( ၂၀၁၅ _ သြဂုတ်လထုတ် ဓမ္မဒူတဘာသာရေးမဂ္ဂဇင်းတွင် ဖော်ပြခံရသောဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
မင်းတရားကြီး နတ်ရွာစံ ကံကုန်ချေပြီ ။ ထိုသတင်းက နန်းတွင်းအမှုထမ်းတချို့၏ကြေညာမောင်းခတ်သံနှင့်အတူ အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်
။ ကြားရသောပြည်သူများက အစပိုင်း၌ ဟုတ်မှဟုတ်ပါ့မလား-ဟူသောသံသယ အတွေးဖြင့် ကြေညာသံကို
အသည်းအသန်နားစိုက်ထောင်ရင်း စိတ်လှုပ်ရှားနေကြသည် ။
- ဘုရင်မင်းမြတ်…ကံကုန်တော်မူတယ်ဆိုတာ
သတင်းအမှန်မှဟုတ်ရဲ့လား…ဘာတွေများ အကြံအစည်ရှိလို့ပါလိမ့်…။
ဟူသောစိုးရိမ်စိတ်က
အသီးသီး၏ရင်၌ ကိုယ်စီရှိနေကြသည် ။ သို့သော်…လိမ်ညာနေ၍ မည်သူ အကျိုးရှိနိုင်ပါအံ့ ။
ထိုသို့ ဆင်ခြင်မိကြကာ မင်းကြီး နတ်ရွာစံသည့်သတင်းအား မယုံမရဲဖြင့် လက်ခံလိုက်ကြသည်
။
တစ်စုံတစ်ဦးက လုပ်ကြံလီဆယ် ပြောဆိုခြင်းမဟုတ်ဘဲ
အမှန်တကယ် နတ်ရွာစံပြီဖြစ်ကြောင်း မင်းနေပြည်တော်မှ ထုတ်ပြန်လိုက်ခြင်းဖြစ်၍ ပြည်သူအားလုံး
ဝမ်းသာသွားကြရသည် ။ ထိုသတင်းကို ကြားကြားချင်း ပျော်ရွှင်လွန်းသဖြင့် ခုန်သူက ခုန် ၊
ပြေးသူက ပြေး ၊ တစ်အိမ်တက် တစ်အိမ်ဆင်း သတင်းဖြန့်သူက ဖြန့်နှင့် သရုပ်ပျက်လောက်အောင်
ရွှင်မြူး နေကြလေသည် ။
“ မင်းကြီး သေပြီတဲ့ဟေ့ ။”
“ တကယ်ပဲလားအေ ။ မင်္ဂလာရှိလိုက်ပါဘိ ။”
“ အမလေးဟယ်…တော်တော်ဘုန်းကြီးတဲ့မင်း ။ အခုမှပဲ
သွားတော့တယ် ။”
“ အေးတော် ။ သတင်းက သေချာရဲ့လား ။ ငါတို့လည်း နေပြည်တော်က
ထုတ်ပြန်ပေလို့သာ လက်ခံရပေသိ တထိတ်
ထိတ်တလန့်လန့်ရယ် ။ သတင်းမမှားဖို့ ဆုတောင်းပါတယ်အေ
။”
“ တို့တွေအပေါ် အခွန်အတုတ်တွေ မတော်မတရားကောက်ခဲ့တဲ့-အဲဒီဘုရင်
သေချာပေါက် ငရဲသွားရမှာပဲ ။”
“ မှန်တာပေါ့ မောင်သုတရယ် ။ လူတွေကို အဝတ် ရေညှစ်သလို
ညှင်းချင်တိုင်း ညှင်း ၊ နိုင်ချင်တိုင်း နိုင်ခဲ့တဲ့ဥစ္စာ ။
သူလည်း တမလွန်မှာ ဝဋ်ခံရမှာ သေချာသပါ့ ။”
“ အမလေး…အဘရယ် ။ ဒါတင် ဘယ်ကမလဲ ။ အဂတိကလည်း လိုက်စားသေးတယ်လေ
။ တစ်ဖက်ကပေးတဲ့ လာဘ်လာဘကို မျှော်ကိုးပြီး အပြစ်မရှိသူတွေကို ဒဏ်ပေးခဲ့တဲ့-အဲဒီမင်း
အဝီစိငရဲမှာ စုန်းစုန်းမြုပ်ပါစေတော် ။”
နံရံတိုင်းမှာ
နားနှင့်မျက်လုံးများ ရှိသည်ဟူသောစကားကို မသိမဟုတ်၊သိပါသည် ။ သို့ပေမဲ့…ပြည်သူတို့သည်
