သံသရာ
( ၂၀၁၅ ဧပြီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
--------------------------------------------------------------------------------------------------
“ အို…သမီးငယ်ရယ်…”
ဆုပ်ကိုင်လိုက်သောမိမိ၏လက်ကို
တွန်းဖယ်ကာ မိမိကို စိမ်းစိမ်းကားကားကြီးစိုက်ကြည့်နေသောသမီးလေး၏မျက်ဝန်းများ ကို ငေးကြည့်ရင်း
ဦးအောင်သွင်၏နှလုံးသည်းခိုင် နာကျင်ကြေကွဲသွားခဲ့ရပြီ ။ သမီးလေးက စကားတစ်ခွန်းမျှ
မဆိုပါ ။ ဖခင် ကို စော်စော်ကားကားမိုက်မိုက်ရိုင်းရိုင်း ဘာတစ်ခွန်းမျှ မပြောခဲ့ပါ
။ သို့ပေမဲ့ နှုတ်ပါးစပ်က စကားထွက်ပေါ်လာခြင်းမရှိပေမဲ့ သူမ၏မျက်လုံးအကြည့်က ဖအေကြီးအပေါ်
အလွန်တရာမှ ရွံ့မုန်းအော့နှလုံးနာနေသည့်အရိပ်အယောင်တို့ ပြည့်နှက်လွှမ်း ခြုံလျက်…။
အံကြိတ်ထားသောနှုတ်ခမ်းနှစ်လွှာနှင့် မီးလျံမီးခဲတို့ ဖြာထွက်လာမတတ် စူးရဲတောက်ပသောမျက်လုံးပြူးကြီး
များက ဦးအောင်သွင်ကို အမျိုးမျိုး ယိုးစွပ်ခိုင်းနှိုင်းနေသည် ။ သူမ၏အဝေးဆီသို့ တွန်းထိုးမောင်းထုတ်နေသည်
။
“ သမီးရယ်…ဘာဖြစ်လို့လဲ ။ ဖေဖေ့ကို ဘာဖြစ်လို့
ဒီလောက်မုန်းနေရတာလဲ ။ ဖေဖေ့မှာ ဘာအပြစ်ရှိလို့လဲ ။ ဖေဖေ့ကို
မကျေနပ်တာတစ်ခုခုရှိရင်လည်း ပြောလိုက်ပါလားကွယ်
။ ဒီလိုမျိုး…ဒီလိုမျိုးကြီး ဖေဖေ့ကို မညှင်းဆဲပါနဲ့ ။ ဖေဖေ့မှာ
သားသမီးဆိုလို့ ဟောဒီကသမီးလေးတစ်ယောက်ပဲရှိတာလေ
။”
ဦးအောင်သွင်က
အယူခံဝင်နေသည့်အပြစ်သား၏လေသံမျိုးဖြင့် သမီးငယ်လေး စကားဆိုလာစေရန် တိုးလျှိုးတောင်းပန်
သော်လည်း ဦးအောင်သွင်၏သမီးဖြစ်သူ ပပသွင်က လေသံမျှပင် မဟဘဲ အကြည့်တို့ကို လွှဲဖယ်ကာ
နှုတ်ခမ်းနှစ်လွှာကို တွန့်ရုံမျှမဲ့ကာ ပြုံးလိုက်၏ ။ ထိုသို့ ဦးအောင်သွင် တောင်းဆိုလိုက်တိုင်း
သမီးငယ်လေး၏မျက်နှာ၌ ထိုမဲ့ပြုံးတစ်ချက်က လက်ခနဲ ထ,သွားစမြဲ ။ သည်မဲ့ပြုံးက ဘာအဓိပ္ပါယ်လဲ
။ ဘာကို ဆိုလိုတာလဲ ။
“ ရှင့်ကို ဘာဖြစ်လို့ ပြောပြရမှာလဲ ။ ရှင်က ကျွန်မအဖေဖြစ်ဖို့
မထိုက်တန်ဘူး ။ လူယုတ်မာကြီး ။ ရှင့်အပြစ်တွေကို ရှင့်
ဘာသာရှင် သိပေါ့ ။ ကျွန်မရှေ့က ထွက်သွားပါ ။
ကျွန်မ ရှင့်ကို ရွံတယ် ။”
ဟူသောသဘောများလား
။ သည်လိုစကားလုံးမျိုးတွေများ သူမ၏ရင်ထဲမှာ ရေရွတ်နေလေမလား ။
ဦးအောင်သွင် မခံစားနိုင်တော့ ။ မျက်ရည်တို့က
ရစ်ဝဲနေရာမှ ပါးပြင်သို့ တလိမ့်လိမ့်စီးကျလာခဲ့ပြီ ။ သို့ပေမဲ့ သမီးလေး ကတော့ တစ်ချက်ပင်
စောင်းငဲ့မကြည့် ။ ငါ့အဖေ ငိုနေပါလားဟု သူ မသိမဟုတ် ။ သိလျက်သားနှင့် ဥပက္ခာပြုထားနိုင်ခြင်း
ဖြစ်သည် ။
“ သမီး…သမီးမေမေ အိမ်မှာ အကြီးအကျယ်နေမကောင်းဖြစ်နေတယ်
။ သမီး လိုက်ခဲ့ပါနော် ။ သူက သမီးကို အရမ်း
တွေ့ချင်နေတာ ။ သမီးကိုသာ တွေ့လိုက်ရင် သူ သက်သာသွားမှာ
။ ဖေဖေ့ကို မုန်းနေရင်တောင် သမီးမေမေကို
တော့ သမီး မမုန်းပါနဲ့ကွယ် ။ သူက သမီးကို မွေးထုတ်ပေးခဲ့တဲ့သူပါ
။ ဖေဖေက သမီးအတွက် အဖေ မဖြစ်ထိုက်
ဘူးလို့ သမီး သတ်မှတ်ချင်သတ်မှတ်ပါ ။ ဒါပေမဲ့
သမီးရဲ့မေမေကိုတော့ သမီး ပစ်ပယ်မထားပါနဲ့ကွယ် ။ ဘယ်လိုပဲ
ဖြစ်ဖြစ်…သူ မွေးထုတ်ပေးခဲ့လို့သာ သမီး လူဖြစ်လာရတာ
မဟုတ်လား ။ လိုက်ခဲ့ပါ သမီးရယ် ။ ဖေဖေ တောင်းပန်
ပါတယ် ။”
တစ်ဖက်သို့မျက်နှာလှည့်ကာ
တစ်ချက်မှလှည့်မကြည့်သောသမီးငယ်လေးကို ငေးကြည့်ရင်း ဦးအောင်သွင် တောင်းပန်နေ မိသည်
။ ဇနီးဖြစ်သူဒေါ်ပပက သမီးကို လွမ်းသည့်စိတ် ၊ နောင်တတရားတို့၏ဖိစီးနှိပ်စက်သည့်ဒဏ်တို့ကြောင့်
နှလုံးရောဂါ ဖြင့် အိပ်ရာထက်တွင် ဘုန်းဘုန်းလဲနေပြီ ။ ဇနီးသည်က သူမ၏တစ်ဦးတည်းသောသမီးလေးကို
အလွန်တွေ့ချင်နေမှန်း သိ၍ ယခုလို လိုက်ခဲ့ရန်တောင်းဆိုနေရခြင်းဖြစ်သည် ။
ဒေါ်ပပ နေမကောင်းအကြီးအကျယ်ဖြစ်နေသည်ဟုကြားလိုက်ရသည့်အခါ
ပပသွင်၏မျက်ဝန်းထဲ၌ အရောင်တချို့ လင်း လက်သွားသည် ။ စိုးရိမ်သော ၊ စိတ်ပူသော ၊ သနားသော
