Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ဖေဖေ့မေတ္တာ




ဖေဖေ့မေတ္တာ




( ၂၀၁၆ ဇူလိုင်လထုတ် Happy Timeမဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )




ရေးသူ  -  ဂါဦးနွန်းကို



------------------------------------------------------------------------------------------------------

         ရဲကြီးက စူးစူးစိုက်စိုက်-ကြည့်နေသည်ကို သူ သိ၏ ။ ရဲကြီး၏အကြည့်က သိန်းငှက်တစ်ကောင်၏အကြည့်မျိုး ၊ ခြင်္သေ့တစ်ကောင် ၏ ဟိတ်ဟန်မျိုး ပေါက်နေ၍ သူ လန့်သွားသည် ။ မသပ်မရပ်ဖြစ်နေသော-အင်္ကျီကော်လံကို ဆွဲဆန့်ရင်း စိတ်ထဲဝယ် မလုံမလဲ ။
        ကျီးကန်းတစ်ကောင်လို ယောက်ယက်ခတ်နေသော-သူ့အမူအရာကို အတတ်နိုင်ဆုံးထိန်းသိမ်းပြီး ဟန်မပျက်ဆက်သွားသည် ။
-  တံဆိပ်-တမမ ၊ သေနတ်-တကြွကြွဖြစ်နေတဲ့-ဒီ‘နောက်ယောင်ခံ’ကို ဘယ်လိုမျက်ခြေဖြတ်ရမလဲ…
သူ တွေး၏ ။ ဟိုဘက်လမ်းကြားမှ ထွက်လာကတည်းက ထိုရဲ သူ့ကို တောက်လျှောက်လိုက်ကြည့်နေခြင်းဖြစ်သည် ။
        သူကလည်း ခပ်ညံ့ညံ့ကောင်မှ မဟုတ်ဘဲလေ ။ မျက်လုံးအိမ်ထောင့်တွင် ဖျတ်ခနဲမြင်လိုက်ကတည်းက ချက်ချင်း ရိပ်မိသွားသည် ။ ဒီနေ့ သူ ကျူးလွန်မယ့်ကိစ္စ ပေါက်ကြားသွားလို့များလား ။ မဖြစ်နိုင်ပါ ။ သူက လူကုန်ကူးသူလည်း မဟုတ် ၊ ဘိန်းဖြူဂိုဏ်းကလည်း မဟုတ် ၊ နာမည်ကြီး လူသတ်သမား/ဓားပြဗိုလ်လည်း မဟုတ် ။ မထင်မရှား သာမညသူခိုးအဆင့်ရယ် ။ စတိုးဆိုင်ထဲက အဖိုးတန်ပစ္စည်း တချို့ ခိုးယူမည့်ကိစ္စကို ဘယ်ရဲကမှ ကြိုတင်ကြားသိစရာ အကြောင်းမရှိပါ ။ ဒါဆို သူ့အမူအရာကို အကဲခတ်ပြီး မသင်္ကာ၍ လိုက်ချောင်း ခြင်းသာဖြစ်ရမည် ။
        ထပ်ကြပ်မကွာ ကပ်ပါလာသော-ထိုရဲကြီးကို သူခိုးမျက်စိဖြင့် သူ ချောင်းကြည့်လိုက်သည် ။ ရဲကြီး-ရဲကြီးဟု နာမ်စားပြုနေသော်ငြား အသက်က သူနှင့် မတိမ်းမယိမ်းသာ ရှိလိမ့်မည် ။ အင်္ကျီပေါ်က တံဆိပ်တွေကို မသိမသာ စူးစမ်းကြည့်တော့ အားလားလား … ရဲအုပ် အဆင့်ပဲ ။ ပေါ့ဆ၍ မဖြစ်တော့ ။
- သူ့အမူအရာတွေက ဒီလောက်ရုပ်ပျက်နေတာလည်း မဟုတ်ဘဲနဲ့ ဘယ်ကဘယ်လို အနံ့ရပြီး နောင်ယောင်ခံလိုက်လာပါလိမ့် …
သူ စဉ်းစား၍ မရ ။ နောက်ပြီး… စဉ်းစားရန်လည်း အချိန် မပေးသင့်တော့ ။ အချိန်တို့ တရွေ့ရွေ့ကုန်ဆုံးနေပြီ ။  
        သေချာစေရန် သူ ဖျတ်ခနဲလှည့်ကြည့်လိုက်စဉ် အကြည့်နှစ်စုံ ဖျတ်ခနဲကြုံသွားသည် ။ ချက်ချင်းပဲ ရဲအရာရှိက အကြည့်လွှဲလိုက်ပြီး ဖာသိဖာသာပုံစံမျိုးဖမ်းကာ တခြားသို့ ငေးနေသည် ။ တစ်ခုခု တွေးဆနေဟန်ပြသည် ။ သေချာလိုက်သပါ့ ။ ဒါ…ရဲတို့၏မာယာ ။
