ပန်းထီးဆောင်းရသေ့၏ မြတ်ဆုမွန်
( ၂၀၁၅ ဇန်နဝါရီလထုတ် ဓမ္မဒူတဘာသာရေးမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ဂါဦးနွန်းကို .... သီကုံးပူဇော်သည် ။
-----------------------------------------------------------------------------------------
ဖခင်ကြီး ကွယ်လွန်အနိစ္စရောက်သွားခဲ့သည်မှာ ရက်အတန်ငယ်ကြာညောင်းခဲ့ပါပြီ ။ အချိန်ကာလ
ရွေ့လျားကုန်လွန်သွားခဲ့ပြီဖြစ် သော်လည်း ကျွန်ုပ်၏စိတ်ထဲ၌တော့ ယခုထက်တိုင် ပူဆွေးသောကရောက်နေရဆဲ
၊ တွေးတောဆင်ခြင်မိနေဆဲရှိသည် ။ နေ့စဉ်နေ့ တိုင်း ကောင်းပေ့ညွန့်ပေ့အစားအစာကိုမှ သုံးဆောင်တတ်ခဲ့သူ၊ကောင်းပေ့ညွန့်ပေ့အဝတ်အစားအဆင်တန်ဆာတို့ကိုမှ
ဆင်မြန်းတတ် ခဲ့သူဖြစ်သော ကွယ်လွန်သူ-ဖခင်ကြီးကို စိတ်မျက်စိအိမ်ထဲဝယ် ထပ်ဖန်တလဲလဲမြင်ယောင်နေမိသည်
။ ဖခင်ကြီးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြန်လှန်မှန်းဆကာ စဉ်းစားတွေးတောနေမိသည်
။
ပုဏ္ဏားသူကြွယ်မျိုးနွယ်ဝင်ပီပီ အမျိုးမာန ဝင့်ကြွားထည်ဝါခဲ့သောဖခင်ကြီး…စိတ်ဆန္ဒတည်ရာ
သိမ်းပိုက်ဝယ်ယူနိုင်လောက်အောင် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခဲ့သောဖခင်ကြီး…လိုတိုင်းတ
ရနိုင်မည့် လိုတရဓနရှင်ဖခင်ကြီးသည်လည်း ယခုများတော့ သေမင်းခေါ်ရာ နောက်သို့ နောင်ဆံတစ်ချက်မငင်နိုင်ဘဲ
လိုက်မြဲတိုင်း လိုက်ပါသွားရရှာလေပြီ ။ လူတိုင်း တစ်နေ့ သေရမည်သာတည်း ။ သေမင်း၏ အခေါ်ကိုမူ
ဖခင်ကြီးသည်လည်း လွန်ဆန်နိုင်ခြင်းမရှိခဲ့ပါတကား ။
ကျွန်ုပ်သည် အတွေးထဲတွင် နစ်မြောပျော်ဝင်နေရာမှ မိမိကိုယ်ကို ငုံ့ငဲ့အကဲခတ်မိသည်
။ ခန္ဓာကိုယ်ပေါ်ဝယ် ဆင်မြန်းထားသော အဖိုးတန်ပိုးဖဲကတ္တီပါအဝတ်တန်ဆာ ၊ ဦးခေါင်း လည်တိုင်နှင့်လက်ဆယ်ဖြာတို့တွင်
ဆင်ယင်ထားအပ်သော တန်ဖိုးအနဂ္ဂထိုက်တန် လှသည့် ရတနာဒွာဒရာများအား နှစ်လိုခြင်းကင်းမဲ့သောမျက်လုံးအစုံဖြင့်
စူးစူးကြီးစိုက်ကြည့်ရင်း ကျွန်ုပ်၏စိတ်သန္ဓာန်၌ တရားအသိ တချို့အား နှလုံးသွင်းဆင်ခြင်နေမိ၏
။
“ ဒီအရာအားလုံးဟာ ပကာသနတွေပါလား ။ သရဒ…မင်း ဝတ်စားဆင်ယင်ထားတဲ့ တန်ဖိုးကြီးပစ္စည်းရတနာတွေက
အမှန်တော့
ပစ္စုပ္ပန်အကျိုးသက်သက်ပဲ ။ ပစ္စုပ္ပန်ဘဝ
ကျင်လည်နေဆဲကာလမှာ တစ်ဦးနဲ့တစ်ဦး ကြွားဝါယှဉ်ပြိုင်ဖို့အတွက် ၊ မာန်မာန ထောင်
လွှားဖို့အတွက် ၊ ဂုဏ်ဒြပ်ချင်း ပလွှားဖို့အတွက် ဝတ်စားထားရရုံသက်သက်ပါပဲ ။ ဒါတွေကို
မင်းတစ်ယောက်တည်းသာ မဟုတ် ။
မင်းရဲ့ပုဏ္ဏားမျိုးနွယ်ဝင်အားလုံး ဝင့်ကြွားစွာဝတ်ဆင်ခဲ့ကြတယ် ။ သွားလေသူ-ဖခင်ကြီးကိုယ်တိုင်လည်း
လိုလိုချင်ချင်ဝတ်ဆင်ခဲ့
တာပဲ မဟုတ်လား ။ အခုဆို…ဖခင်ကြီး ဆုံးပါးသွားခဲ့ပြီ ။ ဖခင်ကြီး…အင်မတန်မြတ်နိုးတန်ဖိုးထားခဲ့တဲ့
ဒီရတနာတွေက ဖခင်ကြီး
ရဲ့နောက်ကို ဘာတွေများပါသွားနိုင်လို့လဲ ။ ဖခင်ကြီး အလွန်နှစ်သက်တဲ့ ဒီလက်စွပ်…အခု
မျိုးနွယ်ရဲ့အစဉ်အလာအရ ကျန်ရစ်တဲ့
သားရတနာရဲ့လက်မှာ ခိုမှီနားနေရပြီပဲ မဟုတ်လား ။ ဖခင်ကြီးရဲ့နောက်ကို ဘာဟာများ
လိုက်သွားနိုင်လို့တုံး ။ ဒါဖြင့်ရင် ဒီအရာ
