တစ်ဖက်အိမ်မှ ကောင်လေး
(၂၀၁၂ သြဂုတ်လထုတ် သိဒ္ဓိမိုးမဂ္ဂဇင်းတွင် ဖော်ပြခံရသောဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
--------------------------------------------------------------------------------------------------------
သည်ကောင်လေးကို
ကျွန်တော် မြင်တွေ့နေတာကြာပါပြီ ။ မြင်လိုက်တိုင်း အမြဲ ငေးငေးငိုင်ငိုင်ရယ် ။ သူ့မိဘနှစ်ပါးဟု
ယူဆရသူနှစ်ယောက်ကလည်း အမြဲတမ်း ကျော့ကျော့မော့မော့ပြင်ဆင်ခြယ်သပြီး အပြင်မထွက်သည့်ရက်ကို
မရှိ ။ ညနေ ရောက်ပြီဆိုလျှင် dinnerဆိုလား၊partyဆိုလား ခေါင်းစဉ်တစ်ခုခုသုံးပြီး ကားလေးပေါ်တက်
၊ လှစ်ခနဲ ထွက်သွားကြပါရော လား ။ ဟိုကောင်လေးခမျာတော့ မှန်ပြတင်းပေါက်က ချောင်းရင်း
မောင်းထွက်သွားသည့်ကားလေးကို ကြည့်နေရှာသည် မှာ မျက်စိတစ်ဆုံး ။
- အင်းလေ…သူလည်း လိုက်ချင်ရှာမှာပေါ့
…
ကားလေး
အဝေးရောက်သွားမှ ဖျော့တော့တော့သူ့မျက်နှာလေးပေါ်ကို မျက်ဝန်းထဲက မျက်ရည်စတွေ စီးကျလာရစမြဲ
။ သနားစရာ ။
သည်ဂရုဏာသက်ဖွယ်မြင်ကွင်းလေးကို ရှုမြင်နေရသည်မှာ
ကျွန်တော် အိမ်ပြောင်းလာသည့်နေ့ကတည်းက ။ ဒါပါနှင့် ဆို လေးခေါက်လောက် ရှိပြီ ။ ကျွန်တော်
သူကလေးကို သနားဂရုဏာသက်မိပေမဲ့ သူ့မိဘများကိုယ်တိုင်က ဂရုတစိုက် မရှိကြခြင်းဖြစ်သည်ကြောင့်
ဘေးလူဖြစ်သူ-ကျွန်တော်က ဘာမျှဝင်ပြော၍ မရ ၊ ဝင်စွက်မဖက်နိုင်…။ သို့သော်…ကျွန်တော့်
မှာ တစ်ခုတော့ လုပ်ခွင့်ရှိသည် ။ သူကလေးကို အားပေးစကားတော့ ပြောခွင့် ရှိသည်ပဲလေ ။
သို့ကြောင့်…သူ့မိဘနှစ်ပါး အပြင်သွားသည့်အခိုက်
တစ်ယောက်တည်း ကျန်ခဲ့ရှာသောသူ့ကို အားပေးစကား သွားပြော မည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်
။ ခုလို တစ်ယောက်တည်းကျန်ခဲ့ချိန်ဆို သူ့ခမျာ အတော့်ကို ဝမ်းနည်းအားငယ်နေ ရှာလိမ့်မည်
။
- အင်း…ကောင်လေးက ရှိလှမှ (၇)နှစ်/(၈)နှစ်အရွယ်ရယ်…
သူ့ကို
မြင်တော့ ဆုံးသွားသော-ကျွန်တော့်ညီလေးကိုတောင် သတိရမိ၏ ။
ဟုတ်ပြီ…သည်နေ့က
ကျွန်တော် အလုပ်အားသည့်ရက်နှင့်လည်း တိုက်ဆိုင်နေ၍ ကောင်လေးကို အချိန်အနည်းငယ် ဖဲ့ပေးလိုက်မည်
၊ သူကလေးနှင့်အတူ ညဦးပိုင်းအချိန်ကို ပျော်ပျော်ရွှင်ရွှင်စကားတို့ဆိုရင်း ကုန်ဆုံးလိုက်မည်ဟု
ကျွန်တော် တွေးထားလိုက်သည် ။
- ဟော…သွားကြပါပြီ ။ အံ့သြစရာပဲဗျာ
… မြန်မာပြည်မှာတော့ ရှားမှရှားတဲ့လင်မယားပါပဲ ။
အမျိုးသမီးက
စကပ်တိုတိုကို ကျပ်ကျပ်ထုပ်ထုပ်ဝတ်လျက် အင်္ကျီလည်ဟိုက်နှင့် ။ အသားလတ်လတ် ပိန်ပိန်ပါးပါးမို့သာ
ကျေးဇူးတင်ရပေမည် ။ မဟုတ်လျှင် သေချာပေါက် ကောက်ညင်းထုပ်မြင်ကွင်း ။ လင်သားလုပ်သူကတော့
အနောက်တိုင်း ဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားပေငြား အသားက ညိုလွန်းသဖြင့် အမည်းပေါ် အမည်းကပ်ကာ
ကိုယ်ယောင်ပျောက် လျက်ရှိသည် ။ အတွင်းရှိ ရှပ်အင်္ကျီအဖြူသာ ထင်းထင်းကြီးပေါ်နေတော့၏ ။
သူတို့နှစ်ယောက်က မြန်မာနိုင်ငံပေါက်မှ ဟုတ်ပါ့မလားဟု
ကျွန်တော် သံသယဖြစ်သွားမိသည် ။ အနေအထိုင် အပြင် အဆင်က အမြင်မအပ်စပ်လှပါ ။ သို့သော်…သူတို့နှစ်ယောက်ကတော့
အိမ်နီးချင်းဖြစ်သူ-ကျွန်တော်မောင်စပ်စုကို အနည်း ငယ်မျှပင် သတိပြုမိပုံမရဘဲ ကော့တော့ကော့တော့ဖြင့်
ကြော့ကြော့မော့မော့ထွက်ခွာသွားကြချေပြီ ။ ကောင်လေးခမျာမှာ မောင်းထွက်သွားသောကားလေးကို
မှန်ပြတင်းပေါက်ကတဆင့် ငေးကြည့်ရင်း ကျန်ရစ်ခဲ့ရှာပေါ့ ။
D D D
D D
“ ဟိတ်ကောင်လေး…မင်း တစ်ယောက်တည်း ပျင်း ။”
ကျွန်တော်
နှစ်ခြံကြားက သံစကာတန်းပေါ်တွင် လက်နှစ်ဖက်ကို တင်ရင်း တစ်ဖက်ခြံက ကောင်လေးကို လှမ်း
မေးလိုက်မိသည်
။ ကောင်လေးက အိမ်ဘေးဝရံတာတွင် ငုတ်တုတ်ကလေး ထိုင်နေရှာသည် ။ အေးမြတဲ့ဆောင်း
လေသွေးကြောင့်
ကောင်လေးရဲ့ပါးပြင်နှစ်ဖက်လုံး နီစွေးစွေးလေး ဖြစ်နေ၏ ။
ကျွန်တော့်အမေးကို ကောင်လေးက ခေါင်းခါယမ်းပြရင်း
အိမ်ထဲသို့ ပြန်လှည့်ဝင်သွားသည် ။
“ ဟိတ်…ဟိတ် ခဏနေဦးလေ ။”
ကျွန်တော်
ဘယ်လောက်အော်ခေါ်ခေါ် လှည့်မကြည့်တော့…ခေါင်းငိုက်စိုက်ဖြင့် အိမ်ထဲကို တရွေ့ရွေ့ဝင်ရောက်
ပျောက်ကွယ်သွားတော့သည်
။
“ အဲ့ဒါပါပဲကွာ ။ ငါ ကောင်လေးကို သိပ်သနားတယ် ။
သူ့ခမျာ အရမ်း အထီးကျန်အားငယ်နေရှာတာ ။”
ကျွန်တော်
ဘယ်လိုမှ ချုပ်တည်းအောင့်အီးမထားနိုင်တော့၍ ကျွန်တော်နှင့် ကဗျာရေးဖော်ရေးဖက်လည်းဖြစ်…
Philosophyဘွဲ့ရတာချင်းလည်း
တူ ၊ တစ်ကျောင်းတည်းနေခဲ့သည့် သူငယ်ချင်းလွင်မိုးကို ရင်ဖွင့်ပြောပြလိုက်
သည်
။
“ ဟ…မင်းဟာက ဟုတ်ရဲ့လားကွာ ။ မင်း ရောက်တာဖြင့်
လေးငါးရက်ပဲ ရှိသေးတယ် ။ မင်းက သူများအိမ်ကို
စပ်စုနိုင်နေပြီလား ။”
လွင်မိုးက
လှောင်တောင်တောင်မျက်နှာပေးနှင့် မေးလိုက်သည်ကို ကျွန်တော် ဂရုမစိုက်အား ။ ကျွန်တော့်ခေါင်း
ထဲတွင်
ကောင်လေးကို ဘယ်လိုကူညီရပါ့မလဲဟူ၍သာ တွေးတောနေမိသည် ။
“ ငါ အတည်ပြောနေတာ လွင်မိုးရ ။ မင်း စကားကောင်းပြောသင့်ပြီ
။”
ကျွန်တော်
မျက်နှာခပ်တင်းတင်းဖြင့် ပြောလိုက်တော့ လွင်မိုး မျက်နှာပိုးသတ်လိုက်ပြီး တစ်စုံတစ်ခုကို
အလေး
အနက်စဉ်းစားဟန်ပြုသည်
။
“ ဟုတ်ပါပြီ ။ ကောင်လေးက အားငယ်အထီးကျန်နေတယ် ထားပါတော့
။ အဲ့ဒါ သူတို့မိသားစုကိစ္စပဲ ။ မင်းနဲ့
ဘာဆိုင်တုန်း ။”
လွင်မိုးစကားကြောင့်
ကျွန်တော် အကြီးအကျယ် ဒေါသထွက်သွားမိသည် ။ ဒီကောင် ကိုယ်ချင်းစာတရား ခေါင်း
ပါးလှချည်လား…သူများကိစ္စပဲဆိုပြီး
စိတ်အားငယ်တွေဝေနေတဲ့ကလေးကို မျက်နှာလွှဲ ခဲပစ် ထားပစ်လိုက်ရရော
လား
။ ဒေါသစိတ်ကြောင့် နီမြန်းလာတဲ့ ကျွန်တော့်မျက်နှာကြီးကို လွင်မိုးဘက် တည့်တည့်လှည့်လိုက်ပြီး
လွင်မိုး
ကို
စူးစူးရဲရဲ စိုက်ကြည့်လိုက်ရင်း…
“ ဟိတ်ကောင် မင်း ဘယ်လိုပြောလိုက်တာလဲ ။ ဒါ ငါနဲ့ဆိုင်တယ်ကွ
ဆိုင်တယ် ။ အေးလေ…မင်းက မွေးက
တည်းက ရွှေပေါ်မြတင် မိနဲ့ဖနဲ့ ပြည့်ပြည့်စုံစုံ
ကြီးပြင်းလာခဲ့တော့ ဒီအထီးကျန်ခြင်းဆိုတဲ့ ဝေါဟာရရဲ့အနက်
အဓိပ္ပါယ်ကို မင်း ဘယ်နားလည်ပါ့မလဲ ။”
