( ၂၀၁၆-ဒီဇင်ဘာ(၁၃)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အတွေးအမြင်ကဏ္ဍတွင် ဖော်ပြခဲ့သောဆောင်းပါး )
xxx
“ ခရာကိုဇီးယားနိုင်ငံဆိုတာ မရှိတော့ဘူး ။ တော်လှန်ခံရတာ
… နားလည်လား ။ လက်ရှိမှာ ခင်ဗျားတို့နိုင်ငံက လေယာဉ်အဝင်
အထွက်တွေကို ရပ်ထားတယ် ။ နယ်စပ်ဝင်ပေါက်အားလုံးလည်း ပိတ်လိုက်ပြီ ။ ခင်ဗျားဗီဇာက
တရားမဝင်တော့ဘူး ။ လော
လောဆယ်တော့ ခင်ဗျားက နိုင်ငံမဲ့ပဲ ။ ခင်ဗျားရဲ့အခြေအနေက ဘယ်ဘောင်ထဲမှာမှ အကျုံးမဝင်တဲ့အတွက်
ဒီအချိန်မှာတော့
ခင်ဗျားဟာ အပယ်ခံဖြစ်နေတယ် ။”
DreamWorksရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်ပြီး
နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားTom Hanks
နဲ့
မင်းသမီး Catherine Zeta-Jonesတို့ တွဲဖက်ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းလေးပါ ။ (၂၀၀၄)ခုနှစ်က ထွက်ရှိခဲ့တာဆိုတော့ ကြာပြီပေါ့ ။ ဒါပေမဲ့ ဘယ်အချိန်ပြန်ကြည့်ကြည့်
မျက်ရည်ရစ်ဝဲစေတဲ့အထိ နိုင်ငံသားတစ်ယောက်အတွက် မိမိနိုင်ငံဟာ ဘယ်လောက်အရေးပါပြီး အဖိုး
တန်သလဲဆိုတာကိုခံစားမိအောင် ပေါ့ပေါ့ပါးပါးပုံစံနဲ့ပဲ ထိထိမိမိရိုက်ကူးထားနိုင်တဲ့အတွက်
လက်ဆင့်ကမ်းမျှဝေပါရစေ ။ ဇာတ်ကား နာမည်က “ The Terminal ” ဖြစ်ပါတယ် ။
@@@
ခရာကိုဇီးယားနိုင်ငံသား
မစ္စတာနာဗော့စကီးဟာ နယူးယောက်လေဆိပ်အဝင်မှာပဲ
ထိန်းသိမ်းခံလိုက်ရပါတယ် ။ တရား မဝင်တာ ဘာတစ်ခုမှ မလုပ်မိပါဘဲ ဘယ်လိုဖြစ်ရတာလဲ ။ သူ့ခမျာ
ဇဝေဇဝါနဲ့ ။ အင်္ဂလိပ်စကားကိုတောင် ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ရှာတဲ့နာဗော့စကီးဟာ
လေဆိပ်တာဝန်ခံတွေရဲ့ရှင်းပြချက်တွေကို ခရေစေ့တွင်းကျ နားမလည်ပါဘူး ။ တာဝန်ခံတွေ အဓိကပြောလိုတာကတော့
သူ့အမိနိုင်ငံမှာ ပုန်ကန်မှုတွေ ဖြစ်နေတာကြောင့် သူဟာ လေဆိပ်ထဲမှာ ပိတ်မိသွားပြီ ။
ဒီနေရာက လွဲပြီး ဘယ်ကိုမှ သွားလာခွင့်မရှိတော့ဘူး ။ အမိမြေကို ပြန်ခွင့်မရှိသလို အမေရိကန်နိုင်ငံထဲကိုလည်း
