ဓာတ်ပုံထဲမှ ပျောက်ကွယ်သွားသောပုံရိပ်
( ၂၀၁၃ မတ်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
--------------------------------------------------------------------------------------------
ထူးဆန်းတာတော့
အမှန်ပဲ ဆရာမရဲ့ ။ ကျွန်မလေ တစ်သက်နဲ့တစ်ကိုယ် ဒီလိုအဖြစ်မျိုး တစ်ခါမှမကြုံဖူးဘူး
။ မကြုံဖူး လို့လည်း ပရလောကသားတွေကို မရှိဘူးရယ်လို့ မယူဆပါဘူး ။ ဒါပေမဲ့ ကိုယ်လည်း
ကိုယ့်ဘာသာကိုယ်နေ၊ သူလည်း သူ့ ဘာသာ သူနေ၊ ဒီလိုသဘောမျိုးပဲ မှတ်ထင်ထားခဲ့တာ ။
သြော်…ကျွန်မက professional photographer-မဟုတ်ပါဘူး
။ အပျော်တမ်းဓါတ်ပုံ ရိုက်တာပါ ။ ၀ါသနာပါတာနဲ့ ခရီး ထွက်တဲ့အခါတိုင်း လမ်းမှာတွေ့တဲ့
လှတယ်ထူးဆန်းတယ်လို့ထင်တဲ့ဟာတွေမှန်သမျှကို ကျွန်မက ဓါတ်ပုံရိုက်ယူတော့တာပါ ပဲ ။ ဟယ်…ဟုတ်လား
။ ဆရာမလည်း ဓါတ်ပုံရိုက်တာ ၀ါသနာပါတယ်လား ။ ကျွန်မအိမ်မှာ ကျွန်မရိုက်ထားတဲ့ မြန်မာနိုင်ငံ
တွင်း-ရှုမျှော်ခင်းတွေ ၊ တောင်တွေ တောတွေ ၊ ရိုးရာဓလေ့ပုံတွေ အများကြီးရှိတယ် ဆရာမရဲ့
။ အဲ…ဇာတ်လမ်းတောင် ဘယ်ရောက်သွားလဲ မသိဘူး ။ ကျွန်မက အဲ့ဒီလိုပါပဲ ဆရာမရယ် ။ ကျွန်မဓါတ်ပုံတွေနဲ့
ပတ်သက်လာရင် အဲ့ဒီလောက်ကို crazyဖြစ်တာ ။ ကြွားချင်ပြချင်တာလည်း ပါတာပေါ့လေ ။ ခုလည်း
မုံရွာဘက် ခရီးထွက်တော့ လူတွေကို ကျွန်မ ရိုက်ထား တာတွေ ကြွားချင်ပြချင်တာရော ၊ ကျွန်မ
ဝါသနာအရရော ဓါတ်ပုံတွေ လျှောက်ရိုက်ရာကနေ ဒီဇာတ်လမ်းဖြစ်လာခဲ့တာပဲ ။
ကားက တဒုန်းဒုန်းခုန်နေသည့်ကြားကပင် တွေ့သမျှ
စိမ်းစိမ်းစိုစိုရှုခင်း ၊ ပြောင်းခင်းများကြား ကလေးငယ်များ ပြေး လွှားနေသောမြင်ကွင်း
၊ လယ်ယာမြေကို နွားတစ်ကောင်နှင့် ထွန်ယက်စိုက်ပျိုးနေသော တောသဘာဝအလှတရားများကို ကျွန်မက
ကင်မရာတစ်လက်နှင့် တဖျတ်ဖျတ်ရိုက်ကာ မှတ်တမ်းတင်နေမိသည် ။ ဓါတ်ပုံတစ်ပုံ ရိုက်ပြီးလျှင်လည်း
ပြန် မကြည့်ဘဲ ဘယ်တော့မှမနေ ။ ယခုခေတ်က Digitalခေတ်ကိုး ။ ပြန်ကြည့်မိရင်လည်း ပါးစပ်ကို
ငြိမ်ငြိမ်မထားဘဲ …
“ ဟယ်…လှလိုက်တာ ။”
“ အမယ်…ဒါမှ တောသဘာဝ ။”
