ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၄)
ကြယ်ပွင့်လေးတွေ လင်းပါစေ
( ၂၀၁၅ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အနုပညာကဏ္ဍတွင် ဖော်ပြခံရသောဆောင်းပါးဖြစ်ပါသည် )
ဂါဦးနွန်းကို ............ သုံးသပ်ရေးသားသည် ။
----------------------------------------------------------------------------------------------------------------
“
ကျွန်တော်တို့ကြားမှာ ထိပ်တန်းပုဂ္ဂိုလ်တွေ ရှိပါတယ် ။ ကမ္ဘာကြီးကို ပြောင်းလဲပေးမယ့်သူတွေပေါ့
။ ဘာဖြစ်လို့လဲဆိုတော့
သူတို့က ကမ္ဘာကို မတူညီတဲ့အမြင်တွေနဲ့ ကြည့်နိုင်ကြလို့ပဲ
။ ထူးခြားတဲ့သူတို့အတွေးတွေကို ဘယ်သူမှ နားလည်မပေးနိုင်
ကြဘူး ။ သူတို့က ခြားနားနေတာကိုး ။ တစ်ချိန်မှာ
သူတို့ဟာ အနိုင်ရသူတွေအဖြစ် ထွက်ပေါ်လာတဲ့အခါမှာတော့ ကမ္ဘာကြီး
အံ့အားသင့်သွားရတာပေါ့ ။”
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ပြောပြချင်တဲ့ ရုပ်ရှင်ကားတွေ
ကျွန်မမှာ ဒီလောက်များမှန်း အရင်က မသိခဲ့ပါဘူး ။ စာရေးစာဖတ်ရတာကို စိတ်အား ထက်သန်သလို
ရုပ်ရှင်ကြည့်ရတာလည်း ဝါသနာပါတဲ့-ကျွန်မက ကြည့်ကောင်းတယ်ဆိုတဲ့ဇာတ်ကားမှန်သမျှ ရှာဖွေကြည့်ဖြစ်ခဲ့တာ
ကြောင့် ဒီကားကောင်းလေးကို တွေ့ရှိခဲ့တာပါ ။ Taare Zameen Par (Like Stars on Earth)
ဆိုတဲ့ဇာတ်ကားဖြစ်ပါတယ်
။
တိရစ္ဆာန်လေးတွေနဲ့
သဘာဝပတ်ဝန်းကျင်ရဲ့အလှတရားကို မြတ်နိုးခံစားတတ်တဲ့-အီရှန်က အတန်းထဲမှာ စာအညံ့ဆုံး ကျောင်းသားတစ်ယောက်ပါ ။ သူ့အစ်ကို-ရိုဟန်က
စာတော်သလောက် ဘာသာရပ်တိုင်းညံ့ဖျင်းနေတဲ့-အီရှန်က မိဘတွေအတွက် ဒုက္ခအိုးလေးဆိုပါတော့
။ မိဘတွေခမျာ သူ့အပေါ် အားမလိုအားမရနဲ့ပေါ့ ။ ဖခင်က စည်းစနစ်ကျနပြီး လူ့ဘဝဆိုတာ ပြိုင်ပွဲပဲ ၊ အနိုင်ရဖို့ အပြေးသန်ရမယ်-ဆိုတဲ့ထုံးကို
နှလုံးမူထားသူဖြစ်တာကြောင့် ဖခင်ဖြစ်သူနဲ့အီရှန်ဟာ ဘယ်တော့မှ အဆင်ပြေတယ် မရှိခဲ့ ပါဘူး
။
တစ်ကျောင်းလုံးက လူပိန်းလူညံ့လို့
သတ်မှတ်ခံထားရတဲ့-အီရှန်မှာ ပါရမီတစ်ခု ရှိနေခဲ့ပါတယ် ။ အဲဒါကတော့ ပန်းချီပညာ ပါပဲ
