ကွန်ပျူတာထဲကစာရေးဆရာ၏ဝိညာဉ်
( ၂၀၁၄ ဒီဇင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-----------------------------------------------------------------------------------------------
လူတွေက တွေးကြတယ်…ဒါမှမဟုတ် ပြောကြတယ် ။ သေရင်
ဒီဘဝကကိစ္စတွေ အားလုံးပြီးပြီတဲ့ ။ အလိုမပြည့်မှုတွေ ၊ အာဃာတတရားတွေ ၊ ဒေါသတွေ ၊ မာန်မာနတွေ
၊ အောင်မြင်ကျော်ကြားမှုနဲ့ဝါသနာပါရာအလုပ်…အို…အသက်ရှင်နေတဲ့ ဒီဘဝနဲ့ဆိုင်တဲ့အားလုံး…အားလုံးပေါ့
။ တချို့လူတွေက ဒါတွေရဲ့စိတ်အနှောင့်အယှက်ဖြစ်မှု ၊ အကြီးအကျယ်စိတ်ဆင်းရဲမှု တို့ကနေ
လွတ်မြောက်လိုလွတ်မြောက်ငြား ပေါက်ကွဲထွက်ပြေးရာအဖြစ် ကိုယ့်ကိုယ်ကို အဆုံးစီရင်ပစ်တတ်ကြတယ်
။ သူ တို့တတွေရဲ့အတွေးကတော့ သေသွားရင် ဒီဘဝနဲ့ပတ်သက်တဲ့ စိတ်ထိခိုက်ကြေကွဲမှု ၊ နာကျင်မုန်းတီးမှု
၊ နင့်နင့်သီးသီး ခံစားရမှုတွေကနေ ပြေးလွတ်နိုင်မယ်ပေါ့ ။ ဒါပေမဲ့…အဲဒါကရော တကယ်ဟုတ်ရဲ့လား
။ အဲဒီစိတ်ဆိုတဲ့အရာက ခံစားနေရ တဲ့လူကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားအောင် လှည့်စားလိုက်တာရော
မဖြစ်နိုင်ဘူးလား ။
-
သေသွားရင် အဲဒီအရာတွေရဲ့လောင်းရိပ်အောက်ကနေ အမှန်တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား ။ အမှန်တကယ်ပဲ
လွတ်မြောက်သွားကြသလား
။
-
အဲဒီအဖြေကို ဘယ်သူများ သိနိုင်ပါ့မလဲ…
ခင်ဗျားတို့လိုအသက်ရှင်ပျော်ရွှင်နေတဲ့သူတွေတော့
သိနိုင်မယ်မထင်ဘူး ။ သိလည်းမသိချင်ပါနဲ့ ။ နောက်ပြီး သိလည်းမသိ စေချင်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့
အဲဒီ“သေလွန်ပြီးအခြားတစ်ဖက်မှာ နောင်တတရားတွေနဲ့အတူ
နာကျင်ကြေကွဲနေရတဲ့ sucideသမားတွေရဲ့ဘဝမျိုး”ကို နောက်ထပ် ဘယ်သူ့ကိုမှ မရောက်ရှိစေချင်လို့ပဲ
။ ဘယ်လောက်ပဲ အရှုံးတွေ၊ နစ်နာမှုတွေ၊ စိတ်ထိခိုက်ခံစားရမှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံရပါစေ…ထွက်မပြေးဘဲ
ရဲရဲဝံ့ဝံ့တိုက်ခိုက်ပစ်လိုက်ပါ ။ ကံကြမ္မာရဲ့ကျွန်ယုံတော်
သေမင်းကိုယ်တိုင် ပျင်းပျင်းရိရိလာခေါ်တဲ့အချိန်အထိ အကျိုးရှိရှိနေထိုင်ပစ်လိုက်စမ်းပါ
။ ဒီနေ့ရဲ့ကျရှုံးမှုဟာ မနက်ဖြန်ကျ သင်ခန်းစာဖြစ်သွားမှာပါပဲ ။ နောက်ထပ်ကျရှုံးမှုပေါင်းများစွာကို
ရင်ဆိုင်လိုက်ပြီးတဲ့အခါ အဲဒီနေ့ရဲ့အရှုံးဟာ အဆိုးဆုံး မဟုတ်တော့ပါဘူး ။ ဒါ့ကြောင့်
ဘာတွေနဲ့ပဲတွေ့တွေ့…ထွက်မပြေးနဲ့ ။ ကိုယ့်ကိုယ်ကို သတ်သေတဲ့နည်းနဲ့ ထွက်ပြေးခဲ့ရင်
လည်း အဲဒီလောင်းရိပ်အောက်ကနေ ခင်ဗျား အမှန်တကယ်လွတ်မြောက်မှာမဟုတ်ဘူး ။ ယုံပါ…ခင်ဗျားအတွက်
အဲဒါဟာ လွတ်မြောက်ရာအစစ်အမှန်မဟုတ်ဘူး ။ ဒါဟာ လုံးဝသေချာတဲ့အမှန်တရားပဲ ။ ဘာ့ကြောင့်လဲဆိုတော့
ကျုပ်မေးခွန်းရဲ့ အဖြေကို ကျုပ် သိနေလို့ပေါ့ ။
ကျွန်မက ကွန်ပျူတာကျောင်းသူပါ ။ ကျောင်းစတက်တဲ့ပထမဆုံးနေ့မှာပဲ
ကျွန်မ သိလိုက်ရတာက ကွန်ပျူတာတစ်လုံး ဝယ်မှဖြစ်မယ်ဆိုတာပါပဲ ။ ကျောင်းမှာက စက်ချိန်နည်းတော့
လေ့ကျင့်ချင်သလောက်လေ့ကျင့်ခွင့် မရတဲ့အတွက် အိမ်မှာ ကွန်ပျူတာရှိမှပဲ သင်ခန်းစာတွေကို
လက်တွေ့လေ့ကျင့်သဘောပေါက်နိုင်မယ်လေ ။ ဒါ့ကြောင့် ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်
။ ကျွန်မ ကွန်ပျူတာတစ်လုံး ဝယ်မယ် ။
ကျွန်မအသက် ၁၆နှစ်ရှိပါပြီ ။ ၁၃နှစ်ကတည်းက မိဘပိုက်ဆံကို
လက်ဖြန့်မတောင်းတော့ဘဲ အိမ်နားကဈေးဆိုင်မှာ ညပိုင်းအလုပ်ဆင်းပြီး ကျောင်းစရိတ်ရှာခဲ့တဲ့သူပါ
။ ကျောင်းမှာလည်း အမေ အရင်းအနှီးထုတ်ပေးတဲ့ငွေနဲ့ သရေစာအစ ကျောင်းသုံးပစ္စည်းအဆုံး သေးသေးမွှားမွှားမှန်သမျှ
ကျွန်မ သယ်သွားပြီး ရောင်းနေကျ ။ သူငယ်ချင်းတွေကလည်း မုန့်ဈေး တန်းမှာ သွားမဝယ်ဘဲ
အတန်းဖော်ဖြစ်တဲ့ကျွန်မဆီကပဲ အားပေးကြတော့ တော်တော်ရောင်းရတယ် ။ အခုတော့ တက္က သိုလ်ကျောင်းသူ
ဖြစ်နေပြီမို့ သေးသေးနုတ်နုတ် ပိုက်ဆံသိပ်မရတဲ့အလုပ်တွေ မလုပ်တော့ဘဲ တခြားအလုပ်တွေ
ပြောင်း လုပ်နေပါပြီ ။ အခုလုပ်နေတာက Guide ။ ဆယ်တန်းကျောင်းသား(၈)ယောက်ကို စာသင်ပြပေးနေတဲ့ကျွန်မက
ဘွဲ့ရကုမ္ပ ဏီဝန်ထမ်းတစ်ယောက်ထက်တောင် လစာများပါသေးတယ် ။ ဒါပေမဲ့ ကွန်ပျူတာတစ်လုံးရဲ့ဈေးကလည်း
နည်းတာမှ မဟုတ်တာ ။
သြော်…ကျွန်မနာမည် မိအိမ်မွန်လို့ခေါ်ပါတယ် ။
ရန်ကုန်မြို့ မြောက်ဥက္ကလာမှာ နေပါတယ် ။ အကျိုးမရှိတဲ့အလုပ်ဆို တတ်နိုင်သလောက် ရှောင်တတ်တဲ့ကျွန်မအတွက်
