( ၂၀၁၇ နိုဝင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသောဝတ္ထုတိုဖြစ်ပါသည် )
အစ်မ…စုန်းကဝေတွေ တကယ်ရှိတယ်ဆိုတာကို ယုံလား…။
ညီမကတော့ မယုံချင်ဘူး အစ်မရယ် ။ ဒါပေမဲ့
ညီမတို့ရွာမှာတော့ မကြာမကြာ ကြားရတတ်တယ် ။ ဘယ်သူ့ကို ဘယ်သူက ပြုစားလိုက်လို့-ဆိုတာမျိုး
၊ ဘယ်သူဖြင့် ဘယ်သူ့လက်ချက်နဲ့ အသက်ထွက်သွားပြီ-ဆိုတာမျိုး ၊ ရိုးလွန်းအ,လွန်းလို့
လူလိမ်တွေ လိမ်တာကို ခံရတာရှိသလို အမှန်တကယ် ကြုံရတာတွေလည်း ရှိတယ် အစ်မရဲ့ ။
သြော်…အစ်မက ဒီအကြောင်းတွေကို စိတ်ဝင်စားတယ်လား ။ မသိပေါင် အစ်မရယ် ။ အစ်မက
ရန်ကုန်မြို့ကြီးသူဆိုတော့ ဒါမျိုး တွေကို နားထောင်ချင်လိမ့်မယ်လို့ မထင်ထားဘူး ။ ရွာမှာ
ကြားနေကျ ထူးထူးဆန်းဆန်းအကြောင်းအရာတွေမို့သာ ညီမက ပြောပြနေမိတာပါ ။ ကိုယ်တိုင်ဖြင့်
တယ်မယုံချင်ဘူး ။ မဖြစ်နိုင်ဘူးလို့ ထင်တာပဲလေ အစ်မရယ် ။ ဒါတွေက သိပ္ပံပညာနဲ့ စမ်းသပ်ယူလို့မှ
မရတာ ။
“ သိပ္ပံပညာနဲ့ စမ်းသပ်လို့မရတဲ့ကိစ္စတွေ အများကြီးရှိတယ်…”
ဟုတ်လား အစ်မ ။ ဟုတ်လိုက်တာ အစ်မရယ် ။
ဟုတ်တယ်…ဟုတ်တယ်…။ အိမ်ကအစ်ကိုကြီးကလည်း အစ်မ ခုပြောလိုက်သလိုမျိုး ပြောဖူးတယ်
။
-
သိပ္ပံပညာဆိုတာ နောက်မှ ပေါ်လာတာ ၊ ဒီကိစ္စတွေက ရှေးပဝေသဏီကတည်းက ရှိခဲ့တာ ၊ မဆိုင်ခင်မှာတော့
မယုံချင်-နေလို့
ရတယ် ၊ ဆိုင်လာခဲ့တဲ့အခါကျ မယုံခဲ့မိတာကို နောင်တရလိမ့်မယ်
၊ ဘယ်ပညာမဆို သိထားမှတ်ထားတာ အလကားမဖြစ်ဘူး…
တဲ့ ။ ဟုတ်ပါ့…။ ညီမလည်း အရင်က မယုံခဲ့ဘူး
။ အဲ…အမှန်ပြောရရင် ခုထိတောင် မယုံချင်ချင်ဘဲ ။ ဒါပေမဲ့ ကိုယ်တိုင်ကြုံခဲ့တဲ့ ကိစ္စကြီးဆိုတော့
အင်း…ယုံရခက် မယုံရခက်…။ ညီမအဖြစ်ကို အစ်မကို ပြောပြဦးမယ် ။ ရွာမှာနေတုန်းက ကြုံခဲ့ရတာဆိုပါတော့
။
ÁÁÁÁÁÁ
မကွေးမြို့နှင့် အတော်လေးအလှမ်းဝေးသည့် ကန်ကြီးရွာ
။
