( အမှတ် ၄ - ၂၀၁၇ခုနှစ်ထုတ် ပေါင်မြို့နယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်ပါသည် )
ပြောရဦးမယ် … ပြောရဦးမယ်
။ ကျွန်မအတွက် အစ်ကိုလိုရောအစ်မလိုပါ ခင်မင်ရတဲ့ လူတစ်ယောက် အကြောင်း ။ “အစ်ကိုလိုရော
အစ်မလိုပါ”ဆိုတဲ့စကားကြောင့် စာဖတ်သူများ အံ့သြမသွားကြပါနဲ့ ။ နပုန်သက္ကပဏ္ဏုက်(ဂေး)လို့လည်း
မယိုးစွပ်လိုက်ကြပါနဲ့ ။ အမှန်တော့ သူက ယောက်ျားဆန်ဆန်ဝတ်ဆင်နေထိုင်တတ်တဲ့မိန်းမစင်စစ်
တစ်ယောက်ပါ ။ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေထိုင်ချင်တာကြောင့်ရယ် ၊ ပုရိသများရဲ့အကြည့်ပြူးပြူးတွေ
ကျရောက်မှုဒဏ်မှ ကင်းဝေးလိုတာကြောင့်ရယ် အဲဒီလို ဝတ်ဆင်နေထိုင်ရခြင်းဖြစ်ကြောင်း ကျွန်မကို
သူ ရင်ဖွင့် ပြောပြဖူးရဲ့ ။
သူများအကြောင်းလည်း
မပြောတတ်ပါ၊ စပ်မိစပ်ရာဘာညာကွိကွ-ဆိုတဲ့
စိုင်းစိုင်းရဲ့သီချင်းလိုပေါ့ ။ ကျွန်မလေ သူများအကြောင်းတွေကို မပြောချင်လှပါဘူး
(ရေးပဲ ရေးချင်တာပါ) ။ ဒါပေမဲ့ ဘာသာစကားအလွဲများအကြောင်း ဖတ်မိရင်းက ဒီအကြောင်းလေးကို
သတိရသွားလို့ ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တိုးတိုးတိတ်တိတ်ရေးဖြစ်ခဲ့ပါတယ် ။ (စာမူပါလာမှပဲ
သူ့ကို ပြလိုက်တော့မယ်)
သူ့နာမည်က တိုးတိုးနွယ်ပါ
။ မတိုးတိုးက နာမည်နဲ့လူ တစ်ထပ်တည်းမကျတဲ့သူပေါ့ ။ စကားကို အမြဲတမ်း အော်ကျယ်အော်ကျယ်
ပြောတတ်ပြီး ရှပ်ပြာရှပ်ပြာနိုင်တဲ့သူ့ကို ကျွန်မတို့က blue starလို့ ခေါ်တတ်ကြပါတယ်
။ သူ ထင်တာက star fishလို ချစ်စရာသတ္တဝါတစ်ကောင်ကောင်ရဲ့နာမည်လို့ ယူဆနေရှာတာ ။ တကယ့်တကယ်တမ်းက
သူ့ဝသီ အော်ကျယ်အော်ကျယ် ရှပ်ပြာရှပ်ပြာနိုင်တာကို တင်စားပြီးခေါ်တဲ့ ကြယ်ပြာ(ကျယ်ပြာ)ဆိုတဲ့အဓိပ္ပါယ်
(ရှူး တိုးတိုး…ဒီအကြောင်း ခုထိ သူ မသိသေးဘူး) ။
ကဲ…အစမှာ ကျွန်မ နိဒါန်းချီထားတဲ့
ဘာသာစကားအလွဲဟာသများကို ပြောပြဖို့ရာမှာ သူ ဘာသာစကား လေ့လာလိုက်စားတဲ့အပိုင်းကစပြီး
တင်ပြရလိမ့်မယ် ထင်ပါတယ် ။ သူက ဘာသာစကားဆိုရင် ထမင်းမေ့ ဟင်းမေ့ ၊ အလွန်တရာ စိတ်ပါဝင်စားလှပါတယ်