ဝင်ခွင့်မရပါဘူးတဲ့ ။ တီဗွီတွေ ကတဆင့် နာဗော့စကီး သိမြင်လိုက်ရတာက သူ့နိုင်ငံမှာ တော်လှန်ပုန်ကန်မှုတွေကြောင့်
ယောက်ယက်ခတ်နေပါပေါ့လား ။ ကျည် ဆန်တွေ ပလူပျံလို့ … သေနတ်သံတွေ ဆူညံလို့ ။ ထုတ်လွှင့်ပြသနေတဲ့သတင်းတွေကို
ကြည့်ရင်း နာဗော့စကီး သွေးပျက်သွားရပါ ပြီ ။
လေဆိပ်ထဲမှာပဲ
နေခွင့်ရှိတာကြောင့် အဆင်ပြေပြေနဲ့ ရပ်တည်နိုင်ဖို့ရာ နာဗော့စကီးခမျာ နည်းမျိုးစုံနဲ့ကြိုးစားရပါတယ်
။ သူ့နိုင်ငံရဲ့ငွေတွေကလည်း သုံးမရတော့လို့ စားစရိတ်အတွက် လေဆိပ်ထဲက ငွေရနိုင်မယ့်နေရာတွေကို
ရှာဖွေပါတယ် ။ ခိုးဝှက် လုယက်တာမျိုး မဟုတ်တဲ့ ပါးပါးနပ်နပ်-သူ့လုပ်ရပ်တွေကြောင့် လေဆိပ်လုံခြုံရေးတာဝန်ခံတွေက
ချီးကျူးရတဲ့အထိပါပဲ ။ ဒါပေမဲ့ ဒီကိစ္စအပေါ်မှာ စိတ်အနှောင့်အယှက်ဖြစ်နေသူက ညွှန်ကြားရေးမှူး-ဖရန့်ခ်
ပါ ။ သူက နာဗော့စကီးကို လေဆိပ်ထဲကနေ ဖယ်ထုတ် ပစ်ချင်နေတာလေ ။ ဒါ့ကြောင့် လေဆိပ်ထဲကခိုးထွက်ဖို့
ဥပါယ်တမျဉ်နဲ့ အကြံပေးခဲ့ပေမဲ့ နာဗော့စကီးက မလုပ်ဆောင်ခဲ့ပါဘူး ။
လေဆိပ်ထဲမှာပဲ
လှည့်ပတ်သွားလာနေတဲ့နာဗော့စကီးကို လေဆိပ်ဝန်ထမ်းအများစုက သတိပြုမိလာကြတယ် ။ အဲဒီအထဲ
မှာမှ စားသောက်ကုန်ပို့တဲ့လူငယ်လေး-အန်ရစ်က
နာဗော့စကီးထံ ချည်းကပ်ခဲ့ပါတယ် ။ သူက အရာရှိမလေးဒိုလောရီးစ်ကို မေတ္တာ ရှိနေတာကြောင့် နေ့စဉ် ဗီဇာသွားလျှောက်နေတဲ့-နာဗော့စကီးကို
အောင်သွယ်လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ အပေးအယူအနေနဲ့ နာဗော့စကီးအတွက် စားစရိတ်ကို
သူက တာဝန်ခံပါ့မယ်ပေါ့ ။ အဲဒီနောက်မှာတော့ နာဗော့စကီးရဲ့ဘဝဟာ တော်တော် အဆင်ပြေ လာပါတယ်
။ ဝန်ထမ်းတွေကလည်း သူ့အကြောင်းကို သိရှိသွားလို့ သူ့အပေါ် ကရုဏာသက်ဝင်ပြီး ခင်မင်လာကြတယ်
။ နာဗော့ စကီးကို မကူညီဘဲ နှောင့်ယှက်နေတာဆိုလို့ ဖရန့်ခ်တစ်ယောက်ပဲ ရှိပါတော့တယ် ။
ညွှန်ကြားရေးမှူး-ဖရန့်ခ်က
စိတ်သဘောထားမပြည့်ဝသူလို့ ဆိုရပါလိမ့်မယ် ။ သူက နာဗော့စကီး ကြုံတွေ့နေရတဲ့ နိုင်ငံမဲ့
အပယ်ခံတစ်ယောက်ရဲ့ဒုက္ခကို မစာနာဘဲ လေဆိပ်ထဲကနေ ထွက်ခွာခိုင်းဖို့သာ ဆန္ဒရှိနေပါတယ် ။
