( ၂၀၁၇ ဇွန်လထုတ် သည်းထိတ်ရင်ဖိုမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
“မြတ်နု” ဆလင်းဘတ်အိတ်ကို ပိုက်ထားမိလေသလား…လွယ်ထားမိလေသလား…ထိုစဉ်က
သတိမရနိုင် ။ လိုင်း ကားစီးသူတို့၏သဘာဝအတိုင်း စီးရမည့်ကား ရပ်သည်နှင့် ရှောင်လင်သိုင်းသမားလို
လှစ်ခနဲပြေးတက်လာခဲ့လိုက်သည် ။ စပယ်ယာကလည်း စိတ်ရှည်သည်းခံတတ်ပုံမရ ။ မြတ်နု ကားခြေတင်ခုံပေါ်
ခြေချမိရုံရှိသေး…
“ မောင်း…ဆရာရေ…”
ဟူ၍
ကြုံးအော်လိုက်လေ၏ ။ ၄၃expressကားကြီးက ကားဂိတ်မှနေ တရွေ့ရွေ့ထွက်ခွာလာပြီ ။ ကားအမိုးနားကပ်နေ
သည့်-လက်တန်းကို မမီတမီလှမ်းကိုင်ရင်း ရွေ့လျားစပြုနေပြီဖြစ်သော-ကားပေါ်မှာ မြတ်နု အသားကျအောင်
ကြိုးစား လိုက်ရသည် ။
မြတ်နုက မြောက်ဥက္ကလာသူပါ ။ ခြောက်ကွေ့ဆိုသည့်
လူစည်ကားရာရပ်ဝန်းမှာ နေထိုင်နေရသူပီပီ ပတ်ဝန်းကျင်၏ သတင်းအစုံကို ကြားဖူးနားဝတော့ရှိသည်
။ အထူးသဖြင့် လိုင်းကားစီးခြင်းနှင့်ပတ်သက်လာလျှင် မြတ်နုက အတွေ့အကြုံ စုံသည်ဟုဆိုရမည်
။ ဟုတ်သည် ။ မြတ်နု၏ဘဝက ကုမ္ပဏီဝန်ထမ်း,လူလတ်တန်းစားဖြစ်၍ ကိုယ်ပိုင်ကား တဝီဝီစီးနိုင်
ရန်မှာ မလွယ်ကူ ။ သည်တော့…အများပြည်သူနည်းတူ လိုင်းကားဆိုသည့်အရာကို တိုးဝှေ့ကာ စီးရပြီပေါ့
။ အမြဲတမ်း စီး နေရ၍လည်း ယခင်က မတွေ့ဖူးသည်များ ၊ ယခင်က မကြုံဖူးသည်များကို အံ့သြဘနန်း
တွေ့ကြုံဖူးခဲ့သည် ။
လိုင်းကားဆိုသည်က လူပေါင်းစုံ စီးနင်းလိုက်ပါသော
အများပိုင်ကားတစ်မျိုးမဟုတ်ပါလား ။ လိုင်းကားပေါ်မှာ ကျိကျိ တက်-ဘောစိကြီး ပါလာဖို့ရာ
မသေချာပေမဲ့ ကလေကချေပေါက်လွှတ်ပဲစားတွေ ပါလာနိုင်သည်ကတော့ ၉၉ရာခိုင်နှုန်း မက သေချာ၏
။ သူတော်ကောင်းပုဂ္ဂိုလ်မြတ်များ ပါလာနိုင်သလို သူယုတ်မာအကြံသမားတွေ စီးနင်းလိုက်ပါနိုင်သည်
။ ဒါကိုတော့ မြတ်နုအနေဖြင့် သေချာပေါက်သတိပြုမိရမည် ။ သတိပြုမိဖို့လိုသည် ။ သတိမထားမိလျှင်
ပါသွားလိမ့်မည် ။
မြတ်နုက လိုင်းကားအတွေ့အကြုံ နှံ့စပ်ပြည့်စုံသည်ဟု
ဆိုခဲ့ခြင်းမှာလည်း အကြောင်းရှိပါ၏ ။ လူလည်အကြံသမားကို သတိမထားမိသဖြင့် မိအေး-နှစ်ခါနာ
ဖြစ်ခဲ့ဖူးသည်ပဲကိုး ။ မြတ်နုဘဝ ဆိုးလှပါသည်ဟု ငိုချင်းညည်းရမလို ။ အများနည်း တူ သုံးချင်လွန်း၍
ရှိစုမဲ့စုလစာလေးဖြင့် စုဆောင်းဝယ်ယူထားသော ဟန်းဖုန်းကို ခါးပိုက်နှိုက်က နှိုက်သွားခဲ့သည်
