( မေလ 13ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်ပါသည် )
သိပ္ပံပညာရှင်ဝီလ်က
အကြိုဇရာရောဂါ(Alzheimer’s disease) ကုသဆေးကို ချင်ပန်ဇီမျောက်တွေအပေါ် စမ်းသပ်ရင်း
တီထွင်နိုင်ခဲ့ပါတယ် ။ အသိဥာဏ်မြင့်မားမှုကို ထက်မြက်တဲ့လုပ်ရပ်တွေနဲ့ ပြသရုံတင်မကဘူး
။ ဆေးအာနိသင်ကြောင့် တောက်ပပ မျက်ဝန်းတွေကိုပါ ပိုင်ဆိုင်နေတဲ့ “Bright Eyes”လို့ အမည်ရတဲ့-ချင်ပန်ဇီမျောက်မလေးက
အကြီးမားဆုံးသက်သေပါပဲ ။ ဒီစမ်းသပ် ချက်အထောက်အထားတွေကို ဒါရိုက်တာဘုတ်အဖွဲ့ရှေ့ ချပြဖို့
ကြိုးစားတဲ့နေ့မှာပဲ ပြဿနာတွေ စတင်ခဲ့ပါရော ။ ဘယ်လိုတွေဖြစ် သွားရတာလဲ ။ သိပ်မကြာခင်ကအထိ
တည်တည်ငြိမ်ငြိမ်ရှိခဲ့တဲ့ “Bright Eyes”ဟာ အဲဒီနေ့မှာတော့ တကယ့်ကို အထိန်းအကွပ်မဲ့
။ စမ်းသပ်ခန်းတစ်ခုလုံး ယောက်ယက်ခတ် ချောက်ချားသွားစေတဲ့အထိ အန္တရာယ်ပေးတော့မတတ် သောင်းကြမ်းနေတဲ့အတွက်
လုံခြုံရေးတွေက ပစ်ခတ်ဖမ်းဆီးလိုက်ကြတယ် ။ ဝီလ်ခမျာလည်း တားဆီးချိန် မရလိုက်ရှာဘူး
။
အဖြစ်မှန်ကို
သိလိုက်ရတဲ့အခါ တကယ့်ကို စိတ်မကောင်းစရာ ။ “Bright Eyes” ရုတ်တရက်ပြောင်းလဲသွားရခြင်းကတော့
သူမရဲ့ရင်သွေးလေးကြောင့်ပါ ။ ထိန်းသိမ်းသူရဲ့ပေါ့ဆမှုကြောင့် ကလေးမွေးခါစ-မိခင်တစ်ယောက်ရဲ့ဘဝကို
နားမလည်နိုင်ဖြစ်ပြီး အထင်အမြင်လွဲ ၊ ပစ်သတ်မိခဲ့တဲ့ဖြစ်ရပ် ။ မိခင်မဲ့ရင်သွေးလေးရဲ့ဘဝကို
ဝီလ်ကပဲ တာဝန်ယူလိုက်ရတယ် ။ ဒါဟာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်လာမယ့် ဆီဇာရဲ့ဘဝနိဒါန်းဆိုရင်လည်း
မမှားပါဘူး ။ ချင်ပန်ဇီမျောက်ကလေး-ဆီဇာက မိခင်ရဲ့သိပ္ပံဗီဇကို အမွေဆက်ဆံထားသူပါ ။ တောက်ပပမျက်လုံးတွေက
အသိဥာဏ်ကြီးမားမှုကို ဖော်ပြနေပါတယ် ။ ဒါကို သတိထားမိတဲ့ဝီလ်က ဆီဇာ့ကို လူသားတစ်ယောက်နည်းတူ
သင်ကြားပေးခဲ့တယ် ။ သားတစ်ယောက်လိုလည်း စောင့်ရှောက်ခဲ့တယ် ။
အသိဥာဏ်ကြီးမားမှုနဲ့အတူ
