( ၂၀၁၁ခုနှစ် သြဂုတ်လထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရပြီး Cherry FM၌ အသံသရုပ်ဖော် ထုတ်လွှင့်ခဲ့သော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည် )
အင်း…
“
ကြောက်တတ်ရင် ရန်ကင်း ”
ဆိုတဲ့စကားပုံက အဖေ့အတွက်တော့ မှားတယ်ကွ
။ အဖေရဲ့အဖြစ်က မကြောက်တတ်လို့ သာ ဘေးကင်းခဲ့ရတာ ။
အဲဒီအချိန်က
အဖေများ ကြောက်တတ်ခဲ့ရင် ရူးရင်ရူး ၊ မရူးရင်တောင် ကြောက်အားလန့်အား ထွက်ပြေးပြီး ရပ်ကျော်ရွာကျော်နဲ့
ကျော်မကောင်းကြားမကောင်းဖြစ်ကုန်မှာ ။ ကိုယ်က အစိုးရဌာနရဲ့ဝန်ထမ်းဆိုလည်း ဟုတ် ၊ လူငယ်
လည်း ဖြစ်တော့ အခုလို မကြောက်တတ်ခဲ့တာပဲ ခပ်ကောင်းကောင်းလို့ပြောရမယ် ။
ခုတော့
လူအများရှေ့ မှာ အဖေက ဟီးရိုးကြီးလုံးလုံးကိုဖြစ်ရော ။ ကိုယ့်သမီးရှေ့ မှာမို့ ကြွားတာ
မဟုတ်ဘူး ။ အဖေ့အဖြစ်မျိုးက တော်တန်ရုံသတ္တိနဲ့ဆို ကြောက်လွန်းလို့ သေသွားနိုင်တယ်ဟေ့
။
အဲဒီအချိန်တုန်းက
တစ်ရွာလုံး မသိခဲ့တဲ့လျှို့ ဝှက်ချက်ကို အခု…အဖေ သမီးလေးကို ပြောပြမယ် ။
-
မိုးလင်းသွားတဲ့အထိ သရဲခြောက်နေမှန်း အဖေ မသိလို့ပေါ့ သမီးရယ် …
နို့မဟုတ်ရင် အဖေလည်း လူပဲဥစ္စာ ။ မကြောက်ဘဲနေပါ့မလား
။ အဖြစ်က ဒီလိုကွယ့်…။
ကျွန်တော်က ပျားလုပ်ငန်းဌာနမှ အစိုးရဝန်ထမ်းတစ်ဦးဖြစ်၏ ။ ကျွန်တော့်တာဝန်က
ဌာနမှနေ မြို့နယ်အသီးသီး သို့ ပို့လွှတ်လိုက်သော-ပျားပုံးများကို လိုက်လံစစ်ဆေးရခြင်းဖြစ်ရာ
ထိုတာဝန်ဖြင့် တိုက်ကြီးမြို့နယ်တစ်ဖက်ရှိ ဂျိုးဖြူစံပြ ကျေးရွာဆီသို့ ကျွန်တော် သွားရောက်ခဲ့ရသည်
။
ကျေးလက်ဒေသလေးဖြစ်သဖြင့်
သစ်ပင်ပန်းပင်တို့ အုံ့အုံ့ဆိုင်းဆိုင်း ညို့ညို့မှိုင်းမှိုင်းနှင့် နှစ်သက်ကြည်နူးဖွယ်
ကောင်းလှသည် ။ လယ်ကွင်းများကလည်း တမျှော်တခေါ်ကြီး ကျယ်ပြန့်ကာ စိုက်ပင်ပျိုးပင်များဖြင့်
စိမ်းလန်းစိုပြည်လျက် ရှိ၏ ။
ဤဖြစ်ရပ်ဖြစ်ပွားခဲ့စဉ်
လွန်ခဲ့သောအနှစ်(၂၀)ကျော်က လယ်ထွန်စက်များကို အများအပြားအသုံးမပြုကြသေး၍ ထွန်တုံးနှင့်
နွားကို အတူရုန်းစေကာ ကိုယ်တိုင် ပင်ပင်ပန်းပန်း လယ်ထွန်စိုက်ပျိုးနေသော
တောင်သူလယ်သမားများကို ကြည့်ရင်း ကျွန်တော့်စိတ်ထဲ
လေးစားကြည်ညိုမိသည် ။
ဤဒေသတွင်
စိုက်ပျိုးရေးအတွက် ရေအလုံအလောက်ရရှိစေရန်
