( ၂၀၁၆ ဒီဇင်ဘာလ(၃၁)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါး )
“ မင်းက ဖြစ်ခဲ့တာတွေနဲ့ ဖြစ်လာမှာတွေအပေါ်
အရမ်းအာရုံထည့်ထားတာကိုးကွ ။ စကားပုံတစ်ခု ရှိတယ် ။ မနေ့ကဆိုတာ
သမိုင်း ၊ မနက်ဖြန်ဆိုတာ ဆန်းကြယ်မှု ၊ ဒီနေ့ဆိုတာ
လက်ဆောင်တစ်ခု-တဲ့ ။ ဒါ့ကြောင့် Presentလို့ ခေါ်ကြတာပေါ့ ။”
ကြည့်မိသူတိုင်းကို ရွှင်လန်းပျော်မြူးသွားစေရုံသာမက
တက်ကြွမှုတွေ ၊ ကြိုးစားချင်စိတ်တွေကို ဖြစ်ပေါ်လာစေမယ့် ဇာတ်ကား ကောင်းတစ်ကား ။ ဟာသဆန်ပေမဲ့
ပြောင်မြောက်တဲ့စကားလုံးတွေကြောင့် နှစ်သက်ဖို့ ကောင်းရုံတင်မက ရည်ရွယ်ချက်လေးက လည်း
လှရဲ့ ။ လူကြီးလူငယ် စိတ်ဝင်စားမှာ အသေအချာပေါ့ ။
ဇာတ်လမ်းကို
ဇာတ်လိုက်ရဲ့ရူးသွပ်မှုနဲ့ စတင်ထားတယ် ။ ဇာတ်လိုက်က ဆယ်ကျော်သက်ကောင်လေး ။ နာမည်က
‘ပို’ ။ သူက သိုင်းပညာကို အလွန်ရူးသွပ်သူတစ်ယောက် ။ ဘယ်လောက်စွဲလမ်းသလဲဆိုရင် အိပ်မက်ထဲ
ထည့်မက်တဲ့အထိ ။ အိပ်မက်ထဲ မှာ သူက ကွန်ဖူးပညာရှင် ။ လူဆိုးလူမိုက်များစွာကို လက်တစ်ချက်ရမ်းရုံ
၊ တစ်ချက်စိုက်ကြည့်ရုံနဲ့ နှိမ်နင်းနိုင်သတဲ့လေ ။ သူနဲ့အတူ ဝိုင်းကူတိုက်ခိုက်ပေးနေတာက
သူ့တပည့်တွေဖြစ်တဲ့ နာမည်ကျော် သူရဲကောင်းငါးဖော် ။
အမှန်တော့
ဒါဟာ အိပ်မက်သက်သက်ပါ ။ အိပ်ရာက နိုးလာတော့ သူက တကယ့်သာမည ။ ဘာသိုင်းမှ မတတ်တဲ့အပြင်
လုပ်တဲ့အလုပ်ကလည်း ကွန်ဖူးနဲ့ လားလားမှ မဆိုင် ။ သူ့အဖေပိုင်တဲ့ခေါက်ဆွဲဆိုင်မှာ စားပွဲထိုးသာသာ
။ ဒါပေမဲ့ သူက ယုံကြည်စွာ စွဲလမ်းနေတုန်း ။ သူ့လို ဝဝဖိုင့်ဖိုင့်ပုံစံနဲ့ ဘာသိုင်းမှ
မတတ်တဲ့ကောင်လေးဟာ တစ်နေ့ကျ သိုင်းဆရာကြီး ဖြစ်လာလိမ့်မယ်လို့ပေါ့ ။ တကယ်တော့ ဒီရူးသွပ်မှုက
ကိုယ့်ကိုယ်ကို လိမ်ညာနေမှန်းလည်း သူ သိပါတယ် ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ သူ့လို
ဖက်တီးပုပ် က ၊ သူ့လို အခြေခံတောင် နားမလည်တဲ့ကောင်လေးက ။ နောက်ပြီး သူရဲကောင်းငါးဖော်ဆိုတာ