ဟန်မဆောင် နိုင် ၊ မထိန်းချုပ်နိုင်တော့ဘဲ မင်းကြီး သေဆုံးသည့်အတွက် ကျေနပ်အားရသည့်အကြောင်းများကို
တစ်ယောက်တစ်ခွန်း ပြောဆိုနေကြသည် ။ ၄င်းတို့လူထုအပေါ် အနိုင်ကျင့်ညှင်းပန်းခဲ့သည့် ကွယ်လေသူ-ဘုရင်မင်းမြတ်အား
သူတစ်ခွန်း၊ ငါတစ် ခွန်း ပြောဆိုကြိမ်းမောင်းလျက် ကျိန်ဆဲနေကြသည် ။
မင်းကြီး နတ်ရွာစံသဖြင့် ငိုကြွေး ပူဆွေးမည့်သူဟူ၍
မရှိ ။ နှမြောတသသနှင့် ယူကြုံးမရဖြစ်မည့်သူ မရှိ ။ ဝမ်းသာအားရ လက်ခမောင်းခတ်မည့်သူတို့သာ
ပြည့်နှက်နေ၏ ။ မတရားပြုကျင့်သူတို့၏သွားရာလမ်းအတိုင်း သေပန်း မလှပေ ။ အားလုံး က ခံစားခဲ့ရသည့်-မတရားမှုများကို
ယခုကျမှ ပြည်ဖုံးကားလှပ်၍ ဖောက်သည်ချနေကြ၏ ။ အနာဟောင်းကို ပြန်ဆွလျက် တောက်တခေါက်ခေါက်နှင့်
ဒေါသထွက်သူကလည်း ထွက် ၊ ဆဲဆိုကြိမ်းမောင်းသူကလည်း ကြိမ်းမောင်း ။ မတရားမှုတို့ကို မရှက်မကြောက်ပြုလုပ်ခဲ့သော
ရှင်ဘုရင်၏နောက်ဆုံးခရီးမှာ ကျက်သရေ ကင်းမဲ့လျက် ။ ဆဲသံဆိုသံဝမ်းသာသံတို့ဖြင့် လွှမ်းပတ်လျက်
။ ထိုမင်းသည်ကား မဟာပိင်္ဂလ-အမည်ရှိသော ရှင်ဘုရင်ပင်တည်း ။
မဟာပိင်္ဂလမင်းသည် ဗာရာဏသီပြည်ကို အုပ်စိုးတော်မူခဲ့သော
မင်းတစ်ပါးဖြစ်သည် ။ မင်းကောင်းမင်းမြတ်ကဲ့သို့ မင်း ကျင့်တရား(၁၀)ပါးနှင့်အညီ တိုင်းပြည်ကို
အုပ်ချုပ်စိုးစံရန် မတွေးကြံဘဲ မင်းယုတ်မင်းညံ့အကျင့်ကို လိုက်ခဲ့သည် ။ ကောင်း မှုကို
မကြိုးရွက်ဘဲ မကောင်းမှုတို့ကို ကြိုးဆောင်ခဲ့သည် ။ ပြည်သူပြည်သားများအား မိမိ၏ရင်မှဖြစ်သော
သွေးသားရင်းချာ ကဲ့သို့ သဘောမထား ၊ ကျွန်သပေါက်လိုသတ်မှတ်ကာ နိုင့်ထက်ကလူ ဆက်ဆံပြုမူခဲ့သည်
။ သက်ကြီးဝါကြီးအမတ်များ အပေါ်၌လည်း ရိုသေကိုင်းညွှတ်ခြင်း မရှိ ၊ ပကတိ မောက်မာထောင်လွှားကာ
လူတကာအပေါ် နိုင်စားခဲ့သည် ။ အဆိုးဆုံး မှာ အဂတိလိုက်စားခြင်းနှင့် လာဘ်လာဘမျှော်ကိုးခြင်းပင်
။
အကျင့်ဆိုးယုတ်သော မသူတော်-သူဌေးသူကြွယ်များက
မျက်နှာလုပ်ပေးကမ်းသော တန်စိုးလက်ဆောင်များကို လက်ခံ ယူလေ့ရှိပြီး အမှန်တရားကို မျက်ကွယ်ပြုခဲ့သည်
။ အမှန်ကို အမှားလုပ်ပစ်သည် ။ မတရားမှန်း သိလျက်သားနှင့် မျက်နှာ လွှဲ၍ မသိဟန်ဆောင်နေခဲ့သည်
။ လာဘ်မထိုးနိုင်သော-အပြစ်မဲ့သူများကျ သနားကြင်နာခြင်း မရှိ ၊ ညှင်းပန်းနှိပ်စက်ကာ
သတ်ဖြတ်သည်အထိ ပြုခဲ့၏ ။ မဟာပိင်္ဂလမင်း အုပ်ချုပ်နေသောတိုင်းပြည်၌ နေထိုင်ရရှာသောပြည်သူများခမျာ