အဲဒါကြောင့် နာဗော့စကီးကို ရုံးခန်းဆီ ခေါ်ယူပြီး အခွင့်အရေးတစ်ခု ပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်
။ သူ ပေးတဲ့အခွင့်အရေးကတော့ စစ်တွေ ဖြစ်ပွားနေတဲ့ မိမိရဲ့နိုင်ငံကို ကြောက်တယ်လို့
ထုတ်ပြောဖို့ပါပဲ ။ ဒီအပိုင်းက ဒိုင်ယာလော့လေးကို သဘောကျလို့ ကောက်နုတ်တင်ပြပါရစေ ။
“ လောလောဆယ် ခင်ဗျားနိုင်ငံကို ပြန်ဖို့ ကြောက်လား ။ (ဟင့်အင်း) ခင်ဗျားနိုင်ငံမှာ
စစ်ဖြစ်နေတယ် ။ လမ်းတွေပေါ်မှာ
လက်နက်ကိုင်တွေ အများကြီး ။ ဘာဖြစ်မယ်လို့
ဘယ်သူမှ မပြောနိုင်ဘူး ။ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေကျေနေကြရ
တယ် ။ ဒါဆို ခင်ဗျား ကြောက်ပြီလား ။ (ဘာကို
ကြောက်ရမှာလဲ) ခရာကိုဇီးယားကို ကြောက်ရမှာလေ ။ (ခရာကိုဇီးယား
ကို ဟုတ်လား ။ ကျုပ် ခရာကိုဇီးယားကို မကြောက်ဘူး
။ ကျုပ် ကြောက်တာ ဒီရုံးခန်းကိုပဲ) ကျွန်တော်က ဗုံးတွေ ၊ လူ့သိက္ခာ
တွေ ၊ ရပိုင်ခွင့်တွေအကြောင်း ပြောနေတာ ။
ခရာကိုဇီးယားကို ကြောက်တယ်ပြောဖို့ အားနာမနေနဲ့ ။ ပြောမယ့်သာ ပြော
လိုက်စမ်းပါ ။ (အဲဒါ ကျုပ်အမိနိုင်ငံဗျ ။
ဘာဖြစ်လို့ကြောက်ရမှာလဲ)”
@@@
အလုပ်အပေါ်
အာရုံစိုက်လွန်းသူတချို့ဟာ ကိုယ်ချင်းစာတရားကို မေ့သွားတတ်ကြပါတယ် ။ ဒီအချက်ကို ကြည့်ရှုသူတွေ
သတိပြုမိစေဖို့ထင်ရဲ့…ဒီရုပ်ရှင်မှာ လှလှပပတင်ပြထားတာကို တွေ့လိုက်ရပါတယ် ။ ညွှန်ကြားရေးမှူး-ဖရန့်ခ်က
တရားမဝင်ပစ္စည်း တွေ ဖမ်းဆီးတဲ့နေရာမှာ နာမည်ကျော်တဲ့ပုဂ္ဂိုလ်ပါ ။ လူမျိုးစုံဝင်ရောက်လာတဲ့
ဒီလိုအထင်ကရလေဆိပ်ကြီးမှာ အန္တရာယ်ရှိနိုင်တဲ့ တရားမဝင်ပစ္စည်းတွေကို စောင့်ကြည့်ဖမ်းမိဖို့ဆိုတာ
လွယ်ကူတဲ့ကိစ္စတော့ ဘယ်ဟုတ်ပါ့မလဲ ။ ဒါပေမဲ့ ဒီလိုဖမ်းမိတဲ့အနေအထား မှာ ဖရန့်ခ်ဟာ စိတ်ကြီးဝင်သွားခဲ့တာကြောင့်
လူသားချင်း စာနာထောက်ထားဖို့ မဆင်ခြင်နိုင်တော့တဲ့အထိပါပဲ ။ အသက်လုနေရတဲ့ ဖအေအတွက်
ဆေးဝယ်လာတဲ့-နိုင်ငံခြားသားတစ်ဦးကို တရားမဝင်ပစ္စည်းသယ်ယူမှုနဲ့ ဖမ်းဆီးခဲ့တယ် ။ ဒီအခြေအနေမှာ
