Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

နတ်တောင်ပေါ်က တစ်ယောက်သော သူ




( ၂၀၁၇ ဒီဇင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်း ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည် )  
 

        နတ်တောင်ပေါ်မှာ နေထိုင်တဲ့ … သူ …
            သူနဲ့ ပထမဆုံးစတင်တွေ့ဆုံစဉ်က ကျွန်မအသက်(၆)နှစ်ပဲ ရှိပါသေးတယ် ။ ဝိညာဉ်တွေအများကြီး နေထိုင်ကြတယ်ဆိုတဲ့ နတ်တောင်ပေါ်က တောအုပ်ထဲမှာ ကျွန်မ လမ်းပျောက်သွားခဲ့ချိန်ပေါ့ ။ ပြန်ထွက်ဖို့ လမ်းစရှာရင်း…ပြေးရင်းလွှားရင်း…ဆက်မသွား နိုင်လောက်အောင် ပင်ပန်းလာတယ် ။ ကြောက်ရွံ့စိတ်တွေ အထီးကျန်စိတ်တွေကြောင့် ရှိုက်ကြီးတငင်ထိုင်ငိုနေမိတုန်းမှာပဲ ကျွန်မ ရှေ့ကို သူ ရောက်လာတယ် ။
            “ ဟိတ် … ကလေးမ …”
ခေါ်သံတစ်သံကြားလို့ ကျွန်မ ဝေ့ဝဲရှာကြည့်တော့ သစ်ပင်တစ်ပင်နောက်မှ ခပ်ကွယ်ကွယ်ရပ်နေတဲ့ ယောက်ျားပျိုတစ်ယောက် … ။ အသံနဲ့ ဟန်ပန်ကြောင့်သာ အမျိုးသားမှန်း သိလိုက်တာပါ ။ သူ့မျက်နှာကို ကျွန်မ မမြင်ရပါဘူး ။ ဘာကြောင့်လဲဆိုတော့ မျက်နှာဖုံး တစ်ခုက သူ့မျက်နှာကို အုပ်မိုးထားတယ်လေ ။
            “ ဘာလို့ ငိုနေတာလဲ ။”
သူက မေးတယ် ။ ကျွန်မ ကြောင်ငေးကြည့်နေမိသေးတယ် ။ ချက်ချင်းပဲ တောထဲမှာ တစ်ယောက်တည်း မဟုတ်ဘူး…ဆိုတဲ့ အသိကြောင့် ကျွန်မအလွန်အမင်းဝမ်းသာသွားပြီး သူကို ပြေးဖက်လိုက်မိရဲ့ ။
            “ ဝေး … လူတစ်ယောက်ပဲ ။ ကယ်တင်ရှင် တွေ့ပြီ ခစ်ခစ် …”
            “ ဟာ … ဝှစ် …”
            “ ဘိုင်း … ”
အနားမရောက်ခင်ပဲ သူက ရှောင်တိမ်းလိုက်တာကြောင့် ကျွန်မမှာ ကိုယ့်အရှိန်နဲ့ကိုယ် ပစ်လဲသွားပါရောလား ။ လဲကျနေရာကနေ ကျွန်မ ခေါင်းထောင်မော့ကြည့်တော့ သူက တောင်းပန်တယ် ။
            “ စိတ်မကောင်းပါဘူးကွာ ။ မင်းက လူသားမိန်းကလေး မဟုတ်လား ။ လူသားတစ်ယောက်ယောက်နဲ့ ထိမိရင် ငါက
               ပျောက်ကွယ်သွားရမှာလေ ။ အဲဒါကြောင့် …”
            “ ဟင် … လူသားတစ်ယောက်ယောက်က  … … ဒါဆို ကိုကြီးက လူသား မဟုတ်ဘူးလား ။”
            “ ငါက ဒီတောအုပ်ထဲမှာနေတဲ့ တစ်စုံတစ်ယောက်ဆိုပါတော့ ။”
            “ ဒါဆို တေစ ၦလား ဟိဟိ ။ အဲ … ဒါပေမဲ့ … ပျောက်သွားမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲဟင် ။”
ကျွန်မအမေးကို သူ မဖြေဘူး ။ ဒီအတိုင်း ရပ်ကြည့်နေတယ် ။ ကျွန်မစိတ်ထဲ အရမ်းသိချင်လာလို့ သူ့ကို ထိကြည့်ဖို့ ဆုံးဖြတ်လိုက် တယ် ။ မတ်တတ်ထရပ်ပြီး သူ့ကို လိုက်ဆွဲတယ် ။ အစပိုင်းမှာ သူက ရှောင်တယ် တိမ်းတယ် ။ ဘယ်ရမလဲ ။ ကျွန်မလည်း အတင်း ပြေးပြီး သူ့အသားကို ထိဖို့ ကြိုးပမ်းတာပေါ့ ။ ဒီအခါမှာ မမျှော်လင့်စရာအပြုအမူတစ်ခုကို သူက လျှပ်တပြက်လုပ်လိုက်ပါရော ။
            “ ခွပ် …”
            “ အား …”


           
သူက အနားမှာရှိတဲ့ သစ်ကိုင်းကျိုးနဲ့ ကျွန်မခေါင်းကို ရိုက်လိုက်တာလေ ။ ကျွန်မမှာ မျက်လုံးတွေ ပြာဝေသွားတဲ့အထိ နာကျင်သွားရတယ် ။ လုပ်ရက်လိုက်ပုံများ … ။
“ ရှင်က တကယ်ကို လူမဟုတ်ဘူးပဲ ။ လူဆိုရင် ကလေးတစ်ယောက်ကို ဒီလိုရိုက်မှာ မဟုတ်ဘူး ။”
နာနေတဲ့ခေါင်းကို ပွတ်ရင်း ကျွန်မ ရန်တွေ့တော့ ……
            “ ပျောက်ကွယ်သွားမယ်ဆိုတာ ပျက်စီးသွားမှာကို ပြောတာ သိရဲ့လား ။”
သူ့စကားကြောင့် ကျွန်မ အံ့သြသွားတယ် ။ ဒါပေမဲ့ အံ့သြစရာတွေက ဒီလောက်တင် မကဘူး ။ သူက ဆက်ပြောပြတယ် ။
            “ ငါ့ကို တောင်စောင့်နတ်ဘုရား ပေးသနားထားတဲ့စွမ်းအင်က လူတစ်ယောက်ကို ထိမိတဲ့အခါ ပျောက်ကွယ်သွားမှာ
              လေ ။”
ကျွန်မ သဘောပေါက်သွားတယ် ။ အကယ်လို့ ကျွန်မသာ သူ့အသားကို ထိမိရင် သူ ပျောက်ကွယ်သွားရမယ် သဘောကတော့ သေဆုံးသွားရမယ်ပေါ့ ။ အဲဒါကြောင့်လည်း ကျွန်မ လာမထိအောင် သူက အသည်းအသန်ကာကွယ်နေတာကိုး ။
            “ ဟို … သမီး တောင်းပန်ပါတယ် ။”
သူက သစ်ကိုင်းကျိုးကို ကျွန်မဆီ ကမ်းပေးတယ် ။ ကျန်အစွန်းတစ်ဖက်ကိုတော့ သူ ကိုင်ထားပြီး …
            “ ကဲ…ကလေးမ … အစွန်းတစ်ဖက်ကို ကိုင်လိုက် ။ လမ်းပျောက်နေတာ မဟုတ်လား ။ တောအုပ်အပြင်ကိုရောက်အောင်
   လိုက်ပို့ပေးမယ် ။” –
တဲ့ ။ ဘာပြောကောင်းမလဲ ။ ကျွန်မ သိပ်ပျော်သွားတာပေါ့ ။ ကလေးပီပီ အူမြူးပြီဆိုတာနဲ့ ဘာမှမသိတော့ဘဲ သူ့ကို ပြေးဖက်မိပြန် ပါရော ။
            “ ကျေး…..ဇူး…..တင်….လိုက်…..တာ ။”
            “ ဟာ … ဒီကောင်မစုတ်လေး …”
            “ ခွပ် …”
အီစိမ့်သွားတာပဲ … နောက်တစ်ချက် ။ ကျွန်မမှာ အရိုက်ခံထိတဲ့ခေါင်းကို ပွတ်ရင်း မြေမှာ လူးလိမ့်နေသလို သူ့ခမျာလည်း ရှောင်ရ တိမ်းရလွန်းလို့ ထင်ပါရဲ့ ။ ဟောဟဲလှိုက်နေရှာပြီ ။
            “ ဟောဟဲ…ဟောဟဲ … မင်းကို … ပြောထားတယ်လေကွာ ။”
            “ တောင်းပန်ပါတယ် ။ အပျော်လွန်သွားလို့ … အီး …”