။ ဘယ်လိုဘာသာစကားမျိုးပဲဖြစ်ဖြစ် တတ်မြောက်ချင်တဲ့ ၊ သင်ယူချင်တဲ့သူ ။ စူးစမ်းလေ့လာချင်စိတ်ကြီးလွန်းသလို
မတောက်တခေါက်နဲ့ လျှောက်လျှောက်(ရမ်းသမ်းပြီးတော့ပေါ့လေ)ပြောတတ် တာကြောင့်လည်း မကြာခဏဆိုသလို
ဟာသဖြစ်ခဲ့ရတယ် ။
ဒါပေသိ ဘယ်သူဘာပြောပြော
သူ မမှုဘူး ။ သူ စိတ်ဝင်စားတဲ့ဘာသာစကားတွေကို စေ့စေ့စပ်စပ် ထဲထဲ ဝင်ဝင် သေသေချာချာ
ပေါက်ပေါက်မြောက်မြောက် ထူးထူးချွန်ချွန် အောင်အောင်မြင်မြင် မလေ့လာနိုင်သေးပေမဲ့ နားစွင်နားဖျားကြားကြားသမျှကိုတော့
သူ့အာရုံမှာ စွဲစွဲမြဲမြဲ မှတ်သားထားတတ်တယ် ။ ဒါကလည်း မတိုးတိုးနွယ်ရဲ့ မွေးရာပါ ပါရမီထူးကိုး
။
ဒီလို သူ့အကြောင်းတွေကို
အိတ်သွန်ဖာမှောက်လျှောက်ပြောပြလိုက်တော့ စာဖတ်သူက မတိုးတိုးနွယ်ကို မြို့တက်ရွာသူ အူတူတူလို့များ
မထင်လိုက်လေနဲ့ ။ ရုပ်ရည်ကလည်း ထောင်ထောင်မောင်းမောင်း အဝတ်အစားက လည်း တကယ့်ကို အင်္ကျ
ီပွပွ ဘောင်းဘီပွပွ rapperလိုလို ဘာလိုလို ဆံပင်ကေကလည်း လန်ထွက်နေတာဆိုတော့ ဖျတ်ခနဲဆို
ကောင်မလေးတွေ ငေးကြည့်ကြရတယ် (သေချာကြည့်ပြီးမှသာ နှာခေါင်းရှုံ့သွားကြတာ။ မိန်းကလေးမှန်း
သိသွားလို့လေ) ။ အတန်းပညာကလည်း Physicsမေဂျာနဲ့ဘွဲ့ရ ၊ လောလောဆယ်တော့ အလုပ်လက်မဲ့…အဲ
အဲ… ထားပါတော့ ။ ဘာသာစကားအလွဲတွေအကြောင်း ပြောပြမလို့ကနေ ဘေးကို ချော်ထွက်ကုန်ပြီ ။
မတိုးတိုးရဲ့ဘာသာ
စကားရောဂါအစက တရုတ်ကားကလို့ ပြောရမယ် ။ ကျွန်မ (၁၄)နှစ်အရွယ်လောက်က ပေါ့ ။ မတိုးတိုးက
ပထမနှစ် တက္ကသိုလ်ကျောင်းသူ ။ သူ့အိမ်ကို ကျွန်မ အလည်သွားတော့ အိမ်ပေါက်ဝရောက်လို့မှ
ဖိနပ်မချွတ်ရသေးဘူး ။
“နင့်ဟာ…” –
လို့ ဆီးပြောလိုက်တဲ့အသံကြောင့် ကျွန်မ
ကြောင်ပြီး မတိုးတိုးကို ပြူးကြည့်မိတယ် ။ အတူပါလာတဲ့ ကျွန်မအမေ လည်း ငေးငိုင်သွားရှာရဲ့
။ အဲ့ဒီတုန်းက ကျွန်မကလည်း တရုတ်ကားတွေ ကောင်းကောင်းမကြည့်သလို အမေက လည်း ဘယ်သိပါ့မလဲ
။ ကျွန်မတို့ကြောင်သွားမှ မတိုးတိုးရဲ့အမေက ရှင်းပြတယ် ။ “ နင့်ဟာ…(နိဟောင်)”ဆိုတာ
တရုတ်လို မင်္ဂလာပါလို့ နှုတ်ဆက်နေတာတဲ့ ။ ဟိုက်…နင့်ဟာက တရုတ်လို မင်္ဂလာပါဆိုပဲ ။ ကဲ…ထားပါတော့
။ ကျွန်မလည်း အူကြောင်ကြောင်နဲ့ သူပြောသလိုပဲ နင့်ဟာ-လို့