ဖေစ်ဘုတ်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ ။ နို့ပေမဲ့ အခုတော့ ဖေစ်ဘုတ်ဟာ ကျွန်မအဖို့
အကျိုးထူးစေခဲ့ပါပြီ ။ အသုံးဝင်သွားခဲ့ပါပြီ ။ ဘာဖြစ်လို့လဲဆို…ကျွန်မ အလောတကြီးလိုအပ်နေ
တဲ့ ကွန်ပျူတာတစ်လုံးကို အိမ်တိုင်ယာရောက်ပို့ဆောင်ပေးခဲ့လို့ပါ ။
“ သမီးရေ…အိမ်ရှေ့မှာ ပါဆယ်ထုပ်ကြီး ရောက်နေတယ်
။”
“ ရှင်…အမေ …ဟုတ်…လာပြီ ။”
မိခင်ဖြစ်သူ၏အော်ခေါ်သံကြောင့်
အိမ်ရှေ့သို့ မိအိမ်မွန် ပြေးထွက်လာလိုက်တော့ တွေ့မြင်လိုက်ရသည်က အိမ်ဝ၌ အထုပ် ကြီးတစ်ထုပ်
။ ပါကင်ပိတ်ထားသောစက္ကူပုံးတစ်ပုံးဟု ဆိုရလိမ့်မည် ။
“ အမေ ဘာထုပ်ကြီးလဲ ။”
“ မသိဘူးလေ သမီးရဲ့ ။ ညည်းနာမည်နဲ့ ရောက်လာတာ ။”
“ ရှင်…! သြော်……သိပြီ ။ အွန်လိုင်းကနေ သမီး ဈေးဝယ်ထားတာ
။ ချက်ချင်းရောက်လာလိမ့်မယ်မထင်သေးလို့ ။”
မိအိမ်မွန်က
ရုတ်တရက်ကြောင်သွားခဲ့ပြီးမှ ဖေစ်ဘုတ်(facebook)ရှိ အီလက်ထရောနစ်ပစ္စည်းကလေးများ ပြန်ရောင်းကြ
မယ်ဂရု(group)မှတဆင့် မိမိ destopဝယ်ထားမိသည်ကို သတိရသွား၏ ။ အရမ်းလည်း ဝမ်းသာသွားသည်
။ မိအိမ်မွန်က တဆင့်ရောင်းမည့်သူတစ်ဦးထံသို့ ဘဏ်မှနေပိုက်ဆံပေးပို့မည်ဖြစ်ကြောင်း
၊ destopကို ပါဆယ်ဖြင့် ပေးပို့ပေးရန် တောင်း ဆိုကြောင်းပြောကာ မိမိ၏အိမ်လိပ်စာကိုပေးပြီး
ထိုသူ၏bank accကို တောင်းထားလိုက်သည် ။
ထိုသူမှာ တစ်ပတ်ရစ်ပစ္စည်းများကို(အမှိုက်ကောက်ကုလားကဲ့သို့)
ခြစ်ခြစ်ချုပ်ချုပ်ရှာဖွေစုဆောင်းကာ မိအိမ်မွန်ကဲ့သို့ မတတ်နိုင်သူများကို တဆင့်ပြန်ရောင်းချသူဖြစ်သည်
။ ငွေလွှဲပြီးမှသာ ကွန်ပျူတာရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ ရာ ယခုကဲ့သို့ ငွေမပို့ခင်
ရောက်ရှိလာသည့်အတွက် အလွန်ပျော်ရွှင်မိသည် ။ သို့ကြောင့် ချက်ချင်းဖုန်းဆက်ကာ ကျေးဇူး
တင်စကားပြောပြီး မနက်ဖြန် ဆက်ဆက်ပိုက်ဆံပေးပို့မည့်အကြောင်းပါ ထပ်လောင်းကတိပေးလိုက်သည်
။
စက္ကူပုံးမှာ ထုပ်ထားတာကြာပြီဖြစ်ပုံရသည် ။
အနည်းငယ် ဖုန်မှုန့်တို့ ကပ်နေပြီး စက္ကူသားတို့မှာလည်း သစ်လွင်ခြင်း မရှိတော့ ။ အရေးမကြီးပါ
။ အထဲကပစ္စည်း ကောင်းရန်သာလိုသည်မဟုတ်လား ။ နောက်ပြီး အလကားရသည့်နွား သွားဖြဲ မကြည့်သင့်ဘူးလေ။
ဤကွန်ပျူတာကို မိအိမ်မွန် ၅၀၀၀၀(ငါးသောင်း)နှင့် ပေါပေါပဲပဲရခဲ့ခြင်းဖြစ်၏။ ယခုခေတ်တွင်
laptop များ ခေတ်စားနေပြီဖြစ်ရာ တော်ရုံလူက destopကို ဘေးဖယ်ကာ laptopပဲဝယ်လိုက်ကြသည်
။ မိအိမ်မွန်ကတော့ laptop လောက်အထိ မတတ်နိုင်သေးသောကြောင့် ဤလေးလေးပင်ပင်destopကွန်ပျူတာကို
ဝယ်ယူလိုက်ရခြင်းဖြစ်သည် ။
“ ဟဲ့…သမီး တစ်ယောက်တည်းနိုင်ရဲ့လား ။”
“ နိုင်တယ် အမေ ။ ရတယ်…ရတယ်…”
မိအိမ်မွန်က
ကိုယ့်အားကိုယ်ကိုးသူပီပီ မည်သူ့ကိုမှ အကူအညီမတောင်းဘဲ ထိုကွန်ပျူတာထည့်ထားသောစက္ကူပုံးကို
အိပ် ခန်းထဲသို့ တစ်ယောက်တည်း သယ်လာခဲ့သည် ။ လေးချက်ကကမ်းကုန်…။ အိပ်ခန်းထဲရောက်တော့လည်း
မနားနိုင်သေး ။ စက္ကူပုံးထဲမှပစ္စည်းများကိုထုတ်ကာ ကွန်ပျူတာဆင်ရသည် ။ စားပွဲပေါ်
monitorတင်၊ motherboardတင်၊ mouseနှင့် keyboardကိုတင်ပြီး ကြိုးများကို သင့်လျော်သလိုသွယ်ရသည်
။ တပ်ရသည် ။ ကွန်ပျူတာအခြေခံပညာသင်တန်း တက်ခဲ့ ဖူးသူမို့ ပြဿနာမကြုံဘဲ ချောချောမွေ့မွေ့ပြီးသွား၏
။ ဖုန်မှုန့်များ သုတ်သင်လိုက်သည့်အခါ တောက်ပြောင်လှပသော ကွန်ပျူတာလေးတစ်လုံးဘဝသို့
တမဟုတ်ချင်း ကူးပြောင်းသွားတော့သည် ။
“ ဝှား…အသစ်ကလေးအတိုင်းပါပဲလား ။ ငါတော့…ကော်တာပဲ
။ စက်ကောင်း/မကောင်းလည်း စမ်းကြည့်ရဦးမယ် ။”
ပလပ်တပ်ပြီးဖွင့်လိုက်သည်နှင့်
motherboardထဲရှိပန်ကာနီရဲရဲလေးက တဝီဝီလည်၍ တစ်မိနစ်ခန့်အကြာ၌ window on (ပွင့်)လာသည်
။ စက်လေးခြင်း၊ ကြောင်ခြင်းမျိုးမတွေ့ရသဖြင့် စိတ်ကျေနပ်သွားရ၏ ။ အသစ်မဟုတ်သောတပတ်ရစ်လေး
ပေမဲ့ ကွန်ပျူတာက အဆင်ပြေလှသည်။ ထိုနေ့က ထိုကွန်ပျူတာနှင့်ပတ်သက်ပြီး ဘာထူးခြားမှုကိုမျှမတွေ့ရသေး၍
မိအိမ် မွန်မှာ ပျော်မဆုံးတပြုံးပြုံးနှင့် ကွန်ပျူတာလေးကို တသသကြည့်ကာ ပီတိဖြစ်နေရ၏
။
“ ဂျောက်…ဂျောက်…ဒေါက်…ဒစ်…”
တဂျိုးတဂျိုးတဂျောက်ဂျောက်တတောက်တောက်အသံများကြောင့်
မိအိမ်မွန် လန့်နိုးလာခဲ့သည် ။ ဖျတ်ခနဲလန့်နိုးလာခဲ့ခြင်း ဖြစ်ရာ နိုးနိုးချင်း ဆတ်ခနဲထထိုင်လိုက်ပြီး
ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်မိ၏ ။ ဘာသံတွေပါလိမ့်…။ အခန်းတစ်နေရာမှ ထွက်ပေါ်လာသည့်ပုံစံ
။ သို့သော် ထိုအသံက မိအိမ်မွန် လန့်နိုးလာသည်နှင့်တပြိုင်နက် တိတ်ဆိတ်ပျောက်ကွယ်သွားခဲ့ပြီ
။
မိအိမ်မွန်၏အိပ်ခန်းက အိမ်အပေါ်ထပ်တွင်ဖြစ်ပြီး
တစ်ခန်းတည်းသီးသန့်ဖြစ်၏ ။ မိအိမ်မွန်တို့အိမ်၌လည်း လူကများများ စားစားရှိသည်မဟုတ်
။ မိအိမ်မွန်နှင့်မိခင်ကြီးဒေါ်အိမ်ခန့်တို့နှစ်ယောက်တည်းသာ နေထိုင်ကြခြင်းဖြစ်ရာ ဆူဆူညံညံဆော့
ကစားမည့်သူ မရှိ။ သို့သော် အိမ်အနေအထားက (၁၀)ပေ(၁၅)ပေပတ်လည်ကို နှစ်ထပ်တိုက်ဆောက်ထားခြင်းဖြစ်၍
ဘေး အိမ်နှင့်ကပ်လျက်ရှိရာ တစ်ခါတစ်ရံ တစ်ဖက်အိမ်မှစကားပြောသံများကိုပင် အတိုင်းသားကြားနေရတတ်သည်
။
“ ဘေးအိမ်ကအသံထင်ပါရဲ့…”
ပတ်ဝန်းကျင်၌
တစ်စုံတစ်ရာထူးခြားမှုမရှိသဖြင့် ထိုသို့သုံးသပ်လိုက်ရင်း မိအိမ်မွန် အိပ်ရာပေါ်သို့
ပြန်လှဲချလိုက်သည် ။ သို့ ပေမဲ့ အိပ်၍မပျော်တော့ ။ နာရီက ၂နာရီထိုးသာရှိသေးသည် ။ မိအိမ်မွန်
အိပ်မပျော်သည်နှင့် ပြတင်းပေါက်အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည့်အခါ မိုးများ ခပ်ဖွဲဖွဲရွာနေသည်ကို
တွေ့မြင်ရ၏ ။ ပတ်ဝန်းကျင်မှာ မှောင်မည်းလျက်ရှိပြီး တစ်ချက် တစ်ချက် လျှပ်စီးလက်လိုက်မှ
ချိုင့်ခွက်များထနေသောမိအိမ်မွန်တို့အိမ်ရှေ့လမ်းလေးကို မြင်တွေ့ရသည် ။ လမ်းကလေး က
လမ်းမီးမရှိသောအမှောင်ထဲတွင် ခြောက်သွေ့နေလေသည် ။
“ ဟင်...”
မှန်ပြတင်းကို
ငေးကြည့်နေစဉ် အမှောင်ထုပေါ်ဝယ် လျှပ်တပြက်အရိပ်ထင်လာသည်က စူးရှရှအလင်းမျက်နှာပြင်တစ်ခု…။
မိအိမ်မွန်၏အိပ်ခန်းတွင်းရှိ စတုရန်းပုံစံပစ္စည်းတစ်ခုမှ ထွက်ပေါ်နေသည့်ထိုအလင်းရောင်များက
မှန်မျက်နှာပြင်ထက်တွင် ပုံရိပ်လာထင်နေသည် ။ ထိုအရာက ဝေးဝေးလံလံမှမဟုတ်ဘဲ ၉ပေပတ်လည်အိပ်ခန်းလေးထဲရှိ
မိအိမ်မွန်၏ကုတင်နဘေး စားပွဲပေါ်မှဖြစ်၏ ။ အတိအကျဆိုရသော် မနေ့နေ့လည်က ရောက်ရှိလာခဲ့သောကွန်ပျူတာဆီမှ
အလင်းရောင်တို့ဖြာထွက် နေခြင်းဖြစ်သည် ။ ထိုအလင်းဖြာနေသောပုံရိပ်က မှောင်မိုက်နေသောမှန်ပိတ်သားထက်တွင်
လာရောက်အရိပ်ထင်နေ၍ မိအိမ်မွန် လန့်သွားခဲ့ရသည် ။ ထိတ်လန့်စိတ်တို့နှင့်အတူ နောက်ဘက်သို့
ဖျတ်ခနဲလှည့်ကြည့်မိတော့ ကွန်ပျူတာက ပွင့်နေ ၏ ။
“ ဟောဗျာ…ငါလည်း ဒီနေ့ မဖွင့်မိပါဘူး ။”
တအံ့တသြဖြစ်ကာ
ကုတင်ပေါ်မှ ဆင်းလာလိုက်ပြီး ကွန်ပျူတာဆီသို့ လျှောက်သွားလိုက်သည် ။ ကွန်ပျူတာဆီမှ ပြာလဲ့လဲ့
အလင်းရောင်က မိအိမ်မွန်၏အခန်းကျဉ်းလေးထဲတွင် ပျံ့နှံ့နေသယောင် ။ Motherboard၏ပန်ကာလေးကလည်း
အရောင် ရဲရဲလေးတောက်လျက် တဝီဝီ မြည်နေသည် ။
“ ဘယ်လိုဖြစ်ရတာလဲ…ကွန်ပျူတာလေးရယ် ။ သုံးတောင်မသုံးရသေးဘူး
။ နင် ကြောင်နေပြီလား ။”
မိအိမ်မွန်က
ကွန်ပျူတာကို သက်ရှိသတ္တဝါကဲ့သို့ ရင်းရင်းနှီးနှီးစကားပြောလိုက်ရင်း windowပိတ်ရန်
mouseကို လှမ်းကိုင် လိုက်သည် ။ ကိုင်နေကျမဟုတ်သဖြင့် မြား(arrow)လေးက လိုရာသို့ မရောက်ဘဲ
ဟိုချော်သည်ချော်ဖြစ်နေ၏ ။ ထိုစဉ်…
“ ခဏလေး…ရေး စ ရာ ရှိ…လို့………”
ကွန်ပျူတာစကရင်(computer
screen)တွင် သူ့အလိုလိုပွင့်နေသောစာမျက်နှာ(Microsoft Word)ထက်၌ ထိုစကားစုက ဖြည်းဖြည်းချင်းပေါ်လာသည်
။ ရုတ်တရက် မိအိမ်မွန် မင်သက်သွားခဲ့ပြီး ထိုစာကြောင်းကို ပြူးကြောင်ဖတ်နေကာ အခြေ အနေအပေါ်တွင်
နားမလည်နိုင်ဖြစ်နေခဲ့သည် ။
-
ခဏလေး…ရေးစရာရှိလို့ဆိုပါလား ။ ဘယ်လိုပါလိမ့်…ကွန်ပျူတာက ငါ့ကို စကားပြန်ပြောနေတာလား
။
လူအများစုမှာ
ထိုဖြစ်ရပ်မျိုးနှင့် တွေ့ကြုံလိုက်ရလျှင် ကြောက်လန့်တကြားအော်ဟစ်ကာ ထွက်ပြေးသွားကြသည်သာ
။ မိ အိမ်မွန်ကတော့ ထိုသို့မဟုတ် ။ ကြောက်စိတ်မဝင်သည့်အပြင် သူ သဘောမပေါက်သည့်ကိစ္စကို
ပြတ်ပြတ်သားသားအဖြေ ရှာလိုသူမို့ ထိုင်ခုံတွင်ဝင်ထိုင်ကာ keyboard(စာရိုက်စက်)တွင်
ဤသို့စာရေးချလိုက်သည် ။
“ ဘယ်သူလဲ ။ နင်က ဘာရေးစရာတွေ ရှိနေလို့လဲ ။”
သူမ
မကြောက်သည်ကိုလည်း အပြစ်မဆိုသင့် ။ တချို့တွေက မူမမှန်သောကိစ္စတစ်ခုကို တွေ့ကြုံလိုက်သည်နှင့်
တခြား အကြောင်းအရာ မတွေးမိဘဲ တစ္ဆေသရဲဟူ၍ တထစ်ချသုံးသပ်ကာ ကြောက်ရွံ့သွားတတ်ကြသည် ။
တချို့တချို့ဆို နှုတ် ပါးစပ်က တစ္ဆေသရဲမယုံကြည်ဟုအော်ဟစ်လှောင်ပြောင်တတ်သော်လည်း အမှန်တကယ်