တကယ့်ကို နာမည်ကျော်တွေ ။ အဲဒီလိုသိုင်းပညာရှင်တွေက သူ့တပည့် ဖြစ်လာနိုင်ပါ့မလား ။
အိပ်မက်မက်တဲ့နေ့မှာပဲ
သိုင်းလောကမှာလည်း ထူးဆန်းတဲ့ကိစ္စတွေ ဖြစ်ပွားသွားခဲ့တယ် ။ ကြောက်စရာအကောင်းဆုံး သိုင်းဝိဇ္ဇာကြီးတိုင်လန်ရဲ့ရန်ကို
ကာကွယ်နိုင်ဖို့အတွက် နဂါးသူရဲကောင်း ရွေးတော့မယ်-တဲ့လေ ။ နှစ်ပေါင်းများစွာကြာမှ မြင်ရတဲ့
ဒီအခွင့်အရေးကို ‘ပို’ကလည်း ဘယ်လက်လွတ်ခံပါ့မလဲ ။ ကျောက်စိမ်းနန်းတော်ကို ရောက်အောင်
သွားခဲ့တယ် ။ သူ့အတွေးက တော့ သူရဲကောင်း(၅)ဖော်ထဲက တစ်စုံတစ်ယောက် အရွေးချယ်ခံရမှာကို
ကြည့်ခွင့်ရတော့မယ်ပေါ့ ။ ဒါပေမဲ့ အဲဒီလိုမဖြစ်ခဲ့ဘူး ။ လှေကားထစ်တွေကို အနိုင်နိုင်တက်နေရလို့
တံခါးပိတ်ချိန်ကျမှ သူ ရောက်သွားတယ် ။ အထဲကို ဝင်ခွင့်ရဖို့ ကြံမိကြံရာလုပ်ရင်း မီးရှူးမီးပန်းတွေနဲ့အတူ
လေထဲကို မြောက်တက်သွားခဲ့တဲ့ ‘ပို’ ။ ကောင်းကင်က ပြုတ်အကျမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ
သိုင်းလောက အကြီးအကဲရဲ့လက်ညှိုးရှေ့တည့်တည့်ကို သူ ရောက်သွားပါရော ။ မသိရင် သူ့ကို
ရွေးလိုက်သလိုပေါ့ ။
တကယ်လည်း
သူ့ကို ရွေးလိုက်တာပါ ။ အားလုံး အံ့သြသွားရပါပြီ ။ နာမည်ကျော် သိုင်းပညာရှင်-သူရဲကောင်း(၅)ဖော်ကို
ကျော်လွန်ပြီး ဖက်တီးလေးကို နဂါးသူရဲကောင်းအဖြစ် ရွေးလိုက်တဲ့ကိစ္စဟာ ကျောက်စိမ်းနန်းတော်တစ်ခုလုံးကို
ကယက်ထသွားစေ ခဲ့တယ်။ အထူးသဖြင့် ဒုတိယဆရာကြီးရှီးဖုက ဘဝင်မကျဆုံးဆိုပါတော့ ။ သူက တပည့်ကျော်(၅)ယောက်ထဲက
အရွေးခံရလိမ့်မယ် လို့ မျှော်လင့်နေခဲ့တာ ။ တကယ်တမ်းကျ ဘယ်ကမှန်းမသိတဲ့ သိုင်းပညာမဲ့ကောင်လေးကို
နဂါးသူရဲကောင်းအဖြစ် ရွေးလိုက်တာ ကြောင့် အကြီးအကျယ် စိတ်ညစ်သွားခဲ့ပါတယ် ။
ရှီးဖုက
‘ပို’ဆိုတဲ့အဲဒီကောင်လေး
ထွက်ပြေးအောင် နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့တယ် ။ ဘာလေ့ကျင့်မှုမှ မရှိခဲ့တဲ့-ဒီကောင်လေး
က ဘယ်လိုလုပ် ထိပ်တန်းသိုင်းအကျော်အမော် နဂါးသူရဲကောင်းတစ်ဦး ဖြစ်နိုင်မှာတဲ့လဲ ။
