ဦးသာရှားနှင့် အလိမ္မာအိမ်ပါ…
( ၂၀၁၁ ဒီဇင်ဘာလထုတ် သောကြာမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)
--------------------------------------------------------------------------------------------------------------
တစ်နေ့သ၌ ကမ္ဘာလူဦးရေ တစ်နေ့တစ်ခြား များပြားလာ၍
လူဦးရေ၏ဝန်ဒဏ်ကို ထမ်းရွက်ထားရရှာသော ကမ္ဘာကြီးခမျာ
ဝန်နှင့်အား မမျှတကာ ကမ္ဘာလုံးရာမှ ကမ္ဘာပြားရာသို့
ကူးပြောင်းသွားတော့မည့်အရေးကို ကျွန်ုပ် တွေးတောပူပန်နေခိုက်…
“ ဆရာရေ…ဆရာ အပူသည် လာတယ် ။”
ဆေးတံကိုခဲ မျက်နှာလွှဲနေရာမှ တံခါးကို
ဖွင့် နားစွင့်ကြည့်သော် တပည့်ကျော်သာပျော်၏ နားဝင်ပီယံချိုမြိန်လှစွာသော အသံ
စွာစွာကို ကြားလိုက်ရ၏ ။ လာလေရော့…ဟု
စိတ်မှာတေးရင်း ရိက္ခာမငြိမ်းစေဖို့ ခပ်ကျိန်းကျိန်းဖြစ်နေသည့် သွားအစုံအတွက်
တအားပြုံဆွဲစရာ ကြက်သားဟင်းတစ်ပန်းကန်ကို
အာရုံဖြင့် ကြံရွယ်လိုက်ပြီး ထိုင်နေရာ ပက်လက်ကုလားထိုင်မှ ထရပ်လိုက်
သည် ။ မကျိန်းရှိမလား ဒီသွား…တစ်နေ့လာ
ချည်ပေါင် နှစ်နေ့လာ ချည်ပေါင် ရင်တောင် အတော်ချောင်လို့ ဂလောင်ဂလောင်
ဟုပင် မြည်တော့မည် ။
“ လာဗျာ…ကိုချက်ဖောင်း ။ အခန်းထဲ တစ်ခါတည်း ကြွမလား
။ မလာတာ အတော်ကြာပြီ ။”
ငွေမျက်နှာ တစ်ရွာထင်လျက် အနှီးဧည့်သည့်ဟောင်းကို
လောကွတ်ဇောနှင့် ကျောပွတ်ပြောလိုက်၏ ။
“ မလာဆို အိမ်က မိန်းမ ကောင်းနေတာကိုးဗျာ့ ။ အခုမှ
ဒင်းက တစ်ဗွေ ထဖေါက်ပြန်ရော ။”
ကိုချက်ဖောင်းဟူသော မိတ်ဆွေဟောင်းကြီးက
ထိုင်တာပင် ဖင်မကျသေး…ရင်က အဆွေးဇာတ်ကို လေးလုံးစပ်လင်္ကာတွေ
မချိုးဘဲ တည့်တိုးပြောချလိုက်၏ ။
“ ဟုတ်ကလား…ဘာတွေ ဗွေဖောက်သတုံး ။ ပြောစမ်းပါဦးဗျာ
။ အဲ…အဲ…လုပ်ငန်းလေး စရင်းနဲ့…။”
“ ကိုသာရှားကလဲဗျာ…။ လုပ်ငန်းက ခဏထားစမ်းပါ
။ ကျုပ် လက်ဦးဆုံး ရင်ဖွင့်ပါရစေဦး ။ ဘယ့်နှယ်ဗျာ…ကျုပ်