၊ ဝမ်းနည်းသော ညို နီ ပြာ ဝါ…ရောင်စုံများ
။ စိတ်ကူးထဲတွင် အိပ်ရာထက်၌ လဲလျောင်းငြိမ်သက်နေသော ဒေါ်ပပ၏ပုံသဏ္ဍာန်ကိုမြင်ယောင်က ငေါက်ခနဲ
ထလိုက်လာချင်စိတ် ပေါက်မိ ပေမဲ့ ချက်ချင်းဆိုသလို ထိုမေတ္တာစိတ်ကို အတိတ်၏သင်ပုန်းချေမရသည့်အာဃာတတရားများက
ဖုံးလွှမ်းပစ်လိုက်၏ ။ ထိုင်နေရာမှ ငေါက်ခနဲထရပ်လိုက်ပြီး ဦးအောင်သွင်၏မျက်နှာကို ခပ်စိမ်းစိမ်းတစ်ချက်စိုက်ကြည့်လိုက်ပြီး
အိပ်ခန်းထဲသို့ လှည့်ထွက်သွားကာ တံခါးပိတ်ပစ်လိုက်သည် ။
“ အား…မထိနဲ့…ငါ့ကို မထိနဲ့ ။ နင့်ကို ငါ ကြောက်တယ်
။”
“ သမီး…သမီး…နေကောင်းရဲ့လား ။ မေမေလေ…။ သမီးမေမေကို
သမီး ဘယ်လိုပြန်ပြောနေတာလဲ ။”
“ မသိဘူး ။ မထိနဲ့…ငါ့ကို မထိနဲ့ ။ နင် ငါ့အမေ
မဟုတ်ဘူး ။ နင်က လူသတ်သမား…”
စူးစူးရွားရွားအော်ဟစ်ပြောဆိုလိုက်သောသမီးလေး၏စကားများကြောင့်
ဒေါ်ပပ အံ့အားသင့်သွားသည် ။ မျက်လုံးအဝိုင်း သားဖြင့် သမီးငယ်လေး၏မျက်နှာကို ငေးကြည့်နေမိသည်
။ ပြုံးလိုက်တိုင်း ပါးချိုင့်ခွက်ခွက်လေးများ ပေါ်လာကာ ချစ်စရာ အလွန်ကောင်းသော ၊ မျက်ဝန်းညိုလဲ့လဲ့ရွှန်းရွှန်းကြီးများက
ငါးနှစ်သား,သမီးလေးနှင့်မှ မလိုက်ဖက်အောင် တောက်ပစူးရှ နေတတ်သော သမီးငယ်လေးပပသွင်သည်
မွေးကတည်းက တည်ငြိမ်ရင့်ကျက်ပြီး ထူးခြားသူလေးလည်းဖြစ်သည် ။
ဦးအောင်သွင်နှင့်ဒေါ်ပပတို့က အသက်ကြီးမှ လက်ထပ်ဖြစ်ခဲ့ကြသောဇနီးမောင်နှံဖြစ်သောကြောင့်
အသက်(၄၀)ကျော် သည့်တိုင် ကလေးတစ်ဦးတစ်ယောက်မျှ မရရှိခဲ့ချေ ။ သို့ကြောင့် သားသမီး
ရတော့မည်မဟုတ်ဟု ထင်မှတ်ထားမိချိန်မှ ဒေါ်ပပက ကိုယ်ဝန်ရလာခဲ့သည် ။ နှစ်ယောက်သား ပျော်လိုက်သည်ဖြစ်ခြင်း
။ မမွေးခင်ကတည်းက ဗိုက်ထဲက,ကလေး လေးကို ချစ်ခဲ့ကြသည် ။ သူကလေး ကျန်းကျန်းမာမာဖွားမြင်နိုင်စေရေးအတွက်
ဒေါ်ပပလည်း အစစအရာရာ ဂရုစိုက်ခဲ့၏ ။ ဦးအောင်လွင်ကလည်း အလုပ်ကို နှစ်ဆတိုးကာ ကြိုးစားခဲ့သည်
။ နှစ်ယောက်သား (၄၀)ကျော်မှ ကံပေါ်ခဲ့သည်ကိုး ။
မွေးဖွားလာသည့်အခါတွင်လည်း ထင်မှတ်ထားတာထက် အရာရာသာလွန်ခဲ့သည်
။ သမီးကလေးက ဖြူဖြူဖွေးဖွေး တတုံးတခဲကြီး ။ မျက်ခုံးကြီးမှာ မွေးကတည်းက ထင်းနေပြီး
မျက်လုံးများကလည်း ကြီးမားတောက်ပလှသဖြင့် ငယ်နာမည် ကို “အိုင့်အိုင့်”(EYE)ဟုပင် ခေါ်တွင်ခဲ့သည်
။ အိုင့်အိုင့်ကို လင်မယားနှစ်ယောက် တုန်နေအောင် ချစ်ခဲ့ကြသည် ။ ချစ်မှာ ပေါ့…။ သူတို့လင်မယားနှစ်ယောက်ပေါင်းမှ
သည်သမီးလေးတစ်ယောက်ပဲ ရှိသကိုး ။ အသက်အရွယ်ကလည်း (၄၀)ကျော် မို့ သက်ကြီးပိုင်းသို့
ချည်းကပ်နေလေပြီ ။ အသက်အရွယ် ကြီးရင့်သည့်အခါကျ သည်သမီးငယ်လေးကိုပဲ စီးပွားဥစ္စာတို့
လွှဲ အပ်ကာ အားကိုးပြုရမည် မဟုတ်ပါလား ။
တစ်လ၊နှစ်လသားအရွယ်တုန်းက မထူးခြားခဲ့ပေမဲ့ သုံးလကျော်လာသည့်နောက်
သမီးလေးအိုင့်အိုင့်သည် တစ်ယောက် တည်း ထားသည့်အခါတွင် ငြိမ်ချက်သားကောင်းနေခဲ့ပြီး
မိခင် သို့မဟုတ် ဖခင်က လာရောက်ချော့မြူသောအခါ၌ အော်ငို တတ်သည် ။ အဆိုးဆုံးမှာ မိခင်၏နို့ကို
မသောက်စို့တော့ခြင်းပင် ။ ဒေါ်ပပက မည်မျှပင် ဇွတ်အတင်းတိုက်ပါစေ…ရုန်းကန် အော်ဟစ်နေရုံမှလွဲ၍
နို့မစို့တော့ ။ မိဘနှစ်ပါးခမျာ ခေါင်းမီးတောက်ရပြီ ။ အသက်ကလေးက သုံးလကျော် လေးလစွန်းရုံ
သာရှိသေး ။ နို့မစို့ဘဲ အစာအငတ်ခံကာ ဆန္ဒပြနေလေရာ ဆရာဝန်များထံသို့ သွားကာ အကြံဥာဏ်တောင်းခံရသည်
။ သူ တို့ပြောသောနည်းလမ်းများအတိုင်း ကလေး နို့စို့လာအောင် ကြိုးစားကြည့်သော်လည်းမရ
။ နို့မစို့၍ အာဟာရဝင်အောင် နို့မှုန့်ဖျော်ကျွေးပြန်တော့လည်း ကလေးငယ်က လူးကာလိမ့်ကာသာ
ငိုနေ၍ ဦးအောင်သွင်တို့မှာ ယောက်ယက်ခတ်ခဲ့ရ သည် ။ နောက်ဆုံး … နယ်မှအဒေါ်တစ်ဝမ်းကွဲကိုခေါ်ကာ
ကလေးနှင့်ပတ်သက်ပြီး အကြံဥာဏ်တောင်းရ၏ ။
“ သြော်…နင်တို့တွေက ကလေးကို ချစ်ဖို့ကလွဲပြီး
ဘာမှသိကြတာမှမဟုတ်ဘဲ ။ ကလေးဆိုတာ အမျိုးမျိုးဟဲ့ ။ သူတို့က
