ချိုးငှက်ကလေး ဖြူပါစေသော်
( ၂၀၁၆ ဇန်နဝါရီ (၁၆)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဖော်ပြခံရသော ဆောင်းပါးဖြစ်သည် )
ဂါဦးနွန်းကို .... ရေးသားသည် ။
--------------------------------------------------------------------------------------------------
အမှန်တရားဆိုတာ ဘာလဲ ။
ကျွန်မ ငယ်ငယ်ကတည်းက စဉ်းစားခဲ့ဖူးတဲ့မေးခွန်း
။
(၄)/(၅)နှစ်အရွယ်ကတည်းက
မေမေ ပြောပြတတ်တဲ့ပုံပြင်တွေကို နားဆင်ရင်း ‘အမှန်တရား’ဆိုတဲ့အရာရဲ့အဓိပ္ပာယ်ကို
စဉ်းစားကြည့်ခဲ့ဖူးတယ် ။ အမှန်တရားဆိုတာ နေရာဒေသအလိုက် ဖွင့်ဆိုရှင်းပြချက် ကွဲပြားခြားနားသွားနိုင်ပေမဲ့
အရင်းစစ်လိုက် ရင်တော့ ရိုးသားဖြောင့်မှန်ခြင်း ၊ လွဲမှားမှုမရှိခြင်း သဘောပါပဲ ။ နောက်ပြီး
အများအားဖြင့် မကောင်းမှုကို တွန်းလှန်ပြီး ကောင်း တဲ့ဘက်က ရပ်တည်တာကိုလည်း မှန်ကန်ခြင်း(အမှန်တရား)လို့
ခေါ်တတ်ကြစမြဲ ။
မေမေ
ပြောပြခဲ့တဲ့ပုံပြင်တွေက အများကြီးပါပဲ ။ ယုန်နဲ့လိပ်ပုံပြင်
၊ မထွေးလေးပုံပြင် ၊ ကြောင်အိုကြီးနဲ့ကြက်သားအမိ ပုံပြင် ၊ ကမ္ဘာလိပ်မကြီးပုံပြင် -
တကယ့်ကို စုံစုံလင်လင်နဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေ ။ သေချာတာတစ်ခုက ပေါင်းချုံပြီး
သုံးသပ်မယ်ဆိုရင် နောက်ဆုံးမှာ မကောင်းမှုက ကျရှုံးပြီး ကောင်းမှုက အောင်နိုင်မယ်-ဆိုတဲ့ဒဿနကို
ပုံပြင်တိုင်းမှာ တွေ့မြင်ခဲ့ ရပါတယ် ။ ဒါကြောင့်လည်း စိတ်ကောင်းမွေးပြီး ဘဝကို ရိုးရိုးသားသား
မှန်မှန်ကန်ကန် ဖြတ်သန်းရမယ်-ဆိုတဲ့အတွေးအခေါ်တွေ ကို ဒီပုံပြင်တွေကတဆင့် ကျွန်မ သိရှိခဲ့ရတယ်
။
မကောင်းတာလုပ်ရင်
မကောင်းတာဖြစ်မှာပဲ ။ လူတော်လူကောင်းဆိုတာ
ရိုးသားရမယ် ။ ဖြောင့်မတ်ရမယ် ။ မဟုတ်တာ လုပ်ရမှာ ရှက်ကြောက်သူဖြစ်ရမယ် - ဒီအသိတရားတွေကို
ငယ်ငယ်ကတည်းက ယုံကြည်လက်ခံခဲ့မိသူ-ကျွန်မဆီမှာ နောက်ထပ် အရိုးစွဲနေတဲ့-ခံယူချက်တစ်ခုကတော့
“မကောင်းမှုပြုသူ(မရိုးဖြောင့်သူ)ကို လူ့အသိုင်းအဝိုင်းကလည်း မနှစ်မြို့ဘဲ ဖယ်ကြဉ်ထား
