“ လူတိုင်းက ကျွန်မကို မေးတယ် ။ သေနတ်ကိုတောင်
မကြောက်ရွံ့ဘဲ စစ်သားတစ်ယောက်လို ရဲရင့်တဲ့မိန်းကလေးဖြစ်အောင်
ဘယ်လိုပျိုးထောင်ခဲ့သလဲ-တဲ့
။ ကျွန်မကိုယ်တိုင် မသိခဲ့ပါဘူး ။ ကျွန်မသမီးလေးဟာ ဒီလောက်သတ္တိရှိပြီး ဒီလောက်နှလုံးသား
မြင့်မြတ်ဖြူစင်လိမ့်မယ်လို့ပေါ့ ။”
အခု ပြောပြချင်တဲ့-ရုပ်ရှင်ကတော့ တကယ့်ကို
စိတ်ထိရှဖွယ်ရာ ။ လေယာဉ်ပြန်ပေးဆွဲဇာတ်လမ်းဖြစ်တာမို့ သည်းထိတ်ရင်ဖို အနေ အထားတွေလည်း
ပါ ။ အိန္ဒိယကားဖြစ်တဲ့အတွက် ပါဝင်သူတွေရဲ့စိတ်ခံစားမှုပိုင်းကို အသားပေးဖော်ပြသွားပုံကလည်း
မျက်ရည်စို့ ချင်စရာ ။ အဓိကတွေ့မြင်ရမှာကတော့ အန္တရာယ်ကြုံတဲ့အခါ ဖြစ်တတ်တဲ့ လူ့သဘာဝတွေ…။
လူတို့ရဲ့တုံ့ပြန်မှုစိတ်ထားတွေက
ဘယ်လိုရှိကြမလဲ ။ သဘာဝဘေး ဒါမှမဟုတ် လက်နက်…ဒီလိုအန္တရာယ်တစ်စုံတစ်ရာ ကို အများနဲ့အတူ
ကြုံတွေ့ချိန်မှာ ကျွန်မတို့ ဘယ်လိုတုံ့ပြန်ကြမလဲ ။ ပုန်းကွယ်မှာလား ။ အတူရင်ဆိုင်မှာလား
။ ဒါမှမဟုတ် ကိုယ်ကျိုးစွန့်မှာလား ။ ရုတ်တရက် စမ်းသပ်ကြည့်မှပဲ သိရှိနိုင်မယ့်ကိစ္စ
။ တချို့ဆို ပုံမှန်ကြည့်လိုက်ရင် သိပ်သတ္တိရှိသလိုထင်ရပေမဲ့ တကယ့်အရေးကျ တွန့်ဆုတ်နေတာမျိုးတွေကို
လူ့ဘောင်လောကမှာ တွေ့မြင်ရစမြဲပါ ။
ဒီရုပ်ရှင်မှာတော့
“နီဂျား”ဆိုတဲ့လေယာဉ်မယ်လေးဟာ ရှေ့တန်းရပ်ခဲ့တယ် ။ ပြန်ပေးသမားတွေကို ဆန့်ကျင်လို့
ခရီးသည် တွေ လွတ်မြောက်ဖို့အတွက် ဦးဆောင်ကြိုးပမ်းခဲ့တယ် ။ လူဆိုးတွေရဲ့လက်ထဲ ဒီမိန်းကလေး
ဇီဝိန်ကြွေတော့မလား ။ ဇာတ်သိမ်း မှာ ဘာတွေဖြစ်မလဲ ။ သူမရဲ့မိဘတွေနဲ့ ဆုံဆည်းခွင့်ရမှာလား…။
အသည်းတယားယားရှုစားရင်း အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့-ဇာတ်ကားကောင်းလေး ဖြစ်တာကြောင့်
ပြောပြဖြစ်ခဲ့ပါပြီ ။ ရုပ်ရှင်နာမည်ကတော့ “Neerja”ပါ ။
@@@
“ လူ့ဘဝဆိုတာ ရှည်လျားဖို့ မလိုဘူး ။ ကြီးကျယ်ခမ်းနားဖို့ပဲ
လိုတယ် ။”
ဒီစကားကို လက်ကိုင်ထားသူက လေယာဉ်မယ်သမီးပျိုလေး
“နီဂျား” ။ နီဂျားဟာ ပျော်ပျော်နေတတ်ပြီး သွက်လက်ထက်မြက်သူ တစ်ယောက် ။ လူချစ်လူခင်ပေါတဲ့အတွက်