လူပေါက်စလေးတွေဆိုတော့ လူလိုပဲ ။ ခံစားချက်နဲ့စိတ်ကူးစိတ်သန်းလေးတွေ
ရှိတယ် ။ ဒါကို နင်တို့က နားမလည်
ဘဲ အတင်းဇွတ်ကျွေးနေတော့ ပိုဆိုးကုန်တာပေါ့
။ ကဲ…ကဲ…ငါ့မြေးကို ငါပဲ ဂရုစိုက်မယ် ။ နင်တို့ဘာသာနင်တို့သာ
ပိုက်ဆံရှာတဲ့အလုပ်,လုပ်ကြ ။ နင်တို့က ဒါပဲတတ်ကြတာမဟုတ်လား
။”
ဦးအောင်သွင်၏အဒေါ်ဖြစ်သူအသက်(၅၀)ကျော်အရွယ်ရှိဘွားကြူးသွင်က
စကားကို ထိုသို့ ဗျစ်တောက်ဗျစ်တောက်ပြော တတ်ပေမဲ့ စိတ်ရှည်သည်းခံသူပီပီ ကလေးကို ချော့ကာမြူက
၊ ဟိုဟိုသည်သည်ချီပွေ့ကာ အစာကျွေးလေသည် ။ ထိုအခါ မှ ကလေးလည်း အစာကောက်တော့၏ ။ သမီးလေး
အစာပြန်စားလာပြီဟုသိရမှ ဦးအောင်သွင်တို့လင်မယားလည်း စိတ် သက်သာရာရကာ “ဟင်း”ချနိုင်တော့သည်
။
“ တော်သေးပါရဲ့ ။ သမီးလေးကို နှို့မှုန့်ဖျော်တိုက်တာ
အဆင်ပြေသွားပေလို့ ။”
“ ဟုတ်ပါ့ ကိုအောင်ရယ် ။ နို့မို့ဆို ပပလည်း ဘာလုပ်ရမှန်းမသိတော့ဘူး
။ အစာမစားလို့ သမီးလေး ဖျားမလားနာမလား
တွေးပြီး စိုးရိမ်လိုက်ရတာ ။ အခုမှပဲ စိတ်အေးတော့တယ်
။ ကိုအောင့်အဒေါ်ကို ကျေးဇူးတင်ရမယ် ။”
ထိုစဉ်က
ထိုကိစ္စအပေါ် သာမန်ကာလျံကာမျှသာ သဘောထားခဲ့ကြသည် ။ ကလေးသဘာဝ ကဂျီကဂျောင်ကျခြင်းသာဖြစ်
မည်ဟု မှတ်ထင်ခဲ့ကြသည် ။ သို့သော် … ထိုကိစ္စမှာ ပြဿနာကြီးတစ်ခု စတင်ရန်အတွက် ပထမခြေလှမ်း(step
one) ဖြစ်ခဲ့ကြောင်းကိုမူ ထိုစဉ်က သူတို့နှစ်ဦး မရိပ်မိခဲ့ကြချေ ။
စကားပြောတတ်သည့်အရွယ် အသက်(၄)နှစ်ဝန်းကျင်၌ အိုင့်အိုင့်
ခေါ် ပပသွင်လေး စတင်ပြောဆိုသောစကားမှာ မေမေ
ကြူးဖြစ်သည် ။ “မေမေကြူး”ဆိုသည်မှာ ဘွားကြူးသွင်ကိုခေါ်ဆိုခြင်းဖြစ်၍ မိဘများအဖို့
ဝမ်းနည်းဖွယ်ရာအကြောင်းရှိ သော်လည်း ဦးအောင်သွင်တို့အတွက်တော့ အဆန်းမဟုတ် ။ ဝမ်းလည်းမနည်း
။ ပပသွင်လေး၏ဗာရီယကိစ္စမှန်သမျှ သည်ဘွားအေကပဲ လုပ်ကိုင်ပြုစုပေးခဲ့သည် မဟုတ်လား ။ သည်တော့
သမီးလေးက နီးစပ်သူကို ပထမဆုံးခေါ်ဆိုမှာပေါ့ ။ နောက်ပြီး သမီးငယ်လေး၏ဝေယျာဝစ္စများကို
သူတို့လင်မယား ဝိုင်းကူ၍မရပါ ။ သူ့အနားသို့ မိဘနှစ်ပါး ကပ်လာသည်နှင့် ၊ တစ်ဦးဦးက
သူလေးကို ထွေးပွေ့သည်နှင့် လူးကာလိမ့်ကာ ငိုကြွေးတတ်တာကြောင့် ဘွားကြူးသွင်ကပင်…
“ နင်တို့တွေက အသက်ကြီးမှ ကလေးယူတာကိုး ။ အခုတော့…ကလေးလည်း
မထိန်းနိုင်ကြတော့ဘူး ။ ထိန်းလည်း
မထိန်းတတ်ကြဘူး မဟုတ်လား ။”
ဟုဆူပူကာ
သူပဲ ထိန်းခဲ့သည် ။ ကလေးကလည်း လက်သာသောဘွားအေကိုသာ တွယ်ကပ်နေ၍ ဦးအောင်သွင်နှင့်ဒေါ်ပပ
လည်း စိတ်လျှော့လိုက်ရသည် ။ ဘာပဲပြောပြော သမီးလေး စိတ်ချမ်းသာဖို့က အဓိကလေ ။
“ မထိနဲ့…အား…မေမေကြူး…မေမေကြူး…ရေ…”
“ ဟဲ့…ဟဲ့…ဘာဖြစ်တာတုံး ။”
တဖြည်းဖြည်းနှင့်
အခြေအနေတို့က ပိုဆိုးလာခဲ့သည် ။ အသက်ကြီးလာသည်နှင့်အမျှ သမီးလေးက ဒေါ်ပပတို့ကို စိမ်းကား
လာသည် ။ တစိမ်းပြင်ပြင်လို ဆက်ဆံကာ ဘွားအေကိုသာ တွယ်ဖက်နေသည် ။ ယုတ်စွအဆုံး ထိကိုင်ပွေ့ဖက်ခြင်းကိုပင်
လက်မခံတော့ ။
“ သမီး…သမီးလေး…မေမေလေ ။ သမီးရဲ့မေမေလေ ။”
“ ဟင့်အင်း…မေမေကြူး…မေမေကြူး သမီး ကြောက်တယ် ။
သမီး သူ့ကို ကြောက်တယ် ။”
“ လုပ်ပါဦး…ဒေါ်ဒေါ်ရယ် ။ သူက ကျွန်မကို ကြောက်တယ်တဲ့
။ သူ့အဖေကိုဆို စကားတောင် မပြောဘူး ။ ဘာဖြစ်လို့
များပါလိမ့် ။”
“ အေးလေ မြေးလေးကလည်း…။ မိဘကို ဒီလိုမပြောရဘူးလေ
။ သမီး မသိတာလည်း မဟုတ်ဘဲနဲ့ ။ မိဘဆရာသမား
တွေကို ဘုရား/တရား/သံဃာနဲ့ တတန်းတည်းထားရမယ်
။ အနန္ဓောအနန္ဒငါးပါးကို ရိုသေလေးစားရမယ် ။ ချစ်ခင်
မြတ်နိုးရမယ်လို့ မေမေကြူး မဆုံးမဖူးဘူးလား ။
မိဘကို စော်ကားရင် ငရဲကြီးတတ်တယ်လို့ မေမေကြူး မပြောဖူးဘူး
လား ။”
ဘွားကြူးသွင်က
အမျိုးမျိုးနားချသည် ။ သဘောပေါက်နားလည်အောင် ဥပမာသာဓကပုံပြင်များဖြင့် ရှင်းပြသည် ။
သို့သော် မည်ကဲ့သို့သောအကြောင်းကြောင့် မသိ ၊ သမီးလေးသည် အခြားအရာတို့၌ လိမ္မာရေးခြားရှိသလောက်