            ကျွန်မတို့နှစ်ယောက် သစ်ကိုင်းစွန်းတစ်ဖက်စီကို ကိုင်ဆွဲရင်း ယှဉ်တွဲလျှောက်ခဲ့ကြပါတယ် ။ နတ်တောင်တောအုပ်ဟာ ကျွန်မစိတ်ထဲမှာတော့ စောစောကလို ချောက်ချားစရာမကောင်းတော့ပါဘူး ။ စိမ်းညို့အုပ်မှိုင်းနေတဲ့ သစ်ပင်တန်းကြီးက ခုများကျ သာယာလိုက်တာ ။ မြက်တောကြားမှာ တစ်ဝက်တပျက်တွေ့မြင်နေရတဲ့ နတ်ဘုရားရုပ်ထုတွေ…သိပ်အံ့သြစရာကောင်းတာပဲလေ ။
လှေကားထစ်တွေဆီရောက်တော့ ရှေးဟောင်းဆန်တဲ့ကျောက်ဆစ်မီးအိမ်တွေ ၊ နန်းတွင်းပုံစံ မုဒ်ဦးဝတွေက ကျွန်မအာရုံ ကို ဆွဲညို့နေတယ် ။ ဒီနေရာဟာ ဦးလေး ပြောပြခဲ့တဲ့အတိုင်း သိပ်ကို ဂမ္ဘီရဆန်တာပဲ ။ ဒီလိုနေရာမျိုးမှာ သူဟာ ဘာကြောင့်များ တစ်ယောက်တည်း ရှိနေရတာလဲ ။ နောက်ပြီး ဘာလို့ မျက်နှာဖုံး စွပ်ထားတာလဲ ။ ကျွန်မအတွက်တော့ ကလေးဦးနှောက်လေးနဲ့မှ မမီအောင် စဉ်းစားချင်စရာတွေချည်း … ။
လျှောက်လာခဲ့လိုက်တာ တစ်စတစ်စနဲ့ တောင်ခြေဆီ ရောက်သထက်ရောက်လာမှန်း ကျွန်မ သိနေပါပြီ ။ သူကတော့ တိတ်ဆိတ်နေပါတယ် ။ ကျွန်မရင်ထဲမှာ မေးခွန်းတွေ ပြည့်နှက်နေပေမဲ့ ဘာမှမပြောဖြစ်သေးဘူး ။
ကျွန်မ သူ့ကို လှည့်ကြည့်မိတယ် ။ သူကတော့ ကျွန်မဘက်ကို ငဲ့တောင်မကြည့်ပါဘူး ။ ရှေ့တည့်တည့်ကိုပဲ ကြည့်ရင်း တစ်လှမ်းချင်း ဆက်လျှောက်နေတယ် ။ ကျွန်မ သူ့ကို စ,ချင်သွားတယ် ။
“ ချိန်းတွေ့နေရသလိုမျိုးပဲနော် ။”
“ သြော် … တော်တော်စိတ်လှုပ်ရှားစရာ မကောင်းတဲ့ ချိန်းတွေ့မှုပဲနော် ။”
ခပ်ရွဲ့ရွဲ့ပြန်ဖြေရင်း သူက ကျွန်မကို လှည့်ကြည့်တယ် ။ သူ့ပုံစံက အံ့သြနေသလိုပဲ ။ ဘာကများ အံ့သြစေတာလဲ ။ ကျွန်မ နားမလည်နိုင်ဖြစ်နေတုန်းမှာပဲ …
            “ မင်း မကြောက်တတ်ဘူးလား ။”
သူက မေးတယ် ။ ကျွန်မလည်း သူ့ကို ပြူးကြောင်ကြောင်မော့ကြည့်ရင်း ပြုံးလိုက်မိတယ် ။
            “ ဘာကို ကြောက်ရမှာလဲဟင် ။”
            “ ဘာမှမဟုတ်တော့ပါဘူး ။”

            ဒီလိုနဲ့ နတ်တောင်ခြေက ဆန်းကြယ်လှပတဲ့ မုဒ်ဦးဝအောက်ကို ရောက်ခဲ့ပါတယ် ။ မုဒ်ဦးဝရဲ့တစ်ဖက်တစ်ချပ်က တိုင်လုံး နှစ်လုံးကို ဟိုဘက်ဒီဘက် ရစ်ပတ်နှောင်ဖွဲ့ထားတဲ့ လွန်းကြိုးတွေကို ကျွန်မ မော့ကြည့်မိရဲ့ … အဲဒီကြိုးတွေဆီမှာ ဆုတောင်းစာ တွေကို ချိတ်ဆွဲထားတယ် ။ ဒါဟာ ဒီရွာကလေးရဲ့ရိုးရာယုံကြည်မှု လုပ်ရိုးလုပ်စဉ်တစ်ခုပေါ့ ။ ဒီနတ်တောင်အတွက် အထိမ်းအမှတ် ပြယုဂ်တစ်ခုဆိုရင်လည်း မှားမယ် မထင်ပါဘူး ။
မုဒ်ဦးဝအောက်ရောက်တော့ သူက ဆက်လိုက်မလာတော့ဘဲ …
            “ ဒီအတိုင်းတည့်တည့်သွားရင် မင်းတို့ရွာဆီ ရောက်တဲ့လမ်းကို တွေ့လိမ့်မယ် ။”
လို့ ပြောတယ် ။ ကျွန်မရင်ထဲ ဝမ်းနည်းသလိုကြီး ခံစားလိုက်ရတယ် ။
            “ ကိုကြီးက ဒီမှာ အမြဲရှိနေတာလား ။ ဒီကို ပြန်လာမယ်ဆိုရင် ထပ်တွေ့လို့ရမလားဟင် ။”
            “ ဒီတောအုပ်က တောင်စောင့်နတ်တွေ ၊ ဝိညာဉ်တွေ နေတဲ့နေရာပဲ ။ ခြေချမိရင် လမ်းပျောက်ပြီး ဒီအထဲမှာ တစ်သက်လုံး
               ပိတ်မိနေလိမ့်မယ် ။ မင်း … ဒီကို မလာသင့်ဘူး ။ ရွာသားတွေလည်း အဲဒီလိုပဲ ပြောကြတယ် မဟုတ်လား ။”
သူ ဘာပြောပြော ကျွန်မ ကြောက်လန့်ရကောင်းမယ် မသိခဲ့ပါဘူး ။ လေပြေအတိုးမှာ ယိမ်းနွဲ့လှုပ်ခါသွားတဲ့ ဆံနွယ်တွေအောက်က သူ့မျက်နှာဖုံးကို ငေးကြည့်ရင်း တစ်ခုခုပြောဖို့ စဉ်းစားနေမိတယ် ။ ကျွန်မ သူနဲ့ မိတ်ဆွေဖြစ်ခွင့်ရရင် သိပ်ကောင်းမှာပဲလေ ။
            “ သမီးနာမည်က ယုယပါ ။ ကိုကြီးကရော …”
ကျွန်မအမေးကြောင့် သူ တွေဝေသွားတယ် ။ ဘာမှပြန်မဖြေသေးဘဲ ကျွန်မကို ကြောင်ငေးစိုက်ကြည့်နေတယ် ။ သူ့မျက်နှာဖုံးက အမူအရာပြောင်းလဲမှုကို မဖော်ပြနိုင်တဲ့အတွက် အသေကောင်တစ်ကောင်လို အေးစက်နေပါတယ် ။
သေချာတွေးကြည့်တော့ သွေးလန့်စရာကြီးပါ ။ ရောက်နေတာက ဝိညာဉ်တွေပဲရှိတဲ့အရပ် ။ ရှိနေတာက ကျွန်မနဲ့သူ နှစ်ယောက်တည်း ။ သူကလည်း စကားမပြောချိန်ဆို နည်းနည်းကြောက်စရာကောင်းသလိုပဲ ။ အဓိကကတော့ ဖြူဖွေးအေးစက်နေ တဲ့ သူ့မျက်နှာဖုံးကြီးကြောင့်ပါ ။
            ညနေစောင်းမို့ လေတွေက တဝှီဝှီတိုက်ခတ်လာတယ် ။ သူကလည်း အသက်မရှိသလို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေဆဲ ။ ကျွန်မ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ ။
            “ ဘာပဲဖြစ်ဖြစ် မနက်ဖြန် ကိုကြီးအတွက် လက်ဆောင်ယူပြီး ပြန်လာခဲ့ဦးမယ် ။ သွားပြီနော် …”
ကျွန်မ သူ ပြန်ဖြေတာကို မစောင့်တော့ဘဲ ကမူးရှူးထိုးပြေးထွက်လာခဲ့တယ် ။ ခပ်လှမ်းလှမ်းဆီ ရောက်တဲ့အခါမှာ တိုးဖွဖွအသံ တစ်သံကို ကြားလိုက်ရပါတယ် ။
            ဇော်ပါ ။”
            “ ဟင် …”
အသံလာရာဆီ ကျွန်မ လှည့်ကြည့်လိုက်တော့ အံ့သြစရာ ။ စောစောကနေရာမှာ သူ မရှိတော့ပါဘူး ။
            ဒီညနေဟာ ကျွန်မအတွက် စိတ်လှုပ်ရှားစရာတွေချည်းရယ် ။ ကျွန်မ ကြည်နူးနေမိတယ် ။ သီချင်းလေးညည်းရင်း … မြက် ပင်စိမ်းလေးတွေကို တို့ထိရင်း … ရွာလမ်းဆီ ပြန်လာတော့ လမ်းတစ်ဝက်မှာ ဦးလေးနဲ့ ဆုံတယ် ။
            “ မိ … ယု … ယ …”
            “ ဟာ ... ဦးလေး ။”
            “ ယုယ … အရူးမလေး …”
ဦးလေးကို မြင်တော့ ကျွန်မ ဝမ်းသာသွားတာပေါ့ ။ ထုံးစံအတိုင်း ဝမ်းသာအားရပြေးဖက်ပြီလေ ။ ဒါပေမဲ့…ကျွန်မ ကံဆိုးပြန်တယ် ။
            “ ဒေါက် …”
              အား … ”
ဦးလေးက ကျွန်မကို တွေ့လို့ ဝမ်းမသာရှာဘူး ။ ခေါင်းကို စိတ်ဆိုးမာန်ဆိုးနဲ့ ခေါက်လိုက်တယ် ။ ကြည့်ရတာ ကျွန်မ ပျောက်နေလို့ တော်တော်စိတ်ပူနေခဲ့ပုံပဲ ။
            “ တစ်ယောက်တည်း လျှောက်သွားစရာလား ။ တောထဲတောင်ထဲမှာ ဒဏ်ရာရနေရင် ဘယ်လိုလုပ်မလဲ … ဟင် …”
            “ အာ … အဟင့် … အဟင့် … အီးဟီးဟီး …”
            ဆည်းဆာရောင်တောက်နေတဲ့နေဝင်ချိန်က သိပ်ကို လှပါတယ် ။ ငိုယိုနေတဲ့ကျွန်မကို ဦးလေးက ချော့တယ် ။ ခဏပါပဲ … ကျွန်မ စိတ်ဆိုးပြေတော့ တူဝရီးနှစ်ယောက်သား တစ်ယောက်လက်တစ်ယောက်ဆွဲပြီး အိမ်ပြန်ခဲ့ကြတယ် ။
            “ ဦးလေးရေ …”
            “ ဟင် … ဘာလဲ ။”
            “ နတ်တောင်ပေါ်မှာ ဝိညာဉ်တွေ နေတယ်ဆိုတာ ဟုတ်လားဟင် ။”
            “ သြော် … တောင်စောင့်နတ်ရဲ့တောအုပ်ကို ပြောတာလား ။ မသိဘူးလေ ။ အဲဒီလိုတော့ ပြောကြတာပဲ ။ ငါလည်း
ငယ်ငယ်တုန်းက ဝိညာဉ်တွေနဲ့ တွေ့ဖူးချင်ခဲ့တယ် ။ အဲဒါကြောင့် ငါနဲ့ငါ့သူငယ်ချင်းတွေက တောအုပ်ထဲကို အမြဲ
သွားကြတာပေါ့ ။ ဒါပေမဲ့ ဘယ်ဝိညာဉ် ဘာတစ္ဆေမှ မတွေ့ခဲ့ပေါင်ကွာ ။ အဲ … တစ်ခုတော့ ရှိတယ် ။ စိတ်ထင်တာ
လားတော့ မဆိုတတ်ဘူး ။ တစ်ချက်တစ်ချက်တော့ မျက်စိထောင့်ကနေ ရိပ်ခနဲတွေ့လိုက်သလို ခံစားဖူးတယ် ။
နွေရာသီ ညတွေမှာဆို တောအုပ်ထဲက အသံတွေ ကြားရတတ်တယ် ။ အခု ပြန်စဉ်းစားကြည့်တော့ ဖိုးအောင်နဲ့
သူ့သူငယ်ချင်းတွေအတူတူ တောအုပ်ထဲက နွေရာသီပွဲတော်မှာ ပျော်ခဲ့ကြတယ်ဆိုပဲ ။ ဒါပေမဲ့ တောအုပ်ထဲမှာ
ဘယ်ရွာသားတွေက ပွဲတော်လုပ်မှာလဲ ။ ဒါဆို ဘယ်သူလုပ်တာဖြစ်မလဲ ။ အဲဒီအချိန်ကစပြီး ဝိညာဉ်တွေလုပ်တဲ့
ပွဲတော်ထဲ ဖိုးအောင်တို့အဖွဲ့ ရောက်သွားခဲ့တယ်ဆိုတဲ့ ရူးကြောင်ကြောင်ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့တာပဲ ဟား…ဟား…
အင်း … အတိတ်ကိုတောင် ပြန်အောက်မေ့လာမိပြီကွာ ။ ဦးလေးတို့ငယ်ငယ်က တော်တော်ရူးခဲ့ကြတာကွ ။”
ဦးလေးရဲ့အပြောကို ငေးရင်း ကျွန်မမှာလည်း တွေးချင်စရာ ။ အဲဒီနောက်တော့ ကျွန်မ ဘာမှထပ်မမေးဖြစ်တော့ဘူး ။ နေအိမ်ကို ရောက်ပြီး ညမိုးချုပ် အိပ်စက်ချိန်အထိ ဆိုပါတော့ ။


