(၂၀၁၇ ဇွန်လ(၁၃)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဖော်ပြခံရသောဆောင်းပါးဖြစ်ပါသည် )
ကျွန်မရဲ့ငယ်ဘဝကို
လွှမ်းမိုးခဲ့တဲ့ စာရေးဆရာအမြောက်အမြား ရှိပါတယ် ။ စာပေဝါသနာရှင် မိဘနှစ်ပါးရဲ့လမ်းပြမှု
ကြောင့်ရော ၊ မွေးချင်းအစ်မတွေရဲ့ရှေ့ဆောင်မှုကြောင့်ပါ ကျွန်မဟာ ငါးနှစ်/ခြောက်နှစ်အရွယ်ကတည်းက
စာအုပ်စာပေချစ်ခင်သူ တစ်ယောက် ဖြစ်လာခဲ့တယ် ။ ထူးခြားတာကတော့ ကျွန်မ မြတ်နိုးရတဲ့စာရေးဆရာတွေဟာ
တစ်ခေတ်တစ်ခါကပုဂ္ဂိုလ်တွေ ဖြစ်နေ ခြင်းပါပဲ ။ ဥပမာ…ဦးဖိုးကျား ၊ ဇော်ဂျီ ၊ မင်းသုဝဏ်
၊ ပီမိုးနင်း ၊ မောင်ထင် ၊ ရွှေဥဒေါင်း ၊ သော်တာဆွေ ၊ ဇဝန ၊ ဒဂုန်ရွှေမျှား...စတဲ့ ဆရာကြီးတွေပေါ့
။ သူတို့…သူတို့အနက်…ကလေးတွေရဲ့စိတ်နှလုံးကို အသိမ်းကြုံးနိုင်ဆုံးသူအဖြစ် ကျွန်မ စံတင်ထားတဲ့ပုဂ္ဂိုလ်က
ဆရာကြီးမင်းသုဝဏ်ပါ ။
ဟုတ်တယ် … ကျွန်မလေ
ဆရာကြီးရဲ့ကဗျာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် ကောက်နုတ်လို့သာ ဖော်ပြလိုက်ချင်တော့တယ် ။
အဲဒီလောက်အထိ ကလေးကဗျာချိုလွင်လွင်လေးတွေက ကျွန်မရဲ့ငယ်ဘဝကို လွှမ်းမိုးနေခဲ့တာ ။ “
လယ်စောင့်တဲ ၊ သပြေသီး ကောက် ၊ ရွှေခဲကြက်တူရွေး ၊ ဥပုသ်စောင့်”စတဲ့ကဗျာတွေက ဒီနေ့ထိတိုင်
ကျွန်မကို ပျော်ရွှင်သွားအောင် ကူညီနိုင်တုန်းပဲလေ ။ နောက်ပြီး...“ဘကြီးအောင် ညာတယ်”ဆိုတဲ့ဝတ္ထု
။ ရှည်ရှည်လျားလျား ထွေထွေပြားပြား မဟုတ်ပါဘူး ။ ရိုးရိုးရှင်းရှင်းနဲ့ ဘဝဇာတ် တစ်ခုကို
ခင်းပြထားရုံ ။ ဒါပေမဲ့ နှလုံးသားထဲအထိ ဆို့နစ်သွားစေလို့ ဘယ်အချိန် ပြန်ဖတ်ဖတ် မျက်ရည်ရစ်ဝဲရတာ
အမှန် ။
ကဗျာမျိုးစုံကို ပန်းပွင့်လေးတွေပမာ
လှလှပပ သီကုံးဖွဲ့ဆိုတတ်ရုံသာမက ပြဇာတ် ၊ ပုံပြင် ၊ ဗုဒ္ဓဝင် ၊ ဘာသာပြန်ဝတ္ထု ၊ ပင်ကိုယ်ရေးဝတ္ထုတွေ
၊ မြန်မာမှုမြန်မာ့ဟန် ၊ စာပေဝေဖန်ရေးဆောင်းပါးများနဲ့ စာတမ်းကြီးငယ်အသွယ်သွယ်တို့ကို
ပညာရှိဆန် ဆန် တင်ပြရေးသားနိုင်တဲ့ ၊ ကျွန်မ အားကျလေးစားရတဲ့-စာရေးဆရာကြီး … မင်းသုဝဏ်
(သို့မဟုတ်) ဦးဝန် ။
@@@@@
ဦးအောင်ချာကြီး
ဘာလို့ညာရတာလဲ ။ မောင်ချစ်လေးခမျာ သနားစရာကောင်းလိုက်တာ ။ အရုပ်လေးမရလို့ စိတ်ထောင်း
