Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အဖြူရောင်ညတစ်ည

 
 

အဖြူရောင်ညတစ်ည



( ၂၀၁၅ ဖေဖော်ဝါရီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )

 

ဂါဦးနွန်းကို ........... ရေးဖွဲ့သည် ။

 

--------------------------------------------------------------------------------------------------

 

 




            လူတွေက ဆိုကြရဲ့ ။ ညဆိုတာ နက်ရှိုင်းသတဲ့ ။ မှောင်မိုက်အေးစက်သတဲ့ ။ လျှို့ဝှက်သိပ်သည်းသတဲ့ ။ အမည်းရောင် လွင်ပြင်ကျယ်ကြီးတဲ့ ။ အမှောင်ကမ္ပလာ ကော်ဇောဖျာကြီးတဲ့ ။ အနက်ရောင်ညည့်နတ်သမီးတဲ့ ။ တင်စားကြတာတော့ အမျိုးမျိုး ပါပဲ ။

ဒီတင်စားချက်တွေအပေါ် ဝေဝါးသံသယဖြစ်ရင်း အမြဲလိုလို တွေးဆရခက်နေခဲ့တာက ကျွန်မ ။ ညဟာ အမှန်တကယ်ပဲ လျှို့ဝှက်မှောင်မိုက်သလား ။ အမှန်တကယ် အေးစက်နက်နဲသတဲ့လား ။ ဒါဆို ဘာလို့များ ဒီဇင်ဘာညတစ်ညမှာ အဖြူရောင် သံယောဇဉ်လှလှကို ကျွန်မ တွေ့မြင်ခဲ့ရပါလိမ့်…။ မျက်စိနဲ့ ဒိဋ္ဌမြင်တွေ့ဖို့မဖြစ်နိုင်ပေမဲ့ နှလုံးသားနဲ့တော့ ခံစားသိရှိနိုင်တဲ့ ဖြူလွလွ သံယောဇဉ်ကြိုးတစ်စကို အေးချမ်းလှပတဲ့ဒီဇင်ဘာညတစ်ညမှာ ကျွန်မ- သီချင်းတွေနဲ့အတူ ရင်ခုန်စွာ တွေ့ကြုံခဲ့ဖူးပါတယ် ။



TTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTTT



       “ ဟေး…”

စိတ်လွတ်ကိုယ်လွတ်ဟစ်အော်လိုက်ပြီးမှ ကျွန်မဘာသာကျွန်မ ရှက်စိတ်ဝင်ကာ ပါးစပ်ကို လက်နှစ်ဖက်နှင့် အလျင်အမြန် ဖိပိတ် လိုက်မိသည် ။

ကျွန်မက ပုံမှန်ဆို ရှေးအမျိုးသမီးဆန်ဆန် အရှက်အကြောက်ကြီးသူတစ်ယောက် ။ တော်တန်ရုံ အော်ဟယ်ဟစ်ဟယ် ပြောဟယ်ဆိုဟယ်နေတတ်သူမျိုးမဟုတ် ။ သို့ပေမယ့် ယနေ့အဖို့တော့ မူလစိတ်အချို့ ကင်းလွတ်ကာ တစ်ချက်တစ်ချက် သတိ လက်လွတ်ဖြစ်နေခဲ့ရသည် ။ ယခုပင်ကြည့်…သတိမထားမိလိုက်စဉ် ကားလမ်းမကြီးဘေး၌ အော်ရယ်နေမိပြီ ။

     “ မိဆောင်း…နင် ဘယ်လိုဖြစ်နေတာလဲ ။”

ပါးစပ်ကို လက်နှင့် အချိန်မီပိတ်လိုက်နိုင်ပေမယ့် ကျွန်မအော်သံကို နံဘေးမှအစ်မလတ်က ကြားသွားဟန်တူသည် ။ ကြားမှာပေါ့ ။ သူမနှင့် ကျွန်မကြားအကွာအဝေးက လက်တစ်ကမ်းစာတင် ။ ခပ်လှမ်းလှမ်းမှအစ်မကြီးကတော့ ဘာမျှမပြော ။ အစ်မလတ်က ဆူတော့ ကျွန်မက ထုံးစံအတိုင်း မျက်လုံးလေးပြူးကာ လျှာတစ်လစ်ထုတ်ပြလိုက်၏ ။

   “ နင် စိတ်လှုပ်ရှားနေတာ မဟုတ်လား ။”

   “ အင်း…ဟုတ်တယ် ။ သမီးက တစ်ခါမှာမှ ခရီးမသွားဖူးသေးတာ ။ အခု ခရီးထွက်ရမှာဆိုတော့ စိတ်လှုပ်ရှားတာပေါ့လို့ ။”

   “ အမလေးဟယ်…ကျိုက်ထီးရိုးက ခရီးဝေးဝေးမဟုတ်တော့ပါဘူး ။ ဒီညကားစီးရင် နောက်နေ့မနက်(၃)နာရီလောက်ဆို

     ရောက်နေပြီ ။ ခဏလေးရယ် ။ ဘာစိတ်လှုပ်ရှားစရာလိုလို့လဲ ။”

   “ သြော်…မလတ်ကလည်း ။ သမီး ဆိုလိုတာက အပျော်လွန်ပြီး စိတ်တွေလှုပ်ရှားနေတာကို ပြောတာ ။ ပျော်နေတာ…

      ပျော်နေတာ ။ သိပြီလား ။”

   “ သြ…ဂလိုကိုး ။ ပျော်ပါတော်…။ နင် ပျော်ဖို့အတွက် ငါ့မှာ ခွင့်ယူပြီးတော့တောင် လိုက်ပို့ရတာ ။ ဟိုရောက်ရင် ကုသိုလ်ရ

     အောင်လည်း လုပ်ဦး ။ ဓာတ်ပုံချည်း လှိမ့်ရိုက်မနေနဲ့ ။ ကြားလား ။”

   “ အမလေး…ကားပေါ်တောင် မရောက်သေးဘူး ။ ဆရာကြီး လုပ်နေလိုက်တာ ။ သိပါတယ်ရှင် ။ သမီးက တစ်ခါတည်း

     နတ်ပြည်ရောက်အောင်ကို ဘုရားရှိခိုးပစ်လိုက်မှာ ။”

   “ ဟဲ့…အဲဒီလောက်ကြီးလည်း မပြောနဲ့လေ ။ ငါတို့က ကားနဲ့ဘာနဲ့သွားရမှာ ။ အဲဒီလို မပြောကောင်းဘူးဟဲ့ ။”

   “ အဟိ…သိဘူးလေ ။ ဟို…သမီး ဆိုလိုတဲ့သဘောက ဒီတစ်ခေါက်သွားတဲ့-ကုသိုလ်နဲ့တင် နတ်ပြည်ရောက်နိုင်တယ်လို့

      ပြောတာ ။  အခု တစ်ခါတည်း နတ်ပြည်သွားမှာကို ပြောတာ ဟုတ်ဝူး ။”

ကျွန်မက ကျွန်မပီသစွာပင် စကားကို ကနွဲ့ကလျနှင့် မပီကလာပီကလာပြောလိုက်သည် ။

အိမ်တွင် ကျွန်မက အငယ်ဆုံးသမီးဖြစ်၍ ကျွန်မအထက်တွင် အစ်မနှစ်ယောက် ရှိကြပြီး မိဘများက အသက်အရွယ်ကွာ လှသော ညီအစ်မသုံးယောက်တွင် ကျွန်မကို ကလေးတစ်ယောက်လို သဘောထားကြသောကြောင့် ကျွန်မမှာ အသက်(၁၈)နှစ် ရောက်သည့်တိုင် အမူအရာနှင့်အပြောအဆိုတို့က ကလေးဆန်ဆန် ။ သို့ပေမယ့် ကျွန်မက အမှန်စင်စစ်မှာ ကလေးတစ်ယောက် မှ မဟုတ်တော့ဘဲ ။ အသက်(၁၈)နှစ်ဆိုတာ ဆံနွယ်လေးတွေကြားကို လေပြည်လေးများ တိုးဝှေ့သွားလျှင်တောင် စိတ်လှုပ်ရှား တတ်သည့်-အရွယ် မဟုတ်လား ။ ကျွန်မဟာလည်း အချစ်နှင့်ပတ်သက်လျှင်တော့ ရင်ခုန်တတ်နေပါပြီ ။

ကျွန်မတို့ညီအစ်မနှစ်ယောက် စကားနိုင်လုနေကြစဉ်တွင် ကျွန်မတို့အနားကို ခရီးသွားexpress carကြီးတစ်စီး ဆိုက် ရောက်လာခဲ့သည် ။ ထိုကားက ကျွန်မတို့ လက်မှတ်ဖြတ်ထားသည့် “ဦး……နှင့်ရောင်းရင်းများ”ဘုရားဖူးခရီးသွားကားပင် ။


အစ်မကြီးက အရင်မြင်၍ ကျွန်မတို့နှစ်ယောက်ကို သတိပေးလိုက်ပြီး သူ့အထုပ်သူ ဆွဲကာ ကားရပ်သည်နှင့် တက်သွား၏ ။

   “ မိဆောင်း…မြန်မြန်လာ ။ နင့်အထုပ် နင်ဆွဲ ။ မမေ့ခဲ့နဲ့ဦး ။”

   “ ဟွန်း…သိပါတယ်ဆို ။”  

အစ်မလတ်က သူ့ဝသီအတိုင်း ဆရာကြီးလုပ်ကာ ပြောနေသေးသဖြင့် ကျွန်မမှာ နှုတ်ခမ်းစူရသေးသည် ။ သူကတော့ ကျွန်မ နှုတ်ခမ်း စူတာကို မမြင်တော့ပါ ။ ကားပေါ်သို့ သုတ်သုတ်,သုတ်သုတ်နှင့် တက်သွားလေပြီ ။

ကားပေါ်သို့ ရောက်သည့်အခါ မျှော်လင့်ချက်ရောင်ခြည်မျှင်များ မှေးမှိန်သွားခဲ့ရသူက ကျွန်မ ။ ခပ်လန်းလန်းအမိုက်စား တစ်ဖွဲ့လောက်များ ကားပေါ်၌ ပါလာလေမလားဟု စိတ်ကူးယဉ်ထားမိပေမယ့် တကယ်တမ်းကျ သက်ကြီးဝါကြီးအဘိုးအဘွား အရွယ်များ ၊ နောက်ပြီး ကလေးအမေများ ။ ကျွန်မနှင့် သက်တူရွယ်တူဆို၍ ယောက်ျားလေးမပြောနှင့်…မိန်းကလေးပင် မပါ ။ ထို့ကြောင့် နည်းနည်းတော့ စိတ်ပျက်သွားခဲ့၏ ။ သို့သော်လည်း …

   “ သြော်…ဘုရားဖူးသွားတာပဲ ။ လူငယ် ဘယ်ပါ,ပါ့မလဲ ။ ကောင်းပါတယ် ။ ကုသိုလ်ရေး သွားလုပ်တာပဲလေ ။ စိတ်တည်ငြိမ်

     တော့ ကောင်းတာပေါ့ ။”

…စသဖြင့် အကောင်းအမြင်နှင့် နှလုံးသွင်းလိုက်ရသည် ။

ကျွန်မတို့သုံးယောက် ကားပေါ်ရောက်သည်နှင့် ကားကြီးက မှတ်တိုင်မှနေ တလှုပ်လှုပ် ထွက်ခွာလာခဲ့ပြီ ။ ကျွန်မတို့က တော့ နေရာအထိုင်မကျသေး ။ ထိုင်ခုံလက်မှတ်ကို သွားခါနီးမှ ကပ်ဖြတ်သောကြောင့် ထိုင်ခုံနေရာက မကောင်းလှ ။ နောက်ဆုံး တန်း(၅)ယောက်ခုံ၏ရှေ့တွင်သာ ရသဖြင့် အဆင်ပြေပြေအိပ်စက်ဖို့ရန် မလွယ် ။ နောက်ဘက်ခြမ်းက ကားဆောင့်တတ်သည်ပဲ မဟုတ်လား ။

    “ ကဲ…မိဆောင်း…မကြီးတို့နဲ့ ထိုင်မလား ။ တစိမ်းနဲ့ ထိုင်မလား ။”

အစ်မကြီးက ကျွန်မကို မေးပြီ ။ ဟိုတွေးသည်တွေးနှင့် သူတို့အနားကို အူလည်လည်ရောက်သွားသည့်-ကျွန်မက သူတို့အမေး အပေါ် နားမလည်သေးဘဲ…

    “ ဟင်…ဘယ်မှာတုံး တစိမ်း…။”

ဟု ကြောင်တောင်တောင်ပြန်မေးမိသည် ။ ဟုတ်လည်းဟုတ်တာပဲ ။ ကျွန်မ ကြည့်လိုက်တော့ နောက်ဆုံးတန်း၏ရှေ့က ထိုင်ခုံ(၄)ခုံစလုံးတွင် လူတစ်ယောက်မျှ မတွေ့ရ ။

   “ သြော်…ငါတို့ဝယ်ထားတာက ၃၇,၃၈,၃၉ ။ ဒီတော့ ၃၉မှာ ထိုင်မယ်ဆိုရင် တစိမ်းနဲ့ထိုင်ရမှာပေါ့ ။ ဒါလေးတောင် မသိဘူး