မိန်းမက အခုတစ်မျိုး ။ တော်ကြာ တစ်မျိုး
။”
“ အေးလေ ။ ဒီနှစ်မျိုးပဲ ရှိတာကို ။ ဘာလဲ ခင်ဗျားက
နောက်ထပ်တစ်မျိုး ရှိသေးတယ် ထင်လို့လား ။”
ကျွန်ုပ်က စကားဝင်ထောက်ကာမှ ပိတ်ပေါက်ချင်စရာ
ကောင်းသွားပုံ ရ၏ ။ ကိုချက်ဖောင်း၏မျက်နှာ လိပ်ခေါင်းရောဂါသည်
လို ရှုံ့ပွ ရှုံ့ပွဖြစ်သွားရှာသည်
။
“ သြော်…ခင်ဗျားကလဲ ။ ကျုပ်က သဘောပြောတာဗျာ့
။ ကျုပ်မိန်းမ မိယာအေး…ယာအေးသာ ပြောတယ် ။ စွာတေး
လို့တောင် ပြောင်းပြီး ခေါ်လိုက်ချင်သေး ။
တကတည်း…မနက် မိုးမှ မလင်းသေးဘူး ။ ကိုချက်ဖောင်း ထဦး ။ အေးကို
လုပ်ပေးဦးဆိုပြီး…
“ ဟ…ဟ…ခင်ဗျား ဘာတွေလာပြောနေတာတုံး ။ ကျုပ်က
လူပျိုကြီးဗျာ့ ။ ဒီလို နားရှက်စရာတွေကို ကြားဝံ့တာ မဟုတ်
ဘူး ။”
“ ဟာ…ခင်ဗျား ပြောမှ ပိုဆိုးကုန်တာ ။ ကျုပ်ပြောမှာက
မနက်မှ မိုးမလင်းသေးဘူး ။ ကျုပ်ကို နှိုးပြီး သူ ရေချိုးဖို့ နောက်
ဖေး အများသုံးအုတ်ကန်က ရေတွေကို ရေချိုးခန်းထဲ
သယ်ခိုင်းတယ် ။ မိုးမှ မလင်းသေးဘူး ။ အသံချိုချို ချိုချိုနဲ့ ခိုင်း
ပြီ ။ တလက်စတည်း အိမ်သာရေပါ ကျုပ် ဖြည့်ရတယ်
။ ကဲ…ထားပါတော့ဗျာ ။ ဒါက ယောက်ျားအလုပ်ဆိုတော့ ။ ပြီး
ပြီလို့ မထင်နဲ့ဦး ။ ကိုရေ…အေး ရေချိုးတုန်း
သားငယ်လေးကို မြှူထားဦးနော်…တဲ့ ။ ကဲ…သူ မအားလို့ ထား ။ ကလေး
သူ့လက်ထဲ ရောက်လို့ ပြန်အိပ်မယ်များ မကြံလေနဲ့
။ ကို သားကြီး ကျောင်းထည့်ဖို့ ကြက်ဥလေး ကြော်လိုက်ပါဦးနော်
တဲ့ ။ ပြီးရင် သမီးကြီးအတွက် ထမင်းချိုင့်
ထည့်ပေးလိုက်ဦး…။ ဒါတွေလည်း ပြီးရော သူပြောစရာ မလိုတော့ဘူး ။ ကျုပ်
ကပဲ ကလေးနှစ်ယောက်ကို လက်က ဆွဲပြီး ကျောင်းကို
အပို့တော်လုပ်ရင်း ကိုယ့်ထမင်းချိုင့် ကိုယ်ထည့်ပြီး ရုံးတက်ရ
တယ် ။ ဘယ်မှာလဲ နားချိန် ။”
ဤအကြောင်းအရာများက ကျွန်ုပ်အတွက် မဆန်းကြယ်တော့…ယခင့်ယခင်