ကိုယ်ကျေဘဝနဲ့ အသက်သေရတဲ့အထိ…
“ဘကြီးအောင် ညာတယ်”ဝတ္ထုကို ဖတ်ဖူးခဲ့စဉ်က
သာမန်ကာလျံကာမျှပဲ စဉ်းစားမိခဲ့တယ် ။ ငွေကြေးချို့တဲ့သူ-မောင်ချစ်ကို သနား ပြီး ဘကြီးအောင်ကိုတော့
စိတ်ဆိုးချင်ချင်ပေါ့ ။ ဒါပေမဲ့ အရွယ်ရောက်ချိန် ပြန်ဖတ်ကြည့်တော့ မောင်ချစ်လေးရဲ့သိမ်ငယ်စိတ်နဲ့
အတူ အဲဒီခေတ်ရဲ့အခြေအနေကိုပါ သိမြင်လိုက်ရတယ်။ အာဏာရှင်ဥစ္စာရှင်တို့ရဲ့ခြယ်လှယ်လွှမ်းမိုးမှုကို
မလွန်ဆန်ဝံ့ကြတဲ့ ဆင်းရဲ နွမ်းပါးသူတွေရဲ့ဘဝဖြစ်စဉ်များစွာထဲက တစ်ခု ။ နောက်ပြီး …
ကလေးတွေရဲ့ရင်ထဲက ခံစားချက် ။ ဆရာကြီးက ဒါတွေကို တင်ပြ လိုတာများလား … ဒီသဘောတရားက
သံသရာလည်နေသလိုမျိုး ခေတ်အဆက်ဆက် တည်ရှိနေဆဲပါပဲ ။
ဆရာကြီးရဲ့စာတွေကဗျာတွေက
ကလေးတွေအတွက် ဦးတည်ဖြန့်ကျက်နေတာကို စာချစ်ဆွေတော်တော်များများ သိထား ကြမှာပါ ။ နောက်ပြီး
နိုင်ငံခြားပုံပြင်တွေကို ဘာသာပြန်ခဲ့သလို ကိုယ်တိုင်ရေးပုံပြင်လေးတွေကလည်း ချစ်စဖွယ်
စိတ်ဝင်စားစရာ ။ ဒီနေ့ခေတ် တက်သစ်စ,ကလောင်ရှင်လူငယ်တွေအတွက် အတုယူချင်စဖွယ်လမ်းပြမှုတစ်မျိုးဆိုရင်လည်း
မမှားနိုင်ပါဘူး ။
ဆရာကြီးမင်းသုဝဏ်ကို
(မြန်မာသက္ကရာဇ်-၁၂၇၀) ခရစ်နှစ်(၁၉၀၉)ခုနှစ် ဖေဖော်ဝါရီ(၁၀)ရက် ၊ ဗုဒ္ဓဟူးနေ့မှာ ဖွားမြင်ခဲ့ပါ
တယ် ။ မွေးချင်း(၇)ယောက်အနက် ဒုတိယမြောက်သားရတနာပါ ။ အမည်ရင်းက ဦးဝန်ဖြစ်ပြီး ဇာတိက
ဟံသာဝတီခရိုင်(ယခု ရန်ကုန်တိုင်း) ၊ ကွမ်းခြံကုန်းမြို့ ။ မိဘတွေကတော့ ကုန်သည်လုပ်ကိုင်ကြတဲ့
ဦးလွမ်းပင်နဲ့ဒေါ်မိဖြစ်ပါတယ် ။ မွန်အမျိုးသားတစ်ဦး ဖြစ်တဲ့-ဆရာကြီးဟာ မွန်လူမျိုးအကြောင်းကို
ပင်ကိုယ်ရေးပုံပြင်တွေမှာ ထည့်သွင်းရေးဖွဲ့ထားတာ တွေ့ရပါတယ် ။ နောက်ပြီး မွန်-မြန်မာအဘိဓာန်လုပ်ငန်း
၊ တိပိဋကပါဠိ-မြန်မာအဘိဓာန်လုပ်ငန်း ၊ စာပေဗိမာန်၏မြန်မာ့စွယ်စုံကျမ်းအဖွဲ့ ၊ စာပေဆုပေးရေးအဖွဲ့
၊ သုခမိန်အဖွဲ့၊ ပန်တျာမှုမှန်ပြုလုပ်ရေးကော်မတီ၊ ပိဋကတ်တော်မြန်မာပြန်ကော်မတီ၊ ဥပဒေ
ဘာသာပြန်ကော်မတီ-အစရှိတဲ့နေရာ ဌာနတွေမှာ ဝင်ရောက်အမှုထမ်းဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်
။