      လား ။”

   “ အဲဒီတစိမ်းက ဘယ်သွားလဲ ။”

   “ ဟဲ့…အဲဒါ နင့်အပူလား ။ လမ်းရောက်မှ တက်မှာနေမှာပေါ့ ။ အရစ်မရှည်စမ်းပါနဲ့ မိဆောင်းရယ် ။ ဒီဘက်မှာ ထိုင်မယ်

      ဆိုရင်လည်း ဝင်…အထဲကို …”

အစ်မလတ်က ဘုကလန့်ဝင်ပြောသည် ။ ကျွန်မက အစ်မလတ်ကို မျက်စောင်းထိုးကြည့်လိုက်ရင်း စဉ်းစားခန်းဝင်နေမိ၏ ။

ခရီးလေး ခဏထွက်ရတုန်း လွတ်လွတ်လပ်လပ်နေလိုသည်မှာ ဆယ်ကျော်သက်တို့၏စရိုက်ပင် မဟုတ်လား ။ ကျွန်မ လည်း ထိုနည်းအတိုင်းပဲ သူတို့နှစ်ယောက်နှင့်တော့ မထိုင်လိုပေ ။ သူတို့တတွေနှင့်ထိုင်လျှင် ကျွန်မ ဘာလုပ်လုပ် အပြောခံ အဆူခံနေရဦးမည် ။ မိဘများကလည်း ကျွန်မကို ထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားလိုက်သောကြောင့် သူတို့က ထိုအာဏာကို အပြည့်အဝအသုံးချကြမည်သာ ။ သို့ဖြစ်၍ ကိုယ့်ဘာသာကိုယ် သီးသန့်ထိုင်ကာ သီချင်းနားထောင်နေသည်က ပိုကောင်းဦးမည် ။

   “ မဝင်ပေါင် ။ ဒီမှာပဲ ထိုင်မှာ ။”

   “ နေပါဦး မိဆောင်းရယ် ။ တော်ကြာ…ယောက်ျားကြီး ဖြစ်နေဦးမယ် ။”

   “ ဟင်…ယောက်ျားကြီးဖြစ်တော့ ဘာဖြစ်တုံး ။ လိုင်းကားပေါ်မှာဆို ရွေးလို့ရတာကျလို့ ။ ယောက်ျားလည်း အတူထိုင်ရတာ

      ပဲလေ ။ ခုက ကျယ်ကျယ်ဝန်းဝန်းနဲ့ဆိုတော့ ယောက်ျားဖြစ်ဖြစ်/မိန်းမဖြစ်ဖြစ် ပူစရာမရှိပါဘူး ။”

အစ်မကြီး၏စိုးရိမ်စကားကို ကျွန်မက ခပ်ပေါ့ပေါ့ချေပလိုက်ပြီး (၃၉)တွင် ဖျတ်ခနဲ ဝင်ထိုင်လိုက်သည် ။ ၃၉က မှန်တံခါးဘက်၍ဖြစ်နေ၍ ကျွန်မ အကြိုက်ပင် ။ အစ်မများကလည်း ‘ပြောမနိုင်ဆိုမရ’ညီမလေးအပေါ် လက်မြှောက်သွားကြလေသလား မပြောတတ် ။ တစ်ဖက် ထိုင်ခုံတွင်ထိုင်ကာ ငြိမ်သက်သွားကြ၏ ။ ကျွန်မလည်း လွယ်အိတ်ထဲက ဟန်းဖုန်းနှင့်အီးယားဖုန်း(နားကြပ်)ကိုထုတ်ကာ ခေါင်းတလှုပ် လှုပ်ဖြင့် သီချင်းနားထောင်နေလိုက်သည် ။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သည် ကျိုက်ထိုမြို့နယ်ထဲတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏တန်ခိုးကြီးမားသော စေတီ တော်များ အနက်တစ်ဆူဖြစ်သည် ။ ကျိုက်ထီးရိုးစေတီတော်ကို အစွဲပြုကာ စေတီတည်ရာတောင်ကို ကျိုက်ထီးရိုးတောင်ဟု ခေါ် ခြင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၃၆၀၀)ခန့်အမြင့်တွင် တည်ရှိ၏ ။ စေတီတည်နေပုံမှာ ဆန်းပြားထူးခြားလှပြီး ဆံတော် ကိန်းဝပ်နေသောကျောက်တုံးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရွေ့နိုင်သည်…စ၍ ကျိုက်ထီးရိုးဘုရားနှင့်ပတ်သက်ပြီး ဟိုဟို သည်သည်လေ့လာဖတ်ရှုဖူးခဲ့သော်လည်း ကိုယ်တိုင်ကိုယ်ကျတော့ တစ်ခေါက်မျှပင် သွားရောက်မဖူးမြော်ဖူးသေးပေ ။

မိဘတွေက သူတို့ကိုယ်တိုင်လည်း မအားကြသဖြင့် ကျွန်မကို လိုက်ပို့နိုင်ခြင်းမရှိသလို သူငယ်ချင်းများ ခရီးစုသွားကြ သည့်အခါတွင်လည်း ကျွန်မကို စိတ်မချဟုဆိုကာ မထည့်ပေးလိုက်ကြ၍ ကျွန်မမှာ ဘယ်ကိုမှ မရောက်ရှိခဲ့ဖူးချေ ။ ယခုနှစ် သူငယ်ချင်းများ ကျိုက်ထီးရိုးသွားသည်ဟုသိရစဉ်တွင် ကျွန်မလည်း ကျိုက်ထီးရိုးဘုရားသို့ မရ/ရအောင်သွားမည်ဟု စိတ်ပိုင်းဖြတ် ကာ မိဘများကို ဇွတ်အတင်းပူဆာသောကြောင့် ယခုကဲ့သို့ ခရီးထွက်ခွင့်ရခဲ့ခြင်းဖြစ်၏ ။

အသည်းကျော်လေးက တောင်းဆိုတော့လည်း မိဘတွေက ဘယ်နေနိုင်တော့မလဲ ။ (Veto)ဗီတိုအာဏာကို ကျင့်သုံးပြီး အစ်မနှစ်ယောက်ကို လိုက်ပို့စေခဲ့သည် ။ အလုပ်ကိစ္စနှင့် ခရီးမကြာခဏ ထွက်ခွင့်ရသော-အစ်မနှစ်ယောက်ကတော့ ကျွန်မကို သိပ်မကြည်ကြ ။ မည်သို့ပင်ဖြစ်စေ…ကျွန်မ၏ ပထမဦးဆုံးခရီးစဉ်လေးတွင် စိတ်လှုပ်ရှားစရာ ၊ ရင်ခုန်စရာ ၊ ပျော်ရွှင်ကြည်နူးစရာ အမှတ်တရတို့ဖြင့် ပြည့်နှက်နေစေချင်သည် ။ အတွေးဝဲကယက်ထဲတွင် လက်ပစ်ကူးခတ်ရင်း ရောက်တတ်ရာရာတွေးတောနေမိ ရာမှ ဦးနှောက်က သူ့ကိုယ်သူ အနားပေးလိုက်ဟန်တူ၏ ။ ရန်ကုန်မြို့အထွက်လောက်၌ ကျွန်မ- မှေးခနဲအိပ်ပျော်သွားခဲ့သည် ။



TTTT



   “ မိဆောင်းရေ…ထတော့ ။ ကားရပ်နေပြီ ။ အောက်ဆင်းရတော့မယ် ။”

   “ အင်…! ဟုတ်…ဟုတ်…ဝါး…! ”

မည်မျှကြာအောင် အိပ်ပျော်သွားလေသည် မသိ ။ အစ်မလတ်၏လှမ်းအော်နှိုးသံကြားမှ အိပ်မှုံစုတ်ဖွားနှင့် ခေါင်းထောင်လာခဲ့၏ ။ ဝါးခနဲတစ်ချက်သမ်းဝေလိုက်ပြီး မျက်စိနှစ်လုံးဖွင့်ကာ ပတ်ဝန်းကျင်သို့ စောင်းငဲ့ကြည့်လိုက်ချိန်တွင် ကားပေါ်၌ မည်သူမျှ မရှိတော့ ချေ ။ အစ်မ နှစ်ယောက်ပင် ကားတံခါးဝနားရောက်နေပြီ ။

   “ တော်တော်ချစ်စရာကောင်းတဲ့အစ်မတွေ…ငါ့တောင် မစောင့်ဘူး ။”

ခပ်တိုးတိုးအပြစ်တင်ရေရွတ်ရင်း ထိုင်ခုံမှ ထွက်လာလိုက်စဉ်…

  “ ဂျွတ်…ဂလွတ်…”

  “ အမလေး…”

နောက်ကျောဆီမှ ကြားလိုက်ရသည့်အသံကြောင့် ကျွန်မ ကယောင်ကတမ်းထအော်ကာ တစ်ကိုယ်လုံးလည်း ဆတ်ခနဲတုန်သွား ခဲ့ရသည် ။ ဘာသံလဲ ။ ဘယ်သူမှ မရှိတော့တဲ့ကားပေါ်မှာ အသံထွက်လာစေတဲ့အရာက ဘာများဖြစ်မလဲ…။

- ဘုရား…ဘုရား…ငါ့ကို တစ္ဆေများ ခြောက်ပြီလား …

အသံက နောက်ဘက်မှလာသောအသံဖြစ်၍ ရှေ့သို့ စွတ်ရွတ်ထွက်ပြေးပြီး အစ်မတွေကို သွားပြောပြရကောင်းမလား-စဉ်းစားမိ ပေမယ့် မဖြစ်သေးပါ ။ ထိုအတွေးမှာ အူကြောင်ကြောင်အတွေး ။ အစ်မနှစ်ယောက်က မယုံသည့်အပြင် လှောင်ပင်လှောင်ပြောင် ကြဦးမည် ။ ဤသို့ဆိုလျှင် ကိုယ့်ဘာသာကိုယ် သေချာအောင်ကြည့်ပြီးမှ သွားပြောရကောင်းမလား ။ အဲ…တော်ကြာ ကြောက် မက်ဖွယ်မျက်နှာကြီးကို တွေ့လိုက်ရမှဖြင့်….။

ထိုသို့ စက္ကန့်ပိုင်းမျှ ဟိုဟိုသည်သည်တွေးတောလိုက်ပြီးနောက် စိတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်နိုင်သည် ။ ဘာကြီးပဲ ဖြစ်နေပါစေ…သေသေချာချာစူးစမ်းရမည် ။ ထိုသို့ တွေးကာ ကြောက်နေသည်မှန်သော်လည်း စိတ်ကိုထိန်းချုပ်ပြီး နောက်သို့ ဖြည်းဖြည်းချင်း လှည့်လာလိုက်သည် ။ ကြောက်စိတ်ဖြင့် နောက်ကျောဆီသို့ မဝံ့မရဲလှည့်ကြည့်လိုက်သည့်အခါ တွေ့ မြင်လိုက်ရသည်က (၅)ယောက်ခုံပေါ်ဝယ် ဆောင့်ကြောင့်ထိုင်နေသူတစ်ယောက် ။

သူ့ပုံစံက ကုန်းကုန်းကွကွ ။ သူက ခပ်လှမ်းလှမ်းမှဂစ်တာကို လှမ်းဆွဲယူနေပုံရသည် ။ ဂစ်တာက သူ့လက်ထဲသို့ပင် မရောက်သေးဘဲ ကားမှန်ပြတင်းဝယ် ထောင်လျက်သား ။ သူက ကျွန်မအော်သံကြောင့် လှမ်းယူနေရာမှ ရပ်ကာ ကျွန်မဘက်သို့ မျက်လုံးအဝိုင်းသားဖြင့် တအံ့တသြလှည့်ကြည့်နေသည် ။ သူကိုယ်တိုင်လည်း ကျွန်၏အော်သံကြောင့် ထိတ်လန့်သွားခဲ့သည့်ပုံ ။

အသားဖြူဖြူ လူပုံသွယ်သွယ်နှင့် ချစ်စဖွယ်ရုပ်ရည်ရှိသော ကောင်လေးတစ်ယောက်ဖြစ်နေသဖြင့် ကျွန်မ ရှက်စိတ်ဝင် သွားမိ၏ ။ မည်မျှပင် အချစ်ကို မျှော်လင့်တောင့်တနေမိပါစေ … အတွေ့အကြုံမရှိသေးသူ အသည်းရိုင်းနုနုမို့ ကောင်လေးတစ် ယောက်နှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသည့်အခိုက် ရင်တလှိုက်လှိုက်ဖိုကာ ထွက်ပင်ပြေးချင်သွားသည် ။ နောက်ပြီး သူ့အရွယ် ကလည်း ကျွန်မနှင့် မတိမ်းမယိမ်း…လွန်ရောကျွံရောမှ (၁၉)/(၂၀) ။

   “ သြော်…လန့်လိုက်တာ ။ သရဲခြောက်တာ မှတ်လို့ ။”

