ထုပ်တန်းပေါ်က ၀ိညာဉ်…
( ၂၀၁၃ ဇွန်လထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
---------------------------------------------------------------------------------------------------
အေးကွ…။ မင်း ပြောပြဆိုလို့သာ ငါ ပြန်ပြောပြရမှာ…ကြက်သီးတောင်
ထချင်ချင်ပဲဟေ့ ။ မဟုတ်ဘူး ဟေ့ကောင် ။ ရိုး တိုးရိပ်တိတ် ချောက်လှန့်ရုံဆို မင်းသူငယ်ချင်းငါက
သွေးမပျက်ပါဘူးကွာ ။ မင်း သိတဲ့အတိုင်းပဲ ။ အထက်တန်းကျောင်းသား ဘ၀ကတည်းက ခပ်မိုက်မိုက်နေလာတဲ့ကောင်ပါကွ
။ တော်ရုံဆို မကြောက်တတ်ပါဘူး ။ ခုဟာကတော့ ပြန်တောင်ပြောမပြ ချင်လောက်အောင်ကို ကြောက်စရာကောင်းတာ
။ အမလေးလေး…ညွှန်းရအောင် ငါ့ကောင်မလေးအကြောင်း ပြောနေတာမှ မဟုတ်တာ ။ မညွှန်းရပေါင်…။
မင်းဘာသာ ထုပ်တန်းပေါ်က ချောက်လှန့်သူပဲဖြစ်ဖြစ် ထုပ်တန်းပေါ်က လိပ်ပြာရှင်ပဲခေါ်ခေါ် ဒါက
မင်း သဘောပဲ ။ ငါကတော့ တိုတိုနဲ့ လိုရင်းပဲ ပြောပြမယ် ။ ဒီလိုကွ…
ã
ã
ã
ã
ã
ဒီနေ့က ဆုထူးအောင်တို့ရဲ့part 2နောက်ဆုံးနေ့…။
သူငယ်ချင်းတွေအားလုံး စာမေးပွဲကို စုံစုံညီညီဖြေဆိုနိုင်ကြသည်မို့ အပျော်ကြီးပျော်နေကြသည့်
နေ့…။ ဆုထူးအောင်တို့အဖွဲ့ထဲတွင် မိန်းကလေးက ငါးယောက် ၊ ယောက်ျားလေးက လေး ယောက် ။ စုံတွဲဆိုလို့
တစ်တွဲသာပါပြီး ကျန်တာအားလုံး လူလွတ်လူပျော်တွေဆိုတော့လည်း ကဲကြပျော်ကြအော်ကြနှင့်
။
ပြောရလျှင် ယနေ့မှ သူငယ်ချင်းတွေစုပြီး မပျော်ကြလျှင်လည်း
နောက်ထပ်ပျော်စရာနေ့က ရှိတော့မည်မဟုတ် ။ ဆုထူး အောင်တို့တတွေက နောက်တစ်နှစ်ကျလျှင်
ဟောက်စ်ဆာဂျင်(house surgeon)ဆင်းရတော့မည့် ဆရာဝန်လောင်းလျာ တွေ ။ သည်တော့ ဒီနေ့ အပြတ်ပျော်ကြမှဖြစ်မည်
။
“ တို့တွေ ဟိုနားက ပိတ်ထားတဲ့အခန်းထဲကို သွားကြရအောင်
။”
ကျောင်းဝန်းအတွင်းမှ
ပိတ်ထားတာကြာပြီဖြစ်တဲ့အခန်းတစ်ခန်းကို လက်ညှိုးညွှန်ပြရင်း ကောင်းထက်က ဆော်သြလိုက်၏
။
“ အာ…နင်ကလည်း မမူးဘဲ ရစ်နေပြန်ပြီ ။ အဲ့ဒီ့အခန်းက
နာမည်ကြီးဟဲ့ ။ ဘာဖြစ်လို့ ပိတ်ထားသလဲဆိုတာ နင်တို့ သိရဲ့
လား ။”
စပ်စုမသန္တာမိုးက
သရဲဇာတ်ကားထဲက ဇာတ်ကြောင်းပြောပြသူရဲ့ပုံစံမျိုးဖြင့် မျက်လုံးတွေကို မှေးကျဉ်းကာ အသံတိမ်တိမ်နှင့်
အရှေ့သို့တိုးကပ်လာရင်း ဆိုလိုက်၏ ။
“ ပြောစမ်းပါဦး မစပ်စုရဲ့ ။ ဘယ်လိုအကြောင်းတော်များ
ရှိခဲ့လို့လဲ ။”