ပြန်နှုတ်ဆက်ခဲ့လိုက်တယ် ။ အဲဒီမှာစပြီး စိတ်ညစ်ရ တော့တာပါပဲ ။
နောက်ပိုင်း မတိုးတိုးဆီ
သွားလည်တိုင်း နင့်ဟာ…ဝေါ်အိုက်နီ…ဝေါ်ပေါင်းထုတ်နီ…ကျိုမီငှား…သွေးဖုချီ…
စတဲ့ ဘာမှန်းမသိတဲ့ တရုတ်စကားတွေ ခဏခဏကြားရပါတယ် ။ ကျွန်မကလည်း ကျွန်မပဲ ။ တရုတ်ကားမှ
မကြည့် တာကိုး ။ သူပြောသမျှကို လိုက်လျောညီထွေပြောရင်း မောမောနဲ့ ပြန်ခဲ့ရတာချည်း ။
မတိုးတိုးက ဘာသာစကားနဲ့ပတ်သက်ပြီး
အူကြောင်ကြောင်ရောဂါတစ်ခု တိုးနေတာကလွဲလို့ ပေါင်းသင်း ဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက်ပါ
။ စိတ်ရင်းလည်း သိပ်ကောင်းပါတယ် ။ ဒါပေမဲ့ ခက်နေတာ ရုတ်တရက် သူ့ဆီက ထွက်ထွက်လာတဲ့ ဘာမှန်းမသိစကားတွေ
။ အဲဒီစကားတွေကြောင့် ကျွန်မ ခဏခဏစိတ်နောက်ရတယ် ။ (တကယ်…တကယ်…လူကြားထဲလည်း သူတစ်ခုခုမှားရင်
သွေးဖုချီ…သွေးဖုချီ…နဲ့ ထထအော်တတ်တယ် ။
ကျွန်မမှာ ဘယ်သွေးဖုကို ချီရမှာလဲလို့ပဲ ကြုံးအော်ပစ်ချင်လာပြီ) ။ သူရဲ့တရုတ်ဘာသာစကားရောဂါ
ကျွမ်းတာမှ မကြာသေး ဘူး ။ တီဗွီမှာ ကိုရီးယားကားတွေ ဝရုန်းသုန်းကား ပြလာတော့ ရောဂါလမ်းကြောင်းက
ပြောင်းသွားပြန်ပါရော ။
တစ်နေ့ မတိုးတိုးအိမ်ကို
သွားတော့ အိမ်ပေါက်ဝကနေ ဆီးပြီး
“အညာဆေးရိုး” –
တဲ့ ။ ကျွန်မ စိတ်ပေါက်ပေါက် နဲ့ ပြောပစ်လိုက်တယ်
။
“အညာဆေးရိုးရှိရင်
နုတ်နုတ်စင်းပြီး အရက်ပြန်နဲ့ စိမ်လိမ်း ။ ဒူးနာခါးနာ ပျောက်တယ် ” –
လို့ ။ အဲဒီအခါကျမှ သူက ရှင်းပြပြန်တယ်
။ “အညာဆေးရိုး”ဆိုတာ မင်္ဂလာပါကို ကိုရီးယားလို ပြောတာတဲ့ ။ ကဲ… ကျွန်မလည်း ထုံးစံအတိုင်း
ပြန်ပြီး “အညာဆေးရိုး”လိုက်တယ် ။ ဒါပြီးမှ လာရင်းကိစ္စ ဗိုလ်ချုပ်ဈေးကို ဈေးဝယ်ထွက်
ချင်လို့ အဖော်လိုက်ခဲ့ဖို့ ကျွန်မ ပြောတော့ “မီးအားနည်း”-တဲ့ ။ ဗိုလ်ချုပ်ဈေးကို
shoppingထွက်တာနဲ့ အိမ်မှာ မီးအားနည်းတာနဲ့ ဘာဆိုင်တာမှတ်လို့ ။ ကျွန်မက မီးအားနည်းရင်
မီးအားမြှင့်စက်သုံး-လို့ ပြောလိုက်မှ “မီးအားနည်း” ဆိုတာ ကိုရီးယားလို စိတ်မကောင်းပါဘူးလို့
ပြောတာပါတဲ့ ။ သူ မအားလို့ မလိုက်နိုင်တဲ့အတွက် တောင်းပန်ပါတယ် တဲ့လေ ။ ကဲ…မလိုက်နိုင်တာကို