၊ အခြားသူများနှင့် ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်သလောက် မိဘများကိုမူ တစိမ်းဆိုတာထက်
ရန်သူဟူ၍ပင် သတ်မှတ်ထားပုံရသည် ။ ပွေ့ဖက် မွှေးကြူရန် မဆိုထားနှင့်…ထိတွေ့ခွင့်၊ စကားပြောဆိုခွင့်ပင်
မပေး ။ ဒေါ်ပပမှာ သမီးငယ်လေး၏စိမ်းကားမှုကြောင့် မျက် ရည်အရွှဲသားနှင့် ဝမ်းနည်းကြေကွဲခဲ့ရသည်
။
-
သမီးလေးက မိမိအပေါ်မှာ ဘာကို မကျေမနပ်ဖြစ်နေတာလဲ ။ ဘာကို အလိုမကျဖြစ်နေတာလဲ ။
အကြိမ်ကြိမ်အခါခါစဉ်းစားကြည့်ပေမဲ့
အဖြေက ပေါ်မလာ ။ သမီးလေးကလည်း စိတ်ပြေရန်ဝေးစွ…အသက်ရလာသည်နှင့် အမျှ မိဘများ၏မျက်နှာကိုပင်
မကြည့်ချင်လောက်အောင် မုန်းတီးလာသောကြောင့် နောက်ဆုံးတွင် သူ့ဘွားအေနှင့်အတူ ဘွားအေ၏ရွာသို့
လိုက်ပါသွားခဲ့သည် ။ ပြောင်းရွှေ့သွားခဲ့သည် ။ ဘွားကြူးသွင်ကလည်း အမျိုးမျိုးတရားချပါသေးသည်
။ သို့ပေမဲ့ သမီးငယ်လေးကိုယ်တိုင်ကိုက…
“ ဒီလူတွေနဲ့သာ ဆက်နေရမယ်ဆိုရင် သမီးကိုယ်သမီး
သတ်သေပစ်မိမှာ ။”
ဟုဆိုလာသောကြောင့်
ယခုကဲ့သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်၏ ။
-
သြော်…ဒီအမေတွေနဲ့ နေရတာထက်စာရင် သေတာကမှ တော်သေးတယ်တဲ့ ။ ဘာဖြစ်လို့လဲ သမီးလေးရယ်
။ မေမေ့
မေတ္တာတွေကို သမီး ဘာဖြစ်လို့ နားမလည်ရတာလဲ ။ ဘာဖြစ်လို့
ဒီလောက်မုန်းနေရတာလဲ ။ သမီးလေးကို ကိုယ်ဝန်ရ
ကတည်းက မေမေ့မှာ တသသတွေးရင်း ပျော်နေချစ်နေခဲ့ရတာပါ
။
မည်မျှ
ရေရွတ်ညည်းတွားပါစေ…တောင်းပန်တိုးလျှိုးပါစေ…ခြိမ်းခြောက်ဟိန်းဟောက်ပါစေ…ဒေါ်ပပ၏စကားများဟာ
သမီး လေးပပသွင်၏နှလုံးသားကို တစွန်းတစပင် လှုပ်ရှားမသွားစေခဲ့ပါ ။ သမီးလေးက သူ့ကို
အချစ်ကြီးချစ်သော ၊ အမျှော်လင့် ကြီးမျှော်လင့်ခဲ့သော သည်မိဘနှစ်ပါးကို ကျောခိုင်းစွန့်ခွာကာ
အဝေးသို့ ထွက်ခွာသွားခဲ့သည် ။
ယခုဆိုလျှင် ဒေါ်ပပ- သမီးလေးကို မတွေ့မြင်ရတာ
ရှစ်နှစ်ရှိပြီ ။ သမီးလေးလည်း ယခုလောက်ဆို အပျိုဖြန်းလေး ဖြစ် နေလောက်ပြီ ။ ငွေရေးကြေးရေးကိုပင်
သမီးလေးမသိအောင် ထောက်ပံ့နေရသည့်အဖြစ် ။ ယခင်က ရွာသို့ အခါခါအလီလီ
သွားကာ
သမီး၏မျက်နှာကို တွေ့မြင်ရရန် ၊ သမီးလေး စိတ်လည်လာစေရန် ကြိုးပမ်းခဲ့ပေမဲ့ သမီးလေးက
ဒေါ်ပပတို့လာ သည်နှင့် အခြားတစ်နေရာသို့ ရှောင်ခွာပြေးကာ ပုန်းအောင်းနေသည် ။
အချိန်ကြာလာသည်နှင့်အမျှ ဒေါ်ပပ သဘောပေါက်လာ၏
။ ဒါဟာ ဝဋ်လည်ခြင်း ။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာ ဆိုသည့်အတိုင်း မိမိပြုခဲ့သောမကောင်းမှုအကုသိုလ်ကံကို
မိမိခံစားနေရခြင်းပင် ။ မိမိ၏အသက်လောက် ချစ်ရသူတစ် ယောက်၏စိမ်းကားရက်စက်မှုကို ခံရတာလောက်
ခံစားရခက်သည့်ဝေဒနာမရှိမှန်း ယခုတော့ ဒေါ်ပပ နားလည်သွားခဲ့ပြီ ။ ယခင်က တစ်စုံတစ်ဦး၏အချစ်ကို
မျက်ကွယ်ပြုကာ ထိုသူကိုပင် မကောင်းကြံရွယ်သည်အထိ ဒေါ်ပပ ရက်စက်ခဲ့ဖူးသည် ။ ထိုစဉ်က ဒေါ်ပပတွင်
ကိုယ်ချင်းစာတရားတို့ ကင်းမဲ့ကာ မကောင်းစိတ်၏ဖုံးကွယ်မှုကြောင့် သွေးအေးမာကြောခဲ့သည်
။ ယခုတော့ ထိုဝဋ်ကြွေးများကို ဘဝမကူးပြောင်းခင်၌ ဒေါ်ပပ ခံစားနေရပြီ ။ ပေးဆပ်နေရပြီ
။
“ ပပရေ…ပပ…သြော်…ပပက ဒီမှာလာထိုင်နေတာကိုး ။ ဘယ်လိုလဲ
။ နေသာရဲ့လား ။”
အတွေးတို့က
အတိတ်ဆီတွင် တဝဲလည်လည်လွင့်မြောနေမိစဉ် နဘေးမှခေါ်ငင်လိုက်သည့်အသံကြောင့် ဒေါ်ပပ လှည့်
ကြည့်လိုက်မိသည် ။ တွေ့လိုက်ရသူက ခင်ပွန်းသည်ဦးအောင်သွင် ။ ဒေါ်ပပ၏မျက်လုံးများ ရုတ်ချည်း
အရောင်လက်သွား သွားကာ ဦးအောင်သွင်၏နဘေးသို့ ဝေ့ဝဲကြည့်ကာ သမီးလေးကို ဖွေရှာမိသည် ။
“ ကိုအောင်…သမီး…သမီးလေးရော…”
ဒေါ်ပပ၏စကားကြောင့်
ဦးအောင်သွင် မျက်နှာညှိုးသွားသည် ။ သက်ပြင်းမျှင်မျှင်ကို ခိုးကြောင်ခိုးဝှက်ချသည်
။ သို့ပေမဲ့ အနှစ်(၂၀)နီးပါး ပေါင်းသင်းလာခဲ့သောဇနီးသည်က ဦးအောင်သွင်၏သက်ပြင်းရှိုက်သံကို
ရိပ်စားတတ်နေပြီ ။