တယူမသန်၊ ဘက်မလိုက်ဘဲ
လူမျိုး၊ နိုင်ငံ၊ ဘာသာ/သာသနာအတွက် မျှမျှတတစွမ်းဆောင်နိုင်ခဲ့တဲ့-ဆရာကြီးရဲ့စိတ်ထား
က ကြည်ညိုအားကျစရာပါ ။ နောက်ပြီး…ဆရာကြီးရဲ့အတ္ထုပ္ပတ္တိကို ခရေစေ့တွင်းကျစာစီကုံးရမယ်ဆိုရင်
စာမျက်နှာ တော်တော်များ မှာ သေချာပါတယ် ။ ဘာကြောင့်လဲဆိုတော့ အသက်လည်းရှည် ၊ စာပေတာဝန်တွေလည်း
ကျေပွန်ခဲ့တဲ့ ဆရာကြီးရဲ့ဘဝသမိုင်း ကောက်ကြောင်းက သက္ကရာဇ်အထွေထွေ…အကြောင်းအရာအဖုံဖုံ
။ ဖတ်မိသူတိုင်း လေးစားမြတ်နိုးကြမှာ မြေကြီးလက်ခတ်မလွဲ ။ ဒါပေမဲ့ ကျွန်မကတော့ ငယ်ငယ်က
စွဲလမ်းခဲ့ရတဲ့-ကဗျာအချို့ကို ကောက်နုတ်ဖော်ပြချင်နေလို့ စာချစ်ဆွေတို့ ဖတ်ကြည့်ပါဦး
။
ဥပုသ်စောင့်
ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက် ကျောင်းထွက်မယ်
မောင်လည်း လိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်
မောင် မဆော့ပေါင် စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်
လိုက်မယ် လိုက်မယ် ။ ။
လယ်စောင့်တဲ
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာ တည်
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနှင့် ပနံတင့် ။ ။
ပန်းသည်
မောင်လေးရေ ထပါတော့
ရောင်နီလာလှပေါ့ ။
တစ်ကျော့နှစ်ကျော့ တေးကိုသီ
ငှက်ကြား နှုတ်ပလီ ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့ လန်း ။
ဗန်းလေးယူခဲ့ မောင်လေးရယ်
သွားကောက်ချည်စို့ကွယ် ။
ပန်းသည်လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး ။
စာမျက်နှာကို ထောက်ညှာတဲ့အနေနဲ့
ဒီလောက်ပဲဖော်ပြရတာကို မကျေနပ်နိုင်သေးပါဘူး ။ ဆရာကြီးရဲ့ “ ပျဉ်းမ ငုတ်တို ၊ တရားဦးဟောလှည့်ပါ
၊ သူ့မှာတမ်း ၊ ဖိုးမောင် လာပြီ ၊ မင်းရဲကျော်စွာ ၊ သပြေညို ၊ ကြင်နာမှု”-စတဲ့ကဗျာတွေကို
ဖတ်ရတိုင်း ထိရှ လွန်းလို့ မျက်ရည်ဝဲရတဲ့အထိ ။ မျိုးချစ်သူရဲကောင်းတွေအပေါ် မြတ်နိုးသက်ဝင်လာစေတဲ့အထိ
။ နောက်ပြီး “ကိုဇီးကွက်”ရဲ့အကျင့် စရိုက်က ဘယ်လို ၊ “စာဝတီ”ငှက်တွေရဲ့အမူအကျင့်က ဘယ်ပုံ
၊ “ငှက်ကြီးဝန်ပို”က ငါးဘယ်လိုဖမ်း ၊ “စာကလေးတွေ သဲရေချိုး” ၊ “ပျံလွှားနဲ့မိုးစာ”ငှက်တွေ-စသဖြင့်