၎င်းရွာက လှသွယ်၏ ဇာတိချက်ကြွေမွေးရပ်မြေ ။ ကန်ကြီးရွာတွင် နေထိုင်လာခဲ့သည်မှာ မွေးကတည်းကနေ
ယခု ဆယ်တန်းနှစ် ရောက်သည်အထိ ။ တစ်ရွာလုံး လှသွယ်၏ခြေရာ မထင်ဖူးသည့်နေရာ မရှိ ။ ရွာကလည်း
ကျဉ်း ၊ လူကလည်း နည်းသဖြင့် လှသွယ် မသိကျွမ်းမခင်မင်ဖူးသူဆို၍ မရှိသလောက် ။
ကိုးတန်းနှစ် ရောက်တော့ လှသွယ်က ကျောင်းထွက်ရန်
ဆိုခဲ့ပေမဲ့ ပညာလိုလားသူ-အစ်ကိုကြီးက လုပ်အားကို နှစ်ဆတိုး လုပ်ကာ ညီမငယ်ကို စံပြရွာဖြစ်သည့်(ကန်ကြီးရွာ၏မြောက်ဘက်ရှိ)
ဇီးပင်ကုန်းရွာသို့ ပို့ကာ ဘော်ဒါတက်စေသည် ။ ကျောင်းအိပ် ကျောင်းစား(ဘော်ဒါ)ကြေးက ခေတ်ကာလနှင့်အညီ
ဈေးမသေးလှပါ ။
အစ်ကိုကြီးခမျာ နေပူထဲ တစ်နေကုန်လုပ်မှ တစ်ထောင်မျှရသော-ကောက်စိုက်ပျိုးကျဲအလုပ်များကိုသာမက
ရေရှားသော ဒေသဖြစ်သည့်အတိုင်း ကန်ကြီးမှ ခပ်ယူသယ်ပို့ရသော ရေထမ်းအလုပ်ကိုလည်း သိမ်းကျုံးလုပ်၍
ညီမငယ်-လှသွယ်၏ဘော်ဒါ ကြေးကို ရှာဖွေပေးခဲ့သည် ။
အစ်ကိုကြီး ပင်ပန်းမှန်း သိသဖြင့် လှသွယ် စာကို
ကြိုးစားပါသည် ။ ဆရာ/ဆရာမ သင်ပြပေးသည့်အခါ သေချာလိုက်နား ထောင်မှတ်သားသလို တစ်နေ့စာကို
တစ်နေ့ ပြီးအောင် ကျက်သည် ၊ တွက်သည် ၊ ဖတ်သည် ။ ကိုးတန်းကို ချောချောချူချူ အောင်မြင်ခဲ့သည်
။
ဆယ်တန်းကိုလည်း နှစ်ချင်းပေါက် အောင်နိုင်စေရန်
နှစ်စကတည်းက စာကြိုးစားခဲ့သည် ။ နှစ်ဝက်လောက် ရောက်သည့် အခါ စာတွေက လှသွယ်အတွက် သိပ်မခက်ခဲတော့ပေ
။ အခြားသူငယ်ချင်းများကပင် လှသွယ်ကို စာရှင်းပြခိုင်းနေရပြီ ။ လှသွယ်က ဘော်ဒါမှာ အတော်ဆုံးကျောင်းသူ
ဖြစ်လာခဲ့သည် ။
လှသွယ်၏ကျောင်းလခကို အစ်ကိုကြီးတစ်ယောက်တည်း
ရှာဖွေ၍ မလုံလောက်သေး ။ သိန်းဂဏန်းဟူသောငွေကြေးက ဤကဲ့သို့ ရွာကလေးနေ လက်လုပ်လက်စားများအဖို့
အတော်လေး ကျပ်ကျပ်တည်းတည်း ခက်ခက်ခဲခဲရှာဖွေရသော ပမာဏပင် ။ လှသွယ်၏အစ်မကြီးက မြို့သို့သွား၍