ကျွန်တော်
ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်ရင်း ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည် ။ ကျွန်တော့်အမူအ
ရာကြောင့်
လွင်မိုး ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ကျွန်တော့်လက်ကို အလျင်အမြန် လှမ်းဆွဲလိုက်ပြီး…
“ အေးပါကွာ ။ ငါ မှားသွားတယ် ။ ငါ တောင်းပန်တယ်ကွာ
။ မင်းကိစ္စကို ငါ ဝိုင်းစဉ်းစားပေးပါ့မယ် ။ ဟုတ်ပြီ
လား ။”
လွင်မိုးက
တောင်းတောင်းပန်ပန်ဆိုလိုက်တာကြောင့် ကျွန်တော် စိတ်ကိုလျော့ကာ ပြန်ထိုင်ချလိုက်တော့
လွင်မိုး
စကားဆက်သည်
။
“ မင်း ကောင်လေးကို ဘယ်နေ့က စတွေ့တာလဲ ။ နောက်ပြီး
ဟိုနှစ်ယောက်က သူနဲ့ ဘယ်လိုပတ်သက်လဲ ။
သူ့မိဘတွေဆိုတာ သေချာလို့လား ။”
လွင်မိုးမေးခွန်းတွေက
ချက်ကျလက်ကျ…ကျွန်တော် တစ်ချက် တွေဝေစွာ စဉ်းစားလိုက်ပြီး…
“ အင်း…ကောင်လေးကို စတွေ့တာကတော့ ငါ ရောက်ရောက်ချင်းနေ့ကပဲကွ
။ ငါလည်း စိတ်မတရားညစ်နေ
တာနဲ့ ခြံထဲဆင်းပြီး အရက်သောက်နေတုန်း ကောင်လေးကို
ဝရံတာမှာ တွေ့လိုက်ရတာ ။ ကောင်လေးက
ငိုနေတာကွ ။ ငါလည်း သူ့မိဘတွေ ဆူထားလို့နေမှာပေါ့လေလို့တွေးပြီး
ဖာသိဖာသာပဲ နေလိုက်တယ် ။ အဲ…
နောက်တစ်နေ့ကျတော့ ငါ အခန်းထဲကနေ ဟိုဘက်အိမ်ကို
လှမ်းအကြည့် ဟိုစုံတွဲကို မြင်တော့တာပဲ ။ အဲ့ဒီ့
စုံတွဲက တကယ့်ကို လန်ပျံထွက်နေအောင် ဝတ်ဆင်ပြီး
ကားလေးကို စီးထွက်သွားကြတာ ။ ကောင်လေးက
တော့ ထုံးစံအတိုင်းပဲ ဝရံတာမှာ ငိုလို့…”
ကျွန်တော်ရဲ့အပြောကို
လွင်မိုး ငေးကြည့်ရင်း ခေါင်းတခါခါဖြစ်နေလေသည် ။ ကျွန်တော်ကတော့ ကောင်လေး
ကို
မျက်လုံးထဲတွင် မြင်ယောင်ကြည့်ကာ သနားနေမိသည် ။
“ အေးပါကွာ ။ ဒါဆို ကလေးက သူတို့နှစ်ယောက်နဲ့
ဘယ်လို ပတ်သက်လဲ ။”
“ အဲ့ဒါတော့ ငါလည်း မသိဘူးလေကွာ ။ ကောင်လေးမိဘတွေလို့
ထင်တာပဲ ။”
ကျွန်တော့်စကားကို
ကြားတော့ လွင်မိုး ထုံးစံအတိုင်းခေါင်းတခါခါလုပ်ရင်း လေပူတချို့ကို ဟူးခနဲ မှုတ်ထုတ်
လိုက်သည်
။ သြော်…ကျွန်တော်လည်း ကျွန်တော့်အပူတွေကို သူငယ်ချင်းဆီ ကူးပြောင်းပေးနေမိပြီ ။
“ အင်းလေ…ကောင်လေးအကြောင်းကို
စုံစမ်းတာလည်း စုံစမ်းပေါ့ ။ မင်းရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး ။
မင်းက ကားတိုက်မှုဖြစ်ထားတာ မကြာသေးဘူးလေကွာ
။ မင်းရဲ့စိတ်ရော ကိုယ်ပါ အနားပေးရမယ့်ဒီအချိန်
မှာ မင်း တခြားအရာတွေကို စိတ်မရောက်စေချင်ဘူး
။”
ကားတိုက်မှုဆိုသည့်စကားကို
ကြားလိုက်တော့ ကျွန်တော့်ရင်တွေ ကပြောင်းကပြန် ဖြစ်လို့သွားပေမဲ့ လွင်မိုးက
တွေးတွေးဆဆပြောလိုက်တာကြောင့်
ကျွန်တော် ခေါင်းညိတ်နာခံလိုက်မိသည် ။
နို့ပေမဲ့
စိတ်ထဲကတော့ ကောင်လေးလွတ်မြောက်ဖို့အရေးကိုသာ တွေးတောနေမိ၏ ။ ကောင်လေးကို
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကူညီချင်သည် ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကူညီချင်သည် ။
နေ့လည်နေ့ခင်းတွင် ကျွန်တော်ကလည်း အလုပ်ကိစ္စဖြင့်
အပြင်သွားနေ၍ ဟိုဘက်အိမ်၏အခြေအနေကို
အကဲမခတ်ဖြစ်ခဲ့
။ ဤနေ့ကတော့ တနင်္ဂနွေနေ့…ကျွန်တော် အခန်းထဲတွင် ထိုင်ရင်း ပြတင်းပေါက်မှနေ ဟိုဘက်
အိမ်၏အခြေအနေကို
အကဲခတ်နေမိသည် ။
တစ်ဖက်အိမ်တွင်
တစုံတရာ မထူးခြား…ကောင်လေးကိုလည်း မတွေ့မြင်ရပေ ။ ကျွန်တော် ငေးကြည့်နေရင်း
မှာပင်
စိတ်တွေက ယောက်ယက်ခတ်လာ၍ စိတ်ငြိမ်ဆေး ပြေးသောက်လိုက်ရသည်။ ဟုတ်သည်…လွင်မိုး ပြော
သလို
ယခုချိန်တွင် ကျွန်တော့်ကိုကျွန်တော် စိတ်ရောကိုယ်ပါ အနားပေးရမည် ။ သို့ပေမဲ့ ကျွန်တော့်ရဲ့စိတ်ကို
တစ်ခုခု၌သာ
အာရုံစိုက်ထားချင်သည် ။ နို့မဟုတ်လျှင် ကျွန်တော့်အတွေးတွေ ကျွန်တော့်စိတ်ကူးတွေအားလုံးက
ဟိုးအတိတ်ဆိုးဆီကို
ပြန်လှန်တူးဆွနေမိမှာ အမှန် ။
“ ဂွမ်း…”
တစ်ဖက်အိမ်မှ
ပစ္စည်းတစ်ခု လွတ်ကျကွဲသံကြောင့် ကျွန်တော့်အာရုံတွေ ရောက်ရှိလို့သွားတော့သည် ။
“ မင်း မနေ့ညက တွဲကတဲ့အကောင်က ဘယ်ကလဲ ။ ပြောစမ်း…”
ယောက်ျားဖြစ်သူ၏အသံက
စူးရှနက်ရှိုင်းစွာ ထွက်ပေါ်လာသည် ။ အင်း…ဟိုဘက်အိမ်က လင်မယား ရန်ဖြစ်နေ
ပုံ
ရသည် ။ ယောက်ျားဖြစ်သူ၏အသံက ကျယ်လောင်သလောက် မိန်းမဖြစ်သူထံမှ ထွက်ပေါ်လာသောအသံက
တိုးညင်လွန်းသဖြင့်
ကျွန်တော် မကြားရ…။
“ အေး…မင်းဘာသာ နိုင်ငံခြားက သူငယ်ချင်း ဂျိုးဆက်မကလို့
ဒိုးဆက်ပဲဖြစ်ဖြစ် ဒါ မြန်မာနိုင်ငံကွ ။ မင်းမှာ
လင်ကြီးငုတ်တုတ်ရှိလျက်နဲ့ ဟိုအကောင်နဲ့ တွဲကနေစရာလား
။”
ဆက်လက်ပြီး
ပစ္စည်းများ ပြုတ်ကျသံ ဝုန်းဝုန်းဒိုင်းဒိုင်းအသံများ ထွက်ပေါ်လာပြန်သည် ။ သြော်…ဟိုဘက်အိမ်
က
ကောင်လေးခမျာတော့ ဘယ်လိုနေရှာမလဲ ။ နဂိုကတည်းကမှ ဂရုမစိုက်သည့်မိဘနှစ်ပါး ရန်ဖြစ်နေလေတော့
သူ့ခမျာ
ဘယ်လောက် အနေရအထိုင်ရခက်နေလေမလဲ ။ ယောက်ယက်ခတ်နေသည့်အတွေးပေါင်းစုံကို ခေါင်း
ထဲမှ
ခဏဖျောက်ထားလိုက်ပြီး တစ်ဖက်အိမ်ကို ဆက်လက်နားစွင့်နေမိသည် ။ အတန်ငယ် ငြိမ်သက်သွားပြီးမှ
မိန်းမဖြစ်သူထံက
ရှိုက်ငင်သံတစ်ဝက်နှင့် မပီမသအသံတချို့ထွက်ပေါ်လာသည် ။
“ မောင်က ခင့်လောက် ဘယ်ခံစားရမလဲ ။ ခင့်ရင်ထဲမှာ
အသည်းတွေ ပဲ့ကြွေနေပြီဆိုတာရော မောင် ခံစားမိ
ရဲ့လား ။ နေ့ရက်တွေကို လက်ချိုးရေရင်း ခင် အသက်မရှူနိုင်အောင်
မွန်းကျပ်နေရတယ်ဆိုတာကိုရော
မောင် သိရဲ့လား…ဟင် ။ ခင့်မှာလည်း စိတ်သက်သာရာ
ရလိုငြား…ဟင့်…ခင် မှားမှန်း သိပါတယ် မောင်
ရယ် ။ ခင် မှားမှန်း သိပါတယ် ။”
အသံတွေက
ပြန်လည်တိုးတိတ်သွားပြန်သည် ။ နောက်ထပ် တစ်စုံတစ်ရာထွက်ပေါ်လာသံ မကြားရတော့ချေ ။
ကျွန်တော် အိပ်ရာထက်ပေါ် လှဲလှောင်းရင်း
ကျွန်တော့်အဖြစ်ကိုကျွန်တော် မေးခွန်းထုတ်နေမိသည် ။
တကယ်ဆို
ကျွန်တော် သည်ရပ်ကွက်ကို ပြောင်းလာခဲ့တာ အနားယူအပန်းဖြေဖို့လေ ။ ကားတိုက်မှုကြောင့်
ထိ
ခိုက်ပြိုပျက်သွားတဲ့
ခန္ဓာကိုယ်ရဲ့ဆဲလ်တွေအတွက် ကျွန်တော့်ခန္ဓာကိုယ် နှင့် ကျွန်တော့်စိတ်တွေကို ကောင်း
ကောင်းကြီး
အနားပေးဖို့ လိုအပ်နေပြီမဟုတ်ပါလား ။ သို့ပေမဲ့ ယခုများတော့ ကျွန်တော်ကိုယ်တိုင်က ကျွန်တော့်