“ ဟိုးအရင်တုန်းကပေါ့ဟာ ။ ငါတို့ မသိခဲ့တဲ့ ဟိုး…ဟိုး…ဟိုးအရင်တုန်းကပေါ့
။ အဲ့ဒီ့အခန်းကို အခုလို မပိတ်ထားရသေး
ဘူး ။ သူလိုငါလိုအခန်းတွေလိုပဲ ဖွင့်ထားတာပေါ့
။ တစ်နေ့ ညနေကျောင်းဆင်းချိန်လောက်မှာ အဲ့ဒီ့အခန်းကို ကောင်မ
လေးတစ်ယောက် ၀င်သွားတယ် ။ ဆေးကျောင်းသူလေးပေါ့ဟယ်
။ ကောင်မလေးက ငိုထားလိုက်တာ မျက်လုံးတွေကို
နီရဲလို့…သူ ၀င်သွားတာကို ဘယ်သူမှ မသိကြဘူး ။
နောက်တော့ အစောင့်က တံခါးတွေ ပိတ်သွားတယ် ။”
သန္တာမိုးက
ဇာတ်ကြောင်းပြောရတာ မော၍လား…ဒါမှမဟုတ် ဇာတ်ရှိန်ပို၍ မြင့်စေလို၍လား မပြောတတ် ။ ထိုနေရာ၌
ခတ္တ နားနေသဖြင့် သိချင်နေသူ အေးသီရိက…
“ ဟဲ့…ကောင်မလေး အထဲမှာ ရှိနေတာကို ဒီအစောင့်က
မသိဘူးလား ။ ဒီလောက် နမော်နမဲ့နိုင်ရလား ။”
“ သြော်…နင်ကလည်း မသိလို့နေမှာပေါ့ ။ ဒါပေမဲ့ မနက်
မိုးလင်းလို့ သန့်ရှင်းရေးလည်း ၀င်ရော ကောင်မလေး ရှိနေတာ
ကိုတွေ့လို့ အော်လိုက်ကြတာများ…။”
“ အမလေးဟယ်…ကောင်မလေးကို တွေ့တာပဲ ။ ဘာအော်စရာရှိလဲ
။”
စိတ်မရှည်တဲ့
သန့်သန့်ဖြူက ဆောင့်ကြီးအောင့်ကြီးနှင့် ၀င်ပြောသည် ။ ထိုစကားကြောင့် အရှိန်ပျက်သွားဟန်တူတဲ့
သန္တာမိုး က…
“ နင်ကလည်း…ဆုံးအောင် နားထောင်ပါဦး ။ အော်မှာပေါ့ဟဲ့
။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ့လိုက်တာက ကောင်မ
လေးကို ထုပ်တန်းမှာ ဆွဲကြိုးချလျက်သားကြီးနဲ့
တွေ့လိုက်ရတာကိုး ။”
“ ဟင်…ဒါ…ဒါဆို သတ်သေသွားတာပေါ့ ဟုတ်လား ။”
ကြောက်တတ်သူ
မေမြတ်ဝါက သန့်သန့်ဖြူ၏အနားသို့တိုးရင်း ဆိုလိုက်သည် ။ သန္တာမိုးက မေမြတ်ဝါ၏အမူအရာကိုကြည့်
ပြီး သားကောင်တွေ့တဲ့မုဆိုးရဲ့အပြုံးမျိုးနှင့် ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း…
“ ဒါပေါ့ဟ ။ စိတ်ညစ်လွန်းလို့ သူ့ကိုသူ သတ်သေသွားတာလေ
။ နောက်မှသိရတာက သူ့မိသားစုဝင်တွေက အဆင်မပြေ
ဘူးတဲ့ ။ ကျောင်းဆက်ထားနိုင်ဖို့ မသေချာဘူးပေါ့ဟာ
။ နောက်ပြီး အရေးထဲမှ အရာပေါ်ဆိုသလို သူကလည်း စာမေးပွဲ
ကျ ၊ ချစ်သူကလည်း ပစ်သွားဆိုတော့ စိတ်ညစ်လွန်းလို့
သတ်သေသွားတော့တာပဲ ။ အဲ့ဒီ့ကတည်းက အဲ့ဒီ့အခန်းကို
ပိတ်ထားခဲ့ရတာ အခုထက်ထိပဲ ။ ဘာဖြစ်လို့ ပိတ်ထားရတာလဲဆိုတော့
အဲ့ဒီ့အခန်းက သရဲခြောက်လို့ပေါ့ ။”
ဇာတ်လမ်းဆုံးလုခါနီးမှာ
သန္တာမိုးက မေမြတ်ဝါ၏အနားသို့ကပ်ကာ ခပ်ကျယ်ကျယ်ပြောလိုက်တာကြောင့် မေမြတ်ဝါခမျာ ကြောက်လွန်းလို့