မီးလောင် ပြင်မှာ ခြေဗလာဖြင့် ပြေးလွှားနေရသကဲ့သို့ ပင်ပန်းဆင်းရဲလှသည် ။ ဒုက္ခကြီးမားလှသည်
။ သို့ကြောင့်လည်း…ထိုမင်းဆိုး မင်းယုတ်ကို ရွံမုန်းလှသဖြင့် သေရွာသို့ အမြန်သွားစေရန်
၊ သေမင်း အမြန်ခေါ်စေရန် ကျိန်ဆဲဆုတောင်းကြသော်လည်း… အကုသိုလ်ကံ အကျိုးပေးသန်လျက်ရှိသော
ထိုမင်းကြီးမှာ ကျန်းမာချမ်းသာလျက်သား ။ ဗာရာဏသီပြည်ကို နှစ်ပေါင်းများ စွာ အုပ်ချုပ်စိုးစံခဲ့သည်
။
ယခုတော့ သူ သေလေပြီ ။ မင်းယုတ်မင်းညစ် ကံကုန်သွားခဲ့ပြီ
။ ပြည်သူတို့ ဝမ်းပန်းတသာဖြင့် လက်ခမောင်းခတ်ကြ လေသည် ။ မင်းအသစ် တက်တော့မည် ။ ထိုမင်းအသစ်မှာ
အခြားမဟုတ် ၊ ကွယ်လေသူ-မင်းကြီး၏သားတော် အိမ်ရှေ့စံ မင်းသားပင်ဖြစ်သည် ။ မင်းတရားကြီး၏သားတော်ပင်ဖြစ်လင့်ကစား
မစင်နှင့်နံ့သာဆီအလား ခမည်းတော်ဖြစ်သူ-မင်းကြီး နှင့်လားလားမျှမတူ ၊ တသီးတခြားစိတ်ထားရှိသော
သားတော်-အိမ်ရှေ့စံက ထီးနန်းဆက်ခံလေပြီမို့ တိုင်းပြည်ကြီး စည်ပင် သာယာဝပြောတော့မည်
။ အစာရေစာ ပေါများပြည့်လျံတော့မည် ။ ဤကဲ့သို့ အခြေအနေမျိုးအပေါ်တွင် ပြည်သူတိုင်း ဝမ်း
မြောက်ကြမည်သာပင် ။
“ ငါတို့တော့ တရားမျှတတဲ့ မင်းကောင်းမင်းမြတ် ရပြီဟေ့
။”
ဟူ၍
ကြွေးကြော်မြည်တမ်းကြမည်သာ ။
မတရားသောမင်းကို ဆင်းရဲသားများကသာ မုန်းတီးရွံရှာခြင်းလားဆိုတော့
မဟုတ် ။ သူဌေးသူကြွယ်ကုန်သည်ပွဲစား များကလည်း စိတ်နာနေကြသည် ။ ရှာသမျှဖွေသမျှ ပဏ္ဍာဆပ်နေရသဖြင့်
စိတ်ကုန်စိတ်ပျက်နေခဲ့သည်မှာကြာပြီ ။ ထိုမင်း ယုတ် သေပြီဟူသောသတင်းကို ကြားသည့်အခါ
ဟန်ဆောင်ပန်ဆောင်ပင် မငိုကြွေးကြ ။ ဝမ်းသာအားရဖြင့် အလှူအတန်း ပြုသူက ပြုသည် ။ လမ်းတလျှောက်တွင်
ပန်းပေါက်ပေါက်ကြဲသူက ကြဲသည် ။ မြို့အနှံ့ တံခွန်၊ကုက္ကား စိုက်ထူသူက စိုက် ထူသည် ။
မင်းယုတ်၏လားရာခရီးတွင် မျက်ရည်တပေါက် သက်ဆင်းပေးမည့်သူ မရှိ ။
နန်းတော်တံခါးဝအနီးမှ
ငိုသံတစ်သံ တလှိုင်လှိုင် ထွက်ပေါ်လာသည် ။ ပထမတွင် ခပ်တိုးတိုးထွက်ပေါ်လာခြင်းဖြစ်ပြီး
တဖြည်းဖြည်းနှင့် ကျယ်လောင်နက်ရှိုင်းလာသည် ။ လှိုက်၍လှိုက်၍ ကြွတက်လာကာ တစ်စထက်တစ်စ
ဆူကျယ်လာ၏ ။ လူတစ်ယောက် သည်းသည်းထန်ထန် ငိုကြွေးနေခြင်းဖြစ်သည် ။ အဘယ်အတွက်ကြောင့်
ငိုကြွေးနေသလဲဆိုတာကိုတော့ ယင်းကိုယ်တိုင်သာလျှင် သိလိမ့်မည် ။