“ အယ်တော်…တစ်မျိုးလေးပဲ ။”
“ ဟီဟီ…ချစ်စရာလေး ။”
စသည်နှင့်
တစ်ပုံတစ်မျိုး မရိုးရအောင် ကိုယ့်ပုံကိုယ် ပြန်ချီးကျူးနေတော့ အနားမှသူငယ်ချင်းများက
မျက်စိနောက်၊ နားကြား
ပြင်း
ကပ်လာပုံ ရသည် ။
“ မိငွေ…နင် ဒီနေ့ မမောသေးဘူးလား ။ တစ်လမ်းလုံး
ရိုက်လိုက်ပြောလိုက်နဲ့ ငါတော့ နင့်အစား မောလိုက်တာ ။ ဒီမှာဖြင့်
ကားခုန်လို့ စိတ်ညစ်ရတဲ့အထဲ နင်က တစ်မှောက် ။”
“ အမယ်…မမောပေါင် ။ ငါက ငါ့ဝါသနာနဲ့ငါ ရိုက်နေရရင်
ပျော်လို့ ။ နင်တို့နှစ်ယောက်သာ တစ်ခုခုအဆင်မပြေလိုက်နဲ့ ။
ညည်းဟယ်ညူဟယ်နဲ့ ။ အဘွားကြီးအိုလေးတွေ ကျနေတာပဲ
။”
“ ဟဲ့…မိငွေ နင်ကိုပြောတာ ပုံ့ပုံ့တစ်ယောက်တည်းလေ
။ ဘာဖြစ်လို့ ငါ့ကို ဆွဲထည့်တာလဲ ။”
“ ဆွဲထည့်မှာပေါ့ ။ ငါ့ဓါတ်ပုံတွေ ငါ့ဘာသာငါ ချီကျူးနေတုန်းက
နင်က ဘာဖြစ်လို့ နှုတ်ခမ်းကို ထော်ထော်ပြနေတာလဲ ။
ဟွန်း…! အသံတိတ်ကဲ့ရဲ့နေတာ မသိရင် ခက်မယ် ။”
“ ဟယ်…ကောင်မတွေ နားညည်းတယ်အေ ။ ကျုပ်ကိုလည်း အားနာပါဦး
။”
ငွေရည်ဆိုသူ-ကျွန်မ
၊ အေးအေးပုံဆိုသူ-ပုံ့ပုံ့ ၊ မွန်သွေးဆိုသူ-မွန်မွန်နှင့် ရှားခက်ဆိုသူ-ခက်ခက်တို့
သူငယ်ချင်း(၄)ယောက် တစ်ယောက်ကိုတစ်ယောက် အားမနာတမ်းနောက်ပြောင်နေကြခြင်းဖြစ်သည်။ သူတို့တွေက
ကျွန်မအကြောင်း သိ၏။ ကျွန်မ က ကျွန်မဓါတ်ပုံတွေကို ထိလျှင် ကတ်ကတ်လန်အောင် ရန်တွေ့တတ်တာကြောင့်
မထိတထိနောက်နေကြခြင်းဖြစ်၏ ။
ကျွန်မတို့ဦးတည်သွားနေသည့်နေရာက မုံရွာမြို့နယ်တွင်
တည်ရှိသော တ၀ဂူဘုရားသို့…။ ထိုဘုရားအနားမှ ရှူခင်းများ သည် အလွန်လှပသာယာသည်ဟု မုံရွာသူရှားခက်၏ပြောပြချက်အရ
ကျွန်မ တွေ့မြင်ချင်စိတ်စောနေမိသည် ။
ထိုစဉ် မြင်လိုက်ရသည့်-မြင်ကွင်းလေးတစ်ခုက ကျွန်မအာရုံကို
စွဲဆောင်သွားသည် ။ တစ်လမ်းလုံးတဖျတ်ဖျတ်/တချပ် ချပ် ရိုက်လာခဲ့သမျှရှုခင်းတွေအားလုံး
ဤမြင်ကွင်းလေးလောက် ကျွန်မကို မစွဲဆောင်နိုင်ခဲ့ ။ ကျွန်မတို့စီးလာသည့်ကားက ဂျစ်ကားဖြစ်ပြီး
ကျွန်မက ဓါတ်ပုံဝါသနာအိုးဖြစ်၍ ကား၏အစွန်ဆုံးမှာ ထိုင်ရင်း အပေါ်မှလေ၀င်ပေါက်ကနေ ရှေ့သို့
