ဥစ္စာစောင့်ပုံပြင်
( ၂၀၁၃ နိုဝင်ဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------------
သူများတွေကို ပြောရင် စကားရှာပြီး ကြွားတယ်
။ မဖြစ်နိုင်တာတွေ ပြောတယ် ထင်ကြမှာစိုးလွန်းလို့ ပြောမပြဖူးပါဘူး သမီးရယ် ။ လူတွေကလည်း
အခက်သား မဟုတ်လား ။ ကိုယ် မကြုံဖူးတာဆို မယုံချင်ဘူး ။ ကိုယ် မမြင်ဖူးတာဆို လောက မှာ
မရှိဘူး ။ ကိုယ် မကြားဖူးတာဆို မဖြစ်နိုင်ဘူးရယ်လို့ ထင်မြင်ယူဆတတ်ကြတာကိုး ။ ဒါကလည်း
သဘာဝပါပဲလေ ။ လူ အမျိုးမျိုး စိတ်အထွေထွေပေါ့ကွယ် ။ ဥစ္စာစောင့် တကယ်ရှိတယ် မရှိဘူးကိုတော့
သမီးလည်း ငြင်းမယ် မထင်ပါဘူး ။ ဖေဖေ ကတော့ ဖေဖေ ကြုံခဲ့ဖူးတဲ့အဖြစ်အပျက်တွေကြောင့်
ရှိတယ်လို့ သတ်မှတ်ချင်တယ် ။ ဥစ္စာစောင့်ဆိုတာ အမှန်တော့လည်း ပရလောကသားတစ်မျိုးပါပဲ
။ ဒါပေမဲ့ သူတို့မှာ လှလှပပဖန်ဆင်းနိုင်တဲ့အစွမ်းသတ္တိရှိတယ်ထင်ရဲ့ ။ ဖေဖေ တွေ့ဖူးသမျှတော့
ရုပ်အဆင်းကြောက်မက်ဖွယ်ရာ တစ်ခါမှ မမြင်ဖူးဘူး ။ တွေ့ခဲ့စဉ်တိုင်း ချောချောလှလှတွေချည်းပဲ
။ ကဲ…ဖေဖေ ကြုံဖူးခဲ့တဲ့ အဖြစ်အပျက်တွေထဲက လယ်တဲမှာကြုံခဲ့တဲ့အကြောင်းကို ငါ့သမီးကို
ပြောပြမယ် ။ သမီးအတွက်တော့ ဇာတ်လမ်းက အဆန်းအပြားကြီး ဟုတ်မယ်မထင်ပေမဲ့ တကယ်ကြုံခဲ့ရတဲ့ဖေဖေ့အတွက်တော့
အံ့သြဘနန်း အံ့မခန်းပါပဲကွယ် ။ ကဲ…သေ သေချာချာ နားထောင်နော် ။
ËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËËË
ကိုခင်မောင် လယ်ကွင်းထဲ ရောက်တော့ ညနေစောင်းလုပြီ
။ လယ်သမားတွေလည်း နွားတွေထွန်တွေ သိမ်း၍ ပြီးလို့ ညနေစာစား အဖန်ရည်ပင် သောက်နေလောက်ပြီ
။ ကိုခင်မောင်လည်း အဖေ့လယ်ကွင်းဆီသို့ နီးရာလယ်ကွက်တွေကြားမှ ဖြတ်ကာဖြတ်ကာ ခပ်သုတ်သုတ်လျှောက်လာခဲ့သည်
။ အဖေတော့ နောက်ကျ၍ ဆူပူနေလေပြီလား ။ စိတ်တိုနေလေပြီလား မသိ ။
ကိုခင်မောင်၏ဖခင်က ကိုခင်မောင့်ကို မိမိ့အလုပ်တွေ
ဝိုင်းကူလုပ်ကိုင်စေရန်အတွက် ရွာမှ လယ်ကွင်းဆီသို့ ဆင်းလာ ခိုင်းလိုက်ခြင်းဖြစ်သည်
။ ကိုခင်မောင်လည်း ဖခင်ကို ကြောက်၍သာ ဆင်းလာခဲ့ရသည် ။ လယ်သမားသားသမီးဖြစ်သော် လည်း
လယ်လုပ်ချင်သူ မဟုတ် ။ ကိုခင်မောင် ဖြစ်ချင်သည်က အစိုးရအရာရှိကြီး ဖြစ်သည် ။ မိမိတို့ရွာသို့
တစ်လတစ်ခါ စပါးထွက်နှုန်းတိုး/မတိုး လာရောက်စစ်ဆေးလေ့လာတတ်သော စိုက်ပျိုးရေးလူကြီးများကဲ့သို့
အရာရှိကြီးဖြစ်လိုသောကြောင့် ထိုခေတ်ထိုအခါက ရှားပါးလှစွာသော ဆယ်တန်းအောင်ကျောင်းသားထဲတွင်