အိမ်ဖော် လုပ်ရသည် ။ အိမ်ဖော်အလုပ်မှ ရသောငွေဖြင့် ထောက်ပံ့ပေးနေခြင်းဖြစ်သည် ။ ထိုအကြောင်းများကို
သိသူ-လှသွယ်က စာကို တိုး၍ကြိုးစားသည် ။ ခြေချော်လက်ချော်ဖြစ်မှာကို စိုးသဖြင့် အထပ်ထပ်အခါခါ
ကျက်မှတ်သည် ။ လှသွယ်အဖို့ နှစ်ချင်းပေါက်အောင်မှသာ ဖြစ်မည်ပဲ မဟုတ်လား ။
စာမေးပွဲရက်များ၌ လှသွယ် အတော်လေး စိတ်ဖိစီးခဲ့ရ၏
။ စာတွေက ခက်သလို စာမေးပွဲနတ်ကလည်း ကြီးပါဘိ ။ သို့ဖြစ်၍ သေချာကျက်မှတ်ကာ သေချာဖြေဆိုခဲ့သည်
။ နောက်ပြီး ဗုဒ္ဓဘာသာဝင်ပီပီ ကံ-ဥာဏ်-ဝီရိယကို ယုံကြည်လက်ခံသည့်နည်းတူ ဘုရားကိုလည်း
သေချာရှိခိုးသည် ။
စာမေးပွဲရက်များတွင် ဘာသာတရားကို အခြားရက်များထက်
ပို၍ကိုင်းရှိုင်းသည် ။ သို့ကြောင့်ပင် ဖြစ်မည် ၊ စာမေးပွဲကို ချောချောချူချူ ဖြေဆိုနိုင်ခဲ့သည်
။ စာမေးပွဲရက်ကြီး လွန်မြောက်သွားသည့်အခါ လှသွယ်၏စိတ်တို့ ပေါ့ပါးသွားခဲ့ရပြီ ။ အောင်
စာရင်းတွင် လှသွယ်၏အမည် ပါလာမှာ အသေအချာ ။
ထိုနေ့ကို လှသွယ် နောက်ဆုံးမှတ်မိခဲ့ခြင်းပါ
။ ထိုနေ့က စာမေးပွဲ ဖြေဆိုပြီးသည့်နေ့…။
လှသွယ် အိမ်ပြန်ရောက်လာပြီး နွားတင်းကုပ်ထဲက
ကွပ်ပျစ်ပေါ်မှာထိုင်ရင်း ညနေခင်းဆည်းဆာကို ငေးကြည့်နေသည် ။ အိမ်ပေါ် မှာ ပူလွန်းလှ၍
လှသွယ်က နွားတင်းကုပ်ထဲမှာပဲ အိပ်စက်လေ့ရှိပါသည် ။
ဆည်းဆာအလှကို ရှုစားနေခိုက်မှာပဲ ခြံထဲမှကြက်က အိပ်တန်းတက်သည် ။ ညနေစောင်းဖြစ်၍
ပတ်ဝန်းကျင်က မှောင်ရီဝေ ဝိုးတဝါး ။ နေလုံးက ငုပ်လျှိုးပျောက်ကွယ်စပြုနေပြီ ။ အိမ်၌မွေးထားသောကြက်ဖကြီးက
နွားတင်းကုပ်ထဲသို့ ဝင်လာကာ ထုပ် တန်းပေါ်သို့ ပျံတက်သည် ။ ထုပ်တန်းပေါ်ရောက်သည်နှင့်
ချက်ချင်းဆိုသလို ပြန်ခုန်ဆင်းသည် ။ တဖန် ထုပ်တန်းပေါ်သို့ ပျံတက် ပြန်သည် ။
-
ဒီကောင်ကြီး ဘာဖြစ်နေပါလိမ့်…။
ထိုသို့ တွေးရင်း လှသွယ် ငေးကြည့်နေမိပြီ
။
