွားသည့်အခါ
ဦးစံက မြန်မာ့ရိုးရာဓလေ့အတိုင်း(၇)ရက်ပြည့်သည့်အခါ ဘုန်းကြီးငါးပါး ပင့်ပြီး ဆွမ်းဆပ်ကပ်ကာ
အမျှပေးဝေခဲ့သည် ။ ဦးစံက ဖခင်ကြီးကို အစွဲအလန်းရှိလိမ့်မည်မထင်သဖြင့် ကျွတ်လွတ်သွားပြီ
ဟု ယူဆထားခဲ့၏ ။ သို့သော်…
ခြောက်လမြောက်သောထိုနေ့က တစ်အိမ်လုံးတွင် ဦးစံတစ်ယောက်တည်း
ရှိနေသည် ။ ဦးစံက လူပျိုကြီးဖြစ်သည်မို့ မိဘ များနှင့်အတူ နေထိုင်နေသောသူဖြစ်သည် ။
ယခုတော့ ဖခင်ကြီး ဆုံးပါးသွားပြီဖြစ်၍ မိခင်နှင့်သာ အတူနေထိုင်နေသည် ။ ထိုနေ့က မိခင်ကြီးမှာ
ဦးစံ၏ညီမဖြစ်သူဆီသို့ အလည်အပတ်သွားရောက်နေသောအခိုက်ဖြစ်၏ ။
“ ဟင်…”
မီးဖိုချောင်မှထွက်လျှင်ထွက်ချင်း
မြင်တွေ့လိုက်ရသည့်မြင်ကွင်းက ဦးစံကို မင်သက်ငေးမောသွားစေပြီ ။ မီးဖိုချောင်က ဖခင်ကြီး
နေထိုင်အိပ်စက်ခဲ့သောအခန်းနှင့် တတန်းတည်းဖြစ်သည် ။ ဖွင့်ထားသောတံခါးမှနေ အထဲကို ရှင်းရှင်းလင်းလင်း
တွေ့မြင်နေရသည် ။ အခန်းမှာ လျှပ်စစ်မီး ထွန်းညှိထားသောကြောင့် လုံလောက်သည့်အလင်းရောင်ဖြင့်
ထိန်လင်းနေ၏ ။
ဖခင်ကြီး အစဉ်အမြဲဝတ်ဆင်ခဲ့သော သိုးမွေးအင်္ကျ
ီအနွေးထည်ကြီးသည် ကုတင်ပေါ်၌ လဲလျောင်းနေရာမှ လေထဲသို့ ဖြည်းဖြည်းချင်း မြောက်တက်လာသည်
။ မြောက်တက်လာပုံမှာ တစ်စုံတစ်ယောက်က ဖြည်းဖြည်းညင်ညင် ဆွဲတင်နေ သည့်ပုံစံမျိုး…။ ဦးစံခမျာ
မြင်တွေ့နေရသည့်မြင်ကွင်းအပေါ် အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည် ။
လေးလံထူထဲလှသောသိုးမွေးအင်္ကျီကြီးက လေထဲသို့ လူတစ်ရပ်နီးပါး မြင့်တက်သွားခဲ့ပြီးနောက်
လေထဲတွင် သုံး/လေး/ ငါးပတ် ဝေ့ဝဲလိုက်သေး၏ ။ ထို့နောက် ဖြည်းဖြည်းချင်း ပြန်ဆင်းသွားကာ
စောစောကအတိုင်း ကုတင်ပေါ်၌ လဲကျငြိမ်သက် သွား၏ ။
ထိုဖြစ်ရပ်အပေါ် ဦးစံတစ်ယောက် နားမလည်နိုင် ။
လေထဲတွင် ဝေ့ဝဲပျံတက်သွားသော ဖခင်ကြီး၏သိုးမွေးအင်္ကျီ ။ အသက်မပါသောသိုးမွေးအင်္ကျီကတော့