ကိုခင်မောင် ပါနိုင်စေရန် စာကို ကြိုးစားခဲ့၏ ။ ယခုများတော့ ကိုခင်မောင် ဆန္ဒ ပြည့်ဝရန်
နီးစပ်နေပြီ ။ ကိုခင်မောင် ဆယ်တန်း အောင်ခဲ့ပြီ ။ မြို့တွင် ကျောင်းသွားတက်ရန် ဖခင်ကို
တောင်းဆိုရတော့မည် ။ အဘွားက ခွင့်ပြုသောကြောင့် အဖေ ခွင့်မပြုလျှင် အဘွားကို တိုက်တွန်းခိုင်းရမည်ဟု
စိတ် ထဲ၌ တွေးတောကြံဆနေရင်း လမ်းတိုကန်သင်းအတိုင်း ခပ်သွက်သွက် လျှောက်လာလိုက်သည် ။
အဖေ့လယ်ကွက်နားသို့
မရောက်ခင်တွင် ကောက်ရိုးပုံကုန်းကို ကျော်လွန်ဖြတ်သွားရမည်ဖြစ်၏ ။ ယခုချိန်ခါ၌ ကောက်
ရိုးပုံကုန်းနားတွင် လူသူလေးပါး ရှိလိမ့်မည် မထင် ။ ကောက်ရိုးပုံကုန်းရာဇ၀င်ကလည်း လူအများ၏စိတ်အာရုံကို
ဆွဲကိုင်လှုပ် ခါနိုင်လောက်သည်အထိ အထင်ကရ ရှိခဲ့၏ ။ ကောက်ရိုးပုံကုန်းဟူသည်မှာ အမှန်တော့
ကောက်ရိုးတွေ ပုံထားသောကုန်း တစ်ခုဖြစ်သည်ကြောင့် ကောက်ရိုးပုံကုန်းဟု ခပ်လွယ်လွယ်မှည့်ခေါ်ခဲ့ကြခြင်းဖြစ်သည်
။ ယခင်က ထိုနေရာသည် မြေကွက် လပ်တစ်ခုဖြစ်သော်လည်း လယ်ထွန်၍ မရ ထွန်ယက်စိုက်ပျိုး၍ မရ…။
တစ်စုံတစ်ခုနှင့် ငြိ,ငြိနေခြင်းကြောင့် ကျော်သွားကွက် သွားရာမှနေ မြေကွက်လပ်တစ်ခုအဖြစ်
ဖြစ်တည်နေရာ ထိုမြေကွက်လပ်တွင် ကောက်ရိုးများ လာပုံထားကြရင်း ကောက် ရိုးပုံကုန်းဖြစ်ခဲ့ရဟန်တူသည်
။
ထိုကောက်ရိုးပုံကုန်းအနီးတွင် ထိန်ပင်ကြီးတစ်ပင်
ရှိ၏ ။ ထိုကောက်ရိုးပုံကုန်းနှင့်ထိန်ပင်ကြီးသည် ဆက်စပ်မှု ရှိသည် ဟု ဆိုရပေလိမ့်မည်
။ အဘယ့်ကြောင့်ဆိုသော် ရွာသူရွာသားအချို့က ထိုကောက်ရိုးပုံကုန်းနှင့်ထိန်ပင်ကြီးကို
ယှဉ်တွဲလျက် ကြောက်ရွံ့နေကြသောကြောင့်ဖြစ်သည် ။ ဘာကြောင့် ကြောက်ရွံ့နေရတာလဲဟုမေးလာခဲ့လျှင်
ညအခါ၌ ထိုထိန်ပင်ကြီးပေါ် မှ အကောင်မည်းမည်းကြီးတစ်ကောင် ဆင်းလာကာ ကောက်ရိုးပုံပေါ်တွင်
ထိုင်နေတတ်သည်ကို ရွာသားအချို့ တွေ့မြင်ဖူး သောကြောင့် ကြောက်ရွံ့နေကြခြင်း ဖြစ်လေသည်
။ သို့ကြောင့်လည်း လူအများက ကောက်ရိုးပုံကုန်းနားသို့ ညနေနေ၀င်ရီ တရောအချိန်မှစ၍ နံနက်အာရုံတက်ချိန်အထိ
သွားရောက်ခြင်း မပြုတတ်ကြ ။ ယခုများတော့ ကိုခင်မောင်က ခပ်တည်တည် ပင် ကောက်ရိုးပုံကုန်းနားက
ဖြတ်လျှောက်ခဲ့လေပြီ ။
ကိုခင်မောင်မှာ ခေတ်ပညာတတ်လူငယ်တစ်ဦးဖြစ်တာကြောင့်
သရဲတစ္ဆေကို မယုံကြည် ။ လူအများ ပြောပြောနေသော ကောက်ရိုးပုံကုန်းနှင့်ထိန်ပင်ကြီးအကြောင်းကိုလည်း