ဆတ်ခနဲတုန်သွားသည် ။
“ အဲ့ဒီ့ဇာတ်လမ်းကို ငါတော့ မကြားမိပေါင် ။ နင့်ကို
ဘယ်သူပြောပြတာလဲ ။”
“ အမယ်…နင်က တစ်ချိန်လုံး အိပ်ငိုက်နေတတ်တဲ့သူပဲ
။ ဘယ်လိုလုပ် ဒီလို သတင်းမျိုးကို သိနိုင်မှာလဲ ။ ငါက အရာရာ
ကို မျက်စိရှင်ရှင် နားရှင်ရှင်နဲ့ အကဲခတ်နေတဲ့သူဆိုတော့
သိတာပေါ့ဟဲ့ ။”
တစ်ချိန်လုံး
ငေါင်စင်းစင်းနှင့် နားထောင်နေသူ ဖြိုးပိုင်က မကျေမနပ်ဝင်မေးလိုက်ပေမဲ့ သန္တာမိုးက အမူအရာမပျက်တဲ့အပြင်
ခပ်နှပ်နှပ်ပင် ပြန်ဖြေလိုက်သေးသည် ။
“ ကဲပါ…ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကို မပြောခင်
ဒါလေးတွေ ကုန်အောင် တီးကြရအောင် ။”
အားလုံး
ငြင်းဟယ်ညံဟယ်ဖြစ်ကြမည်ကို ကြိုတွေးမိတဲ့သဇင်ချိုက စကားနည်းရန်စဲဖြစ်အောင် ကြားဝင်လိုက်၏
။ သဇင်ချို ရဲ့တိုက်တွန်းစကားကိုတော့ မည်သူကမျှ ငြင်းချက်မထုတ်ကြ…။ သူမ့ပြောသည့်အတိုင်း
ခေါင်းညိတ်နာခံလိုက်ကြပြီး မှာထား တဲ့ခေါက်ဆွဲကြော် ကြာဇံကြော်တွေကို အပြတ်အသတ်ဝါးတီးဆွဲကြတော့သည်
။
ã ã
ã
ã
ã
မေမြတ်ဝါက မသွားကြပါရန် မည်သို့တားတား အားလုံးက
သန္တာမိုးရဲ့ယုံတမ်းပုံပြင်ကို ဆန့်ကျင်တဲ့အနေဖြင့် ပိတ်ထား တဲ့အခန်းကို တစ်ခေါက်တော့
မရောက်ရောက်အောင် သွားကြည့်ကြမည် ။ ယနေ့တစ်နေ့သာ အားလပ်တာကြောင့် ယနေ့ ပင် သွားရောက်ကြည့်ရှုကြမည်ဟု
ညီညီညွတ်ညွတ်ဆုံးဖြတ်လိုက်ကြသည် ။
“ နင်တို့ကလည်းဟယ် ပျော်ရမယ့်နေ့မှာ ပျော်စရာပဲ
လုပ်ကြပါလား ။ ဘာလုပ်ဖို့ ပိတ်ထားတဲ့အခန်းထဲကို ၀င်ကြမှာလဲ ။”
“ မေမြတ်ဝါကလည်း ဒါလည်း ပျော်စရာကောင်းပါတယ်ဟ ။”
“ တော်ကြပါတော့ဟာ ။ ကန်တင်းန်ကို ပြန်သွားကြရအောင်
။ ငါ ၀ယ်ကျွေးမယ်လေ ။”
“ တကယ်လား ။ ငါတို့အားလုံးကို တကယ် ၀ယ်ကျွေးမှာလား
။”
“ ဟင့်အင်း…အားလုံးတော့ ၀ယ်မကျွေးနိုင်ပါဘူး ။”
“ အမယ်…ကျွေးလည်း မကျွေးနိုင်ဘဲနဲ့များ ။ ကဲ…လာလေဟာ
။ ၀င်ကြရအောင် ။ နေ့ခင်းကြောင်တောင်ကြီးကို ကြောက်
နေလိုက်တာ ။”
အေးသီရိက
အတင်းဆွဲခေါ်သဖြင့် မေမြတ်ဝါလည်း ကြောက်ကြောက်လန့်လန့်နှင့် လိုက်လာခဲ့ရသည် ။
အခန်းက ပိတ်ထားသည်ဟုဆိုသော်လည်း သော့ခတ်ထားရုံမျှသာဖြစ်ပြီး
အခန်းသော့ကို နှစ်ကြီးသမားဆုထူးအောင်က ကိုင်ဆောင်ထားရ၍ အထဲဝင်ဖို့ရာ အခက်အခဲမရှိ ။
အထဲရောက်တော့ အခန်းတွင်းသို့ လူမ၀င်တာ အမှန်ပင် ကြာမြင့်နေပြီ ဖြစ်ကြောင်းကို အခန်းတွင်းမှ
