Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ထိတ်လန့်ဖွယ် ညနေခင်း





     ထိတ်လန့်ဖွယ် ညနေခင်း

 

(၂၀၁၃ ဒီဇင်ဘာလထုတ် ပြစ်မှုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )

 

ရေးသူ ........... ဂါဦးနွန်းကို

 

----------------------------------------------------------------------------------------------------



            ယုံပါပြီ…ယုံပါပြီ ။ မနေ့တစ်နေ့ကအထိ သရဲမရှိဘူးလို့ ပြောမိတဲ့ ဒီပါးစပ်ကိုပဲ အခါခါမဲပြီး စိတ်တိုနေမိ တယ် ။ သေချာ ပြန်တွေးကြည့်လေ ပိုသိသာလေ ပါးစပ်အဟောင်းသား ဖြစ်မိလေပါပဲ ။ ကျွန်တော် တွေ့ခဲ့တာ တစ်ခေါက်တည်းမှ မဟုတ်တာ ။ နှစ်ခေါက်တိတိ ကြုံခဲ့ရတာ ။ တကယ်တမ်းတော့ အကြီးအကျယ် ကြုံခဲ့ရတာ မဟုတ်ပေမဲ့ သရဲအခြောက်ခံရတယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှပဲ ကိုယ်ချင်းစာတတ်ကြတာ ။ အခုတော့ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ်ချင်းစာတတ်သွားပါပြီ ။ ကျွန်တော် ကြုံခဲ့ရတာကဒီလိုခင်ဗျာ့ ။   

