“ လာဘ်စားမှုတိုက်ဖျက်ရေးကို ပြောနေကြတာ
(၆၅)နှစ်လောက် ရှိနေပြီ ။ ဒါပေမဲ့ ရိုးရိုးသားသားရှာဖွေထားတာတွေကို
လာဘ်စားသူတွေ အနိုင်ကျင့်ယူနေကြတဲ့ကိစ္စက ဘာမှမပြောင်းလဲသေးဘူး
။ ဖယောင်းတိုင်ကိုင်ပြီး ဆန္ဒပြရလွန်းလို့
ဖိနပ်ပါးတာပဲ အဖက်တင်လာတယ် ။ အစာငတ်ခံ ဆန္ဒပြရလွန်းတော့
ဆေးရုံရောက်တာပဲ အဖက်တင်တယ် ။ အခုတော့
ပြောင်းလဲဖို့အတွက် (ကျွန်တော်တို့) ဆောင်ရွက်ရတော့မယ်
။ အမှန်ကို အမှားက အောင်နိုင်နေချိန်မှာ နည်းလမ်းသစ်ကို
ကျွန်တော်တို့ သုံးရလိမ့်မယ် ။”
အိန္ဒိယဇာတ်ကားတွေကတော့ လုပ်ချလိုက်ပြန်ပြီ
။ လာဘ်စားသူတွေကို မျက်နှာဖုံးစွပ်လူတစ်စုက အမှောင်ထဲကနေ တိတ်တဆိတ် ဆုံးမပေးနေပုံအကြောင်း
ရိုက်ကူးထားတဲ့ဇာတ်လမ်း ။ ခေတ်သစ်လူစွမ်းကောင်းတွေလို့ တင်စားရမတတ် ။ တချို့ပြဿနာတွေက
ခပ်ကြမ်းကြမ်းကိုင်တွယ်ဖို့ လိုအပ်နေတာကို ထောက်ပြလိုက်သလိုပါပဲ ။ ပင်စင်လစာရဖို့အတွက်
၊ နိုင်ငံသားမှတ်ပုံတင်ရဖို့အတွက် မျက်နှာငယ်ခဲ့ဖူးသူတိုင်း လက်ခုပ်လက်ဝါးတီး အားပေးမိမယ့်
ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ပြောပြပါရစေ ။
@@@@@
ဇာတ်လမ်းအစက
ရိုးပါတယ် ။ ပင်စင်လစာ လာထုတ်တဲ့အဘိုးအိုတစ်ယောက်ကို ဝန်ထမ်းတွေက ပေါ်ထင်ငွေတောင်းတဲ့
ကိစ္စ ။ အဘိုးအိုက မပေးလိုဘူး ။ အဲဒီမှာပဲ ပြဿနာတွေ ဖြစ်ကြရင်း ရုံးခန်းကနေ ဝိုင်းနှင်ထုတ်တဲ့
အဲဒီဝန်ထမ်းသုံးယောက်ကြောင့် အဘိုးအိုခမျာ ရောဂါဖောက်ပြီး ဆေးရုံရောက်သွားခဲ့တယ် ။
ဒီအကြောင်းကို ဆရာဝန်မလေးတစ်ဦး ကြားသိသွားချိန်မှာတော့ သူမရဲ့သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး
ပြောလိုက်ပါပြီ ။ ငါတို့ အလုပ်ရပြီ-တဲ့
။ ဘာအလုပ်လဲ ။ ဒီကိစ္စက သူတို့အလုပ်နဲ့ ဘယ်လို ပတ်သက်နေသလဲ ။
တစ်ညမှာ
လာဘ်စားချင်တဲ့ အဲဒီဝန်ထမ်းသုံးဦးဟာ ရုံးကအပြန် အဖမ်းခံထိသွားခဲ့တယ် ။ မျက်နှာဖုံးစွပ်လူ(၄)ယောက်က
ဝိုင်းဆွဲဖမ်းချုပ်ပြီး ကားပေါ် တင်ခေါ်သွားခဲ့တာ ။ အားကစားဝင်းထဲရောက်တော့ သူတို့(၃)ဦးကို
