( ၂၀၁၁ နိုဝင်ဘာလထုတ် ပြစ်မှုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
သြော်…လူတွေ…လူတွေ လုပ်ရက်လိုက်ကြတာဗျာ ။
ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ…
အသက်(၁၆)နှစ် ရောက်တဲ့အထိ မိဘ စိတ်ဆင်းရဲအောင် ဘာတစ်ခုမှ မလုပ်ခဲ့ဖူးပါဘူး
။
မိဘက ဘော်ဒါနေ-ဆိုလို့ တောရွာလေးကနေ ပုပ္ပါးအထိ ဘော်ဒါလာနေခဲ့သူပါ ။ မိဘတွေ မသိအောင်
လုပ်ဖူး တာဆိုလို့ ရည်းစားလေး ထားခဲ့မိရုံတင်…။
ဒီကိစ္စလေးအတွက်နဲ့ ကျွန်တော့်ဘဝတစ်ခုလုံး
အလဲအလှယ်ပြုလိုက်ရတာ တန်သလားဗျာ ။ ကျွန်တော် ကြိုး ကြိုးစားစားနဲ့ ကျက်မှတ်ဖြေကြားထားတဲ့
ဆယ်တန်းစာမေးပွဲရလဒ်(result) ၊ ကျွန်တော် ရည်မှန်းထားခဲ့တဲ့ နည်းပညာ တက္ကသိုလ် ၊ ကျွန်တော်
ကျေးဇူးဆပ်ဖို့ ဆုံးဖြတ်ထားတဲ့ မေမေနဲ့ဖေဖေ……။ အခုတော့ အားလုံးနဲ့ ဝေးခဲ့ရပြီ ။
😈😈😈😈😈😈😈😈
“ အန်တီ ခင်မြ…အန်တီ ခင်မြ…။”
ခေါ်သံကြား၍ ဒေါ်ခင်မြ အိပ်ရာမှလူးလဲထကာ အိမ်အပြင်သို့ ချောင်းကြည့်လိုက်သည်
။
“ ဟင် ! မောင်စိုးကျော်…မင်း မပြန်သေးဘူးလား
။”
အိမ်အပြင်ဘက်တွင် မောင်စိုးကျော်ကို တွေ့လိုက်ရ၏ ။ မောင်စိုးကျော်က
ညှိုးငယ်စွာရပ်နေသည် ။
‘ အန်တီခင်မြရေ…ကျွန်တော်
အပြင် ခဏသွားလိုက်ဦးမယ် ’
ဟုပြောပြီး ထွက်သွားစဉ်ကအတိုင်း ရှပ်အင်္ကျီအပြာ ၊ ဂျင်းပန်အရောင်ခပ်မွဲမွဲကို
ဝတ်ဆင်ထားပြီး မျက်နှာကိုမူ အောက်သို့ ငုံ့ထားသည် ။ စောစောက အော်ခေါ်နေသူမှာ ‘သူ’သာဖြစ်မည်
။ သို့သော်…ယခုကျ သူ့ဆီက စကားသံ ထွက်မလာ၍ ဒေါ်ခင်မြ နောက်တစ်ကြိမ် ထပ်မေးလိုက်ရ၏ ။
“ မောင်စိုးကျော်…မင်းပြန်သွားပြီဆို
။ မင့်သူငယ်ချင်းတွေ ပြောတာ ။ မင်းသူငယ်ချင်းနှစ်ယောက်ကတော့ မနေ့ကပဲ
ပြန်သွားကြတယ် ။ မင်းက
ဘယ့်နှယ့်လုပ်ပြီး မပြန်ရသေးတာတုံး ။”
ဒေါ်ခင်မြစကားအဆုံးမှာတော့ မောင်စိုးကျော်တစ်ယောက် မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ
ရှိုက်ကြီးတငင် ငိုကြွေး လေသည် ။
- ဘုရားရေ…ဘာများဖြစ်လာလို့ပါလိမ့် …
