ပညာသည်မလေး
( ၂၀၁၄ စက်တင်ဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ ... ဂါဦးနွန်းကို
------------------------------------------------------------------------------------------
ဤသြကာသလောကကြီး၌ တစ္ဆေသရဲတို့သည် အမှန်တကယ်တည်ရှိနေကြခြင်းလား
။ သို့မဟုတ်…ဆန်းကြယ်ထွေပြားလှသော လူတို့ စိတ်၏ အရောင်ပြောင်းလှည့်စားမှုများကြောင့်
တစ္ဆေသရဲနာနာဘာဝမကောင်းဆိုးဝါးဝိညာဉ်တည်းဟူသော နာမ်ပုဒ်တို့ ဖြစ်ထွန်းပေါ်ပေါက် လာခြင်းလား
။
ထိုအချင်းအရာနှင့်ပတ်သက်လာလျှင် အစဉ်အမြဲလိုလို
အဖွဲ့သုံးဖွဲ့ ကွဲသွားတတ်သည် ။ သရဲမရှိဘူးဟု ယူဆထားသောအဖွဲ့ ၊ သရဲရှိ သည်ဟု ယူဆထားသောအဖွဲ့၊
သရဲရှိသည်ဟု အယုံအကြည်ကြီးမဟုတ်သော်လည်း တစ္ဆေသရဲနှင့်ပတ်သက်သည့် ပုံပြင်ဇာတ်လမ်းများ
ကြားလျှင် စိတ်ဝင်တစားနှင့်နားဆင်လျက် အငြင်းမပွားဘဲ ကြောက်ရွံ့တတ်သည့်အဖွဲ့ ။ ထိုအဖွဲ့သုံးဖွဲ့တွင်
ကျွန်မပါဝင်သည့်အဖွဲ့မှာ တတိယမြောက်အဖွဲ့ဟု ဆိုရပေလိမ့်မည် ။
ဟုတ်ပါသည် ။ ကျွန်မသည် တစ္ဆေသရဲနာနာဘာဝများ မကောင်းဆိုးဝါးမှင်စာသဘက်များ
မြေဖုတ်ဘီလူးစုန်းကဝေအောက်လမ်းပညာ သည်များမှအစ အထက်ဂိုဏ်းဆရာဝိဇ္ဇာဇော်ဂျီတပဿီရုက္ခစိုးတို့အလယ်
နတ်နဂါးသိကြားဂဠုန်ဂမ္ဘာန်တို့အဆုံး ထူးဆန်းထွေလာလှသော မမြင်အပ်မမြင်နိုင်သည့်ထိုသက်ရှိများအား
အလုံးစုံအကြွင်းမဲ့ယုံကြည်လက်ခံနေသူတစ်ယောက်တော့ မဟုတ် ။ လူငယ်ပီပီ ဟိုတွေးသည် တွေးနှင့်
သူတို့တတွေ ရှိမှရှိပါ့မလားဟု မကြာခဏသံသယဖြစ်မိပေမဲ့ ထိုသူတို့နှင့်ပတ်သက်ဆက်နွယ်သည့်
အကြောင်းကိစ္စဆန်းဆန်းပြား ပြားမှန်သမျှကိုတော့ စိတ်ဝင်တစားနားဆင်ချင်သည် ။ ထိုကိစ္စမျိုးနှင့်ပတ်သက်သည့်သတင်း
တစွန်းတစကြားရုံဖြင့် နားကိုစွင့်ထားတတ် ခဲ့၏ ။ သို့ကြောင့်လည်း…
“ ဟဲ့…မိစနိုးရေ ငါတော့ ကြုံခဲ့ရပြီဟေ့ ။”
ဟုအစချီကာ
ဘယ်အိမ်ဘယ်နေရာ၌ တစ္ဆေအခြောက်ခံခဲ့ရသည့်အကြောင်းကို လာရောက်ရင်ဖွင့်သတင်းပေးသူတွေကလည်း
ကျွန်မ့ အနီးအနားတွင် အများအပြားဒုနှင့်ဒေး ။ အများစုကလည်း လုပ်ကြံဇာတ်လမ်းမျိုးမဟုတ်ဘဲ
အရှိကိုအရှိအတိုင်း ကြုံတွေ့ခဲ့ရသူကိုယ်တိုင် ကြက်သီးတဖြန်းဖြန်းထလျက်သားနှင့် ဇာတ်ကြောင်းလှန်ပြောပြသွားကြသည်ချည်း
။
ထို့ကြောင့်ပင် ဖြစ်ပါလိမ့်မည် ။ စာရေးချင်စိတ်ဝင်ပြီး
ကလောင်သွေးသည့်သဘောနှင့် စာရေးကြည့်သည့်အခါ ရေးချင်စရာ သည် အကြောင်းတွေ ရှိသည်ကတစ်ကြောင်း
၊ ကျွန်မ့ကိုယ်တိုင်က ဤသို့သော ဂန္ဓာရီဆန်ဆန်အကြောင်းအရာများကိုသာ စိတ်ဝင်စားသည်က တစ်ကြောင်းကြောင့်
တဖြည်းဖြည်းနှင့် ဂမ္ဘီရလိုင်းရေးသူတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာခဲ့ရသည် ။ နို့ပေမဲ့
အရက်သမား(အရက်သောက် သူ)စာရေးဆရာက အရက်မကောင်းကြောင်း ရေးသားသကဲ့သို့ ဂမ္ဘီရအကြောင်းအရာတွေကို
အကျွင်းမဲ့ယုံ ကြည်သူမဟုတ်သည့်ကျွန်မက ထိုအကြောင်းနှင့် ပတ်သက်သည့်ဇာတ်လမ်းတွေချည်း
ရေးသားနေမိ၍ တစ်ခါတစ်ရံလည်း ငါလုပ်တာ ဟုတ်ကောဟုတ်ရဲ့လားဟူ၍ တွေ ဝေတွန့်ဆုတ်မိသော်လည်း
အသေအချာတွေးကြည့်လိုက်မှ ဆီလျော်သင့်မြတ်သည်ဟု သုံးသပ်မိပြန်၏ ။ အရက်သောက်သူမှသာ အရက်
၏ဆိုးကျိုးများကို ပိုမိုနားလည်နိုင်မည်ဖြစ်သလို ဂမ္ဘီရအကြောင်းအရာတွေကို အကျွင်းမဲ့မယုံကြည်မှသာ
မိမိရေးသားမည့်ဇာတ်လမ်းအပေါ် ဖြစ်နိုင်မဖြစ် နိုင်စဉ်းစားချင့်ချိန်နိုင်လိမ့်မည်ဟု
ကျွန်မ ယူဆမိသည် ။
မည်သို့ပင်ဖြစ်ပါစေ…တစ္ဆေဇာတ်လမ်းများ နားဆင်ရခြင်းနှင့်ပတ်သက်ပြီး
မရိုးအီနိုင်သေးသောကျွန်မ့၏အမူအကျင့်များမှာ ထိတ် လန့်ချောက်ချားစရာအကြောင်း ကြားနာရသည့်အခါတိုင်း
ခန္ဓာကိုယ်အနှံ့တွင် ကြက်သီးများတဖြန်းဖြန်းထခြင်း ၊ နှလုံးခုန်သံတွေမြန်ဆန် ဆူညံလာခြင်း
၊ အောက်နှုတ်ခမ်းကို အပေါ်သွားများနှင့် သူ့အလိုလို ဖိကိုက်လိုက်မိခြင်းများပင်ဖြစ်ပါတော့၏
။
ÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿ
“ ဟယ်…ဒါ မစနိုးရဲ့ဝတ္ထု မဟုတ်လား ။ ဓါတ်ပုံလည်း
ပါတယ်နော် ။ ဂမ္ဘီရလောကမဂ္ဂဇင်း ၇၅အုပ်မြောက် စိန်ရတုအထူးထုတ်…ဟုတ်ပြီ
ဟုတ်ပြီ ။ သား ဝယ်ပြီးသိမ်းထားဦးမယ် မစနိုး
။”
ထိုစကားကိုဆိုလာသူက
ကျွန်မနှင့် ကျောင်းဖယ်ရီကားအတူစီးသည့် မောင်ကျော်ဝင်းဖြစ်၏ ။ မောင်ကျော်ဝင်းက ပထမနှစ်ကျောင်းသား