“ ဟို…သမီးလေးက နောက်မှ သူ့အဘွားနဲ့အတူ လိုက်လာမယ်ပြောတယ်
။ စာမေးပွဲ ပြီးခါစဆိုတော့ စာအုပ်စာရွက်တွေ
သိမ်းဆည်းရဦးမယ်တဲ့လေ ။ သမီးလေးက စာတော်တယ်
ပပရဲ့ ။”
“ မလိမ်ပါနဲ့ ကိုအောင်ရယ် ။ သမီးက အရင်လိုပဲ စိမ်းကားနေတုန်းမဟုတ်လား
။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ… သမီးလေးက
စာတော်တယ်ကြားလို့ ပပ ဝမ်းသာလိုက်တာ ။ သမီးလေးနဲ့
မတွေ့ရတာကတော့ ကံတရားပေါ့ ။”
“ ဒီလောက်လည်း စိတ်လျှော့မသွားပါနဲ့ဦး ပပရယ် ။
သမီးက တစ်နေ့ကျရင် မိဘမေတ္တာကို နားလည်လာမှာပါ ။ အခု…
အကြောင်းတစ်ခုခုရှိလို့သာ ကိုယ်တို့ကို မုန်းနေတာဖြစ်ပါလိမ့်မယ်
။ ပပ…စိတ်ဓါတ်ကျလို့မဖြစ်ဘူးနော် ။ ကိုယ်တို့
တစ်နေ့ကျရင် သမီးလေးနဲ့အတူ ပျော်စရာမိသားစုဘဝလေးကို
ပိုင်ဆိုင်ရမှာပါ ။”
ဦးအောင်သွင်က
ဒေါ်ပပ၏သေးသွယ်ပိန်ဖျော့နေသောလက်ချောင်းလေးများကို ဆုပ်ကိုင်ရင်း အားပေးလိုက်သည်။ ဒေါ်ပပ
၏နှလုံးအိမ်ထဲ၌တော့ မျှော်လင့်ချက်ရောင်စဉ်တို့ ကွယ်ပျောက်သွားခဲ့လေပြီ ။
“ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး ကိုအောင် ။ အဲဒါ…အဲဒါ
ပပတို့ ဝဋ်လည်နေတာပဲ ။”
“ ဘယ်လို…”
“ ဟုတ်တယ် ကိုအောင် ။ ပပတို့ ဝဋ်ကြွေးကို နောင်ဘဝမကူးဘဲ
ဒီဘဝတင် ပေးဆပ်နေရတာ ဟင့်…ဟင့်…။”
“ ပပရယ်…ဘာတွေလျှောက်ပြောနေတာလဲ ။ ဘာဝဋ်လဲ ။ မငိုနဲ့လေ
။ နေကောင်းတာလည်း မဟုတ်ဘူး ။”
“ ကိုအောင် မေ့ချင်ယောင်ဆောင်မနေပါနဲ့ ။ ပပတို့နှစ်ယောက်
လုပ်ခဲ့တဲ့အမှုက ဒီလောက်ပေးဆပ်ရတာတောင် ကျေ
ဦးမယ် မထင်ဘူး ။ သံသရာအထိ ပါသွားမယ့်အကုသိုလ်ထုပ်ကို
ပပတို့ ရူးရူးမိုက်မိုက်လုပ်ခဲ့ကြတာ ။ အခုတော့…
ကိုယ့်သမီးအရင်းခေါက်ခေါက်ကတောင် ကိုယ့်ကိုရန်သူလို
ဆက်ဆံတာကို ခံနေရပြီ ။ အဲဒါတွေအားလုံး ပပတို့ မိုက်
ခဲ့မိလို့ အဟင့်…ဟင်း…။”
ဒေါ်ပပ၏အသံက
တုန်ယင်လှိုက်မောနေသည် ။ အမောမခံနိုင်သောနှလုံးကြောင့် အသံက တိုးလိုက်ကျယ်လိုက်နှင့်
။ စကားမဆုံးခင်တွင်ပင် ဒေါ်ပပ၏အသံ တိမ်ဝင်သွားသည် ။ ရှိုက်ငင်သံနှင့်မောဟိုက်သံက မကွဲမပြားထွက်ပေါ်လာသည်
။ နောက်ဆက်တွဲအနေဖြင့် အသက်ရှူသံကျယ်ကျယ်ကို ဆက်တိုက်ဆိုသလိုကြားနေရသည် ။
“ ပပရယ်…စိတ်ကို လျှော့ပါ ။ မောမယ်…မောမယ်နော်…”
ဦးအောင်သွင်က
ဇနီးသည်ကို ရောဂါပိုဆိုးလာမည်စိုး၍ နှစ်သိမ့်နေရပေမဲ့ သူ့မျက်နှာပြင်မှာလည်း နောင်တမျက်ရည်စများ
နှင့် …။
ကြည့်နေမိသောမျက်လုံးများကို ဖောက်ထုတ်ပစ်ချင်စိတ်ပေါက်လောက်အောင်
ဆိုးရွားယုတ်ညံ့လွန်းလှသည့် မြင်ကွင်း ။ ကုတင်ထက်၌ ယောက်ျားနှင့်မိန်းမတို့ ချွေးသံတရွှဲရွှဲဖြင့် ထွးယှက်နေကြသည် ။ အော်သံ ၊ ညည်းသံ ၊ ရယ်သံ ၊ ပျော်သံတို့က တလှိုင်လှိုင်ညံနေသည်
။ အထူးသဖြင့် ဇနီးသည်၏တခစ်ခစ်တဟစ်ဟစ်အူမြူးနေသော ခရာတာတာအသံ လေး ။
“ ဟင်းဟင်း…ကောင်းလိုက်တာ ကိုအောင်ရယ် ။ ကျွန်မဖြင့်
ဒီလိုလွတ်လွတ်လပ်လပ်ပျော်ချင်နေတာ ကြာပေါ့ ။ ခုမှပဲ ဆန္ဒပြည့်တော့တယ် ။”
“ ကိုအောင်ရောပါပဲ ပပရယ် ။ ပပရဲ့ဟောဒီငရံ့ကိုယ်လေးကို
အခုလို ပိုင်ဆိုင်ချင်နေတာကြာလှပြီ ။ ဟူး…ကိုလွမ်းရင် က ကန့်လန့်,ကန့်လန့်လုပ်နေတာ ။”
“ အို…ကိုအောင်ကလည်း ဒီလိုပျော်စရာကောင်းနေတဲ့အချိန်မှာ
ဘာဖြစ်လို့ သူ့အကြောင်းထည့်ပြောနေရတာလဲ ။
လာပါ…ကိုအောင်ရယ် ခစ်ခစ် သူက သိပ်ဆိုးတာပဲ ။”
ပထမ၌
ကိုလွမ်းရင် အံ့အားသင့်လျက် ကြောင်ငေးနေမိသေးသည် ။ နောက်မှ ချက်ချင်း သဘောပေါက်သွား၏
။ မိမိဇနီး နှင့်မိမိသူငယ်ချင်း ဖောက်ပြန်နေကြပြီ ။
-
ရိုင်းလိုက်တဲ့အဖြစ်
။ လူမဆန်လိုက်ကြတာ…
နာကျင်လွန်း
၊ မုန်းတီးလွန်းသဖြင့် အားကုန်ခြစ်အော်ပစ်လိုက်ကာ သူတို့နှစ်ဦးဆီ ပြေးဝင်သွားလိုက်တော့သည်
။
“ ယား……”
ပူးကပ်နေသောသူတို့နှစ်ယောက်ကို
ဆွဲခွာပစ်လိုက်ပြီး သူငယ်ချင်းအောင်သွင်၏မျက်နှာကို လက်သီးဖြင့် အချက်ပေါင်းများ စွာ