ဖုန်အလိမ်းလိမ်းတက်နေတဲ့ပစ္စည်းတွေက သက်သေခံလျက် ရှိသည် ။ အခန်းထဲတွင် ခန္ဓာ ကိုယ်အကြောင်း
ရှင်းလင်းပြသထားသည် ရုပ်ပုံကားချပ်တစ်ခု ပလတ်စတစ်နှင့်ပြုလုပ်ထားတဲ့လူအရိုးစုတစ်စု
စားပွဲခုံတစ် လုံးနှင့် ကုလားထိုင်တစ်ခုံသာ ရှိသည် ။ နံရံနှင့်ထုပ်တန်းတို့တွင် ပိုးချည်မျှင်များ
ဖုန်မှုန့်များဖြင့် ရှုပ်ပွညစ်ထိုင်းလျက် ရှိ၏ ။
“ မိသန္တာ ဘယ်မလဲ နင့်သရဲက…ဘာမှလည်း မရှိဘူး ။”
ဖြိုးပိုင်၏ခပ်ထေ့ထေ့အော်သံကို
သန္တာမိုးက အရေးမစိုက်ပေမဲ့ မေမြတ်ဝါခမျာတော့ ဖြုံဖျားထိတ်လန့်သွားရရှာသည် ။
“ ကိုဖြိုးရယ် အဲ့ဒီ့လိုကြီး မအော်စမ်းပါနဲ့ ။
ငါ ကြောက်လို့ပါ ။”
“ အာ…မေမြတ်ဝါ နင်ကလည်း နေ့ခင်းကြောင်တောင်ကြီးမှာတောင်
ဒီလောက်ကြောက်နေရလား ။ ဘာမှမရှိဘူး ။ ထိတ်
စရာလန့်စရာ တစ်ပြားမှ မလိုဘူး ။”
“ ကဲပါ…ဘာသရဲမှ မရှိရင်လည်း ပြန်ထွက်ရအောင် ။ ဒီမှာ
ဖုန်တွေပိုးချည်မျှင်တွေနဲ့ ကျန်းမာရေး မညီညွတ်ဘူးဟ ။”
အသန့်ကြိုက်သူ
သန့်သန့်ဖြူ၏စကားကို မေမြတ်ဝါကလည်း အသည်းအသန်ထောက်ခံနေသဖြင့် အပြင်သို့ ပြန်ထွက်ရန်
အားလုံးဆုံးဖြတ်လိုက်ကြသည့်အခိုက်…
“ နေဦး…ဒီအထဲကို ဘယ်သူမှ ၀င်ဖူးတာ မဟုတ်ဘူး ။
ဒီတော့ ငါတို့ ဒီစားပွဲပေါ်က ဆိုင်းဘုတ်လေးနဲ့အတူ ဓါတ်ပုံလေး
တစ်ပုံ ရိုက်ကြရအောင် ။”
ဓါတ်ပုံခရေဇီသဇင်ချိုက
ထိုသို့ပြောလိုက်ရင်း တဆက်တည်းဆိုသလို လက်ထဲတွင်ကိုင်ထားသော ဟန်းဖုန်းကိုဖွင့်ကာ ကင်မ
ရာဟူသောသင်္ကေတလေးကို တို့ထိလိုက်သည် ။
“ ရိုက်မယ်ဆိုလည်း
မြန်မြန်ရိုက်ကြပါဟယ် ။ ကဲ…ကဲ…ငါ ရိုက်ပေးမယ် ။”
အပြင်သို့
ထွက်ချင်လှပြီဖြစ်တဲ့မေမြတ်ဝါက ထိုသို့ပြောလိုက်ပြီး သဇင်ချိုရဲ့လက်ထဲက ဟန်းဖုန်းလေးကို
ဆွဲယူလိုက်ကာ သူ တို့အုပ်စုကို ချိန်လိုက်သည် ။ ပြတင်းပေါက်များ ပိတ်ထားသဖြင့် အခန်းက
အနည်းငယ်မှောင်နေတာကြောင့် ဖလက်ရှ် (အလင်း)ကို ဖွင့်လိုက်ပြီး လှပတဲ့ဓါတ်ပုံတစ်ပုံရရှိစေရန်
သေသေချာချာချိန်ပြီး ရိုက်ယူလိုက်သည် ။ သဇင်ချိုက ဓါတ်ပုံခရေဇီ သမားဆိုတော့ မလှလျှင်
မဖြစ် ။ ချပ်ခနဲမြည်သံနှင့်အတူ ဟန်းဖုန်းရဲ့ကင်မရာစက်ခရင်(screen)လေး ခဏမှောင်သွားပြီးတဲ့
နောက် ဓါတ်ပုံ ပေါ်လာသဖြင့် မေမြတ်ဝါလည်း ကြည့်မနေတော့ဘဲ သဇင်ချိုရဲ့လက်ထဲကို ဟန်းဖုန်းကမ်းပေးလိုက်သည်
။
“ ရော့…မယ်မင်းကြီးမ ။ ဓါတ်ပုံလည်း ရပြီဆိုတော့
အပြင်ကို မြန်မြန်ထွက်ကြရအောင် ။”
“ အေး…အေး…သွားကြတာပေါ့…ဟင်…!”