“ငှက်လောကအကြောင်း” ကဗျာတွေနဲ့ သရုပ်ဖော်သွားပုံကလည်း မျက်စိထဲမှာ ကွင်းကွင်းကွက် ကွက်
။ ဆရာကြီးရဲ့ကဗျာတွေဟာ တစ်ခါတစ်ရံ သွယ်ဝိုက်တင်ပြထားတဲ့အတွက် တွေးယူရတာရှိသလို တစ်ခါတစ်ခါလည်း
ကဗျာ ပေမဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်ရသလိုမျိုး ရှင်းရှင်းလင်းလင်း တည့်တည့်ဒိုင်းဒိုင်း
။ ကဗျာအချို့က ရှည်လျားတဲ့အတွက် ဖော်ပြဖို့ မဖြစ် နိုင်လို့ မိမိရဲ့ရင်သွေးတွေကို ရှာဖတ်ပြကြဖို့
စာချစ်ဆွေတွေကို တောင်းဆိုပါရစေ ။ ကလေးကဗျာတွေ ဖတ်ပြခြင်းအားဖြင့် သူတို့ လေးတွေအတွက်
ပျော်စရာကောင်းတဲ့အမှတ်တရတွေကို ရရှိစေမှာ သေချာလို့ပါ ။
ဆရာကြီးရဲ့အတ္ထုပ္ပတ္တိအကျဉ်းကိုဆက်ရရင်
(၁၉၂၁)ခု ကွမ်းခြံကုန်းမြို့-အမျိုးသားကျောင်းမှာ အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ကို သင်ကြားရင်း
ကဗျာရေးနည်းကိုလည်း ကျောင်းနေဖက်သူငယ်ချင်း-ဦးအာကာသန်းဆီမှာ သင်ယူခဲ့တယ် ။ အဋ္ဌမတန်းရောက်
တော့ (၁၉၂၆) အသက်(၁၇)နှစ်အရွယ် ။ ဆရာကြီးရဲ့စာပေခရီးလမ်းအစလို့ ဆိုရမလား ။ ဒဂုန်မဂ္ဂဇင်းမှာ
ပထမဆုံးကဗျာ ဖော်ပြ ခံရလို့ပါ ။ (၁၉၂၉)ခုနှစ်မှာတော့ ဆယ်တန်းစာမေးပွဲကို ပထဝီဘာသာဂုဏ်ထူးနဲ့
အောင်မြင်ခဲ့တယ် ။ (၁၉၃၆)ခုနှစ်မှာ ရန်ကုန်တက္က သိုလ်က မဟာဝိဇ္ဇာဘွဲ့၊ (၁၉၃၈)ခုနှစ်မှာ
အင်္ဂလန်အောက်စဖို့တက္ကသိုလ်က ဘီလစ်(B.Litt)ဘွဲ့တို့ကို ရရှိခဲ့ပြီး အမေရီကန်ယေးလ် တက္ကသိုလ်မှာ
အထွေထွေဘာသာဗေဒပညာကို လေ့လာဆည်းပူးခဲ့ပါတယ် ။
အဲဒီနောက် ရန်ကုန်တက္ကသိုလ်
- ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှူး၊ မြန်မာအဘိဓာန်စာတည်းမှူး၊ မြန်မာစာဌာန ပါမောက္ခ-စတဲ့
တာဝန်တွေကို ထမ်းဆောင်ခဲ့သလို တစ်ဖက်မှာလည်း ခေတ်စမ်းကလေးစာပေခေါင်းဆောင်အဖြစ် ထင်ရှားခဲ့တဲ့-စာရေးဆရာကြီး-မင်းသုဝဏ်ဟာ
မြန်မာ့ဓလေ့၊ မြန်မာ့ဟန်၊ မြန်မာမှုတွေကို တန်ဖိုးထားဖော်ထုတ်လေ့ရှိသူပါ ။ ဒါတင် မကသေး
၊ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဋ္ဌဟောင်း ၊ မြန်မာနိုင်ငံ သက်ကြီးစာသင်နည်း(ဝ-ထ-က-လ-သနည်း)ကို
တီထွင်ခဲ့သူ ။ မြန်မာ နိုင်ငံ မျက်မမြင်စာသင်နည်းတီထွင်သူအဖွဲ့ခေါင်းဆောင် ၊ က-ကန်စွန်းပင် ရေမှာရွှင် … အစချီတဲ့ ကကြီးခခွေးလင်္ကာလေးတွေကို
ဖန်ဆင်းခဲ့သူ ။
လက်ရှိ ကျွန်မတို့နိုင်ငံ-သမ္မတဦးထင်ကျော်ရဲ့ဖခင်လည်းဖြစ်တဲ့
ဆရာကြီး-မင်းသုဝဏ်ဟာ နိုင်ငံရဲ့အနာဂတ်ကို စာပန်းချီ တွေ ၊ မှတ်တမ်းမှတ်ရာတွေ ၊ အတွေးအခေါ်အကြံဥာဏ်ကောင်းတွေနဲ့
တန်ဆာဆင်လမ်းပြခဲ့ရုံသာမက ကလေးတွေရဲ့ငယ်ဘဝကို လှပခမ်းနားအောင်၊ ကလေးတွေရဲ့စိတ်နှလုံးကို
ဖြူစင်နူးညံ့အောင် စွမ်းဆောင်နိုင်ခဲ့သူပေါ့ ။ ကလေးကဗျာတွေကို ဘယ်လိုစိတ်ကူး နဲ့ ရေးဖြစ်ခဲ့သလဲဆိုတဲ့မေးခွန်းအပေါ်
ဆရာကြီး ဖြေခဲ့ပုံက …
“ (၁၉၃၁)ခုနှစ်က ကွမ်းခြံကုန်း အမျိုးသားကျောင်းမှာ ကျောင်းဆရာကြီးအဖြစ် လုပ်ခဲ့ဖူးတယ်
။ အဲဒီတုန်းက သင်ရိုးညွှန်းတမ်း
မှာ ‘ကလေးကဗျာ’သင်ကြားသီဆိုစေရမယ်လို့ ပြဋ္ဌာန်းထားပေမယ့်
သင်ပေးဖို့ စာအုပ်က မရှိဘူး ။ ဒါကြောင့် ကလေးတွေ
အတွက် ကဗျာရေးပေးမှပဲလို့ အကြံရပြီး ရေးတာပဲ”
–
တဲ့ ။ ကြက်သီးမွေးညင်းထဖွယ်ရာအဖြေပါ ။
ငါ နာမည်ကြီးဖို့ ၊ ‘ဆရာကျ’ဖို့ ၊ လာဘ်ပေါဖို့
- ဆိုတဲ့အတွေးတွေ မပါခဲ့ ။ မြင့်မြတ်တဲ့ စိတ်ထား ။ စာရေးဆရာတစ်ယောက်ဟာ ထင်ပေါ်ကျော်ဇောမှု ၊ ခေတ်စားမှုတွေရဲ့နောက်ကို ခပ်ပေါ့ပေါ့လိုက်မယ့်အစား
နိုင်ငံမှာ တကယ်လိုအပ်နေတဲ့အရာတွေကို ရှာဖွေပြီး ကူညီဖြည့်ဆည်းရမယ် ။ ဒါမှသာ စစ်မှန်တဲ့စာပေသမားတစ်ယောက်ရဲ့စေတနာဆိုတာ
ကို ဆရာကြီးက လက်တွေ့သက်သေပြသွားခဲ့ပါတယ် ။
မျက်မှောက်ခေတ်မှာတော့
ကလေးတွေအတွက် ဆရာကြီး ပျိုးခဲ့တဲ့စာပေပန်းခင်းကို လှပဝေဆာအောင် စောင့်ရှောက် ထိန်းသိမ်းဖို့
အမှန်ပင် လိုအပ်နေပါတယ် ။ အမျိုးမျိုးအထွေထွေ စာတွေ/ကဗျာတွေကို ရေးသီခဲ့ရုံသာမက ဘက်စုံထောင့်စုံအောင်
လူမျိုး/နိုင်ငံ/ဘာသာ/သာသနာအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ စာရေးဆရာကြီး-မင်းသုဝဏ်ဟာ
(၁၅.၈.၂၀၀၄)ခု ၊ အသက် (၉၆)နှစ်မှာ ကွယ်လွန်ခဲ့ပါတယ် ။ ။
စေတနာရှေ့ထားလျက် ...
ဂါဦးနွန်းကို
www.facebook.com/writer.GONK pageတွင် ဝင်ရောက်လေ့လာနိုင်ပါသည် :-)
အချက်အလက်စာကိုး -
၁) မင်းသုဝဏ်၏ လက်ရာစုံမင်းသုဝဏ်
၂) ပထမနှစ် မြန်မာစာ