Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

လူသတ်သမားက ဘယ်သူလဲ ?


 

 

လူသတ်သမားက ဘယ်သူလဲ ?



( ၂၀၁၅  ဇန်နဝါရီလထုတ် သည်းထိတ်ရင်ဖိုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )


ရေးသူ  -  ဂါဦးနွန်းကို

----------------------------------------------------------------------------------

           

       ရွာလူကြီးဦးမြသန်း၏မျက်လုံးများသည် မီးပွင့်မတတ်ပြူးကျယ်စူးရဲနေပြီး နှုတ်ခမ်းတို့မှာလည်း တင်းမာဖိပိတ်လျက် စိတ်အလိုမကျမှု ၊ ဒေါသထွက်မှုတို့ကို ဖော်ပြလျက်ရှိ၏ ။ ထိုသို့ဖြစ်နေသည်မှာ ဦးမြသန်းတစ်ယောက်သာ မဟုတ်ဘဲ ရွာမှ လူငယ်များဖြစ်သောမောင်တိုးကြွယ်တို့အုပ်စုနှင့်အခြားရွာသူရွာသားများ ။ အားလုံး၏ဒေါသတကြီးမျက်လုံးများက အရက် သမားဖိုးပြည့်ဆီတွင်သာ ။ ဖိုးပြည့်ကတော့ အားလုံးနှင့်မတူ တမူခြားထွက်နေပြီး သူ့တစ်ကိုယ်လုံးလည်း ကတုန်ကရီ ။ သို့ ပေမဲ့ သူ တုန်ရီနေရခြင်းက အရက်မသောက်ရ၍ မဟုတ် ။
   “ အဖြေက ဘွင်းဘွင်းကြီးပေါ်နေတဲ့ဥစ္စာ ။ မင်း ငြင်းမနေနဲ့ ။ ဟိတ်ကောင်တွေ…ဒီကောင့်ကို ရဲစခန်းပို့မှဖြစ်မယ် ။”
ဦးမြသန်း၏လေသံက မာထန်နေရုံမက အမိန့်ပေးသံလည်း ဆန်သည် ။ ဦးမြသန်းက ရဲစခန်းပို့မည်ဟုဆိုလိုက်၍ ဖိုးပြည့်၏ ကိုယ်လုံး ဆတ်ခနဲတုန်သွားပြီး …
   “ မဟုတ်ဘူး…မဟုတ်ဘူး သူကြီး ။ ကလေးကို…ကလေးကို ကျွန်တော် သတ်တာမဟုတ်ဘူး ။”
ဟု ပလုံးပထွေးအော်လေ၏ ။ လက်နှစ်ဖက်ကိုလည်း ရှေ့သို့မြှောက်ကာ ခါယမ်းပြနေသေးရာ သူ့အကြောင်း မသိသူသာ ဆို သနားစိတ်ဝင်မိမည်မှာ အမှန် ။ သို့သော် ရွာလူကြီးအပါအဝင် တစ်ရွာလုံးက သူ့အကြောင်းကို ကောင်းကောင်းကြီးသိ နေတာကြောင့် သူ့စကားမှာ အရာမထင် ။
   “ ဟ…မင်း မသတ်လို့ ဘယ်သူသတ်မတုံး ။ မင်းက ဘယ်သူ့ကို လွှဲချချင်သေးတာလဲ ။ သတ်သေခံပစ္စည်းတွေနဲ့
      လက်ပူးလက်ကြပ်မိနေတာတောင်မှ မင်းက ငြင်းချင်သေးတယ် ။”
   “ မဟုတ်ဘူး သူကြီး ။ ဘယ်သူသတ်လဲတော့ ကျွန်တော်လည်း ဘယ်သိပါ့မလဲ ။ ဒါပေမဲ့…ဒါပေမဲ့ ကလေးကို ကျွန်တော်
      မသတ်ဘူး ။”
   “ ကျွတ်…ဒီကောင်တော့ နာချင်နေပြီ ။ မင်းကို တစ်ရွာလုံးဝိုင်းမရိုက်အောင် တားထားမိတာတောင် မှားပြီလားမသိဘူး ။”
   “ ဟုတ်တယ် …သူကြီး ။ ဒီကောင့်ကြောင့် ကျွန်တော်တို့ရွာ နာတယ် သူကြီး ။ ဒီကောင့်ကို ကျွန်တော်တို့ ဝိုင်းဆော်
     လိုက်တော့မယ်ဗျာ ။ သူကြီး မတားနဲ့တော့ ။”
   “ အယ်…ဘယ်ဖြစ်မလဲ မောင်တိုးကြွယ်တို့ရဲ့ ။ ဥပဒေဆိုတာ ရှိသေးတယ်လေ ။ မင်းတို့ လုပ်ချင်တိုင်းလုပ်လို့ ရမလား
     ကွ ။ တိတ်တိတ်နေကြစမ်းပါကွာ…။”
   “ ဟုတ်…ဟုတ်ကဲ့ပါ သူကြီး ။”
သူကြီးက မာန်မဲလိုက်မှ သွေးတကြွကြွဖြစ်နေသော မောင်တိုးကြွယ်တို့လူငယ်တစ်စုလည်း နောက်သို့ ခပ်ရို့ရို့ဖြစ်သွားကြ ၏ ။ သို့ပေမဲ့ မျက်လုံးများကတော့ အရက်သမားဖိုးပြည့်ကို မကျေမချမ်းစိုက်ကြည့်နေကြဆဲ ။ ပြောရလျှင် မောင်တိုးကြွယ် တို့အုပ်စုက လူငယ်များဖြစ်သော်လည်း ကလေကချေ လူ့ပေါက်ပန်းများ မဟုတ်ဘဲ ရွာ၏သာရေးနာရေးမှန်သမျှကို တက် ညီလက်ညီ ကူညီလုပ်ကိုင်ပေးနေသော အဖိုးတန်သားကောင်းလေးများဖြစ်ကြသည် ။
       ပုံမှန်အချိန်ဆို လူကြီးသူမများ၏စကားဝိုင်းသို့ဝင်ကာ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များအကြောင်း ဝင်ရောက်နား ဆင်လေ့ရှိသလို ဂျာနယ်စာစောင်များ ၊ အင်တာနက်စာမျက်နှာများမှတဆင့် သူတို့ သိရှိထားသော ဒီမိုကရေစီ၏သဘော သဘာဝ၊ လွှတ်တော်နှင့်ရွေးကောက်ပွဲများ…အစရှိသောခေတ်စနစ်အကြောင်းများကို ပြန်ပြောင်းပြောပြလေ့ရှိသည်ကြောင့် ရွာ၏လူတော်လေးများဆိုလည်း မမှား ။ ယခုတော့ ထိုလူတော်လူငယ်လေးများပင် သွေးတကြွကြွဖြစ်ကာ လူသတ်ချင်စိတ် ပေါက်နေကြရပြီ ။ ထိုပြဿနာအားလုံး၏တရားခံမှာ အရက်သမားဖိုးပြည့်ပင် ။
   “ ဒီလောက် ရွံစရာကောင်းတဲ့ပြစ်မှုကို ကျူးလွန်ထားတာတောင်မှ မင်းက ဝန်မခံချင်ဘူးပေါ့လေ ဟုတ်လား ။ မင်း…မင်း
     ကွာ… ယောက်ျားဖြစ်ပြီး ။ တောက်…အောက်တန်းကျလိုက်တဲ့စိတ် ။ ဟိတ်ကောင်တွေ…သူ့ကို ကားပေါ်တင်လိုက်
     စမ်းကွာ ။ ထွက်မပြေးအောင် လက်တွေခြေတွေလည်း ချုပ်ထားကြဦး ။”
   “ ဟုတ်ကဲ့…သူကြီး ။”
ဆယ်အိမ်ခေါင်းဦးရှမ်းအပါအဝင် မောင်တိုးကြွယ်တို့လူငယ်တစ်သိုက်က ဝမ်းသာအားရပင် ဖိုးပြည့်ကို ဝိုင်းချုပ်ကာ ကား ပေါ်သို့ တင်ကြသည် ။ ဖိုးပြည့်က ရုန်းကန်နေသေးသည် ။ ပါးစပ်ကလည်း…
   “ ကျွန်တော် မသတ်ဘူး ။ ကျွန်တော် သတ်တာ မဟုတ်ဘူး ။”
ဟု အော်ဟစ်ရေရွတ်နေသေးသည် ။ ရွာသူရွှာသားအားလုံးက ရုန်းကန် အော်ဟစ်နေသောဖိုးပြည့်ကို ရွံမုန်းအော့နှလုံးနာ သောမျက်လုံးစိမ်းကြီးများဖြင့် ဝိုင်းအုံစိုက်ကြည့်နေကြ၏ ။ သူကြီးသာ ဝင်မတားလိုက်လျှင် ရွာဓလေ့၏သွေးဆူမှုအတိုင်း ထိုနေရာတွင် ဖိုးပြည့် မသာပေါ်သွားနိုင်သည် ။ ပွဲချင်းပြီးသွားနိုင်သည် ။ ယောက်ျားများကသာ လက်ပါချင်ခြင်း မဟုတ် ။ အမျိုးသမီးများကလည်း တုတ်တပြင်ပြင် ငရုတ်ကျည်ပွေ့တပြင်ပြင်နှင့် ဖိုးပြည့်ကို ဝိုင်းဆော်ချင်နေကြသည် ။
     ဖိုးပြည့်ကလည်း ဖိုးပြည့်ပါပဲ ။ တစ်ရွာလုံး၏ အော့ကျောလန် ချဉ်ဖတ် ။ မိုးလင်းကနေမိုးချုပ် အရက်ကလေး တမြမြနှင့် အမျိုးသမီးငယ်လေးများကိုလည်း ‘ရိ’ချင်သေး‘ကြောင်’ချင်သေးသည် ။ မူးလာသည့်အခါတွင်လည်း ငြိမ်ငြိမ်မနေဘဲ တစ်ရွာ လုံးကို ပတ်ဆဲချင်ဆဲသည် ။ လူတကာကို ရန်လုပ်ချင်လုပ်သည် ။
    သူ့မိန်းမမယ်နှစ်ခမျာမှာလည်း ကလေးနှစ်ယောက်အမေ မုဆိုးမလေးမို့ အားကိုးရှာသည့်အနေဖြင့် ဖိုးပြည့်ကို ယူခဲ့မိ, ထင် ။ ယခုများကျ အားမကိုးရသည့်အပြင် ဖိုးပြည့်၏အရက်ဖိုးကိုပင် ဈေးရောင်းရသည့်အမြတ်ငွေထဲက ခွဲခွဲပေးနေရသေး ၏ ။ ကဲ…သည်လောက်ဆို ဖိုးပြည့်ကို တစ်ရွာလုံး မုန်းနေရခြင်းအကြောင်းရင်းကို သိလောက်ရောပေါ့ ။
   သို့ကြောင့်လည်း အခွင့်အရေးရသည်နှင့် ဖိုးပြည့်ကို ဝိုင်းသမ,ချင်ကြခြင်းဖြစ်၏ ။ နောက်ပြီး ဖိုးပြည့်၏လုပ်ရပ်ကလည်း ပြင်မရသည့်အမှား။ အမိုက်ရိုင်းဆုံး/အယုတ်ညံ့ဆုံးအမှား ။ ခွင့်မလွှတ်သင့်အောင် ဆိုးရွားလွန်းလှသည့်လူသတ်မှု ။ နောက်ပြီး…မဒိန်းမှု…။
    ဖိုးပြည့်နှင့် သက်သေခံပစ္စည်းများကို တင်ဆောင်သွားသောဂျစ်ကားလေးသည် ရွာလမ်းအတိုင်း မြို့ဆီသို့ ဦးတည်လျက် မောင်းနှင်သွားလေပြီ ။ ရွာတွင်ကျန်ရစ်ခဲ့သောရွာသူရွာသားများကလည်း ဂျစ်ကားထွက်ခွာသွားမှပဲ လူစုခွဲကာ သက်ဆိုင် ရာအသီးသီးသို့ ထွက်ခွာသွားကြ၏ ။ နောက်ဆုံး၌ ထိုနေရာတွင် လူတစ်ယောက်သာ ကျန်ရစ်ခဲ့သည် ။ ထိုသူမှာ ဖုံတလုံး လုံးထနေသောရွာလမ်းတလျှောက်ကို လှမ်းမျှော်ကြည့်ရင်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်လေသည် ။