အလေးအနက်သဘောမထားခဲ့ ။ ယုန်ထင်ကြောင်ထင်ဖြစ်ခြင်းဟူ၍ သာ သတ်မှတ်ထားခဲ့သည် ။ ယခုလည်း
ထိန်ပင်ကြီးနားရောက်တော့ ဘာမည်းမည်းကောင်မှ မတွေ့ရ ။ ကိုခင်မောင် ပိုမို သေချာစေရန်
ထိန်ပင်ပေါ်သို့ မော့ကြည့်သည် ။ ထိန်ပင်၏တစ်ဖက် မြေကွက်လပ်ဆီသို့လည်း လှမ်းကြည့်သည်
။ ဘာကိုမျှ မတွေ့ရ ။ ကိုခင်မောင် မဲ့ပြုံးလေးတစ်ချက် ပြုံးလိုက်မိရင်း အဘိုးရဲ့စကားကိုလည်း
မယုံမရဲနားထဲ ကြားယောင်မိသည် ။
“ ဟိတ်ကောင်ခင်မောင်…မင်း ကောက်ရိုးပုံကုန်းနား
လျှောက်လျှောက် မသွားနဲ့ကွ ။ အဲ့ဒီ့နားမှာ ဥစ္စာစောင့်သိုက် ရှိတယ် ။
တော်နေကြာ မင်းကို လိပ်ပြာနှုတ်သွားလိမ့်မယ်
ကြားလား ။ မင်းက ကြောက်တတ်တဲ့ကောင်လည်း မဟုတ်ဘူး ။ လှန့်
လို့ချောက်လို့ကလည်း မရတော့ အခက်သား ။ မသွားနဲ့ကွာ
။ ငါ့စကား နားထောင်စမ်း ။”
အဘိုးက
ထိုသို့ပြောတော့လည်း ကိုခင်မောင် ယုံရတော့မလိုလို ။ ကိုခင်မောင့်အဘိုးက သမ္မထလိုင်းအားထုတ်နေသူတစ်ဦး
ဖြစ်၍ ဘယ်နေရာတွင် ဘာသတ္တ၀ါတွေ ရှိနေသည်ဟု ထုတ်ဖော်ပြောဆိုနိုင်လောက်သည်အထိ ပေါက်မြောက်နေသူဖြစ်၏
။ သို့သော်လည်း ကိုခင်မောင်က သူတစ်ပါးအပြောမျှနှင့် ယုံကြည်လှသူ မဟုတ် ။ စိတ်ထဲတွင်
ဥစ္စာစောင့်သိုက် အမှန်ရှိလျှင် ငါ့ကို ပြမှာပေါ့ဟုတွေးကာ စိန်ခေါ်ချင်ချင် ဖြစ်နေမိသည်
။ ကြာကြာ ရပ်ကြည့်နေဖို့ရာ အချိန်က မရ ။ အဖေ ဆူမည်စိုး၍ လယ်ကွက်များကြားမှ လယ်တဲဆီသို့
ခပ်သွက်သွက်ဆက်လျှောက်ခဲ့တော့သည် ။
ËËËËËËËËËËËËËËËËËËËËËËËË
ည၏ရင်ခွင်တွင် ဖိုးလမင်းသည် မေးတင်မှေးစက်လျက်
ပြည့်ပြည့်ဝိုင်းဝိုင်းကြီး ထိန်ထိန်သာနေသည် ။ တဲထဲတွင် ပူအိုက်လှသောကြောင့် နွားတင်းကုပ်ဘေး
နွားစာခွက်ထဲတွင် လာရောက်လဲအိပ်ရင်း ကိုခင်မောင် မိုးကောင်းကင်ကြီးကို ငေး ကြည့်နေမိသည်
။ မိုးကောင်းကင်ကြီးသည် ပြာမွဲမွဲအဆင်းရောင်ဖြင့် ၀င်းဝါ၀ါလမင်းလေးကို ထွေးပွေ့ထားသည်
။ ကိုခင် မောင် ကောင်းကင်ကို ငေးကြည့်ရင်း ဟိုအကြောင်းဒီအကြောင်းစဉ်းစားနေမိသည် ။
“ ဥစ္စာစောင့်ဆိုတာ တကယ် ရှိလား ။ အဘိုး ပြောတာ
တကယ် ဟုတ်/မဟုတ် ငါ ဘယ်လိုလုပ် သိနိုင်မလဲ ။ ဥစ္စာစောင့်ဆို
တာ ဘယ်လိုမျိုးပါလိမ့် ။ ငါလည်း တစ်ခါမှ မမြင်ဖူးပါလား
။ အဘိုး ပြောသလို ငါလည်း ကျင့်ကြံနေရဲ့သားနဲ့ ဘာဖြစ်လို့
ငါကျတော့ မမြင်ရတာလဲ ။”
စသည်ဖြင့်
တွေးတောနေရင်း သိချင်ဇောဖြင့် စိတ်ထဲတွင် ခပ်တိုးတိုးရေရွတ်လိုက်မိသည် ။