ထူးထူးဆန်းဆန်းအဖြစ်အပျက် နှင့် နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရသည့်အခါ အခြားဖြစ်နိုင်ချေရှိသောကိစ္စများကို
မတွေးတော့ဘဲ ဝိညာဉ်သရဲဟူ၍သတ်မှတ် ကာ သွေးပျက်သွားတတ်ကြ၏ ။ မိအိမ်မွန်ကတော့ ထိုသို့မတွေးမိ
။ သူမအတွေးထဲ၌ ဘယ်လိုဖြစ်တာပါလိမ့်ဟူသောမေး ခွန်းမှတပါး ထိုကိစ္စများကို တွေးမရခဲ့…။
တစ္ဆေသရဲကြောင့်ဟူ၍လည်း သူမ မထင် ။ ဝိညာဉ် ပယောဂဟူ၍လည်း သူမ မစဉ်းစား ။ သူမ တွေးလိုက်မိသည်က…
-
ကွန်ပျူတာတွင် အသက်ရှိနေတာလား…တဲ့ ။
သူမ၏အတွေးမှာ
အူကြောင်ကြောင်နိုင်သလို ရယ်စရာလည်းကောင်းလှသည် ။
“ ဟယ်လို…ကွန်ပျူတာ …တစ်ခုခု ပြန်ဖြေပါဦး ။”
ငါးမိနစ်ကျော်ကြာသည့်တိုင်
စာတစ်ကြောင်းမှ တက်မလာ၍ မိအိမ်မွန်ကပင် နောက်တစ်ကြောင်း ထပ်မေးလိုက်သည် ။ သို့ သော်
ဘာမျှမထူးခြားတော့ ။ ကွန်ပျူတာက ပကတိငြိမ်သက်သွားခဲ့ပြီ ။ သို့ကြောင့် မိအိမ်မွန်လည်း
စိတ်လျှော့ကာ ကွန်ပျူ တာကို ပလပ်ပါဖြုတ်ပြီး ပြန်အိပ်လိုက်တော့၏ ။ ကွန်ပျူတာက စကားပြန်ပြောသောစာမျက်နှာကို
သေချာသိမ်းထားပြီး သူ ငယ်ချင်းများကို ပြဦးမည်ဟုတွေးလိုက်မိပေမဲ့ မည်သူကများ ယုံကြည်ပါ့မလဲ
။ ကိုယ်တိုင်ရေးကာ လျှောက်ပြောသည်ဟူ၍ သာ လှောင်ပြောင်ကြမည်မို့ deleteလုပ်ပစ်ခဲ့၏ ။
xxx
ကွန်ပျူတာတွင် အသက်ဝင်နေသည်မှာ သေချာပြီ ။ တစ်ပတ်ခန့်ကြာပြီးသည့်နောက်
ကွန်ပျူတာ၏ကိုယ်ပိုင်လုပ်ဆောင် မှုများအပေါ် မိအိမ်မွန် သတိထားမိလာသည် ။ မိမိက ည(၉)နာရီခန့်တွင်
ကျောင်းသင်ခန်းစာများကို လေ့ကျင့်ပြီး၍ ကွန်ပျူ တာကို အသေအချာ ပလပ်ဖြုတ်ကာ ပိတ်ထားခဲ့သော်လည်း
ညည့်(၂)နာရီခန့်တွင် ကွန်ပျူတာက သူ့အလိုလိုပွင့်နေတတ် သည် ။ တစ်ခါတရံလည်း တဂျောက်ဂျောက်တတောက်တောက်မြည်သံတို့ဖြင့်
စာရေးနေသည်များလည်းရှိ၏ ။ သို့သော် ထကြည့်လျှင် ဘာရေးနေသလဲဆိုတာ မတွေ့ရ ။ မိမိက မည်မျှပင်
စပ်စုမေးမြန်းပါစေ…ကွန်ပျူတာက မိအိမ်မွန်ဆိုသည့် ဤကလေးမကို အဖက်ပင်မလုပ် ။ အရေးပင်
မစိုက် ။ မိအိမ်မွန်ကလည်း ကြောက်ရလန့်ရကောင်းမှန်းမသိ ၊ ညည့်သန်း ခေါင် ကွန်ပျူတာပွင့်နေသည်ကို
ထ,ထကြည့်ရင်း စကားမပြောသည့်သူငယ်ချင်းတစ်ယောက် ရနေသကဲ့သို့ ခံစားမိသည် ။ သြော် … မိအိမ်မွန်ခမျာလည်း
အဖော်မဲ့ရှာသည် မဟုတ်ပါလား ။
“ ဘာ…အမေ…အမေ့ကို ကားတိုက်လို့ ဟုတ်…ဟုတ်လား အန်တီကျော့
။”
“ အေး ဟုတ်တယ် သမီးရေ ။ ကားသမားတွေက မိုက်ရိုင်းချက်ဟယ်
။ တစ်ခါတည်း ထွက်ပြေးကြတာပဲ ။ လမ်းထိပ်တင်
ဖြစ်တာဆိုတော့ တော်သေးတယ်ဆိုရမယ် ။ အသိတွေက ဆေးရုံပို့လိုက်ကြတယ်
။”
“ ဘယ်…ဘယ်ဆေးရုံမှာလဲဟင် ။”
“ မြောက်ဥက္ကလာဆေးရုံမှာကွယ့် ။ သွား…မြန်မြန်လိုက်သွားဦး
။”
ကျောင်းမှပြန်အလာ
အိမ်ပေါက်ဝနားရောက်သည့်အခိုက် အိမ်တံခါးကြီး ပိတ်နေသည်ကိုတွေ့ရ၍ စိတ်ပူပန်ကာ အိမ်နီးချင်း
ဒေါ်ကျော့မယ်ကို သွားမေးမြန်းမှ အဖြစ်မှန်အားလုံးကို သိလိုက်ရသည် ။
-
အမေ ကားတိုက်ခံရလို့…တဲ့ ။
ကြားလိုက်ရသည့်သတင်းကြောင့်
မိအိမ်မွန် မျက်ရည်မဆည်နိုင် ။ ဒဏ်ရာ မည်မျှ ပြင်းသလဲ…အသက်အန္တရာယ်စိုးရိမ်ရ သလား…ဒီကြမ္မာဆိုးကြီးက
ဘာကြောင့်များ မိမိဆီမှ ခဏခဏအလည်လာနေရတာလဲ…စသဖြင့် တွေးတောရင်း ဝမ်းနည်း အားငယ်စိတ်တို့က
ရင်ထဲသို့ တလိမ့်လိမ့်တက်လာသည်။ ချောက်ချားတုန်လှုပ်နေသောကြောင့် ခြေထောက်တို့ပင် မသယ်
ချင် ။ သို့သော်လည်း မဖြစ်…။ ယခုအချိန်တွင် အမေ အလိုအပ်ဆုံးက မိအိမ်မွန်,သာ ။ အမေတစ်ခုသမီးတစ်ခုဘဝမို့
နှစ်ဦး စလုံးက တစ်ယောက်ခံစားချက်ကိုတစ်ယောက် နားလည်ပြီးသား…။ အမေ့အနားမှာ မိအိမ်မွန်
အားပေးနေရန် လိုသည် ။ အမေအတွက် စိတ်ခွန်အားရော ၊ ခန္ဓာခွန်အားရော ပြည့်ဝလာစေဖို့ မိအိမ်မွန်
အားပေးမှဖြစ်မည် ။
-
အမေ…ဘာမှအားမငယ်နဲ့နော် ။ ဘာမှလည်း စိတ်မပူနဲ့ ။ အပ်ထည်တွေကို သမီး ချုပ်လိုက်မယ် ။
မစိုးရိမ်နဲ့နော် ။ ပိုက်ဆံ
အတွက်လည်း မပူပန်နဲ့ ။ သမီးအရွယ်ရောက်ပါပြီ ။ အမေ့ကို
ရှာကျွေးနိုင်ပါတယ် ။ အရေးကြီးတာ အမေ နေကောင်းဖို့ ။
-
နောက်ပြီး ပြောစရာရှိသေးတယ် ။ အမေတော့ ဝမ်းသာမှာအမှန်ပဲ ။ ရောဂါတစ်ဝက်လောက်တောင် သက်သာသွားဦး
မယ် ။ ပညာသင်ဆုရတဲ့ဆယ်ယောက်မှာ သမီး…သမီး ပါတယ်
။ ရှေ့နှစ်အတွက် ကုန်စရာမလိုတော့ဘူး ။ အမေ ဘာမှ
ပူစရာမလိုတော့ဘူးနော်
။ သမီးက ကျူတာဖြစ်အောင်ကြိုးစားပြီး အမေ့ကို လုပ်ကျွေးတော့မှာ ။ ခု…အရေးကြီးတာက
အမေ မြန်မြန်ပြန်ကျန်းမာလာဖို့ပဲ ။
စသဖြင့် မိခင်ကြီးကို အားပေးနှစ်သိမ့်ရန်အမျိုးမျိုးတွေးတောရင်း