õõõõõõõõõõõõõõõõõõõõõõõõõõõõõ

                  ကျွန်တော် နာမည်က ဦးကိုကိုပြုံး ။ ကျွန်တော်က ပုစွန်တောင်မြို့နယ် တိုက်ခန်းလေး တစ်ခန်းမှာ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်နဲ့တစ်ယောက်ထဲနေလာတာ အတော်ကြာပါပြီ ။ ဒီလမ်းဒီမြေမှာ ကျွန်တော် ခြေ မချဘူးတဲ့နေရာဆိုတာ မရှိသလောက်ပါပဲ ။ ဟုတ်တယ်…ကျွန်တော်က အဲ့သလောက်ကို နှံ့စပ်တာ ။ လူပျိုကြီး လည်း ဖြစ်ပြန်တော့ အနီးအနားက အိမ်နီးနားချင်းတွေနဲ့လည်း တည့်အောင် ပေါင်းထားရတယ် ။ အကူအညီ လို အပ်တဲ့အခါ တောင်းနိုင်အောင်ပေါ့ ။ ကျွန်တော်က ကုမ္ပဏီတစ်ခုရဲ့မန်နေဂျာဆိုတော့ တစ်ခါတစ်လေ အိမ်ပြန် နောက်ကျတတ်တယ် ။ အင်း…တစ်ယောက်တည်းသမားဆိုတော့ မနက် ၊ ညစာကလည်း ဖြစ်သလို စားလိုက်တာ ပါပဲ ။ အိမ်ပြန်နောက်ကျတာ ၊ အပြင်စာ ၀ယ်စားတာ…ဒီလိုက မကြာမကြာဖြစ်တတ်လေတော့ ကျွန်တော့်အတွက် မထူးဆန်းတော့ပါဘူး ။ အဲ…ဒါပေမဲ့ ….ဇာတ်လမ်းက အဲ့သလို အိမ်ပြန် နောက်ကျတာက စတာပဲ ။
          အဲ့သည့်နေ့က မိုးနည်းနည်း ရွာထားတော့ ပတ်ဝန်းကျင်တစ်ခုလုံး စိုစိုစွတ်စွတ်ကြီး ။ အချိန်ကလည်း ညနေ(၆)နာရီကျော်ကျော်လောက်ဆိုတော့ နေဝင်ရီတရောအချိန်ပေါ့ ။ ကျွန်တော်လည်း ပြန်လာနေကျဖြစ်လေ တော့ စိတ်ထဲမှာ ဘာမှကြောက်ရွံ့စိုးရိမ်မှုလည်း မရှိပါဘူး ။ ကျွန်တော်တို့နေရာက လူလည်းသန့်တော့ ဓါး ထောက်လုမှာတို့ ၊ တုတ်နဲ့ ရိုက်လုမှာတို့ မပူရဘူးလေ ။ ဒါနဲ့  ကျွန်တော်လည်း  အိမ်ရောက်ရင်စားဖို့ ၀ယ်လာတဲ့ ဝက်ခေါင်းသုတ်နဲ့ ဆိတ်ရိုးစွပ်ပြုတ်ကို လက်မှာ ဆွဲရင်း ခပ်အေးအေးပဲ လမ်းလျှောက်လာတာ လမ်းကွေ့သရက် ပင်နားကို ရောက်လာတယ် ။  လမ်းကွေ့သရက်ပင်နဲ့ ဆက်စပ်ပြီးပြောရရင် အဲ့သည့်နားက မူကြိုကျောင်းက နာ မည်ကြီးဗျာ့ ။ ပြောရင် ကြွားရာရောက်ဦးမယ် ။ တကယ့်ဒိတ်ဒိတ်ကျဲမိသားစုတွေရဲ့ သားသမီးတွေကိုမှ လက်ခံ တာ ။ ဒါပေမဲ့ ခုလိုအချိန် မှာတော့ ဘယ်သူမှမရှိတော့ဘူးပေါ့ ။ 
         ကျွန်တော် ခပ်အေးအေးနဲ့လျှောက်လာတုန်း ‘တရှပ်ရှပ်’ နဲ့ နောက်က လိုက်လာတဲ့ ခြေသံကို ကြားလိုက်ရ တယ် ။ ခြေသံက တကယ့်ကို နီးနီးကပ်ကပ် ရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်ရတာ ။ ကျွန်တော်နောက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ ဘာဆို ဘာမှ မရှိဘူး ။ ဒါဆို ကျွန်တော် နားကြား မှားတာပဲနေမှာပါ ဆိုပြီး ဆက် လျှောက်လာခဲ့တော့ ဟော ! ကြားရပြန်ပြီ ။ ဒီတစ်ခါတော့ တော်တော် နီးနီး ကပ်ကပ်ကို ကြားရတာ ။ ကျွန်တော့် ခြေရာနဲ့ ထပ်ချပ်မကွာ လိုက်လာသလိုမျိုးလေ ။ ဒါနဲ့ ကျွန်တော်လည်း  ဒုတိယမ္ပိ ဖြတ်ခနဲ လှည့်ကြည့်လိုက်တော့ ရုတ်တရက် တစ်ကိုယ်လုံး အေးခနဲ ခံစားလိုက်ရတယ် ။ အဲ့သလို ခံစားလိုက်ရပြီး ကျွန်တော် ရင်တုန်သလို ၊ ကြောက်သလို ကြီး ဖြစ်လာတယ် ။ ဆံပင်တွေဆို ချွန်တက်သွားသလို ခံစားလိုက်ရပြီး ခေါင်းကြီးကလည်း ဆန် အိတ်ကြီး ရွက်ထားရသလို လေးလံလာတယ် ။ ‘ခေါင်းနပန်း ကြီးတယ်’ဆိုတာ ဒါမျိုးထင်ပါတယ် ။
