( ၂၀၁၁ အောက်တိုဘာလထုတ် သောကြာမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတို ဖြစ်သည် )
ရေးသူ - မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)
“အချစ် နဲ့ စစ်မှာ မတရားတာ မရှိဘူး
။”
ဒီစကားပုံဟာ ရှေးလူကြီးတွေ အနှစ်မဲ့မဲ့
ပြောဆိုခဲ့ကြတာ မဟုတ်ပါဘူး ။ စစ်ပွဲတစ်ခုမှာ ဘယ်သူ မှန်တယ်…
ဘယ်သူ မှားတယ်ဆိုတာ ဝေခွဲရ ခက်ပါတယ် ။
တစ်ဖက်က ကြည့်ရင်လည်း သူ မှန်တယ်…တစ်ဖက်က ကြည့်ရင်လည်း ငါ မှန်တယ် ဖြစ်တတ်ကြတယ် ။ လက်တစ်ဖက်ကို
ထောင်ပြီး ကြည့်သလိုမျိုးပေါ့ ။ လက်ဖမိုးကို မြင်သူက လက်ဖမိုးလို့ ဆိုပေမဲ့ လက်ဝါးကို
မြင်တဲ့သူက လက်ဝါးလို့ ပြောကြစမြဲလေ ။ ဒီလိုဆိုရင် ဘယ်သူမှ မတရားတာ မရှိဘူးပေါ့ ။ ဘာပဲဖြစ်ဖြစ်
လက်တစ်ဖက်ဆိုတာတော့ သေချာတယ် ။ အချစ်မှာလည်း ဒီလိုပါပဲ…သူ့ဘက်က မြင်ရင်လည်း ချစ်ရသူ…နောက်တစ်ယောက်အတွက်ကလည်း
ကြင်နာရသူသာ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်သူ မှားနေတာလဲ … ခွဲခြားရခက်ပြီ ။ သေချာတာကတော့ နှစ်ယောက်က
တစ်ယောက်ကို ချစ်မိနေတာပဲ မဟုတ်လား ။ နှစ်ယောက်စလုံး မတရားတာ မရှိဘူး ။ ဘာပဲဖြစ်ဖြစ်
အချစ်ကတော့ အချစ်ပါပဲလေ….။
****************************************************************************
သန္တာဖြူရဲ့လက်တစ်စုံ တဆတ်ဆတ် တုန်လို့နေတယ်
။ တစ်ဖက်က ဖုန်းခေါ်သံက တတီတီနဲ့
ကြားနေရဆဲပဲ…ကိုင်မယ့်သူ
တစ်ယောက်မှ မရှိဘူးလား မသိ ။ သန္တာဖြူ ကိုင်ထားလက်စ ဖုန်းခွက်ကို ဖျတ်
ခနဲ
ပြန်ချလိုက်တယ် ။ စိတ်က မတည်မငြိမ်နဲ့ ပုံမှန် မဟုတ်သေး … ။
`အို…ဒုက္ခပါပဲ ။ မိသန္တာ နင် ဘယ်လို ဖြစ်ရတာလဲ ?
