( ၂၀၁၁ခုနှစ် ဧပြီလထုတ် သိဒ္ဓိမိုးမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည် )
သမီးရေ…ကြားရရဲ့လား
။ ဟုတ်တယ် ။ ဖုန်းလိုင်းတွေက ဒီဘက်မှာ သိပ်မကောင်းဘူး သမီးရဲ့ ။ အေး…အေး… ကြားရရင်ပြီးရော
။ အမေလေ ဒီနေ့ သမီးတို့ကို သိပ်သတိရတာပဲ ။ အထူးသဖြင့် သမီးလေးကိုပေါ့ ။ သမီးလေးက အငယ်ဆုံးလေးဆိုတော့
ကျန်တဲ့အကြီးတွေထက် ပိုပူမိတယ်ကွယ် ။ ဒါနဲ့ ကျောင်းတက်ရတာရော အဆင်ပြေရဲ့လား ။ ကျောင်းစာတွေရော
လိုက်နိုင်ရဲ့လား ။ ဝတ္ထုတွေရော ရေးဖြစ်ရဲ့လား ။ ဟိုလက သမီးရဲ့ဝတ္ထုတစ်ပုဒ် ထပ်ပါလာပြီကြားရ
တော့ အမေဖြင့် ဝမ်းသာလိုက်တာ ။
စာရေးဆရာဆိုတာ
လူတိုင်းဖြစ်နိုင်တာ မဟုတ်ဘူး သမီးရဲ့ ။ အမေလည်း ဖြစ်ချင်လွန်းလို့ စာတွေ ဖတ်ခဲ့ပေမဲ့
မရေးတတ်ခဲ့ပါဘူးကွယ် ။ အဲ…ဒါပေမဲ့ အမေ့မှာ ကုန်ကြမ်းတွေတော့ ရှိတယ် ။ ဒီနေ့ အမေလေ…သမီးရဲ့အဖေနဲ့
မိုးညှင်း သမ္ဗုဒ္ဓေဘုရားကို သွားဖူးမျှော်ရင်း လမ်းမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်အကြောင်း
သမီးလေးကို ပြောပြမယ် ။ သမီးလေး စိတ်ဝင်စားမှာ အသေအချာပဲ ။
J J J J J
ရန်ကုန်မှ မုံရွာသို့
လုပ်ငန်းတာဝန်အရ ပြောင်းရွှေ့လာရပေမဲ့ ကျွန်မစိတ်ထဲတွင် ယခုချိန်ထိ နေရာဒေသနှင့် လိုက်လျောညီထွေ
မဖြစ်သေး ၊ အသားတကျ မရှိသေး ။
ခင်ပွန်းသည်က ဌာနဆိုင်ရာအကြီးအကဲတစ်ဦးဖြစ်သည်ကြောင့်
ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးမည့်-တပည့်တပန်း တွေ ရှိနေပေမဲ့ ကျွန်မစိတ်ထဲမှာတော့ အသိုက်အမြုံကို
စွန့်ခွာခွဲထွက်လာရသလို ခံစားနေရပြီး ရန်ကုန်အိမ်၌ ကျန်ရစ်ခဲ့ သည့် သားသမီးများကိုသာ
တမ်းတလွမ်းဆွတ်နေမိသည် ။
မုံရွာမြို့၏ရာသီဥတုသည်
ရန်ကုန်နှင့် မတူညီ…။ အေးမြသည့်ဆောင်းကာလတွင် အလွန်မှ ချမ်းအေးလှသည် ။ ခြေအိတ်/လက်အိတ်
ဝတ်ရရုံမက နားရွက်တွေပင် ဖုံးထားရသည်အထိ ချမ်းအေးတုန်ခိုက်နေသလောက် နွေရာသီကျပြန် တော့လည်း
ပူလိုက်သည်မှ ထိုင်နေလျက်နှင့် ချွေးတပြိုက်ပြိုက်ကျလောက်အောင် ။
