Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

လမ်းနီနီနဲ့ အိမ်ကလေး



လမ်းနီနီနဲ့ အိမ်ကလေး


( ၂၀၁၃ သြဂုတ်လထုတ် လပြည့်ဝန်းမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုဖြစ်သည် )

 

ရေးသူ  -  မိုးစွေငှက် + မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)



------------------------------------------------------------------------------------------------

   ဒီအိမ်လေးရှိတဲ့ လမ်းနီနီလေးထဲကို မောင် သုံးကြိမ်မြောက် ရောက်ဖြစ်ခဲ့ပြန်ပြီပေါ့ ။ ခုအချိန်မှာတော့ မောင်ဟာ ယခင် အကြိမ်များနဲ့ လုံးဝခြားနားကွဲပြားစွာ တည်ငြိမ်ရင့်ကျက်နေခဲ့ပြီလေ ။ ဒဂုံတက္ကသိုလ်က ကျူတာတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ မောင့်ဘ၀မှာ ရင့်ကျက်တည်ငြိမ်မှုကို ဆောက်တည်မွေးမြူနေတတ်ခဲ့ပြီ…ညို ။ ညိုသာ မြင်နိုင်မယ်ဆိုရင် မောင့်ပုံစံကိုကြည့် ပြီး မပွင့်တပွင့်လေး ပြုံးမိမှာ သေချာတယ် ။ သြော်…ဘာလိုလိုနဲ့ ဝေးခဲ့ကြတာ ၁၀နှစ်တောင် ကျော်ခဲ့ပြီပဲ ။
   မောင်နဲ့ညို အတည်ပြုချက်တွေ မယူဘဲ နှလုံးသားချင်း တိတ်တဆိတ်လမ်းခွဲခဲ့ကြတာ ၁၀နှစ်တောင် ရှိသွားပြီ…ညို ။ ဒါပေ မဲ့လေ “နှင်းသီရိမောင်”ရဲ့အတိတ်တွေမှာ “ညီခန့်ညို”ဆိုတဲ့ ကြွတ်ဆတ်ဆတ်မာကျောကျောကောင်လေးတစ်ယောက်ရဲ့ပုံ ရိပ်တွေကိုတော့ ချန်ထားရစ်ခဲ့လို့ မရပါဘူး ။ ကိုယ်တို့ရဲ့အတိတ်ဇာတ်လမ်းက မလှပခဲ့တဲ့တစ်ခန်းရပ်ပြဇာတ်လေးတစ်ပုဒ်လို့ ဆိုရင် ညိုတစ်ယောက် အပြင်မှာ ခနဲ့တဲ့တဲ့ပြုံးရင်း ရင်ထဲ ကြိတ်ကြေကွဲနေမှာလား ။ ပွင့်လင်းတဲ့မောင်ကတော့ အပြင်မှာပဲ မျက်ရည်တွေ မိုးလို စွေနေပါပြီ ညိုရယ် ။ တကယ်တော့လည်း အကောင်းဆုံးဖြစ်ဖို့အတွက် မောင်တို့တတွေ ဝေးခဲ့ကြရတာပဲ မဟုတ်လား ။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