တွေက မိမိတို့ရဲ့သံသရာကို ဘာများအကျိုးပြုသလဲ ။ ဒီအရာတွေအတွက် လိုချင်လောဘတက်နေဖို့
သင့်ရဲ့လား ။ ဒီအရာတွေ
အပေါ် တွယ်တာခင်မင်နေလို့ရော အကျိုးထူးနိုင်ပါ့မလား ။”
ဤသို့ ဆင်ခြင်တုံတရားဖြင့် စဉ်းစားချင့်ချိန်ရင်း
ထိုအတွေးတို့နှင့်အတူ ခန္ဓာကိုယ်ပေါ်ရှိ အဖိုးတန်ရတနာပိုးဖဲအဆင်တန်ဆာများ အပေါ်၌ ရွံမုန်းစိတ်ဖြစ်ပေါ်လာလေသည်
။
တန်ဖိုးကြီးပစ္စည်းများကြောင့် လွတ်လပ်ငြိမ်းချမ်းခြင်းမရှိသလို ခံစားလာရသဖြင့်
ကျွန်ုပ်သည် ထိုပစ္စည်းများအပေါ်တွင် ခင်တွယ် လိုစိတ် မရှိတော့ပြီ ။ ထိုအရာတို့ကို ခန္ဓာကိုယ်ပေါ်မှ
ချွတ်ခွာပစ်ချင်စိတ်ပင် ပေါ်ပေါက်လာမိသည် ။ ထိုအရာတို့၏အတ္တလွှမ်းအမှောင် ဖုံးမှုအောက်ကို
ကျွန်ုပ် မရောက်လိုတော့ ၊ ထိုအရာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက်သို့ ကျွန်ုပ် မလိုက်လိုတော့
၊ ထိုအရာတို့၏ ချုပ်နှောင်မှုကြောင့် သံသရာ၌ ဒုက္ခတွင်း နစ်ရမည့်ဒဏ်ကို ကျွန်ုပ် မခံချင်တော့
။ ကျွန်ုပ်သည် ဖခင်ကြီး ချန်ရစ်လက်ဆင့်ကမ်းပေး အပ်ခဲ့သည့် ပိုင်ဆိုင်ထိုက်သော-အမွေပစ္စည်းတို့အပေါ်ဝယ်
တပ်မက်ခြင်းမရှိတော့ချေ ။ ဖခင်ကြီး၏တမလွန်ခရီးသည် ကျွန်ုပ်ကို ကြီး စွာ အသိတရားဝင်စေခဲ့ပါပြီ
။
မရဏဟူသောသေခြင်းသည် သတ္တဝါတို့ ပဋိသန္ဓေနေ၍ ဖွားမြင်လာကတည်းက
အမြွှာညီနောင်ပမာ အတူတကွ ကပ်လျက်လိုက် ပါလာခဲ့ကြခြင်း မဟုတ်ပါလော ။ ကျွန်ုပ်တို့သည်
တစ်နေ့၌ မုချမသွေ သေကြရမည်မှာ ဧကန်အမှန်ပင် ။ ထိုအကြောင်းကို ယခင်က ကျွန်ုပ် မသိနားမလည်ခဲ့၍လားဆိုသော်
မဟုတ် ။ သို့ပေမဲ့…“အသိခေါက်ခက် အဝင်နက်”ဆိုဘိသကဲ့သို့ သိသာသိ၏ ။ ဆင်ခြင်နှလုံး သွင်းရန်ကိုမူ
သတိမပြုမိခဲ့ ။
ယခုမူကား ဖခင်ကြီး၏သေခြင်းကို ကျွန်ုပ် မြင်ဖူးခဲ့ရပြီ
။ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ တဖြည်းဖြည်း ယိုယွင်းပျက်စီး ချိနဲ့လာခဲ့သောခန္ဓာကိုယ်၏သဘောကို
ကျွန်ုပ် ကွက်ကွက်ကွင်းကွင်းတွေ့မြင်ခဲ့ရပြီ။ ဖောက်ပြန်ပြောင်းလဲတတ်သော-သဘောရှိသည့်
ဤခန္ဓာကိုယ်ဟာ အနည်းငယ်မျှပင် တပ်မက်ဖွယ်ရာမရှိ၊ စက်ဆုပ်ဖွယ်အတိ ။ နေ့စဉ် တရစပ် အလိုဖြည့်စွက်လျက်
ပြုပြင်ဖာထေးနေ သည့်ကြားမှ အချိန်ကြာညောင်းသည့်အခါ၌ ထိန်းသိမ်း၍မရ ချုံးချုံးကျခဲ့သည်
။ တသသ ယုယနေသူကိုမှ မသက်မညှာ ထူမရသယ် မရတော့ဘဲ လဲပြိုသွားတော့သည် ။ နောက်ဆုံးဝယ် “သူ့”အပေါ်
ဖက်တွယ်နေသောအသက်ဝိညာဉ်ကို “နင် သွားတော့…”ဟု နှင်ကာ သေမင်း၏လက်သို့ ထိုးနှံအပ်လိုက်ပြီး
“သူ”ကား အိပ်စက်သွားခဲ့ပြီ ။
အိုမင်းမစွမ်းအရွယ်ဖြင့် ကွယ်လွန်ပြောင်းကြွသွားခဲ့သော-ဖခင်ကြီး၏သေခြင်းအဆင့်ဆင့်ကို
ကျွန်ုပ် ဒိဋ္ဌတွေ့မြင်ခဲ့ရပြီးပြီမို့ ထိုမမြဲ ခြင်းသဘောက ကျွန်ုပ်၏ နေ့စဉ်အသက်ရှင်မှုဘဝကို
အခါမလပ်နှောင့်ယှက်ချောက်လှန့်နေခဲ့၏ ။ ကျွန်ုပ်၏သေခြင်းကရော…နောင် နှစ်ပေါင်းများစွာလား…သို့မဟုတ်
မနက်ဖြန်/ သဘက်ခါလား ။ မည်သူကများ အတိအကျသိနိုင်ပါအံ့နည်း ။ မိမိ၏သေခြင်းကိုပင် မသိ
နိုင်သူတို့သည် အဘယ်သို့များ မကြောက်မရွံ့ ရှင်သန်ရပ်တည်နေကြပါသနည်း ။ အဘယ်သို့များ
ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားလာ နေကြပါသနည်း ။
သို့ဖြစ်၍ တစ်နေ့…သေရမည်ကို သိသိချည်းဖြင့် ဤဥစ္စာဓနများအပေါ် ဖက်တွယ်ပျော်ပါးခြင်းငှာ
ကျွန်ုပ် မစွမ်းသာတော့ ။ ဖခင်ကြီး ချန်ရစ်ပေးကမ်းခဲ့သော ဤအမွေပစ္စည်းတို့သည် ပစ္စုပ္ပန်အကျိုးကိုသာ
ဖြစ်ထွန်းစေနိုင်သည် ။ ကျွန်ုပ်ကမူ ပစ္စုပ္ပန်အကျိုးစီးပွားထက် နောင်တမလွန်ဘဝ၏အကျိုးစီးပွားကိုသာ
မျှော်ရည်တွေးနေမိရာ ကြောက်စိတ်များ ဖြစ်ပေါ်လာခဲ့သည် ။ သေခါနီးအချိန်ကျ နောင်တ ရရမည့်အဖြစ်မျိုးကို
ကျွန်ုပ် မလိုလား ။ နောင်ဘဝ အကျိုးများဖို့ရာ တစ်ခုခုလုပ်မှသာ ဖြစ်ပေတော့မည်မို့ ကျွန်ုပ်သည်
တစ်စုံတစ်ခုကို ပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့သည် ။
“ အဆွေ-သရဒ အမှန်ပဲ ဆုံးဖြတ်ပြီးသွားပြီလား ။”
“ ဆုံးဖြတ်ပြီးခဲ့ပါပြီ အဆွေ-သီရိဝဍ္ဎန ။ ကျုပ် ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတို့ကိုပင်
ပြတ်သားခိုင်မာတဲ့စေတနာသဒ္ဒါတရားတို့နဲ့ လှူဒါန်း
ခဲ့ပြီးပါပြီ ။”
“ ဒီလိုဖြင့် ကျုပ်ကပဲ အဆွေ့ကို တောင်းပန်အပ်ပါတယ် ။ ကျုပ်အဖို့တော့ ရဟန်းပြုခြင်းငှာ
မစွမ်းသာသေးတဲ့အတွက် အဆွေ ခေါ်
ဆောင်ရာနောက်သို့ ကျုပ် လိုက်ပါခြင်းမပြုနိုင်တာကို အခွင့်လွှတ်ပါ ။”
သီရိဝဍ္ဎနထံမှ မျှော်လင့်မထားသော-စကားကို
ကြားလိုက်ရသည့်အတွက် ကျွန်ုပ် အံ့အားသင့်သွားခဲ့ရပြီ ။ ငယ်စဉ်တောင်ကျေး မျိုးရိုး အဆင်တန်ဆာတို့
မဝတ်ဆင်ခင်အရွယ်ကတည်းက တတွဲတွဲ မခွဲမခွာနေလာခဲ့သည့်သူငယ်ချင်း ၊ မြေမှုန့်ဆော့ဖက် စာအံဖက်
အချစ် ဆုံးသောသူငယ်ချင်း၏စကားက တောင်းပန်ပါသတဲ့လား ။ ကျွန်ုပ်၏အသွေးအသားတို့ ဆတ်ဆတ်ခါမတတ်
တုန်လှုပ်သွားခဲ့ရ၏ ။
လှိုက်ဖိုတုန်ခါနေသောစိတ်တို့ဖြင့် သူငယ်ချင်း-သီရိဝဍ္ဎန၏မျက်နှာကို တအံ့တသြ စူးစူးကြီး
စိုက်ကြည့်လိုက်မိ၏ ။ သီရိဝဍ္ဎန-မည် သော-သူကြွယ်ကလေး၏မျက်နှာက ညှိုးညှိုးငယ်ငယ်နှင့်
။ အချစ်ဆုံးသောငယ်သူငယ်ချင်းနှင့် ခွဲခွာနှုတ်ဆက်ရတော့မည့်အတွက် ဝမ်းနည်းပူဆွေးနေသည့်ပုံပေါ်၏
။ ကျွန်ုပ် ဘာများတတ်နိုင်ပါ့မလဲ ။ အတူတကွ ရဟန်းပြုရလိမ့်မည်ဟု ယုံကြည်ထားခဲ့မိပေမဲ့
သူငယ် ချင်းက မလိုက်နိုင်ဟုဆိုလာတော့လည်း ကျွန်ုပ် လက်ခံရတော့မည်ပေါ့ ။ တလှပ်လှပ်တုန်ခါဝမ်းနည်းသွားသည့်စိတ်ကို
တရားအသိ ဖြင့် ဆင်ခြင်လိုက်သည် ။
“ သြော်…သရဒ…ဒေါသစိတ်/လောဘစိတ်တို့ကြောင့် ပူဆွေးသောကပွေနေရပြီ ။ မမေ့ပါနဲ့
။ လာကတည်းက တစ်ယောက်တည်း
ဖြစ်သလို သေမင်းခေါ်ရာနောက်သို့ လိုက်ပါသွားရမယ့်အခါမှာလည်း မိမိတစ်ယောက်တည်းပဲဖြစ်တယ်
။ တစ်ယောက်တည်း
လာ ၊ တစ်ယောက်တည်း ပြန်ရမယ့်ဘဝမှာ ဘာလို့များ အဖော်အပေါင်းတွေကို တွယ်တာတပ်မက်နေဦးမှာလဲ
။ ဆွေမျိုးဥာတိ
မိတ္တဆိုတာတွေက ဒီဘဝကို အလည်လာတုန်းခဏမှာ အခိုက်အတန့်တွေ့ကြုံရတာတွေပါ ။ အပြန်ခရီးကျ
မိမိနဲ့အတူ ဆောင်ယူ
သွားနိုင်တာဆိုလို့ ကုသိုလ် ၊ အကုသိုလ်ကံတို့ပဲ ရှိတယ် ။ မိမိပြုတဲ့ ကောင်းမှုကံ
၊ မကောင်းမှုကံတို့သာ မိမိနောက်ကို အစဉ်