တွဲယှက်ပါဝင်လာမှာကတော့ စဉ်းစားတွေးခေါ်မှုပေါ့ ။ ဆီဇာဟာလည်း သာမညချင်ပန်ဇီ တစ်ကောင်မဟုတ်တဲ့အတွက်
အရွယ်ရောက်လာတာနဲ့အမျှ စဉ်းစားတွေးခေါ်မှုတွေ မြင့်မားလာတယ် ။ တစ်နေ့…ဝီလ်က ဆီဇာ့ကို
သစ်တောအုပ်တွေဆီ အလည်ခေါ်သွားခဲ့တယ် ။ ငယ်ငယ်ကတည်းက ဒီလိုပဲ အတူတကွ ပျော်ပွဲစားထွက်လာနေကျဖြစ်ပေမဲ့
အရွယ်ရောက်လာသူ-ဆီဇာ့အဖို့တော့ ကလေးတုန်းကနဲ့ မတူတော့ပါဘူး ။ သူ့ဘဝက ဘာလဲ ။ ဒီကိစ္စနဲ့
ပတ်သက်ပြီး မေးခွန်းထုတ် ခဲ့တယ် ။ ဒီအခါ ဝီလ်က (မိခင်-မျောက်မကြီး သေဆုံးသွားပုံကနေ
အစချီပြီး သိပ္ပံပညာကြောင့် ဥာဏ်ရည်မြင့်နေရကြောင်းအထိ ) ဖြစ်ပျက်ခဲ့သမျှအလုံးစုံကို
ပြောပြလိုက်တာကြောင့် ပဋိပက္ခအတွေးတွေကြားမှာ ဆီဇာ ပိတ်မိသွားခဲ့ပါပြီ ။
ဝီလ်ရဲ့ဖခင်က အကြိုဇရာရောဂါ(Alzheimer)
ခံစားနေရသူပါ ။ ဝီလ်က ဆေးနည်းသစ်ကို ရှာတွေ့ခဲ့ပေမဲ့ အချိန်ကြာလာ တဲ့အခါမှာ ရောဂါက
ဆေးမတိုးတော့ပါဘူး ။ အဲဒီအချိန် ဝီလ်ကလည်း အိမ်မှာ မရှိ ။ ရောဂါကြောင့် ဆင်ခြင်တုံမဲ့နေတဲ့
အဘိုးအိုက အိမ်နီးချင်းရဲ့ကားကို သွားမောင်းမိတယ် ။ ဒေါသကြီးတဲ့အိမ်နီးချင်းယောက်ျားက
အဘိုးအိုအပေါ် မိုက်ရိုင်းစော်ကားတဲ့အခါ ဆီဇာ ပေါက်ကွဲပါပြီ ။ ငါ့အဖေကို ဒီလိုဆက်ဆံရမလား…ဆိုတဲ့
သားတစ်ယောက်ရဲ့ခံစားချက်နဲ့ ရန်မူခဲ့တာဖြစ်ပေမဲ့ ဒါကို ဘယ်သူက နားလည်ပေးမှာလဲ ။ တိရစ္ဆာန်တစ်ကောင်ရဲ့အရိုင်းဆန်မှုကြောင့်
ပတ်ဝန်းကျင်ကလူတွေ ကြောက်ရွံ့သွားတဲ့အခါ ပြဿနာတွေက ကြီးထွားလာခဲ့ပါတယ် ။
ဝီလ်က မလုပ်ချင်ပေမဲ့
လုပ်မှဖြစ်တော့မယ့်အခြေအနေ ။ လူ့အသိုင်းအဝိုင်းက ဆန့်ကျင်တဲ့အတွက် ဆီဇာ့ကို တိရစ္ဆာန်
ထိန်းသိမ်းရေးဌာနဆီ လွှဲပြောင်းပေးလိုက်ရပြီလေ ။ အိမ်ပြန်ခွင့်မရတော့ဘူးလို့ သိလိုက်ရတဲ့အခါ
အကြီးအကျယ်ဗျာပါဒပွေသူက ဆီဇာ ။ ချန်ထားရစ်ခဲ့တဲ့-ဝီလ့်အပေါ် စိတ်နာသလို လူတစ်ယောက်အတိုင်း
