Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အပြာရောင်သော့ကိုယ်စီ






အပြာရောင်သော့ကိုယ်စီ

( နိုဝင်ဘာ(၈) ဒိုင်ယာရီ - ကလောင်စုံ )

ရေးသူ - ဂါဦးနွန်းကို

---------------------------------------------------------------------------------------------

 

      တံဆိပ်တုံး ကိုင်သည့်လက် တဆတ်ဆတ်တုန်နေခဲ့သည်ဟုဆိုပါက အပိုတွေ မထင်ပါနှင့် ။ အမှန်တကယ် တုန်ယင်နေခဲ့ပါ သည် ။
     မဲရုံထဲသို့ ဝင်ကတည်းက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ရာ တံဆိပ်တုံး ကိုင်သည့်အခါ သတ်မှတ်ထားသည့်အကွက်ထဲ တည့် တည့်မဝင်ဘဲ ဘောင်ကျော်၍ထုမိမည်ကို စိုးရိမ်သည်ကတစ်ကြောင်း ၊ မဲပေးလိုသည့်ပါတီ လွဲမှားသွားမည်ကို စိုးထိတ်သည်က တစ်ကြောင်း ၊ မဲစာရွက်၌ အစွန်းအထင်း/အမှတ်အသား ပါ/မပါ ၊ မဲရုံမှူးလက်မှတ် ပါ/မပါ စစ်ဆေးနေရသည်ကတစ်ကြောင်း… ကြောင့် အလွန်စိတ်လှုပ်ရှားလာရသဖြင့် ကျွန်မ၏လက်တို့ တုန်ရီလာခဲ့သည့်ကိစ္စမှာ လွန်လှသည်တော့ မဟုတ်ပါ ။
    ဒါ ကျွန်မအတွက် ပထမဦးဆုံး ဆန္ဒမဲပေးဖူးခြင်းဖြစ်သည် ။ မည်သို့ဖြစ်စေ အသက်(၂၀)ဝန်းကျင်အရွယ်သာ ရှိသေးသော-ကျွန်မအဖို့ ဒီအရွယ်မှာ မဲပေးဖူးတာပဲ တော်လှပြီဟု ဆိုချင်လျှင် ဆိုနိုင်ပါသည် ။ တချို့ဆို (၆၀)ကျော်(၇၀)ကျော်အရွယ်တွေ ။ ပထမဆုံးမဲပေးဖူးခြင်း-တဲ့ ။ စိတ်လှုပ်ရှား၍ ခြေဖျားလက်ဖျားတို့ တုန်ယင်အေးစက်ခြင်းမဟုတ်ဘဲ အသက်အရွယ်အရ တုန်ချိချိ အနေအထားဖြင့် လာရောက်မဲပေးကြသည်ကို တွေ့မြင်ရသည့်အခါ ကျွန်မရင်ထဲ ကြေကွဲသလိုလို ကြည်နူးသလိုလို ဘာရယ်မှန်း မသိသည့်-ဝေဒနာအချို့ကို ခံစားလိုက်ရပါ၏ ။
     နိုဝင်ဘာ(၈)ရက်နေ့-မနက်(၆)နာရီကနေ ညနေ(၄)နာရီအထိ မဲပေးနိုင်သည်-ဟူသော သတင်းကြားစဉ်က အချိန် လောက်ငှပါ့ မလား ။ ရပ်ကွက်ထဲမှာ လူတွေက နည်းတာ မဟုတ်ဘူး ၊ (၁၀)နာရီအတွင်း ပြီးစီးနိုင်ပါ့မလား-စသဖြင့် တွေးတောရင်း ပူပန်နေခဲ့ မိသည် ။ မဲပေးရမည့်နေ့ရောက်တော့ စိတ်လှုပ်ရှားနေသည့်အရှိန်ကြောင့် ကောင်းကောင်း အိပ်မပျော် ။ အစောကြီးနိုးနေလေရာ (၆)နာရီဒေါင်ဒေါင်မထိုးခင်မှာပဲ ကျွန်မတို့မိသားစု၏ခြေလှမ်းများက မဲရုံဆီသို့ ဦးတည်လာခဲ့ပါပြီ ။
    မဲရုံတံခါးဝရောက်တော့ ကျွန်မစိတ်တွေ လှုပ်ရှားစပြုနေပြီ ။ လူအုပ်ကြီးကို မြင်ကတည်းက စိတ်ထဲမှာ ပျော်သလိုလိုမြူးသလို ။ တစ်နှစ်လုံး စောင့်မျှော်ခဲ့ရတဲ့ရက်ကို ရောက်ပြီ ၊ မဲပေးရတော့မယ်-ဆိုသည့်အတွေးက ဦးနှောက်ထဲမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပနေ သကဲ့သို့ရှိရာ လူမှာလည်း မြောက်ကြွမြောက်ကြွ ။ ဟိုကြည့်သည်ကြည့် ၊ ဟိုတွေးသည်တွေး ၊ ဟိုငေးသည်ငေးနှင့် မဲစာရွက် ထုတ်ပေးမည့်နေရာသို့ ရောက်ခဲ့၏ ။