ပျင်းရိရိပါတီပွဲလေးခမျာ သူမ ရောက်လာမှပဲ အသက်ဝင်မြူးကြွသွားတော့တယ် ။ ပါတီ မှာ နီဂျားတစ်ယောက်
မိသားစုဝင်တွေနဲ့အတူ ပျော်ရွှင်နေချိန်…တစ်ဖက်မှာတော့ လက်နက်ကိုင်လူတစ်စုဟာ အစီအစဉ်တစ်ခုကို
လုပ်ဆောင်ဖို့ တိုင်ပင်နေကြတယ် ။ သူတို့အစီအစဉ်က လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲပြီး အဖမ်းခံထားရတဲ့
သူတို့ညီနောင်တွေ လွတ်မြောက်အောင် အကျပ်ကိုင်ဖို့ပါ ။
ခရီးစဉ်က
ပျော်ရွှင်မှုတွေနဲ့ စတင်ခဲ့တယ် ။ လေယာဉ်မယ်လေးတွေရဲ့ချိုသာသာနှုတ်ခွန်းဆက်သံတွေ … ရောက်ရှိလာတဲ့
ခရီးသည်တွေရဲ့ တစ်ဦးနဲ့တစ်ဦးကြား ကျီစယ်သံများ ။ ဒီလိုလှပခမ်းနားနေခဲ့တဲ့လေယာဉ်ဟာ
ခရီးရပ်နားခိုက်မှာပဲ လက်နက်ကိုင် တစ်စုရဲ့သိမ်းပိုက်မှုကို ခံလိုက်ရတယ် ။ သွေးပျက်စရာ
ငရဲခန်းအစ …။ လေယာဉ်မှူးတွေ ထွက်ပြေးသွားတဲ့အတွက် ပြန်ပေးသမား တွေ အကျပ်ရိုက်ရပြီ ။
သူတို့အစီအစဉ်တွေ လွဲချော်ကုန်ပြီပဲကိုး ။ လေယာဉ်မှူးတွေ လွတ်မြောက်သွားတာဟာ “နီဂျား”ကြောင့်ပါ
။ သူမက သတိပေးလိုက်လို့ လူဆိုးတွေ ရောက်မလာခင် ထွက်ပြေးချိန်ရသွားခဲ့တာပါ ။
ကြံစည်သလိုမဖြစ်တဲ့အခါ
ပြန်ပေးသမားတွေရဲ့ဒေါသက ခရီးသည်တွေအပေါ် ကျရောက်ခဲ့ပြီပေါ့ ။ သေနတ်တရမ်းရမ်းနဲ့ အော်ဟစ်ငေါက်ငမ်းသံတွေ…ဟိုလူဒီလူကို
တွန်းထိုးရိုက်ပုတ်လို့ ။ နာရီဝက်အတွင်း လေယာဉ်မှူး ရောက်မလာရင် သတ်ပစ်မတဲ့ ။ သေနတ်နဲ့တေ့ထားတာကို
ခံနေရရှာတဲ့ နီဂျားနဲ့ ခရီးသည်တစ်ဦးရဲ့အဖြစ်က သွေးပျက်စရာ ။ ဘယ်သူများ အသတ်ခံရတော့မလဲ
။ ( ရှုစားသူပရိသတ်အဖို့လည်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာ အမှန် ) ဒိုင်းခနဲသေနတ်သံနဲ့အတူ
အသက်ဝိညာဉ်တစ်ခု ကြွေလွင့် သွားခဲ့ရပေါ့ ။
အပြစ်မဲ့သူတစ်ဦးရဲ့အသက်နဲ့
ပြန်ပေးသမားတွေရဲ့ရက်စက်ချက်ကို ဖွင့်ချလိုက်တဲ့အတွက် ခရီးသည်အားလုံး ချောက်ချား သွားကြရပြီ
။ နီဂျားခမျာလည်း အလွန်အမင်းသွေးပျက်သွားရရှာရဲ့ ။ သူမကို သတ်မလိုလုပ်ရင်းက နံဘေးလူကို
