Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)
တရားကို နတ်စောင့်ပါသည် …
တရားကို နတ်စောင့်ပါသည် …
( ၂၀၁၄ နိုဝင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ  -  ဂါဦးနွန်းကို
-------------------------------------------------------------------------------------------------------
     ဆွမ်းစားဆောင်ပေါ်မှ ဆင်းလာသော မေမေ့မျက်နှာကိုကြည့်ကာ အိချော အံ့သြသွားရသည် ။ မေမေ့
မျက်နှာက တကယ့်ကို အားငယ်နွမ်းလျနေဟန် ၊ ၀မ်းနည်းစိတ်မကောင်းဖြစ်နေဟန် ၊ တစ်စုံတစ်ခုသောကိစ္စအ
တွက် ယူကျုံးမရဖြစ်နေဟန် ၊ နောက်ပြီး စိတ်ရှုပ်ထွေးနောက်ကျိနေဟန်…။
    မေမေ ဆွမ်းစားဆောင်ပေါ်မှ လှေကားတစ်ထစ်ချင်း ဆင်းလာပြီး ကွန်ကရစ်လမ်းပေါ်သို့ ရောက်တော့ တန်းစီ
ရပ်နေသော လူတန်းကြီးထဲမှ အိချော၏အနီးနားသို့ လျှောက်လာပြီး …
   “ သမီးအိချော အမေတို့အခန်းကို ထမင်းခိုးစားတယ်လို့ အတိုင်ခံရတယ် ။ မေမေလေ ကြားကြားချင်း ဟယ်
     တော်…ဘယ်လိုဖြစ်ပြီး အတိုင်ခံရပါလိမ့်လို့ တွေးရင်းနဲ့ ထမင်းတောင် ဆက်မစားနိုင်တော့ဘူး ။ နောက်ပြီး
     အတိုင်ခံရတဲ့ဆရာတော်ကိုလည်း ရှင်းပြချင်တယ် ။ မဟုတ်ရင် မေမေတို့က ယောဂီလာလုပ်ပြီး သီလလေး
     တောင် လုံခြုံအောင် မစောင့်စည်းနိုင်တဲ့သူတွေလို့ ထင်နေမှာ စိုးမိတယ် ။ မေမေတို့ဟာ ဆရာတော်ကြီးတွေ
     ရဲ့စေတနာကို စော်ကားသူတွေ မဟုတ်တဲ့အကြောင်း သိစေချင်လိုက်တာ ။”
မေမေ့အသံက တကယ့်ကို တိုးတိုးညင်ညင်…ထိုကိစ္စကြောင့် အတော့်ကို စိတ်ထိခိုက်နေပုံ ရ၏ ။ မေမေ့စကားကို
ကြားတော့ အိချော ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး နားမရှင်းသေး၍ မေမေ့ကို ပြန်မေးမည်အလုပ် လူတန်းကြီး
က ရှေ့ကို တစ်လှမ်းတိုးသွားသောကြောင့် သတိအမှတ်ကပ်ပြီး ဆက်လျှောက်သွားလိုက်သည် ။
       အိချောတို့ ယောဂီဝင်ရောက်သည့် တရားစခန်းရိပ်သာက အတော်ကို လူဝင်များသော စခန်းရိပ်သာတစ်ခု
ဖြစ်သည် ။ စည်းစနစ် ကြီး၏ ။ ယောဂီအမျိုးသမီးများကို သီလရှင်ဆရာလေးများက ကြီးကြပ်၏ ။ အမျိုးသမီးသပ်
သပ် အမျိုးသားသပ်သပ် နေရာသပ်သပ်စီအားထုတ်ရ၏ ။ ဆွမ်းစားချိန် ရေချိုးချိန် ညအိပ်ချိန်မှအပ ကျန်အချိန်
တိုင်းတွင် တရားအားထုတ်ရ၏ ။ ထိုသို့စည်းစနစ်ရှိခြင်းကြောင့်လည်း ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော နိုင်ငံ
ခြားသားများပင် တရားလာရောက်အားထုတ်ကြသည်ကို ၀မ်းသာကြည်နူးဖွယ် တွေ့မြင်ရ၏ ။ နောက်ပြီး စိမ်းစိုညို့
မှိုင်းသော သစ်ပင်တောအုပ်ငယ်များ ၊ ကြည်လဲ့သာယာသော ရေကန်စိမ့်စမ်းများဖြင့် နတ်ဘုံနတ်နန်းတမျှ လှပ
တင့်ဆန်းလှ၏ ။ တရားကို အမှန်တကယ် စိတ်နှစ်ခန္ဓာနှစ် အားထုတ်ပွားများနိုင်သော ရိပ်သာဖြစ်သည်ကြောင့်
တရားရှာရန် လာသူများအတွက် အဆင်ပြေစိတ်ချမ်းမြေ့စွာ တရားအားထုတ်နိုင်သောနေရာဒေသလေး ။
         အိချောနှင့် အိချော၏သူငယ်ချင်းနွယ်လေးတို့က ယခုမှ အသက်၁၉နှစ်ရယ်သာ…။ ငယ်ရွယ်သူတွေဟု ဆို
ပေမဲ့ ဘာသာတရားကို အလွန်အလေးအမြတ်ထားသလို မြတ်စွာဘုရား၏တရားဒေဿနာတော်တွေကို ယခင်က
တည်းက နာကြားဖူးသည်မို့ ယခုလို တရားအားထုတ်ရသည့်အခါမှာ အခက်အခဲကြီးကြီးမားမား သိပ်မရှိလှ ။
    အခက်အခဲရယ်ဆိုလို့ တစ်နေကုန် တရားအားထုတ်ရ၍ ကနဦး(မနေ့)ကတော့ အတော့်ကို ပျင်းရိငြီးငွေ့မိသလို
ညချမ်းအခါ၌လည်း အလေ့အကျင့်မရှိသေး၍ ဗိုက်ဆာခြင်းဒုက္ခကို အတော် ကြိတ်မှိတ်ခံခဲ့ရ၏ ။ သြော်…ယခုများ
တော့ ထိုသို့ကြိတ်မှိတ်ဒုက္ခခံခဲ့သည့်အိချောတို့ကိုမှ ထမင်းခိုးစားသည်ဟု စွပ်စွဲခံရလေပြီ ။
         တရားလာရောက်အားထုတ်သူ လူဦးရေများပြားလွန်းသောကြောင့် ဆွမ်းစားချိန်ကို နှစ်ပိုင်း ပိုင်းထားရ၏ ။
ပထမတစ်ပိုင်းတွင် အသက်၄၀အထက် လူကြီးများကို ဦးစားပေးသုံးဆောင်စေပြီး ဒုတိယတစ်ပိုင်းတွင်တော့ ၄၀
အောက် လူငယ်များကို အလှည့်ပေးထားသည် ။ သို့ကြောင့်လည်း မေမေက ပထမတစ်ပိုင်းတွင်ပါပြီး အိချောနှင့်