       စိန်ပန်းသာရွာကလေးသည် မုံရွာမြို့နယ်၏အရှေ့ဘက် ခပ်လှမ်းလှမ်းအကွာတွင် တည်ရှိသောရွာကလေးဖြစ်သည် ။ ရေခံမြေခံကောင်း၏ ။ စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်၏ ။ သို့ကြောင့် အိမ်ကြီးအိမ်ကောင်းတို့ ပေါများလှသည် ။ ချမ်းသာ ကြွယ်ဝသူတို့ များပြားသည် ။ သို့ပေမဲ့လည်း လက်တစ်ဖက်တောင် အတိုအရှည် မညီသေးတာပဲ ။ လူတွင်လည်း လူတန်း စားအမျိုးမျိုးရှိစမြဲမို့ စိန်ပန်းသာရွာကလေးတွင်လည်း ချမ်းသာကြွယ်ဝသူပေါသလောက် ဆင်းရဲနွမ်းပါးသူများမှာလည်း ဒုနှင့် ဒေး ။
    မယ်နှစ်က ရွာ၏ကွမ်းတောင်ကိုင် ။ မိဘများကလည်း မရှိမရှားအတန်းစားဖြစ်၍ အတန်အသင့်ပြည့်စုံသူဟု ဆိုရပေလိမ့် မည် ။ နောက်ပြီး ရွာ၏ကွမ်းတောင်ကိုင်ဖြစ်သည်မို့ လယ်ရှင်ယာရှင်တို့၏သားတော်မောင်များက မျက်စိကျလျက်ရှိသည် ကြောင့် ခဏချင်း သူဌေးဖြစ်နိုင်သည့်အခြေအနေတွင် မယ်နှစ်က အချစ်အတွက် မိုက်ခဲ့လေသည် ။ ရွာသို့ အလည်လာ သော ကျောင်းဆရာလေးကိုမှ ချစ်ကျွမ်းဝင်ခဲ့ပြီး မိဘများ သဘောမတူသည့်ကြားက ခိုးရာလိုက်သွား၏ ။
    အချစ်စစ်တို့မည်သည် မဖြောင့်ဖြူးတတ်ပါချေ ။ ကျောင်းဆရာလေးနှင့် မုံရွာသို့ လိုက်ပါသွားပြီး ချစ်ရည်လူးကာ ပေါင်း ဖက်ခဲ့ကြသည်မှာ ကာလအားဖြင့် ငါးနှစ်ခန့်သာရှိသေးသည် ။ ချစ်သူနှင့် သေကွဲကွဲရပြီ ။ ဆိုင်ကယ်မှောက်ကာ ဆရာလေး ဆုံးပါးသွားခဲ့၍ဖြစ်၏ ။ အသက်ကလေး(၂၅)ကျော်သာရှိသေးသော ကလေးနှစ်ယောက်၏အမေ မယ်နှစ်ခမျာလည်း မုဆိုးမ ဖြစ်ခဲ့ရပြီ ။ မယ်နှစ် ဘာတတ်နိုင်ပါ့မလဲ ။ အသိအကျွမ်းလည်း မရှိ ၊ ဘာလုပ်ရမှန်းလည်း မသိ၍ ငိုကာယိုကာဖြင့် မယ်နှစ် ရွာပြန်လာခဲ့သည် ။
     ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာဟုပင်ဆိုရမလား … မယ်နှစ် ရွာသို့ရောက်သည့်အခါ မိဘများ မရှိကြတော့ပေ ။ တစ်ဦး တည်းသောသမီးမိုက်၏လုပ်ရပ်ကြောင့် ရှက်စိတ်ဝင် ၊ လွမ်းစိတ်ဝင်ကာ ရင်ကွဲနာကျသွားသည်ဟုပင် ဆိုရမည်ထင်…ထို စိတ်နှင့် ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ကြပြီ ။ မယ်နှစ်တွင် အားကိုးမရှိတော့ ။ ရွာလူကြီး၏ကျေးဇူးကြောင့် မိဘများ ပိုင်ဆိုင်သောအိမ်ငယ်လေးကို ပြန်ရ၍သာ တော်ပေတော့၏ ။ ကျန်ရှိသောပစ္စည်းလေးများကို ထုခွဲရောင်းချကာ မယ်နှစ် အိမ်ဆိုင်လေး ဖွင့်ခဲ့သည် ။ ရွာကိုပစ်ကာ အချစ်အတွက် တစ်ကြိမ်တစ်ခါ မိုက်ခဲ့ဖူးသောမယ်နှစ်ကို ရွာသူရွာသားများက မမုန်းရက်ကြပါ ။ မုဆိုးမလေးကို သနားချစ်,ချစ်၍ လာရောက်အားပေးသောကြောင့် မယ်နှစ် အဆင်ပြေနေခဲ့သည် ။ ရရှိ သည့်အမြတ်ငွေလေးနှင့် ချောင်ချောင်လည်လည်ရှိနေခဲ့သည် ။
   “ မယ်နှစ်က သိပ်လှတာပဲ ။ ကျက်သရေရှိတယ်လို့ခေါ်ရမလား ၊ ဖြူစင်တင့်တယ်တယ်လို့ပဲပြောရမလား ။ သနပ်ခါးရည်
     ကျဲလေး လိမ်းထားတဲ့အလှက ကျုပ်ဖြင့် စာများရေးတတ်ရင် ကဗျာတောင် စပ်မိမယ်ထင်ရဲ့ ။”
ဟူ၍တစ်မျိုး…။
   “ ဘာဆေးတွေ သုံးနေလို့လဲ မယ်နှစ်ရယ် ။ တစ်နေ့တခြား ပို,ပိုပြီး လှ,လှလာတယ် ။ အဲဒါကြောင့်လည်း ကျုပ် စိတ်ပျက်
     တာ ။ ရွာက ကွမ်းတောင်ကိုင်ကလေးမ မိစံပယ်ကိုပေါ့ ။ ဒီကလေးမက ကွမ်းတောင်ကိုင်သာ ဆိုရဲ့ ။ အသားက မည်း
     သေး ၊ ဆံပင်ကိုလည်း တောမကျမြို့မကျ ဖြောင့်ပြီး ဖားလျားချထားသေးတယ် ။ ဒါလား…ကွမ်းတောင်ကိုင် ။ မယ်နှစ်
     တို့ ကွမ်းတောင်ကိုင်တုန်းကပုံစံကို ဒီဟာမ ခေါ်ပြချင်တယ် ။ ဒါပေမဲ့ အဲဒီတုန်းက နုပျိုလတ်ဆတ်တဲ့အလှ ။ အခုက
     တည်ငြိမ်ရင့်ကျက်တဲ့အလှ ။ တစ်သားမွေး တစ်သွေးလှ ။ နှစ်သားမွေးတော့ နှစ်သွေးလှပေါ့ဗျာ ဟဲဟဲ ။”
ဟူ၍တစ်သွယ်…။
မယ်နှစ် ဆိုင်ဖွင့်ပြီး သုံး/လေးလသာ ရှိဦးမည် ။ ဖိုးပြည့်ဆိုသောရွာအော့ကျောလန်က မယ်နှစ်ဆိုင်သို့ ချောင်းပေါက်မတတ် လာလေသည် ။ တိုလီမိုလီလေး ဝယ်ကာ တစ်နာရီလောက် စကားပြောသည် ။ မယ်နှစ်၏ကလေးများကို မြှောက်ခါချီခါ လုပ်ပြီး ကလေးချစ်တတ်သယောင် ဆောင်သည် ။ အထူးသဖြင့် မယ်နှစ်ကို သာယာစေသည်က ဖိုးပြည့်၏ပလွတ်ရွှတ်တ အပြောလေးများ ။ ဟုတ်တာ/မဟုတ်တာ အပထား ။ အရက်သမားပီပီ အာဝဇ္ဇန်းတော့ ရွှင်သည် ။ သူ့အပြောများကြားတွင် မယ်နှစ် သာယာသွားမည်ကို ရွာသူများက စိုးရိမ်လျက်ရှိသလို မယ်နှစ်အပေါ် မကြည်ဖြူသောရွာသူတချို့ကလည်း ဇွတ် ဝိုင်းလှော်ကြသည် ။ ဖိုးပြည့်ကို မြှောက်ပေးကြသည် ။ မကြာပါ…ဖိုးပြည့်နှင့်မယ်နှစ်တို့ ယူလိုက်ကြ၍ မယ်နှစ်၏အိမ်ပေါ်သို့ ဖိုးပြည့် ရောက်လာခဲ့၏ ။ သည်မှာပဲ ဇာတ်လမ်းက စ,တော့သည် ။
        မယ်နှစ်တွင် ကလေးနှစ်ယောက်ရှိရာ နှစ်ယောက်လုံး သမီးမိန်းကလေးများ ဖြစ်ကြသည် ။ တစ်ယောက်က ငါးနှစ်ရှိ ပြီဖြစ်ပြီး ကျန်အငယ်လေးမှာ နှစ်နှစ်သာ ရှိသေးသည် ။ ဖိုးပြည့်နှင့် လက်မထပ်ခင်အချိန်ထိ သားအမိသုံးယောက် ပျော် ပျော်ရွှင်ရွှင်ရှိခဲ့ကြသည် ။ အကြီးမမယ်သုံက လိမ္မာရေးခြားရှိပြီး သိတတ်သလို အငယ်မလေးမယ်ချစ်ကလည်း နာမည်နှင့် လိုက်အောင် ချစ်စဖွယ်ကောင်းသော ကလေးမလေးဖြစ်၏ ။ အကယ်၍ မယ်နှစ်သာ အရက်သမားဖိုးပြည့်နှင့် လက်မထပ် ဖြစ်ခဲ့လျှင် ၊ တစ်ကိုယ်တည်း မုဆိုးမဘဝနှင့် သမီးနှစ်ယောက်ကို ပြုစုပျိုးထောင်မည်ဆိုလျှင် ယခုကဲ့သို့ ရင်နင့်ဖွယ်ကိစ္စမျိုး ကို ကြုံတွေ့ရလိမ့်မည် မဟုတ် ။ ယခုတော့ မြွေပါလည်းဆုံး၊ သားလည်းဆုံးဆိုသလို သမီးလည်းဆုံး ၊ လင်ဖြစ်သူကိုလည်း လူသတ်မှုနှင့် ရဲစခန်းသို့ ခေါ်သွားခဲ့လေပြီ ။ အားလုံးက ဖိုးပြည့် သတ်သည်ဟုပင် တရားသေစွပ်စွဲနေကြသည် ။ ထိုသို့ စွပ်စွဲ၍ရအောင်လည်း ဖိုးပြည့်၏လုပ်ရပ်များက သက်သေခံနေခဲ့ပြီ မဟုတ်ပါလား ။
   “ အသက်မက ချစ်ပါတယ် ။ ဒါပေမဲ့လေ…ရွာရဲ့အလှပကေးလေးမို့ မမှန်းဝံ့ပါဘူး ။”
------
   “ အတူနေချင်လို့ ခိုင်းဖက်လိုပဲသဘောထားချင်ထားပါ…မယ်နှစ်အနားမှာ နေခွင့်ရရင် ကိုယ် ကျေနပ်ပါတယ် ။”
------
   “ လက်ထပ်တာတော့ ဟုတ်ပါရဲ့ ။ ကိုယ်က လူမွဲဆိုတော့ မျက်နှာငယ်တာပေါ့ ။”
------
   “ လက်ထပ်ပြီးရင် မိန်းမစကား တစ်ခွန်းဆိုတစ်ခွန်းပဲ ။ အရက်ဆို အနံ့တောင် မခံတော့ဘူး ။”
------
   “ ယူပြီးလို့ကတော့ မောင့်မိန်းမချောချောလှလှလေးကို ဘယ်ဈေးရောင်းခိုင်းတော့မလဲ ။ တစ်အိမ်လုံး မောင့်တာဝန်လို့
     သာ မှတ်လိုက်တော့ ။ မောင့်မိန်းမကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ထားမှာ ။”
------
   “ ရွာထဲကဟာမတွေက သူတို့ နောက်လင်မရတာနဲ့ ပြောချင်ရာပြောတာပါကွာ ။ မောင်က သမီးတွေကို မောင့်သမီး
     အရင်းလေးတွေလိုချစ်တာ ။ ဘာလဲ…မယ်နှစ်က မယုံဘူးလား ။”
စသဖြင့် လျှာတွင် အရိုးမရှိတိုင်း ၊ ခေါက်၍ပင့်၍ရတိုင်း ပြောချင်ရာပြောထားခဲ့သမျှ ယူပြီးသည့်နောက် လေထဲ၌ ပျောက် သွားခဲ့သည် ။ အရက်ကို အနံ့ပင် မခံဟု ဆိုခဲ့ဖူးသောဖိုးပြည့်သည် အမှန်ပင် အနံ့မခံပါ ။ တကျိုက်တည်း မော့ချပစ်သည် ချည်း ။ မယ်နှစ်ကိုလည်း ခြေမွေးမီးမလောင်/လက်မွေးမီးမလောင်စေရန်အတွက် မီးသွေးဖိုးမရှိလောက်အောင် အရက် သောက်ပစ်သည် ။ သည်ကြားထဲ ကြုံလျှင်ကြုံသလို လောင်းကစားက လုပ်သေး ။ မယ်နှစ်ကို တစ်ရွာလုံးက ကရုဏာဒေါ သောနှင့်ပြောကြသည်က…
   “ မယ်နှစ်…မယ်နှစ်…နှစ်ခါမိုက်တဲ့ဟာမ ။ အခုတော့ နစ်သထက်နစ်အောင် ဖိုးပြည့်လိုကောင်ကိုမှ ယူရသလား ။”
ဟူ၍ ။