။ ကျွန်မ့ထက် လေးနှစ်ခန့်ငယ်သည် ။ စာပေအပေါ် မြတ်နိုးသူဖြစ်တာကြောင့် ကျွန်မ့ဆီမှ ကောင်းနိုးရာရာစာအုပ်များကို
ငှားရမ်းဖတ်ရှုတတ် သလို မဂ္ဂဇင်းစာစောင်များတွင် စာရေးသားနေသူကျွန်မ့အပေါ်၌လည်း မောင်ငယ်လေးလိုတစ်မျိုး
စာဖတ်ပရိသတ်လိုတစ်သွယ် လေးစား ခင်မင်နေသူဖြစ်သည် ။ ယခုလည်း မဂ္ဂဇင်းစာအုပ်ထဲတွင် ကျွန်မ့ဝတ္ထုပါလာသည်ကို
တွေ့မြင်သဖြင့် ဝမ်းသာအားရနှင့် ထိုသို့ပြောလိုက် ခြင်းဖြစ်၏ ။
“ ဒါနဲ့ ဟိုတစ်ခေါက်က သူရဇ္ဇမဂ္ဂဇင်းမှာပါတဲ့
‘တစ္ဆေစုံထောက်မိန်းကလေး’ဝတ္ထုကို သား အရမ်းကြိုက်တယ် ။ ဘေးကသူငယ်ချင်းကို
တောင်
အဲ့ဒါ ငါ့အစ်မရေးထားတာဆိုပြီး ဖတ်ကြည့်ခိုင်းသေးတယ် ။ သူကလည်း သဘောကျတယ်တဲ့ ။ အဲ…ဒါပေမဲ့
Ghost Whisperer
နဲ့ ဆင်သလိုပဲလို့ ပြောတယ် ။ တူတော့မတူပါဘူး မစနိုးရယ်
။ ဟိုက အိမ်ထောင်သည်…ပြီးတော့ အင်္ဂလိပ်ရဲ့ထုံးစံအတိုင်း မြန်မာအမြင်
နဲ့ မသင့်တော်တာတွေလည်း ပါတာပဲကို ။ မစနိုး ရေးထားတာကို
ပိုကြိုက်တယ် ။”
“ ဒါကတော့ သူ ပြောတာလည်း မမှားပါဘူး ။ ဇာတ်ကောင်စရိုက်အခြေခံက
ဆင်တူသလိုဖြစ်နေတာကိုး မောင်လေးရဲ့ ။ အစ်မရေးတဲ့
ဇာတ်ကောင်က Ghost Whispererဇာတ်ကားထဲကဇာတ်ကောင်လို
တစ္ဆေတွေကို မြင်တွေ့နိုင်တဲ့သူပဲ မဟုတ်လား ။ ဒါပေမဲ့ လောက
မှာ ဘဝဖြစ်စဉ်ချင်းတူနေတဲ့လူတွေ တပုံတပင်ကြီးရှိနေနိုင်တာပဲလေ
။ ဒီတော့ ဇာတ်လမ်းချင်းဆင်တာလည်း မဆန်းပါဘူး ။ အစ်မက
တော့ အစ်မရဲ့ကိုယ်ပိုင်အတွေးနဲ့ပဲ အမြဲရေးလို့
ကိုယ့်လိပ်ပြာကိုယ်လုံတယ် ။ သူများတွေ ဘယ်လိုပဲတွေးတွေး ကိုယ်မှန်ဖို့က အရေး
ကြီးဆုံး မဟုတ်လား ။”
“ ဟုတ်တယ်…ဟုတ်တယ် မစနိုး ။ သားတော့ မစနိုးကို
အရမ်းအားကျတာပဲ ။ သားလည်း မစနိုးလို စာရေးဆရာဖြစ်ချင်လိုက်တာ ။
ဒါပေမဲ့ မရေးတတ်ဘူး မစနိုးရဲ့ ။”
“ သြော်…ဖြစ်ချင်စိတ်ရှိရင် ဘာမဆိုဖြစ်နိုင်တာချည်းပဲ
။ မောင်လေး ကြိုးစားရင် ဖြစ်မှာပေါ့ ။ စာများများဖတ်…နောက်ပြီး စားပွဲမှာထိုင်
ပြီး ကိုယ်ရေးချင်တဲ့အကြောင်းအရာကို ရေးချကြည့်
။ အထပ်ထပ် ဖတ် ။ အထပ်ထပ် ပြန်ပြင် ။ နောက်တော့ အဆင်ပြေလာမှာပေါ့ ။
အစ်မတုန်းကလည်း ဒီလိုပဲ ။ အခုထိလည်း အယ်ဒီတာဆရာတွေ
ဆူတာခံနေရတုံး ။”
“ အင်း…မစနိုး အားပေးတာနဲ့ သား ရေးကြည့်ဦးမယ်
။ ဒါနဲ့ မစနိုးက ဇာတ်လမ်းတွေ အမျိုးမျိုးရေးတယ်နော် ။ ဘယ်လို စဉ်းစားပြီး ရေး
တာလဲဟင် ။”
“ အစ်မ ရေးတာ အများစုက ဖြစ်ရပ်မှန်တွေ မောင်လေးရဲ့
။ အစ်မနဲ့ နီးစပ်တဲ့မိတ်ဆွေတွေဆွေမျိုးတွေက သူတို့ကြုံခဲ့တာတွေကို ပြန်
ဖောက်သည်ချကြတာတွေကို အစ်မက ရေးတာ ။ တချို့တချို့ကတော့
စိတ်ကူးယဉ်ပေါ့ ။”
“ ဟုတ်လား အစ်မ ။ ဒါဆို တစ္ဆေသရဲတွေက တကယ်ရှိတာပေါ့နော်
။ သားကတော့ ယုံပါတယ် ။ ဘုရားဟောပေတဝတ္ထုတွေတောင်
ရှိသေးတာပဲ
။ ဟော…သားမှတ်တိုင် ရောက်ပြီ ။ ဆင်းရတော့မယ် ။ တာ့တာ မစနိုး ။”
“ အေး…အေး မောင်လေး ။”
မောင်ကျော်ဝင်းက
ရိုးသားပွင့်လင်းသူပီပီ တစ်ခါတစ်ရံ ထိုသို့ပင် စိတ်ထဲရှိသမျှကို မေးမြန်းတတ်သည် ။ မောင်ကျော်ဝင်း
နှုတ်ဆက်ပြီး ကားပေါ်က ဆင်းသွားတော့မှ ကျွန်မ အတွေးနယ်ချဲ့ခွင့်ရသည် ။ တွေးမိသည်က မောင်ကျော်ဝင်း
နောက်ဆုံးမေးသွားသောမေးခွန်းနှင့် ဆက်စပ်နေ၏ ။ ထိုသို့ တွေးတောမိအောင် စပ်စပ်စုစုမေးမြန်းသွားသည့်
မောင်ကျော်ဝင်းကိုပင် ကျေးဇူးတင်မိတော့သည် ။
အင်း…တစ္ဆေသရဲဟူသည် လောက၌ အမှန်တကယ်ရှိပါသလား
။
ထိုကိစ္စနှင့်ပတ်သက်၍
ကျွန်မ ဘယ်သောအခါမျှ အချင်းမများအငြင်းမပွားတတ်ပါ ။ ယုံလိုက ယုံကြည်နိုင်သည်ဟူ၍သာ ပြောပါရစေ
။ ကျွန်မကို ယုံကြည်လားဟူ၍မေးလျှင်တော့ ‘အင်း’ဟူသောအဖြေကို တုံ့ဆိုင်းဆိုင်းဖြေမိလိမ့်မည်
။ နို့ပေမဲ့ ကျွန်မ့ပတ်ဝန်းကျင်ရှိ အသိမိတ် ဆွေများကိုယ်တိုင် တွေ့မြင်ကြုံကြိုက်သောတစေ
္ဆဇာတ်လမ်းပေါင်းများစွာ ရှိသလို ကျွန်မ့ကိုယ်တိုင်လည်း သုံးကြိမ်ထက်မနည်း အချောက် အလှန့်ခံဖူးသည်ဖြစ်၍
ယုံကြည်သည့်ဘက်ကိုတော့ ပိုကဲပေလိမ့်မည် ။
တစ္ဆေသရဲတွေက များသောအားဖြင့်တော့ ရနံ့ပေးခြင်း
အသံပေးခြင်း အရိပ်အယောင်ပြခြင်းတို့ကို ပြုလုပ်တတ်ကြသည် ။ လူအများစု ကတော့ တစ္ဆေခြောက်လှန့်လျှင်
အမျှလိုချင်၍ အသိပေးလို၍ ကျီစားလို၍ မနှစ်ခြိုက်မကျေနပ်၍ဟု သိရှိနားလည်ထားကြသည် ။ သနား