အိချောသူငယ်ချင်းက ဒုတိယတစ်ပိုင်းတွင် ပါရ၍ ယခုလို အိချောတို့ တန်းစီနေရသည့်အခိုက် မေမေ၏မျက်နှာ
မသာမယာဖြစ်နေသည်ကို တွေ့မြင်ရပြီး မေမေ ပြောပြ၍ အိချောတို့အခန်းကို ထမင်းခိုးစားသည်ဟု အတိုင်ခံရ
ကြောင်း သိရလေသည် ။
   “ အိချော…အန်တီ ဘာပြောသွားတာလဲ ။”
အနောက်တွင် တန်းစီနေသည့် နွယ်လေးက အိချော၏နားနားသို့ အသာကပ်ရင်း ခပ်တိုးတိုးမေးလိုက်၏ ။
   “ ငါတို့အခန်းကို ထမင်းခိုးစားတယ်လို့ အတိုင်ခံရတယ်…တဲ့ ။”
   “ ဟာ…အဓိပ္ပါယ် မရှိတာ ။”
နွယ်လေး၏ မချင့်မရဲရေရွတ်သံ ။ အိချောကတော့ နွမ်းလျစိတ်ထိခိုက်နေတဲ့ မေမေ့ပုံသဏ္ဍာန်ကိုသာ မြင်ယောင်
ရင်း စိတ်မကောင်းဖြစ်လာမိသည် ။ သြော်…ငါတို့ကျမှ ဖြစ်ရလေခြင်း စွပ်စွဲခံရလေခြင်းဟု တွေးရင်း အိချောကိုယ်
တိုင်လည်း တစိမ့်စိမ့်ကြေကွဲဝမ်းနည်းလာမိလေ၏ ။
        ဆွမ်းစားတော့လည်း စိတ်က မရွှင်လန်းပြီမို့ တလုပ်တဆုပ် ။ ဆွမ်းစားပြီး အဆောင်လှေကားအတိုင်း ဆင်း
လာရင်း စိတ်က သတိအမှတ် မကပ်နိုင်ဘဲ ထိုအကြောင်းကိုသာ တွေးတောနေမိ၏ ။ သြော်…ငါတို့ တရားလာ
အားထုတ်လျက်သားနဲ့ ဘာကြောင့်များ မတရားအစွပ်စွဲခံရပါလိမ့် ။ ကောင်းတာ လုပ်လျက်သားနဲ့ ဘာကြောင့်
များ အခုလို ဖြစ်ရတာပါလိမ့် ။  စိတ်ကောင်းမွေးရင် ကံကောင်းရမှာ မဟုတ်ဘူးလား ။ လောကကို စောင့်ကြပ်တဲ့
သမ္မာဒေ၀နတ်ကောင်းနတ်မြတ်အပေါင်း ဒီအတိုင်းကြည့်နေကြတော့မှာလား…ဟူ၍လည်း အမျိုးမျိုးတွေးတော
တိုင်တည်နေမိတော့သည် ။ သို့နှင့် အောက်ထပ် ဖိနပ်ချွတ်စင်နားသို့ အရောက်…
   “ ညီမ…ညီမကို စောစောကတန်းစီကတည်းက အစ်မ လှမ်းမြင်မိတယ် ။ ညီမ သဘက်လေး ဆောင်းထားတယ်
      လေ
   “ ဟုတ်ကဲ့ ။ နေကလည်း မတရားပူပြီး ထီးကလည်း မပါလာလို့ သဘက်ဆောင်းလာတာပါ ။”
အိချော စကားကို ခပ်ပြတ်ပြတ်ပြောပြီး ဖိနပ်ကို ငုံ့ကောက်လိုက်၏ ။ စိတ်ထဲမှလည်း ဘာကြောင့်များ လာမေးနေရ
တာပါလိမ့်…ဟု တွေးပြီး နဂိုစိတ်ရှုပ်နေသည့်အခံကြောင့် ခေါင်းတွေပင် နောက်ကျိလာမိသည် ။
   “ အစ်မ အဲ့ဒါ ပြောမလို့ ။ ထီးမပါရင် ရုံးခန်းထဲမှာ ထီးသွားငှားလို့ ရတယ် ။ မနက်ကပဲ အလှူရှင်တစ်ယောက်
     ထီးတွေ အများကြီး လာလှူသွားတာ ။ သွားငှားလိုက်ပါလား ။”
   “ ဟုတ်ကဲ့ အစ်မ ။ ကျေးဇူးတင်ပါတယ် ။ ဒါပေမဲ့ သွားမငှားတော့ပါဘူး အစ်မရယ် ။ ရုံးခန်းလည်း ဘယ်နားရှိ
     မှန်း ညီမတို့ မသိပါဘူး ။”
   “ သြော်…ဒီလမ်းအတိုင်း သွားလိုက် ။ နီးနီးလေးရယ် ။ သွားငှားလိုက်ပါ ။ နေကလည်း အရမ်းပူတာ ။ ခေါင်း
      ကိုက်နေရင် တရားမှတ်မရဘဲ နေလိမ့်မယ် ။ သွားငှားလိုက်နော် ။”
အသားဖြူဖြူနှင့် အသက်၃၀ခန့်ရှိမည်ဟု ထင်ရသည့် ထိုအစ်မကြီးက အိချောတို့ကို အတင်းအကြပ် ထီးသွားငှား
ရန် အတန်တန်တိုက်တွန်းနေတာကြောင့် အားနာတတ်သည့်အိချောလည်း ခေါင်းညိတ်လိုက်ရတော့သည် ။
    “ ဟုတ်ကဲ့ ဟုတ်ကဲ့ ။ ညီမ သွားငှားလိုက်ပါ့မယ် ။ ကျေးဇူးပါပဲနော် ။”
ထိုအခါမှ ထိုအစ်မကြီးက ကျေနပ်သွားဟန်နှင့် အိချောတို့ထွက်သွားသည်ကို ရပ်ကြည့်လျက် ကျန်ရစ်ခဲ့လေ၏ ။
      ရုံးခန်းက အိချောတို့သာ မသိတာ…အမှန်ပင် ဆွမ်းစားဆောင်နှင့် နီးနီးလေးဖြစ်သည် ။ သူတစ်ပါး တိုက်တွန်း
မှုကြောင့် ထီးလာငှားရသော်လည်း ရုံးခန်းအနီးသို့ ရောက်တော့ အိချောနှင့်နွယ်လေး ရွံ့တွန့်တွန့်ဖြစ်နေမိ၏ ။
   “ နွယ်လေး နင် သွားငှားပေးပါလား ။ နင်နဲ့ ရုံးခန်းက အန်တီကြီးတစ်ယောက်နဲ့ ရင်းနှီးတယ်ဆို ။”
   “ နင်ကလည်း အဲ့ဒီ့အန်တီနဲ့ ရင်းနှီးတာက ငါ့အမေဟ ။ ငါက နဂိုကတည်းက စကားနည်းလို့ အပေါင်းအသင်း
     နည်းတာ နင်လည်း သိသားနဲ့ကို ။”
အထဲသို့ မ၀င်ရဲသည်ကြောင့် အထဲသို့ သူ ၀င် ၊ ငါ ၀င် ဟု တစ်ယောက်တစ်လှည့် အပြန်အလှန်တိုက်တွန်းပြောဆို
နေတုန်း…
   “ ယောဂီတွေ ဒီဘက် မလာရဘူးလေ ။”
ကြားလိုက်ရသည့်အသံကြောင့် အိချော၏တစ်ကိုယ်လုံး အကြောအချင်တွေ တောင့်တင်းသွားမိ၏ ။ အသံလာရာ