မလိုက်ဘူးလို့ ရိုးရိုးမပြောဘူး ။
ဒီကိုရီးယားရောဂါက
ဒီလောက်နဲ့ ရပ်မသွားသေးဘူး ။ ဘာတဲ့…အိုမား…အာပါး…အိုပါး…ဒုံချပ် အဲ…မှားလို့ ဒုံစမ်း၊
မိသားစုဝင်တွေကို ရိုးရိုးမခေါ်ဘဲ အဲ့သလိုအဲ့သလို ခေါ်နေလို့ တစ်အိမ်သားလုံးခမျာလည်း
စိတ်တွေကို နောက် နေတာပဲ-တဲ့ ။ ကိုရီးယားရောဂါ…ကိုရီးယားရောဂါ…။ တော်သေးတာတစ်ခုက မတိုးတိုးက
အဝတ်အစားမှာတော့ ဒုံရင်းက ဒုံရင်းပဲ ။ ဘယ်ကိုရီးယားမင်းသမီးကိုမှ အားမကျတဲ့အတွက် စကပ်အတိုအပြတ်
ပေါင်ပေါ်ခါးပေါ်ရှက်ရှက် ပေါ် အဲ အဲ ရှက်စရာအမြင်မတော်တဲ့အဝတ်အစားတွေ လိုက်မဝတ်တာကိုတော့
ချီးကျူးရမလားပေါ့နော် ။
ရှိသေးတယ်…ရှိသေးတယ်
။ ပြန်ပြောရရင် ငိုရမလို ရယ်မလိုပဲ ။ တစ်ခါများကဆို ဟိုမင်းသားနဲ့ဟိုမင်းသမီး သတင်းတွေ
ထွက်ပြီးမှ အဲဒီဟိုမင်းသားက အဲဒီဟိုမင်းသမီးကို မယူဘဲ တခြားမင်းသမီးကို ယူလိုက်တဲ့အကြောင်း
ကျွန်မ သူ့ကို ပြောပြတုန်းကဆို သူက တအံ့တသြနဲ့ …
“ ဂျုံမား…”
လို့ ထအော်တယ် ။ ကျွန်မ ဒီတစ်ခါတော့ သိသွားပြီ
။ “ ဂျုံမား…”ဆိုတာ တကယ်လားလို့ မေးတာဖြစ်ရမယ် ။ ဒါနဲ့ ကျွန်မလည်း “ နဲလ်…”လို့ ပြန်ဖြေလိုက်တယ်
။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ကိုရီးယားလို ပြန်ဖြေတဲ့အတွက် သူကတော့ ကျေနပ်သွားတယ် ။
အဖြစ်အပျက်တွေက အူနှိပ်ပြီး
မရယ်ရလောက်ပေမဲ့ ပြန်တွေးလိုက်ရင်တော့ ကျွန်မ ပြုံးမိစမြဲ ။ ခုလောက်ဆို မတိုးတိုးနွယ်တစ်ယောက်
သူ လွဲခဲ့တဲ့ဘာသာစကားတစ်ခုရဲ့နယ်ပယ်မှာ အတော့်ကိုပျော်ဝင်တတ်မြောက်နေပြီလား။ လွဲမြဲလွဲဆဲပဲလား…ကျွန်မ
သူ့ဆီ မရောက်ဖြစ်တော့လို့ မသိတော့ပါဘူး ။ နို့ပေမဲ့ ကျွန်မနဲ့သူ နောက်ဆုံးအခေါက် ခရီး
ထွက်ရင်း ဆုံခဲ့တုန်းကပေါ့ ။ အဲဒီပြည်နယ်ကို အတူရောက်သွားတုန်းက သူ့အလွဲကြီးကြောင့်
ကျွန်မတို့အားလုံး မပြုံးဘဲနဲ့ ဝါးလုံးကွဲ ရယ်လိုက်ရတာ မျက်ရည်တောင် ထွက်တယ် ။
အဲဒီပြည်နယ်ဆိုတာ
မွန်ပြည်နယ် ။ ပေါင်မြို့နယ် ဇင်းကျိုက်ရွာလေး(ယခု ဇင်းကျိုက်မြို့) ။ ကျွန်မအဖေရဲ့
ဇာတိဖြစ်တာကြောင့် ဆွေမျိုးတွေဆီ အလည်အပတ်သွားရင်း မတိုးတိုးကိုပါ အလည်ခေါ်ခဲ့မိတယ်