ငိုနေသူက နန်းတော်တံခါးအနီးမှ တံခါးစောင့်ဖြစ်သည်
။ တံခါးစောင့်သည် ဝတ်ဆင်ထားသော ခန့်ခန့်ထည်ထည်ဝတ်ရုံ လွှာတို့ကိုမှ အားမနာ၊ ရှိုက်ကြီးတငင်ငိုယိုနေသည်
။ ဈေးသည်မကြီး မုန့်ဗန်းမှောက်သွားသဖြင့် ချောက်ချောက်ချားချား ငို ကြွေးနေသည့်အလား
တံခါးစောင့်သည်လည်း အပူတပြင်းငိုညည်းနေခြင်းဖြစ်သည် ။ ၄င်း၏မျက်နှာပြင်တစ်ခုလုံး မီးကင်
ထားသော ငါးခြောက်ပြင်လို နီမြန်းရဲတွတ်နေပြီး နှာရည်တို့မှာလည်း မျက်နှာတပြင်လုံးသို့
မြင်မကောင်းလောက်အောင် စီး ကျပျံ့နှံ့လျက်ရှိ၏ ။ မျက်လုံးတို့ကလည်း ကဏှာမငြိမ် ။ တစ်စုံတစ်ယောက်
ရောက်ရှိလာတော့မည်ကို စိုးရွံ့နေသကဲ့သို့ ပတ်ဝန်းကျင်သို့ ကျီးကန်းတောင်းမှောက်အနေအထားဖြင့်
ဝေ့ဝဲအကဲခတ်ကာ မလုံမလဲဖြစ်နေဟန်တူသည် ။ လက်ထဲမှ ကိုင်ဆောင်မြဲလှံတံကိုမူ ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားကာ တလှိုက်လှိုက်ရှိုက်ငိုနေ၏ ။
“ အီးဟီးဟီး…ဟီး…အဟီးဟီး…အီးအဟီး…”
တံခါးစောင့်၏ငိုသံက
ပတ်ဝန်းကျင်သို့ ပျံ့နှံ့ရောက်ရှိသွားသည် ။ မင်းတရားယုတ် ကံကုန်သဖြင့် ကျေနပ်ဝမ်းသာလျက်ရှိ
သော နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့သည် တံခါးစောင့်၏ငိုသံကို ကြားသည့်အခါ အံ့အားသင့်သွားကြသည်
။ ဇဝေဇ ဝါဖြစ်ကာ စိတ်ဝင်စားသွားကြ၏ ။
“ ဟင်…”
“ ဟယ်…ဘယ်လိုပါလိမ့် ။”
“ အားလုံးက မင်းကြီး သေလို့ ပျော်ရွှင်နေတာကို သင်းက
ဘယ့်နှယ့်ဖြစ်ပြီး ငိုနေရတာလဲ ။”
“ အေးလေကွာ ။ ကျက်သရေ ယုတ်လိုက်တာ ။ ဒီလိုမင်္ဂလာရှိနေတဲ့အချိန်မှာ
ဒီအကောင်က ဘယ့်နှယ့်ကြောင့် ငိုနေရ
တာတုံး ။”
တံခါးစောင့်၏ငိုသံကို
အနီးအပါးမှ ဖြတ်သန်းသွားသူများက သတိပြုမိသွားသည် ။ နားလည်ရခက်စွာဖြင့် တံခါးစောင့်ဆီသို့
စောင်းငဲ့အကဲခတ်ကြည့်ရှုပေမဲ့ မေးရန်တော့ မဝံ့ ။
- တံခါးစောင့်ခမျာ အပျော်လွန်၍များ
စိတ်ဖောက်ပြားသွားသလား ၊ သို့မဟုတ် မင်းတရားကြီး သေဆုံးသည့်အတွက် ဝမ်း
နည်းငိုကြွေးလျက်ရှိသော တစ်ယောက်တည်းသောသူလား
၊
စသဖြင့်
သို့လောသို့လော တွေးကြသည် ။ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြသည် ။
တဆင့်စကား တဆင့်ကြားရင်း ထိုသတင်းသည် နန်းတက်မင်းကြီးဆီသို့
ရောက်ရှိသွားခဲ့၏ ။ မင်းကျင့်တရား (၁၀)ပါး နှင့်အညီ တရားသဖြင့် အုပ်ချုပ်မည်ဖြစ်သော