ဥတုညှင်းမှု၊ စိတ်မချမ်းမြေ့မှုတွေကြောင့်
ကျွန်မ ပင်ပန်းနွမ်းနယ်နေခဲ့သည် ။ ထိုအခိုက် ကျွန်မ၏ခင်ပွန်းသည်က အားလပ်ရက်တစ်ရက်တွင်
မိုးညှင်းသမ္ဗုဒ္ဓေဘုရားသို့ သွားရောက်ဖူးမြော်ရန် စီစဉ်ပေးသည့်အခါ ကျွန်မ အလွန်တရာမှ
စိတ်ကြည်လင်ပျော်ရွှင်သွားမိသည် ။
ရုံးအားသည့်-တနင်္ဂနွေနံနက်ခင်းတွင်
ကျွန်မတို့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားသို့ ဂျစ်ကားလေးနှင့် ထွက်ခဲ့ကြသည် ။ ကျွန်မတို့ဆိုသည်မှာ
ကျွန်မရယ်၊ ကျွန်မခင်ပွန်းရယ်၊ ကားမောင်းကောင်လေးတစ်ယောက်ရယ် ဒီသုံးဦးကို ဆိုလိုပါသည်
။ ဤတွင် ဂျစ်ကားလေး၏အခန်းကဏ္ဍမှာ အဓိကပါဝင်နေသောကြောင့် ကျွန်မတို့ဂျစ်ကားလေး၏သဘောသဘာဝကို
အနည်းငယ် ရှင်းပြလိုပါသည် ။
ဂျစ်ကားလေးသည် အင်ဂျင်ကောင်းသောကားလေးဖြစ်သည်
။ သို့သော် တစ်ခါတစ်ရံ တစ်ချက်နှစ်ချက် ထ,ထ ဖောက်တတ်သော ညဉ်ဆိုးလေးရှိခြင်းကြောင့်
ခင်ပွန်းသည်မှာ ကားမောင်းတတ်သော်လည်း ကားမောင်းကားပြင်တတ် သည့်-တပည့်လေးတစ်ယောက်ကို
ဘယ်သွားသွား အမြဲခေါ်သွားရသည် ။ ကောင်လေးက ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တတ်သည်ဟု
သိရ၏ ။
ဆောင်းဦးနံနက်ခင်းဖြစ်သောကြောင့်
ရာသီဥတုသည် အေးစိမ့်ချမ်းမြလျက်ရှိသော်လည်း အလွန်အမင်းကြီး တော့ မဟုတ် ။ မုံရွာမြို့ပတ်လမ်းအတိုင်း
မောင်းနှင်လာခဲ့ခြင်းဖြစ်၍ မုံရွာမြို့သည် ကျွန်မတို့တစ်ဖက်တွင် ဝေးလျက်ဝေး လျက် ကျန်ရစ်ခဲ့ကာ
တဖြည်းဖြည်းနှင့် မြို့ပြင်သို့ ရောက်လာခဲ့သည် ။
မြို့ပြင်လမ်းဖြစ်သည့်အတိုင်း
လမ်းဘေးတစ်ဖက်တစ်ချက်တွင် သစ်ပင်ပျိုတို့ဖြင့် စိမ်းစိုသာယာလို့နေသည် ။ နံနက်စောစောအချိန်ဖြစ်၍
လမ်းမကြီးထက်တွင် ကားသွားကားလာ လူသွားလူလာ ရှင်းလင်းကာ တိတ်ဆိတ်အေးချမ်း လျက်ရှိသည်
။
ပတ်ဝန်းကျင်၏ဆိတ်ငြိမ်မှု
၊ ဘုရားကြီးကို ပူဇော်ဖူးမြော်လိုသောပီတိဖြစ်မှုတို့ဖြင့် ကျွန်မတစ်ကိုယ်လုံး ပေါ့ပါး