ချောင်းတစ်ခုကို သွယ်တားပြီး ဆည်မြောင်း သဘောမျိုး ရေကာတာတစ်ခု ဆောက်လုပ်ထားသည်ကို
တွေ့ရ၏ ။ အလုံးစုံချုံငုံကြည့်သော် အေးချမ်းသာယာလှပသည့် ရွာငယ်လေးတစ်ရွာပင်တည်း ။
ကျွန်တော်က
သဘာဝအလှတရားများကို ရေခပ်ဆင်းသော-လုံမပျိုတို့ထက် ပိုစိတ်ဝင်စားတတ်သူဖြစ်၍ ရွာထဲ တွင်
နေထိုင်ရန် စိတ်ကူးမရှိပေ ။ ရွာထဲမှာ နေလျှင် လာရောက်ဧည့်ခံသော-လူကြီးသူမများကို ပြန်လည်ဧည့်ဝတ်ပြုကာ
စကားပြောနေရဦးမည် ။
ကျွန်တော်က
လူငယ်လေ ။ တစ်ယောက်တည်း အေးအေးလူလူငေးနေတွေးနေရသည်ကို ပို၍နှစ်သက်တာပေါ့ ။ သို့ကြောင့်
ရွာထဲတွင် စတည်းမချဘဲ လယ်ကွင်းထဲရှိ တဲတစ်ခုတွင် ခွင့်တောင်းပြီး ပျားပုံးများ နေရာမပြောင်းမချင်း
ထိုတဲတွင်သာ နေထိုင်မည်ဟု ဆုံးဖြတ်လိုက်သည် ။
“ ငါ့တူက မောင်တိုးမြင့်ရဲ့ မိတ်ဆွေ မဟုတ်လား ။ မောင်တိုးမြင့်က မှာထားတယ် ။ ငါ့တူ ရွာကိုရောက်လာရင် ဒေါ်ကြီး
တို့အိမ်မှာ တည်းပါစေတဲ့ ။”
ခွင့်တောင်းမည်ဟူသောအတွေးဖြင့် နီးစပ်ရာတဲဆီသို့
လျှောက်လာပြီး အဒေါ်ကြီးတစ်ယောက်ကို မိမိဟာ အစိုးရဝန်ထမ်း တစ်ဦးဖြစ်ကြောင်း ၊ တာဝန်အရ
ရောက်ရှိလာရခြင်းဖြစ်ကြောင်း မိတ်ဆက်လိုက်သည့်အခါ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ။ ထိုအဒေါ်ကြီးက
ကျွန်တော့် မိတ်ဆွေ၏ကြီးဒေါ်ဖြစ်နေပါပကော ။
ကိုတိုးမြင့်ဆိုတာ
ကျွန်တော့်သူငယ်ချင်းဆိုလည်း ဟုတ် ၊ လုပ်ဖော်ကိုင်ဖက်ဆိုလည်း ဟုတ်သည် ။ ဘယ်အိမ်မှာ
တည်းရမှန်း မရေရာသော-ကျွန်တော့်အဖို့ ရေကန်အသင့် ကြာအသင့် ဖြစ်ခဲ့ပြီ ။
“ ဟုတ်ကဲ့ ဒေါ်ကြီး ။ ဒါဆိုရင် ကျွန်တော့်ကို လယ်တဲမှာပဲ အိပ်ခွင့်ပြုပါ ။ ကျွန်တော်
ရွာထဲမှာ မတည်းချင်လို့ ။”
ကျွန်တော့်စကားကြောင့် အဒေါ်ကြီးက တွန့်နေသောနဖူးကြောများ
ပို၍တွန့်သွားသည်အထိ မျက်မှောင်ကျုံ့ လိုက်ပြီး…
“ အင်း…ငါ့တူက မြို့ သားဆိုတော့ လယ်တဲမှာ နေနိုင်ပါ့မလား ။ ခြင်ကလည်း ကိုက်
၊ အေးကလည်း အေးပါဘိ ။”
“ ရပါတယ် ဒေါ်ကြီး ။ ကျွန်တော်က ရန်ကုန်မှာသာ အလုပ်လာလုပ်တာ ။ ကျွန်တော် တကယ်နေတဲ့နေရာက
ဇင်းကျိုက်မှာခင်ဗျာ့ ။ ရွာမှာဆို ဒီလိုပဲ လယ်တဲမှာ အိပ်နေကျ ။”
ကျွန်တော့်စကားကြောင့် အဒေါ်ကြီး၏ ကျဉ်းမြောင်းသောမျက်လုံးများ
ပြူးကျယ်သွားသည် ။
“ ငါ့တူက ဇင်းကျိုက်ဇာတိလား ။ ဒေါ်ကြီးအမျိုးတွေလည်း ဇင်းကျိုက်မှာ ရှိတယ် ။