မြောက်ဥက္ကလာဆေးရုံသို့ ပြေးလာခဲ့လိုက်၏ ။ မသိစိတ် ထဲ၌ အကြိမ်ကြိမ်ရေရွတ်ဆုတောင်းနေမိသည်က…မေမေ
ဘာမှမဖြစ်ပါစေနဲ့ဟူ၍ ။
မိအိမ်မွန် ဆောက်တည်ရာမရဖြစ်နေသည် ။ အိပ်ခန်းထဲတွင်
ဟိုမှသည် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း စိတ် တည်ငြိမ်လိုတည်ငြိမ်ငြား ကြိုးစားနေမိသည်
။ သို့သော် မတည်ငြိမ်သည့်အပြင် ပို၍ပို၍ ဆိုးလာသည် ။ ပထမ၌ ဝမ်းနည်း ခြင်း ၊ အားငယ်ခြင်း
၊ အထီးကျန်ခြင်းဝေဒနာတို့ကို ခံစားနေရရာမှ ယူကြုံးမရဖြစ်ခြင်း၊ ချောက်ချားခြင်း ၊ သည်ဘဝအပေါ်
ရွံရှာမုန်းတီးခြင်းတို့ စိတ်သန္ဓာန်တွင် ခိုဝင်ကိန်းအောင်းလာကာ ရူးသွပ်ချင်လာသည်။ အော်ဟစ်ပေါက်ကွဲပစ်ချင်လာသည်
။ ဒေါသ၏လှုံ့ဆော်မှုကြောင့် နှလုံးသွေးတို့ဆူပွက်ကာ တစ်စုံတစ်ခုကို မိုက်မိုက်ကန်းကန်းလုပ်ပစ်ချင်စိတ်ပင်ပေါက်လာ၏
။
“ အား…ငါ့ဘဝကြီး…ငါ့ဘဝကြီးက ဘာမှအဓိပ္ပါယ်မရှိတော့ဘူး
အီးဟီးဟီး…”
တံခါးထောင့်ဝယ်
ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း နံရံကိုတဒုန်းဒုန်းထုကာ အော်ငိုမိသည် ။ ဆံပင်တွေကို လက်နှစ်ဖက်နှင့်
ဆုပ်ဆွဲပြီး ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ကြည့်ပေမဲ့ မရ…။ မြင်းရိုင်းပမာ စိတ်က ပြေးချင်ရာပြေးနေသည်
။ လူကလည်း စိတ်၏ ဆွဲခေါ်ရာနောက်သို့ တရွတ်တိုက်လူးကာလိမ့်ကာ ။ မိခင်ကြီးအတွက် ဝမ်းနည်းကြေကွဲနေရာမှ
ဖခင်ကြီးအကြောင်းက ခေါင်းထဲဝင်လာသည် ။
မိအိမ်မွန်တို့မိသားစုက မွန်ပြည်နယ် ကျိုက်ထိုဇာတိဖြစ်သော်လည်း
ဖခင်ကြီးက “တစ်ရွာမပြောင်း သူကောင်းမဖြစ်” ထုံးကို နှလုံးမူပြီး ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့သည်
။ အချက်အချာကျပြီး စည်ကားသောမြောက်ဥက္ကလာတွင် အိမ်တစ်လုံး ငှား ကာ မိသားစုသုံးယောက်
ဘဝကို ရုန်းကန်ခဲ့ကြသည် ။ မိခင်ကြီးက စက်ချုပ်၊ ဖခင်ကြီးက လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင်
အရောင်းစာရေးလုပ်သည် ။ ထိုစဉ်က မိအိမ်မွန်၏ဘဝ သာယာစိုပြေခဲ့၏ ။ သီရိဂေဟာလေးဝယ် မကြောင့်မကျ
မတောင့် မတ ပျော်ရွှင်ခဲ့ရ၏ ။ သို့သော်လည်း ကံကြမ္မာနတ်ဆိုးနှင့်မိမိမှာ ဘယ်ဘဝက အညှိုးရှိခဲ့လေသလဲ
မသိ ။
တစ်နေ့ … ထိုနေ့ကို မိအိမ်မွန် မမေ့နိုင် ။ ဖေဖေက
အလုပ်မသွားခင်တွင် မိမိပုခုံးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး…
“ သမီး…မေကြီးကို ဂရုစိုက်နော် ။”
ဟုပြောသွားခဲ့သည်
။ ထိုစကားသည် ဖခင်ကြီးထံမှကြားရသောနောက်ဆုံးစကားဖြစ်၏ ။ မကြာမီတွင် ဖခင်ကြီး သူ့အလုပ်
ခွင်တွင် ဓါတ်လိုက်ကာ အသက်ဆုံးသွားကြောင်း ကြားသိလိုက်ရတော့သည် ။ မိအိမ်မွန်အတွက် ရွှေတောင်ကြီး
ပြိုသွားခဲ့ ပြီ ။ ဖခင်ကြီး ဆုံးပါးသွားစဉ်က မိအိမ်မွန်မှာ ဒသမတန်းကျောင်းသူအရွယ် ။
ခံစားရမှုနှင့်တာဝန်ဝတ္တရားတွေက ရင်နှင့်မမျှ အောင် ပိကျလာသည် ။ မည်မျှတောင်းပန်တိုးလျှိုးနေပါစေ…အချိန်တန်တော့
သေမင်းက သနားညှာတာစိတ်ကင်းမဲ့စွာဖြင့် ဖခင်ကြီးကို ခေါ်ဆောင်သွားလေပြီ ။
“ နင့်ကို ငါ မုန်းတယ်…သေမင်းစုတ်…။ ငါ့မိသားစုကို
ဖျက်ဆီးတာ နင်ပဲ ။ နင့်ကို မုန်းတယ် ။ ငါ့အမေကိုလည်း အခု…
နင်…နင် ခေါ်ဦးမှာမဟုတ်လား ။ ငါ့ကိုလည်း တစ်နေ့
နင် ခေါ်ဦးမှာပဲ ။ နင် ခေါ်တာကို ငါ မခံဘူး ။ ငါ့ဘာသာငါပဲ
သတ်သေပစ်မယ် ။ အား…မသိဘူး…မသိဘူး…မုန်းတယ် မုန်းတယ်
။ ငါ ဘာဖြစ်လို့ ဒီလောက်ကံဆိုးရတာလဲ ။ ငါ
ဒီဘဝမှာ ဒီလောက်ကောင်းအောင် နေရဲ့သားနဲ့ ။ ဘာကြောင့်လဲ
။ ဘာဖြစ်လို့ လူ့ဘဝကြီးက တရားမျှတမှု မရှိရတာ
လဲ…အီးဟီးဟီး…”
အခန်းထောင့်မှာ
အရူးတစ်ယောက်လို အော်ဟစ်ရင်း မမြင်ရသောတစ်စုံတစ်ယောက်ကို နာကျည်းနေသူက မိအိမ်မွန် ။
နာ ကျင်ထိခိုက်သည့်စိတ်က မိအိမ်မွန်ကို တခဏတာရူးသွပ်သွားစေခဲ့သည်။ သို့သော် ထိုတခဏက
တစ်ဘဝလုံးစာနှင့် သက် ဆိုင်သွားသည်အထိ လူတို့၏ဒေါသက ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်တတ်ကြသည့်အတိုင်း
မိအိမ်မွန်ဟာလည်း စိတ်ကို ချုပ် ထိန်းခြင်းမပြုတော့ဘဲ စိတ်အလိုလိုက်ကာ ကိုယ့်ကိုယ်ကို
သတ်သေရန် ဒေါသအလျောက် ဆုံးဖြတ်လိုက်မိသည် ။
“ ဟုတ်တယ်…အဓိပ္ပါယ်မရှိတဲ့ဒီဘဝမှာ ငါ မနေတော့ဘူး
။ ငါ သေမှဖြစ်မယ် ။ ငါ သေမှ…ငါ သေမှပဲ ဒီဒုက္ခတွေက ချုပ်
ငြိမ်းသွားမှာ
။ တမလွန်မှာ ငါ့မိသားစုနဲ့ ငါ ပြန်ဆုံမယ် ။ အဖေရေ…သမီးရဲ့ဒုက္ခတွေကို မြင်နေရဲ့လား ။