            “ မင်း ရောက်လာတယ် ”
သူဆီက ထွက်ကျလာတဲ့ တအံ့တသြရေရွတ်သံ ။ သူ့အတွက် လက်ဆောင်ယူလာတဲ့ မုန့်ထုပ်ကို ကိုင်ရင်း ကျွန်မ ရပ်ကြည့်နေမိ တော့ သူက ဆက်ပြောတယ် ။
            “ မင်း တကယ်ပြန်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး ။”
စကားအဆုံးမှာ သူက ထိုင်နေရာကနေ ထရပ်ဖို့ အားယူလိုက်တယ် ။ ဒီခဏမှာပဲ ကျွန်မ သဘောပေါက်သွားခဲ့ပါပြီ ။ မနေ့က ကျွန်မတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့ကြတဲ့ မုဒ်ဦးဝအောက်မှာ သူ ဘာ့ကြောင့် ထိုင်နေရသလဲဆိုတာကိုပေါ့ ။
            “ သမီးကို စောင့်နေတာပေါ့နော် ။ အာ … ပျော်လိုက်တာ ။”
သတိလက်လွတ်ပြေးဖက်မိပြန်ပါရော ။
            “ ခွပ် …”
            “ တကယ်ကို အမှတ်မရှိတာပဲ … ဟူး …”
သူက ကျွန်မခေါင်းကို သစ်ကိုင်းခြောက်နဲ့ ရိုက်လိုက်ပြီး စိတ်ပျက်လက်ပျက်ရေရွတ်လိုက်တယ် ။
ဟုတ်ပါတယ် ။ ကျွန်မဟာ တကယ်ကို အမှတ်မရှိတဲ့ ကောင်မလေးပါပဲ ။ ဝမ်းသာလာရင် ဘာကိုမှ သတိမရတော့ဘဲ ဇွတ်အတင်း ပြေးဖက်ချင်တဲ့စိတ်ဓာတ်က အကျင့်ပါနေပါပြီ ။ အခုလည်း ထုံးစံအတိုင်း ပြေးဖက်ဖို့ ကြိုးစားမိလို့ ထုံးစံအတိုင်း အရိုက်ခံထိသွားပြီလေ ။
“ အီး … အပျော်လွန်သွားလို့ပါ ကိုကြီးရယ် ။ အဲဒါကြောင့် …”
“ အင်းပါ ။ ဒီနေရာက နည်းနည်းပူတယ် ။ အေးတဲ့နေရာ သိတယ် ။ သွားကြမလား ။”
“ အန် …”
“ စိတ်မပူပါနဲ့ ။ ဒီကို ပြန်လာပို့ပေးမှာပါ ။”
ရှေ့က ထွက်ခွာသွားတဲ့ သူ့နောက်ကို ကျွန်မ အပြေးလေး လိုက်ခဲ့ပါတယ် ။ မနေ့က ဖြတ်သန်းခဲ့ရတဲ့ လှေကားထစ်တွေကို ဒီနေ့လည်း အတူဖြတ်သန်းကြတယ် ။ ကျွန်မတို့ကြားမှာ သစ်ကိုင်းခြောက်လေး ခြားမထားတော့ပါဘူး ။ ကြည့်ရတာ သူ ကျွန်မ အပေါ် ယုံကြည်စိတ်ချသွားပြီတူပါရဲ့ ။ လမ်းသွားရင်း ကျွန်မ ယူလာတဲ့မုန့်တွေကို နှစ်ယောက်သား ခွဲဝေစားကြတယ် ။ ပျော်စရာ ကြီးပေါ့ ။
            တစ်စတစ်စ တောက နက်…နက်…လာတယ် ။ နေပြောက်ကလေးတွေကို ဟိုတစ်ကွက် ဒီတစ်ကွက်ပဲ မြင်ရတော့တယ် ။ အဲဒီအချိန်မှာ သစ်ပင်တွေကြားက တစ်စုံတစ်ရာ ပြေးထွက်လာသလို ခံစားလိုက်ရလို့ ကျွန်မ လှည့်ကြည့်မိတော့ …
            “ ဟင် … ”
တွေ့လိုက်ရတာက မီးခိုးငွေ့လို ညိုမှိုင်းမှိုင်းအခိုးအငွေ့တန်းကြီး ။ သစ်ပင်ခွကြားပေါ် တက်သွားတဲ့ အဲဒီမီးခိုးလုံးကြီးကို လိုက်ကြည့်ရင်း ကျွန်မ ထိတ်လန့်သွားမိတယ် ။ ဒီခဏမှာပဲ အဲဒီမီးခိုးလုံးကြီးက တစ်စုံတစ်ရာကို ပြောဆိုလိုက်ပါတယ် ။
            “ ဇော် …  အဲဒါ လူသားလေး မဟုတ်လား ။ ငါ စားလို့ရမလား ။” –
ဘုရားရေ … စားလို့ရမလား-တဲ့ ။ ကျွန်မကို ရှေ့ထားပြီး မေးနေပုံက ။ ကျွန်မ သိပ်ကြောက်ရွံ့သွားတယ် ။ သူ့ကို အားကိုးတကြီး မော့ကြည့်မိတယ် ။ သူက ကျွန်မကို သူ့ကိုယ်နဲ့ ကွယ်လိုက်ပြီး …
            “ မရဘူး ။ ဒါ … ငါ့သူငယ်ချင်း ။”
            “ သြော် … အဲဒီလိုလား ။ ဟေ့ … လူသားလေးရေ ။ ငါ တောင်းဆိုပါတယ် ။ ကျေးဇူးပြုပြီး ဇော့်အသားကို မထိမိပါစေနဲ့
   နော် ။ ထိခဲ့ရင် မင်းကို ငါ စားရလိမ့်မယ် ။”
“ အမလေး … ”
ကျွန်မ ကြောက်လွန်းလို့ ငိုချင်လာမိတယ် ။ သူကတော့ ကျွန်မကို အပြည့်အဝ အကာအကွယ်ပေးပါတယ် ။
            “ သွားစမ်းပါကွာ … ရှူး … ရှူး … ”
မီးခိုးလုံးကြီးကို တရှူးရှူးမောင်းထုတ်လိုက်တော့ အံ့သြစရာ ။ နှုတ်ခမ်းပြဲပြဲ မျက်လုံးပြူးပြူးနဲ့ သွေးလန့်ချင်စရာ မီးခိုးလုံးကြီးကနေ ချက်ချင်းဆိုသလို မြေခွေးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး တောအုပ်ထဲကို ပြေးဝင်သွားလို့ပါ ။
            “ အယ်တော် … အဲဒါ မြေခွေးလား ။”
            “ သူက ဝိညာဉ်လေ ။ လူတွေကို ခြောက်လှန့်ဖို့အတွက် ပုံစံပြောင်းလိုက်တာ ။ အလကားပါ ။ ဟောင်ပဲဟောင်တတ်
   တာ ။”
            “ အို … အဟား … အံ့သြစရာကြီးပဲ ။ သရဲကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ ။ ပျော်လိုက်တာ ။ ဝိညာဉ်ဆိုတာ တကယ်
  ရှိတာကိုး ။”
ကျွန်မ ဟစ်အော်လိုက်မိတယ် ။ ပျော်လွန်းလို့ပါ ။ ကျွန်မလည်း ဦးလေးလိုပဲ တစ္ဆေသရဲကို တွေ့ဖူးချင်ခဲ့တာ ။ ခုလို မျက်မြင်ကြုံရ လိမ့်မယ် မထင်ခဲ့မိဘူး ။
            “ ဟောဗျာ … ပျော်နေလိုက်တာများ ။ သရဲကို ပထမဆုံးအကြိမ် တွေ့ဖူးတာဆိုပဲ ။ ငါ့ကို ဘာထင်နေလို့လဲ မသိ ။”
သူက ခပ်တိုးတိုးညည်းတယ် ။ ကျွန်မ ကြားပေမဲ့ ဘာအဓိပ္ပာယ်လဲ မစဉ်းစားအားဘူး ။ ကိုယ့်ဟာကိုယ် ခုန်လို့ပေါက်လို့ ပျော်လို့ အော်လို့ ကောင်းတုန်း ။
            တောအုပ်ရဲ့လှပတဲ့တစ်ဖက်ကမ္ဘာတိုင်အောင် ကျွန်မတို့နှစ်ယောက် ဆက်လျှောက်လာခဲ့ကြတယ် ။ ရှေ့က သွားနှင့်တဲ့ သူ့ကို ငေးရင်း ကျွန်မ စပ်စုမိပြန်တယ် ။
            “ ကိုကြီးက ဘာဖြစ်လို့ မျက်နှာဖုံး တပ်ထားတာလဲ ။ မျက်နှာမရှိလို့လားဟင် ။”
            “ ဘာရယ်တော့ မဟုတ်ပါဘူး ။ ငါ့အကြောင်းတွေ မသိချင်စမ်းပါနဲ့ ။ မင်းရဲ့အကြောင်းပဲ ပြောပြ ။”