‘ပို’ကလည်း ခပ်ပေပေသမား ။ သူ့ဘဝ တလျှောက်လုံး ရူးသွပ်ခဲ့ရတဲ့အိပ်မက်ကို အပြင်မှာ ဖြစ်ခွင့်ကြုံနေတဲ့အတွက်
ရှီးဖု ဘယ်လောက်နှင်နှင် ကျိတ်မှိတ်သည်းခံရင်း ပျော် ရွှင်အောင် နေထိုင်ခဲ့တယ် ။ ဒီအချိန်မှာ
ထင်မှတ်မထားတာတွေ ဖြစ်ပွားခဲ့ပါပြီ ။ အကျဉ်းကျနေတဲ့ သိုင်းဝိဇ္ဇာတိုင်လန်က ထောင် ဖောက်ပြီး
ရှီးဖုတို့ဆီ အရောက်လာနေပြီလေ ။
တကယ်တော့ တိုင်လန်က
ရှီးဖုရဲ့မွေးစားသား ။ နဂါးသူရဲကောင်းဖြစ်ချင်ခဲ့သူ ။ ဒီရည်ရွယ်ချက်နဲ့ သိုင်းပညာတွေကို
သင်ယူခဲ့တယ် ။ ရှီးဖုကလည်း သားတပည့်ကို ချစ်တဲ့စိတ်နဲ့ အိတ်သွန်ဖာမှောက်သင်ပေးခဲ့တယ်
။ ဒါပေမဲ့ တိုင်လန်ရဲ့စဉ်းလဲစိတ်ကို အကြီးအကဲဆရာကြီးက ခန့်မှန်းမိလို့ နဂါးသူရဲကောင်းကျမ်းကို
မပေးတဲ့အခါမှာ ဗီဇပြတော့တာပဲ ။ ရွာသားတွေကို နှိပ်စက်ရုံသာ မက ကျမ်းကို အတင်းလုယူဖို့
ကြိုးစားခဲ့တာကြောင့် ထောင်ချခဲ့ရတာပါ ။ အခုတော့ ပိုင်ရှင် ပေါ်ပြီ ၊ နဂါးသူရဲကောင်းကျမ်းကို
ပေး လိုက်ရတော့မယ်-ဆိုတဲ့အသိက တိုင်လန့်ကို တွန်းအားပေးနိုင်ခဲ့လို့ ထောင်ဖောက်ပြီး
အပြေးလာနေပါပြီ ။
ဘာသိုင်းမှ မယ်မယ်ရရ
မတတ်သေးတဲ့ ‘ပို’ … သူ ဘယ်လိုလုပ်မလဲ ။ တစ်ချိန်တည်းမှာပဲ အိုမင်းနေတဲ့-အကြီးအကဲ ဆရာကြီးကလည်း
တစ်ဖက်ကမ္ဘာဆီ ထွက်ခွာသွားပြီ ။ အားလုံးက နဂါးသူရဲကောင်းကိုပဲ အားကိုးရတော့မယ့်အနေအထား
။ ဒီအချိန်မှာ ရှီးဖုက ‘ပို’ရဲ့အရည်အချင်းတွေကို သတိပြုမိသွားတယ် ။ ‘ပို’က သိုင်းပညာမသင်ဖူးပေမဲ့
လျင်မြန်ဖျတ်လတ်တယ် ။ စိတ်အားထက်သန်မှု ပြင်းပြတယ် ။ ယုံကြည်ချက်ရှိတယ် ။ နောက်ပြီး
… ခွန်အားလည်း ရှိတယ် ။ အကောင်းဆုံးအချက်ကတော့ တချို့သိုင်းပညာတွေက ဝဖိုင့်ဖိုင့်သူ့ကိုယ်ပေါ်မှာ
ထိရောက်မှုမရှိဘူးတဲ့လေ ။ ဒီအားသာချက်တွေကို တွေ့မြင်သွားတဲ့အတွက် ‘ပို’ ဟာ နဂါးသူရဲကောင်း
ဖြစ်နိုင်တယ်လို့ ရှီးဖု ယုံကြည်သွားခဲ့တယ် ။ တခြားသူတွေနဲ့မတူညီတဲ့နည်းလမ်းသစ်အချို့ကို