    သက်သေခံကဒ်ပြားတောင်းသဖြင့် ပေးလိုက်တော့ လက်မှတ်ထိုးခိုင်းကာ မဲစာရွက် ထုတ်ပေးပါသည် ။ လက်မှတ်ထိုးစဉ်ကပင် လက်တုန်ချင်နေပြီ ။ ကျွန်မသာ မဟုတ် ။ ကျွန်မနောက်က လူငယ်တစ်ယောက်လည်း စိတ်လှုပ်ရှားဟန်ဖြင့် ကိုယ်ခန္ဓာကို ရှေ့ နောက်ယိမ်းနေသည် ။ အတွေ့အကြုံအသစ်စက်စက်နှင့်ဆုံလျှင် ဖြစ်တတ်သော-လူငယ်သဘာဝအတိုင်း အူမြူးသလိုလို ထိတ် လန့်သလိုလိုဖြစ်နေ၍ အယောင်ယောင်အမှားမှားမပြုမိအောင် ၊ တလွဲတချော်မလုပ်မိအောင် ကိုယ့်ကိုယ်ကို ထိန်းထားရသည် ။
    အရေးထဲ ကျွန်မက မိသားစုနှင့် ကွဲသွားသည် ။ ရှေ့ကအန်တီကြီးတစ်ယောက်ကလည်း တံဆိပ်တုံး မထုတတ်၍ မေးမြန်းနေ သဖြင့် ကူညီပြောပြမိရာ အာရုံတို့ ရှုပ်ထွေးသွားခဲ့ရသည် ။ သို့ကြောင့်ပင် မဲစာရွက်ကို ယေဘူယျမျှသာ စစ်ဆေးပြီးနောက် မဲပေးခဲ့ လိုက်သည် ။
   “ ဟယ်…ဒီမှာလည်း အမျိုးသားလွှတ်တော်ပဲ ။ စောစောက ထည့်ခဲ့ရတာလည်း အမျိုးသားလွှတ်တော်ပဲ ။”
တစ်ယောက်ကျော်က ကျွန်မအစ်မထံမှ စကားသံ ထွက်ကျလာ၍ ဘာများလဲသိရအောင် လှမ်းကြည့်လိုက်မိတော့…
- ဟုတ်ပါရဲ့ ။ စောစောကလည်း ဒီအမတ်နာမည်ပဲ ။ ဘယ်လိုဖြစ်တာပါလိမ့်…
မဲစာရွက် လွဲမှားထုတ်ပေးလိမ့်မည်မထင်သဖြင့် ပြည်သူ့လွှတ်တော်မဲစာရွက်လား ၊ အမျိုးသားလွှတ်တော်မဲစာရွက်လားဟူ၍ ခွဲခြား မကြည့်ဖြစ်ခဲ့သည်မှာ ကျွန်မတို့အမှားပဲလား ။ လွဲလိမ့်မည်ဟု လုံးဝမတွေးခဲ့မိ၍ ထုတ်ပေးသည့်-မဲစာရွက်ကို ယူကာ တံဆိပ်တုံး ထုခဲ့မိသည် ။ ယခု ဒုတိယမြောက်မဲပေးရမည့်နေရာသို့ရောက်မှပဲ စောစောကမဲစာရွက် လွဲနေကြောင်း သိလိုက်ရ၏ ။
    ပြည်သူ့လွှတ်တော်မဲစာရွက် ထည့်ရမည့်ပုံးမှာ တာဝန်ခံများက မဲစာရွက် လွဲမှားထုတ်ပေးလိုက်သဖြင့် အမျိုးသားလွှတ်တော် မဲစာရွက်ကို နှစ်ခါထည့်သလို ဖြစ်တော့မည် ။ ပြည်သူ့လွှတ်တော်မဲပုံးထဲသို့ ရောက်ရှိသွားခဲ့သော အမျိုးသားလွှတ်တော်မဲစာရွက် ခမျာ အလိုလိုနေရင်း ပယ်မဲဘဝသို့ သက်ဆင်းရတော့မည် ။ တစ်စောင်လည်းမဟုတ် ၊ နှစ်စောင်လည်းမဟုတ် ။ ကျွန်မ၏အစ်မ သာ သတိမထားမိခဲ့လျှင် လှုပ်ရှားနေသည့်စိတ်အဟုန်ကြောင့် ကျွန်မပင် သိလိုက်မည်မထင်ပါ ။ မည်သူမျှလည်း သတိပြုမိပုံမရ ။ မတော်တဆအမှားပဲ ဖြစ်စေဦးတော့…တစ်စုံတစ်ယောက် သို့မဟုတ် အသင်းအဖွဲ့တစ်ခုကို အကြီးအကျယ် ထိခိုက်နစ်နာသွားစေ နိုင်သည့်ကိစ္စပင် ။