            နောက်ရက်တွေ … နောက်ရက်တွေ … နောက်ထပ်ရက်များစွာတိုင်တဲ့အထိ ကျွန်မ တောအုပ်ဆီကို ရောက်ဖြစ်ခဲ့ပါတယ် ။ အဲဒီနွေရာသီ ကျောင်းပိတ်ရက်အားလုံး ကျွန်မဟာ နတ်တောင်ပေါ်မှာပဲ ပြေးလွှားဆော့ကစားနေခဲ့ပါတယ် ။
            “ ဒီဘက်ခြမ်းက ပိုလှတယ် သိလား ။”
သူက တောအုပ်ထဲက လှပတဲ့နေရာတွေအားလုံး လိုက်ပြခဲ့တယ် ။ ကြာပန်းတွေ ဖွေးနေတဲ့ကန်နံဘေးမှာ သစ်ရွက်လှေလေးတွေ အတူတူ လွှတ်ကြတယ် ။ ရူးတယ်လို့ပဲပြောပြော ကျွန်မဘဝအတွက်တော့ အဲဒီအချိန်လေးတွေဟာ သိပ်ကို ပျော်စရာကောင်းခဲ့ တာ ။ အဖြူစင်ဆုံးနဲ့ အပျော်ရွှင်ဆုံးအချိန်လေးတွေ …
            “ ကိုကြီးရေ … ဒီမှာကြည့်ဦး ။ ပန်းတွေ အများကြီးခူးလာတယ် ။ ဟင် … ဇော် … ကိုကြီး အိပ်ပျော်နေတာလား ။”
မြက်ခင်းပြင်ပေါ်မှာ လှဲလျောင်းနေတဲ့သူ့ကို တွေ့လိုက်ရတယ် ။ အနားကပ်ပြီး ခပ်တိုးတိုးခေါ်လိုက်ပေမဲ့ ပြန်မထူးတဲ့အတွက် သူ အိပ်နေတာ ဖြစ်နိုင်ပါတယ် ။ ကျွန်မ သူ့မျက်နှာဖုံးကို စိုက်ကြည့်ရင်း မကြံကောင်းမစည်ရာကို တွေးမိလိုက်တယ် ။ အဲဒါကတော့ သူ့ မျက်နှာကို ခိုးကြည့်ဖို့ပါပဲ ။
- မျက်နှာဖုံးကို ထိတာပဲဥစ္စာ ။ အသားကို ထိတာမှ မဟုတ်တာ ။ ဘာမှမဖြစ်လောက်ပါဘူးနော် …
ကျွန်မ တွေဝေနေသေးတယ် ။ ကျွန်မကြောင့် သူ ပျောက်ကွယ်သွားရင် ဘယ်လိုလုပ်မလဲ ။ ဒါပေမဲ့ မျက်နှာဖုံးအောက်က သူ့မျက်နှာ ဘယ်လိုပုံစံလဲဆိုတာ သိဖို့အတွက် ဒီတစ်နည်းပဲ ရှိတာကြောင့် ခိုးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။ ကလေးအတွေးမို့ ဆင်ခြင်တုံတရား နည်းပါးသေးတယ်လေ ။ ကျွန်မ မျက်နှာဖုံးကို ဖွဖွကိုင်ပြီး ဖြည်းဖြည်းချင်း ဆွဲမ,လိုက်တယ် ။
            “ ဟင် …”
သူက ကျွန်မ ထင်ထားသလိုမျိုး မျက်နှာမပါတာ မဟုတ်သလို သရဲရုပ်ပေါက်နေလို့လည်း မဟုတ်ပါဘူး ။ မင်းသားတစ်ပါးလို ချောမောခန့်ညားသူပဲ ။ ဒါနဲ့များ ဘာလို့ မျက်နှာဖုံး တပ်ထားရတာလဲ ။
            ကျွန်မ အံ့သြငေးမောနေတုန်းခဏမှာပဲ သူ့မျက်လုံးတွေ ပွင့်လာတယ် ။ တောက်ပစူးရှတဲ့ မျက်လုံးလှလှလေးတွေ … ။ ကျွန်မ ထိတ်လန့်သွားရပြီလေ ။
“ အ … တောင်းပန်ပါတယ် ။”
ကျွန်မလည်း အဆူခံရမှာစိုးလို့ မျက်နှာဖုံးကို ခပ်မြန်မြန်ပြန်တပ်ပေးလိုက်တယ် ။ ဒါပေမဲ့ အလောတကြီးလုပ်လိုက်မိတာကြောင့် မျက်နှာဖုံး တပ်ပေးတာနဲ့ မတူဘဲ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားခဲ့တယ် ။
“ အမလေးဗျ ။ အရမ်းလုပ်တာပဲ ။ အိပ်နေချိန်မှာ လုပ်ကြံတာပေါ့လေ ။”
အမှန်တော့ သူက အိပ်ချင်ယောင်ဆောင်နေတာပါ ။ မျက်နှာဖုံးကို ကျွန်မ ဖြုတ်ချင်ဖြုတ်လို့ရအောင် အခွင့်အရေးပေးတာ ဖြစ်ပါလိမ့် မယ် ။ ဒါကို ကလေးဖြစ်တဲ့ကျွန်မက ဘယ်လိုလုပ်သိပါ့မလဲ ။ အိပ်ပျော်နေတုန်း ခိုးကြည့်ရတယ်အတွေးနဲ့ သူ နိုးလာတာမြင်တော့ ထိတ်လန့်သွားတယ် ။ မျက်နှာဖုံးကို ကြောက်အားလန့်အားနဲ့ တွန်းလိုက်တော့ သူ့ခမျာ အရိုက်ခံရသလို ဖြစ်သွားတာပေါ့ ။
            “ တော်တော်ကြောက်စရာကောင်းတဲ့ ကလေးမပဲ ။ အား … နာလိုက်တာ …”
            “ တောင်းပန်ပါတယ် ။ ဟို … အဲ … နေပါဦး ။ ကိုကြီး အိပ်ချင်ယောင်ဆောင်နေတာ မဟုတ်လား ။”
            “ ဟင်းဟင်း … ဟုတ်ပါပြီ ။ ကဲ … ပြောပါဦး ။ ငါက သာမန်လူနဲ့ တူနေသလား ။”
            “ အင်းလေ ။ ဒါနဲ့များ ဘာလို့ မျက်နှာကို ဖုံးထားရတာလဲ ။”
            “ ငါသာ ဒီမျက်နှာဖုံးကို မဝတ်ထားရင် ဝိညာဉ်တစ်ကောင်နဲ့ မတူတော့ဘူးလေ ။”
သူ့စကားတွေက ကျွန်မကို ခေါင်းစားသွားစေတာချည်း ။ ခုလည်း ကြည့်ဦး ။ သာမန်လူပုံစံ ရှိရဲ့သားနဲ့ နတ်တောင်ပေါ်မှာ နေထိုင် နေတယ် ။ မျက်နှာဖုံး တပ်ထားရတာက ဝိညာဉ်တစ်ကောင်နဲ့ မတူမှာစိုးလို့-တဲ့ ။ နားလည်ရခက်လိုက်တာ ။
            “ ကိုကြီးရေ … သမီး မနက်ဖြန်ကစပြီး ဒီကို မလာနိုင်လောက်တော့ဘူး ။ အရင်က ပြောဖူးတယ်လေ ။ နွေရာသီ
              ကျောင်းပိတ်ရက်ဆို ဦးလေးရဲ့အိမ်ကို အလည်လာတယ်ဆိုတာလေ ။ အဲဒါ ကျောင်းဖွင့်တော့မှာမို့ မနက်ဖြန်ဆိုရင်
              အိမ်ပြန်ရတော့မှာ ။”
            “ သြော် … ဒါဆို  …. ။ ဒါပေမဲ့ နောင်နှစ်တော့ လာနိုင်တယ် မဟုတ်လား ။”
            “ အင်း …”
ကျွန်မ ဝမ်းသာအားရ ခေါင်းညိတ်လိုက်မိပါပြီ ။