မပြတ်လိုက်ပါနိုင်တာ မဟုတ်ပါလား ။”
ဤကဲ့သို့ အသိဝင်သတိယှဉ်လိုက်ပါမှပဲ လေပြင်းတိုက်သည့်သစ်ရွက်ပမာ
တလှပ်လှပ်လှုပ်ခါနေသော ကျွန်ုပ်၏သောကစိတ်တို့သည် တမဟုတ်အတွင်း အေးငြိမ်းသွားခဲ့ရသည်
။ ပြတ်သားခိုင်မာစွာ ဆုံးဖြတ်ပြီးခဲ့ပြီမို့ အချစ်ဆုံးသူငယ်ချင်းကို နှုတ်ဆက်ကာ ဆိတ်ငြိမ်
အေးချမ်းရာ-ဟိမဝန္တာတောအရပ်ဆီသို့ ကျွန်ုပ် တစ်ကိုယ်တည်း ထွက်ခွာလာခဲ့တော့သည် ။
အချိန်ကာလတို့သည် မြစ်အတွင်း၌ တသွင်သွင်စီးဆင်းနေသောမြစ်ရေအလျဉ်ကဲ့သို့
တရွေ့ရွေ့ကူးပြောင်းကုန်ဆုံးခဲ့သည်မှာ နှစ်
ပေါင်း အတော်ကြာမြင့်ခဲ့ပြီ ။ တောတောင်အတွင်းသို့
ကောင်းမြတ်သောအကျင့်တို့ကို ကျင့်ကြံအားထုတ်ရန်အတွက် လောကီစည်း စိမ်ဥစ္စာတို့ကို စွန့်ပယ်လျက်
ထွက်ခွာလာခဲ့သူ သရဒရသေ့အမည်ရ-ကျွန်ုပ်သည်ပင် တရားတော်အား ကျင့်ကြံပွားများရာ၌ အတော်
အတန်ခရီးပေါက်ခဲ့ပြီဖြစ်သည် ။
ယခုအခါ ကျွန်ုပ်၏နောက်တော်ပါးသို့ လိုက်ပါလာသော-တပည့်ရသေ့ပင်
ခုနစ်သောင်းလေးထောင်မျှ ရှိခဲ့လေပြီ ။ ထိုသူတို့သည် ကျွန်ုပ်အပေါ်၌ အလွန်ချစ်ကြောက်ရိုသေကြပြီး
ကျွန်ုပ်နှင့်အတူ ကောင်းမြတ်သောအကျင့်တို့ကို ကျင့်ကြံပွားများအားထုတ်ကြရင်း အသီးသီး
ခရီးအသင့်အတင့်ပေါက်မြောက်ခဲ့ကြပါပြီ ။ သို့တိုင်…ဒုက္ခအလုံးစုံ ချုပ်ငြိမ်ကုန်လွန်ရာအမှန်ဖြစ်သော
နိဗ္ဗာန်မဂ်ဖိုလ်တည်း ဟူသော ပန်းတိုင်ကြီးဆီသို့မူ တစ်ဦးတစ်ယောက်မျှ ဆိုက်ရောက်ခြင်း
မရှိကြသေးချေ ။
“ အလို…တယ်သပ္ပါယ်ကြည်ညိုဖွယ်အသွင်ရှိတဲ့ ရဟန်းတစ်ပါးပါလား ။ အို…မဟုတ်သေး ၊
မဟုတ်သေးပါဘူး ။ အသားတော်က
သိင်္ဂီရွှေအဆင်းနှယ် ဝင်းဝါတောက်ပလို့ ။ အရပ်တော်ကလည်း ငါးဆယ့်ရှစ်တောင်ပမာဏရှိပြီး
ခန့်ညားလှပါဘိ ။ အရိုးအဆစ်
တော်မှအစ တလက်လက်ထွန်းလင်းနေတဲ့ကိုယ်ရောင်ကိုယ်ဝါတော်တွေအဆုံး အလုံးစုံကို ခြုံငုံကြည့်လိုက်ရင်တော့…မဟုတ်မှ
လွဲရော…”
ထိုအတွေးနှင့်အတူ နှလုံးပီတိ ဂွမ်းဆီထိဘိသကဲ့သို့
ကြည်နူးရွှင်မြူးလျက် ကျွန်ုပ်၏တစ်ကိုယ်လုံးဝယ် ကြက်သီးငယ်တို့ တဖြန်းဖြန်း ယှက်ပြေးသွားခဲ့ရပြီ
။
ဤနေ့သည် ထူးမြတ်လှစွာသော-နေ့တစ်နေ့ပါပေ ။ တပည့်ရသေ့တို့
သစ်သီးရှာထွက်သည့်အခိုက် တောကျောင်း၌ ကျွန်ုပ်တစ်ပါး တည်း ကျန်ရစ်ခဲ့သည် ။ ကျွန်ုပ်သည်
အညောင်းအညာပြေ စင်္ကြန်လျှောက်ရန်အလို့ငှာ သီတင်းသုံးရာ-တောကျောင်းရိပ်သာအတွင်းမှ အပြင်သို့-ထွက်အလာ
ကောင်းကင်ယံမှမြေပြင်ပေါ်သို့ ဇာမဏီငှက်မင်းပမာ ညင်သာသိမ်မွေ့စွာဆင်းသက်လာပြီး မြေကြီး၌
မတ်မတ် ရပ်ကာတည်လျက် သီတင်းသုံးတော်မူနေသော-ကြည်ညိုဖွယ်ရဟန်းတစ်ပါးကို ဖူးမြင်လိုက်ရသည်
။ တမူထူးခြားသည့်အသွင်ဆောင် နေသောထိုရဟန်းအား ကျွန်ုပ်လည်း နက်နဲစွာစိုက်ကြည့်အကဲခတ်မိလေသည်
။
ဖြူစင်ရှင်းသန့်ကြည်လင်လျက် ဒေါသ၊လောဘ၊မာန်မာနဟူသော
ကိလေသာမြူတစ်မှုန်ပင် မရှုမြင်ရပါသော ကရုဏာပြည့်လျံနေ သည့်-မျက်နှာတော်ကို ဖူးတွေ့လိုက်ရသည့်အခိုက်
ကျွန်ုပ်စိတ်ဝယ် ဖော်ပြ၍မရလောက်အောင် တည်ငြိမ်အေးချမ်းမှုတည်းဟူသော အကျိုးထူးကြီးကို
ခံစားသိမြင်လိုက်ရသည် ။ ရွှေအဆင်းပမာ ဝင်းပပအသားအရည်တော် ၊ သူမတူအောင် ခန့်ညားတင့်တယ်သပ္ပယ်