သူကိုမြင်လိုက်ရချိန်တွင် တစ္ဆေသရဲမဟုတ်မှန်းသိလိုက်ရသဖြင့် ကျွန်မ စိတ်သက်သာရာရကာ ထိုသို့ရေရွတ်မိလိုက်သည် ။

ကျွန်မ စကားကြောင့် သူ့မျက်နှာ ပြုံးစိစိဖြစ်သွားပြီးမှ ကျွန်မကို မျက်ခုံးနှစ်ဖက်ကျုံ့၍ အပြုံးမျက်နှာဖြင့် ဦးညွှတ်ပြ၏ ။ သဘောမှာ “ထိတ်လန့်အောင်လုပ်မိတဲ့အတွက် စောရီးနော်…”ဟူသောအဓိပ္ပါယ် ။ များသောအားဖြင့် စမတ်ကျပြီး အထာနပ် သောကောင်လေးတွေ သုံးတတ်သည့်စတိုင် ။ ကျွန်မကလည်း ဆယ်ကျော်သက်လေးပီပီ နားလည်လွယ်သည်ပေါ့ ။ ပခုံးလေး နှစ်ဖက်တွန့်ကာ ပြုံးပြခဲ့သည် ။ “ရပါတယ်”ဟူသော အသံတိတ်ဘာသာစကား ။ ထိုအဓိပ္ပါယ်များကို လွတ်လပ်သောလူငယ်နှစ်ဦး သာ နားလည်လွယ်လေမလား မပြောတတ်ပါ ။

ကားပေါ်ရှိမီးရောင်မှိန်ပြပြအောက်၌ သူက အမှောင်ရိပ်ထဲသို့ ရောက်ရှိနေသဖြင့် သူ့မျက်နှာကို ကျွန်မ လင်းလင်းချင်း ချင်း မမြင်ရပေမယ့် ကိုခန့်ချောတစ်ယောက်ဖြစ်မှန်းတော့ ကျွန်မ သိသည် ။ သူက အေးချမ်းသောဆောင်းညကို အံတုနိုင်စေဖို့ အပြာနုရောင်ဂျင်းဂျာကင်တစ်ထည်ကို စတိုင်ကျကျဝတ်ဆင်ထား၏ ။ ကျွန်မတို့နှစ်ယောက် စက္ကန့်ပိုင်းမျှ အကြည့်ချင်းဆုံနေခဲ့ကြ ပြီးနောက် သူက ယောက်ျားလေးပီပီ ရှေ့ဆက်မည်မတွေးဘဲ ဂစ်တာကို လှမ်းယူကာ ကြိုးညှိနေသဖြင့် ကျွန်မလည်း ကားပေါ်မှာ ဆက်နေရန် အဆင်မပြေတော့၍ အောက်ဆင်းလာခဲ့လိုက်၏ ။

ကားအောက်မှာတော့ ကျွန်မအစ်မနှစ်ယောက်…။ အစ်မလတ်က ဆောင်းဒေဝါကို မထီမဲ့မြင်ပြုကာ အနွေးထည်ခပ်ပါးပါး ကိုသာ ဝတ်ဆင်လာခဲ့၍ ယခုတော့ ချမ်းလွန်းသဖြင့် ခုန်ဆွခုန်ဆွဖြစ်နေပြီ ။

   “ တော်သေးတာပေါ့ ။ ငါက နင် ကားပေါ်မှာ နောက်တစ်ရေး ရနေပြီမှတ်လို့ ခုပဲ တက်ခေါ်တော့မလို့ ။”

   “ မဟုတ်ပါဘူး မလတ်ကလည်း ။ ဒီမှာက မိန်းကလေးလေ ။ ပြင်ရဆင်ရသေးတာပေါ့ ။”

   “ အမလေး…မပြောလိုက်ချင်ဘူး ။ ငါ နင့်အရွယ်တုန်းက အဲသလောက် ပဲမများဘူး ။”

   “ သိပါတယ် … သိပါတယ် ။ အဲဒါကြောင့် အခုအရွယ်ထိ အပျိုကြီး ဖြစ်နေတာပေါ့ ။”

   “ အောင်မာ…အပျိုကြီးလို့ပြောရအောင် နင်နဲ့ငါနဲ့ ဘယ်လောက်ကွာလို့လဲ ။ ငါက အခုမှ အသက်အစိတ်ပဲ ရှိသေးတယ်ဟဲ့ ။”

   “ သူများတွေ အသက်အစိတ်မှာ ပုခက်ချိတ်နေကြပြီ ။ မလတ်ကတော့ ခုထက်ထိ ဂေါ်မစွံ အပျိုကြီး ။”

   “ ကောင်မစုတ်လေး…နင်တော့ ။ လိုက်ပို့တဲ့ကျေးဇူးမှမထောက် အစ်မတွေကို စော်ကားနေလိုက်တာ ။ ငရဲကြီးပါစေတော် ။”

   “ ဟီးဟီး…စတာပါ မလတ်ရယ် ။ အခု ဘယ်ရောက်နေပြီလဲ ။ ကားက ဘာဖြစ်လို့ ရပ်တာလဲ ။”

   “ ခဏနားဖို့ ရပ်တာလေ ။ အခု အာမထိလျှာမထိမြို့ကို ရောက်နေပြီ ။ ဟိုစားသောက်ဆိုင်မှာ တစ်ခုခု စားကြတာပေါ့ ။”

   “ နေပါဦး…နေပါဦး…ဘာရယ် ဘာရယ်…အာမထိလျှာမထိမြို့ ဟုတ်လား ။ တစ်ခါမှ မကြားဖူးပါဘူး ။”

   “ ဟားဟားဟား…ပဟေဠိဖွက်လိုက်တာလေ ။ ဘာမြို့လဲ သိလား ။”

   “ အမလေး…မိဆောင်းကိုများ ငတုံး မှတ်လို့ ။ သိပါ့…ဝေါမြို့ကို ပြောတာမို့လား ။”

   “ ဟဲဟဲ… ငါ့ညီမလေးက ဒီလိုကျတော့လည်း ဘယ်ဆိုးလို့တုံး ။ ဘယ်မှမရောက်ဖူးပေမယ့် ဗဟုသုတတော့ ရှိသား ။”

   “ အမယ်…လူကိုများ ။ ဘယ်မှမရောက်ဖူးပေမယ့် တစ်ကမ္ဘာလုံးအကြောင်း သိတယ် ။ ဖင်လန်နိုင်ငံရဲ့အကျယ်အဝန်းကို

     မလတ် သိလို့လား ။”

   “ ဟင်…ဖင်လန်နိုင်ငံဆိုတာ ကလေးတွေ ပြောင်ပြီးပြောတဲ့နိုင်ငံ မဟုတ်ဘူးလား ။ တကယ်ရှိတာလား ။”

   “ ဟာ…တကယ်ရှိတဲ့နိုင်ငံပေါ့ ။”

   “ ဖင်လန်နိုင်ငံတဲ့ ။ စိတ်ကုန်ပါ့…ပေးစရာနာမည် ဒီလောက်ရှားသလား ။ မသိဘူးဟာ ။ ဖင်လန်နိုင်ငံဆိုမှတော့ သေးသေး

     လေးပဲ နေမှာပေါ့ဟယ် ။ အကျယ်အဝန်း ဘယ်လောက်ရှိသလဲဆိုတာ ငါ ဘယ်သိပါ့မလဲ ။”

   “ မှတ်ထား ။ စတုရန်းမိုင်ပေါင်း၁၃၀,၁၁၉ရှိတယ် ။ ဒီထက်ပိုပြီးသိချင်ရင် ကမ္ဘာ့နိုင်ငံများအကြောင်း သိကောင်းစရာ-ဆိုတဲ့

      စာအုပ်ထဲမှာ ရှာဖတ်ကြည့် ။ ဟွန်း…”

ကျွန်မ၏နှပ်ပစ်မှုကိုခံလိုက်ရသဖြင့် အစ်မလတ် ငိုင်ဆင်းသွားလေသည် ။ ဘယ်ရလိမ့်မလဲ…မိဆောင်းပဲလေ ။ တစ်နေ့,တစ်နေ့ အိမ်မှာ အား,အားမနေဘဲ ဖေဖေ စုဆောင်းထားသမျှစာအုပ်များကို ထိုင်ဖတ်နေသောကြောင့် ယခုကဲ့သို့ ဘာမေးမေးသိနေရခြင်း ဖြစ်သည် ။ စာအုပ်စာပေမှန်သမျှ လူတို့၏မိတ်ဆွေများပင် မဟုတ်ပါလား ။

   “ ကဲ…ကဲ…နင်တို့နှစ်ယောက် စကားနိုင်လုတာ တော်ကြတော့ ။ ဟိုမှာ သူများတွေကဖြင့် စားလို့သောက်လို့ပြီးတော့မယ် ။

     လာ…မိဆောင်း … နင်က တစ်ခုခုစားရင် ကြာပါဘိနဲ့ ။ တော်ကြာ…ကားမစောင့်ဘဲနေဦးမယ် ။”

အစ်မကြီးက ပွဲဝင်ထိန်းလိုက်ပြီး နှစ်ယောက်လုံးကို ပွဲစဉ်မှထုတ်ကာ ဝေါမြို့၏စားသောက်ဆိုင်လေးဆီသို့ ဦးဆောင်ခေါ်ငင်သွား ခဲ့သည် ။

ဆိုင်က သပ်သပ်ရပ်ရပ်ရယ်…။ ဆိုင်တွင်းရှိစားပွဲခုံများတွင် ခရီးသည်များ ပြည့်နှက်လျက်ရှိ၍ ကျွန်မတို့လည်း နီးစပ်ရာခုံ တစ်ခုံစီတွင် အဆင်ပြေသလို ဝင်ထိုင်လိုက်ကြပြီး ကျွန်မက ညလယ်စာအဖြစ် ကြာဆံဟင်းခါးကို မှာယူသုံးဆောင်ခဲ့သလို အစ်မ နှစ်ယောက်ကလည်း မုန့်ဟင်းခါးနှင့်ကော်ဖီကို တစ်ယောက်တစ်မျိုးစီ မှာစားကြသည် ။ ည(၁၂)နာရီတိတိတွင် တစ်ခါမျှ အစာ မစားဖူးသော-ကျွန်မအတွက် ဒါဟာလည်း အတွေ့အကြုံသစ်ပဲ ဖြစ်နေ၏ ။

လက်နှင့်ပါးစပ်က ကြာဆံဟင်းခါး စားသောက်ခြင်းအမှုကို လုပ်ဆောင်လျက်ရှိသလို မျက်လုံးကလည်း ဆိုင်အတွင်းသို့ ဝေ့ဝဲလျှောက်ကြည့်ကာ စောစောက-ဂစ်တာရှင်လေးကို ဖွေရှာနေမိသည် ။ သို့ပေမယ့် ကိုယ်ယောင်ပဲ ပျောက်နေလေသလား… သို့မဟုတ် ကားပေါ်ကပဲ ဆင်းမလာတာလား မသိ ။ မတွေ့မိ ။

    “ ကဲ…မပြောဘူးလား ။ မြန်မြန်သောက် မိဆောင်းရယ် ။ ဟိုမှာ ကားက လှမ်းခေါ်နေပြီ ။ တို့ကို စောင့်နေရတယ် ။”

သိကြသည့်အတိုင်း ကျွန်မက သွားနှေးနှေး ၊ စားနှေးနှေး ။ ယခုလည်း ခရီးသည်အားလုံး ကားပေါ်တက်သွားကြသည့်တိုင် ကျွန်မ စားသောက်၍မပြီးသေး ။ အစ်မကြီးက ကားပေါ်မှခရီးသည်များကို အားနာကာ ဇွတ်အတင်းခေါ်နေ၍ ကျွန်မလည်း စားလက်စ, ကြာဆံဟင်းခါးကို လက်စသတ်လိုက်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့ရသည် ။ ကြာဆံဟင်းခါးက ပူလွန်းလှသဖြင့် ဖြည်းဖြည်းချင်း သောက်နေရသောကြောင့် တစ်ဝက်နီးပါးခန့် ကျန်နေသေးသည်မို့ နှမြောမိ၏ ။ သို့သော် အစ်မကြီးကိုတော့ ကျွန်မ မလွန်ဆန်ဝံ့ ။

ဟုတ်တော့လည်းဟုတ်သည် ။ အစ်မကြီး အားနာလျှင်လည်း အားနာစရာပါပဲ ။ ကားက ကျွန်မတို့ကို စောင့်နေရခြင်း ဖြစ်၏ ။ ကျွန်မတို့သုံးယောက် ကားပေါ်ရောက်သည်နှင့်တပြိုင်နက် ကားဘီးစ,လှိမ့်လေပြီ ။

   “ တွေ့လား…ကားက ငါတို့ကို စောင့်နေရတာ ။ ကားပေါ်မှာက လူစုံနေပြီ ။ ခရီးသည်တွေကို ဘယ်လောက် အားနာစရာ

      ကောင်းသလဲ ။”