ဒေါ်ခင်မြ စိတ်ပူသွားရပြီ ။ သားသမီး မရှိသေးသော-ဒေါ်ခင်မြအဖို့တော့
ဤကလေးတွေက မိမိ၏ကလေးများပင် ။
“ အဲ့ဒီကောင်တွေပေါ့ ။
ကျွန်တော့ကို မိုးနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြတာ ။ မိုးက ကျွန်တော့ကိုပဲ ပြန်ချစ်တာ
အန်တီခင်မြတို့လည်း
အသိသားပဲ ။ ဒါကို သူတို့က သူငယ်ချင်းအချင်းချင်း အညှိုးအတေးထားကြတယ် ။ သူတို့
ဒီလိုကောက်ကျစ်လိမ့်မယ်လို့
ကျွန်တော် လုံးဝမထင်ခဲ့မိဘူး ။ ဒါပေမဲ့…ဒါပေမဲ့ ကျွန်တော် သိလိုက်ရချိန်မှာတော့
အရမ်းနောက်ကျသွားပြီ
။”
မောင်စိုးကျော်က မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ထားဆဲ ၊ ရှိုက်ကြီးတငင်ငိုနေဆဲမှာပဲ
ထိုစကားကို ဆိုလိုက်ခြင်းဖြစ် ၏ ။ ဒေါ်ခင်မြ သက်ပြင်းရှိုက်လိုက်မိပြီ ။
‘ချစ်ချစ်မိုး’ဆိုသော-ကလေးမနှင့် မောင်စိုးကျော်တို့
လူငယ်သဘာဝ ချစ်ကြိုက်နေကြသည်ကို အဆောင်ပိုင်ရှင်-ဒေါ်ခင်မြ သိနှင့်ပြီးသား ။ သို့သော်…သူတို့၏စာကြိုးစားမှု
မလျော့သွားသောကြောင့်လည်းကောင်း ၊ အနေအထိုင်က လည်း အပြစ်ပြောစရာမရှိသောကြောင့်လည်းကောင်း
ဒေါ်ခင်မြ သိနေသော်လည်း တားမြစ်ခြင်း မရှိခဲ့မိ ။
သည်အရွယ်က စိတ်ကစားသည့်အရွယ် ။ ချစ်သူရည်းစား
ထားချင်ကြစမြဲ ။ ဤသို့ သိမ်သိမ်မွေ့မွေ့နေထိုင် သော-ချစ်သူစုံတွဲကို ဒေါ်ခင်မြ ကန့်ကွက်စရာမရှိ
။ နောက်ပြီး နှစ်ယောက်လုံးကလည်း ညိုညိုချောချောနှင့် လိုက်ဖက် သည်ပဲကိုး ။
သို့သော်…ယခု မောင်စိုးကျော်၏သူငယ်ချင်းများက
ထိုကိစ္စအပေါ် မကျေမနပ်ဖြစ်ကာ သူတို့တတွေ ရန်ဖြစ်ခဲ့ ကြပုံရသည် ။
“ ဘာဖြစ်လာလို့လဲ မောင်စိုးကျော်ရယ်
။ မင်းကလည်း…အလန့်တကြား ။”
“ အီးဟီးဟီး…အန်တီခင်မြရယ်
။ အရမ်းဆိုးလွန်းလို့ပါ ။ ကျွန်တော်ကိုက ကံဆိုးတာပါ ။ အဟင့်…”
“ သြော်…ငိုမနေစမ်းပါနဲ့ကွယ်
။ ယောက်ျားမဟုတ်တဲ့အတိုင်းပဲ ။ ပြောပါ ။ သူတို့က မင်းကို ဘာတွေ ဒုက္ခပေးလို့လဲ ။
အန်တီကို ပြောပြလေ ။ အန်တီ ကူညီမှာပေါ့ ။”