လေထဲသို့ ပျံတက်ရန်အတွက် ဘုရားရှင်ထံ တောင်းဆုပြုလိမ့်မည်မထင်ပေ ။ ဤ သို့ဆိုလျှင် ဤအင်္ကျ
ီကို မမြင်ရသူတစ်ဦးတစ်ယောက်က ပင့်မြှောက်လိုက်ခြင်းသာဖြစ်မည်ဟု ဦးစံ ယူဆမိသည် ။ များ
မကြာခင်တွင် မိခင်ကြီးက ဖခင်ကြီး မကျွတ်လွတ်သေးကြောင်း အိပ်မက်မက်လေ၏ ။ ထိုအခါမှ အချင်းအရာနှစ်ခုကို
ဆက် စပ်တွေးကြည့်ရင်း “လေထဲက ဖေဖေ့အင်္ကျီ”အကြောင်းကို ဦးစံတစ်ယောက် သဘောပေါက်သွားတော့သည်
။
ဆာလွန်းလို့ မုန့်ကျွေးပါဦး
ဤဖြစ်ရပ်ကတော့ စာရေးသူ၏အဘိုးကိုယ်တိုင် တွေ့ကြုံခဲ့ရသော
ဝိညာဉ်ဆက်သွယ်မှုဇာတ်လမ်းတစ်ခု ဖြစ်၏ ။ ထိုဖြစ်ရပ်သည် ဇင်းကျိုက်မြို့ လယ်ယာမြေကွက်များ(လယ်ကွင်းများ)အနီး၌
အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။ ကာ လအားဖြင့်တော့ နှစ်အစိတ်(၂၅နှစ်)နီးပါး ကြာမြင့်ခဲ့လေပြီ
။ ထိုစဉ်က ပေါင်မြို့နယ်ရှိဇင်းကျိုက်ဒေသလေးသည် မြို့မဟုတ် သေး ။ စံပြကျေးရွာမျှသာ
ရှိသေးသည် ။ ဇင်းကျိုက်ဒေသနေ ပြည်သူအများကလည်း လယ်ယာလုပ်ငန်းများဖြင့် ဝမ်းစာ ကြောင်းနေကြသည့်ကာလ
။ စာရေးသူ၏အဘိုးသည်လည်း ထိုအထဲမှ တစ်ယောက်အပါအဝင် ။
မအိမ်ကြူနှင့် တွေ့ဆုံမည့်ထိုနေ့က လယ်ကွင်းထဲသို့
(စာရေးသူ၏)အဘိုး တစ်ယောက်တည်း ဆင်းသွားခဲ့သည် ။ ရွာနှင့်လယ်ကွင်းသို့ သွားချည်ပြန်ချည်
ကူးလူးနေသောအဘိုးအဖို့ ဤသည်မှာ အဆန်းမဟုတ် ။ ယူစရာရှိသည်များကို ယူ၊ လုပ်စရာရှိသည်များကိုလုပ်ကိုင်အပြီး
လယ်ထဲသို့ အဖော်မပါဘဲ အဘိုးတစ်ယောက်တည်း ဆင်းလာခဲ့၏ ။
အဘိုးတို့ လယ်တဲသို့မရောက်မီ တစ်မိုင်အကွာလောက်၌
စိမ်းညို့ညို့လမုတောအုပ်လေးတစ်ခုရှိသည် ။ ရေစပ်စပ် ချုံစပ်စပ်နှင့် အုပ်ဆိုင်းစိမ်းညို့နေသောထိုလမုတောအုပ်လေးအနား၌
စေတနာရှင်ရွာသားတစ်စု မ,တည်လှူဒါန်းထားသော သောက်ရေအိုးစင်လေးရှိသည် ။ အဘိုးလည်း မောမောရှိသည်နှင့်
သောက်ရေအိုးကရေကို တဝကြီးသောက်ပစ်ရင်း ရွာမှ ပါလာသောမုန့်ထုပ်ကို ဖောက်ကာ ဘီစကွတ်နှစ်ချပ်