ချိန်ကိုက်ဗုံးတွေ တပ်ဆင်ပြီး ပြေး ခိုင်းပါရော ။ ဒီလိုလုပ်ရခြင်းအကြောင်းရင်းက ကိုယ့်အလုပ်
ကိုယ်မလုပ်ဘဲ ရိုးသားတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့်ငွေညှစ်နေလို့ပါ -တဲ့ ။ ရပ်လိုက်ရင်
ဗုံးပေါက်မှာဖြစ်တာကြောင့် သေမှာကြောက်တဲ့အတွက် ဝန်ထမ်း(၃)ဦး အသည်းအသန်ပြေးနေတုန်းမှာ
ရဲတွေ ရောက်လာပါတယ် ။ ဘယ်သူမှမလာခင် ထွက်ပြေးနှင့်ပြီဖြစ်တဲ့-မျက်နှာဖုံးစွပ်တွေကပဲ
ဖုန်းဆက်ခေါ်လိုက်တာပါ ။ ဗုံးရှင်းလင်းရေး အဖွဲ့တွေ ၊ မီဒီယာသမားတွေ စောင့်ကြည့်နေခိုက်မှာပဲ
မပြေးနိုင်တော့လို့ လူတစ်ယောက် ပစ်လဲအကျ ၊ အားလုံးက ပေါက်ကွဲပြီလို့ ထင်ထားခဲ့ပေမဲ့
တကယ်တမ်းမှာတော့ ဗုံးအတုတွေ … ။
အင်္ဂုလိဂိုဏ်း-တဲ့ ။ လာဘ်စားမှုကို အမှောင်ထဲကနေ
ပညာပေးဖို့ ကြိုးစားနေတဲ့အဖွဲ့ ။ ဗုံးအစစ်မဟုတ်တဲ့အတွက် ဘယ်သူမှ မထိခိုက်ပေမဲ့ လာဘ်စားသူ(၃)ဦးကတော့
ဟိုးလေးကျော်လို့ အရေးယူခံလိုက်ရပြီ ။ အမှန်တော့ အင်္ဂုလိဂိုဏ်းသားတွေ က ဘာစွမ်းအားရှင်မှ
မဟုတ်ပါဘူး ။ သာမန်လူတွေဖြစ်ပါလျက် လာဘ်စားမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ဖျက်ဖို့
ဆုံးဖြတ်ဝံ့တဲ့-သူတို့စိတ်ဓာတ်က အံ့သြစရာကောင်းလောက်အောင်ပါပဲ ။ အင်အားကြီးမားလှတဲ့
လာဘ်စားမှုအခန်းကဏ္ဍဖြစ်လို့ သူတို့အဖို့တော့ အလုပ်ပြတ်တယ် မရှိပါဘူး ။ သိပ်မကြာခင်မှာပဲ
အစွမ်းထပ်ပြနိုင်လိုက်တာကြောင့် သူတို့ဟာ တာဝန်ရှိသူတွေရဲ့ အပူတပြင်းရှာဖွေ ခြင်းကို
ခံရသူတွေ ဖြစ်လာသလို ပြည်သူတွေရဲ့ထောက်ခံမှုကိုလည်း ကြီးကြီးမားမားရရှိခဲ့ပါတယ် ။
အင်္ဂုလိဂိုဏ်းအကြောင်း
တီဗွီက လွှင့်သမျှ စောင့်ကြည့်ရင်း ပြုံးနေတတ်သူက နစ်ကီ
။ ရဲအရာရှိကြီးကာလီရဲ့စောင့်ရှောက် မှုအောက်မှာ ရပ်တည်နေရတဲ့-နစ်ကီက ဂျစ်ကန်ကန်စရိုက်ရှိတဲ့
ရဲအရာရှိလေးတစ်ဦး ။ တစ်နေ့…ကာလီက နစ်ကီ့ကို လျှို့ဝှက် တာဝန်တစ်ခု ပေးခဲ့တယ် ။ အဲဒါကတော့
အင်္ဂုလိဂိုဏ်းထဲ ဝင်ရောက်ထောက်လှမ်းဖို့ပါပဲ ။ နစ်ကီက ဥာဏ်ပြေးသူပီပီ ဂိုဏ်းသား အယောင်ဆောင်ပြီး