အစ်မကြီးက ရှေ့မှာသွားရင်း ဗျစ်တောက်,ဗျစ်တောက်ဆူနေသေးသည် ။ နံဘေးတစ်ဖက်ဆီမှခရီးသည်များက အစ်မကြီး၏ စကားသံကြောင့် ကျွန်မကိုကြည့်ကာ မြုံစိစိပြုံးသွားကြ၏ ။ သူတို့ ရယ်မည်ဆိုလည်း ရယ်ချင်စရာပေါ့ ။ အစ်မကြီးက ရှေ့မှသွား ရင်း ဆူလိုက်တိုင်း ကျွန်မကလည်း နောက်ကနေ လျှာတစ်လစ်ထုတ်ကာ ပြောင်ပြနေသောကြောင့်ဖြစ်သည် ။ ကျွန်မတို့ ထိုင်ခုံသို့ ရောက်သည့်အခါ ကားက (ကား)ပါကင်မှနေ (ဖင်ဆုတ်)နောက်ဆုတ်နေလေပြီ ။

   “ ဟင်…ကားထွက်နေပြီလား ။ လူမစုံသေးပါဘူး ။”

ကျွန်မက (၅)ယောက်ခုံဆီသို့ မသိမသာစောင်းငဲ့ကြည့်ရင်း စိတ်ထဲက ရေရွတ်လိုက်မိ၏ ။ ဟုတ်သည်… ကားပေါ်တွင် သူ မရောက်သေး ။ ကားပေါ်မှဆင်းစဉ်က ကျွန်မတို့ထက်ပင် သူက ပိုနောက်ကျသေးသည် မဟုတ်လား ။ ယခုမှ စားတုန်းသောက် တုန်းများလား ။ ကားထွက်မည်ကို သူ သိမှသိပါစ ။ ထိုသို့သောအတွေးများဖြင့် စိတ်ထဲ၌ သူ့အတွက် စိုးရိမ်သွားခဲ့ပြီးမှ …

   ‘ အို…ငါနဲ့ဘာဆိုင်လို့လဲ ။ သူ့ဘာသာသူ ကျန်ခဲ့ကျန်ခဲ့…ငါ ပူစရာမလိုပါဘူး ။’

ဟုတွေးပြီး ထိုင်ခုံတွင် ဝင်ထိုင်နေလိုက်သည် ။ သို့ပေမယ့် ချက်ချင်းပင် ခရီးသည်အချင်းချင်း ရိုင်းပင်ကူညီသင့်တာပေါ့-ဟူသော အတွေး ဝင်လာကာ မှန်ပြတင်းပေါက်မှနေ စားသောက်ဆိုင်ဆီသို့ လှမ်းချောင်းကြည့်မိသည် ။

ဆိုင်ထဲတွင် လူသုံး/လေးယောက် ရှိနေသေး၏ ။ ထိုလူအုပ်ထဲတွင် သူ ရှိနေလေမလား…ဒါမှမဟုတ် အိမ်သာကို ရောက် နေလို့များလား…အိမ်သာက ဆိုင်နောက်ဘက်သို့ အတန်ငယ်ဝင်သွားရ၍ ဆိုင်ရှေ့ကခေါ်သောအသံကို ကြားရရန် မလွယ်ကူပေ ။ ကျွန်မကသာ ခရီးသည်တစ်ယောက်အတွက် ပူပန်သောကရောက် နေရပေမယ့် ကားကဖြင့် လမ်းမပေါ်သို့ပင် ချိုးကွေ့နေပြီ ။

- ခရီးသည်တစ်ယောက် ကျန်နေတယ်လို့ ငါ အော်ပြောလိုက်ရကောင်းမလား…

ထိုအတွေးသည် အူကြောင်ကြောင်နိုင်နေသလား ကျွန်မ မသိပါ ။ ဤခရီးစဉ်သည် ကျွန်မအတွက် ပထမဆုံးဖြစ်နေ၍ ခရီးသွား ခြင်းနှင့် ပတ်သက်ပြီး ကျွန်မတွင် အတွေ့အကြုံမရှိ ။ မိမိဘေးမှခရီးသည်ကျန်ခဲ့လျှင် ဧည့်လမ်းညွှန် သို့မဟုတ် တာဝန်ခံဆီသို့ အကြောင်းကြားရမည်ဟူသော ခရီးသည်တစ်ဦး၏တာဝန်ကို ကျွန်မ ကြားသိမထားခဲ့သဖြင့် ယခုကဲ့သို့ တွန့်ဆုတ်နေမိခြင်းဖြစ် သည် ။

-  ဟာ…ကားက ထွက်တောင်နေပြီ ။ မဖြစ်ပါဘူး ။ သူများတွေ ရယ်ချင်ရယ်ပါလေ့စေ ။ လူတစ်ယောက်ကို ကူညီတာပဲ ။

   ကူညီကောင်းပါတယ် ။

နောက်ဆုံး ကျွန်မ စိတ်ဆုံးဖြတ်လိုက်ပြီး ခရီးသည်တစ်ဦး ကျန်ရစ်ခဲ့သည့်အကြောင်း လှမ်းအော်ပြောရန် ခေါင်းထောင်လိုက်သည့် အခိုက် ကျွန်မမျက်နှာပြင်ထက်သို့ သက်ဆင်းလာသောမှောင်ရိပ်တစ်ခုကြောင့် ကျွန်မ မင်သက်သွားခဲ့ရပြီ ။ အရိပ်ပိုင်ရှင်က သူ ။ သူက အလောတကြီးလျှောက်ဝင်လာပုံရပြီး ကျွန်မ ထိုင်နေသောနှစ်ယောက်ခုံ၏ဘေးတွင် မားမားကြီးရပ်တန့်နေသည် ။

   “ စောရီးနော် ။ ကျွန်တော် နောက်ကျသွားတယ် ။”

စောစောက သူ့အပြုံးမျက်နှာကိုသာ မထင်မရှားမြင်တွေ့လိုက်ရရာ ယခုမှပင် သူ့အသံကို ကျွန်မ ကြားသိလိုက်ရ၏ ။ သူ့အသံက တေးသံရှင်ဇော်ပိုင်၏အသံကဲ့သို့ ချိုလွင်နုညံလှသည် ။ သူက အသံချိုချိုနှင့် တောင်းပန်လိုက်ပြီး တဆက်တည်းပင် ကျွန်မနံဘေး က ထိုင်ခုံတွင် ဝင်ထိုင်လိုက်သဖြင့် ကျွန်မ ပို၍အံ့သြသွားခဲ့ရသည် ။

- သြော်…လက်စသတ်တော့ ကျွန်မ အိပ်ပျော်နေတုန်းက မသိလိုက်ရတဲ့ နံဘေးထိုင်ခုံပိုင်ရှင်က သူ ဖြစ်နေတာကိုး …

အံ့သြမှုတွေနှင့်အတူ ရင်ခုန်သံများကလည်း တဒိန်းဒိန်း…။ သို့ပေမယ့် ကိုယ့်ကိုယ်ကို ထိန်းကာ ဣနြေ္ဒဆည်လိုက်ရင်း…

   “ ရပါတယ်…”

ဟု ခပ်တိုးတိုးပြောလိုက်သည် ။

      အမှန်ဆို …

   “ အမလေး…ရှင် ကျန်ခဲ့ပြီထင်လို့ စိတ်ပူလိုက်ရတာရှင် ။ ဘာဖြစ်လို့ ဒီလောက်နောက်ကျနေရတာလဲ ။”

ဟူ၍ စိတ်ထဲရှိသည့်အတိုင်း ဖွင့်ပြောပစ်လိုက်ချင်ပေမယ့် ပုရိသတို့နှင့်ပတ်သက်လာလျှင် (၁၉)ရာစုနှစ်မိန်းမပျိုတို့၏ စရိုက်မျိုးရှိ သော-ကျွန်မက သည်လောက်ထိ မပွင့်လင်းရဲသေး ။

ယခုခေတ်လို အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးခံထိသော-မိန်းကလေးများကဲ့သို့ “နင့်ကို ငါ ချစ်တယ်…ငါ့ကို နင် ချစ် မလား ”ဟု ဖွင့်မေးရဲဖို့နေနေသာသာ စကားပင် ပွင့်ပွင့်မဆိုရဲသည်က ကျွန်မအကျင့် ။ သို့သော် ကျွန်မ၏မခို့တရို့ပုံစံလေးကိုက သူ့အတွက် စွဲဆောင်အားပြင်းခဲ့လေသလား မပြောတတ် ။ မကြာ,မကြာ ကျွန်မဘက်သို့ စောင်းငဲ့ကြည့်ကာ စကားစ, ရှာနေလေ တော့၏ ။ ကျွန်မ၏ပထမဆုံးခရီးစဉ်လေးတွင် မျှော်လင့်ထားမိသည့်အတိုင်း စိတ်ကြည်နူးစရာအမှတ်တရဖြစ်ရပ်လေးတစ်ခုကို ကျွန်မ ပိုင်ဆိုင်ခွင့်ရတော့မည်ထင်သည် ။

   “ ရန်ကုန်ကပဲလား ။”

   “ အင်း…”

   “ ကျောင်းသူထင်တယ် ။”

   “ အင်း…”

   “ ကျွန်တော်က ကျောက်ဝိုင်းမှာနေဖူးတယ် ။ လိပ်စာတော့ မပြောပြတော့ဘူး ။ လိုက်လည်မှာစိုးလို့ ။ အဟား…နောက်တာပါ ။

     အခု ကျွန်တော်က ကျိုက်ထိုမှာ ရောက်နေလို့လေ ။ ဒါနဲ့ ညီမက ဘုရားဖူးသက်သက်ပဲလား ။”

   “ အင်း…”

   “ ကျွန်တော်လည်း ဘုရားဖူးသက်သက်ပဲ ။ ဘုရားလည်း ဖူး ၊ လိပ်ဥလည်း တူးပေါ့ ဟဲဟဲ ။ တစ်မျိုးမထင်နဲ့နော် ။ ဒေသန္တရ

      ဗဟုသုတတွေ ရှာမှီးတာကို ပြောတာ ။ ညီမလည်း ဒီလိုပဲထင်ရဲ့ ။”

   “ အင်း…”

   “ ဟောဗျာ…စကားလည်း မပြောတတ်ပါလား ။ တအင်းတည်း အင်းနေတော့တာပဲ ။”

   “ ဒါဆို ဘာပြောရမှာလဲ ။”

   “ နာမည်တို့ ၊ အသက်တို့ ၊ နေရပ်လိပ်စာတို့ ၊ ဖုန်းနံပါတ်တို့ ၊ facebook addressတို့…”

   “ မပြောပေါင်…”

   “ ဟားဟား…ကျွန်တော်ကတော့ ပြောမှာပဲ ။ ကျွန်တော့်နာမည်က ဘုန်းနေလင်း ။ လောလောဆယ်တော့ ကျိုက်ထိုမှာပဲ

      နေတယ် ။ အသက်ကတော့ ၁၉နှစ်က မတက်ဘူး ဟဲဟဲ ။ ဂီတကို ဝါသနာပါတယ် ။ အီလက်ထရောနစ်ပစ္စည်းတွေကို

      မသုံးလို့ ဖုန်းနံပါတ်တို့ ၊ ဖေစ်ဘုတ်လိပ်စာတို့တော့ မရှိဘူး … ယုံတယ်မဟုတ်လား ။”

   “ ရှိလည်း စိတ်မဝင်စားပါဘူးနော် ။”

   “ အဟား…ကျွန်တော်ကတော့ စိတ်ဝင်စားတယ် ။ ဟို…ညီမရဲ့biographyကိုပြောတာလေ ။”

   “ ဟိုဘက်မှာ အိပ်ပျော်နေတာက ကျွန်မရဲ့အစ်မနှစ်ယောက်ပဲ ။ သူတို့ကို မေးကြည့်…”

   “ အမလေးလေး…မလုပ်ပါနဲ့ဗျာ ။ ပုံစံတွေကြည့်ရတာ ဒေါသကြီးမယ့်ပုံပဲ ။ ကျွန်တော့်ကို ထ,ရိုက်နေမှဖြင့်… ။”

   “ ဟုတ်ပါ့ ။ မလတ်က စိတ်ကြီးမှကြီး ။ လက်သံလည်းပြောင်မှပြောင် ။ မကြီးကတော့ အေးတိအေးစက်နဲ့ ဆော်မယ့်သူ ။”

   “ လုပ်ကြံရက်လိုက်တာဗျာ ။ ဒီက ခင်လို့မေးမိတာကို ။”

   “ မဟုတ်တာတွေမမေးဘဲ စိတ်ဝင်စားစရာကောင်းတာလေးတွေ မေးပေါ့ ။ ဥပမာ…ကျွန်မ တစ်ခုမေးပြမယ် ။ နော်ရူးနိုင်ငံရဲ့

      မြို့တော်က ဘာလဲ သိလား ။”

   “ ကျွန်တော်က တောသားဆိုတော့ မသိဘူးပဲထားဗျာ ။ ဘာများလဲ ။”

   “ ဒီလောက်လွယ်တာကို ။ နော်ရူးနိုင်ငံရဲ့မြို့တော်က နော်ရူးပဲပေါ့ ။ ဟွန်း…တောမှနေနေ မြို့မှာနေနေ စာဖတ်ရင် သိနိုင်ပါတယ်

     နော် ။ စာအုပ်များများဖတ်ပေါ့ ။”

