Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

လူတစ်ယောက်နှင့်နွားတစ်ကောင်



             

လူတစ်ယောက်နှင့်နွားတစ်ကောင်


( ၂၀၁၄ ဧပြီလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )

 

ရေးသူ - ဂါဦးနွန်းကို


--------------------------------------------------------------------------------


              “ မောင်သောင်းရေ…အရက်တစ်ပုလင်း မြန်မြန်ချကွာ…မြန်မြန် မြန်မြန်…”
   “ ကိုစံမြကြီးကတော့ ညနေစောင်းလူကျချိန်ဆို လုပ်ပြီ ။ တစ်နေကုန်သောက်လည်း ၀,မ၀နိုင်ဘူးတော် ။ ခဏပဲ
      စောင့်…။ မောင်သောင်း …ကိုစံမြကြီးကို အရင်ချပေးလိုက် ။”
   “ မယ်တုတ် နင် မသိပါဘူး ။ အသာနေစမ်းပါ…။ မောင်သောင်း…မင်း အားတဲ့အချိန်ကျရင် လာခဲ့စမ်းပါဦးကွာ ။
      ငါ ပြောစရာရှိလို့ပါ ။ ငါ…ပြော…ပြောမှဖြစ်မယ် ။ နို့မဟုတ်ရင် ငါ ကြောက်လို့သေလိမ့်မယ် ။”
    “ ကဲ…ကဲ…ကိုစံမြ ကျွန်တော် အားတယ် ။ ပြော…ပြော…ဘာပြောမလို့လဲ ။”
    “ ခဏ…ခဏ…ငါ နည်းနည်းမော့လိုက်ဦးမယ် ။…အေ့…။ အမလေး…အခုမှပဲ နည်းနည်းအကြောက်ပြေတော့
      တယ် ။ ငါ…ငါ ပြောတဲ့အကြောင်းကို မင်း ယုံမှာတော့ မဟုတ်ဘူး ။ ဒါပေမဲ့…ငါက ကိုယ်တိုင်ကြုံခဲ့ရတဲ့သူဆို
      တော့ ငါ အမြင်မှားတာမဟုတ်မှန်း ငါသိတယ် ။ ငါ နည်းနည်းမူးနေတယ်ထားဦးတော့ ။ ဒီလောက်ကြီး အမြင်
      မှားစရာအကြောင်း မရှိဘူး ။ လူတစ်ယောက်နဲ့နွားတစ်ကောင်လုံး……အိုကွာ ! ငါ အမြင်မမှားသေးဘူး ကိုယ့်
      လူ ။ ခုတော့ကွာ…အမလေး… ကြည့်စမ်းပါဦး ။ ပြန်တွေးတာနဲ့တင် ငါ့လက်နှစ်ဖက်လုံး ကြက်သီးတွေ တဖြန်း
      ဖြန်းထနေပြီ ။”
     “ ကဲ…ဟုတ်ပါပြီ ကိုစံမြရယ် ။ ကျွန်တော် ကိုစံမြကို ယုံပါတယ် ။ ကိုစံမြ ဘာဖြစ်ခဲ့သလဲသာ ခပ်မြန်မြန် ပြော
       စမ်းပါ ။ ကျွန်တော်လည်း ပြီးရင် အလုပ်လုပ်ရဦးမှာ ။”
     “ အေးကွာ…မင်း ယုံယုံ မယုံယုံ ငါတော့ ပြောမှာပဲ ။ ဒီလိုကွ…သရဲခြောက်တယ်လို့ ရွာထဲမှာ သတင်းကြီးနေ