လန်းဆန်းကြည်လင်ကာ ချမ်းမြေ့ပျော်ရွှင်နေမိသည် ။ ဘုရားသို့ ရောက်လျှင် ကျွန်မ ဆွမ်းတော်ကပ်ရမည်
၊ ပန်းရေချမ်း ကပ်လှူမည်…စသည်စသည် ရည်သန်ရင်း သမ္ဗုဒ္ဓေဂါထာတော်ကိုလည်း နှုတ်မှ ရွရွရွတ်ဆိုနေမိသည်
။ သမ္ဗုဒ္ဓေဂါထာ တော်ကြီးသည် အန္တရာယ်ကင်း ဘေးရှင်းစေသောကြောင့် ကျွန်မ ဘယ်ကိုပဲသွားသွား
အမြဲမပြတ် ရွတ်ဆိုတတ်သော ဂါထာတော်ကြီးဖြစ်၏ ။
ကားလေးမှာ တရိပ်ရိပ်ပြေးနေသောကြောင့်
နံဘေးမှရှုခင်းများကို လှစ်ခနဲလှစ်ခနဲသာ မြင်တွေ့ရသည် ။ ထိုစဉ် ကားက ပုံမှန်အတိုင်း
ခပ်မြန်မြန်ပြေးလွှားနေရာမှ တစ်ချက်တစ်ချက် တုံ့ခနဲ တုံ့ခနဲဖြစ်လာသည် ။ ဘုရားဘုရား…
လူသူ ကင်းမဲ့သည့်ဤနေရာတွင်တော့ ကားမပျက်ပါစေနှင့် ။ ဆုတောင်းနေတုန်းမှာပဲ ကားသည် တုံ့ခနဲ
ရပ်တန့်သွားလေပြီ ။
“ ဟာ…ဒီကားတော့ ။”
ခင်ပွန်းသည်က တစ်ချက်ညည်းညူလိုက်ရင်း
ကျွန်မကို ကားတံခါးဖွင့်ကာ ကားပေါ်မှ ဆင်းစေသည် ။ သူလည်း ကားပေါ် မှ ဆင်းလာပြီး ကားစက်ခေါင်းရှိရာ
ကားရှေ့သို့ ထွက်လာသည် ။ ကားမောင်းတဲ့ကောင်လေးက ကားကို တစ်ချက်နှစ်ချက် စက်နှိုးကြည့်သေးသော်လည်း
မရ…။ ကားက ထိုနေရာ၌ ကွေးကောင်းကောင်းနှင့် ကွေးနေပုံရသည် ။
ခင်ပွန်းသည်နှင့်
ဒရိုင်ဘာကောင်လေးက ကားစက်ခေါင်းကို ဖွင့်ကြည့်ကာ ဟိုဟိုသည်သည်နှိုက်ချွတ်ကြည့်နေ ခိုက်
ကားနှင့်ပတ်သက်၍ တစ်စုံတစ်ရာ နားမလည်သော-ကျွန်မက ခပ်လှမ်းလှမ်းတမာပင်နားမှာ သွားရပ်နေမိသည်
။
ခင်ပွန်းသည်-ကိုခင်မောင်ခမျာ
ကားစက်ခေါင်းခန်းကို ကြည့်လိုက် ၊ အင်ဂျင်ကို
စစ်ဆေးကြည့်ရှုလိုက်လုပ်ရင်း ဆောင်းနံနက်ခင်းအေးအေးတွင်ပင်
ချွေးတွေ ရွှဲနစ်နေလေပြီ ။ ကားပြင်တတ်သည်ဆိုသော ဒရိုင်ဘာကောင်လေးလည်း အင်ဂျင်ထဲ လက်နှိုက်ကာ
ဟိုလုပ်သည်လုပ်,လုပ်နေသော်လည်း ကားစက်က နိုးမလာ ။ ဒီကောင်လေး ပြင်မှပြင်တတ်ရဲ့ လားဟုပင်
ကျွန်မ သံသယပွားချင်လာမိပြီ ။
နာရီဝက်ကျော်ကျော်လောက်
ကြာသွားခဲ့ပေမဲ့ ကားစက်က ယခုချိန်ထိ ဝူးခနဲ တစ်ချက်မနိုး ။ ကျွန်မ စိတ်ပျက် လက်ပျက်နှင့်
တမာပင်ခြေရင်းတွင် ထိုင်ချလိုက်သည် ။