ဒေါ်ပုမတို့ ၊ မကွမ်းအိမ်တို့ဆိုတာ
ဒေါ်ကြီးညီမဝမ်းကွဲတွေလေ ။”
“ အာ … သိတာပေါ့ ။ သူတို့သားတွေနဲ့ကျွန်တော်က ငယ်သူငယ်ချင်းတွေ ။”
သည်လိုနှင့် ဇင်းကျိုက်မြို့အကြောင်းပြောရင်း
ဆွေမျိုးစပ်လိုက်ကြတာ ညနေစောင်းသွားပါရောလား ။
အဒေါ်ကြီးက
သူ့တွင် အိမ်ထောင်သည်သားနှစ်ယောက်ရှိကြောင်း ၊ လင်ယောက်ျားကမူ လွန်ခဲ့သော(၁၀)နှစ်ခန့်
ကတည်းက ဆုံးပါးသွားခဲ့ကြောင်း ၊ သားကြီးမှာ မော်လမြိုင်ဘက်သို့ ခဏသွားနေပြီး သားငယ်တို့လင်မယားကတော့
မိမိနှင့်အတူ လယ်တဲတွင် လာရောက်နေထိုင်ကြောင်း ၊ ယခု သားငယ်တို့လင်မယားက ရွာထဲရှိနေအိမ်တွင်
ဆီ/ဆား သွားယူကြောင်း ၊ မကြာမီ ပြန်လာကြမည်ဖြစ်ကြောင်း ၊ လယ်တဲ၌ ပျော်သလောက် နေနိုင်ကြောင်းတို့ကို
ဝမ်းပန်းတသာ ပြောပြရှာသည် ။
(၅)နာရီခွဲကျော်ကျော်လောက်တွင်
အဒေါ်ကြီး၏သားနှင့်ချွေးမဖြစ်သူတို့ အမောတကောဖြင့် ရောက်လာကြ၏ ။ အရေးကြီးကိစ္စ ပေါ်လာဟန်တူသည်
။
“ အမေ…အမေ့အစ်မ ဖျားနေလို့ ။ အဲ့ဒါ မြို့နယ်ဆေးခန်းကို သွားရမယ်တဲ့ ။ လိုက်သွားဖို့ကလည်း
လူမရှိဘူးဖြစ်နေ
တယ် ။ အမေ အခု ပြန်မှဖြစ်မယ် ။ လယ်တဲအတွက်တော့ မပူနဲ့ ။ ဒီမှာက သူခိုးလည်း မပူရပါဘူး
။ ကျွန်တော်တို့
လင်မယားလည်း စောင့်နေပါ့မယ် ။”
ခရီးရောက်မဆိုက်ပင် ပြောချလိုက်သော အဒေါ်ကြီး၏သား-ကိုမြင့်မူ၏စကားများကြောင့်
အဒေါ်ကြီး စိတ်ပူသွားပုံရသည် ။ ကျွန်တော့်ကို ဂရုစိုက်ကြရန် ၊ ဧည့်ဝတ်ကျေပွန်ရန် သူ့သားနှင့်ချွေးမတို့ကို
မှာကြားပြီး အမြန်ထွက်သွားလေတော့သည် ။
ကျွန်တော်လည်း
ရေချိုးကာ ကိုမြင့်မူ၏မိန်းမ-မမြထွေး ပြင်ဆင်ပေးထားသော-ထမင်းဝိုင်းတွင် ထမင်း ဝင်တွယ်
လိုက်သည် ။ ဟင်းက ချည်ပေါင်ဟင်းနှင့် ဝက်သားကြော်ဖြစ်၍ ထမင်းအလွန်မြိန်လှ၏ ။ စားသောက်ပြီးသည့်နောက်
ထမင်းလုံး စီသည့်အနေဖြင့် တဲရှေ့ ပက်လက်ကုလားထိုင်တွင် ထိုင်ကာ ဝင်လုဆဲနေလုံးကြီးကို
ငေးကြည့်ရင်း ဇိမ်ရစ်နေ ခိုက်…
“ ငါ့ညီရေ…ငါတို့လင်မယား ရွာထဲကဘုရားပွဲကို ခဏသွားချင်လို့ ။ လယ်ကွင်းနဲ့ရွာက
သိပ်မဝေးပါဘူး ။ အဲ့ဒါ ငါ့ညီ
လိုက်ရင် လိုက်ခဲ့ပါလား ။”
“ ဟာ…သွားပါဗျာ ။ ရပါတယ်…ကျွန်တော် တစ်ယောက်တည်း နေရဲပါတယ် ။ ဘယ်အချိန်လောက်
ပြန်လာမှာလဲ ။”
“ သိပ်မကြာပါဘူး ။ ၈နာရီ ၉နာရီဆို ပြန်ရောက်ပါတယ် ။”