လာဘ်စားသူတချို့ကို ပညာပေးလိုက်တယ် ။ နောက်ဆုံးမှာတော့ အင်္ဂုလိဂိုဏ်းသားတွေက ဇွဲကောင်းသူ-နစ်ကီ့အပေါ်
ယုံကြည်သွားကြတာကြောင့် အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပါတော့တယ် ။
နစ်ကီ
အဖွဲ့ဝင်ဖြစ်လာတဲ့အခါ အင်္ဂုလိဂိုဏ်းပေါ်ပေါက်လာပုံကို ပြောပြကြပါပြီ ။ ရင်နာစရာပါလား
။ အင်္ဂုလိဂိုဏ်းရဲ့ တစ်ဦး တည်းသောမိန်းကလေး-မာယာရဲ့အစ်ကိုကြောင့် အင်္ဂုလိဂိုဏ်း ပေါ်ပေါက်လာခဲ့တာ
။ မာယာရဲ့အစ်ကိုက လူရိုးကြီး ။ တစ်နေ့မှာ အဘိုးအိုတစ်ယောက်ကို လူမိုက်တွေက အနိုင်ကျင့်နေတာတွေ့လို့
ဝင်ကူညီမိရင်း ဒုက္ခကြုံခဲ့ရတယ် ။ အစ်ကိုဖြစ်သူရဲ့မတရားခံရမှု အတွက် မာယာတို့သူငယ်ချင်းတစ်စုလည်း
အမှုမှန်ပေါ်အောင် ကြိုးစားကြတော့တယ် ။ ဒါပေမဲ့ သက်သေက လိမ်ညာထွက်ဆိုခဲ့လို့ အမှုရှုံးသွားခဲ့တယ်လေ
။ ငွေကြေးနဲ့ မြူဆွယ်လို့မရတဲ့-အဘိုးအိုကို သူ့မိသားစုဝင်တွေရဲ့အသက်နဲ့ ခြိမ်းခြောက်ခဲ့တဲ့-လူမိုက်တွေရဲ့
လုပ်ရပ်ကို တရားစောင့်နတ်တွေက လျစ်လျူရှုထားခဲ့တဲ့အခါ အမှားက အမှန်ကို အောင်နိုင်နေချိန်မှာ
ဖြတ်လမ်းလိုက်မှဖြစ်တော့ မယ်ဆိုတာကို သူတို့ သဘောပေါက်သွားကြတယ် ။ အဲဒါကြောင့်လည်း
အင်္ဂုလိဂိုဏ်းကို တည်ထောင်ပြီး လာဘ်စားသူတွေကို အမှောင်ထဲကနေ အပြစ်ပေးခဲ့ကြတာ ဆိုပါတော့
။
နစ်ကီက
အင်္ဂုလိဂိုဏ်းကို ဖမ်းဆီးမိဖို့အတွက် လျှို့ဝှက်ထောက်လှမ်းနေသူပါ ။ ဒါပေမဲ့ ပေါင်းသင်းရင်း
အင်္ဂုလိဂိုဏ်းသား တွေရဲ့ခင်မင်စရာကောင်းတဲ့စိတ်ဓာတ်တွေကို နားလည်သွားခဲ့တယ် ။ ဝတ္တရားနဲ့သံယောဇဉ်ကြားမှာ
ဝေခွဲမရဖြစ်နေတဲ့-နစ်ကီဟာ နောက်ဆုံးမှာတော့ တာဝန်အတိုင်း လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်
။ အင်္ဂုလိဂိုဏ်းသားတွေက လာဘ်စားတဲ့ယာဉ်ထိန်းရဲတွေကို သွားရောက် အပြစ်ပေးနေချိန်မှာပဲ
နစ်ကီက ရဲအရာရှိကြီး-ကာလီ့ကို သတင်းပေးလိုက်ပါရော ။
ဇာတ်ရှိန်အမြင့်ဆုံးအခန်းလို့