လိမ့်မယ်”လို့ပေါ့ ။
အရွယ်ရောက်လာတဲ့အခါ
ကျွန်မ နားမလည်တဲ့အရာတွေ တွေ့လာရတယ် ။ တချို့လူတွေက မကောင်းမှုတွေကို ပေါ်ပေါ်ထင်ထင်ပြုနေလျက်သားနဲ့
၊ လူသိရှင်ကြား လုပ်နေလျက်သားနဲ့ အကုသိုလ်ဘေး မသင့်သေးတဲ့အပြင် လောကတစ်ခွင် ကို သြဇာတွေ
ညောင်းနေလိုက်ပုံများ အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲ ။ သူ့သြဇာစက်ကွင်းအောက်မှာ
လူကောင်း ဆိုတဲ့(ကျွန်မ လေးစားခဲ့ရတဲ့)ပုဂ္ဂိုလ်တွေက ခေါင်းညိတ်ထောက်ခံနေကြတယ် ။ လောကကြီး
ဘယ်လိုဖြစ်သွားပါလိမ့် ။ သေလွန် သွားပြီဖြစ်တဲ့-(ကျွန်မ ကြည်ညိုရတဲ့) ပုဂ္ဂိုလ်တွေကိုသာ
လှုပ်နှိုးပြီး…
“ အဘိုးတို့ရေ…အုပ်ချုပ်ရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေးနယ်ပယ်တွေမှာတင်
မကဘူး ။ စာပေယဉ်ကျေးမှု
နယ်ပယ်မှာလည်း ဖြစ်ချင်တိုင်းဖြစ်နေပြီ…။ ထကြည့်လှည့်ပါဦး
။”
လို့ တိုင်တောလိုက်ချင်ရဲ့ ။ ကျွန်မ မြတ်နိုးရတဲ့-ပညာရှိအဖွဲ့အစည်း
၊ နိုင်ငံ့မျက်စိအသိုင်းအဝိုင်းကိုယ်တိုင် “မဟုတ်မဟတ် လုပ် ဇာတ်သမား”တွေကို ကလပ်ပေါ်
တင်နေကြတာမြင်ရတော့ စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားမိတာ လွန်မယ်မထင်ပါဘူး ။
တစ်ချိန်က ကလောင်သွေးစ-စာချစ်သူလေးတစ်ယောက်ခမျာ
သဘောရိုးနဲ့ ဘာပဲလုပ်လုပ် ၊ စိတ်ရင်းအမှန်နဲ့ ဘယ်လိုပဲ ရေးရေး အပြစ်သေးသေးလေးမှ မတွေ့လိုက်နဲ့
။ ( အဲဒီကလေးရဲ့ရင်ထဲမှာ စာပေချစ်စိတ် ဘယ်လောက်ရှိသလဲဆိုတာကိုတောင် မဆန်းစစ်ဘဲ၊ လက်တွဲခေါ်ဖို့စိတ်မကူးဘဲ
) တစ်ခါတည်း လဲသေချင်သွားလောက်အောင် အားမနာပါးမနာ-ပြောခဲ့ဖူးတဲ့-နိုင်ငံအသိ အမှတ်ပြု-ဆုရစာရေးဆရာတချို့ဟာ
တကယ့်တကယ် အပြစ်ဆိုရမယ့်အချိန်လည်းကျရော ငြိမ်ကုပ်နေကြတယ် ။ ပြောရဲဆိုရဲ ပုဂ္ဂိုလ်တွေကလည်း
မပြောဘဲမဆိုဘဲ တိတ်နေကြတယ် ။ သိက္ခာမဲ့တဲ့-လုပ်ရပ်အမှားတစ်ခုကို ဘယ်လိုသဘောထားကြီးမှုတွေနဲ့
ဝိုင်းအုံလက်ခံနေကြသလဲဆိုတာ စဉ်းစားလို့မရခဲ့ပါဘူး ။
မထင်တာတွေ မကြာမကြာဖြစ်နေတော့