     ယခုရက်ပိုင်း ဖိုးပြည့် အချိုးတစ်မျိုးပြောင်းနေသည်ကို မယ်နှစ် သတိထားမိသည် ။ အရက်ကို ဆိုင်တွင် သွားမသောက် ဘဲ အကြီးမကို အရက်သွားဝယ်ခိုင်းကာ အိမ်တွင် သောက်သည် ။ သောက်တော့လည်း တစ်ယောက်တည်း မဟုတ်ဘဲ ရွာ ထဲက ငပေငတေတစ်စုကို အိမ်သို့ပင့်ကာ တပျော်တပါးကြီးသောက်ကြသည် ။ သူတို့ ပျော်တာပါးတာ အရေးမကြီး ။ အိမ် မှာက မိန်းမသားချည်းပဲမို့ သမီးတွေအတွက် မယ်နှစ် စိုးရိမ်သည် ။ အရက်သမား အမှားတစ်ရာ မဟုတ်လား ။ ထိုအထဲ၌ ဦးနက်၏သားမောင်နီက အဆိုးဆုံး ။
    မောင်နီကလည်း ဖိုးပြည့်နှင့် ယှဉ်ရသော် ခေလှသည်တော့ မဟုတ် ။ သူ့မှာလည်း သူ့ဇနှင့်သူ ။ မောင်နီ၏ဝါသနာက ‘မိန်းမ’ဖြစ်သည် ။ အရက်ကလေးထွေလာသည်နှင့် သူ ပွေခဲ့ရှုပ်ခဲ့သည်များကို မစားရဝခမန်း တစ်တစ်ခွခွပြောတတ်သည် ။ အားလုံးကလည်း အရက်သမားတွေချည်းဖြစ်၍ သဘောခွေကာ တဟီးဟီးတဟားဟားနှင့် ။ မယ်နှစ်မှာလည်း ကိုယ့်အပြစ် နှင့်ကိုယ်မို့ မောင်းလည်းမထုတ်ရဲ ၊ မဆူရဲမအော်ရဲဘဲ သမီးငယ်နှစ်ယောက်ကိုခေါ်ကာ အိမ်ရှေ့တွင်သာ ဈေးရောင်းနေရ သည် ။ တစ်ခါတရံ ညသန်းခေါင်ယံတိုင် သူတို့ မပြန်ကြသေး ။ မယ်နှစ်လည်း သမီးနှစ်ယောက်ကို ဖက်ပြီး အိမ်ရှေ့ဆိုင် ခန်းကျဉ်းလေးထဲတွင် ငုတ်တုတ်ငိုက်ရလေသည် ။
   “ သမီးလေးက ချစ်စရာလေးပဲ ။ သမီး…ဦးဦးကို ချစ်လား ။”
သည်ရက်ပိုင်း မောင်နီ အလာစိပ်နေသည်ကို မယ်နှစ် သတိပြုမိ၏ ။ ရံဖန်ရံခါ ဖိုးပြည့် မရှိလျှင်ပင် သူတစ်ယောက်တည်း လာကာ မယ်နှစ်ကို စကားရှာသည် ။ အကြီးမမယ်သုံကို ဝင်ရောသည် ။ မယ်နှစ်မှာ မောင်နီ့ကို ရန်မလုပ်ရဲပါ ။ မငေါက်ရဲ ၊ မောင်းမထုတ်ရဲပါ ။ ပထမလာစ,က ခပ်ရင့်ရင့်အော်ငေါက်မိသည်ကို ဖိုးပြည့် သိသွားတော့…
   “ မင်း…ရိုင်းလှချည်လား ။ ငါ့သူငယ်ချင်းကို ဘယ်လိုဆက်ဆံတာလဲ ။ သူက ငါ့ကို လာရှာတာနေမှာပေါ့ ။ ကောင်း
     ကောင်းပြောတော့ ပါးစပ်ရွဲ့မှာမို့လို့လား ။”
ဟု လာရစ်သည် ။
   “ အို…ရှင် ဘာသိလို့လဲ ။ ရှင့်သူငယ်ချင်းမောင်နီက မိန်းမ ပွေတဲ့သူရှင့် ။ ကျွန်မကိုလည်း ကာမပိုင်ရှိလျက်သားနဲ့ ပတ်
     သက်ချင်နေတာ ။”
   “ အမလေးလေး…မယ်မင်းကြီးမ …မင်းကိုယ်မင်း လွန်ခဲ့တဲ့ခြောက်နှစ်က ကွမ်းတောင်ကိုင်အပျိုမလို့များ မှတ်နေသလား။
     မင်းလို ကလေးနှစ်ယောက်အမေကို ငါလိုနွားကပဲ မျက်ကန်းလို့ယူတာ ။ မောင်နီသာ လိုချင်တယ်ဆို ပြန်အမ်းလိုက်ချင်
     သေး ဟေးဟေး…”
   “ တောက်…မိုက်ရိုင်းလိုက်တာ ။ ရှင်ပဲ ကျွန်မကို မရရင် သေပါတော့မယ်ဆိုလို့ ကျွန်မက သနားပြီး ယူခဲ့မိတာ ။ အခု
      တော့ ပြန်အမ်းမယ် ဟုတ်လား ။ ရှင့်စိတ်ထဲမှာ ကျွန်မကို မိန်းမလို့တောင် မှတ်သေးရဲ့လား ။ တစ်နေ့ ရွှေဥတစ်လုံး
      ဥပေးနေတဲ့ ဘဲငန်းမကြီးလို့များ မြင်နေသလား…ဟင်…”
ထိုသို့ မယ်နှစ် ရင်နာနာနှင့် ရန်တွေ့ပစ်လိုက်ချင်ပေမဲ့ မယ်နှစ် မပြောရဲပါ ။ ဖိုးပြည့်က စိတ်မထင်လျှင် မထင်သလို လက် သံပြောင်သည်မို့ မယ်နှစ် ကြောက်ရသည် ။ မိတ်ဆွေများက မယူဖို့တားသည့်ကြားမှ ကိုယ့်ဘာသာကိုယ် ထပ်မိုက်ခဲ့မိ၍ ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ရင်း မယ်နှစ် ခါးစည်းခံခဲ့သည် ။ ဖိုးပြည့်ကိုလည်း သည်းခံရသည် ။ ဖိုးပြည့်၏အရက်သောက် ဖော်သောက်ဖက်များကိုလည်း သည်းခံရသည် ။ ထိုအထဲတွင် အထက်တွင်ဆိုခဲ့သော မောင်နီ့ကို သည်းသည်းခံရသည်မှာ အဆိုးဆုံးဖြစ်၏ ။
   “ ကဲဟာ…ကဲဟာ…အဲဒီသေနာကို စကားပြောဦး ။ အဲဒီသေနာ ပေးတဲ့မုန့်ကို စားဦး ။ ကဲဟာ…”
   “ ဖုန်း…ဖုန်း…ဖုန်း…”
   “ အမလေး…မလုပ်တော့ပါဘူး အမေရဲ့ ။ ကြောက်ပါပြီ…။ အမလေး…အမေရဲ့ ။”
တဖုန်းဖုန်းတဖြန်းဖြန်းအသံများက မယ်နှစ်၏ဈေးဆိုင်ထဲတွင် ညံညံစီလျက် ထွက်ပေါ်နေသည်ကို အိမ်နီးချင်းများက နား မချမ်းသာဖွယ် ကြားနေရ၏ ။ မယ်နှစ်က ကုလားမနိုင် ရခိုင်မဲပြီ ။ ကြွက်မနိုင် ကျီမီးနှင့်ရှို့နေပြီ ။ မောင်နီ့ကို မပြောဝံ့သည် နှင့် အကြီးမမယ်သုံကို မဲပြီးရိုက်နေပြီမှန်း အိမ်နီးချင်းများ သဘောပေါက်လိုက်၍ အိမ်ချင်းကပ်လျက်မှဒေါ်ကြီးပုက မနေ သာတော့ဘဲ…
   “ ဟဲ့…မယ်နှစ် … ကလေးကို ရိုက်လှချည်လား ။ မယ်သုံက ဘာများလုပ်မိလို့တုံး ။”
ဟူ၍ ဝင်ပါရလေ၏ ။ ဒေါ်ကြီးပုက မိဘများလက်ထက်ကတည်းက ခင်မင်ရင်းနှီးစွဲရှိသောကြောင့် မယ်နှစ် အနည်းငယ်လန့် သွားရသည် ။ ဒေါ်ကြီးပုက မယ်နှစ်ကို ငယ်စဉ်က ထိန်းကျောင်းလာခဲ့သူတစ်ဦးလည်းဖြစ်ရာ မယ်နှစ်အတွက် ကြီးဒေါ်လိုမျိုး ဖြစ်နေ၍လည်း လန့်သွားရခြင်းဖြစ်သည် ။
   “ ဟို…ဟို…အိုတော်…ကလေးပဲ ။ ဆိုးလို့ ရိုက်တာပေါ့ အကြီးပုရယ် ။”
   “ သြော်…ညည်းကလည်းအေ ။ ဆိုးလည်း တော်ရုံရိုက်ပေါ့ ။ ခုကျ ကလေးမခမျာ ကျိုးပဲ့ကုန်ပါဦးမယ် ။”
   “ အမလေး…မပူပါနဲ့ ကြီးပုရယ် ။ ဒီဟာမက အကြောမာပါတယ် ။ ဒီကိစ္စကို မလုပ်ဖို့တားတာ နှစ်ခါရှိပြီ ။ ခုထိ မမှတ်
     သေးလို့ ရိုက်နေရတာ ။”
   “ ဘာကိစ္စမို့လို့လဲအေ ။”
   “ ဟို…ဟို…ကြီးပုရယ် မသိချင်ပါနဲ့တော် ။”
   “ ကဲ…ကဲ…ငါလည်း မမေးတော့ဘူး ။ ညည်းလည်း မရိုက်နဲ့တော့ ။ လာ…လာ…ငါ့မြေး ဘွားအိမ်မှာ မုန့်လိုက်စား
     ဦး…လာ…”
အကြီးပု ဝင်ခေါ်လိုက်၍သာ သက်သာသည်မှတ် ။ မဟုတ်လျှင် မယ်သုံတစ်ယောက် ဖင်ပုပ်လောက်အောင်ကို အရိုက်ခံရ ဦးမည် ။
   ဟိုတစ်ခေါက်ကလည်း ဦးမောင်နီ ကျွေးသော ကွတ်ကီးမုန့်ကိုစားမိ၍ မိခင်ဖြစ်သူမယ်နှစ်က စားရကောင်းလားဟုဆူကာ ဖင်ပုပ်အောင် ရိုက်ခဲ့ဖူးသည် ။ သုံးရက်လောက် ဆေးလိမ်းယူရသည် ။ သို့ပေမဲ့ မယ်သုံ မမှတ်နိုင်ပါ ။ ကွတ်ကီးမုန့်ကို မယ်သုံ ကြိုက်၍ဖြစ်သည် ။ ဦးမောင်နီ ကွတ်ကီးမုန့် လာကျွေးလျှင် မယ်သုံ မငြင်းဆန်နိုင် ။ အရိုက်ခံရမည်ကိုမေ့ပြီး ယူစား လိုက်မိသည်ချည်း ။ နောက်ပြီး …