  ပထမဆုံး မောင် ဒီလမ်းထဲ ရောက်ဖူးခဲ့တာ အချိုသိပ်စားတဲ့မောင့်သွားတွေကြောင့်ပေါ့ ။ သွားဆေးခန်းရှိတဲ့နေရာကို သွား နေကျလမ်းက မသွားဘဲ အဆန်းထွင်ချင်တဲ့ သူများနဲ့ မတူချင်တဲ့မောင်က လူခပ်ရှင်းရှင်းနဲ့ အိမ်လှလှလေးတွေ စီစီရီရီတည်ရှိ နေတဲ့ မြေနီလမ်းနီနီလေးထဲက ဖြတ်လာဖြစ်ခဲ့တယ် ။ မောင့်အကျင့်အတိုင်း လမ်းတစ်ဖက်တစ်ချပ်မှာရှိတဲ့ အိမ်လေးတွေကို ဟိုလှည့်ငေးဒီလှည့်ငေးနဲ့ပေါ့ ။ လမ်းကလေးကလည်း သာယာ ၊ အိမ်ကလေးတွေကလည်း သစ်လွင်လှပနေတော့ မောင့်မြင် ကွင်းမှာ အရာရာတင့်တယ်ဆန်းသစ်နေခဲ့တယ် ။ ဒီအထဲကမှ နှစ်ထပ်တိုက်ဖြူဖြူလေးတစ်လုံးဟာ ပိုချစ်စရာကောင်းနေလေ ရဲ့ ။
   မောင်ကလည်း မောင်သဘောကျမိတဲ့အိမ်လေးကို လမ်းသွားနေရင်း သေသေချာချာလှည့်ငေးကြည့်မိတယ် ။ အိမ်ကလေး
ရဲ့ခြံစည်းရိုးတလျှောက်မှာ ပုဏ္ဏရိပ်ပင်ပုလေးတွေ စိုက်ထားပြီး အိမ်ရှေ့ဆင်ဝင်ဘေးမှာလည်း နှင်းဆီနဲ့သစ်ခွပင်တွေကို အစီ အစဉ်တကျ ပန်းခြံလေးသဖွယ် စိုက်ပျိုးထားတယ် ။ နောက်ပြီး ခြံထောင့်က ပုန်းညှက်ပင်ကြီးအောက်မှာလည်း ဒန်းလှလှ လေးတစ်ခုကို ကဗျာဆန်ဆန်ချထားသေးတယ် ။ ခြံက သိပ်အကျယ်ကြီးမဟုတ်ပေမဲ့ အေးချမ်းတိတ်ဆိတ်ပြီး သာယာလှပ တဲ့ နေရာလေးတစ်ခုပေါ့ ။ သြော်…အိမ်လေးရဲ့အစိမ်းရောင်ဝရန်တာလေးကို လှမ်းကြည့်မိတော့ ဂစ်တာအညိုလေးတစ်လုံး ကို ထောင်ထားရဲ့ ။ စိတ်ဝင်စားစရာပဲ ။ မောင်လည်း ဂစ်တာပိုင်ရှင်လေးဟာ ဘယ်သူများဖြစ်မလဲ…တွေးနေတုန်း မောင့်မြင် ကွင်းထဲကို ဖြူဖြူဖွေးဖွေးနဲ့ တယ်ရီယာခွေးအမွေးစုတ်ဖွားလေးသုံးကောင်က ပြေးဝင်လာတယ် ။ တကယ့်ကို နေချင်စရာ သီရိဂေဟာကလေးပဲလို့ မောင် မှတ်ချက်ချလိုက်မိတယ် ။
      သွားဆေးခန်းကိုရောက်တဲ့အထိ မောင့်စိတ်ဝင်စားမှုတွေဟာ အိမ်ကလေးဆီမှာ ကျန်ရစ်ခဲ့တယ် ။ မောင် အရွယ်ရောက် လာတဲ့တစ်နေ့မှာ ဒီအိမ်လေးကို ပိုင်ဆိုင်ခွင့်ရရင် သိပ်ကောင်းမှာပဲဆိုတဲ့ ကလေးအတွေးလေးနဲ့အတူ အိမ်ကလေးကို သတိရ နေမိတာပါ ။ ဒါပေမဲ့ အိမ်ကလေးနဲ့မောင်က ဘာမှမသက်ဆိုင်လေတော့ ခဏပဲ သတိရပြီး အချိန်အတော်ကြာ မေ့လျော့နေ ခဲ့တယ် ။ အဲ့ဒီ့တုန်းက တက္ကသိုလ်ဝင်တန်းဖြေပြီးစအရွယ်ဆိုတော့ ကလေးသာသာပဲ ရှိပါသေးတယ် ။ အချစ်အကြောင်းကို နားမလည်သေးတဲ့ ရင်ခုန်တတ်စမောင့်နှလုံးသားလေးဟာ အဖြူထည်သက်သက်ပါပဲ ။ ၁၅၀၀မေတ္တာနဲ့ ဆက်နွယ်ပြီး တွယ် တာမိခြင်း မဟုတ်တာကြောင့် သိပ်မကြာခင်မှာပဲ အိမ်ကလေးကို မေ့လျော့သွားခဲ့တယ် ။ ဒီလမ်းထဲကို မောင် ဒုတိယအကြိမ် ပြန်မရောက်ခင်အချိန်ထိပေါ့ ။
     ဒီဇင်ဘာလ ကျောင်းတွေဖွင့်ချိန်မှာ မောင်က အင်္ဂလိပ်စာမေဂျာ ပထမနှစ် ဒေး(day)ကျောင်းသူပေါ့ ။ အခုဆို မောင့်မှာ အတိုင်အဖောက်ညီတဲ့ စရိုက်တူသူငယ်ချင်းငါးယောက်ကို ပိုင်ဆိုင်ရင်း တက္ကသိုလ်ကျောင်းသူဘ၀ဟာ ပြီးပြည့်စုံနေပြီလေ ။ “ ဘယ်သူကြောင့် ဒီလိုဖြစ်ရတယ် ”လို့ မောင် ယိုးမယ်မဖွဲ့တတ်ပါဘူး ။ အရာအားလုံးဟာ အကြောင်းအကျိုး ဆက်စပ်ပြီးမှ ဖြစ်လာတတ်ကြတာပဲလေ ။ ဒီအကြောင်းနဲ့ပတ်သက်လို့ မောင် ဘယ်သူ့ကိုမှ အပြစ်မဆိုပါဘူး ။ အားလုံးဟာ အမှတ်တရဖြစ် စရာတွေမို့ မမေ့ပစ်ရက်ပါဘူး…ညိုရယ် ။ ကျောင်းတက်ကာစ အပျော်ဆုံးနေ့တွေထဲက တစ်နေ့မှာ “ယဉ်ယဉ်မော်”…ဆိုတဲ့ မောင့်သူငယ်ချင်းရဲ့ကျေးဇူးကြောင့် ညိုနဲ့တွေ့ဆုံဖို့ရာ  အကြောင်းဖန်ခဲ့တယ် ။
   “ နှင်းသီရေ IC kingက အတော်သတင်းကြီးနေလေရဲ့ ။ စတိုင်လည်း မိုက်တယ်ကွ ။ တို့တွေမှ သွားမရှိုးရင် သူ့ခမျာ အား
     ငယ်နေရှာမယ် ။”
   “ ဟယ်…ဒါဆို Paper 2 ပြီးရင် သွားမှဖြစ်မှာပေါ့ ။ ခမျာ သနားပါတယ် ။ ဟာ…ဟ…”
မောင်တို့အဖွဲ့က ဒီလိုအတိုင်အဖောက်ညီကြတာ ။ တကယ်တော့လည်း ဘာရယ်ညာရယ်မဟုတ် ကျောင်းသူကျောင်းသား ဘ၀လေးမှာ ပျော်ခွင့်ရတုန်း ပျော်ပျော်နေချင်တဲ့သဘောပါ ။ မောင်တို့တစ်ဖွဲ့လုံးက ဟန်မလုပ်ပဲမများဘဲ စနောက်တာကို ၀ါ သနာပါကြတာကြောင့် ဟိုနေရာစီခနဲ ဒီနေရာစီခနဲဆို မောင်တို့အဖွဲ့လက်ချက်ပဲ များတယ် ။ ဒါ့ကြောင့် တချို့လူတွေ အမြင် မှာတော့ “ခပ်ကဲကဲကောင်မလေးတွေအဖွဲ့”လို့ ထင်ချင်ထင်မှာပေါ့ ။ မောင်တို့ ICကို ရောက်တော့ စာသင်ချိန်နဲ့ တိုးရော ။
   “ ဟိုမှာ…အလယ်rowမှာ ရှပ်အဖြူလေးနဲ့ စာငုံ့ရေးနေတာလေ ။”
ဦးဆောင်ခေါ်လာတဲ့ “ချိုချဉ်”လို့ နာမည်ပြောင်ပေးထားခံရသူ“ယဉ်ယဉ်မော်”က မသိမသာလေး ညွှန်ပြလိုက်တော့ မောင် တို့အဖွဲ့လည်း ကော်ရစ်တာမှာ လမ်းလျှောက်နေသလိုလိုနဲ့ အခန်းထဲကို လှမ်းကြည့်ကြတယ် ။
   “ အမယ်…ယောနက်ပြာလေးနဲ့တော် ။ ဒါ ဘာစတိုင်လဲ ။”
   “ အေး…ဟုတ်တယ် ။ သူက အဲ့ဒီ့ပုံကို တမင်ထွင်ဝတ်တာလေ ။”
ချိုချဉ်က သူ စတွေ့တဲ့လူမို့ သူနဲ့ပဲ ရင်းနှီးနေသလိုပုံစံနဲ့ ဂုဏ်ယူဝင့်ကြွားလိုက်သေးတယ် ။ မောင် ကြည့်လိုက်တော့ ဆန့် ကျင်ဘက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ဟာ kingဖြစ်နေတာ မဆန်းဟု ယူဆလိုက်မိရဲ့ ။ ဆံ ပင်လေးတွေက ခုခေတ်စတိုင် ၀ဲဝဲအုပ်အုပ်ပုံစံလေးမို့ ဖြူဖွေးတဲ့ညို့မျက်နှာလေးက ကလေးလေးနဲ့ တူနေပေမဲ့ လူကြီးဆန် ဆန် shirtအဖြူကို ယောလုံချည်နဲ့ တွဲဝတ်ထားတော့ ချစ်စဖွယ်ကောင်လေးရဲ့မျက်နှာမှာ နုပျိုလတ်ဆတ်မှုနဲ့တည်ငြိမ်ရင့် ကျက်မှုတို့ကို ယှဉ်တွဲလျက် ခံစားလိုက်မိတယ် ။ ညိုကတော့ မောင်တို့အဖွဲ့ကို သတိတောင် မထားမိဘဲ ဆရာပေးတဲ့ ပုစ္ဆာ ကို တွက်လိုက် စိတ်ရှုပ်ဟန်နဲ့ ခေါင်းကုတ်လိုက် လုပ်နေလေရဲ့ ။ ကလေးဆန်ဆန်လှုပ်ရှားပြုမူနေတဲ့ ညို့အမူအရာလေးကို ကြည့်ရင်း မောင့်စိတ်ထဲ ရယ်ချင်လာမိလို့ ချိုချဥ့်ကို မခံချင်အောင် နောက်ပစ်လိုက်တယ် ။
   “ အမလေး…ကလေးရုပ်ကိုများ Kingပေးထားသတဲ့ ။ ရယ်ချင်လိုက်တာ ဟာ…ဟ…”
   “ ဟယ်…နှင်းသီကလည်း သူကိုက ချစ်စရာကောင်းနေလို့ပါနော် ။ သူများတွေသာ သူ့လို ၀တ်ရင် အဖိုးကြီးပုံ ပေါက်သွား
     မှာ ။”
   “ အေးပေါ့လေ ။ ခုခေတ်မှာတော့ ဘာဖြစ်ဖြစ် စတိုင်ချည်းပဲပေါ့ ။”
ချိုချဉ်က အတင်းရှေ့နေလိုက်နေတော့ အလျော့ပေးလိုက်ပေမဲ့ အဖွဲ့ထဲမှာ အမြဲဆရာမကြီးလုပ်တတ်တဲ့ နန္ဒာက ၀င်ပြီး ဆုံးမစကားပြော ၊ မဟုတ်မခံချိုချဉ်က ပြန်ခံပက်နဲ့ အသံတဖြည်းဖြည်းကျယ်လာတယ် ။ ကော်ရစ်တာမှာ မောင်တို့အဖွဲ့ ကြွက်စီကြွက်စီဖြစ်နေတော့ ဆရာက စူးစမ်းတဲ့အမူအရာနဲ့ လှမ်းကြည့်သလို ကောင်လေးတွေကလည်း ကောင်မလေးတွေရဲ့ အသံကိုကြားတော့ လှည့်ကြည့်ကြတယ် ။ မောင်တို့အားလုံးကလည်း ရွက်ကြမ်းရည်ကျိုရုပ်ရည်တွေ မဟုတ်တော့ အချို့က လျှာထုတ်ပြ တချို့က မျက်လုံးမှိတ်ပြနဲ့ အသံတိတ်လှမ်းစကြတယ် ။ အဲ့ဒီ့လူတွေထဲမှာ ညို မပါပါဘူး ။ IC kingဆိုတော့ လည်း မာနကြီးမှာပေါ့လေ ။ ဒီလိုနဲ့ မောင်တို့ရဲ့တစ်ဖက်သက် တွေ့ဆုံခြင်းနဲ့ဝေဖန်ခြင်းအခမ်းအနားလေးကို လက်ခုပ်သံမပါ ဘဲ ရုတ်သိမ်းခဲ့ကြတယ် ။ ဒီနေ့တော့ ဒီလောက်ပေါ့ ။ နောက်မှပဲ “ညီခန့်ညို”ဆိုတဲ့ IC Kingကို lessonပေးဖို့ ဆုံးဖြတ်ခဲ့ကြ တယ် ။ မောင်တို့အဖွဲ့ရဲ့စိတ်ဝင်စားသူများစာရင်းမှာ ညီခန့်ညိုက ထိပ်ဆုံးမှ ပါလာခဲ့တယ် ။ မောင့်စိတ်ထဲမှာတော့ ညီခန့်ညို ဆိုတာ ကြုံရင် စနောက်စရာသတ္တ၀ါတစ်ကောင်ထက် မပိုခဲ့ပါဘူး ။ ရင်ခုန်စရာနေ့ရက်လေး မတိုင်ခင်အထိပေါ့ ။