ဆီသို့ အိချောနှင့်နွယ်လေး တပြိုင်နက်ဆိုသလို လှည့်ကြည့်လိုက်မိတော့ သံဃာတော်တစ်ပါးကို တွေ့မြင်လိုက်ရ
တာကြောင့် လာမိတာ မှားပါပြီဟု တွေးရင်း အိချော ကြောက်ကြောက်နှင့် အလျင်အမြန် လျှောက်တင်လိုက်မိ
သည် ။
   “ ဟို…အရှင်ဘုရား တပည့်တော်တို့ ထီးလာငှားတာပါဘုရာ့ ။”
   “ သြော်…ထီးလာငှားကြတာလား ။ ဟေ့…ဒီမှာ ထီးလာငှားတာ တဲ့ ။”
ဆူငေါက်တော့လေမလားဟု တွေးမျှော်ထားမိခိုက် မဆူပူဘဲ ရုံးခန်းထဲသို့ ၀င်သွား၍ အိချောတို့လည်း သက်ပြင်းချ
ရင်း ထိုဘုန်းဘုန်း၏နောက်မှ ခပ်ယို့ယို့လိုက်ပါလာမိ၏ ။ ရုံးခန်းတွင်းသို့ ရောက်တော့ ရုံးခန်းထဲမှ အန်တီကြီးတစ်
ယောက်က ကြမ်းပြင်တွင် စုပုံထားသော ထီးများထဲမှ နှစ်လက်ကို ထုတ်ယူလိုက်ပြီး ရော့…ဟူ၍ လှမ်းပေးသဖြင့်
အိချော တစ်လက်ကိုသာ လှမ်းယူလိုက်ရင်း…
   “ သမီးတစ်ယောက်တည်းပဲ ငှားမှာပါ အန်တီ ။”
   “ သြော်…အေး အေး ။ ပြန်မယ့်နေ့ကျရင်လည်း ပြန်လာပေးကြဦးနော် ။ ဟို…မေ့သွားမှာ စိုးလို့ပါ ။”
အန်တီကြီးပြောသောစကားကို အိချော တလေးတစားနားထောင်ရင်း ခေါင်းညိတ်အဖြေပေးမိ၏ ။ ဟုတ်တာပေါ့…
အလှူရှင်က လူအများအသုံးပြုနိုင်စေရန် လာရောက်လှူဒါန်းထားခြင်းဖြစ်တာကြောင့် ငှားရမ်းပြီးလျှင် ပြန်လာပေး
ရမည်မှာ မပျက်ကွက်သင့်သော ၀တ္တရားတစ်ခု မဟုတ်ပါလား ။
   “ ဟုတ်ကဲ့ အန်တီ ။ စိတ်ချပါ ။ သမီး ပြန်လာပေးပါ့မယ် ။ သြော်…အခန်းနံပါတ်လည်း မှတ်ထားလိုက်လေ ။
     ၁၅၆ပါ ။”
အိချော ဘာရယ်ကြောင့်မှန်းမသိ အခန်းနံပါတ်ကို ပြောလိုက်မိပြီးကာမှ စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးလိုက်မိ
သည် ။ သြော်…အိချောတို့ကို ထမင်းခိုးစားသည့်ယောဂီတွေဟု ထိုအန်တီကြီး တွေးမြင်သွားလေပြီလား ။ အိချော
ဘယ်လိုများ ဖြေရှင်းပြရပါ့မလဲ ။ မမေးပါဘဲ အိချောတို့ အစွပ်စွဲခံရတာပါဟု ရှင်းပြရအောင်ကလည်း အခက်…။
   “ သြော်…၁၅၆ကဆိုတော့ ထမင်းခိုးစားတဲ့အုပ်စုပေါ့…ဟုတ်လား ။”
မေးခွန်းသဏ္ဍာန် ကြားလိုက်ရသည့်စကားကြောင့် အိချော သိမ်ငယ်နွမ်းလျစိတ်နှင့် လှည့်ကြည့်လိုက်မိ၏ ။ ဆိုလာ
သူက စောစောက ဘုန်းဘုန်းဖြစ်နေသည်ကြောင့် အိချော အားတက်သရော လျှောက်တင်လိုက်မိသည် ။
   “ အရှင်ဘုရား ဒီကိစ္စကို တပည့်တော် ဘယ်သူ့ကို ရှင်းပြရပါ့မလဲဘုရား ။ တပည့်တော်တို့ တကယ် ထမင်းခိုး
     မစားရပါဘူး ။ တပည့်တော်တို့ စွပ်စွဲခံရတာပါဘုရာ့ ။ တပည့်တော် ယောဂီလာဝတ်တယ်ဆိုတာ တရားလာ
     အားထုတ်တာပါဘုရာ့ ။ တပည့်တော်တို့ အသက်ငယ်ပေမဲ့ ဒီလောက်တော့ သီလမနည်းပါဘူး ။ ယောဂီဝတ်
     နဲ့ တပည့်တော် မညာရပါဘူးဘုရာ့ ။ တပည့်တော်တို့ ဒီလိုစွပ်စွဲခံရတဲ့အတွက် တကယ်ပဲ စိတ်မကောင်းဖြစ်
     မိပါတယ် ။”
ပြောရင်းပြောရင်းဖြင့် အိချော ကြောက်စိတ်ဝမ်းနည်းစိတ်တို့ဖြင့် အသံများတုန်ယင်လာမိသည် ။ နွယ်လေးကတော့
စကားနည်းသူပီပီ ဘာတစ်ခုမျှ ၀င်မလျှောက်ဘဲ ကြောက်တတ်အားငယ်တတ်သူအိချောကိုသာ အားပေးသည့်
အနေဖြင့် လက်ဖ၀ါးကို တင်းတင်းဆုပ်ကိုင်ပေးထား၏ ။
   “ အေးပါ ။ ငါလည်း ထင်တော့ထင်သား ။ ဒီယောဂီတွေ ထမင်းခိုးစားရအောင် ထမင်းကို ဘယ်ကများ ရသလဲ
     လို့ ။”
ဘုန်းဘုန်းက ပြုံးပြုံးဖြင့် ပြောလိုက်၍ အိချော၏စိတ်ထဲ နည်းနည်းတော့ ဖြေသာသွားမိသည် ။ သြော်…ဘာပဲပြော
ပြော အိချော သံဃာတော်တစ်ပါးကို လျှောက်တင်ခွင့် ရလိုက်၍ ကံကောင်းလျှင်တော့ ဆရာတော် ကြားသိသွား
နိုင်မည် မဟုတ်ပါလား ။ ထိုဘုန်းဘုန်း ဆရာတော်ကို လျှောက်တင်ပေးပါစေဟု စိတ်ထဲ၌ ကြိတ်ဆုတောင်းရင်း
အခန်းဆီသို့ ပြန်ခဲ့တော့၏ ။
         အခန်းသို့ရောက်တော့ မေမေက ဖျာပေါ်တွင်ထိုင်ရင်း သောကပွေနေဟန်ဖြင့် ငေးငိုင်လျက်ရှိ၏ ။ မေမေ
နှင့် စိတ်သဘောထားချင်း အင်မတန်တူညီသောအိချောကတော့ မေမေ ဘာတွေ သောကပွေနေမလဲဆိုတာကို
နားလည်နိုင်သည် ။ သို့ကြောင့် မေမေ စိတ်ပြေရာပြေကြောင်း ဖြစ်စေရန်...