အချိန်က ညီအစ်ကို မသိတသိအချိန်…။ ကြက်ဖကြီးက
လှသွယ်၏ရှေ့မှနေ ကာဆီးပိတ်ဆို့ကာ ခုန်တက်/ခုန်ဆင်းလုပ်နေ သည် ။ လှသွယ်က ညနေဆည်းဆာကို
ငေးနေမိရာမှ ကြက်ဖကြီး၏အပြုအမူကို လှမ်းကြည့်ရင်း ကြက်သီးမွေးညင်းတို့ ထလာခဲ့ရ သည်
။ ဘာကြောင့်မှန်းမသိ…ကြောက်စိတ်တို့က ရင်ထဲ ခိုလာသည် ။
လှသွယ်၏နံဘေးဝန်းကျင်သို့ အမှောင်ထုကြီး တိုးကပ်လာသလို ခံစားလာရ၏ ။ ခဏအကြာ ကြက်ဖကြီးက
သံရှည်ဆွဲ၍ အောက်အီးအီးအွတ်-ဟု တွန်ကြူးလိုက်လေရာ လှသွယ်၏စိတ်ထဲ ဗြန်းခနဲလန့်သွားပြီးနောက်
ရုတ်ချည်း သတိလစ်ကာ မေ့လဲကျ သွားခဲ့တော့သည် ။
ÁÁÁÁÁÁ
(၁၅)ရက်တိတိ လှသွယ် သတိလစ်နေခဲ့သည် ။ လှသွယ်၏စိတ်က
သတိလစ်နေခဲ့သော်လည်း လှသွယ်၏ရုပ်ခန္ဓာကမူ အသက်ဝင်လှုပ်ရှားကာ ဆန်းဆန်းပြားပြားတို့ကို
ပြုမူနေခဲ့ကြောင်း (သတိဝင်လာသည့်အခါ) အခြားသူများက ပြန်ပြောင်းပြောပြ သဖြင့် တအံ့တသြကြားသိခဲ့ရ၏
။ အထူးဆန်းဆုံးမှာ ထို(၁၅)ရက်လုံးလုံး ပြုမူခဲ့သမျှကိစ္စအားလုံးကို လှသွယ် လုံးဝ မမှတ်မိ
။
-
ရူးသွပ်သွားခဲ့ခြင်းလား…ဒါမှမဟုတ် ရွာကလူတွေ ပြောသလိုမျိုး တစ်စုံတစ်ယောက်၏ကြိုးကိုင်ခြယ်လှယ်မှုကို
လှသွယ် ခံခဲ့ရ
တာလား ။
ဒါကိုတော့ နတ်သိကြားပဲ သိလိမ့်မည် ။
ကြက်ဖကြီး တွန်လိုက်၍ လှသွယ် မေ့လဲသွားပြီးနောက် သတိပြန်ဝင်လာသည့်အခါ လှသွယ်ဟာ
လှသွယ်နှင့် မတူတော့ပါ ။ လူတကာကို ရန်လိုဟန်ဖြင့် စူးစူးရဲရဲကြီးစိုက်ကြည့်နေတတ်သလို
အနီးအပါးသို့သွားကာ …
“ သမီး…လှသွယ်…ညည်း ဘာဖြစ်နေတာလဲ ။”
ဟု မေးမြန်းသူများအား…
“ ငါ လှသွယ်မဟုတ်ဘူး…”
ဟူ၍ အသံနက်ကြီးဖြင့် အော်ငေါက်မောင်းထုတ်တတ်သည်
။
ထိုသို့ဖြစ်ခြင်းကို ရွာမှလူများက ပယောဂဝင်သည်ဟုသတ်မှတ်ကာ
ပယောဂဆရာကို အိမ်သို့ ပင့်သည် ။ ပယောဂဆရာက ဟိုဘက်ရွာမှဦးသံခဲဖြစ်၏ ။ တိုင်းရင်းဆေးလည်း