စရာအကောင်းဆုံးအချက်မှာ တချို့တချို့သောဝိညာဉ်များသည် မိမိကိုယ်မိမိ သေဆုံးသွားမှန်း
မသိရှိကြသေး ။ သို့ကြောင့်လည်း နေ့စဉ် သွားလာနေထိုင်နေကျပုံစံအတိုင်း သွားလာလှုပ်ရှားနေကြသည့်အခါ
ပတ်ဝန်းကျင်မှလူများသည် ချောက်လှန့်နေပြီဟု သဘောပေါက်သွား တတ်ကြသည် ။ ထိုတစ္ဆေတို့နှင့်ပတ်သက်ပြီး
ကျွန်မနှင့်သိသောအစ်မတစ်ယောက်သည် မကြာခဏဆိုသလို ပြဿနာများ လိုက်ဖြေရှင်း ပေးခဲ့ရဖူး၏
။ သူ့အကြောင်းတွေကို ကျွန်မ အလျဉ်းသင့်သလို ရေးသားဖော်ပြဖူးခဲ့သော်လည်း မကြုံစဖူးထူးကဲနက်နဲလှသော
ဤသဘာဝ လွန်အကြောင်းအရာတွေက ရေးသား၍ မကုန်နိုင်သေးပေ ။ (တစ္ဆေစုံထောက်မိန်းကလေးဟူသောဝတ္ထုဇာတ်လမ်းရှည်အများစုမှာလည်း
သူမ၏အကြောင်းသာဖြစ်သည် ။)
ပြောရလျှင် သူမက ဝမ်းတွင်းပါအကြားအမြင်ဆရာမဟု
ဆိုရမလား မသိ ။ လေးငါးနှစ်သားအရွယ်ကတည်းက ထိုမမြင်အပ်သောပုဂ္ဂိုလ်
သတ္တဝါတွေကို
တွေ့မြင်နေရသူဖြစ်၏ ။ သူမ၏နာမည်က မခင်မေစိန်ဖြစ်သည် ။ သူမနှင့်ပတ်သက်၍ ကျွန်မသိသလောက်အကြောင်းအရာ
များစွာထဲမှ တချို့တဝက်ကို ကောက်နုတ်တင်ပြရလျှင်…
ÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿ
အသက်(၅)နှစ်အရွယ်ခန့်ရှိသောခင်မေစိန်သည် မိခင်ဖြစ်သူဒေါ်စိန်တင့်နှင့်အတူ
ရွာထိပ်ရှိသစ်သားအိမ်ကြီးဆီသို့ လမ်းလျှောက်ထွက် ခဲ့သည် ။ ခင်မေစိန်သည် ပါရမီထူးပါရှိလာသူပီပီ
ကလေးအရွယ်ကတည်းကပင် အေးဆေးတည်ငြိမ်သူဖြစ်တာကြောင့် ငိုခြင်းဂျီကျခြင်း မရှိဘဲ ပတ်ဝန်းကျင်ရှိ
လယ်ကွင်းစိုက်ခင်းများကို ငေးမောကြည့်ရှုရင်း မိခင်၏လက်တစ်ဖက်ကို ဆွဲကိုင်လျက် အေးအေးလူလူလျှောက်လာ
ခဲ့သည် ။ မိခင်ဖြစ်သူက ရွာထိပ်အိမ်ကြီးတွင် နေထိုင်သူဦးဖိုးသာအောင်ထံမှ အကြွေးတောင်းရန်အတွက်
ထွက်လာခဲ့ခြင်းဖြစ်လေသည် ။
“ ကိုဖိုးသာမောင်ရေ…ကျွန်မ စိန်တင့်ပါ ။ ဝင်ခဲ့မယ်နော်
။”
အိမ်ကြီးရှေ့သို့ရောက်သည့်အခါ
ဒေါ်စိန်တင့်က ထိုသို့အော်ပြောရင်း ခင်မေစိန်၏လက်ကိုဆွဲကာ အိမ်ထဲသို့ ဝင်သွားလိုက်၏
။ အိမ်ကြီးက မကြာသေးမီကမှ ဆောက်လုပ်ထားခြင်းဖြစ်ပြီး လူကြီးတစ်ဖက်မျှရှိသောတိုင်လုံးကြီးများဖြင့်
ခန့်ညားကြီးကျယ်လှသော သစ်သားအိမ်ကြီး ဖြစ်သည် ။ ခင်မေစိန်လည်း ကလေးပီပီ ဘုန်းကြီးကျောင်းကြီးတမျှ
ကြီးမားထည်ဝါလှသောဦးဖိုးသာအောင်၏အိမ်ကြီးအတွင်း၌ ဟိုဟိုသည် သည်လျှောက်ပြေးကြည့်ရှုမိ၏
။ ဦးဖိုးသာအောင်နှင့်ဒေါ်စိန်တင့်ကတော့ အလုပ်ကိစ္စအကြောင်း ဆွေးနွေးပြောဆိုနေကြသည် ။
“ ကိုဖိုးသာအောင်ရယ်…ကျွန်မလည်း အားနာပါတယ် ။
ကိုယ့်ဆွေကိုယ့်မျိုးလိုဖြစ်နေလို့ ကျွန်မ အတိုးလည်း မယူခဲ့ပါဘူး ။ ဒါပေသိ အခု
ကိုဖိုးသာအောင် ချေးထားတာ တစ်နှစ်နားတောင် ကပ်နေပြီ
။ ကျွန်မတို့မှာလည်း သူဌေးသူကြွယ်တွေ မဟုတ်တော့ ငွေက သူ့လုပ်ငန်း
နဲ့သူ ဝင်ချည်ထွက်ချည်ဖြစ်နေတာလေ ။ အခု ကိုဖိုးသာအောင်လည်း
သိတဲ့အတိုင်း စပါးတွေက ဈေးကျနေတာ မဟုတ်လား ။ ကျွန်မ
တို့လည်း အဆင်မပြေလို့ပါ ။”
“ ကျွန်တော်လည်း အားနာလို့ မျက်နှာဘယ်နားထားရမှန်း
မသိတော့ဘူး ။ တကယ်ပါဗျာ ။ ဒီအိမ်ကို ပြောင်းလာကတည်းက ဘာအလုပ်
မှကို မဖြစ်တာ ။ ကျွန်တော် ကုန်တွေ ရှုံးနေတာလည်း
တစ်နှစ်လောက်ရှိနေပြီမို့သာ အစ်မကြီးရဲ့ငွေကို ပြန်မဆပ်ဖြစ်တာပါ ။ စိတ်ချပါ
ဗျာ ။ ဒီတစ်လအတွင်း ပြန်ဆပ်နိုင်အောင် ကျွန်တော်
ကြိုးစားပါ့မယ် ။”
“ ဟုတ်ကဲ့ပါရှင် ။ ဒီလိုဆိုရင်ဖြင့် ကျွန်မ့အမျိုးသားကို
ကျွန်မ အကျိုးအကြောင်းပြောပြလိုက်ပါ့မယ် ။ ဒါဆို ကျွန်မ ပြန်တော့မယ် ။ အိမ်
မှာကလည်း အငယ်ကောင်လေး ကျန်ခဲ့လို့ ။ ဟဲ့…သမီးရေ
သမီး…မိစိန် ။”
ဒေါ်စိန်တင့်က
ခပ်လှမ်းလှမ်းရှိတိုင်ကြီးတစ်လုံး၏နဘေးတွင် ငေးငေးကြီးရပ်ကြည့်နေသူ ခင်မေစိန်ကို လှမ်းအော်ခေါ်လိုက်သည်။
သို့ပေမဲ့ ဒေါ်စိန်တင့်၏ခေါ်သံကို ခင်မေစိန်က ကြားဟန်မတူ ။ တိုင်လုံးကြီးကိုသာ မော့ငေးကြည့်နေဆဲ
။
“ သြော်…သမီးကလည်း…လာ ။ အမေတို့ ပြန်ကြစို့ ။
ဦးဖိုးသာအောင်ကို နှုတ်ဆက်လိုက်ဦး ။”
“ အင်…ဟုတ် ဟုတ်ကဲ့ ။ ဦးဦး သမီး ပြန်တော့မယ်နော်
။ ဟို…ဦးဦး ဒီအိမ်ကြီးထဲမှာ မနေနဲ့ သိလား ။ ဟို … ဟိုတိုင်လုံးကြီးနားမှာ
လည်း မနေနဲ့နော် ။”
“ အယ်…ဒီကောင်မလေး ဘာတွေလျှောက်ပြောနေတာလဲ ။ သွားပြီ
ကိုဖိုးသာမောင်ရေ ။”