ချောင်း လည်း ကြည့်ရ၊ ကြိုတင်မြင်ထားသည့်-ရှုခင်းများထဲမှ နှစ်သက်ရာရှုမျှော်ခင်းကို
အနားရောက်သည်နှင့် ဓါတ်ပုံ ရိုက်ယူ၊ ရိုက် ပြီး ဓါတ်ပုံကို ပြန်ကြည့်…ဟူ၍ အလုပ်(၃)ခုကို
တစ်ပြိုင်တည်းလုပ်နေရသူ ။ ယခုလည်း ရှေ့သို့မျှော်ကြည့်နေစဉ် စိတ်ဝင်စား စရာမြင်ကွင်းလေးတစ်ခုက
ကျွန်မအာရုံကို စွဲငင်သွားပြီ ။ ညှို့ယူဖမ်းစားသွားပြီ ။ မြင်ကွင်းလေးနံဘေးသို့ ကားရောက်လာ
သည်နှင့် ကျွန်မလည်း onထားပြီးသားcanonကင်မရာဖြင့် ထိုမြင်ကွင်းကို မိမိရရဓါတ်ပုံ ရိုက်ယူလိုက်သည်
။
“ ဟဲ့…မိငွေ ဘာဖြစ်လို့ အုတ်ဂူကို ဓါတ်ပုံ ရိုက်ယူနေတာလဲ
။”
ပုံ့ပုံ့က
လှမ်းအော်သည် ။
“ ဟုတ်တယ်ဟ ။ အုတ်ဂူတို့သင်္ချိုင်းတို့ကို ဓါတ်ပုံ
မရိုက်ကောင်းဘူးတဲ့ ။ ငါ့ဘကြီးတစ်ယောက် ပြောဖူးတာပဲ ။”
ခက်ခက်ကလည်း
ပုံ့ပုံ့၏စကားကို ၀င်၍ထောက်ခံသည် ။
“ ဟယ်…နင်တို့ကလဲ ။ ဓါတ်ပုံဆရာဆိုတာ အဲ့ဒီလိုအယူအဆတွေထားလို့
ဘယ်ဖြစ်ပါ့မလဲ ။ နင်တို့ မမြင်လိုက်ဘူးလား ။
စိမ်းညို့နေတဲ့လယ်ကွင်းပြင်ကြီးထဲမှာ ထီးထီးကြီးပေါက်နေတဲ့
တမာပင် ၊ အဲ့ဒီတမာပင်ရဲ့အောက်မှာမှ ဖြူဖွေးနေတဲ့
အုတ်ဂူလွလွလေး ။ ဘယ်လောက် ကဗျာဆန်လဲ ။ ဘယ်လောက်
စိတ်ကူးယဉ်စရာ ကောင်းလဲ ။ ဘယ်လောက် စွဲမက်
ပုံဖော်ချင်စရာကောင်းလဲ ။ ငါသာ စာရေးဆရာဆိုရင်
ဒီအုတ်ဂူလေးနဲ့ပတ်သက်ပြီး ဇာတ်လမ်းတောင် ရေးပစ်လိုက်ဦး
မယ် ။ လယ်ပိုင်ရှင်ရဲ့တစ်ဦးတည်းသောသမီးလေး ။
တစ်နေ့ လယ်သူရင်းငှားလေးနဲ့ ချစ်ကြိုက်နေတာကို မိဘတွေက
သိ ။ ကောင်မလေးက ကောင်လေးကို လာခိုးဖို့ပြောပြီး
ညကြီးမင်းကြီး အိမ်ကခိုးထွက်လာပြီး တမာပင်လေးရဲ့အောက်
မှာ ချစ်သူကောင်လေးကို စောင့်နေ ။ အဲ့ဒီအချိန်မှာပဲ
ကောင်လေးမှာလည်း ကောင်မလေးရဲ့အစ်ကိုမောင်ဘွားတွေက
ထိုးကြိတ်ထားလို့ အိပ်ရာထဲမှာ လဲနေ ။ မိုးတွေကလည်း
ရွာလာ ၊ ကောင်မလေးမှာ မိုးရေထဲ ကောင်လေး လာလေ
မလား/လာတော့မလားလို့ မျှော်နေရင်း အအေးပတ်ပြီး
သတိလစ်မေ့လဲသွား ။
- မနက်မိုးလင်းတော့ မိဘတွေက ကောင်မလေး ပျောက်လို့
လိုက်အရှာမှာ တမာပင်လေးအောက်မှာ အသက်ပျောက်နေ