။ ကျောင်းလစ်ပြီး လျှောက်လည်တုန်းက တွေ့မြင်ခဲ့တဲ့-အနီရောင်ရေခဲဆုပ်ကို ဆေးစက်တွေနဲ့
ပန်းချီအဖြစ် အသက်သွင်းတဲ့ အခါ အရွယ်နဲ့မလိုက်အောင် လက်ရာမြောက်နေလို့ အစ်ကိုဖြစ်သူကတောင်
ချီးမွမ်းအံ့သြခဲ့ရတယ် ။ ဒါပေမဲ့ မကြာခင်မှာပဲ အီရှန်ဟာ မိသားစုနဲ့ ခွဲခွာစရာအကြောင်းပေါ်လာပါတယ်
။ ရီပို့ကဒ်နဲ့အိမ်စာတွေ မပြနိုင်လို့ ကျောင်းလစ်ခဲ့မိတဲ့အပြစ်ကြောင့် ဖခင်ဖြစ်သူက
အီရှန့်ကို ပုဂ္ဂလိကကျောင်း(ကျောင်းအိပ်ကျောင်းစားကျောင်း)ကို ပို့လိုက်ပါတော့တယ် ။
ဒီဇာတ်ကားမှာ အနုပညာဘက်က
ရပ်တည်ပေးချင်တဲ့ စာရေးဆရာရဲ့ခံစားချက်ကို ထူးထူးခြားခြားတွေ့ရှိခဲ့ရတယ် ။ ပုဂ္ဂလိကကျောင်းကို
ရောက်ပြီးမကြာခင်မှာပဲ အီရှန်ဟာ ငှက်ကလေးတွေကို ငေးနေမိလို့ ပန်းချီသင်ပေးတဲ့ဆရာရဲ့အပြစ်ပေးခြင်းကို
ခံရပါလေရော ။
“ ပေတံ မသုံးဘဲ ပေးထားတဲ့ပုံတွေကို ဆွဲ ။ လိုင်းတွေ
လုံးဝဖြောင့်ရမယ် ။ မဟုတ်ရင် မင်းတို့လက်ဆစ်တွေကို ငါးချက်ခေါက်
မယ် ။ တိကျတဲ့ပုံတွေပဲ ငါ လိုချင်တယ် ။”
-
ဒီအခန်းမှာ ဆရာဖြစ်သူပြောသွားတဲ့ဒိုင်ယာလော့တွေက အနုပညာကို တန်ဖိုးမထားတဲ့-တချို့သောစာသင်ကျောင်းတွေရဲ့
လိုအပ် ချက်ကို ညွှန်ပြချင်တာလား ။
ကလေးတွေရဲ့ရင်ထဲက ပေါက်ဖွားလာရမယ့်-အနုပညာကိုတောင်မှ
ပုံစံခွက်ထဲ သွပ်သွင်းဖို့ ကြိုးစားနေတဲ့-ဒီအချက်ကို ထောက်ပြ ချင်တဲ့သဘောလို့ ကျွန်မ
ထင်မှတ်မိပါတယ် ။
အဲဒီကျောင်းမှာ ခြေထောက်မသန်ပေမဲ့
စိတ်ဓာတ်ကြံ့ခိုင်တဲ့ရာဂျန်နဲ့ ခင်မင်ခွင့်ရတာဟာ
အီရှန်ရဲ့ကံကောင်းခြင်းအစလို့ ဆိုရပါလိမ့်မယ် ။ စိတ်နှလုံးကောင်းမွန်တဲ့-ရာဂျန်က အီရှန်အတွက်
သူငယ်ချင်းကောင်းပါ ။ ရာဂျန်ကြောင့် စိတ်ပျော်သလိုရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆရာသမားအားလုံးက
အီရှန့်ကို လူရစ်လူဆိုးလေးလို့ မြင်လာကြတဲ့အတွက် အီရှန်ခမျာ ဖိအားပေးမှုတွေ၊ ဝမ်းနည်း
ကြောက်ရွံ့မှုတွေကြောင့် စိတ်ကျဝေဒနာကို နင့်နင့်သီးသီးခံစားလာရပါတယ် ။ နောက်ဆုံးမှာ…ဝါသနာအလွန်ပါတဲ့