အီးဟီးဟီ…
ငါ သေမှဖြစ်မယ် ။ ဒါမှ ငါ လွတ်မြောက်နိုင်မှာ
။ ဟုတ်တယ်…ဟုတ်တယ်…ငါ့ကိုငါ သတ်သေတာပဲကောင်းတယ် ။”
တစ်ယောက်တည်း
စကားတို့ကို တတွတ်တွတ်ဆိုရင်း ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပြီး အခန်းပတ်လည်သို့ ပြူးကြောင်
ကြောင်မျက်လုံးတို့ဖြင့် ဝေ့ဝဲကြည့်လိုက်သည် ။ မိအိမ်မွန်၏စိတ်တို့က ပုံမှန်မဟုတ်တော့
။ ဒေါသကြောင့် စိတ်ဖောက်ပြန် နေပြီ ။ ထိုတခဏတာစိတ်ဖောက်ပြန်မှုကြောင့် တစ်ဘဝလုံး ဆုံးရှုံးရတော့မည်ကို
မိအိမ်မွန် မတွေးမိ ၊ တွေးလည်းမတွေး နိုင် ။ ထိုစဉ်က သတ်သေရန်ကလွဲပြီး ဘာကိုမျှမတွေးဘဲ
အခန်းပတ်လည်သို့ ဝေ့ဝဲလျှောက်ကြည့်ရင်း သတ်သေရန် နည်း ရှာနေ၏ ။
“ ဟုတ်တယ်…ဟုတ်တယ်…ဖေကြီးလိုပဲ သေတာကောင်းတယ် ။
ဟုတ်တယ်…အဟင့်ဟင့်…ဓါတ်လိုက်ရင် နာမှာပဲ ။
အဟင့်…အို…မသေရင် နေရတဲ့ဘဝက ပိုဆိုးတယ် ။ ခဏပဲနာမှာ
။ ပြီးရင်…ပြီးရင် အရာအားလုံးက လွတ်မြောက်
သွားမှာ…အဟား…ဟား…ဟုတ်တယ်…ဟုတ်တယ် ။”
အရူးတစ်ယောက်လို
အော်ဟစ်ရယ်မောရင်း ကွန်ပျူတာနားသို့ တစ်လှမ်းချင်း တိုးကပ်သွားပြီး လက်တစ်ဖက်က ကွန်ပျူ
တာပေါ်ရှိ ပလပ်ပေါက်နဘေးမှနှစ်လိမ်ပူးထားသောဝါယာကြိုးဆီသို့ ရည်ရွယ်လျက်ရှိ၏ ။ ဝါယာကြိုးတွင်
လျှပ်စစ်စီးလျက် ရှိရာ မိအိမ်မွန်၏အတွေးက ထိုဝါယာကြိုးကို ဆုပ်ကိုင်လိုက်ပါက မိမိကို
ဓါတ်လိုက်လိမ့်မည်ဟူ၍ ။ ထိုသို့ဆိုလျှင် မိမိသည် လည်း ဖခင်ကြီးကဲ့သို့ပင် ဓါတ်လိုက်ကာ
သေဆုံးရမည်သာ…။ ဝါယာကြိုးနားသို့ ရောက်လာလေ…မိအိမ်မွန်၏လက်တို့က တုန်ရီလာလေ…။ မည်မျှပင်
သတ်သေချင်စိတ်ပေါက်နေပါစေ…အမှန်တကယ်လုပ်ဆောင်သည့်အခါကျ စိတ်ချောက်ချား ကြောက်ရွံ့ရသည်မှာ
ဓမ္မတာ ။ ပုရွက်ဆိတ်ကလေးပင် သေရမည့်ဘေးကို ကြောက်ရွံ့တတ်သေးတာ…ဥာဏ်ပညာဆင်ခြင် တုံတရားရှိသောလူဆိုလျှင်
အထူးပြောစရာမလိုပေ ။ ရူးမိုက်လွန်းသောကြောင့် သို့မဟုတ် ဒေါသတရားလွှမ်းမိုးလွန်းသော
ကြောင့်သာ ယခုလို ဇွတ်မှိတ်လုပ်နေခြင်းဖြစ်သည် ။
“ ဂျီ……………………”
ဝါယာကြိုးဆီသို့
လက်ရောက်ရှိတော့မည့်အခိုက် ရုတ်တရက် ထွက်ပြေးလာသောအသံကျယ်ကြီးကြောင့် မိအိမ်မွန် လန့်
ထိတ်သွားကာ အသိစိတ်က အော်တိုမတ်တစ် နောက်သို့ခုန်ဆုတ်စေခဲ့ပြီး သတိဝင်လာသည့်အခါ လူက
ကြမ်းပြင်ပေါ်မှာ ငုတ်တုတ် ၊ လက်နှစ်ဖက်က နားအစုံကို အုပ်လို့ ။
“ အမလေး…ဟူး…လန့်လိုက်တာ ။ ဘာသံကြီးလဲ ။”
စောစောကခံစားနေရသည့်
ယူကြုံးမရဖြစ်ခြင်း၊ လူ့ဘဝအပေါ် နာကျည်းမုန်းတီးခြင်းဟူသောစိတ်တို့သည် ခဏတာပျောက် ကွယ်သွားခဲ့ပြီး
ကြားလိုက်ရသောငှက်ဆိုးထိုးသံကြီးပေါ်တွင် စိတ်ဝင်စားသွားသည် ။ ငုတ်တုတ်ထိုင်နေရာမှ မိအိမ်မွန်
ငိုမဲ့မဲ့ နှင့် ထလာလိုက်စဉ် သတိပြုမိလိုက်သည်က ကွန်ပျူတာ ။ ကွန်ပျူတာက မိမိ မဖွင့်ပါဘဲ
Window onနေသည် ။ နောက်ပြီး Microsoft wordစာမျက်နှာတစ်ခုလည်း ပွင့်နေ၏ ။ သတ်သေမည့်ကိစ္စကို
မိအိမ်မွန် ခဏမေ့သွားပြီး ကွန်ပျူတာအပေါ် စိတ်အာရုံရောက်သွား၏ ။ ထိုစဉ် Microsoft
word(စာမျက်နှာ)ပေါ်ဝယ် စာလုံးတွေ ပေါ်လာသည် ။
“ သတ်သေလိုက်လို့ အရာအားလုံး ချုပ်ငြိမ်းသွားမယ်လို့
မင်း ထင်နေလား ။ အဲဒါ တကယ်မဟုတ်ဘူး ကလေးမ ။ သတ်
သေပြီးမှ နောင်တရနေတဲ့sucideသမားတွေ တစ်ဖက်ကမ္ဘာမှာ
အများကြီးပဲ ။”
Keyboardဆီမှ
တဒေါက်ဒေါက်မြည်သံနှင့်အတူ ဖြည်းဖြည်းချင်းပေါ်လာသောစာတန်း၂ကြောင်းက မိအိမ်မွန်ကို သွေးပျက်
သွားစေသည် ။ ထိတ်လန့်သွားစေသည် ။ စောစောက သတ်သေမလိုလုပ်ခဲ့သည့်အဖြစ်အပျက်အပေါ် ပြန်တွေးကာ
လက် မောင်းတဝိုက်၌ ကြက်သီးမွေးညင်းလေးများ ဖြတ်ပြေးသွားသည် ။ ထိုစဉ် စာကြောင်းများက
တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လာပြန်သည် ။
“ တခြားလူအကြောင်း မပြောဘဲ ငါ့အကြောင်းငါ ပြောရရင်
ငါလည်း တစ်ချိန်က မင်းလို စိတ်အားငယ်လွယ်တဲ့လူတစ်
ယောက်ပေါ့ ။ ပြဿနာတစ်ခုဖြစ်တာနဲ့ ဒါဟာ အဆိုးရွားဆုံးပဲ
။ ငါဟာ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးပဲ ။ ဒီပြဿနာကြီးကို
ရင်ဆိုင်မယ့်အစား သတ်သေလိုက်တာပဲကောင်းတယ်လို့
မကြာခဏတွေးခဲ့ဖူးတယ် ။ နောက်ပြီး တကယ်လည်း ကြံ
စည်ခဲ့ဖူးတယ် ။”
“ ဟမ်…ဘာ…ကြံစည်ခဲ့ဖူးတယ် ဟုတ်လား ။ ဒါ…ဒါဆို…”
ကွန်ပျူတာနှင့်စကားပြောနေသောမိအိမ်မွန်ကို