ကုသလို ပယောဂလည်း ကုသည် ။ ဦးသံခဲ ရောက်လာတော့ လှသွယ်က အော် ရယ်သည် ။ ငါ့တပည့် လာဦးတိုက်သကိုး-ဟု သရော်တော်တော်လှမ်းအော်ပြောသဖြင့်
ဦးသံခဲလည်း…
“ အစ်မရေ…အောက်လမ်းပညာနဲ့ လုပ်ထားတာဗျ ။ ဝမ်းတွင်းပါပဲ ။ အတော်အဆင့်မြင့်တယ်
။ ကျုပ် မနိုင်လောက်ဘူး ။”
ဟုဆိုကာ အိမ်ပြန်သွားသဖြင့် လှသွယ်၏မိသားစုလည်း
ဘာလုပ်၍လုပ်ရမှန်း မသိဖြစ်ခဲ့ကြ၏ ။
လှသွယ် ကံကောင်းသည်ဟုဆိုရမည် ။ ရွှေရင်ကျော်ဂိုဏ်းက
ဆရာ-ဟုဆိုသူတစ်ယောက် နေအိမ်သို့ ကြွလာပြီး လှသွယ်၏ ရောဂါကို လာကုပေးသည် ။ ပဋ္ဌာန်းဆက်ရှိသဖြင့်
အထက်ကလွှတ်လိုက်၍ ရောက်လာသည်ဟုဆို၏ ။ ဘာသာတရား ကိုင်းရှိုင်း သောကလေးမဖြစ်၍ ကယ်ရမည်ဟုလည်း
ပြောသည် ။ မလှသွယ်၏မိသားစုက ပဋ္ဌာန်းဆက်လော-ဘာလော-နားမလည်ပါ ။ ပျောက်အောင် ကုပေးပါက တတ်နိုင်သလောက်
ကျေးဇူးဆပ်ပါ့မည်ဆိုကာ သမီးကို ထိုးအပ်ကြသည် ။
ထိုဆရာက အသက်(၄၀)ခန့်ရှိလိမ့်မည် ။ အသားညိုညို ထောင်ထောင်မောင်းမောင်း ရုပ်ရည်
သန့်သန့်ပြန့်ပြန့်ဖြစ်၏ ။ မကွေး မှ လာသည်ဟု ဆို၏ ။ ပုခုံးပေါ်၌ လွယ်အိတ်တစ်လုံး ပါလာသည်
။
“ ဆရာက အသပြာဆရာ မဟုတ်ဘူး ။ ငွေကြေး လုံးဝလက်မခံဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ခေတ်မှာ
အလိမ်တွေ
သိပ်ပေါနေတော့ အစစ်တွေ သိပ်ဂုဏ်ငယ်ရတယ် ။ အတုတွေ ပေါလွန်းတော့ အစစ်ကိုလည်း လူတွေ
မယုံတော့ဘူး ။
ဒီတော့…အစစ်တွေက အစစ်မှန်း သိသာအောင် သိသိသာသာ အနစ်နာခံပြမှဖြစ်မယ် ။ ဆရာဆို
ဘယ်တော့မှ ငွေကြေး
မယူဘူး ။ စေတနာကြေးတောင် မယူဘူး ။ အတုတွေက အစစ်လောက်နီးနီး သိက္ခာရှိသယောင် ဟန်ဆောင်နိုင်တော့
အစစ်တွေက အတုထက် ပညာကြွယ်အောင် ကြိုးစားရတယ်လေ ။ ဒီတော့ ဆရာ့ကို ငွေကြေးစကား
မပြောနဲ့ ။ ဆရာ့
ကို ပေးချင်ရင် ဘုရား-တရား-သံဃာကို ပိုပြီး လှူဒါန်းပါ ။ ပိုပြီး ဆည်းကပ်ပါ
။ ဒါဆို…ဆရာ့ကို ပေးတာနဲ့ အတူတူပဲ ။”
ဆရာ၏စကားက ကြည်ညိုစရာပင် ။ လှသွယ်၏မိသားစုလည်း