        ကျွန်တော်လည်း အဲ့ဒီ့နေရာကို စိတ်ထဲ မသင်္ကာဖြစ်တာနဲ့ ဘုရားစာရွတ်ရင်း ခပ်သွက်သွက်လျှောက်လာခဲ့ တယ် ။ အဲ့နောက်တော့ လိုက်လာတဲ့ ခြေသံကို မကြားရတော့ဘူး ။ ဒါက ပထမနေ့မှာ ကျွန်တော် ကြုံရတာပါ ။
        နောက်တစ်နေ့မှာလည်း ကျွန်တော် ပုံမှန်အတိုင်း အိမ်ပြန် နောက်ကျတယ် ။ မနေ့ကကိစ္စကို မေ့မေ့ပျောက် ပျောက် ဖြစ်နေပေမဲ့ လမ်းကွေ့သရက်ပင်နား ရောက်တော့မှ သတိရသွားမိတယ် ။ အစောကသာ သတိရမိရင် အမဲအူနှပ်နဲ့ ပဲဟင်းရည်ကို ဝယ်မလာပါဘူး ။ ဒါနဲ့ စိတ်တင်းရင်း လျှောက်လာလိုက်တာ သရက်ပင်အောက်ကို ရောက်လာတယ် ။
        နောက်ကဘာသံမှ မကြားရတာနဲ့ မသင်္ကာလို့ လှည့်ကြည့်လိုက်တော့…လား…လား…ခွေးမည်းနက်ကြီးတစ် ကောင်က အမဲနှပ်ကိုဆွဲဖို့ ချောင်းနေတယ်လေ ။ ဒီခွေးကြီးကိုလည်း ကျွန်တော် ဒီနားမှာ တစ်ခါမှ မမြင်ဖူးဘူး ။ ကြက်သီးတွေ တဖြန်းဖြန်းထပြီး ခေါင်းနပန်းတွေကလည်း မနေ့ကလို ကြီးလာတယ် ။ ဒါပေမဲ့ အားကိုးစရာ ရတနာ သုံးပါး ရှိလေတော့ သံဗုဒ္ဓေဂါထာကို စိတ်က ရွတ်ရင်း “ဟဲ့…သွားစမ်း”လို့ ခွေးကြီးကို မောင်းထုတ်ပစ်လိုက်တယ် ။ အဲ့ဒီ့နောက်တော့ ကျွန်တော်လည်း အိမ်ကို မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ ပြန်လာခဲ့တယ် ။
       ကျွန်တော့်မှာ မနက်မိုးလင်းချိန်အထိ အဲ့သည့်အကြောင်းကိုပဲ တွေးနေမိတယ် ။ ဟိုအရင်တုန်းက ဥဒဟို သွားလာခဲ့ပေမဲ့ ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး ။ အခုမှ ဘယ်လိုဖြစ်ရတာလဲဆိုတာ အဖြေ ရှာမရ ဖြစ်နေတုန်း အပေါ်ထပ်က ဒေါ်သီရိနဲ့ လမ်းမှာ ဆုံဖြစ်ကြတယ် ။
    “ဒေါ်သီရိ…မနက်ဘက် အပြေးလေ့ကျင့်တာလည်း မတွေ့ပါလား” 
လို့ စကားဆိုလိုက်မိတယ် ။ ဟုတ်တယ်လေ…. ဒေါ်သီရိက ကျန်းမာရေးလိုက်စားတဲ့သူဆိုတော့ အရင်ကဆို မနက်စောစောထပြီးပြေးနေကျ ။ ကျွန်တော့်အမေးကြောင့် ဒေါ်သီရိခမျာ မျက်နှာလေး ကွက်ခနဲ ပျက်သွားကာ နဘေးကို ဝေ့၀ဲကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့်…
    “ မပြောချင်ပါဘူး…ဦးပြုံးရယ် ။ ဟိုတစ်နေ့က ထပြေးတာလေ သရက်ပင်အောက် ရောက်တော့ ဘယ်လိုကြီးလဲ
      မသိဘူး ။ ငိုသံလိုလို ၊ ညည်းသံလိုလို ကြားရတယ် ။ အဲ့ဒါနဲ့ ကျွန်မလည်း အပေါ်ထပ်က ဒေါ်မြင့်ကို ပြောပြ
      တော့ အဲ့ဒါသရဲခြောက်တာတဲ့ ။ အဲ့သည့်နားမှာ အရင်က အသုတ်ဆိုင် တစ်ဆိုင်ရှိတယ်လေ ။ အသုတ်သည်