   “ မေမေ အရမ်းလည်း စိတ်မကောင်းဖြစ်မနေပါနဲ့ ။ သမီးနဲ့နွယ်လေး ရုံးခန်းမှာ ထီးသွားငှားရင်း ဘုန်းဘုန်းတစ်
     ပါးနဲ့ တွေ့ခဲ့လို့ ရှင်းပြလိုက်တယ် ။ ကံကောင်းရင်တော့ ဆရာတော်တွေ သိသွားမှာပါ ။”
   “ ဟယ်…တကယ်လား သမီးလေး ။ မေမေဖြင့် ၀မ်းသာလိုက်တာ ။ မေမေ အခုပဲ တွေးနေတာ ။ အတိုင်ခံရတဲ့
     ဆရာတော်ကို သွားရှင်းပြရရင် ကောင်းမလားတွေးပြီး ဘယ်မှာ သွားလျှောက်ရမှန်းမသိ ဖြစ်နေတာ ။ ခုလိုဆို
     တော့ စိတ်ထဲပေါ့သွားတာပဲ သမီးရယ် ။”
   “ ဒါနဲ့ အန်တီ့ကို ဘုန်းဘုန်းကြီးက ၁၅၆က ယောဂီတို့ ထမင်းခိုးစားကြတယ်လို့ ခေါ်ဆူတာလား ။ အတိုင်ခံရတာ
     ကို အန်တီ ဘယ်လိုလုပ် သိလဲ ။”
ဟုတ်ပါရဲ့ ။ အိချောကိုယ်တိုင်လည်း မတင်မကျဖြစ်နေသောကိစ္စကို နွယ်လေးက မေမေ့ကို ရှင်းရှင်းလင်းလင်းသိ
ရအောင် မေးလိုက်လေသည် ။
   “ မဟုတ်ဘူး နွယ်လေးရဲ့ ။ အဲ့ဒီ့လိုသာဆိုရင် အန်တီ ချက်ချင်းရှင်းပြလိုက်မှာပေါ့ ။ နောက်ပြီး ခုလောက်ပဲ ရှက်
     ရွံ့ရမှာ မဟုတ်ဘူး ။ ခုဟာက လူအများရှေ့မှာ ၁၅၆က ထမင်းခိုးစားတယ်လို့ လာတိုင်ထားတယ်ဆိုပြီး မိုက်ခ်
     နဲ့ ကြေညာလိုက်တာ ။ အန်တီဖြင့် ထမင်းတောင် ဆက်မစားနိုင်တော့ပါဘူးကွယ် ။”
မေမေ့စကားလည်း ဆုံးရော အိချောတစ်ကိုယ်လုံး ရှက်ရွံ့နာကျင်စိတ်တွေကြောင့် တဆတ်ဆတ်တုန်ရီလာပြီး
မျက်ဝန်းတွင်း၌လည်း မျက်ရည်တို့ ပြည့်လျံလာကာ ငိုချပစ်လိုက်မိသည် ။ မေမေနှင့်နွယ်လေးက ခေါင်းကိုက်မည်
စိုးသောကြောင့် မငိုဖို့ စိတ်ဖြေဖို့ ပြောနေသော်လည်း မရ…။
        အိချော ရှက်လှပြီ ။ သည်အခန်းထဲတွင် နေနေသမျှ အိချော ရှက်နေမိဦးမှာပဲ ။ အိချောတို့အခန်းက လမ်းမ
ဘေးတွင် ရှိနေသဖြင့် အခန်းရှေ့မှ လူအများ ဖြတ်လျှောက်သွားတိုင်း အိချောတို့ကို လှည့်ကြည့်ကာ ထမင်းခိုးစား
တဲ့ ယောဂီတွေဟု ကဲ့ရဲ့နေလေမလား ။ ဤသို့အခြေအနေနှင့် အိချော တရားသွားထိုင်ရသော ဓမ္မာရုံသို့ပင် မသွား
ဝံ့ချင်တော့ ။ အိချောကို မြင်လျှင် လူတွေက မှတ်မှတ်ရရနှင့် ကဲ့ရဲ့နေကြတော့မှာလား ။ အိချောတို့က လူငယ်တွေ
မို့ အများနည်းတူအခန်းပြန်ခိုက် သွက်သွက်လက်လက်လျှောက်မိလျှင်ပင် လမ်းလျှောက်ရင်တောင် ဒီလို အမှတ်မဲ့
လျှောက်နေတာ ထမင်းခိုးစားကြမှာ သေချာတယ်ဟုများ တိုးတိုးပြောကြလေမလား ။ အိချော ဟိုဟိုသည်သည်
လျှောက်တွေးရင်း ငိုနေမိပြီ ။
   “ သမီး အိချော မငိုနဲ့ ။ မေမေတို့ ဘုန်းဘုန်းကို ရှင်းပြခွင့် ရလိုက်ပြီလေ ။ သူများ ဘာတွေးတွေး စိတ်ထဲ သိမ်
     ငယ်ဝမ်းနည်းစရာ မလိုဘူး ။ မေမေက လာတိုင်ခံရတဲ့ဆရာတော်ကိုပဲ အဖြစ်မှန်ကို သိစေချင်တာ ။ အခုလို
     ရှင်းပြလိုက်ရပြီဆိုတော့ ရင်ထဲ ပေါ့သွားပြီ ။ ကဲ…မငိုနဲ့ ။ နောက်တစ်ကြိမ် တရားသွားထိုင်ရဦးမယ် ။ ပြင်ကြ
      စို့ကွယ် ။”
နောက်ဆုံး မေမေ စိတ်ဆင်းရဲမည်ကို စိုးရိမ်သောကြောင့် အိချော အငိုတိတ်လိုက်ရပေမဲ့ စိတ်ထဲတွင်တော့ ၀မ်း
နည်းနေတုန်း ။ တရားထိုင်မှသာ ထိုအာရုံကို အတော်ဖျောက်ယူလိုက်ရသည် ။
       တရားကို နတ်စောင့်သည်ဟု အိချော ကြားဖူးခဲ့သည်မှာ ကြာပါပြီ ။ သဘောမှာ မတရားခံနေရသော မှန်ကန်
သူများဘက်မှ နတ်ကောင်းနတ်မြတ်များက ဖေးမကူညီသည်ဟူ၍ဖြစ်မည်ဟု အိချော ထင်ပါ၏ ။ ယခုများတော့
ထိုစကားကို အိချော တအံ့တသြဖြင့် ယုံကြည်လိုက်ရပါသည် ။ အဘယ့်ကြောင့်ဆိုသော် ယမန်နေ့က ရုံးခန်းရှေ့
တွင်  အိချောကိုယ်တိုင် အဖြစ်မှန်များကို အမှတ်မထင်လျှောက်တင်လိုက်ရသောဘုန်းဘုန်းမှာ လာတိုင်ခံရ၍ ကြေ
ညာလိုက်သည့်ဆရာတော်ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည် ။
      “ မေမေရေ အံ့သြစရာပဲ မေမေရယ် ။ ဟိုတစ်နေ့က သမီး လျှောက်လိုက်တဲ့ဘုန်းဘုန်းက လာတိုင်ခံရတဲ့
         ဆရာတော်တဲ့ မေမေရဲ့ ။ သမီးတို့ကို ဒီနေ့ တရားစစ်တော့ သမီးတို့တောင် အရမ်း အံ့သြသွားမိတယ် ။
         ကြောက်လည်းကြောက် ပျော်လည်းပျော်ပဲ မေမေရယ် ။”
အိချောက ၀မ်းသာအားရ ပြောလိုက်၍ မေမေလည်း ထိုတိုက်ဆိုင်မှုအတွက် အတော့်ကို အံ့သြကျေနပ်သွားလေ
သည် ။
     “ တီ…တီ…တီ…”
နွယ်လေး၏ဟန်းဖုန်းမှ မြည်လာသောအသံဖြစ်၏ ။
    “ ဟယ်လို…ဖေဖေလား ။ ဟုတ်တယ် နွယ်လေးပါ ။ ဒါနဲ့ ဖေဖေတို့ နွယ်လေးတို့ကို ဘယ်နေ့ လာကြိုမှာလဲ ။
      အင်း…စောရင်တော့ ပိုကောင်းတာပေါ့ ။ သြော်…မနေ့က နွယ်လေး ပြောတဲ့ကိစ္စလား ။ ရပါတယ် ။ အခု စိတ်