         ညို့ကို မောင် ချစ်မိသွားအောင် စူးစူးနစ်နစ်အကြည့်လေးတွေအပြင် ဘာနဲ့မှ မဆွဲဆောင်ခဲ့ရပါဘူး ။ အဲ့ဒီ့နေ့က မောင် တို့ထိုင်နေကျ canteenမှာ ထူးထူးခြားခြား ညို လာထိုင်ခဲ့တယ် ။ ကံဆိုးဖို့လား…ဒါမှမဟုတ် ကံကောင်းတာလား…ဆိုတာကို တော့ မောင် မခွဲခြားချင်ပါဘူး ။ အဲ့ဒီ့နေ့ကျကာမှ မောင်ကလည်း သူငယ်ချင်းတွေကို စောင့်ရင်း တစ်ယောက်တည်းပေါ့ ။ အမှန်အတိုင်း ၀န်ခံရရင် ၀င်လာခါစက ညို့ကို မောင် မမြင်မိပါဘူး ။ မောင့်အကျင့်က တစ်ယောက်တည်း ရှိနေချိန်မှာ ၀တ္ထု စာအုပ်ကို သည်းကြီးမည်းကြီး ဖတ်နေတတ်ပြီး ၀တ္ထုမှာပဲ နစ်မျောနေတတ်တယ် ။ အဲ့ဒီ့နေ့က “တာရာမင်းဝေ”ရဲ့ဝတ္ထုတစ် အုပ်ကို ဖတ်ရင်း ထုံးစံအတိုင်း တခိခိရယ်နေတဲ့မောင်က တခြားသူတွေကို သတိတောင် မထားလိုက်မိဘူး ။ စာအုပ်ပြီးလို့ မော့ကြည့်လိုက်တော့မှ စူးစူးစိုက်စိုက်ကြည့်နေတဲ့ညို့မျက်ဝန်းနက်နက်တွေနဲ့ ဆုံလိုက်ရတဲ့အခါ မောင် အရမ်းရင်ခုန်သွားခဲ့ တယ် ။ ညို့မျက်နှာမှာ မောင် တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ပြုံးစစ,အရိပ်အယောင်တွေကို မြင်လိုက်ရတော့ မောင် မလုံမလဲနဲ့ ရှက် သလိုလို ဖြစ်လာတယ် ။ တကယ်ဆို မောင့်ခံစားမှုမှတ်တမ်းမှာ ဒီလို တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလေ ။ အဲ့ဒီ့မှာပဲ ညို့ကို မောင် ချစ်မိသွားခဲ့တယ် ။ ဒါပေမဲ့ ညီခန့်ညိုဆိုတဲ့ IC kingတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ပြုံးစစမျက်နှာပေးနဲ့မျက်ဝန်းနက်နက်ပိုင် ရှင်လေးအဖြစ်ပေါ့ ။
♥♥♥♥♥
   “ မိန်းမတွေရေ…ငါတော့ ညို့ကို ချစ်မိသွားပြီ ။ ညိုဆိုတာ ညီခန့်ညိုကို ပြောတာ ။”
   “ ဘုရားရေ…ရှင်က ညီခန့်ညိုကို …ဟုတ်လား ။”
   “ ဘယ်တုန်းကလဲ အနှင်းရယ် ။ ဟုတ်မှလည်း လုပ်ပါဦး ။ နင်ပဲ အမြင်ကပ်စရာ ကလေးရုပ်ကလေးဆို ။”
   “ ဟုတ်ပါ့ ။ သူကများ ညိုလေးဘာလေးနဲ့ ။ ဘယ်တုန်းက ကင်ပွန်းသီး ခူးလိုက်တာလဲ ။ အဲ…ဟုတ်ပေါင် ကင်ပွန်းတပ်
     လိုက်တာလဲ ။”
သူငယ်ချင်းတွေအချင်းချင်း ကတိပေးထားတဲ့ထုံးစံအတိုင်း ညို့ကို ချစ်မိတဲ့အကြောင်း ၀န်ခံလိုက်တော့ သူငယ်ချင်းအားလုံး တအံ့တသြနဲ့ပေါ့ ။ မောင်တို့အဖွဲ့က သူငယ်ချင်းတွေ တစ်စုတစ်စည်းတည်း နေရအောင် ဘယ်သူမှ ချစ်သူ မထားကြသေး ဘူးလေ ။ Eမေဂျာက ဂျီ၆ယောက်ဆိုတာ ချစ်စရာကောင်းတဲ့ ခပ်စွာစွာကောင်မလေးတစ်သိုက်မို့ ကျောင်းမှာ မသိသူ ခပ်ရှား ရှားရယ် ။ မောင်တို့အဖွဲ့ကို မရိုးမသားချည်းကပ်လာသူတွေဆို ဟာသတွေ လုပ်ပြီး ပညာပေးတတ်ကြတယ် ။ ရိုးရိုးသားသား ခင်မင်သူတွေကိုလည်း သူငယ်ချင်းအရင်းကြီးတွေလို ဆက်ဆံတတ်ပါတယ် ။ ခုတော့ တစ်ယောက်သောသူမောင်က ညို့ ကြောင့် အဖွဲ့စည်းကမ်းကို ဖောက်ဖျက်လိုသူ ဖြစ်ခဲ့ရပြီပေါ့ ။
   “ ဒီလိုလေ ။ နင်တို့ မလာကြတဲ့နေ့ကပေါ့ ။ ငါက ကန်တင်းမှာ နင်တို့လာမယ်ထင်ပြီး စာအုပ်ဖတ်ရင်း စောင့်နေတာ ။ free
     Birdမှာလေ ။ အဲ့ဒီ့နေ့က သူလည်း လာထိုင်တယ် ။ သူက ဘယ်ကတည်းက ငါ့ကို ကြည့်နေတာလဲမသိဘူး ။ နင်တို့ သိ
     တဲ့အတိုင်း ငါကလည်း ၀တ္ထုဖတ်ရင် ဈာန်ဝင်စားပြီး တခိခိပေါ့ ။ စာအုပ်ပြီးလို့ မော့လည်းကြည့်လိုက်ရော သူက ငါ့ကို ပြုံး
     စစမျက်နှာလေးနဲ့ စိုက်ကြည့်နေတာဟ ။ သူနဲ့ငါ အကြည့်ချင်းဆုံတော့လည်း သူ ဆက်ကြည့်နေသေးတယ် ။ ခဏနေမှ
     သူ ထထွက်သွားတာ ။ ပုံစံက နည်းနည်း ရှိုးတိုးရှန်းတန်းဖြစ်သွားပုံပဲ ။ ဟီဟီ…”
   “ မိန်းမ…အရူးထမနေနဲ့ ။ ငါတို့မရှိတုန်း နင် ဘာတွေလျှောက်လုပ်နေသေးလဲ ။”
အဖွဲ့ထဲမှ ဆရာမကြီးလုပ်တတ်တဲ့ နန္ဒာက ဆူဖို့ပြင်တယ် ။ ခေါက်ဆွဲသုတ်စားရင်း ပလုတ်ပလောင်းနဲ့မို့ အဆူခံရတာတောင်  ရယ်ချင်စရာကြီးပေါ့ ။ သူက ပုပုသေးသေးချစ်စရာလေးမို့ နန္ဒာပုကနေ တဖြည်းဖြည်း “ပု”လို့ပဲ နှုတ်ကျိုးနေကြတယ် ။
   “ ကဲပါ ပုရယ် ။ ပါးစပ်လည်း မအားဘဲနဲ့ ဆူမနေပါနဲ့ဦး ။ အနှင်း ပြောပါစေ ။”
   “ အေးလေ ။ ဒီမှာ ဖီးလ်တောင် ပျက်သွားတယ် ။ ဘယ်ရောက်သွားလဲ…သြော်…ငါလေ သူ့မျက်ဝန်းလေးတွေနဲ့ ဆုံရော
     ရင်ထဲမှာလေ ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး ။ တစ်ခါမှ မကြုံဖူးတဲ့ခံစားမှုမျိုး ။ ရင်တွေ ခုန်လိုက်တာလည်း တဒိန်း
      ဒိန်းနဲ့ ။ ဒါပေမဲ့ ကြောက်လို့လန့်လို့ ခုန်တာမျိုးနဲ့ မတူဘူးဟ ။ ရင်ထဲမှာ နွေးနေသလိုပဲ ။ ငါ သိလိုက်ရတာက သူ့ကို ငါ
      ချစ်မိသွားပြီ ။ နင်တို့လည်း ကြုံလာရင် သိမှာပေါ့ ။ ငါကတော့ သူ့ကို ညိုလို့ပဲ ခေါ်မယ် ။ ဒါမှ သူများနဲ့ မတူမှာ ။”
   “ အင်း…သနားစရာ သတ္တ၀ါပဲ ။ ကဲ…ငါ သိသလောက်တော့ ညီခန့်ညိုမှာ ချစ်သူ မပြောနဲ့ ။ မိန်းကလေးသူငယ်ချင်းတောင်
     မရှိဘူးဆိုပဲ ။ မာနလည်း ကြီးပုံရတယ် ။ သူ့ကို ကြွေနေတဲ့သူတွေလည်း တပုံကြီးပဲ ။ နင်လည်း သိမှာပေါ့ ။”
ဝေဖူးက တွေးတွေးဆဆပြောလိုက်တော့ မောင် ငိုင်သွားမိတယ် ။
   “ အို…တတ်နိုင်ပါဘူးလေ ။ ကံပဲပေါ့ ။ နင်တို့သာ ကူညီပေးဖို့ စဉ်းစားထားကြ ။ ဒီနေ့ကစပြီး ငါတို့အဖွဲ့တော့ မလုပ်ဖူးတာ
     တွေ လုပ်ဖြစ်ဦးမယ်ထင်ရဲ့ ။ စိတ်ညစ်စရာတွေ တွေးမနေကြနဲ့ ။ ငါတို့က ပျော်ပျော်နေတဲ့အဖွဲ့ပဲ ။ စားပြီးရင် classတက်
     ရဦးမှာ ။ မြန်မြန်စား ။”
နောက်ဆုံးတော့ ပျော်ပျော်နေတတ်တဲ့မောင်ကပဲ စိတ်ညစ်စရာတွေကို မောင်းထုတ်ပစ်လိုက်တယ် ။ မောင်တို့အဖွဲ့က ညီ အစ်မတွေထက်တောင် ပိုချစ်ကြပြီး ပြောမနာဆိုမနာတွေမို့ သူတို့ကိစ္စလည်း မောင်နဲ့ဆိုင်သလို မောင့်အရေးလည်း သူတို့အရေးဖြစ်တာကြောင့် စိုးရိမ်ပူပန်ပေးကြတဲ့သူငယ်ချင်းတွေအပေါ် မောင် နားလည်ပါတယ် ။ ဒီလိုနဲ့ ICဘက်ကို ခြေဦး လှည့်မိတာ အကြိမ်ကြိမ်ပါပဲ ။ ညို မသိအောင်လည်း ခိုးကြည့်တတ်ခဲ့ပြီလေ ။
♥♥♥♥♥
        ခုတလော စာမေးပွဲနီးလာပြီမို့ ညိုတို့ICဘက် သိပ်မရောက်ဖြစ်တော့ ။ တစ်ချိန်လုံး လေထားခဲ့သမျှ ခုမှအတိုးချပြီး ကြိုး စားနေကြရပြီ ။ သူငယ်ချင်းတွေလည်း canteenထိုင်ချိန်လေးပဲ စကားပြောချိန် ရတော့တယ် ။
   “ ဟဲ့…ညောင်ညောင်က ငါတို့ကို spotတွေ ပေးမယ်ဆိုပြီး ပေါ်မလာတော့ပါလား ။”
   “ အမလေးဟယ်…နင်က သူ့ကိုများ ယုံလို့ ။ ဟိုနေ့ကလည်း ဒီလိုပဲ မုန့်ညာစားသွားတာ ။”
   “ သူများသားသမီးကို အဲ့ဒီ့လိုတော့ မှို့ချိုးမျှစ်ချိုး မပြောကြပါနဲ့ဟာ ။ သူ့ခမျာ နှစ်ကူးတုန်းက တို့တွေကို မုန့်ကျွေးရှာပါ
     တယ် ။”
   “ အေးပါ မီမီရယ် ။ နင် ညောင်ညောင်ကို သနားနေတာ ငါသိပါတယ် ဟဲဟဲ ”
   “ အယုတ်ခါးမကြီး…နင်နော် စိတ်တိုအောင် မဆွနဲ့ ။ ဒီလို စ,တာ ငါ မကြိုက်ဘူး ။”
   “ မကြိုက်လည်း နေပါတော် ။ ငါ့ကို ဘယ်languageတွေ ရောစပ်ပြီး ဆဲတာလဲ ။ ရှင်းစမ်းပါဦး kittyလေးရဲ့ ။”
   “ ဟာ…ဟ…ဒီတစ်ခါတော့ နင် ညံ့သွားပြီ ။ အယုတ်တမာလို့ ပြောတာလေ ။ တမာက ခါးတယ်မဟုတ်လာ ။ ဒါ့ကြောင့်
     အယုတ်ခါးလို့ ငါက ထွင်ပြောတာ ငှဲငှဲ ။”
   “ သြော်…နာမည်နဲ့လိုက်အောင် ကြောင်နိုင်ပါပေ့ကွယ် ။”