       တဲ့ နှစ်ချို့မန်ကျည်းပင်ကြီးလေကွာ ။ အဲ့ဒီ့မန်ကျည်းပင်ကြီးမှာ သရဲခြောက်တယ် ပြောကြလွန်းလို့ ငါ မယုံ
       တာနဲ့ စမ်းကြည့်မယ်လို့ တွေးပြီး စောစောကတင် ဒီအရက်ဆိုင်ကနေ အဲ့ဒီ့မန်ကျည်းပင်ကြီးဆီကို ငါ တစ်
       ယောက်တည်း ထွက်သွားခဲ့တာပဲ မောင်သောင်းရာ ။”
ÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙ
             အရက်ဆိုင်မှ ထွက်လာသော ကိုစံမြ၏ဒယိမ်းဒယိုင်ခြေလှမ်းတွေက ရွာထိပ်မှ နှစ်ချို့မန်ကျည်းပင်ကြီး
ဆီသို့ ဦးတည်လာခဲ့သည် ။ အရက်ဆိုင်ကလည်း ရွာအစွန်ကျသည်မို့ ထိုမန်ကျည်းပင်ကြီးနှင့် သိပ်မဝေးလှ…။
ခပ်သုတ်သုတ်လျှောက်မည်ဆိုလျှင် ဆယ့်ငါးမိနစ်လောက်ရယ်သာ ။ ကိုစံမြ၏ခြေလှမ်းတွေကတော့ ခပ်သုတ်
သုတ် မဟုတ် ၊ ခပ်လှုပ်လှုပ်မျှသာဖြစ်၍ နာရီဝက်နည်းပါးမျှအကြာတွင် မန်ကျည်းပင်ကြီးအား ထင်ထင်ရှားရှား
မြင်ရသည့်နေရာသို့ ကိုစံမြ ရောက်ရှိလာတော့၏ ။
        ကိုစံမြ မန်ကျည်းပင်ကြီးကို လှောင်တေ့တေ့မျက်နှာပေးနှင့် လှမ်းကြည့်ရင်း ခါးကြားက အရက်ပုလင်းကို
ထုတ်ကာ တစ်ချက်မော့လိုက်သည် ။ ရဲဆေးတင်သောသဘောမျိုး မဟုတ်…။ အရက်သမားသဘာဝ အရက်မော့
သောက်ရုံမျှသာ ။ ရဲဆေးတင်ရလောက်အောင် ထိုမန်ကျည်းပင်ကြီးနှင့် ပတ်သက်သောသတင်းမှန်သမျှ ကိုစံမြ
မယုံကြည်…။ အချို့ရွာသားများက ပြောကြရဲ့…။ ထိုမန်ကျည်းပင်ကြီးသည် ဤရွာ မတည်ခင် နှစ်ပေါင်းတစ်ရာ
ကျော်ကတည်းက ရှင်သန်တည်ရှိနေခဲ့ခြင်းဖြစ်၍ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သည့်မကျွတ်လွတ်သေးသော
လူများ ကပ်ညှိနေထိုင်နေကြသည်ဟု ဆိုကြ၏ ။ ကိုစံမြကတော့ ထိုစကားတွေကို နည်းနည်းမျှ မယုံ…။
         အရက်ဝင်သွား၍ ကိုစံမြ၏မျက်နှာ နီမြန်းရဲတက်လာသလို လေတွေလည်း ပျို့အန်ထွက်လာသည် ။ လေ
တအေ့အေ့တက်ရင်း မန်ကျည်းပင်ကြီးအနီးသို့ ကိုစံမြ ချည်းကပ်လာလိုက်၏ ။ မန်ကျည်းပင်ကြီးသည် ညနေ
လိမ္မော်နုရောင်ခြည်အောက်တွင် ခန့်ထည်ရင့်ကျက်စွာ တည်ရှိလျက် ရှိသည် ။ ဖားဖားဝေညွှတ်ကျဖြာဆင်းနေ
သော သစ်ကိုင်းသစ်ရွက်များအောက်တွင် ပင်စည်သည် ယောက်ျားနှစ်ယောက်ဖက်စာခန့် ကြီးထွားမြင့်မားနေ