ဝါးလိုက်၏ ။ ထိုစဉ်…
“ ဦး…ဦး…ကျွန်မကိုလည်း ကျွေးပါဦး ။ ဆာလွန်းလို့ပါ
ဦးရယ် ။”
ဟူသောအသံကို
ပြတ်ပြတ်သားသားကြီး ကြားလိုက်ရသည် ။ ချက်ချင်းဆိုသလို စိတ်ထဲသင်္ကာမကင်းဖြစ်၍ ပတ်ဝန်းကျင်
သို့ ဝေ့ဝဲကြည့်လိုက်တော့ အဘိုး၏အနီးအနားတွင် လူတစ်ဦးတစ်ယောက်မျှ မတွေ့ရ ။ တစ္ဆေချောက်နေမှန်း
အဘိုး သိ လိုက်ပြီ ။ ကြောက်တတ်သူသာဆို…နေရာမှနေ သုတ်ခြေတင်ပြေးလိမ့်မည်သာ ။ အဘိုးကတော့
အသက်အရွယ်လည်း အတော်အတန်ရနေ ၊ ဘာသာတရားကလည်း ကိုင်းရှိုင်းလိုက်စားထားလေတော့ တစ္ဆေသရဲအပေါ်
ကြောက်လန့်ခြင်းမရှိ ဘဲ…
“ ဟဲ့…နင် ဘယ်သူတုံး ။”
ဟု
ခပ်အေးအေးမေးလိုက်၏ ။
“ ဦး…ကျွန်မ မိအိမ်ကြူလေ ။ ဦးတို့တဲနဲ့ကပ်လျက်က
မိအိမ်ကြူပါ ။ ဒေါ်မြသင်ရဲ့တူမပါ ။”
ထိုအခါမှ
လွန်ခဲ့သောနှစ်နှစ်ကျော်က မီးမဖွားနိုင်၍ လယ်တဲ၌ဆုံးပါးသွားခဲ့သော ဖိုးငို၏မိခင်မအိမ်ကြူဖြစ်နေမှန်း
အဘိုး သိ
လိုက်ရသည်
။ စိတ်မကောင်းလည်း ဖြစ်မိသည် ။
“ ဟဲ့…မိအိမ်ကြူ နင် သေတာကြာပြီလေ ။ ဒီနားမှာ ဘာလုပ်နေတာလဲ
။ နင် သာဓုမခေါ်ဘူးလား ။”
ဟု
အဘိုးက မေးတော့ မအိမ်ကြူက…
“ ကျွန်မ မသွားနိုင်သေးလို့ပေါ့ ဦးရယ် ။ သားလေးဖိုးငို
ရှင်ပြုပြီးမှပဲ ကျွန်မ သွားနိုင်မယ် ။ သားလေး မွေးလာကတည်းက
ကျွန်မ ရည်ရွယ်ထားခဲ့တဲ့ကိစ္စလေ ။ ဒီကိစ္စမပြီးသေးဘဲ
ကျွန်မ မသွားနိုင်သေးပါဘူး ။”
“ အယ်…နင်ဟာလေ ။ အစွဲအလန်းကြီးလိုက်တာ ။ အခု…အဆင်ပြေလား
။ နင့်လည်း ငါ မမြင်ရပါလား ။”
“ ဘယ်အဆင်ပြေပါ့မလဲရှင် ။ အစားအသောက်လည်း ဆင်းရဲလိုက်တာ
မပြောပါနဲ့တော့ ။ ဘယ်တုန်းက တစ်ခါစားခဲ့ရ
သလဲတောင် မမှတ်မိတော့ဘူး ။ အခုလည်း သိပ်ဆာလွန်းလို့
ဦးကိုတွေ့တာနဲ့ လာတောင်းမိတာပါ ။ ကျွန်မရဲ့ရုပ်ကို
တော့ မပြပါရစေနဲ့ ။ ကြောက်စရာကောင်းလွန်းလို့
အသံလေးပဲ ပေးရတာပါ ။ ဒါတောင် အသံကြားပြီး ထွက်ပြေးသွား