နာဗော့ စကီးက အနစ်နာခံပြီး ဝင်ကူညီခဲ့တယ် ။ ဖရန့်ခ်ရဲ့ခြိမ်းခြောက်မှုကိုတောင် မကြောက်ဘဲ
အားနည်းတဲ့ဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည် ပေးခဲ့တာကြောင့် ဝန်ထမ်းတွေကြားမှာ နာဗော့စကီးဟာ
ဟီးရိုးလုံးလုံးဖြစ်သွားခဲ့ပါရော ။
လူ့စိတ်က ဆန်းကြယ်လှတယ်
။ နိုင်ငံမဲ့နေလို့ လေဆိပ်ထဲမှာ ခိုကပ်နေထိုင်ရင်း ဒုက္ခတွေ့နေတဲ့နာဗော့စကီးကို ဖရန့်ခ်လို
လေဆိပ်ရဲ့အကြီးအကဲတစ်ယောက်က မနာလိုဖြစ်ပြီး နှောင့်ယှက်နေတဲ့ကိစ္စဟာ တော်တော်လည်း အံ့သြစရာကောင်းပါတယ်
။ ဖရန့်ခ်က နာဗော့စကီးကို အမြဲစောင့်ကြည့်အကဲခတ်နေတာကြောင့် လေယာဉ်မယ်လေးတစ်ဦးနဲ့
အကျွမ်းဝင်နေတာကို သိရှိသွားခဲ့ တယ် ။ လေယာဉ်မယ်လေး-အမီလီယာက အချစ်ရေးမှာ ရှုပ်ထွေးလွန်းသူပါ ။ ဒါပေမဲ့ ရိုးသားပြီး ကူညီတတ်တဲ့နာဗော့စကီးကို
သဘောကျသွားတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် တွယ်တာသွားခဲ့ကြပါတယ် ။ ဒီအနေအထားကို မရှုစားနိုင်တဲ့ဖရန့်ခ်က
အမီလီယာကို ရုံးခန်းဆီ ခေါ်ဆောင်လာစေပြီး နာဗော့စကီးအပေါ် အထင်လွဲမှားအောင် ပြောကြားခဲ့ပါတယ်
။
အစားအသောက်ပို့တဲ့ကောင်လေး-အန်ရစ်နဲ့
အရာရှိမလေး-ဒိုလောရီးစ်တို့နှစ်ဦးရဲ့အချစ်လမ်းခရီးကို ဖြောင့်ဖြူးသာယာ အောင် ဆောင်ကျဉ်းပေးခဲ့တဲ့နာဗော့စကီးခမျာ
သူ့အချစ်ရေးမှာတော့ ကံမကောင်းရှာပါဘူး ။ ဖရန့်ခ်ရဲ့ခလောက်ဆန်မှုကြောင့် နာဗော့စကီးအပေါ်
အမီလီယာ အထင်လွဲသွားခဲ့တယ် ။
-
လေဆိပ်ထဲမှာ ဘာဖြစ်လို့နေထိုင်နေရတာလဲ ။ ဒီနိုင်ငံကို ဘယ်လိုအကြောင်းကြောင့် ရောက်ရှိနေတာလဲ
။ ရှင် အမြဲကိုင်ထား
တတ်တဲ့ မြေပဲယိုဘူးလေးက ဘာလဲ ။
အမီလီယာရဲ့နှုတ်ဖျားက မေးခွန်းတွေ တသီတတန်းကြီး
ထွက်ကျလာခဲ့ပါပြီ ။ ဒီအခါမှာ နာဗော့စကီးက နယူးယောက်မြို့ကြီးဆီ သူ ရောက်လာရတဲ့အကြောင်းရင်းကို
ရှင်းပြခဲ့ပါတယ် ။ ဖခင်ဖြစ်သူက လူ(၅၀)ကျော်ပါဝင်တဲ့ဂျက်စ်ဂီတဝိုင်းကို အလွန်စွဲလမ်းတဲ့
အတွက် စာများစွာ ရေးပို့လို့ လက်မှတ်တွေ တောင်းယူခဲ့တယ် ။ အားလုံးနီးပါးရဲ့လက်မှတ်တွေကို