တဲ့ ကောင်မလေးရဲ့ရုပ်အလောင်းကို သွားတွေ့ ။
သူ ဆုံးပါးသွားတဲ့နေရာလေးမှာပဲ သူ့အတွက် အမှတ်တရအုတ်ဂူ
လေး ဆောက်ပေး ။ ကဲ…ဘယ်လောက်သနားစရာကောင်းတဲ့
ဇာတ်လမ်းလေးလဲ ။ ပြောတဲ့ငါတောင် ငိုချင်သွားပြီ ။”
ကျွန်မ၏ပါးစပ်ဇာတ်လမ်း(ပါးစပ်ထဲပေါ်လာရာ
ပေါက်ကရလျှောက်ပြောသည့်ဇာတ်လမ်း)လည်း ဆုံးသွားရော (၃)ယောက် သားခမျာ ကျွန်မ၏အနုပညာစွမ်းရည်ကို
သဘောပေါက်နားလည်သွားသည့်အလား မပြောတတ် ။ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေရင်း မွန်မွန်က…
“ နင်…နင် မမောဘူးလားဟင် ။ ကားပေါ်မှာ ပါးစပ်ရောလက်ရော
တစ်ချက်မှ မငြိမ်သေးတာ နင်ပဲ ရှိတယ် ။ အကုန်လုံး
ကားဆောင့်တာရော ဖုန်ထူတာရောကြောင့် အသက်ရှူမ၀ဖြစ်နေကြပေမဲ့
နင်ကတော့ တကယ်ချီးကျူးစရာပါပဲ ။”
ဟု
ကျွန်မကို ငေါ့လိုက်သည် ။ ကျွန်မကလည်း သူ့စကားကို ဂရုမစိုက်ဟန်ပြုကာ လျှာကလေးတစ်လစ်ထုတ်ပြလိုက်ပြီး
စော စောက သူတို့လေ၀င်ဖော၍ ရိုက်ပြီး ပြန်မကြည့်ရသေးသော-စိတ်ကူးယဉ်ဇာတ်လမ်းလေး ဖြစ်တည်ရာဓါတ်ပုံကို
ကျွန်မ ကင် မရာကို ဖွင့်ကာ ကြည့်လိုက်မိသည်
။
“ ဟင်…”
ဓါတ်ပုံကိုကြည့်ပြီး
ကျွန်မ အံ့အားသင့်စွာ ရေရွတ်လိုက်မိတော့ …
“ အမလေး…သူ့ဓါတ်ပုံကို ဘာတွေ အမွှန်းတင်ဦးမလဲ မသိပါဘူး
။”
ဟူ၍
ခက်ခက်က လှမ်းအော်နောက်လိုက်သည် ။ သို့ပေမဲ့ ကျွန်မ ဘာကိုမျှ မတုံ့ပြန်မိ ။ ဓါတ်ပုံကိုသာ
တွင်တွင်ကြီး စိုက် ကြည့်ပြီး သေချာစေရန် (Zoomဖြင့်)အနီးသို့ပင် ဆွဲယူကြည့်လိုက်သည်
။ ပုံသေးနေ၍ မျက်စိများမှားသလားဟု ကျွန်မ ထင် ထားခဲ့ပေမဲ့ အထင်နှင့်အမြင်က တက်တက်စင်အောင်
လွဲနေပြီ ။ ဓါတ်ပုံကလည်း canonတံဆိပ်-ဒစ်ဂျစ်တယ်ကင်မရာနှင့် ရိုက်ယူထားခြင်းဖြစ်တာကြောင့်
ဝေခြင်းဝါးခြင်းမှုန်ခြင်းမပြတ်သားခြင်း မရှိ ။ ထင်ထင်ရှားရှားပြတ်ပြတ်သားသားကြီး ။
ကျွန်မက ဓါတ်ပုံကို အနီးကြည့်လိုက်/အဝေးကြည့်လိုက်/မျက်လုံးပြူးနှင့်
အံ့သြလိုက်လုပ်နေသည်ကိုပင် ဟို(၃)ယောက် က သူတို့ကို နောက်နေသည်ဟုထင်ကာ ကျွန်မကို တစ်စက်မှ
အဖက်မလုပ် ။ ဒါကလည်း သူတို့အပြစ် မဟုတ် ။ ကျွန်မက တစ်ခါတလေ ဓါတ်ပုံကိုပြန်ကြည့်ပြီး