ပတ်ဝန်းကျင်မှ
ပြဿနာများကို ကျွန်တော့်အာရုံထဲ ဆွဲခေါ်မောင်းသွင်းနေမိပြီ ။
မည်သို့ပင်ဖြစ်ပါစေ…ကျွန်တော် ထိုကောင်လေးကို
ရအောင် အကူအညီပေးမည်ဟု ဆုံးဖြတ်ထားမိသည် ။
ကျွန်တော်
ကြုံတွေ့ခဲ့ရသော ဆယ်နှစ်ကျော်ကျော်ကြာမြင့်ရှည်လျားလှသည့် အထီးကျန်မှုမျိုး ထိုကောင်လေးကို
မကြုံတွေ့စေချင်
။ ငိုကြွေးမှု ဝမ်းနည်းသိမ်ငယ်မှု အားငယ်နွမ်းလျမှုတွေနှင့်ပြည့်နှက်နေသည့် အိပ်ရာထက်တွင်
ညစဉ်ညတိုင်း
တစ်ယောက်တည်း တည်ရှိနေရမည့်အထီးကျန်ဆန်မှုမျိုးမှ ထိုကောင်လေး လွတ်မြောက်စေရ
အောင်
ကျွန်တော် အစွမ်းကုန် ကြိုးစားမည် ။
ဟိုလှည့်သည်လှည့်ဖြင့် ညအချိန်အခါသို့ ရောက်ရှိခဲ့ရပြန်သည်
။ ညသည့် သူ့တာဝန်ကို သူယူပြီး မှောင်
မိုက်လျက်ရှိသလို
ကြယ်တာရာတစ်ချို့ကလည်း သူ့တို့ဘာသာသူတို့ တလက်လက်တောက်ပနေကြလေ၏ ။
တစ်ဖက်အိမ်မှ
လင်မယားဟု ကျွန်တော် ယူဆထားမိသော ထိုနှစ်ယောက်သည် ယနေ့ညလည်း ထုံးစံအတိုင်း
ထွက်ခွာသွားကြပြန်သည်
။ ထူးထူးခြားခြား ယခင်နေ့ကလိုမျိုး အနောက်တိုင်းဆန်ဆန်ဝတ်စုံမျိုးတွေနှင့် မတွေ့ရ
ဘဲ
မြန်မာဝတ်စုံ လုံချည် ပုဆိုးကို ဝတ်ဆင်ထားကြ၍ ကျွန်တော်ပင် အတန်ငယ် အံ့သြသွားမိသည်
။ အမျိုးသမီး
၏မျက်နှာသည်
နီမြန်းလျက်ရှိသည်ကြောင့် အတော်ငိုကြွေးထားပုံ ရသည် ။ ကျွန်တော် သူတို့ကို လှမ်းကြည့်နေ
စဉ်မှာပင်
သူတို့ကားလေးသည် ကတ္တရာလမ်းမကြီးအတိုင်း မြားတစ်စင်းလို ပြေးထွက်သွားလေသည် ။
ဟင်…ကျွန်တော် ယခုမှပင် သတိရသွားမိသည် ။ သတိတရနှင့်
မှန်ပြတင်းတံခါးဆီသို့ လှမ်းချောင်းကြည့်မိ
တော့
ကောင်လေး မရှိ ။ အထီးကျန်ဆန်ခြင်းမှ ကျွန်တော် ကယ်တင်ပေးချင်နေမိသော ကောင်လေးက ဘယ်
ဆီဘယ်ဝယ်ကိုများ
ပြေးထွက်သွားပါလိမ့် ။ ပုံမှန်နေ့ညများကဆို ထိုနှစ်ယောက် ဝတ်ကောင်းစားလှများဖြင့်
ကျော့ကျော့မော့မော့
ထွက်သွားကြလျှင် ထိုကောင်လေးသည် မှန်ပြတင်းပေါက်နား သို့မဟုတ် ဝရံတာနား၌ ငေး
မောငိုကြွေးနေစမြဲ
။ ယခုများတော့ ထိုနေရာ၌ ကောင်လေး မရှိ ။ ကျွန်တော် ဗဟေဠိဆန်စွာနှင့် ထိုညက အိပ်
စက်ခဲ့ရသည်
။
ခန္ဓာကိုယ်က အိပ်စက်နေပြီမှန်သော်လည်း အသိအာရုံက
အိပ်မောကျခြင်း မရှိပါဘဲ ဟိုးအတိတ်ဆီကို အိပ်
မက်အဖြစ်နှင့်
အလည်ခရီး ထွက်ခွာသွားလေသည် ။
ထိုစဉ်က
ကျွန်တော်သည် ရှစ်နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး ဖြစ်ခဲ့သလို အထီးကျန်ခြင်းနှင့် အချိန်ကြာ
မြင့်စွာ
အဖော်ပြုမှီခိုရလိမ့်မည်မှန်းလည်း ကြိုတင် မသိခဲ့၍ ကလေးပီပီ ကစားစရာများနှင့် ဆော့ကစားရင်း
ပျော်
ရွှင်မြူးထူးနေလေသည်
။ နောက်ပြီး ကျွန်တော့်တွင် တီတီတာတာပြောတတ်ခါစ ညီလေးတစ်ယောက်လည်း ရှိ
။ အသက်ခြောက်နှစ်ကျော် ကွာခြားလှသောညီလေးကို ကျွန်တော် အလွန်ချစ်မြတ်နိုးရသည် ။ သံယော
ဇဉ်ဖြစ်ရသည်
။
လောကဓံ၏ ကြိုးပေးမိန့် ချမှတ်မည့်ထိုနေ့တွင်
ထုံးစံအတိုင်း ကျွန်တော် ဧည့်ခန်းထဲတွင် ကစားစရာများ
နှင့်
ဆော့ကစားနေမိသည် ။ အပြင်ဘက်တွင် မိုးမင်းက တဝုန်းဝုန်းနှင့် ရွာသွန်းဖြိုးနေသလို လျှပ်ပြိုးပြက်တွေက
လည်း
တဝင်းဝင်းတလက်လက်နှင့် ဆန္ဒပြလျက်ရှိသည် ။ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခွင်လုံး လင်းခနဲ
တစ်
ချက်
လျှပ်လက်ပြီးနောက် အုန်းခနဲ အသံကျယ်ကြီးကို ကြားလိုက်ရ၍ ကျွန်တော် ထိတ်လန့်ခြောက်ခြားသွားမိ
သည်
။ ထိုမိုးကြိုးပစ်သံကြီးကို ကျွန်တော် ကြောက်လန့်သလို အခန်းအတွင်း အိပ်ပျော်နေသောညီလေးလည်း
လန့်နိုးသွားပုံ
ရသည် ။ တအင်းအင်းတအီးအီး ငိုညည်းနေရှာသဖြင့် ကျွန်တော် အခန်းထဲသို့ ပြေးဝင်သွားလိုက်
မိသည်
။ သြော်…ညီလေးက အိပ်ရာထက်တွင် ရှူးရှူးတွေ ရွှဲရွှဲစိုလျက် တလူးလူးတလိမ့်လိမ့် အော်ငိုနေတုန်း
။
ကျွန်တော်
ညီလေးကို အဝတ်လဲပေးရင်း မိသားစုအတွက် ညနေစာချက်ရန် ဈေးဝယ်ထွက်သွားသော
မိဘနှစ်ပါးကို
တမ်းတနေမိသည် ။ မေမေနှင့်ဖေဖေ ထွက်သွားစဉ်တုန်းက မိုးဖွဲဖွဲလေးသာ ရွာသွန်းနေ၍ ဤမျှမိုး
ကြီးလိမ့်မည်ဟု
မခန့်မှန်းမိခဲ့ ။ ယခုများတော့ မုန်တိုင်းကျသလို
တအုန်းအုန်း တဒိုင်းဒိုင်း ။ တစ်အိမ်လုံးတွင်
ကျွန်တော်တို့ညီအကိုနှစ်ယောက်တည်းဟူသောအသိဖြင့်
ကျွန်တော် ကြောက်လန့်ခြောက်ခြားမိပေမဲ့ မေမေတို့
ပြန်လာတော့မှာပါဟု
ကိုယ့်ကိုကိုယ်နှစ်သိမ့်အားပေးရင်း ဘုရားစာရွတ်ဖတ်လျက် မိဘနှစ်ပါးကို စောင့်ဆိုင်းမျှော်
လင့်နေမိသည်
။
မိုးချုပ်လို့ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီးပင်
ကြီးစိုးအုပ်မိုးနေပြီ ။ တအုန်းအုန်းရွာချရင်း မတိတ်
နိုင်သေးသောမိုးနှင့်
တပြိုးပြိုးတလက်လက်တောက်ပတတ်သည့်လျှပ်စီးများကြောင့် ကျွန်တော် အရမ်း တုန်လှုပ်
ထိတ်လန့်နေစဉ်
ခြံထဲကို တက်စီကားတစ်စီး ဝင်လာသည် ။ ကျွန်တော့်ရင်ခွင်ထဲ၌ မှေးစက်အိပ်ငိုက်နေသော ညီ
ငယ်လေးကို
ထွေးပွေ့ပိုက်ကာ ကျွန်တော် တံခါးဝဆီသို့ ပြေးထွက်လာလိုက်၏ ။
“ ဟော…မေမေတို့ ပြန်လာပြီ ။”
ကားပေါ်မှ
ဆင်းလာသူက မေမေနှင့်ဖေဖေတော့ မဟုတ် ။ ထိုသူကို မြင်လိုက်ရတော့ ကျွန်တော် တအံ့တသြဖြင့်
ငေးကြည့်လိုက်မိသည်
။ ထိုသူက မေမေ့၏မောင် ဦးလေးညီဘွားထွဋ် ။ မေမေနှင့် ဦးလေးညီဘွားထွဋ်နှင့်က
အကျင့်စရိုက်ချင်း
မတူညီသောကြောင့် တစ်အူတုံဆင်း မောင်နှမရင်း ဖြစ်သော်လည်း မဆုံတွေ့ဖြစ်ခဲ့သည်မှာ
ကြာပြီ
။ ယခုလို ရုတ်တရက် ရောက်ရှိလာသဖြင့် ကျွန်တော် အံ့သြသွားရခြင်းဖြစ်သည် ။ ဦးလေးညီဘွားထွဋ်က
ကားပေါ်မှ
ထီးမဆောင်းဘဲ ဆင်းလာသည် ။ မိုးကာအင်္ကျီဝတ်ဆင်ထားသော်လည်း ခေါင်းစွပ် မဆောင်းထား၍
ခေါင်းမှဆံပင်များ
ရွှဲစိုလျက် ကျွန်တော် ရှိရာဆီသို့ လျှောက်လာလေသည် ။
“ကောင်လေး…”
ဦးလေးညီဘွားထွဋ်က
ကျွန်တော့်ကို ထိုသို့ခေါ်ရင်း ဘာစကားကိုမှ ဆက်မဆိုသေးဘဲ ငေးကြည့်နေသည်မို့ ကျွန်
တော့်ရင်ထဲ
တစုံတခုကို စိုးထိတ်သွားမိသည် ။
“ ဗျာ…ဘာ ဘာကိစ္စလဲဟင် ဦးလေး ။”
“ မင်း မင်းမိဘတွေ ကားအက်ဇီးဒင့်ဖြစ်ပြီး ဆေးရုံရောက်နေကြတယ်
။”
“ ဗျာ…!