“ အမလေး…”
တင်ပါးနေရာမှ စူးခနဲ ။ ဟင်…မြွေ မြွေများလား ။
သည်ဒေသတွင် မြွေဆိုးများ ပေါများလှသည်မို့
ကျွန်မ ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်တော့ မြေပြင်တွင် ကပ်ငြိတွယ်ပေါက်နေသော
ချုံနွယ်ဆူးပင်များ ။ ထိုအခါမှ ကျွန်မ သက်ပြင်းချနိုင်တော့သည် ။
“ ဟူး…တော်သေးတာပေါ့ ။ ဆူးပင်တွေ ဖြစ်နေပေလို့ ။”
ထိုဆူးချုံပင်ပုလေးများကို ကြည့်ရင်း
ကျွန်မ စိတ်ကူးတစ်ခု ရသွားမိသည် ။ အလကားရပ်နေမည့်အစား ထိုချုံနွယ်များကို ရှင်းလင်းပေးလိုက်လျှင်
တမာပင်အောက်ခြေတွင် ချုံနွယ်များ ကင်းရှင်းကာ ပြောင်သန့်သွားလိမ့်မည် ။
ကားကလည်း ဘယ်လိုမှ
ပြင်လို့မရ…စက်နှိုးလို့မရ ။ ကိုခင်မောင်လည်း မောလွန်း၍ ကားဘေးတွင် ဆောင့် ကြောင့်ထိုင်နေရှာပြီ
။ ကားသမားလေးခမျာလည်း ချွေးတလုံးလုံးနှင့် အင်္ကျီမကပ်တော့ ။
ကျွန်မကိုယ်တိုင်လည်း
ချုံပင်လေးတွေ နှုတ်သင်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေမိသည် ။ သြော်…ငါ့နှယ်… ဘုရားဖူးသွားချင်ပါသည်ဆိုခါမှ
အရာရာနှင့် အကြောင်းကြောင်းချည်း ။
“ အေးရေ…ကားက စက်နှိုးလို့ မရဘူးကွာ ။ မနေ့ကပဲ ပြင်ထားရဲ့သားနဲ့
ဘာဖြစ်မှန်း မသိပါဘူး ။ ဟိုကောင်လေး
လည်း ပြင်နေတာပဲ ။ မရဘူးကွ ။”
ခင်ပွန်းသည်-ကိုခင်မောင်က ကားနံဘေးကနေ
ကျွန်မရှိရာဆီသို့ လျှောက်လာရင်း ဆိုသည် ။ ကျွန်မကတော့ ချုံနွယ်လေး တွေကို ရှင်းနှုတ်နေတုန်း
။
“ အေး … ဘာတွေလုပ်နေတာလဲ ။”
“ တမာပင်အောက်ခြေမှာ ချုံနွယ်တွေ ရှုပ်နေတာနဲ့ ရှင်းနှုတ်ပေးနေတာပါ
ကိုမောင်ရယ် ။ ဒါနဲ့ ဟိုကောင်လေးက
ကားရော တကယ်ပြင်တတ်ရဲ့လား ။ ဒီကားလေးပြင်တာကို
အတော်ကြာနေပြီ ။”
ကျွန်မစိတ်ထဲမှ သင်္ကာမကင်းဖြစ်နေသည်ကို
ခင်ပွန်းသည်အား ဖွင့်ထုတ်မေးလိုက်မိသည် ။
“ အာ…ဒီကောင်လေးကိုတော့ သံသယမဖြစ်နဲ့ အေး ။ သူက
ကိုမောင်တို့ရုံးက ကားကြီးတွေပျက်ရင်တောင် ပြင်တတ်
တယ် ။ ခုဟာက ဘာချို့ယွင်းမှန်းကို မသိရသေးတာ