“ တကယ်လား…အန်တီခင်မြ
။ ဒါ…ဒါဆို ကျွန်…ကျွန်တော့်ကို ကူညီပါနော် ။ သူတို့ကို ဖြစ်အောင် ဖမ်းပေးပါ ။ မိုးလွင်
ရော ၊ နိုင်မင်းအောင်ရော…သူတို့…သူတို့
နှစ်ယောက်လုံးပဲ ။ သူတို့နှစ်ယောက် ပေါင်းပြီး ကျွန်တော့်ကို ပုပ္ပါးတောင်
ကလပ်ပေါ်ကနေ တွန်းချခဲ့ကြတာ
။ ပြီးမှ ကျွန်တော်ပြန်သွားပြီလို့ ဒီမှာ သတင်းလွှင့်ထားတော့ ကျွန်တော် သေတာကို
ဘယ်သူမှ မသိကြဘူး ။ ကျွန်တော် မတရားသေခဲ့ရတာပါ အန်တီခင်မြရယ်
။”
မောင်စိုးကျော်၏ပြောစကားများကြောင့် ဒေါ်ခင်မြမှာ ပါးစပ်အဟောင်းသားဖြင့်
ဘာပြန်ပြော၍ပြောရမှန်း မသိ ။
ဒီကောင်လေး လာနောက်နေတာများလားဟု တွေးရအောင်ကလည်း
မောင်စိုးကျော်၏ပုံစံက မြင်နေကျထက် ပို၍ ညှိုးနွမ်းသိမ်ငယ်နေသယောင် ။ ပုံမှန်အနေအထား၊
ပုံမှန်အခြေအနေ မဟုတ် ။ ဒေါ်ခင်မြမှာ ရင်တွေ တလှပ်လှပ်တုန် လာရပြီ ။
“ မောင်…မောင်စိုးကျော်…မင်း…မင်း
ဘာတွေပြောနေတာလဲ ။ မ…မဖြစ်နိုင်တာကွယ် ။ ဘယ်လိုလုပ်…ဘယ်လိုလုပ်
ပြီး…”
“ တကယ်ပါ အန်တီခင်မြရယ်
။ ပုပ္ပါးတောင်မကြီးနဲ့ မျက်နှာချင်းဆိုင်ဘက်က ကျောက်စွန်းတွေကြားမှာ ကျွန်တော့်ရဲ့ 
အလောင်း ရှိနေပါတယ်
။ ကူညီပါနော် ။ အန်တီခင်မြရယ်…ကျွန်တော် မသေခင်က အရမ်းပဲ နာကျင်ခဲ့ရတယ် ။
ဒီကောင်တွေ ကျွန်တော့်ကို
အုတ်ခုံပေါ် တက်ထိုင်ခိုင်းပြီး အလစ်မှာ တွန်းချလိုက်တာပေါ့ ။ မိုက်ရိုင်းချက်ဗျာ ။
သူငယ်ချင်းအချင်းချင်း
ရည်းစားလုချင်တာနဲ့ ဒီလိုလုပ်ရတယ်လို့ ။ အခုတော့ ကျွန်တော် ဘဝဆုံးရပြီ ။ သူတို့ကို
ဖမ်းပေးပါနော် ။ တောင်ပေါ်က
တွန်းချချချင်း သစ်ကိုင်းတွေနဲ့ရိုက်မိလို့ ကျွန်တော့်မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်
သွားတာပဲ ။ ဒဏ်ရာဗလပွနဲ့
နာလိုက်တာဗျာ ။ ဒီမှာ …… ကြည့်ပါဦး ။”
မောင်စိုးကျော်က ခေါင်းငုံ့ကာ ငိုယိုနေရာမှ ခေါင်းကို ဆတ်ခနဲမော့လိုက်ရာ
လရောင်အောက်တွင် သူ့မျက်နှာကို ဒေါ်ခင်မြ အထင်တရှားမြင်တွေ့လိုက်ရလေပြီ ။
“ အမလေး !”