      မတိုတော့ပါဘူး ။ ဟာ…ဖေဖေကလည်း နွယ်လေးက ဥပုသ်ကြီးနဲ့ ခိုးစားစရာလား ။ ဖေဖေက နွယ်လေးကို
      မယုံကြည်တဲ့သဘောပေါ့ ။ မဟုတ်ဘူး…ဖေဖေ ထင်သလို မဟုတ်ဘူး ။ စွပ်စွဲခံရတာပါလို့ ဒီလောက်ပြောနေ
      တာကို ဖေဖေ မယုံလည်း နွယ်လေး ရှင်းမပြတတ်တော့ဘူး ။”
တစ်ဖက်မှ နွယ်လေး၏အဖေက ဘာတွေမေးနေသလဲ မသိ ။ နွယ်လေး၏အသံက အနည်းငယ်တုန်ရီကာ ဒေါသ
သံစွက်နေပြီ ။ အိချော ယူဆမိသည်မှာ နွယ်လေး၏ဖခင်က ထမင်းခိုးစားသည်ဟူသောကိစ္စကို စွပ်စွဲသည်ဟု မယုံ
ကြည်သဖြင့် နွယ်လေးကို အမှန်ဖြေရန် ဇွတ်မေးနေခြင်းကြောင့် နွယ်လေး အကျပ်ရိုက်နေပုံမျိုး ။ သြော်…မကြုံဖူး
သူအတွက်တော့ အိချောတို့အဖြစ်က ယုံချင်စရာ မရှိ ။ ယခင်ဘ၀ဟောင်းတွေက သူတစ်ပါးကို အပုပ်ချစွပ်စွဲခဲ့မိ၍
ယခုဘ၀ အိချောတို့ ကောင်းမှုလုပ်နေခိုက်မှာပင် ယခုကဲ့သို့ စွပ်စွဲကဲ့ရဲ့ခံရတာ နေမှာပါလေဟု အိချော နှလုံးသွင်း
လိုက်မိသည် ။ ထိုစဉ်…
   “ ဒေါက်…ဒေါက်…ဒေါက်…”
စေ့ထားသောတံခါးအပြင်ဘက်မှ တဒေါက်ဒေါက်အသံကြားရ၍ အိချော တံခါးထဖွင့်လိုက်တော့ အပေါက်ဝ၌ တင်း
မာသောမျက်နှာထားနှင့် သီလရှင်ဆရာလေးတစ်ပါး ရပ်နေသည်ကို တွေ့လိုက်ရ၏ ။(အမျိုးသမီးယောဂီများကို သီ
လရှင်ဆရာလေးများက ကြီးကြပ်သည်ဟု အိချော အပေါ်၌ ပြောခဲ့ပြီးပါပြီ ။)
   “ ဟို…ဆရာလေး ဘာကိစ္စများ ရှိလို့ပါလဲ ။”
ဆရာလေး၏မျက်နှာထားကို ကြည့်ပြီး အိချော၏စိတ်ထဲ အလိုလို စိုးရွံ့မိတာကြောင့် မ၀ံ့မရဲမေးလိုက်မိသည် ။
   “ ဒီကျောင်းမှာ ဖုန်းမပြောရဘူးဆိုတာ မသိဘူးလား ။ ဟိုယောဂီ ဖုန်းပြောနေတဲ့အသံကို ဟိုနားကတောင် ကြား
      ရတယ် ။ အသံအကျယ်ကြီးပဲ ။”
    “ ဖုန်းလိုင်း မမိလို့ နည်းနည်းအသံကျယ်သွားတာပါ ဆရာလေး ။”
နွယ်လေး၏ ဖြေရှင်းချက်စကား ။
    “ ဟို…တောင်း…တောင်းပန်ပါတယ် ဆရာလေး ။ တပည့်တော်တို့အိမ်ကို လာကြိုမယ့်နေ့ ချိန်းနေတာပါ ။ လိုင်း
အိချောက ပြေရာပြေကြောင်း ၀င်ပြောလိုက်မိသော်လည်း ဆရာလေး၏မျက်နှာက လျော့ကျမသွားသေးဘဲ တစ်စုံ
တစ်ခုသောအကြောင်းအရာကြောင့် ဒေါသ အလွန်ထွက်နေသောသူကဲ့သို့ ခပ်ထန်ထန်မျက်နှာဖြင့်…
   “ သေရေးရှင်ရေးကလွဲပြီး ဘာမှဖုန်းပြောစရာ မလိုဘူး ။ ဒီမှာက နိုင်ငံခြားသားယောဂီတွေ အများကြီး ရှိတယ် ။
     တစ်ခုခုဆိုတာနဲ့ သူတို့က အထင်အမြင်သေးသွားကြမှာ ။ ဟိုတစ်နေ့ ညနေကလည်း ဒီအခန်းရှေ့က ဖြတ်
     သွားတော့ အခန်းထဲက ဇွန်းသံပန်းကန်သံတွေ ညံနေအောင် ကြားရတယ် ။”
အိချောနှင့် နွယ်လေးမှာ အံ့သြလွန်းလို့ ပါးစပ်တွေ အဟောင်းသား ။
   “ သြော်…ဟုတ်လား ။ ဟို…နံနက်ခင်းက လက်ဖက်သုပ်စားတဲ့ပန်းကန်တွေ ဆေးနေခိုက်မို့ ထင်ပါတယ် ။”
မေမေက ဆရာလေး ဒေါသလျော့စေရန် ပြေရာပြေကြောင်း ပြောလိုက်ပုံ ရ၏ ။
      အမှန်တော့ ကျွန်မတို့တွင် ဇွန်းသံပန်းကန်သံ ညံရလောက်အောင် ပါလာသည်ဆိုလို့ သုံးဆင့်ချိုင့်တစ်လုံးနှင့်
ဇွန်းသုံးချောင်းသာ ရှိ၏ ။ အိချော တွေးမိသည်မှာ အမှန်ဆို အိချောတို့အခန်းထဲမှ ဇွန်းသံပန်းကန်သံတွေ ကြားပါ
စေဦး…ဆရာလေး ၀င်ရောက်မစစ်ဆေးဘဲ ထိုကဲ့သို့ လက်လွတ်စပယ် မတိုင်ကြားသင့် ။ ယခုများတော့ အိချောတို့
မှာ လူပုံအလယ်တွင် အရှက်တကွဲ စွပ်စွဲခံရလေတော့ မည်သို့ပင်စိတ်ဖြေဖြေ…ပုထုဇဉ်ပီပီ ရင်တွင်း၌တော့ ဒေါသ
မုန်တိုင်း ထန်နေခဲ့ရပြီ ။
         အိချောတို့က နှုတ်ဆိတ်နေသော်လည်း ဆရာလေး၏ဒေါသက မပြေနိုင်သေး ။
   “ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသံတွေကို နိုင်ငံခြားသားတွေ ကြားသွားရင် အရမ်း ရှင်းရခက်တယ် ။ သူတို့ကို စကား
     တစ်လုံး နားလည်အောင်တောင် မနည်းရှင်းပြနေရတာ ။ ခုလို ဇွန်းသံပန်းကန်သံတွေ ကြားတော့ `သင်တို့
     ယောဂီတွေကျ ညနေစာစားပြီး ကျွန်ုပ်တို့ကျ မစားရဘူး´လို့ ပြောရင် မခက်ဘူးလား ။ ဒီလိုသာဆိုရင် သူတို့ ဒီ
     တရားတော်ကို ယုံကြည်ကြတော့မှာ မဟုတ်ဘူး ။ ဒါဟာ သာသနာတော်ကို ညှိုးနွမ်းအောင် လုပ်တာနဲ့ အတူ
     တူပဲ ။”
ကျန်စကားများအထိ အိချော မကြားတော့ ။ နားတွေ ထူပူပြီး အံတွေကိုလည်း ဖိကြိတ်ထားမိ၏ ။ ဒါဟာ သာသနာ
တော်ကို ညှိုးနွမ်းအောင်လုပ်တာနဲ့ အတူတူပဲ…တဲ့ ။ အိချော နားထဲသို့ ဓါးချွန်လို နောက်ဆုံးစူးဝင်လာသော ဆရာ
လေး၏ စကား ။
   “ ဟုတ်ကဲ့ပါ ဆရာလေး ။ တပည့်တော်တို့ နောင်မဖြစ်အောင် ဆင်ခြင်ပါ့မယ် ။”
မေမေကတော့ လူကြီးပီပီ စိတ်ခိုင်ပုံရသည် ။ ဆရာလေးကို ခေါင်းတညိတ်ညိတ်နဲ့ ပြန်လည်ဖြေကြားပြီး ဆရာ