ရရှိခဲ့ပေမဲ့ တစ်ယောက်သောသူ ရဲ့လက်မှတ် လိုအပ်နေသေးချိန်မှာ နာဗော့စကီးရဲ့အဖေဟာ ကွယ်လွန်သွားခဲ့တာကြောင့်
ဖခင်ရဲ့နောက်ဆုံးဆန္ဒကို ဖြည်းဆည်း ပေးလိုစိတ်နဲ့ နယူးယောက်ကို ထွက်လာရခြင်းဖြစ်ကြောင်း
လက်မှတ်တွေ ထည့်သိမ်းထားတဲ့မြေပဲယိုဘူးကို သက်သေပြလို့ ဖြေရှင်း လိုက်တဲ့အခါမှာတော့
အမီလီယာ စကားမဆိုနိုင်တော့ပါဘူး ။ လေဆိပ်ထဲမှာ အပိတ်မိခံပြီး ဖခင်ရဲ့နောက်ဆုံးဆန္ဒကို
ဖြည့်စွမ်းပေး ဖို့ ဇွဲသန်နေတဲ့နာဗော့စကီးကို သူမ အထင်မလွဲရက်တော့ဘူးလေ ။ တပြိုင်နက်တည်းမှာပဲ
သူမဟာ နာဗော့စကီးရဲ့ရည်ရွယ်ချက် ပြည့်ဝအောင် ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
အခက်အခဲအမျိုးမျိုးကို
ရင်ဆိုင်ကျော်လွှားရင်း ရောက်ရာအရပ်မှာ အဆင်ပြေအောင် ကြိုးစားနေထိုင်ခဲ့တဲ့ နာဗော့စကီးရဲ့
အရုဏ်ဦးအချိန်က ကျရောက်လာပါပြီ ။ စစ်ပွဲ ပြီးသွားပြီ ။ ခရာကိုဇီးယားနိုင်ငံ ငြိမ်းချမ်းသွားပြီ
။ ဒီသတင်းက နာဗော့စကီးအပေါ် ခင်မင်နေသူအားလုံးအတွက် မင်္ဂလာစကားဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့
ကာယကံရှင်ခမျာတော့ ပြည့်ပြည့်ဝဝပျော်ခွင့်မရရှာပါဘူး ။ ရိုးသားဖြူစင်တဲ့-နာဗော့စကီးကို
အမီလီယာဟာ မေတ္တာသက်ဝင်ပေမဲ့ အခြေအနေအရ ပေါင်းဖက်ဖို့မဖြစ်နိုင်တဲ့အတွက် သူ အဆင်ပြေအောင်
ကူညီပေးဖို့ကိုပဲ သူမ ရွေးချယ်ခဲ့ပါတယ် ။ ဂီတပညာရှင်ရဲ့လက်မှတ်ကို သွားယူနိုင်ဖို့အတွက်
နယူးယောက်မြို့ ထဲကို နာဗော့စကီး ဝင်ခွင့်ရအောင် သူမ အကူအညီတောင်းပေးခဲ့တယ် ။ နှလုံးသားကို
စတေးလို့ အမီလီယာ စီစဉ်ပေးတဲ့စာရွက် စာတမ်းတွေက နာဗော့စကီးကို အလုံးစုံမထောက်ပံ့နိုင်သေးပါဘူး
။ ဘာကြောင့်လဲဆိုတော့ ညွန်ကြားရေးမှူး(ဖရန့်ခ်)ရဲ့လက်မှတ် မပါရင် အရာမထင်လို့ပါ ။ ဖရန့်ခ်ဟာ
နောက်ဆုံးအချိန်ထိ နာဗော့စကီးအပေါ်မှာ နားလည်ရခက်တဲ့အငြှိုးတွေနဲ့ နှောင့်ယှက်နေခဲ့
တယ် ။ ဒါပေမဲ့ လူတကာအပေါ် ကူညီပြီး စိတ်ရင်းကောင်းတဲ့နာဗော့စကီးကို လေဆိပ်ဝန်ထမ်းတွေက
ပြန်လည်ဖေးမ,ခဲ့တာကြောင့် နောက်ဆုံးမှာတော့ လေဆိပ်အပြင်ဘက်ကို ထွက်နိုင်ခဲ့ပါတယ် ။