ဒေါ်ခင်မြ၏အော်သံကြောင့် နံဘေးတွင် အိပ်နေသော-ဦးမြင့်သူ
နိုးသွားသည် ။ အမလေး-အော်ရင်း လူးလှိမ့်နေ သော ဇနီးသည်၏ပုခုံးကို ခပ်ဆတ်ဆတ်ပုတ်ကာ လှုပ်နှိုးလိုက်သည်
။
“ ဟဲ့…မယ်ခင်…”
“ ဟင် ! အမလေး…ဟင်း…မောင်…မောင်စိုးကျော်ကော…”
“ အယ်…နင် မေ့နေပြီလား
။ မောင်စိုးကျော်တို့ ပြန်သွားကြပြီလေ ။ နင့်မှာလည်း သားသမီး မရှိတိုင်း ဒီကလေးတွေ
ကိုပဲ စိတ်ပူပန်နေတော့တာပဲ
။”
“ မဟုတ်ဘူး…ကိုမြင့်သူရဲ့
။ ကျွန်မက အကြောင်းမဲ့မေးနေတာ မဟုတ်ဘူး ။ အိပ်မက်မက်လို့ရှင့် ။”
ထိုသို့ နိဒါန်းချီကာ ဒေါ်ခင်မြသည် စောစောက ထင်ထင်ရှားရှားမြင်မက်ခဲ့သော-အိပ်မက်အကြောင်းကို
ကိုမြင့်သူအား ပြောပြလိုက်သည် ။ မျက်လုံးထဲတွင်တော့ ကြောက်စရာလည်း ကောင်း ၊ သနားစရာလည်း
ကောင်းသော မောင်စိုးကျော် ၏မျက်နှာကို မြင်ယောင်နေမိဆဲ ။
“ အေးဟ ။ နင့်အိပ်မက်က
အဆန်းသား ။ နေရာတွေဘာတွေ အတိအကျပါမှတော့ နက်ဖြန် နင် ကျေနပ်အောင် ငါတို့
သွားရှာပေးပါ့မယ်
။ ကဲ…အခုတော့ အိပ်ကြတာပေါ့ ။ (၂)နာရီပဲ ရှိသေးတယ် ။”
ဦးမြင့်သူက လူရိုးလူအေးကြီးပီပီ ထွေထွေထူးထူးတွေးတောကြံဆမနေ၍ အိပ်ရာပေါ်လှဲချပြီး
ခဏအကြာမှာ တရှူးရှူး အိပ်ပျော်သွားခဲ့ပေမဲ့ ဒေါ်ခင်မြခမျာတော့ အိပ်မပျော်နိုင်ပေ ။ မျက်နှာတစ်ခုလုံး
ခြစ်ရာပွန်းရာတို့ဖြင့် သွေးချင်းချင်းနီနေ သော-မောင်စိုးကျော်၏မျက်နှာကို ထပ်ခါ,ထပ်ခါမြင်ယောင်နေမိသည်
။
အင်း !
ပိုသေချာသွားအောင် နက်ဖြန် သူ့အိမ်ကို ဖုန်းဆက်ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်သည်
။
“ ဘယ်လို…! ဒါ…ဒါဆို ပြန်မရောက်သေးဘူးပေါ့ ။
ဟုတ်လား ။”
တစ်ဖက်မှ သားငယ်အတွက် စိတ်ပူပန်နေသော-မိဘများ၏အသံကြောင့် ဒေါ်ခင်မြ၏ရင်ထဲ
ပိုလို့ပင် သောကပွားသွားမိ သည် ။ မိမိအဆောင်တွင် နေထိုင်သွားသော-သူငယ်လေးမို့ မိမိ၏တာဝန်မကင်း
။
နောက်ပြီး…လိမ္မာယဉ်ကျေးသော ၊ အလွန်အလိုက်သိသော-မောင်စိုးကျော်ကို
ဒေါ်ခင်မြကလည်း သားအရင်း တစ်ယောက်လို ချစ်မိနေပြီ ။ အကယ်၍ အိပ်မက်ထဲကလိုသာဖြစ်ခဲ့လျှင်
သူ့မိဘတွေ ရင်ကျိုးကြလိမ့်မည် ။
- မဟုတ်ပါစေနဲ့ ။ အိပ်မက်ထဲကလို
မဖြစ်ဘဲ မောင်စိုးကျော်တစ်ယောက် သူငယ်ချင်းများနှင့် လျှောက်လည်နေတာပဲ
