Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

လမ်းလျှောက်ထွက်စို့…သူငယ်ချင်း



 

လမ်းလျှောက်ထွက်စို့…သူငယ်ချင်း




( ၂၀၁၃ခုနှစ် ဧပြီလထုတ် သိဒ္ဓိမိုးမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည် )


ရေးသူ - ဂါဦးနွန်းကို


---------------------------------------------------------------------------------------




ကိုယ်တွေ့လားလို့ မေးရင်တော့ ဟုတ်တယ်ခင်ဗျာ့ ကျွန်တော့်ကိုယ်တွေ့ပါ ။ မြင့်ဝေဆိုတဲ့သူက အခြား မဟုတ်ဘူး ။ တကယ်တော့ ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်…။ အသက်ကလည်း ကျွန်တော့်ထက် သုံး/လေးနှစ်ငယ်လေတော့ ညီလိုတစ်မျိုးသူငယ်ချင်းလိုတစ်မျိုး သံယောဇဉ်တွယ်ရတဲ့ကောင်လေး ။ သြော်…ဒီကောင်လေး…
ဒီကောင်လေးက ကျန်းမာရေး သိပ်လိုက်စားတာ ။ ငယ်ငယ်ကဆို ရပ်ကွက်မှာ ကျင်းပတဲ့ အားကစားပွဲမှန်သမျှ ၊ ရုံးက စုပေါင်းပြုလုပ်တဲ့အားကစားပွဲမှန်သမျှ သူ မပါတာ မရှိသလောက်ရယ် ။ ခုလို အသက်တွေ လေး/ငါးဆယ်ဖြစ်လာတော့လည်း အားကစားလုပ်ရတာ ၀ါသနာပါတုန်း ။ မနက်တိုင်း လမ်းလျှောက်ထွက်တတ်တယ် ။ အများသူငါတွေ အိပ်ကောင်းခြင်းအိပ်နေချိန် မနက်လေး/ငါးနာရီရောက်ပြီဆို ဒီကောင်လေးက ကျွန်တော့်ခြံနောက်ကနေပြီး သူ့အသံသြသြကြီးနဲ့…
      “ အစ်ကိုကြီးရေ အိပ်မနေနဲ့ ။ လမ်းလျှောက်ထွက်ကြစို့…”
လို့ အော်အော်ခေါ်တတ်တယ် ။ တကယ် ချစ်စရာကောင်းပြီး ကလေးဆန်တဲ့ကောင်ကြီး…။ ကျွန်တော်က မနက်စောစော ထရမှာ စိုးလို့ ပြန်မထူးဘဲ တိတ်တိတ်နေမိရင်…
   “ အစ်မရေ…အစ်ကိုကြီးကတော့ လမ်းလျှောက်ထွက်ရမှာ ကြောက်လို့ ကျွန်တော်အလာကို လိုက်ကာကြားက ချောင်းကြည့်ပြီး
      ပုန်းနေပြီ မဟုတ်လား ။ အစ်ကိုကြီး အဲဒီလို လမ်းလျှောက်မထွက်လို့ အကိုကြီးဗိုက်ပူနေတာပေါ့ ။ ကဲ…သွားပြီဗျို့…”
ဒီလို ပြောပြီး ထွက်သွားလေရော ။
သူ ဒီကို(မုံရွာကို)ရောက်တာ တစ်လလောက် ရှိနေပြီဆိုပေမယ့် ကျွန်တော် တစ်ခါမှ သူနဲ့အတူ လမ်းလျှောက်မထွက် ဖြစ်ဘူး ။ သူ လာခေါ်တိုင်း ကျွန်တော် ပေတေပြီးပြန်မထူးဘဲ အိပ်နေတာချည်း ။ စိတ်ပါတဲ့တစ်နေ့ကျရင် သူနဲ့အတူ လမ်းလျှောက် ထွက်ပြီး အလ္လာဘသလ္လာဘစကားတွေ ပြောရင်း လက်ဖက်ရည်ဆိုင် ထိုင်ဦးမှပဲလို့ တွေးထားခဲ့မိပေမယ့် အခုများတော့ …