။ အင်း…သံသယဖြစ်ချင်းဖြစ် ဒီနေရာကို ဖြစ်ရမှာ ။”
ခင်ပွန်းသည်စကားက အဆန်း ။ သံသယဖြစ်ချင်းဖြစ်
ဒီနေရာကို ဖြစ်ရမှာ…တဲ့ ။ ကျွန်မ ခင်ပွန်းသည်ကို ဖျတ်ခနဲ မော့ ကြည့်လိုက်ပြီး…
“ ဒီနေရာကို ဘာလို့သံသယဖြစ်ရမှာလဲ ကိုမောင်ရဲ့ ။
အေးတော့ နားမလည်တော့ဘူး ။”
“ အင်း…ဘာမှမဟုတ်ပါဘူးကွာ ။ ကိုမောင် ကားကို သွားကြည့်လိုက်ဦးမယ်
။”
ခင်ပွန်းသည်က သူ့ဝသီအတိုင်း စကားကို ရှင်းအောင်မပြောဘဲ
ကားရှိရာသို့ ပြန်လှည့်ထွက်သွားသည် ။
တမာပင်ခြေရင်းပတ်လည်တွင်
ဆူးချုံနွယ်ပင်တို့ အတော့်ကို ရှင်းပြောင်သွားပြီ ။ ဒါတောင် ကျွန်မ မကျေနပ် သေး…ကြွေလွင့်ကျဆင်းနေသော-သစ်ရွက်ခြောက်များကို
တစ်ရွက်ချင်းစီ လိုက်ကောက်ကာ မြေပြင်ကိုလည်း ဖိနပ်နှင့် ဖိပြီး အနည်းငယ် ညီညာအောင်
ညှိလိုက်သည် ။ စိတ်တိုင်းကျပြီဆိုမှ စိတ်ကူးထားသည့်အတိုင်း…
“ ဤတမာပင်တွင်နေထိုင်သော ရုက္ခစိုးမင်းကြီးရှင့်…သင်
သွားလာရအဆင်ပြေစေဖို့ ကျွန်မ အသင့်ဗိမာန်ခြေရင်းမှ
ချုံနွယ်တွေကို ရှင်းလင်းပေးထားပါတယ် ။ သို့ကြောင့်
ကျွန်မတို့ကိုလည်း ကားပျက်ပြီး ဒုက္ခရောက်နေတဲ့ ယခု
အခြေအနေမှ အမြန်ဆုံးကင်းလွတ်စေဖို့ သင် အတတ်နိုင်ဆုံး
ကူညီပေးပါ ။ တမာပင်မှရုက္ခစိုးမင်းကြီး ကျန်းမာ
ချမ်းသာပါစေ ။ ကျွန်မ ရရှိသောကောင်းမှုကုသိုလ်တွေကိုလည်း
အမျှပေးဝေပါတယ် ။”
ဟု ခပ်တိုးတိုးရွတ်ဆိုလိုက်မိသည် ။
J
အမှန်ပြောရလျှင် ကျွန်မလည်း
ကြံရာမရသည့်အဆုံး ကြားဖူးနားဝအကြောင်းအရာတစ်ခုကြောင့် ထိုသို့ ပြုလုပ် ဖြစ်ခဲ့ခြင်းဖြစ်သည်
။ ထိုကြားဖူးနားဝအကြောင်းအရာကိုပြောပြရလျှင် အတော်လည်း အံ့သြဖို့ ကောင်းသည် ။
ထိုအဖြစ်အပျက်ကို
အကြောင်းမသိသူတစ်ယောက်သာ ပြောပြခဲ့လျှင် ကျွန်မ နည်းနည်းမှ ယုံကြည်လိမ့်မည် မဟုတ် ။
ယခုတော့ ထိုအဖြစ်အပျက်ကို ပြောပြခဲ့သူမှာ ကျွန်မတို့နှင့် ဆွေမျိုးကဲ့သို့ ခင်မင်ရင်းနှီးနေသည့်
မောင်လွင်သိန်း ဇော်ဖြစ်သည် ။
လွင်သိန်းဇော်က အသက်လေးဆယ်ကျော်အရွယ်