သဇင်ချိုက
ဟန်းဖုန်းကိုလှမ်းယူကာ အပြင်သို့ထွက်ရန်ခြေလှမ်းပြင်ရင်း ဓါတ်ပုံ လှ/မလှကြည့်လိုက်သည့်အခိုက်
မြင်လိုက်ရ တဲ့အရာတစ်ခုကြောင့် အထိတ်တလန့်ရေရွတ်လျက် ခြေလှမ်းတွေကို ရပ်တန့်လိုက်မိသည်
။ ပုံစံက ဓါတ်ပုံထဲတွင် ကြောက် စရာတစ်ခုခုကို တွေ့လိုက်ရတဲ့ဟန်အပြည့် ။ သူမ၏အမူအရာကြောင့်
အနီးမှ ကောင်းထက်က…
“ အမလေး…အပိုတွေ မလုပ်နဲ့ ။ ငါတို့က မလန့်ဘူး ။
နင့်ဘော်ဘော် မေမြတ်ဝါပဲ လန့်မှာ ။”
“ ကောင်းထက်…ငါ နောက်နေတာ မဟုတ်ဘူး ။ ဒီမှာ ကြည့်…”
သဇင်ချိုက
ထိုသို့ဆိုရင်း သူမ့လက်ထဲက (ဟန်းဖုန်းတွင်းပါ)ကင်မရာကို ကောင်းထက်လက်တွင်းသို့ ထိုးပေးလိုက်သဖြင့်
နဘေးက သူငယ်ချင်းတွေလည်း ဘာများဖြစ်ပါလိမ့်ဟူတဲ့အတွေးနဲ့ ခေါင်းတွေပူးကပ်လျက်နှင့်
ဓါတ်ပုံကို ၀ိုင်းကြည့်လိုက်ကြ သည် ။
“ ဟင်…နောက်ကထိုင်ခုံမှာ လူတစ်ယောက် ထိုင်နေပါလား
။”
သန့်သန့်ဖြူက
တုန်တုန်ရီရီရေရွတ်လိုက်ရင်း ထိုင်ခုံကို မ၀ံ့မရဲလှည့်ကြည့်လိုက်သည် ။ ထိုင်ခုံတွင်
မည်သူမျှ ရှိမနေပေ ။ သို့ ပေမဲ့ ဓါတ်ပုံထဲတွင်တော့ တန်းစီရပ်နေတဲ့သူတို့အဖွဲ့၏နောက်
ခပ်လှမ်းလှမ်းရှိထိုင်ခုံ၌ လောင်းကုတ်ရှည်နှင့်မိန်းကလေးတစ် ယောက် ခပ်ဝါးဝါးထိုင်လျက်ရှိသည်
။ အားလုံး ထိုဓါတ်ပုံကိုမြင်လိုက်ကြသည့်အခါ ကြက်သီးတဖြန်းဖြန်း ထသွားကြသည် ။ သည်အခန်းထဲတွင်
သူတို့၏သာမန်မျက်စိနှင့် မမြင်တွေ့နိုင်သူတစ်ယောက် ရှိနေချေပြီ…။
“ ဟာ…သွား သွားကြရအောင်ဟယ် ။ လာ…”
သဇင်ချိုက
ထိုသို့ပြောပြီး အခန်းပြင်သို့ ခပ်သွက်သွက်ပြေးထွက်သွားသည် ။ ကံကောင်းထောင်းမစွာနှင့်
မေမြတ်ဝါက အခန်း ပြင်သို့ ဦးဆုံးထွက်ခွာသွားတာကြောင့် ထိုဓါတ်ပုံအကြောင်း မသိရှိလိုက်သဖြင့်
တော်သေးသည်ဟုဆိုရမည် ။ ဇာတ်ကြောင်း ပြောသူ သန္တာမိုးကိုယ်တိုင်လည်း မိမိလုပ်ကြံပြောမိသည့်ဇာတ်လမ်းမှာ
ဤသို့အမှန်အကန်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်မိ တာကြောင့် ကြောက်ကြောက်နှင့် သန့်သန့်ဖြူ၏လက်ကိုဆွဲကာ
အခန်းပြင်သို့ ခပ်သွက်သွက်ပြေးထွက်လာခဲ့သည် ။
“ ကိုဖြိုး…ထွက်လာတော့လေ ။ ကောင်းထက်နဲ့ဆုထူးအောင်လည်း
ထွက်လာကြတော့လေဟာ ။ နင်တို့ မကြောက်ကြဘူး
လား ။”
အခန်းပြင်ခပ်လှမ်းလှမ်းသို့ရောက်မှ
အသံကျယ်ကျယ်နှင့် အော်ခေါ်နေကြတဲ့မိန်းကလေးတစ်သိုက်ကို ဆုထူးအောင် ဂရု မစိုက်သေးဘဲ အခန်းထဲတွင်
ကျန်နေသေးတဲ့ကောင်းထက်နှင့်ဖြိုးပိုင်ကို လှမ်းကြည့်လိုက်သည် ။ သည်လိုမျိုးတွေ့ရုံမျှဖြင့်
တော့ ဆုထူးအောင် ထွက်မပြေးချင်…။ တစ္ဆေကြောက်သူတစ်ယောက် သရဲဘောကြောင်သူတစ်ယောက် အဖြစ်မခံချင်
။ ဒါ ဟာလည်း ယောက်ျားမာနတစ်ရပ် မဟုတ်လား ။