အဲဒီလိုနဲ့ ကျွန်မအတွက် နွေရာသီဆိုတာ အမြဲမျှော်လင့်စောင့်စားရတဲ့အရာတစ်ခု ဖြစ်လာခဲ့ပါတယ် ။ သူကလည်း ကျွန်မ ကို ကတိပေးထားတဲ့အတိုင်း စောင့်နေခဲ့ပါတယ် ။
ကျွန်မတို့နှစ်ယောက် ထုံးစံအတိုင်း နတ်တောင်ပေါ်က ပျော်စရာကောင်းတဲ့နေရာတွေဆီ လျှောက်လည်ခဲ့ကြတယ် ။ တစ်စုံတစ်ယောက် စီမံဆောက်လုပ်ထားသလိုမျိုး ဆန်းဆန်းကြယ်ကြယ် လှပနေတဲ့ သစ်သားတံတားလေးပေါ်မှာ ကျွန်မတို့ ထိုင် ကြတယ် ။ အေးစိမ့်နေတဲ့ကန်ရေက ကျွန်မကို လန်းဆန်းသွားစေတယ် ။
            “ ရေတွေက အေးလိုက်တာ ။”
            “ မင်းကတော့ ထူးဆန်းတယ်နော် ။ ရေပဲ အေးမှာပေါ့ ။”
ဒီနှစ်မှာတော့ မနှစ်ကထက် သွေးလန့်စရာအဖြစ်အပျက်တစ်ခုကို ကြုံလိုက်ရတယ် ။ တောအုပ်ထဲက သစ်ပင်တစ်ပင်ပေါ်ကနေ လက်ရှည်ကြီးတစ်ဖက် ထွက်ကျလာတာပါ ။ ကျွန်မ ကြောက်လန့်တကြား နောက်ဆုတ်လိုက်မိတယ် ။ လက်သည်းရှည်တွေ ပြည့် နှက်နေတဲ့ လက်ချောင်းရှည်ကြီးတွေက သူ့လည်တိုင်ကို ဆုပ်ကိုင်လိုက်ပြီ ။ အို … ဘုရားရှင် … ကျွန်မ ဘာလုပ်ရမလဲ ။
            “ ဇော် … မင်း ဘာတွေလုပ်နေတာလဲ ။ အန္တရာယ်များလိုက်တာ ။ အဲဒါ လူသားနော် ။ သူ့ကို ထိမိရင် မင်း ပျောက်ကွယ်
  သွားရမှာ ။”
“ ကျေးဇူးတင်ပါတယ် ။ ကျွန်တော့်အတွက် စိတ်ပူမနေပါနဲ့တော့ ။”
သူက ခပ်အေးအေးပဲ ပြန်ဖြေလိုက်တယ် ။ အဲဒီအခါ လက်ရှည်ကြီးက သစ်ပင်တွေကြားထဲ ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွား တယ် ။ နည်းနည်း စိတ်ငြိမ်သွားပြီဆိုပေမဲ့ ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်မ နားမလည်သေးဘူး ။
            “ လူသားလေးရေ … ကျေးဇူးပြုပြီး ဇော့်ကို မထိမိပါစေနဲ့နော် ။”
            “ ဟုတ်ကဲ့ … သမီး သတိထားပါ့မယ် ။”
တောအုပ်ထဲမှာ ရှိသမျှဝိညာဉ်တွေက သူ့အတွက် စိုးရိမ်ပူပန်နေကြတာလား ။ ဝိညာဉ်တွေကျတော့ သူ့ကို ထိလို့ရတယ် ။ ဒါဖြင့် သူက ဘာလဲ ။


            နွေရာသီနှစ်ခုကို ကျော်လွန်ပြီး သုံးခုမြောက်မှာတော့ ကျွန်မတို့နှစ်ယောက်ကြားမှာ သည်းထိတ်ရင်ဖိုအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ရတယ် ။ တစ်ယောက်ရဲ့အသက်ကို တစ်ယောက် မစောင့်ရှောက်နိုင်တဲ့အခြေအနေတစ်ခုပေါ့ ။
            “ ယုယရေ … ဘယ်ရောက်နေတာလဲ ။ ထွက်ခဲ့တော့ ။ ဟေး… ယုယ … ယု …”
            “ ဝါး … ”
သစ်ပင်ပေါ်မှာ ပုန်းခိုနေရာကနေ ကျွန်မ ဘွားခနဲထွက်လာလိုက်တယ် ။ သူ ထိတ်လန့်သွားမယ်လို့ မျှော်လင့်ခဲ့တာ ။ ဒါပေမဲ့ ထင်သလိုဖြစ်မလာပါဘူး ။ သူ့မျက်နှာကို ကျွန်မမှ မမြင်ရဘဲလေ ။ သူ လန့်မလန့် ဘယ်သိရပါ့မလဲ ။ ကျွန်မမှာသာ မျောက်တစ်ကောင်လို ဇောက်ထိုးခိုနေရာကနေ ဂါဝန် လန်သွားလို့ အရှက်ကွဲပါရော ။ (၉)နှစ်/(၁၀)နှစ်အရွယ်ဆိုပေမဲ့ ရှက်တတ်နေ ပြီလေ ။ ဒါပေမဲ့ သူကတော့ ကလေးမလေး-ကျွန်မကို ဆူဆဲဖို့ပဲ သတိရပါတယ် ။
            “ ဒါက ဘာတွေလုပ်နေတာလဲ ။ ပြုတ်ကျဦးမယ် ။”
            “ ဟီးဟီး … ကိုကြီး ထိတ်လန့်သွားတာကို မြင်ချင်လို့ ခြောက်ကြည့်တာလေ ။ ဒါပေမဲ့ … ။ ဟို … အနည်းဆုံးတော့
  သမီးနဲ့အတူရှိနေချိန်မှာ အဲဒီမျက်နှာဖုံးကြီး ချွတ်ထားပါလားဟင် ။”
“ ပြဿနာတော့ မရှိပါဘူး ။ ဘာဖြစ်လို့လဲ ။”
“ ဘာရယ်တော့ မဟုတ်ဘူးပေါ့ ။ ခုလို … လို …. အ … သစ်ကိုင်းကျိုးပြီ ။”
“ ဟာ … သတိထား … ယုယ …”
“ ဟင် … မ … … မ...ဖမ်း…နဲ့ … ။”
“ ဝုန်း …”
သူက သစ်ကိုင်းကျိုးလို့ ပြုတ်ကျလာတဲ့ကျွန်မကို လှမ်းပွေ့ဖို့ ကြိုးစားလိုက်တယ် ။ အဲဒါကို မြင်လိုက်ရတော့ ကျွန်မ သိပ်စိတ်ပူသွား တယ် ။ ကျွန်မကို ထိမိရင် သူ ပျောက်ကွယ်သွားမှာ ။ ကျွန်မကို သူ ဖမ်းလို့ မဖြစ်ဘူး ။ အဲဒါကြောင့် မဖမ်းဖို့ လှမ်းတားတယ် ။ သစ်ပင်က သိပ်မမြင့်လို့ ပြုတ်ကျချိန်က စက္ကန့်ပိုင်းလေးရယ် ။ အဲဒီခဏမှာ ဘာတွေဖြစ်သွားသလဲ…။ ကျွန်မပဲ ကျိုးပဲ့သွားသလား ။ ဒါမှမဟုတ် သူပဲ … ထာဝရ … ။
            “ အိုက်ရား … မိတော့မလို့ဟာကို ။”
            “ ဟုတ်တယ်နော် ။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး ။ ခါးနည်းနည်းနာရုံပဲ ။”
            “ တောင်းပန်ပါတယ် ယုယ ။ အဆင်ပြေရဲ့လား ။”
            “ ရတယ် … ဘာမှမဖြစ်ဘူး ။ တော်ပါသေးရဲ့ ။ ဟိတ် … ဇော် … ဘာပဲဖြစ်ဖြစ် သမီးကို လုံးဝမထိပါနဲ့နော် … နော်လို့ ။
              သမီးကို ထိမိရင် … ထိမိရင် … ဟင့် … ဟင့် …”
ကျွန်မ ရှိုက်ကြီးတငင်ငိုချလိုက်မိတယ် ။ စောစောကများ သူ ငါ့အသားကို ထိလိုက်မိရင်…ဆိုတဲ့အတွေးက ကျွန်မကို ခြောက်လှန့် နေတယ် ။ ကျွန်မ သူနဲ့ ခွဲခွာရမှာကို ကြောက်ရွံ့နေမိပါတယ် ။
နောက်နှစ်နွေရာသီရော…နောက်ထပ်နွေရာသီတွေမှာရော … ကျွန်မ တောအုပ်ကို ရောက်ခဲ့တယ် ။ အဲဒီအချိန်မှာ ကျွန်မ အသက်(၁၃)နှစ်ထဲ ရောက်နေပြီ ။ အပျိုဖြန်းအရွယ်လေးမို့ စိတ်ခံစားမှုတွေကလည်း တစ်မျိုးတစ်မည် ဖြစ်နေခဲ့ပါပြီ ။
            “ ဒန့် … ဒန် …. ငါးတန်းတောင် ရောက်လာပြီ သိရဲ့လား ။”
            “ အင်းနော် ။ မင်းတောင် တဖြည်းဖြည်းနဲ့ မိန်းကလေးရုပ်ပေါက်လာပြီ ။”
            “ ဟမ် … အစောကတည်းက မိန်းကလေးပဲဟာကို ။”
ကျွန်မတို့နှစ်ယောက်ရဲ့အသက်တွေက တဖြည်းဖြည်းနဲ့ သိပ်မကွာတော့ပါဘူး ။ သူက သာမန်လူတွေထက် အသက်ကြီးတာ နှေး နေသလိုပဲ ။
            ဒီနှစ်ဆောင်းရာသီမှာ နတ်တောင်က အေးခဲနေလိမ့်မယ်လို့ ဦးလေးက ပြောတယ် ။ ကျွန်မ စိတ်ပူသွားတယ် ။ သူတော့ ချမ်းနေတော့မှာပဲ ။ သူ့ကြည့်ရတာ အဝတ်အစားရှိပုံ မရဘူး ။ အမြဲတမ်း ဒီအင်္ကျီတစ်ထည်ကိုပဲ ဝတ်ထားရှာတယ် ။ အဲဒါကြောင့် ဆောင်းရာသီမှာ အအေးဒဏ်ခံနိုင်အောင် လက်ဆောင်တစ်ခုခုပေးဖို့ ကျွန်မ တွေးလိုက်မိပါတယ် ။
            “ မာ-ဖ-လာ … ဟုတ်လား ။”
            “ အင်း … ဆောင်းရောက်ရင် သုံးဖို့ ။ သုံးနော် ။ ကဲ … သွားပြီ … တာ့တာ ။ နောက်နှစ်မှ တွေ့မယ် ။”
သူ့ခမျာ ကျွန်မရဲ့လက်ဆောင်ကြောင့် အူတူတူဖြစ်လို့ … မာဖလာကိုကြည့်လိုက်…ကျွန်မကို ကြည့်လိုက်နဲ့…။
ထုံးစံအတိုင်းပါပဲ … သူ လက်ပြနှုတ်ဆက်ပြီး ကျန်ရစ်ခဲ့တယ် ။ ဒါပေမဲ့ ခါတိုင်းနှစ်တွေနဲ့မတူတာက ကျွန်မပါ ။ သူ့ပုံရိပ်က အချိန်များစွာ ကြာမြင့်သွားတဲ့အထိ ကျွန်မအာရုံထဲမှာ စွဲမြဲတည်ရှိနေတယ် ။ ကျွန်မလေ သူ့အကြောင်းတွေကို မစဉ်းစားဘဲ မနေနိုင် ခဲ့ဘူး ။
ဇော့်ကို တွေ့ချင်တယ် ။
အခွင့်ရှိမယ်ဆိုရင် …
ဇော့်ကို ထိတွေ့ပွေ့ဖက်ဖူးချင်တယ် ။