စာကျက်ချိန်မှာ ကျက်ပြီး နားချိန်မှာတော့ ပြည့်ပြည့်၀၀မနားနိုင်ဘဲ ပေါက်ကရတွေ စကားနိုင်လုပြောကြတာ မောင်တို့အဖွဲ့ရဲ့ ထုံးစံလိုပါပဲ ။ ခုလည်း free birdမှာ ဘယ်လောက်လူရှုပ်ရှုပ် မောင်တို့အသံကိုတော့ မအုပ်နိုင်ပါဘူး ။ အဲ့ဒီ့အချိန်မှာပဲ နားထဲ ကို ဂစ်တာသံစဉ်လေးတစ်ခု ညင်ညင်သာသာစီးမြောလာတယ် ။ အဆိုတော်“အာဇာနည်”ရဲ့ “မင်းအတွက်”ဆိုတဲ့ သီချင်းချို လေး ။ မောင်တို့အားလုံးရဲ့စကားသံတွေ အနည်းငယ်ပါးလျားသွားပြီး ဟိုဖက်ဝိုင်းကို မသိမသာအာရုံစိုက်မိကြတယ် ။
     ကောင်လေးငါးယောက်လောက်ထိုင်နေတဲ့ဝိုင်းမှာ ဂစ်တာတီးနေတဲ့သူက ညိုဖြစ်နေပါလား ။ ညိုက စီးချက်ညီညီတီးခတ် ရင်း ငြိမ့်ငြိမ့်ညောင်းညောင်းထွက်ပေါ်လာတဲ့ဂစ်တာသံစဉ်ထဲမှာ စီးမြောခံစားနေပုံနဲ့ မျက်လုံးတွေကို မှေးစင်းထားတယ် ။ ဒါ ပေမဲ့ မျက်ဝန်းဖွင့်လိုက်တဲ့ လျှပ်တပြက်အချိန်ခဏလေးတွေမှာ ညို့မျက်ဝန်းနက်တွေရဲ့ရောင်စဉ်လှိုင်းဟာ မောင့်မျက်နှာပြင် ဆီကို ဖြတ်ဖြတ်ပြေးသွားတယ် ။ မောင် ရင်ခုန်သံတွေ ညံသွားခဲ့ရတယ်…ညို ။ သီချင်းလေးထဲကလို ညို့အချစ်တွေက အမှန် တကယ်ပဲ မောင့်အတွက်လား ။
   “ ဟိတ်…အနှင်း ရှင့်အခြေအနေတော့ မဆိုးဘူး ။ သိက္ခာရကိုယ်တော်လေး ဈာန်လျှောနေပြီထင်တယ် ။”
   “ အို…ငါလည်း မသိတော့ပါဘူးဟယ်…”
အခါတိုင်း “လော်စပီကာ”နာမည်ရမောင့်အသံက ခုများတော့ တိုးညင်လွန်းလှတယ် ။ ညို့ဂစ်တာသံတွေကြားမှာ စီးမြောရင်း တစ်ချက်တစ်ချက် ညို့ကို ခိုးကြည့်မိရဲ့ ။ ညိုက မျက်လုံးတွေကို မှေးစင်းရင်း သီချင်းစာသားတွေနဲ့ဂစ်တာသံစဉ်တွေကြားမှာ နစ်မြောပျော်ဝင်နေပုံ ရတယ် ။ မောင် ညို့ကို ခိုးကြည့်တတ်ခဲ့တာ ICဆောင်ကို ဒုတိယအကြိမ်ရောက်ခဲ့ကတည်းကပါ ။ အခု တော့ ညိုကိုယ်တိုင်လည်း မောင့်လိုပဲ အကြည့်သူခိုးလေးမှန်း သိလိုက်ရတယ် ။
   ¯¯ ကိုယ်တိုင် မှားယွင်းခဲ့တာ သိနားလည်…ငါ့ရဲ့စိတ်က မင်းလေးကိုပဲ…¯¯
သီချင်းစာသားလေးကို နားထောင်ရင်း ရင်မှာ ကြည်နူးလာသလို ၀မ်းနည်းမိသလို…ရှုပ်ထွေးမွန်းသိပ်တဲ့ခံစားမှုတွေနဲ့ ရင်ခွင် တစ်ခုလုံး ပြည့်နှက်မွန်းကျပ်သွားတယ် ။ သြော်…အချစ်ဆိုတာ ဒါပါလားလို့ သိလိုက်ရပေမဲ့ ဘယ်လိုမျိုးလဲဆိုတာကိုတော့ ပြန်ပြောပြဖို့ ခက်မယ် ။ အချစ်က ရေခဲသေတ္တာထဲထည့်ထားတဲ့ ပန်းသီးလေးတစ်လုံးကို စားလိုက်ရသလို ချိုမြအေးစိမ့်လှသ လို တစ်ချက်တစ်ချက်လည်း မီးပြင်းတိုက်လိုက်လို့ တူးသွားတဲ့အသားတုံးကို စားရသလို ခါးခါးတူးတူးနဲ့ အနှစ်မဲ့လွန်းလှရဲ့ ။ မောင်ကတော့လေ ညို့ကိုသာ ချစ်နေရမယ်ဆို ပန်းသီးလေးပဲဖြစ်ပါစေ အသားတူးကြီးပဲ ဖြစ်ပါစေ အချစ်ကို ချိုမြိန်တပ်မက် စွာ စားသုံးမိမှာပဲ ။
   “ နှင်းသီ နင် သတ္တိရှိဖို့တော့ လိုမယ် ။ သူက IC kingဆိုတော့ နင့်ဆီ တိုက်ရိုက်လာဖို့ ခက်မယ်ဟ ။ ဒီတော့ နင်က သွား
     မိတ်ဆက်သင့်တယ် ။ သူက Kingဆိုတာ သွားမိတ်ဆက်ရင်လည်း မရိုင်းပါဘူးဟ ။ ဘယ်လိုလဲ ။”
   “ အေးဟာ ။ ငါတို့ရာဇ၀င်မှာ မရှိခဲ့ပေမဲ့ ဒါလည်းအတွေ့အကြုံသစ်ပေါ့ ။ ပြီးတော့ တခြားလူလည်း မဟုတ်ဘူး ။ နင် သိပ်
     ချစ်တဲ့သူပဲလေ ။”
အကြံပေးတဲ့သူနဲ့မြောက်ပေးတဲ့သူတွေကြောင့် မောင် ရှေ့တိုးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။ မောင့်စွန့်စားခန်းရဲ့ခြေလှမ်းသစ် ပေါ့ ။ မောင့်မွေးနေ့က သူငယ်ချင်တွေ စုရေးပြီးပေးထားတဲ့ autoစာအုပ်လေးကို ထုတ်ပြီး မတ်တပ်ထရပ်လိုက်တော့ မောင့် ခြေဖျားလက်ဖျားတွေက အေးစက်လို့…။ ဒူးတွေတောင် တုန်ချင်ချင်ရယ် ။
   “ ငါပါ လိုက်ခဲ့ပေးမယ် ။”
“လေးလုံး”က အလိုက်တသိထရပ်ရင်း မျက်မှန်ကောက်တပ်လိုက်တယ် ။ ဂစ်တာသံလေးလည်း ဆုံးရော မောင်နဲ့လေးလုံးက ညိုတို့ဝိုင်းနား ရောက်နေပြီလေ ။
   “ ဒီ…ဒီမှာ autoလေး ရေးပေးပါလား ။ ခင်ချင်လို့ပါ ။”
မောင် ခပ်တိုးတိုးပြောရင်း ဘောပင်နဲ့စာအုပ်ကို ညို့ရှေ့မှာ ချလိုက်တယ် ။ ညိုက သူ့မျက်ဝန်းနက်တွေနဲ့ မော့ကြည့်ပြီး ခပ် ရွတ်ရွတ်ပြန်ဖြေတယ် ။
   “ အော်တိုလည်း မရေးတတ်ဘူး ။ အော်ရှည်လည်း မရေးတတ်ဘူးခင်ဗျာ့ ။”
ဒါပေမဲ့ ညို့နှုတ်ခမ်းလေးတွေက ပြုံးယောင်သန်းနေတယ် ။ ဒါဆို…မောင့်အခြေအနေ မဆိုးဘူးပေါ့ ။ မောင် ကိုယ့်ကိုယ်ကို အားပေးပြီး ညို့မျက်ဝန်းတွေကို ရင်ဆိုင်လိုက်ရင်း…
   “ ရေးတတ်သလို ရေးပေးပါ ။ စိတ်မဆိုးပါဘူး ။”
Kingဆိုတော့လည်း မငြင်းသာ၍လားမသိ။ စာအုပ်ကို ဟိုဒီလှန်ရင်း ရေးဖို့ စဉ်းစားနေပုံရတယ် ။ မောင်ကတော့ အခွင့်အရေး ရတုန်း ညို့ကို အားရအောင် အကြာကြီးခိုးကြည့်နေမိတယ် ။ မျက်ခုံးစိမ်းစိမ်းနဲ့မျက်တောင်ရှည်ရှည်လေးတွေက ညို့မျက်နှာ ဖြူဖြူပေါ်မှာ ထင်းထင်းပေါ်လို့နေတယ် ။ ဖြောင့်တန်းတဲ့နှာတံနဲ့ လျှို့ဝှက်နက်နဲမှုဆန်တဲ့နှုတ်ခမ်းမထူမပါးလေးပိုင်ရှင်ညို့ကို မိန်းကလေးတွေ ကြွေကြတာလည်း မဆန်းပါဘူးလေ ။ မောင်ကတော့ ညို ပေးခဲ့တဲ့စူးစူးနစ်နစ်အကြည့်လေးတွေကိုပဲ မက် မောတောင့်တမိတယ် ။ စာတန်းလေးတွေပါတဲ့ ရှပ်အင်္ကျီအဖြူလေးကို စောင်းကောက်ပုံဖောက်ထားတဲ့ယောပုဆိုးဇီးရောင် လေးနဲ့ တွဲဝတ်ထားတဲ့ညို့ပုံစံက ဖြူစင်ရှင်းသန့်နေတယ် ။ ညို့မှာ ပြောစရာဆိုလို့ မာဆတ်ဆတ်ဆက်ဆံတတ်တာလေးပဲ ရှိ တယ် ။
   “ အစ်မတို့က Eမေဂျာက မဟုတ်လား ။ မြင်ဖူးနေလို့…”
ညို့သူငယ်ချင်းရဲ့အမေးက မောင့်အတွေးများကို ဖြတ်တောက်လိုက်တယ် ။ ဒါပေမဲ့ ဒီလိုပြောဖော်ရတာပဲ ကျေးဇူးတင်ရ သေး ။ ဟို…ကိုယ်တော်ချောကဖြင့် တေမိဇာတ်ကနေသလို စကားတစ်ခွန်းမှ ထပ်မဟတော့ ညိုတို့မှာ နေရခက်ခက်ရယ် ။
   “ သြော်…ဟုတ်ပါတယ် ။ ကျွန်မက နှင်းသီရိမောင် ။ သူက မြတ်လေးငုံ ။”
   “ ကျွန်တော့်နာမည်က စိုးသီဟအောင်ပါ ။ ညီ့ကို ခင်သလိုပဲ ကျွန်တော်တို့ကိုလည်း ခင်နိုင်ပါတယ် ။ မာနမကြီးတတ်ပါ
     ဘူးဗျာ ဟဲဟဲ ”
စိုးသီဟအောင်ရဲ့စကားကို ခေါင်းညိတ်ပြရင်း အပြုံးဖြင့်သာ တုံ့ပြန်လိုက်မိတယ် ။ ညို့ဖက်လှည့်လိုက်တော့ ရေးလို့ပြီးနေပြီ ။ ဂစ်တာကို စ,ကိုင်ရင်း မောင်တို့ကို မေ့နေသလိုမျိုးပေါ့ ။
   “ ကျေးဇူးပဲနော် ။ ရေးပေးတဲ့အတွက်…”
မောင် ပြောတော့ ညို့နှုတ်ခမ်းလေးများ ကွေးညွှတ်ရင်း မျက်လုံးလေးတွေ အရောင်လက်လာတယ် ။ မောင့်နှလုံးသားကို ထုတ်ယူသွားတော့မယ့်အပြုံးမျိုးလေးပေါ့ ။ မောင် ညို့အပြုံးတွေကို တစ်ချက်ကြည့်လိုက်ပြီး အိနြေ္ဒရရလှည့်ထွက်လာခဲ့ တယ် ။ သူငယ်ချင်းတွေဆီပြန်ရောက်တော့ အားလုံးက သိချင်ဇောနဲ့ အလျင်စလိုဝိုင်းမေးကြတယ် ။
   “ ဘာရေးပေးလိုက်လဲ…” တဲ့ ။
မောင်လည်း မကြည့်လိုက်မိတော့ မသိဘူးလေ ။ ဒါပေမဲ့ အားလုံးကို အရင်ရယ်ပြလိုက်ပြီး ဟိုဘက်ဝိုင်းကို မျက်စပစ်ပြလိုက် တော့မှ နန္ဒာတို့တွေ သဘောပေါက်သွားကြတယ် ။ ညို့သူငယ်ချင်းတွေရဲ့စိတ်ဝင်စားမှုတွေက မောင်တို့နောက်မှာ ကပ်ပါ လာမှာပဲ မဟုတ်လား ။ ခုလောက်ဆို မောင်တို့ ဘာပြောကြမလဲဆိုတာကို နားစွင့်နေရောပေါ့ ။ ဒါကြောင် မောင်လည်း ဘာမှ မဆိုင်တဲ့ စကားတွေကို တမင်ရွေးပြောပစ်လိုက်တယ် ။
   “ ဟင်…နင်တို့က ငါ့ကို ပ,ထုတ်ပြီး အကုန်တီးထားကြတယ်ပေါ့လေ ။ ဘယ်ရမလဲ…ထပ်မှာမယ် ။”
အရေးထဲ ကပ်စည်းနဲချိုချဉ်က သူရှင်းရမယ့်အလှည့်မို့ အခြေအနေကို သတိမထားနိုင်ဘဲ မျက်စိမျက်နှာတွေ ပျက်နေရှာ တယ် ။