ကိုမြင့်မူတို့လင်မယားက ကျွန်တော့်ကို နှုတ်ဆက်ကာ
ထွက်ခွာသွားကြလေသည် ။
နေက တဖြည်းဖြည်းနှင့် လယ်ကွင်းတွေနောက်ဘက်သို့ တိမ်ဝင်ပျောက်ကွယ်သွားလေပြီ ။
မိုးချုပ်သွားသည်အထိ ထိုင်စောင့်နေသော်လည်း ကိုမြင့်မူတို့လင်မယားက ပြန်ရောက်မလာသေးချေ
။ ပျင်းရိလာသည်နှင့် ကျွန်တော်လည်း ကိုမြင့်မူတို့ စီမံပေးထားသည့်-အိပ်ခန်းထဲသို့ဝင်ကာ
ခြင်ထောင်ချပြီး မှေးနေလိုက်တော့၏ ။
zzzzzz
မည်မျှကြာအောင်
အိပ်ပျော်သွားသည်မသိ…မီးဖိုခန်းဆီမှ အသံဗလံများကြားရ၍ ကျွန်တော် လန့်နိုးလာခဲ့သည် ။
တောရွာဒေသပေမို့ လျှပ်စစ်မီးကလည်း မရှိ ။ ခေါင်းရင်းကကျောပိုးအိတ်အတွင်းမှ
လက်နှိပ်ဓာတ်မီးကို ထုတ်ယူကာ မီးဖိုခန်းဆီသို့ ကျွန်တော် ထွက်လာခဲ့သည် ။
-
ကိုမြင့်မူတို့လင်မယား ပြန်ရောက်နေလို့များလား ၊ ဒါမှမဟုတ် သူခိုးဝင်တာလား…
ထိုအတွေးကြောင့် ခြေရင်းအခန်းထောင့်တစ်နေရာတွင်
ထောင်ထားသော-အုန်းတံမြက်စည်းကို လှမ်းယူကာ ခြေသံလုံလုံ ဖြင့် လျှောက်လာလိုက်သည် ။
လယ်စောင့်တဲဟုဆိုသော်ငြား အတော် ကြီးမားကျယ်ဝန်းလှသည်
။ အလျားပေနှစ်ဆယ် ၊ အနံပေလေးဆယ် နီးပါး ကျယ်ဝန်းပြီး သွပ်မိုး ၊ ထရံကာတဲကြီးဖြစ်သည်
။ အိပ်ခန်းနှစ်ခန်း ၊ အလယ်တွင် စင်္ကြန်လမ်းရှိပြီး အနောက်ဖက်က မီးဖိုခန်းနှင့် ဆက်လျက်တည်ရှိသည်
။ သို့ပေမဲ့ အောက်ဘက်ကြမ်းပြင်တွင်တော့ ဘာမှခင်းကျင်းထားခြင်းမရှိ ။ အခန်းများ ၌ ကွပ်ပျစ်များ
ရိုက်ထား၏ ။
လက်နှိပ်ဓာတ်မီးကို
ရှေ့ တည့်တည့်ဆီသို့ ထိုးရင်း မီးဖိုခန်းထဲသို့ လာခဲ့သည် ။ အသံဗလံတွေက ကျွန်တော် လန့်နိုးလာစဉ်တုန်းကလောက်
မကျယ်လောင်တော့ပေ ။ ချွတ်ချွတ်ချပ်ချပ်အသံလောက်သာ ကြားနေရတော့သည် ။
“ ဟာ… ဘာအနံ့လဲ… ။ တစ်မျိုးပဲ ။”
မီးဖိုခန်းထဲသို့ ဝင်လိုက်သည်နှင့် နနွင်းနံ့က
ထောင်းလမောင်းထနေသည် ။ အခြားဘာပစ္စည်းမှ ပျောက်ရှနေပုံမပေါ်သဖြင့် သူခိုးဝင်ခြင်းတော့
မဖြစ်နိုင် ။
လယ်ကွင်းထဲတွင်ဖြစ်၍
မြေကြွက်အိမ်ကြွက်တွေတော့ ပေါများပေလိမ့်မည် ။ သို့ကြောင့် ကြွက်သူခိုးလေးများ၏ လက်ချက်သာ
ဖြစ်လိမ့်မည်ဟု ကျွန်တော် တထစ်ချယူဆလိုက်မိပြီ ။ စောစောက ကြားလိုက်ရသည့်အသံဗလံတွေက
ထမင်းဟင်း အနံ့ရ၍ လာရောက်ကြသော-ကြွက်သူခိုးလေးများ၏ ဟိုတိုးသည်တိုးအသံများသာဖြစ်လိမ့်မည်