သော ရုပ်အဆင်းအင်္ဂါတော် ၊ ထူးထူးခြားခြား ပြေပြစ်ခမ်းနားနေသော အရိုးအဆစ် အရပ်အမောင်းတော်တို့နှင့်အတူ
နဖူးပြင်ပေါ်ဝယ် လက်ညာရစ်ခွေလျက် တလက်လက်တောက်ပနေသည့် ငွေနန်းခြည်မျှင်ကဲ့သို့သောအရာကို
တွေ့မြင်လိုက်ရသည့်အခါ၌ ကျွန်ုပ် ရုတ် ချည်း သဘောပေါက်သွားခဲ့၏ ။ ဗေဒင်ကျမ်းဂန်လာများကို
ကျွန်ုပ် လေ့လာမှတ်သားဖူးပါပကော ။ ဗေဒင်ကျမ်းဂန်လာများထဲက ဆိုရိုး အတိုင်းဆိုလျှင်
ထိုသူသည်…။
ထိုသူ၏ရုပ်အဆင်းနှင့်သွင်ပြင်လက္ခဏာတို့ကို စူးစမ်းအကဲခတ်မိသည့်အခါ၌ ကျွန်ုပ်၏ခြေလှမ်းတို့
မခိုင်ခန့်နိုင်တော့ဘဲ ယိုင်နဲ့ကာ ဒူးတုပ်ဝပ်ဆင်းသွားခဲ့ရပြီ ။ ဝမ်းသာကြည်နူးလွန်းသဖြင့်
မျက်ဝန်းအိမ်တွင် မျက်ရည်တို့ ရစ်ဝဲဝေသီသွားခဲ့ရသည် ။ လေးမြတ်ကြည်ညို လွန်းသဖြင့် လက်အစုံကို
နဖူးပြင်အထက်သို့ ထိကပ်ကာ ထိခြင်းငါးဖြာဖြင့် ရှိခိုးကန်တော့လိုက်သည် ။ ကျွန်ုပ်၏ရှေ့ဝယ်
မားမားရပ် လျက် သမာပတ်ဝင်စားနေသော-ရဟန်းကိုယ်တော်မြတ်ကြီးမှာ အခြားမဟုတ် ၊ မနောမဒဿီမြတ်စွာဘုရားရှင်ပေတည်း
။
ဘုရားရှင်တို့မည်သည် အလုံးစုံကို မချွင်းမကျန်သိမြင်တော်မူသော သဗ္ဗညုတဥာဏ်တော်ကြီးကို
ပိုင်ဆိုင်ကြကုန်သော ကိုယ်တော် မြတ်များဖြစ်ရာ လူတို့အရပ်နှင့် ဝေးလံခေါင်ဖျားလှသော
ဟိမဝန္တာတောနက်အတွင်းရှိ ကျွန်ုပ်၏တောကျောင်းဆီသို့ ကြွချီလာရခြင်းမှာ အကြောင်းထူးတစ်ခုခု
ရှိသောကြောင့်သာဖြစ်ပေလိမ့်မည်ဟု တွေးမိသဖြင့် ကျွန်ုပ်စိတ်ထဲ လှုပ်ရှားလှိုက်ဖိုသွားမိလေပြီ
။ ဘုရားရှင် တရားဟောတော်မူလိုက်သည်နှင့်တပြိုင်နက် ကျွတ်တန်းဝင်သွားကြသော-လူပုဂ္ဂိုလ်ရသေ့ရဟန်းတော်ပေါင်း
နည်းမှမနည်းခဲ့ဘဲကိုး ။ ကျွန်ုပ်သည် မြတ်စွာဘုရားရှင်အား ကျွန်ုပ်၏သိမ်နုပ်လှစွာသော-တဲကျောင်းလေးသို့
ကြွရောက်ကာ သီတင်းသုံးတော်မူပါရန် ပင့်ဖိတ် ပြီး ကြည်ညိုမဆုံး ငေးမောဖူးမြော်လျက်ရှိစဉ်
တောတောင်အတွင်းသို့ သစ်သီးရှာထွက်သွားကုန်သော-တပည့်ရသေ့တို့ ပြန်လည် ရောက်ရှိလာကြသည်
။
ဘုရားရှင်နှင့်ကျွန်ုပ်၏နေရာထိုင်ခင်းကို ရှုကြည့်ကာ သူတို့ အံ့သြကြပြီ ။ ကြီးမြတ်လှစွာသောမြတ်စွာဘုရားရှင်က
အထက်မှာ ၊ နှိုင်းယှဉ်မရအောင် နိမ့်ကျလွန်းသော-ကျွန်ုပ်က အောက်မှာ ။ သူတို့ အင်မတန်
အထင်ကြီးလေးစားသော ၊ အားကျကြည်ညိုသော ၊ ယုံကြည်ကိုးစားသောရှင်ရသေ့က ရဟန်းတစ်ပါးအပေါ်
ဤသို့အရိုအသေးပေးနေသည့်အပေါ် သူတို့ နားလည်နိုင်ဖြစ်နေကြရပြီ ။
“ တပည့်တို့…ဤကား သာမညရဟန်းတော်မဟုတ် ။ ဘုန်းတော်အနန္တကံတော်အနန္တ ဥာဏ်တော်အနန
္တ တန်ခိုးတော်အနန္တရှိ
တော်မူတဲ့ မနောမဒဿီမြတ်စွာဘုရားရှင်ပဲ ။”
ဆရာ၊တပည့်ဆိုသည့်အတိုင်း ဆရာက တပည့်တို့ကို
လမ်းပြရပေမည်မဟုတ်ပါလား ။
ယခုလည်း မြင်းမိုရ်တောင်နှင့်မုန်ညင်းစေ့ပမာဏမက ကွာခြားသော ဘုရားရှင်နှင့်ကျွန်ုပ်ကို
သူတို့စိတ်ထဲ ဘယ်သူ ပိုမြတ်သလဲဟူ ၍ ဒွိဟဖြစ်နေကြသည်မို့ ကျွန်ုပ်ကပဲ ပဲ့ပြင်သွန်သင်လိုက်သည်
။ ခုနစ်သောင်းလေးထောင်သော-တပည့်ရသေ့တို့သည်လည်း ကျွန်ုပ် စကားကိုကြားသည့်အခါ ကြက်သီးမွေးညင်းတို့ထသည်အထိ