တထူးတဆန်းအမူအရာမျိုးတွေ လုပ်ပြတတ်သည် ။ ထိုအခါတွင် ကျွန်မအကြောင်း မသိစဉ်က ဟယ်…ဘာဖြစ်လို့လဲဟု အသည်းအသန်လာကြည့်ကာမှ
ဘာမှမဟုတ်ဘဲ ကျွန်မ သက်သက်အရူးလုပ်တာကို သူ တို့ အရင်က ခံခဲ့ရဖူးသည် ။ သို့ကြောင့်
ယခုလည်း ကျွန်မ အရူးလုပ်နေသည်ဟု သူတို့ ထင်မှတ်ကြခြင်းဖြစ်မည် ။
“ ဟဲ့…ဒီ…ဒီမှာ ကြည့်ပါဦးဟ ။”
ကျွန်မ
မနေနိုင်တော့၍ သူတို့ကို ခေါ်ပြမိတော့ ပုံ့ပုံ့က လက်ခါပြရင်း…
“ လာလုပ်မနေနဲ့ မိငွေ ။ နင့်အိုက်တင်တွေ ရိုးနေပြီ
။”
“ ဟဲ့…ငါ နောက်နေတာ မဟုတ်ဘူး ။ ကြည့်စမ်းပါဟာ ။
ဘာမှမဟုတ်ဘူးဆို ငါ့ကို ဆဲဟာ ဟုတ်ပြီလား ။”
ကျွန်မက
အတင်းတောင်းတောင်းပန်ပန်ကြည့်ခိုင်းတော့မှ သူက ပေး…ပေး…ဟုဆိုပြီး မကြည့်ချင်ကြည့်ချင်နှင့်
ကြည့်လိုက် သည် ။
“ ဟယ်…ဘာ ဘာကြီးတုံး ။ နင် ဘာကို လှမ်းရိုက်ထားတာလဲ
။ ခြေထောက်မပါတဲ့ လူကြီးလား ။ ဘယ်လိုချည်းလဲ ။”
ပုံ့ပုံ့က
ထိုသို့ပြောရင်း ကြက်သီးထသွားဟန်ဖြင့် ကင်မရာကို ကျွန်မ့ဆီသို့ ပြန်ကမ်းပေးပြီး သူ့လက်နှစ်ဖက်ကို
ပွတ်နေလေ သည် ။ ကျန်သူငယ်ချင်း(၂)ယောက်ကလည်း ပုံ့ပုံ့ဖြစ်သွားပုံကိုကြည့်ကာ စိတ်ဝင်စားသွားကြ၍
ကင်မရာကို ယူကြည့်ကြ၏ ။ သို့သော်…ထိုဓါတ်ပုံအပေါ်၌ မည်သူမျှ နားမလည်နိုင်အောင် ဖြစ်နေကြ၏
။
“ ငါ့အထင်တော့ ခြေထောက်ပြတ်နေတဲ့လူပုံ မဟုတ်ဘူးဟ
။ အောက်ပိုင်းက ပါတော့ပါတယ် ။ မှုန်ဝါးနေတာ ။ နောက်က
အုတ်ဂူဖြူဖြူလေးကိုတောင် အသေအချာမြင်နေရတယ်လေ
။”
“ အေးဟာ ။ ရုပ်ကတော့ တော်တော် ထင်ရှားတယ် ။ အသားဖြူဖြူသွယ်သွယ်
ကောင်လေးတစ်ယောက်ဟ ။ အသက်
ငယ်ငယ်ပဲ ရှိဦးမယ် ။ ငါတော့ မထင်တတ်တော့ဘူး
။ မိငွေ … နင် ဘယ်သူ့ကို ဘယ်လိုရိုက်လိုက်မိလို့လဲ ။”
ခက်ခက်၏စကားကို
မွန်မွန်က ထောက်ခံရင်း သူ့ထင်မြင်ချက်ကို ပေးကာ ကျွန်မကို သေချာအောင် မေးလိုက်ခြင်းဖြစ်သည်
။ ကျွန်မမှာလည်း ဘာဖြေလို့ ဖြေရမှန်း မသိ ။
“ ဘုရားပေးပေး ကျမ်းပေးပေးပါဟယ် ။ ငါ ရိုက်တုန်းက
ရှုခင်းကြီးပါပဲ ။ ဘယ်ကောင်လေးမှ မပါဘူး ။ ဘယ်လိုကဘယ်
လို ပါလာမှန်းကို မသိတာ ။ ငါ့ရဲ့romanticဆန်တဲ့ဓါတ်ပုံလေးတော့