“ အကယ်၍ ကောက်ရိုးပုံကုန်းနားတွင် ဥစ္စာစောင့်သိုက်
အမှန်ရှိလျှင် ကျွန်ုပ်ကို ဤနေ့ည ပြသပါ ။”
…ဟူ၍
။ ထိုသို့ ရေရွတ်တိုင်တည်ပြီးနောက် ကိုခင်မောင်၏မျက်လုံးတွေ အိပ်မွေ့ချခံရသူကဲ့သို့
တဖြည်းဖြည်း မှေးစင်းလာ လေသည် ။ အဲ့သည့်နောက်တော့ မှေးခနဲအိပ်ပျော်သွားတော့၏ ။
“ လူလေး…လူလေး…ထ
ထ ။”
နဘေးမှ
ခပ်တိုးတိုးခေါ်ငင်လျက် ကိုခင်မောင်၏လက်မောင်းကို ပုတ်ခတ်နှိုးလိုက်၍ ကိုခင်မောင် နိုးလာတော့
ကိုခင်မောင်၏ နဘေးတွင် မုတ်ဆိတ်ကျင်စွယ်ဖြူတွေနှင့် ၀တ်ဖြူစင်ကြယ်အဘိုးအိုတစ်ယောက်
။ ကိုခင်မောင် ထိုအဘိုးအိုကို တအံ့တသြ ကြည့်လိုက်မိသည် ။
“ လူလေး
လာလေ ။ အဘိုးနောက်ကို လိုက်ခဲ့ ။”
အဘိုးအိုက
ထိုသို့ပြောပြီး ရှေ့မှ ညင်သာစွာ ထွက်ခွာသွားသဖြင့် ကိုခင်မောင်လည်း ခပ်သွက်သွက် လိုက်ပါသွားမိသည်
။ ဘယ်က အဘိုးအိုလဲ ။ ဘာကိစ္စ ကိုခင်မောင့်ကို ခေါ်ငင်သွားရတာလဲဆိုတာကို ကိုခင်မောင် မသိ
။ မေးကြည့်ဖို့လည်း သတိ မရ ။ အချိန်တန်တော့ သိရမှာပေါ့ဟုသာတွေးရင်း အဘိုးအို မျက်ခြေပြတ်သွားမည်ကိုစိုး၍
ခပ်သွက်သွက်လိုက်လာခဲ့လိုက် သည် ။
လျှောက်ရင်းလျှောက်ရင်းနှင့် ကောက်ရိုးပုံကုန်းအနီး
ထိန်ပင်ကြီးနားသို့ ရောက်လာခဲ့သည် ။ အနီးဝန်းကျင်သို့ ဝေ့၀ဲ ကြည့်မိတော့ လမင်း၏အလင်းရောင်မှတပါး
အခြားအလင်းရောင် မရှိသဖြင့် မှောင်မိုက်တိတ်ဆိတ်နေသလို ခံစားရ၏ ။ လူ သူလေးပါးကိုလည်း
မတွေ့မြင်ရသဖြင့် ကိုခင်မောင် အားငယ်ချင်သလိုလို ။ အို…ဒီအခြေအနေကျမှ အားငယ်နေရင် ငါ
ညံ့ မှာပေါ့ဟု ကိုယ့်ကိုယ်ကို အားပေးလျက် အဘိုးအိုနောက်ကို ဇွဲမလျော့တမ်း လိုက်လာခဲ့သည်
။ အဘိုးအိုက ထိန် ပင်ကြီးအောက်ရောက်တော့ ခဏရပ်ကာ ကို ခင်မောင့်ဘက် လှည့်ကြည့်ပြီး…
“ ငါ့မြေးက မြင်ဖူးချင်တယ် သိချင်တယ်လို့ တောင်းဆိုလို့
အဘိုးတို့က ပြရတာပါ ။ လူတကာကိုတော့ ဘယ်ပြပါ့မလဲ ။ ငါ့
မြေးက သီလသမာဓိလည်း ရှိတဲ့သူ ၊ အကျင့်စရဏအားလည်း
အတန်အသင့်ပေါက်ရောက်တဲ့သူမို့လို့သာ ငါ့မြေးကို ပြဖို့
အဘိုးတို့ ဆုံးဖြတ်ခဲ့တာပါ ။ ကဲ…အဘိုးတို့သိုက်က
ဒီမှာပဲ ။ ၀င်ကြရအောင် ။ အထဲကပစ္စည်းတွေက အရိမေတ္တယျမြတ်
စွာဘုရားကို ရည်စူးလှူဒါန်းထားတဲ့ပစ္စည်းတွေဖြစ်တဲ့အကြောင်း
အဘိုး အခုကတည်းက ငါ့မြေးကို သတိပေးလိုက်ပါရစေ
ကွယ် ။”
အဘိုးအိုက
ထိုသို့ဆို၍ ကိုခင်မောင်ခမျာ ယုံရမလို မယုံရမလိုဖြစ်သွားမိသည် ။ မိမိ အိပ်မက်မက်နေခြင်းများလား