      အဘွားကြီးက လွန်ခဲ့တဲ့အင်္ဂါနေ့ကမှ ဆုံးသွားတာ ။ တစ်ပတ်မပြည့်သေးဘူးပေါ့ ။ ဆိုင်နေရာလေးကို စွဲလန်း
      ပြီး မကျွတ်ဘဲ ဖြစ်နေတယ် ထင်ပါရဲ့ ။” 
   “ သြော်…မည်းမည်းပိန်ပိန်နဲ့လေ ။ အဲ့ဒီ့အဘွားကြီး ဆုံးသွားပြီလား ။ ကျွန်တော်တောင် မကြာမကြာ အသုတ်
     ဝယ်စားသေးတယ် ။ ဘာရောဂါနဲ့ ဆုံးသွားတာလဲ ။”
   “ အညာကိုအပြန် လမ်းမှာ ကားမှောက်ပြီး ဆုံးသွားတာတဲ့ ။ ဦးပြုံးလည်း ညဘက်ပြန်လာရင် သတိနဲ့ ပြန်ပေါ့ ။
     တော်ကြာ သရဲခြောက်ခံထိနေဦးမယ် ။”
ဒေါ်သီရိထွက်သွားကာမှ ကျွန်တော် အသုတ်သည်အဘွားကြီးကို သနားသွားမိတယ် ။ မပြည့်စုံတဲ့ သူ့ဘဝမှာ သူပိုင်ဆိုင်တဲ့ အသုပ်ဆိုင်နေရာလေးကို စွဲလန်းနေတယ် ထင်ပါရဲ့ ။
    “ ဟာ…ကိုကျော်အောင်ပါလား ။ ထူးထူးဆန်းဆန်း ဒီဘက်ရပ်ကွက်တွေ ဘာတွေ လာလို့ပါလား ။”
ထိုအတွေးနှင့် ဆက်လျှောက်လာရင်း ဟိုဘက်ရပ်ကွက်က ကိုကျော်အောင်ကို တွေ့လိုက်ရလို့ ကျွန်တော် လှမ်း ခေါ်နှုတ်ဆက်လိုက်တယ် ။ ကိုကျော်အောင်ဆိုသော သူက လူတစ်မျိုး……အကြောင်းကိစ္စ မရှိဘဲ အိမ်ထဲက အိမ်ပြင် ထွက်တတ်သူ မဟုတ် ။
    “ မပြောချင်ပါဘူး…ကိုပြုံးရယ် ။ ကျုပ်ဘကြီး ပို့ထားတဲ့ အင်းခွေးကြီး မနေ့က ပျောက်သွားလို့ ။ အဲ့ဒါ လိုက်ရှာ
      နေတာ ။ ခွေးအရောင်ကလည်း အမည်းရောင်ဆိုတော့ မသိရင် ကြောက်စရာကြီး ။ မကိုက်တတ်ဘူးလို့တော့
      ဘကြီးက ပြောပေမဲ့ တော်ကြာ ကလေးတွေဘာတွေ ကိုက်မိရင် ဒုက္ခ ။ စိတ်ညစ်ပါတယ်ဗျာ ။ ကျုပ် လိုက်ရှာ
      လိုက်ဦးမယ် ။”
ဟု ပြန်ဖြေပြီး ကိုကျော်အောင်က သုတ်သုတ်ပြာပြာနဲ့ တစ်ဖက်လမ်းဘက်ကို ထွက်သွားလေတယ် ။ ကျွန်တော် လည်း ရုံးချိန်နောက်ကျမှာစိုးလို့ ကားဂိတ်ကို ခပ်မြန်မြန် လျှောက်လာလိုက်ရင်းမှ…
    “ ကိုကျော်အောင်ရဲ့ခွေးအရောင်က အမည်းရောင်ဆိုတော့ ညက တွေ့ခဲ့တဲ့ ခွေးကြီးများလား ။ ဒါမှမဟုတ်
      ဒေါ်သီရိ ပြောသလိုပဲ သရဲခြောက်ခံထိတာလား ။”
ကျွန်တော် နားမလည်နိုင်စွာ တွေးတောနေတုန်း ၆၂ကားကြီး ဆိုက်ရောက်လာတာကြောင့် ရုံးချိန်အမီ ရောက်နိုင် စေရန် ကျွန်တော် လူအများကြားထဲမှ ဘတ်စ်ကားပေါ်သို့ အတင်းတိုးတက်သွားလိုက်ပါတော့သည် ။




                                                                                                                    စေတနာရှေ့ထားလျက်...                     
                                                                                                                              ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။