ဒေါ်စိန်တင့်က
ခင်မေစိန်ကို တစ်ချက်ငေါက်လိုက်ပြီး နှုတ်ဆက်ထွက်ခွာခဲ့သည် ။ ကလေးမလေးအရွယ်သာရှိသည့်
ခင်မေစိန်၏စကားကို မည်သူကမျှ အလေးမထားခဲ့၍ မကြာမီတွင် ဦးဖိုးသာအောင်တစ်ယောက် စီးပွားပျက်ကာ
အိမ်ကြီးကို ခင်မေစိန်၏မိဘနှစ်ပါးလက်သို့ ထိုး အပ်ခဲ့ရသည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ရ၏
။ ခင်မေစိန်၏မိဘနှစ်ပါးခမျာမှာလည်း အကြွေးတွေအစား ဤပျဉ်ထောင်အိမ်သစ်ကြီးကို ပိုင်ဆိုင်လိုက်ရသဖြင့်
ဝမ်းသာသင့်သည်မှန်သော်လည်း ဝမ်းမသာနိုင်ကြချေ ။ အဘယ့်ကြောင့်ဆိုသော် ထိုအိမ်ကြီးတွင်
တစ္ဆေသရဲတို့ ကိန်းအောင်းနေထိုင်နေသည် ၊ လာရောက်နေထိုင်သူကိုလည်း အန္တရာယ်ဖြစ်အောင်
အမျိုးမျိုးအဖုံဖုံဒုက္ခပေးနေသည်ဟူ၍ တစ်ရွာလုံး၌ သတင်းပျံ့လျက်ရှိသောကြောင့်ပင်တည်း
။
ထိုသို့သောအကြောင်းများကြောင့် ထိုအိမ်ကြီးကို
သည်အတိုင်းပစ်ထားခဲ့သည်မှာ ခင်မေစိန် အသက်ဆယ်နှစ်သမီးအရွယ်အထိဖြစ် သည် ။ ထိုအိမ်ကြီးတွင်
နေထိုင်ရင်း ဦးဖိုးသာအောင်တစ်ယောက် စီးပွားပျက်ရုံသာမက ညနက်သန်းခေါင်ယံတွင် အသံနက်ကြီးဖြင့်ထအော်
ပြီး သွေးလေချောက်ချားကာ စိတ်ဖောက်ပြားသွားပြီးနောက် ရပ်ထဲရွာထဲက ပုဏ္ဏကတိုက်သည့်အိမ်ကြီးဟူ၍လည်းကောင်း
တစ္ဆေအိမ်ကြီး ဟူ၍လည်းကောင်း ခေါ်တွင်နေကြသဖြင့် ထိုအိမ်ကြီး၌ ခင်မေစိန်၏မိဘများသည်လည်း
မနေထိုင်ဝံ့တော့ ။ အိမ်ကြီးကို သည်အတိုင်း ပစ် ထားရတာကို နှမြောလှ၍ အိမ်ငှားတင်လိုသော်လည်း
ရွာသိမ်ငယ်လေးတွင် မကောင်းသတင်း ပျံ့နှံ့ပြီဆိုလျှင် ဖုံးဖိရန် ခက်လှသည်ကြောင့် ထိုအိမ်ကြီးကို
လာရောက်ငှားရမ်းနေထိုင်မည့်သူ မရှိ ။ နောက်ဆုံး သည်အတိုင်းပစ်ထားလျှင် အိမ်ပျက်စီးသွားမည်ကိုစိုးရိမ်၍
အိမ်ငှားခ မပေးဘဲ အလကားနေပါဟုဆိုပြီး ဆင်းရဲသည့်မိသားစုတစ်စုကို ခေါ်တင်ထားမိရာ တစ်လပင်
မကြာ ၊ အားလုံး ပြောင်းပြေးသွားကြသည် ။ သတင်းသဲ့သဲ့ပြန်ကြားသည်က အိမ်ကြီးပေါ်မှ ကြောက်မက်ဖွယ်တစေ
္ဆမဲမဲထွားထွားကြီးတစ်ကောင်က မောင်းထုတ်၍ဟူ၏ ။
ÿÿÿÿÿÿÿÿÿÿÿÿ
“ မေမေ…သမီးတို့ ဟိုအိမ်ကြီးကို သွားကြရအောင် ။”
တစ်နေ့
အသက်ဆယ်နှစ်သမီးအရွယ် ခင်မေစိန်က မိခင်ဖြစ်သူ၏လက်မောင်းကို ကိုင်လှုပ်ရင်း ခပ်တည်တည်ဆိုလိုက်သည်
။ ခင်မေစိန်၏ စကားကို ရုတ်တရက် ဒေါ်စိန်တင့် သဘောမပေါက် ။
“ ဘယ်အိမ်ကြီးကို ပြောတာတုံး သမီးရဲ့ ။”
“ ရွာထိပ်က သစ်သားအိမ်ကြီးလေ မေမေ ။ ရွာထဲကလူတွေ
ပြောပြောနေတဲ့ ပုဏ္ဏကတိုက်တဲ့အိမ်ကြီးလေ ။”
“ အမလေး…ဒီကောင်မလေး ဘာတွေလျှောက်ပြောနေတာလဲ ။
ဒုက္ခရောက်ကုန်တော့မှာပဲ ။ ဘာလုပ်ဖို့ အဲ့ဒီ့အိမ်ကို သွားမှာတုံး ။”
ဒေါ်စိန်တင်က
ကြောက်အားလန့်အားဖြင့် ငြင်းရင်း မျက်စိမျက်နှာပျက်လျက်ရှိသော်လည်း ခင်မေစိန်ကတော့
ခပ်တည်တည်ပင် ။ ဒေါ်စိန် တင့်စကားဆုံးတော့ သူ ပြောလိုရာကို ဆက်ပြောသည် ။
“ မကြောက်ပါနဲ့ မေမေရယ် ။ ဒုက္ခလည်း မရောက်ပါဘူး
။ အဲ့ဒါ သစ်စွဲပြိတ္တာကြီးပါ ။ သမီး သူ့ကို မောင်းထုတ်နိုင်ပါတယ် ။”
“ အယ်…ဒီကောင်မလေး ပေါက်ကရ ။ တော်စမ်း…တိတ် အခု
။ လျှောက်မပြောရဘူး ။ သမီး နောက်နောင် ဒီလိုလျှောက်ပြောလို့က
တော့ မေမေ အရိုက်ပဲ … ကြားလား မိစိန် ။”
ကလေးအရွယ်သာရှိသေး၍
ခင်မေစိန်၏စကားက အရာမဝင်ပါချေ ။ ဒေါ်စိန်တင့်ခမျာ သမီးဖြစ်သူထံမှ ထိုသို့သောစကားမျိုးတွေကြားလိုက်
ရသဖြင့် သုံးလေးရက်လောက် နှလုံးငြိမ်သွေးဆေးသောက်ယူရသည်အထိ ထိတ်လန့်သွားရှာ၏ ။ မိခင်ကို
ကြောက်ရွံ့ရသူဖြစ်တာကြောင့် ထိုသို့သောစကားမျိုးကို ခင်မေစိန် ထပ်မပြောတော့ဘဲ ဆိတ်ဆိတ်နေခဲ့ရသည်မှာ
အသက်ဆယ့်ခြောက်နှစ်တိုင်သည်အထိဖြစ်သည် ။
ခင်မေစိန်၏အသက်
ဆယ့်ခြောက်နှစ်ရောက်သည့်အခါ ခင်မေစိန်တို့မိသားစု ထိုအိမ်ကြီးသို့ပြောင်းရွှေ့ဖို့ရန်
အကြောင်းဖန်လာခဲ့သည် ။ ခင်မေစိန်၏အစ်မ ခင်မူစိန်တစ်ယောက် အိမ်ထောင်ရက်သားကျသွားပြီဖြစ်၍
လက်ရှိနေထိုင်နေသောအိမ်ငယ်လေးကို သမီးဖြစ်သူအတွက် လက်ဖွဲ့ပေးလိုက်တာကြောင့် ခင်မေစိန်တို့မိသားစုလေးယောက်
သစ်သားအိမ်ကြီးသို့ ပြောင်းလာခဲ့ကြသည် ။ ဆယ်နှစ်နီးပါးပစ်ထားခဲ့ပြီးမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်၍
အိမ်ကြီးတွင် ကပ်ညှိနေထိုင်သော ပရလောကသားတို့ မရှိလောက်တော့ဟု ခင်မေစိန်၏မိဘတွေက ယူဆထား