ကြီးပြင်းခဲ့တာကြောင့် တိရစ္ဆာန်လို ဆက်ဆံခံရတဲ့အခါ စိတ်ထိခိုက်ရှာတယ် ။ ဒီကြားထဲ ထိန်းသိမ်းရေးဝန်ထမ်းတစ်ဦးရဲ့ရက်စက်ညှင်းဆဲမှုကိုလည်း
ဆီဇာ့ခမျာ အလူးအလဲခံနေရရဲ့ ။ ဝီလ်ကလည်း ဆီဇာ့ကို ပြန်ခေါ်ခွင့်ရအောင် အပူတပြင်းကြိုးစားနေတာပါ
။ ဒါပေမဲ့ အသိဥာဏ်ရှိစေဦးတော့…တိရစ္ဆာန်တစ်ကောင် ကို လူသားတစ်ယောက်လို ရှင်သန်ဖို့အတွက်
လူ့ဘောင်စည်းမျဉ်းသတ်မှတ်ချက်တွေက အသိအမှတ်မပြုခဲ့ကြပါဘူး ။
သည်းထိတ်ရင်ဖိုအဖြစ်ဆုံး-ဇာတ်ဝင်ခန်းကတော့
ဆီဇာနဲ့ အခြားမျောက်တွေရဲ့အာဏာလုပွဲပါပဲ ။ လူသားလို ပြုမူနေတဲ့ ဆီဇာ့ကို ထိန်းသိမ်းရေးဌာနမှာ
ရောက်နှင့်နေတဲ့-မျောက်တွေက ကြည့်မရတာကြောင့် ရန်လုပ်ခဲ့ကြတယ် ။ အစပိုင်းမှာ အင်အားမမျှ
လို့ ကျရှုံးခဲ့ပေမဲ့ ဥာဏ်ရည်မြင့်မားမှုကြောင့် သိပ်မကြာခင်မှာပဲ ခေါင်းဆောင်ဖြစ်လာတဲ့ဆီဇာက
အားလုံး လွတ်မြောက်ဖို့အတွက် အကြံထုတ်နေခဲ့တယ် ။ ဒီအချိန်မှာ ဝီလ်ကတော့ ဖခင်ကို လက်လွတ်ဆုံးရှုံးလိုက်ရပါပြီ
။ အဖေဖြစ်သူ သေဆုံးသွားတဲ့အခါ ဝီလ် ဟာ နောက်မိသားစုဝင်တစ်ဦးကိုပါ ဆုံးရှုံးရမှာကြောက်တဲ့အတွက်
ထိန်းသိမ်းရေးဌာနကို လာဘ်ထိုးပြီး ပြန်ခေါ်ခွင့်ရအောင် ကြိုးစားခဲ့ပေမဲ့ ဆီဇာက ပြန်မလိုက်တော့ပါဘူး
။ သူ့စိတ်ထဲမှာ မျိုးနွယ်တူတွေ လွတ်မြောက်ဖို့အရေးက ကြီးစိုးသွားခဲ့ပြီလေ ။
မျောက်တွေက လူတွေနဲ့မတူဘူး
။ ဆင်ခြင်ဥာဏ်နည်းပြီး မိုက်မဲကြတယ် ။ ဒီအချက်ကို သိမြင်သွားတဲ့ဆီဇာက သူ့လို အသိဥာဏ်ရှိမှ
ထိန်းချုပ်ကွပ်ကဲလို့ရမယ်ဆိုတာကို သဘောပေါက်သွားတဲ့အတွက် ဝီလ်ဆီကနေ တိတ်တဆိတ်ယူလာတဲ့ဆေးဘူး
တွေကို အသုံးချလိုက်တယ် ။ ဆေးဘူးတွေရဲ့ကျေးဇူးကြောင့် မျောက်တွေဟာ နောက်တစ်နေ့ မိုးသောက်ချိန်မှာတော့
ထူးထူးခြား ခြားတည်ငြိမ်သွားကြပါပြီ ။ ထိန်းသိမ်းရေးဌာန-တာဝန်ခံကြီးကိုယ်တိုင် အံ့သြသွားရလောက်အောင်
ငြိမ်သက်စည်းလုံးနေတဲ့မျောက် တွေက ဆီဇာရဲ့အမိန့်ကို စောင့်ဆိုင်းနေကြတာပါ ။ လွတ်မြောက်ဖို့အတွက်