ဆိုရပါလိမ့်မယ် ။ တစ်ချိန်လုံး စုံစမ်းမရခဲ့တဲ့ အင်္ဂုလိဂိုဏ်းရဲ့လမ်းကြောင်းကို တာဝန်ရှိသူတွေ
ခြေရာခံမိသွားပြီလား ။ စက်ရုံတွေဆီ ဦးတည်သွားနေတဲ့ ရဲကားများ ။ တစ်ချိန်တည်းမှာပဲ
အင်္ဂုလိဂိုဏ်းသားတွေက လာဘ်စားသူ တွေကို ဖမ်းချုပ်လို့ အဆောက်အအုံထဲ ဆွဲဆောင်သွားကြပြီ
။ နစ်ကီ ဖုန်းဆက်လိုက်တဲ့စက်ရုံဆိုတာ အဲဒီအဆောက်အအုံလား ။ ဒါမှမဟုတ် လမ်းကြောင်းလွဲအောင်
တမင်လုပ်လိုက်တာလား ။ ကြည့်ရှုသူပရိသတ်တွေလည်း ဇဝေဇဝါ ။ အိုး…တကယ်ပါ ။ နစ်ကီ က သတင်းအမှန်
ပေးလိုက်တာ ။ ရဲတွေ တရစပ်ဝင်လာပြီး ပစ်ကြခတ်ကြ ၊ အင်္ဂုလိဂိုဏ်းသားတွေခမျာ တကွဲတပြားစီ
ဖြစ်ရပြီပေါ့ ။ ဒီမှာပဲ ထင်မထားတဲ့ဖြစ်ရပ်တစ်ခုက မျက်နှာဖုံးစွပ်တစ်ဦး ထပ်ရောက်လာပြီး
သေနတ်မှန်ထားတဲ့ဂိုဏ်းသားကို ဝင်ကယ်တဲ့ကိစ္စ ။ ရဲအရာရှိကြီး(ကာလီ)က တိုက်ခိုက်သူရဲ့မျက်နှာဖုံးကို
ဆွဲချွတ်လိုက်တဲ့အခါ အံ့သြသွားရပါပြီ ။ ဘာကြောင့်လဲဆိုတော့ လာကယ်သူ က နစ်ကီဖြစ်နေလို့ပါ
။
အဖြစ်မှန်ကို သိရှိသွားကြတဲ့-အင်္ဂုလိဂိုဏ်းသားတွေက
နစ်ကီ့အပေါ် အကြီးအကျယ် စိတ်ဆိုးကြပါတယ် ။ တစ်ဖက်မှာ လည်း အမှုမှန် မဖော်ထုတ်နိုင်တဲ့-ရဲအရာရှိကြီးကာလီခမျာ
နယ်ကို ပြောင်းရွှေ့ရတော့မှာပါ ။ ဒီအခါ ဆရာဖြစ်သူက လာဘ်ထိုးဖို့ ခိုင်းစေခဲ့တယ် ။
“ ( ဒီနေ့ခေတ်မှာ လာဘ်မထိုးဘဲ နေရာကောင်းမရဘူးဆိုတာ မင်းအသိပဲ မဟုတ်လား ။ ဆိပ်ကမ်းနေရာကို
လိုချင်သူတွေ
တပုံကြီးရယ် ။ ငါ မင်းကို အဲဒီနေရာရအောင်
လုပ်ပေးထားတယ် ။ ဒါပေမဲ့ ‘ရာထူးလွှဲပြောင်းရေး-အရာရှိ’ကို ငွေငါးသိန်း
သွားပေးလိုက် ။ ရဲဌာနရဲ့တရားမဝင်ငွေကြေးတွေကို
သူပဲ ကိုင်တာလေ ။ နောက်နှစ်တွေဆို ပိုပေးရလိမ့်မယ် ။ ဒါပေမဲ့
မပူပါနဲ့ ။ မင်းလည်း အများကြီးပြန်ဝင်မှာပါ
။ ဒါက ဘာမှမဟုတ်ဘူးဖြစ်သွားလိမ့်မယ်) ကျွန်တော် လာဘ်ငွေ လိုချင်တာ
မဟုတ်ပါဘူး ဆရာ ။ ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတွေကိုပဲ
ဖမ်းဆီးချင်တာ ။ (အင်းပါ … သိပါတယ် ။ ဒါပေမဲ့ …
ဒီကိစ္စကို မင်း လက်မခံရင် မင်းဘဝ ဆုံးသွားလိမ့်မယ်