တဲ့သူက အများသားရယ် ။ ကျွန်မရဲ့ယောက်ျားတောင်
ပါ,ပါသေးရဲ့ ။”
“ သြော်…ဝဋ်ကြီးပါပေ့ သူငယ်မရယ် ။ ကဲ…ကဲ…ရော့…ရော့…နင်
အကုန်သာစား ။”
ဟုဆိုပြီး
အဘိုးလည်း လက်ထဲကဘီစကွတ်ထုပ်ကို ကျောက်တုံးပေါ် တင်ပေးလိုက်သည် ။ ဘီစကွတ်များသည် မည်သူမျှ
လာယူစားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု လျော့,လျော့သွားသည်ကို တွေ့ရ၏ ။ နောက်ပိုင်းတွင်
ထိုနားသို့ အဘိုး ဖြတ်သွား တိုင်း မအိမ်ကြူအတွက် တစ်ခုမဟုတ်တစ်ခု ချကျွေးခဲ့စမြဲ ။
မောင်ဖိုးငို ရှင်ပြုပြီးနောက်ဝယ် ထိုနေရာသို့ ဘီစကွတ်မုန့်သွား ချသည့်အခါ ဘီစကွတ်မုန့်များ
ပျောက်ကွယ်သွားခြင်းမရှိတော့သည်ကိုတွေ့ရ၍ မအိမ်ကြူတစ်ယောက် ကျွတ်လွတ်သွားပြီ ဖြစ်ကြောင်း
သိလိုက်ရ၏ ။
နှုတ်ဆက်ခြင်းပေလား
ဒါကတော့ စာရေးသူတို့မိသားစု၏ကိုယ်တွေ့အဖြစ်အပျက်တစ်ခုပါ
။ စာရေးသူတို့တစ်အိမ်သားလုံး သို့လောသို့လော ဖြင့် ဝေခွဲရခက်ခဲ့သည့် ဖြစ်ရပ်မှန်ကိစ္စတစ်ခု
။ ထိုကိစ္စ မဖြစ်ပွားခင်နှစ်ရက်အလိုက စာရေးသူထံသို့ ဖုန်းကော(phone call) ဝင်လာ၍ ကောက်ကိုင်လိုက်သည့်အခါ
စာရေးသူ၏ဒေါ်ငယ်လေးဖြစ်နေသည် ။ ဒေါ်ငယ်လေးက…
“ နှင်းပွင့်ရေ…နင်တို့အဘွား ဆေးရုံတင်ထားရတယ်
။ အခုထိ သတိမရသေးဘူး ။”
ဟု
ငိုသံပါကြီးနှင့်ဆို၍ စာရေးသူတို့မိသားစုလည်း မုံရွာသို့ ရောက်ရှိနေရာမှ ချက်ချင်းပင်
ရန်ကုန်သို့ ပြေးလာခဲ့သည် ။ စာ ရေးသူ၏အဘွား(အမေ့အမေ)က အသက်(၈၅)နှစ်အရွယ်ရှိပြီဖြစ်ပြီး
သူမ၌ သွေးတိုးနှင့်နှလုံးရောဂါတို့ရှိ၍ အစစအရာရာ ဂရုစိုက်နေသည့်ကြားမှာ ရောဂါဖောက်လာသောကြောင့်
ယခုကဲ့သို့ ဆေးရုံတင်လိုက်ရခြင်းဖြစ်သည်(ဟု အတူနေသူဒေါ် ငယ်လေးက ပြောပြခဲ့သည်)
သတိလစ် မေ့မြောနေသောအဘွား၏ခန္ဓာကိုယ်တွင် အောက်ဆီဂျင်ပိုက်များ
၊ ဒရစ်ချိတ်ထားသောကြိုးများဖြင့် ရှုပ် ယှက်ခတ်နေသည် ။ ငယ်စဉ်က ဖြူဖွေးတင်းရင်းခဲ့သောလက်ဖမိုးလေးတွင်လည်း