   “ သြော်…သြ…ဟုတ်ပါပြီ ။ ဒါဆို ကျိုက်ထီးရိုးတောင်ပတ်ဝန်းကျင်မှာ ဥစ္စာစောင့်သိုက်ပေါင်း ဘယ်နှခုရှိသလဲ သိလား ။”

   “ ဘာကြီး…! ဥစ္စာစောင့်သိုက်…ဟုတ်လား ။ ပေါက်တီးပေါက်ရှာ…ဥစ္စာစောင့်ဆိုတာ တကယ်ရှိတာကျလို့ ။”

   “ ရော်…တကယ်ရှိတာပေါ့ဗျ ။ မရှိဘဲနဲ့ လူတွေက ပြောကြမလား ။”

   “ မသိဘူးတော် ။ ယုံလည်းယုံဝူး ။”

   “ အဟဟ…မင်းက ကလေးလေးကျနေတာပဲ ။ ကိုယ် ပြောပြမယ် ။ ကျိုက်ထီးရိုးတောင် ပတ်ဝန်းကျင်မှာချည်းပဲ သိုက်ပေါင်း

      ၂၀၀ကျော် ရှိတယ် သိလား ။”

   “ အမယ်…ဘယ်လိုလုပ်သိတုံး ။ ရမ်းတုတ်တာနေမှာပေါ့ ။”

   “ မဟုတ်ရပါဘူးဗျာ ။ ကိုယ်လည်း မနောမယဂမ္ဘီရဂျာနယ်မှာ ဖတ်ဖူးလို့သိတာ ။ စာစုံအောင်ဖတ်ပေါ့ ။”

   “ အမလေးနော်…စာစုံအောင်ပဲ ဖတ်ရဦးမယ် ။ ဥစ္စာစောင့်ဆိုတာကို မြင်လည်းမမြင်ဖူးဘူး ။ ယုံလည်းမယုံဘူး ကိုကြီးရဲ့ ။”

   “ အဟားဟား…ဟုတ်ပါပြီ ညီမလေးရယ် ။ ကိုကြီး မှားပါတယ် ။ ကိုကြီးကို နာမည်လေးတော့ ပြောပြဦးလေ ။”

   “ ဆောင်းသိင်္ဂီတဲ့ ။ ဆောင်းရာသီမှာ ရွှေတွေဈေးတက်တုန်း မိဆောင်းကို မွေးခဲ့လို့ထင်ပါတယ် ဟိ…”

   “ ညီမလေးနာမည်က ချစ်စရာလေးပဲ ။ လူလေးအတိုင်းပေါ့ ။”

   “ အဟင်း…ကျေးဇူး…”

အရိုးကွဲမတတ် အေးစက်လှသည့်ဒီဇင်ဘာဆောင်းညလေးဟာ အခုတော့ သိပ်ကိုစိုပြေနွေးထွေးသွားခဲ့သလိုပင် ။

သူက အသက်လေးနှင့်မှမလိုက်အောင် ဖောတတ်ရောတတ်သူတစ်ယောက်ဟု ကျွန်မ ကောက်ချက်ချမိသည် ။ ဟုတ် လည်းဟုတ်၏ ။ သူနှင့်တွေ့ဆုံရသည့်-အချိန်ခဏလေးအတွင်းမှာပဲ သူ့ကို ကျွန်မ ခင်မင်သွားမိသည် ။ အခြားပုရိသများနှင့် စကားပြောလျှင် ရှက်ကိုးရှက်ကန်းနိုင်တတ်သူ-ကျွန်မဟာ သူနှင့်ကျတော့ ပေါ့ပေါ့ပါးပါးဖြစ်နေ၏ ။ သူက ကျွန်မတစ်သက်တာ အတွက် မေ့မရနိုင်သူများထဲတွင် စာရင်းဝင်သွားနိုင်လောက်အောင် အပြောကောင်း ၊ အရောကောင်းသူတစ်ယောက် ။ မြှောက် သည်၊ နောက်သည်၊ ဟာသများ/စိတ်ဝင်စားစရာအကြောင်းအရာများ ပြောသည် ။

သူ့အပြောများကြား လူးကာလိမ့်ကာမြောပါရင်း ပတ်ဝန်းကျင်ကိုပင် မေ့လျော့နေခဲ့လိုက်တာ ချောက်ချားဖွယ်အသံကြီး တစ်သံကို ရုတ်တရက်ကြားလိုက်ရမှ ကျွန်မ သတိဝင်လာပြီး ထိတ်လန့်သွားခဲ့ရ၏ ။

   “ ဖောင်း…”

   “ အမေ့…! ဘာ…ဘာဖြစ်တာလဲ ။”

ကျွန်မက အထိတ်ထိတ်အလန့်လန့်မေးရင်း မှန်ပြတင်းမှနေ အပြင်သို့ ပြူးပြဲကာချောင်းကြည့်လိုက်တော့ မှောင်နှင့်မည်းမည်း ။ သစ်ပင်တောကြီးကို မသဲမကွဲတွေ့နေရသည် ။ ကားက ဘရိတ်အုပ်သံကျွီခနဲနှင့်အတူ လမ်းဘေးသို့ထိုးရပ်သွားသည် ။

   “ ဘာမှမကြောက်ပါနဲ့ ။ ကားဘီးပေါက်သွားတာထင်တယ် ။ တော်သေးတာပေါ့ ။ လမ်းကွေ့မှာဆိုတော့ အရှိန်လျှော့ထားပေ

      လို့ ။”

သူက အေးဆေးစွာရှင်းပြသည် ။ ပတ်ဝန်းကျင်မှလူများလည်း ထိုအခါမှ အိပ်ပျော်ရာက လန့်နိုးလာကြပုံရသည် ။ တစ်ကားလုံး စကားသံများဖြင့် ဆူညံသွား၏ ။ စောစောက တိုးတိတ်ငြိမ်သက်နေသော-ဆောင်းညအောက်မှာ နှစ်ယောက်တည်း စကားဖောင် ဖွဲ့ခဲ့ရချိန်လေးကို ကျွန်မ နှမြောတသစွာ သတိရလိုက်မိသည် ။

   “ မိဆောင်း…ကားဘီးပေါက်တာ-တဲ့ ။ နင် ကြောက်သွားသေးလား ။”

တစ်ချိန်လုံး အိပ်ပျော်နေခဲ့သည့်အစ်မလတ်က အခုမှ လန့်နိုးလာကာ ကျွန်မကို လှမ်းအားပေးရှာသည် ။ သူကတော့ ကျွန်မကို တစ်ယောက်တည်း အထီးကျန်လျက် ကြောက်လန့်သွားလိမ့်မည်ဟု တွေးထင်ထားပုံရသည် ။ အမျိုးသားများနှင့် ခပ်ကင်းကင်းနေ တတ်သောသူမက ကျွန်မကိုလည်း နံဘေးမှကိုလူချောနှင့် အပေါင်းအဖော် လုပ်လိမ့်မည်မဟုတ်ဟု ယူဆထားပုံရ၏ ။ သို့သော် လည်း သူမ မသိသည်က ကျွန်မနှင့်ကိုလူချောတို့ ခင်မင်ရင်းနှီးနေကြပြီလေ ။

   “ မကြောက်ပါဘူး ။ သမီး သိပါတယ် ။ နောက်ပြီး ကျိုက်ထီးရိုးလမ်းကွေ့ထဲ ရောက်နေပြီဆိုတော့ ရောက်တော့မှာ မဟုတ်

     လား ။”

   “ အမယ်…ငါ့ညီမလေးက မဆိုးပါဘူး ။ အေး…အေး…ကားဘီးလဲမှာဆိုတော့ နည်းနည်းတော့ ကြာဦးမှာပေါ့ ။ အိပ်နေတာ

      အကျိုးအရှိဆုံးပဲဟေ့ ။”

အစ်မလတ်က ပြောလည်းပြော ၊ သူ့စကားကိုသူကိုယ်တိုင်လည်း လိုက်နာသည် ။ ကျွန်မကို လက်ထောင်ပြကာ ထိုင်ခုံကို နောက်သို့ဆွဲလှန်ပြီး လှဲချလိုက်လေ၏ ။ သဘောမှာ ကင်ပွန်းစခန်းရောက်မှ သူ့ကို နှိုးတော့ဟူ၍…။

            အစ်မလတ်၏စကားအတိုင်းပင် ကားဘီးလဲခြင်း အမှုမှာ အနည်းငယ်ကြာမြင့်ဦးမည့်ပုံရှိ၍ ခရီးသည်အများစုသည် အကျိုးရှိရှိ ဆက်လက်အိပ်စက်လျက်ရှိကြသလို အမျိုးသားတစ်ချို့တလေကလည်း ကားအောက်သို့ဆင်းကာ ဟိုဟိုသည်သည် စပ်စုလေ့လာကြသည် ။

   “ စောစောကတစ်ယောက်က အစ်မအလတ်လား ။”

   “ အင်း…ဟိုဘက်ကတစ်ယောက်က အစ်မကြီးလေ ။ သူကတော့ စကားနည်းတယ် ။”

   “ စကားအများဆုံးကတော့ မင်းလေးပေါ့…ဟုတ်တယ်ဟုတ်…”

   “ ဟွန်း…တစ်လမ်းလုံး စကားအများဆုံးပြောလာတာ ဘယ်သူတုံး ။”

   “ ဟားဟား…ဟုတ်ကဲ့ပါခင်ဗျာ ။ စကားအများဆုံးက ကျွန်တော်မျိုးကြီးပါ ။ ဟူး…ကားဘီးလဲဦးမှာဆိုတော့ နည်းနည်းတော့

      ကြာမှာပဲ ။ ဒီတော့ … အောက်ဆင်းပြီး ဟဲလိုက်ဦးမယ် ။ ညီမလေးကတော့ ကားပေါ်ကပဲ နားဆင်ပေါ့ ။ ကဲ… နောက်က

      ဘော်ဘော်တို့ ဒိုးကြစို့ ။”

သူက ရော်ဘတ်ပက်တီဆင်န်၏အမူအရာမျိုးဖြင့် အေးတိအေးစက်ရယ်ပြပြီး ထိုင်ရာမှထကာ (၅)ယောက်ခုံဆီသို့ လက်လှမ်းပုတ် လိုက်သည် ။ ထိုအခါမှ ကျွန်မ အံ့အားသင့်ကာ နောက်ခုံဆီသို့ လှည့်ကြည့်မိသည့်အခါ မြင်တွေ့လိုက်ရသော‘အရာ’များကြောင့် မင်သက်သွားခဲ့ရ၏ ။ (၅)ယောက်ခုံတန်းတွင် ကောင်လေးငါးယောက်က အတုံးအရုန်းအိပ်လို့…။ နောက်ခုံတွင် လူပါလာမှန်း ကျွန်မ လုံးဝ သတိမပြုမိခဲ့ ။ သူက ထိုကောင်လေးများကို ခပ်ဆတ်ဆတ်ပုတ်နှိုးလိုက်ပြီး…

   “ ဟိတ်ကောင်တွေ…ဟိုမှာ ကားဘီးပေါက်သံ မကြားဘူးလား ။ ကားက ကြာဦးမှာ ။ လာပါကွာ…အောက်ဆင်းပြီး သီချင်းလေး

      ဟဲကြတာပေါ့ ။ နားဆင်မယ့်သူတွေ ရှိလို့ပါကွာ …လာပါ ။”

သူက ကျွန်မဘက်သို့ မသိမသာစောင်းငဲ့ကြည့်ကာ ဆိုလိုက်သည် ။ သူ့အကြည့်ကြောင့်လား သူ့အပြောကြောင့်လား…ဒါမှမဟုတ် နုငယ်သေးသော ကျွန်မ၏အသည်းရိုင်းလေးကပဲ ရင်ခုန်လွယ်လွန်း၍လား မပြောတတ်…။ ရင်ထဲက ဖိုခနဲခံစားလိုက်ရသဖြင့် ခေါင်းငုံ့ကာ အလိုလိုပြုံးမိသည် ။ သူကတော့ နံဘေးမှာ မရှိတော့ပါ ။ သူငယ်ချင်းငါးယောက် ၊ ဂစ်တာတစ်လက်နှင့်အတူ ကားအောက်သို့ ဆင်းသွားလေပြီ ။

   “ ဒီဇင်ဘာည…အဖြူရောင်မြူနှင်းကြားမှာ…¯¯¯

ဂစ်တာသံချိုမြမြနှင့် သူတို့အဖွဲ့၏အသံစူးရှရှတို့ပေါင်းစပ်ကာ ပေါ်ထွက်လာသော လင်းနစ်၏ဒီဇင်ဘာည-သီချင်းသည် ကျွန်မ အတွက် မမေ့နိုင်စရာအမှတ်တရလေးတစ်ခုပါပဲ…။ အသံသြသြများကြား၌ သူ့အသံချိုချိုလေးက ထင်ထင်ရှားရှားကွဲထွက်နေ  ၏ ။