ဖြစ်ပါစေ…။
သို့သော် ဒေါ်ခင်မြ ဆုတောင်း မပြည့်ခဲ့ပါ ။
အမှန်ပင် မောင်စိုးကျော်၏အလောင်းကို ကျောက်စွန်းများကြားထဲက သစ်ကိုင်းတစ်ကိုင်းတွင်
တွေ့ရှိခဲ့ရ၍ ဒေါ်ခင်မြ၏အိပ်မက်အတိုင်း မောင်စိုးကျော်ကို ပုပ္ပါးတောင်ပေါ်သို့ ခေါ်ဆောင်သွားသူ
မိုးလွင်နှင့်နိုင်မင်းအောင်တို့ကို စစ်ဆေးရာ အဖြစ်မှန်အားလုံး ပေါ်ပေါက်ခဲ့လေသည် ။
မောင်စိုးကျော်ကို ကြံစည်သတ်ဖြတ်မှုဖြင့်
ပြစ်ဒဏ်အသီးသီးကျခံရသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှစ်အနည်းငယ်ဖြင့် လွတ်မြောက်သွားကြသည်
။
😈😈😈😈😈😈😈😈
“ အန်တီ ခင်မြ…အန်တီခင်မြ…”
“ ဟယ်…မောင်စိုးကျော်…ဘာကိစ္စလဲ
။ သူတို့တွေ ထောင်ကျသွားခဲ့ပြီပဲ ။ မင်း ကျေနပ်ပါတော့ကွယ် ။ ကောင်းရာ
မွန်ရာကို သွားပါတော့လား
။”
“ အန်တီရယ်…ကျွန်တော့်ကတော့
သူတို့သတ်လို့ သေခဲ့ရတယ် ။ သတ်တဲ့သူတို့တတွေကျ ခဏလေးပဲ ထောင်ကျပြီး
ပျော်ပါးနေကြရပြီ
။ လောကကြီးက မတရားဘူးဗျာ ။ တကယ်…တကယ် ။”
မောင်စိုးကျော်က လေးလေးတွဲတွဲအသံကြီးဖြင့် မကျေမချမ်းဆိုသည် ။ သို့သော်…သူ့မျက်နှာ၌
အမုန်းများ ၊ အာဃာတ တရားများ ပြည့်နှက်မနေ၍ အပေါ်ယံသက်သက်သာဖြစ်မည်ဟု ဒေါ်ခင်မြ တွေးမိသည်
။ တော်ပါသေး၏ ။
မောင်စိုးကျော်ကို သေချာကြည့်မှ အဝတ်အစား-တောက်တောက်ပြောင်ပြောင်ဖြင့်
သားနားလျက်ရှိပြီး မျက်နှာ တွင်လည်း ဒဏ်ရာဒဏ်ချက်တို့ ကင်းကာ ကြည်လင်နေသည် ။
“ မောင်စိုးကျော်…မင်းနေစရာ
ရှိရဲ့လား ။ အခု…ဘယ်လိုနေလဲ ။”
“ နေစရာတော့ ရှိပါတယ်
။ ဒါပေမဲ့…ကျွန်တော် ဒီမှာ မနေချင်ဘူးဗျာ ။”
“ ဒါဆို…ဘယ်မှာနေချင်တာလဲ
။ အန်တီတို့နဲ့ အတူလာနေမလား ။”
ဒေါ်ခင်မြက သွယ်ဝိုက်မနေဘဲ တည့်တိုးမေးလိုက်သည် ။ နဂိုကတည်းက သားသမီးရူးနေသူမို့
မောင်စိုးကျော်သာ လာနေ မည်ဆိုပါက ခေါ်ထားလိုက်ရုံသာ ။
ဒေါ်ခင်မြ၏စကားကြောင့် မောင်စိုးကျော်၏မျက်ဝန်းများ
အရောင်လက်သွားသည် ။ မျက်နှာက ပြုံးမယောင်ဖြစ် သွားပြီးခါမှ ညှိုးကျသွားပြန်သည် ။ ဘာဖြစ်လို့ပါလိမ့်…။
လာခွင့်မရှိလို့များလား ။ မောင်စိုးကျော်၏မျက်နှာကို ငေးကြည့် ရင်း ဒေါ်ခင်မြ အတွေးသံသရာရှည်နေမိပြီ
။
“ ဟို…အန်တီခင်မြ…ကျွန်တော်လေ