။ မတိုးတိုးက လည်း တစ်နယ်တစ်ကျေးကို ခရီးထွက်ရလို့ ပျော်ရွှင်နေတာပေါ့ ။ သူ့ပုံစံအတိုင်း
တက်ကြွဖျတ်လတ်နေရော ။ အဲ… မတိုးတိုးကို သူ့မိဘတွေ ကြိတ်မှာနေတဲ့စကား ကျွန်မ ကြားဖြစ်အောင်
ကြားလိုက်သေး ။
“ ဟဲ့…ဟိုမှာ ကိုရီးယားလို
လျှောက်အော်မနေနဲ့ဦး…” –
တဲ့ ။ ကျွန်မ ကြားတော့ တိတ်တိတ်လေး ခိုးရယ်ခဲ့မိတယ်…(ဟီးဟီး)
။ ဒီလိုနဲ့ ကျွန်မရယ် ကျွန်မအစ်မရယ် သူရယ် ဇင်းကျိုက်ကို ရောက်သွားပါရော ။
ဇင်းကျိုက်ကို ကျွန်မ
မကြာခဏ ညွှန်းဖွဲ့ရေးခဲ့ဖူးတယ် ။ ဇင်းကျိုက်မှာ အထင်ကရဘုရားတွေ ရေတံခွန်တွေ ရှိတဲ့အတွက်
လူသိလည်း များကြမှာပါ ။ အဲဒီတုန်းကတော့ ကျွန်မတို့သုံးယောက်လုံး ဇင်းကျိုက်ကို တစ်ခါမှ
မရောက် ဖူးသေးလို့ ဘယ်နေရာကြည့်ကြည့် အထူးအဆန်းတွေချည်းပဲ ။ ယုတ်စွအဆုံး ဇင်းကျိုက်မြေက
ခြေတံရှည် ပျဉ်ထောင်မွန်အိမ်ကြီးတွေကအစ ကျွန်မတို့အတွက် ငေးကြည့်ချင်စရာ ။ ရန်ကုန်မှာဆို
ခြေတံရှည်ပျဉ်ထောင်အိမ်ကို တော်တော် ရှာယူရလိမ့်မယ်ထင်ရဲ့ ။ ချစ်စရာ မြတ်နိုးစရာ ။
ဒီလိုနဲ့ ကျွန်မတို့ရောက်လို့မှ
နှစ်ရက်သုံးရက်ရှိသေး… မတိုးတိုးတစ်ယောက် ရောဂါဟောင်း ပြန်ထလာတယ် ။ ဒီတစ်ခါတော့ ကိုရီးယားမဟုတ်တော့ဘူး
။ မွန်စကား ။ မွန်ဘာသာစကားကို ကျွန်မတို့ရဲ့ဝမ်းကွဲညီမလေးတွေဆီမှာ ကျိတ်သင်နေတာလေ ။
ခက်တာက မွန်စကားဟာ အသံထွက်ခက်ခဲတာကို သူ မသိရှာဘူး (ကျွန်မအမြင်ပေါ့လေ ၊ အမှန်တကယ်လည်း
သူ့အတွက်တော့ ဟုတ်ခဲ့ပုံပါပဲ) ။ မော်လမြိုင်ကလူတွေ(မွန်လူမျိုးတွေ) စကားပြောရင် တကယ့်
ကို အားရပါးရကြီးပဲ ။ မွန်စကားက အာလုတ်သံတွေနဲ့ ပြောကြရတာများတယ် ။ အပေါ်ယံ ပါးစပ်လှုပ်ရုံ
ပြောမရဘူး (ကျွန်မအထင်ပေါ့နော်) ။
တစ်နေ့…ကျွန်မရယ်
ကျွန်မအစ်မရယ် မတိုးတိုးရယ် ကျွန်မအဒေါ်ရယ် အဘွားအိမ်ကို သွားလည်ကြတယ် ။ ကျွန်မတို့က
အဒေါ့်အိမ်မှာ တည်းခိုနေကြတာကိုး ။ အဘွားကို တွေ့ချင်တာရယ် အဘွားက ငါ့အိမ်ကို မလာဘူးလို့
ပြောမှာစိုးတာရယ်ကြောင့် ကျွန်မတို့လူစု အဘွားအိမ်ကို ညနေခင်းကြီး ထွက်ခဲ့ကြတယ် ။ အဘွားအိမ်နဲ့
အဒေါ်အိမ် က တစ်ခေါ်သာသာရယ်ပါ ။
ကျွန်မတို့လေးယောက်