        ရဲအရာရှိ၏အကြည့်စက်ကွင်း ခဏတာလွတ်ကင်းသွားမှုကို အခွင့်ကောင်းယူကာ သူ ခပ်လှမ်းလှမ်းသို့ သုတ်ခြေတင်ပြေးပြီး လမ်း ထဲသို့ ချိုးကွေ့ဝင်လိုက်သည် ။ တဆက်တည်းပင် ဆိုင်တစ်ဆိုင်ထဲသို့ လှစ်ခနဲပြေးဝင်သွားလိုက်သည် ။   သူ ဝင်လာသည့်ဆိုင်က တိုလီ မုတ်စမျိုးစုံရောင်းချသည့် စတိုးဆိုင်ကြီးတစ်ဆိုင်…။
- အိုး…စိုင်ကော်လို့ ချုံပေါ်ရောက်တာပဲ ။
သည်ဆိုင်က သူ့ပြစ်မှတ်တွေထဲက ဆိုင်တစ်ဆိုင် ။
       ရဲအရာရှိ မျက်စိလည်၍ ကျန်ရစ်ခဲ့စဉ် တစ်ခုခုလှုပ်ရှားရန် သူ စိတ်ပိုင်းဖြတ်လိုက်သည် ။ သူ လှုပ်ရှားမှဖြစ်မည် ။ ဒီနေ့ အလုပ်ဖြစ်ဖို့ ဒါ အချိန်ကောင်းပဲဟု သူ သဘောပေါက်လိုက်ပြီ ။ နောက်ပြီး...ရောက်ရှိနေသည့်နေရာကလည်း သူ ကျင်လည်ကျက်စားဖူးသည့် စား ကျက်ကွင်းတစ်ခုပဲလေ ။ နေရာစိမ်း ဒေသစိမ်း မဟုတ်သဖြင့် အလုပ်မဖြစ်မှာကို တွေးပူစရာ အကြောင်းမရှိ ။
       သူက စတိုးဆိုင်ကြီးများနှင့် ယဉ်ပါးကျွမ်းဝင်ပြီးသား ။ အရောင်းစာရေးကောင်လေးက စောင့်ကြည့်ကင်မရာ-အားကိုးဖြင့် အိပ်ငိုက် နေလိမ့်မည် ။ သို့မဟုတ် စာအုပ်ဖတ်နေလိမ့်မည် ။ စောင့်ကြည့်ကင်မရာကိုမူ သူ ဂရုမစိုက် ။ ဝင်လာစဉ်ကတည်းက ကင်မရာကို ကျော ပေးလျက် မြင်ကွင်းလွတ်ရာ-ထောင့်တစ်နေရာသို့ သူ ပြေးကပ်လိုက်သည် ။ ဒါမျိုးက သည်လောကမှာ ကျင်လည်နေသူတစ်ယောက်အဖို့ သင်ယူစရာ မလိုဘဲ တတ်မြောက်သည့်ပညာ ။
       ဆိုင်ထဲမှာ လူ သိပ်မရှိပါ ။ အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်သည် ယစ်ထုတ်ကြီးဖြစ်မည် ။ အရက်နှစ်ပုလင်း အနက် ရွေးချယ်ရခက်နေပုံ ရသည် ။ ဟိုပုလင်း ကိုင်လိုက် ၊ သည်ပုလင်း ကိုင်လိုက်ဖြင့် တစ်ကိုယ်တည်း အလုပ်ပွေနေလေရာ ပတ်ဝန်း ကျင်ကို သတိပြုမိမည် မထင်ပါ ။ အသက်(၆၀)ကျော်အရွယ် အဘွားကြီးတစ်ယောက်ကတော့ ကိုယ့်အသက်ကိုယ့်အရွယ်မှ အားမနာ ၊ စကပ်တိုလေးတွေကို ငေးကြည့်နေလိုက်ပုံများ ခုနေ ပိုက်ဆံအိတ် လုပြေးလျှင်တောင် အော်ဖို့ သတိရပါ့မလားပဲ ။ ဈေးဝယ်တွေက သူ့ကို သတိထားမိပုံ မပေါ်၍ သူ ပျော်သွားသည် ။
       ဤဆိုင်ထဲတွင် (တစ်ခုလျှင်) သောင်းကျော်တန်သည့် ၊ သယ်ပိုးရလွယ်ကူသော ဖန်စီပစ္စည်းမျိုးစုံရှိ၏ ။ မိန်းကလေးရော ယောက်ျား လေးပါ အသုံးပြုနိုင်သည့် နားကပ်ရောင်စုံအမျိုးမျိုး ၊ အများစုကတော့ အဖြူနှင့်အနက်သာဖြစ်သည် ။ လက်ကောက်ပြောင်ပြောင်လက် လက် ၊ ဆွဲကြိုးကြောင်ကြောင်ကြားကြားများ ၊ ခြေကျင်းလေးများလည်း ရှိ၏ ။