ပန်းချီကိုလည်း မဆွဲတော့ ၊ သူငယ်ချင်းကိုတောင် စကားမပြောတော့တဲ့အထိပါပဲ ။ သူ့ဒုက္ခကို
နားလည်ပေးမယ့်၊ လက်ခံပေးမယ့်၊ ကူညီဖြေရှင်းပေး မယ့်သူ မရှိရတဲ့အထဲ အားလုံးက အဆိုးမြင်နေကြတဲ့အခါ
စာလုံးတွေ၊ ဆရာ/ဆရာမတွေနဲ့ ပတ်ဝန်းကျင်ဟာ အီရှန်အဖို့ ရန်သူတွေ လို ဖြစ်လာခဲ့ပါရော
။
တစ်နေ့ ပန်းချီဆရာအသစ်
ရောက်လာခဲ့တယ် ။ ပန်းချီဆရာ-နီကမ်က ပျော်ပျော်နေတတ်ပြီး
ကလေးတွေအပေါ် နားလည်ပေးနိုင်သူတစ်ယောက်ပါ ။ နီကမ်က ပန်းချီမဆွဲဘဲ ငေးငိုင်နေတဲ့-အီရှန်ကို
တွေ့တဲ့အခါ ပြဿနာကောင်လေးလို့ မမြင်ဘဲ ဒီကလေးမှာ ပြဿနာတစ်ခုခု ရှိနေပြီလို့ တွေးမြင်ခဲ့တာကြောင့်
ရာဂျန်ကတဆင့် အီရှန့်အကြောင်းတွေကို စုံစမ်းပါတော့တယ် ။ အီရှန်ဟာ ယခုတိုင် စာလုံးပေါင်းအမှားတွေကိုပဲ
ထပ်တလဲလဲပေါင်းနေကြောင်း ၊ အဲဒီကိစ္စကို အီရှန်က တမင်သပ်သပ်ပြုမူနေတာ လို့ ဆရာနဲ့မိဘတွေက
ထင်မှတ်နေကြောင်း သိရှိလိုက်ရတဲ့နီကမ်က ကလေးရဲ့ပြဿနာဇစ်မြစ်ကို ရိပ်မိစပြုသွားခဲ့ပါပြီ
။
အီရှန်ရဲ့နေအိမ်ကို
လိုက်သွားပြီးတဲ့နောက် နီကမ်က သူ့အတွေးတွေ မှန်နေတာကို သိလိုက်ရတယ် ။ သူများတွေအတွက်
လွယ်ကူနေတဲ့-စာလုံးတွေကို အီရှန်က ဘာဖြစ်လို့ ထပ်ခါထပ်ခါ မှားယွင်းနေရတာလဲ ။ မိဘတွေနဲ့ဆရာသမားအားလုံးကတော့
အီရှန် တမင်သပ်သပ်ကျူးလွန်နေတာလို့ ထင်မှတ်ပြီး ဖိအားတွေ ပေးခဲ့ကြတယ် ။ အမှန်တော့ အီရှန့်မှာ
ပြဿနာတစ်ခု ရှိနေတာ ပါ ။ အဲဒီပြဿနာကို ကိုယ်တိုင်ကြုံဖူးတဲ့-နီကမ်ကတော့ ချက်ချင်း သဘောပေါက်သွားခဲ့ပြီး
အီရှန့်မိဘတွေကို အပြစ်တင်ခဲ့ပါတယ် ။ အကြောင်းရင်းကို သေချာမဆန်းစစ်ဘဲ ကလေးအပေါ် ဖိအားတွေပေးခဲ့ကြလို့
အခုဆို အီရှန်ခမျာ ယုံကြည်မှုတွေ ပျောက်ဆုံးသွား ခဲ့ပြီ ၊ ကြောက်ရွံ့မှုအောက် နစ်မြှုပ်နေရပြီဆိုတဲ့အကြောင်းကို
ပြောပြရင်း ပြဿနာကို အဖြေထုတ်ပေးခဲ့တယ် ။ အမှန်တော့ အီရှန် ဟာ စာဖတ်ခက်(Dyslexia)ရောဂါသည်တစ်ယောက် ဖြစ်နေတာပါ ။
“ တစ်ခါက ကလေးတစ်ယောက်ရှိတယ် ။ သူ့မျက်လုံးထဲမှာ
အက္ခရာတွေက ကခုန်နေကြတယ်-တဲ့ ။ အဲဒီအတွက် အားလုံးရဲ့
ဝိုင်းလှောင်ခြင်းကို