အခါခါ ရင်နာရတယ် ။ စေတနာနဲ့ယုံကြည်ချက်တွေက အကြိမ်ကြိမ် ချနင်းခံနေ ရတယ် ။ အရည်အချင်းထက်
မရိုးမသားလုပ်ရပ်ကိုမှ ထောက်ခံတတ်တဲ့ခေတ်ကို ရောက်နေပြီလား ။ အားလုံးရဲ့နှုတ်ဖျားက
ရွတ်တွားနေကြတဲ့-ငြိမ်းချမ်းရေးဆိုတဲ့အရာကို တကယ်ရော မြတ်နိုးကြသေးရဲ့လား ။ အမှန်တကယ်
တန်ဖိုးထားတယ်ဆိုရင် အခုလိုအချိန်မှာ အမှားလုပ်ရပ်တွေအတွက် ကန့်ကွက်ဝေဖန်သံတွေ ထွက်လာသင့်တာပေါ့
။ ‘စီးပွားတွက်’သဘောနဲ့တော့ ‘ငြိမ်း ချမ်းရေး’ ဆိုတဲ့စကားလုံးရဲ့ လေးနက်တဲ့တန်ဖိုးကို
အရောင်တွေ မဆိုးသင့်ဘူး ။ ချိုးဖြူငှက်ကလေး…သူ့ဟာသူ လွတ်လွတ်လပ် လပ်သန့်စင်ပါစေ ။
လေးစားကြည်ညိုမှုဆိုတာ
တစ်ခါ အဖျက်ခံလိုက်ရရင် ပြန်တည်ဆောက်ဖို့ လွယ်တဲ့အရာ မဟုတ်ပါဘူး ။ သေချာတာက တော့ အသက်ကြီးလာတာနဲ့အမျှ
ဗုဒ္ဓကလွဲပြီး ကြီးမြတ်လေးစားထိုက်စရာ တဖြည်းဖြည်း ရှားလာတယ် ။ အခုလို...နံ့သာဆီနဲ့တူ
တဲ့ စာပေအသိုင်းအဝိုင်းထဲမှာ အညစ်အကြေးတွေ ရောနေတာကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်
။ အနုပညာရှင်ဆိုတာ ပရိသတ်အတွက် ရွံစရာသတ္တဝါမျိုး ဖြစ်နေဖို့ မသင့်ပါဘူး ။ လေးစားထိုက်တဲ့-စံပြပုဂ္ဂိုလ်မျိုး
ဖြစ်နေဖို့ အလွန်ပဲ အရေးကြီးပါတယ် ။ သူများထက်ထူးပြီး လေးစားစရာမကောင်းရင်တောင် သာမန်ထက်
အရှက်သိက္ခာမဲ့တဲ့-ပုဂ္ဂိုလ်မျိုးတော့ မဖြစ်သင့်ပါဘူး ။
အားလုံးလည်း သတိပြုမိကြမှာပါ
။ ကျွန်မတို့စာပေနယ်ပယ် တစ်နှစ်ထက်တစ်နှစ် ဘယ်လိုအရောင်တွေ ခြယ်လာသလဲ ဆိုတာ ။ (၂၀၁၃)
၊ (၂၀၁၄) ၊ (၂၀၁၅) - တစ်နှစ်ထက်တစ်နှစ် အရောင်တွေ ညစ်လာတယ် ။ သန့်ရှင်းစင်ကြယ်တဲ့အဖြူရောင်
လုံးလုံးပျောက်ဆုံးမသွားခင် ဆုရနာမည်ကြီးအကျော်ဇေယျပညာရှိပုဂ္ဂိုလ်မြတ်-ဦးဆောင်ဦးရွက်ဆရာသခင်များက
စောင့်ရှောက် ပြောဆိုထောက်ပြဖို့ သင့်နေပါပြီ ။ လူငယ်တွေက မသိလို့ လွန်ကျူးမိတဲ့-အမှားလုပ်ရပ်ဖြစ်ခဲ့ရင်တောင်
ဆိုဆုံးမလမ်းပြပေးရမှာက သက်ကြီးဝါကြီးဆရာသခင်များရဲ့တာဝန်ပဲ မဟုတ်ပါလား ။
လက်တလော တွေ့မြင်နေရတဲ့