ပစ်ချလိုက်တာ မဟုတ်လား ။ အသက်ဘေးက သီသီလေးလွတ်လာချိန်မှာ နီဂျား ပြန်တွေးနေမိတာက ဖခင်ဖြစ်သူရဲ့အားပေးစကားသံတချို့
…
“ ပျော်ပျော်ရွှင်ရွှင်နေပါ ။ ဒါဆိုရင် အားလုံးကို
ဖြေရှင်းနိုင်တယ် ။ မှားနေတာတစ်ခုကို ဘယ်တော့မှ မလုပ်နဲ့ ။ သူများကိုလည်း
လုပ်ခွင့်မပေးနဲ့
။”
နီဂျားက အသက်(၂၃)နှစ်သာရှိသေးပေမဲ့ အိမ်ထောင်သည်ဖြစ်ခဲ့ဖူးသူ
။ အိန္ဒိယဓလေ့အတိုင်း မိဘပေးစားသူကို ယူမိပြီးမှ အကျဉ်း ကျသလို ဖြစ်ခဲ့ရတဲ့ဘဝ ။ နားလည်မှု
မရှိ ၊ မေတ္တာမပါတဲ့ ခင်ပွန်းသည်ရဲ့လုပ်ရပ်တွေက နီဂျားအဖို့ အိပ်မက်ဆိုးတွေလို…။ ဘဝနာ
ခဲ့လို့ထင်ရဲ့…အကြောက်တရားက နီဂျားကို ကြာကြာမလွှမ်းမိုးနိုင်ခဲ့ဘူး ။ အားလုံး ကြောက်ရွံ့နေချိန်မှာ
တစ်ခုခုလုပ်ပေးဖို့ နီဂျား ဆုံးဖြတ်လိုက်တယ် ။ ပြန်ပေးသမားတွေနဲ့အတိုက်အခံလုပ်လို့
ခရီးသည်တွေအတွက် စားသောက်စရာတွေ ဝေပေးရင်း နှစ်သိမ့် အားပေးခဲ့တယ် ။ ဒါပေမဲ့ အားလုံး
ကြောက်လန့်နေကြတုန်းပဲ ။
အနောက်တိုင်းရုပ်ရှင်အများစုက
ကြည့်ရှုသူပရိသတ်တွေရဲ့စိတ်ခံစားမှုပိုင်းကို ဦးစားပေးတဲ့အတွက် လျှို့ဝှက်ချက်တွေ
၊ သည်းထိတ်ရင်ဖိုပြကွက်တွေနဲ့ ဆွဲဆောင်သွားတတ်ပေမဲ့ အိန္ဒိယဇာတ်ကားတော်တော်များများကတော့
ပါဝင်သူဇာတ်ဆောင်တွေရဲ့ စိတ်ခံစားမှုပိုင်းကို ဦးစားပေးသရုပ်ဖော်သွားလေ့ရှိတာကို ကျွန်မတို့
တွေ့မြင်ရမှာပါ ။ ဒီရုပ်ရှင်မှာလည်း ဒီလိုပါပဲ ။ နီဂျားတို့ဘက်ကို ပြအပြီးမှာ မိသားစုဝင်တွေဘက်ကို
ပြပြန်တယ် ။ သမီးဖြစ်သူအတွက် ပူပန်စိုးရိမ်နေတဲ့မိဘတွေ…။ ဘာမှဖြစ်မှာ မဟုတ်ပါဘူးလို့
အပြန်အလှန်နှစ်သိမ့်ရင်း…တစ်ခုခု ဖြစ်သွားမှာကို စိုးရွံ့နေကြတယ် ။ ထင်တဲ့အတိုင်းပေါ့
။ လေယာဉ်ပေါ်မှာ အင်ဂျင်နီယာ ပါလာ တာကို ပြန်ပေးသမားတွေ သိသွားတယ် ။ သူတို့ အလိုရှိနေမှန်း
သိပါလျက် အင်ဂျင်နီယာက (ကြောက်လို့ ထွက်မလာဘဲ) ပုန်းနေခဲ့ တာ မဟုတ်လား ။ ဒေါသ အကြီးအကျယ်ထွက်
၊ အင်ဂျင်နီယာကိုလည်း ရိုက်နှက် ၊ နီဂျားကိုလည်း ဖုံးကွယ်ထားရမလား-ဆိုပြီး အနိုင်ကျင့်ခြိမ်းခြောက်တဲ့ပြကွက်တွေက