ººººººººººººººººººººººººººººººººººººººººº

    “ ဘာ…မြင့်ဝေ မြွေကိုက်ခံရလို့ ဟုတ်လား…”
ကြားလိုက်ရတဲ့သတင်းက နားဝကို သံချွန်နှင့် ထိုးဆွလိုက်သလို…။ ကိုခင်မောင် အံ့သြခြင်း ၊ တုန်လှုပ်ခြင်း ၊ ၀မ်းနည်းပူပန်ခြင်း ခံစားချက်များကို တပြိုင်နက်ဆိုသလို ခံစားလိုက်ရ၏ ။
     “ ဘယ်လိုဖြစ်တာတုံးကွာ ။ အခု ဆေးရုံမှာလား ။ အခြေအနေက ဘယ်လိုနေလဲ ။”
လာပြောပြသောတပည့်ဖြစ်သူကို သိချင်ဇောနှင့် အလောတကြီးမေးလိုက်မိသည် ။
    “ ဟုတ်ကဲ့ ဆေးရုံတင်ထားပါတယ်ဆရာ ။ အခြေအနေကတော့ စိုးရိမ်ရတယ်-တဲ့ ။ ကိုက်တဲ့မြွေက မြွေပွေးဆိုတော့ အဆိပ်
       ပြင်းတယ်တဲ့ ။”
    “ ကျွတ်…ဒုက္ခပါပဲ ။ ဒီကောင်ကလည်း မြွေပွေးတစ်ကောင်လုံးတောင် မမြင်ဘူးလား ။ ဘယ်လိုလုပ်အကိုက်ခံရတာလဲ ။”
    “ ခုထိတော့ မသိသေးဘူးဆရာ ။ သူတစ်ယောက်တည်း ရှိနေတဲ့အချိန်ဖြစ်သွားတာတဲ့ ဆရာရဲ့ ။ ကိုမြင့်ဝေတို့ဟိုဘက်ရုံးမှာ
       ရုံးစောင့်ကောင်လေးတစ်ယောက် ရှိနေလို့သာ တော်တော့တယ် ။ အဲဒီကောင်လေးက ကိုမြင့်ဝေကို ဆေးရုံ လိုက်ပို့ပေး
       တာ-တဲ့ ။”
ကြားရတဲ့သတင်းတွေကြောင့် ကိုခင်မောင် ပိုလို့ပင် စိတ်မကောင်းဖြစ်သွားရသည် ။ ဟုတ်လည်း ဟုတ်သည် ။ ကိုခင်မောင်တို့လို နယ်ရုံးလေးများတွင် အလုပ်သမားဦးရေနည်းပါးလွန်း၍ အရေးဟယ်အကြောင်းဟယ်ဆိုလျှင် အကူအညီတောင်းရန် လက်တို လက်တောင်းခိုင်းရန်ပင် မရှိ…။ ကိုခင်မောင်တို့လို တိုင်းဦးစီးမှူးတွေကိုလည်း မြို့ကြီးပေါ်က အရာရှိများကဲ့သို့ ဟိတ်ကြီးဟန်ကြီး ကားအကောင်းစားကြီးများနှင့်ဟူ၍ အထင်မကြီးလိုက်နှင့်…။ တစ်ခါမျှ ကျော့ကျော့မော့မော့နေရသည် မရှိ…။ လုပ်စရာရှိသမျှကို ကိုယ်ကသာ ဒိုင်ခံသိမ်းကျုံးလုပ်ကိုင်နေရတာ များ၏ ။
ယခုလည်း ကိုမြင့်ဝေတို့ရုံးတွင် ကိုမြင့်ဝေက ဦးစီးမှူးတစ်ယောက်ဖြစ်သော်လည်း ညနေစောင်းသည်အထိ ရုံးအလုပ် တွေ သွားလာလုပ်ကိုင်နေချိန်တွင် မြွေပွေးနှင့် တွေ့ဆုံသွားရခြင်းဖြစ်မည်…။ အညာဒေသ၌ မြွေပွေးမြွေဟောက်ဆိုတာတွေက ရန်ကုန်မြို့က ခိုများဆက်ရက်များကဲ့သို့ ပေါများလွန်းသည်ပဲ မဟုတ်လား ။
   “ အေးကွာ…နက်ဖြန်ခါတော့ သွားကြည့်ဦးမှပဲ ။ မြင့်ဝေကြီး သက်သာပါစေကွာ ။”
ထိုသို့ ဆုတောင်းနေရုံမှလွဲ၍ ကိုခင်မောင် ဘာများ တတ်နိုင်ပါမည်နည်း ။