- ကိုယ့်အတွက် ဝယ်လာတဲ့မုန့်ကိုမှ မစားရင် ကိုယ် ညံ့ရာကျမှာပေါ့ ။
ဟု မယ်သုံ တွေးမိသည် ။
      ကလေးပီပီ ထိုသို့ရိုးရိုးရှင်းရှင်းသာတွေးမိသောမယ်သုံ့ကိုလည်း အပြစ်မတင်သင့် ။ သူ့ခမျာမှာလည်း မိခင်မယ်နှစ် နောက်အိမ်ထောင်ပြုပြီးကတည်းက သားသမီးကဏ္ဍ ပျောက်ဆုံးနေခဲ့တာကြာပြီ ။ မယ်ချစ်ကလည်း သုံးနှစ်နားကပ်လာပြီမို့ တီတီတာတာစကားတတ်ကာ မအေအနား အမြဲကပ်နေတတ်၍ မယ်သုံ့မှာ အကြီးပီပီ ခပ်ခွာခွာနေနေရသည် ။ သည်ကြား ထဲ ပထွေးဖြစ်သူဖိုးပြည့်က ဟိုခိုင်းသည်ခိုင်းနှင့် ။ မယ်သုံက မလုပ်လျှင် ဆူဆဲရိုက်ပုတ်သေးသည် ။ နောက်ပြီး မူးလာသည့် အခါမျိုးတွင် မယ်သုံတို့နှစ်ယောက်ကို ငါတို့လင်မယားကြား ဝင်ရှုပ်နေတဲ့ဟာလေးတွေဟုဆိုကာ သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်တတ်သေးသည် ။ မယ်သုံမှာ ပထွေးဖိုးပြည့်ကို ရွံလည်းရွံ ၊ မုန်းလည်းမုန်းသည် ။ သို့သော် မအေကိုယ်တိုင်က ပထွေးဖြစ်သူကို ကြောက်လန့်နေသည်ကြောင့် မယ်သုံ့အတွက် လွတ်မြောက်ရာလမ်းမှာ ဝေးလွန်းလှသည် ။
        မောင်တိုးကြွယ်က ရပ်ရေးရွာရေးဆောင်ပိုးနေသောလူငယ်လေးဖြစ်၍ လိမ္မာရေးခြားရှိသော်လည်း လူမိုက်များကိုမူ မျက်ပြင်းကပ်နေသူဖြစ်၏ ။ အများအကျိုးရော ကိုယ်ကျိုးပါ သယ်ပိုးဆောင်ရွက်ခြင်းမရှိသည့်အပြင် တာဝန်ပင် မကျေသော ဆန်ကုန်မြေလေးများကို မျက်စိစပါးမွေးစူးကာ တွေ့လျှင် တွေ့သည့်နေရာ၌ပင် ဆွဲထိုးချင်စိတ် ပေါက်မိ၍ ဖိုးပြည့်တို့မောင် နီတို့နှင့် မဆုံအောင် တတ်နိုင်သလောက်ကြိုးစားသည် ။ ခပ်ဝေးဝေးမှ လှမ်းတွေ့လျှင်လည်း ကွေ့ကွင်းရှောင်ဖယ်သွားလေ့ ရှိ၏ ။ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေဆိုသည့်အတိုင်း ဝေးဝေးကတည်းက ရှောင်လွှဲသွားတတ် သည်မှာ မောင်တိုးကြွယ်၏အကျင့် ။
        ထိုနေ့က သူငယ်ချင်းမောင်စိန်ဒင်နှင့်အတူ အလှူခံထွက်ကြခြင်းဖြစ်သည် ။ ကိစ္စက ရွာဦးဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူရန်အတွက် အလှူခံထွက်ခြင်း ။ တစ်အိမ်တက်တစ်အိမ်ဆင်း အလှူခံကြရင်း မယ်နှစ်တို့ဆိုင်ရှေ့သို့ ရောက်လာခဲ့သည် ။
   “ မမယ်နှစ်ရေ…အလှူခံဗျို့ ။ သဒ္ဒါသလောက် နည်းများမဆို ကုသိုလ် ပါဝင်ပါဦး ။”
မောင်စိန်ဒင်က ပြဇာတ်ရူးပီသစွာ သံနေသံထားပါပါနှင့် လော်မလိုသည့်အသံဝါကြီးဖြင့် ဆော်သြလိုက်၍ ဆိုင်ထဲတွင် မြေပဲ လှော်ထုပ်နေသောမယ်နှစ်လည်း ငွေတစ်ရာကို ဖလားထဲသို့ လှမ်းထည့်လိုက်သည် ။ အလှူဒါနတွင် မယ်နှစ်တို့က လက် မနှေးချေ ။
   “ သာဓု သာဓု သာဓုပါဗျာ ။ အခုလို ငွေတစ်ရာ လှူဒါန်းရသောအကျိုးကြောင့် မမယ်နှစ်တစ်ယောက် သိန်းဆုကြီးများ
      ပေါက်…ပေါက်…”
   “ ဘာ…တစ်ရာ…တစ်ရာကြီးများတောင် ဟုတ်လား မယ်နှစ် ။ နင်က နင့်လင်ငယ်တွေကို တော်တော်သဒ္ဒါနေတယ်ပေါ့
     လေ ။”
အိမ်ခန်းထဲတွင် ဘယ်အချိန်ကတည်းက နားစွင့်နေသလဲမသိသောဖိုးပြည့်က ဝုန်းခနဲပြေးထွက်လာပြီး လူရှေ့မရှောင်သူ ရှေ့မရှောင် မယ်နှစ်၏ဆံထုံးကို ဖမ်းဆွဲကာ ကြိမ်းမောင်းလေသည် ။ အပြောအဆိုကလည်း ရင့်သီးလွန်း၍ မောင်တိုးကြွယ် ဒေါသထောင်းခနဲထွက်သွားမိတာကြောင့် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပြောမိတော့ဆဲဆဲ မောင်စိန်ဒင်က တားမြစ်လိုက်၍ ကိုယ်ရှိန်သတ်လိုက်ရ၏ ။
   “ ငါ့ကိုတော့ အရက်ဖိုးမပေးချင်ဘူး ။ နင့်လင်တွေတောင်းတော့ ရော့ဆိုပြီး တစ်ရာတောင် ပေးလိုက်တယ် ။ နင်တို့
      သားအမိတွေ မရှိမှအေးမယ် ။”
   “ အား…အမလေး…မလုပ်ပါနဲ့ ကိုဖိုးပြည့်ရဲ့ ။”
   “ တိတ်စမ်း…မသာမ…ဖုန်း…ဖုန်း…”
   “ အီး…မေကြီး…မေကြီး…”
   “ ခွေးမလေး ပါးစပ်ပိတ်စမ်း ။ နားညည်းတယ် ။ သေချင်နေလား ။”
မကြားဝံ့မနာသာများကို ပြောဆိုမာန်မဲနေသောဖိုးပြည့်ကို စိတ်ရှိလက်ရှိပြေးထိုးပစ်လိုက်ချင်ပေမဲ့ ရုံးရောက်ဂတ်ရောက်ဖြစ် မည်စိုး၍ ဒေါသကိုမြိုသိပ်ကာ မောင်တိုးကြွယ် လှည့်ထွက်လာသည် ။ စိတ်ထဲ၌တော့… တစ်ကွေ့မဟုတ်တစ်ကွေ့ တွေ့ ကြဦးမှာပေါ့…ဖိုးပြည့်ရာဟူ၍ ကြုံးဝါးထားလိုက်၏ ။
       မယ်ချစ်ကလေးတစ်ယောက် အသေဆိုးနှင့် သေဆုံးသွားရသည့်သတင်းက စိန်ပန်းသာရွာကလေးကို တောမီးထက် မြန်သောအဟုန်ဖြင့် နှံ့ပျံ့သွားခဲ့သည် ။ သေသည်မှ သွေးရိုးသားရိုးမဟုတ်ဘဲ ပိုးစိုးပက်စက်သူများသတ်တာခံရခြင်းဖြစ်ရာ တစ်ရွာလုံး စိတ်မကောင်းဖြစ်ကြရသည် ။ မယ်နှစ်ခမျာလည်း အရူးမီးဝိုင်း…။ ငိုချည်းပဲနေ၍ မကြာမကြာ တက်,တက်သွား သောကြောင့် ရွာသူများက ဝိုင်းကာဝန်းကာ ခြေမ ချိုးသူကချိုး ၊ နှာခေါင်းဝသို့ နှာရှူဘူးတေ့သူကတေ့နှင့် အလုပ်များလျက် ရှိကြ၏ ။ တိုက်ဆိုင်စွာပင် မယ်ချစ်ကလေး၏အလောင်းကို တွေ့သည့်မနက်က ဖိုးပြည့်တစ်ယောက် ပျောက်နေသည် ။ ပုံမှန်ဆို သည်အချိန် ရွာထိပ်ကအရက်ဆိုင်တွင် အရက်သောက်နေကျဖြစ်သောဖိုးပြည့်က ထိုနေ့ကျမှ ဘယ်အချိန်က ထ ထွက်သွားမှန်းမသိ၊ ဘယ်သွား၍ဘယ်လာမှန်း မသိအောင် အစအနပျောက်နေသဖြင့် အားလုံးက ဖိုးပြည့် သတ်သည်ဟု ချည်း ထင်ကြသည် ။ နောက်ပြီး ဖိုးပြည့်ကိုယ်တိုင်က တစ်ချိန်လုံး သတ်မည်တကဲကဲ ပြောဆိုကြိမ်းမောင်းနေခဲ့သည်ကိုး ။
       နေမြင့်တော့ အရက်ကလေးတထွေထွေနှင့် ဖိုးပြည့် ရောက်လာသည် ။ ရွာသားများက ဝိုင်းရိုက်ကြမည်လုပ်၍ သူကြီး
ကပင် ဥပဒေဖြင့် အရေးယူရမည်ဟုအမိန့်ပေးကာ ဝိုင်းဖမ်းခိုင်းကြသည် ။ နဂိုကတည်းက တစ်ရွာလုံး မုန်းနေသူဖြစ်သော ကြောင့် မောင်တိုးကြွယ်တို့လူငယ်တစ်စုမှာ ဝမ်းသာအားရဖမ်းချုပ်ခေါ်ကာ ဂျစ်ကားပေါ်တင်ပြီး ရဲစခန်းသို့ ပို့လိုက်လေ သည် ။