   “ ဟဲ့…ချိုချဉ် ပုရွက်ဆိတ်လည်း မလာ ၊ ပိုးဟပ်လည်း မရှိဘဲ နင်က ဘာလို့မျက်နှာပျက်နေတာလဲ ။ ငါက အအေးလောက်
     ပဲ သောက်မှာပါဟ ။”
ညိုတို့အဖွဲ့ ဂစ်တာဆက်တီးရင်း သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ် ဆိုညည်းလျက်ရှိတော့မှ မောင်က အကြောင်းစုံပြောပြလိုက် ပြီး စာအုပ်ကို အသာဖွင့်လှန်လိုက်တယ် ။ ညိုတစ်ယောက် ဘာများရေးထားမလဲ ? ရင်ခုန်စွာနဲ့ ဖတ်လိုက်မိတော့ ၀ိုင်းစက် စက်လက်ရေးလေးတွေနဲ့ ရိုးရိုးလေးပဲ ရေးလိုက်တာပါ ။
   “ ထာဝရပျော်ရွှင်နိုင်ပါစေ ”…တဲ့ ။
ပြီးတော့ ညို့လက်မှတ်ကိုလည်း အပြည့်အစုံ ထိုးထားလေရဲ့ ။ ညိုလည်း စာသားလေးနဲ့ ထပ်တူကျနိုင်ပါစေလို့ မောင် တစ် လှည့်ဆုတောင်းပေးလိုက်မိတယ် ။
   စာမေးပွဲဖြေတဲ့နောက်ဆုံးနေ့မှာ ညိုဖြေတဲ့အဆောင်ကို မောင် ရောက်သွားခဲ့တယ် ။ ထိန်းမရတဲ့မောင့်နှလုံးသားက ညို့ကို မမြင်ရရင် မနေနိုင်လို့ ကျောင်းပိတ်ရက်တွေအတွက် ခံနိုင်ရည်ရှိအောင် မောင် အရောက်လာခဲ့မိတာပါ ။ ကော်ရစ်တာကနေ ညို့မျက်နှာလေးကို ညိုမမြင်အောင် မောင်ခိုးကြည့်မိတယ် ။ စာပဲ မဖြေနိုင်လို့လား…ကျောင်းပိတ်ရက်တွေမှာ တိတ်တိတ် လေးလွမ်းနေရမှာ ကြောက်လို့ပဲလား မသိ ။ ညို့မျက်နှာလေးက မှုန်ကုပ်လို့…။
   “ အစ်မ ဖြေနိုင်လား ။ ဘယ်သူ့လာရှာတာလဲ ။”
ကောင်လေးတစ်ယောက် လာမေးမှ သတိဝင်လာပြီး လှည့်ကြည့်မိတော့ ညို့သူငယ်ချင်းစိုးသီဟအောင် ။
   “ အင်း…မဆိုးပါဘူး ။ သူငယ်ချင်းကို လာရှာတာလေ ။”
မောင့်ပါးစပ်ထဲတွေ့ရာကို မှင်သေသေနဲ့ပြန်ဖြေလိုက်တော့ စိုးသီဟအောင်က…
   “ ကျွန်တော်က ညီ့ကို လာစောင့်တာ ။ သူလည်း ဒီအခန်းမှာပဲလေ ။ အပန်းမကြီးဘူးဆို သူထွက်လာရင် သူ့လွယ်အိတ်
     လေး ပေး,ပေးပါလား ။ ကျွန်တော် သွားစရာလေး ရှိလို့…”
   “ သြော်…ရပါတယ် ။ ကိစ္စမရှိပါဘူး ။”
စိုးသီဟအောင်က မောင့်လက်ထဲ ညို့လွယ်အိတ်လေးကို ယုံယုံကြည်ကြည်ထိုးအပ်ခဲ့တယ် ။ ကောင်လေးထွက်သွားတော့မှ လွယ်အိတ်လေးကို အမြတ်တနိုးနဲ့ ရင်ခွင်ထဲမှာ ပိုက်ထားမိရင်း စိတ်ကူးယဉ်မိရဲ့ ။ ဒီလွယ်အိတ်လေးကို အမြဲထွေးပိုက်ထား ခွင့် ရချင်လိုက်တာ ။ မောင့်ဆန္ဒတွေ ပြည့်နိုင်ပါ့မလား…ညို ။ အဖြူစက်လေးတွေပါတဲ့ အနက်ရောင်လွယ်အိတ်လေးထဲမှာ စာအုပ်တစ်အုပ်အပြင် ဘာမှမရှိ ။ စာအုပ်ထဲမှာ ဘာတွေရေးထားမလဲ ။ စိတ်ဝင်စားစွာနဲ့ စာအုပ်ကို ဆွဲဖွင့်မိတယ် ။
      စာအုပ်ရဲ့ရှေ့ဆုံးစာမျက်နှာမှာ မှင်စိုဘောပင်လေးနဲ့ရေးထားတဲ့ စာလုံးဝိုင်းတွေကိုဖတ်ပြီး မောင် အံ့သြသွားရတယ် ။
   “ ကျွန်တော့်ရှပ်အင်္ကျီအောက်တွင် နွမ်းနယ်နေသော နှလုံးသားတစ်စုံ ရှိသည် ။ ထိုနှလုံးသားသည် ကြင်နာတတ်သဖြင့်
     မည်သူကိုမျှ အန္တရာယ်မပြုလို…”
စာသားတွေကို မောင်ဖတ်ကြည့်ရင်း ညို့ဘ၀ကို သိချင်လာတယ် ။ ဘာကြောင့်များ ညို့နှလုံးသားဟာ နွမ်းနယ်နေရပါလိမ့် ။ ညို့မှာ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ထိခိုက်စရာအဖြစ်အပျက်တွေများ ရှိခဲ့လို့လား ။ ဒါမှမဟုတ် ညိုဟာ အကြောင်းကြောင်း ကြောင့် ချစ်တဲ့သူနဲ့ နီးစပ်ခွင့် မရှိတာလား ။ အို…လျှောက်ရေးထားတာလည်း ဖြစ်ချင်ဖြစ်မှာပါ ။ နောက်ပိုင်းမှာ ကျောင်းစာ တွေ ရောရေးထားပြီး နောက်ဆုံးစာမျက်နှာမှာတော့ “Maung”လို့ အင်္ဂလိပ်လို့ ရေးထားလေရဲ့ ။ ဒီစာလုံးလေးတွေဟာ နှင်း သီရိမောင်ဆိုတဲ့ မောင်နဲ့ ဘာမှ မပတ်သက်ဘူးလို့ ညို ပြောရဲလားဟင် ။ ဒါဟာ ညို့နှလုံးသားတစ်ပိုင်းတစ်စကို လှစ်ဟရေး သားထားတာလား ။ ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ယောက်က ညို့အလစ်မှာ ညို့စာအုပ်ပေါ် ခိုးရေးထားတာလည်း ဖြစ်နိုင်ပြန်ရော ။ ညို့စာအုပ်လေးကလည်း ညို့လိုပဲ ပဟေဋ္ဌိများစွာနဲ့လေ ။ ဘာပဲဖြစ်ဖြစ် နှင်းသီရိမောင်ဆိုတဲ့ မောင့်နာမည် ထဲက နောက်ဆုံးစာလုံးလေးကို ပိုမိုမြတ်နိုးစွာနဲ့ ညို့အတွက် နာမ်စားသုံးဖို့ ဆုံးဖြတ်လိုက်တယ် ။
    အချိန်စေ့ခေါင်းလောင်းထိုးလို့ ညို ထွက်လာတော့ မောင်က ညို့ဆီ လျှောက်လာရင်း ရင်ခုန်သံတွေ လှိုင်းထန်နေခဲ့တာ ညိုတစ်ယောက် သိမှသိပါလေစ ။ ဒါပေမဲ့ ညိုကိုယ်တိုင်လည်း မောင့်ကို ရုတ်တရက်တွေ့လိုက်ရတော့ အံ့သြသွားသလို ၀မ်း သာတဲ့အပြုံးရိပ်လေးလည်း နှုတ်ခမ်းထောင့်မှာ ဖြတ်ပြေးသွားတယ် ။ ဘာကြောင့်များ ညို ရဲရဲဝံ့ဝံ့မပြုံးတာလဲ ? မိန်းကလေး ဖြစ်တဲ့မောင်ကတောင် ညို့အနားကို ရောက်လာပြီပဲ ။ ညို တစ်ချက်လောက်တော့ အသိအမှတ်ပြုသင့်တယ် ။
   “ ဖြေနိုင်လား…”
မောင် မေးတော့ ညိုက ခေါင်းလေးကို ခပ်လေးလေးခါပြီး “မဖြေနိုင်ဘူး”တဲ့လေ ။ ညို ဘာတွေများ စိတ်ရှုပ်နေသလဲ မသိ ။ မျက်နှာထား တည်တည်နဲ့မို့ မောင် အလိုက်တသိပဲ နှုတ်ဆက်ထွက်လာခဲ့တယ် ။ မောင့်ကြောင့် ညို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်လို့ပါ…ညို ။ ရက်စက်တယ်လို့မဆိုရက်ပေမဲ့ တစ်ချက်လေးပဲဖြစ်ဖြစ် မောင့်ကို ညို ပြုံးပြသင့်တယ် ။ စိတ်ထဲမှာ မတင် မကျနဲ့မို့ စာအုပ်ထဲကကိစ္စတွေကို သူငယ်ချင်းတွေကို ပြောမပြမိဘူး ။ ရင်ထဲမှာလည်း မေးခွန်းပေါင်းစုံရဲ့ပဲ့တင်သံနဲ့ ကျောင်း ပိတ်ရက်တွေဟာ မောင့်အတွက် တခြားကမ္ဘာတစ်ခုမှာ နေထိုင်နေရသလိုမျိုး ဘာနဲ့မှသဟဇာတ မဖြစ်ဘဲ အထီးကျန်ဆန် လွန်းနေတယ် ညိုရယ် ။
♥♥♥♥♥
         ကျောင်းတွေ ပြန်ဖွင့်တော့လည်း ညို ကျောင်းလာအတက်ကို စောင့်လိုက်ရတာ အချိန်တွေ ရှည်လွန်းလှတယ် ။ ညို့ မျက်နှာလေးကို ငေးနေရချိန်မှာ အချိန်ဟာ ကုန်မြန်လွန်းပေမဲ့ ညိုနဲ့ဝေးနေချိန်မှာတော့ နေ့တွေရက်တွေနာရီတွေကို မြန်မြန် ကုန်ဆုံးပါစေလို့ လက်ချိုးရေရင်း ဆုတောင်းနေခဲ့ရတယ် ။ အချစ်ရဲ့ဒုက္ခဟာ ဒီလောက်ဆိုးရွားမှန်းသာ မောင် အစောကြီးက တည်းက ကြိုသိခဲ့ရင် ညို့မျက်ဝန်းနက်နက်လေးတွေနဲ့ မဆုံမိလေအောင် မောင့်မျက်လုံးတွေကို မှိတ်ထားခဲ့မိမယ် ထင်ရဲ့ ။ ပြန်တွေ့တော့လည်း ညိုက မမှတ်မိသလိုအမူအရာမျိုးနဲ့ မောင့်အပေါ်ကို နှိပ်စက်ပြန်တယ်လေ ။ အဲ့ဒီ့ရက်တွေဟာ မောင့် အတွက် အိပ်မက်ဆိုးမက်တဲ့ညတွေလိုပါပဲ ။
      ညိုရယ်…ကျွန်မက မိန်းမသားပါ ။ ရှင့်အတွက် ကျွန်မ့သိက္ခာတချို့ကိုတောင် လမ်းခင်းပေးခဲ့ပါတယ် ။ ဒါကိုတောင် ရှင် နင်းမလျှောက်လာခဲ့ဘူးနော် ။ အရင်က နင်းမလိုနဲ့ ကြွခဲ့တဲ့ခြေလှမ်းတွေက အပျော်သဘော ကြည်စားရုံသက်သက်ပဲလား ။ ညို ဘာကြောင့် ဒီလိုပြောင်းလဲသွားရတာလဲ ။ အထူးသဖြင့် တစ်ချိန်က ပြုံးစစအကြည့်စူးစူးလေးတွေဟာ အခုတော့ မယုံနိုင် စရာကောင်းလောက်အောင် စိမ်းကားမာကြောနေလေရဲ့ ။ စူးစူးနစ်နစ်အကြည့်လေးတွေကို သိပ်လွမ်းတယ်…ညို ။ လူကို မမြင်သလို လွှဲဖွယ်သွားတဲ့ရှင့်မျက်ဝန်းတွေရဲ့နောက်ကွယ်မှာ ဘာအဖြစ်အပျက်တွေ ရှိနေလို့လဲ ။ ရှင်က “ဘယ်သူ့ကိုမှ အန္တ ရာယ်မပြု”လို့ ဆိုခဲ့ပေမဲ့ ရှင့်ဥပေက္ခာတွေက ကျွန်မ့အသည်းကို ဓါးနဲ့ မွှမ်းနေသလိုပါပဲ ။ “နှင်းသီရိမောင်”ဆိုတာ ရှင့်အကြည့် တွေအောက်မှာ အရည်ပျော်သွားခဲ့ရသူပါ…ညို ။ ရှင် ချစ်တတ်တဲ့တစ်နေ့မှာ နားလည်လာပါလိမ့်မယ် ။