နင့်ကိုယ်နင် မရှက်ဘူးလား ။ ခုကျမှ…အို သူများ
တွေ သိရင်လည်း အသက်ကြီးမှအမြီးပေါက်ချင်တယ်လို့
ပြောကြမှာ ။ မဖြစ်ပါဘူး…ကိုယ့်အလုပ်ကို
လုပ်မှပါ ။´
သန္တာဖြူ
အလုပ်စားပွဲပေါ်ကို မျက်နှာမူလိုက်တယ် ။ စားပွဲပေါ်မှာတော့ အနယ်နယ် အရပ်ရပ်က ပေးပို့ထား
တဲ့
စာမူမျိုးစုံက နေရာယူလျက်သား ။ မျက်နှာသစ်ကလောင်ရှင်လေးတွေရဲ့ စာမူပေါင်းစုံကို ဖတ်ရှုရွေးချယ်
ပေးရတာက သန္တာဖြူရဲ့အလုပ် ။ သန္တာဖြူရဲ့ဝါသနာဆိုလည်း မမှားပါဘူး ။ စာမူတစ်ပုဒ်ကို ကောက်ယူလို့
ဖတ်လိုက်ပေမဲ့
စိတ်ကတော့ ဟိုးလွန်ခဲ့တဲ့ အနှစ်(၂၀)ကာလတွေဆီကို လွင့်မြောရောက်ရှိလို့ ။
အဲဒီတုန်းက သန္တာဖြူရဲ့အရွယ် ဘာရှိဦးမှာလဲ ။
အသက်(၁၅)နှစ်ရယ်…ဆယ်တန်းကျောင်းသူလေးပေါ့ ။ စာပေနဲ့ဂီတကို ဝါသနာကြီးလွန်းလို့ ကျောင်းစာကိုတောင်
လျစ်လျူရှုနေခဲ့တဲ့ အချိန် ။ စာပေနဲ့ ဂီတသာရှိရင် ဘဝဟာ ပြည့်စုံပြီလို့ ယူဆခဲ့တဲ့ အချိန်လေ
။ ဒီလိုအချိန်မှာ သန္တာဖြူရဲ့ဘဝထဲကို တိုးဝင်လာဖို့ ကြိုးစားခဲ့သူက… ကျော်နန္ဒဆိုတဲ့
ကောင်လေး ။ သူ့ဘက်ကနေ အချစ်ဆိုတဲ့ ဋီကာကို နိဒါန်းစခဲ့ပေမဲ့ သန္တာဖြူကတော့ မျက်လုံးကို
မှိတ် နားကို ပိတ်ပြီး နှလုံးသား သော့ခတ် အိပ်နေခဲ့တယ် ။ ကောင်လေးကို သံယောဇဉ် တွယ်ငြိမိပေသိ
စာပေနဲ့ဂီတအတွက် အလုပ်များခဲ့တဲ့ သန္တာဖြူဟာ အချစ်ရေး ကို အရေးမပေးချင်ခဲ့မိဘူး ။ ငယ်ပါသေးတယ်လေ…ဆိုတဲ့
ခံယူချက်နဲ့ ပထမဆုံး ပွင့်ဖူးခဲ့တဲ့ အချစ်ပန်း ကလေးကို လျစ်လျူရှုခဲ့မိတယ် ။
ပန်းဆိုတာ အချိန်ကျရင်တော့ ကြွေလွင့်သွားရမှာ
ဓမ္မတာပဲလေ ။ အခုတော့ အချိန်တွေလည်း တရွေ့ရွေ့ပြောင်းလို့ (၃၀)ကျော် (၃၅)နှစ်ထဲ ကပ်နေတဲ့
သန္တာဖြူလည်း အပျိုဟိုင်းကြီး ဖြစ်ခဲ့ရပြီ ။
“ ကလင်…ကလင်…”
“ ဟဲ့…ပလုပ်တုတ်…သြော်…ဒီဖုန်းကလည်း လန့်လိုက်တာ
။ သူများတကာ အတွေးလွန်နေကာမှ
လာရတယ်လို့ ။ ဟယ်လို ။”
“ ဟယ်လို … ဘယ်သူလဲ မသိဘူး ။ ခုနက ဖုန်းခေါ်ထားတာ
တွေ့လို့ ။”
သန္တာဖြူ
ထိတ်လန့်သွားမိတယ် ။ စောစောက မကိုင်ခဲ့တဲ့ဖုန်း ၊ အခုတော့ ပြန်ခေါ်နေပြီလေ ။ ဘာပြောရပါ့
မတုံး ။