   “ ငါ…ငိုနေဆဲ…ယုံပါ ကောင်မလေးရယ်…ပြန်ဆုံနိုင်မယ့်ကံကို ငါတမ်းတတယ်…¯¯¯

သူက ကောင်မလေးရယ်-ဆိုသောနေရာရောက်တိုင်း သိသိသာသာဖိဆိုနေ၍ ကျွန်မ စိတ်လှုပ်ရှားသထက်လှုပ်ရှားလာခဲ့ရသည် ။ သူ ဆိုလိုသောကောင်မလေးက ကျွန်မကိုများလား…။

အသက်(၁၈)နှစ်ရောက်သည့်တိုင် အချစ်ဆိုသောအရာနှင့် တည့်တည့်ဆိုင်ဆိုင်မကြုံတွေ့ဖူးသေးသဖြင့် အကြီးအကျယ် ရင်ခုန်နေမိတာမှန်သလို တစ်ဖက်ကလည်း လူလိမ်လူညာများ ဖြစ်လေမလား…ခဏလေးပဲ တွေ့ရသေးတာ ။ သူ့အကြောင်း လည်း ငါ ဘာမှသိသေးတာမှမဟုတ်ဘဲ…စသောအတွေးများကြောင့် သူ့အပေါ် ဇွတ်မှိတ်ပြီး မချစ်ဝံ့သေးပေ ။ သို့သော်လည်း သူ့ သီချင်းသံလေးများကြားမှာ ကြည်နူးသာယာနေမိတာတော့ အမှန် ။ ဟိုအတွေးသည်အတွေးများဖြင့် သူတို့ ဆိုနေသည့်သီချင်း လေးကို နားဆင်ရင်း ကျွန်မ မှေးခနဲ…။



TTTTTTTTTTTTTTTTTTTTTTTTTTTTTTTTT



   “ မိဆောင်း…ကင်ပွန်းစခန်း နီးပြီ ။ ထတော့…”

   “ အင်…! သြော်… ဟုတ်…ဟုတ်…”

မှေးခနဲအိပ်ပျော်သွားခဲ့ခြင်းဖြစ်သော်လည်း တစ်ရေးထပ်ရခဲ့ပြီ ။ အစ်မလတ် လှမ်းပုတ်နှိုးလိုက်မှပဲ ကျွန်မ အိပ်ပျော်နေရာမှ လန့်နိုး လာခဲ့သည် ။ ထိုအချိန်တွင် ကားကြီးက တရွေ့ရွေ့ခရီးဆက်နေပြီ ။

အိပ်ချင်မူးတူးဖြင့် ဝေဝါးနေသောမျက်လုံးများကို လက်နှစ်ဖက်နှင့် ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ရင်း ဦးနှောက်က တစ်စုံ တစ်ခုကို သတိရသွားသည် ။ သို့သော် အိပ်ချင်မူးတူးအသိကြောင့် ဘာကိုသတိရ၍ရမှန်းမသိ…။

- ငါ ဘာကို သတိတရတွေးနေတာပါလိမ့်…

ခေါင်းကို နှစ်ချက်ခန့် (ခပ်ဖွဖွ)ထုရိုက်လိုက်ပြီး ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်သည့်အခါမှ သတိရနေမိသည့်တစ်စုံတစ်ရာက ဘာ,ဆိုတာကို စဉ်းစားမိသွားတော့သည် ။ ရှင်းရှင်းပြောရလျှင် တစ်စုံတစ်ရာ မဟုတ် ။ တစ်စုံတစ်ယောက် ။ မိမိကို တစ်လမ်းလုံး ကြူနေသည့် ကိုဘုန်းနေလင်းဆိုသူ…။

     “ ဟင်…ဘယ်…ဘယ်ရောက်သွားတာလဲ ။”

စဉ်းစားမိသည်နှင့်တပြိုင်နက် နံဘေးသို့လှည့်ကြည့်မိတော့ သူ့ကို မတွေ့ရ ။ စိုးရိမ်တကြီးဖြင့် (၅)ယောက်ခုံဆီသို့ နောက်လှည့် ကြည့်မိတော့လည်း မည်သူမျှ မရှိချေ ။ မိမိ အိပ်ပျော်သွားသည့်အခိုက် သူတို့အုပ်စု ကျန်ရစ်ခဲ့ကြသလား…။ သူတို့တတွေ တစ်နေရာရာသွားနေတုန်း ကားထွက်လာတာများလား…။ သူတို့တစ်ဖွဲ့လုံး အထူးသဖြင့် ‘သူ့အတွက်’ ကျွန်မ စိုးရိမ်သွားမိသည် ။ သူတော့ အခုလောက်ဆို သစ်ပင်တစ်ပင်အောက်မှာ ကားတစ်စီးစီးကို ချမ်းချမ်းစီးစီးဖြင့် တားစီးနေရလောက်ပြီ ။

   “ အစ်မလတ်…ကား ဘယ်တုန်းက ထွက်လာတာလဲ ။ အခု ဘယ်ရောက်ပြီလဲ ။”

   “ ကားထွက်လာတာ မိနစ်၂၀လောက်ရှိပြီတဲ့ ။ မကြီး ပြောတာပဲ ။ ငါလည်း ခုနကမှ နိုးတာ ။ အခု ဘယ်ရောက်ပြီလဲဆိုတော့…

     သြော်…ကင်ပွန်းစခန်းရောက်ဖို့ နည်းနည်းပဲလိုတော့တယ် ။”

အစ်မလတ်က ခပ်အေးအေးဖြေရင်း စောစောက သူခြုံထားသောစောင်ကို ခေါက်နေလေ၏ ။ အေးပေါ့…အပူအပင်မရှာတတ် သည့်-သူ့အတွက် အရာရာဟာ အေးဆေးနေမှာပေါ့ ။ ကျွန်မမှာတော့ မဆီမဆိုင် ပူပန်နေရပြီ မဟုတ်လား ။

   “ ဒါဆို…ပြန်လှည့်ခိုင်းရကောင်းမလား မသိဘူး ။ ကားရပ်တဲ့နေရာမှာ အဖွဲ့တစ်ဖွဲ့ ကျန်ခဲ့လို့ ။”

ကျွန်မက စိုးရိမ်ပူပန်သည့်လေသံဖြင့် ထိုသို့ ခပ်တိုးတိုးတိုင်ပင်လိုက်သည် ။ ကျွန်မစကားကြောင့် အစ်မလတ်၏မျက်ခုံးနှစ်ဖက် အပေါ်သို့ မြောက်တက်သွားပြီး ချက်ချင်းပင် ကျွန်မဘက်သို့ ပြူးတူးပြဲတဲလှည့်ကြည့်ကာ သံသယမျက်လုံးများဖြင့် အကဲခတ်နေ ၏ ။ ကျွန်မအပေါ် ဘယ်တော့မှ မယုံကြည်တတ်သည့်-သူ့အဖို့ သံသယဆိုသောအရာက မကြာမကြာ အလည်ရောက်လာစမြဲပဲ လေ ။

   “ ဟုတ်မှလည်း လုပ်ပါ မိဆောင်းရယ် ။ နင်က အခုမှ နိုးတာလေ ။ လူတစ်ဖွဲ့ ကျန်ခဲ့တယ်ဆိုတာကို နင် ဘယ်လိုလုပ်သိ

     သလဲ ။”

   “ သြော်…မလတ်ရယ် ။ အဲဒါပဲ ။ ပတ်ဝန်းကျင် လေ့လာမှု အားနည်းတယ်လို့ပြောရင် စိတ်ဆိုးဦးမယ် ။ ညီမလေးကိုတော့

      အမြဲတမ်း သံသယဝင်နေပြီး ကိုယ့်ကိုယ်ကိုတော့ ဘာဖြစ်လို့ သံသယမဝင်ရတာလဲ ။ ညီမလေး ပြောတဲ့လူတစ်ဖွဲ့ဆိုတာ

      တခြားကတောင် မဟုတ်ဘူး ။ ဟောဒီနောက်ခုံက (၅)ယောက်ရယ် ဟောဒီညီမလေးဘေး ထိုင်ခုံကတစ်ယောက်ရယ်…

      စုစုပေါင်း လူ(၆)ယောက်တိတိ စောစောက ကားရပ်တဲ့နေရာမှာ ခဏဆင်းပြီး ကျန်နေခဲ့ကြတာ ။ ဆင်းနေခဲ့တာများလား ။

       အာ…မဖြစ်နိုင်ပါဘူး ။ သူက ဘုရားဖူးဖို့ လာတာလို့ပြောတယ် ။ ကျန်ခဲ့တာပဲနေမယ် ။”

   “ ဘာရယ်…နေပါဦး…။ နေပါဦး ။ ငါ မရှင်းလို့ပါ ။ လူ(၆)ယောက် ဟုတ်လား ။ ဘယ်နားက လူ(၆)ယောက်လဲ...”

   “ ကျွတ်…! မလတ်ကလည်း အချိန်ကုန်အောင်လုပ်နေပြီ ။ တော်ကြာ…သူတို့တွေ ဒုက္ခရောက်နေဦးမယ် ။”

   “ ဘယ်သူတွေကို ပြောနေတာလဲ ။”

   “ ဟာ…ဒီဘေးကအကိုကြီးတို့အဖွဲ့ပါဆိုနေ ။ ကားဆရာကို ပြောပေးလေ…မလတ်ရယ် ။”

ကျွန်မစကားက အံ့သြစရာမဟုတ်သလို မူမမှန်သောစကားများလည်း မဟုတ်…။ သို့ပေမယ့် ကျွန်မ၏စကားကြောင့် အစ်မလတ် သာမက အစ်မကြီးပါ မျက်လုံးပြူးသွားပြီး…

   “ ဟဲ့…မိဆောင်း နင် ဘာတွေပြောနေတာလဲ ။ စောစောက အိပ်မက်မက်တာကို တကယ်ထင်နေတာလား ။”

ဟု ဝင်မေးလေသည် ။ အစ်မလတ်ကလည်း…

   “ အရူးမလေး…နင် ဘာတွေစိတ်ကူးယဉ်ပြီး လျှောက်ပြောနေတာလဲ ။”

ဟူ၍ ဘုတောပြော၏ ။ သူတို့တတွေက ကျွန်မစကားကို မယုံကြည်ကြရုံမက လှောင်ပြောင်နေကြသောကြောင့် ကျွန်မ ဒေါသ ထွက်သွားမိသည် ။ ကိုကြီးတို့အဖွဲ့ ကျန်ရစ်ခဲ့သည့်အတွက် စိုးရိမ်စိတ်ဖြစ်နေသောအရှိန်ကြောင့်လည်း ယခုကဲ့သို့ ပို၍ရှူးရှူးရှဲရှဲ ဖြစ်သွားရခြင်းဖြစ်မည် ။

   “ မကြီးတို့နော်…သမီး စိတ်တိုလာပြီ ။ ဘာဖြစ်နေကြတာလဲ ။ သမီး ပြောတာကို ဘာဖြစ်လို့ မယုံကြတာလဲ ။ ဒီမှာ သမီး

     ဘေးကလူ မပါလာတာ မတွေ့ဘူးလား ။ လူတစ်ယောက်လုံး ပျောက်နေတာတောင် မကြီးတို့နှစ်ယောက်က သမီးကို

     သံသယဝင်နေကြတုန်းပဲလား ။”

ကျွန်မအမေးကြောင့် သူတို့နှစ်ယောက်၏မျက်လုံး ပြူးသထက်ပြူးသွားကြသည် ။ ခရီးသွားကားကြီးက ကင်ပွန်းစခန်းဂိတ်တွင် ခဏရပ်ကာ ဂိတ်ကြေးပေးနေပြီ ။

   “ မကြီးက သံသယဝင်ချင်လို့ဝင်တာမှမဟုတ်ဘဲ မိဆောင်းရယ် ။ စောစောကတည်းက အဲဒီ(၂)ယောက်ထိုင်ခုံတစ်ခုံလုံးမှာ နင်

     တစ်ယောက်တည်းလေ ။”

   “ ဘာ…”

   “ အေးလေ…မိဆောင်းရဲ့ ။ ငါကတောင် နင်တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ လှမ်းမေးသေးသားပဲ ။ နင်က တစ်ယောက်

      တည်း ခေါင်းတညိတ်ညိတ်ဖြစ်လိုက် ၊ ပါးစပ်လှုပ်လိုက်-ဆိုတော့ ငါက နင် သီချင်းနားထောင်နေတယ်ဆိုပြီး စကားမပြော

      တော့တာ ။ ဘယ်က နင့်ဘေးမှာ လူရှိရမှာလဲ ။”

   “ ဘယ်လို…! မ…မဖြစ်နိုင်တာ ။ သမီးဘေးမှာ လူတစ်ယောက် လာထိုင်တယ်လေ ။ အသားဖြူဖြူ ရုပ်ချောချောနဲ့ ကိုကြီး

      တစ်ယောက် ။  သူ့နာမည်သူတောင် မိတ်ဆက်သွားသေးတယ် ။ ဘုန်းနေလင်းတဲ့ ။ နောက်ပြီး သူနဲ့အတူ ဘော်ဒါတွေ

      လည်း ပါသေးတယ် ။ (၅)ယောက်တောင် ။ သူတို့က နောက်ခုံမှာ ထိုင်နေကြတာလေ ။ မကြီးတို့ မမြင်မိတာများလား ။”