။ တစ် ကြိမ်တစ်ခါတည်းလည်း မဟုတ် ၊ နှစ်ကြိမ်နှစ်ခါတိတိ ။ သည်တော့…လိုင်းကား၏သဘာဝကို
မြတ်နု အနည်းအပါးတော့ သဘောပေါက်လာခဲ့ပြီ ။ သတိထားတတ်လာပါပြီ ။
“ ညီမရေ…ဒီမှာ လာထိုင်လေ ။”
မတ်တပ်ရပ်သူ
မရှိသလောက်ဖြစ်သည့် ချောင်ချိချိကားပေါ်မှာ ရပ်နေသူ-မြတ်နုကို အန်တီကြီးတစ်ယောက်က လှမ်းခေါ်
သည် ။ သူမနှင့်တစ်ယောက်ကျော်မှာ နေရာလပ်နေသဖြင့် လာထိုင်ရန်ဆိုလိုခြင်းဖြစ်၏ ။ အန်တီကြီးက
လက်ယက်လှမ်း ခေါ်နေသောကြောင့်သာ အားနာပါးနာဖြင့် မြတ်နု ဝင်ထိုင်လိုက်ရသည် ။ ထိုင်တော့
မထိုင်ချင် ။ ထိုင်ခုံက သက်တောင့် သက်သာ မရှိ ။
မြန်မာနိုင်ငံရှိ အထူးကားမဟုတ်သော ရိုးရိုးလိုင်းကားတို့၏ထုံးစံအတိုင်း
မူလပါ-ထိုင်ခုံများကို ဖြုတ်ကာ သစ်သားခုံ တန်းများကို ကားနံရံတွင် တဖြောင့်တည်းတပ်ဆင်ထားခြင်းဖြစ်သည်
။ ထိုင်ရသူမှာ ကိုင်စရာမရှိ ၊ ခြေထောက်တင်စရာ မရှိ ။ အရပ်ပုသူတို့အဖို့ အလိုလိုနေရင်း
အောက်ခြေလွတ်ရပြီ ။ တခြားခရီးသည်များနှင့်ယှဉ်သော် မြတ်နု၏နေရာက ကံ ကောင်းပါသေးသည်
။ ဘယ်ဘက်ခြမ်းလည်းဖြစ် ၊ အစွန်ဆုံးလည်းဖြစ်၍ နံဘေးရှိ ဘုန်းကြီးများအတွက် ရည်စူးထားရှိ
သော လက်ကျန်ဆိုဖာထိုင်ခုံ၏နောက်မှီကို အားပြုဆွဲကိုင်ထားနိုင်သဖြင့် တော်သေးသည်ဟုဆိုရမည်
။ ထိုကဲ့သို့ အော်ရ ဂျင်နယ်ဆိုဖာထိုင်ခုံက တစ်ကားလုံးမှာမှ (နှစ်ယောက်ထိုင်)နှစ်ခုံတည်း
ရှိသည်ပဲလေ ။
ကားက အစပိုင်းတွင် အလောသုံးဆယ်နိုင်သလောက်
အဝိုင်းနားသို့ ရောက်သည့်အခါ၌ တဖြည်းဖြည်း နှေးနှေးလာ သည် ။ ပြိုင်စရာလိုင်းကား ရှားသွားလို့ဖြစ်မယ်ဟု
မြတ်နု တွေးမိသည် ။ အဝိုင်းမှတ်တိုင်တွင် အကြာကြီးရပ်ကာ လူစောင့် နေ၏ ။ မြတ်နုလည်း
အရေးကြီးကိစ္စ မရှိသဖြင့် ခပ်အေးအေးပင် နေမိသည် ။ ဟိုဟိုသည်သည်ငေးကာ တွေးချင်ရာတွေး
နေမိသည် ။ သတိလက်လွတ်ဖြင့် အပြင်သို့ ငေးကြည့်နေစဉ်မှာပဲ တစ်စုံတစ်ခုကို တွေးလိုက်မိ၍
လူက ပြာသွားသည် ။
“ ဟယ်တော်…”
အာမေဋိတ်သံခပ်တိုးတိုးက
မြတ်နု၏နှုတ်မှ ထွက်ကျသွားသည် ။ ချက်ချင်းပဲ ရော့ရဲရဲလွယ်ထားမိသော-ဆလင်းဘတ် အိတ်ကို
ပေါင်ပေါ်သို့ ဆွဲတင်လိုက်မိ၏ ။
- တော်သေးပါရဲ့ ။ ဘာမှပါမသွားသေးလို့…
အိတ်ကို
မသိမသာဖွင့်၊ ဖုန်းဆက်မလိုလိုဘာလိုလိုလုပ်ရင်း ပစ္စည်းစုံ/မစုံစစ်အပြီးကျမှပဲ လူမသိအောင်
သက်ပြင်းရှည်ကြီး ချရင်း စိတ်သက်သာသွားရသည်