လေး ဆင်းသွားမှ တံခါးကို စေ့စေ့ပိတ်လိုက်ပြီး…
   “ သြော်…ငါတို့ကို တိုင်လိုက်တာ ဒီသီလရှင်လေးကိုး ။”
   “ အမေရယ် သမီးက ယောဂီတစ်ယောက်ယောက်က မဆင်မခြင်တိုင်လိုက်တယ် ထင်နေတာ ။ ဆရာလေးသာ
     ဆိုရင် ၀င်ပြီး စစ်ဆေးလိုက်ပေါ့ ။ သူက ကြီးကြပ်သူပဲဟာ ။ ဒါဆို သမီးတို့လည်း လူပုံအလယ်မှာ အရှက်ကွဲရ
     မှာ မဟုတ်ဘူး ။”
   “ ဘာမှမဟုတ်ဘူး ။ အခုလည်း ငါ ဖုန်းပြောတာကို အကြောင်းရှာပြီး ဒေါသလာပေါက်ကွဲသွားတာ ။ ဒီပတ်လည်
      မှာ လူတိုင်း ဖုန်းပြောနေတာ နင်လည်း ကြားသားပဲ ။ ယောဂီတိုင်း အခန်းကို ပြန်လာခိုက်လေး မိသားစုကို
      အကျိုးအကြောင်း ဖုန်းဆက်နေကြတာပဲဟာ ။ နောက်ပြီး ငါ့အသံ ကျယ်လို့ဆိုရင်လည်း`ယောဂီတို့ အသံတိုး
      တိုးပြောပါ´လို့ သတိပေးလိုက်ရင် ပြီးသွားပြီ ။ ခုဟာက ငါက အသံကျယ်ကျယ်နဲ့ ငါတို့ အစွပ်စွဲခံရပါတယ်လို့
      အော်တိုင်း မဆင်မခြင်လုပ်မိတဲ့ သူ့အပြစ်ကို လူသိမှာလည်း ကြောက် ၊ မသိစိတ်ကလည်း သူ့ကိုသူ ရှက်ပြီး
      ငါတို့ကို မဲသွားတာ ။ အသိသားချည်း…”
နွယ်လေးက ဟန်းဖုန်းကို အိတ်ထဲသို့ ဒေါသတကြီးထည့်ရင်း ပြောလိုက်၏ ။ အိချော တွေးနေမိသည်က သီလရှင်
ဆရာလေး နောက်ဆုံးပြောသွားသော စကား ။ အိချောတို့ရဲ့ ဇွန်းသံခွက်သံက သာသနာကို ညှိုးနွမ်းအောင် လုပ်
တာနဲ့ အတူတူပဲ…တဲ့ ။ နိုင်ငံခြားသားတွေ အထင်သေးမည်ကို တွေးမျှော်ပူပန်မိသောကြောင့် ဤယောဂီသုံးပါး၏
သီလသိက္ခာကို လူပုံအလယ်မှာ မဆင်မခြင် အလဲအလှယ်ပြုလုပ်လိုက်လေရောလား ဆရာလေးရယ် ။
           နိုင်ငံခြားသားတွေ ထိုအသံကြောင့် အမှန်တကယ် အထင်အမြင် သေး ၊ မသေးတော့ မသိ ။ နုနယ်လွန်း
သောအိချော၏စိတ်ထဲတွင်တော့ ကံတရားကို အထင်သေးသွားမိသည် ။ ကံတရားဟူသည် နိမ့်တုံ မြင့်တုံ…ဟူ၍
ကြားဖူးခဲ့ပေမဲ့ အိချောတို့အလှည့်မှာတော့ မြင့်သွား၍ ပျော်ရုံရှိသေး ခပ်ပြင်းပြင်းပုတ်ချခံလိုက်ရပြီ မဟုတ်ပါလား ။
     အိချောတို့ ရိပ်သာဝင်သည်မှာ ခုနစ်ရက်ဖြစ်သောကြောင့် ကျန်ရှိသောနေ့ရက်များကို အိချောတို့တတွေ ကြိတ်
မှိတ်နေထိုင်ခဲ့ကြရ၏ ။ တရားထိုင်ရင်း ဝေဒနာကို တင်းခံနေရသည့်အထဲ ဒေါသနှင့်လည်း သူနိုင်ကိုယ်နိုင် မကြာ
မကြာ ယှဉ်ပြိုင်နေရပြန်သည် ။ အခန်းတွင်း၌လည်း တစ်ပါးသူ ဖုန်းသံကျယ်ကျယ် ပြောလျှင်လည်း ဒေါသထွက် ၊
တစ်ပါးသူ ခွက်ယောက်ဆေး၍ ဇွန်းသံပန်းကန်သံ ကြားလျှင်လည်း ဒေါသထွက်နှင့် ကြာတော့ ဒေါသပင် ထွက်ရ
တာ မောလာ၍လား ။ အိချောပဲ အမှတ် ကောင်းလာ၍လား မသိ…အတော်ကို စိတ်တည်ငြိမ်ရင့်ကျက်လာသလို
ခံစားမိလာ၏ ။
       တရားရှာ ကိုယ်မှာတွေ့ဟူသည့်အတိုင်း ခန္ဓာ၏ မမြဲသောတရား ပြောင်းလဲဖောက်ပြန်နေသောတရားများကို
ရှုမှတ်ရင်း တစ်ချိန်တည်းမှာပင် လျင်မြန်လွန်းလှသော စိတ်၏သဘောသဘာဝကို ထိန်းချုပ်သတိကပ်ရင်း တရား
တော်ကို ရေးတေးတေးလေး နားလည်သဘောပေါက်မိလာ၍ အိချော ပျော်မွေ့နှစ်ခြိုက်လာခိုက်၌  ပြန်ရမည့်ရက်
သို့ ရောက်ရှိခဲ့ပါပြီ ။
      ထိုနေ့နံနက်၌ ယခင်နေ့များနှင့်ပင် မတူ အိချော ပိုလို့ပင် တရား အားထုတ်နေမိ၏ ။ စားလျှင်လည်း စားသည်
စားသည်ဟူ၍ ၊ သွားလျှင်လည်း ကြွသည် လှမ်းသည်ဟူ၍…ဆွမ်းစားဆောင်မှ ပြန်လာတော့ ကျန်ယောဂီများက
တရားအားထုတ်ရာ ဓမ္မာရုံသို့ ပြန်ကြွသွားကြသော်လည်း အိချောကတော့ ပြန်ရတော့မည်မို့ အခန်းသို့လာရာလမ်း
အတိုင်း အမှတ်နှင့်လျှောက်လာလိုက်သည် ။
     တရားစခန်းရိပ်သာက အိချောပြောခဲ့သလို အတော်ကျယ်ဝန်းလှပြီး စင်္ကြန်လမ်းတွေကလည်း ကွန်ကရစ်ခင်း
ထားသည်မို့ ဖြောင့်ဖြောင့်ဖြူးဖြူး ။ အိချော တစ်ကိုယ်တည်း လျှောက်လာခိုက် အကွေ့လေး၌ ဂျပန်သီလရှင်တစ်
ပါးကို တွေ့မြင်လိုက်ရသည် ။ ထိုသီလရှင်က သက်တော်၃၀ကျော်အရွယ် အိချော ဦးတည်ရာဘက်သို့ပင် သတိ
အမှတ်နှင့် တစ်လှမ်းချင်း ကြွနေလေသည် ။
     ထိုစဉ် အိချောနဘေးမှ ယောဂီတစ်ဦး ခပ်သွက်သွက်ကျော်ဖြတ်လျှောက်သွား၍ အိချော မျက်လွှာကို အမှတ်
ဖြင့် ဖွင့်ပြီး ကြည့်လိုက်မိတော့ နိုင်ငံခြားသူတစ်ဦး ဖြစ်နေ၏ ။ ထို့နောက်တော့ ယောဂီနှင့်သီလရှင်သည်လည်း ပု
ထုဇဉ်လူသားတွေပဲမို့ အခိုက်အတန့် သတိလွှတ်ကာ ဆွမ်းဟင်းအကြောင်း ၊ ရောက်တတ်ရာရာအကြောင်းများကို
အင်္ဂလိပ်ဘာသာဖြင့် ဖောင်ဖွဲ့ပြောဆိုရင်း ဆက်လက်လျှောက်လှမ်းသွားကြတော့သည် ။ သိပ်မကြာမီတွင်တော့
အိချောလည်း အခန်းသို့ ပြန်လည်ရောက်ရှိခဲ့၏ ။