   “ နှင်းရေ…ရှင် ကျုပ်ကို ဘာမုန့်ဝယ်ကျွေးမလဲ ။ ဒီမှာကြည့်…ညီခန့်ညိုရဲ့အိမ်လိပ်စာ ။”
   “ ဘာရယ်…ညို့အိမ်လိပ်စာ ဟုတ်လား ။”
   “ အေး…ငါ့အသိတစ်ယောက်ဆီက မရမကတောင်းလာခဲ့ရတာ ။ ကဲ…ဘာချီးမြင့်မလဲ ။”
   “ ပြောစရာလိုသေးလို့လား ပု,ရယ် ။ ဘာစားချင်လဲ…ပြော ”
မထင်မှတ်ဘဲ ကံကောင်းချင်တော့ ညို့လိပ်စာကို ပု,က စုံစမ်းလာလေရဲ့ ။ မောင်လည်း မယုံတစ်ဝက်နဲ့ ညို့အိမ်လိပ်စာလေး ကို ယူရင်း စိတ်ကူးထဲမှာ ညို့အိမ်လေးဆီ ခဏခဏ သွားလည်မိတယ် ။ မမြင်ဖူးသေးတဲ့ညို့အိမ်လေးကတော့ အာရုံထဲမှာ ၀ိုးတ၀ါးပေါ့ ။