ကြည့်ရသူအဖို့ စိတ်ထိခိုက်ဖွယ်ရာ…တစ်ချိန်တည်းမှာပဲ လက်နက်အားကိုးနဲ့ အနိုင်ကျင့်မှု
အပေါ် ရွံမုန်းမိမှာ အမှန်ပါ ။
သရုပ်ဖော်ထားပုံက
တော်တော်ကောင်းပါတယ် ။ ပြန်ပေးသမားတွေရဲ့ခြိမ်းခြောက်မှုကို ခံရတိုင်း နီဂျားက အတိတ်ကို
ပြန်…ပြန်တွေးပုံနဲ့ ဇာတ်အိမ်ဖွဲ့သွားတယ် ။ အတွေးတွေကနေ လွတ်ထွက်လာချိန်တိုင်းမှာ သူမဟာ
ပိုပြီး တည်ငြိမ်ရဲရင့်လာတယ် ။ အကြောက်တရားတွေကို တွန်းလှန်နိုင်လာတယ် ။ သူမရဲ့အတိတ်က
မလှပခဲ့ဘူး ။ ကံဆိုးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် ကြုံတွေ့ရမယ့် သာမန်ဘဝဇာတ်ခုံတစ်ခု
။ မိဘတွေက သင့်တော်မယ်အထင်နဲ့ စီမံခဲ့တဲ့အိမ်ထောင်ရေးကို အဆင်ပြေအောင် ကြိုးစားခဲ့ပေမဲ့
ဆိုးရွားတဲ့ခင်ပွန်းသည်ကြောင့် ထွက်ပြေးရင်း အမည်းစက်ထင်ခဲ့ရတဲ့ မိန်းမငယ်လေး ။ မရဲရင့်ခဲ့တဲ့-အဲဒီအတိတ်ကို
ဖာထေးချင်စိတ်နဲ့ လက်ရှိမှာ အကောင်းဆုံးလုပ်ဖို့ သတ္တိတွေပြည့်ဝင်နေတဲ့ နီဂျား ။ သူမဟာ
တကယ်ပဲ အရဲရင့်ဆုံးလုပ်ရပ်တစ်ခုကို စွမ်းဆောင်နိုင်ခဲ့ပါတယ် ။
နာရီပေါင်းများစွာ
ကြာမြင့်ခဲ့ပြီးနောက် လေယာဉ်ပေါ်က လျှပ်စစ်မီးတွေ ပြတ်တောက်သွားတယ် ။ အမှန်က ဘတ်ထရီ
ကုန်သွားလို့ပါ ။ ဒါကို နားမလည်တဲ့ပြန်ပေးသမားတွေက ဝင်စီးနင်းပြီအထင်နဲ့ ယောက်ယက်ခတ်ကုန်ပါရော
။ တစ်ယောက် တစ်ပေါက် ငြင်းခုန်ရင်း သွေးရူးသွေးတန်းတွေဖြစ် ။ သေနတ်တွေနဲ့ မြင်မြင်ကရာ
လျှောက်ပစ်ခတ်ကြတဲ့အထိ ။ ဒီအချိန်… နီဂျားက တံခါးကို ဖွင့်လိုက်တယ် ။ ဒီဇာတ်ဝင်ခန်းမှာ
လူတွေရဲ့ကူညီတတ်တဲ့စိတ်ထားတွေကို တွေ့မြင်ရပါလိမ့်မယ် ။ ဦးအောင် ပြေးဆင်းသူ တွေ ရှိသလို
သူများကို ဆွဲခေါ်သူတွေလည်း ရှိတယ် ။ တချို့များကျ ကိုယ့်အသက်ကို ပေးပြီး လူဆိုးတွေ
တံခါးဆီ မသွားနိုင်အောင် ပြန်လည်တိုက်ခိုက်သူတွေတောင် တွေ့ရတယ် ။ တကယ့်ကို လေးစားထိုက်တဲ့
စိတ်ဓာတ်ပိုင်ရှင်တွေ … ။
နီဂျားဟာ ပြေးရင်
လွတ်နေပါပြီ ။ အသက်ရှင်နေတဲ့ခရီးသည်အားလုံးနီးပါး အောက်ရောက်နေကြပြီ ။ လေယာဉ်မယ်တွေ