ကိုချက်ဖောင်း ခဏခဏလာခဲ့စဉ်ကတည်းက
မကြာမကြာ ကြားဖူးနေကျ အချက်အလက်တွေသာဖြစ်သည်မို့
အင်း အဲပင် အံ့သြချိန် မရ ။ ပြောနေကျ စကားတစ်ခွန်းသာ
ပြောလိုက်ရ၏ ။
“ ဒါကတော့ ကိုချက်ဖောင်းရယ် ။ ခင်ဗျားက မိန်းမငယ်ငယ်လေး
ယူထားမိတာကိုး ။ အဲ…နေစမ်းပါဦး ။ ဒီကြားထဲ
လိမ္မာသွားသေးတယ်ဆို ။ ဘယ်လိုက ဘယ်လိုတုံး
။ လုပ်ငန်းလေးလည်း စရင်း ပြောပါလား ။”
“ သြော်…ကိုသာရှားကလဲ ။ ကျုပ်က ဒီကိုလာမှတော့
ထွက်ပြေးမယ့်သူလား ။ ထိုင်စမ်းပါဦးဗျာ ။ ခင်ဗျားကြည့်ရတာ
ဖင်တကြွကြွနဲ့ ။ ထိုင်မရဘူးလား…ဒါဆို လိပ်ခေါင်း
ထင်တယ် ။ ခင်ဗျား မပေါ့နဲ့နော့ ။”
“ ဟာ…ပေါက်တီးပေါက်ရှာ ။ မဟုတ်ရပါဘူးဗျာ
။ ကဲ…ကဲ…ပြောပါဦး ။”
“ ကြားထဲမှာ ဒင်း လိမ္မာသွားသေးတယ် ။ မနက်ဆို
ကျုပ်ကို စောစော မနှိုးတော့ဘူး ။ ဒင်းက အပျိုဖြန်းလေးမှ မဟုတ်
တာ ။ အများသုံးရေကန်မှာ ထွက်ချိုးလည်း
ဖြစ်တာပဲကို ။ သူ့ဘာသာသူ အပြင် ရေထွက်ချိုး သူ့ဘာသာသူ ကလေး
ထိန်း သူ့ဘာသာသူ ထမင်းချိုင့် ထည်ပေးနဲ့
တစ်လလောက် ဟုတ်သွားလိုက်သေးတယ် ။ ကျုပ်ကတောင် ကျုပ်
မယား အလိမ္မာအိမ်ပါလေးဆိုပြီး ပီတိတွေဖြာ
ဝမ်းတွေသာလို့ ။ တစ်လနေမှပဲ သိရတော့တယ် ။ ဟူး…မောလိုက်တာ
ဗျာ ရေနွေးကြမ်းလေး မရှိဘူးလား ။”
ကိုချက်ဖောင်းက အမှန်ပင် မောလေသလား
အိုင်တင်ခံလေသလား မပြောတတ် ။ ဟောဇာတ်ကို ခဏရပ်ပြီး ရေနွေးတောင်း
၍ မီးဖိုချောင်ထဲ ကျွန်ုပ် ပြေးချောင်းရ၏။ အမယ်လေး…တော်သေး။
မနက်က တည်ထားသည့်ရေနွေးလက်ကျန်ကို လက်ဖက်
ခြောက်အမြန်ခပ်ပြီး ကျွန်ုပ် ချပေးလိုက်တော့
ကိုချက်ဖောင်း တစ်ခွက် နှစ်ခွက် မှုတ်သောက်လိုက်ပြီးမှ…
“ ခင်ဗျား သိတယ်မဟုတ်လား ။ ဟိုဘက်ရပ်ကွက်က
အကြားအမြင်ဆရာမဆိုလား မယ်တော်ဆိုလားလေ ။ ဘာတဲ့…
အမွှေးတိုင်နာမည်နဲ့ပါ…သြော်…သိဒ္ဓိအောင်ဆိုတာ
။”
“ အင်း…ကြားမိပါတယ် ။ ဘာဖြစ်လို့လဲ…”