နဘေးအိမ်များကမြင်လျှင် သတိလစ်နေသောမိခင်ကြီးအတွက် ပူပန်သော ကရောက်ကာ စိတ်ဖောက်ပြန်သွားလေပြီဟုထင်ကောင်းထင်လိမ့်မည်
။ သို့သော် စိတ်ဖောက်ပြားခြင်းမှာ စောစောကသာ ဖြစ်ပြီး ယခုမူ စိတ်ပုံမှန်ရှိနေပြီဖြစ်သလို
ကွန်ပျူတာ၌ စာကြောင်းများပေါ်လာခြင်းမှာလည်း စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ် ။ သို့သော်လည်း
မတတ်နိုင် ။ မည်သူကပဲ အရူးထင်ထင်…အဖြစ်အပျက်က စိတ်ဝင်စားစရာကောင်းလွန်း၍ စာ ကြောင်းများကို
အသေအချာဖတ်ရင်း ထိတ်လန့်တကြားရေရွတ်လိုက်မိပြီး ဆက်ပေါ်လာမည့်စာကြောင်းကို စိတ်လှုပ်ရှား
စွာဖြင့် စောင့်ဆိုင်းနေမိ၏ ။
“ ဟုတ်တယ် ။ ငါ သေသွားခဲ့တယ် ။ မသေခင်မှာလည်း သိပ်နာကျင်ခဲ့ရတာပဲ
။ ကိုယ့်ကိုယ်ကို သတ်သေတဲ့ခံစားချက်
က ဘာနဲ့တူသလဲ
…သိလား ။ ကြီးကောင်ဝင်ခါစသရက်သီးခိုင်ခိုင်တစ်လုံးကို တံချူနဲ့ အတင်းခူးသလိုပဲ ။ သဘာဝ
ကံတရားအရ သေဆုံးရတာထက် ပိုပြီး ခံရခက်တယ် ။ ပိုပြီးနာကျင်တယ်
။ တွေ့ဖူးတယ်မဟုတ်လား ။ ဟိုချော်ဒီချော်
နဲ့ရှောင်တိမ်းနေတဲ့သရက်ခိုင်ကို တံချူနဲ့ ဇွတ်အတင်းလိမ်ဖယ်ပြီး
ခူးနေတဲ့မြင်ကွင်းကိုလေ ။ ဟုတ်တယ်…သတ်သေ
တဲ့လူရဲ့ခံစားရတဲ့ဝေဒနာက အဲဒီလိုပဲ ။ အချိန်မကျသေးခင်
ဘယ်အရာကိုမှ အတင်းလုပ်မယူသင့်ဘူး ။ ဘာလဲ…စိတ်
ဆင်းရဲလို့လုပ်တာပဲ ။ သတ်သေမှ ဒီစိတ်ဆင်းရဲမှုက
လွတ်မြောက်နိုင်မှာလို့ မင်း ပြောချင်တာလား ။ ဒါဆိုရင်တော့
မင်း မှားတယ် ။ သတ်သေရင်လည်း အဲဒီစိတ်ဆင်းရဲမှုကနေ
မင်း လွတ်မြောက်မှာမဟုတ်ဘူး ။ ငါ့ကိုယ်တွေ့ပဲ ။”
“ ဘာတွေဖြစ်ခဲ့လို့လဲ ။ ကျွန်မကို ပြောပြပါလား
။”
“ ငါက နာမည်ကြီးစာရေးဆရာတစ်ယောက် ။ သိပ်လည်း အောင်မြင်ကျော်ကြားခဲ့တယ်
။ ငါမက်မောတဲ့ချမ်းသာကြွယ်ဝ
ခြင်းတွေကိုလည်း ငါ ပိုင်ဆိုင်ခဲ့ရတယ် ။ ဒါပေမဲ့…ဒါပေမဲ့
တစ်ကြိမ်မှာ အကြီးအကျယ်ရှုံးနိမ့်သွားတယ် ။ ငါ ရေးလိုက်
တဲ့ကိစ္စတစ်ခုက အကြောင်းကြောင်းကြောင့် ချွတ်ချော်တိမ်းမှားသွားတယ်
။ လူတွေက ဝိုင်းသရော်ကြတယ် ။ သိတဲ့
အတိုင်းပေါ့ ။ အမြင့်ဆုံးကိုရောက်နေတဲ့သူ ပြုတ်ကျရင်
အနာဆုံးပဲဆိုတဲ့စကားအတိုင်း ငါလည်း မျက်နှာမဖော်ရဲအောင်
ရှက်ခဲ့ရတယ် ။ ပတ်ဝန်းကျင်ရဲ့ပုတ်ခတ်မှုဒဏ် ၊
ငါ့ကလောင်ရဲ့ဂုဏ်သိက္ခာအတွက် ငါ အသက်မရှင်ဝံ့တော့ဘူး ။ အဲဒီ
အချိန်တုန်းက မြတ်စွာဘုရား ဟောကြားတဲ့ ချီးမွမ်း(၇)ရက်/ကဲ့ရဲ့(၇)ရက်ဆိုတဲ့စကားကို
ငါ မေ့နေခဲ့တယ်လေ ။ ငါ့စိတ်
ထဲမှာ ရှက်တာကလွဲပြီး ဘာမှမရှိတော့ဘူး ။ ဒီတော့…ဒီစိတ်ဆင်းရဲမှုကနေ
လွတ်မြောက်ဖို့အတွက် ငါ့ကိုယ်ငါ သတ်
သေခဲ့တယ် ။ ဒီကွန်ပျူတာရှေ့က ငါ ထိုင်နေကျထိုင်ခုံလေးမှာပဲ
အိပ်ဆေးတွေသောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်
ခဲ့တာပေါ့ ။”
“ ရှီး…! အမလေး…”
ကွန်ပျူတာစာမျက်နှာထက်သို့
တစ်ကြောင်းချင်းတက်လာသောစာတန်းများကိုဖတ်ရင်း မိအိမ်မွန် ကြက်သီးမွေးညင်းများ ထောင်ထသွား၍
အမလေးတ,လိုက်မိသည် ။ စာရေးဆရာနေရာတွင် ကိုယ့်ကိုယ်ကို အစားထိုးကြည့်မိကာ ကြက်သီးထ သွားခြင်းဖြစ်၏
။ ထိုအခါမှ စောစောက ဝါယာကြိုးကို မဆုပ်ကိုင်မိတာ တော်ပါသေးရဲ့ဟု တွေးမိလာသည် ။
“ ငါ သေသွားပေမဲ့ ငါ့ရဲ့မပျော်ရွှင်မှု၊ဝမ်းနည်းမှုတွေကတော့
သေဆုံးမသွားခဲ့ဘဲ ငါ့နောက်မှာ ကပ်ပါလာတယ် ။ ခန္ဓာ
ကိုယ်ရဲ့အရိပ်သာ သေဆုံးတဲ့အခါ ကျန်ရစ်ချင်ကျန်ရစ်ခဲ့မယ်
။ စိတ်အရိပ်ဆိုးကတော့ တောက်လျှောက်ကပ်ပါလာ
တာပဲ ။ သေခါနီးမှ ငါ့မှာ လုပ်စရာအလုပ်တွေ ရှိသေးတာကို
သတိရသွားတယ် ။ ငါ့ကိုယ်ငါ မှားသွားပြီဆိုတာ သိလိုက်
ရပေမဲ့ အချိန်မမီတော့ဘူး ။ ငါ့မှာ ရေးစရာစာတွေ
အများကြီးကျန်သေးတယ် ။ ငါ့မှာ လုပ်စရာအလုပ်တွေလည်း
အများကြီးရှိသေးတယ် … ဒါပေမဲ့ သေပြီးရင် ပြီးဆုံးသွားတာက
စိတ်ဆင်းရဲမှု မဟုတ်ဘူး ။ အိပ်မက်နဲ့မျှော်လင့်ချက်
တွေပဲ ။ ဒီတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ
။ ဒီနေ့ အဆိုးဆုံးလို့တွေးထားတဲ့ကိစ္စက မနက်ဖြန်ကျ
ပြန်လှည့်ကြည့်
စရာသင်ခန်းစာဖြစ်သွားလိမ့်မယ် ။ သဘက်ခါကျ မမေ့နိုင်တဲ့အတိတ်
။ တစ်လကြာတဲ့အခါမှာတော့ ပြန်ပြောစရာ
ဟာသတစ်ပုဒ်……………………………………………………………………………………………………………”
“ ခဏ…ခဏနေပါဦး ။ သမီး…သမီး ဦးကို ဘာကူညီပေးရမလဲ
။ အမျှအတန်း ဝေပေးရမှာလား ။”
ဟာသတစ်ပုဒ်ဆိုသောနေရာတွင် ရပ်ကာ တော်တော်ကြာသည်အထိ
ဘာစာကြောင်းမျှ ပေါ်မလာတော့၍ မိအိမ်မွန် မနေ နိုင်တော့ ။ အကူအညီတစ်ခုခု ပေးနိုင်ကပေးမည်ဟုတွေးကာ