   “ ဟဲ့…ဟဲ့…ဟိုမှာ ရဲသားကြီးတွေ လာကြတယ် ။ အလောင်းကို စစ်ဆေးမလို့တဲ့ ။”
   “ အလိုတော်…သတ်တဲ့လူတောင် ဖမ်းပို့နေပြီပဲဥစ္စာ ။ အလောင်းကို ဘာလို့စစ်နေဦးမှာတုံး ။”
   “ သူတို့က အထင်နဲ့ရမ်းပြောလို့ မရဘူး ။ သက်သေခံပစ္စည်းတွေကလည်း သိပ်အရာမဝင်လို့ ဖွဲလွန်စဆိုလား ကြိုးလွန်စ
     ဆိုလားမသိဘူး ။ အဲဒါ လာရှာတယ်ဆိုပဲ ။”
   “ သဲလွန်စလုပ်စမ်းပါအေ ။ ဒါလေးတောင် မသိဘူးလား ။ အံ့ပါ့ ။”
   “ အေးအေး…အဲဒါကို လာရှာတယ်ပြောရဲ့ ။”
   “ သြော်…ဒါ့ကြောင့် တို့သူကြီးက ကလေးအလောင်းကို မထိကြနဲ့ဦး ။ မမယ်နှစ်နဲ့မယ်သုံတို့ကိုလည်း ကြီးပုတို့အိမ်မှာ
     ခဏနေ ။ လူသေတဲ့အိမ်ကို သေချာပိတ်ဆို့ထား-လို့ ပြောတာကိုး ။ တယ်အမျှော်အမြင်ရှိတဲ့ တို့ရဲ့သူကြီးပဲဟဲ့ ။”
   “ ရော်…ဒါကတော့ သူလည်း နိုင်ငံခြားကားတွေကြည့်ပြီး သိနေတာနေမှာပေါ့အေ ။ ကဲပါ…ပြီးရင် ကျုပ်တို့လည်း သွား
      စပ်စုကြတာပေါ့ ။”
ရေငင်နေကြသောအပျိုမတစ်စုက တီးတိုး,တီးတိုးသဖန်းပိုးလုပ်ကာ ရွာ၏အထင်ကရသတင်းကို ဖောက်သည်ချနေကြခြင်း ဖြစ်သည် ။ အားလုံးကလည်း ရွာထဲသို့ ကားစိမ်းကြီးတစ်စီး ဝင်လာပြီးကတည်းက လုပ်စရာအလုပ်ကို ဖြောင့်အောင်မလုပ် နိုင်ဘဲ ထိုကားကြီးပေါ်မှ ဆင်းလာသောယူနီဖောင်းအစိမ်းနှင့်လူကြီးနှစ်ယောက်ကို စိတ်ဝင်စားလျက်ရှိကြသည် ။ တစ်ဦးက အသက်(၃၅)နှစ်အရွယ် ညိုညိုထောင်ထောင်မောင်းမောင်းနှင့် ပြတ်သားတင်းမာသောရုပ်ရည်ပိုင်ရှင်ဖြစ်ပြီး ကျန်တစ်ဦးက တော့ အသက်အစိတ်(၃၀)ခန့်ရှိပြီး ဖြူဖြူသွယ်သွယ်နှင့် သဘောမနှောကောင်းမည့်ပုံဖြစ်၏ ။ နှစ်ယောက်လုံးက သူကြီး၏ အိမ်သို့ဝင်သွားကြပြီး သူကြီးနှင့် စကားပြောဆိုနေကြသည် ။
   “ သူကြီး…မောင်နီ ရောက်လာပါပြီ ။ အိမ်ပေါ် လွှတ်လိုက်ရမလား ။”
   “ ဆရာတို့ရဲ့သဘောကို ပြောပါခင်ဗျာ့ ။”
   “ လွှတ်လိုက်ပါ ။ အဲ…တခြားမဆိုင်တဲ့သူတွေတော့ မလာစေချင်ဘူး ။”
အသားညိုညိုနှင့်လူက ခပ်တည်တည်ဆိုလိုက်၏ ။
   “ ကဲ…ဦးရှမ်း …မင်း ကြားတဲ့အတိုင်းပဲ ။ သူ့ချည်း လွှတ်လိုက်နော် ။ ဟို…မစပ်စုမတွေ တက်မလာစေနဲ့ ။”
   “ ဟုတ်ကဲ့ သူကြီး ။”
ဆယ်အိမ်ခေါင်းဦးရှမ်းက အိမ်ပေါ်မှဆင်းသွားပြီးမကြာ အသားဖြူဖြူလူပုံနွဲ့နွဲ့နှင့် ရုပ်ဖြောင့်ဖြောင့်လူငယ်တစ်ယောက် အိမ် ပေါ်သို့ တက်လာသည် ။ လူငယ်၏မျက်နှာက အကြောက်လွန်နေဟန်ရှိပြီး သူကြီးကိုပင် ရဲရဲမကြည့်ဘဲ မျက်တောင် တဖျတ်ဖျတ်ခတ်လျက် ဂဏှာမငြိမ်ဖြစ်နေ၏ ။
   “ သူ…သူကြီး ခေါ်တယ်ဆိုလို့ ။”
   “ အေး…ဝင်ခဲ့ မောင်နီ ။ လာ…ဒီမှာ…လာထိုင်ဦး …။ မင်းကို ဒီကရဲအရာရှိကြီးတို့က မေးစရာရှိလို့တဲ့ ။”
   “ ဗျာ…”
မေးစရာရှိသည်ဟူသောအသံကြားသည်နှင့် မောင်နီ့တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားပြီး နောက်သို့ လှည့်ပြေးမည့်ပုံရှိ၍ သူကြီးဦးမြသန်းက…
   “ ဟိတ်ကောင် ပြေးဖို့မကြံနဲ့နော် ။ ပြေးလည်း အောက်ကရွာသားတွေက မင်းကို ဝိုင်းဖမ်းမှာပဲ ။ ပြေးရင် ပိုဆိုးမယ် ။”
ဟုကြိမ်းမောင်းလိုက်မှ မောင်နီ၏နောက်လှည့်ပြေးမလိုရှိနေသည့်ခြေလှမ်းများ တုံ့ဆိုင်းရပ်တန့်သွားပြီး ရဲအရာရှိကြီးဆို သော လူနှစ်ယောက်ကို မဝံ့မရဲလှမ်းကြည့်ကာ အသံတုန်တုန်ဖြင့်…
   “ ကျုပ်…ကျုပ် မသတ်ပါဘူးဗျာ ။ တကယ်သတ်တာက တိုး…တိုးကြွယ်ပါ ။”
ဟု ပြောချလိုက်၏ ။ မောင်နီ့အဖြေကြောင့် သူကြီးဦးမြသန်း မျက်လုံးပြူးသွားရတော့သည် ။
   “ ဟိတ်ကောင်…မင်း မူးနေလား ။ ဘာတွေလျှောက်ပြောနေတာလဲ ။ တိုးကြွယ်က ကလေးကို ဘာဖြစ်လို့သတ်မှာလဲ ။”
   “ အဲ…အဲဒါတော့ မသိဘူး ။ ယုံပါ သူကြီးရယ် ။ ကျုပ်…ကျုပ် မသတ်ပါဘူးဗျာ ။ ကျုပ် လူမသတ်ရဲပါဘူး ။”
   “ တော်စမ်းကွာ ။ လာထိုင်စမ်း ။ ငါလည်း ခေါင်းတွေ ရှုပ်ကုန်ပြီ ။ မင်းက ဘာဖြစ်လို့ တိုးကြွယ်ကို စွပ်စွဲရတာလဲ ။ တိုး
     ကြွယ်ဆိုတာ လူရိုးလူကောင်းမှန်း တို့တစ်ရွာလုံး အသိပဲကို ။”
သူကြီးက ငေါက်ငမ်းခေါ်လိုက်၍ မောင်နီလည်း လှည့်မပြေးဝံ့တော့ဘဲ သူကြီးတို့ထိုင်နေရာဆီသို့ ခပ်ရွံ့ရွံ့လျှောက်လာပြီး ဆက်တီတစ်လုံးတွင် ဝင်ထိုင်လိုက်သည် ။ သူကြီးဦးမြသန်းမှာ အမှန်လည်း စိတ်ရှုပ်သွားပုံရသည် ။ ပြောင်တင်းနေသော သူ့ငယ်ထိပ်ကို လက်ဝါးကြီးနှင့် ပွတ်သပ်ရင်း စဉ်းစားခန်းဝင်နေ၏ ။ နဘေးကရဲအရာရှိနှစ်ဦးကိုပင် ခဏမေ့သွားပုံရသည် ။
   “ မောင်တိုးကြွယ်ဆိုတာက ဘယ်သူလဲ သူကြီး ။”
ဖြူဖြူသန့်သန့်နှင့် ဒုရဲအုပ်လေးက မေးလိုက်ခြင်းဖြစ်သည် ။
   “ စောစောကအရက်သမားဖိုးပြည့်ကို လာပို့တဲ့အထဲမှာ ပါတယ်လေ ဆရာ ။ အသားညိုညို အရပ်ရှည်ရှည်နဲ့တစ်ယောက်
     လေ ။”
   “ သြော်…အင်္ကျီအဖြူကွက်နဲ့တစ်ယောက် ထင်တယ် ။”
   “ ဟုတ်ပါတယ်…။”
   “ နေပါဦး ။ မောင်နီက ဘာဖြစ်လို့ မောင်တိုးကြွယ်ကို လူသတ်သမားလို့ ထင်ရတာလဲ ။”
ဒုရဲအုပ်က ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားနေရာမှ မောင်နီဘက်သို့လှည့်ပြီး မေးခွန်းထုတ်လိုက်သည် ။ မောင်နီက ဒုရဲအုပ် ထက်မြက်၏မေးမြန်းသံကိုကြားရုံဖြင့် ထခုန်မတတ်တုန်သွားကာ ဒုရဲအုပ်၏မျက်နှာကို မျက်လုံးပြူးကြီးဖြင့်စိုက်ကြည့်ရင်း ဆွံ့အနေသည် ။ သူကြီးလည်း မနေသာဘဲ ဝင်ပါရပြန်သည် ။
   “ ဟဲ့…မောင်နီ ဒီလောက်လည်း ကြောက်မနေစမ်းနဲ့ ။ မင်း မလုပ်တာ သေချာတယ် မဟုတ်လား ။ ဟင်…ပြောလေ ။”
   “ သေ…သေချာပါတယ် သူကြီး ။ ကျုပ်…ကျုပ် မယ်ချစ်လေးကို မသတ်ရဲပါဘူးဗျာ ။ သတ်လည်း မသတ်ရက်ပါဘူး ။”
   “ ကဲ…ဒါဆိုလည်း ဖြစ်ကြောင်းကုန်စင်ကို မင်း သိတဲ့အတိုင်း ရဲအရာရှိကြီးတွေကို ပြောပြမှပေါ့ ။”
   “ ဟုတ်…ဟုတ်ကဲ့ ။ ဒီလိုပါ ။ မနက် ဝေလီဝေလင်းတုန်းက ကျုပ် …ကျုပ် ဖိုးပြည့်တို့အိမ်ကို သွားခဲ့ပါတယ် ။ ဒါကလည်း
     ဟိုဘက်ရွာမှာ ထန်းရည်ချိုတွေကို အရက်နဲ့ရောသောက်တာ ကောင်းတယ်ကြားလို့ သွားသောက်ဖို့ အဖော်လာညှိတာ
     ပါ ။ ဖိုးပြည့်ကိုဝင်ခေါ်ပြီး ထန်းရည်ချိုအရက် သွားသောက်ကြမယ်ပေါ့ ။ အဲဒါ…ဖိုးပြည့်တို့အိမ်နားအရောက် တိုးကြွယ်
     ကို ဖိုးပြည့်တို့ခြံထဲက ထွက်လာတာကို တွေ့လိုက်ရတယ် သူကြီး ။ ပုံစံက ခိုးကြောင်ခိုးဝှက်နဲ့ ။ ဒါနဲ့ ကျုပ်လည်း အပင်
     နားမှာကွယ်ပြီး သူ ကျော်သွားတဲ့အထိပုန်းနေမိတယ် ။ ဘာမှန်းညာမှန်းမသိတော့ အမှုပတ်မှာကြောက်လို့ပါ ။ တခြား
     ဘာသဘောမှ မပါ,ပါဘူးဗျာ ။ တကယ်ပါ ။ အမယ်…တိုးကြွယ်က အားရပါးရကြုံးဝါးသွားသေးတယ် ။ ကျုပ် နားနဲ့ဆတ်
     ဆတ်ကြားလိုက်ရတာပါ ။ ဘာတဲ့…ကဲ…ငပြည့်…မင်း အခုတော့ မှတ်ပြီမဟုတ်လား ။ ပြန်လာမှ အမလေးတ,ပြီး ငိုကြီး
     ချက်မဖြစ်မှာ မြင်ယောင်သေး ။ အင်း…ဖိုးပြည့်ကို အမြင်ကပ်လွန်းလို့သာ လုပ်ရတာ ။ အပြစ်မရှိတဲ့သူကို ဒုက္ခပေးရတဲ့
     အတွက် စိတ်မကောင်းတော့ဖြစ်မိတယ်…တဲ့ ဆရာ ။ အဖြေက ရှင်းနေပါပြီ ။ ကျုပ် တိုးကြွယ်ကို စွပ်စွဲတာမဟုတ်ရပါ
     ဘူး ။ ဖိုးပြည့်ကို ဒုက္ခပေးချင်တာနဲ့ မယ်ချစ်လေးကို တိုးကြွယ် သတ်လိုက်တာနေမှာပေါ့ဗျာ ။”
မောင်နီက ထိုနေရာတွင် စကားကို အဆုံးသတ်လိုက်ပေမဲ့ ဒုရဲအုပ်ထက်မြက်၏အကြည့်စူးစူးတို့ကတော့ မောင်နီ၏မျက်နှာ တဝိုက်၌ ရစ်သီစူးစိုက်နေဆဲ ။ မောင်နီ့အမူအရာ၊ မျက်နှာအနေအထားတို့ကို အကဲခတ်ကာ လိမ်ညာလှည့်ဖြားနေသလား ၊ အမှန်အတိုင်း ဝန်ချနေသလားဆိုတာကို ဆုံးဖြတ်နေဟန်တူသည် ။
     မောင်နီက မြာပွေသောကောင်ဆိုပေမဲ့ သူ့တွင် (၈)နှစ်(၉)နှစ်ငယ်သောညီမလေးများရှိ၍ ကလေးများအပေါ်တော့ ကြင် နာတတ်သည် ။ မိဘများက ပိုက်ဆံရှိလူတန်းစားဖြစ်သောကြောင့် ကြက်သတ်/ဝက်သတ်ပင် လုပ်ဖူးသူ မဟုတ် ။ နောက် ပြီး လူပုံက ခပ်နွဲ့နွဲ့ဖြစ်ပြီး အရက်မူးလျှင်လည်း ပေါတောတောနိုင်ရုံကလွဲ၍ သွေးမဆိုးတတ်သဖြင့် လူသတ်ဝံ့လောက် သည့်သတ္တိမျိုး မရှိနိုင်ဟု သူကြီး တွေးမိသည် ။ သည်အတိုင်းဆို ဖိုးပြည့်အပေါ် ပညာပေးချင်သောစိတ်ကြောင့် မောင်တိုး ကြွယ်တစ်ယောက် မကြံကောင်းမစည်ရာတွေကိုများ ပြုလုပ်မိခဲ့လေသလား ။