အန်တီခင်မြနဲ့ လာနေချင်ပါတယ် ။ ဒါပေမဲ့ ဒီဘဝမှာ ကျွန်တော့်အတွက်
သံယောဇဉ်တွယ်စရာက
ရှိနေပြီ ။”
“ ဟင်…သံယောဇဉ်တွယ်စရာ
ဟုတ်လား ။ ဘာလဲ…။ မောင်စိုးကျော်က ဒီဘဝမှာ အိမ်ထောင်ရက်သားကျနေလို့
လား ။”
ဒေါ်ခင်မြကလည်း တွေးမိတွေးရာ ။ ပေတဝတ္ထုများထဲ၌ ကြားဖူးနားဝရှိသဖြင့်
စိတ်ထင်သည့်အတိုင်း မေးချလိုက်သည် ။ ဒေါ်ခင်မြ၏အမေးစကားကြောင့် မောင်စိုးကျော်က အူလှိုက်သည်းလှိုက်ထရယ်ပြီး…
“ အဟား ဟား…မဟုတ်ရပါဘူး
အန်တီခင်မြရာ ။ အခု…ကျွန်တော်နဲ့အတူနေတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ် ။
တကယ်လို့…အန်တီတို့နဲ့လာနေရင်
ဒီဘဝမှာ ခင်မင်နေတဲ့သူငယ်ချင်းခမျာ တစ်ယောက်တည်း ကျန်ခဲ့ရလိမ့်မယ် ။
အဲဒါ…သနားလို့ ။”
မောင်စိုးကျော်၏စကားကြောင့် ဒေါ်ခင်မြ သနားသွားသည် ။ သြော်…သူငယ်ချင်း
အတော်မင်သော သူငယ်လေး ။
“ ကဲ …ဒီလိုဆိုလည်း
မင်းသူငယ်ချင်းပါ ခေါ်လာခဲ့ ။ အန်တီခင်မြ ကျွေးနိုင်ပါတယ်ကွဲ့ ။”
“ တကယ်…ဝမ်းသာလိုက်တာဗျာ
။ ကျေးဇူးတင်လိုက်တာ…အန်တီခင်မြရယ် ။”
မောင်စိုးကျော်က ဒေါ်ခင်မြဆီသို့ ပြေးဝင်လာကာ ဒေါ်ခင်မြ၏ခါးကို ဖက်လိုက်သည်
။ ဒေါ်ခင်မြတစ်ကိုယ်လုံး အေးခနဲ ခံစားလိုက်ရပြီး အိပ်မက်မှ လန့်နိုးသွားလေ၏ ။
😈😈😈😈😈😈😈😈
“ ကဲ…အဲ့ဒါပဲ…သမီးရေ
။ ခုနက ဆိုင်ကယ်စီးပြီး ထမင်းထုပ်တွေနဲ့ ထွက်သွားတဲ့တစ်ယောက်က မောင်စိုးကျော်
ဝင်စားတာပဲ ။ ဒီသမီးက
သူ့နဲ့လိုက်လာတဲ့ သူ့သူငယ်ချင်း ။”
အသက်(၆၀)ခန့် ရှိနေပြီဖြစ်သော-ဒေါ်ခင်မြက အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြ၍
ကျွန်မလည်း ရှင်းနွဲ့ဝင်း ဆိုသော-မိန်းကလေးကို ကြည့်လိုက်မိသည် ။ အသက်က အစိတ်(၂၅နှစ်)ခန့်သာ
ရှိဦးမည် ။ စောစောက ဆိုင်ကယ် တစ်စီးနှင့် သွက်သွက်လက်လက်ထွက်ခွာသွားသော-ရှင်းလဲ့ဝင်းနှင့်
မျက်နှာပေါက်ချင်း အတော်ဆင်တူပေမဲ့ ပုံစံကတော့ မတူပေ ။
မောင်စိုးကျော် ဝင်စားသော-ရှင်းလဲ့ဝင်းက ကျားကျားလျားလျားနှင့်
ယောက်ျားဆန်ပြီး ရှင်းနွဲ့ဝင်းကတော့ သိမ်သိမ်မွေ့မွေ့နှင့် မိန်းမဆန်သည် ။
“ အဒေါ်…အစ်မရှင်းလဲ့ဝင်းကရော
ဟိုဘဝကအကြောင်းတွေ မှတ်မိသေးလား ။”
“ အေး…မှတ်မိသေးတာပေါ့