။ နနွင်း ပုလင်းကိုလည်း ဝင်တိုးခဲ့ပုံရသည် ။
“ တောက် … ကြွက်စုတ်တွေ…”
ကျွန်တော် ဒေါသတကြီးရေရွတ်လိုက်ရင်း နနွင်းနံ့
ပျောက်ကင်းသွားစေရန် မှောက်နေသော-နနွင်းပုလင်းကို ဓာတ်မီး အလင်းရောင်ဖြင့် ရှာဖွေကြည့်သည်
။ မတွေ့ ချေ ။
ကြာတော့
ရှာသူ-ကျွန်တော်သာ စိတ်လျှော့လိုက်ကာ အခန်းထဲသို့ ပြန်လာခဲ့သည် ။ နာရီကို ကြည့်လိုက်တော့
(၁၁)နာရီခွဲတော့မည် ။
-
ကိုမြင့်မူတို့ ဘာကြောင့်များ ပြန်မလာသေးပါလိမ့် …
ကြာကြာမတွေးနိုင်ပါ ။ တစ်နေကုန် ပျားပုံးများ
လိုက်လံစစ်ဆေးခဲ့ရ၍ ပင်ပန်းနေပြီမို့ အိပ်ရာပေါ် လှဲချလိုက်သည်နှင့် ပြန်လည်အိပ်ပျော်သွားတော့သည်
။
zzzzzz
“ ဟာ…တောက် ! အိပ်ရေးကို ပျက်တယ် ။ ကြွက်စုတ်တွေ…”
ဝုန်းဒိုင်းကြဲနေသော-ဆူညံသံတွေကြောင့် ကျွန်တော်
ဖျတ်ခနဲလန့်နိုးလာသည် ။ မီးဖိုခန်းတစ်ခုလုံး အိုးသံခွက်သံများဖြင့် သောသောညံနေ၏ ။ ကျွန်တော်
အလွန်မုန်းသည့်နနွင်းနံ့ကလည်း အိပ်ခန်းထဲအထိပင် သင်းလျက်ရှိသည် ။
“ ဒီနနွင်းနံ့က တစ်မျိုး ။ တွေ့ မယ်…”
ကျွန်တော် လက်နှိပ်ဓာတ်မီးကို ယူကာ မီးဖိုခန်းသို့
ထွက်လာခဲ့သည် ။ ကြွက်တို့၏သဘာဝအတိုင်း လူလာပြီဆိုသည်နှင့် အသံမျိုးစုံက ဗြုန်းဆို တိတ်သွားပြီ
။
မီးဖိုခန်းထဲရောက်တော့
အပုန်းကောင်းသော-ကြွက်များနှင့် နနွင်းပုလင်းကို ကျွန်တော် ဘယ်လိုရှာရှာ မတွေ့ ။ ကြာတော့
မျက်လုံးများ ကျိန်းစပ်နာကျင်လာ၍ လက်လျှော့ကာ အိပ်ခန်းဆီသို့ ပြန်လာခဲ့သည် ။ ထုံးစံအတိုင်း
အိပ်ရာပေါ် လှဲချလိုက်သည်နှင့် ပင်ပန်းမှုအရှိန်ကြောင့် ချက်ချင်းပင် အိပ်ပျော်သွားပြန်သည်
။
“ ဟာ……ဒီကြွက်စုတ်တွေတော့ ။”
မှေးခနဲဖြစ်ရုံရှိသေး…အသံတွေက ဝုန်းဒိုင်းကြဲနေပြီ
။ ကြွက်တွေက မီးဖိုချောင်တစ်ခုလုံးကိုများ ဝါးမြိုတော့မလား မသိ ။
နာရီကိုကြည့်လိုက်တော့
(၂)နာရီ(၄၄) ။ သည်ပုံအတိုင်းဆို ကျွန်တော်က ပြန်အိပ်လိုက် ၊ ကြွက်သံတွေကြောင့် နိုးလိုက်
၊ ထကြည့်လိုက်နှင့် မိုးလင်းတော့မည် ။
မဖြစ်ချေ…မနက်ကျ
လုပ်ရမည့်အလုပ်တွေက ရှိသေးသည် ။ ကျွန်တော် နံဘေးမှစောင်ကို ဆွဲယူကာ ခေါင်းမြီး ခြုံလိုက်သည်
။ နောက်တော့ အသံတွေ တိတ်မတိတ် မသိ...ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ပါရော
။
zzzzzz
“ မောင်ခင်မောင်…ငါ့တူ… နိုးလာပြီလား ။”