ဘယ် ဘယ်လို ။ ဟာ…မဖြစ်နိုင်တာ ။ မေမေတို့ ထွက်သွားတာ လွန်ခဲ့တဲ့လေးနာရီကမှလေ ။ ခု ခု
ဘယ်လိုဖြစ်ရတာလဲ ။”
“ အေး…ငါလည်း ကြားကြားချင်း အရမ်း အံ့သြနေတာ ။
ကဲ…မင်းတို့ညီအကို ဆေးရုံကို လိုက်ခဲ့ကြ ။”
ကျွန်တော့်ရင်ထဲ
မယုံမရဲ ။ မေမေနဲ့ဖေဖေ အန္တရာယ်ကင်းပါစေ…အသက်ချမ်းသာရာရပါစေလို့ အကြိမ်ကြိမ်ဆု
တောင်းနေရင်း
ညီလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ဦးလေးခေါ်ဆောင်ရာနောက်သို့ ကျွန်တော် လိုက်ပါ
လာခဲ့လိုက်သည်
။
“ ဘုရား…ဘုရား…မေမေနဲ့ဖေဖေ ဘာမှမဖြစ်ပါစေနဲ့ ။”
“ ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…”
တဒုန်းဒုန်းတဒိုင်းဒိုင်း
ထုရိုက်သံများကြောင့် ကျွန်တော် အိပ်ရာမှ လန့်နိုးလာခဲ့သည် ။ သြော်…ကျွန်တော် ဟိုး
အတိတ်ကို
ပြန်လည်အိပ်မက်မက်နေတာပါလား ။ ကလေးဘဝကနေ ယခုထက်ထိ ထိုအိပ်မက်သည် ကျွန်တော့်
ကို
အမြဲမပြတ်ခြောက်လန့်လျက်ရှိသည် ။
ကျွန်တော် အိပ်ရာမှ ကမန်းကတန်းထလိုက်ပြီး တဒုန်းဒုန်းအသံညံနေသည့်တံခါးရှိရာဆီသို့
ပြေးသွားကာ
ဖွင့်လိုက်တော့
လက်သည်တရားခံက လွင်မိုး ။ လွင်မိုး၏မျက်နှာတွင် ကျွန်တော့်ကို အလိုမကျဖြစ်နေသည့်အ
ရိပ်အရောင်များဖြင့်
မည်းမှောင်လျက်ရှိသည် ။
“ ဟိတ်ကောင် ဘယ်နှနာရီမို့ မထသေးတာလဲ ။ နာရီလည်း
ကြည့်ဦး ။ ဆယ်နာရီထိုးတော့မယ် ။ မင်းပဲ မြေနီ
ကုန်းမှာ ချိန်းထားပြီး ရောက်မလာလို့ ငါ မင်းအိမ်လိုက်လာရတာ
။ ငါ့မှာတော့ မင်း ဘာများဖြစ်နေသလဲဆို
ပြီး စိတ်ပူလိုက်ရတာ ။ မင်းကတော့ စက်တော်ခေါ်တုန်း…”
လွင်မိုးက
ရေခဲသေတ္တာဆီ လျှောက်သွားကာ ရေခဲသေတ္တာထဲမှ ရေတစ်ဘူးကို ထုတ်ယူသောက်ရင်း ပြောလိုက်
သည်
။ ဟုတ်ပါရဲ့…သည်နေ့ မြေနီကုန်းတွင် ဆုံတွေ့ရန် ကျွန်တော် မနေ့က လွင်မိုးကို ဖုန်းဆက်၍
ချိန်းဆိုထား
ခဲ့မိပါလား
။
“ စောရီးကွာ ငါ ညက အိပ်မပျော်တာနဲ့ အိပ်ဆေးသောက်လိုက်မိတာ
။ ငါ တောင်းပန်ပါတယ်ကွာ ။”
ကျွန်တော်
ထိုသို့တောင်းပန်တော့လည်း လွင်မိုး စိတ်မကောင်း ။
“ ရပါတယ်ကွာ ။ မင်းမှာလည်း အိပ်မပျော်တဲ့ညတွေ များလိုက်တာ
သူငယ်ချင်းရာ ။ စိတ်တည်ငြိမ်သွားအောင်
တရားလေးဘာလေး ထိုင်ကြည့်ပါလား ။”
“ မင်းကလည်း ငါက ကဗျာဆရာလေ ။ စိတ်တွေ တည်ငြိမ်နေရင်
ဘယ်မှာသွားပြီး ကဗျာရေးလို့ရမှာလဲ ။ ခုလို
ငေးငိုင်ဆွေးမြေ့နေမှ ကဗျာရေးလို့ကောင်းမှာပေါ့
။ အဲ…ခဏနေဦး ။ ငါ ကဗျာတစ်ပုဒ် ရေးထားတယ် ။ မင်း
ဖတ်ကြည့် ။”
ကျွန်တော်
ညက ရေးထားသည့် ကဗျာစာရွက်ကို လွင်မိုးလက်ထဲ ထည့်လိုက်သည် ။
ည…
တိတ်ဆိတ်မှု တစ်ပြင်လွှမ်း
အထီးကျန်ခြင်းများစွာနဲ့
ပြည့်နှက်နေသည့် ည…
ပျော်ရွှင်မှု ပျောက်ကွယ်သုန်း
ရင့်သီးတဲ့အမုန်းတွေနဲ့
ဆေးခြယ်နေသည့် ည…
အလင်းမဲ့သူရဲ့မျက်ရည်
မျှော်လင့်ချက်ဝေးကွာနေ
အိပ်မက်တွေယောက်ယက်ခတ်
ဒဏ်ရာဒဏ်ချက်တွေပဲ
ဖုံးလွှမ်းနေခဲ့သည့် ည…
ဒီည…
အိပ်မက်မီးအိမ်ကို ဆုပ်ကိုင်
မှိတ်တုတ်တုတ်မီးရောင်ကို အဖော်လုပ်
နှလုံးသားစာရွက် တစ်ကျော့လှန်
ရင်နာစရာကို အဖန်ဖန်ပြန်ကြည့်
နာကျည်းချက်တွေကို အရောင်တင်
အားလျှော့သိမ်ငယ်မှုကို ဖြိုချ
သတ်မှတ်ချက်တွေကို ပုံစံပြောင်း
ဒါဟာ ဘဝအစလို့ ယုံကြည်လျက်
“ ခုံမင်နေခဲ့တဲ့ သူတို့ရဲ့ကျော်ကြားမှု
ငါ ကြိုးစားရင် ဘာလို့
မရ,ရမှာလဲ? ”
ဟိုမှာ…ဘဝရဲ့အောင်မြင်မှုလမ်းစ
ငါ ရေးတေးတေးလေး မြင်လိုက်ရ…
ရင်ခွင်မဲ့
လွင်မိုးက ကဗျာအဆုံးရောက်တော့ မိုက်တယ်ဟု တစ်ချက်အော်လိုက်သည်
။ ကျွန်တော်က သူစိတ်ကျေနပ်စေ
ရန် ကော်ဖီပူပူနှစ်ခွက်ကို အလျင်အမြန်ဖျော်လိုက်ရင်း ပေါင်မုန့်နှစ်ချပ်ကို
ထောပတ်သုတ်လိုက်၏ ။
“ ရော့…သူငယ်ချင်း
။”
“ Thank
friend…”
လွင်မိုးက ကော်ဖီကို တစ်ကျိုက်မော့သောက်လိုက်ပြီး…
“ မင်း မြေနီကုန်းမှာ
ချိန်းတဲ့ကိစ္စက ဘာလဲ ။”
“ ဒီလိုကွ…ငါ
အခု ပန်းချီပြခန်းတစ်ခုကို စီစဉ်ဖို့ တာဝန်ယူထားရတယ် ။ အဲ့ဒါ မင်းရော ပါဝင်ချင်လား
။ မင်း
ပါချင်တယ်ဆို
အိုကေပဲ ။ ငါ့ဆရာကလည်း တက်သစ်စတွေကို မြေတောင်မြှောက်ပေးချင်နေတာ ။”
ကျွန်တော့်စကားကြောင့် လွင်မိုး၏မျက်နှာ ဝင်းလက်သွားသည်
။ သည်စကားကြားလျှင် သူ ဝမ်းသာသွားလိမ့်
မည်မှန်း ကျွန်တော် တွေးမိပြီးသား ။ သို့ကြောင့်လည်း ဖုန်းနှင့်
မပြောချင်၍ မြေနီကုန်း၌ ချိန်းဆိုလိုက်ရခြင်းဖြစ်
သည် ။
“ အိုကေ သူငယ်ချင်း
။ ငါ့ရဲ့အကောင်းဆုံးပန်းချီကားငါးချပ်လောက် ပါချင်တယ် ။ မင်း ညှိနှိုင်းပေး ။”
“ ရပါတယ် သူငယ်ချင်းရာ
။ အဲ..ဒါနဲ့ မင်းလာတာနဲ့ အတော်ပဲ ။ မနေ့က ဟိုဘက်အိမ်ကလင်မယား ရန်ဖြစ်ကြ
တယ်ကွ ။ ပန်းကန်တွေ
ခွက်တွေ ခွဲတဲ့အထိ ဖြစ်ကြတာ ။”
“ သြော်…ဟုတ်လား
။”
လွင်မိုးအသံက စောစောက တက်ကြွသလောက် ခုကျတော့ မထုံတတ်တေး
။ ကျွန်တော် သူ့ကို ဂရုမစိုက်ဘဲ
ကျွန်တော် ပြောလိုရာကိုသာ ဇွတ်ပြောနေလိုက်သည် ။
“ နောက်ပြီး
ညကျတော့ ကလေးလေးကို မတွေ့ရတော့ဘူးကွ ။ အဲ့ဒါ မင်း ဘယ်လိုထင်လဲ ။”
“ သူ့အဘွားအိမ်တွေဘာတွေ
ပို့ထားလို့နေမှာပေါ့ကွာ ။ မင်းကလည်း…”
လွင်မိုး၏စိတ်ပျက်လက်ပျက်ပြောဆိုလိုက်သည့်စကားသံကြောင့်
ကျွန်တော့်အတွေးများပင် ထုံကျင်အေးခဲသွား
သလို ခံစားမိလိုက်၏ ။ တော်ပြီ…ဒီအကြောင်းကို လွင်မိုးနဲ့
ဘာမှဆက်မပြောတော့ဘူးဟု ကျွန်တော် ဆုံးဖြတ်
ပစ်လိုက်သည် ။
လွင်မိုးပြန်သွားတော့
ကျွန်တော် စာကြည့်စားပွဲတွင် ထိုင်ကာ အတွေးအင်ပါယာကို တိုးချဲ့ထူထောင်နေ
မိသည် ။ တစ်ဖက်အိမ်မှ ကောင်လေး…ထိုကောင်လေးသည် ကျွန်တော့်အတွေးထဲကို
ညှိုးငယ်တဲ့မျက်နှာပေး
လေးနှင့် ဝင်ရောက်လို့လာပြန်သည် ။