       ဆောင်းရာသီရဲ့တနင်္ဂနွေတစ်ရက်မှာ မောင်နဲ့ပု, လိပ်စာတစ်ခုကို ကိုင်ပြီး ဟိုမေးဒီမေးနဲ့ ရှာပုံတော်ဖွင့်ကြတယ် ။ နောက်ဆုံးတော့ မရောက်တာကြာပြီဖြစ်တဲ့ လမ်းနီနီကလေးဆီကို ရောက်လာခဲ့ကြတယ်လေ ။ အရင်တုန်းက လမ်းကလေး ချစ်စရာကောင်းတာပဲသိပြီး လမ်းနာမည် မမှတ်မိခဲ့တဲ့ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်နေမိတယ် ။ တကယ်ပါပဲ…မထင်မှတ်စရာ တွေ ဆက်တိုက်ဖြစ်နေတာက မောင်သိပ်သဘောကျခဲ့တဲ့နှစ်ထပ်တိုက်အိမ်လေးဟာ ညိုနေတဲ့အိမ်လေးတဲ့ ။ ပြီးတော့ ဟိုအ ရင်က မောင် သိချင်ခဲ့တဲ့ဂစ်တာပိုင်ရှင်လေးဟာ ညိုဖြစ်နေသတဲ့လေ ။ ကံတရားရဲ့ကြည်စားမှုကို မောင် ကြည်ကြည်နူးနူးနဲ့ လက်ခံလိုက်တယ် ။ မောင် မြတ်နိုးတဲ့အရာတွေ ဆက်စပ်နေတာဟာလည်း ကျေနပ်စရာပါပဲ ။
   “ ပုရေ…ဒီမှာ ညို နေတာသေချာရဲ့လား ။ လူလည်း မတွေ့ဘူး ။”
   “ အပြင်သွားတာနေမှာပေါ့ ။ သေချာပါတယ်ဟ ။ ဟိုမှာလှန်းထားတာ ညီခန့်ညိုရဲ့ပုဆိုး မဟုတ်လား ။ စောင်းကောက်ပုံ
     ယောလေးလေ ။”
   “ ဟုတ်တာပေါ့ ။ ဟိုမှာလည်း သူ့လွယ်အိတ်လေး လျှော်ထားတာထင်တယ် ။ ဟိ…ပျော်လိုက်တာ ။”
မောင့်ရင်ထဲက ထိန်းမရလွန်းလို့ ထွက်ကျလာတဲ့စကား ။ မောင် ရင်တွေ အရမ်းခုန်နေတယ် ။ ညိုနေတဲ့နေရာလေးဆိုတဲ့ အသိနဲ့ လမ်းနီနီပေါ်ကနေ အိမ်ကလေးကို သေချာကြည့်တော့ အရင်ကအတိုင်း ပြောင်းလဲမှုသိပ်မရှိ ။ ပုဏ္ဏရိပ်ပင်တွေလည်း ဒီအတိုင်း ၊ ပုန်းညှက်ပင်ကြီးလည်း ဒီအတိုင်း ၊ ဒန်းပြာလေးလည်း ဒီအတိုင်းပဲ ။ တယ်ရီယာခွေးလေးတွေတော့ မတွေ့မိ ။ အချစ်တွေနဲ့ ပြည့်နှက်နေလို့ပဲလား မသိ…အိမ်ကလေးကိုကြည့်ရတာ အရင်ကထက် တောက်ပနေသလို လှပသာယာနေသ လို ။
      နောက်ပိုင်း ကျောင်းပိတ်ရက်တွေမှာ ညို့ဆီကို ကဗျာလေးတွေပါတဲ့ကဒ်လေးတွေ တစ်လတစ်ကြိမ် ပို့ဖြစ်ခဲ့တယ် ။ ညို autoရေးပေးဖူးတဲ့ “ထာဝရပျော်ရွှင်နိုင်ပါစေ”ဆိုတဲ့ဆုတောင်းလေးနဲ့အတူ အောက်ဆုံးမှာ Maungလို့ ရေးပြီးတော့ မောင့် သတိရခြင်းတွေကို ညိုသိအောင် ကြိုးစားမိတယ် ။ လမ်းကလည်း မကြုံ ၊ သပ်သပ်လည်း မသွားရဲတာနဲ့ မောင် လမ်းနီနီလေး ဆီကို နောက်ထပ်မရောက်ဖြစ်တော့ ။ ကျောင်းက ညိုနဲ့မောင်တို့ရဲ့ဇာတ်လမ်းကလည်း မစ,ခင်မှာပဲ တစ်ခန်းရပ်သွားပြီ ထင် ပါရဲ့။ ခုတော့ ခံစားချက်တွေပေးခဲ့တဲ့ ရှင့်အကြည့်စူးစူးလေးတွေကိုပဲ လွမ်းစရာတစ်ခုလို မောင့်ရင်ထဲမှာ သိမ်းထားရတော့မှာ လား…ညိုရယ် ။ မရေရာလှတဲ့မောင်တို့ဇာတ်လမ်းဟာ အဆုံးသတ်ကို ရောက်ခဲ့ပြီလား..မောင်ကိုယ်တိုင်လည်း မသိခဲ့ပါဘူး ။ မောင့်မှာသာ ရင်ခုန်ခဲ့ရပေမဲ့ ရှင့်အတွက်ကတော့ canteenမှာ Autoရေးခိုင်းဖူးတဲ့ မကြာခဏ ရှင့်ကိုခိုးကြည့်တတ်တဲ့ကောင် မလေးတစ်ယောက်ကို ကစားစရာအဖြစ်ပဲ သဘောထားခဲ့မှာပေါ့ ။ ကျေနပ်ပါတယ်…ညို ။
     နောက်ဆုံးနှစ် ကျောင်းပိတ်ချိန်ရောက်တော့ သတင်းစာထဲမှာ ညိုတို့လက်ထပ်တဲ့သတင်း ပါလာခဲ့တယ် ။ စွန့်လွှတ်လိုက် ရတော့မှာကို သိနေပေမဲ့ မောင် ခံနိုင်ရည် မရှိခဲ့ပါဘူး ။ ရင်တစ်ခုလုံးကို ခွဲပြီး အသည်းနှလုံးကို ဆွဲထုတ်ပစ်လိုက်သလို ရင်ထဲ မှာ ဟာသွားတာပဲ။ ရင်ကွဲတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ ။ ညို့ကို အပြီးအပိုင်ဆုံးရှုံးခြင်းဆိုတဲ့အသိနဲ့အတူ သတင်းစာကိုလည်း အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်မိတယ် ။ ဒီလိုပဲ မောင့်အသည်းတွေလည်း သတင်းစာရွက်တွေလို တစ်စစီပဲ့ကြွေနေပြီ…ညို ။ မောင်ချစ်ခဲ့တာ ညိုသိအောင် သေချာပြောခွင့် မရှိပေမဲ့ ခုလို ရေရေရာရာအသည်းကွဲခွင့်ပေးခဲ့တဲ့အတွက် ညို့ကို ကျေးဇူး တင်ပါတယ် ။ ခုမှတော့ ဖြစ်ပြီးသမျှအရာအားလုံးကို ကြိုးစားပြီးမေ့ပစ်ရတော့မှာပေါ့ ။ ညို့ကို မုန်းပစ်လို့ မရခဲ့ပေမဲ့ ညို့မျက် ၀န်းလေးတွေကိုတော့ နာကျည်းချင်မိတယ် ။
       ညို့ကို မတွေ့တော့တဲ့နောက်ပိုင်း မောင် စာကိုပိုကြိုးစားဖြစ်ခဲ့တယ် ။ MAတန်းဆက်တက်ရင်း ညို့ကို မေ့ထားပစ်ခဲ့ တယ် ။ ဒါပေမဲ့ ကျောင်းရဲ့နေရာတိုင်းမှာ ညို့အငွေ့အသက်တွေကို မောင် တွေ့မြင်နေရဆဲပါပဲ ။ ဒီလိုနဲ့ တစ်ရက်မှာ မထင် မှတ်တဲ့စာတစ်စောင် မောင့်ဆီ ရောက်လာခဲ့တယ် ။ မမြင်ဖူးတဲ့လက်ရေးမို့ စိတ်ဝင်စားစွာနဲ့ စာကို ဖောက်ဖတ်ကြည့်တော့…
သို့
   မနှင်းသီရိမောင်
ကျွန်တော် ညီ့သူငယ်ချင်းစိုးသီဟအောင်ပါ ။ ခုလို စာရေးတာ ညီ့အကြောင်းတွေ ပြောပြချင်လို့ပါ ။ အတိတ်ဆိုတာ ကျန်ရစ် ခဲ့သင့်ပေမဲ့ အမှန်တရားဆိုတာကတော့ အဖိုးတန်ပါတယ်ဗျာ ။ မှားယွင်းနေတဲ့အတိတ်ကြောင့် ဘယ်သူ့ကိုမှ မနစ်နာစေချင် တာကြောင့် ကျွန်တော် ခုလို စာရေးလိုက်ရတာပါ ။ ကျွန်တော်နဲ့ညီက ညီအကိုတွေလို နေကြတာပါ ။ ပြောရရင် ညီ့မိဘတွေ ဆုံးကတည်းက ညီ့ကို အိမ်က သားအရင်းလိုမွေးစားခဲ့ကြတာပေါ့ ။ ပြီးတော့ ကျွန်တော့ညီမလေးနဲ့ညီ့ကို သူ့မိဘတွေရှိက တည်းက မိဘချင်း သဘောတူထားခဲ့ကြတယ် ။ မနှင်းသီရိနဲ့ညီတို့ဇာတ်လမ်းကို ကျွန်တော် အကုန်သိပါတယ် ။ မနှင်းသီရိ ပို့ တဲ့ ပို့စကဒ်လေးတွေအားလုံးလည်း ညီ့ဆီကို ရောက်ပါတယ် ။ အမှန်အတိုင်းပြောရရင် free birdမှာ မနှင်းသီရိကို စ,တွေ့က တည်းက  ညီ မြတ်မြတ်နိုးနိုးချစ်မိသွားခဲ့တာပါ ။ ဒါပေမဲ့ ညီက ခေါင်းမာတယ် ။ တာဝန်ယူလိုစိတ် ကြီးတယ် ။ ညီမလေးက လည်း နှလုံးရောဂါသည်လေးဆိုတော့ ပစ်ပစ်ခါခါဆက်ဆံမိလို့ တစ်ခုခုဖြစ်သွားမှာကို ကြောက်ရှာတယ် ။ တကယ်တော့ ညီ ဟာ သူ့နှလုံးသားကို စတေးပြီး အားလုံးအပေါ်ကို သက်ညှာထောက်ထားခဲ့တာပါ ။ ဒါကြောင့်လည်း မနှင်းသီရိ သူ့လို ခံစားရ မှာစိုးရိမ်လို့ အလေးမထားသလို ဆက်ဆံခဲ့တာတဲ့ ။ မနှင်းသီရိကတော့ သူ့ကို မာနကြီးတယ်ဆိုပြီး မုန်းနေမှာပဲတဲ့လေ ။ ညီမ လေးလည်း သူနဲ့လက်ထပ်ပြီးမကြာ ဆုံးပါးသွားရှာတယ် ။ သူလည်း လောကကြီးကို စိတ်နာပြီး စိတ်လေလေနဲ့ နိုင်ငံခြားကို ထွက်သွားပါပြီ ။ သူ မသွားခင် ပြောခဲ့တာက “ သူ အမြဲကောင်းအောင် ကြိုးစားခဲ့ပေမဲ့ လောကကြီးက ကြေကွဲမှုတွေပဲ ပြန် ပေးတတ်တယ်”တဲ့ ။ ဒါ့ကြောင့် သူ မနှင်းသီရိကို မေ့မရသေးပေမဲ့ ကြေကွဲမှုတွေပဲ ပြန်ပေးတတ်တဲ့လောကကြီးကိုကြောက် လို့ အဝေးကနေပဲ ချစ်နေတော့မယ်တဲ့လေ ။ ဒီအကြောင်းတွေ ပြောပြရတာက မနှင်းသီရိရဲ့ရင်ထဲမှာ ညီ့အပေါ် နာကျည်း ချက်တွေ ရှိနေခဲ့ရင် ဖြေလျော့ပေးစေချင်လို့ပါ ။ ကျွန်တော်အချစ်ဆုံးသူငယ်ချင်းအတွက် ဘာမှမလုပ်ပေးခဲ့ရလို့ ဒါလေးတစ်ခု တော့ ကျွန်တော် သူ့အစား တောင်းပန်ပါရစေ ။ ညီကတော့ မပြောဖြစ်ခဲ့တဲ့ သူ့အချစ်တွေကို ကမ္ဘာတစ်ဖက်ခြမ်းဆီ သယ် ဆောင်သွားပါပြီ ။ ဒါပါပဲ…မနှင်းသီရိမောင် ။
                                                                                                           ခင်မင်စွာဖြင့်
                                                                                                                              စိုးသီဟအောင်
စာကိုဖတ်နေစဉ်မှာ မောင့်ရင်ထဲကလှုပ်ရှားမှုဟာ ဘယ်ငလျင်မှမမီနိုင်တဲ့ တုန်ခါနှုန်းနဲ့ စက္ကန့်မလပ်ပြေးလွှားနေမိတယ် ။ အ တိတ်ကပုံရိပ်တွေဟာ အာရုံမှာ တရိပ်ရိပ်ပြန်ပေါ်လာတယ် ။ ညိုနဲ့ပတ်သက်တဲ့အရာတိုင်း မောင့်မျက်ဝန်းထဲမှာ လတ်လတ် ဆတ်ဆတ်လှုပ်ရှားရှင်သန်နေတုန်းပဲ ။ မမျှော်လင့်ရဲလောက်အောင် မောင့်ကို ညို သိပ်ချစ်ခဲ့တယ်တဲ့လား…ညိုရယ် ။ ညို့ အပေါ် နာကျည်းလုနီးပါး ကြေကွဲခဲ့ရသလို ညိုလည်း မောင့်ကြောင့် အသည်းကွဲနေခဲ့တာကိုသိရတော့ ပိုခံစားရတယ်…ညို ။ ညို့ကို အရင်ကထက် ပိုချစ်သွားတယ် ။ သတ္တိနည်းသူလို့ မောင် မစွပ်စွဲရက်ပါဘူး ။ အားလုံး အဆင်ပြေဖို့ ညို စွန့်လွှတ်ခဲ့တာ တွေကို မောင် နားလည်ပါပြီ ။ ဘာပဲဖြစ်ဖြစ် ညို ပြန်လာမယ့်ရက်ကို မောင် စောင့်နေမယ် ။ အချိန်တွေ ဘယ်လောက်ပဲကြာ ပါစေ…မောင် စောင့်နေမယ်… ညို ။    
♥♥♥♥♥
    အို…အိမ်ကလေးဟာ အရင်ကအတိုင်း လှပမြဲလှပဆဲပါလား ။ ၀ရန်တာစိမ်းစိမ်းမှာ ထောင်ထားတတ်တဲ့ ဂစ်တာညိုလေး မရှိတော့တာကလွဲလို့ပေါ့ ။ သန်မာကြီးပြင်းနေတဲ့ပုန်းညက်ပင်ကြီးမှာလည်း အပွင့်ဖြူဖြူတွေ ဖူးပွင့်နေလို့လေ ။ ညို့ကို သတိ ရလွန်းလို့ အလွမ်းပြေကြည့်စရာ ညို့အိမ်ကလေးဆီကို မောင် တတိယအကြိမ် ရောက်လာခဲ့တယ် ။ အိမ်ကလေးဟာ ဖူးပွင့် နေတဲ့ပန်းပေါင်းစုံနဲ့ ပိုပြီးလှပသာယာနေပေမဲ့ ညို မရှိတော့တဲ့မောင့်ကမ္ဘာအတွက်တော့ ခြောက်ကပ်ကပ်နိုင်လွန်းလှတယ် ။ အရင်က မောင့်စိတ်ထဲမှာ ဒီလမ်းနီနီနဲ့ ဒီအိမ်ကလေးကို သိပ်ပနံသင့်တာပဲလို့ ထင်မှတ်ခဲ့မိရဲ့ ။ တကယ်တော့ အိမ်ကလေးနဲ့ လမ်းနီလေးဟာ နီးကပ်မလိုလိုနဲ့ ခြံဝန်းတံခါးတစ်ခုက သပ်သပ်စီခြားထားလျက်ပဲလေ ။ ညိုနဲ့မောင့်လိုပေါ့…