ဘုရားလောင်းမင်းကြီးသည် ထိုသတင်းကို ကြားသည့်အခါ မေးမြန်းဖြေရှင်း ရန် စိတ်အကြံဖြစ်သည်
။ လူသူအများကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး သိချင်ကြမည်မှာ ဧကန်အမှန်ဖြစ်၍ ညှိနှိုင်းဖြေရှင်း
ပေးရန်အတွက် တံခါးစောင့်အား နန်းတော်ဆီသို့ ဆင့်ခေါ်စေသည် ။
တံခါးစောင့်ခမျာ မင်းတရားကြီး၏ဆင့်ခေါ်မှုကို
ခံရသဖြင့် ကတုန်ကယင်နှင့် ရောက်ရှိလာသည် ။ မင်းဆိုးမင်းညစ် ကံကုန်တော်မူသဖြင့် ပြည်သူအများ
ကျေနပ်နေကြသည့်အခိုက် မိမိက ငိုယိုနေမိသည့်အတွက် အပြစ်ရှိလေမလားဟု တွေးကာ ထိတ်လန့်တုန်လှုပ်နေ၏
။ တံခါးစောင့်၏တုန်လှုပ်ခြင်းကို သိမြင်တော်မူသော ဘုရားလောင်းမင်းကြီးက ချိုသာ ကြည်အေးသောအသံဖြင့်
မေးမြန်းလေသည် ။
“ တံခါးစောင့်လုလင်…ဘာအတွက်ကြောင့် ငိုကြွေးနေရသလဲ
။ ကံကုန်တော်မူတဲ့ မင်းတရားကြီးအတွက် ဝမ်းနည်း
ပူဆွေးနေတာလား ။”
“ ဟို…ခွင့်…ခွင့်လွှတ်တော်မူပါဘုရား ။ မှန်ရာကို
မချွင်းမချန်လျှောက်တင်ရမယ်ဆိုရင် မင်းတရားကြီး ကွယ်တော်မူတဲ့
အတွက် ကျွန်တော်မျိုးဟာလည်း အခြားပြည်သူများနည်းတူ
ဝမ်းသာပျော်ရွှင်မိပါတယ် အရှင်မင်းကြီး ။ နို့ပေမဲ့…
မကြာခင်မှာပဲ ကျွန်တော်မျိုးရဲ့ခေါင်းထဲကို အတွေးတစ်ခု
ဝင်လာပါတယ် ။ အဲဒီအတွေးကြောင့်ပဲ ယခုလိုမျိုး ငိုကြွေး
နေရခြင်းဖြစ်ပါတယ် အရှင်မင်းကြီး ။”
“ ဘာကိုများ တွေးမိလို့လဲ ။ မှန်ရာကို လျှောက်တင်ပါ
တံခါးစောင့်လုလင် ။”
တံခါးစောင့်သည်
အစောပိုင်းတွင် တုန်လှုပ်ချောက်ချားလျက်ရှိသော်ငြား မင်းတရားကြီး၏ချိုသာတည်ငြိမ်သောအသံတော်
ကြောင့်လည်းကောင်း ၊ သက်ဦးဆံပိုင်ဘုရင်တို့၏စိတ်အခြေခံအတိုင်း ကိုယ်ထင်သလို သုံးသပ်ပြီး
ပြစ်ဒဏ်ခတ်ခြင်းမပြုဘဲ မေးမြန်းစူးစမ်းနေသော မင်းတရားကြီး၏တရားစီရင်ပုံအပေါ် ယုံကြည်စိတ်
နစ်ဝင်လာသောကြောင့်လည်းကောင်း ၄င်း၏ စိတ်တို့သည် ကြောက်ရွံ့ခြင်းကင်းလာခဲ့၍ မေးမြန်းသမျှကို
မချွင်းမချန်လျှောက်တင်ရန် စိတ်ထက်သန်လျက်ရှိသည် ။
တံခါးစောင့်က အဖြေကို လျှောက်တင်ရန် တွေးဆလျက်ရှိစဉ်
နံဘေးဝန်းကျင်တွင် နားဆင်စွင့်ထောင်နေကြသော နန်းတွင်းသူနန်းတွင်းသားအပေါင်းနှင့်မှူးမတ်ရေးရာတို့သည်လည်း
တံခါးစောင့်၏အဖြေအပေါ်၌ စိတ်ပါဝင်စားနေလေ၏ ။ - -
မင်းဆိုးမင်းညစ် ကံကုန်သဖြင့် ကျေနပ်ဝမ်းသာနေသော တံခါးစောင့်သည် အဘယ်သို့သောအကြောင်းကြောင့်များ