သလို အရိပ်ရပုံမှာလည်း အပင်အောက်ဝင်သွားလျှင် နေပြောက်ပင် မထိုးတော့…။
     အပင်ခြေအောက်သို့ ကိုစံမြရောက်တော့ နည်းနည်းမျှ ကြောက်ရွံ့တုန်လှုပ်စိတ် မရှိ…။ ရွာသားတွေကတော့
ဤမန်ကျည်းပင် သရဲခြောက်ပုံကို ပုံစံအမျိုးမျိုး ပြောတတ်ကြ၏ ။ ညနေနေစောင်းချိန် လယ်ကွင်းမှ ပြန်တက်လာ
ခိုက် ဤမန်ကျည်းပင်ကြီးကို လှမ်းကြည့်မိရာ မန်ကျည်းပင်ခြေရင်းတွင် အမွေးမည်းမည်းနှင့် ၀က်ဝံလိုလို မျောက်
ဝံလိုလိုအကောင်ကြီးတစ်ကောင် ရပ်နေသည်ကို မထင်မရှားတွေ့ရကြောင်း ၊ အသေအချာကြည့်လျှင် ပျောက်
သွားကြောင်း ၊ တစ်ခါတစ်ရံ နံနက်စောစော လယ်ကွင်းဆင်းသောသူများမှာ ထိုမန်ကျည်းပင်အောက်တွင် လမ်း
လျှောက်နေသောအဘိုးအိုတစ်ဦးကို တွေ့ကြောင်း ၊ နောက်တစ်ကြိမ် လှည့်ကြည့်လျှင် မရှိတော့ကြောင်း …အို…
ပြောကြသည်မှာတော့ စုံလို့…စုံလို့…။
        ကိုစံမြ ခါးကြားမှ အရက်ပုလင်းကို ဆွဲထုတ်ကာ အပင်ခြေရင်းကို ပက်ဖြန်းလောင်းရန် ဟန်ပြင်လိုက်ပြီးမှ
လက်ကို ပြန်ရုတ်လိုက်မိ၏ ။ မဖြစ်…သရဲက တကယ်ရှိမှန်းမရှိမှန်း မသိ…။ ရှိစေဦးတော့…အရက်သမားသရဲဆို
လျှင် အပင်ကို အရက်နှင့် ပက်ဖြန်းပါက ကျေးဇူးပင် တင်နေဦးမည် ။ ကိုယ်က အရက်လည်း ဆုံး ၊ အကျိုးလည်း
မရှိ ဖြစ်နေချေမည်ဟု ကိုစံမြ တွက်ဆမိ၍ အရက်ပုလင်းကို ခါးကြားပြန်ထိုးထည့်လိုက်ပြီး တစ်ခုခုလုပ်ရန် စဉ်းစား
လိုက်၏ ။
   “ ဟားဟား…အကြံရပြီ ။”
ကိုစံမြ အသံထွက်အောင် အော်ရယ်လိုက်ရင်း ပုဆိုးကို အသာမ,လိုက်သည် ။ ထို့နောက် သစ်ပင်ခြေရင်းတွင် ဆီး
သွားပစ်လိုက်သည် ။ လူကြမ်းလျှင် နတ်ကြမ်းပင် မခံနိုင်…တဲ့ ။ ကဲ…ဒီသရဲဘာခံနိုင်သေးလဲ…ဟု ကိုစံမြ၏အတွေး
ထဲ၌ ကြုံးဝါးပစ်လိုက်သည် ။
       သစ်ပင်ရင်းကို ဆီးသွားပြီးနောက် ကိုစံမြ အရက်တစ်ပုလင်းကုန်သည်အထိ စောင့်ကြည့်နေသော်လည်း
ရွာသားများပြောသော မည်းမည်းအကောင်ကြီးတွေ ၀တ်ဖြူစင်ကြယ်အဘိုးအိုတွေ တစ်ယောက်မျှ ပေါ်မလာချေ ။
ပျင်းလွန်းလို့ ကိုစံမြရဲ့မျက်လုံးတွေ လေးလံထိုင်းမှိုင်းလာပြီ ။ ကြာတော့ ကိုစံမြ စိတ်မရှည်နိုင်…။ အရက်ကလည်း