နံနက်မိုးသောက်တော့ မြင့်ဝေဆီ သွားမည်ဟု တေးထားခဲ့ပေမယ့် တကယ်တမ်းကျ အစည်းအဝေးရှိနေ၍ မသွားဖြစ် လိုက် ။ ကျန်ခဲ့သောတပည့်လေးကိုသာ သွားရောက်သတင်းမေးရန် အသေအချာမှာထားခဲ့ရသည် ။ တစ်နေ့လုံး ရုံးချုပ်၌ အစည်း အဝေးတက်ရ ၊ လုပ်ငန်းကိစ္စများ ဆွေးနွေးရနှင့် မြင့်ဝေထံသို့ သွားရန် မည်သို့မျှ အချိန်မရ…။ ညရှစ်နာရီထိုးမှ အိမ်သို့ ပြန်ရောက် လာတော့သည် ။ အိမ်ရောက်သည်နှင့် သတင်းသွားမေးရန် မှာထားခဲ့သော တပည့်လေးကို အလျင်အမြန်ခေါ်ကာ…
   “ မြင့်ဝေရဲ့အခြေအနေ ဘယ်လိုလဲကွ ။”
စိုးရိမ်တကြီးနှင့် မေးလိုက်မိ၏ ။
   “ ကောင်းသွားပြီ ထင်တယ် ဆရာ ။ ထူထူထောင်ထောင်ရယ်ပဲ ။ ကျွန်တော်နဲ့တောင် စကားတွေ ပြောခဲ့သေးတယ် ။ ကိုမြင့်ဝေ
      က တော်တော် ပျော်တတ်တယ်နော် ။ သူ မြွေကိုက်ခံရတဲ့အကြောင်းကိုတောင် ရယ်ရယ်မောမောနဲ့ ပြောလိုက်သေးတယ် ။”
ကြားလိုက်ရသည့်သတင်းကြောင့် ကိုခင်မောင် အနည်းငယ် စိတ်သက်သာရာရသွား၏ ။ တပည့်လေးပြောပုံအရ ညီငယ်မြင့်ဝေ၏ အခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ရပုံ မပေါ်တော့သဖြင့် ရင်တွင်းမှ စိုးရိမ်ပူပန်မှုများ လျော့နည်းသွားတော့၏ ။
    “ ဟုတ်လား ။ သူ ဘယ်လိုလုပ် အကိုက်ခံရတာလဲ ။”
    “ မနေ့ညနေက သူ ရုံးက ညနေခြောက်နာရီခွဲလောက်မှာ ပြန်လာတော့ အိမ်ထဲ ချက်ချင်း မ၀င်ဘဲ ရေစည်ဘက်မှာ ရေစက်
      ကောင်းမကောင်း သွားကြည့်တာ…တဲ့ ။ တပည့်တွေ လုပ်တာ စိတ်တိုင်းမကျလို့ ကိုယ်တိုင် သွားကြည့်ပြီးအပြန် ရေငတ်
      နေတဲ့ မြွေပွေးရဲ့အမြီးကို တက်နင်းမိတာ…တဲ့ ။ နင်းမိမိချင်း ဟိုက်…ပျော့စိစိကြီးပါလား-ဆိုပြီး ထခုန်လိုက်သေးတယ် ။
      ဒါပေမယ့် ယင်ကောင်တောင် မလွတ်တာ ။ ငါ့ခြေမျက်စိနားတ၀ိုက်ကို ပူခနဲ ဖြစ်သွားတာပဲ-တဲ့ ။ ကိုမြင့်ဝေက သူ မြွေကိုက်
      ခံရတာကို ရယ်ရယ်မောမောနဲ့ ပြောပြသွားတော့ ကျွန်တော်တောင် ရယ်ချင်သလိုလို ဖြစ်သွားသေးတယ် ။ ကိုမြင့်ဝေကြီးက
      တော်တော် ပျော်တတ်တယ်နော် ။”
     “ အေးကွာ…ဒီကောင်ကြီးက ဒီလိုပဲ ။ သူ့ခမျာ ဒီနယ်ကို ပြောင်းလာတာ တစ်လကျော်ပဲ ရှိသေးတယ် ။ အသိမိတ်ဆွေလည်း
        သိပ်မရှိသေးတော့ မင်းတို့ကပဲ ဂရုစိုက်ပေးလိုက်ကြပါဦး ။”