ကြပုံရသည် ။ သို့သော်လည်း ပထမဦးဆုံး ရွှေ့ပြောင်းနေထိုင်သည့်ည၌ပင် အချောက်အလှန့်တို့
စ,ခဲ့ကြ၏ ။
သိပ်ကြီးကြီးမားမား ချောက်လှန့်ခြင်းတော့ မဟုတ်
။ ညဘက် အိပ်မောကျနေချိန်တွင် ခင်မေစိန်၏ဖခင် အသံနက်ကြီးဖြင့် ဟစ်အော် လျက် လန့်နိုးလာလေသည်
။ အိပ်ရာမှနိုးနိုးချင်း မျက်လုံးတို့ပြူးကြောင်ကာ ပတ်ဝန်းကျင်သို့ ထိတ်လန့်တကြား လျှောက်ကြည့်သည်
။ ခင် ပွန်းဖြစ်သူ၏အော်သံကြားကတည်းက ဒေါ်စိန်တင့်မှာ ဖယောင်းတိုင်မီးထွန်းညှိထားပြီးပြီမို့
တစ်အိမ်လုံးတွင် အလင်းရောင်ဖြန့်ကျက်ခင်းနေ သဖြင့် တစ်စုံတစ်ရာ ချောက်ချားစရာ မတွေ့ရ
။ ဖခင်ဖြစ်သူ၏အော်သံကြောင့် တစ်ဖက်ခန်းတွင် အိပ်စက်နေသော ခင်မေစိန်တို့မောင်နှမ လည်း
အခန်းတွင်းသို့ ပြေးဝင်လာကြပြီ ။
“ အကိုကြီး…ရော့…ရေသောက်လိုက်ဦး ။ ဘာများဖြစ်လို့လဲ
အကိုကြီးရယ် ။”
ဒေါ်စိန်တင့်က
ခင်ပွန်းဖြစ်သူဦးသာမောင်အတွက် ရေအေးတစ်ခွက် ခပ်တိုက်ရင်း မေးသည် ။ ဦးသာမောင် မဖြေနိုင်သေး…ရေအေးကို
ခပ် မြန်မြန် မော့သောက်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးမှ…
“ ဘာ…ဘာမှမဟုတ်ပါဘူးကွာ ။ ဟို…အိပ်…အိပ်မက်ဆိုး
မက်တာပါ ။”
“ ဘယ်လိုမက်လို့လဲ ဖေကြီးရယ် ။ သား…ကြောက်လိုက်တာ
။”
ဆယ်နှစ်သားကောင်လေးထွေးမာန်က
ကလေးပီပီ အသံတုန်တုန်ရီရီကလေးနှင့် မေး၏ ။ ခင်မေစိန်က မောင်ငယ်လေးကို ကြင်ကြင်နာနာ
ပွေ့ဖက်လိုက်ရင်း…
“ မကြောက်ပါနဲ့ မောင်လေးရယ် ။ အလကား…အတ္တဘောကောင်ကြီးပါ
။ ရုပ်ဆိုးတာကလွဲပြီး ဘာအစွမ်းမှ မယ်မယ်ရရမရှိပါဘူး ။”
ဟု
နှစ်သိမ့်လိုက်သဖြင့် ဦးသာမောင် သမီးငယ်ကို တအံ့တသြလှမ်းကြည့်မိသည် ။ ဦးသာမောင် မအံ့သြရှိပါ့မလား
။ အိပ်မက်ထဲတွင် မိမိခြေရင်း၌ အသားမဲမဲခန္ဓာကိုယ်တုတ်တုတ်နှင့် ဂင်တိုတိုကုလားလိုလိုလူကြီးတစ်ယောက်က
မားမားကြီးရပ်နေပြီး နီရဲရဲမျက်လုံးပြဲကြီးများ ဖြင့် မိမိအား စိုက်ကြည့်နေခဲ့၍ ယခုကဲ့သို့
ကြောက်လန့်တကြားဟစ်အော်လိုက်မိခြင်း မဟုတ်ပါလား ။ ယခုများတော့ သမီးငယ်က ထိုသတ္တ ဝါကြီးကို
မြင်တွေ့ဖူးသည့်အလား အေးအေးလူလူပြောဆိုနေသည်မို့
တအံ့တသြလှမ်းကြည့်လိုက်မိခြင်းဖြစ်၏ ။ ခင်မေစိန်ကတော့ မိဘ တွေ မည်သို့တွေးမလဲ မစဉ်းစား…မောင်လေး
စိတ်ချမ်းသာစေရန်အတွက်သာ အားပေးနှစ်သိမ့်နေ၏ ။
“ ကဲ…ကဲ…ဖေကြီး ဘာမှမဖြစ်တော့ဘူး ။ မကြောက်နဲ့…သွား…ကလေးတို့
သွားအိပ်ကြတော့ ။ ”
မိဘတွေက
သွားအိပ်ခိုင်း၍ ခင်မေစိန်က မောင်ငယ်လေးကိုလက်ဆွဲလျက် တစ်ဖက်ခန်းသို့ ထွက်သွားကြသည်
။ ထိုအခါမှ ဦးသာမောင် ခမျာ မိမိအိပ်မက်အကြောင်း ဒေါ်စိန်တင့်ကို ရင်ဖွင့်ရှာသည် ။ အိပ်မက်အကြောင်းကြားတော့
ဒေါ်စိန်တင့်မှာလည်း မည်သို့ဖြေရှင်းရမလဲ မသိ
။ ဘုန်းကြီးပင့်ပြီး ကမ္မဝါဖတ်ဖို့ရန်ကျ သေးနုတ်လှသောသူတို့ရွာကလေးတွင် ဘုန်းကြီးကျောင်းက
နီးနီးနားနား မရှိ ။ မြစ်တစ်ဖက်ကမ်း သို့ လှေဖြင့်ကူးပြီး တစ်ရက်လောက်သွားမှ ဘုန်းကြီးကျောင်းရှိရာတစ်ဖက်ရွာဆီသို့
ရောက်နိုင်မည် ။ ထိုသို့ သွားပင့်ဖိတ်ဖို့ကျလည်း ဦးသာ မောင် သွားဖိတ်နေလျှင် အိမ်၌
ဒေါ်စိန်တင့်နှင့်ကလေးတွေသာ ကျန်ရစ်ခဲ့ရမည်ဖြစ်၍ ထိုသို့လည်း နေရဲကြမည်မဟုတ် ။ ထိုညက
ဦးသာ မောင်နှင့်ဒေါ်စိန်တင့်တို့ခမျာ မအိပ်ရဘဲ မိုးလင်းခဲ့ရသည် ။
ÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿ
ထိုစဉ်က ခင်မေစိန်၏အသက် ဆယ့်ခြောက်နှစ်ရှိခဲ့ပြီဟု
ပြောခဲ့ပြီးဖြစ်သည် ။ နောက်ပြီး သူမက ဒသမတန်းကိုလည်း ရန်ကုန်မြို့တွင် ဘော်ဒါသွားရောက်နေထိုင်ကာ
ဖြေဆိုအောင်မြင်ပြီးခဲ့ပြီ ။ သို့သော် ခင်မေစိန်ဟာ ထိုသို့ မမြင်အပ်သောပုဂ္ဂိုလ်တို့အား
အကျွမ်းတဝင်မြင် တွေ့နိုင်သူမှန်း မိဘများသာမက ဆွေမျိုးသားချင်းများကပင် မသိကြ ။ ခင်မေစိန်ကလည်း
သူ့ပါရမီနှင့်သူမို့ ထိုကိစ္စကို လူတကာ ပြောမပြ ။ ပြောပြလျှင်လည်း ယုံကြည်ကြမည့်သူထက်
မယုံကြည်ဘဲ လှောင်ပြောင်ကြမည့်သူက ပိုများမည်မှန်း ခင်မေစိန် သိနေသည် ။ သို့ကြောင့်
လည်း တစ်ကိုယ်တည်း တခြားသူမသိအောင် တိုးတိုးတိတ်တိတ်ကြိတ်ဖြေရှင်းပေးခဲ့ရသည့် ပြဿနာတွေကလည်း
မနည်း ။
ခင်မေစိန်တို့မိသားစု ပုဏ္ဏကတိုက်သည်ဟုနာမည်
ကြီးနေသောပျဉ်ထောင်အိမ်ကြီးဆီသို့ မပြောင်းမဖြစ်ပြောင်းလာခဲ့ရသည့်အခါ အကူအညီမဲ့နေပြီး