“ ဟုတ်တယ်…ဒီကောင်လေးကိုတော့
ငါငယ်ငယ်ကလိုမျိုး အထီးကျန်မဆန်စေချင်ဘူး ။ အိပ်ရာထက်မှာ တစ်
ယောက်တည်း
တိတ်တဆိတ် ငိုကြွေးမနေစေချင်ဘူး ။ ဒီလိုမဖြစ်အောင် ငါ…ငါကူညီရမယ် ။ ငါ အစွမ်းကုန်
ကူညီရမယ် ။”
ကျွန်တော် တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း ဝုန်းခနဲ ထအရပ်
ခေါင်းထဲမှ မိုက်ခနဲ မူးဝေသွား၍ ကျွန်တော်
ဆိုဖာပေါ်ကို ပစ်လဲကျသွားတော့သည် ။
ကျွန်တော့်ခန္ဓာကိုယ်က
လဲပြိုကျသွားပေမဲ့ ကျွန်တော့်အတွေးအာရုံတွေကတော့
အတိတ်ကို လွင့်မြောလို့
သွားပြန်သည် ။ ဦးလေးညီဘွားထွဋ် ခေါ်ဆောင်သွားသောဆေးရုံကြီးသည်
ယခုချိန်ထိ ကျွန်တော့်အာရုံထဲတွင်
ထင်ထင်ရှားရှားမြင်ယောင်မှတ်မိနေတုန်းဖြစ်၏ ။ ဆေးရုံကြီး၏နံရံများတွင်
အဖြူရောင်ကို ခြယ်သထားပြီး ဆရာ
ဝန်အားလုံးကလည်း လောင်းကုတ်ရှည်အဖြူကို ဆင်တူဝတ်ဆင်ထားကြသည်
။ နပ်စ်မများကလည်း လုံချည်
အနီကို ဝတ်ဆင်ထားကြပြီး ခွဲစိတ်ခန်းရှေ့တွင် ပျားပန်းခတ်ပြေးလွှားလှုပ်ရှားနေကြသည်မှာ
နုနယ်လွန်းလှသော
ကျွန်တော့်နှလုံးအိမ်ကို ဓါးနှင့်မွှမ်းနေသလိုမျိုး ခံစားရသည်
။
ကျွန်တော်တို့ရောက်သွားပြီး
တစ်နာရီအကြာလောက်တွင် ဖေဖေနှင့်မေမေကို operation ပြုလုပ်နေရာအခန်း
တွင်းမှ ဆရာဝန်ကြီးတစ်ယောက် ထွက်လာပြီး ဦးလေးကို ခပ်တိုးတိုးပြောလိုက်သည်
။
“ ကျွန်တော်တို့
အစွမ်းကုန် ကြိုးစားကြပါတယ် ။ ဒါပေမဲ့ လူနာနှစ်ယောက်လုံးက ဒဏ်ရာအပြင်းအထန် ရထား
တော့……စိတ်မကောင်းပါဘူး
။”
ဆရာဝန်ကြီး၏စကားသံတွေကို ကျွန်တော် ကောင်းကောင်းမကြားနိုင်ပေမဲ့
နားလည်လိုက်တာကတော့ ကျွန်
တော့်မိဘနှစ်ပါး သည်ဘဝကို ထာဝရနှုတ်ဆက်သွားပြီဆိုတာကိုလေ
။
ကျွန်တော့်မိဘတွေ
ဆုံးပါးသွားကြတော့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ဦးလေးတို့လင်မယားနှင့်
အတူ နေကြရသည် ။ အတူနေကြရသည်ဆိုပေမဲ့ အမှန်တော့ ဦးလေးတို့လင်မယားက ကျွန်တော်တို့မိဘတွေ
ပိုင်ဆိုင်ခဲ့သည့်အိမ်ကို သိမ်းပိုက်လိုက်သည့်သဘော ။ ကျွန်တော်တို့နှစ်ယောက်မှာ
ကိုယ့်အိမ်ကိုယ် နေရတာ
ဖြစ်ပေမဲ့ မျက်နှာအလွန် ငယ်ခဲ့ရသည် ။ သို့ပေမဲ့ ဦးလေးတို့လင်မယား
ဘယ်လောက်ပဲ အနိုင်ကျင့်ပါစေ…ကျွန်
တော့်မှာ အဖော်ပြုစရာ ညီငယ်လေးတော့ ကျန်ရှိသေးသည် မဟုတ်ပါလား
။
ကျွန်တော် ဆယ့်ခြောက်နှစ်အရွယ် တက္ကသိုလ်ကျောင်းသားစဖြစ်သည့်အချိန်မှာ
ကံကြမ္မာဆိုးက ကျွန်တော့်
ဆီကို နောက်တစ်ကျော့အလည်ဝင်ရောက်လာပြန်သည် ။ တစ်နေ့ ကျွန်တော်
တက္ကသိုလ်ကျောင်းက ပြန်အလာ
အိမ်၌ ကျွန်တော်
လုံးဝမျှော်လင့်မထားသောမြင်ကွင်းကြီးက ကြိုလင့်လို့နေသည် ။ ကုလားဖျင်းများ ထိုင်ခုံများ
ရုတ်ရုတ်သဲသဲလူများ…အိမ်တွင် တစ်စုံတစ်ဦး သေဆုံးသွားပြီ
။ ဘာ…ဘာဖြစ်လို့ ကျွန်တော် မသိရတာလဲ ။ ဘာ
ကြောင့် ကျွန်တော့်ကို အကြောင်းမကြားကြတာလဲ ။ ကျွန်တော်
ထိတ်လန့်တုန်လှုပ်စွာနှင့် အိမ်ထဲကို တစ်လှမ်း
ချင်း တိုးကပ်လာလိုက်သည် ။ အတွေးထဲတွင်လည်း ဦးလေးလား…အဒေါ်လား…ဒါ
ဒါမှမဟုတ် ။ ရုတ်တရက်
မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ကျွန်တော် ဆောက်တည်ရာမရ
ကြုံးအော်ပစ်လိုက်မိသည် ။
“ ညီလေး…ညီလေး…”
“ ဟိတ်ကောင်…ဟိတ်ကောင်…သတိထားဦးလေ
။”
“ ညီလေး…ညီလေး…”
ကျွန်တော် ပါးစပ်မှ ကယောင်ကတမ်းရေရွတ်ရင်း မျက်လုံးများကို
အလျင်အမြန်ဖွင့်ကြည့်လိုက်တော့ မြင်တွေ့
လိုက်ရသူက လွင်မိုး ။ ကျွန်တော့်ကို စိုးရိမ်ပူပန်သောမျက်ဝန်းများဖြင့်
စိုက်ကြည့်လို့နေသည် ။
“ လွင်မိုး…အား…ခေါင်း
ခေါင်းထဲက မူးလိုက်တာကွာ ။”
“ မင်းကို အဲ့ဒါကြောင့်
စိတ်ရောကိုယ်ပါအနားယူဖို့ ငါ ပြောပြောနေတာ ။ ခုကြည့်…တော်သေးတာပေါ့ ။ ငါ ဖုန်း
ကျန်ခဲ့လို့
ပြန်လာယူရင်း မင်း သတိလစ်နေတာကို တွေ့တာ ။”
“ အေးပါကွာ ။
ကျေးဇူးတင်ပါတယ် သူငယ်ချင်းရာ ။ ငါ မင်းစကားကို နားထောင်ပါ့မယ် ။”
လွင်မိုး ကျေနပ်အောင် ပြန်ဖြေရင်း ကျွန်တော် မျက်လုံးတွေကို
မှိတ်နေလိုက်မိသည် ။ မျက်လုံးတွေကို မှိတ်ထား
ပေမဲ့ စိတ်အာရုံထဲတွင်တော့ ပုံရိပ်တွေက ပျောက်ပျက်မသွား
။ ဧည့်ခန်းအလယ် ကုတင်ထက်တွင် ဖြူဖျော့ဖျော့
အသားအရောင်နှင့် လဲလျောင်းငြိမ်သက်နေသော ညီလေး၏ရုပ်အလောင်း
။ မနက်ကပင် ကိုကို သားအတွက်
မုန့်ဝယ်ခဲ့ဦးနော်…ဟု မှာလိုက်သေးသည့် ညီလေး ။ ယခုများတော့
ဆုံးပါးသွားပြီတဲ့ ။ ကျွန်တော် ဘယ်လိုယုံရပါ့
မလဲ။ မျက်နှာမသာမယာနှင့် ဦးလေး၏ဖြေရှင်းချက်က အစာအဆိပ်သင့်တာတဲ့လေ
။ ကျွန်တော် ဘယ်လိုမှ မယုံ
ကြည်နိုင် ။ ဒါပေမဲ့ ကံကြမ္မာကို ပုံချရုံကလွဲပြီး ကျွန်တော်
ဘာတတ်နိုင်မှာလဲ ။
“ ဟိတ်ကောင်
မင်း အတိတ်ကို ပြန်တွေးနေတာလား ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါတော့ကွာ ။ မင်း
ညီလေး ဆုံးတာလည်း
ဆယ်နှစ်ကျော်နေပါပြီ ။ မင်း မေ့လိုက်သင့်ပြီ ။”
လွင်မိုး၏စကားက မှန်ကန်သည်ဆိုပေမဲ့ ကျွန်တော် လက်မခံချင်
။ ဘာကြောင့် ကျွန်တော်က ကျွန်တော့်ညီလေး
ကို မေ့ပစ်ရမှာလဲ ။
“ နောက်ပြီး
မင်းက မင်းညီလေးနဲ့ ပတ်သက်ပြီး ဆိုက်ကို ဝင်နေတယ်လို့ ငါ ခံစားမိတယ် ။”
“ ဘာကွ…”
ကျွန်တော် ဒေါသတကြီးအော်ဟစ်လိုက်သည့်အသံက အတော့်ကို ကျယ်လောင်သွားသည်
။
“ ငါ မနက်ကတစ်ကြိမ်
ခုပြန်လှည့်လာတော့တစ်ကြိမ် ဟိုဘက်အိမ်ကို ကြည့်မိတယ် ။ ဟိုဘက်အိမ်မှာ ကလေး
ရှိတဲ့ အရိပ်အယောင်
မတွေ့ဘူးကွ ။ မင်းပြောတော့ မိဘတွေက ညကတည်းက ထွက်သွားတာ ။ ကလေး
လည်း ပါမသွားဘူးဆိုတော့
ကလေးတစ်ယောက်ယောက်သာရှိရင် အရိပ်အယောင်တော့ မြင်ရမှာပဲ ။
အသံပလံတော့