     “ စိတ်ချပါ ဆရာ ။ ကျွန်တော်လည်း ကိုမြင့်ဝေကြီးကို ခင်လို့ နက်ဖြန် ရုံးမတက်ခင် တစ်ခေါက်သွားကြည့်လိုက်ဦးမယ် ။
        သြော်…ရန်ကုန်က ဇနီးနဲ့သားသမီးတွေလည်း စိတ်ပူလို့ လိုက်လာပြီ-တဲ့ ။ ကိုမြင့်ဝေကြီးခမျာ အလကား ကားခအကုန်
        ခံလို့…ဆိုပြီး ညည်းနေသေးတယ် ။ အသက်အန္တရာယ် မရှိတော့ပေမယ့် ဒီလိုပဲ ဆရာဝန်တွေက မိသားစုကို အကြောင်း
        ကြားလိုက်တယ် ထင်ပါရဲ့ ဆရာရယ် ။”
     “ အေးကွာ…ငါလည်း သဘက်ခါ ရုံးပိတ်ရက်ကျမှပဲ သွားကြည့်နိုင်မှာဆိုတော့ မင်းကပဲ သေချာဂရုစိုက်ပေးလိုက်ပါကွာ ။”
     “ ဟုတ်ကဲ့ပါ ဆရာ ။”
တပည့်လေး ထွက်သွားတော့ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း ကိုခင်မောင် အတွေးနယ်ချဲ့မိ၏ ။
သြော်…ဤဌာနတွင် ကိုခင်မောင် လုပ်ကိုင်လာသည်မှာ ယခုဆို နှစ်(၃၀)ပင် ပြည့်လုတော့မည် ။ မောင်မြင့်ဝေနှင့် ရင်းနှီး ခင်မင်ခဲ့သည်မှာလည်း ဌာနတွင် လုပ်ကိုင်ခဲ့သည့်သက်တမ်းနှင့် သိပ်မကွာလှ ။ အနည်းဆုံး နှစ်(၂၀)တော့ ကျော်လိမ့်မည် ။ ဤမျှ လောက် ညီအကိုရင်းသဖွယ် ခင်မင်ရင်းနှီးသော ညီငယ်လေး အသက်အန္တရာယ် စိုးရိမ်နေရသည့်အခြေအနေတွင် ကိုခင်မောင် သွားရောက်ကြည့်ရှုစောင့်ရှောက်ခြင်း မပြုရသည့်အတွက် ကိုခင်မောင်၏စိတ်ထဲ မကောင်းလှ…။ သို့ကြောင့် ရုံးပိတ်သည့်နေ့တွင် တော့ လက်ဆောင်ပစ္စည်းများဖြင့် သွားကြည့်ဖြစ်အောင်ကြည့်မည်ဟု ကိုခင်မောင် တွေးထားလိုက်မိသည် ။
နေ့သစ်တစ်နေ့သို့ ရောက်ရှိလာသလို ကိုခင်မောင်ကိုယ်တိုင်လည်း နေ့စဉ်ဝတ္တရားများနှင့် ဂျင်ဂျင်လည်နေရသည် ။ မြို့နယ်မှ လက်ကျန်စာရင်းများ ၊ ရုံးချုပ်သို့ တင်ပြရမည့်စာရင်းများ အမှားအယွင်းမရှိစေရန် စစ်ဆေးနေခိုက်…
   “ ဆရာရေ…ဆရာ…”
မောင့်မြင့်ဝေကို သွားရောက်ကြည့်ရှုသော တပည့်ငယ်-အောင်ဦး၏အသံကြောင့် ကိုခင်မောင်၏ရင်ထဲ ဘာရယ်မသိသော ခံစားမှု တစ်ခုကို ခံစားလိုက်ရသည် ။ ရုတ်တရက် ရင်ဘတ်ထဲက အောင့်ခနဲ ဖြစ်သွားသော ခံစားမှုမျိုး…ဘာကြောင့် ထိုသို့ ခံစားလိုက်ရ မှန်း ကိုခင်မောင် နားမလည်နိုင် ။ ထိုစဉ် ကိုခင်မောင်ကို တကြော်ကြော်အော်ခေါ်ရင်း အောင်ဦး ပြေးဝင်လာ၏ ။
   “ ဟိတ်ကောင် ဘာဖြစ်လာတာလဲကွာ ။ အော်ကြီးဟစ်ကျယ်နဲ့…”