“ ဟိတ်ကောင်တွေ မင်းတို့တော့ မသိဘူး ။ ငါတော့ ဒီကျောင်းမှာ
နေနေတာကြာပြီ ။ တစ်ခါမှ မကြုံဖူးသေးဘူး ။ ငါ အဲ့ဒါ
ကို ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းတွေ့ဖူးချင်တယ်ကွာ
။ ရှာကြည့်ရအောင် ။ မင်းတို့ရော…”
“ ရှာမယ်ကွာ ။ ငါလည်း ကောင်မလေးတွေပြောတာကို သိပ်မယုံဘူး
။”
“ ငါရောပဲ ။ မေမြတ်ဝါရဲ့အမြင်မှာ ငါကို ငကြောက်လို့
မထင်စေချင်ဘူး ။”
ကောင်းထက်ရဲ့အပြောကို
ဖြိုးပိုင်က ထောက်ခံလိုက်ပြီး ဆုထူးအောင်ရဲ့အကြံကို လုပ်ကိုင်ရန် သုံးယောက်သားညီညီညွတ်
ညွတ်ဆုံးဖြတ်လိုက်ကြသည် ။
ã
ã
ã
ã
ã
ကင်မရာက တစ်လုံးတည်း လူက သုံးယောက်…။ ခက်ရချည့်…ဤတစေ
္ဆကလည်း ခေတ်မီတစ္ဆေ…။ လူ့မျက်လုံးဖြင့် လိုက်ရှာသော်လည်း လုံးဝမတွေ့ ။ ကင်မရာထဲက ဓါတ်ပုံတွင်သာ
ပုံရိပ်ထင်စေခဲ့သည် မဟုတ်လား ။ သို့ကြောင့်လည်း ပိုက် ဆံမကုန်တဲ့ဓါတ်ပုံရိုက်ခြင်းကို
တချပ်ချပ်ပြုလုပ်ရင်း တစ္ဆေကို နေရာလပ်မကျန်အောင် ရှာဖွေနေမိသည် ။ နေ့ခင်းကြောင် တောင်ကြီး
အခန်းတံခါးပိတ်ကာ အခန်းထဲတွင် ကင်မရာတစ်လက်နှင့် တစ်ချပ်ချပ်ရိုက်ရင်း တစ္ဆေကို လိုက်လံရှာဖွေနေ
သည့်သူတို့သုံးယောက်အဖြစ်ကို တစ်စုံတစ်ယောက်ကသာ တွေ့မြင်သွားလျှင် ရူးသွပ်သွားကြသူများဟု
ထင်မှတ်ကောင်း ထင်မှတ်လိမ့်မည် ။ သို့ပေမဲ့ စိတ်ပူစရာ မလို…။ ဤအခန်းဘက်သို့ တော်ရုံလူ
ရောက်ဖို့မလွယ်သလို ကျောင်းဆောင်တွေနှင့် လည်း အတော်အလှမ်းဝေးလွန်းလှသည့် နေရာဖြစ်၍
သူတို့ကို လာရောက်ချောင်းကြည့်မည့်သူ မရှိ…။ ယုတ်စွအဆုံး အပြင် သို့ပြေးထွက်သွားကြတဲ့
ကောင်မလေးတစ်ဖွဲ့ပင် ယခုလောက်ဆို canteenကို ပြေးသွားကြလောက်ပြီ ။ ထို့ကြောင့် ဤအနီး
တစ်ဝိုက်၌ သူတို့သုံးယောက်တည်း ။
“ ဘာမှ မတွေ့ပါဘူးကွာ ။ အလကားပါ…”
ဆုထူးအောင်က
ကင်မရာကိုကိုင်ကာ မောမောနှင့် ထိုင်ခုံမှာ ထိုင်ချလိုက်ရင်း ပြောလိုက်သည် ။
“ အေး…ဘယ်မှာမှ ရှာမတွေ့တာတော့ အမှန်ပဲ ။ ဒါပေမဲ့
စောစောကဓါတ်ပုံထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ပုံ ၀ိုးတ၀ါးပါ
လာတာက ဘာသဘောလဲ ။ တစ္ဆေခြောက်တာတော့ တကယ်ပဲလို့
ငါ ထင်တယ် ။”
ကောင်းထက်က
အခန်းပတ်လည်ကို ဝေ့၀ဲကြည့်ရင်း ဆိုလိုက်သဖြင့် ဆုထူးအောင် နှုတ်ခမ်းကို တွန့်လိုက်သည်
။ ဒီကောင် က ဒီလိုချည်းပဲ ။ သတ္တိနည်းနည်းကောင်းတာကလွဲလျှင် မိန်းကလေးများနှင့် ဘာမျှမကွာ
။ သူများပြောတာနှင့် ဘာကိုမျှ စဉ်း စားတွေးခေါ်မနေတော့ဘဲ ဇွတ်ယုံတတ်သည် ။
“ ကဲ…ဒါဆို ငါတို့ ဓါတ်ပုံလျှောက်ရိုက်နေတာ တစ်ခန်းလုံး
နှံနေပြီ ။ ဘယ်မှာလဲ သရဲက ။ မရှိပါဘူးကွာ ။”
“ ဒါပေမဲ့ စောစောက ပါလာတာတော့ အသေအချာပဲ မဟုတ်လား
အောင်ကြီးရ ။”
“ ဒါကတော့ အလင်းအမှောင်ကြောင့် အရိပ်ထင်သလို ဖြစ်နေတာ