   “ သမီးလေး အထုပ်အပိုးတွေတော့ ပြင်လို့ပြီးသွားပြီ ။ နွယ်လေးရဲ့မိဘတွေကတော့ ၇နာရီကျော်လောက်မှ လာ
     ကြိုကြမယ် ထင်တယ် ။”
   “ ဒါနဲ့ နွယ်လေးကော မေမေ ။”
   “ အထုပ်အပိုးတွေ ပြင်နေတုန်း ။ ပြီးရင်တော့ ရေချိုးမယ် ပြောတယ် ။”
   “ ဒါဆို သမီးတို့ ဟိုတံတားပေါ်မှာ ခဏလောက် လမ်းလျှောက်ကြရအောင် ။”
အိချော၏ခေါ်ဆောင်မှုအရ မေမေနှင့်အိချော တံတားပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်မိကြသည် ။ တံတား
က ရေကန်၏တစ်ဖက်တစ်ချပ်ကို ဆက်သွယ်ပေးထားသော တံတားဖြစ်၏ ။ တံတားအဆုံးတွင် သစ်ပင်ကြီးတစ်
ပင်ကို ၀ိုင်းကာ ယောဂီများ နားနေအပန်းဖြေနိုင်စေရန် သစ်သားထိုင်ခုံလေးများ ပြုလုပ်ပေးထား၏ ။ နံနက်ပိုင်း
တရားထိုင်ချိန်ဖြစ်၍ အနီးအနားတွင် ယောဂီ တစ်စုံတစ်ယောက်မျှ မတွေ့ရ ။
   “ မေမေ သည်းခံဖို့ ခွင့်လွှတ်ဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ကိစ္စပဲနော် ။”
   “ ဒါပေါ့ သမီးရယ် ။ မလွယ်ကူလို့သာ မြတ်စွာဘုရားက လုပ်ဆောင်ဖို့ ဟောကြားခဲ့တာပေါ့ ။”
   “ သမီး တွေးမိတာလေ ဟိုတစ်နေ့က ဘုန်းဘုန်းကြီး ဟောကြားခဲ့သလိုပဲ ။ မြတ်စွာဘုရားရဲ့တရားတော်က လူ့
     အဆင့်အတန်းကို မြှင့်တင်ပေးတဲ့တရားဆိုတဲ့အတိုင်းပဲ ။ လူတွေဟာ ဟန်ဆောင်နေချိန်မှာတော့ သိမ်မွေ့နုညံ့
     နေကြပေမဲ့ ဘယ်လူမျိုးမဆို ဒေါသထွက်တဲ့အချိန် ကြည့်လိုက် မျက်နှာကြီးက နီ ၊ မျက်လုံးတွေက ပြူး ၊ လက်
     သီးတွေ ဆုပ် အသက်ရှူသံတွေ ပြင်း ၊ ပါးစပ်ကလည်း သတိလက်လွတ် ဆဲဆိုတိုင်းထွာ ။ အဲ…ဒီထက်ဒေါသ
     ကြီးလာရင်တော့ သတ်ဖြတ်တဲ့အထိ ဖြစ်ကုန်ကြရော ။ အဓိကကတော့ ခွင့်မလွှတ်နိုင် သည်းမခံနိုင်ကြလို့ပေါ့
     နော်…မေမေ ။”
အိချော ပြောသမျှကို မေမေက ပြုံးပြုံးလေး နားထောင်ရင်းမှ…
    “ ဟုတ်တာပေါ့ သမီးလေးရယ် ။ တခြားမပြောနဲ့ မေမေတို့ကိစ္စပဲ ကြည့် ။ မေမေတို့သာ `သည်းမခံနိုင်ဘူး ။ ငါ
      တို့ကို မတရားစွပ်စွဲအရှက်ခွဲတဲ့ကျောင်း´ဆိုပြီး ပထမဆုံးနေ့ကသာ ဒေါသအလျှောက် ထွက်သွားကြရင် မေ
      မေပဲ တရား မရ ၊ အကုသိုလ်ရ ဖြစ်ကြရမှာ ။ နောက်ပြီး ဆရာလေး လာဆူတုန်းကလည်း တကယ်တမ်းဆို
      မေမေတို့ မှန်နေတယ်လေ ။ ဒါကို မေမေတို့က `ငါတို့ မှန်တာပဲ ။ ငါတို့ကို မဆင်မခြင်တိုင်တဲ့ဆရာလေး´ဆို
      တဲ့စိတ်နဲ့ ဆရာလေးနဲ့အပြိုင် အော်ကြဟစ်ကြရင် နောက်ဆုံး ရန်ဖြစ်ကုန်မှာပေါ့ ။ ခုလို သည်းခံလိုက်တော့
      ဘာကိစ္စမှ မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ပြီးမသွားဘူးလား ။”
     “ ပြီးတာတော့ ပြီးသွားတာပေါ့ မေမေရယ် ။ ဒါပေမဲ့ သမီးရဲ့စိတ်ထဲတော့ ဘယ်ကောင်းပါ့မလဲ ။ မနက်တုန်းက
       လည်း လမ်းလျှောက်ရင်း စကားပြောလာကြတဲ့နိုင်ငံခြားသားတွေကို မြင်တော့ ဒေါသထွက်လိုက်တာ မနည်း
       စိတ်ကို ပြန်ထိန်းသိမ်းရတယ် ။ ဆရာလေးက သမီးတို့ကို နိုင်ငံခြားသားတွေ အထင်လွဲမှာကြောက်ပြီး မဆင်
       မခြင် တိုင်တောလိုက်တော့ သမီးတို့က လူပုံအလယ်မှာ သီလနှစ်ပါးတောင် ချိုးဖောက်တဲ့သူ လုံးလုံးကို ဖြစ်
       ရော ။ သီလဆိုတာ ယောဂီရဲ့အသက်ပဲလေ မေမေရဲ့ ။ သမီးဖြင့် တွေးမိလိုက်တိုင်း ရှက်လည်းရှက် ဒေါသ
       လည်း ထွက်လာမိတယ် ။”
    “ သြော်…သမီးလေးရယ် အတိတ်ဘ၀က ကိုယ်ပြုခဲ့ဖူးတဲ့ဝဋ်ကြွေးတွေကို ပြန်ဆပ်ရတယ်လို့ပဲ မှတ်ပါကွယ် ။”
မေမေက အိချောကို နှစ်သိမ့်စကားဆိုရင်း ဦးခေါင်းကို ခပ်ဖွဖွပွတ်သပ်လိုက်သည် ။ မေမေ့ရဲ့နှစ်လိုဖွယ် အေးငြိမ်း
သောအပြုံးတွေကြောင့် အိချော ဒေါသစိတ်တွေကို ခ၀ါချပစ်လိုက်ပြီး ထိုင်ရာမှ ထလိုက်ကာ…
   “ မေမေ သွားကြရအောင် ။ ကားရောက်နေပြီလား မသိဘူး ။”
   “ အေးလေ သွားကြတာပေါ့ ။”
မေမေလည်း ထိုင်နေရာမှ ဖြည်းညင်းစွာ ထရပ်လိုက်၏ ။ ထိုစဉ် သစ်ပင်ကြီး၏တစ်ဖက်မှ ယောဂီဝတ်စုံနှင့် အမျိုး
သမီးတစ်ယောက် အိချောတို့ဆီသို့ တစ်လှမ်းချင်း လျှောက်လာလေသည် ။
   “ ကျွန်မ ဓမ္မာရုံကို လာရင်း သစ်ပင်တစ်ဖက်က ထိုင်ခုံမှ မောလို့နားနေတာ ။ စောစောက ယောဂီတို့ပြောသမျှ
     ကို ကျွန်မ အကုန်ကြားပါတယ် ။ ယောဂီတို့ပြောနေတဲ့ဆရာလေးက ဘယ်သူများပါလဲ ။”
အိချောက ထိုအန်တီကြီးကို တအံ့တသြငေးကြည့်နေမိသလို မေမေကလည်း မယုံကြည်နိုင်ခြင်း အံ့သြခြင်း ထူး
ဆန်းခြင်းများ ပေါင်းစုနေသောမျက်ဝန်းအစုံနှင့် ထိုအန်တီကြီးကို အကဲခတ်နေရင်းမှ…