ဆီဇာ ဘာတွေ ကြံစည်တော့မှာလဲ ။
ဆီဇာက ဒီမှာရှိတဲ့မျောက်တွေသာမက
တစ်မြို့လုံးမှာ အချုပ်ကျနေသမျှမျောက်တွေရဲ့လွတ်မြောက်ရေးအထိ စဉ်းစား ထားခဲ့တာပါ ။
မျောက်တွေရဲ့ခွန်အားနဲ့ လျင်မြန်ဖျတ်လတ်မှုကို အသိဥာဏ်တရား ဦးစီးသွားတဲ့အခါမှာတော့
သူတို့အားလုံးရဲ့ လွတ်မြောက်ရေးက မခက်ခဲတော့ပါဘူး ။ ဆီဇာ ဦးဆောင်တဲ့ ထိန်းသိမ်းရေးဌာနက
မျောက်တွေရဲ့ကြိုးပမ်းမှုကြောင့် သိပ္ပံစမ်းသပ် ခန်းက မျောက်တွေ ၊ တိရစ္ဆာန်ရုံက မျောက်တွေအားလုံး
လွတ်မြောက်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ရည်စူးထားတဲ့ပန်းတိုင်ကို မရောက် သေးခင်မှာ ရဲတွေက
ပိတ်ကျပ်နှိမ်နင်းဖို့ ကြိုးစားကြတဲ့အခါ … ။
ဘယ်သူက ရက်စက်သူ အစစ်အမှန်လဲဆိုတာ
စဉ်းစားရခက်လောက်အောင်ပေါ့ ။ လူတွေလား…မျောက်တွေလား…။ တစ်ဖက်ကလည်း လူတွေရဲ့အသက် အန
္တရာယ်ကို ကာကွယ်ဖို့အတွက် နှိမ်နင်းဖို့ ကြိုးပမ်းသူတွေ ။ တစ်ဖက်မှာလည်း ဖိနှိပ်မှုတွေ
ကနေ လွတ်လပ်ခြင်းဆီပျံသန်းဖို့ ရုန်းထွက်နေသူတွေ ။ အပြန်အလှန်ဖြစ်ပွားနေတဲ့ ဒီပဋိပက္ခတွေကြားမှာ
ဝီလ်ကတော့ ဆီဇာ အတွက် စိုးရိမ်နေခဲ့တယ် ။ ဒါပေမဲ့ ဇာတ်သိမ်းကတော့ မျှော်လင့်ထားသလိုမဟုတ်ပါဘူး
။ ဒါပေမဲ့ ပျော်စရာတစ်မျိုးကောင်းတဲ့-အဆုံးသတ်ပါပဲ ။ ဝီလ်က လိုက်ခေါ်ပေမဲ့ ဆီဇာက ငြင်းဆန်လိုက်ပါပြီ
။ မျိုးတူတွေနဲ့ပဲ နေဖို့ ဆုံးဖြတ်ထားတဲ့-ဆီဇာက နှုတ်ဆက် စကားပြောပြီး မျောက်တွေနဲ့အတူ
တောအုပ်ထဲက သစ်ပင်တွေပေါ် တက်ရောက်သွားပုံနဲ့ အဆုံးသတ်ထားပါတယ် ။
ဒီဇာတ်လမ်းမှာ ဆီဇာက
သာမန်မျောက်တွေထက် ထူးထူးခြားခြားအသိဥာဏ်မြင့်မားရုံသာမက နောက်ဆုံးမှာ လူလိုပါ စကားပြောတတ်သွားတယ်လို့
ဖန်တီးလိုက်ခြင်းဟာ သိပ္ပံပညာရဲ့ဆန်းကြယ်မှုအပေါ် အစွမ်းကုန်စိတ်ကူးကွန့်မြူးထားတာလို့
ယူဆ ရမလား ။ ဒီနေရာမှာ ချားလ်စ်ဒါဝင်ရဲ့သီအိုရီကို သတိရမိရဲ့ ။ ဒါဝင်(Charles