ဆရာ့ကို တောင်းပန်ကာ နေရာထိုင်ခင်းပေး၍ လိုအပ်တာရှိလျှင် ကူညီနိုင်စေရန် အသင့်စောင့်နေလိုက်သည်
။
ဆရာက ဘုရားစင်ရှေ့တွင် နာရီအတော်ကြာ ပုတီးစိပ်ပါသည်
။ လူနာကို ကုသရန် သမ္မာဓိကို ထူထောင်နေခြင်းပေလော… နံဘေးမှလူများလည်း နားမလည်သဖြင့်
ယောင်တိယောင်တောင် ငေးကြည့်နေကြ၏ ။ ဆရာက ထိုသူများကို သီလယူကြရန် ဆို သည် ။ အားလုံးလည်း
ဆရာ့စကားအတိုင်း သီလယူကြသည် ။
ထူးဆန်းစွာပင် ထိုဆရာ ကြွလာကတည်းက လှသွယ်တစ်ယောက်
ငြိမ်ချက်ကောင်းနေသည် ။ ယခင်ကဆို ပယောဂဆရာ အိမ်ပေါ် ကြွလာသည်နှင့် ဆီး၍အော်တတ်သော လှသွယ်ဟာ
ယခုများကျ စောင်ထဲတွင် ပုန်းလို့ခိုလို့ ။
“ ဒီကလေးမကို စုန်းပညာသည်က ပြုစားထားတာ ။ အင်း…ဝမ်းတွင်းစုန်းပဲ ။ ဒါ့ကြောင့်
ဒီလောက်စွမ်းနေတာကိုး ။ အဲဒီစုန်း
ပညာသည်ကလည်း ဒီကလေးမနဲ့ ရွယ်တူလောက်ပဲရှိဦးမယ် ။ (…)ရွာသူ ၊ နာမည်က (…) ။ အင်း…သူ
ပြုစားဖို့ကြိုးစားနေ
တာ ဒီကလေးမ စာမေးပွဲဖြေတဲ့ရက်ကတည်းကပဲ ။ သင်္ချာဖြေပြီးတဲ့ညနေကတည်းက ကြိုးပမ်းနေခဲ့တာ
။ အင်း…အင်း…
ဘုရား-တရား-သံဃာရဲ့ကျေးဇူးတော်ပဲကွယ့် ။ ဒီကလေးမက စာမေးပွဲရက်အတွင်းမှာ ဘာသာရေးကို
သိပ်ကိုင်းရှိုင်းခဲ့တဲ့
အတွက် သူ့ကို ပြုစားလို့မရခဲ့ဘူး ။
- ဒါပေမဲ့…စာမေးပွဲရက်လွန်တော့ သူ
ဘာသာရေးလုပ်တာ အားနည်းသွားတယ် ။ ဒီမှာပဲ အခွင့်အရေး ပေါ်ပြီး ပြုစားလို့
ရသွားတာ ။ အင်း…ဟုတ်ပြီ ။ အကြောင်းအရာကို သိပြီ ။ ပြုလုပ်သူကိုလည်း သိပြီဆိုတော့
သူ့ကို ဆရာ ခေါ်လိုက်မယ် ။
ပြီးရင် သစ္စာရေတိုက်မယ် ။ တစ်ခုရှိတာက အဲဒီကလေးမကိုလည်း ဒီကလူတွေက အပြစ်မယူရဘူး
။ ရိုက်လားပုတ်လား
နှောင့်ယှက်လား မလုပ်ရဘူး ။ သူ့အမှားကို သူ့ဘာသာသူ နောင်တရပါလေ့စေ ။ အဲဒါကိုတော့
ဆရာ့ကို ကတိပေးရမယ် ။”
“ ကတိပေးပါတယ် ဆရာရယ် ။ သမီးလေး ရောဂါပျောက်ရင် ကျေနပ်ပါပြီ ။”