ကိုခင်မောင် မာန်မဲလိုက်တော့မှ အောင်ဦး သူ့ကိုယ်သူ သတိပြုမိသွားပုံရ၍ ကိုယ်ရှိန်သတ်လိုက်သည် ။ နို့ပေမယ့် သူ့မျက်နှာတွင် တော့ ၀မ်းနည်းကြေကွဲမှုအရိပ်ယောင်တွေက အထင်းသားပေါ်လျက်…။
   “ ဟို…ဟိုလေ ဆရာ…”
   “ အေး ပြော ဘာကိစ္စလဲ ။ ဘာဖြစ်လာလို့လဲ ။”
   “ ဟို…ကျွန်တော် ပြောမထွက်ဘူး ဆရာရယ် ။”
တွန့်ဆုတ်တွန့်ဆုတ်ပြောနေသော အောင်ဦး၏အမူအရာကြောင့် ကိုခင်မောင် စိတ်မရှည်နိုင်တော့ဘဲ…
   “ ဟိတ်ကောင် ဘာကိစ္စမို့လို့လဲ ။ ပြောစရာရှိရင် မြန်မြန်ပြောကွာ ။”
   “ ကိုမြင့်ဝေကြီး ဆုံးသွားပြီ ဆရာ ။”
   “ ဘာ…ဘာရယ်…မြင့်ဝေ ဆုံးပြီ ဟုတ်လား ။ ဘယ်လိုဖြစ်ရတာလဲ ။ မနေ့ကပဲ ကောင်းသွားပြီဆို…”
ကြားလိုက်ရတဲ့သတင်းကြောင့် ကိုခင်မောင်၏မျက်ဝန်းအစုံ ပြူးကျယ်သွားရသည် ။ မည်သို့မျှ မယုံနိုင် ။ စိတ်သဘောထား ကောင်းမွန်ဖြူစင်ပြီး လူတိုင်းအပေါ် ဖေးမကူညီတတ်တဲ့ မောင်မြင့်ဝေတစ်ယောက် ဆုံးပါးသွားပြီဆိုတဲ့သတင်းက ကိုခင်မောင်၏ အသိဥာဏ်ကိုေ၀၀ါးသွားစေသည် ။ သတိလက်လွတ်နှင့် အောင်ဦးကို ကိုခင်မောင် နောက်တစ်ကြိမ် ထပ်မေးလိုက်မိသည် ။
    “ ဘယ်လိုဖြစ်ပြီး ဆုံးသွားရတာလဲကွာ ။ မနေ့ကပြောတော့ ကောင်းသွားပြီဆို…ဘယ်လိုဖြစ်ရတာလဲ ။”
    “ ဟုတ်တယ် ဆရာ ။ မနေ့က ကျွန်တော် ကြည့်တော့ ကိုမြင့်ဝေကို ကြည့်ရတာ အကောင်းအတိုင်းပါပဲ ။ သူကိုယ်တိုင်လည်း
      ကောင်းသွားပြီလို့ ထင်နေတာ ။ ဒါပေမယ့် အမှန်တော့ အဆိပ်က နှလုံးဆီကို ပြန့်သွားပြီတဲ့ ။ အဲ့ဒါကြောင့် ဆရာဝန်တွေက
      မိသားစုကို အကြောင်းကြားလိုက်တာ ။ မိသားစုနဲ့တော့ တွေ့လိုက်ရတာပေါ့ ဆရာရယ် ။ ဒီမနက်(၈)နာရီလောက်ကပဲ
      ဆုံးသွားတာ ။”
အောင်ဦး၏စကား ပြီးဆုံးသွားသည့်တိုင် ကိုခင်မောင် ကြားတစ်ချက်မကြားတစ်ချက်…။ အာရုံထဲတွင် ညီငယ်လေးလို ခင်မင်ရသူ မောင်မြင့်ဝေ၏ပုံရိပ်များက ဖန်သားပြင်ထက်က ရုပ်ပုံကားချပ်များပမာ တဖျတ်ဖျတ်ပေါ်လာသည် ။ ပျော်ပျော်နေတတ်ပြီး သူတစ်ပါးအပေါ် အမြဲအလေးထားကူညီတတ်သော မောင်မြင့်ဝေ ။ ကိုခင်မောင်နှင့် ဟိုးအလုပ်ဝင်စကပင် ရင်းနှီးခဲ့ရသော ညီငယ် တမျှ ချစ်ခင်ခဲ့ရသောကောင်လေး…ယခုများတော့ ဆုံးပါးသွားပြီ ။ သေမင်းသည် အသက်အရွယ်မခွဲခြားဘဲ ကံနည်းသူကို ဦးစွာ ခေါ်ငင်သွားခဲ့လေပြီ ။