     ဆန္ဒမဲတစ်မဲ၏တန်ဖိုး ကြီးမားကြောင်းကို ဘယ်နိုင်ငံသားမဆို သိနိုင်မည်ဖြစ်သော်လည်း ထိုမဲတစ်ပြား ထည့်ခွင့်ရအောင် အဆင့်ဆင့် ဘယ်လောက်ကြိုးပမ်းခဲ့ရသလဲဆိုတာကိုတော့ ကြုံဖူးသူသာလျှင် သိလိမ့်မည် ။ မဲစာရင်းမှာ နာမည်ပါ/မပါ နှစ်ခါမက သွားကြည့်ခဲ့ရရုံသာမက မပါလျှင် လျှောက်ရသေးသည် ။ သက်သေခံကဒ်ပြားလည်း သွားထုတ်ရသေးသည် ။ သို့ပေမဲ့ ကျွန်မတို့ အပါအဝင် ပြည်သူတွေ မငြိုငြင်ခဲ့ပါ ။ လွတ်လပ်စွာ မဲပေးလိုသည့်ဆန္ဒကြောင့် အလုပ်အကိုင် အပျက်ခံကာ မဲပေးခွင့်ရအောင် ကြိုးပမ်းခဲ့ကြသည် ။ မဲပြားတိုင်း တန်ဖိုးကြီးလှပါသည် ။ ယခုတော့…တန်ဖိုးကြီးသောမဲတစ်မဲခမျာ တာဝန်ရှိသူတချို့၏ချွတ်ချော်မှု ကြောင့် ပယ်မဲဘဝသို့ သက်ဆင်းသွားရတော့မည် ။
     သည်းထိတ်ရင်ဖိုပါပဲ ။ ကျွန်မ၏အဖေက သိလျှင်သိချင်း မဲရုံမှူးထံသို့ သွားရောက်ပြောဆိုခဲ့ရာ (၅)မိနစ်မျှ အခြေအတင်စကား ပြောဆိုပြီးနောက် တာဝန်ခံများ၏လွဲမှားမှုဖြစ်နေ၍ ကျွန်မတို့အားလုံး ပြန်လည်မဲထည့်ခွင့် ကြုံခဲ့ပါသည် ။ မဲစာအုပ် အသစ်လဲစဉ် ပြည်သူ့လွှတ်တော်မဲစာအုပ်နှင့် အမျိုးသားလွှတ်တော်မဲစာအုပ် မှားယွင်းသွားခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြပါ၏ ။ ကျွန်မတို့သာမက ကျွန်မတို့ရှေ့က-လူတချို့လည်း လွဲမှားသွားကြောင်း သိရသည့်အခါ စိုးရိမ်သွားခဲ့ရသည် ။
     မဲစာရွက် လွဲမှားနေသည့်အကြောင်းကို ယခုတိုင် မည်သူမှ သတိပြုမိကြပုံမရသလို မဲရုံမှူးအပါအဝင် တာဝန်ရှိသူများကလည်း အလုပ်များနေ၍လားမပြောတတ်ပါ ၊ အော်ဟစ်သတိပေးခြင်းမျိုး မပြုလုပ်သေး၍ (ကျွန်မတို့မိသားစုကပဲ) အနီးအပါးမှလူများကို လိုက်လံပြောဆိုခြင်းဖြင့် ပယ်မဲဘဝသို့ အလိုလိုသက်ဆင်းသွားခဲ့ရသော မဲတော်တော်များများကို ကယ်ဆယ်ခွင့်ရခဲ့သည် ။ ပီတိ ဖြစ်ခဲ့ရသည့် နေ့တစ်နေ့ပါပဲ ။
   “ ခင်ဗျားတို့ သတိထားသင့်တယ် ။ ကျုပ် ဒီနေ့မနက် ဈေးမထွက်ဘဲ လာခဲ့ရတာ ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝမျိုးဖြစ်ပေမဲ့
     ကျုပ်က ထမင်းငတ်ခံပြီး မဲလာထည့်တယ် ။ ဒီမဲတစ်မဲဟာ ဘယ်လောက်တန်ဖိုးကြီးသလဲဆိုတာ ကျုပ်အသိဆုံး ။ နိုင်ငံအတွက်
     တန်ဖိုးကြီးရုံတင်မကဘူး ၊ ကျုပ်အတွက်လည်း တစ်နေတာရဲ့ဝမ်းတစ်ထွာနဲ့ နှီးရင်းထားရတာမို့ တန်ဖိုးကြီးတာပဲ ။ ဒီတန်ဖိုးကြီး
     မဲတစ်မဲက ခင်ဗျားတို့ရဲ့ညံ့ဖျင်းမှုကြောင့် ပယ်မဲဖြစ်သွားခဲ့ရင် ကျုပ်အတွက်ရော ၊ နိုင်ငံအတွက်ရော နစ်နာတယ် ။ ဒီနောင်ကြီး
     သာ လာမခေါ်ရင် ကျုပ် မဲတစ်ပြားက အလကားဖြစ်ရတော့မှာ ။ ခင်ဗျားတို့ သတိထားရမှာပေါ့ ။ ဒီလောက် အရေးကြီးနေချိန်မှာ