သုံးပြီး ကွန်ဖူး သင်ကြားပေးလိုက်တဲ့အခါ အချိန်တိုအတွင်းမှာပဲ ‘ပို’ဟာ ပညာတွေကို တတ်မြောက်သွားခဲ့ပါရော
။ ‘ပို’ရဲ့ထူးခြားတဲ့ပါရမီကတော့ အတုမြင်-အတတ်သင်-ဆိုသလို ပြသရုံနဲ့ တတ်လွယ်တာပါပဲ ။
နဂါးကျမ်းကို ပေးရမယ့်အချိန်
ရောက်ခဲ့ပြီ ။ ဒဏ္ဍာရီလာ စကားအရဆို နဂါးသူရဲကောင်းဟာ ကျမ်းကို ဖတ်လိုက်တာနဲ့ အနှိုင်းမဲ့စွမ်းအားတွေကို
ရရှိသွားမယ်-တဲ့ ။ အားလုံးက ဒီလို ယုံကြည်နေချိန်မှာ ကျမ်းက ဘာလျှို့ဝှက်သိုင်းမှမပါတဲ့
ဗလာစာလိပ် ကြီး ဖြစ်နေပါရောလား ။ ။ ရှီးဖုအပါအဝင် ‘ပို’ရော ၊ သူရဲကောင်း(၅)ဖော်ပါ ဘာလုပ်လို့
လုပ်ရမှန်း မသိ ။ အစွမ်းထက်တဲ့တိုင်လန်ကို သူတို့(၅)ယောက်တောင် မယှဉ်နိုင်တဲ့အခြေအနေ
။ အားလုံးက နဂါးသူရဲကောင်းကျမ်းကို အားကိုးတကြီးမျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်းကျ သဲထဲ
ရေသွန် ။ နောက်ဆုံးမှာ ဆရာကြီးရှီးဖုက မွေးစားခဲ့မိတဲ့ သားဆိုးရဲ့ဒဏ်ကို သူပဲ ခံမယ်
၊ ဒီအချိန်မှာ ဒေသခံပြည်သူတွေကို ဘေးလွတ်ရာဆီ ကူညီပို့ဆောင်ဖို့ တပည့်တွေကို အမိန့်ပေးခဲ့ပါတယ်
။
@@@
ဒါဖြင့် ‘ပို’က နဂါးသူရဲကောင်းအစစ်
မဟုတ်ဘူးလား၊ အကြီးအကဲဆရာကြီးက ‘သူ့’ကို မတော်တဆ ရွေးချယ်ခဲ့မိတာလား၊ ကံတရား ပါလာတယ်ဆိုတာ
ဖြစ်နိုင်ပါ့မလား၊ သိုင်းကျမ်းက ဘာ့ကြောင့် ဗလာဖြစ်နေရတာလဲ၊ တိုင်လန်ကို ခုခံရင်း ရှီးဖု
သေဆုံးရ တော့မှာလား…ဒီနေရာက ဇာတ်လမ်းရဲ့ အထွတ်အထိပ် ။ ပရိသတ်ရဲ့စိတ်မှာလည်း မခံချိမခံသာ
။ တစ်ချိန်လုံး ဇာတ်လိုက်အမှတ် နဲ့ ထိုင်ကြည့်နေရတဲ့ ပေါ့တော့တော့ကောင်လေးက နောက်ဆုံးမှာ
တကယ်ပဲ အလကား ဖြစ်သွားပြီလား ။
ဒီဇာတ်ကားက စိတ်ဝင်စားစရာကောင်းတယ်ဆိုတာထက်
နှစ်သက်ဖို့ကောင်းတယ်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ကာတွန်း ကားဖြစ်လို့ ချစ်စဖွယ်ကာတွန်းဇာတ်ကောင်လေးတွေရဲ့လှုပ်ရှားမှုက
ပရိသတ်ကို ဆွဲဆောင်နိုင်သလို ရှေးဟောင်းတရုတ်ပြည်ကို
နောက်ခံထားပြီး တိရစ္ဆာန်ဇာတ်ကောင်တွေကို လူတနှုန်းအသုံးပြုလို့ တင်ပြသွားပုံက ရုပ်ရှင်ကို