ဝမ်းသာပီတိဖြစ်ကြပြီး ဆရာဖြစ်သူနည်းတူ မြတ်စွာဘုရားရှင်၏ခြေ တော်ရင်း၌ ဝပ်စင်းညွှတ်တွားလျက်
ရှိခိုးကန်တော့ကြ၏ ။ ဆွမ်းစားချိန်ဖြစ်သောကြောင့် ခူးဆွတ်ယူလာသော သစ်သီးဝလံများထဲမှ
အကောင်းဆုံး အမွန်မြတ်ဆုံးသစ်သီးတို့ကို ရွေးချယ်ကာ မြတ်စွာဘုရားရှင်အား ဆက်ကပ်၏ ။
ကြွလာခါစက တစ်ပါးတည်းပါပဲ ။ ကောင်းကင်ယံမှ ဈာန်လမ်းခရီးဖြင့်
ကြွချီလာခဲ့ခြင်းပါ ။ သို့ပေမဲ့…ဆွမ်းဆက်ကပ်လှူဒါန်းအပြီး ၌ မြတ်ဗုဒ္ဓ၏စိတ်အာရုံ ညွှတ်ပြောင်းပို့ဆောင်မှုကြောင့်
ထင်…။ ဘုရားရှင်၏လက်ဝဲရံ၊လက်ယာရံဖြစ်သော အဂ္ဂသာဝကနှစ်ပါးသည် တစ်သိန်းသောရဟန်းတို့ ခြံရံလျက်
ကြွရောက်လာကြကုန်သည် ။ များပြားလှစွာသော ရဟန်းများ၏တင့်တယ်ကြည်ညိုဖွယ်အဆင်း တို့ကို
ရှုကြည့်ငေးမောရင်း ကျွန်ုပ်မှာလည်း ကြည်နူးမဆုံးနိုင်ဘဲ ရှိတော့သည် ။ ကျွန်ုပ်ထံသို့
မြတ်စွာဘုရားရှင်နှင့်တကွ သာသနာ တော်၌ အထင်ကရဖြစ်တော်မူသော လက်ဝဲရံ/လက်ယာရံမထေရ်မြတ်တို့ပါ
ကြွရောက်လာကြသည်မဟုတ်ပါလော ။ ဤနေ့လောက် ထူးမြတ်ဂုဏ်ယူအပ်သည့်နေ့ အဘယ်မှာ ရှိတော့ပါအံ့နည်း
။
ဝမ်းမြောက်ဂုဏ်ယူနေရုံဖြင့် မပြီးသေးချေ ။ မြတ်စွာဘုရားရှင်နှင့်ရဟန်းတော်တို့
သီတင်းသုံးနေထိုင်ရန်အလို့ငှာ တစ်ခုခု ပြုလုပ် ပေးသင့်ပေသည် ။ တောကျောင်းလေးအတွင်းရှိ
ဝါးကွပ်ပျစ်ပေါ်၌ မြတ်ဘုရားရှင် ထက်ဝယ်ဖွဲ့ခွေစံနေတော်မူရသည့်အတွက် ကျွန်ုပ် ရှက်စိတ်ဝင်မိသည်
။ မြတ်ဗုဒ္ဓအား ကောင်းမွန်မြင့်မြတ်သောအရာတို့ကို ဆက်ကပ်လှူဒါန်းလိုသည်မှာ ကျွန်ုပ်၏အတောင့်တဆုံးဆန္ဒ
တစ်ခုသာ ။ သို့ကြောင့်လည်း တပည့်ရသေ့တို့အား တောအတွင်းမှ အမျိုးမျိုးသော-မွှေးပေ့လှပေ့ပန်းတို့ကို
ခူးယူဆွတ်ခြွေစေကာ မြတ်စွာဘုရားနှင့်ရဟန်းတော်တို့အတွက် ပန်းပုလ္လင်တို့ကို ဖန်တီးစေသည်
။
ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့်တပည့်သာဝကရဟန်းတော်တို့သည်
ကျွန်ုပ်တို့ရသေ့များအား သနားကရုဏာထားသောအနေဖြင့် ရက် သတ္တတစ်ပတ်တိတိ ပန်းပုလ္လင်ထက်ဝယ်
သီတင်းသုံးစံနေတော်မူလေသည် ။ ကျွန်ုပ်အဖို့တော့ မဟာ့မဟာကုသိုလ်ကံထူးခြင်းပါပေ ။ ဘုရားရှင်ကိုယ်တော်မြတ်ကို
သက်တော်ထင်ရှား ဖူးမြင်ရရုံသာမက ခုနစ်ရက်တိတိ နေ့ညမပြတ် အခါမလပ် ပြုစုလုပ်ကျွေးခွင့်ရနေ
သောကြောင့်ဖြစ်၏ ။ ဤခုနစ်ရက်ပတ်လုံး…ကျွန်ုပ်သည် ကြီးစွာသောကုသိုလ်တစ်ခုကို ပြုလုပ်ရန်
စိတ်အကြံဖြစ်မိသည် ။ အခြားသူ နှင့်မတူ တမူထူးသော ကောင်းမှုမျိုးကို ကျွန်ုပ် ပြုလုပ်ချင်သည်
။ ကျွန်ုပ်၏စိတ်ကူး၊ ကျွန်ုပ်၏ရည်မှန်းချက်ဆန္ဒကလည်း သူတပါးနှင့် တူမှမတူဘဲကိုး ။ အမျိုးမျိုးအဆန်းဆန်း စဉ်းစားခန်းဝင်လိုက်သည့်အခါ၌
ကျွန်ုပ်၏အာရုံတွင် အကြံတစ်ခု ပေါ်လာခဲ့၏ ။ ထိုအကြံကား မြတ်စွာဘုရားရှင်အား “ပန်းထီး”ဆောင်းမိုးပေးရန်ဖြစ်ပါသည်
။ (ပန်းထီး = ပန်းဖြင့် ပြုလုပ်အပ်သော ထီးတော်)
ကြီးမားသောပန်းထီးကြီးတစ်လက်ကို ကျွန်ုပ်ကိုယ်တိုင်
ဖန်တီးခဲ့ပြီး ထိုပန်းထီးကြီးကို ကိုင်ဆောင်လျက် ခုနစ်ရက်ပတ်လုံး မြတ် စွာဘုရားရှင်အား