ကျွန်တော် အိပ်မှုန်စုံဖွားဖြင့် အခန်းထဲကထွက်လာတော့
တဲရှေ့ကွပ်ပျစ်တွင် ဒေါ်ကြီးရွှေဥက နံနက်စာထမင်းကြော်ဖြင့် ဆီးကြိုနေသည် ။
“ ဟာ…ဒေါ်ကြီး ဘယ်အချိန်က ပြန်ရောက်သလဲ ။ ဒေါ်ကြီးအစ်မကော သက်သာရဲ့ လား ။”
ကျွန်တော့်အမေးကို အဒေါ်ကြီးက ခေါင်းညိတ်အဖြေပေးရင်း…
“ ဒါနဲ့ မောင်မြင့်မူတို့လင်မယားကော ။ ဒေါ်ကြီး ရောက်တော့ သူတို့ကို မတွေ့ မိဘူး
။ ဘယ်သွားကြသလဲ ။”
“ ညကတည်းက ပွဲသွားကြည့်ကြတာ ခုထိ ပြန်မရောက်သေးဘူးထင်ပါတယ်…ဒေါ်ကြီးရယ် ။”
မနက်ခင်း
ဗာဟီရကိစ္စများ ပြုလုပ်နေရင်း ခပ်ပေါ့ပေါ့ဖြေလိုက်သော-ကျွန်တော့်စကားကြောင့် အဒေါ်ကြီး
မျက်လုံးပြူးသွား သည် ။
“ ဘာရယ် ! ဒါ…ဒါဆို ညက ငါ့တူ တစ်ယောက်တည်းပေါ့
။”
“ ဟုတ်ကဲ့…ဒေါ်ကြီး ။ ဘာဖြစ်လို့လဲ ? ”
“ ဟို…ဘာမှမဟုတ်ပါဘူး ။ ငါ့တူ ထူးထူးခြားခြား ဘာတွေ ကြုံသေးသလဲ ? ”
အဒေါ်ကြီးက အထိတ်တလန့် မေးလိုက်သဖြင့် ကျွန်တော်
ဘာဖြေလို့ ဖြေရမှန်းမသိ ဖြစ်သွားမိသည် ။
“ ဟို…ဘာမှတော့ ထူးထူးခြားခြား မကြုံပါဘူး ။ ဒါပေမဲ့ ကြွက်တွေတော့ အတော်သောင်းကျန်းတယ်
။ ဆူညံနေတာ
ပဲ ။”
“ ကြွက်တွေ…ဟုတ်လား ။ ငါ့တူက ကြွက်တွေကို မြင်လိုက်လို့လား ။”
“ ဟာ…ဒေါ်ကြီးကလည်း ။ ကြွက်တွေက ကျွန်တော် လာတဲ့အထိ
ဘယ်စောင့်မလဲ ။ အကုန် ထွက်ပြေးကုန်တာပေါ့ ။
ဒင်းတို့ ဝင်တိုက်ခဲ့လို့ နနွင်းပုလင်း မှောက်သွားတယ် ထင်ရဲ့ ။ နနွင်းနံ့ကို
နံနေတာပဲ ။”
“ နနွင်းနံ့…သြော်…နနွင်းနံ့ ။”
အဒေါ်ကြီးက ထိုစကားကိုသာ ရေရွတ်လိုက်ပြီး ဘာမေးခွန်းမှ
ထပ်မမေးတော့ချေ ။ ကျွန်တော့်စိတ်ထဲတွင်တော့ ဒေါ်ကြီး ရဲ့ဘိုးဘွားလက်ထက်က နနွင်းမို့လို့များ
နှမြောနေသလား မသိ-ဟု ခပ်ချာချာတွေးလိုက်မိသေး ။
ထမင်းစားသောက်ပြီး
ပျားပုံးတွေ စစ်ဆေးရန်အတွက် ကျွန်တော် နှုတ်ဆက်ထွက်ခွာလာချိန်အထိ ထိုကိစ္စနှင့် ပတ်သက်ပြီး
အဒေါ်ကြီး ထပ်မမေးတော့ ။ ပြန်သည့်နေ့ထိတိုင် သူ့တဲတွင် တည်းခိုရန်သာ အတန်တန်မှာလျက်ရှိသည် ။
zzzzzz
“ ဟဲ့…နင်တို့လင်မယား လုပ်ပုံ ကောင်းသလား ။ မောင်ခင်မောင်ခမျာ မကြောက်တတ်သူမို့လို့သာ ။ နို့မို့ဆို ဘယ့်နှယ့်
နေမလဲမသိဘူး ။ နင်တို့ ဘာလို့ တစ်ယောက်တည်း ထားခဲ့ရတာလဲ ။”
ကျွန်တော် တဲကို ပြန်လာချိန်မှာ အဒေါ်ကြီးက