ထိတ်လန့်ကြောက်ရွံ့လျက်ရှိကြသလို တကယ်လည်း သူတို့ ကြောက်လန့်စိုးရိမ်ခဲ့သည့်အတိုင်း
ချောက်ချားသွေးပျက် ဖွယ်အိပ်မက်ဆိုးတို့ကို ခင်မေစိန်၏မိဘနှစ်ပါးသည် ညစဉ်ရက်ဆက်လိုလို
မြင်မက်ကြုံဆုံခဲ့ကြရသည် ။
အိပ်မက်တို့က မရိုးနိုင်မအီနိုင်လောက်အောင်
တစ်ညတစ်မျိုးစီ ။ ပထမဆုံး ပြောင်းရွှေ့လာခဲ့သည့်ညက ခင်မေစိန်၏ဖခင်သည် “လူ ငကျွဲကြီး”ဟုခေါ်တွင်ရလောက်မည့်
မည်းမည်းကျုတ်ကျုတ် ပုကွကွ ဂင်တိုတိုနှင့် ရုပ်ဆိုးဆိုးလူတစ်ယောက်ကို ခြေရင်းရှိတိုင်လုံးကြီးတစ်
လုံးအနီးတွင် တွေ့မြင်လိုက်ရသည်ဟု အိပ်မက်မြင်မက်ခဲ့သည် ။ နဂိုကတည်းက ပုဏ္ဏကတိုက်သည်၊
ဖမ်းစားသည်ဟု နာမည်ကြီးနေသော အိမ်ကြီးဆီသို့ ပြောင်းရွှေ့လာခဲ့ရ၍ သွေးပျက်ထိတ်လန့်နေရသည့်အထဲ
ထိုသို့သောအိပ်မက်မျိုးကို မြင်မက်လိုက်ရသည့်အခါ ဦးသာမောင် တစ်ယောက် ချောက်ချားလန့်ထိတ်လိုက်ပုံမှာ
ပြောမပြနိုင်လောက်အောင်ပင် ။
ခက်နေသည်က ခင်မေစိန်တို့ရွာသည် အတော်ခေါင်ပြီး
ချောင်ကျသလို ဘာသာရေးကိုင်းရှိုင်းသူလည်း နည်းပါးသောကြောင့် ဘုန်းကြီး ကျောင်း မရှိချေ
။ သံဃာပင့်ကာ အမျှပေးဝေရန်အတွက် မြစ်တစ်ဖက်ကမ်းသို့ကူးပြီး ခပ်လှမ်းလှမ်းရွာရှိဘုန်းကြီးကျောင်းဆီသို့
သွားရောက် ပင့်ဆောင်မှသာဖြစ်လိမ့်မည် ။ သို့သော် ထိုသို့ အခြားရွာသို့သွားရောက်ဖို့ရာကျ
ခင်မေစိန်တို့အိမ်၌ မိန်းမသားများသာကျန်ရစ်ခဲ့ရမည်ဖြစ်၍ အဆင်မပြေချေ ။ ခရီးကလည်း နီးနီးနားနားမဟုတ်
။ ဘယ်လိုနည်းနှင့်သွားသွား တစ်ညအိပ်မှ ရမည်သာချည်း ။ ခင်မေစိန်တို့မိဘနှစ်ပါး အခက်ကြုံနေရလေပြီ
။
နောက်တစ်နေ့ညတွင် ယမန့်နေ့ညကကဲ့သို့ အိပ်မက်မြင်မက်မည်စိုး၍
ဦးသာမောင်သည် သတိနှင့်မှေးရုံသာမှေးနေလိုက်သည် ။ ယောက်ျားကြီးတန်မဲ့ ဤမျှလောက် ကြောက်ရွံ့ရသလားဟု
အပြစ်တင်လျှင်လည်း ဦးသာမောင် ခံရမည်သာ ။ အိပ်မက်ဟုဆိုရပေမဲ့ အိပ် မက်နှင့်မတူဘဲ အပြင်၌
အမှန်တကယ်ဖြစ်ပျက်နေသည့်အလား ခံစားလိုက်ရသည့်ထိုအိပ်မက်မျိုးကို ကိုယ်တိုင်ကြုံတွေ့မြင်မက်ဖူးသူမှ
ဦးသာမောင်၏ကြောက်စိတ်ကို နားလည်သဘောပေါက်နိုင်လိမ့်မည် ။ သို့ကြောင့်လည်း ယနေ့ညတွင်
မနေ့ညကလိုကြုံတွေ့ရမည်ကိုစိုးရွံ့ လှ၍ ဦးသာမောင် နှစ်နှစ်ခြိုက်ခြိုက်မအိပ်ဝံ့တော့ဘဲ
မှေးရုံသာမှေးစက်နေလိုက်၏ ။
ထိုစဉ် ခြေရင်းခန်းဆီမှ ခြေသံသဲ့သဲ့ကို ကြားလိုက်ရသဖြင့်
ဦးသာမောင် လန့်နိုးသွားသည် ။ အသံက ပျဉ်ချပ်များကို ခပ်ဖွဖွနင်းလျှောက် နေသည့်အသံ ။
တစ္ဆေခြောက်တာများလားဟု ဦးသာမောင် တွေးမိပေမဲ့ တစ်ဖက်ကလည်း သူခိုးဝင်တာများဖြစ်မလားဟု
စိုးရိမ်သွားမိ၏ ။ ရပ်ထဲရွာထဲမှာ ဦးသာမောင်တို့မိသားစုက မျက်နှာဖုံးစာရင်းဝင်တွေ မဟုတ်လား
။ သူခိုးက ဦးသာမောင်တို့မိသားစု၏ကြောက်ရွံ့စိတ်ကို အခွင့်ကောင်းယူကာ ယခုလိုအချိန်တွင်
ဝင်ရောက်လာနိုင်သည်မို့ ဦးသာမောင် ခြေရင်းခန်းကိုသွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်
။
ဤတွင် အိမ်၏ပုံသဏ္ဍာန်ကို ယေဘူယျတင်ပြရလျှင် အိမ်ကြီးသည်
ပျဉ်ထောင်သွပ်မိုးအိမ်ကြီးဖြစ်ပြီး ရှေးအိမ်ကြီးများကဲ့သို့ တိုင်လုံး ကြီးများဖြင့်
အိမ်မ,ကြီးအား ထောက်ပံ့အလှဆင်ထားသည် ။ ဧည့်ခန်းနှင့်ထမင်းစားခန်းသည် ဒိုးယိုပေါက်တွေ့မြင်နိုင်ပြီး
ခြေရင်းဘက်တွင် တည်ရှိသည် ။ ထမင်းစားခန်းဘေး လမ်းသွယ်လေးမှဆက်သွားလျှင် မီးဖိုချောင်
၊ ရေအိမ်နှင့်ရေချိုးခန်းသို့ ရောက်ရှိသည် ။ အိပ်ခန်းနှစ်ခန်း က ထိုလမ်းသွယ်လေးဘေး
ထမင်းစားခန်းနှင့်ကပ်လျက်တွင် တည်ရှိ၏ ။ ဦးသာမောင်က အိပ်ခန်းတွင်းမှ ထွက်လာကာ ထမင်းစားခန်းသို့
မဝံ့မရဲချောင်းကြည့်လိုက်သည် ။
“ ……… အား……”
ပထမမင်သက်လျက်
တောင့်တောင့်ကြီးရပ်ကြည့်နေမိရာမှ ရုတ်တရက်သတိဝင်လာကာ ဦးသာမောင် အလန့်တကြားထအော်လိုက်မိ၏
။ မြင်လိုက်ရသည့်မြင်ကွင်းကလည်း မြင်ရသူအဖို့ မသက်သာ ။ ခြေရင်းတိုင်လုံးကြီးတစ်လုံး၏အနီးတွင်
လင်းဆွဲတစ်ကောင်ပမာ ဇောက်ထိုး ကြီး တွဲခိုနေသောလူငကျွဲကြီးကို ရုတ်တရက်တွေ့မြင်လိုက်ရတာကြောင့်
ဦးသာမောင် သွေးပျက်သွားခဲ့ရခြင်းဖြစ်လေသည် ။
“ အား………”
“ အကိုကြီး…အကိုကြီး…ကိုသာမောင် …”
ဒေါ်စိန်တင့်၏အော်ခေါ်သံကြောင့်
ဦးသာမောင် အိပ်မက်မက်နေရာမှ လန့်နိုးလာခဲ့သည် ။ အိပ်ရာမှ ငေါက်ခနဲထထိုင်ပြီး ဘာတွေဖြစ်နေ