လူပျိုကြီးတစ်ယောက် ။ မိဘကို လုပ်ကိုင်ကျွေးမွေးနေသော သားလိမ္မာလေးဖြစ်သလို လူတကာအပေါ်လည်း
စိတ်ရင်းနှလုံးကောင်းနှင့် ကူညီတတ်သည် ။ သူနှင့် ကျွန်မတို့လင်မယား က ဟိုးအနှစ်နှစ်ဆယ်ကျော်ကတည်းက
ခင်မင်ရင်းနှီးခဲ့ကြသူတွေ ။
လွင်သိန်းဇော် အသက်(၁၆)နှစ်အရွယ်လောက်က
လွင်သိန်းဇော်တို့မိသားစုနှင့် တစ်ခြံတည်းနေ ဆွေမျိုးတစ်စု တို့ အမွေလုရင်း ရုံးပြင်ကနား
ရောက်လုမတတ် ဖြစ်ခဲ့ရသည် ။
ဖြစ်ပုံက ဤသို့ ။ လွင်သိန်းဇော် မမွေးခင် ဟိုးအဘိုးအဘွားလက်ထက်က
ခြံကျယ်ကြီးထဲတွင် အိမ်နှစ်လုံး ပြိုင် ဆောက်ကာ ခြံမြေမခွဲခြားဘဲ အတူတကွနေထိုင်ခဲ့ကြသည်
။ ထိုသို့နေလာခဲ့ရာမှ အဘိုးအဘွားတွေ ဆုံးပါးသွားပြီး လွင်သိန်းဇော်တို့မိဘများလက်ထက်တွင်
တစ်ဖက်အိမ်မှ ခြံမြေခွဲခြားနေထိုင်ဖို့ တောင်းဆိုလာရုံမက မတရားပိုပိုသာသာ တောင်းဆိုမှုများကြောင့်
ညှိနှိုင်းမရတော့၍ ရုံးပြင်ကနားရောက်ရတော့မလို ဖြစ်ခဲ့ရခြင်းဖြစ်သည် ။
အိမ်နှစ်အိမ်၏ကြား
ခြံစည်းရိုးနေရာတွင် တမာပင်ကြီးတစ်ပင် ရှိသည် ။ ထိုတမာပင်ကြီးက အိမ်နှစ်အိမ်၏ အလယ်ကို
ပိုင်းခြားပေးထားသလိုဖြစ်နေသော်လည်း တစ်ဖက်က မြေနေရာ ပိုလိုချင်နေသည် ။ အရွယ်ရောက်နေပြီဖြစ်
သော-လွင်သိန်းဇော်က ရုံးပြင်ကနားသွားရမည်ကို ရှက်ရွံ့သောကြောင့် တစ်ဖက်အိမ်ကို ခြံမြေပိုပိုသာသာပေးလိုက်ရန်
ဖခင်ဖြစ်သူကို ပြောဆိုတောင်းပန်လိုက်သဖြင့် အိမ်နှစ်အိမ်ကြားမှ ထိုတမာပင်ကြီးခမျာ ဟိုဘက်အိမ်ဘက်ခြမ်းသို့
ပါသွားရ လေသည် ။
ပြဿနာက ထိုအချိန်မှာပဲ
စတော့သည် ။ တစ်ဖက်ခြံမှ ခြံကာရံပြီးမကြာ ထိုမိသားစု၏ချွေးမဖြစ်သူ မလှနွယ် သည် တစ်ညနေ၌
ဗြုန်းဆို ခွေခနဲ လဲကျသွားသည် ။ ခင်ပွန်းဖြစ်သူက ဖေးမဆွဲထူတော့ တအင်းအင်းညည်းညူကာ ပုံမှန်
မဟုတ်သည့်ပုံစံမျိုး ဖြစ်နေ၍ အားလုံး ထိတ်ထိတ်ပြာပြာဖြစ်သွားကြရသည် ။
“ ဟဲ့…လှနွယ် သမီး ဘာဖြစ်နေတာလဲ ။”
“ အနွယ်…ဒါ အနွယ့်ယောက်ျား ကိုဦးလေ ။ အနွယ့်ကြည့်ရတာ တစ်မျိုးပဲ ။”
အားလုံးက တစ်ယောက်တစ်ပေါက်ဝိုင်းမေးကြပေမဲ့