ပျက်ရပါပြီ ။”
ကျွန်မ၏ညည်းတွားသံအဆုံးမှာ
ခက်ခက်က ကင်မရာကိုပြန်တောင်းယူပြီး စောစောကဓါတ်ပုံကို အသေအချာကြည့်ပြန်၏ ။
“ ဟဲ့…ကောင်လေးက ခုခေတ်မဟုတ်ဘူးဟ ။ ၀တ်ပုံစားပုံ
ဆံပင်အနေအထားကြည့်ရတာ ငါတို့အမေတွေခေတ်လောက်
က ထင်တယ် ။ ဒါဆို … ငါ့အထင်တော့ သူက မကျွတ်လွတ်သေးတဲ့ဝိညာဉ်ပဲ
ဖြစ်လိမ့်မယ် ။”
အားလုံးက
ထိုသို့ယူဆမိပြီးသားဖြစ်ပေမဲ့ ပါးစပ်မရဲတာရယ် မယုံရဲတာရယ်ကြောင့် ထုတ်မပြောဝံ့ကြခြင်းဖြစ်သည်
။ ခက်ခက် ကတော့ အားလုံးထက် ပရလောကကို ပိုမိုယုံကြည်တဲ့သူမို့ ထိုသို့သာ ရဲရဲဝံ့ဝံ့ပြောချလိုက်သည်
။ ဒါကိုတောင် ပုံ့ပုံ့က လက် မခံချင်သလို စောဒကတက်သေးသည် ။
“ နင်ကလဲ…သရဲက မင်းသားသရဲမို့လို့ ဓါတ်ပုံဝင်အရိုက်ခံတာလား
။ ငါကတော့ ဓါတ်ပုံထပ်တာလို့ ထင်တာပဲ ။”
ပုံ့ပုံ့၏စကားကို
ဓါတ်ပုံဝါသနာအိုးကျွန်မက ခါးခါးသီးသီးငြင်းပယ်လိုက်သည် ။
“ ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဒစ်ဂျစ်တယ်မှာ
ဓါတ်ပုံထပ်တယ်ဆိုတာ မရှိဘူး ။ နောက်ပြီး ဓါတ်ပုံထပ်တယ်ဆိုတာ
စောစောကရိုက်တဲ့ပုံနဲ့ အခုရိုက်လိုက်တဲ့ပုံ အထဲမှာ
တည်ဆောက်ပုံလွဲမှားပြီး ရှေ့နောက်ပုံတွေ ရောကုန်တာကို ပြော
တာ ။ စောစောက ရိုက်တော့လည်း ဒီကောင်လေး မပြောနဲ့
လူတောင် မပါဘူး ။ ကင်မရာတစ်ခုလုံးမှာ ဒီကောင်လေးနဲ့
တူတာ တစ်ပုံတောင် မပါဘူး မိပုံ့ ။ နင် ဇွတ်မငြင်းနဲ့
။”
ကျွန်မက
ဓါတ်ပုံပညာနှင့် ပတ်သက်နေသည့်ပုံ့ပုံ့စကားကို မဖြစ်နိုင်ကြောင်း အသည်းအသန်ငြင်းတော့
ပုံ့ပုံ့လည်း သို့လော သို့လောနှင့် ငြိမ်ကျသွားသည် ။ အားလုံး၏စကားများကို နားထောင်နေသူမွန်မွန်က
တစ်ခုခုကို အသေအချာအလေးအနက် တွေးနေရာမှ…
“ အေး…ငါလည်း ခက်ခက်ရဲ့စကားကိုပဲ လက်ခံမိတယ် ။
နောက်ပြီး ပုံ့ပုံ့မေးတဲ့မေးခွန်းကိုလည်း ဖြေရှင်းချက် ရှာကြည့်
မိတော့ ဒီလိုလယ်ကွင်းထဲမှာ မကျွတ်မလွတ်ဖြစ်နေတဲ့ဝိညာဉ်ဟာ
သူ ရှိနေကြောင်းကို ဘယ်သူ့ကို ပြောမလဲ ။ သူ့ကို
ကျွတ်လွတ်အောင် အမျှပေးဝေပေးပါလို့ ဘယ်သူ့ကို
တောင်းဆိုမလဲ ။ တောင်းဆိုဖို့လူရှိနေတောင်မှ ပြလို့ မရတဲ့သူ ၊