            “ အချိန်တွေ အကုန်မြန်တယ်နော် ။ မင်းတောင် အထက်တန်းကျောင်းသူကြီး ဖြစ်နေပြီ ။”
            “ ဟုတ်တယ်နော် …”
            “ မင်း ငါ့ဆီကို ဒီအတောအတွင်း ရောက်မလာဖြစ်ဘူးပဲ ။”
            “ ဒီကြားထဲမှာ စာတွေ ကြိုးစားနေရလို့လေ ။ ကျွန်မ တွေးထားတာ ဒီသုံးနှစ်ကုန်လို့ ကျောင်းပြီးသွားရင် ဒီဒေသမှာ
  ကျွန်မ အလုပ်တစ်ခုခု ရှာမလားလို့ ။ ဒါဆို … ရှင့်အနားမှာ ကျွန်မ အကြာကြီးနေလို့ရပြီပေါ့ ။ ဆောင်းဦးမှာရော …
  ဆောင်းရာသီမှာရော … နွေရာသီမှာရော … အိုး … အမြဲတမ်း …. အမြဲတမ်း …. နော် … ပျော်စရာမကောင်းဘူး
  လားဟင် … ဇော် ။”
ကျွန်မ သူ့မျက်နှာကို စိုက်ကြည့်ရင်း ဆိုလိုက်တယ် ။ သူကတော့ ကန်ရေပြင်ကိုပဲ ငေးကြည့်နေတယ် ။
“ ယုယ … ငါ့အကြောင်းတွေ မင်းကို ပြောပြမယ် ။ တကယ်တော့ ငါက ဝိညာဉ် မဟုတ်ပါဘူး ။”
“ ဟင် … ဘယ်လို … ”
“ ဟုတ်တယ် ။ ဒါပေမဲ့ လူသားလည်း မဟုတ်တော့ဘူး ။ ကလေးဘဝကတော့ လူသားအဖြစ်နဲ့ မွေးလာတာလို့ ပြောကြ
   တယ် ။ ဒီတောအုပ်ထဲမှာ ငါ့ကို စွန့်ပစ်ထားခဲ့တာ-တဲ့ ။ စွန့်ပစ်သွားတဲ့မိဘတွေကို ပြန်ခေါ်လို့ရမယ်အထင်နဲ့ ငါဟာ
   သနားစရာကောင်းလောက်အောင် ငိုယိုနေခဲ့တယ် ။ သူတို့ပြောတာတော့ ငါက တော်တော်နဲ့ အငိုမရပ်ဘူး ။ ဟောဒီ
   မျက်နှာဖုံးလေး တပ်ပေးလိုက်မှ တိတ်သွားတာ-တဲ့ ။ အဲဒီအချိန်ကတည်းက သေခဲ့ရမှာမှန်ပေမဲ့ တောင်စောင့်နတ်မင်း
   က ကရုဏာသက်လို့ ဆက်ပြီးအသက်ရှင်အောင် စွမ်းအားတစ်ခု ပေးခဲ့တယ် ။ အဲဒါကြောင့်လည်း ငါဟာ ဒီကနေ
   ဘယ်ကိုမှ ထွက်သွားလို့ မရဘူးလေ ။ ငါကလည်း ဝိညာဉ်တစ္ဆေတစ်မျိုးပါပဲ ။”
သူက သူ့ဘဝဇာတ်လမ်းကို ဆွေးဆွေးမြေ့မြေ့ပြောပြတယ် ။ ကျွန်မလေ … သူ့ကို ကြည့်ရင်း … သူ့အကြောင်းတွေ နားထောင်ရင်း သူ့ရင်ထဲက အနက်ရှိုင်းဆုံးတစ်နေရာကို ဝင်ခံစားကြည့်မိတယ် ။ သူ့ဘဝက တကယ်သနားစရာကောင်းတာပဲ ။ သူက အဝေးကို ငေးနေရာကနေ ကျွန်မဘက်ကို လှည့်ကြည့်ပြီး …
            “ ယုယ … တကယ်လို့ ငါ့ကို မင်း မေ့လိုက်မယ်ဆိုရင်လည်း ရပါတယ် ။ မှော်အစွမ်းတစ်ခုတည်းနဲ့ အသက်ရှင်နေရတဲ့
   ငါ့ရဲ့ခန္ဓာကိုယ်က သိပ်ကို အားနည်းလွန်းတယ် ။ ဘယ်တော့မှ ဆန္ဒရှိသလို အသက်ရှင်ခွင့်ရမှာ မဟုတ်ဘူး ။ လူသား
   တစ်ယောက်ကို ထိမိရုံနဲ့တင် စွမ်းအင်တွေ ပျက်ပြယ်ပြီး ဒီခန္ဓာကိုယ်ဟာလည်း ပျောက်ကွယ်သွားရမှာ ။ အခိုးအငွေ့
   တွေလိုမျိုး … ။ မင်းကရော ဘယ်အချိန်ထိ …”
သူ့အနားကနေ ထွက်သွားဖို့ တောင်းဆိုနေတဲ့စကားတွေ … ဒီစကားတွေ ဆုံးတဲ့အထိ နားဆင်နိုင်ဖို့အင်အား ကျွန်မမှာ မရှိပါဘူး ။ အဲဒါကြောင့် …
            “ ထိလိုက်ရင် ပျောက်ကွယ်သွားတဲ့အရာဆိုတော့ နှင်းတွေလိုပေါ့နော် ။ ဟုတ်တယ်မဟုတ်လား ဇော် ။ ကျွန်မလေ
  ရှင့်အကြောင်းတွေကို တစ်ချိန်လုံး တွေးနေခဲ့မိတယ် ။ ဇော်ရယ် … ကျွန်မကို မမေ့လိုက်ပါနဲ့ ။ မမေ့လိုက်ပါနဲ့နော် ။”
ရွှန်းလဲ့ဖြာနေတဲ့နေခြည်တွေအောက်မှာ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ကြပါ တယ် ။ ဒါပေမဲ့ ကျွန်မ မြင်နေရတာက သူ့မျက်နှာ မဟုတ်ပါဘူး ။ ကြောင်တစ်ကောင်ရဲ့မျက်နှာပုံသဏ္ဍာန်ရှိတဲ့ အဲဒီမျက်နှာဖုံး ။ တစ်ချိန်က ကျွန်မ တောင်းဆိုခဲ့ဖူးပေမဲ့ သူကတော့ အခုထက်ထိ အဲဒီမျက်နှာဖုံးကို ဝတ်ဆင်ထားဆဲပါပဲလေ ။
            ကျွန်မ သိပါတယ် … အချိန်တွေက ကျွန်မတို့ကို တစ်နေ့နေ့မှာတော့ ခွဲခွာစေမှာပါ ။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် အဲဒီအချိန် မတိုင်ခင်အထိ အတူတူရှိနေကြရအောင် … ။