`ဘုရား…ငါ…ငါ တကယ်ပဲ အသက်ကြီးမှ အမြီးပေါက်ရတော့မှာလား
။´
ဒီအတွေးက
သန္တာဖြူရဲ့ခေါင်းထဲကို ပြေးဝင်လာတယ် ။ တဆက်တည်းမှာပဲ ငယ်သူငယ်ချင်းတိုးလွင်ရဲ့ စကားသံတွေ
… ။ ခဏခဏ ကြားယောင်ရလွန်းလို့ ခေါင်းတွေလည်း နောက်လှပါပြီ ။
“ သန္တာ နင် တကယ်ပဲ တစ်သက်လုံး အပျိုကြီး လုပ်တော့မလို့လား
။ ခု ငါ့ကိုပဲ ကြည့် ။ အိမ်ထောင်ကျလို့
ကလေး တစ်ယောက်တောင် ရနေပြီ ။ ဘယ်လောက် ပျော်စရာ
ကောင်းလဲ ။”
“ ဟယ် တော်စမ်းပါ ။ အပူတွေ…”
“ အမယ် နင် ပူချင်လို့တောင် ပူမရဘူး မဟုတ်လား ။
နင် ချစ်ရတဲ့သူ မတွေ့သေးလို့ပါဟာ ။ ဒါနဲ့
တလောက ကျော်နန္ဒနဲ့ ငါ တွေ့ခဲ့သေးတယ် ။ သူလည်း
လူပျိုကြီးပဲတဲ့ဟ ။”
ကျော်နန္ဒဆိုတဲ့
အသံကြားတော့ သန္တာဖြူ မျက်လုံး ပြူးသွားမိတယ် ။ အတိတ်တုန်းက တိုးလို့တန်းလန်းဖြစ် ခဲ့တဲ့အချစ်ဇာတ်လမ်းလေးကို
သွားသတိရမိလို့ပေါ့ ။ ဒါပေမဲ့ အပျိုကြီးဆိုတဲ့ဂုဏ်ကလည်း ရှိသေးပြန်တော့… ဟန်ဆောင်လိုက်ရတယ်
။ ဣနြေ္ဒဆည်လိုက်ရတယ် ။
“ အဲ့ဒါ ငါနဲ့ ဘာဆိုင်လဲ ။”
“ ဆိုင်တာပေါ့ဟ ။ သူ နင့်ကို စောင့်နေတာ ထင်တယ်
။”
တိုးလွင်ရဲ့အထင်၊တိုးလွင်ရဲ့စကား
။ ဟုတ်များဟုတ်နေမလားဆိုတဲ့စိတ်ကူးနဲ့ သန္တာဖြူ တွေဝေသွားခဲ့ရပြီ ။
တိုးလွင် ပြောခဲ့တဲ့ စကားတွေကို ကြားယောင်ရင်း
သန္တာဖြူ အားတက်သွားတယ် ။ အို…မိန်းကလေး လည်း
ကိုယ်ချစ်တဲ့သူနဲ့ တွေ့ရင် ဈေးလျှော့သင့် လျှော့ရမှာပေါ့လေ…ငါ့မှာလည်း ဈေးတင်ရင်း
ဈေးတင် ရင်းနဲ့ ၃၅နှစ်ထဲပဲ ရောက်နေပြီ…လို့ ကိုယ့်ကိုကိုယ် အားပေးရင်း လည်ချောင်းကို
ရှင်းလိုက်တယ် ။ ကျော်နန္ဒ ကို ကိုယ့်ဘက်ကနေ ဇာတ်လမ်းပြန်စရတော့မှာပေါ့လေ ။
“ ဟို…ကိုကျော်နန္ဒလား ။ သန္တာဖြူပါ…ကိုတိုးလွင်က
ကိုကျော်နန္ဒ ရန်ကုန် ရောက်နေတယ် ပြောလို့ ဖုန်း
ဆက်ကြည့်လိုက်တာ ။”
အသံကို
အတတ်နိုင်ဆုံး မူမှန်အောင် ထိန်းပြောပေမဲ့ အသံက ကလေးဆန်သလိုလို ကလက်သလိုလို ကိုယ့်ဘာသာကိုယ်
ထင်နေမိတယ် ။
“ သြော်…သန္တာလား ။ အင်း…ဟုတ်တယ် ။ ကိုယ် အလုပ်ကိစ္စနဲ့
လာတာ ။ သန္တာ နေကောင်းလား ။”
“ အင်း…နေကောင်းပါတယ် ။ သန္တာက တစ်ယောက်တည်းသမားဆိုတော့