ခံခဲ့ရပေမဲ့ တစ်နေ့မှာ တန်ဖိုးရှိတဲ့အရာကို သူ တွေ့ရှိသွားတယ် ။ သူ့တွေ့ရှိချက်ကို
ဖွင့်ချလိုက်တဲ့အခါ
တစ်ကမ္ဘာလုံး အံ့သြသွားရတာပေါ့ ။”
နီကမ်က အီရှန်ရဲ့စိတ်ကျဝေဒနာကို ကုသပေးဖို့အတွက်
အတန်းထဲမှာ ပုံပြင်တစ်ပုဒ် ပြောပြခဲ့ပါတယ် ။ အီရှန်က သူ့အကြောင်းကို ပြောနေတာလို့ ထင်ထားပေမဲ့
ပုံပြင်ထဲက ဇာတ်လိုက်ရဲ့ဓာတ်ပုံကို တွေ့လိုက်ရချိန်မှာတော့ အီရှန်အပါအဝင် အတန်းသားအားလုံး
အံ့အားသင့်သွားရပါပြီ ။ တစ်ချိန်က စာလုံးတွေရဲ့ရန်သူဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်ရဲ့သရော်မှုကို
ခံယူခဲ့ရတဲ့ ၊ တစ်ကမ္ဘာလုံးကို အံ့အား သင့်စေခဲ့သူကတော့ (၁၉၂၁)ခုနှစ်မှာ နိုဘယ်ဆုရရှိခဲ့တဲ့
သိပ္ပံပညာရှင်-အယ်လ်ဘတ်အိုင်းစတိုင်းဖြစ်နေလို့ပါပဲ ။
နီကမ်က ဒီဥပမာတစ်ခုနဲ့တင်
မရပ်တန့်သေးပါဘူး ။ ပန်းချီကားတစ်ချပ်ကို ထုတ်ပြပြန်တယ် ။ (၁၅)ရာစုက လီယိုနာဒိုဒါ ဗင်ချီ
ရေးဆွဲခဲ့တဲ့ ဟယ်လီကော်ပတာပုံတူပန်းချီကားပါ ။ ပထမဆုံး လေယာဉ်ပျံ မပျံသန်းနိုင်ခင်
နှစ်ပေါင်း(၄၀၀)စောပြီး စိတ်ကူး ပုံဖော်နိုင်ခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီဟာလည်း အရေးအဖတ်မှာ
အရမ်းကို ခက်ခဲခဲ့သူပေါ့ ။ လျှပ်စစ်ဖခင်-အယ်ဒီဆန် ၊ ကမ္ဘာကျော် ပန်းချီဆရာ-ပီကာဆို ၊
ကာတွန်းများကို အသက်သွင်းခဲ့သူ-ဝေါ့ဒ်ဒစ်စနီ-အစရှိတဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်တော်တော်များများဟာ
စာလုံး တွေနဲ့ ရန်ဖြစ်ခဲ့သူတွေချည်းပဲလေ ။
ဆရာဖြစ်သူရဲ့ စိတ်ဓာတ်တက်ကြွစရာ
အားပေးစကားတွေကြောင့် အီရှန်လေးရဲ့ဘဝ ပြန်လည်အသက်ဝင်လာခဲ့ပါတယ် ။ အရင်လို ငိုင်ငေးမနေတော့ဘဲ
နီကမ်ရဲ့လမ်းပြမှုနောက်ကို အားသွန်ခွန်စိုက်လိုက်လာခဲ့သလို နီကမ်ကလည်း အီရှန် စာရေးတတ်
အောင် အနီးကပ် အသေးစိတ်စေတနာထားပြီး မှတ်သားလွယ်မယ့်နည်းလမ်းပေါင်းစုံကို စဉ်းစားရှာဖွေလို့
သင်ကြားပေးခဲ့တယ် ။ နီကမ်ရဲ့သင်ကြားပြသမှုကြောင့် အီရှန်ဟာ အချိန်တိုအတွင်းမှာပဲ တိုးတက်လာခဲ့ပါတယ်