   “ ယောဂီ ရှိနေမှန်း ကျွန်မ မသိလိုက်လို့ပါ ။ တောင်းပန်ပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ အဲ့ဒီ့ဆရာလေး
     ကို အာဃာတလည်း မထားပါဘူး ။ နောက်ပြီး ဆရာလေးရဲ့ဘွဲ့နာမည်ကိုလည်း တကယ် မသိပါဘူး ။”
   “ ယောဂီတို့ ပြောနေတာကို နားထောင်ကြည့်ရုံနဲ့တင် ယောဂီတို့ကို တကယ်ချီးကျူးမိပါတယ် ။ ယောဂီတို့နေရာ
     မှာ ကျွန်မသာဆိုရင် ဆရာတော်ကြီးကို ချက်ချင်းသွားလျှောက်ပြီး မိုက်ခ်နဲ့ ပြန်ဖြေရှင်းခိုင်းမှာ ။ နောက်ပြီး မှား
     တိုင်တဲ့ဆရာလေးကိုလည်း တောင်းပန်ခိုင်းမိမှာ ။ ယောဂီတို့က တကယ် သည်းခံနိုင်တာပဲ ။ ဒါနဲ့...ကျွန်မ့နာ
     မည် မနုရီပါ ။ ကျွန်မက ရိပ်သာကြီးကြပ်ရေးအဖွဲ့ရဲ့အဖွဲ့ဝင်ပါ ။ ဒီကိစ္စကို ကျွန်မ အဖွဲ့မှာ တင်ပြလိုက်ပါ့မယ်။
     ယောဂီတို့မို့သာ သည်းခံလိုက်နိုင်တာ ။ အရမ်းတုန်လှုပ်တတ်တဲ့ယောဂီတွေသာဆို ဆယ်ရက်ဝင်ဖို့လာတာကို
     ဒီလိုကိစ္စမျိုးကြောင့် တစ်ရက်နဲ့ ပြန်သွားခဲ့ရင် ဘယ်လောက်နစ်နာသွားမလဲ ။ ဒါဟာ ဘယ်လိုမှ မဖြစ်သင့်ဘူး ။
     နောက်ပြီး ဒီလိုဆရာလေးတစ်ပါးအတွက်နဲ့ ဆရာလေးတွေအကုန်လုံးကိုလည်း အထင်သေးမသွားကြပါနဲ့ ။
    တချို့ဆရာလေးတစ်ပါးနှစ်ပါးလောက်သာ တရားဘာဝနာကို ကောင်းကောင်းအားမထုတ်ဖူးဘဲ အကြောင်းအ
    မျိုးမျိုးကြောင့် ကြီးကြပ်ရေးတာဝန်ယူပြီး မဆင်မခြင်လုပ်တတ်တာပါ ။ ကဲ…ယောဂီတို့လည်း ပြန်ကြတော့မှာ
    မဟုတ်လား ။ ကျွန်မလည်း သွားတော့မယ် ။ နောင်နှစ်လည်း ၀င်ဖြစ်အောင်ဝင်ကြပါဦးလို့ တိုက်တွန်းပါရစေ ။”
ဒေါ်နုရီဟူသောအမျိုးသမီးကြီးက နှုတ်ဆက်စကားဆိုပြီး သတိအမှတ်နှင့် ဓမ္မရုံဘက်ဆီသို့ ဆက်လျှောက်သွား၏ ။
အိချောနှင့်မေမေလည်း ကြည်နူးသလိုလို အံ့သြသလိုလို ခံစားချက်မျိုးတွေနှင့် အခန်းဆီသို့ ပြန်လာခဲ့လိုက်သည် ။
အခန်းသို့ရောက်တော့ ကား မလာသေးချေ ။ အိချောက စောစောက တွေ့ကြုံခဲ့သမျှကို နွယ်လေးအား ပြောပြ
လိုက်ရာ နွယ်လေးခမျာ တအံ့တသြဖြင့်…
   “ အိချောရယ် တရားကို နတ်စောင့်တယ်ဆိုတဲ့စကား ငါတော့ ယုံချင်သွားပြီ ။ နင်တွေ့ခဲ့တဲ့အန်တီကြီးက ဆံပင်
     တိုတို အသားဖြူဖြူနဲ့ တရုတ်မကြီးလိုပုံစံမျိုးလေ ။”
   “ အင်း…ဟုတ်တယ်လေ ။ နာမည်ကလည်း ဒေါ်နုရီ…တဲ့ ။”
   “ ဟာ…နင်ကတော့ တွေ့လိုက်ရင် ဂရိုတ်တွေချည်းပဲ ။ ဘာပဲပြောပြော ၀မ်းသာတယ်ဟာ ။ ငါက ဆရာလေးကို
     ရန်ညှိုးထားပြီး ၀မ်းသာတာမျိုး မဟုတ်ဘူး ။ ငါတို့လို မတရားစွပ်စွဲခံရတာမျိုးကို တခြားယောဂီတွေကိုလည်း
     မခံရစေချင်ဘူး ။ ခုလို ငါတို့အဖြစ်ကို အဖွဲ့အစည်းကို တင်ပြလိုက်ရင် သူတို့ အဲ့ဒီ့ဘက်မှာ ကြပ်ကြပ်မတ်မတ်
     လုပ်ကြတော့မှာပေါ့ ။ ဒါဆို ငါတို့လိုအဖြစ်မျိုး နောက်ထပ်ဘယ်သူမှ ကြုံစရာ မလိုတော့ဘူး ။”
နွယ်လေး၏စကားကိုကြားတော့ တစ်ချက်တစ်ချက် ဒေါသကြီးပေမဲ့ မွန်မြတ်သန့်ရှင်းတဲ့နွယ်လေး၏ပင်ကိုစိတ်ထား
ကို အိချော အသိအမှတ်ပြုလိုက်မိသည် ။ ထိုအခိုက်…
   “ နွယ်လေးတို့…အိချောတို့ရေ…”
   “ ဟော…မေမေတို့ ရောက်လာကြပြီ ။ အထုပ်အပိုးတွေ တင်ကြစို့ ။”
အိချောနှင့်နွယ်လေးတို့ အထုပ်အပိုးတွေ ကားပေါ် တင်နေစဉ် မေမေက နွယ်လေးတို့မိဘတွေကို အဖြစ်အပျက်မှန်
သမျှကို အစအဆုံး ရှင်းပြလိုက်၍ နွယ်လေး၏မိဘများက သဘောပေါက်သွားကြသည် ။
   “ ဟ…ဖြစ်ရမယ်လေ ။ သူများတွေနဲ့ မတူတဲ့ကိစ္စမျိုး ဖြစ်ကိုဖြစ်ရမယ် ။ စာရေးဆရာ ပြန်ရင် ဇာတ်လမ်းပါတယ်
      ဆိုတာ ကြားဖူးတယ်မဟုတ်လား ။”
နွယ်လေး၏ဖခင်က အိချောကို ထုံးစံအတိုင်း အရွှန်းဖောက်ကာ စနောက်နေ၍ အိချောတို့အားလုံး ပြုံးပျော်သွားမိ
သည် ။ ကားလေး မောင်းထွက်လာခိုက်မှာတော့ အိချောတို့အားလုံး ခုနစ်ရက်တာပတ်လုံး ရင်နာစရာ ကြည်နူး
စရာများဖြင့် နေထိုင်ခဲ့ကြရသည့် ၁၅၆အခန်းလေးကို ငေးကြည့်ရင်း အိချော၏ရင်ထဲ၌ ရေရွတ်ပြောဆိုမိသည်က…
   “ တရားကို စောင့်ကြပ်တော်မူကုန်သော သမ္မာဒေ၀နတ်ကောင်းနတ်မြတ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ
     ချမ်းသာပြီး တပည့်တော် ပြုလုပ်ခဲ့သော ကုသိုလ်အပေါင်းကို သာဓုခေါ်ဆိုတော်မူကြပါကုန်လော့ ။ သာဓု…
     သာဓု…သာဓု…”
                                                                       စေတနာရှေ့ထားလျက်…
                                                                  ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။