ကိုယ့်ကိုကိုယ် ဂရုစိုက်ရတာ
ပေါ့ ။”
“ ကိုယ်ရောပါပဲ ။ ကျန်းမာရေးက အရေးကြီးတယ်လေ ။
ဗုဒ္ဓတရားတော်ထဲမှာတောင် မကျန်းမာရင်
တရားအားထုတ်ဖို့ မလွယ်ကူဘူးလို့ ဟောဖူးတယ် မဟုတ်လား
။”
သန္တာဖြူက
လမ်းကြောင်းပေးနေသလောက် သူကတော့ မထုံတတ်တေးနဲ့ ။ သူ့စကားတွေကြောင့် သန္တာဖြူ နှုတ်ခမ်းကို
တွန့်လိုက်မိတယ် ။ ဘယ့်နှယ့်…ချစ်ဦးသူတွေ ပြန်တွေ့တာကို တရားအကြောင်းတွေ ပြောစရာ လားလို့…။
“ အင်း…ဟုတ်တာပေါ့ ။ ကိုကျော်နန္ဒရော တစ်ယောက်တည်းပဲ
နေတော့မှာလား ။”
မထူးတော့ပါဘူးဆိုတဲ့အတွေးနဲ့
သန္တာဖြူ တည့်မေးပစ်လိုက်တယ် ။ တစ်သက်လုံး မလျှော့ဖူးတဲ့ ဈေးကို တစ်ထစ်လျှော့ပေးလိုက်တဲ့သဘော
။ သူ့ဘက်ကနေ သေချာပေါက် ချစ်စကားတုံ့ပြန်လိမ့်မယ်လို့ သန္တာဖြူ တွက်ဆထားခဲ့ပေမဲ့ တကယ့်တကယ်တမ်းကျ…
“ ဟုတ်တယ် သန္တာရေ ။ တစ်ယောက်တည်းနေ တစ်စိတ်တည်းထား
ဆိုတာ အမှန်ပဲ ။ ဒီလိုနေနိုင်မှသာ
မြတ်နိဗ္ဗာန်နဲ့ နီးနိုင်မှာ မဟုတ်လား ။ ဒါပေမဲ့
ကိုယ် တွေးထားတာ တစ်ခုကိုတော့ သန္တာကို အရင်းနှီးဆုံး
မိတ်ဆွေအနေနဲ့ ပြောပြရဦးမယ် ။”
ဒီစကားကြောင့်
သန္တာဖြူ့မျက်ဝန်းလေးတွေ အရောင်တောက်သွားတယ် ။ အစက ရိုးရိုး ၊ နောက်တော့ တစ်မျိုးတိုး-ဆိုတဲ့သီချင်းလိုပါလားနော်
။ ဒီလူကြီး…လူပျိုကြီးဖြစ်နေတာလည်း မပြောနဲ့ ၊ တရားစကားတွေ ကြားညှပ်ပြီး ပေရှည်လွန်းပါ့-ဒီလိုမျိုး
စိတ်ထဲက တွေးလိုက်မိပေမဲ့ အပြင်မှာတော့ အတတ်နိုင်ဆုံး အသံကို ချိုချိုထားပြီး ပြန်မေးလိုက်မိတယ်
။ သန္တာဖြူရဲ့ရည်ရွယ်ချက်က ပြည့်မြောက်ဖို့ နီးစပ်နေပြီပဲကိုး ။
“ အင်း…ပြောလေ ကိုကျော် ။”
“ ကိုယ် စိတ်ကူးထားတာက ဒီလို သန္တာရဲ ။ ဟို…ဟိုလေ
သန္တာ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦးနော် ။”
“ ဟွန်း…လူကြီးနော် ။ ဘာပြောမလို့တုံး ။ သန္တာက
ရှက်တတ်တယ် ။”
“ ရှက်စရာစကား မဟုတ်ပါဘူး သန္တာရယ် ။ ကိုယ့်ဘဝအတွက်
အရေးပါလွန်းတဲ့စကားပါ ။ ကိုယ် သန္တာ့
တစ်ယောက်တည်းကိုပဲ ဖွင့်ပြောပြချင်တာပါ ။”
“ ကဲပါ…ပြော ပြော ။ ဘာစကားပဲဖြစ်ဖြစ် သန္တာ စိတ်လည်းမဆိုးဘူး