စိုးရိမ်
သောကရောက်ရပါသနည်း ။ အဘယ်သို့သောအတွေးကြောင့်များ
ရုတ်တရက် ရှိုက်ကြီးတငင်ငိုကြွေးရပါသနည်း ။
ထိုမေးခွန်း၏အဖြေကို
လူအပေါင်းကလည်း သိချင်နေကြပြီ ။ ထိုအခိုက် တံခါးစောင့်၏နှုတ်ခမ်းများ လှုပ်ရွလာသည်
။ တံခါးစောင့်သည် အသံကို မတုန်ယင်အောင် ချုပ်ထိန်းနိုင်သွားပြီဖြစ်၍ ရှင်းလင်းပြတ်သားသောအသံသြကြီးဖြင့်
၎င်း၏ အတွေးကို ဖြေကြားလေသည် ။
“ ကျွန်တော်မျိုးရဲ့အတွေးကတော့ ဒီလိုပါဘုရာ့ ။
ကံမကုန်ခင်က ပိင်္ဂလမင်းကြီးဟာ ပြာသာဒ်ပေါ်မှ ဆင်းလာတဲ့အခါ
တိုင်း ကျွန်တော်မျိုးရဲ့ဦးခေါင်းကို (၈)ချက်တိတိ
အားပါးတရရိုက်နှက်ပြီးမှ ထွက်ခွာလေ့ရှိပါတယ် ။ ဒီလိုပါပဲ…
ပြာသာဒ်ဆောင်ပေါ်ကို ပြန်ကြွတဲ့အခါတိုင်းလည်း
ကျွန်တော်မျိုးရဲ့ဦးခေါင်းကို ထုံးစံအတိုင်း (၈)ချက် အားကုန်ရိုက်
ပြီးမှ အဆောင်ပေါ် တက်သွားလေ့ရှိပါတယ် ။ ကျွန်တော်မျိုးမှာ
ဦးခေါင်းတို့ ထုံကျင်နေပေမဲ့ မင်းတရားကြီးကို ရွံ့
ကြောက်ရတဲ့အတွက် မညည်းညူဝံ့ခဲ့ပါဘူး ။ ယခုများတော့
ပိင်္ဂလမင်းကြီး ကံကုန်သွားပါပြီ ။ ကျွန်တော်မျိုးရဲ့ဦးခေါင်း
လည်း ချမ်းသာရာရခဲ့ပါပြီ ။”
တံခါးစောင့်က
ထိုနေရာ၌ စကားကို ရပ်ကာ ဘုရားလောင်းနန်းတက်မင်းအား ရိုကျိုးစွာမော့ကြည့်လေသည် ။ ၄င်း၏စိတ်
အကြံကို လျှောက်တင်ရန် သင့်/မသင့် ချင့်ချိန်စဉ်းစားနေဟန်တူသည် ။ တံခါးစောင့်၏အတွင်းစိတ်ကို
ထိုးထွင်းနားလည် သော-ဘုရားလောင်းရှင်ဘုရင်က အဖြေမှန် ပြောထွက်လာစေရန် ဥပါယ်တမျဉ်နှင့်
မေးလိုက်လေ၏ ။
“ ဟုတ်ပါပြီ လုလင် ။ ဒါဖြင့်ရင် ဘာကြောင့်များ
ငိုကြွေးနေရတာလဲ ။ ရိုက်နှက်တဲ့မင်းကြီးကို သင်က သတိရနေတာများ
လား
။ ခမည်းတော်မင်းကြီး ကံကုန်သွားတဲ့အတွက် အရိုက်အနှက်မခံရတော့မှာကို စိုးကြောက်နေတာများလား
။”
“ ဒီ…ဒီလိုသဘောမျိုး မဟုတ်ရပါဘူး အရှင်မင်းကြီး
။”
“ ကဲ…ဒါဖြင့်လည်း အကြောင်းမှန်ကို လျှောက်တင်တော့လေ
။”
“ မှန်လှပါအရှင်မင်းကြီး ။ ကျွန်တော်မျိုးဟာ အတွေးထူသူတစ်ယောက်ပါ
။ သို့မို့လည်း ယခုလို စဉ်းစားမိပြီး ငိုကြွေးနေ
ရခြင်းဖြစ်ပါတယ်ဘုရား ။ အကယ်လို့ ကျွန်တော်မျိုးရဲ့အတွေးအခေါ်
လွဲချော်နေခဲ့ရင်လည်း အပြစ်မယူဘဲ ဆုံးမပဲ့ပြင်
ပေးတော်မူပါဘုရာ့ ။”
“ မှန်ရာကိုသာ ရိုးရိုးသားသားလျှောက်တင်ပါ တံခါးစောင့်လုလင်
။ မသိလို့ မှားယွင်းခြင်းအပေါ် ငါ ဗွေမယူပါ ။”
“ ကျေးဇူးကြီးမြတ်လှကြောင်းပါ အရှင်မင်းကြီး ။
ကျွန်တော်မျိုးရဲ့အတွေးက ဒီလိုပါဘုရာ့ ။ လူ့အကျင့်လူ့ဝသီဆိုတာ
ဖျောက်ဖျက်ရခက်လှပါတယ်
။ ပိင်္ဂလမင်းကြီးဟာ တစ်သက်တာပတ်လုံး ကျွန်တော်မျိုးရဲ့ဦးခေါင်းကို ရိုက်နှက်ပုတ်
ထုပြီးမှ သွားလာလေ့ရှိသူဖြစ်ပါတယ် ။ ဒါဟာ မင်းတရားကြီးရဲ့အတွင်းစိတ်မှာ
အကျင့်တစ်ခုလို စွဲထင်နေပါပြီ ။
ဒီလိုမျိုး တစ်ဦးတစ်ယောက်ကိုမှ ပုတ်ထုညှင်းပန်းခြင်း
မပြုရရင် မင်းကြီးဟာ နေမထိထိုင်မသာဖြစ်နေလေ့ရှိပါတယ်
ဘုရာ့ ။
- ယခုအခါမှာ
မင်းတရားကြီး ကံကုန်သွားပါပြီ ။ ကျွန်တော်မျိုးရဲ့ဦးခေါင်းဟာလည်း သက်သာရာရခဲ့ပါပြီ
။ နို့ပေမဲ့
ကျွန်တော်မျိုး မပျော်ရွှင်နိုင်ပါ ။ အကယ်လို့
တစ်ဖက်ဘဝ ငရဲဘုံမှာသာ မင်းတရားကြီးက ထိုအကျင့်ကို ဆက်လက်
ပြုမူနေမယ်ဆိုရင် ငရဲထိန်းတွေ ခံနိုင်လိမ့်မယ်မထင်ပါဘူးဘုရာ့
။ ပိင်္ဂလမင်းကြီးရဲ့ရိုက်ပုတ်မှုကို မခံနိုင်လို့ လူ့ပြည်ကို
ပြန်ပို့ခဲ့ရင် ကျွန်တော်မျိုးအပါအဝင် ပြည်သူပြည်သားအားလုံး
စိတ်နှလုံးကြေကွဲဝမ်းနည်းရမှာကို စိုးရိမ်မိလို့ပါ ။ အဲဒီလို
အတွေးနဲ့ ကျွန်တော်မျိုး ငိုကြွေးနေရခြင်းဖြစ်ပါတယ်
မင်းကြီး ။”
တံခါးစောင့်လုလင်၏လျှောက်တင်ချက်ကို
နားစွင့်လျက်ရှိသော နန်းတွင်းသူနန်းတွင်းသားတို့သည် ထိုစကားကိုကြားသည့် အခါ၌ အများစုမှာ
မဖြစ်နိုင်သောထိုအတွေးအပေါ် ရယ်သွပ်သွေးကာ တဟားဟားလှောင်ပြောင်ရယ်မောကြသည် ။ တချို့
တလေလည်း တွေဝေမှုန်မှိုင်းသွားကြသည် ။ တချို့ကမူ ကျိုးကြောင်းမဆင်ခြင်ဘဲ ဟုတ်နိုးနိုးထင်ကာ
တုန်လှုပ်ချောက် ချားကုန်သည် ။ နားဆင်နေသောပရိသတ်ထံမှာ တဝေါဝေါဆူညံသံများ ထွက်ပေါ်လာသဖြင့်
ဘုရားလောင်းမင်းကြီးက ရှင်း လင်းဖြေကြားကာ ဆုံးမရလေ၏ ။
လူအများစုသည် ပြဿနာတစ်စုံတစ်ခုကို ကြုံတွေ့လိုက်သည်နှင့်
တုန်လှုပ်ချောက်ချားသွားတတ်ကြသည် ။ ချစ်ခင် မြတ်နိုးသူတို့နှင့် ခွဲခွာရသည့်အခါလည်း
စိတ်နှလုံးကြေကွဲ၊ ဝမ်းနည်းလေ့ရှိကြသည် ။ ပူဆွေးသောကရောက်ကြသည် ။ မြတ်စွာဘုရားရှင်အလောင်းအလျာဖြစ်သော
ဘုရားလောင်းမင်းကြီးမှာမူ ပါရမီ(၁၀)ပါးကို ဖြည့်ကျင့်နေသူဖြစ်၍ သာမန်လူ တို့ကဲ့သို့
လွယ်လင့်တကူ တုန်လှုပ်ခြင်းလည်း မရှိ၊ ကြောက်ရွံ့ခြင်းလည်း မဖြစ်၊ သံယောဇဉ် အနှောင်အဖွဲ့တို့ကြောင့်