“ အဲဒီဆရာမကြောင့် ကျုပ်မယား တစ်လလောက် လိမ္မာသွားတာ
။”
“ သြော်…ဘယ်နှယ့်ကြောင့်လဲ ပြောပါဦးဗျာ့
။”
ကျွန်ုပ်က စိတ်မပါလှသော်လည်း ရိက္ခာကျနေချိန်မို့
ဖေးဖေးမမ မေးလိုက်ရ၏ ။ ပြောချင်သူကိုချက်ဖောင်းကလည်း ဝမ်းသာ
အားရပင်…
“ ဒီလို ဒီလို…ကျုပ် ဒီလောက် ကောင်းတာတောင်မှ
ဒီမယားမျိုးက တအားဆိုးချင်သေးတယ် နိုင်ချင်သေးတယ် ။ ဟို
ဟိုဒီဒီတွေးပြီး သံသယလေးကလည်း ပွားချင်သေး…ကျုပ်ကို
တနင်္ဂနွေ မနက်တိုင်း ပျောက်ပျောက်သွားလို့ စိတ်ပူ
ပြီး အဲဒီအကြားအမြင်ဆိုတဲ့အကန်းမဆီ သွားရော
။ ဟိုက ဘာပြောလွှတ်လိုက်တယ် မှတ်တုံး ။”
ယခင့်ယခင် တနင်္ဂနွေနေ့များတွင် ကိုချက်ဖောင်းတစ်ယောက်
အနင်းအနှိပ်ခံရန် ကျွန်ုပ်ဆီ အပြေးနေ့စဉ်အမှန် ရောက်နေကျ
မို့ ဇာတ်လမ်းက ကျွန်ုပ်နှင့်လည်း သက်ဆိုင်သလို
သဘောသကာရ ရှိတာကြောင့် စိတ်ဝင်စားသွားကာ…
“ အင်း ဘာပြောလိုက်လို့လဲ ။”
“ ဘာတဲ့…သောကြာနံလူတစ်ဦးနဲ့ အိပ်ရာထဲမှာ
လုပ်ငန်းတစ်ခု အော်ကာဟစ်ကာ လုပ်နေသတဲ့လေ…။ ကဲ ကျုပ်မိန်းမ
ဘယ့်နှယ့်ထင်မတုံး ။”
ဗုဒ္ဓေါ…ကျွန်ုပ် ခေါင်းမီးတောက်ကာ ဆံပင်မွေးများ
ထောင်သွားမိသည် ။
‘ဟိုက်…အဲ…ဟုတ်လည်း ဟုတ်တာပဲ ။ ဒါပေမဲ့
သူ့မိန်းမက ဘယ်လိုတွေးမလဲ…။’
ထိုသို့တွေးမိကာ မီးတောက်သထက် မီးတောက်သွားရတော့သည်
။ မီးတောက်နေသည့်ခေါင်းအတွက် ပြီးမှ တပည့်ကျော် သာပျော်ကို ခေါ်ကာ အပူထုတ်ခိုင်းရဦးမည်
။
“ နောက်ပြီး ကျုပ်မိန်းမကို လင်လုပ်သူ စိတ်ပြန်လည်လာအောင်ဆိုပြီး
ဒီလူငဆိုးကို နေဖင်ထိုးတဲ့အထိ အိပ်ပါစေ…
တဲ့ ။ တနင်္ဂနွေတစ်ရက်ကိုလည်း အပျင်းတွေ
တက်အောင် မျှစ်ချဉ်ဖတ်ကျွေး တဲ့ ။ အဆိုးဆုံး ယတြာကတော့ နေ့
နံချင်းတူတဲ့ ခွေးကို ကြံသကာကျွေးပြီး
ချက်ဖောင်း ပြန်လာ ချက်ဖောင်း ပြန်လာလို့ မနက်သုံးခါ ညသုံးခါ အော်ရ
သတဲ့လေ ။ ကျုပ်ကတော့ ကျုပ်မယားတစ်ယောက်