       တိုးကြွယ်က အသက်(၁၈)နှစ်အရွယ် ဖျတ်လတ်တက်ကြွသည့်လူငယ်တစ်ယောက် ။ မွေးချင်းညီအစ်ကိုသုံးယောက် တွင် အငယ်ဆုံးဖြစ်ပြီး အတန်းပညာကိုလည်း ဆယ်တန်းအောင်သည်အထိ ကောင်းစွာသင်ကြားဖူးသူ ။ မိသားစုလုပ်ငန်း ကလည်း တိရစ္ဆာန်မွေးမြူခြင်းဖြစ်ရာ ကြက်/ဝက်သတ်ရာတွင် လက်ယဉ်နေလေပြီ ။ နောက်ပြီး သည်ကောင်လေးက ပြင်ပ ဗဟုသုတပေါကြွယ်သူလည်းဖြစ်၍ ပြစ်မှုရေးရာနှင့် လက်တစ်လုံးခြားလိမ်လည်မှုများကို အတော်အသင့်သဘောပေါက် နားလည်မည့်သူ ။
   “ ကျွန်တော်တို့ မောင်တိုးကြွယ်ကိုလည်း ခေါ်စစ်ကြည့်ရင် အရှုံးမရှိပါဘူး ။ ဖြစ်မလား…သူကြီး ။”
ကိုယ့်အတွေးနှင့်ကိုယ် ငိုင်စင်းစင်းဖြစ်နေသည့်သူကြီးက ဒုရဲအုပ်လေး၏အမေးကို ကောင်းစွာမကြားလိုက်သဖြင့်…“ခင်ဗျာ” ဟူ၍ ထပ်ခါမေးလိုက်ရသည် ။
   “ ကျွန်တော်တို့ မောင်တိုးကြွယ်ကိုလည်း မောင်နီ ပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခေါ်မေးကြည့်ချင်တယ် ။ အဲဒါ…သူကြီး
      အနေနဲ့…”
   “ သြော်…ရပါတယ် ။ ရပါတယ် ။ ကျုပ်ရဲ့ရွာသားတွေပဲ ။ ကျုပ် ခေါ်လိုက်ပါ့မယ် ။”
သူကြီးက မောင်နီ့ကိုပြန်လွှတ်လိုက်ကာ အိမ်အောက်တွင်သာရှိနေသောမောင်တိုးကြွယ်ကို ခေါ်ခိုင်းလိုက်၏ ။ ရဲအရာရှိကြီး များက မောင်တိုးကြွယ်ကို မေးမြန်းလိုသည်ဟုကြားသိရ၍ ရွာသူရွာသားအားလုံး အံ့သြဘနန်းဖြစ်ကြရသည် ။ တစ်ဦးနှင့် တစ်ဦး တတောင်နှင့်တွတ်ကာ သို့လောသို့လောဖြစ်နေကြသည် ။
   “ အေးကွ ။ ဟိုတစ်နေ့ကတော့ တိုးကြွယ်တစ်ယောက် ဖိုးပြည့်ကို ပညာပေးဦးမယ်ဆိုပြီး ကြုံးဝါးနေတာတော့ကြားရဲ့ ။
      ဒီကောင် ဒီလောက်မမိုက်လောက်ပါဘူးကွာ ။”
   “ ပြောမရဘူးလေကွာ ။ သူက ဖိုးပြည့်တို့မောင်နီတို့ကို အသေမုန်းနေတာ ။ သူတို့ကို ချောက်ချဖို့အတွက် မယ်ချစ်
     ကလေးကို သတ်လိုက်သလားမှ မသိဘဲ ။”
စသဖြင့် မောင်တိုးကြွယ်၏သူငယ်ချင်းတချို့ကလည်း သိသလောက်မှတ်သလောက်နှင့် တွေးတောစုံထောက်နေကြသည် ။ တိုးကြွယ်ကတော့ သူခိုး လူမိဟန်ဖြင့် အနည်းငယ်မူပျက်နေ၏ ။
   “ သူကြီး ကျွန်တော့်ကို ခေါ်တယ်ဆို ။ ဘာခိုင်းမလို့လဲခင်ဗျာ့ ။”
   “ ငါ ခေါ်တာ မဟုတ်ဘူးကွ ။ ဒီက ဆရာကြီးတွေ ခေါ်တာ ။ လာကွာ…။ ထိုင် ။”
   “ ဟုတ်ကဲ့ ။”
မောင်တိုးကြွယ်က ဆက်တီခုံတစ်လုံးတွင် ရိုရိုကျိုးကျိုးဝင်ထိုင်ပြီး ခေါင်းငုံ့နေသည်။ သူ့ပုံစံက ပြုလုပ်ခဲ့မိသောပြစ်မှုအတွက် စိတ်မသက်မသာဖြစ်နေဟန်အပြည့်…။
   “ မောင်တိုးကြွယ်က လူတော်လူကောင်းလေး ၊ ရွာက အားကိုးရတဲ့လူငယ်လေးလို့ သူကြီးက ပြောတယ် ။ ဟုတ်ရဲ့လား
     ကွ ။”
   “ ဒါကတော့ လူတွေရဲ့အမြင်ပါ ။ ကျွန်တော်လည်း မပြောတတ်ပါဘူး ။”
   “ လူမိုက်က ဆိုးရင် မြင်သာတယ် ။ လူလိမ္မာ ဆိုးရင်တော့ ပညာပါတယ်ကွ ။ အခု…ရွာသားအားလုံးက မင်းအပေါ်မှာ
     အကောင်းမြင်နေကြမှာပဲ ။ ဒီဟာကို အခွင့်ကောင်းယူပြီး သူများအပေါ် ချောက်ချချင်တဲ့စိတ်နဲ့ မင်း ပြစ်မှု ကျူးလွန်ခဲ့
     ရင်တော့ ကံတရားက  မင်းကို ကြည့်နေမှာမဟုတ်ဘူး ။ ဥပဒေရဲ့ရှေ့မှောက်ကို ရောက်အောင်ပို့ပြီး ဒဏ်ခတ်ခိုင်းမှာ
     ပဲ ။”
   “ ဟို…ဆရာတို့ပြောတာ ကျွန်တော် နားမလည်…”
မောင်တိုးကြွယ်ကို စကားဆုံးအောင်ပင်ပြောခွင့်မပေးတော့ဘဲ ရဲအုပ်ကိုဘလှိုင်က တင်းမာခက်ထန်သည့်မျက်နှာထားနှင့် လိုက်ဖက်ညီလှသော ပြတ်ပြတ်သားသားလေသံဖြင့် …
   “ ဘာမှ နားမလည်ချင်ယောင် ဆောင်မနေနဲ့ ။ ကလေးကို မင်း သတ်ခဲ့တာလို့ မောင်နီက သက်သေခံသွားပြီးပြီ ။”
ဟု ခိုင်ခိုင်မာမာပြောချလိုက်ရာ မောင်တိုးကြွယ်ခမျာ ပါးစပ်အဟောင်းသားနှင့် ဆက်တီခုံနောက်မှီပေါ်သို့ ပက်လက်လန် သွားပြီး…
   “ ဟာ…မဟုတ်…မဟုတ်ရပါဘူးဗျာ ။ မဟုတ်ရပါဘူး ။ ကျွန်တော်…ကျွန်တော် ကလေးကို မသတ်ပါဘူး ။ ဘာဖြစ်လို့
     သတ်ရမှာလဲ ။ ဟာ…မောင်နီ ဘာတွေပြောသွားတာပါလိမ့် ။ သူကြီးရယ်…ပြောပေးပါဦး ။ ကျွန်တော်က အဲဒီလိုလူမျိုး
     မဟုတ်ဘူးဆိုတာ သူကြီးအသိဆုံးပါ ။”
   “ အင်း…အဲဒါတော့ ဟုတ်တယ် ဆရာကြီးတို့ ။ မောင်တိုးကြွယ်က ဒီလောက်မိုက်လိမ့်မယ်လို့ ကျုပ်တော့ မထင်ဘူး ။
     မောင်နီများ သပ်သပ်လွှဲချသလား မသိ ။”
သူကြီး၏စကားကို ဒုရဲအုပ်ထက်မြက်က ခပ်ပြုံးပြုံးမျက်နှာနှင့် ခေါင်းခါငြင်းလိုက်ပြီး…
   “ မောင်နီ မလိမ်ဘူး သူကြီး ။ ကျွန်တော်က မျက်နှာတွေကို ကောင်းကောင်းဖတ်တတ်ပါတယ် ။ သူ့ပုံစံက အမှန်အတိုင်း
     ဖွင့်ပြောသွားတာ သေချာပါတယ် ။ အဲ…ကိုတိုးကြွယ်ရဲ့မျက်နှာမှာတော့ အဖြစ်မှန်တစ်ခုကို ဖုံးကွယ်ထားတဲ့အရိပ်အ
     ယောင်တွေ တွေ့နေရတယ် ။ ဟုတ်တယ် မဟုတ်လား ကိုတိုးကြွယ် ။”
   “ ဟို…ဟို…ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ။ ယုံပါ…ကျွန်တော် ကလေးကို မသတ်ပါဘူး ။ သတ်စရာလည်း အကြောင်းမရှိပါဘူး ။”
   “ မင်းက ဖိုးပြည့်တို့အုပ်စုကို မျက်မုန်းကျိုးနေတယ်ဆို ။”
   “ အဲဒါတော့ ဟုတ်ပါတယ် ။ သူတို့က လောကကို အကျိုးမပြုတဲ့ဆန်ကုန်မြေလေးတွေမို့ ကြည့်မရတဲ့သဘောပါ ။ ဒီ
     လောက်ပါပဲဗျာ ။”
   “ လွန်ခဲ့တဲ့နှစ်ရက်ကလည်း ဖိုးပြည့်တို့အိမ်ကို အလှူခံထွက်ရင်း ဖိုးပြည့်နဲ့ရန်ဖြစ်မလို ဖြစ်ခဲ့သေးတယ်လို့ ရွာသားတစ်
     ယောက်က ပြောတယ် ။ အဲဒါကော ဟုတ်သလား ။”
   “ ဖိုးပြည့်က မိုက်ရိုင်းလွန်းလို့ပါဗျာ ။ သူ့မယားမယ်နှစ်က အလှူငွေတစ်ရာထည့်တာကို အလိုမကျလို့ ဆူဆဲရိုက်ပုတ်ပြီး
     ကျွန်တော်တို့နဲ့လည်း ပေးစားသေးတယ် ။ အဝီစိ ချိုးကပ်မယ့်ကောင်ဗျ ။”
   “ ဟုတ်ပါပြီ ။ လူသတ်မှုဖြစ်တဲ့မနက်စောစောက မင်း ဘယ်မှာရှိနေလဲ ။ ဘာတွေလုပ်သေးလဲ ။”
ရဲအုပ်ဦးဘလှိုင်က ကွေ့ဝိုက်မနေဘဲ တဲ့တိုးမေးချလိုက်သည် ။ ရဲအုပ်ကြီး၏အမေးစကားကြောင့် မောင်တိုးကြွယ်၏မျက်နှာ အောက်သို့ငုံ့သွားပြီး …
   “ အိမ်…အိမ်မှာပဲ ။ အိပ်နေတာပါ ။”
ဟု အသံပြတ်တောင်းတောင်းဖြင့် ဖြေသည် ။ အမူအရာကလည်း မူမပျက်အောင် အတင်းထိန်းထားမှန်း ပေါ်လွင်လှသည်။
   “ ဟုတ်လား ။ ဒါဆို…မောင်နီက မင်းကို ဖိုးပြည့်တို့အိမ်နားမှာ တွေ့တယ်လို့ ဘာဖြစ်လို့ ပြောရတာလဲ ။”
   “ ဗျာ…”
အာမေဋိတ်သံတစ်လုံးရေရွတ်ကာ ရဲအုပ်ကြီး၏မျက်နှာကို ကြောက်လန့်တကြားမော့ကြည့်ရင်း မောင်တိုးကြွယ် ဆွံ့အသွား သည် ။ သူ့လုပ်ရပ်ကို မည်သူမျှ မြင်တွေ့မည်မဟုတ်ဟု တရားသေယုံကြည်ထားခဲ့ပုံရသည် ။
   “ ဖြေလေ ။ လူသတ်မှုဖြစ်တဲ့နေ့မနက်က မင်း အဲဒီနားကို သွားခဲ့လား ။”
   “ ဟို…မသွား…မသွားပါဘူး ။ ကျွန်တော်…အိမ်မှာ…အိမ်မှာပဲ အိပ်နေတာ ။ မယုံ…အမေ့မေးကြည့် ။”
   “ သြော်…မင်းကသာ မသွားဘူးပြောနေတာ ။ မောင်နီကဖြင့် မင်း ဖိုးပြည့်ခြံနောက်က ခိုးကြောင်ခိုးဝှက်ထွက်လာတဲ့ပုံကို
     ဟန်းဖုန်းနဲ့ ဓါတ်ပုံတောင် ရိုက်ထားသေးတယ် ။ အဲဒီကိစ္စကို မင်း ဘယ်လိုရှင်းမလဲ ။”
   “ ဟာ…ဒီကောင်…ဒီကောင် ဘယ်လိုလုပ်ပြီး အဲဒီနားမှာ ရှိနေတာလဲ ။ အဲဒီအချိန်ကြီး ဘယ်လိုလုပ်ပြီး…”
အမှန်တော့ ရဲအုပ်ကိုဘလှိုင်က လီဆယ်၍ပြောလိုက်ခြင်းသာဖြစ်သည် ။ သို့ပေမဲ့ အတွေ့အကြုံနုနယ်ပြီး သဘောရိုးစင်း သောမောင်တိုးကြွယ်ခမျာတော့ ရဲအုပ်၏စကားကြောင့် ဆောက်တည်ရာမရဖြစ်သွားကာ ရင်ထဲမှစကားများ ပွင့်အံကျလာ ၍ တဖြည်းဖြည်းပေါ်လာသည် ။
   “ ဟော…ဒါဆို မင်း အဲဒီကို ရောက်ခဲ့တယ်ဆိုတဲ့သဘောပေါ့ ။ မင်း ဘာဖြစ်လို့ ခြံနောက်က ခိုးကြောင်ခိုးဝှက် ထွက်လာ
      ရတာလဲ ။ ကလေးကို မင်း ဘာဖြစ်လို့ သတ်ခဲ့တာလဲ ။”
   “ ဟာ…မဟုတ်…မဟုတ်ရပါဘူးဗျာ ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ။ ကျွန်တော် ကလေးကို မသတ်ရပါဘူး ။ ကျွန်…