ဆောင်းမိုးပေးခဲ့သည် ။ တွေးချင့်ဆင်ခြင်ကြည့်ပါလော့…။ မြတ်စွာဘုရားရှင်ကို ခုနစ်တိတိ
ပန်းထီး ဆောင်းမိုးပေးခဲ့ ရသောပီတိသည် ကျွန်ုပ်၏ရင်ကို တလှပ်လှပ်တုန်ခါနေစေခဲ့သည် ။
“ပီတိစား အားရှိ”ဆိုသည့်အတိုင်း ထိုခုနစ်ရက်ပတ်လုံး အစာ အာဟာရ တစ်စုံတစ်ရာ မမှီဝဲပါဘဲ
ကျွန်ုပ်၏ခန္ဓာကိုယ်၌ ခွန်အားတို့ ပြည့်ဖြိုးနေခဲ့သည် ။ စိတ်နှလုံး ရွှင်ပြုံးနေခဲ့သည်
။ ပန်းထီးကြီးကို ဆောင်းမိုးပေးရင်း ရောင်ခြည်တော် ကွန့်မြူးနေသော-မနောမဒဿီမြတ်စွာဘုရားရှင်အား
အနီးကပ်ကြည်ညိုပူဇော်ရခြင်းအပေါ် ဝမ်း သာကြည်နူးလွန်းသဖြင့် ကျွန်ုပ်တစ်ကိုယ်လုံး ကြက်သီးတို့
တဖြန်းဖြန်းထမိသည်မှာလည်း အကြိမ်ကြိမ်အခါခါ ။
d
ခုနစ်ရက် လွန်မြောက်ခဲ့ချေပြီ ။ မြတ်စွာဘုရားရှင်သည်
နိရောဓသမာပတ်ဝင်စားတော်မူရာမှ ထလာခဲ့ပြီး လက်ဝဲရံ ၊ လက်ယာရံ ဖြစ်သော အနောမ,မထေရ်မြတ်နှင့်နိသဘမထေရ်မြတ်တို့အား
တရားဟောကြားစေသည် ။ ကျွန်ုပ်သည် ရဟန္တာမထေရ်မြတ်နှစ်ပါး အား စူးကဲစွာစိုက်ကြည့်ရင်း
အတွေးပျံ့လွင့်မိသည် ။ ဤမထေရ်မြတ်နှစ်ပါးသည် ကံကောင်းလှပေစွ ။ မြတ်စွာဘုရားရှင်၏အပါး၌
အခါမလပ် နေထိုင်သီတင်းသုံးရခြင်းတည်းဟူသော ကောင်းကျိုးကျေးဇူးကို ခံစားနေရပေသည် ။ သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်
ကြီး၏နံဘေး၌ ခုနစ်ရက်တိတိ ပန်းထီးမိုးဆောင်းပေးခွင့်ရသော-ကျွန်ုပ်ပင် ဤမျှလောက် ဝမ်းသာကြည်နူးနေရလျှင်
ဤမထေရ်နှစ်ပါး သာဆို အဘယ်မျှ ဝမ်းမြောက်နေမည်နည်း ။ ကျွန်ုပ်သည် ဤမထေရ်မြတ်နှစ်ပါးအပေါ်
အားကျစိတ်ဖြစ်ပေါ်ကာ “ငါသည်လည်း ဤ မထေရ်နှစ်ပါးလို အဂ္ဂသာဝကဖြစ်ခွင့်ရလျှင် မည်မျှကောင်းလိမ့်မလဲ”ဟု
စိတ်အကြံဖြစ်ပေါ်မိသည် ။
အလုံးစုံသိမြင်တော်မူသော သဗ္ဗညုတဥာဏ်တော်ပိုင်ရှင်မြတ်ဗုဒ္ဓသည် ဤဟိမဝန္တာတောအရပ်သို့
ကြွချီလာခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါချေ ။ မထေရ်မြတ်နှစ်ပါး ဟောကြားတော်မူခဲ့စဉ်က
ထဲထဲဝင်ဝင်သဘောပေါက်နားလည်ခြင်း မရှိသေးသော ရသေ့တို့သည် မနောမဒဿီမြတ်စွာဘုရားရှင် ဟောကြားတော်မူသည့်ဒေသနာတော်အဆုံး၌ဝယ်
ကျွန်ုပ်မှလွဲ၍ တပည့်ရသေ့(၇၄၀၀၀)လုံးလုံး သစ္စာ လေးပါးမြတ်တရားကို သဘောပေါက်နားလည်ကာ
အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားကြလေသည် ။
“ ရသေ့-သရဒ … တပည့်ရသေ့(၇၄၀၀၀)လုံးလုံး ရဟန္တာဖြစ်သွားရတဲ့အကြောင်းကို ပုထုဇဉ်ဖြစ်တဲ့သင်က
ဘယ်နှယ့်လုပ်သိတာ
တုံး ။”
ဟူ၍များ မေးမြန်းခဲ့ပါသော် ဤသို့ ရှင်းပါအံ့
။
မြတ်စွာဘုရားရှင်သည် လက်တော်ကို ဆန့်တန်းလျက် ‘ဧဟိဘက္ခု’ခေါ်တော်မူသည့်အခါ ကျွန်ုပ်မှတပါး
အခြားသောရသေ့အားလုံး ဆံနွယ်မုတ်ဆိတ်တို့ ကွယ်ပျောက်လျက် ပရိက္ခရာရှစ်ပါးနဲ့ ရဟန္တာပုံသဏ္ဍာန်
ပြတ်ပြတ်ထင်ထင် ပြောင်းလဲသွားခဲ့သောကြောင့်ပင် ။ တပည့်ဖြစ်သောရသေ့တို့ပင် ရဟန္တာဖြစ်ကုန်ပါလျက်
ဆရာဖြစ်သူ-ကျွန်ုပ်က အဘယ်ကြောင့် အရဟတ္တဖိုလ် မဆိုက်ရောက်သလဲဟု ဆိုလျှင်…
ကျွန်ုပ်၏စိတ်တွင် ကြီးစွာသောဆန္ဒတစ်ခု ဖြစ်ပေါ်နေသည် ။ ထိုဆန္ဒသည် တရားတော်အပေါ်