)”
ဆရာဖြစ်သူနဲ့အချေအတင်ပြောရင်း ရင်မောသွားရသူက
ကာလီ ။ သူ သိပ်စိတ်ပျက်သွားပြီလေ ။ လာဘ်စားမှုကို တိုက်ဖျက်ရမယ့် ရဲတွေကိုယ်တိုင်က
ရာထူးရဖို့အတွက် လာဘ်ပေးနေရသတဲ့ ။ ရာထူးချပေးဖို့ လာဘ်ယူနေကြသတဲ့ ။ ဆိုးရွားလိုက်တာ
။
ဒီအချိန်မှာ နစ်ကီက
လာဘ်စားမှုကို အင်္ဂုလိဂိုဏ်းကပဲ တိုက်ဖျက်နိုင်လိမ့်မယ်လို့ သိမ်းသွင်းပြောဆိုခဲ့တယ်
။ သူ့အစီအစဉ် အတိုင်း ကာလီနဲ့ အင်္ဂုလိဂိုဏ်းတို့ ပူးပေါင်းမိသွားကြတယ် ။ ကာလီ လာဘ်ထိုးရမယ့်အရာရှိနဲ့
အင်္ဂုလိဂိုဏ်းသားတို့ ကလဲ့စားချေရ မယ့်-တရားခံက တစ်ယောက်တည်း ဖြစ်နေခဲ့တာကိုး ။ ဟုတ်ပါတယ်…မာယာရဲ့အစ်ကိုကို
comaဝင်လောက်အောင် ရိုက်နှက်ခဲ့သူ၊ တရားရင်ဆိုင်တော့လည်း အာဏာပါဝါတွေနဲ့ အနိုင်ယူသွားခဲ့သူက
ရာထူးလွှဲပြောင်းရေးအရာရှိကြီးရဲ့သားဖြစ်နေလို့ပါပဲ ။
ဒီရုပ်ရှင်မှာလည်း
အိန္ဒိယဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း အပြင်းစားဒိုင်ယာလော့တွေ ပါဝင်နေလို့ အရင်ဆုံး ကောက်နုတ်
ဖော်ပြပါရစေဦး ။
“ (လာဘ်စားမှုကို ကောင်းကောင်းကြီး ဆော်သွားတာပဲကွ)
ဒါဟာ ဆော်ရုံအဆင့် မဟုတ်ဘူး သူငယ်ချင်း ။ သူတို့က လွဲနေတဲ့
စနစ်ကြီးတစ်ခုလုံးကို ချပြသွားတာ ။”
“ တော်သေးတာပေါ့ ။ ကားချင်းပဲ တိုက်မိတယ်
။ လူမသေဘူး (အသက်မပြည့်တဲ့ကလေးတွေ ဘာလိုလုပ်ပြီး လိုင်စင်ရတာတုံး)
ကားမောင်းသင်တန်းကျောင်းနဲ့ ကုန်းလမ်းပို့ဆောင်ရေးအရာရှိတွေရဲ့အကျင့်ပျက်ခြစားမှုကြောင့်ပေါ့
။ လိုင်စင်အတု လုပ်ရတာ
ဘာမှမခက်ဘူးလေ ။ ပိုက်ဆံပေးနိုင်လို့ကတော့ မျက်မမြင်ကိုတောင် လိုင်စင်ထုတ်ပေးမှာ
။”
“ လာဘ်ထိုးတာက မင်းအတွက်တော့ အထူးအဆန်းဖြစ်နေမှာ
သိပါတယ် ။ ဒါပေမဲ့ မပူပါနဲ့ … အစပိုင်းလေးပဲ ခက်တာပါ ။
နောက်တော့လည်း ကျင့်သားရသွားတာပဲ ။ အရစ်ကျငွေပေးတယ်လို့ သဘောထားလိုက်ပေါ့ ။
ကွာတာဆိုလို့ ဒါက
အိမ်ဝယ်တာ မဟုတ်ဘူး ။ ရာထူးဝယ်ရတာ ။”
“ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရပါဘူး ။ ဥပဒေကို