တောင်းဆိုလို့ မရတဲ့သူ ဖြစ်နေလို့ နေပါလိမ့်မယ်
။ ဒီလိုအချိန်မှာ မိငွေက ဓါတ်ပုံလှမ်းရိုက်လိုက်တယ် ။ သူကလည်း
သူရှိကြောင်း ပြလို့ရနေတဲ့အချိန်နဲ့ သွားပြီးကိုက်ညီနေတော့
သူက ငါတို့ကို ဘုရားမှာ အမျှအတန်းပေးဝေပေးဖို့ အကူ
အညီတောင်းတာဖြစ်ပါလိမ့်မယ်ဟာ ။ ငါတို့ တ၀ဂူကိုရောက်ရင်
သူ့ကို ရည်စူးပြီး အမျှဝေပေးလိုက်ကြတာပေါ့ ။ သနား
ပါတယ် ။ မကောင်းဘူးလား ။”
မွန်မွန်၏စကားကို
ကျွန်မတို့အားလုံး သဘောတူညီလိုက်ကြသည် ။ သွားရင်းလာရင်းဖြင့် သတ္တ၀ါတစ်ခုကို အပန်းကြီးကြီးမား
မားမဟုတ်ဘဲ ကူညီခွင့်ရသွား၍လည်း ကျွန်မရင်ထဲ ကြည်နူးသလိုလို ၀မ်းသာသလိုလိုဖြစ်နေမိသည်
။
“ ဤလမ်းမနဘေး တမာပင်အောက်မှ အုတ်ဂူဖြူလေးတစ်လုံးတွင်
တွယ်ကပ်ငြိနေသော မကျွတ်လွတ်သောပုဂ္ဂိုလ်တစ်ဦး
အား အမျှပေးဝေပါတယ် ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော
သာဓု သာဓု သာဓု…”
အမျှပေးဝေပြီးနောက်
ကျွန်မတို့ တ၀ဂူဘုရားတစ်ဝှိုက်တွင် ဓါတ်ပုံရိုက်ယူကြသည်။ ခပ်လှမ်းလှမ်းမှ ဆည်တော်ကြီးကိုလည်း
အဝေးကနေဆွဲကာ ဓါတ်ပုံရိုက်ယူသည် ။ တ၀ဂူဘုရားသည် မုံရွာသူမိခက်ပြောသလို အမှန်ပင် သာယာလှပကာ
အေးချမ်း ဆိတ်ငြိမ်သော တရားဓမ္မအားထုတ်၍ကောင်းသော နေရာတစ်ခုဖြစ်သည် ။ ဆည်တော်မြင်စေတီတော်မှာလည်း
နေရောင် အောက်တွင် ရွှေရောင်တဖိတ်ဖိတ်နှင့် သပ္ပါယ်ကြည်ညိုဖွယ်ကောင်းလှသည် ။ သို့ပေမဲ့
ကျွန်မတို့က နေ့လယ်ခင်း ထမင်းပြန် စားရဦးမည်ဖြစ်၍ ဘုရား သုတ်သုတ်ဖူး ၊ ဓါတ်ပုံ သုတ်သုတ်ရိုက်ပြီး
ဂျစ်ကားပေါ်တက်ကာ လာလမ်းအတိုင်း ပြန်ခဲ့ကြသည် ။
ခရီးတစ်ခုတွင် အသွားနှင့်အပြန်သည် မတူညီ…။
အသွားတွင် တက်ကြွပျော်ရွှင်နေသလောက် အပြန်၌ နုံးချိချိငြီးစီစီ ကြီး ။ အသွားတွင် တစ်လမ်းလုံး
ဓါတ်ပုံ ရိုက်ထားပြီးဖြစ်၍ အပြန်တွင် ကျွန်မလည်း အလုပ်မရှိ…။ ထိုအခါမှ ကားဆောင့်တာ
ဖုန်ထူတာကို ကျွန်မ ကောင်းကောင်းကြီး သတိထားမိ ခံစားမိတော့သည် ။
အလုပ်မရှိဘဲ မနေတတ်သည့်ကျွန်မ ဓါတ်ပုံရိုက်စရာ