လက်ထဲ၌ ကုန်သွားပြီ မဟုတ်လား ။
   “ အလကား…သောက်အရူးတွေ ။ အေ့…ဘာသရဲခြောက်တယ်လဲ…။ အရက်သမားတောင် ဘာမှ မမြင်ဘူး ။
     ဒင်းတို့တွေပဲ ကြောက်ချေးပါပြီး တောင်မြင်မြောက်မြင် ဖြစ်နေကြတာ နေမှာ ။”
ကိုစံမြ မကျေမချမ်းနှင့် အယုတ္တအနတ္တတွေ ဆဲဆိုတိုင်းထွာလို့ အားရကာမှ နှစ်ချို့မန်ကျည်းပင်ရင်းမှ အရက်ဆိုင်
ဆီသို့ လေးကန်ကန်ခြေလှမ်းတွေနှင့် ထွက်ခွာလာလိုက်၏ ။
     ပင်ခြေရင်းမှ ထွက်လာတော့ ဘာကြောင့်မှန်းမသိ…ခြေထောက်တွေ လေးလံကာ လက်နှစ်ဖက်တွင် ကြက်
သီးမွေးညင်းများ ထလာသည် ။
   “ ဟ…ငါ ဘာဖြစ်နေတာလဲဟ…။ အေ့…”
လေချဉ်တက်နေပေမဲ့ လူက ဘာရယ်ကြောင့်မှန်း မသိ…သိပ်မမူးတော့ ။ အမူးပြေသလိုလို ရှိလာ၏ ။ နောက်ပြီး
လက်နှစ်ဖက်တွင်လည်း ကိုစံမြ၏ကိုယ်၌ မြင်တွေ့ရခဲသည့် ကြက်သီးဟုခေါ်ကြသော မွေးညင်းအောက်မှ အရည်
ပြားအိတ်လေးတွေက ထောင်ကြွလို့…။
    ကိုစံမြ မန်ကျည်းပင်နှင့် ဆယ့်လေးငါးပေလောက်အရောက်တွင် နောက်သို့ ပြန်လှည့်ကြည့်ချင်လာ၍ တွေ့ချင်
ရာတွေ့ဟု သဘောပိုက်ကာ နောက်သို့လှည့်ကြည့်လိုက်မိသည် ။ ဘာမျှ မထူးခြား…မန်ကျည်းပင်ကြီးသည်
ညနေနေ၀င်ရီတရောအောက်တွင် အသက်ဝိညာဉ်ကင်းမဲ့စွာ ငြိမ်သက်လျက်ရှိ၏ ။
   “ ဟား…ဟား…အေ့…အလကားနေ ကျောမလုံ ဖြစ်ချင်နေသေးတယ် ငါ့နှယ် ။”
ကိုစံမြ ကိုယ့်ကိုကိုယ် လှောင်ရယ်ရယ်လိုက်ရင်း ဆက်လျှောက်လာလိုက်သည် ။ ဟော…ဖြစ်ပြန်ပြီ ။ ဒီလက်…။
မထစဖူး ထလိုက်သည့် ကြက်သီး…။ တဖြန်းဖြန်းနှင့် ဘာဖြစ်နေသည် မသိ…။ ကိုစံမြ အနောက်သို့ နောက်ထပ်
တစ်ကြိမ် လှည့်ကြည့်မိပြန်သည် ။
   “ ဟင်…လူတစ်ယောက်…။”
မန်ကျည်းပင်က ကိုက်တစ်ရာခန့်တွင် ကျန်ရစ်ခဲ့ချိန်တွင် ကိုစံမြ လူတစ်ယောက်ကို မန်ကျည်းပင်နှင့် ခပ်လှမ်း
လှမ်း လှည်းလမ်းမပေါ်၌ တွေ့မြင်လိုက်ရ၏ ။ ထိုလူက ရွာသားတစ်ယောက်ပေပဲလား မပြောတတ်…။ နွားတစ်
ကောင်ကို ဆွဲလျက် လှည်းလမ်းအတိုင်း တက်လာသည် ။ အမှန်တော့ သည်အချိန်တွင် လှည်းလမ်း၌ လူ တွေ့ရ