ထွင်းဖောက်သိမြင်နိုင်မည့် ကျွန်ုပ်၏ ဥာဏ်ကို သော်တာလမင်းကို တိမ်ဖုံးလွှမ်းသကဲ့သို့
အုပ်မိုးဖုံးကွယ်ထားသည် ။ သို့ပေသိ…ယခုလက်ငင်း တရားမရသည့်အတွက် ကျွန်ုပ်စိတ်ဝယ် နောင်တရပူဆွေးဝမ်းနည်းခြင်း
အလျင်းမရှိပါချေ ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်စိတ်ဝယ် သံမှိုကဲ့သို့ စွဲမြဲစွာတည်
နေသော စိတ်ဆန္ဒသည်ကား မွန်မြတ်သောဆုတစ်ခုဖြစ်နေသောကြောင့်ဖြစ်ပါ၏ ။
သို့ဖြစ်၍ ဘုရားရှင်နှင့်ရဟန္တာမထေရ်မြတ်များ ကောင်းကင်ယံဈာန်ခရီးသို့ မကြွချီမီကာလ၌
ကျွန်ုပ်သည် မြတ်ဗုဒ္ဓ၏ခြေတော်ရင်း သို့ ညွတ်တွားပူဇော်ရင်း အလိုရှိသောဆုအား ဖွင့်ဟဝန်ခံတောင်းပန်မိသည်
။
“ အရှင်မြတ်စွာဘုရား…သရဒအမည်ရကျွန်ုပ်ရသေ့ဟာ မြတ်ဘုရားရှင်အား ခုနစ်ရက်ပတ်လုံး
“ပန်းထီး”ဆောင်းမိုးပေးကာ ကြည်
ညိုပူဇော်ခဲ့ပါတယ် ။ ဤသို့ ရိုသေညွှတ်နူးစွာ ထူးထူးခြားခြားပူဇော်ခွင့်ရခဲ့တဲ့အကျိုးကျေးဇူးကြောင့်
ကျွန်ုပ် ဆုတစ်ခုကို တောင်း
ခြွေပန်ခွင့်ပြုပါ ။ ကျွန်ုပ်ဟာ နတ်အပေါင်းကို အစိုးရတဲ့ သိကြားမင်းသော်လည်းကောင်း
၊ ဗြဟ္မာအပေါင်းရဲ့အကြီးအမှူးဖြစ်တဲ့
ဗြဟ္မာမင်းသော်လည်းကောင်း ဖြစ်လိုစိတ် မရှိပါ ။ ကျွန်ုပ်ရဲ့ရင်ထဲမှာ စွဲမြဲစွာသန္ဓေတည်နေတဲ့ဆုဟာ
နောင်လာမယ့်အနာဂတ်
ကာလမှာ ဤနိသဘမထေရ်မြတ်ကဲ့သို့ ဘုရားရှင်ရဲ့အဂ္ဂသာဝကတစ်ပါး ဖြစ်ခွင့်ရချင်ပါတယ်
ဘုရား ။ ဤဆုတစ်ခုသာ ကျွန်ုပ်ရဲ့
စိတ်ထဲမှာ စွဲမြဲတည်တံ့နေပါတယ် အရှင်ဘုရား
။”
မြတ်ဗုဒ္ဓက ကြီးမားလှစွာသောမေတ္တာတို့ တလဲ့လဲ့ရွှန်းစိုဝေနေသည့်-မျက်လုံးတော်အစုံဖြင့်
ခြေတော်ရင်း၌ ဝပ်စင်းလျက် တောင်းဆု ပန်ခြွေနေသူ-ကျွန်ုပ်အား စိုက်လျက်ကြည့်တော်မူသည်
။ ကျွန်ုပ် တွေးသိလိုက်ပြီ ။ မြတ်စွာဘုရားရှင်သည် အလုံးစုံကို သိမြင်တော်မူ နိုင်သည်
မဟုတ်ပါလော ။ မဟာကရုဏာရှင်မြတ်ဗုဒ္ဓသည် ကျွန်ုပ်၏မြတ်ဆုမွန် ပြည့်နိုင်/မပြည့်နိုင်
သိရှိစေရန်အလို့ငှာ အနာဂတံသ ဥာဏ်တော်ဖြင့် အနာဂတ်သို့ မျှော်ကြည့်တော်မူနေလေပြီ ထင်ပါသည်
။
“ သရဒ…အသင် တောင်းခြွေသောဆုသည် အချည်းအနှီးမဖြစ် ။ နောင်လာအံ့သောတစ်သင်္ချေအလွန်၌
ဂေါတမမည်သော ဘုရား
တစ်ဆူ ပွင့်ပေလိမ့်မည် ။ သင်သည်ကား ထိုဘုရားရှင်၏ပထမအဂ္ဂသာဝကအနေဖြင့် တရားစစ်သူကြီး-သာရိပုတ္တရာဖြစ်ပေလိမ့်
မည် ။”
မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားတော်မူသော
ဗျာဒိတ်စကားကို ကြားလိုက်ရသည့်အခိုက် ကျွန်ုပ်သည် ဝမ်းသာလွန်းသောကြောင့် မျက်ရည်များပင်
ကျစီးလာမိလေပြီ ။ ကျွန်ုပ်၏ဆုတောင်း ပြည့်မြောက်လိမ့်မည်တဲ့ ။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်
ဗျာဒိတ်ပေးတော်မူခဲ့ သောစကားပင် မဟုတ်ပါလား ။ ဝမ်းမြောက်လွန်းသည့်စိတ် ၊ ကြည်နူးလွန်းသည့်စိတ်တို့ကြောင့်
မြတ်ဗုဒ္ဓ၏ဂုဏ်တော်အနန္တတို့ကို ဆို ရွတ်ပူဇော်ရင်း ဘုရားရှင်၏ခြေတော်ရင်းအား အကြိမ်ကြိမ်အခါခါ
ဝပ်တွားရှိခိုးဖူးမြော်နေမိပါတော့သည် ။
( ဓမ္မပဒ ရှင်သာရိပုတ္တရာ၏အတိတ်ဝတ္ထု စာ-၂၇၈_ ၂၉၃ )
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။