။ နီကမ်ရဲ့ပံ့ပိုးပေးမှုတွေက ဒါတင်မက သေးပါဘူး ။ အီရှန်ရဲ့ပါရမီကို အများသိအောင် ချပြဖို့အတွက်
ကျောင်းမှာ ပန်းချီပြိုင်ပွဲ ကျင်းပဖြစ်အောင် ကျောင်းအုပ်ကြီးကို တိုက်တွန်းခဲ့ပါတယ်
။
ပန်းချီပြိုင်ပွဲ
ပြုလုပ်တဲ့နေ့မှာ ပွဲစချိန်အထိ အီရှန် ရောက်မလာခဲ့ပါဘူး ။ နီကမ်ခမျာ အီရှန် ပျောက်နေတဲ့အတွက်
စိုးရိမ် ပူပန်နေရပါရော ။ ရာဂျန်ကလည်း အရုဏ်တက်ကတည်းက အဆောင်က ထွက်သွားတဲ့-အီရှန်တစ်ယောက်
ဘယ်ရောက်နေသလဲ ဆိုတာ စဉ်းစားလို့မရအောင်ပါပဲ ။
- ပြိုင်ပွဲမပြီးဆုံးခင် အချိန်မီ ရောက်လာပါ့မလား ။
အီရှန့်အတွက် ရည်စူးကျင်းပတဲ့ ဒီပြိုင်ပွဲမှာ
သူသာ မလာခဲ့ဘူးဆို နီကမ် ကြိုးပမ်းခဲ့တာတွေ အလကားဖြစ်ရပြီပေါ့ ။ ဒီနေရာမှာ ပရိသတ်ရဲ့စိတ်ကို
စိုးရိမ်သောကများအောင် ပြုစားထားတာကို သဘောကျဖွယ်တွေ့ရပါတယ် ။ ဒီပန်းချီပြိုင်ပွဲအခန်းမှာပဲ
သာမန်လူတွေရဲ့စိတ်ကူးအမျိုးမျိုးနဲ့ ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီကားချပ်ပေါင်းများစွာကို
နှစ်သက်ကြည်နူးဖွယ်ကောင်းအောင် တစ်မျိုး ၊ ပျော်ရွှင်ရယ်မောဖွယ်ကောင်းအောင်တစ်မျိုး
ပုံဖော်ရိုက်ကူးထားပုံကလည်း အတုယူချင်စရာပါပဲ ။
အီရှန် ရောက်လာခဲ့ပါတယ်
။ တစ်နေရာကို သွားနေလို့ နောက်ကျမှရောက်လာတဲ့-အီရှန်က သစ်ပင်တစ်ပင်အောက် ဝင်ထိုင်ပြီး
ပြိုင်ပွဲလို့ စိတ်မှာ မမှတ်ဘဲ ပန်းချီကားထဲ စိတ်နစ်လို့ အေးအေးဆေးဆေးရေးဆွဲနေတဲ့ပုံက
(၈)နှစ်(၉)နှစ်အရွယ် ကလေး တစ်ယောက်နဲ့ နည်းနည်းမှ မတူပါဘူး ။ တောက်ပစူးနစ်တဲ့ မျက်ဝန်း
၊ တည်ငြိမ်သက်ဝင်တဲ့လက်ချောင်းလှုပ်ရှားမှုတွေက တကယ့် ပညာရှင်ပန်းချီဆရာကြီးအလား ။
သူ ဆွဲနေတဲ့ပန်းချီကားက မနက်အရုဏ်လင်းခါစက သူ သွားကြည့်ထားခဲ့တဲ့ နေထွက်ချိန် တွေ့
မြင်ရမယ့် တောင်တန်းနဲ့ကန်ရေပြင်လေးကို ပြန်လည်ဖော်ကျူးထားတာပါ ။ ဝါသနာရှင်-ကလေးတစ်ဦးရဲ့လက်ရာ-ဆိုတာကို
ကျမ်းကျိန်ပြီး ပြောရမလိုပါပဲ ။ အရမ်းကို အသက်ဝင်လှပလွန်းပါတယ် ။
ပြိုင်ပွဲမှာ အကဲဖြတ်တွေကို
ပန်းချီကားနှစ်ချပ်က အကျပ်ရိုက်စေခဲ့တယ် ။ တစ်ကားက ကျောင်းသားလေး-အီရှန်ရဲ့ အရုဏ်ဦးအလှပန်းချီကား ဖြစ်ပြီး နောက်တစ်ကားကတော့