ကြားရမှာပဲ ။ ငါ့…ငါ့စိတ်ထင် မင်း မင်းများ ကားတိုက်မှုကြောင့် ဦးနှောက်ကို ထိခိုက်ပြီး
မင်းညီလေးကို
ပြန်မြင်ယောင်နေတာများလားလို့ ။”
“ တော်…တော်တော့
လွင်မိုး ။ ငါ ဒေါသတွေ မင်းအပေါ် ပြိုကျမလာခင် မင်း ပြန်တော့ ။”
ကျွန်တော် အော်ဟစ်မောင်းထုတ်တော့ လွင်မိုးက သူငယ်ချင်းကောင်းပီသစွာ
စိတ်ဆိုးဒေါသထွက်ခြင်း မရှိဘဲ
အလိုက်တသိ ထပြန်သွားသည် ။
လွင်မိုး ပြန်သွားတော့ ကျွန်တော် စိတ်ငြိမ်ဆေးသောက်ကာ အိပ်ရာပေါ်တွင် လှဲလျောင်းအနားယူနေ
လိုက်သည် ။ ကယောက်ကယက်အတွေးပေါင်းစုံကို မေ့ဖျောက်ဖို့
ကြိုးစားရင်း ကျွန်တော့် မျက်ဝန်းတွေကို မှေး
စင်းထားလိုက်တော့ အာရုံထဲတွင်ပေါ်လာသည်က ညီလေး၏ ဖြူစင်သန့်ရှင်းအပြစ်ကင်းလှသည့်
မျက်နှာလေး ။
ဟင်…ညီလေးနဲ့ ဟိုဘက်အိမ်က ကောင်လေးနဲ့က ခပ်ဆင်ဆင်ပါပဲလား
။ အသားလေးဖြူပြီး ခန္ဓာကိုယ် သေး
သွယ်သွယ်နှင့် အမြဲ ညို့မှိုင်းအားဖျော့နေသည့်မျက်ဝန်းနက်နက်များ
။ ညီလေးရဲ့ဘဝမှာ ငယ်စဉ်ကတည်းက
မိဘမေတ္တာကို ငတ်မွတ်ခဲ့ရတာ မဟုတ်လား ။ ဒါ…ဒါဆို ဟိုဘက်အိမ်က
ကောင်လေးကရော ? ကျွန်တော် ထို
သို့တွေးရင်းနှင့်မှ လွင်မိုးပြောသွားသည့်စကားကို သတိရသွားမိသည်
။
“ ငါ ကားတိုက်မှုဖြစ်တုန်းက
အာရုံကြောကို ထိခိုက်သွားပြီး ကယောင်ကတမ်းနဲ့ တကယ်မရှိတာတွေကို မြင်
ယောင်နေတာများလား
။”
အမှန်ပြောရလျှင်
လွင်မိုးဆိုတာကလည်း ကျွန်တော့်အတွက် ညီအကိုရင်းတစ်ယောက်လို ခင်မင်ရသည့်
သူငယ်ချင်း ။ ကျွန်တော်နှင့် ဆယ်တန်းကတည်းက ရင်းနှီးခဲ့ပြီး
တက်သည့်တက္ကသိုလ်ချင်းလည်း တူ မေဂျာချင်း
လည်း တူဆိုတော့ ကျွန်တော့်မိသားစု ကျွန်တော့်ညီလေးအကြောင်း
သူ အားလုံး သိရှိပြီးသား ။ နောက်ဆုံး ဦး
လေးအိမ်ကို ခြေစုံကန်ကာ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ဆင်းလာတော့လည်း
သူကပဲ အလုပ်အကိုင် စုံစမ်း
ပေးခဲ့သည် ။ ယခု လုပ်ငန်းကိစ္စနှင့်ခရီးသွားရင်း ကားတိုက်မှုဖြစ်တော့
သူက အစစအရာရာ အကူအညီပေးခဲ့ရ
ပြန်သည် ။ ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်အနားယူနိုင်ရန်
အေးချမ်းဆိတ်ငြိမ်သည့်ဤအရပ်တွင် အိမ်တစ်
လုံး ငှားရမ်းနိုင်ဖို့လည်း သူကပဲ ရှာဖွေပေးခဲ့ခြင်းဖြစ်သည်
။ ထိုသို့သောသူက စေတနာဖြင့်ပြောသည့်စကားကို
ကျွန်တော် လေးလေးနက်နက်စဉ်းစားကြည့်ဖို့တော့ လိုသည် ။
သို့ပေမဲ့
ကျွန်တော် ရူးသွပ်နေသူတစ်ယောက်မဟုတ်မှန်း ကျွန်တော့်ဘာသာကျွန်တော် အသိဆုံး ။ ဟိုဘက်
အိမ်က ကောင်လေးရော ကျွန်တော့်သူငယ်ချင်းလွင်မိုးရော စိတ်ချမ်းသာအောင်
ကျွန်တော် တစ်ခုခုတော့ လုပ်မှ
ဖြစ်မည် ။
ဟုတ်ပြီ…ကျွန်တော် သည်နေ့ညတွင် ဟိုဘက်ခြံထဲသို့
ဝင်ရောက်ကာ ကောင်လေးကို ရှာဖွေရမည် ။
ကောင်လေးနှင့် တွေ့ဆုံကာ စကားပြောဆိုကြည့်လျှင် ကျွန်တော့်အတွက်
အဖြေတစ်ခုခုတော့ ရနိုင်လိမ့်မည်ဟု
မျှော်လင့်မိသည် ။ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချနိုင်ခဲ့ပြီမို့
ကျွန်တော့်စိတ်တွေ အနည်းငယ် ပေါ့ပါးလန်း
ဆန်းသွားမိသည် ။ မျက်ခွံနှစ်ခုလုံး လေးလံညောင်းညာလာသလို
ခံစားလာရကာ ကျွန်တော့်အတွေးအာရုံတွေ
အားလုံး မှေးခနဲ ။
အိပ်ရာမှနိုးလာတော့
ကျွန်တော့်တစ်ကိုယ်လုံး အင်အားတွေ ပြည့်ဝင်နေသလို ခံစားရသည် ။ စိတ်ထဲတွင်
ဝမ်းသာသလိုလို ဝမ်းနည်းအားငယ်သလိုလို ။ အပြင်လောကသို့ လှမ်းငေးကြည့်လိုက်တော့
အမှောင်ထုကြီးပင်
လွှမ်းမိုးလို့နေပြီ ။ ကျွန်တော် ကမန်းကတန်း အိပ်ရာမှ ထကာ
တစ်ဖက်အိမ်သို့ ချောင်းကြည့်လိုက်သည် ။ ဟို
လင်မယား ထုံးစံအတိုင်း အိမ်အပြင်သို့ ထွက်ခွာသွားကြပြီ
။
ကျွန်တော်
နောက်ဖေးတံခါးမှ အသာထွက်ကာ တစ်ဖက်ခြံထောင့်သို့ ပြေးကပ်လိုက်သည် ။ ခြံထောင့်၌ သံ
စကာ ၀ိုင်းခတ်ထားသော်လည်း ခြံအနောက်ဘက်တွင် ကာရံထားသောအုတ်တံတိုင်းကြောင့်
သံစကာအချို့မှာ
အနည်းငယ်ပေါက်ပြဲလျက် ရှိ၏ ။ ထိုသံစကာအပေါက်များကြားထဲမှ
ကျွန်တော့်ကိုယ်ကို လျှိုကာဝင်လိုက်သည် ။
ဟူး…ကျွန်တော် တစ်ဖက်ခြံထဲသို့ ရောက်ရှိသွားပါပြီ
။
ကျွန်တော် တစ်သက်မှာ
တစ်ကြိမ်တစ်ခါမျှမပြုလုပ်ဖူးသော အလုပ်တစ်ခုဖြစ်တာကြောင့် ကျွန်တော့်ရင်ခုန်သံ
တွေ ကျယ်လောင်နေသလို လက်ဖျားခြေဖျားတွေလည်း အေးစက်လို့နေသည်
။ ကျွန်တော်နေထိုင်ရာ ခြံထဲသို့
ပြန်လှည့်ထွက်ပြေးသွားဖို့လည်း ခဏခဏစဉ်းစားမိသည် ။ နို့ပေမဲ့
ကျွန်တော့်၏ ပြတ်သားလှသည့် ဆုံးဖြတ်ချက်
ကြောင့် ကျွန်တော့်ခြေလှမ်းတွေက ကောင်လေး၏အိမ်အနားသို့
ခပ်မြန်မြန်ရောက်ရှိသွားတော့သည် ။
အိမ်အပြင်တွင်
ဟိုဟိုသည်သည်လှည့်ပတ်ကာ ကောင်လေးကို ရှာဖွေနေမိသည် ။ အရင်နေ့များတွင် တွေ့
မြင်ရတတ်သည့်မှန်ပြတင်းပေါက်တွင်လည်း ကောင်လေးကို မတွေ့။
ဝရံတာတွင်လည်း မရှိ ။ ကျွန်တော် နောက်
ဖေးလှေကားအနီးသို့ ကပ်လိုက်စဉ် အရိပ်တစ်ခုကို ရုတ်တရက်တွေ့လိုက်ရ၏
။
“ ဟိတ်ကောင်လေး…”
လှေကားတွင် ငေးငေးငိုင်ငိုင် ထိုင်နေသောကောင်လေးကို တွေ့လိုက်ရ၍
ကျွန်တော် ခပ်တိုးတိုးလှမ်းခေါ်လိုက်
သည် ။
“ ကောင်လေး…ခဏ
ခဏနေပါဦးကွာ ။ အကို မင်းနဲ့ စကားပြောချင်လို့ပါ ။”
ကျွန်တော့်ကို မြင်၍ ထထွက်ပြေးရန်ပြင်လိုက်သောကောင်လေးကို
ကျွန်တော် အနူးအညွတ်တောင်းဆိုလိုက်မိ
သည် ။ ကျွန်တော့်စကားကြောင့် ပြေးထွက်လုဆဲဆဲ ကောင်လေးခြေလှမ်းတွေ
တုံ့ခနဲရပ်တန့်ကာ ကျွန်တော့်ကို
ငေးကြည့်ရှာသည် ။ ကောင်လေးမျက်နှာသည် အားမရှိသလို ဖြူဖတ်ဖြူလျော်ဖြစ်နေသည်
။
“ မင်း မင်း
အရမ်း အထီးကျန်နေလား ။ မင်း အရမ်း အားငယ်ဝမ်းနည်းနေရလားဟင် ?”