ခြင်းမှာ အဆန်းမဟုတ် ။ လယ်ကွင်းမှ ပြန်တက်လာသူ တစ်ယောက်ယောက်သာ ဖြစ်ပေလိမ့်မည် ။ မန်းကျည်းပင်
ကြီးက လှည်းလမ်းနဘေး မလှမ်းမကမ်းတွင် ခန့်ထည်စွာ ရပ်ရင်း ကိုစံမြကို သရော်နေလေသည်ဟု ကိုစံမြ ခံစား
လိုက်မိ၏ ။
   “ တောက်…ငါ ဘာတွေဖြစ်နေတာလဲ ။ လှည်းလမ်းပေါ်မှာ လူတွေ့တာ ဆန်းလား ။ အေ့…အလကားနေရင်း
     သွေးကြောင်နေရတယ်လို့ကွာ…”
ကိုစံမြ ကြက်သီးမွေးညင်းများ ထောင်ထနေသောလက်နှစ်ဖက်ကို ခပ်ဆတ်ဆတ်ရိုက်ပုတ်လိုက်ပြီး အရက်ဆိုင်
သို့ သွားလမ်းအတိုင်း ဆက်လျှောက်လာလိုက်သည် ။ သို့ပေမဲ့ ဘယ်လောက်မျှ မလှမ်းလိုက်ရ…ကြက်သီးတွေက
တဖြန်းဖြန်း ထောင်ထလာပြီး ဤတစ်ကြိမ်တွင် ခေါင်းနပန်းတွေပါ လေးလံကြီးမားလာသည် ။ အသိအာရုံက တစ်
ခုခုကို ကြိုတင်သိနေသလား မပြောတတ် ။ နောက်သို့ လှည့်မကြည့်ရန် တားမြစ်နေသော်လည်း ကိုစံမြ ဘယ်လို
မျှ နေမရ…။ အားတင်းကာ နောက်သို့ လှည့်ကြည့်လိုက်မိသည့်အခိုက်…
   “ အမလေးဗျာ့…”
   မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကိုစံမြ ကြက်သေသေသွားမိသည် ။ မိမိအသက် လေးဆယ်ပြည့်ပြီးချိန်အထိ
ထိုမြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ရဖူးချေ ။ ကိုက်တစ်ရာကျော်အကွာမှ မြင်တွေ့ရခြင်းဖြစ်၍သာ
တော်ပေတော့၏ ။ အနီးကပ်သာ တွေ့မြင်ရလျှင် ထိတ်လန့်ခြောက်ခြားစရာကောင်းလွန်းလို့ အသက်ပါသွားမလား
မပြောတတ် ။ ကြောင်ငေးကြည့်နေရင်းမှ ရုတ်တရက်သတိဝင်လာပြီး သွေးပျက်ခြောက်ခြားစွာ အော်ဟစ်ရင်း ရွာ
တွင်းသို့ သုတ်ခြေတင်ပြေးသွားမိတော့သည် ။
ÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙÙ
    “ ကိုစံမြ အရက်ချည်း နင်းကန်စွတ်သောက်မနေနဲ့ဦး ။ ကျွန်တော် မေးတာလည်း ဖြေပါဦးဗျာ့ ။ ကိုစံမြ ဘာ
      တွေ့လိုက်လို့လဲ ။”
မောင်သောင်း၏အမေးကို ကိုစံမြ ချက်ချင်းပြန်မဖြေသေးဘဲ အရက်ကို တစ်ခွက်ကုန်လုအောင် သောက်ပြီးမှ…
    “ ငါ ပြောရင် မင်း ယုံနိုင်မှာ မဟုတ်ဘူး မောင်သောင်းရာ ။ အေ့…ဒါပေမဲ့ ငါ မပြောဘဲ မနေနိုင်လို့ ငါ ပြောပါရ