မရှိတော့သည့်အခါ ဓါတ်ပုံတွေကို အစကနေ ပြန်ကြည့်သည် ။ သည်တစ်ခါတော့ ပါးစပ်က အမျိုးမျိုးပြောပြီး
ကိုယ့်ဓါတ်ပုံတွေကိုယ် မချီးကျူးတော့ ။ တစ်ပုံချင်းသာ အသေအချာကြည့်နေမိ ၏ ။
“ ဟယ်တော်…ထူးဆန်းလိုက်တာ ။”
ကျွန်မ
ပြောလည်းပြော ၊ သူငယ်ချင်းတွေဆီကိုလည်း ကင်မရာကို ကမ်းပေးလိုက်မိသည် ။ သူငယ်ချင်းတွေကလည်း
ဘာ များ ထပ်တွေ့သလဲဟုတွေးကာ အသည်းအသန်ကြည့်ကြသည် ။
ပုံမှန်သာဆိုလျှင် မိန်းမစုတ် ဘာမှမဟုတ်ဘဲ လာနောက်နေပြန်ပြီ
။ ဒီအုတ်ဂူတစ်လုံး တမာပင်အောက်မှာ ရှိနေတာ ထူး ဆန်းသလားဟု အော်ငေါက်လွှတ်ကြမည်သာ ။ ယခုတော့
မူလဓါတ်ပုံကို သူတို့မြင်တွေ့ဖူးပြီးသားဖြစ်၍ ယခုဓါတ်ပုံကို မြင် တော့ သူတို့ပါ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်
။ အမေးအမြန်းထူသောပုံ့ပုံ့က ဓါတ်ပုံကို တအံ့တသြလက်ညှိုးထိုးပြီး…
“ ဘယ်…ဘယ်ရောက်သွားလဲ စောစောက လူပုံ ။”
ကျွန်မက
မသိဟူသောသဘောဖြင့် ပုခုံးတွန့်ပြလိုက်မိသည် ။ ခက်ခက်ကတော့ တုန်ရီဝမ်းသာသောအသံလေးဖြင့်…
“ သူ ကျွတ်လွတ်သွားပြီ ထင်တယ် ။”
ဟု
ဆို၏ ။
(၃)ယောက်သား ဇဝေဇ၀ါနှင့် ဓါတ်ပုံကို ခေါင်းချင်းဆိုင်ကာ
ဝိုင်းအုံကြည့်နေကြစဉ် ကျွန်မတို့ဂျစ်ကားလေးမှာ ထိုတမာ ပင်အောက်မှ အုတ်ဂူလေးနံဘေးသို့
ရောက်ရှိလာသည် ။ ထိုအုတ်ဂူလေးသည် ကျွန်မ စိတ်ကူးယဉ်သကဲ့သို့ ကောင်မလေး တစ်ယောက်၏အုတ်ဂူ
မဟုတ်ဘဲ ကောင်လေးတစ်ယောက်၏အုတ်ဂူများလား ။ ဒါမှမဟုတ် ကောင်မလေး၏အုတ်ဂူဖြစ်သော် လည်း
ကောင်မလေး၏၀ိညာဉ်က ကျွတ်လွတ်သွားပြီဖြစ်ပြီး ကောင်မလေး၏ချစ်သူကောင်လေးခမျာ ကောင်မလေးများ
ပြန် လာလေဦးမလားဟူသောအတွေးနှင့် အုတ်ဂူလေးအနားမှာ တ၀ဲလည်လည်ဖြစ်နေလေသလား ။ ကျွန်မ
အတွေးပေါင်းစုံဖြင့် ကျန်ရစ်ခဲ့ပြီဖြစ်သော-အုတ်ဂူဖြူလေးကို လှမ်းငေးကြည့်လိုက်မိသည်
။
“ ဟင်…”
အုတ်ဂူပေါ်တွင်
မှိုင်တွေငေးမောလျက်ထိုင်နေသော-မိန်းမတစ်ယောက်ပုံစံပုံရိပ်တစ်ခုကို ကျွန်မ ဝေေ၀၀ါးဝါးနှင့်
မြင်တွေ့ လိုက်ရသလို ။ အို…ကျွန်မ စိတ်ထင်၍ပင် ဖြစ်ပါလိမ့်မည် ။
စေတနာရှေ့ထားလျက်…
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။