Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)
ဆွမ်းတော်ဗျို့…
ဆွမ်းတော်ဗျို့…
( ၂၀၁၅ စက်တင်ဘာလထုတ် ကလျာမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ  -  ဂါဦးနွန်းကို
---------------------------------------------------------------------------------------------------------------- 
           ခြင်ထောင်တွင်းမှ တိုးထွက်လိုက်ပြီး ကုတင်ပေါ်မှ ခြေချထိုင်ရင်း ကျွန်မ ငိုင်နေမိသည် ။ အိပ်မက်ဆိုပေမဲ့ ကျွန်မ မေ့ဖျောက်လို့ မရ…။ အာရုံတွင် စွဲထင်နေသည် ။ စိတ်မျက်လုံးတွင် ပုံပေါ်နေသည် ။ ဒါပါ အိပ်မက်တစ်ခုပဲ…ဟု ကိုယ့်ကိုယ် ကို သတိပေးရင်း ဖျောက်ဖျက်ကြည့်သော်လည်း မရ…။ မက်သမျှအကြောင်းအရာတွေက တကယ့်အဖြစ်အပျက်လို ထင် ကျန်မြင်ယောင်နေရဆဲ…။
   “ တီ…တီ…တီ…တီ…”
ညက နှိုးစက်ပေးထားမိ၍ သူ့ဝတ္တရားရှိသည့်အတိုင်း အသံပြုနေခြင်းဖြစ်သည် ။ နှိုးစက်မြည်ပြီဆိုတော့ ၈နာရီခွဲ။ ကျွန်မ အိပ် မက်ကို ကုတင်ထက်မှာပဲ မေ့မေ့ဖျောက်ဖျောက်ထားရစ်ပစ်ခဲ့ကာ အခန်းပြင်သို့ ထွက်လာတော့ အလုပ်သွားမည့်ကျွန်မ့အစ်မ က အတော်ပင်ပြင်လို့ဆင်လို့ပြီးနေပြီ ။ ယူနီဖောင်း လဲပြီးသွားပြီ…။ မိတ်ကပ် လိမ်းပြီးသွားပြီ ။ ကျွန်မ့ကိုမြင်တော့ မေးနေကျ မေးခွန်းတစ်ခုကို မေးလိုက်သည် ။
   “ ညက ဘယ်အချိန် အိပ်လို့လဲ ။”
   “ သုံးနာရီ…”
ကျွန်မ ပြန်ဖြေလိုက်တော့ အစ်မက နောက်ထပ် ဘာမှထပ်မပြောတော့ ။ မီးဖိုချောင်သို့သွားကာ ထမင်းချိုင့်ထည့်ဖို့ ပြင်နေ သည် ။
   “ မမ သမီး အိပ်မက်မက်တယ် ။”
အစ်မက မျက်လုံးအ၀ိုင်းသားနှင့် တစ်ချက်လှည့်ကြည့်ကာ ဆက်ပြောဟူသောအဓိပ္ပါယ်ဖြင့် မေးငေါ့ပြသည် ။
   “ အိပ်မက်က ကြောက်စရာကြီး ။ အိပ်မက်ထဲမှာ သမီးက ဆုံးလို့တဲ့ ။ မမတို့အမေတို့ ငိုလိုက်ယိုလိုက်ကြတာ ပွက်ပွက်ညံ
    လို့ ။ အဲ့ဒါတွေအကုန်လုံးကို သမီးက ဘေးကနေထိုင်ကြည့်နေသလိုမျိုး မြင်နေရတာ ။ သမီးလေ…တကယ့်အဖြစ်မှန်လို့
    ထင်ပြီး တသိမ့်သိမ့်ငိုနေရာကနေ မခံစားနိုင်တော့လို့ ကြုံးအော်လိုက်မိမှပဲ လန့်နိုးလာတာ ။ သိပ်ကြောက်ဖို့ကောင်းတာ
    ပဲ ။ နိုးလာတော့ သမီး သေရမှာကို အရမ်းကြောက်နေမိတယ် ။”
ကျွန်မ့စကားဆုံးတော့ အစ်မက ခေါင်းတခါခါနှင့်…
    “ နင် ညက အိပ်ခါနီး ဘာအကြောင်းရေးနေတာလဲ ။”
ဟုဆိုသည် ။