လိမ္မာသွားပြီအထင်နဲ့ ဘဝင်တွေတောင် ကိုင်လို့ ။ ဒင်းက
တစ်လပြည့်ကာမှ မနေနိုင်မထိုင်နိုင်တော့ဘဲ
အကြားအမြင်ဆရာမရဲ့ယတြာအစွမ်းကြောင့်ပဲ ကျုပ်အိမ်ပြန်မြဲရပါ
တယ်လို့ ပြောမှ ကျုပ် ဒေါသပုန်ထရတာ ။ ဟွန်း…နလပိန်းတုံးမ
ဟိုက ပါးစပ်ကလေးနဲ့ ယတြာတွေ ပေးပြီး ငွေ
ငါးထောင် လိမ်ယူသွားတာတော့ ဒင်း မသိဘူး
။ ဟူး…ကဲဗျာ…ကျုပ်လည်း ရင်ဖွင့်ပြီးသွားပြီ ။ လုပ်ငန်းစဖို့ အိပ်ခန်း
ထဲ သွားရအောင် ။”
ကိုချက်ဖောင်း စကားကြားတော့ ကျွန်ုပ်
ကြက်သီးများပင် ထသွားသည် ။ အမလေး…မဖြစ်ဘူး မဖြစ်ဘူး ။ လူပျိုကြီးဆိုတဲ့ဂုဏ်
သိက္ခာကိုတော့ တစ်ရွေးသားမှ အပွန်းအပဲ့
မခံနိုင်ဘူး ။ ထိုသို့ သုံးသပ်ကာ တစ်စုံတစ်ရာကို ချက်ချင်းလက်ငင်း ဆုံးဖြတ်လိုက် သည်
။
“ အိပ် အိပ်ခန်းထဲတော့ မသွားတော့ဘူးဗျာ ။
ဟိုအကြားအမြင်ဆရာမစကား မှန်သွားဦးမယ် ။ အိမ် အိမ်ရှေ့ခန်းမှာပဲ
အနှိပ်ခံတော့ ။ ကျုပ် ဖျာသွားယူလာခဲ့မယ်
။”
ကိုချက်ဖောင်း ခေါင်းမညိတ်ခင်မှာပင်
ကျွန်ုပ် ထိုင်နေရမှ ကမန်းကတန်းထကာ ဖျာယူရန်အတွက် အိပ်ခန်းထဲသို့ ပြေးဝင်သွား လိုက်သည်
။
ကိုချက်ဖောင်းကို တစ်နာရီခွဲလောက် နင်းနှိပ်ပေးပြီးနောက်
ကြက်ကြော်တစ်ခွက် ထမင်းတစ်နပ်စာက ကိုချက်ဖောင်း၏ ပိုက်ဆံအိတ်ထဲမှ ခုန်ထွက်လာလေသည် ။
ပြီးမကြာ ကိုချက်ဖောင်းတစ်ယောက် စိတ်လက်ကြည်သာစွာဖြင့် နှုတ်ဆက်ထွက် ခွာသွားလေ၏ ။
‘အင်း…ဖျာတစ်ချက် ဝင်ယူရမှာ ပျင်းပြီး လူတော့ အခြောက်စာရင်း အဝင်မခံနိုင်ဘူး…။
နောက်နောင် အပူသည်တွေကို
အပြင်မှာပဲ အကြောကိုင်တာ ကောင်းပါတယ်လေ…’
အနှိပ်သမား လူပျိုကြီးကိုသာရှားတစ်ယောက်
အနှိပ်သည်လုပ်ရတာလည်း မစားသာဘူးဟု တွေးတောရင်း မမြင်ရတာကြာပြီ
ဖြစ်သော တစ်ထောင်တန်သုံးရွက်ကို အိတ်ကပ်ထဲသို့
ထိုးထည့်လိုက်လေတော့သတည်း ။ ။
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။