   “ တော်ပါတော့ မိဆောင်းရယ် ။ နင် အိပ်မက်မက်နေတာပဲဖြစ်မယ် ။ နောက်ခုံမှာ ဘယ်သူမှ ပါမလာဘူး ။”

   “ ဟာ…မကြီးတို့က တစ်ချိန်လုံး အိပ်နေကြတာကိုး ။ ဒါ့ကြောင့် မမြင်မိတာပဲနေမယ် ။ သမီးနဲ့တစ်ချိန်လုံး စကားပြောလာတဲ့

      လူတစ်ယောက်ကို မရှိဘူးလို့တော့ အတင်းလာမငြင်းနဲ့ ။ မရဘူး ။ သမီး ခုပဲ ဧည့်လမ်းညွှန်ကို သွားမေးကြည့်မယ် ။”

   “ ဟဲ့…အိပ်တာက အလတ်မပါဟယ် ။ ငါ မအိပ်ပါဘူး ။ မိဆောင်းနှယ်…ဘာတွေလျှောက်ပြောနေပြန်လဲမသိ ။”

   “ အာ…မသိဘူး ။ မသိဘူး ။ မကြီးတို့ကို မယုံဘူး ။ ဂိုက်(guide)ကိုပဲ မေးမယ် ။ ခု မေးမယ် ။”

   “ အေး…အေးပါ မိဆောင်းရယ် ။ ခဏနေစမ်းပါဦး ။ ဟိုမှာ…ကင်ပွန်းစခန်းဝင်းထဲကို ကားဝင်နေပြီ ။ ကားရပ်မှပဲ မေးတော့ ။”

အစ်မကြီးက ကျွန်မစကားကို မယုံသော်လည်း ဝူးဝူးဝါးဝါးဒေါသထွက်နေသည့်ကျွန်မကို လေပြည်လေးဖြင့်နှစ်သိမ့်လိုက်၍ ကျွန်မ လည်း စိတ်ကိုထိန်းကာ ခဏထိုင်နေလိုက်သည် ။ ယခုမှ ကျယ်ကျယ်လောင်လောင်သွားပြောနေလည်း ပိုထူးလာတော့မည် မဟုတ် ။ ကားက ကင်ပွန်းစခန်းသို့ပင် ရောက်နေပြီမို့ သူတို့တတွေလည်း သူတို့ဘာသာသူတို့ အဆင်ပြေသလို လာကြလိမ့်မည် ဟူ၍သာ ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်ရသည် ။

            သို့သော် ကျွန်မနံဘေးတွင် လူတစ်ယောက်လုံး ရှိနေခဲ့လျက်သားနှင့် လူမရှိဟု ငြင်းချက်ထုတ်နေကြသော-အစ်မနှစ် ယောက်ကို ကျွန်မ လုံးဝစိတ်မကြည် ။ ဤကိစ္စကို သေချာအောင် ရှင်းရမည် ။ ဧည့်လမ်းညွှန်ကို သက်သေခေါ်ကာ သူတို့နှစ်ဦး အိပ်ပုပ်ကြီးခဲ့သဖြင့် လူတစ်ဖွဲ့လုံးကို မမြင်မိသည့်အကြောင်း ဝန်ခံခိုင်းရမည် ။ ကျွန်မဟာ လူဆိုးမလေးမဟုတ်ပေမယ့် မဟုတ်မခံ စိတ်ရှိသူပီပီ မှန်သည်ထင်လျှင် ဇွတ်လုပ်ရမှကျေနပ်တတ်သူတစ်ယောက်မို့ ထိုကိစ္စလေးကို သည်အတိုင်း ကျော်မသွားနိုင်ခဲ့သော ကြောင့် မကြာမီတွင် ကျွန်မ၏တစ်သက်တာလုံး အမှတ်ရစရာအဖြစ်အပျက်ကြီးတစ်ခုကို ပြတ်ပြတ်သားသားသိရှိလိုက်ရတော့ မည်ဆိုတာကို ထိုစဉ်က ကျွန်မ လုံးဝ ကြိုတင် မတွေးဆမိခဲ့… ။

   “ ဗျာ…လူတစ်ဖွဲ့ ကျန်ခဲ့တယ် ဟုတ်လား ။ အစ်မလေးရယ်…ပြဿနာ မရှာပါနဲ့ဗျာ ။ လမ်းမှာ ဘယ်သူမှ မကျန်ခဲ့ပါဘူး ။

      အဲဒီလို မကျီစယ်ပါနဲ့နော် ။”

   “ ရှင့်ကို မိဆောင်းက ကျီစယ်စရာလား ။ အရေးထဲမှ လာနွဲ့နေသေး ။ ရှင် အပြစ်ဖြစ်မှာကြောက်ပြီး ကူလီကူမာတော့ မလုပ်နဲ့ ။

      မှန်မှန်ပြော ။ လမ်းမှာ အမျိုးသားတစ်ဖွဲ့ ဂစ်တာတီးရင်း ကျန်ခဲ့ကြတယ်ဟုတ် ။”

   “ မဟုတ်ရပါဘူး အစ်မလေးရယ် ။ ဘယ်သူမှ ဂစ်တာမတီးအားပါဘူး ။ ဘယ်သူမှလည်း မကျန်ခဲ့ပါဘူး ။ ကျန်ခဲ့ရင် ကျွန်တော်

      ပြဿနာတက်မှာပေါ့ ။ ဒါ့ကြောင့် သေချာစစ်ဆေးပြီးမှ ကားထွက်လာတာပါ ။ အစ်မလေး အမှတ်မှားတာပဲ ဖြစ်ပါလိမ့်မယ် ။”

   “ သြော်…ဒုက္ခပါပဲ ရှင်ကပါ လူတစ်ဖွဲ့လုံး ပါလာတာကို မပါဘူး ပြောနေတယ် ။ မိဆောင်း ဘာမှအမှတ်မမှားဘူး ။ ဝေးဝေး

      နေရာကဆို မပြောပါဘူး ။ ခုဟာက မိဆောင်းရဲ့ဘေးတင် ။ မိဆောင်းဘေးကလူနဲ့နောက်ဆုံးခုံက လူ(၅)ယောက်…စုစုပေါင်း

      လူ(၆)ယောက် ဂစ်တာတီးမယ်ဆိုပြီး အောက်ဆင်းသွားကြတာ ။ မိဆောင်းလည်း သူတို့သီချင်းသံနားထောင်ရင်း အိပ်ပျော်

      သွားရော ။ အခု နိုးလာတော့ သူတို့ ပါမလာကြဘူး ။ ကဲ…အဲဒါ မိဆောင်း အမှတ်မှားတာ ဖြစ်မလား ။ ရှင် ဗြောင်လိမ်တာပဲ

      ဖြစ်မှာပေါ့ ။”

ကျွန်မက ဧည့်လမ်းညွှန်ကို အတင်းပြဿနာရှာသည် ။ ဧည့်လမ်းညွှန်ခမျာလည်း ဘာပြော၍ပြောရမှန်း မသိ… ခေါင်းကိုသာ တဂျိဂျိနှင့် တွင်တွင်ကုတ်နေ၏ ။

   “ မိဆောင်းရယ်…တော်ပါတော့ ။ နင် မရစ်စမ်းပါနဲ့ ။ နင် ကြိုက်တာမှန်သမျှ ငါ ဝယ်ပေးပါ့မယ် ။ ခုလိုတော့ ပြဿနာမရှာစမ်း

     ပါနဲ့ ။”

   “ အေးလေ မိဆောင်းရာ ။ မကြီးဆို တစ်လမ်းလုံး မအိပ်ပါဘူး ။ ဒါပေမယ့် မိဆောင်းပြောတဲ့လူကို မကြီး လုံးဝမမြင်မိဘူး ။

      မိဆောင်း စိတ်ကူးယဉ်လွန်သွားတာပဲဖြစ်မှာပါ ။”

   “ အို…သမီး ရစ်နေတာ မဟုတ်ဘူး ။ ဘာမှလည်း စိတ်ကူးမယဉ်ဘူး ။ သူ လူလည်ကျတာကို သည်းမခံနိုင်လို့ ပြဿနာရှာ

      နေရတာ ။ ဘယ့်နှယ့်…လူတစ်ဖွဲ့လုံးပါတာကို မပါလာဘူး - တဲ့ ။ ရှင် မေ့ခဲ့လို့ ခုလို ဗြောင်လိမ်နေတာ မဟုတ်လား ။

       ရှင့်ကို မန်နေဂျာနဲ့ တိုင်ရမယ် ။”

   “ ဟာ…မလုပ်ပါနဲ့ အစ်မလေးရယ် ။ ဒါ ကျွန်တော်ရဲ့ထမင်းအိုးအလုပ်ပါ ။ အဲဒီလိုသာအတိုင်ခံရရင် ကျွန်တော် သွားပြီ ။

     အလုပ်ပြုတ်မှာဗျာ့ ။ မလုပ်ပါနဲ့ ။ ဒီ…ဒီမှာ ကြည့်ပါ ။ အစ်မလေးတို့သုံးယောက်က နောက်ဆုံးခရီးသည်ပဲ ။ အစ်မလေးတို့

     နောက်မှာ ဘယ်သူမှ ထပ်မဝယ်ထားဘူး ။ ကြည့်ပါဗျာ ။ ဒါ မူရင်းစာရွက်ပါ ။ ကျွန်တော် မလိမ်ပါဘူး ။”

ကျွန်မ၏ခြိမ်းခြောက်စကားက ပိန်ပိန်သေးသေးနှင့်ဧည့်လမ်းညွှန်လေးကို ချောက်ချားသွားစေပုံရသည် ။ အထပ်ထပ်အခါခါ တောင်းပန်ပြီး လက်ထဲမှစာရွက်ကို ကျွန်မတို့ဆီသို့ ထိုးပေးကာ ပြသည် ။ သူ ပြောတာလည်း မမှား…။ ခုံနံပါတ်စာရွက်၌ ကျွန်မတို့ (၃)ယောက်က နောက်ဆုံးခရီးသည်များ…။

   “ မ…မဖြစ်နိုင်တာ ။ ဘယ်…ဘယ်လိုဖြစ်ရတာလဲ ။”

သည်တစ်ခါ သွေးပျက်ထိတ်လန့်သွားခဲ့ရသူက ကျွန်မ…။ စာရွက်ကို ဆုတ်ကိုင်ထားသည့်လက်နှစ်ဖက်ကလည်း ချောက်ချားမှု ကြောင့် တဆတ်ဆတ်တုန်ရီလို့ ။ ဤကိစ္စကိုတော့ သူ လိမ်၍ရမည်မထင် ။ ကားက နာမည်ရဘုရားဖူးခရီးသွားကားဖြစ်သဖြင့် လမ်း၌ လက်မှတ်မပါသောခရီးသည်ကို (ဂိုက်၏သဘောဖြင့်) ခေါ်တင်၍မရပါချေ ။ ဤသို့ဆိုလျှင် …

- ဘယ်လိုဖြစ်ရတာလဲ…။ မိဆောင်း အိပ်မက်မက်ခဲ့တာလား…။ ဒါမှမဟုတ် စိတ်ထင်ယောင်ထင်မှားဖြစ်ခဲ့တာများလား…။

   မျက်ဝါးထင်ထင်သာမက စကားတို့ပါ ဖောင်ဖွဲ့ခဲ့ရသူတစ်ယောက်ကို အမှန်မရှိဟု လက်ခံလိုက်ရတော့မှာလား ။

ထိုစဉ်…

   “ ဟိတ်ကောင်လေး…ဘာတွေဖြစ်နေကြတာလဲ ။ ခရီးသည်တွေက ဟိုမှာစောင့်နေကြပြီ ။ နေရာချပေးလိုက်ဦးလေ ။”

အသက်(၅၀)ကျော်အရွယ် ဘကြီးတစ်ယောက် ကျွန်မတို့အနားသို့ လျှောက်လာကာ ဧည့်လမ်းညွှန်ကို ထိုသို့ပြောလိုက်သည် ။ ထိုအခါမှ ဧည့်လမ်းညွှန်လည်း “ပင်လယ်ပြင်ဝယ် ကူကယ်ရာမဲ့နေခိုက် မဏိမေခလာနတ်သမီးကို ဘွားခနဲတွေ့မြင်လိုက်ရသော လူယောက်ျားကဲ့သို့” ပြုံးရွှင်သွားခဲ့ပြီး…

   “ ဟာ…ဦ်းတိုးမောင်…ကျေးဇူးတင်လိုက်တာဗျာ ။ လုပ်…လုပ်ပါဦး ။ ဒီမှာ ရှင်းပေးပါဦး ။ ကျွန်တော် ရှင်းမနိုင်တော့လို့ ။”

   “ ဘာတွေဖြစ်နေလို့လဲ ။”

   “ ဒီကအစ်မတို့…ဒီဦးလေးကြီးက ကျွန်တော်တို့ရဲ့ကားဆရာပါ ။ နောက်ပြီး ကျွန်တော်တို့အားလုံးရဲ့သင်ဆရာဆိုလည်း

      မမှားပါဘူး ။ သူက ကားအကြောင်းတင်မကဘူး ။ အခြားခရီးသွားအတွေ့အကြုံတွေလည်း အများကြီးရှိတဲ့သူမို့ သူ့ကိုပဲ