“ ကျွန်တော်တို့လည်း ကတိပေးပါတယ် ။ ညီမလေး ပြန်ကောင်းလာရင် ရပါပြီ ။”
လှသွယ်၏မိသားစုက ကတိပေးသဖြင့် ဆရာလည်း
ရောဂါ ကုပေးလေသည် ။
ငယ်ငယ်ရွယ်ရွယ်မို့ မထားသင့်သည့်ကိစ္စကို အာဃာတထား၍ နှောင့်ယှက်ပြုစားမိခဲ့ခြင်းအပေါ်
နောင်တရသွားကာ ဝမ်းတွင်း စုန်းပညာသည်-ကလေးမလည်း ဆရာ တိုက်သည့်သစ္စာရေကို သောက်ပြီး ပညာတွေ
အားလုံးကို လှူလိုက်သည် ။ ထိုခဏမှာပဲ လှသွယ်လည်း သတိလစ်လဲကျသွားခဲ့သည် ။ သတိဝင်လာတော့
အကောင်းပကတိ ။ စောစောက ပြုစားခံရသောကာလအတွင်း ပြုလုပ်ခဲ့သမျှကိစ္စအားလုံးကို မမှတ်မိ
။
ÁÁÁÁÁÁ
“ ညီမ…တော်တော်လေး အံ့သြမိတယ် အစ်မရယ် ။ အဲဒီကောင်မလေးက ညီမနဲ့ ဘော်ဒါမှာတုန်းက
လည်ပင်းဖက်ပေါင်း
လာတဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ရယ် ။ သူ့ကို သင်္ချာတွေ ရှင်းမပြခဲ့လို့ မုန်းပြီး
ပြုစားတာတဲ့ ။ ညီမ လူတွေအပေါ်
ဘယ်လောက်တောင် လန့်သွားခဲ့သလဲဆိုတာ အစ်မ စဉ်းစားလို့တောင် ရမှာ မဟုတ်ဘူး ။ တကယ်ပါ
။ ညီမလေ…သူ
ဘာပဲလိုလို ကူညီခဲ့တာချည်းပဲ ။ စာမေးပွဲရက်တုန်းက ညီမ မရသေးတဲ့စာတွေကို ကျက်နေရလို့
သူ့ကို သင်္ချာ ရှင်းမပြ
ဖြစ်ခဲ့ဘူး ။ ဒါလေးတစ်ချက်နဲ့ သူ ညီမအပေါ် အာဃာတထားပြီး ပြုစားခဲ့တာ ။”
လှသွယ်က သက်ပြင်းရှည်ကြီးရှိုက်ရင်း ဆိုသည်
။ သူ့အကြောင်းကို ပြန်ပြောင်းပြောရင်း စိတ်မောနေပုံရသည် ။ သူငယ်ချင်း ဖြစ်သူ၏ ပြုစားဒုက္ခပေးမှုကို
ခံခဲ့ရသဖြင့် ချောက်ချားခဲ့ဟန်တူပါသည် ။
“ ဒီလိုပဲပေါ့ ညီမရယ် ။ အဲဒါကြောင့်လည်း ဘုန်းဘုန်းကြီးတစ်ပါးက သူ အကြိုက်(၁၀)ခါလိုက်လည်း
မလိုက်(၁)ခါ ရှိခဲ့ပါမူ
ကြီးစွာရန်သူ မှတ်ထင်ယူ၏-လို့ ဟောကြားခဲ့တာပေါ့ ။
လူတွေက ကိုယ့်အပေါ် ဘယ်လောက်ကောင်းကောင်း ၊ တစ်ခါ
လောက် မကောင်းတာနဲ့ ရန်သူလို့ မှတ်သွားတတ်ကြတယ် ။ အဲဒီကလေးမက သူ့မှာ ပညာလည်း
ပါလာတော့ ပိုဆိုး