            “ ဝိညာဉ်ပွဲတော် … ဟုတ်လား ။”
            “ မဟုတ်ဘူး ။ ဝိညာဉ်တွေ ကျင်းပတဲ့နွေရာသီပွဲတော် ။”
            “ ဟင် … ဘာကွာလို့လဲ ။”
            “ ကွာတာပေါ့ ။ အဓိပ္ပာယ်ချင်း တခြားစီ ။ မင်း ငယ်ငယ်တုန်းက ကြောက်နေမှာစိုးလို့ မဖိတ်ခဲ့တာ ။ ဒါပေမဲ့
   ဒီညတော့ အိမ်က ခိုးထွက်လာလို့ ရတယ်မို့လား ။ ငါ မင်းနဲ့ အချိန်အကြာကြီး လျှောက်လည်ချင်လို့ ။ မင်း
   သွားချင်ရဲ့လား ။”
သူ့ဆီက ပြေးထွက်လာတဲ့ နောက်ပိတ်ဆုံးစကားမှာ ကျွန်မ လုံးဝကြွေသွားတော့တာပဲ ။ အိုက်တင်ခံမနေဘဲ ၊ ဟိုဟိုဒီဒီ မတွေးဘဲ ချက်ချင်းဆိုသလို လက်ခံလိုက်မိတယ် ။
            “ သွားချင်ပါတယ် ။”
            “ ဒါဆို တွေ့နေကျနေရာကို ည(၈)နာရီ အရောက်လာခဲ့နော် ။”
            “ ဒါပေမဲ့ တစ္ဆေတွေအများကြီး ရှိမယ့်ပွဲတော်ဆိုတော့ နည်းနည်းကြောက်မိတယ် ။ ပြီးတော့လည်း ညဘက်ကြီး ။”
            “ စိတ်မပူပါနဲ့ ။ လူတွေလုပ်တဲ့ပွဲနဲ့ သိပ်မကွာပါဘူး ။ သာမန်ပွဲတော်လိုပုံစံမျိုးပါပဲ ။ ပြီးတော့လည်း မင်းကို ငါက
  စောင့်ရှောက်ပေးမှာပဲဥစ္စာ ။”
သူက မျက်နှာဖုံးကို တစ်ဝက်တပျက်လှပ်ရင်း ပြောလိုက်တယ် ။ သူ့ကိုကြည့်ရင်း ဘာရယ်မှန်းမသိ ကျွန်မ ရင်ခုန်သွားမိပါပြီ ။
            “ ရှင် အဲဒီလိုပြောတော့ ကျွန်မလေ ရှင့်ကို ငယ်ငယ်တုန်းကလို ပြေးဖက်လိုက်ချင်တယ် သိလား ။”
ကျွန်မက နောက်လိုက်တာပါ ။ ဒါပေမဲ့ သူကတော့ …
            “ ဖက်လိုက်လေ ။ တကယ်ပြောတာ …” –
တဲ့ ။ သူ့စိတ်ထဲ ဘာတွေဖြစ်နေသလဲ … ကျွန်မ တကယ် နားမလည်နိုင်အောင်ပါပဲ ။


            ညက လထိန်ထိန်သာနေတယ် ။ တောင်ပေါ်တကြောလုံး မီးအိမ်တွေ ထွန်းလို့ ။ ထူးဆန်းလိုက်တာ ။ ပိုထူးဆန်းတာက သူရောကျွန်မပါ ခါတိုင်းလို ခေတ်ပေါ်အဝတ်အစားတွေနဲ့ မဟုတ်ဘဲ ရိုးရာဝတ်စုံကိုယ်စီနဲ့လေ ။ ပွဲတော်အထိမ်းအမှတ်အနေနဲ့ ရိုးရာမပျက် ဝတ်ဆင်လာကြတာဆိုပါတော့ ။
            ဟုတ်ပါတယ် … သူ ပြောခဲ့တဲ့အတိုင်း ဝိညာဉ်တို့ရဲ့နွေရာသီပွဲတော်က လူတို့လုပ်တဲ့ပွဲတော်နဲ့ သိပ်မကွာခြားပါဘူး ။ မသိရင် လူတွေ သွားလာပျော်ရွှင်နေကြတဲ့အတိုင်းပါပဲ ။
“ ကဲ … ဘယ်လိုလဲ ။ သဘောကျတယ်ဟုတ် ။ ”
            “ ဟုတ်တယ်နော် ။ လူတွေလုပ်တဲ့ပွဲတော်လိုပဲ ။ သူတို့အားလုံးက လူတွေလို ဟန်ဆောင်နေကြတာလား ။”
            “ ဟုတ်ပါ့ ။ တစ်ခါတလေ လူတွေတောင် မသိမသာ ရောပါလာတာမျိုး ရှိတတ်တယ်-တဲ့ ။”
သူ ပြောမှ ကျွန်မ သတိရသွားတယ် ။ ငယ်ငယ်တုန်းက ဦးလေး ပြောပြဖူးတဲ့ နတ်တောင်ပေါ်က ပွဲတော်ကို ရောက်ခဲ့ဖူးတဲ့ ဦးဖိုးအောင်တို့ လူစုအကြောင်းလေ ။
            “ ဦးဖိုးအောင်နဲ့ သူ့သူငယ်ချင်းတွေလိုမျိုး နေမှာပေါ့ ။”
            “ ဘယ်သူ …”
            “ ဟင်းဟင်း … ဘာမှမဟုတ်ဘူး ။”
ကျွန်မ မပြောပြတော့ဘဲ ရှေ့ကနေ ဆက်လျှောက်သွားလိုက်တယ် ။
            “ ဟိတ် …ယုယ … ခဏနေဦး ။ မင်းရဲ့လက်မှာ ဒီပိတ်စကို ချည်ထားလိုက် ။ တော်ကြာ လမ်းပျောက်သွားမှာစိုးလို့ ။”
            “ သြော် … ဟုတ် ။”
ကျွန်မတို့နှစ်ယောက် ပိတ်စလေးကို ဟိုဘက်ဒီဘက် ဆွဲယူပြီး လက်တစ်ဖက်စီမှာ ချည်နှောင်လိုက်ကြတယ် ။ ကျွန်မတို့နှစ်ဦးကြား မှာ ပိတ်ကြိုးလေးနဲ့ ချည်နှောင်ထားသလို … ကျွန်မတို့ရဲ့ရင်ထဲမှာလည်း သံယောဇဉ်ကြိုးမျှင်တွေက မရေမတွက်နိုင်အောင် ။ အချိန် ကြာမြင့်စွာ ချည်နှောင်လာခဲ့တဲ့ အဲဒီသံယောဇဉ်ကြိုးမျှင်တွေကြောင့် ထင်ရဲ့ … ဒီပိတ်စလေးဟာ ကျွန်မအဖို့ ကြည်နူးစရာဖြစ်နေ ပြန်ပါတယ် ။
            “ ချိန်းတွေ့နေသလိုမျိုးပဲနော် ။”
ငယ်ငယ်တုန်းကလိုပဲ ကျွန်မ ရွှတ်ရွှတ်နောက်နောက်ပြောလိုက်မိတယ် ။ ဒါပေမဲ့ မျှော်လင့်မထားတဲ့စကားတစ်ခွန်းကို သူ့ဆီကနေ ကြားလိုက်ရတယ် ။
            “ ချိန်းတွေ့နေတာပဲဟာကို ။”
ကျွန်မ သူ့မျက်နှာကို မော့ကြည့်မိတယ် ။ ကိုယ့်နားကိုယ် မယုံနိုင်တဲ့ အမူအရာမျိုးနဲ့ပေါ့ ။ သတိမထားမိတဲ့အခိုက်အတန့်မှာပဲ ကျွန်မ နှုတ်ခမ်းတွေက ပြုံးယောင်သမ်းသွားခဲ့ပါပြီ ။
            “ သွားကြရအောင်လေ ယုယ ။”
            “ သြော် … အင်း …”
ပွဲတော်က ပျော်စရာကြီးပါ ။ တော်တော်များများ မျက်နှာဖုံးစွပ်ထားကြတယ် ။ အကောင်မျိုးစုံ ပုံစံမျိုးစုံရှိတဲ့ မျက်နှာဖုံးတွေ … နေရာစုံမှာလည်း ပစ္စည်းမျိုးစုံ စားစရာမျိုးစုံ ရောင်းချနေတယ် ။ မီးရှူးမီးတန်းတွေလည်း ဖောက်လို့ သာယာလိုက်တာ ။
ငှက်သိုက် မုန့်ဝယ်စားတော့ အံ့သြစရာ ။ မစားရသေးခင်မှာပဲ ငှက်သိုက်မုန့်က လေထဲ ပျံတက်သွားပါရောလား ။ လူရွှင် တော်ကလည်း စံပါပဲ ။ အဝတ်အစား ကျွတ်ကျလို့ ရယ်လိုက်ရတာ ။ နောက်ဆုံးမှာ မီးပုံပွဲလုပ်တဲ့အခါ မီးတောက်မီးလျံတွေက ကောင်းကင်ယံအထိ ပျံ့နှံ့သွားခဲ့ပါတယ် ။