။ နို့ပေမဲ့ ယခုပုံစံက အိပ်မက်မက်သည်နှင့် မတူ ။ ရုပ်ကို ထားရစ်လျက် နာမ်ချည်း ခရီးထွက်လာရသောပုံစံမျိုးဖြစ်သဖြင့်
အဖြစ်မှန်ဟု ယူဆ၍ ရသည် ။ ထိုကိစ္စမျိုးကိုတော့ လူတိုင်း သဘောပေါက်နားလည်လိမ့်မည် မဟုတ်
။ မည်သို့ပင်ဖြစ်စေ ယခု အထဲဝင်ရ အောင်ဟု အဘိုးအိုက ဆိုနေသော်လည်း ရှေ့တည့်တည့်ဆီသို့
ကြည့်လိုက်တော့ အထဲသို့ဝင်စရာ တံခါး မပြောနှင့် ။ တံခါး နှင့်တူတဲ့အရာပင် မရှိ ။ လယ်ကွင်းကြီးကိုသာ
တွေ့မြင်နေရ၍…
“ အဘိုး…ဘယ်အထဲကို
ဝင်ရမှာလဲ ။ တံခါး ဘယ်မှာရှိလို့လဲ ။”
ဟုမေးမည့်ဆဲဆဲတွင်
ရုတ်တရက်ဆိုသလို မြူခိုးမြူငွေ့တွေ ပေါ်လာကာ မြူခိုးမြူငွေ့တွေ လွင့်ပြယ်သွားသည့်အခါ
အုတ် တိုက်အပေါက်ဝတစ်ခုကို တွေ့မြင်လိုက်ရ၍ ကိုခင်မောင် အလွန်အမင်းအံ့အားသင့်သွားရသည်
။
“ ကဲ…လာ ငါ့မြေး ။”
ရုတ်ချည်းပေါ်လာတဲ့ဝင်ပေါက်ကို
ငေးကြောင်ကြည့်နေမိသော ကိုခင်မောင်၏လက်ကို ဆွဲကာ အဘိုးအိုက တံခါးအတွင်းသို့ ၀င်ရောက်သွားသည်
။ အတွင်းတွင် အုတ်တိုက်ခန်းတစ်ခန်းကို တွေ့ရ၏ ။ အခန်းသည် အင်မတန် ခမ်းနားလှပသော ဧည့်ခန်းကြီးတစ်ခန်းပုံသဏ္ဍာန်နှင့်တူ၍
ကိုခင်မောင် အံ့သြဘနန်းဖြစ်ရပြန်သည် ။ အခန်းထဲတွင် ကျောက်စိမ်းပန်းအိုးများကို ထောင့်နေရာများ၌
ထားရှိပြီး အိုးထဲတွင် ရတနာပန်းခက်ပန်းနွယ်များကို ထိုးစိုက်ထားသည်မှာ အလွန် မျက်စိပဿဒဖြစ်စရာ
ကောင်းလှ၏ ။ အခန်းထဲတွင် သစ်သားပွတ်လုံးထိုင်ခုံများကို သင့်တော်ရာနေရာများတွင် သပ်သပ်ရပ်ရပ်
စီစီရီရီ နေရာချ ထားသည် ။ အခန်းထဲတွင် ဘာရနံ့ဟု ကိုခင်မောင် မခွဲခြားနိုင်သော အမွှေးနံ့သာတစ်မျိုး
ပျံလွင့်သင်းထုံနေသည် ။ ကိုခင် မောင် ငေးမောကြည့်ရှုနေစဉ်တွင် အဘိုးအိုက နောက်တစ်ခန်းသို့
ဆက်လက်လျှောက်လှမ်းသွား၍ ကိုခင်မောင်လည်း ယခု အခန်းတွင် ကြာမြင့်စွာ မနေတော့ဘဲ နောက်တစ်ခန်းသို့
လိုက်ပါသွားလိုက်သည် ။
နောက်အခန်းတစ်ခန်းတွင်းသို့ ၀င်ရောက်သွားတော့ စောစောကအခန်းလောက်
လှပတင့်တယ်မနေသော်လည်း ထိုအခန်းကျပြန်တော့ ကျက်သရေအလွန်ရှိသည်ဟု ခံစားရသည် ။ အဘယ့်ကြောင့်ဆိုသော်
အခန်းထောင့်တိုင်းတွင် ရှေး ဟောင်းကျောက်ထိုင်ခုံကြီးတစ်လုံးစီကို ချထားပြီး အခန်းအလယ်တွင်
အလွန်သပ္ပယ်ကြည်ညိုဖွယ်ကောင်းသော ရွှေဆင်းတု တော်တစ်ဆူကို ရွှေပုလ္လင်ထက်၌ ကိန်းဝပ်စံပယ်အပူဇော်ခံထားသောကြောင့်ဖြစ်၏
။ ကိုခင်မောင် ဆင်းတုတော်ရှေ့တွင် ဒူး တုပ်လျက် ထိုင်ချလိုက်ပြီး မြတ်စွာဘုရားကို ထိခြင်းငါးပါးဖြင့်