သွားတာပေါ့ ။ တတ်တဲ့ပညာနဲ့ ညီမကို ဒုက္ခပေးလိုက်တဲ့သဘောပေါ့ကွာ ။”
“ ဟုတ်တယ် အစ်မ ။ အင်း …ဒါပေမဲ့လေ … ဆွေမျိုးတွေက ပြန်ပြောပြလို့သာပါ အစ်မရယ်
။ ညီမမှာတော့ ခုချိန်ထိ ယုံရ
ခက်ခက်ရယ် ။ ကိုယ်တိုင် ကြုံခဲ့ရတယ်ဆိုပေမဲ့ အဲဒီအချိန်မှာ ညီမက သတိလစ်နေခဲ့တာဆိုတော့
ဘာမှမမှတ်မိပါဘူး ။”
ညီမငယ်-လှသွယ်က ရယ်ကျဲကျဲနှင့် ဆိုသည်
။ သူက ထိုအကြောင်းကို သတိလက်လွတ်ပြောပြလိုက်မိ၍ ရှက်နေဟန်တူသည် ။
ရန်ကုန်သို့ တက္ကသိုလ်လာတက်ရင်း အင်္ဂလိပ်စာသင်တန်းတက်နေသော-လှသွယ်နှင့်
စာရေးသူ-ကျွန်မ သင်တန်းမှာ ဆုံဖြစ် ကြသည် ။ ရိုးသားပွင့်လင်းသော-သူမနှင့် ကျွန်မ ခဏအတွင်း
ရင်းနှီးသွားကြပြီး ရောက်တတ်ရာရာပြောကြရင်း ထိုအကြောင်း စကားစမိကြခြင်းဖြစ်သည် ။
ကျွန်မကိုယ်ကျွန်မလည်း အံ့သြပါသည် ။ ကျွန်မနှင့်
ဆုံသူတိုင်းက ထိုကဲ့သို့ ထူးဆန်းထွေလာဖြစ်ရပ်များကို မဖွင့်ဟမိသူ မရှိ သလောက် ။ ကျွန်မက
ဖွင့်ဟမေးမြန်း၍လည်း မဟုတ် ။ ကျွန်မ၏ရှေ့မှာ သူတို့ဘာသာသူတို့ ထိုကိစ္စများကို အိတ်သွန်
ဖာမှောက် ရင်ဖွင့်ကြသည်ချည်း ။ လိမ်လည်ပြောဆိုခြင်း မဟုတ်ကြောင်း ထိုသူတို့၏မျက်ဝန်းများက
သက်သေခံနေ၍သာ ကျွန်မမှာလည်း တအံ့တသြနားဆင်ရသည် ။
ကျွန်မ၏ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များအပေါ်
စိတ်ဝင်စားမှုကပဲ သံလိုက်ကဲ့သို့ ဆွဲငင်နေသဖြင့် ထိုသူတို့က ကျွန်မရှေ့သို့ ရောက်သည်နှင့်
မဖွင့်ပြောရ မနေနိုင်အောင် ဖြစ်နေကြလေရောလား…မပြောတတ်တော့ ။
မည်သို့ပင်ဖြစ်စေ…ညီမငယ်-လှသွယ်၏ဖြစ်ရပ်မှန်ဇာတ်လမ်းကို နားဆင်ရင်း သံဝေဂရမိသည်
။ တစ်ဦးနှင့်တစ်ဦး အာဃာတ အညှိုးအတေးထားခြင်း ကင်းဝေးပါစေဟု တောင်းဆုခြွေရင်း…
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONK pageတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ^_^