။ လျှောက်လည်း မပြောဘူး ။ ဟုတ်
ပြီလား ။”
“ ဟာ…ဝမ်းသာလိုက်တာ သန္တာရယ် ။ ကိုယ်လည်း ဒီအကြောင်းကို
တစ်ယောက်ယောက်နဲ့ တိုင်ပင်ချင်
နေတာကြာပြီ ။ ဒါပေမဲ့ ဘယ်သူ့တိုင်ပင်ရမှန်းမသိ
ဖြစ်နေတာ ။ လူတွေက ခက်တယ် ။ လူပျိုကြီး ၊
အပျိုကြီးတွေရဲ့ဘဝကို သဘာဝမကျဘူးထင်ပြီး နားမလည်တတ်ကြဘူးလေ
။ သန္တာကတော့ ကိုယ့်
ခံစားချက်တွေကို နားလည်မယ်လို့ ကိုယ် ယုံတယ်
။”
“ အင်းပါ ။ သန္တာ ကိုကျော့်ကို နားလည်ပါတယ် ။”
“ ကျေးဇူးပါ သန္တာ ။ ကိုယ်လေ ဒါကို တွေးထားတာကြာပြီ
။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ဖွင့်မပြောဖူးသေးဘူး ။
ကန့်ကွက်ကြမှာ ၊ လှောင်ပြောင်ကြမှာကို စိုးရိမ်လို့လေ
။ ဘယ်သူက ဘာပြောပြော ကိုယ့်ရည်ရွယ်ချက်
က ပျက်ယွင်းမှာမဟုတ်ပေမဲ့
ပြောတဲ့လူအတွက်ကျ အကုသိုလ်ဖြစ်သွားနိုင်တယ်လေ ။ ဒါ့ကြောင့်
ရေငုံနှုတ်ပိတ်နေခဲ့တာပါ ။ အင်း…သန္တာကတော့
ကိုယ်နဲ့ စိတ်ချင်းလည်းတူ ၊ ဘဝချင်းလည်းတူ
ဆိုတော့ ကိုယ့်ခံစားချက်ကို နားလည်မှာသေချာတယ်
။ ကိုယ်လေ…အသက်၄၀ပြည့်တဲ့အခါကျ ကိုယ်
ပိုင်ဆိုင်တာတွေ အားလုံးကို ရောင်းပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း
ဆောက်မယ် ။ ကျောင်းနားမှာ
ကိုးတောင်ပြည့်စေတီတစ်ဆူလည်း တည်ထားကိုးကွယ်မယ်
။ ပြီးတာနဲ့ ကိုယ်လည်း ဘုန်းကြီးအပြီး
ဝတ်မယ်လေ ။ အဲဒီစိတ်ကူး ကောင်းတယ်မဟုတ်လားဟင်
သန္တာ ။”
“ ရှင်
!”
သန္တာဖြူ
ဖုန်းခွက်ကို ကိုင်ရင်း ကြောင်တက်တက်ကြီး ဖြစ်သွားခဲ့ရပါပေါ့လား ။ ဘာပြန်ပြောလို့ ပြောရမှန်း
မသိတဲ့အထိ ။ ရှက်ရွံ့စိတ်နဲ့နောင်တတရားတွေက ဟိုးအထွတ်အထိပ်ကို ဆောင့်တက်သွားလို့ ထင်ပါရဲ့
။
“ သန္တာ…သန္တာ ကိုယ် ပြောတာ ကြားရဲ့လား ။”
“ ဟုတ်…ဟုတ်ကဲ့ ။ ကြားပါတယ် ။ အံ့…အံ့သြလွန်းလို့ပါ
။ ဝမ်းလည်းဝမ်းသာပါတယ် ။ ကိုကျော်နန္ဒ
စိတ်ကူး ……အရမ်း ……ကောင်းတယ် ။ သန္တာလည်း ကုသိုလ်ပါဝင်ပါ့မယ်
။”
“ ဟူး … ဝမ်းသာလိုက်တာ ။ သန္တာ့ဆီက ဒီလိုကြားရမယ်ဆိုတာ
ကိုယ် သိနေပြီးသားပါ ။ နောက်ပြီး
သန္တာ့ကို ဖွင့်ပြောချင်တာ တစ်ခု ရှိသေးတယ် ။