အပ်ပေါက်ရာတို့ ပလပွဖြစ်နေ၍ နပ်စ်မ လေးက ရေခဲကပ်ပေးနေလေ၏ ။ စာရေးသူလည်း ထိုအခါမှပဲ
ဆေးရုံတစ်ခု၏အရေးပေါ်ခန်းထဲသို့ ရောက်ရှိဖူးတော့သည် ။ သေလုမြောပါဝေဒနာရှင်များ ၊ နာကျင်အော်ညည်းနေသောဒုက္ခသည်များ
ပြည့်နှက်နေသဖြင့် စိတ်နှလုံး နောက်ကျိချင်စရာ ပါလားဟုခံစားမိသည် ။
ဆရာဝန်များက အဘွားကို မီးစာကုန် ဆီခန်းသွားခဲ့ပြီ
၊ လက်လျှော့လိုက်ရပြီ ၊ သေမင်း လာခေါ်ချိန်ကို ထိုင်စောင့် နေရပြီဟု စိတ်မကောင်းသောမျက်နှာများဖြင့်
အသိပေးအကြောင်းပြန်ခဲ့၍ စာရေးသူတို့အားလုံးလည်း ငိုသူကငို ၊ အံကြိတ် သူက ကြိတ်နှင့်
။ စာရေးသူ၏ကြီးဒေါ်ကြီးက သေခါနီးလူ၏အနားတွင် မငိုသင့်ကြောင်း သတိပေးတော့မှ အားလုံးလည်း
အခန်းအပြင်သို့ အလျှိုလျှိုထွက်ငိုကြသည် ။ လှပသာယာသောနေ့လယ်ခင်းကလေးသည် ပရိဒေဝလောင်မီးများကြောင့်
ခဏအတွင်း ညစ်နွမ်းသွားခဲ့သည် ။
အသက်မပျောက်ခင်အချိန်ထိ ညီအစ်မသုံးယောက် တစ်ယောက်တစ်လှည့်စီ
စောင့်ပေးကြရန် ဆုံးဖြတ်ခဲ့သည် ။ ည (၁၀)နာရီထိုးသည့်အခါ ဒေါ်ငယ်နှင့်သူ့အမျိုးသား စောင့်ရမည့်အလှည့်ဖြစ်၍
ကျန်အိမ်သားအားလုံး ဆေးရုံနှင့်အနီးဆုံးဖြစ် သောအဒေါ်ကြီး၏နေအိမ်သို့ လိုက်ခဲ့ကြသည်
။ ဆွေမျိုးအားလုံး ဒေါ်ကြီး၏အိမ်တွင်သာ စုဝေးနေကြခြင်းဖြစ်သည် ။ သို့မှ သာ သတင်းတစ်ခုခုကြားသည်နှင့်
အပြေးသွားရောက်နိုင်မည်ဖြစ်သည် ။
အားလုံးလည်း တစ်နေ့တာလုံး စိတ်ပန်း ၊ လူပန်းရှိခဲ့သောကြောင့်
လူနာအတွက် သောကပွေနေသည့်ကြားမှပင် အား လုံး အသီးသီးအိပ်ပျော်သွားခဲ့ကြသည် ။ ကြီးဒေါ်ကြီး၏အိမ်က
အခန်းကန့်မထားသော တိုက်ခန်းကျယ်ကြီးဖြစ်၍ ပါကေး ခင်းထားသောကြမ်းပြင်တွင် ဖျာထပ်ခင်းကာ
ခြင်ထောင်ထောင်ပြီး သည်အတိုင်း တိုးဝှေ့အိပ်ကြသည် ။
“ ဖလပ်…ဖလပ်…”
စာရေးသူတို့ခြင်ထောင်ကို
တစ်စုံတစ်ယောက် လာပုတ်နေသကဲ့သို့ ဖလပ်ဖလပ်အသံထွက်နေ၍ စာရေးသူလည်း အိပ်ပျော် နေရာမှ