ကားလမ်းမဘေးကနေ ခပ်အေးအေး လျှောက်လာခဲ့ကြတယ် ။ နေကလည်း ကျချိန် အလင်းရောင်လည်း ရှိနေဆဲဆိုတော့
အကျည်းတန်လှတဲ့အချိန်လေးပေါ့ ။ ကျွန်မတို့ ခပ်အေးအေး ခပ်ဖြည်းဖြည်း လျှောက်လာတုန်း
မတိုးတိုးက သူ့ထုံးစံအတိုင်း အော်ကျယ်အော်ကျယ်နဲ့ ပြောချလိုက်တယ် ။
“ ဟိုမှာ…ဟိုမှာ…ကားသူခိုး…ကားသူခိုး…” –
တဲ့ ။ ကျွန်မတို့သုံးယောက် ပြူးပြဲသွားကြတာများ
သူများမြင်ရင် နတ်ပူးဝင်သလား အောက်မေ့ရမယ် ။ အဒေါ်က လည်း…
“ ဟဲ့…ဘယ်မှာတုံး ။ ဘယ်သူလဲ ။ မျက်နှာမှတ်မိလား
။ ဘယ်ကားခိုးသွားတာလဲ ” –
တဲ့ ။ ကျွန်မအစ်မကလည်း…
“ တိုးတိုးရေ … တိုးတိုးပြောကွ …
နင်ပြောတာ သေချာရဲ့လား ။ ဘယ်သူ့ကား အခိုးခံရတာလဲ ” –
တဲ့ ။ ကျွန်မကလည်း…
“ မတိုးတိုး သေချာမှလုပ်နော် ။ သူခိုးပေမဲ့ ဂိုဏ်းတွေဘာတွေနဲ့ဆို ကိုယ့်ကို
ညှိုးနေဦးမယ်…” –
လို့ ။
ကျွန်မတို့သုံးယောက်
ပြူးတူးပြဲတဲနဲ့ အော်ဟစ်ပြောဆိုနေပုံတွေကိုကြည့်ပြီး မတိုးတိုး ကြောင်သွားပုံ ရတယ်
။ နောက်မှ လည်ချောင်းတစ်ချက်ရှင်းပြီး သူ ထပ်ပြောတယ် ။
“ မဟုတ်ဘူးလေ…ကာသုခို…ကာသုခို…”
“ ဟဲ့…ဘာဖြစ်ပြန်တာလဲ ။ စောစောက ပြောတော့ ကားသူခိုးဆို ။ ခုကျတော့ ကာသုခို ။
ဘာတုံး နင့်ဟာက ။”
ဒါက မတိုးတိုးနွယ်ရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်
၊ ကျွန်မအစ်မရဲ့မကျေမလည်စကား ။
ကျွန်မကလည်း…
“ ဟုတ်သားပဲ မတိုးတိုးကလည်း ။ ကနခိုလည်း မဟုတ် ဘာတုန်း ။ ကာသုခိုဆိုတာ ။”
ဒီတစ်ခါတော့ မတိုးတိုးခမျာ
စကားနဲ့ ဘယ်လိုမှ ရှင်းမရတော့တဲ့အတွက် သူ ပြောချင်တဲ့အရာကို
လက်ညှိုးနဲ့ ညွှန်ပြရင်း…
“ ဟိုမှာလေဟာ နင်တို့ကလည်း ။ ပန်းပွင့်တွေလေဟာ … ကားသူခိုး အဲ ကာသုခိုဆိုတာ
။”
ကျွန်မ သူ ညွှန်ပြတဲ့အရာကို လှမ်းကြည့်လိုက်တော့
မြေပြင်မှာ တစ်ဝက်တစ်ပျက် ပြန့်ကြဲကျတာကကျ ၊ ပင်လုံးဝေ ဖြူဖွေးနေတဲ့ ဆိတ်ဖရူးပန်းပွင့်တွေ
… ။
“ မတိုးတိုးပြောတဲ့ ကားသူခိုးဆိုတာ ဆိတ်ဖရူးပန်းကို ပြောတာလား ။”
“ အေးလေ ။ နင်တို့ကလည်း မွန်လူမျိုးလည်းဆိုသေး ။ ဒါလေးတောင် မသိကြဘူးလား ။”
မတိုးတိုးက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောချလိုက်ပေမဲ့