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

   “ သမီး သီရိရေ…ဒီမှာ သမီးအတွက် စာတစ်စောင်လာတယ် ။”
အိပ်ခန်းထဲမှာ ဒိုင်ယာရီရေးနေတုန်း မေမေ့လှမ်းအော်သံကြောင့် မောင် အံ့သြသွားရတယ် ။ ဘယ်သူ့ဆီက စာပါလိမ့်…။ ခု ဆို သူငယ်ချင်းတွေလည်း တကွဲတပြားစီဖြစ်သွားကြတော့ မိပုဆီကများလား ။ ချိုချဉ်ဆီကများလား…ဟိုတွေးဒီတွေးနဲ့ အိမ်ရှေ့ကို ထွက်လာမိတော့ စားပွဲပေါ်မှာ လှဲအိပ်နေတဲ့စာအိတ်ကလေးက မောင့်မျက်ဝန်းတွေကို အရောင်တောက်သွားစေခဲ့တယ် ။
   “ ဟင်…နိုင်ငံခြားက လာတဲ့စာပဲ ။”
မောင့်သူငယ်ချင်းထဲမှာ နိုင်ငံခြားသွားတဲ့သူ မရှိပါဘူး ။ အို .... ဘုရားရေ ... မဟုတ်လောက်ပါဘူး ။ မောင် စိတ်ကူးယဉ်လွန်းနေပြီထင်ရဲ့ ။ ဒါပေမဲ့ ရင်ခုန်သံတွေကတော့ ဆူညံသွားခဲ့ပြီပေါ့ကွယ် ။ မောင်လေ…တုန်ရီအေးစက်တဲ့လက်အစုံနဲ့ စာအိတ်ကို အလျင်အမြန်ဖောက်ဖွင့်လိုက်တော့ ခေါက်ထားတဲ့စာရွက်ဖြူလေးတစ်ခု…
   “ ကျွန်ုပ်၏ရှပ်အင်္ကျီအောက်တွင် နွမ်းနယ်နေသော နှလုံးသားတစ်စုံရှိသည် ။ ထိုနှလုံးသားသည် ကြင်နာတတ်သဖြင့် မည်သူ့ကိုမျှ အန္တရာယ် မပြုလို…”
တစ်ချိန်က ညို့စာအုပ်လေးမှာ ရေးထားတဲ့ စာသားလေးတွေ...။ ဖတ်ပြီးပြီးချင်း မောင် ငိုချင်လာတယ် ။ မျက်ဝန်းအိမ်မှာ ပြည့်လျံတက်လာတဲ့မျက်ရည်တွေနဲ့အတူ ပိုလာတဲ့စာကြောင်းလေးကို ဖတ်ရင်း မောင် ပြုံးလိုက်မိပြီပေါ့ ။
   “ အထူးသဖြင့် ကျွန်ုပ် ချစ်ရသောသူကို ပို၍ပင် အန္တရာယ်မပြုလို…”

(ချစ်တတ်သူတိုင်းအတွက်…)




                                                                                
                                                            မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်) + မိုးစွေငှက်


 www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။