      စေကွာ ။ မင်း မယုံရင်လည်း နေပါ ။ အိုကွာ…ငါ့တစ်သက်မှာ ဒီလိုမျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူးကွာ ။ အေ့…
      ငါ နောက်တစ်ခေါက်လှည့်ကြည့်လိုက်တော့ စောစောက ငါလှည့်ကြည့်တုန်းက နွားတစ်ကောင်ဆွဲပြီး လှည်း
      လမ်းအတိုင်း လျှောက်လာတဲ့လူက မန်ကျည်းပင်ကြီးနားလည်း ရောက်ရော နွားကြီးဆွဲပြီး မန်ကျည်းပင်
      ပေါ်ကို တက်သွားတော့တာပဲကွာ ။ အေ့...ပြန်တွေးတိုင်း ကြက်သီးထတုန်း ကိုယ့်လူရယ် ။”
    “ ဘယ်လို…ကိုစံမြ ။ စောစောကလူက နွားကြီးဆွဲပြီး သစ်ပင်ပေါ် တက်သွားတယ် ဟုတ်လား ။”
    “ ဟုတ်ပါ့ကွာ ။ တက်တာမှ လူတွေ မြေကြီးမှာ လမ်းလျှောက်သလိုမျိုး မတ်တတ်ကြီးကို လျှောက်ပြီးတက်
      သွားတာ ။ အေ့…နွားကြီးလည်း အဲ့အတိုင်း ဆွဲသွားတာပဲ ။ ငါ့မှာ အဲ့ဒါကြီးလည်း မြင်ရော ကြောင်ပြီး ငေး
      ကြည့်နေမိသေးတယ် ။ သတိရမှ ရွာထဲကို တစ်ခါတည်း အော်ပြီး ပြေးလာမိတော့တာပဲ ။ အေ့…”
စကားဆုံးတော့ ကိုစံမြ မောင်သောင်းမျက်နှာကို ကြည့်လိုက်၏ ။ မောင်သောင်းကတော့ ကိုစံမြကို မကြည့်ဘဲ
စားပွဲခုံကိုသာ စိုက်ကြည့်နေလေသည် ။ ခဏကြာမှ…
    “ အင်း…ကိုစံမြပြောတာကို ကျွန်တော် ယုံပါတယ် ။ အဲ့ဒီ့မန်ကျည်းပင်ကြီးက သတင်းကြီးသားရယ် ။ နောက်ပြီး
      တစ္ဆေသရဲဆိုတာကလည်း ကံနိမ့်သူတွေမှ မြင်နိုင်တာ မဟုတ်လား ။ ဒါ့ကြောင့် ကိုစံမြလည်း ဘုရားတရား
      လည်း လုပ်ဦး ။ ကျွန်တော်က အရက်ဆိုင်ဖွင့်ပြီး တရားပြနေရတာ သိပ်တော့ ဟန်မကျဘူး ။ ဒါပေမဲ့ ကိုစံမြ
      ကို အကိုကြီးတစ်ယောက်လို ခင်လို့ ပြောရတာပါ ။”
    “ အေးပါကွာ…အေ့…ငါ ကြိုးစားပါ့မယ် ။ လောလောဆယ်တော့ အကြောက်ပြေအောင် သောက်လိုက်ဦးမယ်
      ကွာ…အေ့…”
ကိုစံမြက အမှန်ပင် ထိတ်လန့်နေဟန်ဖြင့် အရက်တစ်ခွက်ပြီးတစ်ခွက် ဆင့်သောက်နေ၍ မောင်သောင်း ထိုသူအ
နီးမှ ထွက်ခွာလာလိုက်သည် ။ ကိုစံမြတစ်ယောက် မူးမူးဖြင့် မြင်ချင်ရာ မြင်တွေ့ခြင်းပေလား…နို့မဟုတ် မူးမူးနှင့်
သွားစမ်းသပ်ရင်း အမှန်ကြုံတွေ့ခဲ့ရခြင်းလား…မောင်သောင်း မယူဆတတ် ။