ထိုးနှက်ပစ်ရန်အတွက် ပြေးဝင်သွားလိုက်သော်လည်း တကယ်တမ်းကျ မိမိက ဘာတစ်ခုမျှ ပြုလုပ်၍မရ…။
ယုတ်စွ အဆုံး…သူတို့နှစ်ယောက်က မိမိကိုပင်မမြင် ။ ငါ…ငါ ဘာဖြစ်သွားတာလဲ ။ ထိုအတွေးဖြင့်
ကိုလွမ်းရင် တုန်လှုပ်ချောက်ချား သွားမိ၍ ကြောက်လန့်တကြားဟစ်အော်လိုက်မိတော့၏ ။
“ အား…”
===
“ မြေး…မြေးငယ်…မြေးငယ်
။”
“ ဟင်…မေမေကြူး…ဘာ…ဘာဖြစ်လို့လဲ
။”
ပပသွင်က အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့ပြီး နဘေးမှမိမိကိုလှုပ်နှိုးခဲ့သောဘွားကြူးသွင်ကို
လှည့်ကြည့်ကာ အိပ်ချင်မူးတူး နှင့် မေးလိုက်သည် ။ ဘွားကြူးသွင်ကတော့ ပပသွင်ကို တအံ့တသြစိုက်ကြည့်နေသည်
။
“ ဟင်း…မြေးကို
မေမေကြူး မေးမယ်,မေးမယ်နဲ့ မမေးဖြစ်တာ ကြာပြီ ။ မြေး မဖြေချင်ဘူးဆိုတာသိလို့ မေမေကြူး
မမေး
ဘဲနေခဲ့တာ
။”
ဘွားကြူးသွင်၏နိဒါန်းချီမှုအပေါ် ပပသွင် သဘောပေါက်လိုက်တာကြောင့်
ခေါင်းငုံ့ကာ ငြိမ်နေသည် ။ အဖြေကို ပြောသင့် မပြောသင့် ခြင့်ချိန်နေသည့်ပုံသဏ္ဍာန်…။
“ ညဘက်တိုင်း
မြေး…အမြဲယောင်တယ် ။ လူယုတ်မာကြီး ၊ သစ္စာမဲ့တဲ့မိန်းမဆိုတဲ့စကားတွေ ။ အဲဒါ ဘာအဓိပ္ပါယ်လဲ
။
ဘယ်သူ့ကို
ဆိုလိုတာလဲ ။”
“ ရှင်…! ညဘက်တိုင်း
ဒီလိုမျိုး သမီးပါးစပ်က ယောင်နေတာလား ။ သမီးလည်း မသိပါလား ။”
“ တချို့က ကိုယ်ယောင်တတ်မှန်း
မသိကြဘူး ။ အနီးအနားကလူပဲ သူ ဘာတွေယောင်နေသလဲဆိုတာကို သိရတာ ။
ကဲပါ…ဒါက အရေးမကြီးပါဘူး
။ အရေးကြီးတာက ညတိုင်း,ညတိုင်း မြေး ဘာတွေကို မက်နေလို့ ဒီလိုယောင်နေရ
တာလဲ ။ တစ်ညလည်း
မဟုတ် ၊ နှစ်ညလည်း မဟုတ် ။ အမြဲလိုလိုပဲ ။ မြေးရဲ့ရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေ ရှိနေ
တဲ့ပုံပဲ ။
အဲဒီအကြောင်းကို မေမေကြူး သိခွင့်မရှိဘူးလား ။”
ဘွားကြူးသွင်၏အမေးစကားကြောင့် ပပသွင် ငိုင်သွားခဲ့ရသည်
။
ဘွားကြူးသွင်ကို
ပပသွင် မလိမ်ညာလို ။ သိတတ်စအရွယ်ကတည်းက အားကိုးအားထားရာဆို၍ သည်အဘွားတစ် ယောက်သာ ရှိခဲ့သည်ဖြစ်ရာ
သည်အဘွားကိုမှ လိမ်ညာရဦးမည်ဆိုလျှင် မိမိဟာလည်း ဟိုလူယုတ်မာတွေထက် ဘာသာ ဦးမှာလဲ ။
သက်ပြင်းရှည်ကြီးကို ဟင်းခနဲမှုတ်ထုတ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သည်
။
“ ညတိုင်း…ညတိုင်း
သမီး အိပ်မက်တစ်ခုကိုပဲ စွဲစွဲမြဲမြဲမက်ပါတယ် ။ အဲဒီအိပ်မက်က သမီးရဲ့အတိတ်ဘဝကအကြောင်း
ပါ ။”
“ ဘယ်လိုအတိတ်ဘဝကအကြောင်းလဲ
ငါ့မြေးရဲ့ ။”
“ အိပ်မက်ထဲမှာ
အဓိကဇာတ်ဆောင်က လူယုတ်မာနှစ်ယောက် ။ အဲဒီလူယုတ်မာနှစ်ယောက်က လက်ရှိဘဝမှာ သမီး
ရဲ့မိဘတွေပေါ့
။”
“ အို…ဖြစ်ရလေကွယ်
။”
“ ဟုတ်ပါတယ်
မေမေကြူး ။ အဲဒါကြောင့်လည်း သမီးရဲ့မိဘတွေကို သေလုခမန်းမုန်းတီးနေမိတာပါ ။ သူတို့နှစ်ယောက်
ကိုမြင်တိုင်း
သမီးရဲ့အတိတ်ဘဝကို သွား,သွားပြီးသတိရတယ် ။ အခုဘဝမှာ သူတို့နှစ်ယောက် သမီးအပေါ် ဘယ်
လောက်ကောင်းပါစေ…ဟိုဘဝတုန်းက
သူတို့ဟာ သိပ်ယုတ်မာခဲ့တဲ့လူတွေ ။ သူတို့နှစ်ယောက်က သမီးကွယ်ရာမှာ
ဖောက်ပြန်ကြတယ်
။ နောက်ဆုံး သမီးရဲ့အသက်ကိုပါ ရန်ရှာခဲ့ကြတယ် ။”
“ ကျွတ်…ကျွတ်…တယ်ကြောက်စရာကောင်းတဲ့သံသရာပါလား
။”
“ ဟုတ်တာပေါ့
မေမေကြူးရယ် ။ သံသရာဝဲကယက်ထဲမှာ လည်ပတ်နေသူတိုင်း သမီးလိုဖြစ်ရပ်မျိုးကို သူတို့တတွေ
လည်း တွေ့ကြုံကြရမှာပဲ
။ ကံဆိုးတာတစ်ခုက သမီးက အတိတ်ဘဝကို မှတ်မိနေတယ်လေ ။ ဒီတော့ သူတို့နှစ်ဦးကို
ဘယ်လိုမှ လက်ခံလို့မရဘူး
။ ဒီလောက်ဆိုရင် မေမေကြူး သမီးအပေါ် နားလည်နိုင်မှာပါနော် ။”
မြေးငယ်လေးပပသွင်၏မျက်နှာပြင်၌ မျက်ရည်တို့ ရွှဲစိုနေသလို
လက်သီးတို့ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသေး သည် ။ အတိတ်နှင့်ပစ္စုပ္ပန်ကြားတွင် ပြေးလွှားရင်း
ရှုပ်ထွေးပွေလီလှသောအာဃာတအမုန်းတရားများကို ရင်ခွင်မှာ ထွေး ပိုက်ကာ ခရီးဆက်နေရသည့်“ပပသွင်”လေးကို
ဘွားကြူးသွင် သနားမိသည် ။ အမှန်တော့ အတိတ်ကို အတိတ်မှာသာ ထားရစ်ခဲ့သင့်ပြီ ။