ººººººººººººººº

မနှစ်ကအထိ ကိုခင်မောင်ဆိုတာ အသားဖြူဖြူ၀၀ထွားထွား ၀မ်းဗိုက်စူစူနှင့် ရန်ကုန်သားစစ်စစ် ။ သို့ပေမယ့် အခြေ အနေအမျိုးမျိုးကြောင့် ပင်စင်ယူခါနီးမှ မိသားစုနှင့်ခွဲခွာပြီး မုံရွာမြို့သို့ ခဏပြောင်းရွေ့ခဲ့ရခြင်းဖြစ်သည် ။ ရန်ကုန်မြို့တွင် အနေ ကြာပြီဖြစ်၍ အညာသို့ရောက်တော့ အညာရာသီဥတုနှင့် သဟဇာတ မဖြစ်သေးသဖြင့် ကိုခင်မောင် သွေးပေါင်ချိန်ကျ၏ ။ မကြာ မကြာ အကြောဆေး သွင်းရ၏ ။ မိသားစုဝင်များမှာ အမြဲမနေနိုင်၍ တစ်ခါတစ်ရံ မိမိတစ်ယောက်တည်းဖြစ်နေချိန်တွင် အစား အသောက် ပျက်၏ ။ ထိုသို့သော ဒုက္ခပေါင်းစုံနှင့် ကြုံဆုံခဲ့ရသောကြောင့်လည်း စိတ်ပျက်ညည်းညူနေခဲ့ရသည် ။
အညာတွင် မြွေပေါသည်ကတော့ အမှန်…။ ကိုခင်မောင် နေထိုင်သောအိမ် အနီးအနားတွင်ပင် မြွေပွေးတစ်ကောင် ရှိနေ ၏ ။ တလောက မြက်ရှင်းသမား မြက်ရှင်းစဉ်က မြွေပွေးတစ်ကောင် အိမ်နံဘေးက တွင်းလေးထဲ ၀င်သွားသည်ကို တွေ့လိုက်ရ ၏ဟု ဆိုသည် ။ သို့ကြောင့် သွားသွားလာလာ သတိနှင့် နေရသလို ဘုရားတရားလည်း ပိုမိုကိုင်းရှိုင်းမိသည် ။ နေ့စဉ်နှင့်အမျှ သတ္တ၀ါအပေါင်းကို မေတ္တာပို့မိ၏ ။
လွန်ခဲ့သည့်တစ်လကျော်က မောင်မြင့်ဝေလည်း ဤမြို့နယ်သို့ ပြောင်းရွှေ့လာရသည် ။ ကိုခင်မောင်နှင့်မောင်မြင့်ဝေက ဌာနတွင်းသို့ စ၀င်စဉ်က ဌာနတူမိတ်ဆွေတွေ ဖြစ်ခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မောင်မြင့်ဝေတစ်ယောက် အခြားဌာန တစ်ခုသို့ ပြောင်းရွှေ့သွားရ၏ ။ နောက်ပိုင်း၌ ဌာနက တာဝန်ပေးသည့်နေရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရရင်း တစ်ဦးနှင့်တစ်ဦး မတွေ့ဆုံဖြစ်ကြတော့ ။ တစ်ဦးတာဝန်ကျရာမြို့နယ်သို့ တစ်ဦးဦးက အကြောင်းကိစ္စနှင့် ရောက်လာမှသာ ခဏ တဖြုတ် ၀င်လည်ဖြစ်ခဲ့သည် ။
ယခုကဲ့သို့ မိသားစုနှင့် ဝေးကွာပြီး တစ်ကိုယ်တည်း အထီးကျန်နေချိန်တွင် ငယ်စဉ်ကတည်းက ခင်မင်ခဲ့ရသည့် ညီငယ်မောင်မြင့်ဝေနှင့် အိမ်နီးချင်းဖြစ်ခွင့်ရသွား၍ ကိုခင်မောင် အတိုင်းမသိအားတက်ပျော်ရွှင်ခဲ့ရသည် ။ မောင်မြင့်ဝေနှင့် မတွေ့ တာကြာပြီဖြစ်သဖြင့် မောင်မြင့်ဝေ၏အကြောင်းကို သိပ်မမှတ်မိတော့ပေမယ့် သူ အားကစား ၀ါသနာပါသည်ကိုတော့ ကိုခင်မောင် မမေ့…။ ယခုလည်း မနက်တိုင်း လမ်းလျှောက်ထွက်ရန် လာခေါ်တတ်သည် ။ ကိုခင်မောင်ကလည်း ကိုခင်မောင် ။ မနက်စောစော စီးစီး လမ်းလျှောက်ထွက်ရန်မပြောနှင့်…အိပ်ရာကပင် ထချင်သူ မဟုတ်၍ မောင်မြင့်ဝေလာခေါ်တိုင်း တစ်ခါမျှ မလိုက်ဖြစ် ။ နှိုးနေ သော်လည်း အသံမပေးဘဲ အိပ်ချင်ယောင်ဆောင်နေလိုက်၏ ။
ထိုသို့ဆိုလျှင် မောင်မြင့်ဝေက (ကိုခင်မောင်၏ဇနီးသည် ရှိသည့်အခါ) ကိုခင်မောင်၏ဇနီးကို တိုင်တမ်းပြီး လမ်းလျှောက် ဆက်ထွက်သွားစမြဲ ။ နို့ပေမယ့် နေ့စဉ်နှင့်အမျှ လာခေါ်နေခဲ့၍ မောင်မြင့်ဝေကို ကိုခင်မောင် အားနာလာမိသည် ။ သို့ကြောင့် တစ်နေ့နေ့တော့ မောင်မြင့်ဝေနှင့် လမ်းလျှောက်ထွက်ဖြစ်အောင် ထွက်ဦးမည်ဟု စိတ်ထဲက တေးထားလိုက်မိသည် ။ သို့သော် ယခုများတော့ မောင်မြင့်ဝေတစ်ယောက် ကံအကြောင်းတရား မလှပခဲ့၍ ဥပစ္ဆေဒကံနှင့် ဆုံးပါးသွားခဲ့လေပြီ ။