မေးလိုက်သည် ။ ဟုတ်တာပဲ ။ မိမိ သတ်သေဖို့လုပ်တုန်းက စပီကာကို အသံသေးအသံကြောင်ပြုကာ
မိမိ စိတ်ထွေပြားသွားအောင် ပြုလုပ်ပြီး ကယ်တင်ခဲ့သူ မဟုတ်လား ။ မိအိမ်မွန် က လှမ်းအော်မေးသော်လည်း
အဖြေက ပေါ်မလာ ။ သို့ကြောင့် keyboardကို တတောက်တောက်ခေါက်ကာ စာရေး၍ လှမ်းမေးလိုက်သည်
။
“ သမီးကို ပြန်ဖြေပေးပါဦး ။ ဦးကို သမီး တစ်ခုခု
ကူညီချင်လို့ပါ ။ ဘာကူညီပေးရမလဲ ။”
နှစ်မိနစ်ခန့်အကြာတွင်
စာတစ်ကြောင်း ခပ်သော့သော့ပေါ်လာသည် ။
“ သမီး ကူညီချင်တယ်ဆိုရင် တစ်နည်းတော့ ရှိတယ် ။”
“ ဟုတ်ကဲ့…ပြောပါ ။ ဘာပဲဖြစ်ဖြစ်…သမီး ကူညီပါ့မယ်
။”
မည်မျှပင်
ခက်ခဲပါစေ…အသက်သခင်ကျေးဇူးရှင်ဖြစ်သောကွန်ပျူတာထဲမှစာရေးဆရာ၏ဝိညာဉ်ကို ကူညီဖြစ်အောင်ကူညီ
မည်ဟု မိအိမ်မွန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်၏ ။
xxx
နိုင်ငံကျော်စာရေးဆရာကြီးကဝိခေတ်သစ်၏နောက်ဆုံးထွက်ရှိသောစာအုပ်မှာ
အရောင်းအသွက်ဆုံးနှင့် နိုင်ငံ၌ ရောင်း အားအကောင်းဆုံးစာအုပ်ဖြစ်ပြီး ပညာရှင်များကပင်
တလေးတစားချီးကျူးရသောကျမ်းတစ်စောင်ဖြစ်သည် ။ ထိုစာမူကို တဆင့်လာရောက်ပေးပို့သောကလေးမကိုလည်း(ဆရာကြီးကို
ချီးမြှင့်နေကျစာမူခအတိုင်း)စာမူခချီးမြင့်ခဲ့ပြီးဖြစ် ၏ ။ စာအုပ်သည်
“sucideသမားတို့၏အခြားကမ္ဘာ”ဟူသောအမည်ဖြင့် ထွက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပရလောကသားတို့၏
အကြောင်းနှင့် အဓိကအနေဖြင့် ကိုယ့်ကိုယ်ကို သတ်သေသူများ၏စိတ်ခံစားချက်များကို တိတိကျကျ
မြင်သာထင်သာ ရေး သားပုံဖော်ထားသည်မှာ စိတ်ဝင်စားစရာကောင်းလှသလို သံဝေဂရစရာ ဆင်ခြင်အသိဝင်စရာလည်း
ကောင်းလှသည် ။
အထူးသဖြင့် စာဖတ်ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံးအပိုင်းမှာ
နာမည်ကျော်သရုပ်ဆောင်များ ၊ အဆိုတော်များ ၊ စာပေ ဂီတအနုပညာရှင်များထဲမှ ကိုယ့်ကိုယ်ကို
သတ်သေသွားသူများ၏ရင်ဖွင့်ပြောပြချက်များပင် ။ သေဆုံးသူများ၏အမည်နာမ များနှင့် သူတို့၏နောင်တစကားများ၊
လုပ်ဆောင်လိုသောဆန္ဒများကို အသေးစိတ်ရေးသားထားလေရာ ဆရာကြီးကိုယ်တိုင် သွားရောက်မေးမြန်းပြီး
ရေးသားထားသလားပင် မှတ်ထင်ရသည် ။ ထိုစာအုပ်နှင့်ပတ်သက်၍ ဝေဖန်ရေးဆရာတို့၏သုံးသပ် ချက်ကတော့…
-
ဆရာကြီးသည် ထိုဝတ္ထုအကြောင်း တွေးတောရင်း မုဒ်(mood)ဝင်ကာ ကိုယ့်ကိုယ်ကို သတ်သေသွားခြင်းဖြစ်မည်ဟူ၍
လည်းကောင်း
၊
စာဖတ်ပရိသတ်အများစုကတော့
…
-
ဆရာကြီးသည် သေလွန်ပြီးမှ ရေးသားထားသလားထင်ရလောက်အောင် ဆွဲဆောင်အားပြင်းပြီး ယုတ္တိယုတ္တံကျလွန်းလှ
သဖြင့်
ဆရာကြီးကို ပြန်ပြောင်းသတိရ နှမြောတသရှိမိပါသည်ဟူ၍လည်းကောင်း ၊
ကြားသိရ၏
။
ထုတ်ဝေသည့်မဂ္ဂဇင်းတိုက်ကမူ
-
ဆရာကြီး သေဆုံးပြီး၃နှစ်ကြာမှ ဘယ်ကမှန်းမသိသောမိန်းကလေးတစ်ယောက် စာမူထုပ်ကြီးကိုင်ကာ
ရောက်လာပြီး
ဆရာကြီး၏စာမူဖြစ်ကြောင်းပြော၍
စာမူလာပို့ခဲ့ခြင်းအပေါ် တအံ့တသြဖြစ်လျက်ရှိပြီး အရေးအသားနှင့်လက်မှတ်တို့မှာ
ဆရာကြီး၏လက်ရာမှန်း
သေချာနေ၍သာ ယခုကဲ့သို့ ထုတ်ဝေလိုက်ရခြင်းဖြစ်ကြောင်း ၊
ကို
စာနယ်ဇင်းရှင်းလင်းပွဲ၌ ဖော်ထုတ်ပြောပြခဲ့သည် ။ ထိုကိစ္စနှင့်ပတ်သက်၍ ပရိသတ်တချို့ကမူ
…
-
တစ်စုံတစ်ယောက်က ဆရာကြီးကို တုပကာ ရေးသားထားခြင်းဖြစ်နိုင်ကြောင်း ၊
ထင်ကြေးပေးခဲ့ကြသည်
။
အားလုံးက အုတ်အော်သောင်းနင်းဖြင့် ထိုဖြစ်ရပ်အပေါ်
စိတ်ဝင်စားလျက်ရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ အဖြေမှန်ကို မစဉ်းစားမတွေးတောနိုင်ကြ
။
-
ဤစာအုပ်သည် ဂမ္ဘီရစာရေးဆရာကြီးကဝိခေတ်သစ် သေဆုံးပြီးနောက်မှ ရေးသားသောစာအုပ်လား ၊
-
မသေခင်က ဤစာအုပ်ရေးမိ၍ မုဒ်(mood)ဝင်ကာ ကိုယ့်ကိုယ်ကို သတ်သေဖြစ်ခဲ့ခြင်းလား ၊
-
စာမူပို့သောမိန်းကလေးက စာရေးဆရာကြီးနှင့် မည်သို့ပတ်သက်နေသလဲ ၊
-
ထိုမိန်းကလေးက တုပရေးသားပြီး ဆရာကြီးရေးသည်ဟုဆိုကာ စာပေတိုက်ကို လှည့်ဖျားခဲ့ခြင်းလား
၊
စသဖြင့်
သို့လောသို့လောတွေးတောနေခဲ့ကြသည် ။ အဖြေမှန်ကိုမူ ကျပ်သိန်း(၁၀၀)ကိုရင်းနှီးကာ ကုန်စုံဆိုင်ကြီးတစ်ဆိုင်
ဖွင့်ထားသော မိအိမ်မွန်တို့သားအမိမှလွဲ၍ ၊ စိတ်အနှောင်အဖွဲ့ကင်းကင်းဖြင့် ကျွတ်လွတ်သွားပြီဖြစ်သော
စာရေးဆရာကြီး မှလွဲ၍ အခြား…မည်သူမျှ သိရှိနိုင်လိမ့်မည်မဟုတ်ပါပေ ။
စေတနာရှေ့ထားလျက်
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။