   “ ဟို…သူငယ်ချင်းတွေနဲ့ ချောင်းသာသွားရင်း ရေနစ်သေသွားတဲ့ကောင်လေးက ကိုယ့်ကိုယ်ကို သေမှန်းမသိသေးဘဲ ဟို
     ဟိုဒီဒီကို ၀ိညာဉ်ဘ၀နဲ့ လျှောက်သွားနေမိတဲ့အကြောင်းလေး ရေးနေတာ ။”
   “ အဲ့ဒါပေါ့ဟဲ့ ။ နင်ကလည်း…စိတ်စွဲတာပါ ။ ဘာဆိုင်လို့ နင်က သေရမှာလဲ ။ အလတ်ကြီး ရှိသေးတယ် ။ လျှောက်တွေး
     မနေနဲ့ ။”
အစ်မက မသေနိုင်ပါဘူးဟုဆိုနေပေမဲ့ လူတစ်ယောက် သေသွားပြီးတဲ့နောက် ဘာမှမတတ်နိုင်တဲ့ခံစားချက်ကို ကျွန်မ အိပ် မက်ကနေတဆင့် ခံစားဖူးသွားပြီ ။ အမှန်တော့ အိပ်မက်ဆိုသည်မှာ မိမိ၏မသိစိတ် အတွေးတစ်ခုသာဖြစ်၍ ထိုခံစားချက် သည် မိမိအတွေးတွင်ရှိသော စိတ်ကူးယဉ်ပုံဖော်မှုတစ်ခုမှနေ ပေါက်ဖွားလာရခြင်းဖြစ်သည် ။ အမှန်တကယ် သေဆုံးပြီးသွား လျှင် ထိုထက်မက ချောက်ချားစရာ ကောင်းလေမလား…ကျွန်မ တွေးကာတွေးကာ ကြောက်နေမိသည် ။
          အစ်မက ဖြေရှင်းချက်ပေးပြီးသွားပြီဖြစ်၍ အေးအေးလူလူပင် ထမင်းချိုင့် ထည့်နေသည် ။ ထမင်းချိုင့်ဟု သိမ်းကြုံးဆို လိုက်သော်လည်း သူ တကယ်တမ်းထည့်နေသည်မှာ ဟင်းချိုင့်ဖြစ်သည် ။ သူ ညကတည်းက ချက်ထားတဲ့ ငါးဖယ်နှင့်ခရမ်း ချဉ်သီးချက်ဆီကျန်ရေကျန်ဟင်းကို ပန်းကန်တစ်လုံးထဲသို့ ခပ်ထည့်နေ၏ ။ သူ့လက်ရာက ထူးခြားသည်ဟုဆိုရမည် ။ ဆီကို သေသေချာချာမသတ်ဘဲ ခပ်မြန်မြန်ချက်ထားသော နံနံပင်မအုပ်တဲ့ ဆီကျန်ရေကျန်ဟင်းတစ်ခွက်ဖြစ်တာကြောင့် အရသာ က တစ်မျိုးလေးဖြစ်နေတတ်သည် ။ မချဉ်လွန်းမမွှေးလွန်းဘဲ ချဉ်စပ်စပ်အရသာမျိုးလေးကို ကျွန်မရော ကျွန်မ့အစ်မပါ နှစ် သက်ကြတာကြောင့် သူ ချက်သမျှဟင်းတော်တော်များများ အဲ့ဒီ့အတိုင်းသာဖြစ်သည် ။
        သူက ပန်းကန်ထဲရှိ ရွှေဒင်္ဂါးပြားအရွယ် ပြားပြားချပ်ချပ်ငါးဖယ်ဆယ်လုံးကို ခရမ်းချဉ်သီးအရည်အနှစ်တွေနှင့်အတူ အလယ်မှနေ တစ်ဝက်စီ ခွဲလိုက်ကာ ကျွန်မ့အတွက် ဝေစုကို နဘေးသို့ အသေအချာတွန်းပို့လိုက်ပြီးမှ ငါးဖယ်ငါးလုံးကိုကြည့် ရင်း လောက်မလောက်ချိန်ဆနေပုံ ရသည် ။
   “ ဟဲ့…နင် လောက်တယ် မဟုတ်လား ။”
ဟူ၍လည်း သေချာအောင် မေးလိုက်သေးသည် ။ ကျွန်မ့ဆီမှ လောက်ပါတယ်ဟူသောအသံကြားမှသာ သူ့အတွက် ခွဲယူ ထားသည့်ငါးဖယ်ငါးလုံးကို ဟင်းချိုင့်ထဲသို့ ထည့်ကာ အလုပ်သို့ ထမင်းချိုင့်ကိုဆွဲလျက် ထွက်ခွာသွားသည် ။ ဒီလိုနဲ့ ကျွန်မ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရပြန်ပြီ…။
    အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့နေကျဖြစ်တာကြောင့် ကျွန်မ့အတွက်က အဆန်းတကြယ် မဟုတ်တော့ ။ အိမ်တစ်အိမ် လုံး ကိုယ်တစ်ယောက်တည်းဖြစ်၍ စာရေးလျှင်လည်း ရေးသည် ။ စာဖတ်လျှင်လည်း ဖတ်သည် ။ ကိုယ် လုပ်ချင်တာကိုသာ လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ကင်းကင်း လုပ်နေရတဲ့ဘ၀ကို ကျွန်မ ခုံမင်တတ်လာပြီ ။ ဒါပေမဲ့လည်း တစ်ခါတစ်ရံ စာ အရေးအဖတ်များလို့ ဇတ်ကြောတွေ တက်လာလျှင် မေမေ့ရဲ့ “ ဟယ်…ဒီကောင်မလေး စာတွေချည်း ဖတ်နေတာပဲ ။ လာ… အမေနဲ့အတူ မှို့လာသွပ်ဦး ။ ပြီးရင် ဒီဖုံ(ကူရှင်)လေးတစ်ခု သမီး ယူပေါ့ ။”…ဟူသောကရုဏာဒေါသောခိုင်းသံလေးကိုလည်း ကောင်း ၊ “ လာပါဦး သမီးရယ် ။ စာချည်း ရေးမနေပါနဲ့ ။ ကြိုးစားတာလည်း ကြိုးစားပေါ့ ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် လည်း နေရမယ်လေ ။ လာ…ခြံထဲမှာ အမေနဲ့ ပန်းပင်စိုက်ရအောင် ။”…ဟူသော စကားသံလေးများကိုလည်းကောင်း ကျွန်မ မကြာမကြာ ကြားယောင်နေမိသည် ။ ဘာပဲပြောပြော ကျွန်မ့အရွယ်က မိခင်ရင်ခွင်ရိပ်မှာပဲ ချွေးသိပ်ချင်သေးသည့် နားခိုချင် သေးသည့်အရွယ် မဟုတ်လား ။
      ညက အိပ်မက်ကြောင့်လား မပြောတတ်…။ ကျွန်မ မနက်စာ ဘာတစ်ခုမျှ မစားချင်သေး၍ အိမ်ရှေ့ဒန်းတွင် ထွက်ထိုင် ကာ ပန်းပင်တွေကို ငေးကြည့်နေမိသည် ။ ကျွန်မ့သာ မဟုတ်…ပန်းပင်တွေလည်း မေမေ့ကို သတိရနေလေမလား မပြော တတ် ။ မေမေ အိမ်တွင် ရှိနေစဉ်က နေ့စဉ်လိုလို ပန်းပင်လေးတွေကို ဆင်းကြည့်ကာ ဘယ်ဟာလေးကဖြင့် အဖူးဖူးနေပြီ ။ ဘယ်ဟာလေးကဖြင့် ပန်းပွင့်နေပြီ…ဟူ၍ ၀မ်းသာအားရကြွေးကြော်တတ်သည် ။ ပန်းကလေးတွေခမျာလည်း သူတို့ကို ချီး ကျူးမည့်သူ ရှိ၍ထင့်…နေ့တိုင်းနေ့တိုင်း ပွင့်လိုက်ဖူးလိုက်ကြတာများ အလွန်အကျွံ ။ ယခုများတော့ ပန်းပင်လေးတွေအားလုံး အပွင့်အဖူး ကင်းမဲ့ကာ ညိုးရော်သွေ့ခြောက်နေသလို…။
       မေမေနှင့်ဖေဖေ နယ်ကို ပြောင်းသွားရတာ နှစ်နှစ်ပြည့်တော့မည် ။ အိမ်ထောင်စုတစ်ခု ခန့်ထည်လုံလောက်စွာ စား သောက်နိုင်ဖို့အတွက် မိသားစုတွေ ခဏတာ ခွဲနေရပေမဲ့ ပထမတစ်နှစ်ကတော့ ကျွန်မ အားငယ်စိတ် သိမ်ငယ်စိတ် သတိရ လွမ်းဆွတ်စိတ်တွေနဲ့ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခဲ့ရသည် ။ မိဘတွေနှင့် မကြာခဏ ဖုန်းပြောရပေမဲ့ အာသာမပြေ…။ မေမေ့ ရင်ခွင်မှာ ခေါင်းလေးတိုးပြီး ဟိုအရင်တုန်းကလို နွဲ့ဆိုးဆိုးချင်မိ၏ ။ နို့ပေမဲ့ ကျွန်မ ထိုသို့ဖြစ်နေသည်ကိုသာ မေမေတို့သိကြ လျှင် ပိုလို့ပင် စိတ်မကောင်းဖြစ်ကြရမည် ။ ကျွန်မ့ကို သနားတာကြောင့် အလုပ်တာဝန်တွေ ပစ်ပြီး မေမေ ကျွန်မ့ဆီ ပြန်လာ လိမ့်မည် ။ ကျွန်မတို့အတွက် ကြိုးစားလုပ်နေတဲ့မေမေဖေဖေတို့ရဲ့အလုပ်တွေကို ကျွန်မ့ကြောင့် မလစ်ဟင်းစေချင် ။ မပျက် စီးစေချင်…။ ဆယ့်ရှစ်နှစ်ပြည့်ပြီးသောကျွန်မ့သည်လည်း မေမေ့ကို အတုယူလျက် ရင့်ကျက်တည်ငြိမ်သော မိန်းမတစ် ယောက်ဖြစ်အောင် ကြိုးစားရမည် ။
        ထိုင်နေရာမှ ဆတ်ခနဲ ထလိုက်စဉ် ခေါင်းထဲမှ မူးခနဲမိုက်ခနဲဖြစ်ကာ ရုတ်တရက်ဘာဖြစ်သွားမှန်း မသိ ကြယ်တွေလ တွေ မြင်သွားရ၍ ပြန်ထိုင်ချလိုက်ရသည် ။ ဘာဖြစ်သွားတာပါလိမ့်…အမြင်အာရုံတွေ ပြန်လည်ကြည်လင်လာတော့ ကျွန်မ ပထမဆုံး ခံစားမိလိုက်သည်မှာ ဂျို(ချို)စောင်းမှ ပူရှိန်းရှိန်းခံစားမှုကိုဖြစ်သည်။ ပူနွေးရာမှ တဖြည်းဖြည်းနာကျင်လာသည် ။ ထိုအခါမှ ဂျိုစောင်းကို လက်ဖြင့်ပွတ်ရင်း အနောက်ဘက်သို့လှည့်ကြည့်မိတော့ ဖွင့်ထားသောပြတင်းပေါက်နှင့် ဒန်းအပေါ် တည့်တည့်တွင်ရောက်ရှိနေသော တံခါးဘောင်ကို တွေ့လိုက်ရ၍ စောစောက ကျွန်မ ဘာဖြစ်သွားသလဲဆိုတာကို သိလိုက် ရ၏ ။ ဖြတ်ခနဲ အိပ်မက်ကို သတိရသွားပြန်သည် ။
        အိပ်မက်ထဲတွင် ကျွန်မသည် ကတုံးမအဖြစ်နှင့် ကွပ်ပျစ်တစ်ခုပေါ်တွင် လှဲနေရပြီး ဘေးပတ်ဝန်းကျင်တွင် အိမ်သူအိမ် သားများ ဆွေမျိုးညာတိများ ရပ်ဆွေရပ်မျိုးများ စုံလင်စွာ ရောက်ရှိလို့နေကြသည် ။ အားလုံးက မဆုံတာကြာလှပြီဖြစ်၍ ပြန် လည်တွေ့ဆုံပွဲကြီးလို စကားထိုင်ပြောနေကြသည် ။ ငိုဟယ်ယိုဟယ် သိပ်မရှိလှ…။ ငိုတဲ့သူမှာလည်း ခဏသာဖြစ်သည် ။ ယခုအခါ ကျွန်မ့ကို ချစ်လှပါချည်ရဲ့…ကြိုက်လှပါချည်ရဲ့ဟုဆိုလျက် အနောက်က တကောက်ကောက်လိုက်နေတတ်သော ပုရိသအချို့မှာ ကျွန်မ့ကို စေ့စေ့မကြည့်ရဲသည့်အလား ရုပ်အလောင်းနှင့် ခပ်လှမ်းလှမ်းတွင် ၀ိုင်းစုထိုင်ကာ လက်ဖက်သုပ်ကို တွင်တွင်စားနေကြသည် ။