Darwin)ရဲ့နာမည်ကြီးအယူအဆကတော့ လူသည် မျောက်(ape=လူဝံ/မျောက်ဝံ)က
ဆင်းသက်လာတာပါ-တဲ့ ။ ဒါကို ဘာသာရေးသမားအချို့က လက်မခံခဲ့ကြပါဘူး ။ ပညာရှင်တွေ ကတော့
လက်ခံသူ ရှိသလို လက်မခံသူလည်း ရှိနေဆဲပါပဲ ။ ထိုအယူအဆနဲ့ဆက်နွယ်တဲ့စာအုပ် ထွက်ရှိချိန်(၁၈၇၁-ဝန်းကျင်)က
တော့ ပွက်ပွက်ညံတဲ့အထိ ငြင်းခုန်ခဲ့ကြတယ် ။
ဘာပဲဖြစ်ဖြစ်ပါ…အသိဥာဏ်ရည်မြင့်မားတဲ့
မျောက်(လူဝံ)မျိုးနွယ်ကို ပွဲထုတ်ရိုက်ကူးထားတဲ့ရုပ်ရှင်ကား အများအပြားရှိတဲ့ အနက်က
သိပ္ပံပညာနဲ့ ပေါင်းစပ်သရုပ်ဖော်ပြသွားတဲ့ ဒီရုပ်ရှင်ကတော့ လက်ဖျားခါလောက်အောင်ပါပဲ
။ ဇာတ်ကားနာမည်က “Rise of the planet of
the apes”ပါ ။ (2011)မှာ ထွက်ရှိခဲ့ပြီး
နာမည်ကြီးတဲ့ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းထဲက ဇာတ်ဆောင်-ဆီဇာ့ရဲ့သရုပ်ဆောင်မှုတွေက
ကြည့်ရှုသူတွေရဲ့ရင်ကို ထိရှခံစားရစေမှာ အသေအချာ ။ မိခင်မဲ့နေတဲ့အတွက် မွေးစားသူ-ဝီလ်အပေါ်မှာ
အစ်ကိုတစ်ယောက်လို တွယ်တာပုံ ၊ ကလေးဘဝမှာ လူသားလေးတွေကို ခင်မင်ချင်ပုံ ၊ တောတောင်ကို
ချစ်ခင်နှစ်သက်ပုံ ၊ မိသားစုဝင်ကို ထိပါးလာတဲ့အခါ ရွပ်ရွပ်ချွံချွံရန်ပြုပုံ ၊ အဖမ်းခံနေရချိန်မှာ
မိဘကို သတိရပုံ ၊ နောက်ဆုံး…အချုပ် အနှောင်ကနေ အသိဥာဏ်ရှိရှိ ဖောက်ထွက်ပုံတွေကို သဘာဝကျကျ
ထိထိရှရှတွေ့မြင်ရမှာပါ ။ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ ဖြစ်ပေမဲ့ ဆီဇာ့ကို တကယ့်ချင်ပန်ဇီတစ်ကောင်အလား
ခံစားမိအောင် ဖန်တီးထားပုံကလည်း နှစ်သက်ချီးကျူးချင်စရာပါပဲ ။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ
အသိဥာဏ်မဲ့လူသားတွေ ရှင်သန်နေနိုင်သလို အသိဥာဏ်ရှိတဲ့တိရစ္ဆာန်တွေလည်း ရှင်သန်နေ နိုင်ပါတယ်
။ အသိဥာဏ်မဲ့လူသားတွေက ကောက်ကျစ်ဆိုးရွားမှုတွေကို ဆောင်ရွက်နေချိန်မှာ အသိဥာဏ်ရှိတဲ့တိရစ္ဆာန်တွေက