။ စောစောက မြတ်နု မေ့မေ့လျော့လျော့နေလိုက်မိသည်မဟုတ်လား ။
မနေ့ညက ကြားခဲ့ရသည့် ညီမလေး၏စကားများကို သတိရမိလိုက်၍
ယခုလို ပြိုးပြိုးပြာပြာဖြစ်သွားရခြင်းဖြစ်သည် ။ ယခုရက်ပိုင်း ခါးသမားတွေ သောင်းကြမ်းနေသတဲ့
။ စပယ်ယာအချင်းချင်း ပြောနေသည့်သတင်း ။ ထိုအကြောင်းကို သူ က ကြားပြီး အစ်မဖြစ်သူ-မြတ်နုကို
စိတ်ပူကာ သတိပေးစကားပြောခဲ့ခြင်းဖြစ်သည် ။ သူ ပူလျှင်လည်း ပူချင်စရာ ။ သူ့မမ မြတ်နုကလည်း
မေ့,မေ့တတ်သူပဲကိုး ။ သည်တစ်ခါတော့ အပါမခံနိုင် ။ ဟန်းဖုန်းအသစ်လည်း ထပ်မဝယ်နိုင်တော့သဖြင့်
ဆလင်းဘတ်အိတ်ကို ရင်ခွင်ထဲမှာ ကျစ်ကျစ်ပါအောင် ပိုက်ထားလိုက်သည် ။ ဒါဆို…ဘယ်သူ နှိုက်နိုင်ပါအံ့
။
လိုင်းကားစီးနေသူ၏ထုံးစံဟုဆိုရမလား…မြင်မြင်သမျှနောက်
စိတ်တို့က လျှောက်သွားနေသည် ။ အဝိုင်းမှနေ ကား အထွက် ကားပေါ်မှာ လူတော်တော်ပြည့်ကျပ်နေပြီ
။ ထိုင်စရာထိုင်ခုံ မရှိတော့ ။ လူတော်တော်များများ မတ်တပ်ရပ်နေ ကြ၏ ။ မြတ်နု၏ရှေ့မှာလည်း
လူက သုံးယောက်လောက် ပူးပူးကပ်ကပ် ။ မြတ်နုလည်း လူတွေ၏မျက်နှာများကို စိတ်ကူး ပေါက်သလို
လျှောက်ကြည့်နေမိပြီ ။
-
ပထမတွေ့လိုက်ရသည့်လူက ခပ်ငယ်ငယ်အမျိုးသားတစ်ယောက် ။ သူက ဆိုဖာထိုင်ခုံ၏ကျောမှီကို ဆွဲကိုင်ကာ
ကား ယားကြီး ရပ်နေသည် ။ လူပုံစံက ထောင့်မကျိုး ။ မျက်နှာပိုးကလည်း မသေ ။ ဝက်ခြံအပြည့်နှင့်သူ့မျက်နှာက
နှာသမား မှန်းသိသာသည် ။ မြင်မြင်သမျှ ဣိတ္ထိယတို့ကို အငမ်းမရကြည့်လျက်ရှိသည် ။ သူက သံဃာတော်များ
ဦးစားပေးပါဆို သောထိုင်ခုံနှင့် အနီးဆုံးမှာ ရပ်နေ၏ ။
-
ဒုတိယတစ်ယောက်မှာ သန့်သန့်ပြန့်ပြန့်ဟုဆိုရမည် ။ လည်ကတုံးအဖြူလက်ရှည်နှင့်ပုဆိုးနီညိုကို
ဝတ်ဆင်ထားသည် ။ ဘုရားသွား၊ကျောင်းတက်မည့်ပုံစံ ။ လူပုံက ထွားထွားကျိုင်းကျိုင်း တည်တည်ခန့်ခန့်
။ အသက်(၃၀)ဝန်းကျင်အရွယ်ခန့် ရှိ လိမ့်မည် ။
-
တတိယတစ်ယောက်မှာ အမျိုးသမီးငယ်တစ်ဦး ။ သူမက ဈေးသည်ဟုထင်ရ၏ ။ လုံချည်ခပ်တိုတိုကို
ကပိုကယိုဝတ် ထားပြီး ဆံပင်များမှာလည်း ဖြီးသင်ချိန်မရသဖြင့် ဖြစ်သလို ထုံးဖွဲ့ထားပုံရသည်
။ မျက်နှာမှာ မိတ်ကပ်၊နှုတ်ခမ်းနီတို့ မဆို ထားနှင့်…သနပ်ခါးပင် မရှိ ။ အဝတ်အစားတို့မှာ
နွမ်းလျနေ၏ ။ သူမကို ငေးမော့ကြည့်ရင်း မြတ်နု၏ရင်ထဲ ဝမ်းနည်းသလို လို စိတ်မကောင်းသလိုလို
ခံစားလာရသဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲပစ်လိုက်သည် ။
ဘာပဲပြောပြော…မြတ်နု၏ဘဝက အဆင်ပြေသည်ဟုဆိုရမည်
။ ငွေကို ရေလိုမသုံးနိုင်ပေသိ စားလိုရာစား ၊ သင့် တော်သလို ဝယ်ခြမ်းဝတ်ဆင်နိုင်သည်
။ မနက်ဖြန်အတွက် စိုးရိမ်ပူပန်စရာမလို ။ ကုမ္ပဏီက တာဝန်ပေးသမျှကို တတ်နိုင် သလောက် ကြိုးစားလုပ်ရင်း
စိတ်ချမ်းချမ်းသာသာနေထိုင်နိုင်သည့်ဘဝ ။ သို့ပေမဲ့ စောစောကအချိန်အထိ စိန်လက်စွပ် ဝယ်မဝတ်နိုင်သည့်အတွက်
တနုံ့နုံ့ကြေကွဲနေခဲ့မိသည် ။ သူများတကာလို စိန်နားကပ် မဝတ်နိုင်၍ မျက်နှာငယ်လိုက်တာ
ဟု အထင်မှားနေခဲ့သည် ။ ယခုများကျ ထိုမိန်းမနှင့်ယှဉ်လျှင် မြတ်နု၏ဘဝက အပုံကြီးစိတ်ချမ်းသာစရာပင်
။
“ ဟင်…”
အတွေးထဲမှာ
နစ်မြောနေတုန်း တစ်စုံတစ်ရာသောအထိအတွေ့တစ်ခုကြောင့် မြတ်နု လန့်သွားခဲ့သည် ။ ဖျတ်ခနဲငုံ့ကြည့်
လိုက်တော့ ဘာမှ မရှိ ။ ဘာကိုမျှ မတွေ့ရ ။ ဘယ်လိုပါလိမ့်…။
ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်မှလူများကို မသင်္ကာသလို
ဝေ့ဝဲအကဲခတ်လိုက်တော့ အားလုံး၏ပုံစံတွေကလည်း တုံဏှာ ဘာဝေ ။ မြတ်နု၏သံသယမျက်လုံးများက
သူတို့နှင့် လားလားမျှ မဆိုင်သလို ။ အင်းလေ…ဟုတ်တော့လည်း ဟုတ်တာပါ ပဲ ။ ပစ္စည်းပင် မပျောက်သေးဘဲ
ငရဲရောက်ရမည့်ကိန်း ။ သို့ပေမဲ့ မြတ်နု သိသည် ။ ထိုအထိအတွေ့ကို မြတ်နု ကောင်း ကောင်းကြီးသိသည်
။ မြတ်နုက အတွေ့အကြုံမရှိသူမှ မဟုတ်ဘဲ ။ နှစ်ကြိမ်နှစ်ခါတိတိ ထိဖူးသည့်သူလေ ။
စောစောက အတွေးပေါင်းစုံနှင့် ငေးငိုင်နေတုန်း
မြတ်နု၏လက်ကို တစ်စုံတစ်ရာက ဆတ်ခနဲလာထိသည် ။ ထိုတစ်စုံ တစ်ရာက ဘာဆိုတာ မြတ်နု သိသည်
။ သတ္တဝါတစ်ကောင်၏အသား ။ လူတစ်ယောက်၏လက်ဖဝါး သို့မဟုတ် လက် ချောင်းများ ။ သံသယစိတ်ကူးများဖြင့်
အနီးဆုံးကလူကို မြတ်နု မော့ကြည့်လိုက်သည် ။
-
ဘုရားသွားကျောင်းတက်ပုဂ္ဂိုလ် ဒါမှမဟုတ် ဒုတိယလူ ။
သူက
မြတ်နု၏ရှေ့မှာ မားမားကြီးရပ်နေသည် ။ သူ့ခန္ဓာကိုယ်က ထွား၍ မြတ်နု၏ရှေ့တပြင်လုံး သူတစ်ယောက်တည်း
ရပ်ရုံဖြင့် ပြည့်နေပြီ ။ သူ့ပုံစံက စောစောကဆိုခဲ့သည့်အတိုင်း သန့်သန့်ပြန့်ပြန့်ရယ်
။ နောက်ပြီး သူ့လက်သာဆိုလျှင် မြတ်နု မြင်ရမည်ပေါ့ ။ အနည်းဆုံး လှစ်ခနဲပဲဖြစ်ဖြစ် ရိပ်ခနဲပဲဖြစ်ဖြစ်
မြတ်နု မြင်လိုက်မည်မှာ အသေအချာ ။ ယခုများကျ သိသာသိ၏ ။ မမြင်မိ ။
သူ ဟုတ်လိမ့်မည်မထင်ပါ ။ သူ့လက်နှစ်ဖက်လုံး