မေမေကြူး၏စိတ်ထဲ
ဘာတွေ ရေရွတ်ပြောဆိုနေသလဲဆိုတာကို ပပသွင် သိသည် ။ The past is in the past ။ အတိတ်ကို
အတိတ်မှာသာ ချန်ရစ်ခဲ့တော့ဟူ၍ ။ ထိုစကားသည် ပြောသူအတွက် လွယ်သလောက် ကျင့်ကြံရသူအတွက်
ခက်ခဲလွန်းလှသည် ။ မျက်စိကိုမှိတ်လိုက်သည်နှင့် အတိတ်စာမျက်နှာများက စိတ်မျက်စိထဲ၌
တစ်ကွက်ပြီးတစ်ကွက် ရုပ် ရှင်ကြည့်သကဲ့သို့ ပေါ်လာသည် ။
ကိုလွမ်းရင်နှင့်ကိုအောင်သွင်တို့က
အလွန်ချစ်ကြသည့်ငယ်သူငယ်ချင်းနှစ်ယောက် ။ ငယ်ငယ်ကတည်းက သွားအတူ ၊ လာအတူ ၊ စားအတူ နေထိုင်လာခဲ့ကြသူတွေ
။ ဘွဲ့ရသည်အထိ အတူတူဖြတ်သန်းခဲ့ကြပြီးနောက် ကိုလွမ်းရင်က အလုပ် တာဝန်ဖြင့် နယ်သို့
ထွက်ခွာသွားခဲ့ရသည် ။ သည်ကျမှ တစ်သက်လုံး အမြွှာလိုတွဲလာခဲ့သည့်သူငယ်ချင်းနှင့် ခွဲခွာခဲ့ရပြီ
။ နှစ်ယောက်သား စာမှန်မှန်ရေးမည် ၊ အဆင်ပြေလျှင် ပြန်ဆုံမည်စသည်ဖြင့် နှုတ်ဆက်စကားတွေ
ခြွေခဲ့ကြသည် ။ သြော်… နှစ်ယောက်သားကလည်း သူငယ်ချင်းမက ညီအစ်ကိုတမျှ ချစ်ခင်ခဲ့ကြသည်ကိုး
။
နှစ်နှစ်ခွဲခန့်ကြာပြီးနောက်
ကိုလွမ်းရင် ရွာပြန်ရောက်လာသည် ။ တစ်ယောက်တည်းတော့ မဟုတ် ။ မအူမလည်နှင့် လှ ယဉ်ကျေးမယ်မိန်းကလေးတစ်ယောက်လည်း
အတူပါလာသည် ။ နာမည်က မပပ ။ နယ်မှာ နှစ်ယောက်သား ဆုံဆည်းခဲ့ ကြပြီး ကိုလွမ်းရင် အလိုက်ကောင်း၍
ချစ်သူတွေဖြစ်ကာ လက်ထပ်ဖြစ်ခဲ့ကြခြင်းဖြစ်သည် ။ ကိုအောင်သွင်ကတော့ သူ့ကို မတိုင်ပင်ဘဲ
၊ မပြောမဆို အိမ်ထောင်ပြုရကောင်းလားဟုဆိုကာ စိတ်ဆိုးသလိုလိုဘာလိုလိုဖြစ်ခဲ့သေး၏ ။
မကြာပါ…။ အရင်ကအတိုင်း
အိမ်သို့ဝင်ကာထွက်ကာ သူငယ်ချင်းနှစ်ယောက် တပူးတွဲတွဲဖြစ်လာကြသည် ။ ကိုလွမ်းရင် ကလည်း
အချစ်ဆုံးသူငယ်ချင်းကို မတိုင်ပင်ဘဲ အိမ်ထောင်ပြုခဲ့မိသည့်အတွက် အားနာနေသဖြင့် သင့်/မသင့်မစဉ်းစားဘဲ
ကိုအောင်သွင်ကို တံခါးမရှိ/ဓါးမရှိ သွားလာခွင့်ပြုထားခဲ့သည်။ သူငယ်ချင်းနှင့်ဇနီးသည်အပေါ်
ယုံကြည်စိတ်ချသောကြောင့် လည်း ပါသည် ။
သည်မှာပဲ ရွာထဲမှလူများက
တီးတိုးတီးတိုးပြောလာကြသည် ။ ဇနီးနှင့်သူငယ်ချင်းတို့ ဖောက်ပြန်နေသည့်သတင်းသဲ့သဲ့ ကြားလာရသည်
။ ဘေးစကားများဖြစ်၍ သွေးစကားလောက် မယုံကြည်ခဲ့ ။ နောက်ပြီး သူတို့နှစ်ယောက်၏အနေအထိုင်က
လည်း ထင်ရက်စရာ လုံးဝမရှိသဖြင့် လူတွေ၏မနာလိုဝန်တိုစကားများဟူ၍သာ သတ်မှတ်ထားခဲ့သည်
။ ထိုသို့ ယုံကြည် လွန်းခဲ့၍လည်း “လူယုံသတ်လို့ သေ”ခဲ့ရခြင်းဖြစ်၏ ။
ကိုလွမ်းရင်ကို
သူတို့နှစ်ယောက်ပေါင်းလုပ်ကြံကာ အလောင်းကို မြစ်ထဲ မျှောလိုက်ကြသည် ။ အလောင်းက မြစ်ကြောင်း
အတိုင်း စီးသွားကာ ပင်လယ်ထဲသို့ ရောက်ရှိသွားသောကြောင့် သူတို့ ကံကောင်းဖို့အတွက် ဖြစ်လာခဲ့သည်
။ အချစ်၏စေ ခိုင်းချက် ၊ ကာမ၏လွှမ်းမိုးမှုအောက်မှာ သူတို့ လူစိတ်ပျောက်ခဲ့ကြသည် ။ ကိုလွမ်းရင်ကို
လုပ်ကြံပြီးနောက် သူတို့နှစ်ဦး တည်း ပါတီပွဲပေးကြသည် ။ ခိုးကြောင်ခိုးဝှက်ကဲနေရာမှ
ပေါ်တင်ကြီးတွဲတော့သည် ။ ကြိုတင်စီစဉ်ထားသည့်အတိုင်း စု ဆောင်းထားသောပစ္စည်းဥစ္စာများကို
ထုခွဲရောင်းချကာ မပပ၏ဇာတိနယ်သို့ ပြောင်းရွှေ့သွားကြသည် ။
ကိုလွမ်းရင်က
လူသာသေသွားခဲ့ပေမဲ့ တွယ်တာသောဝိညာဉ်စိတ်က မသေဆုံးသွားဘဲ မပပသွားရာနောက်သို့ တဝဲ လည်လည်လိုက်ပါလာခဲ့သည်
။ အစက မိမိကို လုပ်ကြံသတ်ဖြတ်ခဲ့ကြမှန်း မသိပေမဲ့ သူတို့နှစ်ဦး အပျော်ကြီးပျော်ကာ
မိမိ အကြောင်း ပြောဆိုနေကြတော့မှ ကိုလွမ်းရင် သိခဲ့ရသည် ။ တစ္ဆေဘဝရောက်မှပဲ သူတို့ယုတ်မာသမျှကို
ဘွင်းဘွင်းကြီး သိရတော့သည် ။ နာကျင်မုန်းတီးလိုက်သည်ဖြစ်ခြင်း…။ သို့ကြောင့်လည်း ကလဲ့စားချေလိုစိတ်ဖြင့်
မပပ၏ဝမ်းသို့ ဝင်စားခဲ့ လေသလားကိုတော့…(ကိုလွမ်းရင်တစ်ဖြစ်လဲ)ပပသွင် မသိပါ ။
ထိုအသိစိတ်သည်
သန္ဓေတွင် စွဲနေ၍ နောက်ဘဝသို့ ရောက်ရှိသည့်တိုင် အရာအားလုံးကို ထင်ထင်ရှားရှားမှတ်မိနေခဲ့