      ကျွန်တော် သတ်တာ…တခြားသူကိုပါ ။”
မောင်တိုးကြွယ်၏ဝန်ခံစကားက ရဲအရာရှိများကို မျက်လုံးပြူးသွားစေသည် ။ အမှုအခင်းဖြစ်ပွားရာအိမ်သို့ သွားရောက် ကြည့်ရှုပြီးဖြစ်သော်လည်း ကလေးငယ် အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်သော သက်သေခံပစ္စည်းများကိုသာ တွေ့ရှိခဲ့ ရသည် ။ တခြားလူတစ်ယောက် အသတ်ခံရသည်နှင့်ပတ်သက်၍ တစ်စွန်းတစ်စပင် မသိရှိထားခဲ့ ။ ယုန်ထောင် ကြောင်မိ လေပြီလား ။
   “ မင်း…မင်း ဘယ်သူ့ကို သတ်ထားတာလဲ ။ ပြောစမ်း…မောင်တိုးကြွယ် ။”
သူကြီး၏အသံက အလောသုံးဆယ် ။ သူ့အုပ်ချုပ်နေသည့်ရွာ၌ တစ်နေ့တည်း လူသတ်မှုနှစ်ခု ဖြစ်ပွားသွားခဲ့သည့်အပေါ် ယူကြုံးမရဖြစ်နေဟန်တူသည် ။ မောင်တိုးကြွယ်က မျက်လုံးကလေး ကလယ်ကလယ်ဖြင့် သူကြီးကို မော့ကြည့်ပြီး…
   “ ဟို…ဟို…ဖိုးပြည့်ရဲ့ကြက်ကိုပါ သူကြီး ။”
   “ ဘယ်လို…”
သည်တစ်ကြိမ်မှာတော့ တအံ့တသြရေရွတ်လိုက်သူက သူကြီးဦးမြသန်း ။ ယုန်ထောင် ကြောင်မိမဟုတ် ။ ယုန်ထောင် ကြွက်မိ ။
   “ ဟုတ်ပါတယ် သူကြီးရယ် ။ ကျုပ် အဲဒီလောက်မမိုက်ပါဘူး ။ ဖိုးပြည့်ကို အမြင်ကပ်တာနဲ့ အပြစ်မရှိတဲ့ကလေးကို ကျုပ်
     မသတ်ဝံ့ပါဘူး ။ ခု…ကျုပ် သတ်လိုက်မိတာက သူ့တိုက်ကြက်ကြီး ခွန်အားကိုပါ ။ မယုံရင် ဓါတ်ပုံထဲကို သေချာပြန်
     ကြည့်ပါဗျာ ။ ကျုပ် လက်ထဲမှာ ကြက်တစ်ကောင် ပါလာပါတယ် ။ ဖိုးပြည့်က သူ့ကြက်ကြီးကို သိပ်ချစ်မှန်းသိလို့ သူ
     စိတ်ဆင်းရဲအောင် လူလစ်တုန်း ကြက်ခိုးပြီး ချက်စားတာပါ ။ မယုံရင် စိန်ဒင်တို့လည်း မေးကြည့်ပါ ။ သူတို့လည်း
     ကြံရာပါတွေပါပဲ ။”
        အလောင်းကို သွားရောက်စစ်ဆေးပြီးကတည်းက ဒုရဲအုပ်ထက်မြက်၏စိတ်ထဲတွင် သံသယဝင်နေသောအရာတစ်ခု ရှိသည် ။ ထိုအရာမှာ အလောင်းနဘေး ခပ်လှမ်းလှမ်းခုံအောက်ထဲတွင် တွေ့မြင်ခဲ့ရသောကွတ်ကီးမုန့်ခွံလေးဖြစ်သည် ။ ကွတ်ကီးဆိုသောမုန့်မျိုးက မြို့၌သာပေါများပြီး ဇနပုဒ်ကျေးရွာများတွင် ရှားပါးသောစားစရာတစ်ခုဖြစ်၏ ။ သို့ကြောင့် ကွတ် ကီးမုန့်ခွံသည် အရေးပါသောသက်သေခံပစ္စည်းတစ်ခု ဖြစ်လိမ့်မည်ဟု ဒုရဲအုပ် တွေးမိသည် ။ သို့ပေမဲ့ ထိုကိစ္စကို သူကြီးထံ မမေးမြန်းသေးဘဲ သံသယရှိဖွယ်ရှိသောတရားခံများကို ဦးစွာစစ်ဆေးမေးမြန်းနေခြင်းဖြစ်၏ ။ ယခုဆို အားလုံးကုန်သွားပြီ ။ ထိုအထဲက တစ်ယောက်မှ လူသတ်သမား မဟုတ်မှန်း ဝါရင့်နေသောရဲအုပ်ကြီးမဆိုထားနှင့်…ဝါနုသေးသောမိမိပင် သိရှိနေ တာကြောင့် လူသတ်မှုနှင့်ပတ်သက်ပြီး ဒုရဲအုပ် ခေါင်းစားသွားရလေပြီ ။
       ဤအမှုမှာ မိမိ ရာထူးတိုးပြီးနောက် ပထမဆုံး လိုက်လံစုံစမ်းရသောလူသတ်မှုဖြစ်၍ အမှုမှန်ပေါ်အောင် စေ့စေ့စပ်စပ် လေ့လာစဉ်းစားရမည်ဖြစ်ကြောင်း ဒုရဲအုပ်ထက်မြက် သိနေသည် ။ သို့မှသာ လူကြီးရှေ့၌ မျက်နှာကောင်းရနိုင်လိမ့်မည်မို့ သက်သေခံပစ္စည်းများကိုကြည့်ကာ ဖြစ်နိုင်ချေရှိသည်များကို စဉ်းစားကြည့်သည် ။
     သက်သေခံပစ္စည်းကလည်း များများစားစား မရှိ ။ အလောင်းအနားတွင် ကျနေသောလက်ကိုင်ပုဝါတစ်ထည်နှင့် ခပ် လှမ်းလှမ်းမှ(ဒုရဲအုပ် သတိပြုမိ၍ ကောက်ယူလာသော) ကွတ်ကီးမုန့်ခွံ ။ မမယ်နှစ်၏အပြောအရ လက်ကိုင်ပုဝါမှာ ဖိုးပြည့် ၏ပစ္စည်းဖြစ်ကြောင်း သိရသည် ။ တစ်ခုတည်းသော သက်သေခံပစ္စည်းက ဖိုးပြည့်ကိုသာ ညွှန်ပြနေ၍ ရွာသူရွာသားများက ဖိုးပြည့်ကို လူသတ်သမားဟု ယိုးစွပ်ကြသည်မှာလည်း မဆန်း ။
    သို့ပေမဲ့ တစ်ဖက်ရွာသို့ သွားရောက်စုံစမ်းကြည့်သည့်အခါ မနက်ဝေလီဝေလင်းကနေ တစ်မနက်လုံး ထိုအရက်ဆိုင်တွင် ဖိုးပြည့်ရှိနေကြောင်းကို ဆိုင်ပိုင်ရှင်အပါအဝင် ရွာသားတချို့က သက်သေခံပေးသောကြောင့် (အလီဘိုင်ပြနိုင်၍) ဖိုးပြည့် လွတ်သွားသည် ။ နောက်ပြီး ဒုရဲအုပ်ကိုယ်တိုင်ကလည်း ဖိုးပြည့်ကို လူသတ်သမားဟု ခံစားမိခြင်းမရှိ ။ ဖိုးပြည့် သတ်တာ သာဆိုလျှင် မယ်နှစ်က ချက်ချင်းသိရမည်သာ ။ နောက်ပြီး မဒိန်းကျင့်ခံထားရသကဲ့သို့ အင်္ကျီဘောင်းဘီများ ကျွတ်နေပေမဲ့ ဆေးစစ်ချက်အရ ထိုကဲ့သို့ မဖြစ်ပွားခဲ့ကြောင်းသိရှိရ၍ သံသယဝင်စရာတစ်ခုဖြစ်လာသည် ။ လူသတ်သမားကို ယောက်ျား ဟုထင်အောင် လှည့်စားထားသည့်သဘော ။ အလောင်းကို ပထမဆုံးရှာတွေ့သူမှာ မယ်နှစ်ဖြစ်ပြီး မနက်မိုးလင်းချိန်ခန့်က ဖြစ်သည်ဟုဆို၍ ထိုနေရာ၌လည်း ဟာကွက်တစ်ခုရှိနေသလို ထက်မြက် ခံစားလိုက်ရသည် ။
    တစ်ဖက်ရွာသို့ ဖိုးပြည့် ထွက်သွားချိန်က မနက်ဝေလီဝေလင်းကဖြစ်ပြီး မသွားမီကပင် မယ်နှစ် ထနေပြီဖြစ်သည် ။ (မယ် နှစ်က မနက်လေးနာရီထိုးတိုင်း ဆွမ်းဟင်း ထချက်ကြောင်းကို အိမ်နီးနားချင်းများက ပြော၍ သိရှိထားသည် ။) ထိုသို့ဆို လျှင် ကလေးကို ဖိုးပြည့် သတ်ရိုးမှန်ပါက မယ်နှစ် သေချာပေါက်သိရှိမည် ။ မယ်နှစ်ကို မေးမြန်းစဉ်ကလည်း ဝမ်းနည်းပက် လက်ငိုယိုနေသည်မှန်ပေမဲ့ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟန် ။ မျက်ရည်များကြားမှ ကွယ်ဝှက်မှုများက မျက်နှာအကဲ ခတ်တော်သော ဒုရဲအုပ်ထက်မြက်ကို လိမ်ညာ၍ မရ ။ သို့ကြောင့် (သံသယဖြစ်စရာမဟုတ်မှန်းသိပေမဲ့) ဒုရဲအုပ်ထက်မြက် ၏စိတ်ထဲ၌ မယ်နှစ်ကို သံသယဖြစ်နေမိသည် ။
   “ ဟာ…မင်းဟာက ဟုတ်ရဲ့လားကွာ ။ ကလေးကို…”
   “ ဒီလိုလုပ်ရင် အမှုမှန်ကို ဖော်ထုတ်ရတာ လွယ်ကူသွားမှာပါ ဆရာ ။”
ဦးဘလှိုင်က စူးရဲသောအကြည့်တို့ဖြင့် ထက်မြက်ကို နှစ်မိနစ်ခန့် စိုက်ကြည့်နေပြီးမှ ယုံကြည်မှုပြည့်ဝနေဟန်ရှိသောထက် မြက်၏ဟန်ပန်ကြောင့်…
   “ အေးလေ ။ မင်းကိုယ်မင်း ယုံတယ်ဆိုလည်း လုပ်ပေါ့ ။ ပြဿနာတက်လာရင်တော့ ငါ ခေါင်းမခံချင်ဘူးနော် ။”
   “ စိတ်ချပါ ဆရာ ။”
အထက်လူကြီးထံမှ ခွင့်ပြုချက်ရလိုက်သည်နှင့် ထက်မြက် လုပ်စရာရှိသည်များကို ဇယ်ဆက်သလိုလုပ်ဆောင်တော့သည်။ ပထမဆုံး ရွာသို့သွားကာ သူကြီးနှင့်မယ်နှစ်တို့သားအမိကို …
   “ တရားခံကို ဖမ်းမိဖို့အတွက် ဝိုင်းဝန်းကူညီတဲ့အနေနဲ့ ဌာနကို ခဏလိုက်ခဲ့ပေးကြပါ ။”
ဟု တောင်းဆိုခဲ့သည် ။ ထင်ထားသည့်အတိုင်း မယ်နှစ်က ဆိုင်အလုပ်ကို အကြောင်းပြကာ ငြင်းဆန်၏ ။ နောက်ပြီး တရား ခံက ဖိုးပြည့်သာဖြစ်ကြောင်း ဇွတ်အတင်းပြောသည် ။ ရွာသူရွာသားများကလည်း သူမ၏စကားကိုသာ ထောက်ခံလျက်ရှိ ကြပြီး ဒုရဲအုပ်ထက်မြက်ကိုပင် အပြစ်တင်လျက်ရှိကြသည် ။
   “ အလကားရဲတွေပါကွာ ။ ဒီလောက်…သက်သေခံပစ္စည်းနဲ့တရားခံကို ပို့ပေးလိုက်တာတောင် အရစ်ရှည်နေကြသေး
     တယ် ။”
   “ ဟုတ်ပါ့ ။ ငါတောင် တွေးတတ်တယ် ။ မူးမူးရူးရူးနဲ့ ကလေးကို မဒိန်းကျင့်ပြီး လက်ကိုင်ပုဝါနဲ့ နှာခေါင်းပိတ်သတ် ။
     နောက်တော့ ကြောက်အားလန့်အားနဲ့ ထွက်ပြေး ။ ဒါပဲနေမှာ ။”
   “ ပိုက်ဆံလိုချင်လို့နေမှာပေါ့ကွာ ။ money makes everythingsလေ ။”
   “ သူတို့သဘာကို ပြချင်လို့ ပေရှည်နေတာလေကွာ ။ နောက်တော့လည်း ဖိုးပြည့်ကိုပဲ သူတို့ ဖမ်းမိသလိုမျိုး စတိုင်ထုတ်
      ကြဦးမှာ ။”
စသဖြင့် အမျိုးမျိုး ပြောဆိုလျက်ရှိကြပေမဲ့ အသေးအဖွဲကို အလေးမထားတတ်သည့်ထက်မြက်က နားမလည်သူများကို ပေ လေယကံသဘောထားကာ သူကြီးနှင့်မယ်နှစ်တို့သားအမိကိုသာ ဌာနသို့လိုက်လာရန် တောင်းဆိုသည် ။ သူကြီးကတော့ နှစ်ခါမခေါ်ရ…။
   “ ကဲပါ…မယ်နှစ်ရယ် ။ နင့်ဆိုင်ကို ကြီးပုဆီ ခဏအပ်ခဲ့လိုက်ပါ ။ ဟိုမှာ…နင့်သမီးရဲ့အလောင်းကိုလည်း တွေ့ရတာပေါ့
     ဟယ် ။ ဆရာကြီးက သဘောကောင်းတဲ့သူမို့ တောင်းဆိုနေတာ ။ အမိန့်နဲ့သာဆို ငါတို့က မလိုက်မဖြစ်လိုက်ရမှာပဲ။”
နောက်တစ်ကြိမ်၌ သူကြီးက မလိုက်မဖြစ်သဘောမျိုး ပြောလိုက်တော့မှ မယ်နှစ် မျက်နှာညှိုးညှိုးနှင့် လိုက်လာသည် ။ ဒုရဲ အုပ်၏စိတ်ထဲ မိမိ သံသယဝင်မိသည်မှာ မှားလေပြီလားဟုပင် တွေးလိုက်မိသေးသည် ။