ဆရာဖြစ်သူနီကမ်ရဲ့ အီရှန်ပြုံးနေပုံကို ရေးဆွဲထားတဲ့ပန်းချီကား-ဖြစ်ပါ
တယ် ။ နီကမ်ရဲ့ပန်းချီကားကို တွေ့ မြင်သွားတဲ့အခါ အီရှန်ဟာ မျက်ရည်ကျတဲ့အထိ အံ့သြဝမ်းသာဖြစ်ခဲ့ရတယ်
။ သူ့ပုံတူကို ဆရာ ဆွဲလိမ့်မယ်လို့ ထင်မှတ်ထားဟန် မတူပါဘူး ။ ပထမဆုကို ဘယ်သူရမလဲဆိုတာ
အားလုံးက သိချင်နေကြပြီ ။ ရလဒ်ကတော့ အံ့သြစရာပါပဲ ။ ဘယ်သူ မျှော်လင့်ထားပါ့မလဲ ။ သေချာသင်ကြားထားတဲ့
ပန်းချီဆရာ-နီကမ်ကို ဝါသနာရှင်လေး-အီရှန်ရဲ့လက်ရာ က ကျော်ဖြတ်သွားလိမ့်မယ်လို့ ။ ဟုတ်ပါတယ်
။ ပထမဆုကို အီရှန် ရသွားတာပါ ။ ဆုရပန်းချီကားကြောင့် ယုံကြည်ချက်အားမာန် တွေ ပြန်လည်ထက်သန်လာလို့
ကျေးဇူးတင်စိတ်နဲ့ ဆရာ-နီကမ်ကို ပြေးဖက်လိုက်တဲ့ အီရှန်ရဲ့ခြေထောက်နဲ့လက်တွေက လှပတဲ့အနာဂတ်ဆီ
ချီတက်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ ။
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ဒီဇာတ်ကားဟာ အများနဲ့မတူလို့
ဖယ်ကြဉ်ခံရတဲ့အတွက် စိတ်အားငယ်နေတဲ့ ကလေးနဲ့လူငယ်တွေကို ခွန်အားဖြစ်စေလိမ့် မယ်လို့
ကျွန်မ ယုံကြည်ပါတယ် ။ နုနယ်ပျိုမျစ်တဲ့အရွယ်လေးတွေကို ကိုင်တွယ်ရတာက အရမ်းခက်ခဲသလို
အရမ်းလည်း အရေး ကြီးတာကြောင့် ကျောင်းသားတိုင်းကို တစ်ပုံစံတည်း သတ်မှတ်ထားလို့မရပါဘူး
။ တချို့က စိတ်နေဗီဇအရ ဆိုးသွမ်းနေတာရှိ သလို တချို့တွေကျ မွေးရာပါပြဿနာတွေကြောင့်
ဖြစ်တည်နေတဲ့-သူတို့ရဲ့အားနည်းချက်အပေါ် အဆိုးမြင်ခံနေရတာလည်း ရှိ နိုင်ပါတယ် ။ တကယ်တော့
အဲဒီကလေးတွေမှာ အကူအညီလိုအပ်နေတာပါ ။ သူတို့ကို မျက်လုံးစိမ်းတွေ ၊ စကားလုံးကြီးတွေနဲ့
ဝိုင်းအုံထိုးနှက်မယ့်အစား စိတ်ခွန်အားဖြစ်စေမယ့် စကားတစ်ခွန်းဖြစ်စေ ၊ သူတို့ပြဿနာအတွက်
အဖြေမှန်ကို ရှာဖွေပေးတဲ့နည်း နဲ့ဖြစ်စေ အားပေးကူညီသင့်တယ်-ဆိုတဲ့အချက်တွေကိုလည်း ဒီဇာတ်ကားက
လှစ်ဟပြသလိုက်တာပါပဲ ။
“ ယှဉ်ပြိုင်မှုကို ဒီလောက်ကြိုက်ရင် ဘာလို့ ကလေးမွေးသလဲ
။ ပြိုင်မြင်းမွေးလေ ။”