ကျွန်တော့်ရင်ထဲက လှိုက်လှိုက်လှဲလှဲမေးခွန်းတွေကို ပွင့်အန်ထုတ်မေးလိုက်တော့
ကောင်လေးက ညှိုးငယ်နွမ်း
လျစွာနှင့် ခေါင်းညိတ်ပြသည် ။
“ မင်းကို အကို
ကူညီမယ် ။ မင်း ဘာတွေ လိုအပ်နေလဲ ။ မင်း ဘယ်လိုခံစားနေရသလဲဆိုတာ အကို့ကို ပြော
ပြပါလား ။”
ကျွန်တော် ထိုသို့ပြောလိုက်တော့ ကောင်လေး၏မျက်ဝန်းနက်နက်တွေ
အရောင်လက်သွားသည် ။ ပင့်သက်တစ်
ခုကို ရှိုက်လိုက်ပြီးနောက် ကောင်လေးရဲ့နှုတ်ခမ်းတွေ တရွရွလှုပ်ခါလာသည်
။
“ သားမိဘတွေ
သားကို ဂရုမစိုက်ကြဘူး ။ သူတို့ဘာသာပဲ ပျော်ရွှင်နေကြတယ် ။ သားမှာတော့ အမြဲတမ်း
အခန်းငယ်လေးထဲမှာ
တစ်ယောက်တည်း ။ သားအတွက် သူတို့ ဘာမှလည်း ဆုတောင်းမပေးကြဘူး ။
သားလေ…သိပ်ဝမ်းနည်းမိတယ်
။ အရမ်းလည်း အားငယ်တယ် ။ သားကို သူတို့ မချစ်ကြတော့ဘူး ထင်
တယ် ။”
ကောင်လေးက စကားသံတွေနှင့်အတူ မျက်ရည်စတွေပါ ပြိုစီးကျလာသည်
။ ကောင်လေးရဲ့သေးသွယ်တဲ့ကိုယ်
အေးအေးလေးကို ကျွန်တော် ထွေးပွေ့ရင်း နှစ်သိမ့်အားပေးလိုက်မိသည်
။
“ သားနာမည် ဘယ်လိုခေါ်လဲ
။ သူတို့က သားမိဘအရင်းတွေလား ။”
“ သားနာမည်က
စစ်ညီညီပါ ။ အိမ်မှာတော့ သားကို စစ်ညီလို့ပဲ ခေါ်ကြတယ် ။ သူတို့က သားရဲ့မိဘအရင်း
တွေပါ ။ လွန်ခဲ့တဲ့တစ်နှစ်ကအထိ
သားကို သူတို့ သိပ်ဂရုစိုက်ကြပါတယ် ။ အမြဲလည်း သား စားချင်တာတွေ
သားလိုချင်တာတွေကို
ဝယ်ပေးပါတယ် ။ နောက်ပြီး ဖေဖေ ဝတ်တဲ့ဝတ်စုံမျိုးတွေ သားကို ဆင်ပေးပြီး သူတို့
သွားသမျှ ပါတီတွေကိုလည်း
ခေါ်သွားတတ်တယ် ။ ဖေဖေက သူ့မိတ်ဆွေတွေကို သား ကျောင်းမှာ စာတော်
တဲ့အကြောင်း၊အင်္ဂလိပ်စာ
ထူးချွန်တဲ့အကြောင်းတွေပြောပြီး သားကို ချီးကျူးတတ်ကြတယ်။ အဲ့ဒီအချိန်တုန်း
က သား သိပ်ပျော်ခဲ့ရပါတယ်
။ အဲ့ဒီ့နောက်ပိုင်း သား နေမကောင်းဖြစ်တယ် ။ အရမ်းအကြီးအကျယ်ဖျားပြီး
တဲ့နောက် သားကို
သူတို့ အပြင်ကို ခေါ်မသွားကြတော့ဘူး ။ သားမှာ အမြဲတမ်း အခန်းကျဉ်းလေးထဲမှာ တစ်
ယောက်တည်း
။ မေမေနဲ့ဖေဖေလည်း တစ်ခါတစ်လေမှ သားအနား လာတယ် ။ သားလေ အရင်တုန်းက
အချိန်လေးတွေကို
ပြန်လိုချင်လိုက်တာ အစ်ကိုရယ် ။”
ကောင်လေးက ငိုငိုယိုယိုနှင့် သူ့ဘဝရဲ့အကြောင်းကို ပြောပြတော့
ကျွန်တော် ငြိမ်သက်စွာနားထောင်ရင်း လေး
လေးနက်နက်လည်း စဉ်းစားနေမိသည် ။ သြော်…ကောင်လေးရဲ့ကျန်းမာရေးကြောင့်
ပွဲတိုးတဲ့မိဘနှစ်ပါးက ပစ်
ပယ်ထားခြင်းဖြစ်ပါလားဟု သုံးသပ်မိ၍ သူတို့မိသားစု ပြန်လည်အဆင်ပြေစေရန်
ကျွန်တော် စေ့စပ်ပေးရမည် ။
“ သားမိဘတွေ
ပြန်ဂရုစိုက်လာအောင် အစ်ကို ကူညီမယ် ။ သားကလည်း အရင်တုန်းကလိုမျိုး ကျန်းမာရေး
ပြန်ကောင်းလာအောင်
နေရမယ်နော် ။”
“ ဟင်…တကယ်ပြောတာလား
အစ်ကို ။ ဟုတ်…သား သား ကျန်းမာအောင် နေပါ့မယ် ။ သားမေမေသာ ဟို
အရင်ကလို
သားကို ပြန်ဂရုစိုက်ရင် သား နေကောင်းအောင် ကြိုးစားမယ် ။ သား ကတိပေးပါတယ် အစ်ကို
ရယ် ။”
ကောင်လေး၏မျက်နှာဖျော့ဖျော့လေးမှာ မျှော်လင့်ချက်ကြောင့်
ဝင်းပသွားသည် ။ ကြည့်နေရင်း ကြည့်နေရင်းမှာ
ပင် ကျွန်တော်ထွေးပွေ့ထားသောကောင်လေး၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း
ဖြူဖျော့မှုန်ဝါးသွားကာ လုံးဝ
ပျောက်ကွယ်သွားတော့သည် ။
“ ဟာ…ကောင်လေး
ကောင်လေး…”
ကျွန်တော် ထိုသို့ ယောင်ယမ်းအော်ဟစ်ရင်း အိပ်မက်မှ လန့်နှိုးလာလေသည်
။ သြော်…ကျွန်တော် အိပ်မက်
မက်နေတာပါလား ။ အိပ်မက်ဆိုပေမဲ့ မကြာသေးမီကပင် ကျွန်တော်
မျက်ဝါးထင်ထင်ကြုံတွေ့လိုက်ရသလို ခံ
စားမိသည် ။ ဒါ စိတ်စွဲလန်းမှုလား…ဒါမှမဟုတ် စိတ်ချင်းဆက်နွယ်မှုနှင့်
ကျွန်တော့်ကို ကောင်လေးက အကူ
အညီတောင်းတာလား…ကျွန်တော်…ကျွန်တော် ဘာလုပ်သင့်လဲ ။
ကျွန်တော် စိတ်ပိုင်းဖြတ်ထားပြီးပြီဖြစ်၍ ထိုလင်မယားနှစ်ယောက်က
ကျွန်တော့်ကို ဘာပဲပြောပြော ကျွန်
တော် ဂရုမစိုက် ။ ကျွန်တော့်ကို `သူများမိသားစုကိစ္စ ဝင်မစွက်ဖက်နဲ့´ဟုပဲ
ပြောပြော…ကျွန်တော့်ကို `အိပ်မက်
မက်ပြီး လာအရူးမထနဲ့´ဟုပင်ဆိုဆို ကျွန်တော် မမှု ။
အိမ်ထဲသို့
ဝင်ခွင့်ပြုရန် ကျွန်တော် ထိုနှစ်ယောက်ကို တောင်းဆိုလိုက်ပြီးနောက် ကျွန်တော် မြင်မက်ခဲ့သော
အိပ်မက်အကြောင်းကို အစအဆုံးမနားမနေပြောချလိုက်တော့သည် ။
ထိုလင်မယားနှစ်ယောက်စလုံး
ကျွန်တော် မျှော်လင့်ထားသလို မတုံ့ပြန်ဘဲ တအံ့တသြနားထောင်လျက်
ကျွန်တော့်စကားဆုံးတော့ အမျိုးသမီးမှာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်
။
“ အမှန်ဆို ခင်တို့
သားလေးကို ခုလို ပစ်မထားခဲ့သင့်ဘူး ။ သားလေးက ခန္ဓာကိုယ် မလှုပ်ရှားနိုင်ပေမဲ့ အသိ
စိတ်က မိဘတွေ
သူ့ကို ဂရုမစိုက်တော့ဘူးဆိုပြီး အားငယ်နေရှာမှာ ။ ခင် နေ့တိုင်း သားလေးအနားမှာ ထိုင်
ပြီး ဘုရားစာတွေ
ရွတ်ရင်း သားလေး မြန်မြန်နေကောင်းဖို့ ဆုတောင်းပေးခဲ့ရမှာ ။ ခုတော့ ခင်တို့က ခင်တို့
ရဲ့စိတ်ဆင်းရဲမှုကိုပဲ
ယိုးမယ်ဖွဲ့ပြီး ပွဲလမ်းသဘင်တွေ သွားနေခဲ့မိတယ် ။ သားလေးကိုတော့…သားလေးကို
တော့…”
“ ဘာ...ဘာဖြစ်လို့လဲဟင်
။ စစ်ညီ ဘာဖြစ်လို့လဲ ။”
အမျိုးသမီးမှာ စကားပြန်မဆိုနိုင်သေး ။ စားပွဲပေါ်တွင် တင်ထားသော
ကောင်လေး၏ဓါတ်ပုံကိုကြည့်ကာ တသိမ့်
သိမ့်ငိုကြွေးနေဆဲ။ စိတ်မကောင်းဟန်နှင့် ငေးငိုင်နေသော
ဖခင်ဖြစ်သူထံမှသာ အဖြေစကား ထွက်ကျလာသည်။
“ တကယ်တော့ စစ်ညီလေးက
ကိုမာ(coma)ရောဂါဖြစ်လို့ ဆေးရုံတင်ထားရတာ တစ်နှစ်ကျော်ပြီ…ကိုမင်းနိုင်