လွန်ခဲ့တဲ့ အနှစ်(၂၀)က အကြောင်းပေါ့ ။ ကိုယ်
အဲဒီအချိန်တုန်းက သန္တာ့ကို ချစ်မိခဲ့တယ် ။ သန္တာကတော့
သိမယ်မထင်ပါဘူး ။ ဒီအတွက်လည်း
သန္တာ့ကို ကိုယ် ကျေးဇူးတင်တယ် ။ တကယ်လို့ သန္တာသာ
ပြန်ချစ်ခဲ့ရင် ကိုယ် အခုလို သာသနာ့
ဘောင်ကို ဝင်ခွင့်ရမှာ မဟုတ်ဘူး ။ ခုလောက်ဆို
လူ့ငရဲမှာ သားတွေသမီးတွေနဲ့ ကျင်လည်နေရ
လောက်ပြီ ။ ဒီလို ဖွင့်ပြောတဲ့အတွက် သန္တာ့စိတ်ထဲ
ဘယ်လိုမှ မအောက်မေ့ပါနဲ့နော် ။ ကိုယ် စိတ်ရှင်း
ချင်လို့ပါ ။ တကယ်တော့ လွန်ခဲ့တဲ့ ငါးနှစ်/ခြောက်နှစ်လောက်အထိ
ကိုယ် ဒီစကားကို မရိုးသားတဲ့စိတ်
နဲ့ ဖွင့်ဟချင်နေတုန်းပဲ ။ ဒါပေမဲ့ ခုချိန်မှာတော့
ကိုယ် တရားတော်ကို သိရှိသွားပြီမို့ သန္တာ့အပေါ်မှာ
မရိုးသားတဲ့စိတ်တွေ မရှိတော့ပါဘူး ။ အားလုံးကို
မေတ္တာထားဖို့ ဆုံးဖြတ်လိုက်ပါပြီ ။ ဟို… ဒီအတွက်
သန္တာ စိတ်မခုပါဘူးနော် ။”
“ အို…ဟို…မ…မခုပါဘူး ။ သန်..သန္တာလည်း မကြာခင်
သီလရှင်ဝတ်ဖို့ စဉ်းစားထားပါတယ် ။ ဘယ်…
ဘယ်သူ့ကိုမှ မရိုးမသား မတွေးတော့ပါဘူး ။ ခုထက်ထိလည်း
ဘယ်သူ့ကိုမှ မရိုးမသား မတွေးဖူးပါ
ဘူးလေ ။ အဲဒါ ကိလေသာတွေ ၊ တဏှာတွေ မဟုတ်လား ။”
“ ဟုတ်ပါတယ်…ကိုယ် သိပါတယ် ။ သန္တာက အင်မတန် ဖြူစင်တဲ့
အမျိုးသမီးပါ ။”
“ ဟို…ဖုန်း…ဖုန်းချလိုက်တော့မယ်နော် ။ ထမင်းအိုးကြီး
ပွက်နေလို့ ။ အဲ…ကိုကျော်နန္ဒ ဘုန်းကြီး ဝတ်
ခါနီးကျရင် ဆက်သွယ်လိုက်နော် ။ သန္တာလည်း ဆက်သွယ်ပါ့မယ်
။ ဒါ…ဒါပဲနော် ။”
သန္တာဖြူ
ဖုန်းခွက်ကို ကမန်းကတန်းချလိုက်ရင်း သက်ပြင်းရှည်ကြီးကို ဟူးခနဲမှုတ်ထုတ်လိုက်မိပြီ
။ ရှက်စိတ် နဲ့ နောင်တတွေက ငယ်ထိပ်ကို တက်ဆောင့်နေကြတုန်း ။
`သန္တာက ဘယ်သူ့ကိုမှ မရိုးမသား မတွေးဖူးပါဘူး
ဟုတ်လား မိသန္တာ ။ သြော်…နင့်အစား ငါ ရှက်လိုက်
တာနော် ။ အသက်ကြီးမှ အမြီးပေါက်ချင်တာ ခုတော့
မှတ်ပြီလား ။ ဟိုက နင့်ကို တရားပြသွားပြီလေ ။
ကဲ…နင့်ရဲ့အချစ်အကြွေပန်းကြီးကို နင် ပြန်ကောက်ချင်ဦး…ကဲ…´
လက်တစ်ဖက်က
ကိုင်ထားမိတဲ့ စာမူအုပ်နဲ့ သန္တာဖြူ ကိုယ့်ခေါင်းကိုယ် ထုပစ်လိုက်မိပါတော့တယ် ။