       စီစဉ်ထားသည့်အတိုင်း ကွက်တိဖြစ်ခဲ့ပြီ ။ ကလေး၏အလောင်းကို စားပွဲပေါ်တွင် လှလှပပပြင်ဆင်ထားပြီး မယ်သုံကို အလောင်းနားသို့ ခေါ်လာခဲ့သည် ။ မယ်ချစ်၏အလောင်းကိုမြင်သည့်အခါ မယ်သုံ၏မျက်လုံးများ၌ မျက်ရည်ကြည်တို့ ရစ်ဝဲ သီလာ၏ ။
   “ သမီးမယ်သုံ…ညီမလေးကို နှုတ်ဆက်ချင်သေးလား ။”
ဒုရဲအုပ်ထက်မြက်က ကြင်ကြင်နာနာမေးလိုက်တော့ မယ်သုံက ဦးခေါင်းကို ခပ်လေးလေးညိတ်ပြ၏ ။ မယ်ချစ်ကလေး အသတ်ခံရသည့်နေမှစ၍ ယနေ့ချိန်ထိ ဤကလေး- စကားတစ်ခွန်းမျှမဆိုသေးသည်ကို ထက်မြက် သတိထားမိသလို ရွာ လူကြီးကလည်း ကရုဏာသက်စွာဖြင့် ထုတ်ဖော်ပြောဖူးသည် ။ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တစ်ခုခုကို မျက်ဝါးထင် ထင်တွေ့မြင်ခဲ့၍ဖြစ်မည်ဟု ထက်မြက် ယူဆမိသည် ။
   “ ကဲ…ဒါဆို ဦးဦး အပြင်မှာ စောင့်နေမယ်နော် ။ မကြောက်ဘူး မဟုတ်လား ။”
မကြောက်ကြောင်း ခေါင်းခါပြ၏ ။
   “ ဒါဆို…ညီမလေးကို ကောင်းကောင်းနှုတ်ဆက်လိုက်ပါ ။ နောင်ဆို…ညီမလေးနဲ့ ဘယ်တော့မှတွေ့ခွင့်ရတော့မှာ
     မဟုတ်ဘူးလေ ။”
ထက်မြက်က စကားကို နက်နက်နဲနဲဆိုရင်း မယ်သုံ၏မျက်နှာကို စိုက်ကြည့်လိုက်သည် ။ ခေါင်းငုံ့ထားသောမယ်သုံလေး၏ မျက်နှာကလေးမှာ မဲ့ရှုံ့သွားကာ ပါးပေါ်သို့ မျက်ရည်စတို့ တရဟောလိမ့်ဆင်းလာ၏ ။ မိမိ ထွက်သွားဖို့အချိန် ရောက်ပြီဟု ထက်မြက် သဘောပေါက်လိုက်၍ အခန်းပြင်သို့ ထွက်သွားလိုက်သည် ။
     မယ်ချစ်လေး၏အလောင်းနားသို့ ဖြည်းဖြည်းချင်းတိုးကပ်လာသောမယ်သုံ့၏ခြေလှမ်းများမှာ လေးကန်အားဖျော့နေ၏ ။ ထုံထိုင်းတွန့်ဆုတ်နေ၏ ။ သို့သော်လည်း ရပ်တန့်ခြင်း ၊ နောက်ဆုတ်ခြင်းမရှိဘဲ တဖြည်းဖြည်းချင်း ရှေ့သို့တိုးလာသည် ။ နာကျင်ဝမ်းနည်းစိတ်တို့ကြောင့် ပါးပြင်ပေါ်တွင်လည်း မျက်ရည်စတို့က တလိမ့်လိမ့်…။
    မယ်ချစ်ကလေးမှာ ပကတိအိပ်နေသကဲ့သို့ ရှိသည် ။ သွေးဆုတ်သွားပြီဖြစ်၍ တစ်ကိုယ်လုံး ဖြူဆုတ်နေသည်ကလွဲလျှင် အိပ်ရာထဲမှ မယ်ချစ်ကလေးနှင့် မခြားနားသေး ။ လဲလျောင်းငြိမ်သက်နေသောမယ်ချစ်ကလေးကို ငေးစိုက်ကြည့်ရင်း မယ် သုံ၏နှုတ်ခမ်းတို့ တဆတ်ဆတ်တုန်ရီလာသည် ။ တစ်စုံတစ်ခုကို ဖွင့်ပြောရေရွတ်ပစ်လိုက်ချင်ပေမဲ့ မယ်သုံ့၏စိတ်ထဲ တွန့် ဆုတ်နေမိသည် ။
- ငါ ပြောလို့ဖြစ်ပါ့မလား ။ မေမေက ဘယ်သူမှ မသိစေနဲ့လို့ မှာထားတယ်လေ ။ သူများ ကြားသွားရင် ဘယ်လိုလုပ်မလဲ ။
အသက်(၆)နှစ်ခန့်သာရှိသေးသော်လည်း မယ်သုံက ရင့်ကျက်နေသူပီပီ အရိပ်သုံးပါး နားလည်သည် ။ သို့ကြောင့် မိမိ ပြော လိုသည်ကို သတိလက်လွတ်မပြောသေးဘဲ ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်၏ ။ အနီးအနားတွင် လူ တစ်ဦးတစ်ယောက် မျှ မရှိ ။ အခန်းမှာ အလုံပိတ်နေ၏ ။
    “ ညီမလေး…”
မယ်သုံက အလောင်းနားသို့ကပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည် ။ မျက်လုံးများက မယ်ချစ်၏မျက်နှာကို မဝံ့မရဲကြည့် နေသည် ။
    “ မမကို ခွင့်လွှတ်ပါနော် ။ မေမေ့ကိုလည်း အပြစ်မတင်ပါနဲ့ ။ မေမေက ညီမလေးကို အချစ်ဆုံးဆိုတာ ညီမလေး သိမှာ
      ပါ ။”
ထိုနေရာတွင် စကားကိုခဏရပ်ကာ တအင့်အင့်ရှိုက်ငိုနေ၍ တစ်ဖက်ခန်းမှ နားစွင့်နေသူထက်မြက်လည်း လည်တဆန့်ဆန့် ဖြစ်သွားရသည် ။ အမှန်တော့ ထိုအခန်းတွင် အသံဖမ်းစက် တပ်ဆင်ထားပြီး နံရံတွင်လည်း လျှို့ဝှက်ကင်မရာ ထားရှိထား သောကြောင့် မယ်သုံကလေး ပြောသမျှကို တာဝန်ရှိသူများက ကြားသိနေရသည် ။ အထူးသဖြင့် စိတ်လှုပ်ရှားနေသူက ဒုရဲ အုပ်လေးထက်မြက် ။ ကလေးမက စကားရှေ့မဆက်ဘဲ တအင့်အင့်ရှိုက်ငိုနေလေရာ ထိုမျှဖြင့် စကားရပ်လိုက်ပါက စုံစမ်း ရခက်သွားပေတော့မည် ။ သို့ပေမဲ့ ထက်မြက် ကံဇာတာတက်နေသည်ဟုဆိုရမည် ။ မယ်သုံက မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သုတ်လိုက်ကာ စကားကိုဆက်သည် ။
   “ မမ မရည်ရွယ်ပါဘူး ။ မမ တောင်းပန်ပါတယ် ။ မေမေ ဆူမှာစိုးလို့ ညီမလေးကို … ညီမလေးကို အင့်…အင့်…ပါးစပ်
     ပိတ်ရုံပိတ်လိုက်တာပါ ။ မမ မုန့်စားနေတာကို မေမေ သိသွားမှာစိုးလို့ ပါးစပ်ပိတ်ရုံပိတ်လိုက်တာပါ ညီမလေးရယ် ။
     အီး…အင့်…အင့်…”
မယ်သုံလေး၏စကားကြောင့် ထက်မြက်- ပါးစပ်အဟောင်းသားဖြစ်ကာ မင်သက်သွားခဲ့ရသည် ။ ကြားသိထားသော အကြောင်းအရာများနှင့် ဆက်စပ်တွေးကြည့်ပြီး ဒုရဲအုပ်ထက်မြက် သဘောပေါက်သွားခဲ့ပြီ ။
      ဒုရဲအုပ် တွေးထင်ထားသည်က တရားခံမှာ မိခင်ဖြစ်သူ မမယ်နှစ်ဖြစ်လိမ့်မည်ဟူ၍ ။ မမယ်နှစ်က လင်ယောက်ျားကို အလွန်ကြောက်ရွံ့ရသောကြောင့် ထိုယောက်ျားအပေါ် မုန်းတီးသည့်စိတ်ဖြင့် စိတ်ဖောက်ပြန်ကာ မိမိရင်သွေးကို ကိုယ်တိုင် သတ်ပြီး ယောက်ျားအပေါ် အပြစ်လွှဲချခြင်းဖြစ်မည် ၊ ထိုအဖြစ်အပျက်ကို မယ်သုံက တွေ့မြင်သွားခဲ့၍ ယခုလို ဆွံ့အနှုတ် ပိတ်သွားခဲ့ရခြင်းဖြစ်မည်ဟု ထက်မြက် တွေးထင်ခဲ့မိသည် ။ သို့ကြောင့်လည်း ယခုကဲ့သို့ planချကာ မယ်သုံ့ကို မယ်ချစ် လေးရှေ့သို့ အရောက်ပို့ပေးပြီး တစ်ယောက်တည်း ထားရစ်ခဲ့ခြင်းဖြစ်၏ ။ တစ်ယောက်တည်းဖြစ်မှ သူမ၏ခံစားချက်များကို ရင်ဖွင့်ပြောပြဖြစ်မည်မဟုတ်ပါလား ။
      သို့သော် ဒုရဲအုပ်ထက်မြက် သီသီလေးအတွေးလွဲသွားသည်က သက်သေခံပစ္စည်းတစ်ခုဖြစ်သော ကွတ်ကီးမုန့်ခွံကို ဘာသိဘာသာသဘောထားခဲ့ခြင်းပင် ။ အမှန်တော့ ထိုကွတ်ကီးအိတ်ခွံသည် အဓိကသက်သေခံဖြစ်နေသည် ။ ထိုအိတ်ခွံ ကြောင့်သာ လူသတ်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည် ။ ဇာတ်ရည်လည်အောင်ပြောရသော်…မယ်သုံက မောင်နီဆီမှ ကွတ်ကီးမုန့် တစ်ခု လက်ဆောင်ရထား၍ မိခင် မသိအောင် ခိုးစားနေသည့်အခိုက် မယ်ချစ်က ရောက်လာပြီး ကလေးသဘာဝ တိုင်မည် တောမည်ပြောဆိုသောကြောင့် ကြောက်အားလန့်အားနှင့် ပါးစပ်ထားလိုက်သည် ။ ကြောက်စိတ်ဖြင့် ပြုမူလိုက်မိခြင်းဖြစ်၍ ပါးစပ်နှင့်နှာခေါင်း ရောပိတ်ထားမိခြင်းကို မယ်သုံလေး သိခဲ့ပုံမရ ။ သိလိုက်သောအခါတွင် အချိန်လွန်သွားခဲ့ပြီ ။
      ကြောက်လန့်ချောက်ချားကာ မယ်သုံ ဆောက်တည်ရာမရဖြစ်သွားမည် ။ နေရာတွင် ရှိုက်ကြီးတငင် ထိုင်ငိုနေမည် ။ ထိုအခိုက် မိခင်ဖြစ်သူမယ်နှစ် ရောက်လာကာ အဖြစ်မှန်အားလုံးကို သဘောပေါက်သွားလိမ့်မည် ။ သမီးတစ်ယောက် ဆုံး ရှုံးလိုက်ရသဖြင့် ယူကြုံးမရ သောကပွေနေရပေမဲ့ နောက်သမီးတစ်ယောက်ကိုပါ အဆုံးရှုံးမခံနိုင်သဖြင့် ဖိုးပြည့်၏လက် ကိုင်ပုဝါကို ပစ်ချကာ ဖိုးပြည့် သတ်သကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်မည် ။ သတ်မိသူကို ယောက်ျားဟုပို၍သက်ရောက်စေရန်အ တွက် အဝတ်အစားများကို ချွတ်ထားလိုက်ခြင်းဖြစ်မည် ။
      အမှုမှန်ကို နှစ်ရက်အတွင်း ဖြေရှင်းခဲ့နိုင်ပြီး လူသတ်တရားခံအစစ်ကို ဖော်ထုတ်ပေးနိုင်ခဲ့၍ ဒုရဲအုပ်ထက်မြက်ကို ရဲမှူး ကြီးက ချီးကျူးဂုဏ်ယူရုံမက ရှေ့၌ တက်လမ်းများစွာရှိကြောင်း ဖွင့်ပြောခဲ့သော်လည်း ထက်မြက် မပျော်နိုင် ။ ထက်မြက်၏ မျက်စိထဲ၌ ညီမဖြစ်သူကို သတ်မိသည့်အတွက် မျက်ရည်အဝိုင်းသားနှင့် နာကျင်ကြေကွဲနေသော တရားခံမယ်သုံလေး၏ မျက်နှာကိုသာ မြင်ယောင်နေမိသည် ။
- တစ်ခါတလေလည်း အမှန်တရားက ဆေးခါးကြီးတစ်ခွက်လိုပါပဲလား ။



                                                                                        စေတနာရှေ့ထားလျက်…
                                                                                                         
                                                                                ဂါဦးနွန်းကို


www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။