တစ်ဖက်မှ မအားပေ ။ လက်တစ်ဖက်က အပေါ်က တန်းကို ဆွဲ ကိုင်ထားပြီး ကျန်တစ်ဖက်ကလည်း ဆိုဖာထိုင်ခုံ၏ကျောမှီကို
အားပြုထားသည် ။ အကယ်၍ သူသာ ဆလင်းဘတ်အိတ် ပိုက်ထားသည့် မြတ်နု၏လက်ကို လာထိခတ်မည်ဆိုလျှင်
သေချာပေါက် မြတ်နု မြင်ရမည် ။ ရိပ်ခနဲပဲဖြစ်စေ…လှစ်ခနဲပဲ ဖြစ်စေ…။ အင်း…သူ မဟုတ်နိုင်ပါဘူးဟု
မြတ်နု တထစ်ချယုံလိုက်ရသည် ။ ဒါဆို ဘယ်သူလဲ ။
ကားပေါ်မှာ လူများက ပြည့်ကျပ်နေသည် ။ သို့သော်…ဝေးဝေးလံလံကလူကတော့
မြတ်နုထံသို့ ရောက်လာနိုင်လိမ့် မည်မဟုတ် ။ မြတ်နုကို လာထိသူမှာ အနီးဆုံးလူ-သုံးယောက်ထဲက
တစ်ယောက် ။
“ အို…ဟုတ်ချင်မှလည်း ဟုတ်မှာပါလေ ။ မတော်တဆလားမှ
မသိတာ ။ ငရဲအကြီးခံပြီး လျှောက်တွေးမနေတော့
ပါဘူး ။”
ပထမ၊ဒုတိယ၊တတိယတို့၏မျက်နှာများကို
အကဲခတ်ရင်း သံသယဆူဝေလျက်ရှိသော ကိုယ့်စိတ်ကိုယ်ပဲ နှစ်သိမ့်ဆုံးမ လိုက်သည် ။ ထင်းထင်းကြီးပေါ်လျက်ရှိသည့်
နီတာရဲဆလင်းဘတ်အိတ်ကိုပဲ တိုးလို့ဖက်ထားလိုက်သည် ။
ကားကြီး၏နှေးကွေးလေးလံပုံက ကမ္ဘာလိပ်ကြီးအလား
တင်စားရမတတ် ။ အစပိုင်းက တက်သုတ်ရိုက်သလောက် တဖြည်းဖြည်း နှေး,နှေးလာလိုက်ပုံမှာ ပြေးလိုက်၍ပင်
ရတော့မည် ။ မြတ်နုမှာလည်း တော်တော့်ကို ပျင်းရိလာပြီး ။ ကား ကချည်း နှေးနေသလားဆိုတော့
မဟုတ် ။ လမ်းတွေကလည်း အတော်ပိတ်သည် ။ နီးနီးနားနား မီးပွိုင့်နှစ်ခုကြားဆိုလျှင် လွတ်စရာ
အကြောင်းမရှိ ။ ထိုနေရာများမှာပင် နာရီဝက်ခန့်ကြာသည် ။ ထိုသို့ ငေးငိုင်ပျင်းရိနေခိုက်
မြတ်နုအဖို့ အံ့သြ ဘနန်းသင့်စရာ ၊ စိတ်နှလုံး နောက်ကျိဖွယ်ရာအဖြစ်အပျက်တစ်ခုက လက်ငင်းဆိုသလို
ဖြစ်ပွားခဲ့၏ ။ မိနစ်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည် ။
“ အန်တီ…အန်တီ…ဘုန်းကြီးကြွလာတယ် ။ ကုသိုလ်ယူလိုက်ပါဦး
။”
မြတ်နုတစ်ယောက်
ပျင်းပျင်းရိရိနှင့် တဝါးဝါးသမ်းနေမိတုန်း ထိုစကားသံကို ကြားလိုက်ရသည် ။ ဆိုလာသူက မြတ်နု၏
ရှေ့မှ ဘုရားတကာ ။ သူက ဆိုဖာထိုင်ခုံမှအမျိုးသမီးကြီးကို လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်
။
ထိုစကားကြောင့် မြတ်နုပင် သူ့ကို အားနာသွားမိပြီ
။ သူက မြတ်နု ထင်သလို ကြောင်သူတော် ကြွက်သူခိုးမဟုတ်ဘဲ သူ့ပုံစံအတိုင်း ဘုရားတရား သိတတ်သူတစ်ယောက်ဖြစ်မည်