ကန်တော့ရှိခိုးလိုက်သည် ။ အဘိုးအိုက ကိုခင်မောင်ကို အပြုံး ဖြင့် စောင့်နေပြီး ကိုခင်မောင်
ဘုရားရှိခိုးပြီးကာမှ နောက်တစ်ခန်းကို လိုက်ပြပြန်သည် ။
နောက်တစ်ခန်းမှာ ခပ်မှောင်မှောင်အခန်းတစ်ခန်းဖြစ်သော်လည်း
အခန်းတွင်းသို့ ၀င်လိုက်သည်နှင့် အလွန်မွှေးကြိုင် သောအမွှေးနံ့သာနံ့တွေက နှာခေါင်းတွင်းသို့
တိုးဝှေ့ဝင်ရောက်လာသည်။ ကိုခင်မောင် အခန်းတွင်းသို့ ဝေ့၀ဲကြည့်လိုက်တော့ အခန်းထဲတွင်
သေတ္တာတွေကို ထပ်ကာထပ်ကာ စီရီထား၏ ။ သေတ္တာထဲတွင် ဘာတွေ ရှိသည်ကို ကိုခင်မောင် မမြင်တွေ့ရ
ပေမဲ့ အမွှေးနံ့ကို ရရှိနေခြင်းကြောင့် ထိုသေတ္တာထဲတွင် စန္နကူး ၊ ရှင်မတောင် ၊ ကရမတ်…စသကဲ့သို့သောအမွှေးနံ့သာတုံး
များ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိကာ အဘိုးအိုကို ကြည့်လိုက်မိတော့ အဘိုးအိုက ကိုခင်မောင်၏မနောစိတ်ကို
ကြားသိနေ သည့်အလား ခေါင်းညိတ်ပြသည် ။ ထို့နောက် နောက်တစ်ခန်းသို့ ကူးခဲ့ကြပြန်သည် ။
အခန်းတွင်းသို့ အဘိုးအိုက ရှေ့မှဝင်သွားသဖြင့်
ကိုခင်မောင်က နောက်မှဝင်အလာတွင် မည်းမည်းအကောင်ကြီးတစ် ကောင်ကို ၀ုန်းခနဲတွေ့လိုက်ရ၍
တော်ရုံလူဆိုလျှင် သွေးပျက်ချောက်ချားစွာ အော်ဟစ်မိလိုက်မည်မှာ မလွဲ ။ ကိုခင်မောင်ပင်
ထိတ်ခနဲဖြစ်သွားမိသော်လည်း ထိုသတ္တ၀ါကြီးကို မကြောက်မရွံ့စိုက်ကြည့်နေလိုက်မိတော့ အဘိုးအိုက…
“ ဟဲ့…ယက္ခ ဧည့်သည်ကို ဒီလို မဆက်ဆံရဘူးလေ ။ ဖယ်ပေးလိုက်…”
ဟု
ဝင်ရောက်ပြောဆိုလိုက်ရာ ထိုယက္ခဆိုသောသတ္တ၀ါမည်းမည်းကြီးမှာ အနောက်သို့ ခပ်ယို့ယို့ဆုတ်သွားသည်
။ အခန်းထဲ သို့ ၀င်လာလိုက်သည်နှင့်တပြိုင်နက် မျက်စိကျိန်းစပ်လုနီးနီး ရွှေငွေရတနာကျောက်သံပတ္တမြားများကို
တွေ့လိုက်ရ၏ ။ ရွှေ ထည်ငွေထည်များမှနေ ရွှေခွက်ငွေခွက်များအထိ အမျိုးမျိုးအစားစားကို
တွေ့မြင်ရပေမဲ့ ဘုရားကို ရည်စူးလှူဒါန်းထားသော ပစ္စည်းများဖြစ်သည်ကြောင့် ကိုခင်မောင်
စိတ်နှင့်ပင် မပြစ်မှား ။ ထိုပစ္စည်းများကို တွေ့ရသည့်အခါမှ စောစောကယက္ခဆိုသူ မှာ ဤကျောက်သံပတ္တမြားများ
ထားရှိရာအခန်းကို စောင့်ကြပ်ကာကွယ်နေရသူ ဖြစ်လိမ့်မည်ဟု စိတ်ထဲက တွေးထင်လိုက်မိ သည်
။
“ ဟုတ်တယ် ငါ့မြေးရဲ့ ။ ယက္ခက ဒီကအစောင့်အရှောက်ပေါ့
။ အဘိုးကတော့ ဒီသိုက်ရဲ့သိုက်ချုပ်ဘိုးဘိုးကြီးကွယ့် ။ ဟို