တာပါလိမ့်ဟု ဇဝေဇဝါတွေးနေရာမှ သြော်…စောစောက ငါ အိပ်မက်မက်နေတာပါလားဟူ၍ စဉ်းစားလိုက်မိသဖြင့်
အနည်းငယ်စိတ်သက် သာရာရမိသော်လည်း ထိတ်လန့်စိတ်ကတော့ မပျောက်သေး ။ ယမန့်နေ့ညကအတိုင်း
ဇနီးသည် ခပ်တိုက်သောရေအေးတစ်ခွက်ကို တစ် ကျိုက်တည်းမော့ချလိုက်မိသည် ။
ဘာဖြစ်တာလဲရှင်…ဘာလို့ အသံနက်ကြီးနဲ့ အော်ရတာလဲ
…စသဖြင့် ဒေါ်စိန်တင့် မမေးတော့ ။ ဦးသာမောင် မနေ့ညကကဲ့သို့ အိပ်မက် ဆိုးကြီး မြင်မက်ခြင်းသာဖြစ်မည်ဟု
မိမိဘာသာမိမိ သုံးသပ်လိုက်မိ၏ ။ ဦးသာမောင်၏အိပ်မက်အပေါ် မိမိကိုယ်တိုင်လည်း ထိတ်လန့်မိပေ
မဲ့ အိပ်ခန်းတွင်းသို့ စိုးရိမ်တကြီးပြေးဝင်လာကြသောသားသမီးနှစ်ယောက်ကို ငဲ့ပြီး မကြောက်သလို
မာန်တင်းထားရလေသည် ။
ÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿÿ
ခင်မေစိန် ကြည့်မနေနိုင်တော့ ။ စောစောကတော့
မိမိတို့မိသားစုအား အန္တရာယ်မပြုနိုင်ပါဘူးဟုတွက်ဆထား၍ ပညာကို ဖုံးဖိပြီး ဖာ သိဖာသာနေထိုင်မိသော်လည်း
ယခုလို မိမိ့ဖခင်အား အိပ်ရေးပျက်ရုံမက စိတ်ချောက်ချားလောက်သည်အထိ ညစဉ်ရက်ဆက်အိပ်မက်ပေး
ချောက်လှန့်နေမှုအပေါ် ခင်မေစိန် ဝင်ရောက်တားဆီးရတော့မည် ။ သူတပါးမိသားစုကို ကူညီခဲ့သလို
မိမိ၏မိသားစုကိုလည်း စောင့်ရှောက် ကူညီရမည်မှာ မိသားစုဝင်တစ်ဦး၏တာဝန်ပေမို့ ခင်မေစိန်
ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သည် ။ ထိုသစ်စွဲပြိတ္တာကြီးနှင့် မျက်နှာချင်း
ဆိုင်ရတော့မည် ။
ထိုသတ္တဝါကြီးကို ‘သစ်စွဲပြိတ္တာကြီး’ဟု ခင်မေစိန်
ခေါ်ယူမှည့်တွင်ရခြင်းမှာ သစ်တိုင်လုံးကြီးတစ်လုံးအပေါ် အစွဲပြုကာ မကျွတ်လွတ် နိုင်ဘဲ
ကပ်ညှိနေသောကြောင့်ပင်ဖြစ်၏ ။ ခြေရင်းထောင့် တိုင်လုံးကြီးတစ်လုံးတွင် ထိုသစ်စွဲပြိတ္တာကြီး
ကပ်ညှိနေထိုင်နေခြင်းကို ဦးဖိုးသာ အောင်လက်ထက်ကတည်းက ခင်မေစိန် သိမြင်ခဲ့ခြင်းဖြစ်
သည် ။
“ သင် ဘာလို့ ကျွန်မတို့မိသားစုကို နှောင့်ယှက်နေရတာလဲ
။”
နောက်တစ်နေ့မနက်
မိဘနှစ်ပါးနှင့်မောင်ငယ်လေးတို့အား အစ်မဖြစ်သူထံသို့ ဥပါယ်တမျဉ်နှင့် သွားခိုင်းလိုက်ပြီး
အိမ်၌ ခင်မေစိန်တစ်ဦး တည်းသာ ကျန်ရစ်ခဲ့သည့်အချိန်တွင် ထိုစကားကို ဆိုလိုက်လေ၏ ။ ဤနေရာတွင်
ထူးခြားမှုတစ်ခုကိုပြောရသော် ခင်မေစိန်သည် အသက် ငါးနှစ်အရွယ် ကလေးဘဝကတည်းက ထိုသို့သသောသတ္တဝါတွေကို
မြင်နေတွေ့နေရခြင်းဖြစ်ပြီး ထိုအရွယ်ကတည်းကပင် ထိုသတ္တဝါတွေ ကို ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိခဲ့ပေ
။ ယခုလည်း တစ်အိမ်လုံးတွင် သူမတစ်ယောက်တည်း ရှိနေခြင်းဖြစ်သော်လည်း သူမသည် ထိုသတ္တ ဝါကြီးအား
တစိုးတစိမျှကြောက်ရွံ့စိတ် မရှိ ၊ သစ်လုံးတိုင်ကြီးတွင် ဇောက်ထိုးကြီးနေလျက်ရှိသော
ထိုသစ်စွဲပြိတ္တာကြီး၏ရှေ့မှောက်၌ ခပ် မတ်မတ်ရပ်ကာ ဆရာက တပည့်ကို ဟောက်သကဲ့သို့ တည်တံ့တံ့မေးမြန်းလိုက်သည်
။
“ ဒါ ငါ့နေရာ ။ ငါ့နေရာမှာ နင်တို့က လာနေတာ ။ ဒါ့ကြောင့်
ငါက နင်တို့ကို နှောင့်ယှက်နေရတာ ။ နင်တို့ ထွက်သွားကြ ။”
“ သင် မှားနေပြီ ။ ဒီတိုင်လုံးကို ဒီအိမ်မှာ ဆောက်လုပ်လိုက်ကတည်းက
ဒီအိမ်ရဲ့တစိတ်တဒေသဖြစ်သွားပြီဖြစ်တဲ့အတွက် သင်ဟာ
ဒီတိုင်လုံးနဲ့ မသက်ဆိုင်တော့ဘူး ။ သင် ဒီမှာနေလို့
မရဘူး ။ ဒီအိမ်ပိုင်ရှင်ကိုလည်း မနှောင့်ယှက်သင့်ဘူး ။”
“ အောင်မာ…ငါ့ကို ဘာကောင်မှတ်နေလဲ ။ ငါက နင်တို့တစ်မိသားစုလုံးကို
အသေသတ်ပစ်နိုင်တယ် ။ နင်တို့ သွားရင်သွား ၊ မသွားရင်
တော့ ငါ့အဆိုးမဆိုနဲ့ ။”
သစ်လုံးတိုင်ကြီးတွင်
နှစ်ရာချီစွဲကပ်နေထိုင်ခဲ့ရသော ၊ ဤတိုင်ကြီးကို အိမ်တိုင်လုံးအဖြစ် အသုံးမပြုမီ သစ်ပင်ဘဝကတည်းက
တွယ်ငြိရှင် သန်နေသော ထိုသစ်စွဲပြိတ္တာကြီးကလည်း ခေသူတော့ မဟုတ် ။ သူ၏ဘဝအကျိုးပေးကုသိုလ်ကံအရ
တော်တန်ရုံလူ နှင်မရ၊ပြုမရသဖြင့် ဤမျှလောက်အချိန်အထိ ကပ်ငြိနေထိုင်နိုင်ခြင်းဖြစ်၍
အရွယ်ငုတ်စိသာသာရှိသောခင်မေစိန်ကို နည်းနည်းမျှ ဂရုမစိုက် ။ ခင်မေစိန်ဟူသော ကလေးမလေးသည်
မမြင်အပ်သောသတ္တဝါတို့ကို မြင်တွေ့နိုင်သောစက္ခုအမြင်ကိုသာမက ထိုသို့သောသတ္တဝါတို့အပေါ်
လွှမ်းမိုးချုပ်ကိုင် နိုင်သောအစွမ်းသတ္တိတို့ကိုပါ မွေးကတည်းက ပိုင်ဆိုင်လာခဲ့သူဖြစ်ကြောင်းကိုတော့