။ မကြာခဏ သူ့အရင်ဘဝက မိဘတွေဆီ သွားလည်တယ် ။ နောက်ပြီး သူ့ကို သတ်ခဲ့တဲ့-
သူငယ်ချင်းတွေကို
တွေ့တော့ စိတ်တွေ အရမ်းတိုနေသေးတယ် ။ အဒေါ့်မှာ သူ့ကို မနည်း ချော့မော့ပြောရတယ် ။
အသက်(၂၀)နောက်ပိုင်းရောက်မှ
အရင်ဘဝကအကြောင်းတွေ သိပ်မပြောတော့တာ ။”
“ ဒါနဲ့…အစ်မရှင်းနွဲ့ဝင်းကရော
အတိတ်ဘဝနဲ့ပတ်သက်ပြီး ဘာတွေ ပြောသေးလဲ ။”
“ သူကတော့ အရင်ဘဝကို
မမှတ်မိဘူးထင်တယ် ။ ဘာမှ မပြောဘူး ။ ရှင်းလဲ့ဝင်းကတော့ ခုချိန်ထိ သူ့အစ်မရှင်းနွဲ့ဝင်း
ဆူတိုင်း အစ်မနော်…နင့်ကို ငါခေါ်လာလို့ ရောက်လာတာ ။ လာ မဆူနဲ့-လို့
ပြန်ပြောတတ်တယ် ။”
“ သြော်…ဒါဆို ကိုစိုးကျော်
ဝင်စားတဲ့-အစ်မရှင်းလဲ့ဝင်းက အငယ်ပေါ့နော် ။”
အန်တီဒေါ်ခင်မြက ခေါင်းညိတ်ရင်း သမီးဖြစ်သူ-ရှင်းနွဲ့ဝင်းကို ငေးကြည့်နေသည်
။
မရှင်းနွဲ့ဝင်းက မိန်းမဆန်သူပီပီ မီးဖိုချောင်ကိစ္စများကို
မျက်နှာလွှဲထားရပုံရသည် ။ ထမင်းဆိုင်ရှိ ဟင်းလျာ အများစုမှာလည်း သူ့လက်ရာများသာဖြစ်ကြောင်းသိရသဖြင့်
ချီးကျူးမိပါ၏ ။ ဤသို့ဖြင့်…“အတိတ်ဘဝ မေ့မရသူ” တစ်ယောက်အကြောင်း ကို နေ့လယ်စာစားသောက်ရင်း
ကျွန်မ ကြားသိခဲ့ရပါသည် ။
စားသောက်လို့ပြီးသွား၍
ကျသင့်ငွေကို ရှင်းတော့ ဒေါ်ခင်မြက ကျွန်မနှင့် အတန်ငယ်ခင်မင်သွားသဖြင့် ဈေးလျှော့ပေးရှာသည်
။
“ အဒေါ်ရေ…ကျွန်မက စာရေးဆရာပေါက်စဆိုတော့
အဒေါ့်သမီးတွေအကြောင်း စာရေးချင်လို့ ။ အဲဒါ…အဒေါ်
ခွင့်ပြုပေးနိုင်မလား
။”
“ အို…ရေးချင်ရေးပါ
။ ဒါပေမဲ့ နာမည်အရင်းတော့ ထည့်မရေးနဲ့နော် ။”
“ ဟုတ်ကဲ့ စိတ်ချပါ
အဒေါ် ။ အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ခွင့်ပြုပါဦး…ကျွန်မ ဒီနားက
ဧည့်ရိပ်သာမှာ တည်းပါတယ်
။ ပုပ္ပါးကို အဘထွက်ပွဲတိုင်း ရောက်ဖြစ်ပါတယ် ။ နောင်လည်း လာအားပေးပါဦး
မယ် ။”
“ အေး…အေး…ကျေးဇူးတင်ပါတယ်ကွယ်
။ ”
ကျွန်မ ပုပ္ပါးရွာရှိထိုစားသောက်ဆိုင်မှ ဧည့်ရိပ်သာဆီသို့ လမ်းလျှောက်၍
ပြန်လာခဲ့သည် ။ ပုပ္ပါးရွာလေးသည် မိုးရေငွေ့ တို့၏ရင်ခွင်တွင် အေးငြိမ်းချမ်းမြစွာ ခိုလှုံမှေးစက်လျက်ရှိပါတော့သည်
။
<
ဤဇာတ်လမ်းကို ပြောပြသော ပုပ္ပါးရွာ………စားသောက်ဆိုင်ပိုင်ရှင် အဒေါ်ကြီးကို ကျေးဇူးတင်ပါသည်
။>
စေတနာရှေ့ထားလျက်