မှာ လာနေတဲ့သမီးတွေကတော့ ဒီသိုက်က ဥစ္စာစောင့်မိန်းကလေးတွေပေါ့
။ ဥစ္စာစောင့်ယောက်ျားလေး နှစ်ယောက် ရှိ
သေးတယ် ။ သူတို့က သိုက်ပြောင်းဖို့ ပြင်ဆင်နေရလို့
အခု မရှိကြဘူး ။”
အဘိုးအိုက
ထိုသို့ပြော၍ အဘိုးအိုညွှန်ပြရာ ခပ်လှမ်းလှမ်းဆီသို့ လှည့်ကြည့်မိတော့ ၀င်းဝါဖြူညက်သောအသားအရည်နှင့်
မျက်နှာဝိုင်းဝိုင်း မျက်ခုံးကောင်းကောင်း ဆံပင်ရှည်ရှည်နှင့် ရှေးမြန်မာ့ထမသိမ်းဝတ်စုံကို
ဝတ်ဆင်ထားသော မိန်းမချောလေး သုံးဦးကို တွေ့မြင်ရ၏ ။ ဤမျှ ချောမောလှပသောမိန်းကလေးများမှာ
ဥစ္စာစောင့်မများဖြစ်သည်ဟု သိရပြန်သဖြင့် ကိုခင် မောင် အံ့သြပြီးရင်း အံ့သြရပြန်သည်
။
“ ကဲ…ငါ့မြေး သိချင်တယ်ဆိုလို့ အဘိုးတို့ ဒိဋ္ဌပြပြီးခဲ့ပြီ
။ ဒီလို ရွှေငွေရတနာတွေကို မြင်တွေ့ရပေမဲ့ စိတ်နဲ့တောင်မပြစ်မှား
တဲ့ ငါ့မြေးလိုလူမျိုးက အရှားသား ။ လူတွေက လောဘသားကောင်တွေရယ်လေ
။ ဥစ္စာစောင့်သိုက်ရှိမှန်းသာ သိသွားရင်
သိုက်တူးချင် ဖော်ချင်ကြမှာစိုးလို့ ယက္ခကို ဒီအနီးတ၀ိုက်မှာ
ချောက်လှန့်ခိုင်းထားရတာသာ ကြည့်တော့ ။ ဘုရားပစ္စည်း
မှန်း သိလျက်သားနဲ့ တစ်ဘ၀စာ ကောင်းစားချင်ကြတဲ့
တစ်နပ်စားလောဘသားတွေ ။ ကဲ…ကဲ…အာရုံမတက်ခင် ပြန်ကြ
တာပေါ့ ။ ငါ့မြေးလည်း ယုံကြည်ပြီ မဟုတ်လား ။”
“ ဟုတ်ကဲ့ခင်ဗျာ ။”
“ ကဲ…ဒီလိုဆိုရင်ဖြင့် သွားကြရအောင် ။”
အဘိုးအို
ထိုသို့ဆိုလိုက်သည်နှင့်တပြိုင်နက် အလာတုန်းကကဲ့သို့ ဖြည်းဖြည်းချင်း မသွားရတော့ဘဲ
ဖြတ်ခနဲဆို ကိုခင်မောင် အိပ်စက်နေရာ နွားတင်းကုပ်ဘေး နွားစာခွက်အနီးသို့ ရောက်ရှိသွားသည်
။ နွားစာခွက်ထဲတွင် ကိုခင်မောင်၏ရုပ်ခန္ဓာသည် လဲလှောင်းငြိမ်သက်လျက်ရှိသည် ။ ထိုသို့
ကိုယ့်ခန္ဓာကို ကိုယ်မြင်လိုက်ရတော့ ကိုခင်မောင် အသည်းယားသလိုလို ကြက် သီးထသလိုလိုဖြစ်သွားသည့်အခိုက်
အဘိုးအိုက ကိုခင်မောင့်ပုခုံးကို ခပ်ကြမ်းကြမ်းတွန်းချလိုက်ရာ ကိုခင်မောင် မိုက်ခနဲဖြစ်
ကာ ခန္ဓာကိုယ်ပေါ်သို့ ပစ်လဲကျသွားတော့သည် ။
ËËËËËËËËËËËËËËËËËËËËËËËË
ကိုခင်မောင် နိုးလာတော့ လင်းကြက်တွန်နေပြီ
။ စောစောက အဖြစ်အပျက်တွေကို အများကို ပြောပြလျှင် ကိုခင်မောင် စိတ်စွဲကာ အိပ်မက်မက်နေခြင်းဟူ၍သာ
ထင်ကောင်းထင်ကြလိမ့်မည် ။ သို့ပေမဲ့ အိပ်မက်မက်ခဲ့ခြင်း မဟုတ်ဘဲ အမှန်တ ကယ်ဖြစ်ပျက်ခဲ့သည်ဆိုတာကိုတော့
ကိုခင်မောင် အသိဆုံး ။ နို့ပေမဲ့ သက်သေပြစရာ တစ်စုံတစ်ရာ မရှိ ။ သို့ကြောင့်လည်း အရူးအပေါဟု