လေဆိပ်အပြင်ဘက် နယူးယောက်မြို့ထဲကို ရောက်ရှိသွားခဲ့ပြီး နောက် နာဗော့စကီး ဘာလုပ်မလဲဆိုတာ
ပြောပြဖို့ လိုတော့မယ်မထင်ပါဘူး ။ ဖခင်ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ ဆက်ဆိုဖုန်းဂီတပညာရှင်ရဲ့လက်မှတ်ကို
သွားရောက်တောင်းခံဖို့ကလွဲပြီး ဘာရှိနိုင်ဦးမှာလဲ ။ ဇာတ်သိမ်းကိုတော့ အိမ်ပြန်မယ်-ဆိုတဲ့စကားလေးနဲ့ အဆုံးသတ်ထားပါတယ်
။
ကျွန်မ
ပြောပြခဲ့တဲ့ရုပ်ရှင်ကတော့ သာမည ခပ်ရိုးရိုး ဇာတ်ကားကောင်းတစ်ကားလို့လည်း ဆိုနိုင်ပါတယ်
။ ပျော်စရာ ရယ်စရာကောင်းအောင်ရိုက်ကူးထားလို့ comdy-dramaအမျိုးအစားထဲ ထည့်ထားပေမဲ့
တစ်ချက်တစ်ချက် မျက်ရည်ဝဲလောက်စရာ ခံစားချက်တွေကို ပေးစွမ်းနိုင်ပါတယ် ။ နောက်ပြီး
ဒီဇာတ်ကားဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့Charles de Gaulleလေဆိပ်မှာ
(၁၉၈၈ ကနေ ၂၀၀၆အထိ) (၁၈)နှစ်တာ နေထိုင်ခဲ့တဲ့ အီရန်နိုင်ငံသား-Mehran Karimi Nasseriဆိုသူရဲ့အတ္ထုပ္ပတ္တိစာအုပ်ကို
ခံစားရိုက်ကူး ထားတာပါ ။ ဖြစ်ရပ်မှန်မှာတော့ ရုပ်ရှင်ထက်ပိုပြီး ရှုပ်ထွေးပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ်
စွဲဆောင်မှု ရှိပြီး နက်နဲတဲ့အတွေးတွေကို ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့
ဘယ်သူမှ မငြင်းနိုင်ပါဘူး ။
ခံစားချက်ကို
အသားပေးပြီး ထိထိရှရှ ပြင်းပြင်းပြပြတင်ဆက်ထားတာမဟုတ်ဘဲ လူ့ဘဝရဲ့ကြွေတစ်လှည့် ကြက်တစ်ခုန်
အနေအထားကို ပေါ့ပေါ့ပါးပါးတင်ပြသွားပုံက နှစ်သက်စရာပါပဲ ။ အမေရိကန်ဇာတ်ကားအချို့ရဲ့ထုံးစံအတိုင်း
ဇာတ်လမ်းကို ကြည့် ကောင်းအောင် ရိုက်ကူးထားပြီး လေးလေးပင်ပင်ကြီးတွေ မြှုပ်နှံမထားပါဘူး
။ ရိပ်ခနဲရိပ်ခနဲတင်ပြသွားပုံတွေကနေ သေချာဖမ်းယူ မယ်ဆိုရင်တော့ ဆက်တွေးချင်စရာတွေ အများကြီးပေါ့
။ ကူညီချင်ပေမဲ့ အဆင်မပြေတဲ့အခါ အထင်လွဲခံရတာမျိုး
၊ လူတွေက အပေါ်ယံကြည့်ပြီး အကဲဖြတ်တတ်ကြတာမျိုး ၊ သဘောထားသေးသိမ်သူတွေဟာ ဘယ်လောက် မြင့်မားနေပါစေ
လူတကာအပေါ် မနာလိုစိတ်ရှိတဲ့အတွက် နိမ့်ကျသူတွေကို အနိုင်ကျင့်တတ်တာမျိုး ၊ စိတ်ထားတတ်သူဟာ