“ ကျွန်တော်တို့ထဲက အနည်းစုလေးပဲ ဘောင်ထဲကထွက်ပြီး
တွေးနိုင်ကြတာ ။”
ပြတ်သားခိုင်မာတဲ့-(အထက်ပါ)ဒိုင်ယာလော့မျိုးတွေကို
ပြောဆိုခဲ့သူ ၊ ကလေးတွေအပေါ် နားလည်ပေးနိုင်တဲ့ဆရာတွေကို ကိုယ် စားပြုတဲ့-နီကမ်က အများနဲ့မတူတိုင်း ဥာဏ်ရည်နိမ့်ကျသူ ၊ လူပိန်းလူညံ့တစ်ယောက်
မဟုတ်ဘူး ။ အများနဲ့မတူသူသာလျှင် ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်တာပါ-
ဒီအချက်တွေကို ထပ်ခါထပ်ခါချပြသွားသလို တစ်ဖက်မှာလည်း ဥာဏ်ရည်နဲ့ကိုယ်အင်္ဂါချို့တဲ့သူတွေကို
မနှိမ်ဖို့ ၊ သူတို့လည်း သာမန်ဘဝတွေလိုပဲ ပျော်ပျော်ရွှင်ရွှင်ရှင်သန်ခွင့်ရှိတယ်-ဆိုတဲ့
အချက်ကို ပါးပါးလေး ထုတ်ပြသွားပါသေးတယ် ။ ချုံငုံပြောရမယ်ဆိုရင် ဒီဇာတ်ကားကနေ -
(၁)- မြင်းရိုင်းတစ်ကောင်ကိုသာ ပုံသွင်းလို့ရနိုင်ပေမဲ့ သူ့သဘာဝနဲ့လာတဲ့ ဖီးနစ်(Phoenix)ငှက်တစ်ကောင်ကိုတော့ ပုံစံချဖို့
မဖြစ်နိုင်ဘူး ။ ဖီးနစ်ရဲ့သဘာဝကိုက ပြာပုံထဲကနေ ပြန်လည်နိုးထလာကြတာပါ ။ ဒါ့ကြောင့် ကလေးတိုင်းကို မြင်းရိုင်းလို့
မြင်နေတဲ့အမြင်တွေကို စွန့်လွှတ်လိုက်ပါ ။
(၂)-
ကလေးတွေကို ချစ်ရင် သူတို့လုပ်ရပ်တွေအပေါ် အပြစ်မြင်ဖို့ထက် သူတို့ရဲ့အားနည်းချက်ကို
အကောင်းအမြင်နဲ့ရှာဖွေပြီး
ဖေးမကူညီပါ ။
(၃)-
ကလေးတွေကို နှိုင်းယှဉ်ပြီး မဆုံးမပါနဲ့ ။ လက်တစ်ဖက်တည်းက လက်ချောင်းတွေတောင် အတိုအရှည်
မတူနိုင်သေးတာ ။
ကလေးတွေရဲ့အားသာချက် ၊ အားနည်းချက်တွေက ဘယ်လိုလုပ်တူညီနိုင်မှာလဲ
။ နုနယ်တဲ့သူတို့စိတ်လေးတွေကို နှိုင်းယှဉ်
ချက်တွေနဲ့ မထိုးနှက်သင့်ပါဘူး ။
အစရှိတဲ့ အတွေးအခေါ်ကောင်းတွေကို ရရှိစေတဲ့အတွက်
ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားအဖြစ် မှတ်တမ်းတင်ချင်ပါ တယ် ။ အနာဂတ်ကို ဦးဆောင်မယ့်ကလေးတွေအပေါ်
နားလည်ကူညီပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတွေ ဖြစ်စေလိုတဲ့ဆန္ဒမွန်နဲ့ မျှဝေရင်း…
@ ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ……
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။