      သို့ပေမဲ့ ထိုနှစ်ချို့မန်ကျည်းပင်ကြီးအကြောင်းကတော့ ရွာထဲ၌ အမှန်ပင် သတင်းကြီးနေသည် မဟုတ်လား ။
မောင်သောင်းတို့က တစ်ခါတစ်ရံ တစ်ဖက်ရွာတွင် ဘုရားပွဲတွေဘာတွေရှိလျှင် ညည့်နက်သန်းခေါင်မှ ပြန်လာကြရ
သည် ရှိ၏ ။ ထိုသို့ ပြန်လာစဉ်တိုင်း ထိုမန်ကျည်းပင်အနီးမှ ဖြတ်သန်းသွားလာရသည်ချည်း…။ သို့ကြောင့်လည်း
“ကံနိမ့်လျှင် တစ္ဆေခြောက်ခံရတတ်သည်”…ဟူသော ရှေးလူကြီးတို့၏ပြောစကားကြောင့် မောင်သောင်းကတော့
ဘုရားတရားမှန်မှန် ဆည်းကပ်အားထုတ်သည် ။ သို့ကြောင့်လည်း တစ်ကြိမ်တစ်ခါမျှတော့ တစ္ဆေအခြောက်မခံရ
ဖူးသေး…။
       လူတစ်ယောက်က နွားတစ်ကောင်ကို ဆွဲလျက် ဘာမှမဖြစ်သလိုမျိုးမျက်နှာနှင့် သစ်ပင်ပေါ်သို့ မတ်တတ်
ကြီး လျှောက်လျက်တက်သွားသောမြင်ကွင်းကို မောင်သောင်း မြင်ယောင်ကြည့်ရင်းဖြင့် ကြက်သီးမွေးညင်းတွေ
တောင် ထောင်ထသွားရသည် ။ ကိုစံမြ အမှန်တကယ်သာ ကြုံတွေ့ခဲ့သည်ဆိုလျှင် အတော် ထိတ်လန့်ချောက်
ချားသွားပေလိမ့်မည် ။
   “ ဟဲ့…မောင်သောင်း ဟိုမှာ အရက်ချပေးလိုက်ဦးလေ ။ ဘာငိုင်နေတာလဲ ။”
အစ်မဖြစ်သူမယ်တုတ်၏အော်ကျယ်ကျယ်အသံကြောင့် မောင်သောင်းအတွေးများေ၀၀ါးပျောက်ကွယ်သွားရ
သည် ။ ဤအလုပ်ကို မလုပ်ချင်သော်လည်း လက်လှုပ်မှ ပါးစပ်လှုပ်ရမည့်ဘ၀မျိုးမို့ မောင်သောင်း မလုပ်လို့ မရ ။
အိုမင်းမစွမ်းသောမိဘနှစ်ပါးကို ရှာဖွေကျွေးမွေးရန် ပညာမတတ်သောမောင်သောင်းတို့မောင်နှမနှစ်ယောက် တတ်
မြောက်သည်မှာ မိဘတွေသင်ပေးသော ထန်းရည်ချက်အရက်ချက်ပညာသာရှိ၍ အစ်မဖြစ်သူ မယ်တုတ် ခိုင်းသမျှ
အလုပ်တွေကို မောင်သောင်း ဇယ်ဆက်သလို လုပ်ကိုင်လိုက်ပါတော့သည် ။


                                                                                                စေတနာရှေ့ထားလျက်…

                                                                                                         ဂါဦးနွန်းကို


www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။ 


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။