       သူ့အတွက် တွက်ချေကိုက်ပြီ ။ လက်သီးဆုပ်-သုံး၊လေးဆုပ်လောက်သာ အိတ်ထဲ ကောက်ထည့်လိုက်လျှင် သိန်းချီအောင် ရနိုင်ပြီမို့ သူ ပျော်သွားသည် ။ ထိုပစ္စည်းတွေဆီသို့ ဖြည်းညင်းစွာ လျှောက်လာလိုက်သည် ။ ဖန်စီပစ္စည်းလေးများက ယူလှည့်ပါဟု သူ့ကို မြူဆွယ်နေသည့်အလား ဖွင့်ထားသော-ရှိုးကေ့စ်ထဲမှာ အတားအဆီးကင်းစွာ…။ ဘေးဘီမှာ လူ မရှိတာ သေချာသွားပြီဖြစ်၍ ပစ္စည်းတွေ ကို အိတ်ထဲ ကောက်ထည့်ရန် လက်လှမ်းလိုက်သည် ။
        ထိုသို့ ပစ္စည်းယူရန် လက်ရွယ်လိုက်စဉ် နောက်ကျောမလုံသလို သူ ခံစားလိုက်ရသည် ။ ဘာဖြစ်လို့ပါလိမ့်…။ ဆိုင်အတွင်း အခြေ အနေကို သူ သေချာအကဲခတ်ပြီးသားပါ ။ ကောင်တာက ကောင်လေး - ခုလောက်ဆို ကောင်းခန်းရောက်နေလောက်ပြီ ။ အရက်ပုလင်း တန်းက ယောက်ျားကြီး - ခုထိ ရွေးလို့ ပြီးဦးမည် မထင် ။ အဘွားကြီးကလည်း ငေးကောင်းတုန်းပင် ရှိဦးမည် ။ ဒါဆို…ဘာလို့များ နောက်ကျော မလုံရတာလဲ ။
      သူခိုးတစ်ယောက်အဖို့ နောက်ကျောမလုံသောခံစားချက်သည် ထူးဆန်းနေသည် ။ သို့ဖြစ်၍…နောက်ဘက်သို့ သူ ဆတ်ခနဲ လှည့် ကြည့်လိုက်သည် ။
   “ အမလေး…”
ပါးစပ်က ထိုသို့ ရေရွတ်မိမတတ်ဖြစ်သွား၍ အလျင်အမြန်ဘရိတ်အုပ်လိုက်ရသည် ။ (စောစောကဆုံခဲ့သည့်)ရဲအရာရှိက ခပ်တည်တည် ရပ်ကာ သူ့ကို စိုက်ကြည့်နေသည် ။
       သူ ထိတ်လန့်သွားရုံသာမက အံ့လည်းအံ့သြမိသည် ။ ဤအနီးတစ်ဝိုက်တွင် စတိုးဆိုင်ကြီး(၄)/(၅)ဆိုင် ရှိပါလျက် ဤဆိုင်ကိုမှ ဘယ်လိုနည်းနှင့် လိုက်လာနိုင်ပါလိမ့် …။ ရဲတွေ၏အမြင်တွင် ဤဆိုင်မျိုးကို သူခိုး မပြစ်မှားသောဆိုင်ဟု ထင်မှတ်ထားကြသည်ချည်း သာ…။ ဆိုင်က အပြင်ပန်းမှကြည့်လျှင် အတန်ငယ်စုတ်ချာသည် ။ သူသည်ပင် လေ့လာရှာဖွေစုံစမ်းခဲ့သဖြင့် ဤဆိုင်တွင်း၌ တန်ဖိုးကြီး ပစ္စည်းများကို လွယ်လွယ်ကူကူ ထားရှိကြောင်း သိခဲ့ရခြင်းဖြစ်သည် ။ ဒါကို ဒီရဲက ဘယ်လိုလုပ်ရိပ်မိသွားတာလဲ ။ အံ့သြစရာပါပဲ ။
      ရဲအရာရှိကို ကြည့်ရသည်မှာ …
    “ လူဆိုးတွေကို ဖမ်းလာတာ အံတိုတော့မယ် ။ ကလေးကတည်းက လက်ထိပ်ဖက်ပြီး ကြီးလာတာကွ ။ လုပ်သက်ရင့်နေပြီဟေ့ ။
       မင်းရဲ့လှည့်ကွက်လောက်တော့ ပျင်းတောင် ပျင်းသေးတယ် ။”
ဟု အော်ကာ သူ့ကို ဆူဆဲငေါက်ငမ်းတော့မည့်အလား…မျက်ခုံးကြောတွေက ထောင်လျက် တွန့်ရှုံ့နေသည် ။ နှုတ်ခမ်းတွေကို တင်း တင်းစေ့၍ စိုက်ကြည့်နေဟန်က သွေးပျက်ချင်စရာ ။ သူ ဖြုံဖျားသွားသည် ။
      တော်ပါသေးရဲ့ … သူ့ပါးနပ်မှုကြောင့် လက်ဆုပ်လက်ကိုင် မဖြစ်ခဲ့၍ ရဲအရာရှိခမျာ ဆင်ပြောင်ကြီး - အမြီးကျမှ တစ်-သွားသည် ။ သူ့ကို စားမတတ်ဝါးမတတ် ကြည့်ရုံသာကြည့်နေရ၏ ။ လက်ထိပ်နှင့် မိတ်ဆက်ပေးခွင့် မရှိ ။ သည်နေ့ဟာ သူ့အဖို့ ကံကောင်းသည်ဟု ဆိုရမလား… ကံဆိုးသည်ဟု ဆိုရမလား မပြောတတ်တော့ပြီ ။