။ ထိုသို့တွေးရင်း ရှေ့ဘက်ခြမ်းသို့ ဆက်ကြွသွားသော သံ ဃာတော်ကို ငေးကြည့်နေစဉ် မထင်မှတ်စရာအဖြစ်အပျက်တစ်ခုက
မြတ်နု၏ရှေ့မှာပဲ ဖြစ်ပျက်သွားခဲ့သည် ။
“ ဟယ်တော်…”
အံ့သြလွန်းသဖြင့်
မြတ်နု၏နှုတ်ကပင် ထိုသို့ ရေရွတ်လိုက်မိ၏ ။ ဘယ်လိုလူပါလိမ့်…။ ဘုန်းဘုန်း ကြွလာခိုက်မှာပဲ
အမျိုး သားကြီးတစ်ယောက်ကလည်း ဘုန်းဘုန်းအတွက် နေရာဖယ်ပေးသည် ။ အမျိုးသမီးကြီးကလည်း
တပြိုင်နက်ဆိုသလို နေရာထပေးသည် ။ ဘုန်းဘုန်းက အမျိုးသားကြီး ဖယ်ပေးသည့်နေရာတွင် သီတင်းသုံးလိုက်သည့်အခိုက်
မဆီမဆိုင်-ဟိုလူကန့်လန့်က အမျိုးသမီး ဖယ်လိုက်သည့်နေရာ၌ ဝင်ထိုင်လေ၏ ။ တကယ့်ကို အံ့သြစရာ
၊ စက်ဆုပ်ရွံမုန်းစရာ ။
နေရာဖယ်ပေးသည့်အမျိုးသမီးကြီးက ဝေးဝေးလံလံသို့
မသွားပါ ။ ထိုထိုင်ခုံနံဘေးတွင်သာ မတ်တပ်ရပ်နေခြင်းဖြစ် သည် ။ သို့သော်…ထိုအတ္တသမား-သန်သန်မာမာယောက်ျားသားက
အမျိုးသမီးကြီး၏နေရာတွင် ဇွတ်အတင်းဝင်ထိုင်နေ သည် ။ အထုပ်အပိုးများနှင့် ထိုအမျိုးသမီးကြီးကို
တစ်ချက်ပင် မငဲ့ညှာ ။ တစ်ချက်တောင်အားမနာ ။ အထုပ်အပိုးများကို ကူဆွဲပေးခြင်းလည်း မရှိ
။ ထိုင်ခုံမှာ ဒူးတနှံ့နှံ့ဖြင့် ဝင်ထိုင်နေ၏ ။
“ အံ့ပါရဲ့တော် ။ ဘုန်းကြီးအတွက် ဖယ်ပေးတာကို သူ့အတွက်
ဖယ်တာကျနေတာပဲ ။ မရှက်တတ်လိုက်တာ ။ ကိုယ့်
အမေအရွယ်လောက်ကိုတောင် အားမနာ ။”
မြတ်နုကို
လာထိုင်ရန်ပြောခဲ့သောအန်တီကြီးထံမှ ထွက်ကျလာသည့်စကား ။ မြတ်နုလည်း ဘာကိုမှပြောမထုတ်ပေမဲ့
စိတ်ထဲမှာတော့ စကားလုံးအပြည့် ။ နောက်ပြီး ထိုသို့ နေရာအတင်းဝင်လုသည့်တစ်ယောက်ကလည်း
တခြားမှမဟုတ် ဘဲ စောစောကတင် မြတ်နုရှေ့မှာ မတ်တပ်ရပ်သွားခဲ့သော ဝက်ခြံထူထူနှင့် ပထမလူ
။ သြော်…သို့ကြောင့်လည်း လူ့စိတ် ရင်းကို အပေါ်ယံကြည့်ရုံဖြင့် မသိနိုင်ခြင်း မဟုတ်ပါလား
။
ငါးမိနစ်၊ဆယ်မိနစ် အချိန်ကြာမြင့်သွားပေမဲ့
စောစောကအဖြစ်အပျက်နှင့်ပတ်သက်၍ အတွေးက သံသရာမပြတ် ။ ဘယ်လိုယောက်ျားပါလိမ့်…။ ကျမ်းဂန်စာပေအရဆိုလျှင်
ယောက်ျားတို့ဟာ မြင့်မြတ်သည့်စိတ်ထား ရှိသူများ မဟုတ်ပေ ဘူးလား ။ မိန်းမတို့ကို သိမ်နုတ်သည်၊အတွေးညံ့သည်ဟု
ဆိုခဲ့ကြပေမဲ့ တကယ့်တကယ်တမ်း မျက်မှောက်မြင်ကွင်းမှာကျ ကျားသဘာဝက ကျမ်းဂန်ထဲကနှင့်မတူ
။ ယနေ့ခေတ်မှာဆို ပိုဆိုးလာသည် ။ အမျိုးသမီးတို့နှင့်တန်းတူ ရန်ဖြစ်ကြသည် ။ နေရာလုကြသည်
။ မိန်းမတွေက တန်းညှိလာကြလို့ဟုဆိုပေမဲ့ သဘောထားကြီးမြတ်သူတွေက သူတို့ပါဟုဆိုခဲ့ကြသော