၊ လေယာဉ်မောင်တွေက မြန်မြန်ဆင်းဖို့ ပြောပေမဲ့ နီဂျား မလာနိုင်သေးဘူး ။ လူကြီးမပါဘဲ
လိုက်လာတဲ့ကလေး(၃)ယောက် ။ သူတို့ လေးတွေ အောက်မရောက်သေးဘူးလေ ။ ကလေးတွေကို သွားခေါ်ပြီး
အောက်ဆင်းဖို့ကြိုးစားနေချိန်မှာပဲ သေနတ်သမား မြင်သွား ခဲ့တဲ့အခါ…။ ကလေးတွေရဲ့အသက်ကို
သူမရဲ့အသက်နဲ့လဲပြီး ကာကွယ်ပေးခဲ့တယ် ။ တပြိုင်နက်ဆိုသလို ပြန်ပေးသမားတွေလည်း ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်
။ လူနာတင်ယာဉ်ပေါ် ပါသွားတဲ့-နီဂျားတစ်ယောက် ချစ်တဲ့သူတွေနဲ့ ပြန်ဆုံတွေ့ခွင့် ရပါဦးမလား
။
ရင်နင့်ဖွယ်ရာဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့လည်း
သမိုင်းတွင်ရစ်တာ မဟုတ်ပါလား ။ နီဂျား ကွယ်လွန်သွားခဲ့ပါတယ် ။ ဒါပေမဲ့ သူမဟာ နောက်ဆုံးထွက်သက်အထိ
ရဲရင့်ခဲ့သူ ။ မိဘတွေအတွက် နောက်ဆုံးမှာသွားတဲ့စကားလေးက …
“ မေမေ…သမီး မျက်ရည်တွေကို မုန်းတယ် ” –
တဲ့လေ ။ ခရီးသည်တွေကို အသက်ပေးပြီး စောင့်ရှောက်ခဲ့တဲ့
လေယာဉ်မယ်ခေါင်းဆောင်ကောင်း ပီသတဲ့-နီဂျားကို အစိုးရကရော ဌာနဆိုင်ရာတွေကပါ သူရဲကောင်းဆုတံဆိပ်များစွာ
ချီးမြင့်ခဲ့ကြပုံနဲ့ အဆုံးသတ်ထားပါတယ် ။
ကျွန်မတို့နိုင်ငံမှာလည်း
ဒီရုပ်ရှင်ထဲကလို ခပ်ဆင်ဆင်ဖြစ်ရပ်မျိုးတွေ ရှိခဲ့ဖူးသားပဲ ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
သံတွဲနား တဝိုက်မှာ ပင်လယ်ထဲကို လေယာဉ်ပျက်ကျခဲ့တယ် ။ အဲဒီမှာ လေယာဉ်မယ်လေးတစ်ဦးဟာ
ကိုယ့်အသက်ကိုယ် ပဓာနမထားဘဲ ခရီးသည်တွေကို ကယ်ထုတ်ရင်း အသက်ဆုံးခဲ့ရကြောင်း လူကြီးတွေ
ပြောပြလို့ မှတ်သားဖူးပါတယ် ။ မျက်မှောက်ကာလမှာလည်း ကိုယ်ကျိုးစွန့်ပုဂ္ဂိုလ်တွေ ရှိနေဆဲပါပဲ
။ ဒီလိုမျိုး ထာဝရ လေးစား ချီးကျူးထိုက်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေအကြောင်းကို
ရုပ်ရှင်ဇာတ်လမ်းအဖြစ် ပြောင်ပြောင်မြောက်မြောက် ဂုဏ်ပြုရိုက်ကူးနိုင်မယ် ဆိုရင် သိပ်အကျိုးရှိမှာပဲ
။ အထူးသဖြင့် အများအတွက် စွန့်လွှတ်ဝံ့သူတွေအကြောင်း ကြည့်ရှုရတဲ့အခါ လူငယ်တွေမှာ အားကျ