ººººººººººººººº

ဟိုအကြောင်းတွေး သည်အကြောင်းတွေးနှင့် မနေ့ညနေက တပည့်အောင်ဦး၏စကားသံများကို ကိုခင်မောင် ပြန်လည် ကြားယောင်နေမိသည် ။
   “ သြော်…မောင်မြင့်ဝေတစ်ယောက် အမှန်ပဲ ဆုံးပါးသွားပြီ…”
ဟု တွေးမိလိုက်၍ စိတ်ထဲတွင် လေးလံကျပ်ခဲသွားသည် ။ အာရုံတွေ နောက်ကျိ ၊ ခေါင်းတွေ မူးဝေနေသည့်တိုင် ကိုခင်မောင် အိပ်၍မပျော် ။ ၀မ်းနည်းကြေကွဲခြင်းဟူသောဝေဒနာက ကိုခင်မောင်ကို ကြီးစွာ ညှင်းပန်းနှိပ်စက်နေလေ၏ ။
    “ ဒေါင် ဒေါင် ဒေါင် ဒေါင် ”
ကင်းတဲဆီက သံချောင်းခေါက်သံကို နားစွင့်လိုက်တော့ လေးချက်တီးသံ…။ ထိုအသံကြောင့် ကိုခင်မောင် မယုံကြည်နိုင်စွာဖြင့် နာရီကို ငုံ့ကြည့်လိုက်မိပါပကော ။
     “ ဘုရားရေ…လေးနာရီတောင် ထိုးနေပါပကောလား ။”
မဖြစ်ချေတော့ ။ အိပ်ပျော်အောင် အိပ်မှဖြစ်တော့မည် ။ မနက် (၉)နာရီကျလျှင် အစည်းအဝေးတက်ရဦးမည်ဖြစ်၍ ခေါင်းကြည်နေ မှ ဖြစ်မည် ။ သို့ကြောင့် ကိုခင်မောင် မျက်လုံးစုံမှိတ်ရင်း ကြိုးစားအိပ်လိုက်မိ၏ ။
     “ အစ်ကိုကြီးရေ…အစ်ကိုကြီး…”
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် ကိုခင်မောင် နားစွင့်လိုက်မိသည် ။ ငါ စိတ်စွဲလမ်းပြီး ကြားယောင်နေတာများလား ။
     “ အစ်ကိုကြီးရေ…လမ်းလျှောက်ထွက်ကြရအောင် ။”
ဟာ…ဘုရား…ဘုရား…အမှန်ကြားနေရတာပါလား ။ ကြားလိုက်ရသည့်အသံက မောင်မြင့်ဝေ လမ်းလျှောက်ထွက်ရန် လာခေါ် သည့်အသံ ။ ကိုခင်မောင် အိပ်နေရာမှ ထထိုင်လိုက်မိရင်း ပြတင်းပေါက်လိုက်ကာနားသို့ တိုးကပ်သွားလိုက်သည် ။
     “ ငါ ချောင်းကြည့်လိုက်ရကောင်းမလား ။”
ကိုခင်မောင် တွေးလိုက်မိပြီးမှ ကြက်သီးမွေးညင်းထောင်ထသွား၏ ။ ကိုခင်မောင် မကြည့်ဝံ့…ကြောက်တတ်သည်ဟုပင် ကဲ့ရဲ့ချင် ကဲ့ရဲ့…
မောင်မြင့်ဝေကို မူလပုံသဏ္ဍာန်နှင့်မဟုတ်ဘဲ ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန်နှင့် တွေ့မြင်လိုက်ရလျှင်…
ဟူသောအတွေးကြောင့် ကိုခင်မောင် မကြည့်ဝံ့…။ ဆက်နားစွင့်နေစဉ်မှာပင် …
   “ အစ်ကိုကြီး မလိုက်ရင်လည်း သွားပြီဗျို့…”
ဟူသောအသံကို သဲ့သဲ့ကြားလိုက်ရသည် ။ အသံအားလုံး တိတ်ဆိတ်သွားမှ ကိုခင်မောင် ကိုယ့်ကိုကိုယ် ယူကြုံးမရ ဖြစ်မိ၏ ။ အမှန်ဆို ကိုခင်မောင် ချောင်းကြည့်လိုက်သင့်သည် ။ သို့မှသာ မောင်မြင့်ဝေ အစစ်ဟုတ်/မဟုတ်ကို သိနိုင်မည် မဟုတ်လား ။ ယခုတော့ အသံသာ ကြားလိုက်ရ၍ တစ်စုံတစ်ဦး လာရောက်နောက်ပြောင်ခြင်းလည်း ဖြစ်နိုင်သည် ။
သို့သော် တစ်ဖက်က ပြန်လှည့်တွေးပြန်တော့လည်း တစ်အိမ်လုံးတွင် တစ်ကိုယ်တည်း ရှိနေခိုက်ဖြစ်၍ ထိုသို့ချောင်း ကြည့်လိုက်လို့ အလွန်အမင်း ထိတ်လန့်ချောက်ချားသွားရလျှင် ကိုခင်မောင်၏အသက်အရွယ်နှင့် နှလုံးခုန်တွေဘာတွေ ရပ်တန့် သွားနိုင်သည် ။ အသက်အန္တရာယ်ထိခိုက်နိုင်တာမို့ ချောင်းမကြည့်မိတာ မှန်ပါတယ်လေ…ဟု ကိုယ့်ကိုကိုယ် ဖြေသိမ့်ရင်း အိပ် ပျော်အောင် အိပ်လိုက်တော့သည် ။