ကြွရွဆန်းသစ်စေတယ် ။ ဒီကားမှာ ကျွန်မ သိပ်နှစ်သက်တဲ့ ဒိုင်ယာလော့လေးတွေကတော့ …
*
ကံတရားဆိုတာ ဒီလိုပဲ ။ ဘယ်သူမှ တားဆီးလို့ မရဘူး ။
*
စိတ်ဆိုတာ ရေလိုပဲ သူငယ်ချင်း ။ နောက်ကျိနေရင် မြင်ဖို့ ခက်ခဲမယ် ။
*
ဟုတ်တယ် … (ခင်ဗျား သွားစေချင်မှန်း သိလျက်နဲ့) ကျွန်တော် နေခဲ့တယ် ။ ဘာလို့လဲဆိုတော့
ခင်ဗျား ကျွန်တော့်ခေါင်းကို
ခဲနဲ့ပစ်တိုင်း ဒါမှမဟုတ် (ကျွန်တော့်ခန္ဓာကိုယ်က)
နံတယ်ပြောတိုင်း နာကျင်ရတယ် ။ ဒါပေမဲ့ ကျွန်တော် လုပ်ချင်တာတွေ
လုပ်နေရလို့ ။ နောက်ပြီး ကျွန်တော် ဒီမှာဆက်ရှိနေတာ
ကျွန်တော့်ကို တစ်ယောက်ယောက်က ပြောင်းလဲပေးနိုင်မယ်ထင်လို့ ။
*
ဘာလျှို့ဝှက်ချက်မှ မလိုဘူး ။ ထူးခြားတဲ့အရာကို ဖန်တီးနိုင်ဖို့အတွက် ထူးခြားပါတယ်လို့
ယုံကြည်ဖို့ပဲ လိုတယ် ။
လောကမှာ ကြိုးစားနေတိုင်း
အဆင်မပြေနိုင်ပါဘူး ။ အရာမထင်တဲ့နေ့ရက်တွေ ရှိတတ်စမြဲပေါ့ ။ ဒီအခါမှာ အားမွေးဖို့ အတွက်
ဒီလို ပေါ့ပေါ့ပါးပါးနဲ့ စိတ်အားတက်စေတဲ့ရုပ်ရှင်လေးတွေ ကြည့်သင့်တယ်လို့ ထင်ပါတယ်
။ ကျွန်မတို့အများစုဟာ မနေ့က ဖြစ်ခဲ့တာအတွက် စိတ်ညစ်တတ်ကြသလို မနက်ဖြန် ဖြစ်လာမှာအတွက်
စိတ်ပူတတ်ကြတယ် ။ အဲဒါကြောင့်လည်း လက်ဆောင်ရ တဲ့-ဒီနေ့လေးကို တန်ဖိုးမထားသလို ပစ်ထားမိတတ်ကြတယ်
မဟုတ်ပါလား ။
@@@
ဇာတ်သိမ်းက
အားလုံး မျှော်လင့်ထားတဲ့အတိုင်းပါပဲ ။ ရှီးဖု အသတ်ခံရလုဆဲဆဲမှာ ‘ပို’ ရောက်လာတယ် ။
နှစ်ဦးသား အပြင်းအထန်တိုက်ခိုက်ကြရင်း နောက်ဆုံးမှာတော့ နဂါးသူရဲကောင်း‘ပို’က သိုင်းဝိဇ္ဇာတိုင်လန်ကို
အောင်နိုင်သွားခဲ့တယ် ။ လောက မှာ လျှို့ဝှက်မြှုပ်ကွယ်ထားတဲ့ တန်ခိုးဣတ္ထိပတ်တွေ ရှိဖို့ထက်
တကယ်လိုအပ်တာက ကိုယ့်ကိုယ်ကို ထူးခြားပါတယ်လို့ ယုံကြည်နေ ဖို့ ။ ဒီအချက်ကို ရုပ်ရှင်မှာ
အဓိကပြသချင်တာလို့ ယူဆမိပါတယ် ။ ‘ပို’ဟာ သူ့မှာရှိတဲ့အရည်အချင်းတွေအပေါ် ယုံကြည်စိတ်
နစ်ပြီး အတတ်နိုင်ဆုံး ဥာဏ်ကို လွှာသုံးလို့ တိုက်ခိုက်လိုက်တဲ့အခါ ကံတရားကလည်း ပါထားပြီးဖြစ်လို့