     ဒီလိုအမှားမျိုး မမှားသင့်ဘူး ။”
မဲစာရွက် မှားမှန်း သိသိချင်း အပြေးအလွှားမဲပြန်ထည့်သော ဦးလေးကြီးတစ်ယောက်၏စကား ။ ကျွန်မပင် ကြက်သီးမွေးညင်း ထ သွားမိသည် ။
     ထိုဦးလေးကြီးက သာမန်ဈေးသည်ကြီးပါ ။ နိုင်ငံရေးသမား ၊ ပါတီဝင်ဘာဘာညာညာ ဖြစ်ဖို့နေနေသာသာ သတင်းစာပင် မှန် မှန်မဖတ်အား၊ ဖေစ်ဘုတ်တို့/မီဒီယာတို့ မကြည့်အားသည့် တကယ့်လက်လုပ်လက်စားသမားကြီး ။ သို့သော်…သူသည်ပင် မဲတစ် ပြားကို တန်ဖိုးထားသည် ။ နိုင်ငံ၏အနာဂတ်လမ်းသစ်ကို ဖွင့်လှစ်နိုင်မည့် အပြာရောင်သော့တစ်ချောင်းကို ယနေ့၌ နိုင်ငံသားတိုင်း ကိုယ်စီ ပိုင်ဆိုင်ရန် အခွင့်အရေးရှိသည်-ဆိုသောအချက်ကို ဘဝပေးအခြေအနေအရ ပြည်သူအားလုံးနည်းပါး နားလည်ထားကြ ဟန်တူပါသည် ။
     မဲရုံအပြင်သို့ထွက်တော့ နံနက်ခင်းနေခြည် ထွန်းတောက်နေလေပြီ ။ လက်သန်းထိပ်က မှင်အရောင်နှင့် တိုက်တိုက်ဆိုင်ဆိုင် လာတူနေသည့် အပြာရောင်ခြယ်ကောင်းကင်ယံဝယ် ငှက်ကလေးများ လွတ်လပ်စွာပျံသန်းနေပုံကို ငေးကြည့်ရင်း ဆန့်ကျင်ဘက် အကြောင်းအရာတစ်ခုကို ကျွန်မ စဉ်းစားလိုက်မိသည် ။
    အတောင်ပံပါလျက်သားနှင့် ပိတ်လှောင်ခြင်းခံခဲ့ရသည့်-ကျွန်မတို့၏နိုင်ငံ…တစ်ချိန်က အများတကာထက် မြင့်မြင့်ပိုပျံနိုင်ခဲ့ပေမဲ့ ယခုချိန်မှာတော့ လေဟုန်စီးရသောအရသာနှင့် ဝေးကွာနေခဲ့တာကြာပြီဖြစ်သည့်-ကျွန်မတို့၏နိုင်ငံ ။ သည်နေ့ - အပြာရောင်သော့ ကိုယ်စီဖြင့် လှောင်ချိုင့်မှ လွတ်အောင် ကျွန်မတို့ပြည်သူတွေ တတ်စွမ်းသလောက် ကြိုးစားဖွင့်ခဲ့ကြပြီ ။ များမကြာမီ အရှိန်အဟုန် ပြင်းပြင်းနှင့် ပျံသန်းခွင့်ရလိမ့်မည်ဟု မျှော်လင့်မိပါသည် ။ ။
 ( နိုဝင်ဘာ ၈ရက် ၂၀၁၅ ညနေငါးနာရီ၃၂မိနစ် )


                                                                                                                                  
                                                                                         စေတနာရှေ့ထားလျက်…                                                                                                                       
                                                                                                                               
                                                                                                    ဂါဦးနွန်းကို


 www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။