ကာကွယ်သူပင် ဖြစ်နေပါစေ … မရှိရဘူး ။”
@@@@@
ဇာတ်သိမ်းကတော့ ပရိသတ်
မျှော်လင့်ထားတဲ့အတိုင်း လှလှပပပေါ့ ။ ရဲဌာနထဲက အကျင့်ပျက်သူတွေကို ရဲအရာရှိကြီး ကာလီက
မီဒီယာကတဆင့် ဖွင့်ချလိုက်တာကြောင့် လာဘ်စားသူတွေကို အရေးယူနိုင်ခဲ့တယ် ။ ဒါပေမဲ့ သက်သေရဖို့အတွက်
အင်္ဂုလိဂိုဏ်းသားတွေရဲ့အကူအညီကိုတော့ ယူရတာပေါ့လေ ။ ဒီလိုဆိုးရွားတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး
ပြည်သူတွေက ဝန်ကြီးချုပ် ကို ဆန္ဒပြကြတာကြောင့် ဖြောင့်မတ်တဲ့-ကာလီ့ကို ရဲမှူးကြီးအဖြစ်
ခန့်အပ်လို့ မွန်ဘိုင်းမြို့အတွက် တရားမျှတမှုကို ဆောင်ကျဉ်း ပေးနိုင်ခဲ့တယ် ။ တဆက်တည်းမှာပဲ
အင်္ဂုလိဂိုဏ်းကိုလည်း (မလိုအပ်တော့တဲ့အတွက်) ဖျက်သိမ်းလိုက်ပုံနဲ့ အဆုံးသတ်ထားပါ တယ်
။
ရုပ်ရှင်နာမည်ကတော့
“Ungli”ပါ ။ ဒီနာမည်အတိုင်း “အင်္ဂုလိဂိုဏ်း”ကို အသားပေးပွဲထုတ်ထားတဲ့ဇာတ်ကားလို့ ယူဆမယ်
ဆိုရင် မမှားနိုင်ပါဘူး ။ (2014)က ထွက်ရှိခဲ့ပြီး လူငယ်တွန်းအားပေးဇာတ်အိမ်မျိုးဖြစ်တာကြောင့်
နည်းနည်းအရိုင်းဆန်သလိုရှိပေမဲ့ စိတ်အားတက်ကြွစရာကောင်းတာကတော့ အမှန်ပါပဲ ။ ကျောရိုးကတော့
ခေတ်အဆက်ဆက်သရုပ်ဖော်ခဲ့တဲ့ ဟီးရိုးဇာတ်လမ်းတွေ နဲ့ သိပ်မကွဲပြားသလိုပဲ ။ ကျွန်မတို့ငယ်ငယ်က
ကြားဖူးခဲ့တဲ့ သူခိုးကြီးငတက်ပြားပုံပြင်လိုပေါ့ ။ မတရားအနိုင်ကျင့်တတ်တဲ့ သူဌေး သူကြွယ်တွေဆီက
ခိုးယူပြီး ရိုးသားမှန်ကန်တဲ့ဆင်းရဲသားတွေကို ပြန်မျှဝေပေးတဲ့ပုံစံမျိုးနဲ့ ခပ်ဆင်ဆင်တူတယ်လို့
ခံစားမိပါတယ် ။ ရိုးစင်းတယ်လို့ ဆိုနိုင်မှာပါ ။ ဒါပေမဲ့ ရည်ရွယ်ချက်လေးကလည်း လှ ၊
ထည့်သွားတဲ့ လှည့်ကွက်တွေကလည်း နှစ်သက်စရာကောင်း တဲ့အတွက် ဇာတ်ကားကောင်းအဖြစ် သတ်မှတ်ချင်ပါတယ်
။
ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ
…
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကိုhttps://web.facebook.com/writer.GONK page ကို လာလည်ဖို့ မမေ့နဲ့နော် ။