ထိုသတ္တဝါကြီး မသိရှိသေးပေ ။
အမျိုးမျိုးသောပယောဂဆရာသမားမြောက်များစွာနှင့်
တွေ့ဆုံဖူးခဲ့ပြီး ဆရာအားလုံး လက်မြောက်အရှုံးပေးကာ ထွက်ပြေးသွားကြ လောက်အောင် အစွမ်းသတ္တိရှိသောသစ်စွဲပြိတ္တာကြီးသည်
အပြောဖြင့် နှင်၍ရမည်မဟုတ်ကြောင်း ခင်မေစိန် သဘောပေါက်သွားသည် ။ သို့ ကြောင့် နှုတ်မှ“ချုပ်စမ်း”ဟု
တစ်ချက်အော်လိုက်ရာ တိုင်လုံးတွင် ဇောက်ထိုးဆွဲနေသောသတ္တဝါကြီးခမျာ ချက်ချင်းပင် ကြမ်းပေါ်သို့
ဝုန်းခနဲ ပြုတ်ကျလာ၏ ။ အကျနာရုံသာမက ကိုယ်လက်တို့ကလည်း ကြိုးအထပ်ထပ်တုပ်နှောင်ခံထားရသောကြောင့်
နာကျင်နေလေပြီ ။
“ အမလေး…မလုပ်ပါနဲ့တော့ ။ ဒီလောက်အဆင့်ရှိမှန်း
မသိလို့ ပြောမိတာပါ ။ ကျုပ်ကို လွှတ်ပေးပါ ။ ကျုပ် တောင်းပန်ပါတယ် ။”
“ ဟုတ်ပြီ ။ ဒါဆိုရင် သင် နောက်နောင် ဘယ်သူ့ကိုမှ
အနှောင့်အယှက်မပေးတော့ပါဘူး ၊ ဒုက္ခမပေးတော့ပါဘူးလို့ သစ္စာရေသောက်ရ
မယ် ။ နောက်ပြီး အမျှအတန်းပေးဝေတာကို ကြားနာရတဲ့အခါ
သာဓုခေါ်ဆိုပါ့မယ်လို့လည်း ကတိပေးရမယ် ။ ဒါဆိုရင် ကျွန်မ လွှတ်
ပေးမယ် ။”
“ ဟုတ်…ဟုတ်ကဲ့ပါ ။ ကျုပ် ကတိပေးပါတယ် ။ လွှတ်ပေးပါတော့
။ အသားတွေ နာလှပါပြီ ။”
ဘီလူးကြီးတမျှ
ထွားကြိုင်းသန်မာလှသောသစ်စွဲပြိတ္တာကြီးခမျာ မြေပြင်တွင် လူးလိမ့်မတတ် ခံရခက်နေဟန်ဖြင့်
ကတိအထပ်ထပ်ပေးကာ ကြိုးဖြည်ပေးပါရန် တောင်းဆိုနေတာကြောင့် ခင်မေစိန်လည်း သောက်ရေတစ်ခွက်ကိုခပ်လိုက်ပြီး…
“ ကဲ…လိုက်ဆို ။ အရှင်ဘုရား…ဘုရားတပည့်တော်သည်
ဤနေ့ဤရက်ဤအချိန်မှစ၍ သူတပါးတို့အား မိမိ၏တန်ခိုးအစွမ်းဖြင့် ဒုက္ခပေး
ခြင်း၊ အနှောင့်အယှက်ပေးခြင်းများ မပြုတော့ပါ
။ ပြုမိပါက မိမိကိုသာ တန်ပြန်သက်ရောက်ပါစေသား ။”
ဟူ၍
တိုင်တည်ပေးပြီး သစ္စာရေသောက်စေသည် ။ လူ့ငကျွဲကြီးလည်း တုပ်နှောင်ခံထားရသောကြိုးများကြားတွင်
နာကျင်လွန်းလှသဖြင့် ခင်မေစိန် တိုင်တည်ပေးသည့်အတိုင်း တသွေမတိမ်းရွတ်ကာ သစ္စာရေကို
သောက်သုံးလိုက်၏ ။ ပုံစံကိုကြည့်ရသည်မှာ ယခင်ကနှင့် မတူ တော့ဘဲ နောင်တဝင်ကာ အသိတရား
ရသွားဟန်တူသည် ။ ဤကဲ့သို့ ဣိတ္ထိပတ်တန်ခိုးကြီးစွာနှင့် သက်တမ်းရင့်သောတစ္ဆေသရဲ ပရလော
ကသားအဖြစ် ရပ်တည်နေရခြင်းမှာ ဘဝပေးကုသိုလ်ကံကြောင့် ပါသလို ထိုဘဝတွင် ကြာမြင့်လာသည့်အခါ
ချီးထဲကလောက် ချီးထဲမှာ ပျော်ဆိုသကဲ့သို့ ထိုဘဝတွင် ပျော်ဝင်သာယာပြီး အမျှအတန်းပေးဝေသံကြားသော်လည်း
ဘဝကူးပြောင်းလိုစိတ် မရှိတော့သဖြင့် သာဓု မခေါ်ဆိုဘဲနေသောကြောင့် သက်တမ်းရင့်သထက်ရင့်ကာ
မကျွတ်မလွတ်နိုင်ဖြစ်နေကြခြင်းဖြစ်မည်ဟု ခင်မေစိန် ယူဆမိသည် ။ ယခုတော့ သစ်စွဲ ပြိတ္တာကြီးလည်း
သစ္စာရေသောက်ကာ နောင်တအသိဝင်နေလောက်ပြီဟု မျှော်လင့်မိ၏ ။
ÿÿÿÿÿÿÿÿÿÿÿÿ
ခင်မေစိန်၏ခဲအို ၊ ခင်မူစိန်၏အမျိုးသားက တစ်ဖက်ရွာသို့သွားကာ
ဘုန်းကြီးသုံးပါး ပင့်လာသောကြောင့် ယခုအခါတွင် ခင်မေစိန်တို့ အိမ်၌ အိမ်တက်ပွဲအလှူ
ပြုလုပ်နေလေပြီ ။ ခင်မေစိန်တို့နေထိုင်သော ဆင်မြင်ကုန်းရွာတစ်ရွာလုံးတွင် အခမ်းနားဆုံးအလှူဖြစ်သလို
ပုဏ္ဏ ကအိမ်ကြီးမှ မကောင်းသောပယောဂတို့ကို မြင့်မြတ်သည့်ပရိတ်၊ ပဋ္ဌာန်းတရားတော်တို့ဖြင့်
သန့်စင်ပေးတော့မည့်အတွက် တစ်ရွာလုံး စိတ် ချမ်းသာကာ တရားနာရန် ကြွရောက်ကြသည် ။ နောက်ပြီး
အလှူတွင် ကျွေးမွေးသည့်အမယ်များကလည်း ကြက်သားဆီပြန်၊ ဝက်သားဆီ ပြန်၊ ဆိတ်သားဆီပြန်၊
ငါးရံ့အူဟင်းစသော စားရခဲသည့်အမယ်များဖြစ်သလို ပုန်းရည်ကြီးသုတ်၊ မန်ကျည်းရွက်သုတ်၊
ဘူးသီးဟင်းခါး… စသည့်ဟင်းလျာများမှာလည်း ရွာသူရွာသားတို့ အနှစ်ခြိုက်ဆုံးအစားအစားများဖြစ်၍
ကလေးလူကြီးအားလုံး တရုံးရုံးလာရောက်ကြမည်မှာ မလွဲဧကန် ။ အလှူအိမ်ဆီမှ ကျယ်လောင်စွာထွက်ပေါ်လျက်ရှိသောလော်စပီကာသံ
၊ ချက်ပြုတ်ကြော်လှော်သူများ၏ ရယ်မောစနောက်သံ၊ ကြွရောက်လာသော တရားနာပရိသတ်အပေါင်း၏
တရားဓမ္မအကြောင်း ဆွေးနွေးပြောဆိုသံများသည် ခင်မေစိန်၏အိမ်ကို မင်္ဂလာကျက် သရေဝေစည်နေစေ၏
။ အားလုံးထဲမှ အကောင်းဆုံးသောမင်္ဂလာသံမှာ ဘုန်းတော်ကြီးများ အမျှပေးဝေသည့်အခါ ခင်မေစိန်
ကြားသိရ တော့မည်ဖြစ်သည့် သစ်စွဲပြိတ္တာကြီး၏သာဓုခေါ်ဆိုသံပင် ဖြစ်လေတော့သည် ။
စေတနာရှေ့ထားလျက်…
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။