လူသားတွေကို အသံနဲ့ဖြစ်စေ ၊ ကိုယ်ကာယနဲ့ဖြစ်စေ ၊ သွယ်ဝိုက်လို့ဖြစ်စေ ကျေးဇူးပြုနေကြတယ်
။ ခမ်းနားတဲ့-လောဘအတွက် တွေးဆတတ်လာတဲ့အခါ တစ်ခါတစ်ရံမှာ အသိဥာဏ်ဆိုတဲ့အရာဟာ ကျိန်စာသင့်ခြင်းတစ်မျိုးလား
။ ဟုတ်တယ်လေ … သာမန် တိရစ္ဆာန်တစ်ကောင်ဟာ စားသောက်မယ် ၊ ပျော်ပါးမယ် ။ ဒီလောက်ပဲ တွေးတတ်လိမ့်မယ်
။ ဒါပေမဲ့ လူတစ်ယောက်လို အသိရှိတဲ့ ဆီဇာကတော့ သူ့ဘဝအခြေအနေကို တွေးတောရာကနေ သူ့မျိုးနွယ်ဝင်တွေ
လွတ်မြောက်ဖို့အရေး ကြံစည်စိတ်ကူးတဲ့အထိ မြင့်မား တဲ့ဥာဏ်ရည်ကို အသုံးချသွားခဲ့တယ်
။ ရုပ်ရှင်ရဲ့ ဦးတည်ချက်က အမျိုးမျိုးတွေးချင်စရာ…။
(၁)-မျောက်တွေအကြောင်း ၊ (၂)-သိပ္ပံပညာ/ဆေးပညာအကြောင်း
၊ (၃)-မိသားစုအကြောင်း ၊ (၄)-ကိုယ့်အမျိုးအနွယ် လွတ်မြောက်ရေးအကြောင်း ၊ (၅)-တစ်ခါတလေမှာ
အမှန်တရားက လက်တစ်ဖက်လိုပဲ … သူ့ဘက်ကကြည့်ရင် လက်ဖမိုးဖြစ်ပြီး ကိုယ့်ဘက်ကကြည့်တဲ့အခါ
လက်ဖဝါးဖြစ်နေတာမျိုး ။ လက်တစ်ဖက်တည်းဖြစ်ပါလျက်နဲ့ ဘယ်လိုမှညှိနှိုင်းမရတဲ့ အမှန်တရားတွေ
အကြောင်း ။
ဒီဇာတ်လမ်းမှာ သိပ္ပံပညာကူထားတဲ့
ချင်ပန်ဇီတစ်ကောင်ရဲ့ဥာဏ်ရည်မြင့်မားမှုကို တင်ပြလိုခြင်းက အဓိကရည်ရွယ်ချက် လို့ ထင်ပါတယ်
။ ဒါပေမဲ့ ဝါသနာပါသူတွေအဖို့တော့ ဒီရုပ်ရှင်ကိုကြည့်ပြီး ဆက်မိဆက်ရာအကြောင်းအရာတွေကို
ကိုယ်သန်သလို ဆက်စပ်တွေးတောမိလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ စိတ်ဝင်စားဖို့ကောင်းပြီး
မေတ္တာတရားနဲ့ သိပ္ပံပညာရဲ့ဆန်းကြယ်မှုကို ဇောင်း ပေးလို့ ခပ်သွက်သွက် တင်ဆက်သွားပုံကြောင့်လည်း
အစအဆုံး ကြည့်ချင်စရာရုပ်ရှင်တစ်ကားဖြစ်တဲ့အတွက် မှတ်တမ်းတင်ရင်း ပြောပြလိုက်ရပါပြီ
။
ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ
…
စေတနာရှေ့ထားလျက်...
ဂါဦးနွန်းကို
www.facebook.com/writer.GONK pageမှာ ဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ် ။