မလှနွယ်ဆိုသည့်အမျိုးသမီးကတော့ မည်သူ့ကိုမျှ ဂရုမစိုက်သည့်ပုံစံ မျိုး ။ ရုတ်တရက် မလှနွယ်ထံမှ
ထွက်ကျလာသော-စကားသံကြောင့် အားလုံး ရှဲခနဲ နောက်ဆုတ်မိလိုက်ကြတော့သည် ။ ထိတ်လန့်လျှင်လည်း
ထိတ်လန့်ချင်စရာ ။ မလှနွယ်၏အသံက ဘိုးဘရွှေ၏အသံမှ ဘိုးဘရွှေ၏အသံစစ်စစ် ။
“ ဟဲ့…နင်တို့တွေ ငါ မရှိတော့ဘူးဆိုတာနဲ့
ဖြစ်ချင်တိုင်း ဖြစ်နေကြတာပဲ ။ တရားမသိ ဘုရားမသိတွေ…အေး ။ နင်တို့
စိတ်ကြိုက်လုပ်လိုက်ပြီဆိုတော့ ဒီလောက်ပဲ ထိုက်လို့
ဒီလောက်နဲ့ပဲ ကျေနပ်ကြ ။ သွား…ဟိုဘက်အိမ်က ငါ့မြေး-
လွင်သိန်းဇော်ကို သွားခေါ်စမ်း ။”
ဘိုးဘိုးဘရွှေကိုတော့ အားလုံးက ကြောက်ရွံ့ကြသည်
။ ဘိုးဘိုးဘရွှေက အားလုံး၏ငယ်နိုင်ပေကိုး ။ ဘိုးဘိုး ခိုင်းလိုက် သည်နှင့် မလှနွယ်၏ယောက်ျား-ကိုဦးတစ်ယောက်
ဟိုဘက်အိမ်ဆီသို့ ပြေးထွက်သွားသည် ။ ခဏအကြာတွင် ကိုဦးနှင့် အတူ မောင်လွင်သိန်းဇော်တစ်ယောက်
ခပ်မြန်မြန်ခြေလှမ်းတို့ဖြင့် လိုက်ပါလာသည် ။
“ လာ…မြေး ။”
“ ဟင်…ဘိုးဘိုး…ဘိုးဘိုး မကျွတ်လွတ်သေးဘူးလားဟင် ။ ဖြစ်မှဖြစ်ရလေ ဘိုးဘိုးရယ်
။”
လွင်သိန်းဇော်က ဘိုးဘိုးတစ်ဖြစ်လဲ မလှနွယ်ကို
ကြည့်ရင်း စိတ်မကောင်းဖြစ်စွာ ပြောလိုက်မိသည် ။
“ မဟုတ်ပါဘူး ငါ့မြေးရဲ့ ။ ဘိုးဘိုးက နတ်ဖြစ်နေတာ ။ နတ်ဆိုပေမဲ့ ဒါနကုသိုလ်နည်းတော့
ဟိုတမာပင်မှာ ရုက္ခစိုး
ဖြစ်နေတာ ။”
“ သြော်…တော်သေးတာပေါ့ ဘိုးဘိုးရယ် ။ ကျွန်တော့်မှာ ဘိုးဘိုး မကျွတ်လွတ်သေးလို့
ဝင်ပူးတယ် ထင်နေတာ ။”
“ ငါ့မြေးကို သံယောဇဉ်ဖြစ်လို့ကွဲ့ ။ အခု ခြံကာလိုက်တော့ ဘိုးဘိုး ငါ့မြေးနဲ့
အတူမနေရတော့ဘူး ။ ဒါ့ကြောင့် ဘိုးဘိုး
ငါ့မြေးကို တိုက်တွေ ကားတွေ ဝယ်နိုင်လာအောင် ကူညီမယ် ။ အဲ…ဘိုးဘိုးက ကူညီရုံပဲ
တတ်နိုင်မှာဆိုတော့ ငါ့မြေး
ကလည်း ကိုယ့်ဘာသာကိုယ် ကြိုးစားရမှာနော် ။ ဘုရားတရားသံဃာကိုလည်း မမေ့နဲ့ ။”
“ ဟုတ်ကဲ့…ဘိုးဘိုး ။ ကျွန်တော် ဒီနေ့ကစပြီး ဘိုးဘိုးနဲ့အတူနေရအောင် ကြိုးစားပါ့မယ်
။ ဘုရားတရားလည်း