နေမှာပေါ့ ။”
ဆုထူးအောင်ကို
မည်သို့မျှ ပြောမရသဖြင့် ကောင်းထက် စကားကို မဆက်ဘဲ ငြိမ်နေလိုက်တော့သည် ။ ဖြိုးပိုင်တစ်ယောက်
ကတော့ လက်နှိပ်ဓါတ်မီးသေးလေးနှင့် ချောင်ကြိုချောင်ကြားတွေကို ထိုးကြည့်ကာ မမြင်ရသူတစ်ယောက်ကို
ရှာဖွေနေဆဲ ။
ကောင်းထက်နှင့် အနည်းငယ်ငြင်းခုန်လိုက်ရသဖြင့်
ဆုထူးအောင် ပို၍မောပန်းသွားရသည် ။ ဆုထူးအောင်က နည်းနည်း ခန္ဓာကိုယ်ဝတဲ့သူဆိုတော့ သူတို့နှစ်ယောက်နှင့်ယှဉ်လျှင်
ပို၍မောလွယ်သည် ။ သို့ကြောင့်လည်း ထိုင်ခုံတွင်ထိုင်ကာ အမော ဖြေနေရခြင်း ဖြစ်၏ ။
“ ဓါတ်ပုံထဲမှာတော့ စောစောကမိန်းကလေးက ဒီထိုင်ခုံမှာ
ထိုင်နေတဲ့ပုံပဲ ။”
ဟုတွေးလိုက်မိတဲ့အခိုက်
ကျောထဲ၌ စိမ့်ခနဲအေးသွားသလိုလို ကြက်သီးထသလိုလို ခံစားလိုက်ရသည် ။ ဘာကြောင့်မှန်း မသိ
အသည်းထဲတွင်လည်း စိမ့်အေးလာသဖြင့် ပတ်ဝန်းကျင်ကို မသင်္ကာသလိုဖြစ်လာမိသည် ။
ဘာကြောင့် ဒီလိုခံစားချက်တွေ ရုတ်တရက်ဖြစ်ပေါ်လာတာပါလိမ့်…
သင်္ကာမကင်းတဲ့မျက်လုံးတွေနဲ့
မျက်နှာကျက်ကို မော့ကြည့်လိုက်မိသည် ။
“ ဟူး…တော်သေးပါရဲ့ ။”
မျက်နှာကျက်တွင်
ဘာမျှ မရှိ…။ ထိုအခါမှ စောစောက ထိတ်လန့်စိတ်တွေ လျော့ပါးသွားကာ သက်ပြင်းချနိုင်တော့သည်
။ မသိစိတ်က ချောက်ချားဖွယ်ရာအတွေးအချို့နှင့်အတူ မိမိကိုယ်ကို ချောက်လှန့်နေခြင်းဖြစ်မည်
။ သို့ပေမဲ့ ဆတ်ဆော့တဲ့ လက်တွေက ငြိမ်ငြိမ်မနေဘဲ မရိုက်ရသေးတဲ့မျက်နှာကျက်ကို ကင်မရာဖြင့်
ထိုးချိန်ကာ ရိုက်ချလိုက်သည် ။
“ ချပ်…”
ã
ã
ã
ã
ã
ဆုထူးအောင်က ထိုနေရာသို့ရောက်တော့ စကားကိုရှေ့မဆက်နိုင်သေးဘဲ
ရဲဆေးတင်ဟန်နှင့် လက်ဖက်ရည်ကို တစ် ကျိုက်တည်းမော့သောက်လိုက်သည် ။ သူ့နဖူးစတွင် ချွေးစေးများ
ရီးလေးခိုနေသည်ကို ကြည့်ရုံဖြင့် သူ ယခုချိန်ထိ ထိုအဖြစ် အပျက်ကို မမေ့နိုင်သေးကြောင်း
ထင်ရှားနေ၏ ။
“ ဓါတ်ပုံရိုက်ပြီးတော့ ဓါတ်ပုံထဲမှာ ၀ိညာဉ်မိန်းကလေးကို
တွေ့လိုက်ရလို့လား ။”
စာရေးသူက
စကားလမ်းကြောင်း ခင်းပေးလိုက်တော့ သူက …
“ ဟုတ်တယ် သူငယ်ချင်းရေ ဟုတ်တယ် ။ မော့ကြည့်တုန်းကတော့
ဘာမှမရှိတာ အသေအချာပဲ ။ အဲ…ဒါပေမဲ့ ဓါတ်ပုံကို
လည်း ကြည့်လိုက်ရော ငါ့ခေါင်းတည့်တည့်ကမျက်နှာကျက်မှာ
သူက တစောင်းကြီးလဲနေပြီး ငါ့ကို ငုံ့ကြည့်နေတာဟ ။
လောင်းကုတ်အင်္ကျ
ီဖြူဖြူပေါ်မှာ ဆံပင်တွေက ဖရိုဖရဲကျလို့…ကြောက်စရာကြီးကွာ ။ မျက်နှာကြီးကလည်း ဘယ်လို
ချည်းမှန်းလည်း မပြောတတ်ပါဘူးကွာ ။ တကယ့်ကို
ကြောက်စရာကောင်းတာပဲ ။ အဲ့ဒါကြီးလည်းမြင်ရော ငါလည်း ဟန်
တောင် မဆောင်နိုင်တော့ဘဲ အခန်းအပြင်ကို တစ်ခါတည်း
ပြေးထွက်သွားမိလိုက်တာ ဘယ်လိုလုပ် canteenရောက်