ယောက်ျားမြတ်တို့ပီပီ မိန်းမများအပေါ် ငဲ့ညှာထောက်ထားသင့်သည် ။ မောင်နှမချင်း ကိုယ်ချင်းစာနာသင့်သည်…စသည်
စသည်ဖြင့် ဟိုဟိုသည်သည်အတွေးနယ်လွန်နေမိ၏ ။ ကိုယ့်ကိစ္စပဲမတွေး၊ သူတပါးအကြောင်းအထိ လျှောက်စဉ်းစားကာ
ငိုင်တွေနေမိ၍လည်း ခ-ခါ-ခါးတို့၏တားဂတ်(target)ထားမှုကို မြတ်နု ခံခဲ့ရခြင်းပင်ဖြစ်ပါလိမ့်မည်
။
“ ဟဲ့…”
မြတ်နု၏စိတ်ထဲမှ
ထိုသို့အာမေဋိတ်ပြုရင်း အောက်ဘက်သို့ ဖျတ်ခနဲငုံ့ကြည့်လိုက်မိသည် ။ မြတ်နု၏လက်တစ်ဖက်ကို
တစ်စုံတစ်ရာ လာရောက်ထိတွေ့မှန်းသိလိုက်၍ ချက်ချင်းဆိုသလို ငုံကြည့်ပစ်လိုက်သည် ။ မသေချာမရေရာဘဲ
သို့လော သို့လော မတွေးတော့ ။ အတိအကျ အမိအရဖြစ်အောင် လက်ငင်းဖမ်းပစ်မည်ဟု တေးထားလိုက်ပြီပဲလေ
။
“ အယ်တော်…”
မြင်တွေ့လိုက်ရသည့်အရာက
မြတ်နုကို တော်တော်အံ့သြသွားစေပါသည် ။ မြင်မြင်ချင်း ဟုတ်မှဟုတ်ရဲ့လားဟု သံသယ ဝင်မိပေမဲ့
နီးနီးကပ်ကပ်တွေ့မြင်လိုက်ရခြင်းဖြစ်၍ မယုံမရဲပင် လက်ခံလိုက်ရသည် ။
မြတ်နု တွေ့မြင်လိုက်ရတာက လက်တစ်ဖက်ပါ ။ သို့သော်…သမရိုးကျ
မြင်နေတွေ့နေရသည့်-လက် မဟုတ် ။ ပုံမှန် မဟုတ်သော ၊ နေရာမှန်မဟုတ်သော-လက်တစ်ဖက် ။ အဲသည့်လက်က
လူတစ်ယောက်၏လွယ်အိတ်အောက်မှ လှစ်ခနဲ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည် ။ မြတ်နု ငုံ့ကြည့်လိုက်သည့်အခိုက်မှာပဲ
လွယ်အိတ်နောက်သို့ လှစ်ခနဲပုန်းလျှိုးသွားခဲ့၏ ။ လွယ်အိတ်အောက်ကနေ တစ္ဆေတစ်ကောင်လို
ရုတ်တရက် ပေါ်ထွက်လာတတ်သည့် လက်တစ်ဖက် ။ လက်မည်းမည်း တစ်ဖက် ။
မြတ်နု သဘောပေါက်လိုက်ပြီ ။ ခါးသမားများ ဘယ်လိုနှိုက်စားနေသလဲဆိုတာကို
ရိုးတိုးရိပ်တိတ်သိမြင်လိုက်ပြီမို့ နည်းနည်းလည်း အံ့သြသွားမိသလို တော်တော်လည်း စိတ်ပူသွားမိသည်
။ မြတ်စုက သမရိုးကျ ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်ထားမိသော-ခါးပိုက်နှိုက်၏လက်တစ်ဖက်သည်
ထင်မှတ်မထားသောနေရာကနေ ဘွားခနဲထွက်ပေါ်လာခဲ့ခြင်း မဟုတ်ပါလား ။ သူ့လက်ထဲမှာ ဘာမှပါမသွားမှန်း
တွေ့မြင်လိုက်ရပေမဲ့ ကိုယ့်ဟာကိုယ် ဥစ္စာခြောက်သွားမိသည် ။
ဆလင်းဘတ်အိတ်ကို မသိမသာငုံ့ငဲ့ကြည့်ကာ ဖုန်းမြည်သလိုလိုဘာလိုလိုလုပ်ရင်း
စစ်ဆေးရသည် ။ တော်ပါသေး၏ ။ မြတ်နု၏ဟန်းဖုန်းလေးက အိတ်ကပ်ထဲမှာ မှေးစက်နေဆဲ…။