သည် ။ ကိုလွမ်းရင်၏နောင်ဘဝ၌ မိဘများဖြစ်နေသော ၊ အတိတ်ဘဝက လုပ်ကြံခဲ့ကြသူများဖြစ်သော
ကိုအောင်သွင်နှင့် မပပ၏မျက်နှာကိုမြင်မိတိုင်း နာကျင်မုန်းတီးသည့်စိတ်တို့က အမောက်ပြန်ထောင်လာသည်
။ မိမိကို သစ္စာဖောက်ရုံသာ မက မညှာမတာ ရက်စက်စွာသတ်ပစ်ခဲ့သော ထိုလူယုတ်မာနှစ်ဦးကို
သည်တစ်သက် ကျေနိုင်လိမ့်မည်မထင် ။ လက်ရှိ၌ မိဘများဖြစ်နေသောကြောင့် တုံ့ပြန်လက်စားချေရန်
စိတ်ကူးမရှိသော်လည်း သူတို့နှစ်ဦးနှင့်တော့ သာမန်မိသားစုဘဝလိုမျိုး ပျော်ပျော်ရွှင်ရွှင်
မနေထိုင်နိုင် ။
“ မြေး…မြေးကို
အဲဒီကိစ္စတွေ မေ့ပစ်လိုက်ပါလို့ မေမေကြူး မပြောရက်ဘူး ။ မြေးရဲ့ရင်ထဲမှာ ဘယ်လောက်ခံစားနေရ
မလဲဆိုတာကို
မေမေကြူး နားလည်လို့ပဲ ။”
“ ကျေးဇူးတင်လိုက်တာ
မေမေကြူးရယ် ။”
“ မလိုပါဘူးကွယ်
။ ပြောရရင် မေမေကြူးက တစ်ကိုယ်တည်းသမားဆိုတော့ အသက်အရွယ်ရတဲ့အခါကျ တရားရိပ်သာ
ဝင်ဖို့ စိတ်ကူးရှိခဲ့တယ်
။ ဒါပေမဲ့ မြေးလေးကို သမီးတစ်ယောက်လို မွေးစားလိုက်ရပြီးကတည်းက အဲဒီစိတ်ကူးကို မေ့
ဖျောက်ထားခဲ့ပြီး
မြေးနဲ့ပဲ တစ်သက်လုံးနေမယ်လို့ တွေးထားခဲ့တယ် ။ အခုတော့ စိတ်တစ်မျိုးပြောင်းသွားမိပြီ
။”
“ ဘယ်လိုများလဲ
မေမေကြူးရယ် ။ သမီးကိုတော့ မထားခဲ့ပါနဲ့နော် ။”
“ သမီးလေး ပြောပြလို့ သံသရာလည်ပတ်ခြင်းဟာ အင်မတန်ကြောက်စရာကောင်းပါလားဆိုတာကို
မေမေကြူး ရှင်း
ရှင်းလင်းလင်းသဘောပေါက်သွားခဲ့ပြီ
။ နောက်ပြီး ဘဝပေါင်းများစွာ ကျင်လည်နေရမှာကိုလည်း မေမေကြူး ကြောက်
သွားပြီ ။
နောက်ပြီး သမီးလေးကိုလည်း မေးချင်တယ် ။ မြေးရော…ဒီလိုအဖြစ်ဆိုးမျိုးကို နောက်နောင်ဘဝတွေမှာ
ထပ်ကြုံချင်သေးလား
။”
ဘွားကြူးသွင်၏မေးခွန်းကြောင့် ပပသွင် ငိုင်သွားသည် ။ စိတ်က
စက္ကန့်ပိုင်းအတွင်း တလှပ်လှပ်ပြေးလွှားကာ အမျိုးမျိုး တွေးတောလိုက်မိသည် ။
- အို…တကယ်တော့ ဒါတွေအားလုံးဟာ သံသရာမှာ ကျင်လည်နေသမျှ
တွေ့ကြုံရနိုင်တဲ့ကိစ္စတွေပါလား…
ဆိုတာကို ပပသွင် သဘောပေါက်သွားသည် ။ ဘဝများစွာ သံသရာလည်နေရမည်ကို
ပပသွင် ကြောက်ရွံ့သွားသည် ။ နက်နက်ရှိုင်းရှိုင်းသိမြင်ကာ ထိတ်လန့်ချောက်ချားသွားရသည်
။ သည်ဘဝနှင့်ပင် သည်အတွေ့အကြုံက လုံလောက်နေပါ ပြီ ။
“ မေမေကြူး…သမီး…သမီး
…ကြောက်လိုက်တာ ။ ကိုယ့်မိဘကိုကိုယ် ပြန်မုန်းနေမိတဲ့အဖြစ်မျိုး ၊ လောကမှာ ကိုယ်
အတွယ်တာရဆုံးဖြစ်တဲ့မိဘနှစ်ပါးကိုမှ
ရန်သူတွေလိုမြင်နေရမယ့်အဖြစ်မျိုးကို သမီး ထပ်မကြုံချင်တော့ဘူး ။ ဘယ်
လိုလုပ်ရမလဲဟင်
။”
ကြောက်ရွံ့လန့်ဖျားနေသည့် မျက်ဝန်းညိုကြီးများဖြင့် မျှော်လင့်တကြီး
မေးမြန်းလိုက်သော မြေးမလေး ပပသွင်၏ မေးခွန်း ကြောင့် ဘွားကြူးသွင် ပြုံးလိုက်သည် ။
သူမ၏အပြုံးက တည်ငြိမ်အေးဆေးသည့် ဆရာတစ်ယောက်၏မေတ္တာပြုံးမျိုး…။
“ ဗုဒ္ဓမြတ်စွာဘုရားရှင်က
ဒီအကြောင်းတရားတွေအတွက် ဆေးနည်းတစ်ခွက်ကို ဖော်စပ်ပေးခဲ့ပြီးသားပါ မြေးရယ် ။
မေမေကြူးတို့က
ကိုယ်တိုင် သေသေချာချာစွဲစွဲမြဲမြဲသောက်ဖို့ပဲလိုတာပါ ။ ဒီဘဝမှာပဲဖြစ်တဲ့ တီဘီလိုရောဂါမျိုးအတွက်
တောင် ဆေးကို
ခြောက်လတိတိ အချိန်မှန်မှန်သောက်ရသေးတာပဲ ။ တစ်သံသရာလုံးဖြစ်မယ့်ရောဂါကို ပျောက်ချင်
တယ်ဆိုရင်တော့
ဆေးကို စိတ်ရှည်လက်ရှည်နဲ့ လုံ့လဝီရိယနဲ့ သောက်ရမှာပေါ့ ။ ကဲ…မြေး…အဲဒီဆေးတွေ တိုက်နေ
တဲ့တရားရိပ်သာကို
မေမေကြူး သွားတော့မယ် ။ မြေး …လိုက်ခဲ့ချင်လား ။”
“ ဟာ…လိုက်မှာပေါ့
မေမေကြူးရယ် ။ သမီး ဆေးကို အချိန်မှန်မှန်နဲ့ စိတ်ရှည်လက်ရှည်ကြိုးစားသောက်ပါ့မယ် ။”
ပပသွင်က ဘွားကြူးသွင်၏မျက်နှာကို မျှော်လင့်တကြီးမော့ကြည့်နေဆဲ…။
စောစောကလို မျက်ရည်စများနှင့် မဟုတ် ၊ အာ ဃာတတရားများနှင့် မဟုတ်တော့ဘဲ ပျောက်ဆေးတွေ့သည့်
ကင်ဆာရောဂါသည်တစ်ယောက်၏ ကြည်နူးပီတိဖြာဝေနေ သည့်အကြည့်မျိုးဖြင့် ။ ။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။