ကိုမြင့်မူတို့လင်မယားကို ဆူပူနေ၏ ။ သူများသားအမိတွေကြား ဝင်မပါချင် ၍ ကျွန်တော် အိမ်ထဲသို့
မဝင်သေးဘဲ အိပ်ပြင်၌ အသာရပ်နေလိုက်သည် ။
ဘာပဲပြောပြော…ကိုမြင့်မူတို့
ကျွန်တော့်ကြောင့် အဆူခံနေရသည့်အတွက် စိတ်တော့ မကောင်း ။ ကျွန်တော် တစ်ယောက်တည်း နေခဲ့ရပေမဲ့
ဘာမှ ထိခိုက်သည်လည်း မဟုတ်...။
“ အမေကလည်း…အမေ့ချွေးမအကြောင်းလည်း သိရဲ့ သားနဲ့ ။ သူက အမေ မရှိရင် အငြိမ်နေတာ
မဟုတ်ဘူး ။”
“ ဟေ ! မြထွေး…နင် နင့်ယောက်ျားကို ဘာတွေ ပူဆာနေလို့လဲ ။”
ကိုမြင့်မူ၏စကားကြောင့် ဒေါ်ကြီးရွှေဥက သူ့သားနံဘေးတွင်
ကျုံ့ ကျုံ့ လေး ထိုင်နေသောချွေးမဖြစ်သူအား လှမ်းငေါက် ရင်း မေးလိုက်သည် ။
“ ဟာ…မဟုတ်ရပါဘူး အမေရယ် ။ သူပြောတဲ့ အမေ့ချွေးမဆိုတာ အစ်မရီဌေးကို ပြောတာလေ
။”
မမြထွေးက အစ်မရီဌေးဟူသောအမည်ကို ရေရွတ်လိုက်စဉ်
မျက်လုံးတွေက ဟိုဟိုသည်သည် ဝေ့ဝဲကြည့်လိုက်သေး သည် ။ ဘာသဘောလဲဆိုတာ ကျွန်တော် နားမလည်
။
“ သြော်…နင်တို့က နင်တို့အစ်မကို ကြောက်လို့ပေါ့လေ ။ နင်တို့ကိုယ်နင်တို့ကျတော့
သနားပြီး ဧည့်သည်လေးကိုတော့
ပစ်ထားခဲ့တယ်ပေါ့ ။ သူ့ခမျာ သရဲခြောက်နေမှန်းသိလျက်သားနဲ့ ငါ စိတ်မကောင်းဖြစ်မှာစိုးလို့
မပြောရှာဘူး ။ ကြွက်
တွေ သောင်းကျန်းတာပါ-တဲ့လေ ။”
-
ဗုဒ္ဓေါ…သရဲခြောက်တာဆိုပါလား…ကြွက်တွေ သောင်းကျန်းတာ မဟုတ်ဘူးလား ။
ကြားလိုက်ရသည့်စကားကြောင့် ကျွန်တော် ကြက်သီးမွေးညင်းများ
ထောင်ထသွားရပြီ ။ တံတွေးတစ်ချက်ကို ဂလုခနဲမြိုချ ရင်း သူတို့ ဘာဆက်ပြောမလဲ နားစွင့်နေလိုက်သည်
။
“ မရီဌေးကို မကြောက်ကြပါနဲ့ဟယ် ။ ငါ့ချွေးမကြီးက သနားစရာပါ ။ သူ့ခမျာ သားသမီးသံယောဇဉ်ကြောင့်
ဒီတဲက
မခွာနိုင်ဖြစ်နေတာ ။ ငါ့ကိုလည်း ကြောက်ရှာပါတယ် ။ ငါရှိရင် ဘယ်တုန်းက အရိပ်အယောင်
ပြဖူးလို့လဲ ။ ဟဲ့…
မြင့်မူ…နင် ဟိုသူငယ်လေးကို အတင်းသွားမေးမနေနဲ့ဦး ။ သူ့ခမျာ နင့်ကြောင့် သရဲခြောက်ခံရတာ
။ နင် မေးလား
မြန်းလား လုပ်မနေနဲ့…ကြားလား ။”
“ ဟုတ်…ဟုတ်ကဲ့ပါ အမေရဲ့ ။”
သူတို့ဆွေးနွေးပွဲ ပြီးဆုံးသွားသည်အထိ ကျွန်တော်
အတော်ကြာကြာစောင့်နေပြီးမှ ဘာမျှ မကြားသည့်ပုံစံဖြင့် ပေါ့ပေါ့ ပါးပါး ဝင်သွားလိုက်သည်
။ ကျွန်တော် ဝင်လာချိန်မှာတော့ ဒေါ်ကြီးနှင့်မမြထွေးက မီးဖိုချောင်ထဲ ဝင်သွားကြပြီ ။