တိုင်လန်ကို အောင်နိုင်သွားခဲ့ပုံနဲ့ ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ထားပါတယ် ။
အခုလို
အစအဆုံးပြောပြလိုက်တော့ ဘာရုပ်ရှင်ဆိုတာ စာချစ်ဆွေတွေ သိလောက်ရောပေါ့ ။ ဟုတ်ပါတယ်…တိရစ္ဆာန်
တွေကို လူဟန်ပန် သရုပ်ဖော်ထားတဲ့ ခပ်ဆန်းဆန်းဇာတ်ကားလေး Kungfu Panda ။ (၂၀၀၈)မှာ DreamWorks Animation
ကနေ ထွက်ရှိခဲ့ပြီး အောင်မြင်မှုကြီးမားခဲ့တဲ့ computer-animated film ။
ဒီရုပ်ရှင်မှာ အသံသရုပ်ဆောင်ထားကြသူတွေက
ကျွန်မတို့သိတဲ့ နာမည်ကျော်အနုပညာရှင်တွေ ။ Panda‘Po’အဖြစ် Jack Black ၊ သူရဲကောင်း(၅)ဖော်ဖြစ်တဲ့
Tigress, Monkey, Mantis, Viperနဲ့ Craneတို့အဖြစ် Angelina
Jolie ၊ Jackie
Chan
၊ Seth
Rogen ၊ Luck Liu နဲ့ David Crossတို့ပဲ ဖြစ်ပါတယ် ။
ရုပ်ရှင်တစ်ကားလုံး
ဟာသမြောက်တဲ့ပြကွက်တွေကို အသားပေးတင်ဆက်ထားလို့ ကြည့်မိသူတိုင်း ပျော်ရွှင်ရယ်မောရင်း
စိတ်အားလည်း တက်ကြွ ။ အိပ်မက်တွေကို အကောင်အထည်ဖော်ခိုက် အဆင်မပြေတဲ့အချိန်တွေအတွက်
ခွန်အားဖြစ်စေမှာ အသေအချာပါ ။ အထူးသဖြင့်…(၁)-ကံတရားကို
မမြင်နိုင်တဲ့အတွက် ဘဝမှာ ရှုံးနိမ့်မှုတွေ ကြုံပါစေ…စိတ်ပျက်စရာမလိုဘူး ။ ကံသာ တဲ့အခါ
အောင်မြင်လာလိမ့်မယ် ၊ (၂)-လက်ရှိမှာ ကိုယ်ဟာ ဘာမှမဟုတ်လည်း အားမငယ်နဲ့ ၊ အိပ်မက်တွေဖြစ်လာအောင်
အမြဲတမ်း ကြိုးစားနေဖို့ပဲ လိုတယ် ။ (၃)-နိမ့်ကျချိန်မှာ ဝမ်းနည်းစရာ ကောင်းတာမှန်ပေမဲ့
ပျော်စရာတွေတွေးပြီး အားဖြည့်ပါ ။ အောင်မြင်မှာကို ယုံကြည်ပြီး သည်းခံပါ-ဒီလို
ရိုးရိုးရှင်းရှင်းအမြင်တွေကို အဇ္ဈတ္တထဲထိ စိမ့်ဝင်အောင် စွမ်းဆောင်နိုင်လို့ စိတ်အားငယ်တဲ့အခါတိုင်း
မဖြစ်မနေပြန်ကြည့်သင့်တဲ့ ရယ်လည်းရယ်ရ၊ အားတက်စရာလည်း ကောင်းတဲ့ ရုပ်ရှင်ကားဖြစ်လို့
အခုလို လက်တို့လိုက်ရပါတယ် ။
@ ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ
…
စေတနာရှေ့ထားလျက်…