      ကျွန်မ့ရုပ်အလောင်းက ကွပ်ပျစ်ပေါ်တွင် လဲနေသော်လည်း ကျွန်မက အားလုံးကို မြင်နေရ၏ ။ အသံအားလုံးကိုလည်း ကျွန်မ ကြားနေရ၏ ။ တချို့က ရပ်ရေးရွာရေး တိုင်ပင်နေကြ၏ ။ တချို့က ဆွေရေးမျိုးရေး သားရေးသမီးရေးတွေ ပြောဆိုနေ ကြ၏ ။ တချို့က စီးပွားရေး လူမှုရေးတွေ ဖလှယ်နေကြ၏ ။ တချို့က ကျန်းမာရေး ဘာသာရေးအကြောင်း ဆွေးနွေးနေကြ  ၏ ။ ကျွန်မ့အသုဘမှာ လူစည်ကားပေမဲ့ ကျွန်မ့အကြောင်းပြောနေသူမှာ မရှိသလောက်ကို ရှားနေသည် ။ တစ်ချက်တစ်ချက် အင့်ခနဲအင့်ခနဲ ရှိုက်လိုက်တဲ့ ရှိုက်သံရှည်ကြီးကို ကြားလိုက်ရ၍ ကျွန်မအတွက် ငိုကြွေးနေသူကို ရှာဖွေမိတော့ ထိုသူမှာ မေမေ ဖြစ်နေသည် ။
     မေမေ ငိုနေသည် ။ မေမေ ငိုရလွန်းလို့ မျက်ဝန်းတွေ မို့အစ်နေပြီ ။ ပါးပြင်နှင့်နှုတ်ခမ်းတစ်ဝှိုက် နီရဲတွက်နေပြီ ။ အသက် ရှူသံတွေ မြန်နေပြီ ။ မျက်ခုံးကြောတွေ တွန့်ခေါက်နေပြီ ။ အသံတွေ ကွဲအက်နေပြီ ။ ဒါပေမဲ့ သမီးလေး သမီးလေး…ဟူ၍ ရေရွတ်ရင်း မေမေ ငိုနေဆဲ…။ ကျွန်မ မေမေ့ကိုကြည့်ရင်း ၀မ်းနည်းလာမိသည် ။ မျက်ရည်တွေ ရစ်ဝဲလာမိသည် ။ စောစော ကလူတွေကြောင့် ကျွန်မ လူ့ဘ၀ကြီးကို စိတ်ကုန်မိပေမဲ့ ကျွန်မ မသေချင်တော့ ။ မေမေ့ကို စိတ်ချမ်းသာစေချင်သည် ။ ယူ ကြုံးမရတဲ့ကြေကွဲမှုတွေနဲ့ ကျွန်မ ငိုကြွေးနေရာက ကြုံးအော်လိုက်မိမှ အိပ်မက်က လန့်နိုးလာခဲ့သည် ။
   “ ဆွမ်းတော်ဗျို့……”
   “ ဒူ…ဝေ…ဝေ…”
အော်လံဖြင့်အော်လိုက်သော ကိုယ်ရင်လေးတစ်ပါး၏အော်သံနှင့်အတူ ကြေးစည်သံဒူဝေေ၀ကိုလည်း တစ်ဆက်တည်း ကြား လိုက်ရသည် ။ ကျွန်မ့အတွေးစတွေ လွင့်ပြယ်သွားကာ အသံလာရာကို နားစွင့်နေမိ၏ ။ ယခင်နေ့များက အမှုမဲ့အမှတ်မဲ့နေခဲ့ မိ၍ ဆွမ်းတန်းကြွလာပေမဲ့ အသံမကြားမိ…။ ကြားမိလျှင်လည်း ကိုယ်နှင့် မဆိုင်သကဲ့သို့ ထွက်၍ပင် မကြည့်…။ ယခုများ တော့ ဆွမ်းတော်ဗျို့ဟူသောအသံနှင့်ကြေးစည်သံဒူဝေေ၀က ကျွန်မ့အတွက် နားဝင်ချိုမြိန်နေသည် ။ နားထောင်၍လည်း ကောင်းနေသည် ။ စည်းချက်ကျနသည်ဟူ၍လည်း ခံစားမိသည် ။
      ဆွမ်းတန်းက ညာဘက်လမ်းအတိုင်း ကြွလာမည်မှန်းတော့ ကျွန်မ သိသည် ။ မေမေ ရှိတုန်းက နေ့စဉ် ဆွမ်းဟင်း ထွက် လောင်းတာကြောင့် ကျွန်မ ထိုသို့ သိနေရခြင်းဖြစ်သည် ။ နိဗ္ဗာန်ဆော်သံသာကို ကြားလိုက်ရ၍ ကျွန်မ့စိတ်တွေ ကြည်နူးသွား မိတာတော့ အမှန် ။ အော်လံနှင့်အော်နေသောကိုရင်လေး ကျွန်မတို့ဘေးအိမ်ရှေ့သို့ ရောက်ရှိလာပြီ ။ နောက်တွင် ကြေး စည်ကို တဒူဒူထုရင်း လိုက်ပါလာသောကျောင်းသားလေးကိုလည်း မြင်နေရပြီ။ သံဃာတော်တွေလည်း ကြွချီလာတော့မည် ။