“ ငါ့ညီ…အမေ ပြောလို့ ငါ သိပြီးသွားပြီ ။ မင်းက အတော် သတ္တိရှိတာပဲ ။ ငါတောင်
ငါ့မရီးဖြစ်လျက်သားနဲ့ မနေရဲဘူး
ကွ ။ မင်းကတော့ သတ္တိခဲပဲဟေ့ ။”
“ သြော်…အစ်ကိုရယ်…သရဲဆိုတာ အပါယ်ဘုံသားတစ်မျိုးပါ ။ ကျွန်တော်တို့ထက် နိမ့်ကျပါတယ်
။ ဒါ့ကြောင့် ကြောက်
စရာ မလိုပါဘူး ။ ဒါနဲ့ အစ်ကို့မရီးက ဘယ်လိုဆုံးသွားတာလဲ ။”
ကိုမြင့်မူက အတိတ်ကို ပြန်လည်တွေးတောမိကာ စိတ်မကောင်းဟန်ဖြင့်…
“ တောရွာတို့ ထုံးစံအတိုင်း ကလေးမဖွားနိုင်လို့ပေါ့ ။ ဒီတဲမှာပဲ ဆုံးသွားတာ
။ မီးနေသည်ဆိုတော့ နနွင်းအမြဲလိမ်းရ
တယ်လေ ။ ဒါ့ကြောင့် အိုးသံ ခွက်သံ ပေးတယ် ။ နနွင်းနံ့ ပေးတယ် ။ ဒီလောက်ပဲ ခြောက်ပါတယ်
။ ဒါပေမဲ့ တစ်ခါ
တလေတော့ သူ ရှိနေတာကို ပြတတ်တယ် ။ အစ်ကိုတောင် တစ်ခါမြင်ဖူးတယ်ကွ ။ ကြောက်စရာကြီး
။”
ကိုမြင့်မူက ကြက်သီးထသွားသည့်အမူအရာဖြင့် ပုခုံးနှစ်ဖက်ကို
တစ်ချက်တွန့်လိုက်သည် ။
“ အစ်ကို…သူက အမြဲခြောက်လှန့်လား ။”
“ အမေ ရှိရင်တော့ မခြောက်ဘူးကွ ။ သူက အမေ့ကိုကြောက်ရတယ်လေ ။ ခုထိလည်း ကြောက်တုန်းပဲထင်ပါရဲ
့ ။”
“ သြော်…သနားစရာပဲနော် ။ ဒါနဲ့ … စိုက်ရပျိုးရတာ ဘယ်လိုအခြေအနေရှိလဲ ။”
ကျွန်တော်ကပဲ အခြားအကြောင်းအရာတစ်ခုဆီ စကားလမ်းကြောင်းလွှဲလိုက်ရသည်
။
ထို့နောက်
ကျွန်တော့်ပျားမွေးမြူရေးလုပ်ငန်းအကြောင်း ဗဟုသုတရအောင်ပြောပြ ၊ ကိုမြင့်မူကလည်း စိုက်ပျိုး
ရေးအကြောင်းများ ရှင်းပြနှင့် စကားလက်ဆုံကျခဲ့ကြသည် ။ သည်လိုနှင့် မိုးချုပ်သွားခဲ့ရာ
ထိုနေ့ညက ကျွန်တော်မှာ ရင် တထိတ်ထိတ်…။
ဒေါ်ကြီး ရှိရင် အမှန်ပဲ မခြောက်လှန့်ဘူးလား…ခြောက်ရင် ဘယ့်နှယ့်လုပ်ပါ့မလဲ…စသဖြင့်
သံသယများ ပွားနေမိသည် ။
သို့သော်
ထိုညက အမှန်ပင် ဘာသံမှ မကြားရတော့ ။ နနွင်းနံ့လည်း မရချေ ။ နောက်ညများတွင်လည်း သည်အတိုင်းပဲဖြစ်၍
ကျွန်တော် ပြန်သည့်နေ့အထိ
အေးအေးချမ်းချမ်း အိပ်စက်ခဲ့ရသည် ။ မည်သို့ဖြစ်စေ…ပထမဦးဆုံးည က ကြုံတွေ့ ခဲ့ရသော-အဖြစ်အပျက်ကို
ကျွန်တော် ယခုထိ မေ့မရသေးပါ ။
သို့ကြောင့်
ညနေခင်း မီးပျက်ချိန်ဆိုလျှင် တစ္ဆေခြောက်ခံရသော်လည်း ခြောက်မှန်း မသိသဖြင့် သတ္တိရှိခဲ့သော ကျွန်တော့်အကြောင်းကို ကျွန်တော့်သမီးများအား ဟာသဇာတ်လမ်းတစ်ပုဒ်ပမာ
မကြာခဏ ပြောပြဖြစ်ပါတော့သည် ။
စေတနာရှေ့ထားလျက်…