ခြင်ထောင်အမိုးကို မော့ကြည့်လိုက်မိသည် ။
“ ဟာ…”
စိတ်ထဲက
ထိုသို့ရေရွတ်လိုက်မိသည်ထင်၏ ။ မြင်တွေ့လိုက်ရသည်မှာ ခြင်ထောင်အမိုးသည် မည်သူတစ်ဦးတစ်ယောက်မျှ
ပုတ်ခတ်နေခြင်းမရှိဘဲ (တစ်စုံတစ်ယောက် ပုတ်ခတ်နေသကဲ့သို့) သူ့အလိုလို အထက်အောက် နိမ့်ချည်မြင့်ချည်ဖြစ်နေ
သည် ။ ထိုမြင်ကွင်းကို စာရေးသူတစ်ယောက်တည်း တွေ့မြင်ရခြင်းမဟုတ်ဘဲ စာရေးသူ၏မိခင်လည်း
တွေ့မြင်ခဲ့သည် ။ ထိုကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြစ်နေသောခြင်ထောင်အမိုးကို ငေးကြည့်ရင်း
အံ့အားသင့်လျက်ရှိစဉ်…
“ ခလွမ်…ခွမ်း…”
ဟူသောအသံနှစ်သံကို
ကြားလိုက်ရပြီးနောက် တစ်ခန်းလုံး လန့်နိုးကုန်ကြကာ ရုတ်ရုတ်သဲသဲဖြစ်သွားသည် ။ အိမ်ရှင်ဖြစ်
သူကြီးဒေါ်ကြီးက တစ်ခန်းလုံးမီးများကို ထဖွင့်လိုက်ပြီး…
“ ဟယ်တော်…မိနက်ကတော့ တော်တော်ဆိုးတာပဲ ။”
ဟု
ရေရွတ်လိုက်သံကို ကြား၏ ။
စားပွဲအလယ်မှာ ကြွေကော်ဖီခွက်လေးသည် (သူ့)နဘေးမှရေခရားကိုကျော်လွန်ကာ
ပြုတ်ကျသွားခဲ့ခြင်းဖြစ်ပါ၏ ။ ကြီးဒေါ်ကြီးကတော့ သူ့ကြောင်မမိနက်၏လက်ချက်ဟုထင်ကာ ကြောင်မကို
အော်ဟစ်ဆူဆဲလျက်ရှိပေမဲ့ စာရေးသူ၏စိတ် ထဲ တွေးထင်လိုက်မိသည်က ခန္ဓာမှ အပြီးအပိုင်ထွက်ခွာသွားခဲ့ပြီဖြစ်သော
အဘွား၏ဝိညာဉ်က လာရောက်နှုတ်ဆက်ခြင်း ဖြစ်မည်ဟူ၍ ။ နာရီကို မော့ကြည့်လိုက်တော့ ဆယ့်နှစ်နာရီခွဲလုတော့မည်
။
“ ကလင်...ကလင်…”
ဖုန်းမြည်သံကြားလိုက်ရသည့်အခါ
တစ်အိမ်သားလုံး သဘောပေါက်သွားခဲ့ပြီ ။ ထင်သည့်အတိုင်း ဒေါ်ငယ်လေးက အဘွား အသက်ကုန်သွားပြီဖြစ်ကြောင်း
ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်၏ ။ ထိုသို့ဆိုလျှင်…စောစောက ခြင်ထောင်ကို လာ၍ ပုတ်ခတ်ခြင်း
၊ ကော်ဖီခွက်ကျကွဲခြင်းများသည် အဘွားဖြစ်သူ လာရောက်နှုတ်ဆက်ခြင်းများ ဖြစ်လေမလားဟု
စာရေးသူ တွေးထင်နေမိပါတော့သည် ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။