အသတ်မှတ်မခံလိုသဖြင့် မည်သူ့ကိုမျှ ပြောမပြခဲ့ ။ ကိုခင်မောင်နှင့် အရင်းနှီးဆုံးလည်းဖြစ်
၊ ကိုခင်မောင်ထက် စရဏအားကောင်းသူ အဘိုးဖြစ်သူအား ပြောပြမိတော့…
“ အယ်…ဒီကောင်လေး ။ တောက်တီးတောက်တဲ့ တယ်နှုတ်သရမ်းလက်တည့်စမ်းသကိုး
။ တော်ကြာနေ နင့်ကိုခင်ပြီးချစ်
ပြီး သိုက်တံခါး ပိတ် ခေါ်ထားလိုက်ကာမှ ဒုက္ခများမယ်
။ တော်သေးတာပေါ့ဟယ် ။ ပြန်ပို့ပေးပေလို့ ။”
ဟူ၍
ကိုခင်မောင့်ကို ဆူဆဲမာန်မဲလေသည် ။ အဘိုး ဆူတော့လည်း ကိုခင်မောင်က သူ့ဝသီအတိုင်း ခပ်ပြုံးပြုံးနှင့်
ထေ့လုံး လေးတစ်လုံး ပြောလိုက်သည်က…
“ ခေါ်ထားလို့ကတော့ ကျွန်တော်က ပျော်ပျော်ကြီးနေပြီးသား
။ ဘယ့်နှယ် ဥစ္စာစောင့်မလေးတွေ ချောချက်ဗျာ ။ မှုံနေတာ
ပဲ ။ သူတို့ကို မြင်တော့ ရွာက ကွမ်းတောင်ကိုင်ကိုတောင်
လှည့်မကြည့်ချင်တော့ဘူး ။”
“ သြော်…ဒီကလေး ။ ဘုမသိဘမသိနဲ့ လျှောက်နှုတ်သရမ်းပြန်ပြီ
။ အဲ့ဒါက ဖန်ဆင်းထားတာကွဲ့ ။ သူတို့ရုပ်ရည်အစစ်က
ပရလောကသားတွေပဲ ။ ဘယ်ခုလို ချောမောတင့်တယ်ပါ့မလဲ
။ ဒါပေမဲ့ သူတို့မှာ ဖန်ဆင်းနိုင်တဲ့တန်ခိုး ရှိလေတော့ လှ
အောင်ချောအောင် ဖန်ဆင်းထားတာပေါ့ ။ ဒီလို သူတို့ရဲ့ရုပ်ရည်လေးကြောင့်
တချို့ယောက်ျားသားတွေများ သူတို့နဲ့နေ
ချင်လွန်းလို့ လူဘ၀ကနေ သိုက်စောင့်ဘ၀ကို ချက်ချင်းလက်ငင်းပြောင်းသွားကြတဲ့
ဝိညာဉ် အနှုတ်ခံရတဲ့အဖြစ်အပျက်
တွေက ပုံပြင်မဟုတ်ဘဲ တကယ်ရှိခဲ့တာကွဲ့ ။ လူတွေက
အဘိုးတို့လို မမြင်နိုင်မသိနိုင်တော့ ဘယ်ယုံကြည်ကြပါ့မလဲ ။
ကဲ…ငါ့မြေးခင်မောင်လည်း နောင်ကို ဒီလိုမျိုး
မယုံမကြည် မပြောရဘူး မဆိုရဘူးနော့ ။ ဒီတစ်ခါ တော်တည့်သွားပေမဲ့
နောင်ဆိုတာ ပြောမရဘူး ။ မတော်မတည့်ဖြစ်သွားရင်
မင်းအမေ ရင်ကျိုးရလိမ့်မယ် သိလား ။ ကဲ…နက်ဖြန် ရွာသာ ပြန်
တော့ ။ မင်းလည်း ဒီမှာ နေချင်တာမှ မဟုတ်တာ ။
မင်းအဖေ့ကို ငါ ပြောလိုက်မယ် ။”
“ ဟုတ်ကဲ့ အဘိုး ။ ကျွန်တော် အဘိုးစကား နားထောင်ပါ့မယ်
။”
အဘိုးက
ရှည်လျားစွာပြောဆိုဆုံးမပြီးနောက် ဆေးတံကြီးကိုက်ကာ ပုတီးစိတ် လက်မှာပတ်ပြီး တဲပေါ်မှ
ဆင်းသွားသည် ။ ကိုခင်မောင်လည်း အဘိုးရဲ့စကားတွေကို ပြန်လည်ကြားယောင်ရင်း ကြက်သီးတဖြန်းဖြန်းထကာ
နောင် ထိုသို့ မပြုမူ မပြော ဆိုတော့ဟု စိတ်နှလုံး ဒုံးဒုံးချကာ ဆုံးဖြတ်လိုက်မိပါတော့သည်
။
စေတနာရှေ့ထားလျက်…
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။