“ အိုး … သိပ်ကို ထူးဆန်းတဲ့ပွဲတော်ပဲ ။ အားလုံးက ကိုယ်စီကိုယ်စီ လူပုံဟန်ဆောင်ပြီး လာကြတယ်နော် ။ ကြည့်ရတာ
  ရုပ်တူပြိုင်ပွဲလိုပဲ ။ နှစ်တိုင်း ဒီလိုပဲ အမြဲလုပ်တာလား ။”
“ အင်း … နှစ်တိုင်း နွေရာသီ ဒီအချိန်ဆို အမြဲလုပ်တယ် ။”
ပွဲတော်ကအပြန် တောင်ခြေဆင်းရာလမ်းတလျှောက်မှာ ကျွန်မတို့နှစ်ယောက်တည်း ။ ထိန်ထိန်သာနေတဲ့လရောင်က ကျွန်မတို့ အပေါ်ကို ဖြာကျနေပါတယ် ။ ကြည်လဲ့လဲ့ကန်ရေပြင်နံဘေးက ကုန်းဆင်းလမ်းလေးအတိုင်း လျှောက်လာကြရင်း နှစ်ယောက်လုံး နှုတ်ဆိတ်နေခဲ့မိတယ် ။ ရင်ထဲမှာတော့ ပြောစရာစကားတွေ ပြည့်နှက်လို့ပေါ့ …
            “ ယုယ … ”
            “ ရှင် …”
            “ နောက်နှစ်နွေရာသီရောက်တဲ့အထိ ငါ အကြာကြီး မစောင့်နိုင်တော့ဘူး ။ မင်း ငါ့အနားမှာ မရှိတဲ့အချိန်တွေဆိုရင်
   တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သိပေမဲ့လည်း ငါ မင်းကို သိပ်တွေ့ချင်နေမိတယ် ။”
သူက ဒီစကားတွေကို လမ်းလျှောက်ရင်း ပြောနေတာပါ ။ ကျွန်မက လှည့်ကြည့်ပေမဲ့ သူကတော့ ရှေ့တည့်တည့်ကိုပဲ ကြည့်နေပါ တယ် ။ ကျွန်မလေ သာမန်ချစ်သူတွေလိုပဲ သူ့လက်ကို ဆုပ်ကိုင်ဆွဲထားလိုက်ချင်ရဲ့ … ။ ဒါပေမဲ့လည်း ဖြစ်မှ မဖြစ်နိုင်ဘဲလေ ။ ကျွန်မ အဲဒီလိုလုပ်မိရင် သူ ထာဝရပျောက်ကွယ်သွားရမှာ ။
            ရုတ်တရက် … ရှေ့ဆက်မသွားဘဲ ရပ်တန့်လိုက်တဲ့ … သူ ။ မျက်နှာဖုံးကို ချွတ်ပြီး ကျွန်မဘက် လှည့်ကြည့်တယ် ။ သူ့မျက်နှာက လွန်ခဲ့တဲ့(၁၀)ကျော်က တွေ့ခဲ့ရတဲ့အတိုင်း မပြောင်းလဲ ဒီအတိုင်းပဲ ။ ကျွန်မအဖို့ ကိုကြီးလို့ ခေါ်ရမယ့်အရွယ် ဘယ်ဟုတ်တော့မလဲ ။
            ဖျတ်ခနဲဆိုသလို … သူ့မျက်နှာဖုံးလေးကို ကျွန်မမျက်နှာမှာ အုပ်မိုးလိုက်တယ် ။ တဆက်တည်းမှာပဲ ရင်ဖိုဖွယ် အနမ်း တစ်ပွင့် … ။ မျက်နှာဖုံးလေး ခြားနေပေမဲ့ ကျွန်မရဲ့အံ့အားသင့်မှုက လျော့နည်းမသွားဘဲ ပြင်းထန်နေဆဲ ။ လရောင်အောက်က ရွှန်းလဲ့တဲ့ သူ့မျက်ဝန်းတွေ … နောက် … လှပတဲ့နှုတ်ခမ်းလေး ။ သူက ပြုံးလိုက်ပြီး …
            “ အဲဒီမျက်နှာဖုံးကို ယူထားလိုက်ပါ ။” –
တဲ့ ။ ဒါ … ဒါဟာ ဘာအဓိပ္ပာယ်လဲ ။ သူ မျက်နှာဖုံး ချွတ်ထားဖို့ ဆုံးဖြတ်လိုက်ပြီလား ။ ဒါမှမဟုတ် … ။
            ဘာလဲ ။ တကယ်ပဲ နောက်နှစ်နွေရာသီမှာ သူ ဒီကို ထပ်မလာတော့ဘူးလား ။ ကျွန်မအာရုံထဲမှာ သူ မပါတဲ့တောင်ခြေက ဆုံနေကျနေရာကို မြင်ယောင်မိရင်း တုန်လှုပ်ချောက်ချားသွားတယ် ။ ဒါဟာ တကယ်ပဲ ကျွန်မတို့ရဲ့နောက်ဆုံး ………………
            “ ဟာ … မပြေးနဲ့လေ ။ စောင့်ပါဦးဆို ။”
အတွေးတွေထဲမှာ နစ်မြောနေတုန်း ကျွန်မတို့ဘေးကနေ ကလေးနှစ်ယောက် ဖြတ်ပြေးသွားတယ် ။ တောင်ခြေကို ပြေးဆင်းလာတဲ့ ကလေးတွေ … ။ တစ်ယောက်ကိုတစ်ယောက် စနောက်လို့ … ပျော်မြူးလို့ ။
            “ အား …”
            “ သတိထား ”
ကြည့်နေတုန်းမှာပဲ ကောင်လေးတစ်ယောက် ချော်လဲသွားတယ် ။ လက်မတင်လေးရယ် … ။ သူ … ဖမ်းဆွဲလိုက်ပေလို့သာ ။ မဟုတ်ရင် လိမ့်ကျရင်ကျ မဟုတ်တောင် ဒီကောင်လေး ဒူးပြဲဦးမယ် ။ တော်တော်ဆော့တဲ့ ကလေးတွေ ။
            “ အဆင်ပြေရဲ့လား ။”
            “ အင်း ။ ကျေးဇူးပဲနော် ကိုကြီးနဲ့မကြီး ။”
            “ အေးပါကွယ် ။ မောင်လေးနဲ့ညီမလေး ဂရုစိုက်သွားဦး ။”
ကလေးတွေကို ငေးနေရာကနေ နံဘေးကို လှည့်ကြည့်လိုက်ချိန်မှာတော့ အခိုးအငွေ့တွေပမာ တဖြည်းဖြည်း ပျောက်ကွယ်လာတဲ့ သူ … ။
            “ ဟင် … ဇော် … ဘာ … ဘာဖြစ် ။ ဒါဆို အဲဒီကောင်လေးက လူလား ။”


            သူက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတဲ့ လက်ဖဝါးပြင်ကို စိုက်ကြည့်နေတယ် ။ ခဏအကြာမှာ ကျွန်မကို လှည့်ကြည့် တယ် ။ သူ့မျက်ဝန်းတွေက အံ့သြနေတာလား … ထိတ်လန့်နေတာလား … ဒါမှမဟုတ် ဝမ်းနည်းနေတာလား … ကျွန်မ ဝေခွဲမရခဲ့ပါ ဘူး ။ ကျွန်မလေ သူ့နာမည်ကို ဆို့ဆို့နစ်နစ်ခေါ်လိုက်မိတယ် ။
            “ ဇော် … ရယ် … ”
(၁၀)နှစ်တာလုံးလုံး ပွေ့ဖက်ချင်ပါလျက် မထိရက် မကိုင်ရက်ဘဲ အရိပ်တကြည့်ကြည့်ချစ်ခဲ့ရတဲ့ သူ…။ အခုတော့ ကျွန်မရှေ့မှာတင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပါတော့မယ် ။
            ရုတ်တရက် သူ့မျက်နှာမှာ အပြုံးတစ်ပွင့် ပေါ်လာတယ် ။ သူက လက်နှစ်ဖက်ကို ခပ်သွက်သွက်ဆန့်တန်းလိုက်ပြီး …
            “ လာလေ … ယုယ ။ နောက်ဆုံးတော့ ငါ မင်းကို ပွေ့ဖက်လို့ရပြီ ။”
ဒါဟာ ပျော်စရာအခြေအနေမဟုတ်မှန်း ကျွန်မ သိတယ် ။ ဒါပေမဲ့ သူ့ရင်ခွင်ထဲကို ကျွန်မ ဝမ်းသာအားရ ပြေးဝင်သွားလိုက်မိတယ် ။ တစ်သက်လုံး တောင့်တခဲ့တဲ့ မျှော်လင့်ချက်တစ်ခု ပြည့်မြောက်သွားခဲ့သလို ခံစားချက်တွေနဲ့ ။ ကျွန်မ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်မိတယ် ။ သူ့တစ်ကိုယ်လုံး မပျောက်ကွယ်သွားခင်အထိ … ။
            “ မင်းကို ချစ်တယ် ကောင်မလေး ။”
            “ ကျွန်မလည်း အတူတူပါပဲ ဇော်ရယ် ။”
သူ ပျောက်ကွယ်သွားချိန်မှာ နတ်တောင်ပေါ်ကနေ ကျွန်မတစ်ယောက်တည်း ပြန်လာခဲ့ပါတယ် ။ အိပ်မက်တစ်ပုဒ်ကနေ နိုးထလာ သလိုမျိုး ။ ဒါပေမဲ့ ကျွန်မလက်ထဲမှာတော့ မျက်နှာဖုံးလေးတစ်ခု ။
သူ ပေးခဲ့တဲ့မျက်နှာဖုံးလေးကို ကျွန်မ တစ်သက်လုံး သိမ်းထားလိုက်တော့မယ် ။ သေချာတာက ကျွန်မဟာ အချိန်အတော် ကြာတဲ့အထိ နွေရာသီကို စောင့်မျှော်နေတော့မှာ မဟုတ်ပါဘူး ။ နှလုံးသားတွေ နာကျင်ပြီး မျက်ရည်တွေ အဆက်မပြတ်ကျနေ ရရင်တောင် မေ့ပစ်လိုက်မှာ မဟုတ်ပါဘူး ။ ကျွန်မလက်နဲ့ ထိတွေ့ခွင့်ရခဲ့တဲ့ နွေးထွေးမှုနဲ့အမှတ်တရတွေပြည့်နေတဲ့ ဒီနွေရာသီဟာ ကျွန်မရင်ထဲမှာ အမြဲထာဝရတည်ရှိနေမှာပါ ။ ။
( The light of the firefly forest - ဂျပန်ရုပ်ရှင်ကို မှီငြမ်းခံစားရေးဖွဲ့ထားပါသည် )


                                                                                                          စေတနာရှေ့ထားလျက်…
                                                                                                                  ဂါဦးနွန်းကို


 www.facebook.com/writer.GONK pageတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ^_^