      မေးကြည့်လိုက်ကြပါနော် ။ ကျွန်တော် ဟိုမှာ သွားရှင်းလိုက်ဦးမယ် ။ ခွင့်ပြုပါဦး ။”

ဧည့်လမ်းညွှန်က ကားဆရာကြီးကို ထိုးအပ်ကာ တစ်ဖက်သို့ ပြေးထွက်သွားလေတော့သည် ။

   “ သမီးတို့ ဘာဖြစ်လို့လဲ ။ ဘာအခက်အခဲများ ရှိလို့လဲ ။”

   “ ဘာမှမဟုတ်ပါဘူး ဦးလေးရယ် ။ ဒီမှာ…ကျွန်မတို့ညီမလေး ဂျီကျနေတာပါ ။”

   “ သမီး ဂျီကျနေတာ မဟုတ်ဘူး မလတ် ။ အစ်မတို့မယုံမှန်း သိပေမယ့် …သမီး…သမီး တကယ်တွေ့ခဲ့ရတာ ။ ဘာဖြစ်လို့

     သမီးကို မယုံကြရတာလဲ အီးဟီးဟီး…”

   “ ဟဲ့…မငိုနဲ့လေ ကောင်မစုတ်လေး ။ ဟိုမှာ လူတွေ ရှိနေတယ် ။ နင် မရှက်ဘူးလား ။”

   “ မရှက်ဘူး ။ မကြီးတို့က သမီးကိုမှ မယုံကြဘဲ ။ သမီးဘေးမှာ လူတစ်ယောက် တကယ်ရှိနေခဲ့တာ ။ သမီးနဲ့သူ စကားတွေ

     တောင် ပြောနေကြသေးတယ် ။ သူ့နာမည်က ဘုန်းနေလင်းတဲ့…။ သူက ကျိုက်ထိုမှာ နေတာတဲ့ ။ နောက်ပြီး သူ့မှာ

     သူငယ်ချင်း(၅)ယောက်တောင် ပါသေးတယ် ။ ဒီလောက် သေချာနေတဲ့ကိစ္စကို တကယ်မရှိခဲ့ဘူးလို့ သမီး ဘယ်လိုလုပ်

     ယုံနိုင်မှာလဲ အဟင့်…ဟင့်…”

   “ နေ..နေပါဦး တူမကြီးရဲ့ ။ ဘာ…ဘုန်းနေလင်း ဟုတ်လား ။”

   “ ရှင်…! ဟုတ်…ဟုတ်တယ် ဘကြီး ။ ဘာ…ဘာဖြစ်လို့လဲ ။ ဘကြီး သိလို့လား ။”

   “ သြော်…ဘုန်းနေလင်း…ကိုး ။ အင်း…သိတယ်ဆိုပါတော့ တူမကြီးရယ် ။”

ကားဆရာဘကြီး၏လေးလေးကန်ကန်ဖြေဆိုသံကြောင့် ကျွန်မ အငိုတိတ်ကာ နားစွင့်လိုက်ရင်း စိတ်ဝင်စားသွားခဲ့သည် ။ နောက် ပြီး ကျွန်မစကားကို ယုံကြည်သူတစ်ဦး ရှိနေသဖြင့် အားတက်သွားမိသည် ။

အစ်မနှစ်ယောက်ကတော့ တစ်ချိန်လုံး သူတို့မတွေ့မြင်ခဲ့ရသည့်လူတစ်ယောက်က အမှန်တကယ် ရှိနေခဲ့သည်ဟု သိလိုက်ရ၍ အလွန်အမင်းအံ့အားသင့်သွားကြပုံဖြင့် ပါးစပ်အဟောင်းသား ။ ကားဆရာကြီးက သက်ပြင်းတစ်ချက်ကို လေးလေး ပင်ပင်ချလိုက်ကာ ကွမ်းတံတွေးကို ဗျစ်ခနဲထွေးလိုက်ပြီး စကားဆက်လေ၏ ။

   “ ဟုတ်တယ် ။ တူမကြီး မြင်ခဲ့တယ်ဆိုတာ အိပ်မက်လည်းမဟုတ်ဘူး ။ စိတ်ကူးလည်းမဟုတ်ဘူး ။ အဲဒါ တကယ်ပဲ ။

     ဘုန်းနေလင်းဆိုတာ တကယ်ရှိတဲ့ပုဂ္ဂိုလ် ။ ဒါပေမယ့် လူတော့မဟုတ်ဘူးကွယ့် ။”

   “ ဟယ်…”

   “ ဘာရယ်…လူမဟုတ်ဘူး ဟုတ်လား ။”

   “ ဟင်…လူမဟုတ်ဘူးဆိုတော့…”

   “ ဟုတ်တယ်…။ သူက ပရလောကသားတစ်ဦးပဲ ။ တစ်နည်းပြောရရင် ဥစ္စာစောင့်ပေါ့ ။ သူက အဲဒီလိုပဲ နေရာလွတ်တဲ့

      ကားတွေပေါ်မှာ လိုက်ပါလာတတ်ပြီး သူ နှစ်သက်တဲ့လူနဲ့ ဝင်ရောပြီး စကားပြောတတ်တယ် ။ သူ ပါလာတဲ့ကားတိုင်းက

      အဲဒီလိုပဲ ။ ကျိုက်ထီးရိုး လမ်းကွေ့နားမှာ ဘီးပေါက်တတ်တယ် ။ အန္တရာယ်ဖြစ်လောက်တဲ့အထိတော့ သူ မလုပ်ပါဘူး ။

      သဘာဝကျကျ သူ ဆင်းသွားလို့ရအောင် ဖန်တီးတဲ့သဘောလောက်ပါပဲ ။ ဘကြီးက ဒီလမ်းကြောကို ကားမောင်းလာတာ

      အခေါက်ပေါင်း မရေမတွက်နိုင်လောက်အောင် များတော့ ဒီနယ်တကြောက ထူးထူးဆန်းဆန်းကိစ္စတွေနဲ့လည်း အတော်

      အတန်ရင်းနှီးနေပြီပေါ့ ။ အင်း…ဘကြီး မောင်းတဲ့ကားကို သူ ခုလိုစီးတာ ဒါနဲ့ဆို ဆယ့်ငါးခေါက်လောက်ရှိပြီ ။ သူ ခိုးစီးတိုင်း

      ဘကြီးမှာ ပြဿနာရှင်းရစမြဲပဲ ။ များသောအားဖြင့် သူက ဘုန်းနေလင်း ၊ ဝေမိုးသွင် ၊ ကျော်ဇောလူဆိုတဲ့နာမည်တွေနဲ့

      ကောင်မလေးတွေကို ဝင်ရောတာများတယ် ။ စ,မောင်းတုန်းကတော့ ဘကြီးလည်း ဘယ်သိမလဲ ။ နောက်တော့ ကိုယ့်

      ထက်ဝါကြီးတဲ့ကားဆရာကြီးတွေ ပြောပြမှ ဒီလမ်းမှာ ဥစ္စာစောင့်တွေ ခုလို ကားခိုးစီးတတ်မှန်း သိတော့တာပေါ့ ။ ဘာမှ

      မကြောက်နဲ့ သမီး ။ သူက ချစ်လို့ခင်လို့ နောက်ရုံပြောင်ရုံလောက်ပါ ။ အသက်အန္တရာယ်ရှိအောင်တော့ ဘယ်တော့မှ

      မလုပ်ပါဘူး ။ ကဲ…ကဲ…စိတ်တည်ငြိမ်သွားအောင် ဟိုးတောင်ပေါ်မှာရှိတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးကို

      စိတ်မှန်းပြီး ပူဇော်ကန်တော့လိုက် ။ အေးချမ်းသွားလိမ့်မယ် ။”

   “ ဟုတ်…ဟုတ်ကဲ့ ။”

ဘကြီး၏ဖြေရှင်းပြောပြချက်များအပေါ် တအံ့တသြနားဆင်နေမိသည့်-ကျွန်မလည်း ထိုအခါမှပဲ ပတ်ဝန်းကျင်ကို သတိရကာ ကျိုက်ထီးရိုးတောင်ဆီသို့ မျက်နှာမူလိုက်ပြီး ကျိုက်ထီးရိုးစေတီတော်မြတ်ကို စိတ်၌ ရည်စူး၍ လက်အုပ်မိုးကာ ရှိခိုးဦးခိုက်လိုက် သည် ။

အမှန်ပါပဲ ။ စောစောက တုန်လှုပ်ချောက်ချားနေသောစိတ်များသည် ချက်ချင်းဆိုသလို လွင့်ပြယ်သွားခဲ့ရပြီး စိတ်တည် ငြိမ်အေးချမ်းသွားခဲ့ရ၏ ။ ဘကြီးကတော့ ကျွန်မတို့အနားမှာ ရှိမနေတော့ပါ ။ ခပ်လှမ်းလှမ်းတွင်ထိုင်ကာ ကွမ်းတမြုံ့မြုံ့ဝါးရင်း အဝေးသို့ ငေးကြည့်နေသည် ။ သူ့ ခေါင်းထဲတွင်လည်း ဘုန်းနေလင်းတစ်ဖြစ်လဲ နာမည်သုံးလုံးနှင့်ဥစ္စာစောင့်ကိုကြီးအကြောင်းကို လေးလေးနက်နက်တွေးတောနေလေမလား ။

   “ မယုံနိုင်စရာပဲနော် ။ တခြားလူတွေသာ လာပြောကြည့်…ငါကတော့ မယုံပါဘူးလို့ ပြန်ပြောမိမှာ သေချာတယ် ။ ခုဟာက

     မိဆောင်းကိုယ်တိုင် ကြုံခဲ့ရတာဆိုတော့ ယုံရခက်ခက်ဟယ် ။”

   “ ဟုတ်ပါ့ မကြီးရယ် ။ ဒီလူကြီး ကြည့်ရတာလည်း တည်တည်တံ့တံ့ရယ်ပါ ။ မဟုတ်တာကို အဟုတ်လုပ်ပြောမယ့်ပုံ မရပါဘူး ။

      အံ့ပါရဲ့ ။ ဥစ္စာစောင့်ဆိုတာ တကယ်ရှိတာပေါ့နော် ။”

အစ်မနှစ်ယောက်၏တအံ့တသြရေရွတ်ညည်းတွားသံများကို ကျွန်မ နားမစွင့်လိုတော့ ။

- သြော်…ကျီစားခဲ့တာတဲ့လား ။ မိဆောင်းရဲ့နှလုံးသားမှာ စွဲမြဲတွယ်တာသွားမှာကိုတော့ ကိုကြီး ထည့်မစဉ်းစားခဲ့ဘူးနော် …

သက်မ,တစ်ချက်ကို နက်နက်ရှိုင်းရှိုင်းပင့်သက်ရှိုက်ရင်း စိတ်သက်သာလိုသက်သာငြား ကျွန်မ ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက် မိ၏ ။

အချိန်က ညည့်(၃)နာရီခွဲခန့်သာရှိသေးသည်မို့ အရာရာတိတ်ဆိတ်မှောင်မိုက်နေဆဲ ။ ညသည် လမင်း၏ချော့မြူနှစ်သိမ့် မှုအောက်ဝယ် အေးချမ်းစွာအိပ်စက်နေဆဲဖြစ်သည် ။ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရင်း ကျွန်မ တွေးလိုက်မိသည်က လူတို့ ပြောတတ်/ရေးတတ်/ဖွဲ့နွဲ့တတ်ကြသည့် ည၏သင်္ကေတအချို့ ။

- ညဆိုတာ နက်ရှိုင်းသတဲ့ ။ မှောင်မိုက်အေးစက်သတဲ့ ။ လျှို့ဝှက်သိပ်သည်းသတဲ့ ။ အမည်းရောင်လွင်ပြင်ကျယ်ကြီးတဲ့ ။

  အမှောင် ကမ္ပလာ ကော်ဇောဖျာကြီးတဲ့ ။ အနက်ရောင်ညည့်နတ်သမီးတဲ့ ။

- ညဟာ အမှန်တကယ်ပဲ လျှို့ဝှက်မှောင်မိုက်သလား ။ အမှန်တကယ် အေးစက်နက်နဲသတဲ့လား ။ ဒါဆို ဘာလို့များ ဒီဇင်ဘာ

  ညတစ်ညမှာ အဖြူရောင်သံယောဇဉ်လှလှကို ကျွန်မ တွေ့မြင်ခဲ့ရပါလိမ့် ။

မျက်စိနှင့် ဒိဋ္ဌမြင်တွေ့ရန် မဖြစ်နိုင်ပေမယ့် နှလုံးသားနှင့်တော့ ခံစားသိရှိနိုင်မည့် ဖြူလွလွသံယောဇဉ်ကြိုးတစ်စကို အေးချမ်း လှပသော ဒီဇင်ဘာဆောင်းညတစ်ညမှာ ကျွန်မ သီချင်းတွေနှင့်အတူ ရင်ခုန်စွာ တွေ့ကြုံခဲ့ဖူးပါသည် ။













                                                                                                               
                                                       စေတနာရှေ့ထားလျက်…

                                                                                                                    
                                                             ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။ 

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။