ပိုအားထုတ်ပါ့မယ် ။ ကျွန်တော် ခြံဝယ်နိုင်တဲ့တစ်နေ့ ဘိုးဘိုးကို ဗိမာန်ကောင်းကောင်းဆောက်ပြီး
ခေါ်ထားမယ် ။”
လွင်သိန်းဇော် ထိုသို့ ကတိပေးလိုက်မှ
ဘိုးဘိုး ထွက်သွားသည် ။
မကြာပါ…လွင်သိန်းဇော်
သင်္ဘောလိုက်ရ၏ ။ ပြန်ရောက်ရောက်ချင်း ခြံတစ်ခြံဝယ်ပြီး ဗိမာန်ဆောက်ကာ အဘိုး ရုက္ခစိုးကို
ပင့်ခေါ်ထားသည် ။ ယခုထိလည်း ဘုရားတရား ကိုင်းရှိုင်းဆဲဖြစ်သလို အဘိုးရုက္ခစိုးကို ဆီမီးဆက်ကပ်ကာ
မေတ္တာပို့ အမျှပေးဝေမှုများ ပြုလုပ်နေဆဲ ။ အဘိုး-ရုက္ခစိုးကပဲ မ,စ,လေသလား ၊ ကံဇာတာပဲ
ကောင်း၍လား မပြော တတ်…စီးပွားရေး တိုးတက်မြဲဖြစ်သည် ။
ထိုအဖြစ်အပျက်ကို
လွင်သိန်းဇော်ပြောပြသဖြင့် ကျွန်မတို့ အသေးစိတ် သိရှိခဲ့ရသည် ။ သို့ကြောင့်လည်း ယခုလို
ကားပျက်၍ အခက်အခဲကြုံသည့်အခါ ကျွန်မ လုပ်မိလုပ်ရာလုပ်လိုက်မိခြင်းဖြစ်သည် ။ ဘာပဲဖြစ်ဖြစ်…ကောင်းတာ
လုပ်လျှင် ကောင်းတာဖြစ်မည်ဟု ကျွန်မ ယုံကြည်သည် ။
J
“ ဝူး…”
“ ဟာ…ထူးဆန်းလိုက်တာ ဆရာရေ ။ ခုနက နှိုးမရတဲ့အင်ဂျင်က ခုချက်ချင်း ပြန်ကောင်းသွားပြီ
။ သိကြားမ,တာပဲ ။”
“ မင်းကလည်း….လက်ပူတိုက်တာ များသွားလို့ နိုးတာပေါ့ကွ ။ ဘယ်သိကြားမှ ဆင်းမ,မ,ဘူး
။”
ကားမောင်းတပည့်လေး၏ဝမ်းသာအားရအပြောကို
ကိုခင်မောင်က ခပ်ငေါ့ငေါ့ဟောက်လိုက်သည် ။
“ အေးရေ…ကားစက်နိုးသွားပြီ ။ လာ…သွားကြစို့ ။”
“ လာပြီ ကိုမောင်ရေ ။ လာပြီ ။”
ကျွန်မ တမာပင်ကြီးကို တစ်ချက်ငေးကြည့်ပြီး
ကားရပ်ထားရာဆီသို့ ထွက်သွားလိုက်သည် ။
တမာပင်မှ ရုက္ခစိုးမ,စခြင်းပေလား ။ သူတပါး၏ဗိမာန်ခြေရင်းကို
ရှင်းလင်းပေးသည့်အကျိုးကပဲ တန်ပြန်သက် ရောက်ခြင်းလား ။
မည်သို့ပင်ဖြစ်ပါစေ…သမ္ဗုဒ္ဓေဘုရားကြီး ဖူးမြော်အပြီးအပြန်
ဤနေရာသို့ရောက်ရှိလျှင် ထိုတမာပင်မှရုက္ခစိုးကြီး ကျန်းမာချမ်းသာပါစေဟူ၍ မေတ္တာပို့သရဦးမည်
။ ပြုခဲ့သမျှကုသိုလ်အဖို့ အမျှရပါစေ-ဟုလည်း အမျှပေးဝေမည် ။ သို့မှသာ ကျွန်မကိုယ်ကျွန်မ
တာဝန်ကျေသည်ဟု ခံစားမိမည် မဟုတ်ပါလား ။