ဘယ်လိုအနေအထားပဲကြုံကြုံ ဘဝကို အဆင်ပြေအောင် ဖြတ်သန်းနေထိုင်တတ်တာမျိုး …
များစွာသောအတွေးအမြင်တွေကို
တွေးယူလို့ရနိုင်ပေမဲ့ ကျွန်မ အဓိကခံစားမိတာကတော့ နိုင်ငံမဲ့ အပယ်ခံတစ်ယောက်ရဲ့ နိုင်ငံချစ်စိတ်ပါ
။ သေးငယ်တဲ့နိုင်ငံလေး-ခရာကိုဇီးယားက ပြည်သူတစ်ယောက် ။ ကြီးမားတဲ့အမေရီကန်နိုင်ငံရဲ့လေဆိပ်ထဲမှာ
ပိတ်မိနေခဲ့ပေမဲ့ ဂီတပညာရှင်ရဲ့လက်မှတ်ကို အရယူဖို့ကလွဲပြီး သူ့မှာ ဘာဆန္ဒမှ မရှိခဲ့ဘူး
။ စစ်တွေဖြစ်နေတာတောင် ကိုယ့်နိုင်ငံ အပေါ် မြတ်နိုးတဲ့စိတ်ကို မစွန့်လွှတ်တဲ့ နာဗော့စကီးရဲ့စိတ်ထားကို
(ဒီဇာတ်ကားမှာ နက်နက်ရှိုင်းရှိုင်းကြီးမပြသဘဲ) မြင်သာရုံလေး လှစ်ဟသွားပေမဲ့ ရင်ထဲထိတိုင်
ထိရှခံစားမိစေပါတယ် ။ နိုင်ငံတစ်နိုင်ငံရဲ့ အလိုအပ်ဆုံးဖြစ်တဲ့ငြိမ်းချမ်းရေး ပျောက်ဆုံးနေသည့်တိုင်
အဲဒီနိုင်ငံသား-နာဗော့စကီးဟာ ကိုယ့်နိုင်ငံအပေါ် ချစ်တဲ့စိတ်ကို ဘယ်လိုအကြောင်းကြောင့်မှ
မစွန့်ပယ်ဘဲ ဆက်လက်ထိန်းသိမ်း ထားပုံက လေးစားအတုခိုးချင်စရာပါပဲ ။
ဆက်တွေးကြည့်မိတာကတော့
နိုင်ငံသားတိုင်းသာ ကိုယ့်နိုင်ငံကိုယ် ချစ်မြတ်နိုးမယ်ဆိုရင် ၊ ချစ်တဲ့နိုင်ငံ တိုးတက်အောင်
စိတ်ရှည်သည်းခံပြီး ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြမယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတဲ့အရာက
သူ့အလိုလို အသက်ဝင်လာလေမလား ။ သေချာတာကတော့ အချစ်ဆိုတဲ့အရာက လောဘနဲ့ ၊ အတ္တနဲ့ တည်ဆောက်ရတာ
မဟုတ်ပါဘူး ။ ပေးဆပ်မှုနဲ့ ၊ စွန့်လွှတ်မှုနဲ့ တည်ဆောက်ရတာပါ ။ ခရာကိုဇီးယားနိုင်ငံသားလေး-နာဗော့စကီးကတော့
ငြိမ်းချမ်းတဲ့အမိနိုင်ငံကို ပြန်ရဖို့အတွက် အမေရီကန် လေဆိပ်ထဲမှာ နိုင်ငံမဲ့အပယ်ခံတစ်ယောက်ရဲ့ဒုက္ခတွေကို
အချိန်ကြာမြင့်စွာသည်းခံရင်း စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ပါတယ် ။ ။
@
ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ …
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို