Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)
ချစ်ခွန်းသီဖွဲ့သစ္စာစကား…
ချစ်ခွန်းသီဖွဲ့သစ္စာစကား…
  ( ၂၀၁၃ခုနှစ် ဇူလိုင်လထုတ်-သြဂုတ်လထုတ် ၊ ဂမ္ဘီရမဂ္ဂဇင်းတွင် နှစ်လဆက်တိုက် ဖော်ပြခံရသော ဝတ္ထုလတ်တစ်ပုဒ် ဖြစ်ပါသည်)
ရေးသူ - ဂါဦးနွန်းကို
-----------------------------------------------------------------
နိဒါန်း 
        တောနက်ကြီးတစ်ခု…။
ကြမ်းတမ်းသောခရောင်းဆူးလမ်းပေါ်တွင် ရွက်ဝါကြွေများကို တဖြောက်ဖြောက်နင်းရင်း မိန်းမပျိုလေးတစ်ယောက် ပြေးလွှားနေ သည် ။
ထိတ်လန့်နေသောအတွေးစိတ်၏နှိပ်စက်မှုကြောင့် အစဉ်အမြဲ နက်မှောင်စူးရှနေပုံရသည့်-သူမ၏မျက်ဝန်းအစုံမှာ ၀ိုင်း စက်ပြူးကျယ်လျက်ရှိပြီး အကြည့်တို့ကလည်း ဂနာမငြိမ် ။ နီစွေးနုထွေးသော-အောက်နှုတ်ခမ်းလှလှလေးကိုလည်း ကြောက်စိတ် ကို မာန်တင်းဟန်ဖြင့် သွားဖွေးဖွေးနှင့် ဖိကိုက်ထားရင်း ဆူးချုံပင်ငယ်များကြား တိုးဝှေ့ပြေးလွှားနေ၏ ။
ဆူးချုံများကြား၌ ပြေးလွှားနေရသောကြောင့် သူမ၏တစ်ကိုယ်လုံးတွင် ခြစ်မိရှမိဒဏ်ရာများဖြင့် သွေးအလိမ်းလိမ်းထွက် လျက် ချွေးများလည်း ရွှဲနစ်နေ၏ ။ သို့သော်လည်း သူမ ရပ်တန့်နားနေဖို့ရာ စိတ်ကူး မရှိ ။ ပြေးမြဲပြေးဆဲ…
            ပြေးနေရင်း မောလာသည် ။ မောပေမဲ့ နား၍ မရ ။ မရပ်မနား ပြေးမှဖြစ်မည် ။
အန္တရာယ်ဟူသောအရာတွေက ချောအိကလျာ၏နောက်မှ အဆက်မပြတ်ကပ်လျက် လိုက်ပါလာကြပြီ မဟုတ်ပါလား ။ ဆူးချုံများကို တွန်းဖယ်တိုးတိုက်ကာ ခရီးရောက်သည်ထက်ရောက်စေရန် ကလျာ ပြေးလွှားနေရသည် ။ အနောက်မှအသံတွေက လည်း တစ်စ,တစ်စ နီးကပ်သထက် နီးကပ်လာပါပေါ့ ။
ထိုအသံတွေက ချောအိကလျာအတွက် သေမင်းခေါ်သံ ။ ၀ိညာဉ်နှုတ်မည့်အသံတွေ…။ သူတို့လက်တွင်းသို့ ချောအိ ကလျာ သက်ဆင်းရောက်ရှိသွား၍ မဖြစ် ။ လုံးဝ မဖြစ်ချေ ။ သူတို့လက်မှ လွတ်မြောက်နိုင်ဖို့ရာ နည်းလမ်းမှာလည်း တစ်ခုသာ ရှိ သည် ။ ထိုနည်းလမ်းကား ဤတောလမ်းအတိုင်း ပြေးကာ ကိုစွမ်းရှင်နှင့် ချိန်းဆိုရာနေရာသို့ အရောက်သွားနိုင်ရန်သာ…။
မောဟိုက်ပင်ပန်းလွန်းလှသဖြင့် ခြေလှမ်းတို့မှာ ရွေ့ပင်မရွေ့ချင်တော့ ။ ကိုစွမ်းရှင်နှင့် ချိန်းဆိုထားသည့် ရေတံခွန်နားသို့ ရောက်ရှိရန်မှာ လမ်းချိုး(၂)ခုကို လွန်မြောက်ကျော်ဖြတ်ရဦးမည်ဖြစ်၍ ခရီး အတော်ကျန်သေးသည် ။ ချောအိကလျာ အားမာန်ကို တင်း ၊ ဇွဲကိုရင်းကာ အောက်နှုတ်ခမ်းကို ပြတ်လုမတတ် ဖိကိုက်ထားပြီး အသည်းအသန်ဆက်ပြေးသည် ။
သူတို့ လက်တွင်းကိုတော့ ချောအိကလျာ အကျမခံနိုင် ။ အရောက်မခံနိုင် ။
သို့သော်လည်း အားနွဲ့ရှာသူမိန်းမသားပေမို့ ဇွဲမာန်ခဲကာ ပြေးသော်ငြားလည်း အားက မတန်သဖြင့် ခြေတစ်လှမ်းအရွေ့ တွင် ခဲလုံးကိုဝင်တိုက်မိပြီး မဟန်ဘဲ ပစ်လဲကျသွားတော့၏ ။
ÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒ
အခန်း(၁)
   “ အမလေးဟဲ့…သေပါပြီ ။”
နာနာကျင်ကျင်အော်မြည်ညည်းတွားလိုက်သံကြောင့် ချောအိကလျာ သတိဝင်လာကာ အသံလာရာသို့ လှည့်ကြည့်မိတော့ ဝေေ၀ ၀ါးဝါးအမြင်ဖြင့် မျက်နှာတစ်ခုကို မထင်မရှားမြင်ရသည် ။
- ရန်သူလား…မိတ်ဆွေလား…
ချောအိကလျာက အကြည့်များ ကြည်လင်ပြတ်သားစေရန် မျက်လုံးတွေကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်ပြီးနောက် သေသေ ချာချာပြန်ကြည့်လိုက်သည့်အခါ ထိုမျက်နှာတစ်ခုမှာ သူငယ်ချင်းမြတ်စုဖြစ်နေ၏ ။
မြတ်စုက ဆန့်ထားသောသူမ၏ခြေထောက်ပေါ်သို့ ကိုယ်လုံးကြီးဖြင့် တက်ဖိထားရင်း သူမကို စိတ်မမှန်သူတစ်ယောက် လို ငေးကြောင်ကြည့်နေသော-ချောအိကလျာကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး…
   “ ဟဲ့…နင် နိုးနေပြီဆိုရင်လည်း ငါ့ခြေထောက်ပေါ် တက်ဖိထားတဲ့-နင့်ကိုယ်လုံးကြီးကို ဖယ်ပေးတော့လေဟာ ။ ဒီမှာ နာလို့
     သေတော့မယ် ။ တောင်ပေါ်ကို ဒီခြေထောက်နဲ့ တက်ရမှာဟဲ့ ။ နင် ထမ်းတင်ပေးမှာမို့လို့လား ။”
   “ သြော်…! အေး…။ စော… စောရီးနော် မြတ်စု ။”
ထိုအခါမှ ချောအိကလျာသည် မြတ်စု၏ခြေထောက်နှစ်ချောင်းပေါ်တွင် အလျားလိုက်လဲကျနေသည့် ကိုယ့်အဖြစ်ကိုယ် သတိပြုမိ သွားပြီး ကမန်းကတန်းမတ်တတ်ထရပ်ကာ မြတ်စုကို တောင်းပန်ရင်း မိမိ ဘာဖြစ်သွားသလဲဆိုတာကို အသည်းအသန် စဉ်းစားမိ တော့ ခုံတန်းပေါ်တွင် ထိုင်ငိုက်လျက် အိပ်ပျော်သွားခဲ့ရာမှ အိပ်မက်မက်ပြီး အောက်တွင် ခြေဆန့်လက်ဆန့်လုပ်နေသူ-မြတ်စု အပေါ်သို့ ယခုလို ပြုတ်ကျသွားခဲ့ခြင်းဖြစ်မည် ။
မြတ်စုကတော့ သူမ၏၀သီအတိုင်း နှုတ်ခမ်းတလန်ပန်းတလန်နှင့် ရန်တွေ့စကား ၀,အောင်ပြောပြီးမှ မျက်နှာသစ်ရန် တည်းခိုခန်းအနောက်ဘက်သို့ ထွက်သွား၏ ။ ထိုအခါမှပဲ ချောအိကလျာလည်း အိပ်မက်အကြောင်းကို စိန်ပြေနပြေ ပြန်ပြောင်း တွေးမိသည် ။
- သြော်…အိပ်မက်မက်နေတာပါလား …
အိပ်မက်ဟုဆိုသော်လည်း အပြင်မှာ အမှန်တကယ်တွေ့ကြုံဖြစ်ပျက်နေသည့်အလား စိတ်ချောက်ချားစရာ ကောင်းလွန်းလှပါဘိ ။ နောက်ပြီး ထိုအိပ်မက်က မကြာမကြာ မြင်မက်တတ်သောအိပ်မက်…။
အို…အိပ်မက်ဟာ အိပ်မက်ပါပဲလေဟုသာ ခပ်ပေါ့ပေါ့တွေးလိုက်ပြီး ချောအိကလျာကိုယ်တိုင်လည်း မျက်နှာသစ်/သွား တိုက်ရန် တည်းခိုခန်းနောက်သို့ လျှောက်လာခဲ့လိုက်သည် ။ မကြာမီတွင် ကျိုက်ထီးရိုးတောင်ပေါ်သို့ ချောအိကလျာတို့သူငယ် ချင်းတစ်စု ပျော်ပျော်ပါးပါး ခြေလျင်ခရီးသွားကြတော့မည် မဟုတ်ပါလား ။
မျက်နှာသစ် သွားတိုက်ကာ အားလုံး ပြင်ဆင်ဖီးလိမ်းစားသောက်ပြီးသည့်အခါတွင် နံနက်(၇)နာရီ ထိုးလုပြီ ။ အားလုံးက လူငယ်တွေချည်းပဲဖြစ်တာကြောင့် တောင်ပေါ်သို့ ခြေလျင်တက်ရောက်ရန်အတွက် စိတ်အားတက်ကြွလျက်ရှိရာ လွယ်အိတ် တလွယ်လွယ် ဂျာကင်တကားကားနှင့် မြောက်ကြွမြောက်ကြွဖြစ်နေကြသည် ။
ကင်ပွန်းစခန်းဆီသို့ ည(၂)နာရီခွဲခန့်က ခရီးသွားကားဖြင့် ရောက်ရှိခဲ့ကြသောကြောင့် တည်းခိုခန်းတွင် (၃)နာရီနီးပါးခန့် အိပ်စက်အနားယူလိုက်ရ၍ အားလုံး အားအင်ပြည့်ဝကာ လန်းဆန်းတက်ကြွနေကြသည် ။ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်ကြီး၏ ကြည်ညိုလေးမြတ်ဖွယ်ဂုဏ်ကျေးဇူးတော်များကို ချောအိကလျာ ကြားနာဖူးခဲ့သော်လည်း အသက်(၁၈)နှစ်ပြည့်သည်အထိ ကိုယ် တိုင်ကိုယ်ကျတော့ တစ်ကြိမ်တစ်ခါမျှ မလာရောက်ဖူးခဲ့ပေ ။
ငယ်စဉ်မူလတန်း ကျောင်းသူဘ၀ကနေ တက္ကသိုလ်ကျောင်းသူကြီးဖြစ်သည့်အချိန်ထိ စာမှလွဲ၍ အခြားအရာတွေကို စိတ်ဝင်စားခွင့် မရှိခဲ့သော-ချောအိကလျာအဖို့ ခရီးထွက်ခြင်းဟူသောဝေါဟာရသည် မြန်မာစာဝါကျထဲတွင်သာ တွေ့မြင်နားလည် ခဲ့ရ၏ ။ မိဘတွေကလည်း ကျောင်းစာနောက်ကျမည် ၊ ကျောင်းပျက်မည်ကို စိုးရိမ်သောကြောင့် ချောအိကလျာကို ဘယ်ကိုမျှ မပို့ ပေးခဲ့ ။
ယခုမှသာ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ချောအိကလျာ၏သူငယ်ချင်းများက ကျောင်းပိတ်ရက်တွင် ကျိုက်ထီးရိုးစေတီ တော်သို့ သွားရောက်ဖူးမျှော်ရန် လာရောက်ခေါ်ငင်သဖြင့် အရွယ်ရောက်နေပြီဖြစ်သည်ကတစ်ကြောင်း ၊ အိမ်သို့အရောက် လာ ခေါ်ကြသောသူငယ်ချင်းများကို အားနာသည်ကတစ်ကြောင်းကြောင့် ချောအိကလျာ၏မိဘများက စိတ်မချလက်မချနှင့် ထည့်ပေး လိုက်ကြခြင်းဖြစ်သည် ။
ဤသို့ဖြင့် ကမ္ဘာအံ့ဖွယ်များထဲ၌ တစ်ခုအပါအ၀င်ဖြစ်သည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကို ချောအိကလျာ မြင်တွေ့ဖူးမျှော်ကြည်ညိုရတော့မည် ။ ထိုသို့ တွေးလိုက်မိတိုင်း ချောအိကလျာ၏ရင်ထဲတွင် ပျော်ရွှင်ခြင်း ကြည်နူးခြင်းဟူသော ခံစားချက်တို့ ရောယှက်ကာ လှိုက်ခုန်တုန်ယင်နေမိသည် ။
ခြေလျင်တောင်တက်လမ်းကလေးအတိုင်း ကလျာတို့လူစု တောင်ပေါ်သို့ ဦးတည်တက်လာခဲ့ကြပြီ ။ ချောအိကလျာတို့ လူစုတွင် ခေါင်းဆောင်အနေဖြင့် ကိုသက်အောင်က ဦးဆောင်လျက် ညီညီ, ပြည့်စုံ, ပိုင်ထူး, ဇော်ရဲဦး, မြတ်စု, နွယ်နီဟန် , ဖွေး စံပယ် , လမင်းအေး , ခတ္တာနှင့် ချောအိကလျာဟူ၍ စုစုပေါင်း(၁၁)ယောက်ပါဝင်သည် ။
        ခေါင်းဆောင် ကိုသက်အောင်မှာ (UFL)၏တတိယနှစ်ကျောင်းသားဖြစ်ပြီး ကျန်လူအားလုံးမှာ ဒုတိယနှစ်ကျောင်းသားတွေ ချည်း ။ အားလုံး ကိုယ်စီကိုယ်ငှ ကျောပိုးအိတ်လွယ်ထားကြပြီး လမ်းသွယ်လေးအတိုင်း ခပ်သွက်သွက်လျှောက်ခဲ့ကြ၏ ။
ÒÑÒÑ
ကျိုက်ထီးရိုးသို့ ကိုသက်အောင်,ပိုင်ထူးနှင့်ခတ္တာတို့မှလွဲ၍ ကျန်လူစုမှာ မရောက်ဖူးကြသေး ။ မရောက်ဖူးသေးသော နေရာကို သွားနေရခြင်းဖြစ်တာကြောင့် အားလုံး တက်ကြွရွှင်မြူးနေသည် ။ မြတ်စုကတော့ စကားများသူ၏ထုံးစံအတိုင်း ရောက် ဖူးသူ-ခတ္တာကို အဆက်မပြတ်မေးမြန်းလျက်ရှိသည် ။
   “ ခတ္တာ…တောင်ပေါ်မှာ အေးလား ။”
   “ နင်ကလည်း ။ တောင်ပေါ်ဆိုမှတော့ အေးတာပေါ့ဟ ။ ခုက ဆောင်းတွင်းဆိုတော့ တောင်အောက်မှာထက် နှစ်ဆမက
      ပိုအေးတယ် ။”
   “ အမလေး…! တော်သေးတာပေါ့ ။ အနွေးထည်တွေ ထည့်ခဲ့မိလို့ ။”
   “ မပါရင်လည်း ပြန်ဆင်းယူမပေးနိုင်ပါဘူးဗျာ ။ လျှောက်လာတာ အဝေးကြီး ရှိနေပြီ ။”
မြတ်စု၏စကားအဆုံးတွင် ညီညီက လှမ်းနောက်လိုက်သောကြောင့် မြတ်စု၏နဂါးမျက်စောင်းတစ်ချက်က ညီညီ့ဆီသို့ အလျင် အမြန် ကျရောက်သွားသည် ။
   “ နင့် ဘယ်သူ ယူခိုင်းလို့လဲ ။ ရှည်ကိုရှည်တယ် ။”
   “ ဟယ်တော်…! ကျုပ်လည်း မပြဘဲနဲ့ ကျုပ် ရှည်တာ ညည်း ဘယ့်နှယ့်လုပ်သိသွားပါလိမ့် ။”
   “ ဟဲ့အကောင် … နင် ဘာစကားပြောတာလဲ ။ မမိုက်ရိုင်းနဲ့ ။”
   “ ဟောဗျာ ။ ငါက ဘာမိုက်ရိုင်းလို့လဲ ။ ငါ ပါးစပ် ဟမပြဘဲနဲ့ ငါ လျှာရှည်တာကို နင် ဘယ်လိုလုပ်သိသလဲလို့ ပြောတာကို
     များ ။ သူ့ဘာသာ ဘယ်အထိ လျှောက်တွေးနေသလဲ မသိဘူး ။”
ညီညီက ထိုသို့ လူပြက်ပြော,ပြောကာ တစ်ဖက်လူ စိတ်မတို,တိုအောင် စနောက်တတ်သလို မြတ်စုကလည်း ဆတ်ဆတ် ထိမခံ ဖြစ်တာကြောင့် အသံတွေ ညံနေလေသည် ။
တောင်တက်လမ်းက တောလမ်းဆိုပေမယ့် လူတို့ သေချာပြုလုပ်ထားသော-လမ်းလေးဖြစ်သည် ။ မြေဖုံဖုံကို လျှောက် လာလိုက် ၊ ခဏနေ လှေကားထစ်တွေပေါ် တက်လိုက်-ဆင်းလိုက်နှင့် အတော်ပျော်စရာကောင်းသည် ။
တောင်တစ်ခု တက်၍ပြီးလို့ တောင်ထိပ်အပေါ်ဆုံးလှေကားထစ်ဆီသို့ ရောက်သည့်အခါ တစ်ခါတစ်ရံ စားသောက်ဆိုင် လေးများ ရှိတတ်သဖြင့် တွေ့သည်နှင့် ဆိုင်ထဲဝင်ကာ ရှိသမျှအကုန် မှာစားကြသည် ။ အများစုမှာ အကြော်ဆိုင်များဖြစ်ပြီး တချို့ ဆိုင်များတွင် ဆတ်သားခြောက်ကြော် ၊ ယုန်ကင် ၊ ပုတက်ကင်များကိုလည်း ရရှိနိုင်သဖြင့် အထူးအဆန်းမှန်သမျှ ကလျာတို့အဖွဲ့ မလွတ်တမ်း မှာစားကြသည် ။
သည်ကြားထဲ တစ်ချက်တစ်ချက် ခိုးခိုးကြည့်နေသော ကိုသက်အောင်၏အကြင်နာမျက်ဝန်းများကို ချောအိကလျာက မသိမသာအသိအမှတ်ပြုနေရသေးတော့ … ။ ရင်ခုန်ကြည်နူးဖွယ်ရာ ဘုရားဖူးခရီးစဉ်လေးတစ်ခုပါတကား…။
ရေမြောင်ကြီးကို ကျော်လာပြီးနောက် လှေကားထစ်တို့မှာ အတန်ငယ် မက်စောက်လာသည် ။ တောင်(၇)လုံးခန့် ကျော် မှ ရောက်မည့်ခရီးဖြစ်ပြီး ယခု တောင်(၃)လုံးကျော်ခဲ့ပြီဟု ကိုသက်အောင်က အားတက်စေရန် ပြောပြသည် ။ (၄)နာရီနီးပါး တောင်တက်ခဲ့ရသောကြောင့် နောက်ကျောတွင် ပိုးထားသော-ကျောပိုးအိတ်မှာ တစ်စ,တစ်စ ပို၍ပို၍လေးလံလာကာ ဖြစ်နိုင်လျှင် လမ်းတွင် လွှင့်ပစ်ခဲ့ချင်စိတ်ပင် ပေါက်သည် ။ သို့ပေမယ့် အိတ်ထဲတွင် ငွေကြေးနှင့်အရေးကြီးပစ္စည်းများ ၊ လိုအပ်သောပစ္စည်း များ ပါနေသဖြင့် လွှင့်ပစ်၍မဖြစ် ။ အ၀တ်အစားထုပ်များကို အထမ်းသမားများနှင့် ထည့်ပေးလိုက်ခြင်းအပေါ် ခုမှပဲ သဘောပေါက် တော့သည် ။
    “ မောလိုက်တာဟယ် ။ ခဏ နားကြစို့ ။”
နွယ်နီဟန်က နဖူးမှချွေးတို့ကို လက်ခုံဖြင့် သုတ်ဖယ်လိုက်ကာ လှေကားထစ်တွင် ထိုင်ချရင်း ဆိုလိုက်သည် ။
လမင်းအေးက တစ်လမ်းလုံး နားထောင်လာသော-နားကြပ်ကို နားမှ ဖြုတ်လိုက်ပြီး နီးရာလှေကားထစ်တွင် ထိုင်ချ လိုက်ရင်း ကျောပိုးအိတ်အတွင်းမှ ရေဘူးကို ထုတ်သောက်သည် ။
ဖွေးစပယ်ကတော့ မနက်ခင်းက ချမ်းလှချည်ရဲ့ဟုရေရွတ်ကာ တမြတ်တနိုးထုတ်ဝတ်သော ၊ ယခု ဖုန်အလိမ်းလိမ်း တက်နေရှာပြီဖြစ်သည့်-အဖြူရောင်သားမွေးအင်္ကျီကြီးကို လွယ်အိတ်ထဲသို့ စိတ်နာနာဖြင့် ထိုးထည့်နေသည် ။
   “ ကလျာ မောနေပြီလား ။”
နွေးထွေးနုညံလှသည့် ကရုဏာနှောနှော-မေးခွန်းသံလေးကြောင့် ချောအိကလျာ ထိုင်နေရာမှ နံဘေးသို့ မော့ကြည့်မိတော့ မိမိကို ကြင်ကြင်နာနာစိုက်ကြည့်နေသူ-ကိုသက်အောင်၏မျက်ဝန်းများနှင့် ခလုတ်တိုက်မိသည် ။ ချောအိကလျာ ရင်ခုန်သွားမိပေမယ့် ဣနြေ္ဒဆည်လိုက်ပြီး အပြုံးနှင့် ခေါင်းခါပြလိုက်ရင်း…
   “ သိပ်မမောပါဘူး ကိုသက်အောင်ရယ် ။ အကျင့်မရှိတော့ နည်းနည်းပင်ပန်းရုံလောက်ပါ ။”
   “ ဟို…ကျောပိုးအိတ် လေးနေရင် အစ်ကို ကူသယ်ပေးမယ်လေ ။ စောစောက ကလျာကို ကြည့်မိတော့ အိတ်ကို သယ်ရတာ
      အတော်ပင်ပန်းနေသလို ဖြစ်နေသလားလို့ ။”
   “ အာ…နေပါစေ ကိုသက်အောင်ရယ် ။ ကိုသက်အောင်မှာလည်း ကျောပိုးအိတ်ကြီးနဲ့ပဲဟာ ။ အတူတူချင်းကို အကူအညီ
     မတောင်းပါရစေနဲ့ ။”
   “ မဟုတ်တာပဲ ကလျာရယ် ။ အစ်ကိုက ယောက်ျားလေးပဲ ။ အိတ်နှစ်လုံး လွယ်နိုင်ပါတယ် ။”
   “ နေပါစေ … ကိုသက်အောင်ရယ် ။”
ထိုသို့ ချောအိကလျာရော ၊ ကိုသက်အောင်ပါ ပတ်ဝန်းကျင်ကို သတိမထားမိဘဲ ကျောပိုးအိတ် ကူသယ်ပေးရေး-မပေးရေးကိုသာ အသည်းအသန် ဆွေးနွေးငြင်းဆန်နေမိခိုက် နံဘေးမှ နားကြားပြင်းကပ်လာပုံရသော-မြတ်စုက…
   “ ဒီမှာဗျို့ ကလျာ့ကိုချည်း မေးမနေပါနဲ့ ။ မိန်းကလေးတွေအားလုံး ကျောပိုးအိတ် ပါ,ပါတယ် ။ သူ ဒီလောက်ငြင်းနေရင်
     ကျွန်မကိုလည်း တစ်လှည့်လာမေးလို့ ရပါတယ် ။ ကျွန်မကတော့ ငြင်းမှာ မဟုတ်ပါဘူး ။”
ဟု အော်လိုက်တော့မှ ကိုသက်အောင်ခမျာ မျက်နှာတစ်ခုလုံး နီရဲသွားရှာသည် ။ ရှက်သွားပုံရသည် ။
   “ အာ…မြတ်စုကတော့ လုပ်ပြီ ။ အစ်ကိုက နီးရာလူကို လှမ်းမေးမိတဲ့သဘောပါ ။ ကဲ…သွား…သွားကြစို့ ။ နေမြင့်နေဦးမယ် ။”
ထိုသို့ ရှက်ရှက်နှင့်စကားပြန်ကာ လှည့်ထွက်သွားတော့သည် ။ ဤသို့ဖြင့် ခရီးရှေ့ဆက်ခဲ့ရပြန်ပေါ့…။
ယခု တက်နေသောလှေကားထစ်များသည် ယခင်က တက်ခဲ့သော-လှေကားထစ်များထက် ပို၍မြင့်မားများပြားလိမ့်မည် ဟု ချောအိကလျာ ယူဆမိသည် ။
ကိုသက်အောင်တို့လူစု တောင်ထိပ်လှေကားအဆုံးသို့ ရောက်သည့်အခါ ကမ်းပါးတွင် ကပ်၍ စောင်းစောင်းကြီးပေါက်နေ သော-သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည် ။ ထိုအပင်၏အခြေတွင်မူ လှေကားထစ်များ ထွင်းလုပ်စဉ်က စေတနာရှင်တို့ လုပ် အားဒါန ပြုခဲ့ကြသည့်-သစ်သားခုံတန်းရှည်တစ်ခု ရှိ၏ ။
   “ ဟေး…မိုက်တယ်ကွ ။ ထိုင်ကြမယ် ။”
ပိုင်ထူးနှင့်ဇော်ရဲဦးတို့နှစ်ယောက်က လှေကားထိပ်သို့ ဦးစွာရောက်ရှိသွားသောကြောင့် ကလေးငယ်များ ကစားစရာတွေ့သကဲ့သို့ ၀မ်းသာရွှင်မြူးစွာဖြင့် ထိုထိုင်ခုံဆီသို့ ပြေးသွားကြသည် ။
   “ ငါကတော့ ဓါတ်ပုံရိုက်မယ် ။ အပင်ကြီးလည်း ပါမယ် ။ ဟိုဘက်က တောင်တွေလည်း ပါမယ် ။ ပြည့်စုံရေ…ငါ့ကို ဓာတ်ပုံ
     လှလှလေး ရိုက်ပေးနော် ။”
သူတို့နောက်မှ တက်လာသူ-လမင်းအေးက ဒစ်ဂျစ်တယ်ကင်မရာလေးကို အိတ်ထဲမှထုတ်ကာ ပို့စ်အမျိုးမျိုးပေးပြီး ပြည့်စုံကို ဓာတ်ပုံရိုက်ခိုင်းနေသည် ။
   “ ဟယ်…သာယာလိုက်တဲ့နေရာလေး ။”
ချောအိကလျာနှင့်နွယ်နီဟန်တို့က နောက်ဆုံးမှ ရောက်လာကြသူများဖြစ်ရာ အားလုံး ၀ိုင်းစုထိုင်နေသည့်အချိန်မှ ထိုနေရာသို့ ရောက်ရှိသွားခဲ့သည် ။ ရောက်လျှင်ရောက်ချင်း ကမ်းပါးထိပ်တွင် ကပ်ပေါက်နေသော-သစ်ပင်ကြီးကို ငေးစိုက်ကြည့်ရင်း လှပ သာယာမှုအရသာကို ရှုမြင်ခံစားမိသည် ။
   “ ဟော…ရေတွေ ကျနေတဲ့အသံ ။ နင်တို့ ကြားရလား ။”
   “ အေးဟ ။ ရေကျသံတွေ ဘယ်နားကပါလိမ့် ။”
ညီညီ့အမေးကို ဖွေးစပယ်က ထောက်ခံရင်း စပ်စုသောအတွေးနှင့် ပြောလိုက်မိတော့ ကိုသက်အောင်က ရေမြောင်ကြီးမှ ရေကျသံဖြစ်နိုင်သလို ကျိုက်ထီးရိုးတောင်၏အောက်ခြေရှိ ရေတံခွန်ဆီမှ ရေကျသံလည်းဖြစ်နိုင်ကြောင်း ရှင်းပြ၏ ။
ကိုသက်အောင်က သူ သိသလောက်ဗဟုသုတအနည်းငယ်ကို ဖြန့်ဝေပြောပြရင်း ချောအိကလျာများ သူ့ကို အထင် တကြီး ငေးကြည့်နေလေမလား-ဟူသောအတွေးဖြင့် မသိမသာခိုးကြည့်မိတော့ သူ့အထင်နှင့်အမြင်က တက်တက်စင်အောင် လွဲ နေ၏ ။
ချောအိကလျာက သူ့ကို အထင်တကြီး ငေးမကြည့်ရုံသာမက သူ့စကားကိုပင် နားထဲ ၀င်ပုံမရ ။ တစ်ဖက်တောင်တန်း ကြီးကိုသာ တွေတွေကြီး ငေးမောစိုက်ကြည့်နေသောကြောင့် ကိုသက်အောင် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းငွေ့ငွေ့ချလိုက်မိ သည် ။ ခဲလေသမျှ သဲရေကျ…။
အမှန်လည်း ကိုသက်အောင်၏ပြောစကားများကို ချောအိကလျာ တစ်စွန်းတစ်စမျှ မကြား ။ အဘယ့်ကြောင့်ဆိုသော် ချောအိကလျာ တစ်ဖက်တောင်ကြောကို ငေးမျှော်ကြည့်ရင်း ရေတံခွန်မှရေကျသံကို နားထောင်နေမိရာမှ အသိစိတ်တို့ ကင်း လွတ်သွားသောကြောင့်ဖြစ်သည် ။
ÒÑÒÑ
ချောအိကလျာ ရောက်ရှိနေသည့်နေရာက နိုင်ငံခြားဘာသာတက္ကသိုလ်မှ သူငယ်ချင်း(၁၀)ယောက်နှင့် အပျော်ခရီး ထွက်လာမိသော-ကျိုက်ထီးရိုးတောင်၏တစ်နေရာတွင် မဟုတ်တော့ဘဲ မတ်စောက်စောက်-ရေတံခွန်တစ်ခုပေါ်ရှိ အစွန်အဖျား နေရာ၌ ဖြစ်၏ ။ ဆက်သွားစရာ လမ်းမရှိတော့ ။ နံဘေးတွင် မြင့်မားသော-တောင်ကမ်းပါးယံကြီးတစ်ခုက ကာဆီးထားလေပြီ ။
   “ ကိုစွမ်းရှင် ကိုစွမ်းရှင်…”
အိပ်မက်လိုလို လွင့်မြောလျက်ရှိသော-အတွေးထဲ၌ မည်သူမည်ဝါမှန်း ရုပ်လုံးဖော်၍ မရသူတစ်ယောက်၏နာမည်ကို ချောအိ ကလျာ အော်ခေါ်နေမိသည် ။ ကိုစွမ်းရှင်ဆိုတာ ဘယ်သူပါလိမ့်…။ သေချာတာကတော့ သူ့အပေါ်ကို ချောအိကလျာ အားကိုး ယုံကြည်နေမိသည် ။
နောက်မှခြေသံများက နီးသထက် နီးကပ်လာပြီ ။ ချောအိကလျာ အားကိုးယုံကြည်နေမိသော-ကိုစွမ်းရှင်ဆိုသူကို ယခု ချိန်ထိ မမြင်မိသေး ။ သွေးပျက်ကြောက်ရွံ့စိတ်တို့က အထွတ်အထိပ်သို့ ပူးကပ်တက်လာခဲ့ပြီ ။
အမှန်တော့ ဤအကြောင်းအရာသည် ချောအိကလျာ မြင်မက်ခဲ့ဖူးသော-အိပ်မက်တစ်ပုဒ်သာ ။ သို့တိုင် ထိုအိပ်မက် ထဲသို့ ရောက်ရှိသွားသည့်အခါတိုင်း ယခုကဲ့သို့ပဲ ခံစားရစမြဲ ။ ကြောက်ခြင်း ၊ အားငယ်ခြင်း ၊ စိုးရိမ်ပူပန်ခြင်း ၊ ခိုကိုးရာမဲ့ခြင်း ဟူသော စိတ်ခံစားမှုပေါင်းစုံကို ချောအိကလျာ ရောပြွတ်ယှက်ပွေစွာ ခံစားလိုက်ရသည် ။ ထိတ်လန့်လွန်းသောကြောင့် နှလုံးအစုံ သည် လျင်စွာ ခုန်မြန်နေသလို အသားတွေ/နှုတ်ခမ်းတွေလည်း ကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေပြီ ။
ကိုစွမ်းရှင်ဆိုသောပုဂ္ဂိုလ်ကမူ ရောက်မလာသေး ။ ထိုစဉ် လမ်းကွေ့အတိုင်း ပြေးတက်လာကြသော-ခြေသံပိုင်ရှင်များကို ချောအိကလျာ သဲသဲကွဲကွဲ မြင်တွေ့လိုက်ရ၏ ။
   “ အို…မြတ်စွာဘုရား…! ဂျပန်စစ်သားတွေပါလား…”
ချောအိကလျာကို မြင်တော့ သားတစ်မြင်သော-ခွေးအ,တစ်သိုက်လို လှံစွပ်တပ်သေနတ်များကို ကိုင်ကာ တဖြည်းဖြည်း တိုးလာ ကြသည့် ဖက်ဆစ်သရဲများ ။
ချောအိကလျာ၏အနောက်၌ တဝေါဝေါစီးဆင်းနေသော-ရေတံခွန်ကြီးသာ ရှိတော့၍ နောက်သို့ ဆုတ်လို့လည်း မရ ။ နံဘေးက တောင်ကမ်းပါးပေါ်လည်း တက်၍ မနိုင် ။ ရှေ့၌ မကောင်းဆိုးဝါးမိစ္ဆာကောင်များက ချောအိကလျာကို တဏှာခိုးဝေဝေ အကြည့်ရိုင်းရိုင်းတွေနှင့် တစ်လှမ်းချင်းချည်းကပ်လာကြပြီ ။ မတတ်သာသည့်အဆုံးမှာတော့ ကိုယ့်ကိုယ်ကို သတ်သေရန် တစ်နည်းသာ ကျန်တော့သည် ။
ထိုစဉ် မထင်မှတ်စရာအဖြစ်အပျက်တစ်ခုကို တွေ့ကြုံလိုက်ရသည် ။ တစ်ဖက်တောင်ကမ်းပါးယံပေါ်မှ လူတစ်ယောက် နွယ်ကြိုးဖြင့် ခုန်ပျံဆင်းလာကာ ရိုင်ဖယ်သေနတ်ဖြင့် ဂျပန်စစ်သားများကို အဆက်မပြတ်ပစ်ခတ်လေသည် ။ ရုတ်တရက် အလစ် အငိုက်မို့ ဂျပန်စစ်သား(၆)ယောက်မှာ ပြန်လည်ပစ်ခတ်ချိန်ပင် မရလိုက်ဘဲ အတုံးအရုံးကျရှုံးကုန်ကြ၏ ။
သို့ပေမယ့် ထို(၆)ဦးမှာ ရှေ့ပြေးများသာဖြစ်သည်ကြောင့် မကြာမီတွင် စစ်သားတွေ အလုံးအရင်းလိုက် ရောက်ရှိလာပါ က ချောအိကလျာတို့ လွတ်မြောက်ပါ့မလားဟုတွေးရင်း အနားသို့ ရောက်လာသောထိုသူ့ကို ချောအိကလျာ မော့ကြည့်လိုက်မိ သည် ။
ဖြူဝင်းစိမ်းဖန့်သောအသားအရေရှိပြီး မျက်နှာဖောင်းဖောင်း ၊ မေးရိုးကားကား ၊ မျက်ခုံးထူထူ ၊ အကြည့်စူးစူးနှင့်‘သူ့’ကို မြင်တွေ့လိုက်ရသည့်အခိုက် ချောအိကလျာ၏စိတ်တွေ လှုပ်ရှားသွားခဲ့ပါပြီ ။
- ခန့်လိုက်တဲ့လူ…
အာရုံက ထိုသူနှင့်အတူ ကပ်ငြိပါသွားသကဲ့သို့ ခံစားလိုက်ရသည် ။
ထိုသူမှာ အခြား မဟုတ်ပါ ။ ထိုဘဝ(အတိတ်ဘဝ)က ကလျာ့ချစ်သူ ။ ချောအိကလျာ၏အသည်းအသက်လို ချစ်မြတ်နိုး ရပါသော-ကိုစွမ်းရှင်နောင်ဆိုသူပင် ။
   “ ကလျာ …အလွန်ထိတ်လန့်သွားပါသလား ။”
ကိုစွမ်းရှင်၏စိုးရိမ်မကင်းသောအမေးကို ချောအိကလျာက အကြင်နာပြည့်လျံသော-မျက်ဝန်းတွေနှင့် ပြန်လှန်ငေးကြည့်ရင်း…
   “ စောစောက အနည်းငယ်ထိတ်လန့်သွားခဲ့ပေမယ့် ကိုစွမ်းရှင် ရောက်လာမယ်ဆိုတာကို ယုံကြည်နေတာကြောင့် အလွန်အမင်း
      တုန်လှုပ်ချောက်ချားခြင်း မရှိခဲ့ပါဘူး ။ ကဲ…ဒီကိစ္စ ထားလိုက်တော့ ။ နောက်ထပ်ဂျပန်စစ်သားများ ရောက်မလာခင် ကလျာ
      တို့ ဘယ်ပုံဘယ်နည်းနဲ့ ထွက်ပြေးကြမလဲ ။”
   “ မစိုးရိမ်ပါနဲ့ ။ ကိုစွမ်းရှင် ကြံပါမယ် ။”
ထိုသို့ဆို၍ ဘေးဘီသို့ တစ်ချက်မျှဝေ့ဝဲကြည့်ကာ အကြံထုတ်လိုက်ပြီး အနားသို့ တိုးကပ်လာကာ ချောအိကလျာ၏ခါးကို တင်းတင်းကြပ်ကြပ်ထွေးပွေ့ဖက်လိုက်သည် ။
မပြောမဆိုနှင့် ရုတ်တရက် ပွေ့ဖက်လိုက်သည့်-သူ့လုပ်ရပ်ကြောင့် ကလျာမှာလည်း မရုန်းနိုင်မလှုပ်နိုင်ဖြင့် အံ့အားသင့် လျက်သား ။ ဘာသဘော ၊ ဘာအဓိပ္ပာယ်ပါလိမ့်…။ အနေရခက်လိုက်တာ ။
အတွေးလွင့်မြောနေသည့်-ထိုအချိန်ထိတိုင် ဇဝေဇဝါ … ။ သူဟာ အမှန်ပဲ အတိတ်ဘဝက ကလျာ့ချစ်သူလား ။ အိပ်မက် လိုလိုပုံရိပ်တွေထဲမှာ ကလျာဟာ အတိတ်ဘဝက ချောအိကလျာဖြစ်လိုက် ၊ ပစ္စုပ္ပန်က ချောအိကလျာဖြစ်လိုက်နှင့် ယောက်ယက် ခတ်နေခဲ့သည် ။
သူ့အရပ်က ရှေးခေတ်ယောက်ျားကြီးများ၏အရပ်အမောင်းအတိုင်း ခြောက်ပေနီးပါးမြင့်မားထွားကျိုင်းလှသဖြင့် ချောအိ ကလျာသည် သူ့ရင်ခွင်ထဲတွင် ကလေးမလေးလို တိုးဝင်ပျောက်ကွယ်နေသည် ။  သူ ဘာဆက်လုပ်မလဲ ၊ ဘယ်လိုအကြံအစည် ရှိသလဲ…ချောအိကလျာ မသိ ။ သို့ပေမယ့် သူ့ကို ယုံကြည်၏ ။
သူက ချောအိကလျာကို တင်းတင်းကြပ်ကြပ် ထွေးပွေ့လိုက်ပြီးနောက် တစ်ဖက်မှ အော်ဟစ်ပြေးတက်လာသော-ဂျပန် စစ်သားများ၏အသံကို ကြားသည်နှင့် တောင်ထိပ်မှနေ တဝေါဝေါစီးဆင်းနေသော-ရေတံခွန်ဆီသို့ နှစ်ယောက်အတူ ခုန်ဆင်း လိုက်တော့၏ ။
ÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒ 
အခန်း(၂)
    “ ကလျာ…ကလျာ…”
ကိုသက်အောင်က ချောအိကလျာ၏ပုခုံးနှစ်ဖက်ကို စိုးရိမ်ကြီးစွာ လှုပ်ယမ်းခေါ်ငင်လိုက်သည့်အခါ အတိတ်ပုံရိပ်များကြား ပြေးဝင် ဆော့ကစားနေသော-စိတ်ဝိညာဉ်သည် ပစ္စုပ္ပန်ရုပ်ခန္ဓာတွင် ပြန်လည်ပူးကပ်လာသဖြင့် ချောအိကလျာ အသိပြန်ဝင်လာ၏ ။ ချောအိကလျာ သတိရလာတော့ သူငယ်ချင်းအားလုံး ပူပန်စိုးထိတ်နေကြသည်ကို တွေ့မြင်လိုက်ရပြီ ။
     “ ကလျာ…ကလျာ…သတိရလာပြီလား ။”
     “ ရှင်…! ကလျာ…ကလျာ ဘာဖြစ်သွားတာလဲဟင် ။”
ယခုအချိန်ထိ တစ်ဖက်တောင်ကြောကြီးကို မျက်နှာမူလျက် တောင့်တောင့်ကြီးရပ်နေဆဲဖြစ်သော မိမိအခြေအနေကို ချောအိ ကလျာ နားမလည်နိုင်သေးသဖြင့် နံဘေးမှကိုသက်အောင်ကို အားကိုးတကြီးမေးလိုက်မိသည် ။
   “ အစ်ကိုလည်း မပြောတတ်ဘူး ။ ကလျာ့ကြည့်ရတာ သတိလစ်သွားတာလို့ သတ်မှတ်နိုင်ပေမယ့် မျက်လုံးတွေက မမှိတ်တော့
     အသိလွတ်သွားတာလို့ပဲ ဆိုရမလား မသိဘူး ။ အစ်ကိုတို့ဖြင့် စိတ်ပူသွားတာပဲ ။”
ကိုသက်အောင်က မျက်နှာညှိုးညှိုးနှင့် စိုးရိမ်ပူပန်နေသော-မျက်ဝန်းများဖြင့် ချောအိကလျာကို စိုက်ကြည့်ရင်း ဆိုသည် ။
သူငယ်ချင်းအားလုံးကလည်း ကလျာ သက်သာရဲ့လား…ခရီးဆက်နိုင်ပါ့မလားဟူ၍ စိတ်ပူနေကြတာကြောင့် ဘာမှမဖြစ်
တော့ဟု ရယ်ရယ်မောမောပြောဆိုကာ ချောအိကလျာကပင် ရှေ့ဆုံးက ချီတက်ပြလိုက်သည် ။ ထိုအခါမှ ညီညီက…
   “ မဟုတ်သေးဘူး ။ မိချော … နင် ငါတို့ကို အတည်ပေါက်ကြီး နောက်လိုက်တာ မဟုတ်လား ။”
ဟု မသင်္ကာသည့်မျက်လုံးပြူးကြီးနှင့်ကြည့်ကာ မေးလိုက်လေရာ ချောအိကလျာလည်း ချော်လဲရောထိုင်လိုက်ရ၏ ။
   “ အဟဲ…အေး ။ ငါ နင်တို့ စိတ်ပူနေတာကို မြင်သားပဲ ။ ရယ်ချင်လိုက်တာ လွန်ရော ။ ငါ သရုပ်ဆောင်တာ တော်တယ်
     မဟုတ်လား ။ နင်တို့ တကယ် ယုံသွားတယ်ဟုတ် ။”
   “ အစုတ်ပလုတ်မ…ဒီမှာဖြင့် သူ အမောဆို့ပြီး အသက်များ ထွက်သွားသလားဟဲ့ဆိုပြီး စိုးရိမ်လိုက်ရတာ ။”
ထိုအခါမှ မြတ်စုက မကျေမချမ်းပြောသလို လမင်းအေးကလည်း မျက်လုံးပြူးပြကာ သူ မကျေမနပ်ကြောင်းကို အမူအရာဖြင့် ပြလေသည် ။
အားလုံးက ချောအိကလျာ နောက်ပြောင်ခြင်းသာဖြစ်သည်ဟု ယုံကြည်သွားကြ၍ စိတ်လက်ပေါ့ပါးစွာဖြင့် ခရီးကို ဆက် လက်ချီတက်ခဲ့ကြ၏ ။ ချောအိကလျာတစ်ယောက်သာ အပြင်တွင် ရယ်မောနေရပေမယ့် အတွင်းထဲမှာတော့ အသိစိတ် လွင့်မြော သွားခဲ့သော- စောစောကအဖြစ်အပျက်ကို ဝေခွဲမရစွာ တွေးတောနေမိသည် ။
- ကလျာ ဘာဖြစ်သွားတာပါလိမ့်…
ယခင်က ထို‘ကိုစွမ်းရှင်’ဆိုသူနှင့် ပတ်သက်သည့်အကြောင်းကို အိပ်မက်အဖြစ်သာ မြင်မက်ခဲ့ဖူးသည် ။ ယခုကျ အိပ်မက်ပင် မဟုတ်တော့ဘဲ လက်ရှိဘ၀တွင် ရုပ်ရှင်ကြည့်နေရသကဲ့သို့ ထင်ထင်ရှားရှားပြတ်ပြတ်သားသားကြီး သိမြင်ခံစားလိုက်ရပြီ ။
- ဘာတွေလဲ… ကလျာနဲ့အဲဒီလူက ဘယ်လိုများ ပတ်သက်ဆက်နွယ်ခဲ့ကြသလဲ … စောစောက ခံစားမိသလို အမှန်တကယ်ပဲ
   ချစ်သူတွေလား ။
စောစောကအကြောင်းတွေကို အသေအချာပြန်တွေးကြည့်ရင်း နားမလည်နိုင်ဖြစ်နေသည် ။
- အို … ဟုတ်မှာပါ ။ ကိုစွမ်းရှင်နောင်ဆိုတဲ့ အဲဒီ-ကိုလူချောက ကလျာရဲ့အတိတ်ဘဝက ချစ်သူ… ။ ကလျာ့ချစ်သူပဲဖြစ်ရမယ် ။
ထိုအသိက ချောအိကလျာ၏နှလုံးအိမ်ကို လှိုက်ဖိုခုန်ငင်သွားစေသည် ။ မျက်ဝန်းထဲတွင် အာရုံထဲ၌ စောစောက တွေ့မြင်ခဲ့ရ သော ထိုသူ၏ရုပ်ပုံလွှာကို ပြန်လည်မြင်ယောင်ကြည့်မိသည် ။
အသားက အဖြူဆိုသည်ထက် ရွှေကဲ့သို့ ၀ါဝင်းသောအရောင်ဖြစ်ပြီး မျက်ခုံးမျက်တောင်တွေကလည်း ထူထူထဲထဲ စိမ်းစိမ်းကော့ကော့ရယ် ။ မျက်နှာကျပုံက လေးထောင့်ဆန်ဆန်ဖြစ်သော်လည်း မေးရိုးငေါငေါ ၊ မျက်တွင်းချိုင့်ချိုင့် မဟုတ်ဘဲ ပါးတို့မှာ မို့မို့ဖောင်းဖောင်းရှိပြီး မျက်လုံးများကမူ တောက်တောက်ပပ ၊ အကြည့်တို့ကလည်း စူးစူးရှရှနှင့် ။ အရပ်က ခြောက်ပေ နီးနီးရှိသဖြင့် မြင့်မားပါဘိနှယ် ။
ချောအိကလျာနှင့် တွေ့ဆုံစဉ်ခဏက ပြုံးရယ်စရာအကြောင်း မရှိသဖြင့် တည်တံ့နေခဲ့သောကြောင့် သူ့အပြုံးနှင့် ပတ်သက်ပြီး ဝေဖန်သုံးသပ်နိုင်စွမ်း မရှိသေး ။ သို့သော်…သူ ပြုံးရယ်လျှင် ဘယ်လိုများ နေမလဲ ၊ အင်မတန် ခန့်ညားမှာပဲ-ဟူ၍ တွေးကာ ကြည်နူးနေမိသည် ။
ထိုခံစားချက်များသည် ချောအိကလျာ၏တစ်သက်တာပတ်လုံး တစ်ကြိမ်တစ်ခါမျှ မတွေးတော မကြံစည်ဖူးခဲ့ ။ ယုတ်စွ အဆုံး စိတ်ကူးပင် မယဉ်ခဲ့ဖူးသော ခံစားမှုမျိုး … ။
   “ ကလျာ…ကလျာ...”
   “ ရှင်…ရှင်…! သြော်…ပြည့်စုံ ပြောလေ ။ ဘာ…ဘာဖြစ်လို့လဲ ။”
အတွေးထဲတွင် နစ်မြောနေသဖြင့် သူငယ်ချင်း-ပြည့်စုံ အော်ခေါ်သံကို မကြားမိ ။ ပြည့်စုံက ချောအိကလျာကို အလိုမကျဟန်ဖြင့် စိုက်ကြည့်နေရင်း …
   “ နင် ဘာဖြစ်နေတာလဲ ။ ငါ ခေါ်နေတာဖြင့် ကြာလှပြီ ။ နင် ဘာတွေတွေးနေတာလဲ ။”
ဟု မေးသည် ။ သူ မကျေနပ်လျှင်လည်း မကျေနပ်ချင်စရာ ။ သူငယ်ချင်းများအားလုံး အကြော်စားရန် ထိုင်စောင့်နေကြစဉ် ချောအိကလျာကမူ လှေကားအောက်ထစ်မှာ တစ်ယောက်တည်း ငေါင်စင်းစင်းကြီး ထွက်ရပ်နေသည်ပဲ မဟုတ်လား ။
   “ သြော်…နင်ကလည်း ။ ဒီလိုပဲ တောတောင် အလှအပတွေကို ခံစားနေတာပေါ့ ။ ပြော…ဘာကိစ္စ ခေါ်နေတာလဲ ။”
   “ ဟိုမှာ…အကြော်တွေ ရနေပြီ ။ နင့်ကို အဲဒါ လာပြောတာ ။ စားဦးမှာလား ။”
   “ အာ…စားမှာပေါ့ ။ ငါက ဘယ်တုန်းက ငြင်းဖူးလို့လဲ ။”
   “ အေး…အေး…ပြီးရော ။ အဲဒါဆိုလည်း လာတော့ ။ နောက်ကျရင် ပန်းကန်ပဲ ကျန်လိမ့်မယ်”
ပြည့်စုံက ထိုသို့ပြောရင်း ချောအိကလျာကို နားမလည်သလို တစ်ချက်ကြည့်ပြီး လှေကားထစ်တွေအတိုင်း ပြေးတက်သွားတော့ သည် ။ ချောအိကလျာလည်း ကိုယ့်အဖြစ်ကို ပြန်တွေးရင်း တစ်ကိုယ်တည်း ကြိတ်ပြုံးလိုက်မိပါပြီ ။
- ကလျာ ရူးများသွားပြီလား …
အပြင်လောကတွင် အမှန်တကယ်မရှိနိုင်သော အိပ်မက်ထဲက သို့မဟုတ် စိတ်ကူးယဉ်ကမ္ဘာထဲက လူတစ်ယောက်၏အကြောင်း ကို တွေးတောစဉ်းစားကာ ကြည်နူးနေမိတာလောက် ရူးနှမ်းသည့်အလုပ် ရှိတော့မည် မဟုတ် ။ သို့ကြောင့်လည်း ကိုစွမ်းရှင်နောင် အကြောင်းကို ဆက်မတွေးတော့ဘဲ အကြော်စားရန် လှေကားထိပ်သို့ ပြေးတက်သွားလိုက်သည် ။
တောင်ပေါ်က အကြော်ဆိုင်လေးအနားသို့ ရောက်တော့ ချောအိကလျာ အံ့အားသင့်သွားရပြီ ။ အို…တကယ့်ကို လှပ ဆန်းကြယ်သော ရှုမြင်ကွင်းလေးပါလား ။ ထိုမြင်ကွင်းမျိုးကို ယခင်က ချောအိကလျာ အင်တာနက်သုံးစဉ်၌ international websiteများတွင် တွေ့မြင်ဖူးခဲ့သော်လည်း ယခုကဲ့သို့ အပြင်လောကတွင် မျက်ဝါးထင်ထင် မရှုမြင်ဖူးပေ ။ လှလိုက်သည်ဖြစ်  ခြင်း ။
အစိမ်းရောင်လွှမ်းနေသော-တောင်တန်းကြီးနှစ်ခုကြားက နက်ရှိုင်းသွယ်လျသော-လှိုင်းတွန့်သဏ္ဍာန်ချိုင့်ဝှမ်းငယ်လေး ။ အပြာရောင်နောက်ခံအောက်က အစိမ်းရောင်ဆေးစက်များ…။ အနုပညာမျက်စိဖြင့်ကြည့်ကြည့် သဘာဝမျက်စိဖြင့်ကြည့်ကြည့် လှပအေးချမ်းလွန်းနေသည် ။
ÒÑÒÑ
    “ ကလျာ…ပျော်ပါရဲ့လား ။”
ပုခုံးအစုံကို ထွေးပွေ့ဖက်ကာ ယုယုယယမေးလိုက်သည့်အသံကြောင့် ချောအိကလျာ ခေါင်းညိတ်အဖြေပေးရင်း ထိုသူ၏မျက်နှာ ကို ငေးကြည့်နေမိသည် ။ ကိုစွမ်းရှင်နောင်ကလည်း ကလျာ့မျက်နှာကို ချစ်မြတ်နိုးစွာ စိုက်ကြည့်နေပါလား…။
ပစ္စုပ္ပန်နှင့်အတိတ်သည် ပူးလိုက်ခွာလိုက်ဖြစ်နေသလို ချောအိကလျာသည်လည်း လက်ရှိ-ချောအိကလျာဖြစ်လိုက် ၊ အတိတ်ဘဝက ကိုစွမ်းရှင်ဆိုသူ၏ ကြင်ယာဘက်-ချောအိကလျာဖြစ်လိုက်နှင့် ။ ဆန်းကြယ်လိုက်သည့်ကံကြမ္မာ၏စေစားချက်က ရုပ်ရည်ချင်းသာမက နာမည်ချင်းကပါ တထေရာတည်း…တထပ်တည်း ။ အို…ဘာကြောင့်များ ဒီလောက် ထပ်တူကျနေရတာလဲ ။
တစ်ချိန်က ဤဒေသသည် ချောအိကလျာနှင့် ဆက်စပ်မှု ရှိခဲ့လိမ့်မည် ။ သို့ကြောင့်သာ ဘယ်နေရာပဲကြည့်လိုက်ကြည့် လိုက် အတိတ်ကပုံရိပ်တွေက ကလျာ့အာရုံမှာ ရုပ်လုံးကြွကာ အသက်ဝင်လာခြင်းမဟုတ်ပါလား ။ 
   “ ကလျာတို့နှစ်ယောက်… ဒီဘက်လာတာကို မယ်မယ်တို့သိသွားရင် ဒုက္ခပါပဲနော် …။”
   “ အစိုးရိမ်ကြီးပြန်ပါကော မမလေးရယ် ။ ကလျာ့မယ်မယ်တွေ မသိနိုင်ပါဘူး ။ ဒီနေရာက ကိုယ်တို့နှစ်ယောက်ပဲ သိတဲ့ နေရာ
     လေးလေ ။ ကိုယ်တို့နှစ်ယောက်ရဲ့ဘူမိနက်သန်လေး ။ သြော်…ဒါနဲ့ အချိန်သိပ်မရှိတော့ဘူး ကလျာရယ် ။ ကိုယ်တို့ မဝေးခင်
     သစ္စာဆိုတိုင်တည်သွားကြစို့ကွယ် ။”
ကလျာ့နှုတ်က ထိုသို့ပြောဆိုနေပေမယ့် မယ်မယ်တို့ဟူသည်ကို မည်သူတွေမှန်း ကလျာ့ဦးနှောက်က စဉ်းစား၍ မရ ။ နောက်ပြီး ဒုက္ခရောက်မယ်ဆိုသောစကား၏အဓိပ္ပာယ်ကိုလည်း ကလျာ နားမလည်ပေ ။
ယခုလို စိတ်ကူးများ လွင့်မြောသွားသည့်အခါ ချောအိကလျာ၏ပစ္စပ္ပုန်ဝိညာဉ်ကို အတိတ်ဘဝမှဝိညာဉ်က ကြိုးကိုင်စေ ခိုင်းနေသည့်အလား အာရုံထဲ၌ ထိုစကားများကို ပြောဆိုနေမိသော်လည်း ကလျာ၏စိတ်ကမူ နားလည်သဘောပေါက်ခြင်း မရှိ ။ မရည်ရွယ်ဘဲ ပြောနေမိခြင်းသာ ။ ယခင်က အိပ်မက်အဖြစ်သာ မြင်မက်ခဲ့ပြီး ယခုအခါ၌ မျက်ဝါးထင်ထင် မြင်ယောင်နေရသည့် တိုင် အတိတ်နှင့်ပတ်သက်ပြီး ဇာတ်ရည် မလည်နိုင်သေးချေ ။
သိရသလောက်တော့ ဒါဟာ ဂျပန်ခေတ်ကအဖြစ်အပျက်တစ်ခု ။ ကလျာသည် လူကြီးတစ်ယောက်၏သားသမီး ။  နောက်ပြီး တော်လှန်ရေးသမားကို ချစ်ကြိုက်မိ၍ စွန့်စားကူညီနေရသူ ။ ကိုစွမ်းရှင်နောင်ကတော့ ဖက်ဆစ်တွေကို ပုန်ကန်ခြားနား နေသော သူရဲကောင်းရဲဘော်တစ်ယောက် ။ ထိုအချက်အလက်တချို့မှလွဲ၍ အတိတ်ဘဝပုံစံဖြင့် ပြောဆိုနေမိသောစကားတိုင်းကို ကလျာ နားလည်နိုင်ခြင်း မရှိသေး ။
သို့ပေမယ့် ချောအိကလျာ၏လက်ရှိဘ၀နှင့်အတိတ်ဘ၀ တစ်ထပ်တည်းကျနေသည်က ကိုစွမ်းရှင်နောင်၏အပေါ်တွင် ခံစားမိနေသော ဘာမှန်းမသိသည့် စိတ်တစ်ခု ။ ထိုအရာကို ‘အချစ်’ဟုခေါ်သလားဆိုတာတော့ ကလျာကိုယ်တိုင်လည်း ဝေခွဲ မရသေး ။
   “ ဟဲ့…ကလျာ…ဟဲ့…”
   “ အင်…အန်…! ဘာ … ဘာလဲ ။”
   “ မဟုတ်တော့ဘူး ။ နင် ဘာဖြစ်နေတာလဲ ။ အကြော်ဆိုင်ထဲဝင်ပြီး အကြော်လည်း တစ်ဖတ်မှမစားဘဲ ဟိုဘက်ကို ငေးနေတဲ့ပုံက
      မသိရင် အသက်မရှိတော့တဲ့အတိုင်းပဲ ။ ပြောပါဦးဟယ် ။ နင် ဘာဖြစ်နေတာလဲ ။”
လမင်းအေးက အကြော်တစ်ဖတ်ကို အချဉ်ရည်နှင့်တို့ကာ ပါးစပ်ထဲကောက်ထည့်လိုက်ရင်း ချောအိကလျာကို မေးလိုက်သည် ။
      ကလျာ့မှာ အတိတ်ကို ရောက်ရှိနေစဉ် လှုပ်နှိုးခံလိုက်ရ၍ အနည်းငယ်စိတ်တိုချင်ချင်ဖြစ်မိသော်လည်း သူငယ်ချင်းအရင်းကြီး တွေမို့ စိတ်မဆိုးရက်…။ နောက်ပြီး ဖြစ်ပျက်နေသည့်ကိစ္စများက အခြားသူကို ပြောပြလျှင် ကလျာအပေါ် အရူးဟူ၍သာ သတ်မှတ် ကြမှာဖြစ်တာကြောင့် ကလျာ ဖွင့်မပြောဘဲ စကားလွှဲလိုက်သည် ။
   “ ဘာမှမဖြစ်ပါဘူးဟာ ။ ဒီလိုပဲ ။ ဟိုငေးဒီငေးရယ်ပါ ။ စား…စား…ငါ ရင်ပြည့်ချင်သလိုဖြစ်နေလို့ ။”
   “ ငါ သိတယ် ။ ကလျာ ဘာဖြစ်နေတာလဲဆိုတော့ နတ်ကိုင်ခံရတာ ။”
ချောအိကလျာက ပြေရာပြေကြောင်းပြောလိုက်ပေမယ့် နံဘေးဝိုင်းတွင် ထိုင်နေသူ-ညီညီက အာဝဇ္ဇန်းရွှင်ကာ အရွှန်းဝင်ဖောက် လေ၏ ။ ညီညီ့စကားကြောင့် ခတ္တာက စိုးရိမ်ပူပန်သွားကာ…
   “ ဟယ်…တကယ်လား ။ ကလျာ…နင် မဟုတ်တာ ဘာလုပ်မိသေးလဲ ။ ဘာပြောမိသေးလဲ ။ ကျိုက်ထီးရိုးတောင်က နတ်ကြီး
     တယ်ဟဲ့ ။ ရှူးရှူးပေါက်ပြီး တောင်းပန်ရဲ့လား ။”
   “ ဟာ…! နင် ဘာတွေလျှောက်ပြောနေတာလဲ ။ ငါ ဘယ်မှာ အပေါ့သွားမိလို့လဲ ။”
   “ သြော်…! အေး ဟုတ်သား ။ နင် ပေါက်တာမှမဟုတ်ဘဲ…။ မြတ်စု ပေါက်တာပဲ ။”
   “ မိန်းမ…အဲ့ဒီကိစ္စကို ယောက်ျားလေးတွေရှေ့မှာ ပြောစရာလား ။”
   “ အမလေးဟယ်…ညည်းကလည်းအေ ။ ကျုပ်တို့ရှေ့မှာ ရှက်မနေပါနဲ့ ။ ညည်းအကြောင်း ကျုပ်တို့က အကုန်သိပြီးသား ။”
   “ ပါပြန်ပြီ ဒီအရူး ။ ညီညီနော် ငါ နင့်ကို မထုချင်ဘူး ။”
   “ ကောင်မနော်…ကျုပ်က ဘယ်မှာ ပါလို့လဲ ။ ညည်းသာ ပေါက်ခဲ့တာ ။”
   “ ကြည့်စမ်း…ကြည့်စမ်း…။ လူကို အရှက်ခွဲနေပြီ ။ ကဲဟယ်…ပြောဦး ။”
နောက်ဆုံး၌တော့ ညီညီနှင့်မြတ်စုတို့၏ရန်ပွဲသည် တအုန်းအုန်းထုသံနှစ်ချက်ဖြင့်သာ အဆုံးသတ်သွားရပြန်သည် ။ အမှန်တော့ ညီညီက မြတ်စုကို စိတ်ဝင်စားနေ၍သာ မြတ်စု မခံချင်အောင် အမျိုးမျိုးစနေခြင်းဖြစ်မည်ဟု ကလျာ စဉ်းစားမိသည် ။ တချို့သော ပုရိသတွေက ချစ်သူ၏စိတ်ဝင်စားမှုကို ခံရအောင် ထိုသို့ မထိတထိ ကျီစယ်တတ်၏ ။
ကိုသက်အောင်ကတော့ ထိုသို့သောယောက်ျားမျိုး မဟုတ် ။ မြတ်နိုးရသူ၏ယုံကြည်အားကိုးမှုကို ခံချင်သူဖြစ်၍ လမ်း တလျှောက်လုံး ကလျာကို အားပေးသည့်/ဂရုစိုက်သည့်စကားမျိုးကိုသာ ပြောတတ်သလို နွေးထွေးကြင်နာသောအကြည့်မျိုးနှင့် လည်း မကြာခဏကြည့်တတ်သည် ။ ကိုသက်အောင်သည် ယောက်ျားကောင်းတစ်ယောက်ဖြစ်၍ ရွေးချယ်သင့်မှန်း သိသော် လည်း ကလျာ့စိတ်တွေက ဒွိဟဖြစ်နေဆဲ ။
ဤခရီးစဉ်ကို စတင်ထွက်ခွာလာစဉ်က ထိုဒွိဟစိတ်သည် သေးငယ်လျက်ရှိသော်လည်း ယခုများတော့ ကြီးထွားလာခဲ့  ပြီ ။ ကိုသက်အောင်ကို ရွေးချယ်ရန်အတွက် အကြီးမားဆုံးအဟန့်အတားမှာ ကိုစွမ်းရှင်နောင်သာဖြစ်သည် ။ အိပ်မက်ထဲမှ ကိုစွမ်း ရှင်နောင်သည် တစ်စထက်တစ်စ ကလျာ့နှလုံးသားထဲသို့ တိုးဝင်ရှင်သန်လာသလို ခံစားလိုက်ရ၏ ။
သြော်…အတိတ်ဘ၀ကချစ်သူဆိုသောကိုစွမ်းရှင်နောင်တစ်ယောက် - ဘယ်ဘုံဘ၀ကိုများ ရောက်ရှိနေပါလိမ့် ၊ ဒီဘဝ မှာ တွေ့ဆုံခွင့် ရနိုင်ဦးမလား-ဟူ၍ ချောအိကလျာ လွမ်းဆွတ်တမ်းတစွာ တွေးတောမိလိုက်ပါသည် ။
ÒÑÒÑ
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဟူသောမုဒ်ဦးကို တွေ့မြင်ရတော့မှ လမ်းတလျှောက် အပန်းတကြီးတက်ခဲ့ရသမျှ အမောတွေ ပြေလျော့သွားရသည် ။ ခန့်ထည်သောမုဒ်ဝနှင့်အတူ မားမားကြီးတည်ရှိနေသည့်-ခြင်္သေနှစ်ကောင်ကို ငေးကြည့်ရင်း ဘုရားရင်ပြင်တော်ဆီသို့ တက်ရန်အတွက် စီးလာသောဖိနပ်များကို ချွတ်ကြသည် ။
ဇော်ရဲဦးက ခပ်လှမ်းလှမ်းရှိ ဆိုင်းပုဒ်တစ်ခုကို မေးငေါ့ပြ၍ လှည့်ကြည့်မိတော့ အမျိုးသမီးများ ဘောင်းဘီ အတို/အရှည် ၊ စကပ်တိုများဖြင့် တက်ရောက်ဖူးမျှော်ခွင့် မရှိကြောင်း ရေးသားထားသည့်ဆိုင်းပုဒ်ဖြစ်မှန်း သိလိုက်ရ၏ ။ နဂိုကတည်းက ကြားသိ ထားသောသတင်းဖြစ်ပေမယ့် မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့ အံ့သြ၀မ်းသာသွားရသည် ။
ချောအိကလျာက ခေတ်ဆန်သူဖြစ်သော်ငြား မြန်မာဝတ်စုံကို အမြတ်တနိုး ၀တ်ဆင်လိုသူ ။ ရန်ကုန်မြို့ကြီးပြကြီးတွင် ဟိုဟိုသည်သည်ကို သွက်သွက်လက်လက် သွားလာနေရသည့်အခါ ရင်ဖုံးနှင့်ထဘီကို စွဲစွဲလမ်းလမ်းဝတ်ဆင်ခွင့် မကြုံခဲ့ရ ။ ယခု များတော့ ဘုရားရင်ပြင်တော်ပေါ်မှာ မြန်မာမိန်းကလေးပီသစွာ မြန်မာဆန်ဆန်ဝတ်စားရတော့မည်ကိုတွေးရင်း ပို၍ကြည်နူး ပျော်ရွှင်သွားမိသည် ။
တောင်ပေါ်သို့ ခြေလျင် လွတ်လွတ်လပ်လပ်တက်ရောက်နိုင်ရန် ဘောင်းဘီကိုယ်စီ ၀တ်ဆင်ထားသောကြောင့် ကလျာ တို့မိန်းကလေးသူငယ်ချင်းတစ်ဖွဲ့လုံး အမျိုးသမီးအ၀တ်လဲခန်းထဲကို ၀င်ပြီး ကျောပိုးအိတ်ထဲ အဆင်သင့်ထည့်လာခဲ့ကြသည့် ထဘီတစ်ထည်စီကို ဂျင်းဘောင်းဘီပေါ်တွင် ထပ်ဝတ်လိုက်ကြသည် ။
ချောအိကလျာတို့အဖွဲ့ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်သို့ရောက်တော့ မွန်းလွဲနှစ်နာရီခန့်ရှိပြီ ။ အားလုံးလည်း မော ဟိုက်ပင်ပန်းနေကြပြီဖြစ်၍ ရင်ပြင်တော်တစ်ဖက်ဆောင်းတန်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ တည်းခိုခန်းနှစ်ခန်း အမြန်ငှားကာ အပန်းဖြေကြသည် ။
အားလုံးထဲ၌ ‘မနု’ဟုသတင်းကြီးသော ဖွေးစပယ်ခမျာ မွေ့ယာပေါ် လှဲချလိုက်ပြီးမကြာ အိပ်ပျော်သွားရှာသည် ။ ပင်ပန်း လွန်း၍ဖြစ်မည် ။ မြတ်စုကတော့ သူမ၏ဝသီအတိုင်း မောပင်မောသော်ငြား ပါးစပ်ကတော့ ရေခရားလွှတ် ။ သူမ ပြောသမျှကို ဒိုင်ခံနားဆင်သူက လမင်းအေးပင် ။ ချောအိကလျာကတော့ သူငယ်ချင်းများ ဘာတွေလုပ်ကိုင်နေသလဲဆိုတာကို သတိမထားနိုင် ပါ ။ ကိုယ့်အတွေးနှင့်ကိုယ် လုံးလည်ချာလည်လိုက်နေဆဲ ။
နာရီဝက်ခန့် အပန်းဖြေပြီးနောက် အချိန်လည်း များများစားစားမရှိသဖြင့် ဘုရားဖူးရန်အတွက် ပြင်ဆင်ကြရလေ၏ ။ အရင်ဆုံး ရေမိုးချိုးကြသည် ။ အသန့်အပြန့်ကြိုက်လွန်းသူ-ခတ္တာက ချမ်းစီးရသည့်အထဲ ရေကို အကြာကြီးချိုးနေသဖြင့် သူငယ် ချင်းများက ဝိုင်းဆူကြရသေးသည် ။ ရာသီဥတုကလည်း အလွန်အေးပါဘိ ။
ရေချိုးပြီးသကာလ တက္ကသိုလ်ကျောင်းသူ-မိန်းမပျိုလေးများပီပီ အလှအပကိုတော့ ခုံမင်ကြသည် ။ အ၀တ်အစားလှလှ ပပတွေကို သေသေချာချာရွေးချယ်ဝတ်ဆင်ကာ မျက်နှာကို မင်းသမီးရှုံးအောင် ဖီးလိမ်းပြင်ဆင်ပြီးသည့်နောက် ဘုရားဖူးရန် ရင် ပြင်တော်ပေါ်သို့ လူစုံတပ်စုံဖြင့် ချီတက်လာခဲ့ကြ၏ ။
ရင်ပြင်တော်တွင် လူများစွာဖြင့် စည်ကားပြည့်နှက်လျက်ရှိသည် ။ ဘယ်နေရာကြည့်ကြည့် ဘုရားဖူးဓမ္မမိတ်ဆွေများကို တွေ့မြင်နေရသဖြင့် ချောအိကလျာ၏ရင်ထဲ အေးချမ်းသာယာသွားရသည် ။
နိုင်ငံခြားသား ခရီးသွားအမြောက်အများကိုလည်း တွေ့ရတာကြောင့် တအံ့တသြဖြင့် ဂုဏ်ယူကြည်နူးနေမိသည် ။ နေ့လယ်ခင်းဆိုပေသိ ခြစ်ခြစ်တောက်ပူပြင်းခြင်း မရှိဘဲ ပတ်ဝန်းကျင်ဝယ် မြူခိုးတို့ ရစ်သိုင်းလျက် မှုန်မှိုင်းမှိုင်းဖြစ်နေ၏ ။
   “ ကလျာ…လာလေ ။ ဘုရားသွားဖူးကြစို့ ။ ပြီးရင် ဗိုက်ဖြည့်ရဦးမှာဟ ။”
ခတ္တာက ကလျာ့လက်ကိုဆွဲလျက် တွဲခေါ်သွား၍ ပတ်ဝန်းကျင်သို့ ငေးနေရာမှ သူမနောက်သို့ ကလျာ ရောယောင်လိုက်ပါသွား သည် ။
ဤခရီးစဉ်က ကလျာ့အတွက် ပထမဆုံးခရီးစဉ်ဖြစ်တာကြောင့် ဘာလုပ်လို့ဘာကိုင်ရမည်မှန်း မသိသေး ။ ခတ္တာက ချောအိကလျာ့ကို ကျိုက်ထီးရိုးစေတီတော်နှင့် အနီးဆုံးဖူးမျှော်ကြည်ညိုနိုင်မည့်နေရာသို့ ခေါ်သွားသည် ။ ဆီမီး နံ့သာကပ်လှူကာ ပူဇော်ဖူးမျှော်ကြသည် ။
ချောအိကလျာလည်း ကျိုက်ထီးရိုးစေတီတော်ကြီးကို ဖူးမျှော်ရင်း အသေအချာကြည့်မိတော့ အသည်းတအေးအေးဖြစ် သွားခဲ့ရ၏ ။ ဆန်းကြယ်ပါဘိ…တကယ့်ကို အံ့သြဖွယ်ရာ တည်ထားအပူဇော်ခံနေသည့်စေတီတော်ကြီးပါလားဟု ရင်တလှပ်လှပ် ခံစားချက်ဖြင့် စိတ်ထဲက ရေရွတ်လိုက်မိသည် ။
ရှုကြည့်ပါဦး…။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တည်ထားရာ ကြီးမားလေးလံသည့်-ကျောက်တုံးကြီးကို ကျောက် ဆောင်ကြီးတစ်ခုပေါ်၌ တဲတဲလေးထိသည်ဆိုရုံမျှ ထိဆုံထားပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော အထောက်အပံ့တစ်စုံတစ်ခု ကိုမျှ မတွေ့ရ ။
   “ အံ့သြစရာကောင်းလိုက်တာနော်…”
ချောအိကလျာက တအံ့တသြငေးမောကြည့်ရင်း ထိုအံ့သြမှုကို နှုတ်မှ ဖွင့်ဟပြောပြမိတော့ နောက်ကျောတွင် ဘယ်အချိန် ကတည်းက ရောက်နေမှန်းမသိသော-ကိုသက်အောင်က ပို၍ ဆန်းပြားအံ့ဖွယ်အကြောင်းအရာများကို ပြောပြပြန်သည် ။
   “ ကလျာက အံ့သြနေတာကိုး ။ ဟုတ်တယ် ။ ကလျာ အံ့သြချင်ရင်လည်း အံ့သြဖွယ်ရာပဲလေ ။ ဒီထက်ပိုအံ့သြဖို့ကောင်းတာက
      အလာတုန်းက ဂိတ်ဟောင်းရပ်နားစခန်းမှာရှိတဲ့အလှူခံမဏ္ဍပ်က ပန်းချီကားတွေပဲ ။ ဟိုးရှေးရှေးတုန်းက ကျိုက်ထီးရိုးဆံတော်
      ရှင်မြတ် ကိန်းဝပ်စံပယ်တော်မူရာ ဒီရသေ့ဦးခေါင်းသဏ္ဍာန်ကျောက်တုံးကြီးဟာ အောက်ခြေကျောက်ဆောင်ကနေ ကြက်တစ်
      နေပုံတွေကို ဓာတ်ပုံပညာ မရှိသေးတော့ ပန်းချီကားတွေနဲ့ အသေအချာ မှတ်တမ်းတင်ရေးဆွဲထားခဲ့တာ ။ အခုချိန်မှာလည်း 
      ထိဆုံနေပြီဆိုပေမယ့် အသေအချာသွားကြည့်ရင် တဲတဲလေးတော့ လွတ်နေတုန်းပဲ ။ အရမ်းကို တန်ခိုးကြီးတဲ့ စေတီတော်ကြီး
      တစ်ဆူပေါ့ ။”
စကားဆုံးတော့ ကလျာ ကိုသက်အောင်၏ရှင်းပြချက်ကို သဘောလည်းကျ ကျေးဇူးလည်းတင်မိတာကြောင့် ကိုသက်အောင်ကို ပြုံးပြလိုက်သည် ။ ကိုသက်အောင်ကတော့ ထုံးစံအတိုင်း ချစ်ရည်ရွှန်းစိုသည့်မျက်ဝန်းညိုညိုများဖြင့် ကလျာ့မျက်နှာကို ငေးစိုက် ကြည့်နေတုန်း…။
ကိုသက်အောင်၏ရှင်းဆိုပြောပြချက်ကြောင့် ချောအိကလျာ၏ရင်ထဲ သဒ္ဒါစိတ်တို့ ပို၍ယိုဖိတ်လာခဲ့၍ စေတီတော်ကို ထိခြင်းငါးပါးဖြင့် ရှိခိုးဖူးမျှော်ရင်း မြတ်စွာဘုရား၏ဂုဏ်တော်များကို ရွတ်ဆိုပွားများနေမိသည် ။
ကိုသက်အောင်က ချောအိကလျာတစ်ယောက်တည်း ဘုရားကို လွတ်လွတ်လပ်လပ်ဖူးမျှော်ပူဇော်နိုင်ပါစေဟူသော စေတနာဖြင့် ရင်ပြင်တော်တစ်ဖက်ခြမ်းရှိနတ်တောင်ဆီသို့ ခဏမျှထွက်ခွာသွားသလို ခတ္တာကလည်း မြတ်စုတို့၏ခေါ်ငင်မှုကြောင့် စားသောက်ဆိုင်ဆီသို့ သွားနှင့်ကြလေပြီ ။
သူငယ်ချင်းအားလုံး၏သဘောက ကလျာနှင့်ကိုသက်အောင်တို့နှစ်ယောက်တည်း အတူလာနိုင်စေရန်အတွက် အလိုက် တသိ ရှောင်ပေးကြခြင်းဖြစ်သည် ။ သို့သော်လည်း…အမှန်တကယ်ကျ ထိုသို့ ဖြစ်မလာခဲ့ ။ ထိုအခိုက်အတန့်လေးမှာပဲ ကလျာ့ အတွက် မယုံကြည်နိုင်စရာအဖြစ်အပျက်တစ်ခုကို ကြုံဆုံလိုက်ရ၏ ။ တစ်ဘဝလုံးစာ သတိရနေစေမည့် စိတ်လှုပ်ရှားမှုတစ်ခု ။
  ÒÑÒÑ
မည်မျှ အချိန်ကြာမြင့်သွားသည်မသိ ။ ချောအိကလျာလည်း စိတ်နှလုံးရွှင်မြူးကြည်နူးနေ၍ ငါးပါးသီလ ခံယူဆောက် တည်ရုံမျှ မတင်းတိမ်နိုင်သဖြင့် ပဋ္ဌာန်းပါဠိတော်ကို အကျဉ်းရောအကျယ်ပါ ကြာရှည်စွာရွတ်ဖတ်ပူဇော်နေလိုက်သည်မှာ မိနစ် ပေါင်းများစွာ ။
သီလယူ/ပဋ္ဌာန်းရွတ်ဆိုပြီး၍ သတ္တ၀ါအပေါင်းကို မေတ္တာပို့သ,အမျှပေးဝေပြီးသည့်အခါမှ မျက်စိအစုံကို ဖြည်းညင်းစွာဖွင့် လိုက်သည် ။ ကောင်းမှုကုသိုလ်ကို ပြုလုပ်လိုက်ရသဖြင့် စိတ်အာရုံသည် ကြည်လင်လန်းဆန်းနေသည် ။ စိတ်ဝိညာဉ်တို့မှာ တည် ငြိမ်သည့်သမ္မာဓိအရှိန်ကြောင့် လှုပ်ခတ်ခြင်းမရှိဘဲ ပကတိငြိမ်ဝပ်နေ၍ ရွှေအဆင်းတမျှ ဝင်းဝါလျက်ရှိသော-စေတီတော်ကြီးကို ခဏတာ ငေးစိုက်ကြည့်နေမိ၏ ။
ကောင်းမှု၌ မွေ့လျော်နေစဉ်က တည်ငြိမ်လျက်ရှိသောစိတ်တို့သည် အနီးဝန်းကျင်သို့ ဝေ့ဝဲကြည့်မိသည့်အခါတွင် လွင့် ပြယ်သွားခဲ့ရပြီ ။ အနီးအနားမှာ ချောအိကလျာ၏ဘော်ဒါများကို မတွေ့ရတော့ ။ အပေါင်းအသင်းတွေ တစ်ယောက်မျှ မရှိတော့ သည်ကို သတိပြုမိ၍ ချောအိကလျာ စိတ်လှုပ်ရှားသွားရသည် ။
- ဘုရားရှိခိုးတာ အချိန်ကြာနေလို့ သူငယ်ချင်းတွေ မစောင့်နိုင်ဖြစ်ပြီး သွားနှင့်ကြပြီလား…
ထိုအတွေးဖြင့် ချောအိကလျာ ခေါင်းမီးတောက်သွားရပါပကော ။
ချောအိကလျာတစ်ယောက်တည်း ဘယ်သို့လာ၍ ဘယ်သို့ သွားရပါ့မလဲ ။ ချောအိကလျာ ထိုင်နေရာမှ မတ်တတ်ထရပ် လိုက်ပြီး တစ်ယောက်ယောက်ကိုများ တွေ့လေမလားဟူသော အတွေးနှင့် ပတ်ဝန်းကျင်သို့ ဝေ့၀ဲကြည့်လိုက်မိသည် ။ ထိုခဏမှာ ပဲ မြင်တွေ့လိုက်ရသည့်တစ်စုံတစ်ရာက ချောအိကလျာ၏နှုတ်ခမ်းနှစ်လွှာကို ပွင့်အာသွားစေခဲ့ပြီ ။
    “ ဟင်…”
လုံးဝမျှော်လင့်မထားသော အရာ…သို့မဟုတ် တွေ့ဆုံရန် လုံးဝမမျှော်လင့်ဝံ့သူတစ်ယောက် ။
သူငယ်ချင်းများကို လိုက်ရှာသည့်အနေဖြင့် ပတ်ဝန်းကျင်သို့ လျှောက်ကြည့်မိစဉ် ခပ်လှမ်းလှမ်းလူအုပ်ထဲတွင် ရိပ်ခနဲ တွေ့လိုက်ရသော-မျက်နှာတစ်ခုကြောင့် ချောအိကလျာ၏ရင်အစုံ လှိုက်ခနဲခုန်မြန်လှုပ်ခါသွားခဲ့ရပြီ ။ နှလုံးသည်းစိုင်များ ဒိန်းခနဲ ဆောင့်တက်သွားသည် ။
ချောအိကလျာ တွေ့မြင်လိုက်ရသူမှာ ဘော်ဒါများထဲက မဟုတ်သလို အသိအကျွမ်းမိတ်ဆွေတွေထဲက မျက်နှာသိတစ် ယောက်လည်း မဟုတ်ပါ ။ သို့သော်လည်း ထိုမျက်နှာလေးကြောင့်ပဲ ချောအိကလျာ သွေးပျက်ချောက်ချားသွားရပြီ ။ ကြောင် ငေးမင်သက်သွားခဲ့သည် ။
နေကလည်း မပူ ၊ ရာသီဥတုကလည်း စိမ့်အေးအေးမို့ ရင်ပြင်တော်တစ်ခုလုံး လူမျိုးစုံအရောင်မျိုးစုံဖြင့် ပြည့်နှက်များ မြောင်စွာ သွားလာနေသည့်အခိုက် တစ်စုံတစ်ယောက်သောသူ၏ မျက်နှာလေးတစ်ခုကို ချောအိကလျာ ရုတ်တရက် ဖျတ်ခနဲ တွေ့မြင်လိုက်ရသည် ။ တွေ့မြင်လိုက်ချိန်မှာပဲ ထိုသူဟာ မည်သူမည်ဝါဆိုတာ ကလျာ သိလိုက်ပါပြီ ။ အို…အမြင်မှောက်မှားခြင်း များလား ။
ထိုမျက်နှာလေးကို မြင်တွေ့လိုက်ရချိန်ဟာ တကယ့်ကို ခဏဆိုမှ ခဏလေး…။ စက္ကန့်တစ်ခု၏ထက်ဝက်မျှသာ ကြာ ကောင်းကြာလိမ့်မည် ။ သို့ပေမယ့် ကလျာ၏အာရုံထဲတွင် ထိုသူ့ပုံရိပ်က စွဲမြဲနေဆဲမို့ လုံးဝမှားယွင်းစရာမရှိ ။ အံ့သြလွန်းသဖြင့် မင်သက်ကာ ကြောင်ငေးသွားသည် ။ ဇဝေဇဝါအသိတို့က ချောအိကလျာ၏အသိဥာဏ်ထဲသို့ ဝေ့ဝဲပျံတက်လာသည် ။
- ဟုတ်မှဟုတ်ပါ့မလား…မျက်စိများ မှားသလား…
ထိုအတွေးက ကလျာ့စိတ်နှလုံးကို ကတုံးကတိုက်လုပ်နေသည် ။
သို့သော်…သေချာပါသည် ။ အမြင်မှားစရာအကြောင်းမရှိ ။ ‘သူ့’ကို ရင်ပြင်တော်အောက်ဘက်သို့သွားရာ လှေကားထိပ် တွင် ဖျတ်ခနဲတွေ့လိုက်ရခြင်းပါ ။ ရိပ်ခနဲမြင်လိုက်ရခြင်းဖြစ်ပေသိ ကိုယ့်အမြင်ကိုယ် သိ၏ ။ မှားယွင်းခြင်း လုံးဝ မဟုတ် ။ သို့သော် သေချာမှုရှိစေရန် လှမ်းတွေ့လိုက်ရသည့် ရင်ပြင်တော်အောက်ဘက်သို့ သွားရာလှေကားထစ်များဆီသို့ ကလျာ အပြေး လိုက်သွားရန် ကြိုးစားလိုက်သည် ။ သူ့ကို ရှာရန်ဖြစ်သည် ။
ဟုတ်သည် ။ သူ့ကို ရှာရမည် ။ သူနှင့် တေ့တေ့ဆိုင်ဆိုင်တွေ့လိုက်ချင်သည် ။ သူဟာ ဘယ်သူဘယ်ဝါ ၊ သို့မဟုတ် ဘယ်လိုအရာဆိုတာ ကလျာ သိဖို့လိုပြီ ။ ရှင်းရှင်းလင်းလင်းဆိုရသော် သူက မကျွတ်လွတ်သေးသော-ဝိညာဉ်တစ္ဆေများလား ။
‘သူ’ဆိုတာ ကလျာ့အိပ်မက်ထဲမှာ မကြာမကြာပါဝင်ခဲ့သော အတိတ်ဘ၀က ဖူးစာရှင် ကိုစွမ်းရှင်နောင်ဆိုသူပင် ။ ကိုစွမ်း ရှင်နောင်ကို စောစောက ဖျတ်ခနဲတွေ့လိုက်ရသည်ပဲလေ ။
   “ ကလျာ…ဟိတ် ! ကလျာ…”
နောက်ကျောဆီမှ ပုခုံးကို အသာပုတ်ကာ ခေါ်လိုက်သည့်အသံကြောင့် ချောအိကလျာ ဒိတ်ခနဲလန့်သွားသည် ။ တခြားဆီကို အာရုံရောက်နေခိုက် ရုတ်တရက် ခေါ်လိုက်သောကြောင့်ဖြစ်မည် ။ နောက်ဘက်သို့ အလောတကြီးလှည့်ကြည့်မိတော့ ကိုသက် အောင်ကို တွေ့လိုက်ရသည် ။
   “ ကလျာ ဘာလုပ်နေတာလဲ ။ ဘုရားရှိခိုးလို့ပြီးပြီဆိုရင် သွားကြရအောင်လေ ။ ဟိုမှာ စောင့်နေကြလောက်ပြီ ။”
   “ သြော်…! ဟုတ်…ဟုတ်ကဲ့ ။ ကိုသက်အောင် ကလျာ့ကို စောင့်နေတာလား ။ အားနာလိုက်တာ ။ သွား…သွားကြတာပေါ့ ။”
ချောအိကလျာ၏နှုတ်ဖျားဆီမှ ထွက်ကျလာသောစကားအားလုံး အထစ်ထစ်အငေါ့ငေါ့ချည်း ။ ပုံစံကလည်း သူခိုး လူမိသွားသလို ကတုန်ကယင်နှင့် ။
       ထိုအမူအရာအပေါ် ကိုသက်အောင်က နားမလည်နိုင်ဖြစ်နေပုံရှိပေမယ့် မေးမြန်းခြင်းတော့ မပြု ။ ချောအိကလျာ အနှောင့် အယှက်ဖြစ်မည်ကို စိုးရိမ်၍ထင် ။
စောစောက တည်ငြိမ်နေသော-စိတ်ဝိညာဉ်သည် လေပွေဝင်မွှေသွားသလို ယောက်ယက်ခတ် ပလူပျံနေ၏ ။ ကိုသက်အောင် ခေါ်ဆောင်ရာနောက်သို့ လေးလေးကန်ကန်လိုက်ပါလာရင်း စောစောကလူအုပ်ဆီသို့ ကလျာ လည်ပြန်လှည့် ကြည့်မိတော့ များစွာသောလူစုလူဝေးကြီးထဲ၌ မကြာသေးမီက မြင်လိုက်ရသည့် ကိုစွမ်းရှင်နောင်၏မျက်နှာကို မတွေ့မြင်ရတော့ ချေ ။
-  စိတ်၏ လွန်လွန်ကဲကဲအရိပ်ထင်မှုပဲလား ။ သို့မဟုတ်…ကိုစွမ်းရှင်နောင်၏လိပ်ပြာသည် မကျွတ်လွတ်သေးဘဲ ဤ၀န်းကျင်သို့
  ဘ၀အသစ်ဖြင့် ပြန်လည်ရောက်ရှိလာသူ-ကလျာ့ကို လာရောက်ကိုယ်ထင်ပြခဲ့ခြင်းလား …
ဘယ်အရာက အမှန်လဲ ။ ချောအိကလျာ ဆက်မတွေးချင်တော့၍ မျက်လွှာကို အသာချလိုက်ပြီး ကိုသက်အောင်၏နောက်ကိုသာ တိတ်တဆိတ် လိုက်ပါလာခဲ့တော့သည် ။
ÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒ
အခန်း(၃)
  “ ကလျာ…”
ဖွဖွညင်သာခေါ်ငင်သံလေး ။ အဝေးသို့ ငေးနေမိသူ-ချောအိကလျာလည်း ရုပ်နှင့်နာမ် ပြန်ကပ်လျက် နံဘေးသို့ လှည့်ကြည့်မိ သည် ။
ခေါ်လိုက်သူက ကိုသက်အောင် ။ အသံက ခရာတာတာ ညုတုတုမဟုတ်ဘဲ နုနုညံ့ညံ့နှင့် အစ်ကိုကြီးတစ်ယောက်၏ ဟန်ပန်မျိုးပေါက်သည် ။ နောက်ပြီး အနည်းငယ်လည်း စိုးရိမ်ပူပန်စိတ် စွက်လျက်ရှိပုံပေါ်သည် ။ ဘာကို ပူပန်နေသလဲဆိုတာ တော့ ကလျာ မတွေးတတ် ။
   “ ရှင်…! ဘာကိစ္စရှိလို့လဲ ကိုသက်အောင် ။”
ကိုသက်အောင်က မိမိ၏နာမည်ကို တိုးညင်နုညံ့စွာခေါ်ဆိုလိုက်၍ ချောအိကလျာလည်း ဝိုင်းစက်စက်မျက်ဝန်းလေးများနှင့် လှည့် ကြည့်ရင်း ထူးမိသည် ။ အတိတ်သို့ မြောလွင့်မလိုဖြစ်နေသော-အသိစိတ်တို့ကိုလည်း ခဏတာ ချုပ်ထိန်းထားလိုက်ရသည် ။
   “ ကလျာ့ကို ကြည့်ရတာ တစ်မျိုးပဲ ။ အစ်ကို့ကို မခင်ဘူးလားဟင် ။ အစ်ကိုတို့နဲ့ ခရီးထွက်လာရတာ မပျော်လို့လား ။”
   “ အာ ! မဆိုင်လိုက်တာ ကိုသက်အောင်ရယ် ။ ကလျာ အရမ်းပျော်ပါတယ် ။ ဒီခရီးဟာ ကလျာရဲ့ပထမဦးဆုံးခရီးလေးမို့
     ကလျာ ပျော်လည်းပျော်တယ် ။ စိတ်လည်းလှုပ်ရှားတယ် ။ နောက်ပြီး…ကလျာ့ကို အိမ်တိုင်ယာရောက်လာခေါ်ပေးတဲ့
     ကိုသက်အောင်တို့သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်တယ် ။”
   “ ဒါနဲ့များ ကလျာရယ် ဘာဖြစ်လို့ တစ်ချိန်လုံး မျက်နှာညှိုးနေရတာလဲ ။ ညကရော အိပ်ပျော်ရဲ့လား ။ အိပ်ရာအပြောင်းအလဲ
     ကြောင့်များ အိပ်မပျော်တာရှိသေးလား ။ မွေ့ရာပါလို့ တော်သေးတယ်နော် ။ မဟုတ်ရင် ကိုယ်တို့မင်းသမီးလေး-ကလျာတော့
      ကျောနာနေရမှာ သေချာတယ် ။ ပြောပါဦး ။ အဆင်ပြေရဲ့လား ။ အစ်ကို့ကို ခင်တယ်ဆိုရင် ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်း
      ပြောပြပါ ။ တခြားသူတွေကို ဖွင့်မပြောချင်ရင်တောင် အစ်ကို့အပေါ်ကိုတော့ အစ်ကိုတစ်ယောက်လိုမျိုးပဲဖြစ်ဖြစ် ယုံယုံကြည်
      ကြည်နဲ့ တိုင်ပင်ပေါ့ ။ ကလျာရဲ့ခံစားချက်တွေကို အစ်ကို နားထောင်ချင်ပါတယ် ။”
ကိုသက်အောင်ထံမှ တဆင့်ပြီးတဆင့် ရှေ့တိုးလာသောစကားများဖြစ်မှန်း ချောအိကလျာ နားလည်လိုက်သဖြင့် ရင်ခုန်သွားမိတာ တော့ အမှန် ။ သို့သော်လည်း… မျက်စိမှိတ် မယုံရဲသေး ။
ကြားလိုက်ရသည့်-မ၀ံ့တ၀ံ့စကားသံလေးများကြောင့် ချောအိကလျာ ကိုသက်အောင်၏မျက်နှာကို မော့ကြည့်မိတော့ ကိုသက်အောင်ကလည်း ကလျာ့မျက်နှာကို အပြုံးနှင့် စိုက်ကြည့်နေသည် ။ သူ့အပြုံးတွေက နားလည်မှု ခွင့်လွှတ်မှုအပြည့်နှင့် ဟန်ဆောင်ကင်းသောအပြုံးများ ။
အမှန်ဆိုရလျှင် ချောအိကလျာ၏တစ်သက်တာတွင် မည်သူ့ကိုမျှ ရင်မဖွင့်ခဲ့ဖူး ။ ယုံကြည်နားလည်ပေးသူ ရှားသဖြင့် အရာရာကို မျိုသိပ်ထားခဲ့သည် ။ မိဘနှစ်ပါးကလည်း ချောအိကလျာ၏ဘ၀၌ စာမှလွဲ၍ အခြားအရာများ ၀င်ရောက်လာမည်ကို စိုးရိမ်လွန်းတာကြောင့် တစ်ခုခု ရင်ဖွင့်မိလျှင် အထင်အမြင်လွဲမှားကာ ပိတ်ပင်တတ်သဖြင့် အရွယ်ရောက်လာသည့်အချိန်မှစ၍ ရင်မဖွင့်တတ်တော့ ။
သို့ကြောင့်လည်း ချောအိကလျာ၏ရင်ထဲတွင် ခံစားချက်ပေါင်းမြောက်များစွာဖြင့် ပြည့်သိပ်ကျပ်နေပြီ…။ အခွင့်အရေးသာ ရမည်ဆိုလျှင် တစ်စုံတစ်ယောက်ထံ ရင်ဖွင့်ပြောပြလိုက်ချင်သည် ။ သို့သော်လည်း……။
   “ ကိုသက်အောင်က ဘာဖြစ်လို့ နားထောင်ချင်ရတာလဲ ။”
ခံစားချက်တို့ကို ရင်ဖွင့်လိုပေမယ့် နှုတ်ကထွက်ကျလာသည်မှာ ထိုမေးခွန်းဖြစ်နေ၏ ။
ချောအိကလျာ၏အမေးကြောင့် ကိုသက်အောင် ဖြေရခက်သွားပုံရသည် ။ အကြင်နာမျက်ဝန်းတို့ကို ရုတ်သိမ်းလျက် ခေါင်းငုံ့သွားသည် ။ အမြဲလိုလို လူကြီးဆန်ဆန် နေထိုင်တတ်သူ-ကိုသက်အောင်၏မျက်နှာ၌ ကလေးကလားအပြုံးလေးတစ်ပွင့် စွင့်သွားသည် ။
   “ ဟို…အစ်ကို အမှန်အတိုင်းဖြေလိုက်ရင် ကလျာ စိတ်ဆိုးသွားမှာကို စိုးရိမ်မိတယ် ။”
   “ ကလျာ စိတ်မဆိုးပါဘူး ။ ဒါပေမယ့် ကိုသက်အောင် အမှန်အတိုင်း မပြောခင် ကလျာရဲ့ခံစားချက်တွေကို အရင်ပြောပြချင်
      တယ် ။ ဒါတွေပြောပြီးမှ ကိုသက်အောင်ရဲ့အဖြေကို ရှင်းရှင်းလင်းလင်းဖွင့်ပြောပေါ့ ။”
   “ ကလျာ့သဘောအတိုင်းပါပဲ ။ အစ်ကိုလည်း ကလျာ့ရင်ထဲ ဘာတွေခံစားနေရသလဲဆိုတာ သိချင်တယ် ။ ကဲ…ပြောပါဦး…
     ကလျာ ဘာဖြစ်လို့ မျက်နှာ မကြည်မလင်ဖြစ်နေရတာလဲ ။”
   “ ဟုတ်တယ် ။ ဒီခရီးစဉ်အစပိုင်းကတည်းက ကလျာ့မျက်နှာ ညိုနေခဲ့ရတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကလျာ့ရင်ထဲမှာ
     အပျော်နဲ့အမောက ဟိုဘက်ဒီဘက် လွန်ဆွဲနေလို့ပဲ ။ ဒါ့ကြောင့်လည်း ကလျာ အပြည့်အဝ မပျော်နိုင်ခဲ့ဘူး ။ ပျော်ခွင့်
     မရဘူးဖြစ်နေတယ် ။ အင်း…ဒီအဖြစ်မှန်ကိုသာ ဖွင့်ချလိုက်ရင် ကလျာ့ကို အရူးလို့ ကိုသက်အောင် ထင်ကောင်းထင်
     လိမ့်မယ် ။ ကလျာ့ကိုကလျာလည်း တစ်ခါတလေ ငါ ရူးများနေသလား-လို့တောင် တွေးလာမိတယ် ။ အင်းပေါ့လေ ။
     မြတ်စွာဘုရားရှင်ကတောင် ဟောကြားတော်မူထားသားပဲ ။ ပုထုဇဏှော ဥမ္မတကော…ပုထုဇဉ်မှန်သမျှဟာ အရူးတွေ
     ချည်းပဲတဲ့ ။ ဒီတော့ ပုထုဇဉ်ဖြစ်တဲ့ကလျာဟာလည်း အရူးတစ်ယောက်ပါပဲလေ ။”
ချောအိကလျာက စကားကို ထိုနေရာ၌ခဏရပ်ကာ အဝေးသို့ ငေးနေရာမှ ကိုသက်အောင်၏မျက်နှာကို မော့ကြည့်လိုက်သည် ။ စိတ်ဝင်စားမှုနှင့်အတူ ဇဝေဇဝါအရိပ်အယောင်များက ရိုးသားသော-ကိုသက်အောင်၏မျက်ဝန်းများ၌ အထင်သား ပေါ်နေ၏ ။ ကလျာလည်း တွေဝေတုံ့ဆိုင်းမနေတော့ဘဲ အဖြစ်မှန်ကို ခပ်မြန်မြန်ပြောပြလိုက်သည် ။
   “ ကိုသက်အောင်ကတော့ နားလည်နိုင်မယ်မထင်ဘူး ။ ကလျာလေ…ကလျာ့အိပ်မက်ထဲက လူတစ်ယောက်ကို ချစ်မိနေပြီလို့
     ထင်တာပဲ ။”
ချောအိကလျာ့စကားအဆုံး၌ ကိုသက်အောင်၏မျက်နှာပြင်တစ်ခုလုံး အရောင်မျိုးစုံ ပြေးလွှားသွားသည် ။ အံ့သြခြင်း စိတ် မကောင်းခြင်းတို့ ရောယှက်ပြေးလွှားကာ နဂိုရှိစွဲအပြုံးရိပ်များ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏ ။
   “ ကိုသက်အောင် အံ့သြသွားလား ။ ဟုတ်တယ် ။ ကလျာ ကိုစွမ်းရှင်နောင်ဆိုတဲ့ အိပ်မက်ထဲကလူတစ်ယောက်ကို စွဲလမ်းနေ
      ပြီ ။ သူကလေ ကလျာရဲ့အိပ်မက်ထဲကို ဟိုးငယ်ငယ်လေးကတည်းက မကြာမကြာ ရောက်လာတတ်တယ် ။ ကြာလာတာ
      နဲ့အမျှ ကလျာလည်း သူ့အပေါ်မှာ စွဲလမ်းလာမိတယ် ။ ဟို…ကလျာ့ကို အရူးလို့များ ကိုသက်အောင် ထင်သွားပြီလားဟင် ။”
   “ ဟင့်အင်း…မဟုတ်တာ ။ မထင်ပါဘူး ။ ကလျာရဲ့စကားအပေါ်မှာ အစ်ကို အရမ်းအံ့သြသွားတာမှန်ပေမဲ့ ကလျာ့ကို ရူးနေ
     တယ်လို့တော့ အစ်ကို မထင်ပါဘူး ။ လူအမျိုးမျိုး စိတ်အထွေထွေရှိနိုင်တာပဲလေ ။ အရေးကြီးဆုံးက ကလျာ ပျော်ရွှင်ဖို့ပဲ ။
     ကလျာ မပျော်ရွှင်ရင် ကိုသက်အောင်လည်း ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး ။ ကလျာ စိတ်ချမ်းသာဖို့ အရေးကြီးတာမို့ အဖြေ
     ရှာနိုင်အောင်လို့ အစ်ကို့ကို အိပ်မက်ထဲက အဲဒီလူအကြောင်း ပြောပြပါလား ။”
ကိုသက်အောင်ထံမှ မျှော်လင့်မထားသောစကားများကို ကြားလိုက်ရသဖြင့် ချောအိကလျာ မျက်လုံးအဝိုင်းသားဖြစ်သွားရသည် ။ နဂိုကတည်းက ဝိုင်းစက်ရွှန်းစိုလျက်ရှိသော-မျက်လုံးရွှဲလေးများသည် အံ့သြမှုအရှိန်ကြောင့် ပြူးကျယ်သွားရပြီ ။
သည်တစ်ခါ အံ့အားသင့်သွားရသူကတော့ ကလျာပါ ။ ချောအိကလျာက ကိုသက်အောင်၏စိတ်ရင်း ရိုးသားဖြူစင်မှုကို သိမြင်နားလည်ခဲ့ပေမယ့် အခုလောက် တစ်ဖက်သားအပေါ် နားလည်စာနာတတ်လိမ့်မည်မှန်း မျှော်လင့်မထားခဲ့ ။ ယခုများတော့ ကိုသက်အောင်ဟာ ကလျာ ထင်ထားသည်ထက် ပို၍သဘောထားပြည့်ဝသူတစ်ယောက် ဖြစ်နေပါပေါ့ ။
မိန်းကလေးများသည် အိမ်ထောင်ဖက်ယောက်ျားသား ရွေးချယ်ရာ၌ အဓိကအားဖြင့် စိတ်နေစိတ်ထားကို ကြည့်တတ်ကြ တာများသည် ။ ချောအိကလျာသည်လည်း မိန်းမပျိုများထဲက မိန်းမပျိုတစ်ယောက်ပဲမို့ မိမိအပေါ် စိတ်ဝင်စားလျက်ရှိသော ကိုသက်အောင်ကို လေ့လာအကဲခတ်နေခဲ့သည်မှာကြာပြီ ။ ကိုသက်အောင်သည် ရိုးသားပြီး ကူညီတတ်သူဟု ယေဘူယျ သဘောပေါက်ထားခဲ့၏ ။ ယခုများကျမှ စိတ်သဘောထားပြည့်ဝပြီး တစ်ဖက်သားကို နားလည်စာနာတတ်မှန်း သိရှိလိုက်ရသည် ။
ကိုသက်အောင်ဟာ မိမိအတွက် သင့်လျော်သူတစ်ယောက်ဟု ကလျာ သဘောပေါက်လိုက်ပေမယ့် တစ်ဖက်မှာလည်း ရူးရူးနှမ်းနှမ်းစွဲလမ်းနေမိသော-ကိုစွမ်းရှင်နောင်ဆိုသူကလည်း ရှိနေပြန်ရာ ချောအိကလျာမှာ ကိုယ့်ကိုယ်ကို နားမလည်နိုင်ဖြစ်ရင်း သက်ပြင်းကိုသာ ရှိုက်သွင်းလိုက်မိသည် ။
မည်သို့ပင်ဖြစ်စေ…လက်ရှိတွင် ဖြစ်ရပ်အလုံးစုံကို တစ်စုံတစ်ယောက်ထံ ရင်ဖွင့်ပြောပြလိုက်ချင်သည့်စိတ်သာ ရှိနေ၍ အိပ်မက်အကြောင်းအရာကို ကိုသက်အောင်အား အစအဆုံးပြောပြရန် ဆုံးဖြတ်လိုက်သည် ။ ကိုသက်အောင် သိရန်လည်း လိုအပ်သည် ။ နောက်ပြီး…ကိုသက်အောင်ကိုယ်တိုင်ကလည်း လိုလိုလားလားမေးမြန်းနေခြင်းမဟုတ်ပါလား ။
   “ ကလျာ အစအဆုံးပြောပြပါ့မယ် ။ ကလျာ ဒီအိပ်မက်တွေကို အရွယ်ရောက်စကတည်းက မြင်မက်ခဲ့တာပါ ။ ပထမဆုံး
     အိပ်မက်က တော်တော့ကို ထူးဆန်းတယ် ။ ရွာကို ဂျပန်တွေ ဝင်လာတယ်…တဲ့ ။ အမှန်ပြောရရင် ကျောင်းစာကလွဲပြီး
     အပြင်စာ ဖတ်ခွင့်မရှိတဲ့-ကလျာ့အဖို့ ဂျပန်ဆိုတာကို အဲဒီတုန်းက ဘယ်လိုပုံစံရှိမှန်းတောင် ကောင်းကောင်း ပုံမဖော်
     တတ်ပါဘူး ။ ဒါပေမယ့် အိပ်မက်ထဲမှာတော့ ဂျပန်ခေတ်အနေအထားကို ရုပ်ရှင်ကြည့်နေရသလိုမျိုး ပြတ်ပြတ်သားသား
     တွေ့မြင်နေရတယ် ။ အဲဒီအိပ်မက်ထဲမှာ ကလျာ့ပုံစံက ရိုးရိုးယဉ်ယဉ်နဲ့ တကယ့်ကို ရှေးမြန်မာ့အမျိုးသမီးလေး ။ ကလျာ့
     အဖေက လက်ရှိအဖေနဲ့တော့ မတူဘူး ။ မာနခပ်ကြီးကြီးနဲ့ ရွာသူကြီး-ဦးဘပွား-တဲ့ ။ ဘိုးစဉ်ဘောင်ဆက်သူကြီးမျိုးနွယ်က
     သက်ဆင်းလာသူဆိုတော့ မာန်မာနကလည်း ကြီး ၊ ဂုဏ်ဓနကလည်း မက် ။ ရာထူးမြဲအောင် ဂျပန်တွေအပေါ်လည်း
     မျက်နှာလုပ်တတ်တယ်တဲ့ ။ ဂျပန်က ချွေးတပ်သားစုဆောင်းရေးအတွက် ရွာက လူငယ်တွေကို လာဖမ်းတာ ။ သူကြီး
     ဖြစ်တဲ့အဖေကလည်း မျက်နှာလုပ်ချင်နေသူဆိုတော့ ဂျပန်တွေ ခိုင်းသမျှကို ပြုံးပြုံးနဲ့လက်ခံပြီး ရွာသားတွေအပေါ်မှာ
     မာန်မဲခိုင်းစေခဲ့တယ် ။ ဒါတွေကိုကြည့်ပြီး ကလျာ့မှာ မျက်ရည်တွေ အရွှဲသားနဲ့ပေါ့ ။ အဖိနှိပ်ခံနေရတဲ့ရွာသားတွေကို
     ကလျာ သနားတယ် ။ ဂျပန်တွေက အဖေထည့်ပေးလိုက်တဲ့ရွာသားတွေကို ကျွဲနွားတွေလို ရိုက်နှက်ခေါ်ဆောင်သွား
     တာကို မြင်နေရပေမယ့် ၊ မတရားမှုတွေကို တွေ့နေရပေမယ့် ကလျာ မတားရဲဘူး ။ အဖေ့ကို ကြောက်ရတာကိုး ။
     -  အဲဒါကြောင့် အိမ်ရဲ့နောက်ဘက် ကောက်ရိုးပုံနားမှာ တစ်ညနေလုံး တိတ်တိတ်လေး ဆင်းငိုနေခဲ့တယ် ။ ငိုနေမှန်း
     သိရင် အဖေက ရိုက်ဦးမှာလေ ။ အဲဒီအချိန်မှာ လူတစ်ယောက်က ကလျာ့အနားကို ငှက်တစ်ကောင် လာနားသလို
     ဖျတ်ခနဲရောက်လာပြီး ကလျာကို မအော်ဖို့အရိပ်အယောင်ပြ ၊ ဂျပန်တွေကို တော်လှန်ဖို့အတွက် နည်းနည်းကူညီပါလို့
     ပြောတယ် ။ ကလျာ မငြင်းပါဘူး ။ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့ ။ ဟုတ်တယ်လေ ။ ကလျာကလည်း နှိပ်စက်ခံနေ
     ရသူတွေကို ကူညီချင်နေတာ မဟုတ်လား ။ အဖေ့ကိုတောင် မကြောက်နိုင်ဘဲ ခေါင်းညိတ်လိုက်မိတယ် ။ ဒါပေမယ့်…
     သူ့ကိုတော့ ဘယ်သူဘယ်ဝါဆိုတာ ကလျာ မသိလိုက်ရဘူး ။ မျက်နှာကိုအဝတ်နဲ့ကွယ်ထားတဲ့-အဲဒီလူက ကလျာ့ခေါင်းက
     ဆံထိုးကို ဖြုတ်ယူပြီး နောက်တစ်နေ့ညနေစောင်းကျ ရွာထိပ်ကဘုရားမှာ လာစောင့်ပါလို့ပြောပြီး လှစ်ခနဲဆို ထွက်သွားပါ
     ရော ။ အဲဒီအချိန်မှာပဲ အိပ်မက်ကနေ ကလျာ လန့်နိုးလာခဲ့တယ် ။”
ချောအိကလျာက အိပ်မက်တစ်ခု၏အဆုံးသတ်ကို ပြောလိုက်ပြီးနောက် ကိုသက်အောင်၏မျက်နှာကို အကဲခတ်လိုက်မိ၏ ။ ယုံမှ ယုံပါ့မလားဟုလည်း သံသယဖြစ်နေမိသည် ။
ကိုသက်အောင်၏မျက်နှာ၌ အံ့သြမှုအရိပ်အယောင်တို့မှလွဲ၍ တစ်စုံတစ်ရာ ထူးခြားချက် မတွေ့သဖြင့် ချောအိကလျာ ကျေနပ်သွားမိသည် ။ ကိုသက်အောင်၏ရင်ထဲမှာ မေးခွန်းများ ရှိကောင်းရှိလိမ့်မည် ။ သို့ပေမဲ့…လူကြီးလူကောင်းတို့မည်သည် စကားမဆုံးခင် ၊ အကြောင်းအရာတစ်ခု မပြီးဆုံးခင်အထိ ကောက်ချက်ချလေ့မရှိ-ဆိုသည့်အတိုင်း ကိုသက်အောင်ဟာလည်း တစ်စုံတစ်ရာ မေးမြန်းခြင်းမပြုဘဲ ငြိမ်သက်လျက် နားစွင့်နေ၏ ။ သို့ကြောင့်လည်း အနှစ်နှစ်အလလမွန်းကျပ်ပြည့်နှက်နေခဲ့ရ သည့်-ခံစားချက်များကို ဆက်လက်ပွင့်အန်ထုတ်ပြရန် ဆုံးဖြတ်လိုက်သည် ။
   “ ကလျာ ပထမအိပ်မက်ကို အထပ်ထပ်မြင်မက်ပြီး (၁)နှစ်လောက်အကြာမှာ ဒုတိယအိပ်မက်ကို မြင်မက်ခဲ့တယ် ။ ဘယ်
     လောက် ထူးဆန်းလိုက်သလဲ ။ အိပ်မက်တစ်ပုဒ်ကို နှစ်ခါမြင်မက်ဖို့တောင် မလွယ်ကူတဲ့ကိစ္စမှာ အခါခါမြင်မက်နေတဲ့
     အိပ်မက်နဲ့ အကြောင်းအရာချင်း-ဆက်စပ်နေတဲ့ နောက်အိပ်မက်တစ်ပုဒ်ကို မြင်မက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ
     လေ ။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်လိုပဲ ။ ဒါပေမယ့် ကလျာ့အဖို့တော့ တကယ်ဖြစ်ပျက်ခဲ့တာပါ ။ ဒုတိယအိပ်မက်မှာ
     ကလျာက စေတီတစ်ဆူရဲ့ရင်ပြင်တော်ပေါ်မှာ ရပ်ပြီး အဝေးကို ငေးနေတယ် ။ ပတ်ဝန်းကျင်က သိပ်သာယာတာပဲ ။
     စစ်ဆိုတဲ့အရာကြောင့် ဖြစ်ပေါ်လာတဲ့ ယမ်းငွေ့တွေ၊သွေးညီနံ့တွေသာ လွင့်ပျံမနေရင် ပိုပြီးသာယာမှာ ။ ကလျာလည်း
     တောသဘာဝရှုခင်းတွေကို ငေးကြည့်နေမိတုန်း ကလျာ့အနားကို လူတစ်ယောက် ရောက်လာတယ် ။ အဲဒီလူက
      ကလျာ့အနားကို မသိမသာကပ်ပြီး ဆံထိုးလေး ကမ်းပေးလို့ ကလျာ မော့ကြည့်လိုက်မိတော့ အဲ့ဒီလူက မျက်နှာကို
      ဦးထုပ်ငိုက်ငိုက်ဆောင်းပြီး ကွယ်ထားတယ် ။ သူက…
     - မိန်းကလေး…ဒီဆံထိုးထဲမှာ သိုဝှက်ထားတဲ့စာတစ်စောင် ရှိပါတယ် ။ ဒီဆံထိုးကို ရွာမြောက်ပိုင်းက အရက်သမား
     ကိုပြောင်ကြီးကို ပေးပေးပါ…အရေးကြီးတယ် ။ စိတ်ချပါရစေနော်…
     လို့ ခပ်တိုးတိုးမှာတယ် ။ ဒီစကားကို ပြောပြီးတာနဲ့ ကလျာ့အနားကနေ သူ ချက်ချင်းပြေးထွက်သွားပြန်ရော ။ ကလျာ့
     အတွက်ကတော့ အိပ်မက်ထဲမှာ အိပ်မက်မက်နေသလိုပဲ ။ သူ့မျက်နှာကိုလည်း တစ်ခါမှ မမြင်ရ ၊ သူ့ဆီက သက်သေ
     တစ်စုံတစ်ရာလည်း မတွေ့ရဘဲနဲ့ သူ ခိုင်းသမျှကို ယုံယုံကြည်ကြည်နဲ့ လုပ်ပေးနေမိတဲ့ကိုယ့်ကိုယ်ကိုလည်း ကလျာ
     နားမလည်နိုင်တော့ဘူး ။ သူ ခိုင်းတဲ့အတိုင်း ကိုပြောင်ကြီးဆိုတဲ့လူဆီ ပုန်းလျှိုးကွယ်လျှိုးသွားပြီး ဆံထိုးကို ပေးလိုက်
     တယ် ။ ကလျာက သူကြီးသမီးဆိုတော့ တော်ရုံ ဘယ်သူကမှ သံသယမ၀င်ကြဘူး ။ အကြွေးသွားတောင်းတယ်လို့ပဲ
     ထင်ကြတယ် ။ ကိုပြောင်ကြီးက ဆံထိုးထဲက-စာကိုလည်းမြင်ရော ကလျာကို အရမ်းကျေးဇူးတင်တဲ့အကြောင်းပြောပြီး
     တဆက်တည်းမှာပဲ ကလျာ့လိုသူကြီးသမီးကို သူလျှိုဖြစ်အောင်စည်းရုံးနိုင်တဲ့ ကိုစွမ်းရှင်နောင်ဆိုတဲ့လူကိုလည်း ချီးကျူး
     စကားပြောလိုက်တယ် ။ အဲဒီတော့မှ သူ့နာမည်-ကိုစွမ်းရှင်နောင်မှန်း ကလျာ သိလိုက်ရတယ် ။ ဒီအချိန်မှာပဲ ဒုတိယ
     အိပ်မက်ကနေ ကလျာ လန့်နိုးသွားပြန်ပါရော ။”
ကလျာ အိပ်မက်အကြောင်းပြောရင်း မောပန်းလာ၍ စကားခဏရပ်ကာ အမောဖြေလိုက်သည် ။ ခဏလေး အမောဖြေနေခိုက် မှာပဲ အတိတ်အာရုံများက ပစ္စုပ္ပန်မှာ ရှင်သန်လိုသဖြင့် ရုန်းကန်ထကြွနေကြဆဲ ။
အဝေးကတောင်တန်းတွေကို ငေးကြည့်နေစဉ် အိပ်မက်များက ကလျာ့အမြင်အာရုံမှာ ရှင်သန်လာကြပြန်သည် ။ ဟိုးတောင်ခြေတစ်နေရာမှနေ ဤကျိုက်ထီးရိုးစေတီတော်သို့ ရည်စူးဖူးမျှော်ပြီး ချောအိကလျာနှင့်ကိုစွမ်းရှင်နောင်တို့ သစ္စာပြုတိုင် တည်ဆုတောင်းခဲ့ကြပုံများက မျက်မှောက်အာရုံမှာ ဖျတ်ခနဲ ထင်လာသည် ။
   “ ဘုရားတပည့်တော်-နိုင်စွမ်းရှင်နောင်နှင့် ဘုရားတပည့်တော်မ-ချောအိကလျာနွယ်တို့သည် ဘ၀ဆက်တိုင်း ဤဆံတော်ရှင်
     ကျိုက်ထီးရိုးစေတီတော်မြတ်အား အတူတကွ ဖူးမြော်နိုင်ရပါလို၏ဘုရား ။”
ဆုတောင်းသံတို့နှင့်အတူ အဝေးဆီမှ ပျံ့လွင့်လာသော တချွင်ချွင်တချွမ်ချွမ် ဆွဲလဲသံလွင်လွင်များ…။ သာယာလိုက်ပါဘိ ။ စိမ်း ညို့ညို့တောင်တန်းနှင့်ချိုလွင်လွင်ဆွဲလဲသံများက ရှုမြင်ကြားနာရသူအဖို့ လိုက်ဖက်ညီ,ပနံသင့်လှသဖြင့် ရင်ထဲအသည်းထဲက စိမ့်ခနဲအေးချမ်းသွားခဲ့ရသည် ။
- ဒါဟာ အိပ်မက်လား…ဒါမှမဟုတ် အမှန်တကယ် ဖြစ်တည်နေတာလား ။
ကလျာ ဝေခွဲ မရပြန်တော့…။ အတိတ်အိပ်မက်နှင့်ပစ္စက္ခတို့ ရောထွေးသွားခဲ့ပြန်ပြီ ။
ÒÑÒÑ
   “ ကလျာ…ကလျာ ဘာဖြစ်သွားတာလဲ ။”
ကိုသက်အောင်က ချောအိကလျာ၏ပုခုံးကို စိုးရိမ်တကြီး လှုပ်ခါခေါ်လိုက်တော့မှ ကလျာ သတိပြန်ဝင်လာပြီး သက်ပြင်းချလိုက် မိသည် ။ နှလုံးအိမ်တစ်ခုလုံးလည်း တုန်ယင်နေပြီ ။ ဦးနှောက်တစ်ခုလုံးလည်း ထုံကျင်နေပြီ ။ အတိတ်၏အရိပ်တို့သည် ကျိန်စာ တစ်ခုလို တဖြည်းဖြည်းလွှမ်းမိုးကြီးစိုးစ,ပြုလာပြီမို့ ချောအိကလျာ၏အဇ္ဈတ္တတို့က အစိုးမရတော့ ။ ချုပ်ထိန်းမရတော့ပေ ။ မကြာ ခဏဆိုသလို အတိတ်ထဲသို့ နစ်မြုပ်ကျွံဝင်နေရပြီ ။
   “ အဲ့ဒါပဲ ကိုသက်အောင် ။ အခုဆိုရင် ကလျာအတွက် အိပ်မက်တွေပဲ မဟုတ်တော့ဘူး ။ အတိတ်ဘ၀က ပုံရိပ်တွေလို့
     ယူဆနိုင်တဲ့-အဲဒီအိပ်မက်တွေက အခု ပစ္စုပ္ပန်အာရုံထဲမှာပါ ပြတ်ပြတ်သားသားမြင်ယောင်နေရပြီ ။ ကလျာ ခံစားမိတာ
     တော့ ဒီဒေသဟာ တစ်ချိန်က ကလျာ ရောက်ရှိနေထိုင်ဖူးခဲ့တဲ့-ဒေသတစ်ခုပဲ ဖြစ်လိမ့်မယ် ။”
   “ ဒါဆို ဘယ်လိုလုပ်မလဲ ကလျာ ။ အစ်ကိုတို့ ဒီနေ့ပဲ ပြန်ကြမလား ။ ကလျာ တစ်ခုခုဖြစ်သွားမှာကို အစ်ကို အရမ်းစိုးရိမ်
     တယ် ။ ဟို…ဟိုလေ အယူသည်းတယ်ပဲပြောပြော…အစ်ကို ကြားဖူးတာတော့ သိုက်ကလာတဲ့သူတွေက သူတို့သိုက်
     ရှိတဲ့နေရာကို ပြန်ရောက်တဲ့အခါကျရင် ငိုဟယ်ရယ်ဟယ်ဖြစ်တတ်တယ်တဲ့ ။ တချို့ဆို ကောက်ခါငင်ခါဖျားပြီး အသက်
     ပါသွားတာမျိုးတွေလည်း ကြားဖူးတယ် ။ အဆက်ဟောင်းဆွေမျိုးတွေက ဝိညာဉ်နှုတ်လိုက်တဲ့သဘောမျိုးဖြစ်မှာပေါ့ ။
      ဘယ်သူတွေ ဘာပြောပြော…အစ်ကိုကတော့ အဲဒါမျိုးတွေကို ယုံကြည်တယ် ကလျာ ။ ညီမလေး … တစ်ခုခုဖြစ်မှာကို
      အစ်ကို စိုးရိမ်လို့ပါ ။ သူငယ်ချင်းတွေကို အကျိုးအကြောင်း နည်းနည်းရှင်းပြပြီး ဒီနေ့ပဲ အစ်ကိုတို့ ပြန်ကြစို့နော် ။”
   “ ကလျာ မပြန်ချင်ဘူး ကိုသက်အောင် ။ အိပ်မက်ပြဿနာကို မရှင်းနိုင်သရွေ့ ကလျာ စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး ။
     အိပ်မက်တွေက တစ်ခါလည်း မဟုတ်ဘူး ။ နှစ်ခါလည်း မဟုတ်ဘူး ။ အခါခါ မက်နေတာ ။ မက်တဲ့အခါတိုင်းလည်း
     တစ်ခုတည်းမက်တာ မဟုတ်ဘဲ ဒီနေ့ ဒုတိယအိပ်မက်ကို မက်ပြီး မနက်ဖြန် ပထမအိပ်မက်ကို မက်ချင်မက်တာ ။
     ကြာတော့ လူက စိတ်ညစ်လာရော ။ အခုဆိုရင် အိပ်မက်တွေရဲ့အဖြေနဲ့ နီးစပ်လာတယ်လို့ ကလျာ ခံစားနေရပြီ ။
     ဒီအိပ်မက်တွေကို အဆုံးသတ်နိုင်တော့မယ်လို့ ကလျာ ယုံကြည်နေတယ် ။ ခံစားနေရတယ် ။”
   “ ခက်တာပဲ ကလျာရယ်…။ ဒါနဲ့…အိပ်မက်က ဒီနှစ်ခုပဲလား ။”
   “ ရှိသေးတယ် ကိုသက်အောင် ။ တတိယနဲ့စတုတ္ထအိပ်မက်ကတော့ ကိုစွမ်းရှင်နောင် ချိန်းတဲ့ဆီကိုအသွား ဂျပန်တွေနဲ့
     ပက်ပင်းဆုံပြီး သူတို့ လိုက်လို့ ထွက်ပြေးရတဲ့အိပ်မက်တွေပေါ့ ။ မောလွန်းလို့ အသက်ထွက်မတတ်ပါပဲ ။ တောလမ်း
     ခရီးကြမ်းဖြစ်တော့ ဆူးချုံတွေထဲ ပြေးလွှားရလို့ တစ်ကိုယ်လုံးလည်း ဒဏ်ရာဗရပွနဲ့ ။ ဒါပေမယ့် ဒီလိုမှ မပြေးရင်လည်း
     ဂျပန်တွေရဲ့လက်ထဲမှာ ဘဝလည်းပျက်ရ ၊ အသက်လည်းသေရမှာ မဟုတ်လား ။ အဲဒီတော့ ကလျာ အသည်းအသန်
     ပြေးနေရတာပေါ့ ။ ချိန်းတဲ့နေရာကိုရောက်တော့လည်း ပြဿနာက မအေးသေးဘူး ။ ကိုစွမ်းရှင်နောင်က မရှိဘူးဖြစ်နေ
     တယ်လေ ။ သူသာ အချိန်မီရောက်မလာရင်တော့ ကလျာ့ဘဝ ဆုံးဖို့ပဲရှိတော့တယ် ။ ရှေ့မှာကလည်း ပြေးစရာမြေ
     မရှိတော့ဘူး ။ တောင်ကပါးယံကြီး ခံနေပြီကိုး ။ တစ်ဖက်မှာလည်း ချောက်နဲ့ရေတံခွန်ပဲ ရှိတော့တယ် ။ ကလျာလေ
      ကြောက်လိုက်/အားငယ်လိုက်တာ မပြောပါနဲ့တော့ ။
     -  အဲဒီအချိန်မှာပဲ ဖက်ဆစ်ဂျပန်စစ်သားတွေက ကလျာ့ကို မြင်သွားတယ် ။ တစ်ယောက်တည်း ပြေးစရာမြေမရှိဖြစ်နေ
     တဲ့-ကလျာ့ကို သူတို့က အစာမြင်တဲ့-ခွေးအတစ်သိုက်ရဲ့အကြည့်မျိုးနဲ့ လှမ်းကြည့်ကြတယ် ။ ကလျာ နားမလည်နိုင်တဲ့
     စကားတွေကို ဝူးဝူးဝါးဝါးအော်ပြောကြပြီး ဖြည်းဖြည်းအေးအေး လျှောက်လာကြတယ် ။ အိပ်မက်ထဲမှာ အိပ်မက်မှန်း
     လည်း မသိတော့ ကလျာ့မှာ  သေလောက်အောင် ထိတ်လန့်နေခဲ့ရတာပေါ့ ကိုသက်အောင်ရယ် ။ ဒါပေမယ့် ကြောက်
     ကြောက်လန့်လန့်နဲ့ပဲ ကလျာ ဆုံးဖြတ်လိုက်တယ် ။ အရှက်နဲ့အသက် ယှဉ်ရွေးရမယ်ဆိုရင်တော့ အသက်ပဲ အသေခံ
     မယ်ဆိုတဲ့အတွေးနဲ့ ရေတံခွန်ထဲကို ခုန်ချမယ်လုပ်တုန်း ကိုစွမ်းရှင်နောင် ရောက်လာတာပဲ ။
     - သူက တောင်ကမ်းပါးယံပေါ်ကနေ နွယ်ကြိုးနဲ့ခုန်ဆင်းလာပြီး ဖက်ဆစ်တွေကို သေနတ်နဲ့ တရစပ်ပစ်ပါရော ။ အဲဒီ
     အချိန်ကျမှ ကိုစွမ်းရှင်နောင်ကို ကလျာ မြင်ဖူးခဲ့တာ ။ ကိုစွမ်းရှင်နောင်က တကယ့်ကို လူချောလူခန့်တစ်ယောက်ပဲ
     ကိုသက်အောင် ။ အသားအရေကနေ အရပ်အမောင်းအထိ ယောက်ျားပီသတယ်ဆိုတာထက် ပိုချောတဲ့လူ ။ ကလျာလေ
     မြင်မြင်ချင်း အရာရာအားလုံးကို မေ့သွားပြီး ဟန်မဆောင်နိုင်လောက်အောင် ငေးကြည့်နေမိတယ် ။ အဲဒီအချိန်မှာပဲ
     စစ်သားတွေ ထပ်ရောက်လာတာနဲ့ ကလျာတို့နှစ်ယောက် ရေတံခွန်ပေါ်ကနေ အတူခုန်ချခဲ့ကြတယ် ။”
    “ အဲဒီမှာ ကလျာတို့နှစ်ယောက် အတူသေဆုံးခဲ့ကြတာလား ။”
ကလျာ့စကား အဆုံးမသတ်ခင် ကိုသက်အောင်က ခပ်လောလောမေးလိုက်သည် ။ သိချင်ဇောဖြင့် မေးလိုက်ခြင်းလား၊ သို့မဟုတ် ကိုစွမ်းရှင်နောင်၏ရူပါဋီကာအကြောင်း ဆက်လက်နားဆင်လိုစိတ် မရှိသဖြင့် စကားလမ်းကြောင်းပြောင်းလိုက်ခြင်းလားဆိုတာကို တော့ သူကိုယ်တိုင်သာလျှင် သိလိမ့်မည် ။
    “ မဟုတ်ဘူး ကိုသက်အောင် ။ အဲဒီလိုသာဆိုရင် ကလျာတို့ဇာတ်လမ်းလေးက ပိုပြီးတော့ စိတ်ကူးယဉ်ဆန်မှာ သေချာတယ် ။
      ဒါပေမယ့် အဖြစ်မှန်က အဲဒီလို မဟုတ်ပါဘူး ။ ကလျာ့ရဲ့အမြင်အာရုံတစ်ခုမှာ သူနဲ့ကလျာတို့ ခွဲခွာဖို့အတွက် နှုတ်ဆက်နေ
      ကြတာ ။ လွတ်လပ်ရေးရဖို့ နီးကပ်လာပြီဖြစ်တဲ့အတွက် သူက နလံထူစ-ကလျာတို့နိုင်ငံ ဖွံဖြိုးတိုးတက်အောင် ကြိုးစားရမယ်
      ဆိုတဲ့စိတ်ကူးနဲ့ တခြားနိုင်ငံကို ထွက်ခွာသွားတယ် ။ တခြားနိုင်ငံရဲ့စစ်ပညာတွေ၊ ဖွဲ့စည်းပုံတွေ၊ စီမံခန့်ခွဲပုံတွေကို သင်ယူဖို့
       အကူအညီတချို့နဲ့ ထွက်ခွာသွားခဲ့တာ ။ သူ…ထွက်မသွားခင်မှာ ကလျာ့ကို အတန်တန်မှာ သွားတာက ‘သူ့ကို စောင့်နေ
       ပေးပါ’…တဲ့ ။
      - ကလျာလည်း သူ့တစ်ယောက်တည်းကိုပဲ ချစ်လို့ သူ့ကို တစ်သက်လုံး စောင့်နေဖို့ ဆုံးဖြတ်ထားပြီးသားပါ ။ ဒါပေမယ့်
      ကံကြမ္မာက ဒီလောက် သဘောမကောင်းခဲ့ဘူး ။ ကလျာ့အဖေက ကလျာ့ကို တစ်ဖက်ရွာက သူကြီးသားနဲ့ အတင်းအကျပ်
      ပေးစားခဲ့တယ် ။ အိပ်မက်ပုံပြင်ရဲ့အဆုံးသတ်မှာတော့ ကလျာက မင်္ဂလာသတို့သမီးဝတ်စုံနဲ့ ရေတံခွန်ထိပ်မှာ ငိုနေတာ
      လေ ။”
သက်ပြင်းရှိုက်သံတွေနှင့်အတူ ဇာတ်ကြောင်းပြန်မှု ပြီးဆုံးသွားခဲ့သည် ။ အိပ်မက်ဇာတ်လမ်း၏ညှို့ငင်စွမ်းကြောင့်ထင်…ကလျာ သာမက ကိုသက်အောင်၏မျက်နှာပါ မသာမယာဖြစ်ကာ စိတ်မကောင်းဖြစ်နေရရှာပြီ ။ အသက်ထက် ချစ်မြတ်နိုးသော-ချစ်သူ နှစ်ဦး ရှင်ကွဲကွဲသွားခဲ့ရသည့်ဇာတ်လမ်းလေး  ။
အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေသိ ထိုဇာတ်လမ်း၏နောက်ကွယ်၌ လေးနက်ရင့်ကျက်မှု ၊ တည်ငြိမ်မြင့်မြတ်မှုတို့ ပြည့် နှက်လျက်ရှိသည်ဟု ကိုသက်အောင် ယူဆသည် ။ အချစ်ရေးထက် နိုင်ငံ့အရေးကို ဦးစားပေးခဲ့သော-ကိုစွမ်းရှင်နောင်ဆိုသူကို စိတ်ထဲက လေးစားမိသည် ။ မိဘနှင့်ချစ်သူအကြား သောကများခဲ့ရသော ကလျာဆိုသူမိန်းမပျိုလေးအဖြစ်ကလည်း ကရုဏာ သက်ဖွယ်ရာပင် ။
ပို၍သနားစရာကောင်းနေသည်က ဘာတစ်ခုမျှ သက်ဆိုင်မှုမရှိတော့ဘဲနှင့် အတိတ်ဘဝကချစ်သူကို သံယောဇဉ်မပြယ် နိုင်ဖြစ်နေသော-ချောအိကလျာဆိုသည့် ပစ္စက္ခ-ကောင်မလေး ။ ကိုသက်အောင်ကလည်း ထိုကောင်မလေးကိုမှ စွဲလမ်းမြတ်နိုးနေ မိပြီ မဟုတ်ပါလား ။
   “ ကလျာ့ရဲ့အိပ်မက်တွေက ကြေကွဲစရာကောင်းလိုက်တာ ကလျာရယ် ။ ကိုယ်တိုင် ခံစားနေရတဲ့-ကလျာ မပြောပါနဲ့ ။
      နားထောင်နေရတဲ့-အစ်ကိုတောင် တော်တော်လေး စိတ်ထိခိုက်ရတယ် ။ ချစ်ရသူနှစ်ယောက် ရှင်ကွဲကွဲသွားရတဲ့
      ခံစားချက်က ဘယ်လောက်များ နာကျင်လိုက်မလဲ ။ အစ်ကိုတော့ အဲဒီလိုဖြစ်မှာ သိပ်ကြောက်တာပဲ ။”
ကိုသက်အောင်၏နှစ်သိမ့်စကားကြောင့် ချောအိကလျာ တစ်စုံတစ်ခုကို သဘောပေါက်လိုက်ကာ လျော့ရဲရဲပြုံးလိုက်မိသည် ။ ကိုသက်အောင်ကတော့ ဘုရားလည်း ဖူး ၊ လိပ်ဥလည်း တူးနေပါပေါ့ ။ ကလျာ့ကို နှစ်သိမ့်ရင်း ကလျာနှင့် ဝေးရမှာကို ကြောက် သည့်အကြောင်းကိုပါ ဖြည့်စွက်ပြောဆိုနေပြီပဲကိုး ။
   “ ဟုတ်တယ် ကိုသက်အောင် ။ ချစ်ရသူနဲ့ဝေးကွာရတဲ့ခံစားချက်ကို ကလျာလည်း အိပ်မက်ကနေတဆင့် သဘောပေါက်
     နားလည်ခဲ့ပြီ ။ နောက်ပြီး…အိပ်မက်ထဲမှာဖြစ်ပေမဲ့ ‘အဲဒီလူ’အပေါ်မှာထားရှိတဲ့ အတိတ်ဘဝက-ကလျာ့ရဲ့မေတ္တာကို
     ခုဘဝထိ ခံစားမိနေတုန်း ။ အတိတ်ဘဝတုန်းက ကိုစွမ်းရှင်နောင်ဆိုတဲ့‘အဲဒီလူ’ကို ကလျာ သိပ်ချစ်ခဲ့ပုံပဲ ။ ချစ်တယ်
     ဆိုတာနဲ့တင် လုံလောက်မယ်မထင်ဘူး ။ လေးစားမြတ်နိုးပြီး စွဲလမ်းနေတာမျိုး ။”
ခံစားချက်တို့ထဲ စီးမြောလိုက်ပါရင်း ပွင့်ပွင့်လင်းလင်းရင်ဖွင့်နေမိပြီးမှ ချောအိကလျာ ကိုသက်အောင်ကို အားနာသွားမိ၏ ။
- မိမိစကားတွေကြောင့် ကိုသက်အောင်ရဲ့ရင်ထဲ ဘယ်လိုခံစားနေရမလဲ …
ထိုအတွေးနှင့် ကိုသက်အောင်၏မျက်နှာကို အားတုံ့အားနာလှည့်ကြည့်မိတော့ ကိုသက်အောင်၏မျက်နှာ၌ မနာလိုအူတိုနေသည့် အရိပ်အယောင်တို့ စွန်းထင်နေခြင်းမရှိဘဲ နားလည်မှု ၊ စာနာမှုအပြည့်ရှိသည့် အပြုံးမျိုးကို တွေ့လိုက်ရသည် ။
   “ အစ်ကို နားလည်ပါတယ် ကလျာ ။ ဒီလောက်လေးစားစရာကောင်းတဲ့လူကို သူ့ချစ်သူဖြစ်တဲ့-သူကြီးသမီးလေးက ချစ်ခင်
     လေးစားနေတာ အမှားမဟုတ်ပါဘူး ။ ဒါပေမယ့်…အစ်ကို ပြောချင်တာက ဒါဟာ အတိတ်ကအရိပ်တစ်ခုပဲလေ ။ လက်ရှိနဲ့
     သက်ဆိုင်တာမှ မဟုတ်တာ ။ အတိတ်ကပုံရိပ်တစ်ခုကို အစစ်အမှန်ထင်ပြီး ပစ္စုပ္ပန်ထဲကို ဆွဲသွင်းလိုက်မယ်ဆိုရင် အနာ
     ဂတ်ဟာ ကပြောင်းကပြန်တွေ ဖြစ်ကုန်လိမ့်မယ် ။ အဲဒီလိုဖြစ်မှာကိုပဲ အစ်ကိုက စိုးရိမ်နေတာ ။
     - ကိုစွမ်းရှင်နောင်ကို လေးစားချစ်မြတ်နိုးတဲ့သူက အတိတ်ဘဝက ချောအိကလျာနွယ်ဆိုတဲ့မိန်းကလေးပါ ။ ဒါကို ဒီဘဝက-
    ကလျာက နက်နက်ရှိုင်းရှိုင်းသိမှဖြစ်မယ် ။ မဟုတ်ရင် ကောင်းကင်ကကြယ်တာရာကို လိုချင်တဲ့ ကလေးမလေးလိုမျိုး ကလျာ
    ခံစားနေရလိမ့်မယ် ။ မဖြစ်နိုင်မှန်း သိရဲ့သားနဲ့ ဘာဖြစ်လို့ စွဲလမ်းနေမှာလဲ ။ ကလျာ ခံစားရမှာကို အစ်ကိုက စိုးရိမ်လို့ပါနော် ။
    ဘာကြောင့်လဲဆိုတော့ ကိုစွမ်းရှင်နောင်ဆိုတဲ့-အဲဒီလူက ဒီဘဝမှာ ရှိမှမရှိနိုင်ဘဲ ။”
ကိုသက်အောင်က စကားကို အဆုံးသတ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ရှိုက်သွင်းလိုက်သည် ။
ကိုသက်အောင်၏ရင်ထဲ ဘာတွေဘယ်လို ခံစားနေရမလဲဆိုတာကိုတော့ ကလျာ တွေးမကြည့်ချင်တော့ ။ မတွေးဘဲ လည်း သိနေပါပြီ ။ ကိုသက်အောင်၏စိတ်တို့ ရှုပ်ထွေးနောက်ကျိသွားအောင် ကလျာ မပြုလုပ်ချင်ပါ ။ သို့ပေမယ့် အကြောင်းကံ ကိုက ထိုအတိုင်း ဖန်လာခဲ့ပြီ ။ ဖြစ်ရပ်အလုံးစုံကို ကိုသက်အောင် သိအောင် ဖွင့်ပြောပြမှဖြစ်တော့မည် ။ ကိုသက်အောင်ဟာ လည်း ထိုကိစ္စများကို သိထားသင့်သူတစ်ယောက်ပဲမဟုတ်လား ။
   “ ကိုသက်အောင် ပြောသလိုသာဖြစ်ရင် သိပ်ကောင်းမှာပဲ ။ ကိုစွမ်းရှင်နောင်ဆိုတဲ့လူကို အပြင်မှာ ရှိနေတယ်လို့သာ မတွေး
      မိရင် ကလျာ ဒီလောက် ခံစားရမှာမဟုတ်ဘူး ။ ကိုယ့်ကိုယ်ကို အရူးတစ်ယောက်လို သတ်မှတ်ပြီး ပါးစပ်ပိတ်နေခဲ့မိမှာ ။
      ဒီကိစ္စတွေကို အခုလို ဖွင့်ပြောဖြစ်မိမှာတောင် မဟုတ်ဘူး ။ အခုတော့…အဖြစ်မှန်က ထင်ထားတာထက် ပိုဆန်းကြယ်နေ
      တယ် ကိုသက်အောင် ။ ဟူး…ကိုသက်အောင်ကို ပြောပြရင် ယုံချင်မှယုံလိမ့်မယ် ။”
   “ ပြောပါ ကလျာရယ် ။ ကလျာ ပြောသမျှကို အစ်ကို ယုံကြည်နေသားပဲ ။ ဆင်ပြောင်ကြီး အမြီးကျမှ မ‘တစ်’နဲ့တော့ကွာ ။”
ချောအိကလျာက ပြောမလိုလုပ်ပြီးမှ အသံတိတ်သွားသဖြင့် ကိုသက်အောင် မချင့်မရဲဖြစ်သွားပုံရသည် ။ ထူထဲထဲမျက်ခုံးနှစ်ဖက် ကို ကျုံ့ကာ စူးစူးကြီးစိုက်ကြည့်ရင်း ဆို၏ ။
အမှန်တော့ ကိုသက်အောင်ဟာလည်း ရွက်ကြမ်းရေကျိုရုပ်ရည်ပိုင်ရှင်တော့မဟုတ်ပါ ။ အသားညိုညို၊အရပ်ရှည်ရှည်နှင့် တည်ကြည်ရင့်ကျက်သော-ဣနြေ္ဒရှိသည့် ခပ်တည်တည်သမားဖြစ်ပေသိ မထူမပါးနှုတ်ခမ်းများကမူ မကြာခဏ ပြုံးရယ်နေတတ် သည် ။ တစ်ဖက်သားကို အားပေးရန် လိုအပ်သည့်အခါတိုင်း ထိုနှုတ်ခမ်းများမှ ချိုသာနုညံ့သော-စကားလုံးများ ထွက်ကျလာ တတ်သည် ။ သူ့ကို မြင်သူတိုင်းက ရည်မွန်လိုက်တာဟုခံစားမိကာ နှစ်သက်ခင်မင်သွားစေနိုင်သောရုပ်ရည်ပိုင်ရှင်မျိုး။ ယောက်ျား ပီသသော-သူ့ရုပ်သွင်ကို သူ့စိတ်နှလုံးက တင့်တယ်အောင် အလှဆင်နေသည် ။
ကိုသက်အောင်ကို ငေးမော့ကြည့်နေရာမှ ကလျာ သက်ပြင်းရှိုက်မိပြန်သည် ။ တွေဝေမှု ၊ စဉ်းစားရကျပ်မှု ၊ စိတ်ရှုပ် ထွေးမှုတွေက ကလျာ့နှလုံးအိမ်မှာ ခုန်ပေါက်ပြေးလွှားနေကြပြီ ။ ဒီကိစ္စတွေအားလုံး ကိုသက်အောင်ကို အမှန်အတိုင်း ပြောသင့် ရဲ့လား…လျှို့ဝှက်ထားရကောင်းမလားဆိုတာကို ဝေခွဲမရဖြစ်နေပြီ ။ သို့ပေမယ့် … ကိုသက်အောင်ဟာ ကလျာအဖို့ အစ်ကိုတစ် ယောက် ၊ သူငယ်ချင်းတစ်ယောက်လိုလည်း ခင်မင်ရင်းနှီးနေသူဖြစ်၍ လျှို့ဝှက်ထားရန် စိတ်ကူးမရှိတော့ဘဲ အမှန်အတိုင်း ဖွင့် ပြောဖြစ်သွားခဲ့သည် ။
   “ ဒီလိုပါ ကိုသက်အောင် ။ မနေ့က ဘုရားရှိခိုးအပြီးမှာ ကလျာ သူ့ကို ရင်ပြင်တော်ပေါ်မှာ ရိပ်ခနဲတွေ့လိုက်ရတယ် ။ ခဏ
     လေးဆိုပေမယ့် သူ့မျက်နှာကို ကလျာ မှတ်မိတယ် ။ ဘယ်လိုမှ မမှားနိုင်ဘူး ။ သူမှသူစစ်စစ်……”
   “ ဘယ်လို…! ”
ချောအိကလျာ၏စကားက ကိုသက်အောင်ကို အံ့အားသင့်သွားစေသည် ။ နောက်ပြီး တုန်လှုပ်ချောက်ချားသွားစေသည် ။
- ကလျာတစ်ယောက် အိပ်မက်ရဲ့လွှမ်းမိုးမှုကြောင့် မရှိတဲ့အရာတွေကို ရှိတယ်လို့ ထင်ကုန်ပြီလား ။ ဒါမှမဟုတ် ဒီဒေသကို
  တွယ်တာနေတဲ့ ကိုစွမ်းရှင်နောင်ရဲ့ဝိညာဉ်က ကလျာ့အိပ်မက်တွေကို နှိုးဆော်ထကြွအောင် ပြုလုပ်နေခြင်းပဲလား…
တွေးရခက်လှပါ၏ ။ အဖြေမှန်ဟာ ဘာဖြစ်မလဲဆိုတာကိုတော့ အချိန်ကပဲ အဆုံးအဖြတ်ပေးနိုင်လိမ့်မည်သာ ။
   “ ကိုသက်အောင် ဘာတွေတွေးနေသလဲဆိုတာ ကလျာ သိပါတယ် ။ ကလျာကိုယ်တိုင်လည်း မယုံကြည်နိုင်လောက်အောင်
      အံ့သြသွားခဲ့ရတယ် ။ ဒါပေမယ့် ကလျာ မြင်လိုက်ရတာ တကယ်ပါ ။ သူ့မျက်နှာက အိပ်မက်ထဲကထက်ကို ဖြူစင်ချောမော
      နေတယ် ။ သူက ဝိညာဉ်လိုပဲ ။ ရိပ်ခနဲမြင်လိုက်ရပြီး ဖျတ်ခနဲပျောက်ကွယ်သွားတယ် ။ ကလျာတော့ မတွေးတတ်တော့ဘူး
      ကိုသက်အောင်ရယ် ။ ဘယ်လိုပဲဖြစ်ဖြစ် … ကလျာလေ … သူ့နဲ့ တစ်ခါလောက် တေ့တေ့ဆိုင်ဆိုင်ဆုံဖူးချင်မိတယ် ။ ဒါမှပဲ
      ကလျာရဲ့ခံစားချက်အစစ်အမှန်က ‘ဘာ’ဆိုတာ ကလျာ နားလည်နိုင်မှာ ။”
ချောအိကလျာ၏စကားအဆုံး၌ ကိုသက်အောင်၏သက်ပြင်းချသံမျှင်မျှင်က တိုးညင်စွာထွက်ပေါ်လာသည် ။
နောက်ကျိရှုပ်ထွေးစရာကောင်းသော-အတွေးပေါင်းစုံက ကိုသက်အောင်ကို ညှင်းပန်းနှိပ်စက်နေပြီ ။ ချစ်ရသူလေး၏ စိတ်ခံစားချက်ကို နားလည်သလို ထိုပြဿနာကို မည်သို့ ကူညီဖြေရှင်းပေးရမလဲဆိုတာကိုလည်း ကိုသက်အောင် စဉ်းစားနေမိ သည် ။ စိတ်ညစ်ညူးစွာဖြင့် ချောအိကလျာ၏မျက်နှာကို ခပ်ဆွေးဆွေးငေးကြည့်လိုက်မိတော့ ချစ်သူလေး၏မျက်နှာသည် ထွန်း တောက်စ,နေရောင်အောက်မှာ ရှင်းသန့်တင့်တယ်နေပြီး အဝေးသို့ငေးလျက် ကြည်ကြည်နူးနူးပြုံးနေသည့်-နှုတ်ခမ်းဖူးလေးများ က နှင်းဆီငုံလေးတစ်ပွင့်ပမာ ရှုမငြီးဖွယ်ရာ ။ သူမ၏စိတ်တွေက အတိတ်ကိုပဲ ရောက်ရှိနေလေသလား…။ ဖြောင့်ထားသော ဆံနွယ်အိများကို ဦးခေါင်းနောက်တွင် သပ်သပ်ရပ်ရပ်စည်းနှောင်ထားတတ်သော-ချောအိကလျာ၏အလှမှာ ရှေးခေတ်မြန်မာ အမျိုးသမီးငယ်တစ်ယောက်နှယ် ။
ယခုမှ သတိပြုမိသည် ။ ချောအိကလျာ၏အပြင်အဆင်များက ယခင်ကနှင့် မတူတော့ ။ ယခင်က ခေတ်ဆန်ဆန်ပြုမူ နေထိုင်တတ်သူ-ကလျာဟာ ယခုများတော့ ဆံပင်ကို ဖားလျားမချဘဲ စည်းနှောင်ထားတတ်နေပြီ ။ ကလျာ မြင်မက်နေသော အိပ်မက်များက ကလျာ့အလှတရားကိုပင် အရောင်ပြောင်းစပြုနေပြီ ။ အတိတ်ဟောင်းအိပ်မက်စက်ဝိုင်းထဲသို့ ကလျာ လုံးလုံး လျားလျား မကျရောက်သွားခင် ကိုသက်အောင် မရမကဆွဲခေါ်မှဖြစ်တော့မည် ။
သို့ကြောင့်…ခရီးကအပြန်မှ ဖွင့်ပြောရန် ကြံရွယ်ထားသောစိတ်ကူးကို လျစ်လျူရှုပြီး ယခုပင်ဖွင့်ပြောလိုက်မည်ဟု ကိုသက်အောင် ဆုံးဖြတ်လိုက်သည် ။ အစွဲအလမ်းကြီးသော သူမကို အချစ်နှင့်စွဲလမ်းမှုတို့ မတူညီသည့်အကြောင်း ကွဲကွဲပြားပြား နားလည်အောင် ရှင်းပြရပေဦးမည် ။
   “ ကလျာ…”
   “ ဘာပြောမလို့လဲ…ကိုသက်အောင်”
   “ ကလျာ့ကို ဖွင့်ပြောချင်တာတော့ ကြာပါပြီ ။ ဒါပေမယ့်…ပြောသင့်မပြောသင့် တွေဝေနေခဲ့တယ် ။ အခုတော့…ဖွင့်ပြောမှဖြစ်
      တော့မယ် ။ အစ်ကို…ကလျာ့ကို ချစ်တယ် ။ ညီမလေးတစ်ယောက်လိုရော ချစ်သူတစ်ယောက်လိုပါ ချစ်တာ ။ ဒီအချိန်မှာ
      ဖွင့်ပြောဖို့ သင့်ရဲ့လား မသိပေမယ့် အစ်ကို ကလျာ့ကို အဆုံးရှုံးမခံနိုင်လို့ ဆွဲခေါ်ထားခွင့် ရလိုရငြား ဖွင့်ပြောလိုက်ရတာပါ ။
      ဟို … ကလျာ့သဘောထားကရော ။”
   “………”
ကိုသက်အောင် ထိုသို့ ဖွင့်ပြောလိမ့်မည်မှန်း ကလျာ သိထားနှင့်ပြီးသားပါ ။ သို့ပေမယ့်…မျှော်လင့်ထားသည့်အချိန် မဟုတ်၍ အနည်းငယ်တော့ အံ့သြသွားသည် ။ နောက်ပြီး…ရှိုးတိုးရှန်းတန်းလည်း ဖြစ်သွားသည် ။ ကိုသက်အောင်၏မျက်နှာကို မော့ကြည့် နေရာမှနေ ကလျာ အယောင်ယောင်အမှားမှားနှင့် ခေါင်းငုံ့လိုက်မိသည် ။
နှစ်ဖက်လုံးက စကားမဆိုကြသဖြင့် စက္ကန့်ပေါင်းများစွာကို တိတ်ဆိတ်မှုက မင်းမူသွားသည် ။ ဘုရားပေါ်သို့တက်လာကြ သည့်-ခရီးသွားဧည့်သည်များ/ဘုရားဖူးဓမ္မမိတ်ဆွေများစွာက သူတို့နှစ်ဦးရှေ့မှ ဖြတ်လျှောက်သွားကြသည်ကို သိပေမယ့် ချောအိ ကလျာ မော့မကြည့်မိ…။ အတွေးတစ်ခုကိုသာ လေးလေးနက်နက်တွေးရင်း ငြိမ်သက်နေမိ၏ ။
   “ အစ်ကို့စကားကြောင့် ကလျာ စိတ်အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်ဆိုတာ အစ်ကို သိပါတယ် ။ ဒါပေမယ့် ကိုယ့်အတွေး
     လေးကိုလည်း ကလျာ သိအောင် ရင်ဖွင့်ပါရစေဦး ။ ကလျာ့အပေါ် အစ်ကို မေတ္တာရှိနေတယ်ဆိုတာကို ခရီးထွက်လာတဲ့
     လမ်းတလျှောက်လုံး ကလျာလည်း သတိထားမိမယ်လို့ အစ်ကို ထင်တယ် ။ ပြောပါဦး…။ အစ်ကို့ရဲ့မေတ္တာကို ကလျာ
     ကိုယ်တိုင်လည်း ခါးခါးသီးသီးကြီးမငြင်းချင်ခဲ့ဘူး မဟုတ်လား ။ ဒါဆိုရင် ဘာဖြစ်လို့ တွေဝေနေရတာလဲ ကလျာရယ် ။
     အတိတ်ဘဝက ချစ်သူကို အားနာတဲ့စိတ်ကြောင့် ပစ္စုပ္ပန်ကလူနှစ်ယောက်ရဲ့နှလုံးသားကို စတေးဖို့ မစဉ်းစားလိုက်ပါနဲ့
     နော် ။ အတိတ်ဘ၀ဆိုတာ ဟိုးအဝေးမှာ ကျန်ရစ်ခဲ့ပြီပဲ ။ ပစ္စုပ္ပန်မှာ နေထိုင်နေသူအတွက်ကတော့ အတိတ်ဆိုတာ
     လက်ရှိအချိန်ထိ သယ်ဆောင်မလာဘဲ ချန်ထားခဲ့သင့်တဲ့အရာတစ်ခုလေ ။ ကလျာ ဘာဖြစ်လို့ အတိတ်မှာ နေ,နေရ
     တာလဲ ။ ပစ္စုပ္ပန်က ကိုယ့်ကိုကြည့်ပြီး ကလျာ အဖြေတစ်ခုခုကိုပြောဖို့ အစ်ကို တောင်းဆိုပါတယ် ။ ပြောပါဦး ကလျာ
     ရယ် ။ ခေါင်းကြီးကို ငုံ့မထားပါနဲ့ကွာ ။ ကိုယ့်ကို မော့ကြည့်ပါဦး ။ ကလျာ့အတွက် ကိုယ်က နည်းနည်းလေးတောင်မှ
     စိတ်လှုပ်ရှားစရာမကောင်းလို့လား ။”
ကိုသက်အောင်က အတင်းအကြပ်ခိုင်းစေခြင်းမဟုတ်သော်လည်း သူ့စကားကို ချောအိကလျာ မလွန်ဆန်နိုင်၍ သူ့ကို မော့ကြည့်မိ သည် ။ သူကလည်း ကလျာ့ကို မျှော်လင့်ချက်လဲ့လဲ့အကြည့်တို့နှင့် ပြန်လည်စိုက်ကြည့်နေသဖြင့် ကလျာ ရင်ခုန်သွားသည် ။
အချစ်ဆိုသည့်အရာက ဆန်းကြယ်လွန်းသဖြင့် သြချလောက်စရာ ။ ကလျာလည်း ကိုယ့်ကိုယ်ကို နားမလည်နိုင်တော့  ပါ ။ အိပ်မက်ကတဆင့် အတိတ်ဘဝ၏ချစ်သူဖြစ်သော-ကိုစွမ်းရှင်နောင်ကို ရူးရူးနှမ်းနှမ်းစွဲလမ်းနေသည်မှန်ပေမယ့် တစ်ဖက်မှာ လည်း ပစ္စုပ္ပန်ဘဝထဲက မိမိကို မြတ်နိုးနေသူ-ကိုသက်အောင်အပေါ်မှာ ခံစားချက်တွေ ရှိနေပြန်သည် ။ ထိုခံစားချက်တို့ကို အချစ်ဟု ခေါင်းစဉ်တပ်လိုက်ရမလား…ကလျာလည်း ခွဲခြား၍မတတ်တော့ပြီ ။ ကိုသက်အောင်၏မျက်ဝန်းတွေကို စေ့စေ့စိုက် ကြည့်ရင်း ကိုယ့်ကိုယ်ကို ပြန်မေးမိသည် ။ မသိပါ ။ ဝေခွဲမရ … ။
   “ အာ…! ကိုသက်အောင်ကလည်း…တကယ်ပါပဲ ။ ဘုရားပေါ်မှာ ဒါတွေ ပြောနေရသလား ။ မေးနေရလား ။”
   “ အစကတော့ အစ်ကိုက အပြန်ကျမှ romanticဆန်ဆန်လေး ဖန်တီးပြီး propose လုပ်မလို့ပါ ။ ဒါပေမယ့်…ကလျာရဲ့စိတ်တွေ
      က အတိတ်ကို ယိမ်းယိုင်စပြုနေပြီဆိုတာကို သိလိုက်ရတော့ အချိန်မီ ဆွဲထားမှဖြစ်မယ်လို့ တွေးလိုက်မိတယ် ။ အဲဒါကြောင့်  
      နောက်ကျသွားမှာစိုးရိမ်လို့ အခုလို ဘုရားပေါ်မရှောင်ဘာမရှောင် ဖွင့်ပြောလိုက်မိတာပါ အဟင်း … ။ စိတ်အနှောင့်အယှက်
      ဖြစ်သွားခဲ့ရင် အစ်ကို  တောင်းပန်တယ်နော် ။ ဘယ်လိုလဲဟင်…။ ကိုယ့်အတွက်အဖြေက No-ပဲလား ။ အစ်ကိုက ကိုစွမ်းရှင်
      နောင်ဆိုတဲ့ ကလျာ့အတိတ်ကချစ်သူနဲ့ ဘယ်လိုမှ ယှဉ်လို့မရတော့ဘူးလား ။”
ကိုသက်အောင်က ထိုစကားကို မျက်နှာညှိုးညှိုး အသံတိမ်တိမ်ဖြင့် တိုးဖွဖွရေရွတ်လိုက်သည် ။ အတော်လည်း စိတ်ထိခိုက်နေပုံ ပေါက်သည် ။
ကိုသက်အောင်၏ရေရွတ်ပြောဆိုသံများက ချောအိကလျာ့နှလုံးသားကို ရိုက်ခတ်သွားသည် ။ တဆက်တည်းမှာပဲ ဖျင်းခနဲ နာကျင်သွားစေသည် ။ မဟုတ်ပါ…။ နှလုံးအိမ်မှ ပွင့်အန်ထွက်လာသော-အော်သံက အငြင်းဝါကျ ။ ချက်ချင်းပင် ဇဝေဇဝါ အတွေးတို့သည် ကွဲကွဲပြားပြားဖြစ်သွားခဲ့ရပြီ ။
အိပ်မက်ထဲမှ‘လူ’အပေါ် ခံစားမိနေသည့်စိတ်က စွဲလမ်းစိတ်တစ်ခုမျှ ။  ကိုစွမ်းရှင်နောင်ကို ချစ်သည့်အချစ်မှာ အတိတ် ဘ၀က ကလျာအဖြစ်နှင့်သာ ။ ယခုလက်ရှိဘ၀၌တော့ မိမိကို မြတ်မြတ်နိုးနိုးချစ်နေသော ကိုသက်အောင်သာလျှင် မိမိအဖို့ အသင့်တော်ဆုံးဖြစ်သလို ကလျာကိုယ်တိုင်လည်း စိတ်သဘောပြည့်ဝသူ-ကိုသက်အောင်အပေါ်မှာ တန်ပြန်မေတ္တာသက်ဝင်နေမိ ပါပြီ ။
ကိုစွမ်းရှင်နောင်ဟာ ချောအိကလျာ၏ဘ၀ထဲကို မည်သို့မျှ ရောက်ရှိမလာနိုင်တော့သူ…။ မျက်မှောက်ဘဝတွင် ကိုစွမ်း ရှင်နောင်ကို ရုတ်တရက် တွေ့မြင်ဖူးလိုက်သည်မှန်ပေမယ့် မည်သို့ပင်ဖြစ်ပါစေ…သူဟာလည်း အတိတ်ဘဝက ကိုစွမ်းရှင်နောင် မဖြစ်နိုင်တော့ ။ သူ့ကို ယခုချိန်မှာ ဘဝတစ်မျိုး သို့မဟုတ် ပုံစံတစ်မျိုးဖြင့်  ထပ်မံဆုံဆည်းဦးတော့…ကလျာဟာလည်း အတိတ် ဘဝက ကလျာမှ မဟုတ်တော့ဘဲလေ ။
ဘဝတွေက ခြားနားသွားခဲ့ပြီ ။ အတိတ်ကို စွဲလမ်းတွယ်ဖက်နေရန် မသင့်တော့ ။ အတိတ်ကို အတိတ်မှာပဲ ချန်ထားရစ်သင့်ပြီမှန်း ချောအိကလျာ သဘောပေါက်ခဲ့ပါပြီ ။ နောက်ပြီး ပစ္စုပ္ပန်ဘ၀အတွက် သင့်တော်သည့် ဘဝလက်တွဲဖော်ကို လည်း ကလျာ့နှလုံးသားက မှန်မှန်ကန်ကန်ရွေးချယ်လိုက်နိုင်ပြီ မဟုတ်ပါလား ။
ချောအိကလျာက အဖြေကို လေးလေးနက်နက်တွေးလျက်ရှိမှန်း သိသဖြင့် ကိုသက်အောင်ကလည်း အလိုက်သိစွာ ငြိမ် သက်နေမိသည် ။ ကလျာ့ထံမှ ဘယ်လိုအဖြေမျိုးဖြစ်နေပါစေ…ကျေကျေနပ်နပ်ခံယူမည် ။ အငြင်းစကားဖြစ်နေဦးတော့… သူငယ် ချင်းသံယောဇဉ်/မောင်နှမလိုသံယောဇဉ်ကိုတော့ ဖြတ်တောက်မည်မဟုတ်ဟု ကိုသက်အောင် တွေးထားမိသည် ။ ထိုအခိုက် ကလျာ့နှုတ်ခမ်းနှစ်လွှာ ပွင့်အာလာသည် ။
  “ ကိုသက်အောင် ထင်သလို မဟုတ်ပါဘူး ။ တကယ်တော့ ကိုစွမ်းရှင်နောင်-ဆိုတဲ့လူကို အတိတ်ဘ၀က-ချောအိကလျာအဖြစ်နဲ့
    ကလျာ ချစ်မိခဲ့တာပါ ။ တစ်နည်းအားဖြင့် အိပ်မက်တွေရဲ့လွှမ်းမိုးမှုကြောင့် စွဲလမ်းနေခဲ့တဲ့သဘောပေါ့ ။ ဒါကို အစက ကလျာ
    ကိုယ်တိုင်လည်း နားမလည်နိုင်ခဲ့ဘူး ။ အခုမှပဲ ကိုသက်အောင်ရဲ့စကားတွေကြောင့် ကလျာ သဘောပေါက်သွားတာ ။ ဟုတ်
    တယ်နော် ။ အတိတ်ဆိုတာကို အတိတ်မှာပဲ ထားရစ်ခဲ့ရမှာပေါ့ ။ အတိတ်ကို ပစ္စုပ္ပန်ထဲဆွဲသွင်းရင် အနာဂတ်ဟာ တိမ်းစောင်း
    ကုန်မှာပေါ့ ။ ဒါကို ကလျာ လေးလေးနက်နက် နားလည်သွားပြီ ။ နောက်ပြီး ဒီဘဝမှာ ဘယ်သူ့ကို ချစ်မိနေသလဲဆိုတာကို
     လည်း ကလျာ ရှင်းရှင်းလင်းလင်းသိလိုက်ရပြီ ။ တကယ်တော့…ကလျာ ဒီဘ၀မှာ ချစ်မိနေတာက …”
ချောအိကလျာက စကားကို အဆုံးမသတ်ဘဲ ရှက်စနိုးအမူအရာလေးဖြင့် ကိုသက်အောင်ကို မော့ကြည့်သည် ။ မူယာမာယာပို ဟန်ဖြင့် ‘ညိုမြ’လုပ်နေခြင်းမျိုး မဟုတ်ဘဲ စိတ်ထဲ အလိုလိုပြောမထွက်ဘဲ ရှက်ရွံ့ရွံ့ဖြစ်နေခြင်းဖြစ်၏ ။ ကိုသက်အောင်နှင့် သူငယ်ချင်းလို/မောင်နှမလို ခင်မင်နေခဲ့သည်မှာ ကြာပြီဖြစ်ပေမယ့် ‘ချစ်တယ်’ဆိုသောစကားတစ်ခွန်းကို တုံ့ပြန်ဖို့ရာကျ ကလျာ နှုတ်တွန့်နေမိသည် ။
   “ အဲဒီလို တိုးလို့တန်းလန်းကြီးတော့ မထားခဲ့နဲ့လေ ကလျာရယ် ။ ပြောပါဦး ။ အစ်ကို ဝမ်းသာရတော့မှာလား ။ ဒီဘဝမှာ
     ကလျာ ချစ်မိနေတာက ဘယ်သူများလဲ ။”
   “ ပြောရမှာ တစ်မျိုးကြီးဖြစ်နေလို့ ။ ဟို…အဲဒီလူက ကိုသက်အောင်ပေါ့ …။”
   “ ဟာ…တကယ်…! ၀မ်းသာလိုက်တာ ကလျာရယ် ။ အစ်ကို့မှာ ကလျာ တွေဝေပြီး ငြင်းလိုက်မှာကို စိုးရိမ်နေတာ ။
     ကလျာ အခုလို ရှင်းရှင်းလင်းလင်းသိသွားတဲ့အတွက် အရမ်းဝမ်းသာတာပဲ ။ ကလျာ ယုံချင်မှ ယုံလိမ့်မယ် ။ ကိုယ့်
     ဘက်ကိုယ် ယက်တယ်လို့ ထင်မှာစိုးလို့ အစ်ကို ပြောမထွက်ခဲ့တာ ။ အမှန်တော့ ကလျာက ကိုစွမ်းရှင်နောင်အပေါ်
     ချစ်မိနေတာမဟုတ်ဘဲ အိပ်မက်တွေရဲ့လွှမ်းမိုးမှုကြောင့် စွဲလမ်းနေတာမှန်း အစ်ကိုက ရိပ်မိပြီးသား ။ ကလျာ ချစ်တာ
     ဘယ်သူလဲဆိုတာလည်း အစ်ကို သိပြီးသား ။ ကလျာ့စိတ်ကို အစ်ကိုက ပိုပြီးနားလည်တယ်လို့ဆိုရင် ပိုတယ်ထင်မှာပဲ
     နော် ။ ဟူး … တော်သေးတာပေါ့ကွာ ။ အခုမှပဲ ရင်ထဲက အလုံးကြီး ကျသွားတော့တယ် ။”
စောစောက လငပုပ်ဖမ်းသလို အုပ်မှိုင်းညိုမည်းနေခဲ့သော ကိုသက်အောင်၏မျက်နှာကြီးမှာ ရုတ်ချည်းဆိုသလို နေခြည်ဖြာသော ကောင်းကင်ပြင်ပမာ ဖြူစင်တောက်ပသွားသည် ။ ကိုသက်အောင်ကိုကြည့်ရသည်မှာ သိန်းဆုပေါက်သကဲ့သို့ ၀မ်းသာပျော်မြူး သွားပုံရသည် ။
သို့ပေမယ့် ချောအိကလျာ၏မျက်နှာကတော့ အနည်းငယ် နီမြန်းနေရုံကလွဲ၍ ၊ ကိုသက်အောင်၏စကားများကြောင့် အနည်းငယ် ပြုံးလိုက်မိရုံကလွဲ၍ ယခင်ကအတိုင်း ခပ်မှိုင်မှိုင်နှင့် အပြောင်းအလဲ မရှိ ။ တစ်စုံတစ်ခုကို တွေးဆရင်း ဆုံးဖြတ်ချက် ချနေဟန်…။ တွေဝေမှုတို့ လွင့်ပြယ်သွားပေမယ့် သံယောဇဉ်လက်ကျန်ကတော့ အမြစ်မပြတ်သေးဟန် ။
   “ သိပ်ဝမ်းမသာပါနဲ့ဦး ကိုသက်အောင်ရယ် ။ ကလျာ ပြောစရာကျန်သေးလို့ပါ ။”
   “ ဘာပြောမလို့လဲ ကလျာ ။ အားလုံး ရှင်းသွားပြီမဟုတ်ဘူးလား…”
   “ ကလျာလေ ကိုသက်အောင်ကို လေးစားခင်မင်စိတ်နဲ့ ချစ်မိနေတာမှန်ပေမယ့် တစ်ဖက်မှာလည်း အတိတ်ရဲ့အိပ်မက်တွေက
     ကလျာရဲ့ဘ၀တစ်ဝက်လောက်ကို လွှမ်းခြုံလာခဲ့တာဆိုတော့ အိပ်မက်ထဲက ကိုစွမ်းရှင်နောင်ကိုလည်း ဘယ်လိုမှမေ့မရဘူး
     ဖြစ်နေတယ် ။ ကလျာလေ သူနဲ့ အပြင်မှာ တစ်ခါလောက်ဖြစ်ဖြစ် တေ့တေ့ဆိုင်ဆိုင်ဆုံချင်လိုက်တာ ။ ဒါမှပဲ အတိတ်ဘဝက
     ကိစ္စကို ကလျာ ဖြေရှင်းပြနိုင်မှာ ။ အတိတ်ဘဝတုန်းက ကလျာ သူ့ကို မစောင့်ဘဲနဲ့ အိမ်ထောင်ပြုလိုက်မိတဲ့ကိစ္စကိုပေါ့ ။
     ဒီကိစ္စအပေါ် မကျေနပ်လို့များ သူ  ကလျာ့ကို ကိုယ်ထင်ပြခဲ့သလား မသိဘူး ။”
   “ ဘယ်လို…! ဒါ…ဒါဆို ဟိုတစ်နေ့ကမြင်လိုက်ရတာက သူ့ဝိညာဉ်ပေါ့ ။ ဟုတ်လား…ကလျာက အဲဒီလိုယူဆတာလား ။”
   “ ဟုတ်တယ်…ကိုသက်အောင် ။ အဲဒီလိုပဲဖြစ်နိုင်တယ် ။ ကိုသက်အောင်ကတော့ ကလျာ အမြင်မှားတာလို့ ထင်ချင်ထင်
     လိမ့်မယ် ။ ဒါပေမယ့် ကလျာ ယုံတယ် ။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ကလျာ လာဖူးနေတဲ့အခိုက်မှာ သူဟာ
     လည်း ဘယ်လိုဘ၀နဲ့ပဲဖြစ်ဖြစ် ကလျာ့ဆီကို မရောက်ရောက်အောင် လာလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့…ကလျာ
     တို့နှစ်ယောက် ဘုရားမှာ သစ္စာပြုခဲ့ကြလို့ပဲ ။ ဟိုလေ… သစ္စာပြုတယ်ဆိုတာကို ကိုသက်အောင် ဘယ်လိုနားလည်ထား
     လဲဟင် ။ ယုံရောယုံကြည်ရဲ့လား ။”
   “ ယုံပါတယ် ကလျာ ။ မှန်ကန်တဲ့စကားကို တိုင်တည်ပြီး တောင်းဆုပြုတာကို သစ္စာပြုတယ်လို့ ကိုယ် ကြားဖူးတယ် ။”
   “ ဟုတ်တယ် ကိုသက်အောင် ။ ကလျာနဲ့ကိုစွမ်းရှင်နောင်တို့ဟာလည်း အတိတ်ဘဝတုန်းက သစ္စာပြုခဲ့ကြတယ် ။ ဟိုး
     အဝေးတစ်နေရာကနေ ဒီဆံတော်ရှင်ဘုရားကြီးကို ရည်စူးဖူးမြော်ပြီး သစ္စာပြုခဲ့ကြတာ ။ ဤဘ၀၌ ဘုရားတပည့်တော်
     နိုင်စွမ်းရှင်နောင်နှင့် ဘုရားတပည့်တော်မ-ချောအိကလျာနွယ်တို့သည် ဘုရားရတနာ တရားရတနာ သံဃာရတနာ……
     ရတနာမြတ်သုံးပါးကို ဦးထိပ်ပန်ဆင်ကာ ကြည်ညိုကိုးကွယ်ခဲ့ပါသည် ။ ဤမှန်ကန်သောသစ္စာစကားကြောင့် ဘ၀ဆက်
     တိုင်း ဤဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်အား အတူတကွ ဖူးမျှော်နိုင်ရပါလို၏ဘုရား-လို့ တိုင်တည်သစ္စာပြု
     ခဲ့ကြတယ်လေ ။”
ချောအိကလျာက အတိတ်ကအကြောင်းတို့ကို တွေးလျက် ဆွေးဆွေးမြေ့မြေ့ပြောနေရင်း နံဘေးသို့ လှည့်ကြည့်မိတော့ ကိုသက် အောင်၏မျက်နှာက စောစောကလို ပြုံးရွှင်မနေတော့ဘဲ ပူပန်စိုးရိမ်စိတ်အချို့ကြောင့် ညိုမည်းသွားပြန်သည် ။
   “ ဟင်…ကိုသက်အောင်ရဲ့မျက်နှာ-ရာသီဥတုကလည်း အပြောင်းအလဲမြန်လှချည်လား ။ စောစောကတင် နေပူပြီး အခုကျ
     မိုးအုံ့လို့ ။ ဟင်းဟင်း…နောက်တာပါ ကိုသက်အောင်ရယ် ။ စိတ်မပူပါနဲ့ ။ ကလျာက စိတ်အပြောင်းအလဲမြန်တဲ့သူ မဟုတ်
     ပါဘူး ။ နောက်ပြီး…ကလျာ့ရင်ထဲက ခံစားချက်အစစ်အမှန်ကို ကလျာ နားလည်သွားပါပြီ ။ ဒါ့ကြောင့် ဘယ်တော့မှ
     ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ ကိုသက်အောင် ယုံပေးပါနော် ။ ကဲပါ…ကလျာတို့ ဒီကိစ္စကို ခဏမေ့ထားလိုက်ရအောင် ။
     ဒီကိုရောက်တုန်း သူငယ်ချင်းတွေနဲ့အတူ ကုသိုလ်ရေးကို ပျော်ပျော်ပါးပါး လုပ်ကြတာပေါ့ ကိုသက်အောင်ရယ် ။ လာပါ -
     ကလျာတို့ကို ရှောင်ပေးရလွန်းတဲ့-ဟိုအဖွဲ့လည်း အခုလောက်ဆို ဗိုက်ဆာနေလောက်ရောပေါ့ ။ သွားကြစို့ ။ ကလျာလည်း
     ဗိုက်ဆာနေပြီ ။”
ချောအိကလျာက ထိုင်နေရာမှ အရင်ထပြီး ကိုသက်အောင်၏အင်္ကျီစကို အသာဆွဲကာ ခေါ်လိုက်တာကြောင့် ကိုသက်အောင် လည်း စောစောကကိစ္စအားလုံးကို ခဏမေ့ထားလိုက်ပြီး ထိုင်ရာမှ မတ်တတ်ထရပ်လိုက်သည် ။
ကိုသက်အောင်နှင့်ချောအိကလျာတို့နှစ်ယောက် စကားထိုင်ပြောနေသည့်နေရာက ပေ(၄၀)တည်းခိုဆောင်ရှေ့ရှိ ထိုင်ခုံ တန်းတစ်ခုပေါ်တွင်ဖြစ်၏ ။ လူစည်ကားချိန်ဖြစ်၍ ရင်ပြင်တော်ပေါ်တွင် ရောင်စုံလူတို့ ပုခုံးချင်း တိုက်လုမတတ် သွားလာနေကြ သည် ။ သူငယ်ချင်းမှ တဆင့်တက်ကာ ချစ်သူများဖြစ်သွားခဲ့ရသော-ကိုသက်အောင်တို့စုံတွဲသည်လည်း ယခုမှ အဖြေပေးသော-ပူပူနွေးနွေးစုံတွဲလေးဖြစ်၍ ပူးပူးကပ်ကပ်မရှိဘဲ ပြုံးစိစိနှင့် ခပ်အေးအေးရယ် ။
ကလျာကလည်း အိပ်မက်ပြဿနာအတွက် ခေါင်းရှုပ်လျက်ရှိဆဲမို့ ထိုကိစ္စ အမြစ်ပြတ်မှသာ သူတို့နှစ်ယောက် အကြောင်း စဉ်းစားလိုစိတ်ရှိသလို ကိုသက်အောင်ကလည်း တစ်ဖက်သားအပေါ် နားလည်ပေးတတ်သူပီပီ ချစ်ရသူကို စိတ် အနှောင့်အယှက်ဖြစ်အောင် မလုပ်လိုပေ ။ သို့ကြောင့်လည်း နှစ်ယောက်သား၏အနေအထားက ရင်ခုန်သံချင်းနီးလျက် အေးစက် စက်ဖြစ်နေဆဲ ။
နှစ်ယောက်အတူ ဘေးချင်းယှဉ်ကာ သွားနေရသဖြင့် ကိုသက်အောင်မှာ ယောက်ျားတို့၏သဘာဝအတိုင်း ချစ်သူ၏ လက်ဖဝါးလေးကို ဆွဲကိုင်ထားလိုက်ချင်၏ ။ သို့ပေမယ့် ဘုရားပေါ်တွင် မသင့်တော်မည်ကိုစိုးသည်ကတစ်ကြောင်း ၊ ကလျာ စိတ်ဆိုးသွားမှာကို ကြောက်သည်ကတစ်ကြောင်းကြောင့် လက်နှစ်ဖက်ကို လူကြီးဆန်ဆန်နောက်ပစ်ပြီး တူယှဉ်တွဲကာ ဆက် လျှောက်လာလိုက်တော့၏ ။
ÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒ
ချောအိကလျာတို့စုံတွဲ အဆင်ပြေသွားချိန်၌ မြတ်စုတို့တစ်သိုက်ကတော့ ကျိုက်ထီးရိုးဆံတော်ရှင်၏ အောက်ရင်ပြင် တော်တွင် ဓာတ်ပုံများရိုက်ကာ ပျော်မြူးနေကြသည် ။ စေတီတော်ကိုလည်း အောက်မှနေ-ပင့်ပြီး ဓါတ်ပုံအမျိုးမျိုးရိုက်ယူကြသလို တစ်ဖက်တောင်တန်းများကိုလည်း မှန်ဘီလူးနှင့်ဆွဲယူပြီး ရှုခင်းဓာတ်ပုံများ ရိုက်ကူးနေကြသည် ။ အားလုံးထဲမှာ အသည်းပိုဆုံးက လမင်းအေး…။
   “ ဟဲ့…ကိုယ်တစ်ပိုင်းပုံနော် လှလှလေး ။ ဟင်…ရပြီလား ။ နေဦး…နေဦး…၂ပုံလောက် ထပ်ရိုက်ပေးဦး ။”
   “ အမလေး…မယ်မင်းကြီးမ တော်ပါတော့ ။ မကူးရတိုင်း စွတ်ရိုက်မနေနဲ့ ။ ကွန်ပျူတာ မဆံ့ဘဲဖြစ်နေမယ် ။”
ကြမ်းခင်းကျောက်ပြားပေါ်တွင် ထိုင်နေကြသူများထဲမှ လမင်းအေးကို မျက်စိနောက်လာသူ-ခတ္တာက လှမ်းအော်နောက်လိုက်ခြင်း ဖြစ်၏ ။ ကင်မရာမင်းန်-ပြည့်စုံတစ်ယောက်ကတော့ လမင်းအေး ရိုက်ခိုင်းသမျှကို မညည်းမညူနှင့် ရိုက်ပေးရှာသည် ။ ဘုန်းကြီးရူး နှင့် လှေလူးလို့ ဥပမာပေးရမလား မပြောတတ် ။ ပြည့်စုံကလည်း ကင်မရာမင်းန် လုပ်ချင်လွန်းသူဖြစ်သလို လမင်းအေးကလည်း အင်မတန်ဓာတ်ပုံအရိုက်ခံချင်သူ…။ သည်တော့လည်း နှစ်ယောက်သား ဟိုနားရိုက်လိုက် သည်နားရိုက်လိုက်နှင့်ပေါ့ ။
   “ ဟဲ့…နိုင်ငံခြားသားတွေ တော်တော်များတာပဲနော် ။”
ဖွေးစပယ်က ရင်ပြင်တော်တစ်ခုလုံးသို့ ဝေ့ဝဲအကဲခတ်ပြီး ရေရွတ်လိုက်သည် ။ ဖွေးစပယ်၏စကားကို ဇော်ရဲဦးက ခေါင်းညိတ် ထောက်ခံရင်း…
   “ ဟုတ်တယ်ဟ ။ သူတို့တွေ လာလေ့လာကြတာဖြစ်မယ် ။”
   “ အေး…လာလေ့လာကြတဲ့သူတွေ ပါသလို တချို့ကလည်း ဗုဒ္ဓဘာသာဝင်တွေဆိုတော့ လာပြီးဦးခိုက်ဖူးမြော်ကြတာပေါ့ ။
      မနှစ်-ဒီအချိန် ငါလာတော့ … ညဘက်မှာ ဂျပန်လူမျိုးတွေစုပြီး ဆီမီးတွေ ပူဇော်ရင်း ဘုရားကို ၀တ်ပြုနေတာ တွေ့ခဲ့ရ
      တယ် ။ တူညီဝတ်စုံအဖြူတွေနဲ့ အရမ်းကြည့်လို့ကောင်းတာပဲ ။ မိုက်ကရိုဖုန်းကိုင်ထားတဲ့ဘုန်းတော်ကြီးက တိုင်ပေးတဲ့
      ဘုရားစာကို နောက်ကလူတွေက ညီညီညာညာသံပြိုင်ရွတ်ပြီး ဘုရားစာဆုံးတော့ ပြိုင်တူကန်တော့ကြတယ်လေ ။
      ဒီမြင်ကွင်းက မြင်ရသူတိုင်းရဲ့ရင်ကို ကြည်လင်အေးချမ်းသွားစေမှာ အမှန်ပဲ ။ နိုင်ငံခြားသားတွေဆို သဘောကျလွန်း
      လို့ အဲဒီမြင်ကွင်းကို ဓာတ်ပုံတွေ ဝိုင်းရိုက်နေကြတာဟ ။”
   “ ဟယ်…တကယ်…! ကြည့်ချင်လိုက်တာ ။”
ခတ္တာ၏အပြောကို မြတ်စုက အာရုံထဲတွင် ပုံဖော်ကြည့်ရင်း ရှုချင်သွားပုံရသည် ။ သူမ ကြည့်ချင်ကြောင်းကို ထုတ်ပြောလိုက် သဖြင့်…
   “ အေး…နင်တို့ ကံကောင်းရင်တော့ ဒီည တွေ့ချင်တွေ့ရမှာကွ ။ ငါ လာတုန်းကလည်း ဒီလိုအချိန်ပဲလေ ။ အင်း…
     သေချာတော့ ငါလည်း မပြောတတ်ဘူး ။”
   “ ဟေ…ဟုတ်လား ။ ဒါဆို ညကျ ငါ ပုန်းနေမှပဲ ။ ဂျပန်မလေးတွေက ငါ့ကို တွေ့ပြီး သဘောကျကုန်ရင် ဒုက္ခ ။ စောစော
     ကတောင် နိုင်ငံခြားသူတစ်ယောက်…ရုရှားလား မသိပါဘူး ။ ငါကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဟိဟိ…”
ခတ္တာ၏စကားသံများပင် လေထဲ၌ အငွေ့မပျံသေးခင် မျက်နှာအတော်ပြောင်ချင်နေရှာသူ-ညီညီက စပ်ဖြီးဖြီးအမူအရာနှင့် ၀င်ပြော ၏ ။ သူ့စကားကြောင့် အားလုံးက အမလေးတ,သွားကြသလို မြတ်စုကလည်း နှုတ်ခမ်းကို တစ်တောင်လောက် စူပြလိုက်ပြီး…
   “ ဟုတ်မှာပါဟယ် ဟုတ်မှာပါ ။ ရုရှားမှာ ချင်ပန်ဇီ မတွေ့ဖူးလို့ သူ့ကို ခဏခဏလှည့်ကြည့်သွားတာ နေမှာပေါ့ ။”
ဟု ၀င်လှောင်လိုက်သလို စကားနည်းသူ-နိုင်ထူးကပင်…
   “ ချင်ပန်ဇီ မဟုတ်ဘူးကွ ။ မျောက်ဖင်နီ…”
ဟူ၍ ၀င်နောက်သဖြင့် ညီညီ ပါးစပ်ပိတ်သွားရသည် ။ အလှမက်သူ-နွယ်နီဟန်ကတော့ ပါးစပ်ကို လက်ဖြင့်ကွယ်ကာ ခပ်အုပ်အုပ် ရယ်ရင်း မလှမ်းမကမ်းက နိုင်ငံခြားသားခရီးသွားများကို ငေးကြည့်နေသည် ။
ရင်ပြင်တော်ပေါ်မှာ လူမျိုးကတော့ အစုံ…။ မြန်မာတွေကို သိပ်အရောမ၀င်သည့် အဖွဲ့အားတောင့်တောင့်နှင့် ထိုင်းလူမျိုး က အသက်ခပ်ကြီးကြီးအဒေါ်ကြီး(၄)/(၅)ယောက် ၊ ဧည့်လမ်းညွှန်ကို အင်္ဂလိပ်စကားတွေ ရွှန်းရွှန်းဝေအောင်ပြောပြီး တွေ့သမျှလူ ကို လိုက်နှုတ်ဆက်နေသည့် အနောက်တိုင်းသားရုပ်ရည်နှင့် ပြင်သစ်(French)လူမျိုးဟု ယူဆ၍ရသော အမျိုးသား(၃)ယောက် ၊ အောက်ကနေ စေတီတော်ကို ဓာတ်ပုံခဏခဏရိုက်နေသည့် တရုတ်(Chinese)လူမျိုး-အမျိုးသမီးငယ်(၂)ဦး ၊ လှေကားထစ်တစ်ခု တွင်ထိုင်ကာ စေတီတော်၏အောက်ခြေမြင်ကွင်းကို ငေးမော့စိုက်ကြည့်နေသည့် ဂျပန်လူမျိုး-အမျိုးသားငယ်တစ်ဦးနှင့် တစ်ကိုယ် တည်းထိုင်လျက် အင်္ဂလိပ်လိုရေးသားထားသော ကျိုက်ထီးရိုးစေတီတော်သမိုင်းကြောင်းစာအုပ်ကို အသည်းအသန်ဖတ်နေသည့် အင်္ဂလိပ်လူမျိုး-လူငယ်တစ်ယောက် ။
နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော-နွယ်နီဟန်က တစ်နေ့၌ ဧည့်လမ်းညွှန်လုပ်မည် ဟု စိတ်ကူးရှိသူပီပီ နိုင်ငံခြားသားခရီးသည်များကို အကဲခတ်နေခြင်းဖြစ်သည် ။
   “ အမယ်…နွယ်နီ - နင် အဲဒီလိုတော့ မဖြစ်သင့်ဘူးလေဟာ ။ ဇော်ရဲဦးကို အဖက်မလုပ်ဘဲ ဘာဖြစ်လို့ ဟိုအင်္ဂလိပ်လေးကို
     သွားငမ်းနေရတာလဲ ။”
ရုတ်တရက် နွယ်နီဟန်၏နံဘေးတွင် ၀င်ထိုင်ချရင်း ပြောလိုက်သော လမင်းအေး၏စကားကြောင့် နွယ်နီဟန် ကြောင်သွားကာ ပြူးတူးတူးမျက်လုံးများဖြင့် လမင်းအေးကို လှည့်ကြည်သည် ။ လမင်းအေးကတော့ အနွေးထည်ဇစ်ကို လည်ပင်းနားသို့ ဆွဲတင် သည့်အလုပ်ကိုသာ အာရုံစိုက်နေ၏ ။
   “ ဒါကတော့အေ … ဇော်ရဲဦးရဲ့ရုပ်ကိုလည်း ကြည့်ဦးလေ ။ ပေါက်စီကို ကားတိုက်ထားတဲ့ရုပ် ။ ဟိုကောင်လေးကျ အာဘန်
     ထဲမှာ ကျကျနနဖုတ်ထားတဲ့ ချိစ်ကိတ်လိုပဲ ။ ထိရက်စရာမရှိအောင် ဖြူဖြူနုနုလေး ။”
မြတ်စုက ၀င်‘နှောက်’လိုက်တော့မှ နွယ်နီဟန် သဘောပေါက်သွားသည် ။ သြော်…သူမ ငေးနေတာကိုကြည့်ပြီး သူတို့အုပ်စုက ၀ိုင်းကလိနေကြတာကိုး…။
   “ နင်တို့ဟာလေ…ပြောကို မပြောချင်ဘူး ။ ထစ်ခနဲဆို ဒါပဲတွေးနေကြတယ် ။ ငါက သူတို့ကို ကြည့်တယ်ဆိုတာ နင်တို့လို
      နှာခေါင်းနဲ့ တွေးနေတာ မဟုတ်ဘူး ။ ခေါင်းနဲ့တွေးနေတာ ။ တစ်နေ့ ငါ ဧည့်လမ်းညွှန်လုပ်ရင် ဘယ်လိုလူတွေက ဘာ
      တွေလုပ်တတ်သလဲဆိုတာကို အကဲခတ်နေတာ…ဟွန်း…”
   “ ဂလိုလား…။ တော်သေးတာပေါ့ ငဇော်ရယ် ။ မင်း မျှော်လို့ ရပါသေးတယ် ။”
ညီညီက ပေါ်တင်ကြီး ၀င်လှော်သဖြင့် ဇော်ရဲဦးက ရှက်ကိုးရှက်ကန်းနှင့်လိုက်ထု၍ ညီညီ ထထွက်ပြေးရလေသည် ။ အောက် ရင်ပြင်တော်တွင် ဓာတ်ပုံဆရာ(၂)ဦး/(၃)ဦးမှလွဲ၍ မြန်မာလူမျိုးဆိုလို့ သူတို့အဖွဲ့သာ ရှိသည် ။ ညီညီနှင့်ဇော်ရဲဦးတို့ ဟိုဟိုသည် သည် ပြေးလွှားနေပုံကို နိုင်ငံခြားဧည့်သည်များက တအံ့တသြလှည့်ကြည့်ကြ၏ ။ တချို့ကလည်း ပြုံးစိစိနှင့် ။
   “ ဟဲ့…ဟိုမှာ လှည့်ကြည့်ကုန်ပြီ ။ လာခဲ့တော့ ။ နင်တို့ မရှက်ဘူးလား ။”
ခတ္တာက လှမ်းအော်ခေါ်တာကြောင့် နှစ်ယောက်သား ပြန်ပြေးလာကြသည် ။ မနက်ခင်းတုန်းက တရစပ်ကျဆင်းထားသော နှင်း ရည်စက်တို့ကြောင့် ကျောက်ပြားတွေမှာ နေ့လယ်ရောက်သည့်တိုင် ချော်ချွတ်ချွတ်အေးစက်စက်ဖြစ်နေသည် ။
ÒÑÒÑ
   “ ဟယ်…နင်တို့ကလည်း ရှာလိုက်ရတာ ။ ဘုရားတော့ ဖူးမနေကြဘဲ ဒီမှာ လာပြီး လေပေါနေကြတယ် ။”
ချောအိကလျာက အပေါ်ဘက်ရင်ပြင်ကနေ (စေတီတော်၏လက်ဝဲဘက်ခြမ်း)လှေကားအတိုင်း ဆင်းလာရင်း ကျောက်ပြားတွင် ထိုင်နေသော-သူတို့တတွေကို လှမ်းအော်ပြောလိုက်သည် ။
နေ့လယ်ခင်းထမင်းစားချိန် ရောက်နေပြီဖြစ်သော်လည်း နေကမူ ကျဲကျဲတောက်မပူသေးသဖြင့် သွားလာရကောင်းနေ ဆဲ…ပတ်ဝန်းကျင်သည် အေးစိမ့်နေဆဲ ။ ယနေ့သည် ချောအိကလျာတို့ ကျိုက်ထီးရိုးစေတီတော်သို့ရောက်ရှိသည့် ဒုတိယမြောက် နေ့ ။ ယမန်နေ့က နေရာတော်တော်များများသို့ လည်ပတ်ရောက်ရှိခဲ့ပြီးပြီ ။ ကျိုက်ထီးရိုး အထက်ရင်ပြင် ၊ အောက်ရင်ပြင်တို့သာ မက ရေတံခွန် ၊ မုဆိုးတောင်နှင့်ကျီးကန်းပါးစပ်တို့အထိ နှံ့နှံ့စပ်စပ် သွားရောက်ပြီးခဲ့ပြီဖြစ်၏ ။
သူငယ်ချင်းတစ်သိုက်ကို ရှာမတွေ့၍ ခေါင်းရှုပ်ခဲ့ရသူ-ချောအိကလျာက တွေ့လျှင်တွေ့ချင်း ပိဿလေး-ဘေးပစ် ပြော ထည့်လိုက်ခြင်းအပေါ် ပြည့်စုံက ငြိမ်မခံ ။ ချက်ချင်း သွက်သွက်လက်လက်ပြန်ပက်၏ ။
   “ ဟေ့…ငါတို့က လေပေါရုံတင်ပါနော် ။ တချို့သမီးရည်းစားတွေသာ ဘုရားပေါ်မှာ ဘာတွေတွတ်ထိုးနေကြသလဲ မသိ…။
      အို…သားသား ရှက်ရှက် ခွိခွိ…”
ပြည့်စုံ၏အပြောက ချောအိကလျာကို တည့်တည့်ထိမှန်သွားသဖြင့် ကလျာ့မျက်နှာ နီမြန်းသွားပြီး နှုတ်ခမ်းလေးများခမျာ ဘာပြန် ပြောရမှန်းမသိဖြစ်ကာ ဟစိဟစိဖြစ်သွားရသည် ။ ချောအိကလျာ၏မျက်နှာအနေအထားကို အကဲခတ်နေကြသော-သူငယ်ချင်း တစ်သိုက်မှာ ထိုပုံစံကိုမြင်တော့ ကြိတ်ပြုံးသူကပြုံး ၊ အားမနာပါးမနာ အသံထွက်ရယ်သူကရယ်နှင့် ပျော်ပွဲလေးဖြစ်သွားကြလေ သည် ။
ချောအိကလျာကလည်း လူပါးပဲဥစ္စာ ။ သူ့ကို ဝိုင်းလှောင်နေမှန်းသိ၍ အားလုံးကို မျက်စောင်းဝေ့ထိုးပြီး အဓိကတရားခံ-ပြည့်စုံကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်သည် ။
   “ ကောင်စုတ်…။ သူများတကာတွေကို ကြပ်ကြပ်ပြော…နင် ၀ဋ်လည်လိမ့်မယ် သိလား ။ လာကြတော့ ။ ဟိုမှာ…ကိုသက်
     အောင် စောင့်နေတယ် ။ နေ့လယ်စာ သွားစားကြမယ်တဲ့ ။”
ချောအိကလျာက လိုတာထက် ပိုမပြောတော့ဘဲ ရှက်ရှက်နှင့် လှေကားအတိုင်း ခပ်သွက်သွက်ပြန်ပြေးတက်သွားသည် ။ ဒါ တောင် ညီညီက…
- ဟိုမှာ…ကိုသက်အောင် စောင့်နေတယ် လာ…
ဟူ၍ ကလျာ့အမူအရာကို အတုခိုးကာ နောက်ပြောင်နေသဖြင့် အားလုံးက အတောမသတ်နိုင်အောင် ဝိုင်းရယ်နေကြ၏ ။ ညီ ညီတို့က မည်မျှပြောင်လှောင်ကျီစယ်နေစေကာမူ ကိုသက်အောင်ကိုတော့ ခေါင်းဆောင်ဟူသောအသိဖြင့် ကြောက်ရွံ့ရတာ ကြောင့် အားလုံး ကြာကြာမနေတော့ဘဲ အပေါ်ဘက်သို့ ပြေးတက်လာကြ၏ ။
ပတ်ဝန်းကျင်သည် စိမ့်ချမ်းနေဆဲဖြစ်သောကြောင့် ကျောက်ပြားတို့သည်လည်း အေးစက်နေဆဲရှိပေမယ့် သူတို့ထိုင်ခဲ့ ရာ-နေရာလေးမှာတော့ ကိုယ်နွေးဓာတ်တချို့ ကျန်ရစ်ခဲ့ပြီ ။ ကျိုက်ထီးရိုးတောင်၏တစ်ဖက်ရှိ စိမ်းညို့ညို့တောင်တန်းများခမျာ ဓာတ်ပုံလှမ်းရိုက်ယူသူ လျော့ပါးသွားသဖြင့် ယခုမှပဲ သက်တောင့်သက်သာဖြစ်သွားကြဟန်တူသည် ။ စေတီတော်အောက်ဘက်ရှိ ပြန့်ကျယ်သောရင်ပြင်တော်သည်လည်း ညီညီတို့အုပ်စု ထွက်ခွာသွားမှပဲ တိတ်ဆိတ်ငြိမ်သက်သွားတော့၏ ။
အောက်ဘက်ရင်ပြင်တော်ပေါ်တွင် အရာအားလုံး ဖာသိဖာသာနေရစ်ခဲ့ကြပေမယ့် သူတို့အုပ်စုနောက်သို့ ကပ်ငြိပါသွား သည်က မျှော်လင့်ချက်ရောင်ခြည်တို့ ပြည့်လျံလျက်ရှိသည့် အကြည့်စူးစူး-မျက်ဝန်းတစ်စုံ…။ သူတို့လူအုပ်ကို စိတ်ဝင်တစား ငေးမော့လိုက်ကြည့်နေသော လူတစ်ယောက် ။
     ÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒ
ညသည် လမင်းကို ရင်ခွင်ပိုက်လျက် အမှောင်နှင့်အလင်းကို ရောနှောဓာတ်ပြုကာ ကမ္ဘာမြေကြီးကို ဖြူညိုရောင် လွှမ်း စေသည် ။ လပြည့်ညဖြစ်သော်လည်း လမင်းသည် အားအင်မပြည့်…။ ကြယ်တာရာများကလည်း ဘက်မမျှစွာဖြင့် (၃)ပွင့်သာရှိနေ ၏ ။ ဆောင်းတွင်းကြီးဖြစ်လျက်သားနှင့် မိုးအုံ့နေသည် ။
ချောအိကလျာကတော့ ခရမ်းရင့်ဆန်ဆန်ကောင်းကင်နောက်ခံတွင် ရွှေရောင်တ၀င်းဝင်းနှင့် သပ္ပာယ်စွာတည်နေသော-ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်ဦးခိုက်ပြီး ကိုးန၀င်းပုတီးကို ပွားများစီးဖြန်းနေမိသည် ။ ထိုအခိုက်မှာမူ စိတ်အာရုံတို့ က ရွှင်ရွှင်ပြပြ…။
ပုတီးစိမ်ခြင်း ၊ မေတ္တာပို့သခြင်း ၊ အမျှပေးဝေခြင်းတို့ကို နှစ်နာရီခွဲခန့် ပြုလုပ်ပြီးနောက် ဘုရားရှိခိုးတန်ဆောင်းမှ ထလာ ကာ စေတီတော်ရင်ပြင်တွင် ဟိုဟိုသည်သည်လမ်းလျှောက်ရင်း နတ်တောင်ပေါ်၌ ပုတီးသွားစိပ်သူ-ကိုသက်အောင်အလာကို စောင့်နေရသည် ။
ဤညက ချစ်သူဘ၀ဖြင့် ပထမဆုံးအကြိမ် လမင်း၏အလှကို ငေးကြည့်ပြီး နှစ်ယောက်အတူ ကြည်ကြည်နူးနူး ချစ်စကားတွေ သီကြူးကြမည့်ည…။ တွေးလိုက်မိတိုင်း ရင်သိမ့်လှိုက်ဖိုစရာ ။ ချောအိကလျာက တီတီတာတာစကားတွေ မဆို တတ်တော့ ခက်ပြီ ။ ကိုသက်အောင်ကလည်း ဘုရားသမိုင်းကြောင်းသာ ညလုံးပေါက် ရှင်းပြလိမ့်မည် ။ ယောက်ျားပီပီ ခပ်တည် တည်နေတတ်သူ-ကိုသက်အောင်က အခြားညုတုတုခရာတာတာစကားတွေ သူ မဆိုတတ်မှန်း ကလျာ သိသည်…။
ဘယ်လိုပဲဖြစ်ပါစေ…ခုံရှည်တန်းလေးပေါ်တွင် ထိုင်ကာ မှုန်ဝါးဝါးလရိပ်အောက်မှာ တစ်ယောက်မျက်နှာကိုတစ်ယောက် ငေးစိုက်ကြည့်ကြရင်း ညတာအချို့ကို သာယာကြည်နူးဖွယ် ကုန်လွန်ကြမည် ။ ပြောစရာစကား ရှာမရလျှင် ရောက်တတ်ရာရာ ပြောမည် ။ နဂိုကတည်းက သူငယ်ချင်းများဖြစ်နေ၍ သူ့အကြောင်း/ကိုယ့်အကြောင်းကလည်း အထူးမေးမြန်းစရာ မရှိ ။ သည် တော့…ဘုရားသမိုင်းကြောင်းနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ။
-  နတ်တောင်ပေါ် ဘာဖြစ်လို့ မိန်းမ,မတက်ရသလဲ ။ စေတီတော်နားကို ဘာဖြစ်လို့ အမျိုးသမီး ဝင်ထွက်ခွင့်မရှိရတာလဲ ။
  ဒါဟာ ဘုရားဟောတော့ မဖြစ်နိုင်ဘူး ။ မြတ်စွာဘုရားရှင်က မိန်းမနဲ့ယောက်ျားမှာ မိန်းမက နိမ့်ကျပါတယ် ။ ယောက်ျားက
  မြင့်မြတ်ပါတယ်လို့ ခွဲခြားပြီး မဟောကြားခဲ့ဘူး ။ ဒီတော့ အဲဒါ ဘယ်လိုသဘောဖြစ်နိုင်မလဲ ကိုသက်အောင် ။
စသဖြင့် မေးမည် ။ ကိုသက်အောင်ကလည်း သူ့ထင်မြင်ချက်ကို ပေးမည် ။
-   ဒါက ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ မိန်းမ-ယောက်ျားခွဲခြားမှုရဲ့အရိပ်ဆိုးတစ်ခုပဲ ။ ဒါကို အစ်ကိုလည်း သဘော
   မကျဘူး ။ ဒါပေမယ့် အဲဒါကို ဆန့်ကျင်တဲ့သဘောနဲ့ ဘုရားကျောင်းကန်တွေမှာ ကလန်ကဆန်လုပ်ဖို့ မသင့်တော်ဘူး ။
  ဘာဖြစ်လို့လဲဆိုတော့ မမြင်ရတဲ့အစောင့်အရှောက်ပုဂ္ဂိုလ်တွေဆိုတာ တကယ်ရှိတယ်…ကလျာ ။ အဲဒီပုဂ္ဂိုလ်ကြီးတွေက
  ရှေးဘုရင်များလက်ထက်ကတည်းက စောင့်ကြပ်လာခဲ့ကြသူတွေ ။ ရှေးကတည်းက လုပ်ခွင့်မရှိတဲ့ ၊ ခွင့်မပြုတဲ့ကိစ္စတစ်ခု
  ကို သွားပြီး ဆန့်ကျင်ဘက်ပြုမယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေဆိုတာ ဖြစ်လာမှာ အသေအချာပဲ ။ ရောမရောက်ရင်
  ရောမလို ကျင့်ရမယ်ဆိုတဲ့စကားတောင် အရှိသားပဲ ကလျာ ။ ဒီတော့…မိန်းမ ဝင်ခွင့်မရှိတဲ့နေရာမှာ မိန်းမ မဝင်ဘဲနေလိုက်
  တာ အကောင်းဆုံးပဲ ။ ဒါဟာ ဘုရားဟောမဟုတ်ဘူး ၊ ဘုရားက ခွဲခြားထားတာ မဟုတ်ဘူးဆိုတာ မှန်ပေမယ့် စောစောက
  အစ်ကို ရှင်းပြသလိုပေါ့ ။ ဆိုင်ရာပိုင်ရာ-အစောင့်အရှောက်တွေကိုလည်း မယုံမကြည် ၊ မလေးမစားပြုလုပ်ဖို့ မသင့်တော်ဘူး
  လေ ။ ဓာတ်လှေကားတောင်မှ ဓာတ်လှေကားစောင့်က လူဘယ်နှယောက်ပဲ ဝင်လို့ရတယ်ပြောရင် အဲဒီလူအရေအတွက်ပဲ
 ဝင်ခွင့်ရှိတယ် မဟုတ်လား ။ ဒီလိုသဘောမျိုးလေး တွေးကြည့်လိုက်ရင် ရှင်းမသွားဘူးလား ။
စသည်ဖြင့် ကြောင်းကျိုးဆီလျော်အောင် ကိုသက်အောင်က ဖြေရှင်းပြောပြမည် ။ ဤသို့ဖြင့် ညဦးပိုင်းကို ချစ်သူနှစ်ယောက် အတူတကွ ကုန်ဆုံးကြမည်ပေါ့ ။ ချစ်သူဘ၀ဆိုတော့လည်း လူမြင်ကွင်း လင်းလင်းချင်းချင်းမှာ တွေ့ဆုံတာပဲ သင့်တော်သည် မဟုတ်ပါလား…။
ÒÑÒÑ
   “ excuse me…(တစ်ချက်လောက် ခွင့်ပြုပါ) ”
ခုံတန်းတစ်ခုတွင် ထိုင်ရင်း လမင်းဆီသို့ ငေးကြည့်နေခိုက် တိမ်ဝင်ဝင်အသံတစ်သံကို အနားကပ်ကြားလိုက်ရသောကြောင့် ချောအိကလျာ၏အသိစိတ်တို့ ဖျတ်ခနဲလှုပ်ခါသွားပြီး အသံလာရာနံဘေးသို့ လှည့်ကြည့်လိုက်မိသည် ။
- ဘယ်သူပါလိမ့်…။ ကလျာ့ကို ခေါ်လိုက်တာလား ။ သူ့ဟာသူပဲ ရေရွတ်တာလား ။
နားလည်ရခက်စွာဖြင့် နံဘေးသို့ လှည့်ကြည့်လိုက်တော့ ချောအိကလျာနှင့် မလှမ်းမကမ်းမှာ လူတစ်ယောက် ။ ခပ်လှမ်းလှမ်းရှိ မှောင်ရိပ်ထဲ၌ လူတစ်ယောက် ရပ်နေသည် ။ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်က အမျိုးသမီး တစ်ယောက် ဖြစ်ဟန်မတူ ။ နောက်ပြီး…စောစောက ကြားလိုက်ရသည့်သြရှရှအသံကြောင့်လည်း အဲဒီလူဟာ အမျိုးသား တစ် ယောက်ပဲဖြစ်လိမ့်မယ်ဟု ကလျာ ယူဆမိသည် ။
အသံက မိမိကို လှမ်းခေါ်လိုက်သည့်အသံမျိုးဖြစ်နေ၍ ကလျာလည်း ထိုသူကို မျက်တောင်မခတ်ဘဲ အကဲခတ်နေမိခိုက် သူက မှောင်ရိပ်ထဲမှ ထွက်လာသည် ။ ချောအိကလျာရှိရာဆီသို့ တစ်လှမ်းချင်းတိုးကပ်လာခြင်းဖြစ်၏ ။    
- ဘယ်လိုလူလဲ ။ လူကောင်းလား…လူဆိုးလား ။
ထိုအတွေးဖြင့် ချောအိကလျာ စိုးရိမ်စိတ်ဝင်လာပြီး ထိုင်နေရာမှ ထထွက်သွားရကောင်းမလားဟု တွေးလိုက်မိသေးသည် ။
သို့သော်…ထိုသို့ လုပ်ရန် မလို ။ နေရာက လူပြတ်သည့်နေရာ မဟုတ် ။ ရင်ပြင်တော်ပေါ်ရှိ လူသွားလာနေသော လျှောက်လမ်းနံဘေးက ခုံတန်းလေးတွင်ဖြစ်သဖြင့် ကလျာ ကြောက်ရွံ့စရာအကြောင်းမရှိပါ ။ အလင်းရောင်ထဲသို့ တဖြည်းဖြည်း တိုးဝင်လာသော-ထိုသူ့ကို ကလျာလည်း မမှိတ်မသုန် စိုက်ကြည့်နေမိစဉ် ……
     “ ဟင်…… အို…”
ထိုသူ၏မျက်နှာကို တွေ့မြင်လိုက်ရသည့်အခိုက် ကလျာ့နှုတ်ဖျားမှ ခပ်ဖွဖွအာမေဍိတ်သံတချို့ ထွက်ကျသွားခဲ့ရပါပြီ ။
အလင်းရောင်အောက်သို့ ရောက်ရှိလာသော-ထိုသူ့ကို ငေးစိုက်ကြည့်ရင်း အံ့အားသင့်သွားသည် ။ ကြက်သေသေသွားခဲ့ သည် ။ တွေ့မြင်လိုက်ရသည်က မိမိကို စူးစိုက်ကြည့်နေသော-မျက်ဝန်းတစ်စုံနှင့်အတူ ချောမောလှပသော-မျက်နှာတစ်ခု ။ မျှော်လင့်ချက်ရောင်ခြည်တို့ဖြင့် တဖျတ်ဖျတ်တောက်ပနေသည့်-ညိုလဲ့လဲ့မျက်ဝန်းတစ်စုံ၏အောက်မှာတော့ ခပ်ဟဟ,မပွင့်တပွင့် -ပန်းနုရောင်နှုတ်ခမ်းတစ်ခု…။
ထိုသူကို မြင်လိုက်ရသည့်ခဏ ချောအိကလျာ၏မျက်ဝန်းအစုံသည် အံ့သြလွန်း၍ ပြူးကျယ်ဝိုင်းစက်သွားရသည် ။ နှုတ်ခမ်းတို့မှာလည်း အလိုလိုနေရင်း ‘O’ပုံသဏ္ဍာန်ဖြစ်လျက်သား ။ ကြက်သီးတို့လည်း တဖြန်းဖြန်းထပြီး တစ်ကိုယ်လုံး ထူပူသွား ခဲ့ရသည် ။
- သူ…သူ…သူဟာ ကိုစွမ်းရှင်နောင် ။ မြတ်စွာဘုရား ! ကလျာ တစ္ဆေအခြောက်ခံနေရပြီလား …
ကြောက်စိတ်လား ၊ ဝမ်းသာစိတ်လား-ခွဲခြားရခက်သည့်ခံစားချက်တို့က ချောအိကလျာ၏နှလုံးသားရပ်ဝန်းမှာ ပြေးလွှားနေကြ သည် ။ ရုတ်ချည်းတွေ့ကြုံလိုက်ရသည့် ထိုအချင်းအရာတို့ကြောင့် ချောအိကလျာ မူးဝေလာသည် ။ ခေါင်းတစ်ခုလုံး နောက်ကျိ ကာ နေရာမှ ပြေးထွက်သွားချင်စိတ်ပင် ဝင်လာခဲ့၏ ။
    “ Hey ! Please don’t be afraid.(ဟိတ်…ကျေးဇူးပြုပြီး မထိတ်လန့်ပါနဲ့) ”
ထိုသူက ချောအိကလျာ၏အမူအရာကိုကြည့်ပြီး သူ့ကို မထိတ်လန့်ရန် တောင်းဆိုနေတာကြောင့် တအံ့တသြဖြစ်လျက် မင်သက် နေခဲ့သော-မျက်ဝန်းတွေကို ဣနြေ္ဒဆည်ကာ ထိန်းချုပ်လိုက်ရသည် ။
အကြည့်တို့ကို သိမ်းရုတ်ပြီး ကြမ်းပြင်ဆီ ပြောင်းရွှေ့ထားရင်း စိတ်တည်ငြိမ်လိုတည်ငြိမ်ငြား သက်ပြင်းရှည်ကြီးကို ချလိုက်မိသည် ။ လက်နှစ်ဖက်အား တစ်ဖက်ကိုတစ်ဖက် ခပ်တင်းတင်း ဆုပ်ကိုင်စေကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ကြိုးစား စေကာမူ အာရုံထဲမှာတော့ အတွေးတို့က ယောက်ယက်ခတ်စွာ ပြေးလွှားနေကြဆဲ … ။
- ဘာတွေလဲ…။ ဘယ်လိုတွေ ဖြစ်ပျက်ကုန်တာလဲ ။ ဒါဟာ အဖြစ်မှန်လား…။ ဒါမှမဟုတ် ထုံးစံအတိုင်း အတိတ်ကို မြင်ယောင်
  နေတာလား…။
ချောအိကလျာ ထိုသို့ တွေးနေစဉ်မှာပဲ ထိုသူက ကလျာ့အတွေးကို သိမြင်နေသည့်အလား ဤအဓိပ္ပါယ်မျိုးကို အင်္ဂလိပ်လို ပြော လိုက်လေသည် ။
   “ ဒါဟာ အိပ်မက်မဟုတ်ပါဘူး ။ ရှောင်လွှဲမရတဲ့ ကံကြမ္မာရဲ့စေခိုင်းမှုကြောင့် ကျွန်တော် မစ္စဆီကို ရောက်လာခဲ့ရတာပါ ။
     ကျွန်တော်လည်း မစ္စကို မြင်လိုက်ရတုန်းက အရမ်းကို အံ့သြသွားခဲ့ရတယ် ။ မစ္စက ကျွန်တော့်အိပ်မက်ထဲက ကလျာ
     ဆိုတဲ့မိန်းမပျိုလေးနဲ့ တထေရာတည်း တူနေတယ်လေ ။ နောက်ပြီး…ကျွန်တော်ကိုယ်တိုင်ကလည်း အိပ်မက်ထဲက
     စွမ်းရှင်နောင်ဆိုတဲ့သူရဲကောင်းနဲ့ တပုံစံတည်းဖြစ်နေတယ်ဆိုတာကို ကျွန်တော် မမေ့ပါဘူး ။ ကျွန်တော့်ကို မြင်လိုက်
     ရင် မစ္စ အရမ်းအံ့သြထိတ်လန့်သွားမယ်ဆိုတာ ကျွန်တော် သိပြီးသားပါ ။ ကိုယ်ချင်းလည်း စာပါတယ် ။ ကျွန်တော်
     ကိုယ်တိုင်လည်း မြန်မာနိုင်ငံကို ရောက်လာရတာဟာ အိပ်မက်တစ်ပုဒ်လိုပါပဲ ။ ခုချိန်ထိ အိပ်မက်မက်နေသလို ခံစား
     နေရတုန်းပဲလေ ။ ဂျပန်မြေမှာ မွေး ၊ ဂျပန်ပြည်မှာပဲ ကြီးပြင်းလာခဲ့သူဖြစ်လျက်သားနဲ့ အိမ်နီးချင်းတောင်မဟုတ်တဲ့
     မြန်မာနိုင်ငံကို သတိရမြင်ယောင်နေခဲ့တဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အခုချိန်ထိ နားမလည်နိုင်သေးပါဘူး ။”
သူက စကားကို ခဏရပ်လိုက်သည် ။ ကလျာလည်း စိတ်ကို ထိန်းချုပ်လျက် သူ့မျက်နှာကို မဝံ့မရဲမော့ကြည့်မိတော့ သူက တစ်ဖက်သို့ ငေးနေသည် ။
ပန်းနုရောင်နှုတ်ခမ်းပါးအထက်က ရေးတေးတေးနှုတ်ခမ်းမွေးလေးများဖြင့် ကျက်သရေရှိလှသော ကိုစွမ်းရှင်နောင်၏ ပုံရိပ်များက သူ့မျက်နှာပြင်မှာ အတိုင်းသား ။ သူဟာ ကိုစွမ်းရှင်နောင်နှင့် တထေရာတည်းပါလား ။ မတူတာက ကိုစွမ်းရှင်နောင် ဆိုတာ လွတ်လပ်ရေးအတွက် နှလုံးသားကိုစတေးလျက် ကြိုးပမ်းခဲ့သော သူရဲကောင်းပုဂ္ဂိုလ် ၊ ယခု ကလျာ့ရှေ့မှာ ရပ်နေသူက တော့ ရေခြားမြေခြားက တိုင်းတစ်ပါးသားတစ်ယောက် ။
- ကံကြမ္မာရယ်… ဘာကြောင့်များ ဒီလောက်လှည့်ဖျားရက်တာလဲ…
ချောအိကလျာက ထိုသူ၏မျက်နှာကို မော့ကြည့်ကာ အတွေးနယ်လွန်နေခိုက် စကားကို တိုးလို့တန်းလန်းရပ်ထားသော-သူက တစ်ဖက်မှ တောင်တန်းများကို လှမ်းကြည့်နေရင်းမှာပဲ စကားကို ဆက်သည် ။ ညမှောင်နေချိန်မို့ တစ်ဖက်တောင်ကြောကို ကောင်းကောင်းမြင်တွေ့ရန် မဖြစ်နိုင်ပေမယ့် သူ့မျက်လုံးတွေကတော့ အရောင်တဖျတ်ဖျတ်တောက်ပနေဆဲ ။ သူလည်းပဲ အတိတ်ကပုံရိပ်တွေကို ကလျာ့လို မြင်ယောင်နေလေသလား ။
   “ ဟိုဘက်ကမြင်နေရတဲ့ တောင်တန်းစိမ်းစိမ်းတွေ ၊ ဟော…ဟိုက ချိုင့်ဝှမ်းနက်နက်တွေ…ဒါတွေအားလုံးကို ကျွန်တော်
     မြင်ယောင်အိပ်မက်ခဲ့ဖူးတယ် ။ ဘာကြောင့်လဲ…။ ဘာကြောင့် မြင်မက်နေရသလဲဆိုတာကို ကျွန်တော် စဉ်းစားလို့ကို
      မရဘူး ။ ဒါကြောင့်လည်း ကျွန်တော် အွန်လိုင်းကနေ ရှာဖွေပြီး ကျွန်တော့်အိပ်မက်ထဲကနဲ့ ထပ်တူကျနေတဲ့ ဒီဒေသ
      လေးဆီကို ကျွန်တော် ရောက်လာခဲ့တာပါ ။ ကျွန်တော် ဒီအကြောင်းတွေကို သဘောပေါက်ချင်တယ်လေ ။ ဒီအိပ်
      မက်တွေကို ရပ်တန့်သွားစေချင်ပြီ ။ အိပ်မက်တွေရဲ့စေညွှန်ချက်အတိုင်း အခုလို လမ်းလျှောက်ထွက်လာခဲ့ရတဲ့ ကျွန်
      တော်ရဲ့အဓိကရည်စူးရာက အဖြေတစ်ခုခုအတွက်ပါ ။ ကျွန်တော် ဘာဖြစ်လို့ ဒီအိပ်မက်တွေကို မက်နေရတာလဲ ။
      မစ္စနဲ့ကျွန်တော်က အတိတ်ဘဝတုန်းက ချစ်သူတွေ ဖြစ်ခဲ့ကြတယ်ဆိုတဲ့အဓိပ္ပာယ်လား ။ အမှန်တော့…ကျွန်တော်က
      အဲဒါတွေကို အယုံအကြည် မရှိခဲ့ဘူး ။ ဒါပေမယ့်…ကျွန်တော့်အပေါ် လွှမ်းမိုးနေတဲ့ ဒီအိပ်မက်တွေကြောင့် ကျွန်တော်
      လေ…အတိတ်ဘဝဆိုတဲ့အချင်းအရာကို ယုံကြည်ရမလိုတောင်ဖြစ်နေပြီ ။ ကျွန်တော် အဲဒီအဖြေကို အရမ်းသိချင်
      တယ် ။ မစ္စများ ရှင်းပြပေးနိုင်မလား ။ ကျွန်တော် ယုံကြည်တယ် ။ မစ္စကတော့ ဒီအကြောင်းတွေကို ကျွန်တော့်ထက်
      ပိုပြီး နားလည်နိုင်လိမ့်မယ် ။ အိပ်မက်တွေကြောင့် စိတ်ရှုပ်ထွေးခဲ့ရပေမယ့် အခုတော့ ကံကြမ္မာကို ကျေးဇူးတင်မိတယ် ။
      မစ္စနဲ့ အပြင်မှာ ဆုံဆည်းခွင့်ပေးခဲ့လို့ပါ…။”
သူက ရင်တွင်းခံစားချက်တို့ကို အိတ်သွန်ချသလို အဆက်မပြတ်ပြောထွက်နေလေရာ ကလျာ့မှာ ဘာပြန်ဖြေရမှန်း မသိ ၊ သူ ပြောသမျှကို နားလည်အောင်ပင် မနည်း အားစိုက်နေရ၏ ။ နောက်ပြီး…ရင်ထဲမှာလည်း ယောက်ယက်ခတ်ကာ ကတုန်ကယင် ။
     “ သြော်…တွေ့တွေ့ချင်း မိတ်မဆက်ဘဲ ပြောချင်ရာစကားတွေချည်း တရစပ်ဆိုခဲ့မိတဲ့အတွက် အများကြီးတောင်းပန်ပါတယ်
        နော် ။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားလို့ပါ ။ ဟုတ်ကဲ့…တွေ့ရတာ ဝမ်းသာပါတယ် ။ ကျွန်တော့်နာမည်က မစ္စတာ-
        ရောရှိဒပါ ။ မြန်မာနိုင်ငံသားတစ်ယောက်နဲ့တူနေတဲ့ ဂျပန်လူမျိုးပေါ့ ။ ဒီလောက်ရှင်းပြရင် မစ္စ-အနေနဲ့ ထိတ်လန့်စိတ်တွေ
        လျော့ပါးသွားလောက်ပြီလို့ မျှော်လင့်မိပါရဲ့ ။”
မစ္စတာရောရှိဒ၏စကားဆုံးတော့ ချောအိကလျာ ဆွံ့အနေခဲ့ရသည် ။ အဖြစ်မှန်ကို လက်မခံနိုင်သေး…။ သံသရာစက်ဝိုင်း လည် ပတ်နေသည်ကို ယုံမှားသံသယ မဖြစ်မိသော်လည်း ဂျပန်လူမျိုးတို့ကို မုန်းတီးရွံရှာသောကိုစွမ်းရှင်နောင်ဟာ နောင်ဘ၀မှာ ဂျပန် နိုင်ငံသားတစ်ယောက်အဖြစ်နှင့် မွေးဖွားနိုင်ပါ့မလား ။ ထိုအတွေးက ချောအိကလျာ၏စိတ်ကို ကယောင်ချောက်ချား ဖြစ်သွားစေ သည် ။
အသိစိတ်တို့ ရုတ်တရက် လွတ်ထွက်သွားသည့်အခိုက် အိပ်မက်တို့က အသက်ဝင်လာသည် ။ ကိုစွမ်းရှင်နောင် မထွက် ခွာခင်ခဏ ကျောက်တုံးနံဘေးမှာ နှစ်ယောက်အတူ ထိုင်နေကြစဉ် …
   “ အဲဒီဂျပန်တွေကို အစ်ကိုဖြင့် မယုံကြည်ဘူး ကလျာ ။ နို့ပေမယ့် သူတို့တွေက နည်းပညာမြင့်တယ် ။ ဒါ့ကြောင့် သခင်တွေ
     က သူတို့တွေဆီက အကူအညီယူဖို့အတွက် ထွက်သွားခဲ့ကြတာ ။ အခု ကိုယ်တို့အဖွဲ့လည်း သူတို့တွေဆီမှာ နည်းပညာ
     တွေ သွားသင်ယူဖို့ ကြိုးစားနေကြပြီ ။ ဒါပေသိ…အစ်ကိုကတော့ အဲဒီအကောင်တွေကို သိပ်မုန်းတယ်ကွာ ။ ပုံသဏ္ဍာန်
     ကိုက နှစ်ခြိုက်စရာမရှိဘူး ။ နောက်ပြီး ဖက်ဆစ်စနစ်ကို ကျင့်သုံးနေတော့ … ။ အင်းပေါ့လေ ။ ဒီလိုပဲ စွန့်စားရမှာပေါ့
     ကလျာရယ် ။”
တော်လှန်ရေးတပ်သားလေး-ကိုစွမ်းရှင်နောင် ပြောကြားခဲ့ဖူးသည့် အတိတ်ဘဝက စကားတချို့ … ။ ယခုများတော့ ကိုစွမ်းရှင် နောင်ဟာ သူ ရွံမုန်းခဲ့သောနေရာထဲမှာပဲ တဖန် ပြန်လည်ရှင်သန်နေရပါပြီ ။
မစ္စတာရောရှိဒက ချောအိကလျာ လက်ခံလာနိုင်သည်အထိ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေရှာသည် ။ ချောအိကလျာ ၏မျက်နှာ၌ အရောင်အမျိုးမျိုးက ဖြတ်သန်းလျက် ရှိသလို မျက်ဝန်းတို့ကလည်း အံ့သြခြင်း မယုံကြည်ခြင်း ဝေခွဲမရဖြစ်ခြင်း ၀မ်း သာခြင်း ကြည်နူးခြင်း စိတ်မကောင်းဖြစ်ခြင်းဟူသော ခံစားချက်အမျိုးမျိုးတို့ကို ဖော်ပြလျက် ရှိသည် ။ အတန်ကြာသည့်အခါ သက်ပြင်းရှည်ချသံနှင့်အတူ ချောအိကလျာ စကားစ,လိုက်သည် ။
   “ I am so glad to see you . (တွေ့ရတာဝမ်းသာပါတယ်) ”
ÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒ
မနက်ခင်း နေရောင်ခြည်အောက်တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သည် ရွှေစင်ရောင် တဖိတ်ဖိတ်တောက်ပ လျက် ကြည်ညိုသပ္ပာယ်ဖွယ်အတိဖြင့် ပြည့်စုံလျက်ရှိ၏ ။ ရင်ပြင်တော်ပေါ်မှ များပြားစည်ကားလှသည့် ဘုရားဖူးဓမ္မမိတ်ဆွေများ ၊ လေ့လာမေးမြန်းစူးစမ်းနေကြသည့် ခရီးသွားဧည့်သည်များကို ငေးကြည့်ရင်း ချောအိကလျာတို့အဖွဲ့ ရင်ပြင်တော်ပေါ်သို့ တက်ခဲ့ ကြသည် ။ ပြန်ရတော့မည်မဟုတ်ပါလား ။
အထုပ်အပိုးတို့ကို အထမ်းသမားများလက်သို့အပ်အပြီး မပြန်ခင်နောက်ဆုံးအကြိမ် ဖူးမျှော်သည့်အနေဖြင့် စေတီတော် အနီးသို့ ဦးတည်လာခဲ့လိုက်၏ ။ ယောက်ျားလေးတွေကတော့ စေတီတည်ရာကျောက်တောင်၏ နံဘေးအထိ ၀င်ရောက်ကာ ဆံတော်ရှင်ကို ဦးတိုက်ပူဇော်ကြသည် ။ မိန်းကလေးများကတော့ အနီးဆုံးရင်ပြင်တော်တွင် ဒူးတုပ်ထိုင်လျက် ဦးခိုက်ရှိခိုးကြ၏ ။ ချောအိကလျာတစ်ယောက်သာ စောစောကတည်းက အားလုံးနှင့် လမ်းခွဲထွက်လာပြီး ချိန်းဆိုထားရာ အောက်ရင်ပြင်တော်ဆီသို့ ဦးတည်လျက် တစ်ကိုယ်တည်း ထွက်ခဲ့ခြင်းဖြစ်သည် ။
မနက်ခင်းဖြစ်၍ ကြမ်းခင်းတို့၌ ဆီးနှင်းများဖြင့် စိုရွှဲအေးစိမ့်နေသည် ။ ထိုကြမ်းခင်းပေါ်တွင် ဆောင့်ကြောင့်ထိုင် (ယောက်ျားထိုင်,ထိုင်)လျက် ဆံတော်ရှင်မြတ်စေတီတော်ကို ဖူးမျှော်ငေးကြည့်နေသူက ဂျပန်အမျိုးသားငယ်တစ်ဦး…။ သူသည် အခြားမဟုတ် ။ အတိတ်ဝဲကယက်ကြောင့် လွင့်စင်ရောက်ရှိလာသော မစ္စတာ ရောရှိဒ ။ ယခုတော့ သူသည် နောက်ဆုံးအနေဖြင့် အတိတ်ဘဝကချစ်သူနှင့် ဘုရားအတူဖူးမြော်ရန် စောင့်ဆိုင်းနေလေပြီ ။
ယမန်နေ့ ညက အတိတ်ဘဝနှင့်ပတ်သက်ပြီး ချောအိကလျာ နားလည်သဘောပေါက်ထားသမျှ ရှင်းလင်းပြောပြခဲ့သဖြင့် မစ္စတာရောရှိဒလည်း နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်၍ ယနေ့ပင် စိတ်သက်သာစွာဖြင့် နေရပ်ဌာနီ-ဂျပန်ပြည်သို့ သူလည်း ပြန်တော့မည် ။ အတိတ်ဘဝက သစ္စာပြုခဲ့ကြသူနှစ်ယောက် ပြန်လည်တွေ့ဆုံခဲ့သည့်အခါ ဆုတောင်းပြည့်ဝသွား၍လား မပြော တတ်ပါ ။ အိပ်မက်တို့သည်လည်း မြင်မက်ခြင်း မရှိတော့ ။
အောက်ဘက်ရင်ပြင်တော်ဆီသို့ ရောက်ရှိလာသော-ချောအိကလျာက ထိုသူ၏နံဘေးတွင် ၀င်ထိုင်လိုက်ပြီး လက်အုပ် ချီမိုးလိုက်သည် ။ ထိုအခိုက် စိတ်အစဉ်သည် လျင်မြန်သောနှုန်းဖြင့် အတိတ်ကို ဖျတ်ခနဲတွေးတောလိုက်မိ၏ ။
ကလျာ့နံဘေးမှာ ဂျင်းဘောင်းဘီရှည် စပို့ရှပ်လက်တိုကို ၀တ်ဆင်ထားသော ဂျပန်လူမျိုး-မစ္စတာရောရှိဒ မဟုတ်တော့ဘဲ မြန်မာရက်လုံချည်အနီကွက် လည်ကတုံးအင်္ကျီဖြူတို့ကို ၀တ်ဆင်ထားသော တော်လှန်ရေးရဲဘော်လေး-စွမ်းရှင်နောင်…။
     “ ဤဘ၀၌ တပည့်တော်တို့သည် ဘုရားရတနာ တရားရတနာ သံဃာရတနာ…ရတနာမြတ်သုံးပါးကို ဦးထိပ်ပန်ဆင်ကာ
      ကြည်ညိုကိုးကွယ်ခဲ့ပါသည် ။ ဤမှန်ကန်သောသစ္စာစကားကြောင့် ဘ၀ဆက်တိုင်း ဤဆံတော်ရှင် ကျိုက်ထီးရိုးစေတီ
      တော်မြတ်ကြီးအား အတူတကွ ဖူးမျှော်နိုင်ရပါလို၏ မြတ်စွာဘုရား…”
ချောအိကလျာတို့ချစ်သူနှစ်ဦး ရေရွတ်သစ္စာပြုလိုက်သံ၏အနောက်တွင် အဝေးတစ်နေရာမှ လွင့်ကျလာသော ဆည်းလည်းသံ လွင်လွင်များ … ။   
သြော်…အတိတ်သည် ချိုမြိန်ကောင်းချိုမြိန်လိမ့်မည် ။ ခါးသက်ကောင်း ခါးသက်လိမ့်မည် ။ မည်သို့ပင် ဖြစ်ပါစေ… အတိတ်ဆိုသည့်အရာကို တစ်ခါတစ်ရံတွင် အတိတ်၌သာ ထားရစ်ခဲ့ရတာ အသင့်တော်ဆုံးပါပဲ ။ ယခုတော့ ချောအိကလျာ အတိတ်နှင့်ပတ်သက်သမျှ အရာအားလုံးကို နှုတ်ဆက်ထားရစ်ခဲ့တော့မည် ။
ထိုစိတ်ပိုင်းဖြတ်မှုနှင့်အတူ တဆက်တည်းမှာပဲ တစ်စုံတစ်ရာသောစကားတစ်ခွန်းကို ချောအိကလျာ ဖွင့်ဟဆုခြွေမိ သည် ။ တစ်နည်းအားဖြင့် သစ္စာစကား တိုင်တည်လိုက်ခြင်းသာ ဖြစ်သည် ။
     “ ကျွန်မသည် သံသရာလည်ခြင်းအပေါ် စက်ဆုပ်စိတ်ပျက်မိပါသည် ။ ဤမှန်သောသစ္စာစကားကြောင့် ဘဝအဆက်ဆက်
       ပြုခဲ့ပြောခဲ့မိသော သစ္စာဆူးညှောင့်မှန်သမျှ ပြယ်လွင့်ကာ နိဗ္ဗာန်မဂ်ဖိုလ်ကို သံသရာတိုတိုဖြင့် ရောက်ရှိရပါစေသား အရှင်
       ဘုရား … ။ ”
ဤသစ္စာစကားသာလျှင် လောကီလောကုတ္တရာနှစ်ဖြာအတွက် အမှန်ကန်ဆုံးဖြစ်ပါလိမ့်မည် ။
ÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒ
   “ ကလျာ…”
တရိပ်ရိပ်ပြေးနေသော-ကားပေါ်မှနေ စိမ်းမြလှပနေသည့်တောင်တန်းတွေကို ငေးကြည့်နေခိုက် ကိုသက်အောင်၏ခေါ်သံသဲ့သဲ့ ကြောင့် ချောအိကလျာ နံဘေးသို့ စောင်းငဲ့ကြည့်လိုက်တော့ ကရုဏာသက်သက်မျက်ဝန်းတစ်စုံကို ခလုတ်တိုက်မိသည် ။
   “ ပြောလေ…အစ်ကို ။”
   “ ကလျာ့ရင်ထဲမှာ ဘယ်လိုခံစားနေရသလဲဆိုတာ ကိုယ် နားလည်ပါတယ် ။”
   “ ရပါတယ် အစ်ကိုရယ် ။ အတိတ်အတွက် ကလျာ ထပ်ပြီးမခံစားတော့ပါဘူး ။ ထူးဆန်းတာက ကလျာလေ အခု အတိတ်ကို
      ဘာမှမမြင်ယောင်တော့ဘူး ။ အလာတုန်းကဆို တစ်ခုခု သတိရလိုက်တာနဲ့ အတိတ်ကပုံရိပ်တွေကို ချက်ချင်းမြင်ယောင်
      လာတာပဲ ။ ကိုစွမ်းရှင် အဲ မစ္စတာရောရှိဒနဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာ ကလျာ ဘာကိုမှ ထပ်မမြင်ရတော့တာ ဝမ်းသာစရာ
      ပဲ ။ ဒီအတွက် ကလျာ သိပ်ပျော်ရွှင်တာပဲ ။ အတိတ်ရဲ့အရိပ်ဆိုးနဲ့တူတဲ့ စိတ်နောက်ကျိချင်စရာအိပ်မက်ဆိုးတွေကနေ
      ကလျာ လွတ်မြောက်ခဲ့ပြီ ။ ဒါ့ကြောင့်လည်း ဒီခရီးကို ဦးဆောင်ခေါ်လာပေးတဲ့ အစ်ကို့ကို သိပ်ကျေးဇူးတင်တာပဲ ။
      ကလျာလေ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပြီ အစ်ကို ။”
ကားက အန္တရာယ်ကွေ့တစ်ခုကို ကွေ့လိုက်ချိန်တွင် အနည်းငယ်တိမ်းစောင်းသွားသည့်အတွက် လူငယ်တစ်သိုက်၏ ဟေးခနဲ အော်သံကို ကြားလိုက်ရသည် ။ ကားအရှိန်ကြောင့် ယိမ်းယိုင်သွားသော-ကလျာ့ပုခုံးကို ကိုသက်အောင်က မသိမသာထိန်းပေး လိုက်ရင်း…
   “ ဒါနဲ့ ကိုယ် နားမလည်တာတစ်ခုက အိပ်မက်ကို ကလျာတို့နှစ်ယောက်လုံးက မြင်မက်တာဆိုပေမယ့် ဂျပန်လူမျိုးဖြစ်တဲ့
     မစ္စတာရောရှိဒက ဘယ်လိုလုပ်နားလည်နေသလဲဆိုတာကို ကိုယ် စဉ်းစားလို့မရဘူး ။ သူက မြန်မာစကားကို နားလည်လို့
     လား ။”
   “ သြော်…ဟုတ်တယ် အစ်ကို ။ သူက မြန်မာစကားကို မပြောတတ်ပေမယ့် လူဝင်စားမို့ ထင်တယ် ။ မြန်မာစကားကို ကောင်း
      ကောင်းနားလည်တယ်-တဲ့ ။ ကလျာ့ရင်ထဲ လိပ်ခဲတည်းလည်းဖြစ်စေတာက ကိုစွမ်းရှင်နောင်လို ဂျပန်လူမျိုးအပေါ် မုန်းတီး
      နေသူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဂျပန်လူမျိုးတစ်ယောက်အဖြစ်နဲ့ ပြန်ဝင်စားရသလဲဆိုတာပဲ ။”
   “ ဒါကတော့ ဥပဒ်ဒဏ်ကြောင့် ဥပဒ်ရောက်ဆိုသလိုမျိုးပေါ့ ။ မုန်းရင်လည်း စွဲလမ်းတယ် ။ ချစ်ရင်လည်း စွဲလမ်းတယ် - တဲ့
     ကလျာရဲ့။ သူက သေခါနီးအချိန်မှာ ဒီလူမျိုးအပေါ်မှာ စွဲလမ်းနေမိတာကြောင့် ဒီလူမျိုးတွေဆီမှာ သွားပြီး သန္ဓေတည်တာ
     ပေါ့ ။ သြော်…နောက်ပြီး သူက ဟိုမှာပဲ မတော်တဆမှုတစ်ခုနဲ့ ဆုံးပါးသွားခဲ့တာ မဟုတ်လား ။ အဲဒါကြောင့်လည်း ပါမှာ
     ပေါ့ ။ ကွယ်လွန်ရာအရပ်မှာ တွယ်မိတွယ်ရာ တွယ်တတ်ကြတာလည်း သဘာဝပဲလေ ။”
   “ သြော်…အဲဒီလိုကိုး ။”
   “ ဟို…ဒါနဲ့ ကလျာ့သဘောထားကရော ဟိုတစ်နေ့ကပြောတဲ့အတိုင်း ဟုတ်သေးရဲ့လား ။ ကိုယ့်ကို အားမနာပါနဲ့ ။ မစ္စတာ
      ရောရှိဒနဲ့ ကလျာတို့ ဖုန်းနံပါတ်တွေ လဲလှယ်နေတာကို အစ်ကို မြင်ခဲ့ပါတယ် ။”
   “ အစ်ကိုဟာလေ တကယ်ပဲ မသိလို့လား ။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား ။ ကလျာ့သဘောထားက အရင်
     အတိုင်းမို့လို့သာ ခြေထောက်နာလို့ ကားနဲ့ဆင်းလာတဲ့ အစ်ကို့နောက်ကို သူငယ်ချင်းတွေအားလုံးနဲ့ခွဲပြီး ခုလိုလိုက်လာရ
     တာပေါ့ ။ ဖုန်းနံပါတ်တွေ လဲတယ်ဆိုတာကလည်း မိတ်ဆွေသဘောပါ အစ်ကိုရယ် ။ ကလျာတို့နှစ်ယောက်လုံး အတိတ်
     ပုံရိပ်တွေကနေ လွတ်မြောက်သွားခဲ့ပါပြီ ။”
    “ ၀မ်းသာလိုက်တာ ကလျာရယ် ။ အမှန်တော့လေ ကိုယ့်ခြေထောက်က လမ်းလျှောက်မဆင်းနိုင်လောက်အောင် မနာပါ
      ဘူး ။ ခုလို ကလျာနဲ့နှစ်ယောက်တည်း အတူသွားချင်လို့ ဥာဏ်များလိုက်ရတာ သိပြီလား ။”
    “ ကြည့်စမ်း…လူညာကြီး … သူငယ်ချင်းတွေကိုတော့ မသနားဘူး ။”    
ကားလမ်းအကွေ့အကောက်များကြောင့် ရင်ဖိုသည်းထိတ်နေကြသောဘုရားဖူးဧည့်သည်များကြားတွင် ပြုံးရွှင်ရယ်မြူးနေကြသော ချစ်သူနှစ်ဦးကို ကြည်နူးချမ်းမြေ့စဖွယ် ရှုမြင်နေရပါတော့သည် …။
                                                                                                  စေတနာရှေ့ထားလျက်……
                                                                                                            ဂါဦးနွန်းကို
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။