ကျွန်မတို့အားလုံး ဟန်တောင်မဆောင်နိုင်ဘဲ တဟားဟားနဲ့ ထရယ်မိကြတယ် ။ ကားသူခိုးဆိုတာ
ဆိတ်ဖရူးပန်း-တဲ့လေ ။
“ ကားသူခိုးမဟုတ်ပါဘူး တိုးတိုးရယ် ။ ဒီလောက်တော့ ငါတို့လည်း သိပါတယ် ။ က,သိုခိုးဝ်ပါ
။”
ကျွန်မအစ်မက ရယ်နေရင်းပြောလိုက်တော့ မတိုးတိုးက
နှာခေါင်းရှုံ့ရင်း “ ဟွန်း…ကားသူခိုးနဲ့ သိပ်မကွာပါဘူး ”-တဲ့ ။ မတိုးတိုးက အဲ့သလိုအဲ့သလို
။
အဲ့သလို မတိုးတိုးတစ်ယောက်
မွန်ပြည်နယ်က ပြန်လာပြီးမကြာ အလုပ်လုပ်ရင်း အလုပ်ခွင်မှာ ဆုံတွေ့တဲ့ ရာမညသားလေးနဲ့
လက်ထပ်တော့မယ်ဆိုတဲ့သတင်းကြားတော့ ကျွန်မတို့ အံ့သြရပြန်ရော ။ မတိုးတိုးကို ကျွန်မတို့
က ဒီတစ်သက် အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းအပျိုကြီးလုပ်မယ့်သူလို့ ယူဆခဲ့မိတာလေ ။ ဖိတ်စာလာပို့တဲ့
မတိုးတိုးကို ခရီးရောက်မဆိုက် ကျွန်မတို့ညီအစ်မနှစ်ယောက် ဝိုင်းအင်တာဗျူးကြတာပေါ့ ။(အားကျပြီး
နည်းနာယူတဲ့ သဘောမျိုး မဟုတ်ပါဘူးနော် ။)
“ သူက ငါ့ကို အဖြေလာတောင်းတာ မနက်ခင်းအစောကြီးဟ ။ မိဘတွေကို ကန်တော်ကြီးမှာ
လေ့ကျင့်ခန်း
သွားလုပ်ဦးမယ်ပြောပြီး ထွက်လာခဲ့ရတာ ။ ဝတ်ထားတာကလည်း ပေါ့ပေါ့ပါးပါးဆိုတော့
သူနဲ့ စကားရပ်ပြောရင်း
ချမ်းလာပါရော ။ သူကလည်း ဇွတ်အတင်း အဖြေတောင်းတယ် ။ ငါကလည်း မိန်းကလေးဆိုတော့
ဈေးကိုင်ပြီး
အင်တင်တင်လုပ်နေရင်းက အင်း…ချမ်းတယ်လို့ ညည်းလိုက်မိတာကို သူက အဖြေပေးတယ်ဆိုပြီး
ဝမ်းသာ
သွားပါရော ။ ငါလည်း ရှက်တာနဲ့ ချော်လဲရောထိုင်လိုက်တာ…ဟီး ။”
ကဲ…ကောင်းရော ။ ဘာပဲပြောပြော ကျွန်မ့တို့မတိုးတိုးတစ်ယောက်
ကျွန်မတို့အမျိုး ရာမညသားလေးနဲ့ အကြောင်းပါ သွားတဲ့အတွက် ဝမ်းသာတဲ့အထိမ်းအမှတ်အနေနဲ့
သူတို့မင်္ဂလာဆောင်မှာ ကျွန်မတို့ညီအစ်မနှစ်ယောက် အားရပါးရ သွားပြီး ဝါးတီးဆွဲခဲ့ကြလေသတည်းပေါ့ရှင်
။
(မှတ်ချက်…ချမ်းတယ်ဆိုတာ မွန်ဘာသာအရ
ချစ်တယ်လို့ အဓိပ္ပါယ် သက်ရောက်သွားနိုင်တဲ့အတွက် မိန်းကလေးများ ဆောင်းရာသီမှာ ထိုစကားကို
ပြောမယ်ဆိုရင် သတိထားကြပါလို့…😊😊😊)
စေတနာရှေ့ထားလျက်
…
www.facebook.com/writer.GONK pageတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။