PPP

     သူခိုးသည် ရဲအုပ်ကို မဝံ့မရဲမော့ကြည့်ပြီး နေရာမှ သုတ်ခြေတင်ကာ ပြေးထွက်ပျောက်ကွယ်သွားသည် ။ ထိုအခါကျမှ ရဲအုပ်လည်း  တွန့်ထားသော-မျက်ခုံးကြောတွေကို ဖြေလျှော့ကာ လက်မောင်းမှတံဆိပ်အား တမမလုပ်နေမိသောလက်ကို သတိထားမိဟန်ဖြင့် ချလိုက် သည် ။ တစ်စုံတစ်ခုကို ဝေခွဲမရဖြစ်တိုင်း ထိုသို့ တံဆိပ်ကို တမမ,လုပ်တတ်သည်မှာ ရဲအုပ်၏အကျင့် ။
     နောက်ဆုံး၌ ရဲအုပ်သည် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချနိုင်ခဲ့ပြီ ။ စောစောက စိတ်ရှုပ်ထွေးနေ၍ ရဲရဲတောက်နေခဲ့သော မျက်ဝန်းများသည်လည်း ချက်ချင်းဆိုသလို မေတ္တာရိပ်ငွေ့တို့ ယှက်သမ်းကာ ပန်းရောင်သမ်းသွားသည် ။ သက်ပြင်းတစ်ချက်ကို ရှိုက် လိုက်သည် ။ ထို့နောက်…သမီး၏အကြိုက်ကို နားမလည်သေးသည့် ဖခင်တစ်ယောက်၏ဇဝေဇဝါစိတ်ကို  ပယ်သတ်လိုက်သည့်အနေဖြင့် ရှေ့တွင် တွေ့မြင်နေရသော အပြာရောင်ဖန်စီလက်ကောက်လေးကို ကောက်ယူလိုက်သည် ။
   “ ဟုတ်တယ် ။ သမီးလေးအတွက် ဒီအပြာရောင်လက်ကောက်လေးကို မွေးနေ့လက်ဆောင် ပေးရမယ် ။ သမီးလေး ကြိုက်မှာပါ ။
      ဟူး…ဆိုင်က စုတ်သလောက် ဈေးတွေက ကြီးလိုက်တာ ။ အို…ဘယ်လောက်ပဲဖြစ်ဖြစ် ဝယ်ရမှာပဲ ။ အင်း…ဟုတ်ပြီ ။ ပြီးရင်
      လမ်းထိပ်က စားသောက်ဆိုင်မှာ သမီးလေး ကြိုက်တဲ့ ခေါက်ဆွဲကြော်ဝယ်သွားရဦးမယ် ။”





                                                                                                                            
                                                                 စေတနာရှေ့ထားလျက်…                                                                                                           

                                                                                                            
                                                                         ဂါဦးနွန်းကို


www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။