အတုယူချင်စိတ်တွေ တိုးပွားလာလိမ့်မယ်လို့ မျှော်လင့်မိတယ် ။
@@@
ပြောပြချင်တဲ့ရုပ်ရှင်လည်း
နိဂုံးချုပ်ခဲ့ပြီ ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ ။ (၁၉၈၆)က
ပန်န်အာမ်လေယာဉ်ကို ပြန်ပေးဆွဲခံရစဉ်မှာ ရဲရဲတောက်စွန့်စားဝံ့ခဲ့တဲ့ လေယာဉ်မယ်ခေါင်းဆောင်-နီဂျားဘန်နုတ်(Neerja Bhanot)
အကြောင်းကို အသက်သွင်းပုံဖော်ထားခြင်းဖြစ်ပါတယ် ။ (၂၀၁၆)ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ထူးခြားတဲ့စိတ်ခံစားမှုတွေကို
ပေးစွမ်းနိုင် မယ့် အသိအမြင်လင်းစေတဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ဆိုနိုင်ပါလိမ့်မယ်
။ ဒီတစ်ခါတော့ စာချစ်ဆွေတွေအတွက် အပြောင်း အလဲဖြစ်အောင် နှစ်သက်တဲ့ဒိုင်ယာလော့တွေကို
ဖော်ပြရင်း အဆုံးသတ်လိုက်ပါတယ် ။ ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ …
ü လူ့ဘဝဆိုတာ ရှည်လျားဖို့ မလိုဘူး ။ ကြီးကျယ်ခမ်းနားဖို့ပဲ
လိုတယ် ။
ü ပျော်ပျော်ရွှင်ရွှင်နေပါ ။ ဒါဆိုရင် အားလုံးကို
ဖြေရှင်းနိုင်တယ် ။ မှားနေတာတစ်ခုကို ဘယ်တော့မှ မလုပ်နဲ့ ။ သူများကိုလည်း လုပ်ခွင့်မပေးနဲ့ ။
ü လူတိုင်းက
ကျွန်မကို မေးတယ် ။ သေနတ်ကိုတောင် မကြောက်ရွံ့ဘဲ စစ်သားတစ်ယောက်လို ရဲရင့်တဲ့မိန်းကလေး
ဖြစ်အောင် ဘယ်လိုပျိုးထောင်ခဲ့သလဲ-တဲ့ ။ ကျွန်မကိုယ်တိုင် မသိခဲ့ပါဘူး ။ ကျွန်မသမီးလေးဟာ
ဒီလောက်သတ္တိရှိပြီး ဒီလောက်နှလုံးသား မြင့်မြတ်ဖြူစင်လိမ့်မယ်လို့ပေါ့ ။ အမှန်ပြောရရင်
ကျွန်မ သူ့ကို အမြဲမှာလေ့ရှိတာက အလုပ်ချည်း ဖိလုပ်
မနေနဲ့ ။ ကိုယ့်ကိုယ်ကို ဂရုစိုက် ။ အန္တရာယ်ဖြစ်လာရင် ကိုယ့်အသက်ကိုယ် ဦးစားပေး ။
ကျွန်မတို့အားလုံး သမီးတွေကို ဒီလိုပဲသင်ကြတာမဟုတ်လား ။
ü လူတွေက ပြောကြတယ် ။ ကျွန်မရဲ့သမီးလေး(နီဂျား)ဟာ
သေဆုံးသွားတာ မဟုတ်ဘူး ။ ထာဝရရှင်သန်သွားခြင်းပဲ-တဲ့ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONK ကို လာလည်ဖို့ ၊ တင်သမျှ likeဖို့ မမေ့ပါနဲ့နော် :-)