လုပ်ရပ်ထူးတွေနဲ့ပတ်သက်ပြီး နောင်လာနောင်သားတွေအတွက်လည်း ရင်လေး (အဲ) စိတ်လေးမိပါရဲ့
။ အမှန်တရားဆိုတာ အမှားတစ်ရာလို့များ သူတို့ သဘောပေါက်သွားကြတော့မလား ။
- နာမည်ကြီးဖို့ ၊ နေရာတစ်နေရာ ရဖို့
၊ အောင်မြင်ကျော်ကြားဖို့အတွက် အသိပညာရှိအောင် ၊ ဗဟုသုတပြည့်စုံအောင် ၊ ထူးချွန်
ထက်မြက်အောင် ကြိုးစားစရာ မလိုပေါင် ။ သူများထက်ထူးမယ့်-သိက္ခာမဲ့တဲ့လုပ်ရပ်တစ်ခုခုသာလုပ်ပြလိုက်
- ‘ပေါက်’သွား
လိမ့်မယ်…
လို့များ နောင်တစ်ချိန် ကလောင်သစ်တွေရဲ့စိတ်ထဲ
နားလည်သွားကြတော့မလား ။ လေးစားထိုက်တဲ့-ကလောင်ရှင်ကြီးတွေ ကိုယ်တိုင် မှားယွင်းတဲ့လုပ်ရပ်တွေကို
မဝေဖန်ဘဲ/မငြင်းဆန်ဘဲ လက်ခံနေတဲ့ကိစ္စအပေါ်မှာ ပါးစပ်အဟောင်းသားအဖြစ်မိဆုံးပါ ။ အမှန်တရားတို့
၊ မကောင်းမှုတို့ကို ဘာပေတံနဲ့များ တိုင်းတာနေကြပြီလဲ ။ ငွေရေးကြေးရေး-ပေတံနဲ့လား ၊
ဒါမှမဟုတ် ဘာပဲ လုပ်လုပ် နာမည်ကြီးပြီးရော-ပေတံနဲ့လား
။ ဒီပုံအတိုင်းဆိုရင်တော့ သူ့ထက်သူ လူစွမ်းကောင်းတွေ ထပ်ထွက်လာဖို့ပဲ ရှိပါတော့ တယ်
။
ကျွန်မ သိခဲ့တဲ့
(ရှေးပညာရှိတွေ ရေးသားခဲ့တဲ့) လောကနီတိကျမ်းတွေကို ၂၁ရာစုမှာ မကျင့်သုံးကြတော့ဘူးလား
။ အဲဒါ ကို ကောင်းမွန်တဲ့လမ်းစဉ်လို့ သတ်မှတ်နေကြပြီလား ။ သေချာတာကတော့ ပညာရှိနယ်ပယ်မှာ
ဟောပြောလမ်းပြသူတွေ ပျောက်သထက်ပျောက်ပြီး စားကျက်လုသူတွေ ရောက်သထက်ရောက်လာပြီ ။ အရည်အသွေးပြလိုသူထက်
အောင်မြင်မှုပါဝါ ရလိုသူတွေ များပြားလာပြီ ။ ဒီထက်ပိုပြီး မညစ်ခင်/မပုပ်ခင် ဆရာသခင်တို့
သန့်စင်နိုင်စေဖို့အတွက် ပညာရှိ သတိမလစ်ရအောင် ပါမွှားကလောင်ရှင်လေးတစ်ယောက်က စာရေးလို့
အသိပေးလိုက်ပါရစေ ။
နိုဘယ်-မြန်မာစာပေပွဲတော်ကြီးလည်း
နီးကပ်နေပါပြီ ။ စာပေနယ်ပယ်မှာ ဗဟုသုတကြွယ် ၊ သိက္ခာထည်တဲ့ လေးစား ဂုဏ်ယူဖွယ်ရာ ပညာရှိသူတော်ကောင်းကလောင်ရှင်တွေ
တစ်နေ့တခြား တိုးတက်ပွားလို့ များပြားပြည့်လျံစေဖို့ တောင်းဆုခြွေ ရင်း…
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။