လာမှန်း မသိလိုက်ဘူး ။ canteenရောက်တော့ သူငယ်ချင်းတွေကို
ပြမိတော့ သူငယ်ချင်းတွေကလည်း bluetoolနဲ့
ဝိုင်းကူးကြလို့ နာမည်တောင် ကြီးသွားသေးတယ်
။ နောက်တော့ တခြားလူတွေကလည်း နာမည်ကြီးချင်တာနဲ့ သရဲ
ဓါတ်ပုံတွေကို
photoshopနဲ့ အမျိုးမျိုးလုပ်ပြီး သတင်းလွှင့်တော့ ငါ့ဓါတ်ပုံကိုလည်း ဘယ်သူကမှ သရဲအစစ်လို့
မယုံ
ကြတော့ဘူး ။ ဒါပေမဲ့ အစစ်အမှန် ကြုံခဲ့ရတဲ့
ငါ့အတွက်ကတော့ ဘယ်တော့မှ ဒီအဖြစ်အပျက်ကြီးကို မေ့နိုင်တော့
မှာ မဟုတ်ဘူး သူငယ်ချင်းရေ ။”
ဆုထူးအောင်က
စကားဆုံးတော့ ရေနွေးကြမ်းကို စိတ်ငြိမ်ဆေးအမှတ်နှင့် တစ်ခွက်ပြီးတစ်ခွက် သောက်ပြန်သည်
။ သူ့အဖြစ် က အရင်းလည်း ပါ ၊ အမြတ်လည်း ဆုံးဆိုတာမျိုး ဖြစ်ခဲ့ရသည် မဟုတ်လား ။ အခြားသူ
တစ်ဦးတစ်ယောက်သာဆိုလျှင် သူ့ အဖြစ်ကို ယုံချင်မှ ယုံမည်ဖြစ်သော်လည်း စာရေးသူနှင့်သူက
ဟိုးငယ်ငယ်ကတည်းက အတူတကွ ကြီးပြင်းလာကြသူတွေ ဖြစ်တာကြောင့် သူ့အကြောင်းကို ကောင်းကောင်းသိသည်
။ သူက မဟုတ်တာကို အဟုတ် လုပ်မပြော…ပြောလျှင်လည်း ဟန်တွေပန်တွေ လုပ်မနေဘဲ ဗွမ်းဗွမ်းကြီး…။
“ ကဲပါ…သူငယ်ချင်းရယ် ။ လောကမှာ အတုနဲ့အစစ်ဆိုတာ
ဒီလိုပါပဲ ။ အတုဆိုတာ အပေါ်ယံလေးပဲ လုပ်ရတာဆိုတော့
သူများအမြင်မှာတော့ ပိုပြီးလှပနေသလို ထင်ရတာပေါ့
။ အစစ်ကျတော့ အပေါ်ယံလည်း လှအောင် လုပ်ရ အရည်အ
သွေးလည်း ကောင်းအောင်လုပ်ရတော့ အတုနဲ့ ရုတ်တရက်
ယှဉ်ကြည့်ရင် သူက မှိန်နေသလိုတောင် ထင်ရတတ်တယ်
မဟုတ်လား ။ ဒါပေမဲ့ လောကမှာ အမှန်တရားလောက်
အဖိုးတန်တာ ဘယ်အရာမှ မရှိပါဘူး ။ ကဲ…မင်းလည်း မင်းရဲ့
အကြောင်းကို ပြန်ပြောင်းပြောရလို့ ပင်ပန်းနေရောပေါ့
။ ဒါကြောင့် ငါ့ကို ကုန်ကြမ်းပေးတဲ့မင်းကို ငါက တကာခံပါ့မယ် ။
မင်း ကြိုက်တာသာ မှာစား ။”
“ အမယ်…ဒီလက်ဖက်ရည်ဆိုင်လောက်နဲ့ မရဘူးကွ ။ ဒီနေ့က
မင်းမွေးနေ့လည်း ဟုတ်တယ်ဆိုတော့ ငါတို့ သွားနေကျ
စားသောက်ဆိုင်ကိုသွားပြီး ၀ါးတီးဆွဲကြတာပေါ့
။ ဖြစ်တယ် ဟုတ်…”
“ အေးပါ…ဒီပုံအတိုင်းဆို မင်း ဒီတစ်သက်တောင် ပိန်မှာ
မဟုတ်တော့ဘူး ။ ကဲ…ဒါဆိုလည်း သွားကြတာပေါ့ကွာ ။”
ဆုထူးအောင်က
စောစောက ထိတ်လန့်နေသလောက် အစားအစာဆိုတဲ့အသံ ကြားလိုက်တာနှင့် အရာအားလုံးကို မေ့လျော့
ပြီး အားအင်တွေပြည့်ဖြိုးကာ လန်းဆန်းတက်ကြွသွားသည် ။ သူ ပြောသကဲ့သို့ပင် ဤနေ့က စာရေးသူရဲ့မွေးနေ့လည်း
ဖြစ် တာကြောင့် ဆယ်တန်းကျောင်းသားဘ၀ကတည်းက အတူသွားရောက်စားသောက်နေကျ စားသောက်ဆိုင်ဖြစ်တဲ့
‘Prince’ restaurantကို သူငယ်ချင်းနှစ်ယောက် ရွှင်ရွှင်မြူးမြူးဖြင့် ချီတက်ခဲ့ကြပါတော့သည်
။
စေတနာရှေ့ထားလျက်…
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။