“ အင်း…ပိုက်ဆံကလည်း သုံးထောင်ပဲပါတယ် ။ လစာကလည်း
မထုတ်ရသေးဘူး ။ သြော်…ငါ့ဘဝက ဝှာဝေးလောက်
ပဲ ကိုင်နိုင်ပါလား ။ အေးပေါ့လေ ။ ကုမ္ပဏီဝန်ထမ်းက
လစာမှ မများပဲကို ။ ဒီပိုက်ဆံအိတ်မျိုးတောင် သူငယ်ချင်းတွေ
စုပြီး လက်ဆောင်ဝယ်ပေးလို့ ကိုင်နိုင်တာ ။”
ဟန်းဖုန်းကို
ဟိုနှိပ်သည်နှိပ်လုပ်ရင်း မြတ်နု၏ပါးစပ်က ထိုစကားများကို အရူးတစ်ယောက်လို တရစပ်ရေရွတ်ပြောဆိုနေ
မိသည် ။ မြတ်နု၏အခြေအနေမှန်ကို အိတ်နှိုက်ရန် ၊ သို့မဟုတ် အိတ်ဖောက်ရန် ကြိုးစားနေသူတစ်စု
သိရှိသွားစေဖို့ အတွက် ထိုသို့ ရေရွတ်နေမိခြင်းဖြစ်၏ ။ မြတ်နု၏အဖြစ်အပျက်ကို ဘေးဘီကလည်း
ရိပ်မိကောင်းရိပ်မိကြပါလိမ့်မည် ။ သို့သော်လည်း ခါးသမားများက အုပ်စုလိုက် လှုပ်ရှားကြမှန်းသိ၍
မည်သူမျှ ဝင်၍Heroမလုပ်ဝံ့ကြ ။
ကမ္ဘာအေးမှတ်တိုင်သို့ ရောက်မှပဲ မြတ်နုလည်း
စိတ်ချမ်းသာသွားရသည် ။ အဘယ့်ကြောင့်ဆိုသော် ထိုခါးသမား တစ်သိုက် ပြန်ဆင်းသွားကြ၍ဖြစ်၏
။ လက်ရှည်အမည်းရောင်ကိုဝတ်လျက် အသားမည်းမည်း၊ပိန်ချောင်ချောင်နှင့် ဂျလေ ပီလို-လက်တစေ
္ဆက ထိပ်ဆုံးမှ ဆင်းသွားခဲ့ပြီး ဘုရားတကာကျောင်းတကာကတော့ လူအုပ်၏နောက်ဆုံးမှ ဆင်းသွားခဲ့
၏ ။ သူတို့နှစ်ယောက် တစ်နေရာတည်း ဆင်းသွား၍လည်း တစ်ဖွဲ့တည်းဆိုတာ သေချာသွားခဲ့သည် ။
တော်ပါဘိ ။ ဟန် ဆောင်ကျွမ်းကြပါဘိ ။ ပထမတစ်ချီ လာနှိုက်စဉ်က မြတ်နု ရိပ်မိသွားမှန်းသိသဖြင့်
ဘုရားတကာလို ဝတ်ဆင်ထားသည့် တစ်ယောက်က ဘုန်းကြီးအတွက်ပင် နေရာဖယ်ခိုင်းလိုက်သေးသည် ။
အမှန်မှာ သူဟာလည်း မြတ်နု ထင်လိုက်သည့် အတိုင်းပင် ခါးအဖွဲ့ဝင် ။
ယခုမှပဲ သူတို့၏ဗျူဟာကို မြတ်နု ရေးတေးတေးသဘောပေါက်သွားသည်
။ သူတို့က ဘေးဘီကနေ လက်ကြီး ဆင်း လာခြင်းမျိုး မဟုတ် ။ ရှေ့မှာ မထင်ရသူတစ်ယောက်ကို
ကာဘာလုပ်ထားပြီး အောက်ကနေ ပုန်းလျှိုးကွယ်ဝှက် နှိုက်ကြ ခြင်းဖြစ်၏ ။ မြတ်နုကတော့ ထိုသို့
လုံးဝမတွေးမိသဖြင့် ဘေးဘီကိုသာ ဝေ့ဝဲကြည့်ခဲ့မိသည်မဟုတ်ပါလား ။ ကံကောင်း သဖြင့်သာ မိမြတ်-သုံးခါ
မနာခဲ့ရခြင်းပါပေ ။ သူတို့တတွေ ဆင်းသွားမှပဲ မြတ်နုလည်း ကံသီ၍ကျန်ရစ်ခဲ့သော မိမိ၏ ဝှာဝေးဟန်းဖုန်းလေးကို
တမြတ်တနိုးကိုင်တွယ်ပွတ်သပ်နေမိပါတော့သည် ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONK pageမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်နော် ။