ငို ကြွေးမြည်တမ်းခြင်းလည်း မပြုဘဲ ပကတိတည်ငြိမ်လျက်ရှိ၏ ။ တည်ငြိမ်လေးမြတ်သော အိနြေ္ဒတော်ဖြင့်
ဤကဲ့သို့ ဖြေရှင်း ဆုံးမလေသည် ။
“ ဒီမယ်…တံခါးစောင့်လုလင် … ခမည်းတော်ပိင်္ဂလမင်းကြီးဟာ
အသက်ရှင်စဉ်က သူတထူးကို နှိပ်စက်ကလူပြုခဲ့သူ ၊
အမှန်ကို မျက်ကွယ်ပြု ၊ အမှားကို ထောက်ခံခဲ့သူ
၊ မတရားမှုတို့ကို လိုက်စားခဲ့သူမို့ သေလွန်ပြီးတဲ့နောက် ငရဲသို့
ရောက်ရှိရမှာ ဧကန်အမှန်ဖြစ်တယ် ။ ငရဲဟာ အကုသိုလ်ကြီးသူတို့သာ
ရောက်ရှိနိုင်တဲ့အရပ်ဖြစ်တာကြောင့် ဆင်းရဲ
ဒုက္ခတို့ အတိပြီးနေတယ် ။ မိမိတို့ အလိုရှိတောင့်တတဲ့
စိတ်ဆန္ဒတို့ကို ဖြည့်စွမ်းရန် အခွင့်မရှိတဲ့ နေရာဒေသတစ်ခု
လည်း ဖြစ်တယ် ။ မင်းကြီးအဖို့ သူတပါးအား နှိပ်စက်ထုရိုက်ရန်
ဆန္ဒရှိစေဦးတော့…အခွင့်မရှိတော့ပါပြီ ။
- အခုအခါမှာ မင်းကြီးဟာ ကံကုန်သွားခဲ့ပြီ ။ မင်းကြီးရဲ့ရုပ်ကလပ်ကို
ထင်းတစ်ထောင်ဖိုတဲ့မီးပေါ်တင်လို့ သင်္ဂြိုလ်ခဲ့
ပြီ ။ ရေအိုးတစ်ထောင်လည်း ခွဲခဲ့ပြီ ။ သိင်္ချိုင်းမြေကို
လှန်လို့ မြှုပ်နှံခဲ့ပြီ ။ မင်းကြီးက ပြန်မလာနိုင်တော့ ။ သေပြီးသူ
ပြန်လာမှာကို စိုးကြောက်နေခြင်းဟာ မဖြစ်သင့်ပါ
။ မကြောက်ပါနဲ့ ။ သင်တို့ အမှန်တကယ်ကြောက်ရွံ့ရမှာက
ဆင်းရဲဒုက္ခကြီးမားလှတဲ့ အပယ်(၄)ဘုံသာဖြစ်တယ်
။ အပယ်(၄)ဘုံကို စိုးရွံ့ပါရင် သူတပါးအား မနှိပ်စက်မငြင်းဆဲ
ကြနဲ့ ။”
ဘုရားလောင်းမင်းကြီးက
တံခါးစောင့်အပါအဝင် နန်းတွင်းသူနန်းတွင်းသား ၊ မှူးကြီးမတ်ရာတို့အား ထိုသို့ ဆုံးမလမ်းပြလေ
သည် ။
ဘုရားလောင်းမင်းကြီး၏မိန့်ဆိုစကားကိုကြားသည့်အခါ
နားဆင်သူ-ပရိသတ်အပေါင်းတို့သည် စိတ်လက်ချမ်းသာခြင်း ဖြစ်ကြကုန်သည် ။ တွေဝေငိုင်တိုင်နေသူတို့သည်လည်း
ထိုအခါမှပဲ သက်ပြင်းရှိုက်ကာ ပြုံးရွှင်သွားကြသလို ဆင်ခြင်အသိ ဝင်မိသူတို့ကလည်း တမလွန်ဘဝ၌
အပယ်လားရမည်ကို စိုးကြောက်ကြလေတော့၏ ။
O O O O O O O O O
ရှင်ဒေဝဒတ် သေလွန်သောအခါ၌ မြတ်စွာဘုရားသည်
ဤဇာတ်တော်ကို ဟောကြားတော်မူခဲ့ပြီး ဇာတ်ပေါင်းသော် စိတ်ဓာတ် ယုတ်ညံ့သော-ပိင်္ဂလမင်းကြီးသည်
ဒေဝဒတ်လောင်းလျာဖြစ်၍ သားတော်မင်းသည် ဘုရားရှင်ဖြစ်တော်မူလေ သတည်း ။ ။
(
၅၅၀နိပါတ်တော် မဟာပိင်္ဂလဇာတ် )
စေတနာရှေ့ထားလျက်… ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။