သွေး ။”
“ ဗျာ…! ဒါ…ဒါဆို စစ်ညီက ဆေးရုံမှာပေါ့ ။”
နောက်ဆုံးတော့
အလွန်အမင်း အံ့အားသင့်သွားရတာ ကျွန်တော်ပင် ဖြစ်သည် ။ ဤသို့ဆိုလျှင် ကျွန်တော်
ရောက်ခါစကနေ တစ်နေ့ကအထိ ဝရံတာနှင့်မှန်ပြတင်းပေါက်တွင်
ငေးငိုင်ဝမ်းနည်းနေသော ကောင်လေးတစ်
ယောက်သည် အမှန်ပင် စစ်ညီညီလား ။ ဒါမှမဟုတ် ကားအက်ဇီးဒင့်ကြောင့်
ကျွန်တော့်အာရုံကြောများ ထိခိုက်
ချို့ယွင်းသွားကာ သေဆုံးသွားသောကျွန်တော့်ညီငယ်လေးကိုပဲ
ပြန်လည်မြင်ယောင်နေခြင်းလား…
******************************************************************************
“ ပွမ်…”
အိမ်ရှေ့မှဟွန်းသံကြောင့် ကျွန်တော် လေးလံနှေးကွေးစွာနှင့်
အိမ်ထဲမှ ထွက်လာလိုက်သည် ။ တံခါးပေါက်သို့
ရောက်မှ အိမ်ထဲသို့ နောက်ဆုံးအနေဖြင့် ဝေ့ဝဲကြည့်ရှုလိုက်မိသည်
။ ပရိဘောဂပစ္စည်းတွေအားလုံး ရွှေ့ပြောင်း
သည့်ကားပေါ်သို့ ရောက်ရှိနေပြီဖြစ်၍ အိမ်ထဲတွင် ပစ္စည်းတစ်စုံတစ်ရာမရှိတော့ဘဲ
ပြောင်ရှင်းလျက်ရှိ၏ ။ ကျွန်
တော့်အတွက် ခဏတာအနားယူအပန်းဖြေရန် ငှားရမ်းခဲ့သည့်ဤအိမ်ကလေးမှ
ယခုတော့ ကျွန်တော် ပြန်လည်
ထွက်ခွာရတော့မည် ။ ရင်ထဲတွင် သံယောဇဉ်ငြိတွယ်နေမိပြီဖြစ်သဖြင့်
ဆို့နစ်ဝမ်းနည်းလျက်…။
“ ဟိတ်ကောင်
သွားစို့လေကွာ ။ ကား စောင့်နေရပြီ ။”
လွင်မိုး၏အော်ခေါ်သည့်အသံကြောင့် ကျွန်တော် ခြံဝန်းထဲကို
လေးကန်စွာ ဆင်းလာလိုက်သည် ။ ခြံဝန်းရှေ့တွင်
ရပ်ထားသော ကားဆီသို့ လျှောက်လာခိုက် ကျွန်တော့်မျက်ဝန်းတွေက
တစ်ဖက်အိမ်သို့ လှမ်းအကြည့် တစ်ဖက်
အိမ်ရှေ့တွင် ကောင်လေး…။ မိဘနှစ်ပါးနှင့်အတူ ရပ်လျက် ကျွန်တော့်ကို
မျှော်ကြည့်နေသည် ။ ကျွန်တော် ကား
ကို ကျော်လွန်ကာ တစ်ဖက်ခြံဆီသို့ လျှောက်သွားလိုက်သည် ။
“ အစ်ကို အိမ်ပြောင်းတော့မလို့ဆို
။”
“ အေးကွာ ။ ဒီအိမ်က
ကုမ္ပဏီနဲ့ ဝေးတော့ ကုမ္ပဏီရဲ့အနီးအနားမှာပဲ အိမ်ငှားနေမလားလို့ ။”
“ ဒါဆို သား
အစ်ကိုနဲ့ ခွဲရတော့မှာပေါ့နော် ။”
“ အစ်ကို မကြာခဏ
လာလည်ပါ့မယ်ကွာ ။ မင်းလည်း ကျန်းမာရေး ဂရုစိုက်နော် ။”
“ ဟုတ် ။ ရော့
အစ်ကို ။ သား အထီးကျန်တုန်းက ဒီအရုပ်လေးကိုပဲ အဖော်ပြုခဲ့ရတာ ။ ခု သား အစ်ကို့ကို
လက်ဆောင်ပေးချင်လို့
။”
“ အစ်ကိုက အရုပ်နဲ့
ဆော့ရတော့မယ့်အရွယ်မှ မဟုတ်တာ ။”
“ ယူပါ အစ်ကိုရာ
။ ဒီအရုပ်လေးကို မြင်မှ အစ်ကို သားကို သတိရမှာ ။ နို့မဟုတ်ရင် အစ်ကို သားကို မေ့သွား
မှာ ။”
ကောင်လေးက ဝက်ဝံရုပ်လေးကို ကျွန်တော့်လက်ထဲသို့ အတင်း ထိုးပေးနေသည်
။
“ မင်းညီလေး
စိတ်ကောင်းအောင် ယူလိုက်ပါ ကိုမင်းနိုင်သွေးရယ် ။”
မိဘတွေကပါ တိုက်တွန်းပြောဆိုနေသည်ကြောင့် ကောင်လေးလက်ထဲမှ
ဝက်ဝံရုပ်လေးကို ကျွန်တော် လက်ခံ
လိုက်၏ ။ သည်တော့မှ ကောင်လေး ပြုံးသွားသည် ။
“ ကျေးဇူးပါပဲ
အစ်ကိုရယ် ။ သားလေ အစ်ကို့ကို အရမ်း ကျေးဇူးတင်တယ် ။”
“ ကဲ…အစ်ကို
သွားတော့မယ် ။ မင်းလည်း အစ်ကို့ဆီ လာလည်ဦးနော် ။”
“ ဟုတ်…စိတ်ချ
အစ်ကို ။ သား မေမေတို့ကို ပူဆာပြီးတော့ကို လိုက်ပို့ခိုင်းမှာ ။”
ကျွန်တော် ကောင်လေး၏အပြောကို သဘောကျစွာ ရယ်မောလိုက်ရင်း
နှုတ်ဆက်ထွက်ခွာခဲ့သည် ။ ကားထွက်
လာပြီးမကြာ မရိုးမရွဖြစ်နေသည့်လွင်မိုး၏မျက်နှာကြောင့်
ကျွန်တော်ကပဲ မေးခွန်းထုတ်ပြီး လမ်းခင်းပေးလိုက်ရ
သည် ။
“ ကဲ…ပြော ကိုလွင်မိုး
။ ဘာတွေ သိချင်လို့လဲ ။”
“ ပထမဆုံး ငါသိချင်တာ
ဟိုဘက်အိမ်က ကောင်လေးအကြောင်း ။ အဲ့ဒီ့ကောင်လေးက မင်းညီလေးနဲ့ တော်
တော်ဆင်တယ်နော်
။ ဒါကြောင့်လည်း မင်း သူ့ကို သတိထားမိတာဖြစ်မယ် ။”
“ အင်း…ဟုတ်ပါပြီ
။ ဒါပဲလား ။”
“ နောက်ပြီး
မင်းပြောတော့ သူ့မိဘတွေနဲ့ အဆင်မပြေဘူးဆို ။ ခု ငါ့အမြင်တော့ သူ့မိဘတွေ သူ့ကို ချစ်တာ
သည်းသည်းလှုပ်ပဲ
။”
“ အေးပါကွာ
။ ငါ အမြင်မှားတာပါ ။”
“ နောက်ဆုံးအချက်ကတော့
ငါ အအံ့သြဆုံးပဲ ။ ကောင်လေးနဲ့မင်း ဘာဖြစ်လို့ ဒီလောက်ရင်းနှီးသွားရတာ
လဲ ။ မင်း
ပေါင်းသင်းဆက်ဆံရေး ညံ့တယ်ဆိုတာ ငယ်သူငယ်ချင်းဖြစ်တဲ့ ငါ အသိဆုံး ။ ခုတော့ ကောင်
လေးက မင်းကို
ကျေးဇူးတွေတောင် တင်လို့ ။ တစ်လအတွင်း မင်း ဘယ်လိုများ ဒီကောင်လေးကို သိမ်း
သွင်းနိုင်လိုက်သလဲဆိုတာ
ငါ နားမလည်နိုင်အောင်ပဲ ။”
လွင်မိုး၏စကားကို ကျွန်တော် ပြုံးတုံ့တုံ့လုပ်ရုံမှတစ်ပါး
အခြားဖြေရှင်းချက် မပေးမိ ။ ကျွန်တော့်သူငယ်ချင်း စိတ်
ချမ်းသာအောင် ကျွန်တော် ရူးသွပ်နေခြင်းမဟုတ်သည့်အကြောင်းကို
လက်တွေ့သက်သေပြနိုင်ခဲ့ပြီ မဟုတ်ပါ
လား ။ ထို့အတူ ကောင်လေးတို့မိသားစု အထူးသဖြင့် ကောင်လေး
အထီးကျန်မဆန်အောင် ဝမ်းနည်းအားငယ်
မနေရအောင်လည်း ကျွန်တော် အစွမ်းကုန်ကူညီပေးခဲ့သည် ။ ကျွန်တော်နှင့်ကောင်လေးကြား
ဖွဲ့နှောင်ရစ်ပတ်
ထားသည့် သံယောဇဉ်မေတ္တာကြိုးများအတွက် ရင်းနှီးပေးဆပ်ခဲ့ရသည့်
အကြောင်းတရားများကိုတော့ ကောင်
လေးနှင့် ကျွန်တော်သာ သိရှိနိုင်စေရန် ကျွန်တော် လျှို့ဝှက်ထားလိုက်တော့မည်
။ အင်း…အကယ်၍သာ ကျွန်
တော်နှင့်ကောင်လေးကြားတွင် ထူးထူးဆန်းဆန်းအဖြစ်အပျက်များ
တည်ရှိနေခဲ့ခြင်းအကြောင်းကို စာရေးဝါသ
နာပါသော လွင်မိုးသာ သိရှိသွားလျှင် ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်မြောက်သွားနိုင်မည်ဆိုတာကိုလည်း
ကျွန်တော်
အကြွင်းမဲ့ယုံကြည်နေမိပါတော့သည် ။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။