       နံနက်ခင်းနေရောင်ခြည်အောက်တွင် သင်္ကန်းညိုဆင်မြန်းလျက် သွယ်တန်းကြွချီလာကြသော သံဃာတော်များကို ငေး ကြည့်ကာ ကျွန်မ ကြည်နူးလေးမြတ်စွာနှင့် လက်အုပ်ချီမိုး ပူဇော်ကန်တော့မိ၏ ။ နဘေးအိမ်မှအန်တီကြီးက ဆွမ်းဟင်းပန်း ကန်လုံးလေးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ကျောင်းသားလေးတွေကို ရပ်စောင့်ရင်း သံဃာတော်တွေကို ကြည်ညိုစွာ ငေး ကြည့်နေလေသည် ။ ရုတ်တရက် ကျွန်မ တစ်ခုခုကို သတိရသွားမိကာ အိမ်ထဲသို့ ပြေးဝင်သွားလိုက်သည် ။ ကြွချီလာသော သံဃာတော်တွေက ကျွန်မ အိမ်ရှေ့ကိုပင် ရောက်ရှိလာတော့မည် ။
     ကျွန်မ စားပွဲအုပ်ဆောင်းကို အမြန်လှပ်လိုက်သည် ။ အုပ်ဆောင်းအောက်တွင် ကျွန်မနှစ်သက်သော ငါးဖယ်ဆီကျန်ဟင်း လေးက သူ့ကို စားတော့မလားဟု မျက်စပစ်ပြနေသလိုပင်…။ ကျွန်မ မတွေဝေပါ…လျင်မြန်စွာ ဆုံးဖြတ်လိုက်ပြီး ဆွမ်းဟင်း ကိုကိုင်လျက် ခြံထဲသို့ အပြေးဆင်းလာမိသည် ။ သံဃာတန်းကြီးက ကျွန်မ့အိမ်ရှေ့မှ ကျော်လွန်သွားပြီ…။
   “ ကျောင်းသား…ကျောင်းသား…”
ကျွန်မ မတိုးမကျယ်အော်ခေါ်လိုက်တော့ တံခါးဝကို ကျော်သွားပြီဖြစ်သောဆွမ်းချိုင့်ဆွဲကျောင်းသားလေးက အနောက်သို့ ပြန်လှည့်ကြည့်သည် ။ ဆွမ်းဟင်းခွက်ကို ကိုင်လျက် လှမ်းကြည့်နေတဲ့ကျွန်မ့ကိုမြင်တော့ ပြန်လှည့်လာကာ အုတ်ခုံပေါ်ဆွမ်း ချိုင့်တင်ပြီး ချိုင့်ခွက်အလွတ်တစ်ခုကို ဖွင့်ပေးသည် ။ ကျွန်မ နိဗ္ဗာန္နပစ္စေယော ဟောတုဟု ရည်စူးကာ ဆွမ်းဟင်းတွေကို ချိုင့် ခွက်ထဲသို့ ကုန်အောင် လောင်းထည့်လိုက်မိ၏ ။
        ကိုရင်လေး၏ဆွမ်းတော်ဗျို့ဟူသောအော်လံသံကိုလည်း ခပ်တိုးတိုးသာ ကြားရတော့သည် ။ သံဃာတော်တွေလည်း တစ်ဖက်လမ်းထဲသို့ ကြွသွားကြပြီ ။ ကျောင်းသားလေးလည်း အိမ်ရှေ့က ထွက်ခွာသွားပါပြီ ။ ရင်ထဲတွင် စွဲထင်ကျန်နေသော ပီတိအတွေးတွေကြောင့် ကျွန်မ အားပြည့်နေသလို ခံစားမိ၏ ။ ကျွန်မ သေမှာကို တွေးမကြောက်တော့ပါ ။
                                                                                        စေတနာရှေ့ထားလျက် ...
                                                                                                 ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။ 
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။