ººººººººººººººº

       မနက်မိုးလင်းတော့ ညက ကောင်းကောင်းမအိပ်ခဲ့ရ၍ လူက ထိုင်းထိုင်းမှိုင်းမှိုင်းနှင့် မလန်းဆန်း…။
   “ သြော်…ဆရာ နိုးပြီလား ။ ကျွန်တော် စောစောက လာသေးတယ် ။ အိမ်တံခါး ပိတ်ထားတော့ ဆရာ အိပ်တုန်းပဲထင်လို့
       မနှိုးတာ ။”
   “ အေး…ညက သိပ်အိပ်မပျော်လို့ပါကွာ ။ ဒါနဲ့ ဘာကိစ္စလဲ ။”
ကိုခင်မောင်က မေးလိုက်တော့ တပည့်အောင်ဦးခမျာ တစ်စုံတစ်ခုကို ပြောရန် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပြန်၍…
   “ ကဲ…ပြောလေကွာ ။ ဘာကိစ္စလဲဆိုတာ…”
   “ ဟို…ကျွန်တော် အတို့အထောင်လုပ်တာ မဟုတ်ဘူးနော် ဆရာ ။ ကင်းတဲစောင့်ကောင်တွေ ပြောနေတာကို ကျွန်တော်
     မကျေနပ်လို့ပါ ။ မနက်က သူတို့ကို ဟိုဘက်ဌာနက ဆုံးသွားတဲ့ ကိုမြင့်ဝေကြီး ခြောက်လို့-တဲ့ ။ အဲ့ဒါ ဆရာ သိအောင်
     လာပြောပြတာပါ ဆရာ ။”
အောင်ဦး၏စကားက အစမရှိ အဆုံးမသိ ။ သို့ကြောင့် ကိုခင်မောင် အလောတကြီး မေးလိုက်မိ၏ ။
   “ ဟေ…ဟုတ်လားကွ ။ သူတို့က ဘာပြောလို့လဲ ။ ဘယ်လိုခြောက်တယ်ပြောလို့လဲ ။”
   “ သူတို့ပြောတာကတော့ မနက်(၄)နာရီလောက် မြင့်ဇော်ရယ် သန်းငွေရယ် ကင်းတဲစောင့်ရင်း ဖဲထိုင်ရိုက်နေတုန်း
     ဟိတ်ကောင်တွေ ဟိုဟိုဒီဒီ ကြည့်ကြပ်သွားဦး ။ မြွေကိုက်ဦးမယ်…လို့ လှမ်းအော်ပြောသံကြားလို့ ဘယ်သူလဲဆိုပြီး
     လှည့်ကြည့်လိုက်တော့ ၀င်းအပြင်ဘက်ဟိုဘက်လမ်းထဲမှာ ကိုမြင့်ဝေကို ရိပ်ခနဲတွေ့လိုက်ရတယ်တဲ့ ဆရာ ။ သူတို့
     သေချာအောင် သွားကြည့်တော့ တစ်လမ်းလုံး ဘယ်သူမှမရှိဘူး-တဲ့ ။ ဒီကောင်တွေကြည့်ရတာ အိပ်ပျော်ပြီး အိပ်မက်
     မက်နေတာပဲ နေမယ် ။ အဲ့ဒါ ဆရာ သိအောင် လာပြောပြတာပါ ဆရာ ။ တော်ကြာ ဒီကောင်တွေ ကိုမြင့်ဝေကြီးကို
     အပုပ်ချပြီး လျှောက်ပြောနေမှာ စိုးလို့…”
   “ အေးကွာ…။ ဟုတ်ပြီ ဟုတ်ပြီ ။ ငါ ဆုံးမလိုက်မယ် ။ မင်း လုပ်စရာရှိတာ သွားလုပ်တော့ ။”
   “ ဟုတ်ကဲ့ ဆရာ ။”
အောင်ဦးက ထိုအခါမှ ကျေနပ်သွားဟန်ဖြင့် ကိုခင်မောင်ဆီက ထွက်ခွာသွား၏ ။ ကိုခင်မောင့်မှာတော့ အောင်ဦး လာပြောသွား သောအကြောင်းအရာများကြောင့် အတွေးပင်လယ်ဝေလျက်…။
သူတစ်ပါးအပေါ် ဂရုစိုက်တတ်သလို အနောက်အပြောင်လည်းသန်သော-မောင်မြင့်ဝေတစ်ယောက် မိမိကိုယ်ကို သေ ဆုံးမှန်း သိလျက်သားနှင့် နေ့စဉ် ပြုနေကျကိစ္စများကို စွဲလမ်းနေ၍ လမ်းလျှောက်ခြင်းအမှုကို ဆက်လက်လုပ်ကိုင်ပြုမူနေခြင်းပေ လား-ဟူသည်ကိုတော့ ကိုခင်မောင် မတွေးတတ်တော့ ။
လူတိုင်းသည် သေဆုံးခါနီး အမျိုးမျိုးကို စွဲလမ်းတွယ်တာတတ်ကြသည်ဟု ကိုခင်မောင် ကြားဖူးခဲ့၏ ။ ယခု မောင်မြင့်ဝေ ကိုယ်တိုင်လည်း မိမိနေ့စဉ် နှစ်နှစ်ခြိုက်ခြိုက်ပြုမူနေခဲ့မိသော လမ်းလျှောက်ခြင်းအမှုကို မသိစိတ်ဖြင့် စွဲလမ်းတွယ်တာနေခြင်းပဲ လား…။ မိမိ မမြင်နိုင် မသိနိုင်သော တစ်ဖက်လောကနယ်ပယ်၏အကြောင်းကို ကိုခင်မောင် ခေါင်းရှုပ်ခံပြီး တွေးတောမနေတော့ ။ ခုနစ်ရက်ပြည့်မြောက်သောနေ့တွင်ပြုလုပ်မည့် ရက်လည်ဆွမ်းသွပ်အလှူတွင် မောင်မြင့်ဝေတစ်ယောက် သာဓုခေါ်ဆိုကာ ကောင်းမြတ်ရာ ဘုံဘ၀သို့ ရောက်ရှိသွားနိုင်ပါစေဟူ၍သာ ကိုခင်မောင် တောင်းဆုခြွေလိုက်မိပါတော့သည် ။




                                                                                                          
                                                                                        စေတနာရှေ့ထားလျက်…
                                                                                                                  
                                                                                               ဂါဦးနွန်းကို


www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။